Sunday, March 4, 2012

နက်ဖြန် မနက် ကျောင်းတက်မယ်


“ကဆုန်မိုးသေး မြက်သားမွေး” “နယုန်မိုးဆို မြက်သားညို” တဲ့။
ခု ကဆုန်လလယ်ဆိုတော့ ကျမတို့ ဒုက္ခသည်စခန်းဘေးက တောတောင်တွေမှာ သိပ်မကြာခင်က ပေါက်လာတဲ့ မြက်သားပေါက်ကလေးတွေနဲ့အတူ ဖလံတောင်ဝှေး၊ ရဲရဲနီနေတဲ့ ဂုံမင်းတွေ၊ ပဒပ်စာ၊ မျှစ်စို့တွေ အပြိုင်းအရိုင်းနဲ့ မြေကြီးထဲက ထွက်လာကြတယ်။ သစ်ပင် သစ်ရွက် သစ်ခက်တွေကလည်း မိုးနံ့ကြောင့် ခေါင်းထောင်လာကြတယ်။

မိုး မကြာခဏ ရွာတော့ ဘယ်အချိန်ကြည့်ကြည့် တောတောင်တွေမှာ တောင်ခိုးဝေဝေ မြူခြေစိုင်းစိုင်းနဲ့ မြင်ရသူအဖို့ လွမ်းမောသာယာ ကြည်နူးနေရပါတယ်။ တခါတရံ တောင်တွေမှာ တိမ်တွေက ပုခက်စီးနေတတ်သေးတယ်။

ကျမ လက်ရှိနေထိုင်ရတဲ့ ဝန်းကျင်ရှုခင်းက ချင်းတောင်ဒေသနဲ့ သိပ်ကို တူတာပဲ။ ကျောက်သားဖြစ်နေတဲ့ တောင်တွေမှာ တွယ်ကပ်ပေါက်နေတဲ့ သစ်ပင်ဖြောင့်ဖြောင့် ထူထူထဲထဲတွေကတော့ မတူပါဘူး။ ချင်းတောင် ဒေသမှာ ရွှေ့ပြောင်းတောင်ယာ တောမီးကြောင့် တောင်တွေ ကတုံးဖြစ်ကုန်ပြီ။

ရွှေ့ပြောင်းတောင်ယာကိုမီပြီး အသက်မွေးရတဲ့ ချင်းတောင်ဒေသက သူတွေရဲ့ သားသမီးတွေ အခုလို မိုးဦး ကျောင်းဖွင့်မယ့် အချိန်မှာ ကျောင်းရှိမယ့် ဒေသတွေဆီ မိဘတွေ ပလိုင်းနဲ့ သိုင်းပိုးပြီး လိုက်ပို့နေလောက်ပြီ။ ငယ်ရွယ်နုနယ်သေးတဲ့ ခလေးတွေမို့ မိဘနဲ့ အတူနေချင်တဲ့ စိတ်ကို ထုတ်ဖော်ပြတဲ့ ငိုသံတွေလည်း တောတောင် လမ်းတလျှောက် ပဲ့တင်ထပ်ကုန်မှာပဲ။

ရွာကနေ တနေကုန် တောင်တက်တောင်ဆင်း လမ်းလျှောက်မှ ရောက်ရတဲ့ စာသင်ကျောင်း ရှိရာကို မိဘက သားသမီး စာတက်ပါစေဆိုတဲ့ စိတ်စေတနာသာ ပို့ရတယ်။ ဘယ်ခွဲရက်ပါ့မလဲ။ တခုလိုချင်ရင် တခုပေးဆပ်ရတဲ့ လောကနိယာမ အတိုင်းပါပဲ။

အိမ်နဲ့ ခွဲနေရတဲ့ ကျောင်းသားကျောင်းသူလေးတွေ ဆွေမျိုးနီးစပ် မိဘမဟုတ်တဲ့ သူစိမ်းအိမ်မှာ နေရတာကလည်း သူတို့အတွက် လောကဓံရဲ့ တိုက်ပွဲတခုပါ။ ဘဝတိုးတက်မှုအတွက် မေတ္တာတရားတွေနဲ့ လဲလှယ်ရတာကို မြင်ရတိုင်း ကျမရင်ထဲ နင့်နင့်သီးသီး ဖြစ်ရပါတယ်။

ကျမထောင်ဝင်စာ တွေ့ခဲ့ရတဲ့ ထောင်ဝင်စာ ၁ဝ နှစ် ခရီးမှာ ချင်းတွင်းမြစ်၊ မဟာမြိုင်၊ ယာကြီးလမ်း၊ ပုံတောင်ပုံညာ၊ ချင်းတောင်လမ်းတလျှောက် ရာသီအလိုက် ပြောင်းလဲနေတဲ့ သဘာဝရှုခင်းတွေကို ရင်ထဲ စွဲမြဲနေအောင် မှတ်မိရသလို အဲဒီဒေသက ခလေးငယ်တွေရဲ့ ပညာရေးကိုလည်း အခုထိ မြင်ယောင်ရင်း ရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရပါတယ်။

ဒီတုန်းက ကျမက ပြည်တွင်း ရန်ကုန်မြို့ပြမှာ နေထိုင်သူမို့ တောင်ပေါ်ဒေသ ကျေးလက်က ခလေးငယ်တွေရဲ့ ပညာရေးကို မြို့ပြနဲ့ပဲ နှိုင်းယှဉ်ခဲ့သူပါ။

ကျမတို့ ကလေးမြို့အသွားဆို ပုံတောင်ပုံညာကို မနက် ၄ နာရီ ဖြတ်ရပါတယ်။ လမ်းကောင်းမယ်၊ ကားကောင်းမယ် ဆိုရင်ပေါ့။ အားလုံးအဆင်ပြေရင် ဂန့်ဂေါကို မနက် ၇ နာရီ ရောက်ပါတယ်။ တညလုံး မှေးငိုက်လာတဲ့ ကျမတို့ခရီးသည်တွေ မနက် ၄ နာရီဆို ကားသမားဖွင့်တဲ့ တရားခွေ၊ မန္တလေးသိန်းဇော် ဒါမှမဟုတ် ဆရာညှာရေးတဲ့ ပြည်တော်ဝင် သီချင်းကြောင့် စိတ်ထဲ ကြည်ကြည်နူးနူးနဲ့ အိပ်မငိုက်တော့ပါဘူး။ တခါတရံ ကောင်းကင်က လမင်းရဲ့ အလင်းရောင်နဲ့ အာရုံရဲ့အလင်းရောင်နဲ့ ပတ်ဝန်းကျင်ကို ငေးမောရင်း လိုက်လာရပါတယ်။

တောကောင်လေးတွေ ပြေးလွှားနေတဲ့ ကားလမ်းဘေးတွေမှာ အဖြူအစိမ်းဝတ် ခလေးငယ်တွေ ထမင်းထုပ်ကို လက်ကဆွဲလို့ မနက် ၉ နာရီ ဖွင့်မယ့် ဂန့်ဂေါကျောင်းဆီကို လမ်းလျှောက်သွားနေကြပါပြီ။ သူတို့ကို မြင်ရင် ကားပေါ်မှာ လူတင်လို့ ရသေးရင် ကားဆရာတွေက ဟွန်းသံပေးပြီး ကားရပ်ခေါ်တင်ကြတယ်။

သူတို့ကလည်း ခလေးပီပီ ဟန်ဆောင်မငြင်းဘူး၊ လိုက်လာကြတယ်။ သူတို့လက်ပြလို့ ကားတွေ ရပ်မပေးရင်လည်း ဘာမှ မပြောရှာကြပါဘူး။ အုပ်စုလိုက် ကျောင်းလာတက်ကြတဲ့ ခလေးတွေ ကားပေါ်မှာ ဗီဒီယို ဖွင့်ထားလည်း ခဏသာ ကြည့်နိုင်တယ်။ တဖြေးဖြေး ငိုက်သွားကြရော။ အိပ်သာငိုက်တာ လက်ထဲက ထမင်းထုပ်တော့ လွတ်မကျအောင် တင်းတင်းဆုပ်ထားတယ်။

ကားဆိုတာကလည်း အချိန်မှန် အမြဲဖြတ်နေတဲ့ ကားမဟုတ်တော့ ကားကို အားထားလို့ မရပါဘူး။ ဒီတော့ သူတို့ခြေထောက်တွေကိုသာ အားကိုးကြရတာပါ။ ဂန့်ဂေါမြို့ထဲရောက်ရင်တော့ ကားလမ်းဘေးက အထက်ကျောင်းကြီးထဲကို အိပ်ချင်မူးတူးနဲ့ သူတို့ ဝင်သွားကြတယ်။ ဒီလောက် ပင်ပင်ပန်းပန်း လမ်းလျှောက်လာခဲ့ရတဲ့ ခလေးငယ်တွေ စာသင်ခန်းထဲမှာ စိတ် ကြည်ကြည်လင်လင်နဲ့ စာသင်နိုင်ပါ့မလားလို့ ကျမ မကြာခဏ တွေးမိရတယ်။

ဂန့်ဂေါအထက်တန်းကျောင်းကို ကျောင်းလာတက်ဖို့ သူတို့ လမ်းလျှောက်လာတဲ့အချိန်မှာ ရန်ကုန်မြို့က ကျောင်းသားခလေးငယ်တွေ အိပ်ယာထဲမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေကြတဲ့အချိန်။

ချမ်းသာတဲ့ မိဘရဲ့ ခလေးငယ်တွေဆို ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်ချိန်နီးမှ မိဘက လိုက်ပို့။ စာသင်ခန်းဝ ရောက်တဲ့အထိ ကိုယ့်ခလေးကို စိတ်မချလို့ မှာလို့ မဆုံးနိုင်ဘူး။ ဆွဲခြင်းထဲမှာ အပူ အအေး စားစရာ မျိုးစုံ။ ကျောင်းဖယ်ရီကား စီးရတဲ့ ခလေးငယ်တွေလည်း ဖယ်ရီကားပေါ်မှာ သက်တောင့်သက်သာ စီးသွား၊ ကျောင်းရှေ့အထိ စပယ်ယာက လိုက်ပို့ပေးသေးတယ်။ ဘက်စ်ကားနဲ့ သွားရတဲ့ ခလေးငယ်တွေလည်း လူ ကျပ်တာက လွဲလို့ ခြေကျင် လမ်းမလျှောက်ရဘူး။

မြို့ပြ ခလေးငယ်တွေထက်စာရင် တောင်ပေါ်ဒေသက ခလေးငယ်တွေ ပင်ပန်းပေမယ့် အသက် အန္တရာယ် မရှိဘူးလို့ တွေးပြီး ဖြေလို့ရနိုင်သေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရေအဆုံး ကုန်းတဝက်မို့လား။

မိုးလယ်လောက်ဆို ကျမတို့ မဟာမြိုင်၊ ယာကြီးလမ်း၊ ပုံတောင်ပုံညာကို အားကိုးပြီး ကလေးအကျဉ်း ထောင် ထောင်ဝင်စာခရီး သွားလို့မရတော့ဘူး။ ဒီတော့ ချင်းတွင်းမြစ် ရေကြောင်းလမ်းခရီးကိုပဲ အားထားရပါတော့တယ်။

အထက်က တောင်ကျရေအရှိန်နဲ့ ပါလာတဲ့ သစ်တုံးတွေ၊ သစ်မြစ်တွေက ရေစီးသန်သန်နဲ့ ပေါင်းလန်နေတဲ့ ချင်းတွင်းမြစ်ထဲမှာ နေရာအနှံ့ စီးမျောနေပါတယ်။ ဒီသစ်တုံး သစ်မြစ်တွေနဲ့ မတိုက်မိအောင် သင်္ဘော စက်လှေ၊ ဖောင်သမားတွေက ရှောင်ကြတယ်။ မရှောင်ရင် အရှိန်နဲ့တိုက်မိပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်သွားတတ်တယ်။ ဒါ့အပြင် ချင်းတွင်းရဲ့ “ အထက်မှာ ပေ၊ အောက်မှာ ရွှေ၊ အလယ်ဝက်သိုက် မျက်ဖြူစိုက်” ဆိုတဲ့ အထင်ကရ ဝဲတွေက အခုလို မိုးတွင်းမှာ ကြောက်ဖို့ကောင်းအောင် အသံပေးတတ်တယ်။ စိတ်မထင်ရင် အမြန်ယာဉ် (ရှော်တယ်) တွေကို ဆွဲနှစ်ပစ်တတ်လို့ အဲဒီနေရာတွေရောက်ရင် ခရီးသည်တွေ အသံတိတ် ဘုရားစာရွတ်၊ ပိုင်ရာဆိုင်ရာများကို ပသပါတယ်ဆိုပြီး ပါလာတဲ့ ထမင်းတွေ စထိလောက် မြစ်ထဲပစ်ချပြီး အန္တရာယ်ကင်းအောင် ဆုတောင်းကြတယ်။

ချင်းတွင်းမြစ်ထဲမှာ မိုးလေကြောင့် လှိုင်းထနေရင် နီးစပ်ရာ ကမ်းကပ်ပြီး မိုးလေငြိမ်တဲ့အထိ စောင့်ရတယ်။ ဒီလို ခရီးမျိုး၊ ဒီလိုလမ်းမျိုး ငါတို့ နောက်တခါ ဘယ်တော့မှ မသွားဘူးလို့ ကျမတို့ ရွေးချယ်ပိုင်ခွင့် မရှိသလို ဒေသခံ ပြည်သူတွေလည်း ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ သဘာဝတရားကို ကျမတို့ လူသားတွေ မကာကွယ်နိုင်ပေမယ့် သဘာဝတရားကိုတော့ ခုခံပြီး နေကြရပါတယ်။

ဒီထဲကမှ ကျောင်းပို့ရတဲ့ ကူးတို့လှေသမားတွေလည်း ချင်းတွင်းမြစ်ပေါ်မှာ ကျောင်းဖွင့်ရာသီဆို အမြဲ တွေ့ရတတ်ပါတယ်။ ချင်းတွင်းမြစ်ထဲက လှိုင်းပေါ် နိမ့်လိုက် မြင့်လိုက်ဖြစ်နေတဲ့ လှေပေါ်မှာ အဖြူ အစိမ်းဝတ် ကျောင်းသားကျောင်းသူ ခလေးငယ်တွေကို မြင်ပြီး ကျမတို့ ခရီးသည်တွေ အံ့သြထိတ်လန့်ကြရပါတယ်။ တစုံတခုများ ဖြစ်သွားရင်ဆိုတဲ့ အတွေးကိုလည်း “နိမိတ်” ဆိုတာနဲ့ အလန့်တကြား ဖယ်ထုတ်ပစ်ရပါတယ်။ ဒါပေမယ့် သူတို့လေးတွေအပေါ် စိုးရိမ်ပူပန်မှုကတော့ ရပ်မသွားခဲ့ပါဘူး။

အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းတွေ ချင်းတွင်းမြစ်ကမ်းအတွင်းက ရွာတွေမှာ တိုးမလာဘဲ ချင်းတွင်းမြစ်ထဲမှာပဲ ကျောင်းပို့ ကူးတို့လှေတွေ တိုးလာပါတယ်။ စာသင်ချင်တဲ့ ခလေးငယ်တွေ စာတတ်မှ လူရာဝင်မှာဆိုတဲ့ အသိရှိပြီး ကြိုးစားကျောင်းထားပေးတဲ့ မိဘတွေရှိတာကို ဝမ်းသာရပေမယ့် ချင်းတွင်းမြစ်ကမ်းနားက ကျောင်းတွေ တဖြေးဖြေး ဟောင်းနွမ်းအိုကျသွားတာကိုတော့ စိတ်မကောင်း ဖြစ်ရပါတယ်။

ဒီလို သောကအမောတွေကို ဇွန်လရဲ့ မိုးရေတွေက ဖြေသိမ့်အောင် လုပ်မပေးဘဲ ကျောင်းစာသင်ခန်းတွေကိုပဲ ဖွင့်ခဲ့ပါတယ်။

ဇွန်လရဲ့ မိုးရေစက်တွေနဲ့ ဖွင့်မယ့် ကျောင်းစာသင်ခန်းမှာ ကျောင်းတက်နိုင်ဖို့ ကျောင်းသားမိဘတွေ ကြိုးစားနေရရော့မယ်။ ငွေကြေးတတ်နိုင်တဲ့ မိဘများကတော့ သူငယ်တန်းခလေးအတွက် ကျောင်း ကောင်းကောင်းမှာ ထားနိုင်ဖို့ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးနဲ့ ရင်းနှီးတဲ့သူ၊ ဆရာ ဆရာမတွေက တဆင့် သိန်း ဆယ်ချီ ရာချီ အကုန်ခံအပ်တယ်ဆိုရင် ယုံပါ့မလား။ မယုံ မရှိပါနဲ့။ ကမာရွတ် TTC ၊ ဒဂုံမြို့မ ကျောင်း အ.ထ.က (၂)၊ အ.ထ.က (၁) ဒဂုံ၊ ရန်ကင်း TTC ကျောင်း၊ စမ်းချောင်း အ.ထ.က (၁)၊ ဗဟန်းနံရံကျောင်းရဲ့ ကျောင်းဖွင့်ရာသီမှာ ကျောင်းအပ်ဖို့အတွက် တခြားမြို့နယ်များက ကျောင်းသူကျောင်းသားများကို လက်ခံဖို့ ပေါက်ဈေး ဘယ်လောက်ဆိုတာ သူတို့ချမ်းသာတဲ့ အသိုင်းအဝိုင်းကြားမှာ ကြားနေရပါပြီ။ ကြားခံဆောင်ရွက်သူအတွက် အတန်းပိုင်းဆရာမအတွက် အဓိကဇာတ်လိုက် ကျောင်းအုပ်ဆရာမကြီးအတွက် ဘယ်လောက်ဆိုတဲ့ ဝေပုံကျ ငွေကြေးက သိန်း ရာဂဏန်း ကပ်သွားပါတယ်။

မိကကလည်း ငွေကြေးတတ်နိုင်သူမို့ ကြည်ဖြူတယ်၊ ကျေနပ်တယ်။ သူတို့ ပေးနိုင်တာကိုး။ သူငယ်တန်းကနေ ၁ဝ တန်းအထိ ကျောင်းပြောင်းစရာ မလိုဘူး။ စာအသင်အပြ ကောင်းမလားလည်း မပေးနဲ့။ ၁ဝ တန်း စာမေးပွဲမှာ တနိုင်ငံလုံး 1 to 10 အတွင်း ဝင်နိုင်သူတွေ ဖြစ်အောင် သင်ပေးနိုင်ကြပါတယ်။

ကျောင်းအုပ်ဆရာမကြီးကလည်း ကျောင်းလက်ခံကတည်းက ကျောင်းသားမိဘကို အင်တာဗျူး ပါတယ်။ မိဘရဲ့ အလုပ်အကိုင် ကိုယ်ပိုင်ရှိရဲ့လား ဆိုတာ…။ ကျောင်းလက်ခံလို့ ကျောင်းအပ်ပြီး တက်ရပြီဆိုရင်လည်း ကျောင်းသားအချင်းချင်း မင်းမိဘက ကုမ္ပဏီပိုင်ရှင်လား၊ သင်္ဘော ကပ္ပတိန်လား၊ အိမ်ဖော် ဘယ်နှယောက်ရှိလဲ၊ တနေ့ မုန့်ဖိုး ဘယ်လောက်ရလဲ ဆိုတာနဲ့ သူငယ်ချင်း ရှာတတ်ပါတယ်။ ဒီလိုကျောင်းမျိုးကို မြို့နယ်အတွင်း နေထိုင်သူ သာမန် လူတန်းစားရဲ့ သားသမီးတွေ သွားထားရင်တော့ နှစ်ဝက်လောက်နဲ့ ကိုယ့်ခလေးက ကျောင်းမတက်ချင်တော့ဘူးလို့ ဖြစ်သွားတတ်ပါတယ်။

ကျမတို့ မြို့သစ် မြို့နယ်များရဲ့ ကျောင်းများက အဲဒီလိုကျောင်းမျိုး မဟုတ်ပါဘူး။ မိဘတွေကလည်း ပြည့်စုံသူနည်းနည်း၊ မရှိသူက များများပါ။ ကျောင်းကို ကျောင်းသားလက်ခံပြီ ကျောင်းအပ်လို့ရပြီဆိုတဲ့ မေလ လယ်မှာ ဘယ်တော့မှ ကြိုတင်ပြီး ကျောင်းမအပ်နိုင်ကြပါဘူး။ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်ချိန်မှ မဖြစ်တဲ့ နောက်ဆုံး တိုးတိုးဝှေ့ဝှေ့ ကျောင်းအပ်ရပါတော့တယ်။

အဲဒီလို ကျောင်းအပ်နိုင်ဖို့ ဈေးထဲမှာ၊ ရပ်ကွက်ထဲမှာ အတိုးနဲ့ ငွေချေးရပါတယ်။ ဘယ်လိုချေးသလဲလို့ မေးကြပါဦး။ မိဘက ဈေးသည်ဆို ဈေးထဲမှာ နေ့သွင်းဆိုတဲ့ အတိုးနဲ့ ငွေးချေးတဲ့စနစ် ရှိပါတယ်။ ဥပမာ - ၁ဝဝဝ ချေးတယ် ဆိုပါတော့ အတိုးက ၃ဝဝ ပေးရပါတယ်။ တလအတွင်း အတိုးအရင်း ၁၃ဝဝ ပြန်ဆပ်ရမယ်ပေါ့။ ဒီတော့ ငွေရှင်က တနေ့ ၅ဝ နှုန်းနဲ့ နေ့စဉ် ငွေလာယူပါတယ်။ ဒါဆို တလ မပြည့်ပါဘူး။ ဒါပေမယ့် ငွေချေးသူ ကျောင်းသားမိဘက ကျေနပ်ပါတယ်။ သူနဲ့ သူ့သားသမီး အပူကို ငွေရှင်က ဝင်ရောက် ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတောင် တင်ပါတယ်။ ငွေ ၁ဝဝဝ နဲ့ ကျောင်းအပ်လို့ မရပါဘူး။ ကျောင်းဝင်ကြေး၊ အဆောက်အဦကြေး၊ မိဘဆရာအသင်းကြေးက အလယ်တန်း အထက်တန်း ကျောင်းသားတဦးအတွက် ၃ဝဝဝ နဲ့ ၅ဝဝဝ ရှိပါတယ်။ နှစ်ယောက် သုံးယောက်ဆိုရင် တွေးသာကြည့်ပေတော့။

အဲဒီကြားထဲက ကြက်ဆူပင်တွေ စိုက်ရမယ်လို့ အာဏာပိုင်တွေ ယတြာချေတဲ့အချိန်က ကျောင်းသားတယောက်ဆို ကြက်ဆူပင်ဖိုး ၅ဝဝ ပေးရပါရောလား။ ဘာမှ မဆိုင်ဘူးလို့ ငြင်းခွင့်မရှိပါဘူး။ အဲဒီ ကြက်ဆူပင် ဘယ်မှာစိုက်ပြီး လူတွေအတွက် ဘယ့်လောက်အသုံးဝင်တယ်ဆိုတာလည်း မေးခွင့်မရှိပါဘူး။ ပေးဆို ပေးရတာပါပဲ။

ကျောင်းသားမိဘတွေက ကျောင်းဖွင့်ချိန်မှာ ကိုယ့်သားသမီးကို အဖြူနဲ့ အစိမ်း ကျောင်းဝတ်စုံ သစ်သစ်လွင်လွင်လေး ထီးလေး မိုးကာလေး ဝယ်ပေးချင်ပေမယ့် ဝယ်မပေးနိုင်ပါဘူး။ ကျောင်းအပ်ဖို့ အနိုင်နိုင် မို့လား။ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ် မဝယ်နိုင်တော့ပါဘူး။ ဒီတော့ ကျောင်းသားကျောင်းသူတွေက တတ်နိုင်တဲ့ သူငယ်ချင်းဆီက ပုံနှိပ်စာအုပ်ကို မျှကြည့်ရတယ်။ ဗလာစာအုပ်ကိုတော့ ဘာသာစုံ တအုပ်ထဲမှာ စုပြုံရေးရတယ်။ ဒါကို အတန်းပိုင်ဆရာ ဘာသာရပ် ဆရာ ဆရာမက မသိချင်ယောင် ဆောင်ပေးပါတယ်။ ကျောင်းသားက စည်းကမ်းဖောက်ချင်လို့ မဟုတ်ဘဲ မိဘစီးပွားရေး အခြေအနေအရဆိုတာ နာသုံးနာနှင့် ပီတိကို စားရတဲ့ ဆရာ ဆရာမက နားလည်ပေးပါတယ်။

ဒါပေမယ့် ပီတိကြီးပဲ စားလို့မရတဲ့ ဒီကနေ့ခေတ်မှာ အတန်းပိုင်ကျူရှင်ဆိုတာ ပေါ်လာပါတယ်။ ဒီလို ကျူရှင်အတွက် သားသမီး မျက်နှာမငယ်အောင် မိဘက ထားချင်ပေမယ့် မထားနိုင်ပါဘူး။ အတန်းပိုင် ကျူရှင် မတက်နိုင်တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမ ကျူရှင် မတက်နိုင်တဲ့ ခလေးက စာမေးပွဲမှာ မေးမယ့် မေးခွန်း ကြိုတင်မရနိုင်ပါဘူး။ ဒီတော့ ကျောင်းသား ၆ဝ ရှိတဲ့ အခန်းမှာ အဆင့် ၄ဝ၊ ၅ဝ၊ ၆ဝ အထိ ဖြစ်နေတော့ ကျောင်းနေ မပျော်တော့ပါဘူး။

မိဘကလည်း ကျောင်းသားကို “ပညာရွှေအိုး လူမခိုးဘူး” ငါ့သား ငါ့သမီးရယ်လို့ မဆုံးမနိုင်တော့ပါဘူး။ ရွှေအိုးရှိမှ ပညာရမယ့် ခေတ်မို့လား။

တချို့ လက်လုပ်လက်စား မိဘတွေရဲ့ ငွေချေးရပုံက တမျိုးပါ။ နေ့စဉ် ဝင်ငွေက စားပို့တောင် အနိုင်နိုင် ဆိုတော့ သူတို့ခလေးတွေကို ကျောင်းအပ်နိုင်ဖို့ သူတို့ ဉာဏ်မီသလောက် စဉ်းစားရပါတယ်။ ဒါကတော့ ရပ်ကွက် အတွင်းမှာ အဝတ်အထည်ကို နေ့သွင်းရောင်းသူ ရှိပါတယ်။ တနေ့ကို ၅ဝ ၁ဝဝ ပေးနိုင်ရင် ပုဆိုး လုံချည်လေး ဝယ်လို့ရပါတယ်။ ဒီတော့ ငွေသားကြီးပဲ ချေးငှားသူက သူ့ဝင်ငွေနဲ့ ပြန်ဆပ်နိုင်မယ့် အနေအထားလောက်ပဲ ချေးငှားလိုက်တယ်။ ကျောင်းအပ်ဖို့ ငွေမပြည့်စုံရင် မိဘက ထပ်ပြီး အထည်နေ့သွင်း ရောင်းသူဆီမှာ ပုဆိုး လုံချည် ဝယ်လိုက်ပါတယ်။ အကြွေးနဲ့ ရောင်းတာမို့ ပုဆိုး ၁ဝဝဝ တန်ဆို ဈေးသည်က ၃ဝဝ ဈေးတင်ပြီးသားပဲ။ ဒါကို သိပေမယ့် မငြင်းနိုင်ဘူး ယူရပါတယ်။ ရလာတဲ့ ပုဆိုး ထမီကို ငွေပေါ်အောင် အမိန့်ရ အပေါင်ဆိုင်မှာ သွားပေါင်လိုက်တယ်။ အပေါင်ဆိုင်ဆိုတာ ၃လ စောင့်လို့ မရွှေးရင် အဆုံးမို့ သူကလည်း ပုဆိုး ထမီအသစ်ကို တန်ဖိုးရဲ့ ထက်ဝက်တောင် မပေးပဲ သုံးပုံ တပုံပဲ ပေးပါတယ်။ ကိုယ်သိပ်နင့်နာနေမှန်း သိပေမယ့်လည်း ကိုယ့် သားသမီးကို ကျောင်းစာသင်ခန်းထဲမှာ မြင်ချင်တော့ ဖြစ်သမျှ ရင်စည်းခံမယ်ဆိုပြီး ကိုယ်စွမ်းသလောက် ဖြေရှင်းကြတာပါ။

ကျမ အကိုဝမ်းကွဲ ခလေးငယ် ၄ တန်းအောင်ပြီး ဒဂုံမြို့သစ်တောင်ပိုင်း အထက်တန်းကျောင်းကို ကျောင်းမအပ်နိုင်သေးခင် စာတော်တဲ့သား ကျောင်းစာနောက်ကျမှာမို့ ကျောင်းဖွင့်တဲ့ရက်မှာ အကိုဝမ်းကွဲက ခလေးကို ကျောင်းလိုက်ပို့တယ်တဲ့။ ခလေးက သူ့ကိုကျောင်းအပ်ပြီးပြီ ထင်တာပေါ့။ ကျောင်းက ပြန်လာတိုင်း “ဖေဖေ ဆရာမက ကျောင်းခေါ်ချိန်ခေါ်ရင် သားနာမည် မခေါ်ဘူး” လို့ ပြောရှာတယ်။ နောက်ဆုံး ဆရာမက မိဘ ခေါ်ခဲ့ပါဆိုတော့ အကို လိုက်သွားပါတယ်။ ကျောင်းဖွင့်ချိန် ၁ဝ ရက်ရှိပြီး နောက်ထပ် ၄ ရက်မှ ကျောင်းမအပ်နိုင်ရင် ကျောင်းတက်ခွင့် မပေးဘူးလို့ ပြောလိုက်ပါတယ်။ ဒီတော့မှ ကျမတို့ အမျိုးတွေကို ဖွင့်ပြောပါတော့တယ်။

ကျမတို့ စုပေါင်းပြီး ကျောင်းအပ်ပေးလိုက်ပေမယ့် ကျောင်းအပ်နောက်ကျတဲ့အတွက် ခလေးက စာတော်ပေမယ့် A ခန်း ဆိုတဲ့ စာတော်သူတွေ နေရတဲ့ အခန်းကို မရတော့ပါဘူး။ ကျောင်းအပ်ဖို့ မရှိတဲ့ ကြားထဲက ကြက်ဆူပင်ဖိုး ၅ဝဝ တောင်းတော့ ကျမ အကိုက မပေးနိုင်ဘူးလို့ အကြောက်အကန် ငြင်းတော့တာပဲ။ နောက် မရတဲ့အဆုံး ကျနော် ကိုယ်တိုင်စိုက်ပေးမယ်ဆိုပြီး ကျောင်းဝန်းထဲမှာ တနေကုန် လုပ်အားပေးခဲ့ရပါတယ်။

မှတ်မိသေးတယ်။ သတင်းမီဒီယာသမားတွေက ကျမကို ကျောင်းအပ်ရာသီမှာ ကျောင်းသားမိဘတွေ လက်ရှိခံစားနေရတဲ့ အခြေအနေကို ပြောပြပေးပါတဲ့။ ဒီတော့ ကျမ လက်လှမ်းမီသမျှ ပြည်သူလူထု ကျောင်းသား မိဘအများစု ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေကို ပြောပြခဲ့ပါတယ်။ သတင်းသမားက “အမရယ် အဲဒီလောက်တောင်ပဲလား၊ စာရေးဆရာပီပီ ဇာတ်နာအောင် ပြောတာလား” လို့ ကျီဆယ်သေးတယ်။

ဒီင်္တော့ ကျမက “ရှင်တို့ရောက်နေတဲ့ တိုင်းပြည်အခြေအနေနဲ့ ယှဉ်ပြီး နားမထောင်နဲ့၊ မြန်မာပြည်ရဲ့ ပကတိအခြေအနေကို ရင်နဲ့ခံစားပြီး နားထောင်ပေးပါ” လို့ ပြောခဲ့ရတယ်။

ကျမတို့ ကျောင်းသားမိဘတွေရဲ့ တကယ့်အဖြစ်မှန် အသံတွေ မီဒီယာမှာ လှိုင်လှိုင်ပါလာတော့ အာဏာပိုင်က ကျောင်းဖွင့်ရာသီမှာ ကျောင်းအလှူငွေ မကောက်ရလို့ မြို့သစ်ကျောင်းတွေကို အမိန့်ထုတ်လိုက်ပါတယ်။

ဟုတ်ကဲ့ပါ။ ကျမတို့ ကျောင်းအပ်ရတဲ့ အခုလိုအချိန်မှာ သတင်းမီဒီယာမှာ ပါတဲ့ အသံကိုကြောက်ပြီး အလှူငွေ မကောက်တော့ဘူး။ သက်မှတ်ထားတဲ့ အလှူငွေ ၃ဝဝဝ၊ ၅ဝဝဝ အစား ကျောင်းဖွင့်ပြီး မေ့လောက်တဲ့ အချိန် ၂ လ အကြာမှာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ခေါင်းစဉ်တခုကို ၅ဝဝ စီ ကောက်ခံခဲ့တာကိုတော့ ဘယ်လိုမှ ငြင်းမရခဲ့ပါဘူး။ နေ့သွင်း၊ လပေး ပေးပြီး ကျောင်းတက်ရတယ်လို့ ကျမတို့ ကျောင်းသားမိဘတွေ ခံစားရပါတယ်။

ကျောင်းဆရာ ဆရာမတွေလည်း သင်ရိုးညွှန်းတမ်းကို ကျွမ်းကျင်အောင် သင်နိုင်ဖို့အတွက် ဆင်းရဲတဲ့ ကျောင်းသားမိဘတွေဆီက အလှူငွေ အချိန်မီ ယူလာခဲ့ဖို့ ကျောင်းသားကို ဆော်သြရပါတော့တယ်။ စစ်အစိုးရရဲ့ နိုင်ငံနဲ့အဝန်း ချိတ်ဆွဲထားတဲ့ လူမြင်ကွင်းနေရာက ဆိုင်းဘုတ်ကြီးတွေမှာ “အခမဲ့ ပညာသင်ကြားရေး” “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုတဲ့ ဆောင်ပုဒ်တွေက ကျောင်းသားမိဘတွေနဲ့ ကျောင်းသားလူငယ်တွေကို လှောင်ပြောင်သရော်နေတဲ့ အတိုင်းပါပဲ။

ကျောင်းသားလူငယ်ဆိုတာ တိုင်းပြည်ရဲ့ ရတနာလို့ ကမ္ဘာတဝန်းက တင်စားထားကြပါတယ်။ ဒီကနေ့ ခေတ်ကြီးဟာ နည်းပညာခေတ်၊ IT ခေတ်၊ ဂလိုဘယ်လ်ခေတ်ဆိုတဲ့ လှိုင်းတွေ စီးမျှောနေကြပါတယ်။

ဒီလို နည်းပညာလှိုင်းတွေနဲ့ ကမ္ဘာ့နေရာအနှံ့အပြား စီးမျောနေတဲ့အချိန်မှာ ကျမတို့ မြန်မာပြည်သူလူထုရဲ့ တကယ့် ဘဝကတော့ အဲဒီလှိုင်းပေါ်မှာ မူးဖို့ နေနေသာသာ စီးတောင် မစီးနိုင်ကြပါဘူး။

နှင်းပန်းအိမ်

No comments:

Post a Comment