“မန္တလေးနှင့် မဏ္ဍလေး”

“ပစ္စင်ပြအိုး ရွှေပြာသာဒ်နဲ့  နေရပ်ကို ပြန်ချင်ပါတော့သည်၊
မျှော်ရှာသူ သပြေရွက်ကို ရေတွက်ပါလို့  စောင့်ကာနေရော့မည်”
ဂန္တဝင်စာဆို ဂီတနက်သန် ကိုစောညိမ်း၏ သပြေရွက်ရေသီချင်းက မြန်မာဘုရင်တို့ရဲ့ နောက်ဆုံးဦးစွန်း မန္တလေးကို ညွှန်းနေပါတယ်။
မန္တလေးက စာရေးသူတို့ ငယ်စဉ်ကတည်းက မျှော်မှန်းတမ်းတရင်း စိတ်ကူးနဲ့ ရူးခဲ့ရတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့ စုဝေးရာ၊ အထက်မြန်မာပြည်နိုင်ငံရဲ့ ကုန်စည်ရောင်းဝယ်ဖလှယ်မှုရဲ့ ပင်မနေရာ။ ဒါတင်မကသေးပါဘူး တချိန်က အထက်မြန်မာနိုင်ငံရဲ့ တက္ကသိုလ်များတည်ရှိရာ တခုတည်းသော မြို့တော်ကြီးလည်း ဖြစ်ခဲ့ပါတယ်။
မန္တလေးနဲ့ ဝေးတဲ့နယ်မှာနေရတဲ့ စာရေးသူတို့ အထက်တန်းကျောင်းသား အချိန်မှာ မန္တလေးရောက်ဖို့၊ နေဖို့က တက္ကသိုလ်ရောက်မှ ဖြစ်မှာဆိုတော့ တက္ကသိုလ်တက်ရဖို့ကို အဓိကကျလှတဲ့ ဘ၀ရည်မှန်းချက်ကြီးအနေနဲ့ ကြိုးစားခဲ့ရဘူးပါတယ်။
ဦးလေးလှ(လူထုဦးလှ)ကလည်း မန္တလေး ဂုဏ်သတင်းကြီးလှပုံကို ဆရာတော်ရွှေကိုင်းသားရဲ့ အနှစ်တရာပြည့် မန္တလေးစာအုပ် အမှာစာမှာ နိုင်ငံခြားတိုင်းပြည်များသို့ ရောက်တိုင်း ကျွန်တော် မန္တလေးကပါဟု ပြောလိုက်လျှင် တခါတည်း သိသောသူများကြောင့် ဝမ်းသာရပေသည် အချို့တိုင်းပြည်၌မူ ရန်ကုန်ထက် မန္တလေးကို ပို၍သိကြသည်ကို တွေ့ကြရပေသည်လို့ ဖော်သွားခဲ့ရတဲ့အထိ အရှိန်အစော် ကြီးမားလှပါတယ်။
(23.May 2009) မှာ မန္တလေးမြို့ သက် အနှစ် (၁၅၀) ပြည့်ပါတော့မယ်။ ဒီအတွက် တွေးမိတိုင်း လွမ်းရတဲ့ မန္တလေးသမိုင်းကို လက်လှမ်းမီသရွေ့ ပြန်လှန်ကြည့်ပါရစေ။
ဦးစွာ မန္တလေးမြို့ တည်နေရာကို ပြောပါမယ်။ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ အလွန်နဲ့ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီတို့ဆုံရာ မျဉ်းပေါ်မှာ ရှိပါတယ်။ ရွှေကြိုးသတ်နယ်မြေပုံအရ နယ်နိမိတ် အပိုင်းအခြားတွေက အရှေ့မှာ နတ်ထိပ်တောင်ရိုး၊ တောင်ဘက်မှာ ဒုဋ္ဌဝတီ (ခေါ်) မြစ်ငယ်၊ အနောက်မှာ ဧရာဝတီနဲ့ မြောက်ဘက်မှာ ချောင်းမကြီးခေါ် မတ္တရာမြစ်တို့ပါ။ အကြမ်းအနေနဲ့ ပြောရရင် အရှေ့ အနောက် (၂၃) မိုင်ခန့်၊ တောင်မြောက် (၃၂) ကျယ်ပါတယ်။
ဗြိတိသျှကိုလိုနီလက်အောက်က မန္တလေးနန်းတော်
မန္တလေးမြို့တည်ဘုရင်ကတော့ အများသိကြတဲ့အတိုင်း ကုန်းဘောင်မင်းဆက် (၁၁) ဆက်မှာ ဒုတိယနောက်ဆုံးမင်းဖြစ်တဲ့ “သီရိပဝရ ဝိဇယာနန္တယ သပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ် နာမံခံတဲ့ ဆဒ္ဒန်ဆင်မင်းသခင် မင်းတုန်းမင်းဖြစ်ပါတယ်။မန္တလေးကို ဘုရားဗျာဒိတ်တော်အပြင် ရှေးသိုက်စာ၊ တဘောင်စာတို့နဲ့အညီ ရဟန်း သံဃာ၊ လူပညာရှိတို့ရဲ့ ညီညွတ်စွာ သဘောတူညီချက်တို့အရ တည်ထောင်တယ်လို့ ကုန်းဘောင် ရာဇဝင်တွေမှာ ရေးကြတာရှိပေမယ့်၊ မြို့တော်အသစ်တည်ဖို့ ကိစ္စကန့်ကွက်သူ အများရှိပါတယ်။
ကန့်ကွက်သူတွေ (သို့မဟုတ်) သဘောမတူညီသူတွေလို့ ပြောရမလား မသိပါ။ သံဃာတော်တွေထဲက သာသနာပြုဆရာတော်နဲ့ ခင်မကန်ဆရာတော် အပါအဝင် ဆရာတော်ပေါင်း (၂၄) ပါး၊ လူပုဂ္ဂိုလ်တွေထဲက ညောင်ကန်ဆရာတော်တပည့် ဦးလူကြီးနဲ့ ပညာရှိ အဝေးကျီဝန် ဆီမီးခုံရွာစားတို့ ပါဝင်ပါတယ်။ ဒါပေမဲ့ နောင် မြို့နေရာပိုင်းခြားဖို့ ချဉ်းနင်းကြည့်ရှုသူတွေစာရင်းမှာ မဟာနန္ဒသင်္ကြန်၊ ဆီမီးခုံရွာစားကို တွေ့ရတော့ မြို့တည်တာ ကန့်ကွက်ပေမယ့် ရာထူးတော့ ဖြုတ်မပစ်ဖူးလို့ မှတ်ရမယ် ထင်ပါတယ်။
မြို့တည်စေ အမိန်တော်ကို(13 Jan 1857) မှာထုတ်ပါတယ်။ ဝင်းတော်လေးမျက်နှာ အမှုထမ်းတွေ မြေတိုင်းစာရေး ငရွဲ၊ ငသောကြာ၊ ငဘိုး၊ ပန်းချီခေါင်းငကြာနဲ့တပည့်တွေ (30. Oct 1856) မှာ မြေနင်းပြီး မြေပုံဆွဲရပါတယ်။ ဘုရင်ကို (31 Oct 1856)မှာ ပြရပါတယ်။ ဘုရင်က မြေပုံကို ကြည့်ပြီးမှာ မြို့တည်စေ အမိန့်ကို ထုတ်တာဖြစ်ပါတယ်။
နန်းတော်ကို (27 Nov 1857) မှာ စဆောက်ပြီး (16 July 1858)မှာ ပြီးတဲ့အခါ နန်းမြို့ကို လေးကျွန်းအောင်မြေ၊ နန်းတော်ကို မြနန်းစံကျော်လို့ သမုတ်၊ နန်းသိမ်းပွဲလုပ်ပြီး နန်းသစ်ဖြစ်လို့ သစ္စာတော်ထပ်ပေးပါတယ်။ နန်းမြို့က အရှေ့ အနောက် ၁မိုင် ၂ဖာလုံ၊ တောင်မြောက် ၁မိုင် ၂ဖာလုံ ၈၈ကိုက်၊ ဖြစ်နေလို့ တိုင်းတာတဲ့ ကိရိယာတွေက မတိကျလို့ ကွာနေတာလား (ဒါမှမဟုတ်) မန်းတောင်ရိပ်ခို စကားအတိုင်း မန္တလေးတောင်ဘက် လုထားတာလား မသိရလို့၊ .. ဆရာကြီး ဒေါက်တာသန်းထွန်းက ရေးပါတယ်။ နန်းမြို့မှာ တံခါးပေါင်း (၁၂) ခုရှိပြီး နန်းမြို့အတွင်းမှာ ဝင်းပေါင်း (၂၃၉) ရှိပါတယ်။
နန်းတော်ပြီးမှ မြို့ကို စဆောက်ပါတယ်။ (23 May 1859)မှာ မြို့တော် ခုနစ်ဌာန-
၁။ မြို့တော်
၂။ ကျုံးတော်
၃။စေတီတော် ( မဟာလောကမာရဇိန် )
၎။ ပိဋကတ်တိုက်တော်
၅။ သုဓမ္မာဇရပ်တော်
၆။ ကျောင်းတော် (မဟာအတုလဝေယန်)
၇။ သိမ်တော် (ဓမ္မမဉ္ဇူ) ကို တပြိုင်နက်အုတ်မြစ်ချပါတယ်။
မန္တလေးရဲ့ အပြင်မြို့ရိုးကို (1874) မှာမှ အပြီး လုပ်စေပြီး မြို့သိမ်းပွဲကို (25 June 1874) မှာလုပ်ပါတယ်။ မြို့တည်တာက စပြီးရေတွက်ရင် မြို့သိမ်းပွဲလုပ်တဲ့အထိ (၁၅) နှစ်ကျော်ကြာပါတယ်။ မြို့ သိမ်းပွဲပြီးလို့ လေးနှစ်အကြာ (1 Oct 1878) မှာ မင်းတုန်းမင်း နတ်ရွာစံပါပြီ။
ကျုံးရေပြင်မှမန္တလေးတောင်အလှ
မန္တလေးဆိုင်ရာ အချက်အလက်များကို နည်းနည်း အသေးစိတ်ပြောရရင် အရေးပါလှတဲ့ မန္တလေးတောင် ဗျာဒိတ်ပေး ရွှေရပ်တော်မူဘုရားကို မြန်မာသက္ကရာဇ် ၁၂၂၁ ခု၊ နှောင်းတန်းခူးလ (ခရစ် ၁၈၅၉) / (၁၈၆၀) မှာ ထုလုပ်ပါတယ်။ မင်းတုန်းမင်း ကုသိုလ်တော်၊ ပထမ ဗျာဒိတ်ပေး ရုပ်ပွားတော်ကြီး ၁၂၅၅ ဝါဆိုလဆန်း (၁) ရက်နေ့ (၁၈၉၃) မှာ မီးသင့်သွားလို့ (၁၉၀၁) ဘုန်းတော်ကြီး ဦးနန္ဒသူရိယက အသစ်ထုလုပ်ပူဇော်တယ်လို့ သိရပါတယ်။မန္တလေး ရွှေကြိုးသတ်နယ်အတွင်းမှာ မန္တလေး အပါအဝင် တောင်ပေါင်း(၁၁)၊ တောင်လောက်မမြင့်တဲ့ ကုန်းပေါင်း (၃)၊ (26 March 1863) ကစပြီး ရတနာနဒီခေါ်တဲ့ ရွှေလောင်းချောင်း အပါအဝင် ချောင်းပေါင်း (၁၃)၊ မဟာနန္ဒာ၊ ဇောင်းကလော၊ အောင်ပင်လယ်အပါအဝင် ကန်ပေါင်း (၂၃) တက်သေးအင်းနဲ့ တောင်သမန်အင်း အပါအဝင် အင်းပေါင်း (၇၂)၊ ရွာပေါင်း (၂၃၅) ရွာနဲ့ အမရပူရမြို့၊ မတ္တရာမြို့တို့ ပါဝင်ပါတယ်။ ဥယျာဉ်တော်ပေါင်းက (၂၀)၊ ဈေးချို (ရှေးအခေါ် ဈေးကြို)အပါ ဈေးပေါင်း (၃၀)၊ မြို့ပြင်လေးရပ် ရပ်ကွက်ပေါင်းက (၅၄)၊ အပြင်မြေမြို့ရိုးမှာ တံခါးပေါင်း (၅၇)ပေါက် ဖောက်ထားပါတယ်။ အားလုံး အမည်ပေးပြီးပါ။
မြို့ရိုးတံခါးနှင့် ပါတ်သက်ပြီး အလျဉ်းသင့်လို့ မြန်မာတွေအပေါ် မြို့ရိုး၊ မြို့တံခါးမှာ ဖုတ်ပြိတ္တာအဖြစ် စောင့်စေဖို့ လူအရှင်လတ်လတ် မြှုပ်စတေးတာမျိုး ရှိတယ်လို့ နိုင်ငံခြားသားတွေ စွပ်စွဲကြတဲ့ ကိစ္စကို တင်ပြချင်ပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ မြန်မာဘက်က အထောက်အထား မတွေ့ရ၊ ဧကန် ဧကသိချင်ရင်၊ ဟုတ်ရင်လည်း ဝန်ခံရအောင်၊ မဟုတ်ရင်လည်း ငြင်းရအောင် တူးကြည့်ဖို့ အချိန်တန်ပါပြီလို့ ရေးသွားတာရှိပါတယ်။
ရတနာပုံခေတ်က မန္တလေး လူဦးရေကိုတော့ တသိန်းကျော်ကျော် (တသိန်းက ဘယ်လောက်ကျော်မှန်း မသိပါ။)ခန့် မှန်းကြပါတယ်။ ဒီလူတွေ ဘာတွေလုပ်ကိုင် စားသောက်ခဲ့ကြသလဲ မေးစရာရှိပါတယ်။
ဆရာကြီး ဒေါက်တာသန်းထွန်း စာရင်းအရ အလုပ်အကိုင်ပေါင်း (၃၇) မျိုး (ကျောက်စိမ်းလုပ်ငန်းအပါအဝင်) ရှိပါတယ်။ ရက်ကန်းအလုပ်ကတော့ ဒီအချိန်ကပဲ အမရပူရမှာ လုပ်တာများလို့ ထည့်မရေပါ။
ရဟန်း သံဃာတွေလည်း မနဲပါ။ မန္တလေး လေးပြင်အရပ်မှာ ကျောင်းတိုက်ပေါင်း (၁၅၄) နဲ့ ကျောင်းပေါင်း (၁၂၅၇) မှာ ရဟန်းက (၂၂၈၀) ရှိပါတယ်။ သာမဏေက ရဟန်းထက် ပိုများတော့ အချိုးကျပေါင်းရင် ဥသြတွန်သံသာ စာချိုးအတိုင်း (၁၁၀၆၆) လို့ မှန်းပါတယ်။ တခြား အလှူခံ ပုဏ္ဏား အရေအတွက်ကလည်း မသေးပါ။ (၁၈၈၂) သီပေါမင်း သမီးတော် နားထွင်း မင်္ဂလာမှာ ဦးရေ (၂၀၀၀) ကျော် စာရင်းပေါက်လို့ မိသားစုပါ ဆိုပါက (၁၀၀၀၀) ခန့်လို့ ဆရာကြီး ဒေါက်တာသန်းထွန်းက ဆိုပါတယ်။ မင်းမှုထမ်း အရေအတွက် အတိအကျ မသိရပေမယ့် (15 Jan 1844) ပြာသိုလ မြင်းခင်းသဘင်လုပ်ရာမှ သေနတ်စွဲလူ (၅၀၀၀)ကျော် သေနတ်ရေးပြကြတယ်လို့ မှတ်တမ်းရှိတော့ ဒီစာရင်းထက် အများကြီးပိုဦးမှာပါ။
မြို့သစ်တည် မြို့တော်ပြောင်းရတဲ့ အကြောင်းကို ဆရာကြီး ဒေါက်တာသန်းထွန်းက
· ၁။ အမရပူရမှာနေ၍ (၁၈၅၂)တွင် အင်္ဂလိပ်ကို စစ်ရှုံးခြင်း
· ၂။ စစ်ရှုံးမင်း နန်းကျသည်ဟူသော အယူအဆ
· ၃။ ပြည်တွင်း ပြည်ပ အသရေညှိုးတဲ့ နေရာမှ ဆက်မနေလိုခြင်း
· ၄။ မြို့သစ်မှာ အောင်မြင်မှု အသစ်တွေရမယ်လို့ အားထားခြင်းကြောင့် လို့ရှင်းပါတယ်။
ဆရာရွှေပြည် ဦးဘတင်ကတော့ မင်းတုန်းမင်းသည် အထက် ကုန်းဘောင် မင်းဆက်များနည်းတူ မြို့တည် နန်းတည် မင်းအဖြစ် ခံယူလိုခြင်း ဖြစ်ရာတွင် ရှေးစာပေဟောင်း သိုက်တဘောင်များကို ညွှန်းပြ၍ ဘွဲ့ထူး ဂုဏ်ထူးရလိုသူ၊ မင်းလိုလိုက်ပြီး တာဝန်ယူကြ သူများ၏ အားပေးမှုကြောင့်လို့ ယူဆသွားပါတယ်။
မန္တလေးမြို့အကြောင်း အကျဉ်းတင်ပြပြီးတဲ့နောက် ကြားရသူတိုင်းကို ဖမ်းစားညှို့ယူနိုင်တဲ့ မန္တလေးဆိုတဲ့ အမည်အကြောင်းကို ခြေရာခံကြည့်ချင်ပါတယ်။
အိမ်တော်ရာဘုရား
မန္တလေးက မန္တလေးတောင်ကို အမှီပြုပြီးခေါ်တယ်လို့ ရေးကြတာတွေများတော့ မန္တလေးတောင် သမိုင်းကိုရေးရရင် - အနှစ် (၁၀၀) ပြည့် မန္တလေးရေးသူ ဆရာတော် ရွှေကိုင်းသားက မန္တလေးတောင်၏ ရှေးအမည်ရင်းမှာ ဘီလူးမတောင်ဖြစ်ပြီး ပုဂံမင်းရှင်စော အောင်ပင်လယ်ကန်ဆည်ဖို့ရာတွင် နေခဲ့ဘူး၍ မင်းရှင်စောတောင်လို့ ခေါ်ကြကြောင်း၊ အင်းဝ ညောင်ရမ်းမင်းဆက်များလက်ထက် ဆရာတော်များ သွင်းစာမှာ မင်းရှင်စောတောင်ဟုပါကြောင်း ဆိုပါတယ်။ ဟန်လင်းကိုးမြို့ သမိုင်းမှာ မတ္တရာမြို့တည် ဥဂ္ဂါသေနရာဇာ (ခေါ်) မင်းကလေး နေထိုင်ခဲ့ရာဖြစ်၍ မင်းကလေးတောင်ဟု ခေါ်ရာမှ နောင်စကားရွေ့လျှောလို့ မန္တလေးလို့ခေါ်ကြောင်း ဖော်ပြထားပါတယ်။ကင်းဝန်ကျောင်း
မန္တလေး အဘိဓာန်ရေးသူ ဆရာနေထွတ်က မန္တလေးသည် မဏ္ဍလဝေါဟာရမှ ဆင်းသက်၍ ပြန့်ပြူး သာယာသောနယ်မြေ။ မန္တရေ ဝေါဟာရမှ ဆင်းသက်၍ ကျက်သရေဆောင်သောအရပ်လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ပါဠိမြန်မာ အဘိဓာန်ဆရာ ဦးဟုတ်စိန်က မဏ္ဍလ ဝေါဟာရကို အဝန်းအဝိုင်း၊ အဝန်းလို့ အနက်ပေးပါတယ်။(၁၉၅၆) ခုနှစ်ထုတ် တက္ကသိုလ်ကြေးမုံ မြန်မာစာ အဖြေရေးသားသူ မြို့မ ဆရာဦးမိုးမြင့်က လှိုင်မင်းသမီး (လှိုင်ထိပ်ခေါင်တင် ခရစ် (၁၈၇၅) တွင် အနိစ္စရောက်) ရေး ပြည်တော်ပြန် လွမ်းချင်းကို ရှင်းပြရာမှာ
“ပြည်တော်ပြန် လွမ်းရန်စုံစုံ၊ မြူခြည်ဆိုင်းလို့ ရှစ်တိုင်းမှာ မှုန်သောအခါ
ရွှေဘုံကြော့မဏ္ဍလာမှာ ရော်ရမ်းကာ ဘယ်ဆီမှန်းငယ်လို့ လမ်းသိပြီလေး”
မှ မဏ္ဍလာကို ကိုးကားပြီး မဏ္ဍလာသည် အဝန်းအဝိုင်း၊ ပတ်ဝန်းကျင်ကို ဆိုလိုကြောင်း ရွှေဘုံနန်းတော်၏ ပတ်ဝန်းကျင် နေပြည်တော်၊ မန္တလေးကား မဏ္ဍလေးလို့ ရေးကြောင်း ရတနာမဉ္ဇူဘုရား ကျောက်စာကို ကိုးကားပြပါတယ်။
ကင်းဝန်၊ သေနတ်ဝန်၊ လယ်ကိုင်းမြို့စားဆို မြပုခက်တင် မင်္ဂလာ ဧချင်းမှာ -
“မင်္ဂလာလျှံထိန်၊ လေးရောင်ရှိန်ထက် ဝတိံ သဘင်ဝေယံသျှင်သို့ ရင်နှင်မဏ္ဍလ မန်းပြည်မယ်” လို့
စပ်ဆိုရာမှ မဏ္ဍလ စာလုံးပေါင်းက လှိုင်မင်းသမီးရေးတာနဲ့ တူနေပါတယ်။
· ၁။ လေးမျက်နှာ နယ်ခြားကျောက်တိုင် မတ္တရာမြောက်ဘက် ရေသနုတ်ချောင်းကမ်း ပိသကာသုသန်မှာတွေ့ (ယခု ရေသနုတ် ဘုန်းကြီးကျောင်းသို့ ရွှေ့ထား) မှာ မန္တလေးရတနာပုံ ရွှေမြို့တော်ကြီးလို့ ပါပါတယ် ။
· ၂။ အောင်ပင်လယ်ကန် ကျောက်စာမှာ မန္တရေမည်သော ရွှေတောင်၏ ရှေ့ ပြုဗ္ဗာစွန်(သတ်ပုံမူရင်းအတိုင်း)
· ၃။ မန္တလေး ရတနာပုံ နန်းတော်ပုံဘုရား၊ ပရပိုက်မြေပုံ၊ ပန္နက်ပုံမိတ္တူကူး ရွှေပြည်ဦးဘတင် (၂၉ လက်မ x ၄၄ လက်မ)
ဒီတော့ မင်းတုန်းမင်း မတိုင်မီက မန္တလေးဆိုတာ ရှိသလား၊ ဘယ်လို စာလုံးပေါင်းသလဲလို့ စူးစမ်းချင်လာပါတယ်။ မင်းလက်ဝဲနော်ရထာရေး အမရပူရ ပထမမြို့တည် မင်းတရားကြီး ရွှေထီးရွှေနန်း တက်သိမ်း စံပ္ပါယ်တော်မူသည်က (၁၇၈၁) ခုနှစ်တိုင် အတ္ထုပ္ပတ္တိကို ဆိုရာဖြစ်သော မင်းခမ်းစာတန်းတော်ကြီး ပုရပိုက်ထဲမှာ “ မဏ္ဍလေးနယ်ဝန်း အဝင်ဖြစ်သော ထီးပေါင်းကားအရပ်နှိုက်တည်း” ဆိုတဲ့ စာပိုဒ်ရဲ့ စာလုံးပေါင်းကို ကြည့်စေချင်ပါတယ်။
စကြာသီဟဘုရား
မြို့ တည် ၇ ဌာနအဝင် ပဌာန်းဟော ရွှေသိမ်တော် (ဓါတ်ပုံ - ဗြိတိသျှ စာကြည့်တိုက် ဝက်(ဘ)ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်)ဒီထက် ရှေးကျတဲ့ အရေးအသားကို မင်းတဲအီကင်းရပ် ပြည်စုန်သီဟသူမင်း လက်ထက် မြန်မာသက္ကရာဇ် ၈၄၀၊ ခရစ်နှစ် (၁၄၇၈) မှာတည်တဲ့ ရတနာမဉ္ဇူ ဘုရားကျောက်စာမှာ မဏ္ဍလေးဖုရားသခင်ဆိုတဲ့ အရေးအသားကိုတွေ့ပါတယ်။ မဏ္ဍလေးဘုရားအကြောင်းကို အနည်းငယ်အကျယ်ချဲ့ ပြောချင်ပါသေးတယ်။ ပေါက်တောစစ်တမ်းနဲ့ မတဲစစ်တမ်း (ခရစ် ၁၇၉၃) အရ ရတနာပုံ မန္တလေး မတိုင်မီက ရှိခဲ့တဲ့ ဘုရားစာရင်းမှာ -
၁။ တောင်ပေါ်ဘုရား
၂။ အရိပ်ထွက်
၃။ ချမ်းသာကြီး
၎။ ကြီးမြင်(ရွှေကြီးမြင်)
၅။ ကူကြီးဘုရား ( ရှင်အရဟံသိမ် / အုတ်ဂူ) တို့ ပါဝင်နေပါတယ်။
ဆရာဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)က တောင်ပေါ်ဘုရားသည် ပုဂံခေတ်ကပင်ရှိကြောင်း မုံရွေးဆရာတော် စေတိယကထာ၌ ဆိုကြောင်း (ကျောက်စာ အခိုင်အမာမတွေ့ရသေး)။ ရတနာမဉ္ဇူ ဘုရားကျောက်စာပါ မဏ္ဍလေးဘုရားမှာ တောင်ပေါ်ဘုရား ဖြစ်ဟန်ရှိသည်ဟု မှတ်ချက်ပေးပါတယ်။ မှန်နန်းရာဇဝင်ကတော့ တောင်ပေါ်ဘုရားကို ပုဂံအနော်ရထာမင်း တရုတ်ပြည်က အပြန် တည်တယ်လို့ ရေးပါတယ်။
မဏ္ဍလေးဘုရားကို ပြည်စုန်သီဟသူ နောက်ခေတ် မင်းအဆက်ဆက် မင်းများ ကိုးကွယ်တဲ့ သာဓကတခုကို ပြပါရစေ။
မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ တနင်္ဂနွေမင်း (၁၇၁၄ - ၁၇၃၃) ရေသဘင် ခံတော်မူခြင်းအကြောင်းမှာ -
“ရံဖန်ရံခါ လောင်းလက်သင်သင်္ဘော သမ္ဗာန်စီးတော်မူ၍ ရွှေလှေ ရွှေလောင်းအပေါင်း ခြံရံလျက် မန္တလေးဘုရားရှင်၊ ရှင်ဖြူရှင်လှ၊ ပုညစေတီ၊ ပတ္တမြားစေတီ၊ ရာဇာမဏိစူဠာ၊ ပင်းယရွှေစာရံ၊ သင်ပန်းကျောင်းတော်များသို့ ရှိခိုးပူဇော် ထွက်တော်မူလျှင် ”
စာပိုဒ်ကို ကြည့်ပါက မဏ္ဍလေး ဘုရားရှင် ပါနေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် မန္တလေးတောင်ဆိုတာ မဏ္ဍလေး ဘုရားရှင်ကို အမှီပြုပြီး ခေါ်တာလား၊ ရှေး မန္တလေး အရေးအသားက မဏ္ဍလေးပဲ ဖြစ်မယ်လားလို့ တွေးချင်လာပါတယ်။
မန္တလေး တက္ကသိုလ်သမိုင်းဌာန ဆရာဟောင်း ကိုကျော်သီဟ အကူအညီနဲ့ ရတနာပုံတက္ကသိုလ် သမိုင်းပါမောက္ခ ဆရာကြီး ဦးနီတွတ်၊ တွဲဖက်ပါမောက္ခ ဒေါက်တာကျော်ဆွေတို့ လိုက်ပြလို့ ရတနာမဉ္ဇူ ဘုရားကျောက်စာကို (၇.၁၂.၂၀၀၈)နဲ့ (၁၄.၁၂.၂၀၀၈) နေ့များမှာ ကွင်းဆင်းကြည့်ရှုခွင့် ရခဲ့ပါတယ်။
စာရေးသူက မန္တလေးသမိုင်းကို ထဲထဲဝင်ဝင် အကျွမ်းတဝင် သိနိုင်မယ့် ပညာရှင်များ၊ ပုဂ္ဂိုလ်များကို မန္တလေးချစ်သော ပရိသတ်များအတွက်မေးစရာလေးတွေ ရှိနေပါတယ်။
(၁)မဏ္ဍလေးဘုရားနဲ့ မဏ္ဍလေးဘုရားရှင်ရဲ့ ဝတ္ထုကံမြေများအကြောင်း
(၂)မင်းတုန်းမင်းဟာ မဏ္ဍလေး ဘုရားရှင်အကြောင်း မသိတာလား (သို့မဟုတ်) သိလျက်နဲ့ ချန်ထား မြှုပ်ထားတာလား၊ ဘာကြောင့်ပါလဲ။
(၃)ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်မှာတောင် မဏ္ဍလေးလို့ ရေးထုံး ရှိနေသေးတယ်။ မင်တုန်းမင်း လက်ထက်မှာ စာပေပညာရှင် လှိုင်မင်းသမီးတို့၊ ကင်းဝန်မင်းကြီးတို့ကလည်း မဏ္ဍလာလို့ ရေးနေကြသေးပေမယ့် ကျောက်စာတွေ၊ မြေပုံတွေမှာတော့ မန္တလေးလို့ အရေးအသား ပြောင်းလဲတာက သာမန်လို့ ဆိုရမလား၊ ထူးခြားမှုများလား ဆိုတာတွေပါပဲ။
မန္တလေးချစ်သော စာဖတ်ပရိသတ်ကြီးများက မန္တလေးဆိုင်ရာတွေ့ရှိချက် အသစ်များကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်မျှော်လင့်နေမယ်လို့ ယုံကြည်ပါကြောင်း တင်ပြရင်း မန္တလေးနဲ့ မဏ္ဍလေး ဆောင်းပါးကို နိဂုံးချုပ်ပါရစေ … ။
(23 May 2009) .. အနှစ် (၁၅၀) ပြည့် မန္တလေးကို ကြိုဆိုရင်း ……..
မင်းကျော်သက်
၁၈.၁၂.၀၈
source.... ကောင်းကင်
Ref:
၁။မှန်နန်း မဟာရာဇဝင်တော်ကြီး
၂။ ဆရာတော် ရွှေကိုင်းသား နှစ်(၁၀၀)ပြည့် မန္တလေး
၃။ဒေါက်တာသန်းထွန်း၊ နယ်လှည့်ရာဇဝင် အတွဲ (၂)
၎။ဒေါက်တာသန်းထွန်း မန္တလေးမြေပုံများ စာတမ်း
၅။ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ မန္တလေး ရပ်ကွက်သမိုင်း (နိုင်ငံ့ သမိုင်း သုတေသနစာစောင် -၂)
၆။ဒေါက်တာရီရီ၊ မြန်မာနိုင်ငံ အခြေအနေ (၁၇၁၄-၁၇၅၂)
၇။နေထွတ် မန္တလေးအဘိဓာန်
၈။မြို့မ ဆရာဦးမိုးမြင့်၊ တက္ကသိုလ်ဝင်ကြေးမုံ မြန်မာစာ (၁၉၅၆)
၉။ ရတနာမဉ္ဇူ ဘုရားကျောက်စာမူရင်းနှင့် စတုရင်္ဂဗလ ဦးဘေ၏ ခေတ်မြန်မာ အက္ခရာဖလှယ် ကျောက်စာ
No comments:
Post a Comment