သန္တိ၏ ရနံ့

အို ~ သာရိပုတ္တရာ
နတ္ထိက၏ အဖြစ်ကို သိမြင်သည့်နောက်
ထင်ရှားသော သန္တိ၊ ချုပ်ငြိမ်းခြင်း ၌ ~
အသွင်သဏ္ဍာန်သည် မရှိ၊
ခံစားချက်၊ ခံယူချက်သည် မရှိ၊
တုံ့ပြန်မှု၊ သိစိတ်သည် မရှိ။
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်၊ စိတ် ဒွါရတို့ မရှိ။
သဏ္ဍာန်၊ အသံ၊ ရနံ့၊ အရသာ၊ ထိတွေ့ဆုပ်ကိုင်နိုင်ခြင်း မရှိ၊
စိတ်သန္တာန်တို့၏ အနုမာန တို့သည်လည်း မရှိ။
အို ~ သာရိပုတ္တရာ
စိတ်သန္တာန် ခဏကို ကျော်လွန်ပြီးမြောက်သော အခါ
မသိမှုသည် မရှိ။ မသိမှု၏ အပိုင်းအခြားသည် မရှိ။
ထိုမှ နောက် သန္တိသို့ ရောက်သည့် အခါ
ဆုတ်ယုတ်ခြင်း (ဝါ) မရဏသည် မရှိ။
ဆုတ်ယုတ်ခြင်း (ဝါ) မရဏ၏ အပိုင်းအခြား သည် မရှိ။
ဇာတိ မရှိ၊ ဇရာ မရှိ။
မှတ်တိုင်လည်း မဟုတ်၊ လမ်းလည်း မဟုတ်။
The Heart Sutra.
ချုပ်ငြိမ်းခြင်း၊ ငြိမ်းအေးခြင်း၊ သန္တိ သည် သင်္ခါရတို့ အလွန်၌ ရှိသော မွှေးရနံ့ပင် ဖြစ်သည်။ အမတ သို့ ဦးညွှတ်သော - နှလုံးသား၏ ဟင်းလင်းပွင့်အာ နေမှု လည်း ဖြစ်သည်။ ပွင့်ဖတ် တစ်ထောင် ခြံရံသော ကြာညိုပန်း ပွင့်လန်းလာခြင်းလည်း ဖြစ်သည်။ ထိုပုဂ္ဂိုလ် အတွက် အန္တိမ ၊ ကိစ္စတို့ ပြီးဆုံးသည် လည်း ဖြစ်သည်။ ချုပ်ငြိမ်းခြင်း တည်းဟူသော ထိုရနံ့ကို ရရှိသော ခဏ - အကြင် ပုဂ္ဂိုလ် အတွက် ပြုဖွယ် ကိစ္စ တို့ ပြီးစီး ခဲ့ပြီ ဟု ဆိုရ ပေမည်။ ဖြစ်တည်သော ဘဝ အတွင်း အနှစ်၌ နတ္ထိက (ဝါ) သုညတ သို့ ဆိုက်ရောက် ပြီး သည် ဖြစ်၍ အသွင်သဏ္ဍာန် မဲ့ခြင်းသာ ၎င်းသန္တာန်၌ လွှမ်းခြုံလျက် ရှိ၏။ အကြင် ပုဂ္ဂိုလ်အတွက် ကောင်းကင်ပြင်သည် တိမ်သလ္လာတို့ မရှိ၊ ပကတိ ကြည်စင် ပြာလွင်လျက် ရှိ၏ ဟု ဆိုပါမည်။
ဤနတ္ထိက အဖြစ်ကို ဗုဒ္ဓက နိဗ္ဗာန ဟု ခေါ်ဆို ခဲ့ပါသလော။ ထို နတ္ထိက (ဝါ) သုညတ သည် ဗလာနတ္ထိ ဘာမျှ မရှိခြင်း မဟုတ်ပေ ။ ပြည့်ဝခြင်း သာ အနက် ရှိသည်။ ဗလာနတ္ထိ ကို အများ ထင်ကြသကဲ့သို့ မရှိခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျောက်ပျက်နေ ခြင်း ဟု အနက် မပြန်။ ဆုတ်ယုတ်ခြင်း သဘော မ ဟုတ်။ လစ်ဟာနေခြင်း အနက် ကို နတ္ထိက ဟု ခေါ်ဆိုနိုင်သည် မဟုတ်ပေ။
နတ္ထိက ၏ စင်စစ် အနက် အဓိပ္ပာယ် မှာ ဗလာ အထီးတည်း ဖြစ်တည်ခြင်း သာ ဖြစ်သည်။ ပစ္စည်း အသွင်သဏ္ဍာန် တို့ ပျောက်ကွယ်၍ အဆုံး စွန်သော ဖြစ်တည်မှု သာ ကိန်းဝပ် လျက် ရှိသည်။ အသွင်သဏ္ဍာန် တို့ ပျောက်ကွယ်၍ အသွင်သဏ္ဍာန် မဲ့မှုသာ ကိန်းဝပ်သည်။ အဆိုပြု သတ်မှတ်ချက် တို့ ပျောက်ကွယ်၍ အမည်နာမမဲ့ခြင်းသာ အထီးတည်း ထင်ရှား လျက် ရှိသည်။
နတ္ထိက ၏ အဖြစ် သည် နတ္ထိ၊ ဘာမှ မရှိခြင်း၊ ဘာမှ မဟုတ်ခြင်း၊ ငြင်းပယ် ဖယ်ရှားနေခြင်း မဟုတ်။ အဓိပ္ပာယ် သတ်မှတ် ရှင်းပြ၍ မရနိုင်ခြင်း ဟူ၍သာ ရိုးရှင်းစွာ ဆိုလို ပါသည်။ သင်၏ နေအိမ် အတွင်းမှ ပရိဘောဂ အားလုံး ၊ အသုံးအဆောင် ပစ္စည်းပစ္စယ အားလုံး ရှင်းလင်း ဖယ်ထုတ်လိုက်သကဲ့သို့ ဟု ပမာဆိုပါမည်။ ထိုသို့ ပြုထားသော သင့်အိမ်အတွင်းသို့ - လူတစ်ဦး တစ်ယောက် ဝင်ရောက်၍ ကြည့်ရှုရင်း "အို ~ အခု သည်မှာ အဘယ်အရာမှ မရှိပါတကား" ဟု ဆိုမည်။
ထိုသူ သည် ယခင်က သင့် အိမ်ကို ရောက်ခဲ့ဖူးသည်။ ပရိဘောဂ အများ ကို မြင်ဖူး မည်။ ယခု သူ မမြင်ရ။ ထို့ကြောင့် သူပြောသည် "ဤနေရာမှာ အဘယ်အရာမှ မရှိတော့ပါကလား။ ဘာမှ မရှိတော့ပါကလား" ထိုသူ၏ စကားသည် အတိုင်းအတာ တစ်ခု အထိ မှန်ကန်ပါသည်။ စင်စစ် သင့်အနေဖြင့် ပရိဘောဂများ ဖယ်ရှား ပစ်လိုက်ခြင်းသာ ဖြစ်သည်။ အိမ်အတွင်း ဧရိယာ နယ်ပယ်သို့ ဝင်ရောက် ခိုအောင်း နေသမျှ ရှင်းခါ ထုတ်ပစ်လိုက်ခြင်းသာ ဖြစ်သည်။ ယခု ဘာမှ ရှိမနေခြင်း ဆုတ်ယုတ်နေခြင်း မဟုတ်ပေ။ အိမ်၏ အဖြစ်သည် အပြည့်အဝ အထီးတည်း ကျန်ရစ်သည်။ အဘယ်အရာမှ အနှောင့်အသွား မရှိတော့။
နတ္ထိက ၏ အဖြစ်သည် တိမ်သလ္လာ ရှင်း နေသော ကောင်းကင်နှင့်လည်း တူပါသည်။ တိမ်မြူ တိမ်မွှား တစ်စမျှပင် ထင်ကျန်မနေသော အခါ၌ ကောင်းကင်၏ ကြည်စင်နေသော အဖြစ်သည် တပြန့်တပြူး ကျန်ရစ်လျက်ရှိသည်။ အဘယ် အရာ မှ မရှိနေခြင်း မဟုတ်ပေ။ တစ်စုံ တစ်ရာ ဆုတ်ယုတ် ပျက်ပြုန်း နေခြင်း မဟုတ်ပေ။ မြူမှုန် အနှောင့်အသွား ကင်းစင်နေခြင်း၊ ပကတိ ကြည်လင်နေခြင်းသာ ဖြစ်ပါသည်။
ဇေယျ
No comments:
Post a Comment