Sunday, March 11, 2012

မင်္ဂလာလှည်း (page 2)



(၈)


ကိုချစ်တိုးတို့ သည်တစ်ခါတွေ့ရတဲ့ချောက်က တော်တော်ကြီးတယ်။ တော်သေးတာပေါ့။ နွားသမား တွေနဲ့ တိုက်တိုက် ဆိုင်ဆိုင်တွေ့လို့။ သည်ချောက်ကြီးက တာလမ်းကျိုးရာကနေ အဟကျယ်သွားပုံပေါ် ရဲ့။ ဖို့မြေ ဆိုတော့ အိအိကျရာက ဗွက်ကြီးကျယ်ပြီးအထဲမှာ ဗွက်လည်နေတာမျိုးပါ။ တစ်ဖက်ကိုရောက် ဖို့က လွယ်လွယ် နဲ့ မဖြစ်လောက်ဘူးဆိုတာတော့ သေချာနေပြီ။ လူတွေက ထမင်းမစားကြရသေးဘူး။ ရေ၀အောင် မသောက်ကြရသေးဘူး။ တော်သေးတယ်ခေါ်ရမယ်။ ကားလမ်းတစ်ဖက်မှာ အိုင်ဖြစ်နေရာ က ရေတွေ ၀ပ်နေတာ ရေပုံးကြီးနဲ့ နှစ်ထမ်းသုံးထမ်းလောက် ရှိလိမ့်မယ်။ ရေကလည်း ကြည်ပြီး စိမ်းနေ လို့ သောက်မယ် ဆိုရင်တောင် သောက်ချင်စရာကိုး။ ကိုကျော်သန်းရော၊ ကိုချစ်တိုးရော၊ လူဝကြီး ဦး မှတ်တင် ရော၊ တရုတ်ကြီး ဦးဝိန်ရော၊ ကျောင်းဆရာကြီး ဦးကျော်ဒွန်းရော လက်ခုပ် နဲ့ ခပ်ခပ်သောက်ကြ ဇက်ပိုး ရေဆွတ်ကြ၊ ရေဘူး တွေထဲ ဖြည့်ကြ လုပ်ကြတယ်။

တစ်လျှောက်လုံး စကားတစ်ခွန်းမှမပြောဘဲ ပေါင်ပေါ်ကန်တော့ပွဲကြီးတင်ပြီး တင်ပြင်ခွေထိုင်လိုက်လာ တဲ့ ကိုကျော်ဝင်းတောင် ကန်တော့ပွဲကြီး ကားခေါင်းအမိုးပေါ်တင်ပြီး ဆင်းလာတယ်။ မျက်နှာသစ်၊ ရေ သောက်၊ နွားသမားတွေက မဆိုးကြပါဘူး။ လမ်းကျိုးထိပ်ထိုင် ဆေးလိပ်ဖွာကြရင်း သူတို့အချင်းချင်း တိုင်ပင်နေကြတယ်။ ကားက သည်နေရာကဆင်း၊ ဟိုနေရာကို မော့တက်ရမယ်။ ကားဆင်းမယ့်နေရာ နဲ့ မော့ တက်ရမယ့်နေရာမှာ မြေခဲမာမာကြီးတွေချရမယ်။ မောင်ကြိုင်ကတော့ သူ့တိုက်ပုံနဲ့ လည်ကတုံး အင်္ကျီ မှာ ရွံ့တွေပေလှပြီဆိုတော့ ချွတ်မနေတော့ဘဲ လက်တွေပင့်တင်တယ်။ ပုဆိုးကိုတိုတိုဝတ်တယ်။ ဗွက်ထဲဆင်း၊ ခြေထောက်နဲ့ စမ်းစမ်းပြီး မြေမာရှာတယ်။ ဗွက်က ခြေကျင်းဝတ်မြုပ်တယ်ဆိုတော့ မြေ မာခဲ တော်တော် ထည့်ရမယ်ဆိုတာ သေချာသွားပြီ။ နွားဆရာက တွက်ချက်ပြီးသွားပုံနဲ့ သူ့စိတ်ကူးကို ပြောတယ်။

"ကိုင်း ကားဆရာ၊ လူအားနဲ့ လမ်းဘေးက မြေစိုင်ခဲတွေ ကားဘီးရာ အတိုင်းချရမယ်။ ခင်ဗျားတို့ကြည့် ရတာ လူနုတွေနဲ့ တူပါတယ်ဗျာ၊ ကျုပ်တို့ပဲ လုပ်ပါ့မယ်"
"ဟာ… မဟုတ်တာဗျာ၊ ကျုပ်တို့ရော လုပ်မှာပေါ့"
"ဗြုန်း"
ဧရာမမြေစိုင်ခဲကြီးတစ်လုံး ဗွက်ထဲကျသွားသံပါ။ နွားသမားတစ်ယောက်က မပြောမဆိုနဲ့ မြေစိုင်ခဲကြီး ပွေ့ တဲ့ပြီး ပစ်ချလိုက်တာ ဗုံးများကျသလို ကျသွားရာက ဗွက်တွေနဲ့ ရွှံ့ရည်တွေ လူ့တစ်ရပ်ကျော်ကျော် လောက် ထခုန်ပါလေရော။ အနားရှိသမျှလူတွေလည်း ရစရာမလိုတော့ပါဘူး။ မျက်နှာ၊ နဖူးကအစ ၀တ်ထားတဲ့ အင်္ကျီ၊ ပုဆိုးတွေုပါ ချက်ချင်းပေပွကုန်တော့တာပါ။ ကိုချစ်တိုးက နွားသမားကို ဒေါသနဲ့ထိုး မယ် ကြိတ်မယ်လုပ်ပြီးမှ စိတ်ကိုဘရိတ်အုပ်ရတယ်။ ဒင်းတို့မရှိလို့မဖြစ်သေးဘူးလို့ တွက်မိလို့သာပေါ့။ အဆိုးဆုံး ကတော့ သတို့သားမောင်ကြိုင်နဲ့ လူဝကြီး ဦးမှတ်တင်ပါ။ တာလမ်းကျိုးထဲက ထခုန်လိုက်တဲ့ ဗွက်ရည်တွေဆိုတာရစရာမရှိဘူး။ အားလုံးစောစောက အိုင်ကလေးမှာ မျက်နှာသစ်ကြရတော့တာပေါ့။

"နင့်မေကလွှား သောက်ရမ်းလုပ်ရသလားဟ၊ မင်းကွာ"
နွားဆရာ ကတော့ ငေါက်ပါရဲ့၊ မြေစိုင်ခဲပစ်ချတဲ့ နွားသမားက အရေးတောင်မလုပ်ဘူး။ နောက်ထပ်မြေ စိုင်ခဲတစ်ခဲ ပွေ့လာပြီး စောစောကလိုပဲပစ်ချပြန်ရော။ ဗြုန်းခနဲ ကျသွားတဲ့အရှိန်နဲ့ ဗွက်ရည်တွေ ထခုန် ပြနရော။ သည်တစ်ခါတော့ ဒေါ်ငွေနဲ့ ကိုကျော်ဝင်းတို့နှစ်ယောက်စလုံး ယွန်းခွက်များ သစ်စေးသုတ် လိုက် သလို မည်းခနဲ ညစ်ပတ်ကုန်တော့တာပဲ။
"ဟယ်… သေနာကျ၊ ဘယ့်နှယ် မပြောမဆို တွန်းလုပ်နေတာတုန်း၊ တော်ကလဲ တပည့်လက်သားကို ဆုံးမ ဦးမှပေါ့၊ ကောင်းသေးလား ပေပွကုန်ပြီ"
ဒေါ်ငွေ က နွားသမားခေါင်းဆောင်ကိုငေါက်တော့ နွားသမားခေါင်းဆောင်က သူ့လူကိုခါးလိုက်ဆွဲတယ်။ ဒါတောင် နောက်ထပ် မြေစိုင်ခဲတစ်ခဲ ပွေ့ထားပြီးနေပြီ။ အသာအယာချဖို့ လက်ဟန်၊ ခြေဟန်နဲ့ လုပ်ပြ တယ်။ ကိုကျော်သန်း တို့ကိုလည်း တောင်းပန်ရတာပေါ့။

"ဒီကောင်က နားလည်းမကြားဘူး။ စကားလည်း မပြောတတ်ဘူး။ လူကလည်း ကြောင်တောင်တောင် ရယ်၊ တစ်ခါ သူများနွားဖြုတ်ဆွဲလာလို့ ကံကောင်းလို့ ကျုပ်တို့ အရိုက်မခံရတာဗျို့၊ တောင်းပန်ပါတယ် ဗျာ၊ နေပါဦး ခင်ဗျားတို့က ဘယ်သွားကြမှာတုန်း"
"မင်္ဂလာဆောင် အမြန်းသွားကြမှာပါဗျာ၊ ဒုက္ခရောက်ချင်တော့"
"ကိုင်း… ကိုင်း ဒါဆိုလည်း သွက်သွက်လုပ်လိုက်ကြရအောင်"

တစ်ယောက်မြေစိုင်ခဲတစ်တုံးနဲ့ အတုံးပေါင်း တော်တော်သယ်ချလိုက်တော့ ပင်လယ်ထဲကျောက်တန်း ပေါ်သလို ကားဘီးနှစ်နေရာစာ မြေစိုင်ခဲအတန်းနှစ်တန်းပေါ်လာတယ်။ ကားတက်နင်းရင် ပြားသွားမှာ သေချာနေတော့ နောက်ထပ်နှစ်တုံးစီ လိုက်ဖြည့်ကြရတယ်။ ကျောင်းတုန်းက ကျောင်းတက်ခေါင်း လောင်းတောင် ထမထိုးတဲ့ ကျောင်းအုပ်ဆရာကြီးကလည်း နိုင်သလောက်သယ်ရရှာတယ်။ ကိုချစ်တိုး နဲ့ ကိုကျော်သန်း ကတော့ မြေစိုင်ခဲတွေ ပွေ့ပွေ့ချရတာနဲ့ ရင်ဘတ်နဲ့ပုဆိုးမှာ မြေနီစေးတွေ အင်္ဂတေသ ရွက်ကိုင် ထားသလို ဖြစ်နေတယ်။ မောင်ကြိုင်ကတော့ အပင်ပန်းဆုံးပေါ့။ ခေါင်းတွေရော၊ မျက်နှာတွေ ရော၊ အင်္ကျီတွေရော၊ ပုဆိုးတွေရော၊ လူရုပ်တောင် မပေါ်တော့ဘူး၊ အဲသလိုနဲ့ ကားနင်းကြည့်လိုက် မြေစိုင်ခဲတွေ အိသွားလိုက်၊ ကားကို နောက်ဆုတ်လိုက်တော့ ကားခေါင်းပေါ်တင်ထားခဲ့တဲ့ ကန်တော့ပွဲ က ပြုတ်ကျ ပါလေရော။

"ဟာကွာ ကန်တော့ပွဲတင်ထားခဲ့တာ ခေါင်းထဲမေ့သွားသကွာ၊ သွားရောဟ"
တစ်လမ်းလုံး စကားမပြောခဲ့တဲ့ ကိုကျော်ဝင်း။ ကန်တော့ပွဲကို ကားကြမ်းပေါ်တောင်မချဘဲ တင်ပျဉ်ခွေ ထိုင်ပြီး ပေါင်ပေါ်တောက်လျှောက်တင်လာတဲ့ ကိုကျော်ဝင်း။ ကားပေါ်ကဆင်းတော့ ကားခေါင်းခန်းအ မိုးပေါ် အသာတင်ထားခဲ့တာမှာ ကားက ရှေ့တိုးနောက်ဆုတ်လုပ်တော့ ကားပက်လက်ထဲ ပြုတ်ကျက ရော။ အုန်းသီးတခြား၊ ကြွက်မြီးတခြား၊ ငှက်ပျောသီးတွေကလည်း သုံးဖီးသုံးနေရာ။ အလုံးပြုတ်တာက ပြုတ် ကုန်ကြပြီ။

"ပြုတ်ပေစေဗျာ ကိုကျော်ဝင်း နေပစေတော့၊ ရှိတာနဲ့ တောင်းမြန်းရုံပေါ့။ ရွာက အုန်းငှက်ပျော လွယ်မှာ ပါ"
"မလွယ် တော့လည်း ကြွေဇလုံးကြီးချ တောင်းမြန်းရုံပေါ့"
ကိုချစ်တိုး က ကိုကျော်ဝင်း စိတ်မကောင်းဖြစ်သွားမှန်းသိလို့ ဖြေပြောပြောတာကို ဦးမှတ်တင်က ၀င် ဖြည့် လိုက်တာပါ။ နွားသမားသုံးယောက်က တောသူတောင်သား လူကြမ်းတွေဆိုတော့ သန်လိုက်တာ ကလည်း မပြောပါ နဲ့တော့။ တွန်းလိုက်၊ ဆုတ်လိုက်၊ မြေစိုင်ခဲတွေဖို့လိုက်၊ ကားနစ်သွားတော့ လမ်းဖော် လိုက်၊ တွန်းလိုက် နဲ့ တစ်ဖက်ထိပ်ကိုရောက်ကာနီး ဘယ်လိုမှတက်မရတော့ဘူး။

နွားးသမားတွေလည်း ချောက်ထိပ်ထိုင်ပြီး ဆေးလိပ်ဖွာကြပြန်သည်။ မြေထပ်ဖို့သူဖို့ပြီး ကားကလည်းညှစ်၊ လူတွေ ကလည်း ပြိုင်တူညှစ်ကြတော့မှ ကားကမတက်ချင်တက်ချင် တက်သွားရော။ ကားပေါ်က ငှက်ပျောသီး၊ အုန်းသီး တွေလည်း ဆန်ကောထဲက ဆီးဖြူသီးတွေလို ကားရှေ့နဲ့နောက် ခလောက်ဆန်လို့။ သည်ချောက် ကို ကားတက်လိုက်နိုင်တာ လယ်ပြင်ကြီးရောက်သွားသလို ခံစားကြပုံပေါ်ပါရဲ့။ ဝေးခနဲ အော် လိုက်ကြတာ။ သည်တော့မှ ရယ်နိုင်မောနိုင်ကြတော့တယ်။ နွားဆရာက ပြန်ချင်ပြီ။ သူတို့ခမျာလည်း ချလိုက် ချလက် များကျလို့။ လူတွေလည်း ရွှံ့လူးထားတဲ့အတိုင်းပဲ။ နဂိုညှိထားတဲ့ဈေးမဟုတ်တော့ပါဘူး။ ကိုကျော်သန်း က ရှစ်ထောင်ဖြည့်ြ့ပီး နှစ်သောင်းပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျားတို့နဲ့သာမတွေ့ရင် ကျုပ်တို့တော့ ရွာလည်ပြီ"
"ရွာလည်ရုံဘယ်ကမှာတုန်း… ရွာထဲ ညအိပ်ရမှာ"
နွားသမား တွေက တစ်ယောက်ငါးထောင်စီရသွားကြတော့ နှုတ်ဆက်ပြီးပြန်ကြရော။ မထူးပါဘူး။ ကား ကလည်း ရစရာမရှိတော့ပါဘူး။ ညှစ်ညှစ်ရုန်းရလို့ အင်ဂျင်တွေလည်း နာလှရော့မယ်။ လူတွေကတော့ လမ်းဘေးက မြေခြောက်ခြောက်မာမာမှာ ပိုးလိုးပက်လက်လန်နေကြပြီ။ ရေအိုင် ထဲက ရေကြည်ခပ် ထားတာ ရှိတော့ ရေကတော့ သောက်ကြရပါတယ်။ ကိုချစ်တိုးက ကားထောင့်မှာ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထား တဲ့ အထုပ်ကြီးကိုဖြည်တယ်။ မင်္ဂလာဆောင်မှာ ရဟန်းသံဃာကပ်ဖို့ရော၊ ရွာလူကြီးတွေ ဧည့်ခံဖို့ရော ထည့်ပေးလိုက်တဲ့ မုန့်တွေထဲက အေးလမုန့် တစ်တွဲဆွဲထုတ်ပြီး တစ်ယောက်တစ်ခုဝေ တယ်။ သူလည်း တစ်ခု ကို နှစ်လုတ်နဲ့ ကုန်အောင်စားပြီး နောက်တစ်ထုပ်ဆွဲထုတ်ပြန်ရော။

"ချစ်တိုးရ… ဘုန်းကြီးကပ်ဖို့ဆို… ငရဲများကြီးနေပါ့မကွာ…"
"ဦးဦးဖျားဖျား ဖယ်ထားပါတယ်၊ ဒါကတော့မထူးဘူးဗျို့၊ ငရဲပြည်ကျတော့မှ ကြည့်ရှင်းရမှာပဲ၊ တွယ်သာ တွယ် ဆာလိုက်တာဗျာ"
ဘာမှ မစားရတုန်းက သည်လောက်ဆာတယ် မထင်မိဘူး။ စားတော့မှ တစ်ခုလည်း အာသာမပြေ၊ နှစ်ခုလည်း မ၀။ ကျောင်းဆရာကြီးက မုန့်ကလေးတစ်ဖဲ့စားရင်း သူ့တိုက်ပုံနဲ့အင်္ကျီကို ငုံ့ကြသည့်တယ်။ ဗွက်ရေ တွေ ပေကျံနေလိုက်တာ ၀ပ်ရှော့ဆရာရဲ့စက်ခုံကမှ သန့်သေးတယ် ပြောမရမလောက် ဖြစ်နေ ပြီ။ နှမြော ပုံလည်း ရပါရဲ့။
"ကျော်သန်း… တိုက်ပုံနဲ့အင်္ကျီတစ်ထည်တော့ မန္တလေးရောက်ရင် ၀ယ်ကန်တော့ဦးကွာ၊ ငါ့မှာကောင်း တာ ဆိုလို့ သည်တစ်စုံရှိတာ၊ လျှော်လို့လဲ မကောင်းနိုင်တော့ဘူး"
"စိတ်ချပါ ဆရာကြီး ရာ အားလုံးအတွက်ကို စဉ်းစားထားပါတယ်"

မုန့်လေးနှစ်ခုစီနဲ့ ရေနှစ်ကျိုက်စီလောက် သောက်လိုက်တော့ ၀မ်းကလေးတောင့်သွားရော။ ကိုကျော် သန်း လည်း ကားပေါ်တက်ပြီ။ စက်နှိုးတော့ မရတော့ဘူး။ တော်ပါသေးရဲ့ ၀ိုင်းတွန်းလိုက်တော့ ၀ူးဆို နိုး သွားတယ်။ ကားပေါ်ရောက်တော့ အုန်းသီးကြွတ်မီးကျွတ်နဲ့ ငှက်ပျောသီးကြွေတွေ ဇလုံထဲစုကျုံး ထည့်ပြီး ထောင့်ကပ်ထားလိုက်ကြတယ်။ ရပြီဆိုတော့ ကားလည်းထွက်ရော။ ဘယ်ကသွားသွား လမ်း သုံးမွှာဘိုးထော် ဇရပ်ရောက်တယ်ဆိုတဲ့စကား ကြားထားတော့ ရှေ့မှာတော့ ဘိုးထော်ဇရပ်တွေ့ ကောင်းရဲ့ ဆိုပြီး ဆက်မောင်းလာကြတာပါ။ ရှေ့ကိုလှမ်းကြည့်တော့ ဇရပ်ဆိုလို့ ရိုးရိုးရိပ်ရိပ်တောင် မတွေ့ရဘူး။ ညနေနှစ်ချက်ထိုးပြီးစ နေက ကျောကွဲအောင် ပူနေတာတောင် ဂရုမစိုက်နိုင်ကြဘူး။ ဘိုး ထော်ဇရပ် ဆိုတာကို မျှော်မျှော်ကြည့်ကြတယ်။ နေပူကြောင့် ပေနေတဲ့ရွှံ့ရည်တွေက ခြောက်ခြောက် လိုက် လာတော့ သနပ်ခါးလိမ်းထားသလို ကွက်ကျားတွေ ရိုက်ကြလို့။ ကားပေါ်ကလူတွေကြည့်ပြီး ကိုချစ်တိုး က ငိုချင်းချတယ်။

"ပွေချက်ကယ်ဖန်၊ ရွှေသက်ပြန်မရှိုက်နိုင်ဘု၊ ဆူလှိုင်ကြုံနွမ်း… စွေ့စွေ့ရယ်ခုန်၊ မြေ့မြေ့လေး မသေရုံ ပ၊ ရဝေလှိုင် ခိုင်ပုလဲမှာရှင်… အမယ်လေး ချွဲဆိုက်ခမန်း"
သည်တစ်ခါ ကားထွက်လာတော့ မွန်းလွဲတဲ့ဘက်ရောက်ပြီဆိုတော့ ရောက်ချင်တဲ့အချိန်မှရောက်ဟာ ဆိုတဲ့ စိတ်ကလေးတွေ ၀င်နေပြီ၊ သေချာပြီလေ၊ ခရီးပေါ်မူတည်ပြီး သန်းခေါင်ထက်တော့ ညဥ့်မနက် နိုင်တော့ဘူးကိုး။ ဗိုက်ကလေးကလည်း အဆာခံပြီ။ ရေကလည်း လမ်းဘေးအိုင်ထဲကရေဆိုပေမယ့် ချို လို့၊ အေးလို့ ဆိုတာ လို ၀မ်းထဲအာသာပြေကြပြီ။ သည်တော့ အသံပြန်ထွက်လာကြသည်။ အသံတောင် မက ပါဘူး။

ငိုချင်းတွေ ဘာတွေပါ ချသူကချပြီဆိုတော့ အားကျမခံ ပြန်ဆိုသူလည်း ဆိုကြတယ်။ မောင်ကြိုင်လည်း စိတ်ကလေး ပေါ့သွားရတယ်။ မင်္ဂလာကိစ္စနှောင့်နှေးခဲ့ရပေမယ့် အခြေအနေအဖြစ် အပျက်ကိုပြောပြရင် ကျေနပ် ကြလိမ့်မယ်လို့ ထင်ပါရဲ့။ ပေကျံနေတာတွေလည်း ဖျက်မနေတော့ဘူး။ အေးသီတို့ လယ်ပြင်ကြီး ကိုလည်း ရောက်ချင်လှပြီ။ ချစ်သူ ဘယ်လောက် ၀မ်းနည်းပက်လက်ဖြစ်နေရှာ ပါလိမ့်။ ဘယ်လောက် တောင် ရွာထဲ၊ ရပ်ထွဲ၊ မျက်နှာပျက်နေရှာမှာပါလိမ့်။ ရပ်ရွာကနောက်ထား၊ သူ့အမေ မစွန်မ ကိုယ်တိုင်က ဘယ်လောက် ထိုးလိုက်၊ သုတ်လိုက် လုပ်နေမှာပါလိမ့်စသည်ဖြင့် တွေးနေမိ သည်။ ကိုချစ်တိုးက ခုမှတော့ မထူးပါဘူး ဆိုတဲ့စိတ် နဲ့ မောင်ကြိုင်ကို ပြန်ချော့တယ်။

"မောင်ကြိုင် ဘာတွေတွေးနေတာတုန်း ငါ့ကောင်ရ"
"အေးသီ ဆီ စိတ်ရောက်နေတာပါ လေးချစ်တိုးရ… ကျုပ်တော့ ရွာဝင်ရင် ပြဿနာတက်တော့မယ် ထင်ပါရဲ့"
မောင်ကြိုင် စိတ်ဆင်းရဲနေမှန်းသိတော့ လူဝကြီးဦးမှတ်တင်က ၀င်နောက်ရော။
"ရွာဝင် ဘယ်ကမလဲ ရွာထိပ်ကတည်းက မင်းကိုရုက္ခစိုးဖမ်းစားတော့မှာ၊ သည်ရွာတွေများ မင်းက ပေါ့ ပေါ့ မှတ် လို့၊ လူတွေရိုးသားကြသလောက် အစော်ကားမခံကြဘူးကွ၊ ရိုက်လွှတ်တဲ့ ရွာတွေ"
လူဝကြီး ဦးမှတ်တင်စကားကြားတော့ မောင်ကြိုင့်မျက်နှာ ဇီးရွက်လောက်ရှိတော့တယ်။ သူတွေးနေ တာနဲ့ တစ်ထပ်တည်း ကျနေတာကိုး။ အားကိုးအားထားသဘောနဲ့ ကိုချစ်တိုးကို လှမ်းကြည့်တယ်။ ကို ချစ်တိုး ကလည်း မျက်နှာမကောင်းတဲ့ပုံ လုပ်ပြရင်း သက်ပြင်းချတယ်။

"ငါတို့ကတော့ မင်းကို ရွာထိပ်ချခဲ့ပြီး ပြန်ကြမှာမောင်၊ ရောယောင် အရိုက်မခံနိုင်ဘူး။ ဒါမျိုးက ရွာကို စော်ကားရာ ကျတာကိုးကွ"
မောင်ကြိုင် က မြေကျင်းဖို့တုန်းက ချွေးသီးချွေးပေါက်မျိုး ပြန်စို့လာတယ်။ တရုတ်ကြီးဦးဝိန်ကို အကဲ ခတ်ပြန်ရော။
"မင်းက မိန်းမယူမယ့်ကိစ္စ မေးမေးမြန်းမြန်းမရှိဘူး။ ကိုယ်ယူမယ့် မိန်းမရွာ ဘယ်မှန်းမသိပဲနဲ့များ မိန်းမ တောင်း ပေးဖို့ ခေါ်တာများကွာ၊ မနက်ဆယ်နာရီလား ညဆယ်နာရီလား၊ မင်းသေချာအောင် မမေးဘူး နဲ့ တူတယ်"
"မနက် ဆယ်နာရီပါ လေးဝိန်ရဲ့"
သည်စကားကြားတော့ လူဝကြီး ဦးမှတ်တင်က မောင်ကြိုင့် ဇက်ပိုးကို လှမ်းအုပ်တယ်။

"ဒါလား မနက်ဆယ်နာရီ၊ ဟင် ခွေးကောင် မင်းပြဿနာ မင်းရှင်းနော်၊ ငါ့ကိုယ်ကြီးနဲ့ မပြေးနိုင်ဘူးနော် မောင်…"
တစ်ယောက်တစ်မျိုး ပါပဲ။ မောင်ကြိုင့်ကို စရင်း လိုက်လာကြတယ်။ ကားက အနိမ့်ထဲကိုဆင်းသွားတယ်။ လမ်းက လမ်းကြမ်းပေမယ့် သွားလို့တော့ဖြစ်တယ်။ ချောက်ကြီး၊ ချိုင့်ကြီး၊ ကျင်းကြီး၊ နက်ကြီးမရှိတော့ ဘူး။ ရှေ့မှာ သစ်ပင်စုစုကလေးတွေ တွေ့ရပြီ။ ဝေးသေးတယ်ဆိုပေမယ့် သည်လမ်းအတိုင်းဆိုရင် တော့ သစ်ပင်စုစု ကိုရောက်ဖို့ သိပ်မလိုတော့ဘူး။ သစ်ပင်စုစုကလေးနဲ့အတူ အဆောက်အဦးကလေး လိုလို လည်း တွေ့ရလို့ ဘိုးထော်ဇရပ်ဆိုတာများလားလို့ ကိုကျော်သန်းက တွေးတယ်။ နောက်က ကို ချစ်တိုး ကို လှမ်းအော် တော့ အားလုံးက လှမ်းကြည့်ကြရော။
"ဘိုးထော်ဇရပ်နေမှာ ကိုကျော်သန်း၊ ဒါဆိုရင်တော့ အဆင်ပြေပြီ မဝေးလောက်တော့ဘူး"

မောင်ကြိုင်လည်း ခုမှပြုံးနိုင်တော့တယ်။ ပက်လက်ကား ဆိုတော့ ကားပေါ်မတ်တတ်ကြီးရပ်ပြီး သစ်ပင် စုစုကို လှမ်းကြည့်သည်။ အနောက်နေကလည်း ထိုးနေတော့ နေရောင်ကို လက်နဲ့ကာကြည့်ရတာပါ။ သူတို့ လမ်းမှားလာတာထားတော့။ အခုက ဘိုးထော်ဇရပ်ကိုတွေ့ရပြီဆိုတော့ လယ်ပြင်ကြီးကိုမေးလို့ရ ပြီပေါ့။ ဒါဆိုရင် အေးသီတို့ရွာကို နေ၀င်ချိန်လောက် ရောက်နိုင်ပြီပေါ့။ မောင်ကြိုင့်မှာ အူတွေပါမြူးလာ ရာက ဟီးခနဲ ရယ်ပြီး ပြန်ထိုင်ချတယ်။

"လေးချစ်တိုး ရောက်တော့မှာဗျ။ ဟီး… ဟီး…"
"နေ၀င်ချိန်နဲ့တာ အတော်ပါပဲကွာ၊ မင်းကို တောင်စွယ်နေကွယ်ချိန် ပါးကွက်အာဏာသားတွေက လက်ပြန်ကြိုး တုပ်မှာနဲ့"
"လေးချစ်တိုးကလည်းဗျာ လူမှကြောက်ရတဲ့ကြားထဲ မဦးမချွတ်"
"မကြောက်နဲ့ငကြိုင် မထူးဘူး။ ငါတို့လည်း နွားခိုးတွေ အတွဲလိုက်ဖမ်းသလို တစ်ကြိုးတည်းစု အတုပ်ခံ ရမှာပဲ၊ ပျော်ပျော်ပါးပါးပေါ့ကွာ"
မောင်ကြိုင်က မကျေနပ်သေးပုံနဲ့ ကားပေါ်က မတ်တတ်ထရပ်ပြန်ရော။ သေချာပါပြီ။ သစ်ပင်တွေကြား က အဆောက်အဦးလေး ကို သဲသဲကွဲကွဲတွေ့ရပြီလေ။ ဘိုးထော်ဇရပ်ဆိုတာ နေမှာ။
(၉)

လယ်ပြင်ကြီးက မစွန်မတို့အိမ်ရှေ့မှာ ခုံဝိုင်းကြီးနှစ်လုံးချပြီး ချက်ထားပြုတ်ထားတွေကို ဖိတ်ထားတဲ့ လူကြီး တွေ ချကျွေးပြီးလို့ မီးခိုးတိတ် သိမ်းဆည်းပြီးသွားတာတောင် မိန်းမမြန်းလာမယ့်ကားဆိုတာကို အမြီး တောင် မမြင်ရသေးဘူး။ မစွန်မက မျှော်လည်း မမျှော်တော့ပါဘူး။ တစ်သက်လုံး သည်မအေ သည် သမီး ရင်အုပ်မကွာနေလာခဲ့ကြတဲ့ကြားက သမီးဖြစ်သူအတွက် မျက်နှာပျက်စရာဖြစ်လာတာကို တော့ မစွန်မ စိတ်မကောင်းဖြစ်ရတယ်။ မရှိတာကို မရှိသလို နေနိုင်ခဲ့ပါရဲ့။

စားတာ လူမမြင်ဘူး။ ၀တ် တာ လူမြင်ပါတယ်လေဆိုပြီး သမီးပျိုကို ရသလောက်နဲ့ ဆင်ခဲ့တယ်။ နေပူစပ်ခါး ဒီးတိုက်ပြီး လုပ်ကိုင် စားသောက်ခဲ့ရတယ်။ အေးသီက ဖအေကံဆိုးရှာသလို မစွန်မကလည်း လင်ကံဆိုး ခဲ့ရှာတာပါပဲ။ ဖအေ ဆုံးတော့ အေးသီကလေး ပထွေးနဲ့နေရချေရဲ့ ငါ့သမီးလေး စိတ်ဆင်းရဲ ချေရဲ့ဆိုတဲ့စိတ်နဲ့ တစ်ပင်မထူ ခဲ့ဘူး။ သမီးကလည်း လိမ္မာပါတယ်။ ရွာထဲရပ်ထဲ ကိုယ့်ရွာ၊ သူ့ရွာကလည်း မုဆိုးမ သမီးရယ်လို့ ခြေတင် လက်တင်လုပ်ချင်ကြတာလည်း သိသားပဲ။ မစွန်မက အထိမခံသလို အေးသီ ကလည်း လေချွန်မခံ ပါဘူ။ မအေဆိုတော့ နာမည်နဲ့လိုက်အောင် စွန်မကြီးလိုအုပ်ခဲ့တာကလား။ ဆင်းရဲ ပေမယ့် စာဂကောင်း ကြတာရော၊ ရပ်ရွာက စောင့်ရှောက်ကြတာရောဆိုတော့ လူရောဝမ်းပါ လုံခြုံခဲ့တယ်။

အခုအဖြစ်ကတော့ မစွန်မခမျာ မိုးကြိုးပစ်ခံရသလို ဖြစ်ခဲ့ရတယ်။ သမီးပျိုကို လာရောက်တောင်းမြန်းပါ့ မယ် ဆိုပြီး မလာတဲ့အဖြစ်ကတော့ ရှက်စရာကောင်းသလို စိတ်မကောင်းစရာလည်း ဖြစ်ရတယ်။ မိန်းမပျို တစ်ယောက် အနေ နဲ့ ခေါင်ညွှန့်အဆိတ်ခံရသလို ဖြစ်ရပြီ။ ရပ်ရွာကလည်း အခြေအနေကို အကဲခတ် နေဟန် တူပါရဲ့။ တစ်မိသားနဲ့ တစ်မိသား ကိုယ်ရေးကိုယ်တာကိစ္စဆိုပေမယ့် သည်လိုပျက်ကွက်တာမျိုး ကို ရပ်ရွာ ကလည်း မခံချင်ကြတာတွေ တွေ့ကြုံဖူးလှပေါ့။ လယ်ပြင်ကြီးက မိန်းကလေးများယူမယ်ပြော ပြီး မယူလည်း ရပါတယ်ကွာ ဆိုတာမျိုးကျတော့ ရပ်ရွာက ဘယ်ခံချင်ပါ့မလဲ။ လူ့သိက္ခာရှိသိလို ရွာ့ သိက္ခာလည်းရှိသေးတာကိုး။ မစွန်မက သမီးခေါင်ညွှန့်အဆိတ်ခံရတာထက် ရပ်ရွာကို ခေါင်ညွှတ်အ ဆိတ်ခံရတာ ကို စိတ်မချမ်းသာဘူး။ မခံချင်ဘူး။
"အေးသီရယ် ညည်းနှယ် ငရုတ်သီးနဲ့ပေါင်းမှ ကြက်သွန်ပါရောအထောင်းခံရ၊ ညည်းကြောင့် ရွာကော ရပ်ကော ကောင်းသေးရဲ့လား၊ ဘယ့်နှယ် လမ်းဘေးက ကလေကချေများ တွေ့လာပါလိမ့်တော်။ မိနဲ့ ဖနဲ့ကြီးရတဲ့ ကောင် ဟုတ်မထင်ပါဘူးအေ၊ ဇရပ်ကြိုဇရပ်ကြားမွေးပြီး ပစ်ထားတဲ့ကောင်နေမှာပဲ… မိအုပ် ဖအုပ် ကြီးရတဲ့ကောင်က ဒါမျိုးမလုပ်ဘူး။ ညည်းမရှက်ပေမယ့် ငါရှက်တယ်။ ညည်းကိုသာ ဖိနပ်နဲ့ ပါးချ ချင်တယ်အေ…တကယ်"

မစွန်မက ဗျစ်တောက် ဗျစ်တောက်လုပ်လေ အေးသီကလည်း ၀မ်းနည်းလာလေပါပဲ။ အမေပြောတာ လည်း ဟုတ်တာပဲ။ ကောင်းချီကောင်းလျက် သည်နေ့သည်ရက် လာခဲ့ပါ့မယ်ပြောပြီး သည်နားနဲ့သည် နား သည်လောက်တောင် ဖြစ်ရသားရယ်လို့ နားမလည်နိုင်ခဲ့ဘူး။ သည်လိုလုပ်လိမ့်မယ်လို့လည်း မထင် ဘူး။ ဘာပဲဖြစ်ဖြစ် ကိုကြိုင်က သည်လိုတော့မလုပ်လောက်ဘူးဆိုတာတော့ အေးသီ ယုံပါရဲ့။ ဒါပေ မယ့် အမေ ပြောသလို လမ်းဘေးတွေ့ခဲ့ရသူဆိုတာလည်း မှန်နေလေတောာ့ လူ့စိတ်ပြောဖြစ်တာ မဟုတ်ဘူးကိုး။ ရည်းစား ဖြစ်ရတဲ့ ရက်တွေထဲမှာ ကိုကြိုင်က နှမလိုစောင့်ရှောက်ခဲ့သူပါ။ ပခုံးတင်၊ ပါးတင်လည်း မရှိ ခဲ့ပါဘူး။

တစ်ရက် ဥပုသ်ရက်နဲ့ဆုံလို့ ရက်အားကလေးရတုန်း မန္တလေးမြို့ထဲကို လိုက်ပြ ပါ အစ်ကိုဆိုတော့ သူလည်း ဂေါဝိန်ဆိပ် က ကျော်လို့ တစ်ယောက်တည်း ဘယ်ကိုမှမသွားဖူးဘူးတဲ့၊ ဒါနဲ့ ဥပုသ်တော်ကုန်းထိပ်ထွက်ပြီး ဘုရားကြီးလို့ အော်တဲ့ကား တက်စီးလို့ ဘုရားကြီးရောက်ခဲ့ရတယ်။ မန္တလေးတောင်လို့အော်တဲ့ကား တက်စီးလို့ မန္တလေးတောင် ရောက်ခဲ့ဖူးတယ်။ ဒါပဲ။ လိုင်းကားပေါ်မှာ တောင် တစ်နေရာစီထိုင်တာ။ အသား ယူဖို့တော့ ဝေးရော။ အေးသီက ဘုရားမှာ "အစ်ကို ဘာဆု တောင်းခဲ့သလဲ"မေးတော့ "ဘ၀တစ်ပါး ပြောင်းသွားကြတဲ့ အဖေနဲ့ အမေ ကျန်းမာပါစေပေါ့။ ဆရာကိုကျော်သန်း လင်မယားလည်း ထည့် ဆုတောင်းသတဲ့" ကျွန်မကော မပါဘူးလားဆိုတော့ အေးသီ ကို မေ့ နေလို့်တဲ့။ အေးသီက စိတ်မဆိုးပါဘူး။ သူ ရိုးရိုး သားသား ပြောတတ်ဆိုတာ သိသားပဲ။ အေးသီက စိတ် ဆိုးချင်ယောင်ဆောင်ပြီး ချစ်သူ နှစ်ယောက် ပေါင်းဖော်ရပါစေဆိတာလေးတောင် မေ့နေတယ်ဆို အစ်ကိုယ့်ဟာက တကယ် မချစ်လို့ပေါ့ လို့ အငေါ်တူးလိုက်တော့လည်း သူ့ခမျာ မျက်စေ့မျက်နှာများ ပျက်လို့။ ပြောတာလည်း ကြည့်ဦး။

"အေးသီ ရယ် သည်တစ်ခါတော့ ထားလိုက်ပါတော့၊ နောက်တစ်ခါ ဥပုသ်ရက်နဲ့ အေးသီလာတဲ့ရက် တိုက်ဆိုင် တဲ့ အခါ အဲသလိုဆုတောင်းလိုက်ပါ့မယ်ဟာ"
နောက်တစ်ခါ အေးသီလာတဲ့ရက်နဲ့ ကိုကြိုင်အားတဲ့ ဥပုသ်ရက်ကလည်း မတိုက်ဆိုင်တော့ပါဘူး။ ကိုကြိုင် က ထန်းလျက်ကြိုက်တယ်ဆိုလို့ လယ်ပြင်ကြီးထန်းလျက် အစိတ်သား ၀ယ်ခဲ့တဲ့နေ့ကများ ၀မ်းတွေ သာလို့။ လောက မယ် ထန်းလျက်ရှိလို့ကတော့ နေဖြစ်ပါ့ဗျာတဲ့။ ဒါနဲ့ အေးသီက "ကျုပ်မရှိ လည်း ရတဲ့ သဘောပေါ့"လို့ မျက်နှာခံနဲ့ မေးလိုက်တော့ ထမင်းနဲ့ဖက်စားရတာကို ပြောတာပါတဲ့။ ထန်းလျက် နဲ့ ထမင်းကြမ်းခဲ ဘယ်လိုက်လိုက်မှန်း မသိဘူးတဲ့။ ဒါနဲ့အေးသီက ထန်းလျက်နဲ့ ကျုပ်နဲ့ ဘယ်ဟာက ပိုချို သလဲမေးပြန်တော့ အေးသီတော့ ကျုပ်က တစ်ကိုက်ကိုက်ကြည့်ရမှာပေါ့တဲ့လေ။ သူ့ဟာသူလည်း ရယ်နေ လိုက် တာများ။

အေးသီ က ဒါတွေမြင်ယောင်လေ ကိုကြိုင့်ကို ဒေါသထွက်လေ ဖြစ်လာတယ်။ သည်လောက်ရိုးတဲ့ အတဲ့ လူဆိုတော့ စကားတည်မယ် ထင်ခဲ့တာကိုး၊ နှမချင်း စာနာလိမ့်မယ် ထင်ခဲ့တာကိုး။ ခုတော့ အမေမစွန်မ ပြောသလို မိအုပ် ဖအုပ် မကြီးရတဲ့လူ ဖြစ်နေပါပကောလား။ အေးသီရဲက ရွာခံသူငယ်ချင်း မတွေကတော့ စိတ်လည်း မကောင်းကြသလို ကိုယ်ချင်းလည်းစာကြပါတယ်။ အားလည်းပေးကြတယ်။ မြို့သားဆိုတာ ကတော့ တောသူများတွေ့ရင် ရွှေနားထောင်း ဗုံခေါင်းလောက် ၀တ်စေ့မယ်တွေပါအေ၊ တို့တောသူ များ ကတော့ ဗုံကြီးသည်လူလည်လှည့်တာနဲ့ နားချဲ့မိရတာကိုးတဲ့။ စိတ်မကောင်းမဖြစ်နဲ့ ကိုယ်မှန်နေသရွှေ့ အပျိုတန်ဖိုးမကျပေါင်အေလို့ အားပေးကြတယ်။ အားပေးကြလေ အေးသီ က ငိုလေ။ မအေ ကလည်း မွန်းတိမ်းပြီ ဆိုကတည်းက ဒေါသတွေ ပိုထွက်လာပုံရတယ်။ ငိုလည်း ငိုပေါ့လေ။

"ငါ့သမီးလေး တော်လှတော်လှ မြို့သားကြိုက်ခဲ့လို့ ယောင်းမ မြင်းစီထွက်ရတာများ အရပ်ရပ်နေပြည် တော် ကြားလို့မှ မတော်ပါလား အေးသီရဲ့၊ ညည်းအဖေ ငါ့ပိုးတုန်းကများ မိန်းမသားရယ်လို့ စကား တစ်ချက် တင်စီးခံခဲ့ရတာ မဟုတ်ဘူး။ ကိုယ့်ရွာသူ ကိုယ့်ရွာသား မိုးလင်းတာနဲ့ မျက်နှာမြင်ရတဲ့ကောင် မကြိုက်ပဲ နဲ့ စာမလာသတင်းမကြားရတဲ့ အရပ်ကကောင် ကြိုက်မိတော့ ခွေးလုံးလုံးဖြစ်ကရော"
"အမေ ကလည်း လာမှာပါ အမေရဲ့၊ တစ်ခုခုဖြစ်လို့နေမှာပါ၊ အမေလုပ်တာနဲ့ တစ်ရှက်ကနှစ်ရှက် ဖြစ်ရပြီ။ တောပါတော့ အမေရယ်"
"တော်နိုင်ပေါင်တော် ဒင်းကငါ့သမီးကို ၀ါဖက်ကလေး ဒေါင်ဒေါင်ဒင်ဒင် ရွှေလက်ထောင့်နဲ့ ငယ်မယ် မှတ်တာ အခုတော့ သန်းကောင်ချိုန်သော် ရွှေဗဟိုနှစ်ကြိမ်ဆော်တာတောင် ပေါ်လာပေါင်ရွှေရိုး ဒူးပေါင် ကကျိုး သေချင်းဆို ကာလနာ လာစမ်းပလေ့စီ"

သည်အချိန်မှာပဲ ရွာထဲက လူမိုက်ဘထွန်းတို့ သူသိုက်က အရက်တမြမြနဲ့ ၀ိုင်းထဲဝင်လာကြတယ်။ လက်ထဲ မှာလဲ တုတ်တိုတွေ၊ ၀ါးဆစ်ပိုင်းတွေနဲ့။ အေးသီတို့သားအမိကို ရန်လုပ်ဖို့ မဟုတ်ပါဘူး။ သည် သားအမိ ကိုရော ရွာကိုပါ စော်ကားရပါ့မလားဆိုပြီး လူလာရှာကြတာ။ တွေ့လို့ကတော့ ၀င်အရိုက် ပဲဆိုတဲ့ ပုံတွေနဲ့ ဒါကိုတွေ့တော့ အေးသီရင်တွေပူရပြီ။ မတော်တဆ ရောက်လာကြလို့ ကတော့ သွေးချောင်းစီး ကြတော့မှာကို မြင်ယောင်ရင်း ကြောက်လည်း ကြောက်နေမိတယ်။ ကိုဘထွန်း ကြီးက တုတ်ကြီး ထောင်ထောင်ပြီး ဒင်းတို့လာစမ်းပစေဆိုလေ အေးသီ ရင်မ ရလေ။ အမေမစွန်မက အရက်ဖိုး ထုတ်ပေးလိုက်တော့ တစ်ချီထပြန်ကြပြန်ရော။ နောက်ပါရွာသား လေးငါးယောက်က အရက်ခိုးတွေလည်း ဝေကြလို့။

"မစွန်မ သည်ကိစ္စကျုပ်တို့ရှင်းသွားမယ်၊ ခင်ဗျားတို့သားအမိ အသာနေလယ်ပြင်ကြီးသားတွေ ပါပ မှတ် လို့ဗျာ၊ ဘယ့်နှယ်ရွာနဲ့ရပ်နဲ့ မိကောင်းဖခင်သားသမီး လာစော်ကားတာ ခံရင်တစ်သက်လုံး ရွာက အပျိုတွေ လူရင်းခံရတော့မှာပေါ့ဗျ၊ ယူပြီးမှပစ်ထားတာ ကျုပ်တို့နဲ့မဆိုင်ဘူး။ မယူဘဲ သည်လို သောက်ချိုး ချိုးတာတော့ ဘထွန်းတို့က အသက်ချင်းလဲသွားမယ်။ ကိုင်း…ကျုပ်တို့သွားသောက် လိုက်ဦးမယ် ဗျနော ပြန်လာခဲ့မယ်"
"အေးပါ ငါ့မောင်ရယ်၊ ငါ့မောင်တို့နာကြသာ အစ်မသိပါတယ်။ တို့ကြောင့်မင်းတို့ မထိခိုက်စေချင် ပါဘူး။ ငါ့ကိစ္စ ငါရှင်းပါမယ်။ စွန်မဘာဆိုတာ ပြလိုက်ရဦးမယ်၊ နာမည်ကိုယ်က စွန်မပါဟယ်။ ကြွက် စုတ် လောက်တော့ ခြေသည်းတစ်ကုပ်စာ ရှိပါတယ် သွားရော့ သွားရော့ သောက်ချေကြ။"

ပြောသာပြောရတာ မစွန်မကလည်း ဘထွန်းတို့လူစုကို ကြောက်တယ်ရယ်။ မူးမူးနဲ့ အတင်းဝင်ရိုက်ရင် ဂတ်ရောက်၊ အချုပ်ရောက်ကြမှာဆိုတော့ ပြဿနာက တသီကြီးတက်တော့မယ်။ သည်လိုဆိုတော့လည်း အကျည်းတန်ဖို့ ရှိတော့မှာကိုး။ ဘထွန်းတို့ကိုလည်း တစ်ဖက်ကထိန်း၊ အေးသီကိုလည်း တစ်ဖက်က ငေါက်၊ ရွာလည်းကျေနပ်အောင်ချော့ လုပ်နေရရှာတယ်။ ရွာထဲမှာ စကားတွေ ကကားနေလောက်ပြီ။ မြို့ကောင် နဲ့ကြိုက်တာ….. ဟိုဒင်းဟိုဟာတောင်ဖြစ်နေပြီလားမှ မသိတာမို့၊ ရွာလွန် ရွက်တိုက် လုပ်မှတော့ သည်ဟာမ ခံရတာတောင် နည်းသေးတို့၊ မြို့သားမက် တော့ ရက်စက် လို့ ကောင်းတာ ကိုးအေ့တို့ ဖြစ်နေလောက်ပြီဆိုတာလည်း မစွန်မသိတယ်။ ကောင်းသူတွေရှိသလို မကောင်းပြောချင်တဲ့ လူတွေလည်း ရှိမှာပေါ့။ ခုနစ်အိမ် စုန်တစ်ယောက်ဆိုတာလို လူ့စိတ်ပြောဖြစ်တာ မှတ်လို့။ အေးသီ ကလည်း ဒါတွေတွေးမိပါတယ်။ သူ့အပေါ် တလွဲ တွေးနေကြပြီလားလို့ တွေမိလေ စိတ်မကောင်း ဖြစ်ရလေ။

"ငါ့ကို ရွာက တလွဲထင်နေကြပြီနဲ့ တူပါရဲ့ မြစိန်ရယ်….ငါတော့ဖြင့် ယင်းချေးတစ်ပြောက် မစွန်းခဲ့ရ ပါဘူး။ ကိုကြိုင် က လူရိုးလူအေးပါ။ တစ်ခုခု ဖြစ်နေလို့သာ…."
"ကားများ မှောက်ရော့လားအေ"
"ဖွဟဲ့ တောစကားတောပျောက် ညည်းပြောမှ ပိုဆိုးတော့…"
"သြော်…ငါက သဘောပြောတာပါ ဗွေးတုတ်ရယ်"
အေးသီ ကို အားပေးနေကြတဲ့ သူငယ်ချင်းမတွေကလည်း ကပေါက်တိ ကပေါက်ချာ။

"အဲသလိုတော့ ဟုတ်ဟန်မတူပါဘူး။ ကားဘီတွေ ဘာတွေ လမ်းခုလတ်ပေါက်ပြုနေတာ ဖြစ်မှာပါ။ ငါကတော့ အေ မျက်စိ ထဲ လာလိမ့်မယ်ချည်း မြင်နေတာပဲါ"
မျက်စိထဲမြင်တယ်လို့သာ ပြောရတာ။ ကားမပြောနဲ့ ဖုန်ထတာတောင် မတွေ့ရဘူး၊ ကိုကြိုင်ရယ် လာပါတော့ လို့ ဆုတောင်းရုံကလွဲလို့ တခြားလည်း ဘာမှမတက်နိုင်ဘူး။ အေးသီ သူငယ်ချင်း မြစိန် က လမ်းတစ်ဝက်လောက် လိုက်ကြည့်မလား မေးပါသေးတယ်။ ထ လိုက်သွားလို့မတွေ့မှ အမေပိုဆဲ စရာ ဖြစ်တော့မယ်။ လာရင် ရောက်ကြမယ့်အတူတူတော့ အိမ်ကပဲ စောင့်ရုံရှိတာပဲ မဟုတ်လား။ မလာချင် တော့လည်း နေပေါ့။ သည်ဘ၀ သည်မှသာပေါ့။
(၁ဝ)

ဘိုးထော်ဇရပ်က ဇရပ်ဆိုရုံ၊ အဆောင်ကလေးပါ။ သစ်ပျဉ်တွေတောင် ဟောင်းလှပါပြီ။ ပြုတ်တာက ပြုတ်၊ တွဲလောင်းကျတာကကျနဲ့ ပုံမတော်ရင် ပြိုကတော့ မလိုလိုကိုး။ အောက်ခံခုံကတော့ ထုံးအင်္ဂတေ လောင်း ထားတော့ မာပါရဲ့။ အနားမှာ သစ်ပင်ကြီးသုံးလေးပင် ရှိတယ်။ ညောင်ပိန္တွဲပင် နှစ်ပင် နဲ့ ကုက္ကိုပင်ကြီး တစ်ပင်ပါ။ ကုက္ကိုပင်ကတော့ အရွယ်ရယ်လို့တော့ မရှိတော့ပါဘူး။ ရွတ်တွ နေတဲ့ ကိုင်းဆုံကြီး တွေက လူ့လက်တွေ လို ဆန့်ထွက်နေကြတယ်။

ကိုချစ်တိုးက ဘိုးတော်ဇရပ်ရောက်တော့ လက်ခမောင်းထခက်ပြီး။ ဘယ်မှာမှန်းမသိတဲ့ လင်ပြင်ကြီး ဆိုတာ အတော်နီးနေပြီလို့ နားကြားနဲ့ သိထားပြီ ကိုး။ မောင်ကြိုင်ကတော့ ဇရပ်တွေ့တာကို အေးသီတွေ့တဲ့အတိုင်းပဲ။ မျက်နှားကြီး ကလည်း စူပွစူပွ နဲ့ ၀မ်းသခွပ်တွေထလို့။

"လာတော့လည်း ရောက်လာတာပဲဗျနောလေးချစ်တိုး"
"လာမှတော့ ရောက်တာပေါ့ကွာ၊ ဘယ်လိုလာရသလဲဆိုတာက ခက်တာ"
ဇရပ်နဲ့မနီးမဝေးမှာ ကားထိုးရပ်ပြီး အားလုံးဆင်းကြရပြီ။ ဒေါ်ငွေကလည်း ခုမှခါးဆန့်ရပုံနဲ့ ဆင်းလား ပြီးဇရပ်နောက်ဖက်ဆီ သွားထိုင်တယ်။ ယောကျာ်သားတွေကလည်း ခြေညောင်းလက်ဆန့်လုပ်ကြ၊ ခါးချိုးကြ၊ ပိုဆိုး အင်္ကျီဆန့်ကြပေါ့လေ။ ဇရပ်ထဲမှာ ခံတောင်းတစ်လုံးချထားတဲ့ အမေကြီး တစ်ယောက်ပဲ ရှိတယ်။ ဒန်အိုးလေးတွေလည်းပါတာ တွေ့ရတော့ ကြာဇံကြော်လား၊ မုန့်တီသုပ်လား ဟဆိုပြီး တစ်ယောက် နှစ်ပွဲစီလောက် အုပ်လိုက်ကြမဟဲ့လို့ အားခဲကြတယ်။ အေးလမှန့် နှစ်ခုစီ ကလည်း လမ်းက ကြိတ်လိုက် လို့အမှုန့်ဖြစ်ကြပြီကိုး။ ကိုချစ်တိုးက ခံတောင်းလိုက်သိမ်းမယ့်ပုံ နဲ့ သွား မေးတယ်။ ပါလာတဲ့ မု့န် တွေကလည်း လယ်ပြင်ကြီးပါအောင် ယူရဦးမှာ မဟုတ်လား

"ကြီးတော် ဘာတွေရောင်းနေတာလဲ၊ လုပ်ဗျာ ဆာလှပြီ"
"နို့ထမင်း၊ သာကူ၊ ငှက်ပျောပေါင်းပါတော်၊ တောစာပေါ့"
"တောစာ ကို ကြိုက်တာဗျ၊ ကိုင်းလုပ်စမ်းပါ မြန်မြန်လေး ရှိတာသာထည့်"
"ဘာမှမရှိတော့ဘူး။ ကုန်လို့ပြန်တော့မလို့ ခုပဲကုန်သွားတာ"
"ဟောဗျာ"

တစ်ကားလုံးက ဆာဆာနဲ့ တွယ်လိုက်ကြမဟဲ့လို့ အားခဲထားကြရာက ကုန်ပြီးလည်းဆိုရော ပိုတောင် ဆာလာကြပုံပေါ်တယ်။ ရွာထဲ ဘာရှိနိုင်တုန်းဆိုတော့ ဘာရှိမှာတုန်းတဲ့။ ညနေတောင်စောင်းနေမှ တော့ သရေစာ ဘယ်ကရမှာလဲဆိုတာတောင် ပါသေး။ ဇရပ်မှာ ရေအိုးစင်ကလေးရှိတော့ အားရပါး ရ ခပ်သောက်ကြတယ်။ ခပ်လှမ်းလှမ်းက မြေပေါ်မှာချထားတဲ့ စဥ့်အိုးတစ်ပိုင်း ပြတ်ထဲမှာလည်း ရေတွေ ရှိတော့ ဈေးသည်အမေကြီးကို မေးကြည့်တယ်။ အဝေးလှည်းတွေ နွားရေသောက်ဖို့ တည်ထားတာ ဆိုတော့ ကိုချစ်တိုး က မျက်နှာသွားသစ်တယ်။

တစ်ကိုယ်လုံး ရွှံ့တွေနဲ့ပေမယ့် မျက်နှာတစ်ကွက်စာ တော့သန့်သွားတာပေါ့။ ခေါင်းမှာတော့ ရွှံ့ခြောက် တွေခဲလို့။ ကိုချစ်တိုးမှ မဟုတ်ပါဘူး။ လူတိုင်းလိုလို ဗွက်ရေတွေ ပိန်းကြမ်းရိုက်လို့။ သတို့သားလောင်း မောင်ကြိုင်များသူများထက် ပိုဆိုးသေးတယ်။ မုန့်တစ်ပွဲမှမစားရပေမယ့် ကြီးတော်ကြီး ကို ခံတောင်း အဆစ် ပင့်ပေးလိုက်ရသေးတာပေါ။ အစားအသောက်ဖက် အာရုံကျနေလေတော့ လယ်ပြင်ကြီးရွာ ဘယ်ဖက် မှာလဲလို့ မမေးလိုက်ရဘူး။ စဥ့်အိုးကွဲ နားမှာ လူတစ်ယောက် ငုတ်တုတ်ထိုင်နေတာရှိလို့ တော်သေး တာပေါ့။ ကိုချစ်တိုးက မေးတယ်။

"ဆရာကြီး လမ်းကသုံးမြွှာကွဲသွားလေတော့ ကျုပ်တို့လာတဲ့လမ်းတော့ ထားလိုက်တော့ မြင်ရတဲ့ လမ်း နှစ်လမ်း မှာ လယ်ပြင်ကြီးက ဘယ်ဘက်လိုက်ရမှာလဲ"
"အမ်"
"လယ်ပြင်ကြီးရွာကိုပြောတာ"
"အမ်….အမ်"
"လယ်ပြင်ကြီးရွာလေ သိလား"
ထိုင်နေတဲ့လူက ရယ်တယ်။ ခေါင်းလည်းညိတ်ပြတယ်။ ဒါပေမယ့် ဘာမှဆက်မပြောတော့ ကိုကျော်သန်း က ၀င်မေးပြန်ရော။
"လယ်ပြင်ကြီးရွာ သွားချင်တာဗျ၊ ဘယ်လမ်းလိုက်ရမှာလဲ သိချင်လို့မေးတာ"
"အမ်"

မေးသမျှ အမ်လို့ချည်း ဖြေနေတော့ ကျောင်းအုပ်ဆရာကြီးက စိတ်မရှည်တော့ဘူး။ ထိုင်နေတဲ့လူကို ပခုံးတို့ တယ်။ လမ်းနှစ်လမ်းကွဲသွားတာကိုလက်ဟန်နဲ့ ပြတယ်။ ပြီးတော့မှ လယ်ပြင်ကြီးဘယ်ဘက် သွားရမှာ လဲလို့ လေးလေးကြီးမေးတယ်။ ထိုင်နေတဲ့လူက ပြတဲ့လမ်းကို လိုက်ကြည့်တယ်။ ဆရာကြီး ကို မော့ကြည့်တယ်။ ခေါင်းခါခါ လည်ခါခါနဲ့ ထရပ်တယ်။ မျက်နှာက ဒေါသဖြစ်နေတဲ့ မျက်နှာ။ ဆရာကြီးက လယ်ပြင်ကြီး လို့ ပြောတော့ သဘောမပေါက်သလို ပြန်အော်ပြန်ရော။
"အမ်….အမ်"

ခက်တော့ခက်နေပြီ။ တရုတ်ကြီးဦးဝိန် က သည်ကောင်တော့ တရုတ်လို မေးမှနဲ့တူတယ်တဲ့။ ခက်တာက သူပြောတဲ့ "အမ်…အမ်"ကို တို့က မသိတာတဲ့။ ကိုချစ်တိုးက အကြံရသွားတာနဲ့ မြေကြီး ပေါ်တုတ်နဲ့ ခြစ်ပြတယ်။ လယ်…..ပြင်…ကြီး။ လူကစာဖတ်တယ်။ ပြုံးပြတယ်။ ဟုတ်ပြီ။ ဒါဆိုသဘော ပေါက်သွားပြီ ဆိုပြီး ကိုချစ်တိုး က ဘယ်မှာလဲလို့ မေးလိုက်ုတယ်။
"အမ်…အမ်"
"ဟ…သောက်ခွေး…အ အနဲ့ လာတိုးတာ နှစ်ခါရှိပါကောလားကွာ"
ဒါနဲ့ဘယ်လမ်းလိုက်ရမှန်းမသိဘဲ စိတ်ပျက်လက်ပျက်နဲ့ ထိုင်လိုက်ကြတယ်။ ထိုင်နေတဲ့သူက ဒါပဲ ပြောပြီး စဥ့်ကိုးကွဲေ ကျာတောင် မှီလိုက်သေးတယ်။ တော်သေးတယ်။ သည်အချိန်မှာ အလုပ်သိမ်းပြန် လာကြတဲ့ လူနှစ်ယောက် ရောက်လာတယ်။ ပခုံးပေါ်ငန်းပြားတွေ မုဆိုးထမ်း ထမ်းကြလို့။ သည်နားရွာ တွေကနဲ့ တူပါရဲ့။ ကိုချစ်တိုးက အကျိုးအကြောင်း ပြောပြတယ်။

"သည်လူက စကားမပြောတတ်လူးဗျ၊ ဦးနှောက်ကလည်း မမှန်ချင်ဘူး သူ့သွားမေးလို့ ဘာရမှာ တုန်း။ လယ်ပြင်ကြီးက ဘယ်လက်လမ်းကိုလိုက်၊ လမ်းမှာဘယ်ဘယ်က သဖန်းတော ညာဘက်က ညောင် ခြောက် ဆိုတဲ့ ရွာနှစ်ရွာ တွေ့လိမ့်မယ်။ သည်ရွာတွေကျော်ရင် ရောက်ပြီ"
"ကျေးဇူးတင်လိုက်တာဗျာ၊ ဒါဆိုရင် လမ်းမမှားတော့ပါဘူး"
"နေဦးခင်ဗျား တို့က ဘယ်လမ်းကလာတာလဲ"
"ဟိုလမ်းကလေ"

ကိုချစ်တိုးက လာခဲ့တဲ့လမ်းကို လှမ်းပြတော့ လယ်သမားနှစ်ယောက်က လှမ်းကြည့်တယ်။ အံ့လည်း အံ့သြ နေကြပုံပေါ်တယ်။
"ခင်ဗျားတို့ရောက်လာတာ ကံကောင်းတာပဲ။ တလောက လမ်းမှားလာတဲ့ ကားတစ်စီး ခါးကျိုးပါ ရောလား၊ လမ်းကမပြီးသေးဘူးဗျ၊ လမ်းကြောင်းဖော်ထားရုံ ရှိသေးတာ"
"အေးဗျာ မသိတော့ လူတွေရော ကားပါ ကိုင်ရိုက်ထားတဲ့အတိုင်းပါပဲဗျာ"
"နေဦး ခင်ဗျားတို့ အခုသွားရမယ့်လမ်းက ခင်ဗျားတို့လာခဲ့တဲ့လမ်းထက် ဆိုးသေးသဗျ"

ကိုချစ်တိုးတို့အဖွဲ့တွေလည်း ကားပေါ်တက်ကြမယ်လုပ်ပြီးမှ ရပ်ကုန်ကြပြန်ရော။ သွားရမယ်လမ်းက ပိုဆိုးသေး ဆိုမှတော့ ကားနဲ့တော့ မဖြစ်တော့ဘူး မဟုတ်လား။ သည်တော့ ကုန်းကြောင်းလျှောက် ကြရုံရှိတာပေါ့။ ကားထားခဲ့ရအောင်ကလည်း ဘယ်သူ့မှ စောင့်ထားမဖြစ်ဘူး။ မောင်ကြိုင်က အငယ် ဆုံး၊ ဒါပေမယ့် သူကသတို့သားဆိုတော့ ထားခဲ့လို့ ဘယ်ဖြစ်မှာတုန်း။ ရွာဆက်ကလည်းဝေးတော့ သည် အတိုင်း ထားခဲ့လို့ကလည်း မဖြစ်ဘူး။

"သည်လိုလုပ်ဗျာ၊ ရှေ့ရွာ သဖန်းတောကျတော့ လှည်းငှားပြီးသွားကြ သဖန်းတောမှာ ကားအပ်ခဲ့ပေါ့ ဗျ။ သဖန်းတော အထိလောက်တော့ ကဆုန်ပေါက် ပေါက်သွားရင် ရကောင်ပါရဲ့"
သည်လောက်ပြောပြီး လယ်သမားနှစ်ယောက် ဇရပ်ထဲ ၀င်နားကြတယ်။ သူတို့ပေးတဲ့အကြံက ဖြစ်နိုင် ချေရှိတဲ့အကြံဆိုဆော့ သည်အတိုင်းပဲ ဆုံးဖြတ်လိုက်ကြရတယ်။ ကိုယ့်နေရာကိုယ်ယူပြီး ကားဆက် ထွက်လာပြန်ရော။ ဘယ်ဘက်လမ်းကိုပဲ လိုက်ခဲ့ကြတယ်။ လမ်းကတော့ ဆိုးမှဆိုး။ သဖန်းတောရွာ ထပ် ရောက်တော့ ကိုချစ်တိုးက ရွာလယ်လောက် ဆက်မောင်းခိုင်းတယ်။ ရွာကလမ်းမေးတင် ရွာရှည် ရှည် ဆိုတော့ ကားပေါ်ကဆင်းတာနဲ့ အိမ် တွေကို တွေ့ရပြီ။ သိပ်ရှည်ရှည်ဝေးဝေး ပြောမနေကြတော့ ပါဘူး။ လှည်း ငှားကြတော့ နှစ်ထောင်တဲ့။ ကားအပ်တာတော့ မယူကြပါဘူး။

ကျုပ်တို့တော ဒါမျိုးတွေ မရှိဘူး စိတ်သာချ ခင်ဗျားတို့ဟာ အပ်တိုတစ်ချောင်း မပျောက်စေရဘူး ဆိုတာ တောင် ပါသေး။ ဒါပေမယ့် ကားထားခဲ့တဲ့အိမ်က မိသားစုကို ငွေနှစ်ထောင်ပေးပြီး အပ်ခဲ့တယ်။ လှည်းသမား က လှည်းကောက်ပြီး ကိုချစ်တိုးတို့ ရှေ့ကိုလာရပ်တာနဲ့ ဘီးဝန်ရိုးပေါ်က တက်သူတက်၊ လှည်းနောက် ပြန်တက်သူတက်နဲ့ လှည်းပေါ်ရောက်ကြရော။ လှည်းဆရာက လူဝကြီး ကိုမှတ်တင် ကို နောက်ဆုတ် ဦးတဲ့။
"လှည်းဦးလေး နေသယ်ဗျို့၊ ဆရာ၀၀ကြီး နောက်ဆုတ်ဦး"
"ရပြီလား"
"ဆုတ်လိုက်ဦး"
လူဝကြီးဦးမှတ်တင် က သူ့ခန္ဓာကိုယ်ကြီးနဲ့ ဖင်ဒရွတ်ရွှေ့ပြန်ရော။

"ရပြီလား"
"ဆုတ်လိုက်ဦးဗျ"
"မင်းနှမလင် လှည်းပေါ်က ပြုတ်ကျတော့မယ်ကွ"
"ရှေ့ပြန်တိုးလိုက်၊ ဘေးကလူတွေက မျှထိုင်ကြချေ"
လှည်းက အိခနဲက ထွက်လာပြီး နွားတွေခမျာ တော်တော ရုန်းရရှာတာပေါ့။ နွားတွေက နွားပိန်တွေ။ လှည်းသမား ကလည်း ပိန်လိုက်တာမပြောနဲ့တော့။ သူတို့လမ်းနဲ့ သူတို့လှည်းတော့ ဟန်ကျလို့။ တအိအိ နဲ့ ပေမယ့် ရောင်သင့်သလောက် ရောက်ခဲ့တယ်။ နာရီဝက်လောက်ကြာတော့မှ သဖန်းတော ရွာက ကျွတ်တော့တယ်။ သဖန်းတောက ကျွတ်တော့ ညာဘက်မှာ ရွာတစ်ရွာ။
"အဲဒါ ညောင်ခြောက်လား"
"ဟုတ်ပါ့"
"လယ်ပြင်ကြီးကရော"
"ရှေ့ကညို့ညို့ဟာ"

လှည်းသမားက နကန်(နွားကန်)နဲ့ လှမ်းပြတယ်။ သည်တစ်ခါတော့ လယ်ပြင်ကြီး တွေ့နေရပါပြီ ကော။ မနက်ခုနစ်နာရီက ထွက်လာခဲ့ကြတဲ့ လယ်ပြင်ကြီး ညနေမမှောင့်တစ်မှောင်မှာ ရွာရိပ်ကို တွေ့ကြရပြီ။ အုန်းသီကြွက်ပြီးကျိုးနဲ့ ငှက်ပျော်သီးကြွေတွေက ဇလုံတစ်လုံးနဲ့ လှည်းဆောင်ပန်းကြား မှာ။ မန္တလေးမြို့ ကနေ ကားတစ်စီးပေါ်မှာ ပေပေပွပွထိုင်လိုက်ကြရတဲ့ အဖြစ်ဟာ ပြောရင်မယုံနိုင်စရာ မရှိဘူး။ ကောက်စိုက်သမ တွေ ပျိုးနှုတ်သမားကြီးတွေ လှည်းပေါ်တင်လာသလို လူသုံးသူလုံးမပေါ်ကြ တော့တဲ့ မိန်းမမြန်းအဖွဲ့ဟာ ဘာမှမစားကြရသေးတာထား။

လယ်ပြင်ကြီးရောက်ရင် ထမင်းစားရဖို့ မသေချာသေးဘူး။ သတို့သားလောင်း မောင်ကြိုင့်ခမျာ ရွာနီးပြီတော့ ၀မ်းသာတာလည်း သာပါရဲ့။ ရွာက တုန့်ပြန်မယ့် အခြေအနေကိုလည်း မသိရသေးဘူးကို စိတ် တွေတော့ လေးနေမိတယ်။ ရွာကို လှမ်းမြင်နေရပြီလေ။ လှည်းကတော့ ထင်သလောက် သွား မဖြစ်တော့ တအိအိပါပဲ။ လမ်းတစ်နေရာ ရောက်တော့ လှည်းသမားက နကန်နဲ့ လှမ်းပြပြန်ရော
"ရွာက လှည်းလမ်းကနေ ပန်းသွားရလို့ဗျ၊ ဟောသည် လယ်ကွက်ထဲက ဖြတ်သွားရင် နီးနီးကလေး ရယ်။ ကျုပ်တို့ရွာသား တွေကတော့ လှည်းလမ်းမလိုက်ကြတော့ဘူး၊ ဖြတ်လမ်းက၀င်ကြသာရယ်၊ လမ်းကလည်း သာတော့ တော်ရုံလူ အလွန်ဆုံနာရီဝက်လောက် နဲ့ ရောက်ကရောဗျို့"

သည်စကားကြားတော့ မောင်ကြိုင့်ခေါင်းထဲ အတွေးတွေဝင်လာတယ်။ သူက ကာယကံရှင်ဆိုတော့ သည်လို လူကြီးလူကောင်းတွေနဲ့ အတူဝင်ရင် ကြိုတင်စီစဥ့်ရမယ့်ကိစ္စတွေမှာ နောက်ကျနိုင်တယ်။ သည်တော့ လူကြီးတွေလည်း ပင်ပန်းလာတာဆိုတော့ လှည်းနဲ့ အေးအေးဆေးဆေး လာကြပစေ။ သူ့တော့ လူငယ်လည်း လူငယ်၊ ကာယကံရှင်လည်း ကာယကံရှင်ဆိုတော့ ဖြတ်လမ်းက သူသွားလိုက် ရင်လယ်ပြင်ကြီး မှာ ကြိုတင်စီစဉ်စရာရှိတာ စီစဉ်လို့ရမယ်လို့တွေးတယ်။ သည်တော့ လှည်းသမားကို ခဏ ရပ်ခိုင်းလိုက်တယ်။
"ဘာတုန်းက ငကြိုင်ရ"

မောင်ကြိုင်က သူ့သဘောပြောပြတော့ အားလုံးလည်း သဘောတူကြတယ်။ ဟုတ်သားပဲ။ မောင်ကြိုင် ပြောတာပိုအဆင်ပြေတယ်။ စားဖို့သောက်ဖို့ ရေမိုးသန့်စင်ဖို့ကအစ ပြင်ဖို့ဆင်ဖို့ကလည်း ရှိသေး တာ မဟုတ်လား။ ပြီးတော့ သူတို့လူကြီးတွေက ညအိပ်လို့မဖြစ်ဘူး။ အိမ်က ထွက်လာကြကတည်း က မနက်ဆယ်နာရီ တောင်မြန်းပြီးတာနဲ့ ပြန်လာမှာ၊ မွန်းမတည့်ခင် ပြန်ရောက်မယ် မှာခဲ့ကြတယ် မဟုတ်လား။

သည်တော့ ရောက်တာနဲ့ တောင်းမြန်း၊ မင်္ဂလာစကားပြောပြီးတာနဲ့ ချက်ချင်း ပြန်ကြရ မှာ ဆိုတော့ မောင်ကြိုင်သွားနှင့်တာကောင်းတယ်ပေါ့လေ။ မောင်ကြိုင်ကလည်း ဆုံးဖြတ်ချက် စောင့် မနေပါဘူး။ လှည်းပေါ်ကခုန်ချပြီး လွှားလွှား လွှားလွှားနဲ့ သွားလိုက်တာ တော်တော်တောင် ရောက်နေပြီ။ လှည်း ကတော့ လမ်းအတိုင်းလာရတာပါပဲ။
"ဟ…သည်နွားဟာ ရုန်းပါဟ၊ အပြန်မိုးချုပ်နေမနော၊ ရော်သည်နွား"
(၁၁)

ဘုန်းကြီးကျောင်းက ညနေလေးနာရီမောင်းတီးတဲ့အထိ ရောက်မလာကြဘူးဆိုတော့ သေချာပြီ။ အေးသီ လည်း လမ်းဘက်မျှော်ရတာနဲ့ ဇက်တစ်ဖက်စောင်း နေပြီလေ။ ဒင်းမလာလည်း ရှိပစေတော့။ စိတ်ကို ဒုံးဒုံးကြီး ချလိုက်ပြီး။ အိပ်ရာထဲ ၀င်ခွေနေလိုက်တော့တယ်။
မစွန်မ တော့ ရွာလူမိုက် ဘထွန်းတို့အဖွဲ့ အရက်ဖိုး လေး ငါးခါပေးပြီးရပြီး။ ချေးထားတဲ့ ပိုက်ဆံလေး တောင် ချွေးခံအင်္ကျီအိတ်ထဲ မရှိတော့ပါဘူး။ အေးသီက သူ့ဘ၀သူလည်း ရင်နာတယ်။ မအေကြီးကို လည်း သနားလှပြီ။ မနက်ပိုင်း၊ နေ့လယ်ပိုင်းက မအေဆူတာငေါက်တာ ခံပြောနေခဲ့ပေမယ့် မွန်းကလေး တိမ်း လာတော့ မအေတစ်ယောက်အနေနဲ့ ပူရှာမှာပေါ့လို့ တွေးမိလာခဲ့တယ်။ ပူတာထက် ဆိုး ရှာတာပါ။

လူကတော့ မျက်နှာပြနိုင်စရာတောင် မရှိတော့တဲ့ သူ့အဖြစ်ကို ရင်နာလို့မဆုံး ဘူး။ အေးသီက ဘာ စကားမှ မပြောဘဲ တောင့်တောင့်ကြီး လုပ်နေလိုကတာ တမေ့တမောကြီး။ သူငယ်ချင်းမတွေက ဖျောင်းဖျကြ၊ နားချကြ၊ အားပေးကြပေမယ့် အေးသီ နားထဲမ၀င်ဘူး။ သူဘာလုပ် ရမလဲပဲ တွေးတော့ တယ်။ ပြောရရင် သူလည်း အပျိုပဲ။ မအေရှက်တာက တစ်မျိုး၊ သူရှက်တာက တစ်မျိုး၊ တစ်သက်လုံး သည် စကားကြီးက ရှေ့ကဆီးနေတော့မယ်။ ရွာမှာ ပုံခိုင်းစရာဖြစ်ရတော့မယ်။ အိမ်ထောင်ရက်သား ပြုချင် ဦးတော့ ယူမယ့်ယောက်ျား က သည်ကိစ္စ အနာရှာပြောတော့မယ်။ တစ်သက် လုံးနိုင်စားတော့မယ်။ သူ့ ကိုယ်ကျင့်တရား ကောင်းခဲ့တယ် ထားပါဦး၊ နင်နဲ့မြို့သားက ဘာတွေဖြစ်ခဲ့မှန်းမှ မသိတာဆိုတာတွေနဲ့ စကားနာ ထိုးတော့မယ်။ သည်အချိန်မှာပဲ လူမိုက်ဘထွန်း တို့က တုတ်တွေနဲ့ ရောလာကြပြန်ရော။

"ဘယ့်နှယ်တုန်း ဒုက္ခိတပျားတုပ်သားအမိ၊ ကျုပ်တို့မှအခက် လူရိုက်ဖို့လာပါတယ် ရိုက်ရမယ့်လူက မရှိ ဘူး။ ကျုပ်တို့က ရိုက်ချင်လှပြီဗျ၊ ခင်းဗျားတို့ စဉ်းစားကြည့်လေ၊ ခင်းဗျားတို့က မြို့သားယုံတာ အကြောင်း မဟုတ်ဘူး၊ ကျုပ်တို့ ရွာကမျက်နှာငယ်ရပြီ။ ဟိုဘက်ရွာတွေက ပြောတော့မယ်၊ ကဲ့ရဲ့ကြ တော့မယ် လယ်ပြင်ကြီးသားတွေ လည်း လှလည်းလှနဲ့ ဒါမျိုးကတော့ ဘယ်သူမှ မထွက်ကြဘူး ဖြစ်က ရော့မယ်၊ ဟင်း…ကောင်းသေးလား၊ ခင်ဗျားတို့သားအမိပါ ရိုက်မှ ဖြစ်တော့မှာ
အရက်လေးကျော့လောက် သောက်ထားတော့ လူမိုက်ဘထွန်းနဲ့အဖွဲ့က အေးသီတို့သားအမိကို ပြဿနာ ရှာလာကြပြီ။ ရွာသူရွာသား တွေကလည်း တုတ်တွေကိုင်ထားတဲ့ လူမိုက်တွေကို တုပြောဖို့ မ၀ံ့ကြဘူး။ သားအမိ ခမျာ အရှက်ရကြတဲ့ ကြားထဲ ကိုယ့်ရွာသားက ကြိမ်းမောင်းနေတာကို စိတ်မချမ်း သာကြပေမယ့် မပြောဝံ့ကြဘူး ပေါ့လေ။ သြဇာရှိတဲ့လူကြီးတွေလည်း ရှိကြတာပါပဲ။ ရွာလူကြီး ကိုလှမောင်က ဘထွန်း တို့အုပ်စု ပါးစပ်ရမ်းရမ်းနေတာ လွန်ကဲလာကြတာ မဟုတ်သေးတော့လည်း ပြောချင် ရာပြောကြပစေ ဆိုပြီး လွှတ်ထားတယ်။ သည့်ထက်ပိုပြီး ရန်လုပ်လာရင်တော့ တားမယ်ပေါ့။ မစွန်မ လည်း ထဘီစွန်တောင် ထဆွဲတော့တာပါပဲ။

"သည်မယ် မောင်ဘထွန်း၊ နင်တို့လည်း အရက်ဖိုးပေးစရာ မရှိတော့ဘူး နင်းတို့လည်း သဒ္ဓါလွန်းလို့ တိုက်နေတာ မဟုတ်ဘူး။ နားငြီးသက်သာအောင် လို့ဟေ့၊ တော်ရာသွားတော့ ဘထွန်း မကလို့ ဘထွန် ဖြစ်ဖြစ် စွန်မ က လူချင်းလဲရမှာလည်း မကြောက်ဘူး။ သွား…သွား
ကျေးဇူး မတင်တဲ့အပြင် မောင်းထုတ်ရပါ့မလားဆိုပြီး ဘထွန်းက အိမ်တိုင်းတွေ တုတ်နဲ့ရိုက်ကရော။ သူ့နောက်လိုက်တွေ ကလည်း ဘထွန်းစလိုက်တော့ အနားရှိတဲ့ ရေအိုးရိုက်ခွဲတယ်။ သည်မှာတင် ရွာလူ ကြီး ကိုလှမောင် က ပုဆိုးတိုတိုဝတ်ပြီး အနားက ထင်းချောင်း ထဆွဲရော။ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း အော်သံကြီး ပေါ်လာတာပါပဲ။

"အေးသီ ဒီဇယ် တွေ သောက်လို့ပါတော် လာကြပါ….လာကြပါ"
ဘထွန်း တို့ရော၊ ကိုလှမောင်ရော လူကြီးတွေပါ ကြောင်သွားကြတယ်၊ အေးသီသူငယ်ချင်း မြစိန်တို့ က အော်ကြတာပါ။ အေးသီ က မီးဖိုထဲဆင်းပြီး ရေနံဆီမီးခွက်ထွန်းဖို့ထားတဲ့ ဒီဇယ်ပုလင်းထ ဆွဲပြီး ကောက်သောက် လိုက်တာ ၀ိုင်းဆွဲကြတာနဲ့ ပါးစပ်ထဲမရောက်ဘဲ ရင်ပတ်ပေါ် စီးကျကုန်တယ်။

"ငါသေမှ ဖြစ်မှာပါအေ၊ ဘာလို့ဆွဲကြတာလဲ ဖယ်ကြ"
အာရုံ တွေက အေးသီဆီ ရောက်ကုန်ကြတော့ ဘထွန်းတို့ပါ ငြိမ်ကုန်ကြတယ်။ မူးတာတွေပါ ပျောက် ပြီး သူတို့အမှား သူတို့သိလိုက်ကြသလို အသာထိုင်ကုန်ကြပြီ။ ကိုလှုမောင် က အေးသီ ကို ရှေ့ ထုတ်လာပြီး လူပုံ အလယ် ထိုင်ခိုင်းထားရော။ မစွန်မကလည်း သမီးသည်လိုလုပ်လိုက်တော့ ပျာသွား ပုံရပါရဲ့။ သမီး ရှေ့ထိုင်ပြီး ပြန်ချော့နေလေရဲ့။ သည်သတင်းကြောင့် လယ်ပြင်ကြီး ရွာသူရွာသားတွေ မစွန်မ တို့အိမ်ဘက် ပြေးလာလိုက်ကြတာ ရွာထဲ မျက်လှည့်အဖွဲ့ ရောက်လာသလိုပဲ။ မစွန်မတို့ အိမ် ကုပ်ကလေး ကို ၀ိုင်းထားလိုက်ကြတာ လူတွေမနည်းဘူး။
(၁၂)

မောင်ကြိုင်က ပုဆိုးတိုတိုနဲ့ တလွှားလွှား လျှောက်လာခဲ့တယ်။ နီးပြီ။ ရွာခြေတောင် ၀င်တော့မယ်။ ရင်တွေ လည်း ခုန်လို့။ တစ်ခါမှ မရောက်ဖူးတဲ့ ရွာကိုမှောင်ရီပျိုးစ တောလမ်းက တစ်ယောက်တည်း လျှောက် နေရတဲ့ သူ့ဘ၀ကို သူဟာသူလည်း အံ့သြတယ် နဲ့တာပါရဲ့။ လူကလည်း ပေကျံနေလိုက်တာ မြင်ရက် စရာ မရှိဘူး။ မျက်နှာကွက်ကွက်ကလေးပဲ ပေါ်နေတာပါ။ သည်လိုပုံကို ပျက်သွားအောင် လုပ်လို့ ကလည်း မဖြစ်သေးဘူး။ စင်စင်ကြယ်ကြယ်နဲ့ ၀င်သွားရင် ယုံကြမှာမဟုတ်ဘူး။ တော်ရာ ထန်းရည် ၀င်သောက် နေကြပြီ အမူးပြေမှ လာကြတယ်ထင်မှာ သေချာလေတော့ ရွာက ၀ိုင်းအုံရိုက် နှက်ကြရုံရှိမှာ လောက်တော့ မောင်ကြိုင်က သိတယ်။

မောင်ကြိုင် ရွာရိပ်ဝင်ကာနီးတော့ ထန်းရည်ဆိုင်ကလေးတစ်ဆိုင် တွေ့တယ်။ ညနေဘက် ထရ သောက် နေကြတဲ့ လူငယ်လေးငါးယောက်ကို တွေ့လိုက်တော့ မောင်ကြိုင် နည်းနည်းကလေး တွန့်ဆုတ် သွား ရတယ်။ သူ့ကိုများ ရိုက်ဖို့စောင့်နေကြတဲ့ လူတွေ များလားပေါ့။ လူင်ငယ်တွေက တော့မောင်ကြိုင်ကို သိပ်သတိ မထားမိကြဘူး။ ရွာထဲဝင်တဲ့ ဖြတ်လမ်းဆိုတော့ လူတကာ သွားနေကြ တာကိုး။ မောင်ကြိုင်က နဂို မည်းမည်း သည်းသည်ဖြစ်ရတဲ့အထဲ ပေထိပေစုတ်နဲ့ဆိုတော့ ဘယ်သူက ကမှလည်း သတို့သား မထင်ကြဘူး။ မြို့သား သတို့သားကလည်း သည်လိုစုံမွှားမွှား ရှိပါ့မလား။ ထင်စရာမရှိဘူးကိုး။

ထရေဆိုင်ဝ က ထရံ ၀ါးဆစ်တုတ် လေးငါးချောင်း ထောင်ထားတာ တွေ့တော မောင်ကြိုင်လည်း သုတ်သုတ် ကလေး လှမ်းတယ်။ တိုက်ဆိုင်ချင်တော့ ထရေဆိုင်ထဲက သူနဲကရွယ်တူလောက် လူငယ် တစ်ယောက် ထွက်လာတာ မောင်ကြိုင် သတိထားမိလိုက်တယ်။ မောင်ကြိုင့်ကို တစ်ချက်လှမ်းအကဲ ခတ်တယ်။ လယ်ထဲယာထဲက တမံဖော်ပြီး ပြန်လာတဲ့လူရယ်လို့ ထင်သွားပုံရပါတယ်။ မောင်ကြိုင့် ကို လှမ်း မေးတယ်။
"ဟေ့လူ ဘယ်ကလာတာလဲ"
"ညောင်ခြောက်က"
မောင်ကြိုင်က သဖန်းတောတို့ ညောင်ခြောက်တို့ ခေါင်းထဲရှိနေတော့ ပြောချင်ရာ ပြောလိုကတာပါ။ မေးတဲ့လူကိုမကြည့်ဘဲ ဖြေလိုက်ရင်း ခြေလှမ်းကို နှစ်လှမ်းစာ တင်လိုက်တယ်။ ဘာမှန်းမသိ ညာမှန် မသိ စကား ကို ရမ်းမပြောဝံ့တော့ ပါးစပ်ထဲရှိတာ ဖြေလိုက်တာကလည်း တည့်သွားလို့လားမသိဘူး မေးတဲ့ လူငယ် က တစ်ခွန်းထပ် မေးပြန်ရော။

"ခင်ဗျားလမ်းမှာ ကားတစ်စီးမတွေ့ခဲ့ဘူးလား"
"ကား…ကားအကြောင်းတော့ ပြောမနေပါနဲ့ဗျာ၊ စိတ်ကိုကုန်ရော"
သည်တစ်ခါတော့ မောင်ကြိုင်က မေးသူကိုကြည့်ပြီး ဖြေလိုက်တာပါ။ လူကညှင်းသိုးသိုးရယ်၊ ရင်ပတ် မှာ သော့ခလောက် ကလေးတစ်လုံး ကြိုးနဲ့ဆွဲလို့။ မိုက်တိမိုက်ကန်းထဲကနဲ့ တူပါရဲ့လို့လည်း တွေး နေ မိတယ်။ ရင်ပတ်မှာသော့ခလောက်ဆွဲထားတဲ့ လူငယ်က ကားအကြောင်း မပြောပါနဲ့ စိတ်ကို ကုန်ရော ဆိုတဲ့ စကားကို ကျေနပ်သွားတယ်။ သည်လူလည်း ကားစိတ်ကုန်နေတဲ့ လူတစ်ယောက်ကို ထင်သွား တာကိုး။ ဘာမှဆက်မမေးတော့ဘဲ ထရေဆိုင်ထဲ ပြန်ဝင်သွားရော။ မောင်ကြိုင်လည်း သုတ်သုတ် ဆက်လျှောက် ခဲ့ရော။ ရင်ပတ် သော့ခလောက်ဆွဲထားတဲ့ လူငယ်ကို အထဲက လူငယ်တွေက လှမ်းမေးသံ လည်း ကြားလိုက်တယ်။

"သောင်းစိန် ဘာတဲ့လဲ ကားတွေ့ခဲ့သတဲ့လား"
"သည်လူလည်း ကားကိုရိုက်ဖို့ စောင့်နေထင်ပါရဲ့ကွာ၊ စိတ်ကုန်လို့တဲ့"
သည်အသံလည်းကြားရော မောင်ကြိုင် ခေါင်းနပန်းတွေ ကြီးသွားတယ်။ မပြေးရုံတမ်ယ ဒရောသောပါး လာလိုက်တာ ရွာထဲဝင်ရမယ့် မလွယ်ပေါက်ကို ရောက်လာခဲ့တယ်။ မလွယ်ပေါက်က သိပ်မကျယ်ပါ ဘူး။ လမ်းဘေး တစ်ဖက် တစ်ချက် ရှားစောင်းပင်တွေ စီစိုက်ထားတော့လမ်းမှန်း သိသာတယ်။ ကလေးချီထားတဲ့ မိန်းမတစ်ယောက်နဲ့တွေ့လို့ ဒေါ်စွန်မတို့ အေးသီတို့အိမ် ဘယ်နားမှာလဲမေး တယ်။ သည်မိန်းကလည်း မောင်ကြိုင့်ကို မြို့ကလာတဲ့ သတို့သားရယ်လို့ ဘယ်ထင်မှာတုန်း၊ သည်ကသွား၊ ရှေ့ကျ ညာချိုး၊ ဆက်လျှောက်သွား၊ လေးငါးအိမ်လောက်ကျော်ရင် မောင်းစင် တွေ့လိမ့်မယ်။ မောင်းစင် နဲ့ တစ်အိမ်ကျော် မန်ကျည်းပင်ကြီးနဲကအိမ်ပဲလို့ လမ်းညွှန်လိုက်တယ်။ မောင်ကြိုင် ဆက်လျှောက် လာလိုက်တာ မောင်းစင်ကို တွေ့ပြီ။ မန်ကျည်းပင်ကို တွေ့ပြီ။ နဖူးကို ခြေမှုန့်ကလေးဖက်ခနဲ့တို့ပြီး အေးသီ တို့အိမ်ဆိုတာကို လှမ်းကြည့်လိုက်တယ်။

မောင်ကြိုင်ရင်တွေ တဒိန်းဒိန်းခုန်နေပြီ။ သူအလောကြီးလာခဲ့ရတဲ့ အေးသီတို့ရွာ၊ အေးသီတို့အိမ်၊ သူ့မျက်စိ ရှေ့ ရောက်နေပြီလေ။ လူသူရယ်လို့ သိပ်မရှိဘူး။ အထဲမှာ မီးခွက်ကလေး ထွန်းတားတာပဲ တွေ့ တယ်။ ဒါနဲ့မောင်ကြိုင်လည်း စွပ်စွပ်ရွပ်ရွပ် ၀င်လာခဲ့တယ်။
(၁၃)

အေးသီ တို့ အိမ်ကုပ်ကလေးထဲမှာ ရေနံတိုင်မီးခွက်ကလေးပဲ ရှိတယ်။ သတို့သမီး တစ်ယောက်ရဲ့ မင်္ဂလာည ဆိုတဲ့ အသွင်မဆောင်ဘဲ သာမန်အိမ်ကလေး တစ်လုံးက အလင်းရောင်ကလေးတွေ လောက် ရှိတာကို တွေ့လိုက်ရတော့ မောင်ကြိုင်အံ့သြသွားတယ်။ အမှန်က မောင်ကြိုင် ရောက်လာ ကာနီး ကလေး မှာပဲ ရွာထဲက စုစုရုံးရုံးရောက်လာကြတဲ့လူတွေ ပြန်သွားခဲ့ကြတာပေါ့။ မူးမူးနဲ့ရမ်းနေတဲ့ လူမိုက်ဘထွန်း တို့လည်း ရွာလူကြီး ကိုလှမောင်ကြောက်တာနဲ့ ပြန်ကြပြီ။ ကိုလှမောင်နဲ့ ပါလာတဲ့ လူကြီး လေးငါးယောက် လည်း ညစာစားရသေးတာ မဟုတ်တော့ ထပြန်ကြပြီ။ ရွာထဲကလူတွေက မင်္ဂ လာပွဲ လည်း ပျက်ပြီ ထင်ကြတော့ ဝေဖန်ချက် အမျိုးမျိုးနဲ့ ပြန်ကြတာပါပဲ။ အေးသီ ဒီဇယ်သောက် မလိုလို ဖြစ်လိုက် တာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပြီးတဲ့နောက် လူတွေကလည်း အာရုံမရှိကြတော့ပါဘူး။. မီးခွက် ထွန်းချိန် ကျမှတော့ ဘယ်လိုလုပ် မင်္ဂလာတောင်းမြန်းမယ့် ကိစ္စရှိပါတော့မလဲ။

မစွန်မက ဖျာကြမ်းပေါ် ခေါင်းခုကလေးခုပြီး မှေးနေတယ်။ တစ်နေကုန် လောက်နီးနီး သမီးနဲ့ ရန်ဖြစ် နေရ တာရော၊ လူမိုက်ဘထွန်းတို့ ချော့လွှတ်ချောက်လွှတ်ရတာရော ဆိုတော့ စိတ်ပန်း၊ လူပန်းဖြစ် သွားပုံ ပေါ်ပါတယ်။ အေးသီကတော့ သူငယ်ချင်းတွေ ၀ိုင်းချော့ကြလိုက် ဒီဇယ်ပေပေကြီးနဲ့ ငုတ်တုတ် ထိုင်နေရာ က အ၀တ်အစားကလေး ထလဲလိုက်ပါပြိ။ မြင့်စိန်တို့၊ ဗွေးတုတ်တို့၊ မိသေးတို့ကတော့ မပြန်ကြဘူး။ ကိုလှမောင်က တစ်ညလုံးစောင့်နေလို့ မှာခဲ့တာပါသလို၊ သူငယ်ချင်းမ ကို သနားကြတာ လည်းပါပါတယ်။ အေးသီ နဲ့ သယ်ငယ်ချင်း သုံးယောက် ထိုင်စကားပြောနေကြတယ်။ အေးသီ က အပေါက်ဝ လှည့်ထိုင် နေတုန်း ဗြုန်းဆို တံခါးဝက မောင်ကြိုင်ပေါ်လာတော့ လန့်သွားတယ်။ မောင်ကြိုင်လို့လည်း မထင်ဘူး။ လူ ကလည်း ကစုတ်ကညစ်နဲ့။ ရွှံ့တွေကလည်း ခြောက်နေပြီ ဆိုပေမယ့် အချပ်လိုက်ကပ်လို့။ ပြီးတော့ ကားသံ မကြား၊ ဘာမကြားဆိုတော့ မောင်ကြိုင် အိမ်ပေါက် ၀လာရပ်လိမ့်မယ်လို့ကို မထင်တာ။ အေးသီ ကတော့ မျက်လုံးကြီးပြူးကြည့်နေလေရဲ့။
"အေးသီ အစ်ကို လေ မောင်ကြိုင်ရယ်"

သည်လိုသာ အသံမကြားရရင် အေးသီ အော်မိတော့မလို အသံက ပါးစပ်ထဲရောက်နေပြီ။ မောင်ကြိုင် အသံ လည်း ကြားလိုက်ရော မှေးနေတဲ့ မစွန်မကလည်း ငေါက်ခနဲထထိုင်တယ်။ မြန်စိန်တို့ကလည်း လက်စသတ် တော့ မြို့က သတို့သား မောင်ကြိုင်ဆိုတာ ဒါလား။ မဟုတ်မှာလွဲရော သရဲဖြစ်လို့ ကိုယ်ထင် လာပြတာ နေမှာလို့ ထင်ကြတယ်။
"အစ်ကို အစ်ကို လာသေးတယ်နော်၊ ရက်စက်လိုက်တာ အစ်ကိုရယ်"
အေးသီ က မောင်ကြိုင့်ဆီ ထသွားပြီး ခါးပုံစ ဆွဲလာခဲ့တယ်။ မီးတိုင်ခွက်ဘေးထိုင်ခိုင်းတယ်။ မောင် ကြိုင် လာလို့ ကတော့ ဓားနဲ့ခုတ်မယ်။ တုတ်နဲ့ ရိုက်မယ်လို့ ကြိမ်းခဲ့တဲ့ မစွန်မ လည်း မောင်ကြိုင် တကယ် ရောက် လာတော့ စကားရှာမရဘူး။ ဒေါသပဲဖြစ်ရမှာလား၊ ခွင့်ပဲလွှတ်ရမှာလား၊ မပြောတတ် အောင်ဖြစ် နေလေရဲ့။ မြစိန် က အိမ်တံခါးကို ထပိတ်လိုက်တယ်။ ဘာမှန်း ညာမှန်းမသိရခင် အပြင် သတင်းရောက် သွားမှာ စိုးလို့။

"ဘယ်လိုဖြစ်တာလဲ ကိုကြိုင်ရယ်၊ ကျုပ်တို့မှာ မျက်နှာဘယ်ထားရမှန်းမသိအောင် ဖြစ်ကုန်ပြီ။ အမေ့ခမျာ တော့ မပြောနဲ့တော့ ရှက်လည်းရှာက် နာလည်းနာ၊ ကိုကြိုင်လုပ်ပုံ မကောင်းလိုက်တာ"
"အစ်ကို တို့လား လမ်းမှားလာကြတာ၊ လူတွေ့ရတာပဲ ကံကောင်းတယ်မှတ်ပါတော့၊ လူကြီးတွေလည်း လူရုပ် မပေါ်ကြတော့ဘူး"
မောင်ကြိုင်က သူတို့လမ်းမှား ဖြစ်ပျက်လာသမျှကို အကျဉ်းရုံးပြီး ပြောပြလိုက်သည်။
"ဒါဖြင့် လူကြီးတွေ ဘယ်မှာလဲ"
"နောက် မှာ ပါလာကြပြီ၊ သူတို့က လှည်းနဲ့လာတာ ကျုပ်ကညောင်ခြောက်ရွာသည်ဘက်မှာ လှည်းပေါ်က ဆင်းပြီး ဖြတ်လျှောက်လာတာ မြန်အောင်လို့၊ ကားက သဖန်းကုန်းကျောလို့ကို မရ တော့တာ၊ သည်တော့ သဖန်းကုန်း က လှည်း ငွေနှစ်ထောင်ပေးငှားခဲ့ရတယ်။ ကားစောင့်ဖို့လည်း နှစ်ထောင် ပေးခဲ့ရတယ်"
"အစ်ကို တို့က ဘယ်ကလာတာမို့လို့တုန်း"

"ဘယ်လမ်းလို့လည်း မပြောတတ်ပါဘူး အေးသီရာ၊ လမ်းမှာလာတယ်ပြောကြတာပဲ၊ ကားလည်း တစ်စစီ ပြုတ် ကုန်ပြီလား မှတ်ရတယ်"
"သြော်…ကိုကြိုင်ရယ်"
အေးသီ နဲ့ မောင်ကြိုင်ပြောနေတာတွေကို မစွန်မက အကုန်ကြားနေရတော့ အပြစ်လည်း တင်မနေ ချင် တော့ပါဘူး၊ ခမျာများ လာရှာကြသားပဲလို့သာ အောက်မေ့မိရတယ်။ မလာရမယ့်လမ်းက လာမိ တာလည်း အပြစ် ရယ်လို့ ပြောဖို့ခက်သား။ တကယ်ဆို ဘကြီးဖိုကို ပြောသလို ရွာကတစ်ယောက် ယောက် အကြိုလွှတ် နှင့်ရမှာ။ ဦးဆောင်ခေါ်ခဲ့ရမှာ ကိုယ့်ဝတ္တရားဆိုတာကို သဘောပေါက်သွားပုံလည်း ရပါတယ်။ ဟုတ်ပြီ။ ထားတော့။ ဒါကနောင်မေးလို့လည်း ရတယ်။ အခုက ဘ်ာလုပ်ကြမလဲ။ ဘာလုပ် ရမှာလဲ။ ဧည့်သည် တွေကလည်း လှည်းနဲ့တစ်စီးပါလာတယ် ပြောနေပြီ။ ရေမိုးချိုးဖို့၊ အ၀တ်အစားလဲ ဖို့၊ ညစာ စားဖို့၊ အိပ်ဖို့နေဖို့၊ မနက်စာကျွေးဖို့အစ အခုမှ ကောက်လုပ်ရမယ်ဆိုတော့ မစွန်မ တော်တော် စိတ်ဓာတ် ကျသွားတယ်။ ဒါတွေ တစ်ခုမှတတ်နိုင်တာ မဟုတ်ဘူး။ မြစိန် တို့အိပ်တယ်ဆို တာ ကိုယ့် ရွာသူချင်း ပြားအိပ်လို့ရတယ်။ ဒူးတင်ကျောကပ် အိပ်လို့ရတယ်။ ခြင်ထောင် လည်း မလို ဘူး၊ ခေါင်းအုံး လည်း မလိုဘူး၊ အခုဟာက မြို့ကဧည့်သည်တွေ။ ဧည့်သည်မှ ဂုဏ်မြင့်ကြတဲ့သူတွေ။ မောင်ကြိုင့် ဆရာ လည်း ပါကိုပါလာမှာ သေချာတယ်။ မြစိန်က ပြဿနာကို စဖြေရှင်းဖို့လုပ်တယ်။

"ကြီးတော်စွန်မ တံခါးပိတ်ထား၊ ကျုပ်တို့ ဗွေးတုတ်တို့ ဦးလေးလှမောင်အရင်သွားခေါ်ခဲ့မယ်၊ ဦးလေး လှမောင် အရင်ရောက် နှင့် မှ ရမှာနော်၊ သူမှတားနိုင်မှာ"
"အေး ဟုတ်သား၊ သွားသွား လိုရင်းပဲပြောခဲ့၊ သည်မယ် လောလောဆယ် လိုမှာက ဘက်ထရီ မီးချောင်း တွေလိုမှာ၊ ဖျာကြမ်းလေးငါးချပ်လည်း လိုမယ် ညနေက ပြန်သယ်သွားကြတာလေ။ သြော်… ရေနွေးအိုးနဲ့ ရေနွေး အကြမ်း ပန်းကန်၊ နေဦးဟဲ့ ကွမ်းဆေးလက်ဖက် ကလည်း တို့ဝယ်ထားသမျှ မနက်ကချ ဧည့်ခံ လိုက်တာ ကုန်ပြီ၊ ဘာလိုဦးမလဲ"

မောင်ကြိုင်ကတော့ ရွာအခြေအနေ ဘာမှန်းမသိရသေးပေမယ့် အေးသီတို့ သားအမိ ကသီလင်တ ဖြစ်ရတာ ကို စိတ်မကောင်းဘူး။ ကိုချစ်တိုးတို့ သူ့ဆရာကိုကျော်သန်းတို့ လှည်းကိုလည်း ရောက်စေ ချင်လှပြီ။ လှည်းသံ မကြားရသေးတော့ စိတ်ပူတာရော၊ အားငယ်တာရော စိတ်နှစ်ခွနဲ့ ငုတ်တုတ်ထိုင် နေရတယ်။ မြစိန် ကတော့ မစွန်မ လှမ်းပြောနေတာတွေ ဆုံးအောင် နားထောင်မနေတော့ပါဘူး။ ထပြေးကာ ရွာလူကြီး ကိုလှမောင် အိမ်ရောက်တော့မယ်။ မြစိန်က ကိုလှမောင်အိမ်ဝိုင်းဝ ရောက်ချိန် မှာပဲ သောင်းစိန် တို့ လူစုက ထန်းရည်ဆိုင်ကနေ ရွာထဲက ရွာသည် လမ်းပေါ်ပြန်ရောက်လာကြပြီ။ အေးသီ ကို တောင်းမယ့် မြန်းမယ့် မိန်းမမြန်းကားကို ရိုက်ချင်လှချည့်ရဲ့လို့ ရွာထိပ်က ထန်းရည်ဆိုင်က ခွစောင့် နေခဲ့တာ နေသာကုန်တယ် ရိုက်ရမယ့်ကားက ပေါ်မလာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြောင်စီစီ ဖြစ်နေ ကြ တာပေါ့။

သည်အချိန်မှာပဲ လှည်းတစ်စီး သူတို့အနားက ဖြတ်မောင်းသွားတာ တွေ့လိုက်ကြတယ်။ လှည်းနွားဆို တာ သူ့ရွာကိုယ်ရွာ အချိန်ရယ် အခါရယ်မရိှဘဲ သွားလာနေကျဆိုတော့ မော့လည်း မော့မကြည့် ဖြစ်လိုက် ကြပါဘူး။ ဒါပေမယ့် လှည်းပေါ်ကလူ လေးငါးခြောက်ယောက်ပါတဲ့အပြင် အဲသည်ထဲက တစ်ယောက်က သူတို့ အုပ်စုကို လှမ်းမေးလိုက်တဲ့ မေးခွန်းကြောင့် အားလုံးမော့ကြည့်လိုက်ကြရော။ မေးလိုက်တာက ကိုချစ်တိုး။
"ငါ့ညီ တို့ ဒေါ်စွန်မတို့ အေးသီတို့အိမ် သွားချင်လို့၊ ဘယ်နားမှာလဲ သိချင်လို့ပါကွာ"
"ဘယ်သူရယ်"
"ဘယ်လိုရယ်"
"ဘာရယ်"
"ဘယ်အိမ်ရယ်"
သောင်းစိန် တို့ အဖွဲ့က တစ်ယောက်တစ်ပေါက် မြန်းမေးလိုက်ကြတာပါ။ ညဦး၊ လှည်းတစ်စီး၊ သူစိမ်း ဧည့်သည်တွေ။ မေးတာက မစွန်မ နဲ့ အေးသီ။ ဒါဖြင့် သည်လူတွေဟာ ဘယ်သူတွေလဲ။ မင်္ဂလာကိစ္စ နဲ့ ပတ်သက် နေတဲ့လူတွေလား။ မှောင်နေလို့ ဘယ်သူ့ဘယ်သူမှလည်း ကောင်းကောင်း မြင်ရတာ မဟုတ်တော့ လှည်းပေါ်လှည်းအောက် အကဲခတ်နေခဲ့ကြတာပါ။ ကိုချစ်တိုး ကလည်း မေးပြီးကာမှလန့် သွားတယ်။ လူငယ် တွေက မူးနေကြပုံလည်းပေါ်ရဲ့။ ပြီးတော့ တုတ်တွေကိုယ်စီနဲ့ မိုက်တိမိုက်ကန်း ပုံတွေ။ မဟုတ်သော် ရှိ ဟုတ်သော်ရီ သူတို့ကို စောင့်ရိုက်မယ့်အဖွဲ့ ဖြစ်နေရင်ကော။ သောင်းစိန်က လည်း ဟုတ်ပြီ။ မစွန်မ နဲ့ အေးသီကို အပ်ချမတ်ချမေးနေပြီ ဆိုကတည်းက ဒါမင်္ဂလာမိန်းမမြန်း ကိစ္စနဲ့ လာကြသူ တွေ သေချာပြီ။ သည်လှည်းပေါ်မှာ အေးသီနဲ့ယူတော့ မယ်ဆိုတဲ့ကောင်း ပါကိုပါရမယ်။ သည်ကောင်ကို ဆွဲချ၊ ရိုက်လွှတ်တန်လိုက်ရင် သည်ကောင် မှတ်သွားလိမ့်မယ်။ သည်လို တွေးနေတာကို ကိုချစ်တိုးက မသိဘူး။

"ခင်ဗျားတို့က ဘယ်ကတုန်း"
"မန္တလေး က လာကြတာ မိန်းမမြန်လာကြတာပါ"
"လှည်းပေါ်မှာ မောင်ကြိုင်ပါသလား"
"ပါတယ်"
ပါတယ်လို့ အော်လိုက်သူက လှည်းသမား၊ သူ့နာမည်ကလည်း မောင်ကြိုင်ပဲနဲ့ တူပါရဲ့။ မောင်ကြိုင် ပါသလားဆိုတော့ ပါတယ်လို့ အော်လိုက်တာပေါ့။ သောင်းစိန်တို့ လှည်းဦးကနေ ၀ိုင်းလိုက်ကြတယ်။ မောင်ကြိုင့် ကိုပဲ စိတ်ဝင်စားနေကြတာ ဆိုတော့ လှည်းသမားကို မဲကြတော့တာပါ။

"မောင်ကြိုင်ပါရင် ဆင်းစမ်း၊ မင်းနဲ့စာရင်းရှင်းစရာရှိတယ်"
"ဘာစာရင်းများတုန်းဟ"
"အေးသီကိစ္စဆိုရင် မင်းသဘောပေါက်ပေါ့ကွာ"
"အေးသီလဲ ငါမသိဘူး၊ အေးကြည်လဲ ငါမသိဘူး"
"မသိလဲ ဆင်းခဲ့ကွာ၊ မင်းအပိုတွေ ပြောမနေနဲ့"
"ငါ လှည်းပေါ်ကဆင်းတော့ လှည်းဘယ်သူ မောင်းမလဲကွ၊ နေပါဦးမင်း တို့က ဘာသဘောမေး တာလဲ၊ တစ်ရွာ့ တစ်ရွာ့ လှည်းတိုက်လိုက်တာ မိုက်လို့လိုက်သာကွ၊ ကိုင်းပြောစမ်း ဘာကိစ္စလဲ"
သောင်းစိန် တို့ လူစုကလည်း ကြောင်သွားတယ်။ လှည်းတိုက်လိုက်တယ် ဆိုမှာတော့ သူတို့ရိုက်ချင် တဲ့မောင်ကြိုင် ဘယ်ဟုတ်နိုင်ပါ့မလဲ။ ဒါတွေအားလုံးကို ကိုချစ်တိုး သဘောပေါက်လိုက်တယ်။ မောင်ကြိုင် ချင်းတော့ မှားနေပြီ။ အရေးထဲလှည်းသမားကလည်း မောင်ကြိုင်ဖြစ်နေရသေး။

"မပါပါဘူးကွာ၊ ဒါက လှည်းသမား မောင်ကြိုင် သဖန်းတောရွာက လာတာကွ၊ သတို့သား မောင်ကြိုင်က သွား နှင့် တာကြာပေါ့ဟာ၊ ကိုင်း…ကိုင်း အုပ်ကြီး ပြောလိုက်စမ်းဗျာ
အုပ်ကြီးဆိုတာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းကို ကိုချစ်တိုးတို့က အုပ်ကြီးခေါ်နေကျကိုး၊ အုပ်ကြီး ပြောလိုက်စမ်းဗျာဆိုတာ သက်ြ်ကီးဝါကြီးတွေပါတဲ့အကြောင်းကို ချစ်တိုးက သက်သေ ထူလိုက်တာပါ။ ဖြစ်ချင်တော့ သည်ဘက်နယ်က ရဲအုပ်ကြီးတို့၊ ဥက္ကဋ္ဌကြီး တို့ကို အုပ်ကြီးခေါ် ကြတာဆိုတော့ သောင်းစိန် တို့က ရဲအုပ်ကြီးပါ ပါလာတာလို့ ထင်သွားကြတယ်၊ အသာနောက် ဆုတ်သွားကြပြီး စကားသံတွေလည်း တိတ် သွားကြတယ်။ လေသံတွေလည်း ပြောင်းသွားကြ တယ်။
"ကြီးတော် မစွန်မတို့အိမ်က ရှေ့ဆက်မောင်းသွားကြပါ၊ မောင်းစင်လေးတွေ့ပါလိမ့်မယ်၊ တွေ့ရင် မောင်းစင် ဟိုဘက် တစ်အိမ်ကျော်က မန်ကျည်းပင်ကြီးနဲ့ အိမ်ပဲ"
ကျောင်းအုပ်ကြီးတောင် ဘာမှမပြောရသေးပါဘူး၊ လေသံပြေင်းသွားကြရုံမက အိမ်ကို ညွှန်လိုက် ကြသေး တာပေါ့။ ကိုချစ်တိုးတို့လည်း လက်တစ်လုံးခြား ကံကောင်းသွားတာပေါ့လေ။ လှည်းလည်း ဆက်ထွက် လာခဲ့တယ်။
(၁၄)

မြစိန်က ကိုလှမောင်ကို အကျိုးအကြောင်းပြေပြပြီး ရွာလူကြီးကို ဒရွတ်တိုက် ဆွဲခေါ်လာလို့ အေးသီ တို့ အိမ်ရှေ့ရောက်တာနဲ့ ကိုချစ်တိုးတို့ လှည်းရောက်လာတာနဲ့ အံကိုက်ကျသွား တယ်။ ကိုလှမောင်က တပည့် လက်သား သုံးလေးယောက်လောက်ပါတော့ ချက်ချင်းလိုလိုပဲ ရွာထဲက အိမ်တွေကို လက်ငင်း လိုအပ်တာ ကလေးတွေ သွားယူခိုင်းတယ်။ သည်အချိန်မှာပဲ သတင်း ကြာူးနဲ့ လူမိုက်ဘထွန်းတို့ပါ ရောက် လာပြီ။
"စံမောင် ပြေးစမ်း ဘက်ထရီအိုးသုံးလုံး မီးချောင်းသုံးချောင်းရှာ၊ ငါ့အိမ်က တစ်လုံးပါ ဖြုတ်ခဲ့၊ ဘထွန်းရွာ ဘုံပစ္စည်း ကိုင် တဲ့ ကိုဘရှင်တို့ အိမ်ကိုသွားစမ်း ဖျာဆယ်ချပ်၊ ရေနွေးအိုးကြီးငါးလုံး၊ လက်သုတ်ပ၀ါ ဆယ်ထည် ပါအောင် သယ်ခဲ့သြွးစမ်း မြန်မြန်"
"မဟုတ်သေးပါဘူး ကိုလှမောင်ရာ၊ ကျုပ်တို့ရွာသူ အေးသီကို ဟင်းရွက်ကန်စွန်းလို…."
"ဘထွန်း နောက်နာရီဝက်နဲ့မရောက်ရင် မင်းကိစ္စနော်၊ မင်းမိုက်ချင်ရင် တော်ရာသွားမိုက်၊ ဒါလူကြီး လူကောင်း တွေကိစ္စ ရွာနာမည်မဖျက်နဲ့ သွားသွား"
"ခင်ဗျား ကတော့ လူကြီးလူကြီးနဲ့ ခက်တော့ ခက်နေပြီ"

ဘထွန်းတို့ကလည်း သည်လောက်ပြောနိုင်တာပါ။ ရပ်ရေးရွာရေး ဖြစ်လာပြီဆိုတော့ မလုပ် လို့ကလည်း မရဘူး။ ကိုဘ၇ှင်တို့အိမ်ဘက် ပြေးရတယ်။ ကိုချစ်တို့တို့ ဧည့်သည်တွေကတော့ လှည်းပေါ်ကဆင်းပြီး အိမ်ရှေ့ မှာ ရှိတဲ့ ထန်းကုလားထိုင်ပေါ် ထိုင်သူထိုင်၊ အမြစ်ဖော်ပြီး ပစ်ထား တဲ့သစ်ငုတ်တစ်တုံးပေါ် နှစ်ယောက် မျှ ထိုင်သူထိုင်၊ အိမ်ထဲဝင်ပြီး ထိုင်သူထိုင်ပေါ့လေ။ မျက် စောင်းတထိုးထိုး လုပ်နေကြတဲ့ ဘထွန်း တို့ လူသိုက်လည်း မျက်ခြည်မပြတ် ကြည့်နေရသေး တာကလား။

ဒေါ်ငွေ ကတော့ ဆေးလိပ်တိုကြီး မေးငေါ့သောက်နေတဲ့ မစွန်မအနား သွားပြီးလမ်းမှာ ဖြစ်ပျက်သမျှ ရုပ်ရှင် ရိုက်ပြ သလိုကို တစ်ခန်းချင်းပြောရင်း ချော့တယ်။ မစွန်မကလည်း လူတွေ ကိုယ်တိုင် ရောက် လာမှတော့ စိတ်လည်းပြေပါပြီ။ ဒေါ်ငွေ ကို ရေတွင်းကုန်းခေါ်ပြီး ရေမိုးချိုးခိုင်း၊ သူ့ အ၀တ်အစားထဲက သင့်တော်ရာ ၀တ်ခိုင်းလို့လို့ မြင်ရတာ သပ်သပ်ရပ်ရပ်ရှိသွားပါပြီ။ ယောက်ျားသား တွေကတော့ တစ်ယောက် မှ အ၀တ်အစား မလဲကြရသေးဘူး။ မောင်ကြိုင်လည်း သည်လိုပါပဲ။ ရွံ့ခြောက် တွေနဲ့ ထိုင် နေရတာပါ။ မိန်းမသားနှစ်ယောက်တည်းရှိတဲ့ အိမ်ဆိုတော့ ယောက်ျားဝတ်ဆိုလို့ စွပ်ကျယ်ပြဲ တောင် မရှိဘူးကိုး။ ဒါကိုမြင်တော့ ကိုဘမောင် က သူ့အိမ်ကပဲ ပုဆိုးဟောင်း၊ အင်္ကျီဟောင်းကလေးတွေ ယူခိုင်း လိုက်တယ်။ အေးသီသူငယ်ချင်း မြစန်း ပဲသွားယူ တာပါ။ ပုဆိုးအင်္ကျီတွေထဲက သင့်တော်ရာ ယူဝတ် လိုက်တော့ ပြောင်ပြောင်စင်စင်ဖြစ်ကြရပြီ၊

လူဝကြီး ဦးမှတ်တင်ကတော့ ယူလာတဲ့ ပုဆိုးအင်္ကျီတွေထဲက တစ်ထည်မှဝတ်မရဘူး။ လူကလည်း နှစ်ကိုယ်စာ မကတော့ လူဝကြီးခေါ်ကြတာလည်း မပြောနဲ့။ ၀လိုက်တာကလည်း ရေအထမ်း နှစ်ဆယ်လောက် ၀င်တဲ့ ရော့ငါးဆယ်စဥ့်အိုးကြီးလောက်ကိုး။ တော်ရုံ ချုပ်ပြီးသား အင်ကျိံဝတ်မရတော့ စက်ချုပ် ဆိုင်မှာ စပယ်ရှယ် အပ်ဝတ်ရတဲ့လူ။ ပုဆိုးကလည်း ခြောက်တောင် ကွင်းမှပတ်မိရုံရှိသူပါ။ သည်လို ပုဆိုးမျိုး အင်္ကျီမျိုးက လယ်ပြင်ကြီးတစ်ရွာလုံး ရှာလို့မှမရနိုင် လေတော့ ခက်ရပြီး။ ကိုလှမောင် ကတော့ ရိုးရိုးသားသားမေးတယ်။
"ဘုန်းကြီးကျောင်းမှာတော့ တင်းတိမ်ကြီးရှိတယ်၊ ပတ်ထားရင်ဖြစ်သားပဲ"
"နေပါစေတော့ဗျာ၊ လူပြက်နဲ့ တူနေပါ့မယ်"

နောက်ဆုံးတော့ ပုဆိုးနှစ်ကွင်းကို တစ်ကွင်းဖြစ်အောင်တွဲသီးပေးလိုက်ကြရတယ်၊ အင်္ကျီကတော့ ပုဆိုးပိုင် တစ်ထည် ခြုံထားလိုက်တာပါပဲ။ အေးသီချမျာ ပေကျံလာတဲ့ ပုဆိုးအင်္ကျီတွေကို ဗွေး ထုတ်တို့နဲ့ ညတွင်း ချင်း ဖွပ်ဖို့လျှော်ဖို့ စီစသ်ရတော့တာပေါ့။ မနက်ဖြန်ပြန်တော့လည်း ဒါပဲဝတ်ကြရမှာ မဟုတ်လား။ ညဘက် ဖွပ်လျှော်ပြီး လှမ်းထားရင် လေသလပ်တာနဲ့ ခြောက်နိုင် တယ်။ မိုးလင်းတော့ နေကလေး ပြလိုက်ရင် ၀တ်လို့ရပြီ။ အ၀တ်မခြောက်မချင်း လူဝကြီးခမျာ ကိုယ်တုံးလုံးကြီးနေရရှာတယ်။ ဒါကိုပဲ ရွာကအပျို တွေမှာ သဘောတွေကျကြလွန်းလို့လေ။
ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းကတော့ နေပူမိလာလို့ ထင်ပါရဲ့ ကိုယ်ကလေး ကောက်ကာ ငင်ကာ ပူလာရာက ဖျားလိုက်တာ ခြစ်ခြစ်တောက်လို့။ တရုတ်ကြီး ဦးဝန် ခမျာလည်း အသားတွေ နီလို့။ ကိုကျော်သန်း ကတော့ အခုမှစိတ်အေးရပုံနဲ့ ပုံကျသွားပြီ။ ဖျာပေါ်ခဏလှဲရာက အိပ်ပျော် သွားလေရဲ့။ကားမောင်းခဲ့ရသူဆိုတော့ သူတကာထက် ပင်ပန်းမှာပေါ့။ ကိုချစ်တိုး နဲ့ ကိုကျော်ဝင်း ကတော့ လူရွယ် တွေ ပီပီ ရွာကလူကြီးသူမတွေကို အကျိုးသင့်၊ အကြောင်းသင့် အာလာပ သလ္လာပ စကားတိုင်း ပြောကြ ရတယ်။ မောင်ကြိုင် ကတော့ အေးသီအနားက မခွာဘူး။

လူမိုက်ဘထွန်း တို့ ရောက်လာတော့ အိမ်ရှေကကွက်လပ်မှာ ဖျာတွေခင်းကြ ဘက်ထရီမီးချောင်း တွေ ထွန်းကြ။ ကာလသားပိုင်းက မီးမွှေးကြ၊ ရေနွေးတည်ကြ။ မိန်းမပျိုပိုင်းကလည်း လင်ပန်းတွေ၊ အကြမ်းပန်ကန် တွေ ချကြနဲ့ ၀ိုင်းလိုက်ကြတာ ချက်ချင်း ကျေးလက်မိန်းမမြန်ူး အခမ်းအနား လေး တစ်ခုဖြစ်သွားခဲ့ပြီ။ ပြဿနာက ဧည့်သည်တွေ ထမင်းမစားကြရသေးတာပေါ့။ ကိုလှမောင် က မစွန်မကို လက်ကုပ်ခေါ်သွားပြီး အကျိုးအကြောင်း မေးတယ်။ မစွန်မတို့မှာ ဆန်ရယ်၊ ဆီရယ်၊ ဟင်းချက်စရာရယ် ရှိရဲ့ လား။ ဘာစီစဉ်ထားသလဲမေးတာပါ။ မစွန်မလည်း မနက်ကလာ မယ်ထင်ပြီး ရှိသမျှနဲ့ ချက်ပြုတ် ထားတဲ့အကြောင်း ဧည့်သည်တွေမလာတော့ ချကျွေးလိုက်တာ ကုန်တဲ့အကြောင်း၊ သည်အချိန်ကြီးကျမှ မစီမံ တတ်တဲ့ အကြောင်း ပြောပြရှာတယ်။

ကိုလှမောင် တစ်ချက်စဉ်းစားလိုက်တယ်၊ ကျွေးရမှာတော့ ကျွေးရမှာပဲ။ ငွေစိုက်ထားရတာလည်း အကြောင်း မဟုတ်ဘူး။ ခက်တာက အခုမှ ချက်ပြုတ်နေရင် ကြတော့မယ်။ သည်တော့ တစ်စတစ်စ နဲ့ လူဝိုင်း လာတဲ့ ရွာခံ တွေကို ရွာထဲရှိသမျှ ထမင်း နဲ့ ဟင်းရှာခဲ့ကြဖို့ မေတ္တာရပ်ခံတယ်။ ထမင်းထုပ် ဆင့်တဲ့ သဘော ပေါ့။ ရွာကလည်း မနေပါဘူး။ အဝေးက ဒုက္ခရောက်လာကြတဲ့လူ တွေဆိုတော့ တောသူ တောင်သား သဘာဝ ကျွေးချင်စိတ် ရှိကြတဲ့သူချည်းပါပဲ။

ထမင်းကျန် ဟင်းကျန်တွေ တစ်ယောက်တစ်အိုး၊ တစ်ပန်းကန် သယ်လာလိုက်ကြတာ ဖျာပေါ်မှာ ခင်းထား တဲ့ ခုံဝိုင်းကြီးသုံးလုံးနဲ့အပြည့်။ လူနှစ်ယောက်ကဆိုရင် ဆွမ်းဟင်းဗျပ်ကြီးလို ဆိုင်းထမ်းဗျက်ကြီး ၀ါးလုံး လျှိုထမ်း လာကြတာမှာ ဟင်းလွက်တွေ အခွက်နှစ်ဆယ်လောက် ပါလာလေရဲ့၊ စားမယ့်လူ နဲ့ ဟင်းထမင်း နဲ့ တောင် မလိုကတော့ပါဘူး။ ဖျာပေါ်တင်ပျဉ်ခွေထိုင်ချပြီး စားလိုက်ကြစမ်းဆို တာများ ဂွဲမသတ် နိုင်ကြဘူး။ ရွာကလည်း ပွဲမဟုတ် လမ်းမဟုတ်ဧည့်သည်တွေ ထမ်းစားကြတာ ကိုဝိုင်းအုံကြည့်ကြလို့။
ဧည့်သည်တွေ ချည်းစားကြတာမဟုတ်ပါဘူး။ တစ်နေ့လုံး သောက်စားထားကြတဲ့ ဘထွန်းတို့ အဖွဲ့ ကလည်း အခုမှ ဆာလာကြပုံပေါ်ပါရဲ့။ ၀င်စားကြတယ်။ ၇ွာကလူတွေ ၀ိုင်းကြည့်ကြတဲ့ ကြားက ကိုချစ်တိုး လို လည်း ရှက်မနေနိုင်တော့ပါဘူး။ ဘာဟင်းရယ်၊ ညာဟင်းရယ် မတွက်ကြ တော့ဘဲ ထမင်းပန်းကန်ထဲ သွန်သွန် ချပြီး နယ်ရေဖတ်ရေ စားကြတာများ ခံတွင်းလိုက်လွန်းလို့ ထမင်းလိုက်ရတာ ခဏခဏ။ နေ့လယ် ဘက်က လာရင်ရိုက်မယ်ဆိုတဲ့ လူတွေနဲ့ အရိုက်ခံမယ့် လူတွေအခုတော့ ထမင်းလက်ဆုံ စား နေကြပါလားလို့ သံဝေဂယူမယ်ဆိုရင်လည်း ယူစရာပါ။ ဟင်းခွက်တွေများတောင် အချင်းချင်း ကမ်း လိုက်ကြလို့။

ရွာကလူတွေ မြို့သွားတွေပီပီ ကားကြီးစီးပြီး ဖိတ်ဖိတ် ဖိတ်ဖိတ်အရောင်တွေထွက်အောင် ဂိုက်ကြီး ဆိုက်ကြီး တွေနဲ့ လာကြမယ် ထင်ကြရာက ရွံ့တွေ ဗွက်တွေ ပေကျံပြီး ကားကြီးနဲ့ ရောက်မလာဘဲ လှည်းအကြုံ ငှားစီးလာ ရတာကို အံ့သြနေကြတယ်။ သည်ကြားထဲ စားလိုက် သောက်လိုက်ကြတာ ထမင်း တွေ ဟင်းတွေဆိုတာ ပေါက်ပြားနဲ့ ခုတ်ခုတ်ချနေသလိုပဲ။ ရွာက တည်တည်ပပ ဧည့်မခံ ရလို့ အားနာကြ ပုံလည်း ပေါ်ပါရဲ့။ လူဝကြီး ဦးမှတ်တင်က ရိုးရိုးထမင်းပန်း ကန်နဲ့မစားဘဲ ကန်တော့ပွဲထည့်တဲ့ ဇလုံကြီးနဲ့ ထမင်းတစ်စလယ် ချက်လောက်ထည့်၊ အနားရှိ တဲ့ဟင်းခွက်နှစ်ခါက်လောက် မှောက်ချပြီး လက်ခုပ်ကြီးနဲ့ ပါးစပ်ထဲပေါက်ပေါက်သွင်းတာကို လူတွေကကြည့်ပြီး ရယ်ကြတယ်။ ထမင်းတစ်လုပ် တစ်လုပ်ကလည်း ဥသျှစ်သီး လောက်ရှိတာ မှုတ်လား။
"ဆရာကြီး ထမင်းထည့်ဦးလေ၊ အစားနည်းလှချည့်လား"

ရွာက အာကျယ်ကျယ်တစ်ယောက်က နောက်တော့ လူဝကြီး ဦးမှတ်တင်က စကားမပြန်နိုင် ဘူး။ ငရုတ်သီး တွေ စားမိလို့ အာပြဲနေပြီ။ ဘက်ထရီမီးချောင်းရောင်က ခပ်မှိနှ်မှိန်ဆိုတော့ ဘယ်နား ဘယ် ဟင်းခွက် ရှိလို့ရှိမှန်း မသိဘဲ ထမင်းထဲမှောက်ချသမျှ ဟင်းနှစ်ပန်းကန်က ငရုတ်သီးချက်တွေ ချည်းဖြစ်နေတာကိုး။ ရေတစ်ခွက် တောင်းသောက်ပြီး အစပ်ပြေမှ ပြန်စတယ်။
"နေဦးဟေ့ ညည်းတို့မေးတာ မဖြေနိုင်သေးဘူး၊ ပါးစပ်မီးလောင်နေလို့ဟ"
မိန်းမ တွေက ရယ်ကြပြန်ရော။ မအာကျယ်ကလည်း မခေဘူး။ ပြန်စတယ်။

"ရွာမှ ရေစုပ်စက်တွေ ရှိပါ့တော်၊ ပါးစပ်ထဲပိုက်ထိပ်က သံဘီးလူးခေါင်းတပ်ပြီး ရေဖွင့်လိုက်ရုံပါ"
ဝါးခနဲ ရယ်ကြပြန်ရော။ ရွာသားတစ်ယောက်က "ဟ….တို့ရွာ ဘုန်းကြီးပျံတုန်းက ရုံသွင်းပြတဲ့ ဆိတ်တစ်ကောင် ရေတစ်ပုံးစားသောက်တဲ့ စပါအုံးမြွေကြီးလို ပြပွဲတောင် ပြဖို့ကောင်းတယ်"တဲ့။ လူဝကြီး နဲ့ ရွာကတော့အဖွဲ့ကျနေကြပြီ။

ကျောင်းအုပ်ဆရာကြီးက ဖျားနေတာဆိုတော့ ရွာက ငန်းဆေးနဲ့ ရေနွေးပူပူတစ်ခွက်ပေးလို့ သောက်ချ လိုက်တယ်။ မောင်ကြိုင်က အေးသီတို့ အိမ်မှာရှိတဲ့ တေဇောဘမ်းဘူးကို ဖွင့်တဲ့ပြီး ဆရာကြီးကို လူး ပေးတော့ ပူလိုက်တာဆိုတော့ ဖျတ်ဖျတ်ကိုလူးလို့။ ပြီးတော့ ဆရာကြီးကို အိမ်ထဲမှာ သင်ဖျူးခင်း၊ ခေါင်းအုံး ကလေးချပြီး ခဏမှိန်းခိုင်းထားလိုက်တယ်။ လူဝကြီး သထမင်းစားပြီးတော့ အိုးတွေ ခွက်တွေ ပြန် သိမ်းကြ၊ ပေတာကျံတာတွေ သုတ်သင်ကြ၊ ရှင်းလင်း ကြလုပ်လိုက်ကြတာ ချက်ချင်းပဲ ဧည့်ခံ စရာ နေရာ ဖြစ်သွားတယ်။ မိန်းမပိုင်းကလည်း ကောက်ညှင်းမုန့်တွေ ကြော်ကြ၊ လက်ဖက်တွေသုပ်ကြ၊ ရေနွေးပွဲ တွေ ပြင်ကြ။ သည်တော့မှ ရွာလူကြီးတွေရော၊ ဧည့်သည်တွေပါ ၀ိုင်းထိုင်ကြပြီး အကျိုး အကြောင်း တွေ မေးကြဖြေကြရတာပေါ့။ သည်တုန်းမှာပဲ သောင်းစိန် ခေါင်းငိုက် စိုက်ကြီးချပြီး ၀ိုင်းထဲ ၀င်လာတယ်။ ကိုလှမောင်ကတော့ သူ့ရွာသူပိုင်တဲ့သူဆိုတော့ သောင်းစိန်တို့ အုပ်စုကို နေရာလွတ်မှာ မီးဖိုကျင်း တူးခိုင်းတယ်။ ရေနွေးတည်ရမှာကိုး။

"ကိုင်း ငါ့တူများ မီးဖိုကျင်းတစ်ကျင်းတူးကွာ ရေနွေးတည်ရအောင်၊ မိုးလင်းကာနီးတော့ ထမင်းဟင်း ချက် ရမဟေ့၊ ကိုဘိုးမြ သွားခေါ်စမ်း ရွာထဲက ကြက်သုံးကောင်လောက်လည်း ဖမ်းခဲ့လို့ပြော၊ ဆန်လေးပြည်ပါ ၀ယ်ခဲ့၊ ထမင်းဟင်ချက်ကတော့ ဒေါက်မီးဖိုးခွင်တွေပါတယ် မဟုတ်လားဟေ့ ဘထွန်း"
"ပါပါ့ဗျာ"
"ကိုင်း သောင်းစိန် တို့က တူးကွာ ရေနွေးပါတည်"
ရည်းစားလူလု ရတဲ့ကြားထဲ အရပ်လူကြီးက မီးဖိုကျင်း တူးခိုင်းနေတော့ သောင်းစိန်မှာ အူနုကျွဲခတ် ရုံတင် မကဘူး၊ ကျွဲနင်းပါခံနေရတာမျိုး ဖြစ်နေလေရဲ့။ အသည်းကွဲနေရတဲ့ကြားထဲ ချစ်သူမင်္ဂလာ ဆောင်မှာ ရေနွေးအိုး တည်ရသကော ဆိုတာကို ရွာကပြုံးကြတာလည်း သောင်းစိန်က ရိပ်မိတယ်။

"လုပ်ပါ သောင်းစိန်ရယ်၊ နင့်အတွက် နောက်ဆုံး ကုသိုလ်လေးတော့ ယူလိုက်ပါ"
"မင်းလည်ပင်းက သော့ခလောက်နဲ့ သော့တံနှစ်ချောင်းတွဲက ခမည်းပေးထားတာလားကွ ဟေ"
"သောင်းစိန် မင်း နေ့ခင်းကတုတ်တကားကားနဲ့ ညဖက်ကျတော့ တူရွင်းနဲ့ ကျင်းတူးနေပါပကော"
သောင်းစိန် ကို တစ်ယောက်တစ်ပေါက် စနေကြတာပါ။ သောင်းစိန်ကလည်း အစခံရလေ မျက်နှာကြီး ရဲလေ။ စိတ်တွေဘာတွေလည်း မဆိုေးတာ့ပါဘူး။ ရင်ထဲမှာ နာနေတာပဲ ရှိတော့တယ်။ ရွာကလည်း စိတ်မဆိုး ကြတော့တဲ့ အပြင် ထမင်းတောင် ကျွေးနေမှတော့ မောင်ကြိုင်လာရင် ၀င်ရိုက်မယ်ဆိုတဲ့ စိတ် တွေ လည်း လျှော့လိုက်ရပြီ။ လျှော့လိုက်ရတဲ့အပြင် ရေနွေးအိုးပါ တာဝန်ယူနေရပြီပေါ့လေ။ သည်ကြားထဲ အေးသီ က သောင်းစိန် ရယ် ကိုယ့်နှမ မင်္ဂလာကိစ္စမှာ အောက်ကျတယ် မထင်ပါနဲ့ဟယ်၊ ငါမြို့ရောက်ရင် မြို့သူ တစ်ယောက် ပို့လိုက်ပါ့မယ် လို့ နောက်လိုက်တော့ သောင်းစိန်က ဆတ်ဆတ်ခါ လို့။ သူချစ်ခဲ့ရတဲ့ အေးသီ စတာ ကိုတော့ သူမခံနိုင်ဘူးနဲ့ တူပါရဲ့။ မျက်ရည်တွေဝဲလို့။
"နင်သာ မြို့သားယူပါဟာ၊ ငါတို့က တောသားပါ၊ မြို့သူယူဝံ့ပေါင်ဟာ"
"ကျုပ်တို့တော့ တောကကာလသားတွေက မကြိုက်လို့ပါတော်၊ မြို့သားမယူချင်ဘဲ ယူရတာ"
အေးသီ က ပြန်ကလိတော့ သောင်းစိန် ဘာပြန်ပြောရမှန်း မသိဘူး။ မျက်လုံးကြီး ပြူးရုံပဲ ပြူးနိုင်တော့ တယ်။ တကယ်ဆို သူကိုယ်တိုင် ချစ်ရေးဆိုခဲ့တာ မဟုတ်လား။ မြို့သားမယူချင်ဘဲ နဲ့ ယူရတာဆိုတဲ့ စကား ကို မောင်ကြိုင်ကလည်း စိတ်မဆိုးပါဘူး။ ကာလသား ကာလသမီး သူငယ်ချင်းတွေ အချင်းချင်း မခံချင် အောင် စကြတာလို့ပဲ ထင်တာပါ။ မျက်နှာကြီးတောင် ပြုံးထားလိုက် သေးတယ်။ ဒေါ်ငွေ နဲ့ မစွန်မ တို့ စကားဝိုင်း မပြတ်သေးဘူး။ ဘာတွေပြောနေကြမှန်းလည်း မသိဘူး။

"ကိုင်း…ကိုင်း ရွာသူရွာသားတွေလည်း ရှိသင့်သလောက် ရှိကြတုန်း သည်ကနေ့ ဖြစ်ပျက်ခဲ့တာလေးတွေ ရွာ က ကျေနပ်အောင် အကျိုးဆောင် ဆရာကိုချစ်တိုး က တောင်းပန်စကား ပြောပါလိမ့်မယ်၊ နားထောင် ကြဟေ့"
ရွာလူကြီး ကိုလှမောင်က ကိုချစ်တိုးနဲ့ တိုင်ပင်ပြီး ထကြေညာလိုက်ရင်ပဲ အားလုံးငြိမ်သွားကြတယ်။ ကိုချစ်တိုး က မင်္ဂလာစကားပြောဖို့ရော၊ ရွာကိုတောင်းပန်ဖို့ပါ စကားပြောမယ်ဆိုတဲ့ စိတ်နဲ့ထလိုက် တယ်။ သူဝတ်ထားတဲ့ ပုဆိုးက တိုတိုကလေးဖြစ်နေတော့ ထန်းပင်ပုဆိုးပတ်ထားသလို ဖြစ်နေတယ်။ အင်္ကျီ ကလည်း ကြုံရာဆွဲယူလာတဲ့ အင်္ကျီဆိုတော့ ခါးကြပ်ကလေး နဲ့ မောင်ကြိုင်ကတော့ သူ့မင်္ဂလာ ကိစ္စ ပြောမယ့် လေးချစ်တိုးကိုကြည့်ပြီး ရယ်ချင်လိုက်တာ မပြောနဲ့တော့။ တကယ့်စာခြောက်ရုပ်မှ စာခြောက်ရုပ်။

"ကျွန်တော်တို့ သည်ကနေ မန္တလေးကထွက်လာတာ မနက်ခုနှစ်နာရီ ထိုးကတည်းကပါ"
"မောင်ကြိုင် က စစ်ကိုင်းအနောက်တင်ဆိုတော့….."
ကိုချစ်တိုး က ဖြစ်ကြောင်းကုန်စင် ပြောပြလိုက် တာ နာရီဝက်လောက်ကြာတယ်၊ ရွာကလူတွေလည်း ငြိမ်ပြီး နားထောင်နေကြရတယ်။ ကိုချစ်တိုးက စကားကိုခြေခြေမြစ်မြစ် ပြောတတ်ပေမယ့် သူတို့အထဲ မှာ အသက်ဂုဏ်၊ ပညာဂုဏ်ကြီးတဲ့ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်း ကို ရှေ့တန်းတင်လာခဲ့တာပါ။ ဒါပေမယ့် ဆရာကြီး က ဖျားလိုက်တာ ပိုးလိုးပက်လက်လန်နေပြီဆိုတော့ မင်္ဂလာစကား ကို ဝေမျှပြော ဖို့ သူ စဉ်းစား နေမိတယ်။ လူဝကြီးဦးမှတ်တင်က အင်္ကျီမပါဘူး။ ပုဆိုးကလည်း နှစ်ကွင်းစပ်ဆိုတော့ မင်္ဂလာ စကား ပြောရမယ့် ပုဂ္ဂိုလ် က အင်္ကျီမပါတာ ဟန်မကျလှဘူး။

သည်တော့ တရုတ်ကြီး ဦးဝန် ကို စဉ်းစားပြန်တယ်။ သူကလည်း မဟုတ်လောက်ဘူး။ စကားလေးလုံး ကွဲတာ မဟုတ်တော့ ထပြောခိုင်းမှ ဘောက်တိဘောက်ထိုး ဖြစ်မှာလည်း စိုးရသေးတာကိုး။ ဒါဖြင့် ကိုကျော်ဝင်း ကော။ ကိုကျော်ဝင်းက လူအေး။ ကိုကျော်ဝင်းက သူ့ကန်တော့ပွဲပဲ စိတ်ဝင်စားတာပါ။ လူဝကြီး ထမင်းစား တဲ့ ဇလုံကိုဆေးခိုင်း ပြီး ငှက်ပျောသီးကြွေတွေနဲ့ အုန်းသီးကြွက်မြီးပြုတ်ကို စုထည့် ထားတယ်။ ညာဘက်ကြီး ကန်တော့ပွဲ တစ်ပွဲ ရအောင် စီစဉ်ရင် ဖြစ်မှာပေါ့။ ရွာပဲ။ ဒါပေမယ့် ရွာလက်ဝင် မှာ စိုးရတာ နဲ့ ရှိတာနဲ့ ကန်တော့ပွဲ ပြင်ထားလိုက်တာပါ။ ကိုကျော်သန်း ကတော့ ဝေးရာ။ စကား မပြောတတ် လို့ကို လူကြီးတွေ ခေါ်လာ တာမဟုတ်လား။ သည်တော့ကိုချစ်တိုးက သူတစ်ယောက်တည်း ကြဲရတော့မယ် ဆိုတာ သဘော ပေါက်လိုက်ပြီ။

"အဲသည်တော့ ရွာကလည်း ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။ မရိုမသေမလေးမစားလည်း မလုပ်ဝံ့ပါဘူး။ ဥပမာ ကန်တော့ပွဲ ပဲကြည့်၊ ကားပေါ်မှာ ပိုက်ပွေ့လာတဲ့ကြားက ပြုတ်ကျပြီး ကြွက်ပြီးပြတ်အသီး ကြွေတွေ ဖြစ်နေတာ ကို နားလည်သာပေးကြပါတော့။ ရွာသူရွာသားများကော ကာယကံရှင် ဒေါ်စွန်မ ကောသည်လို ဖြစ်တာတော့ မကျေနိုင်ပါဘူးဆိုရင် မနက်ကန်တော့ပွဲ အသစ်လဲပေးပါ့မယ်။ အခုတော့ ဟောသည်က အရပ်လူကြီး ဦးလှမောင် နဲ့ ညှိပြီး သည်ကနေ့ညပဲ မင်္ဂလာစကာပြောတာပါ၊ ခုံတင်စရာရှိ တာတင်ပါ ဆိုလို့ ကျွန်တော်တို့ ချက်ချင်း စီစဉ်ရပါတယ်။"

ရွာဘက်က မင်္ဂလာစကားပြောမယ့် ဘကြီးဖိုးကိုး ရောက်လာတယ်။ တောင်ဝှေးကြီး ထောက်ဝင်လာ ပြီး ကွက်လပ်ထဲ ၀င်ထိုင်ရင်း ကိုချစ်တိုးကို ကျွဲကော်ကိုင်းမျက်မှန် ထဲကနေပြူးကြည့်တယ်။ ချထားတဲ့ ကန်တော့ပွဲ လည်း ကြည့်တယ်။ မင်္ဂလာကိစ္စဆိုတော့ သားရှင်မိဘက် သမီးရှင်မိဘက် ကန်တော့ပွဲ တင်ပြီး တောင်ရမ်း ရတာ အဓိကကိုး။ ကျန်တဲ့ ပစ္စည်းဆန်း ဆိုတာ ရှိလည်းတင်ပေါ့။ မရှိတော့လည်း မတင်လို့ ကိစ္စ မရှိဘူး။ သို့သော်လည်း ကန်တော့ပွဲကတော့ ပါရမယ်။ အင်္ဂါစုံရမယ်။ ပြည့်စုံရမယ်။ ကန်တော့ပွဲ ဆိုတာ ကန်တော့တဲ့ပွဲ။ ကျေအေးခြင်း၊ ငြိမ်းချမ်းခြင်း၊ ဂါရ၀ပြုခြင်း၊ နှိမ့်ချခြင်း၊ မင်္ဂလာရှိ ခြင်း စတဲ့ သဘော ကို ကိုယ်စားပြုတာ။ အခုတော့ ကြွက်ပြီးပြုတ်နဲ့၊ ငှက်ပျော်သီးဖီးပဲ့ ဇလုံထဲစုထည့် တာကတော့ တိုင်းစွန်ပြည်နား ကြားလို့မှမတော်ပါလားလို့ တွေးတယ်။ နားစွန်နားဖျားနဲ့ လိုက်လာရ တာဆိုတော့ အကျိုး အကြောင်း လည်း မသိပဲကိုး။ ယိုင်လျက်က သူ့တောင်ဝှေးကြီးနဲ့ လှမ်းထိုးပြီး စကား ခဏရပ်ခိုင်း ရော။

``နေပါအုံးကွယ် နေပါအုံးကွယ့် မင်းတို့ ကန်တော့ပွဲက ဘယ်နှယ်ဟာတုံး၊ မင်းတို့ဟာ ရွာကိုရော မိန်းကလေး ရှင် ကိုပါ စော်ကားသလို ဖြစ်နေပါပကောလား၊ ငါ့တူရဲ့ မင်းတို့ဟာ မင်္ဂံလာဆောင်နဲ့မတူဘဲ ရွာစာချ သလို ဖြစ်နေပါလားကွဟေ၊ အုန်းခေါင်တစ်လုံး ငှက်ပျောဖီးဆိုင်၊ လက်ဖက်ကွမ်းယာပါမှ ကန်တော့ပွဲ ဖြစ်သကွဲ့၊ ခု ချက်ချင်း ကန်တော့ပွဲလဲပါ။ ``

ရွာ့အမ်းအဖဖြစ်တဲ့ ဘကြီးဖိုးကိုး က ငေါက်တော့ ကိုချစ်တိုး ထိုင်ရမလို ထရမလို ဖြစ်သွားတယ်။ သူ အကျိုး အကြောင်း ပြောတုန်းက မရှိတော့ တစ်ခါပြန်ပြောရမလို ဖြစ်နေပြီ။ ရွာကလည်း ဘကြီးဖိုးကိုပြော မှ ပွစိပွစိ ဖြစ်လာတယ်။ ကျေနပ်ကြတာလား၊ မကျေနပ်ကြတာလားလည်း မသိရတော့ ကိုချစ်တိုးရော ကိုကျော်သန်း ပါ လူတွေကို အကဲခတ်တယ်။ ကိုကျော်သန်းက ညတွင်းချင်း ကန်တော့ပွဲရနိုင်မလားလို့ ကိုလှမောင် က ခေါင်းကုတ်တယ်။ ရွာမှာက ဈေးရယ်၊ ဆိုင်ရယ်ကန္နားရယ်လို့ ဟီးဟီးထအောင် ဖွင့်ထားတာ မရှိတော့ ဘယ်နားသွားဝယ်ပါလို့ ပြောလို့ကလည်းဖြစ်တာမဟုတ်ဘူးလေ။

ရွာကအုန်းပင် တွေတော့ရှိတယ်။ ငှက်ပျောပင်တွေလည်းရှိတယ်။ ကိုကျော်သန်းက ပိုက်ဆံငါးထောင် ထုတ် ပေးပြီး ဖြစ်အောင်လုပ်ပေးပါဗျဆိုတော့ ကိုလှမောင်က ညတွင်းချင်း စီစဉ်ရပြန်ရော ``စံမြ လာဦး၊ မခင်ပိုင် အိမ်တို့အိမ်သွား အုန်းသီးတစ်လုံး တက်ဖဲ့စမ်း ကျသလောက်ပေးခဲ့၊ မစိန်တင့်က ကိုကြွက်သိုး တို့ ခြံက ငှက်ပျောတစ်ခိုင် ခုတ်ချောအဖီးလှလှသုံးဖီးရအောင် တစ်ခါတည်းလုပ်ခဲ့၊ စသွားဗျာ မြန်မြန် နို့မို့ မင်္ဂလာ စကား ပြောဖို့ သန်းခေါင်ကျော်မှ ထလုပ်နေရလိမ့်မယ်``
ကျုစံမြလည်း သူ့တစ်သက်လုံး အုန်းပင်တက်လာတာ တစ်ခါမှ ညဘက်မတက်ဖူးဘူး။ သည်တစ်ခါပဲ ညဘက် တက်ရမှာဆိုတော့ လက်နှိမ့်ဓာတ်မီးပြမယ့်လူ တစ်ယောက်ခေါ်ပြီး ထွက်သွားရော။ မစိန်တင့် ကလည်း ရွာအနောက်ဖျားက ငှက်ပျောခြံဖက် မိန်းမဖော်နှစ်ယောက်နဲ့ သွားကြပြီ။ ကိုချစ်တိုးကလည်း ပြောလက်စ စကားရပ်ပြီး ထိုင်ချလိုက်ရတော့တာပါပဲ။ သ တိုး သား မောင်ကြိုင် ကတော့ ဖျားနေတဲ့ ကျောင်းအုပ် ဆရာကြီး ကို ခြေတောက်တွေ နှိပ်ပေးနေလေရဲ့။

လူဝကြီး ကိုမှတ်တင် ကလည်း အကျီင်္ချွတ်ကြီးနဲ့ ငုတ်တုတ်။ ကိုကျော်သန်း ကတော့ သူကားဆီ စိတ်ရောက် နေတာပါ။ နေ့တွင်းချင်း ပြန်လာခဲ့မယ် ပြောထားခဲ့ကြတာဆိုတော့ အိမ်က မိသားစုတွေလည်း စိတ် တွေပူ နေကြ ရောမယ်လို့ တွေးမိတယ်။ မတော်တရော်တွေးပြီး ပူကြမှာလည်း စိုးရသေးတယ်။ မနက်တော့ စောစောထပြန်ရမှာပဲလို့ တွက်တယ်။ သည်ရွာက လှည်းငှား၊ သဖန်းတောက်ကားသွာယူ၊ သည်ဘက် လမ်းကောင်းကို ပြန်မောင်းရမယ့် ခရီးစဉ် ကလည်းမသေးဘူး။
ရွာသူရွာသား တွေကတော့ ရီရီစိစိ ဖြစ်ကြရာက လူတွေတောင် ထပ်တိုးလာသေးတယ်။ ဘက်ထရီ မီးချောင်း တစ်ချောင်းစ နှစ်ချောင်းစကလည်း မှိန်ချင်လှပြီ။ ကိုချစ်တိုးကို လှမ်း ကြည့်ုတော့ သူလည်း မေး ထောက်ပြီး ကန်တော့ပွဲစောင့်နေလေရဲ့။ မကြာပါဘူး။ အုန်းသီး က အရင်ရောက်လာ တယ်။ အုန်းသီးကို ရေ ဆေးခိုင်ပြီး ကြွက်မီးထိုး၊ ငှက်ပျောသီးသုံးဖီး ပါ ရောက်လာတော့ ပြည့်စုံသွားပြီ။ လက်ဖက်နဲ့ ကွမ်းယာ ကတော့ရှိတယ်။ အားလုံးစုံတော့ ကိုလှမောင်ကထပြီ။

``ကိုင်ဟေ့ ကိုင်းဟေ့ မင်္ဂလာစကားပြောတော့မယ်၊ ဧည့်သည်တွေက မနက်နက်စောစော ပြန်မှာဆိုတော့ ခင်ဗျား တို့လည်း မနက်ဘက်အားကြတာ မဟုတ်ဘူး။ ကနေ့ညပဲ အကျဉ်း ရုံး လိုက် ရ သယ်။ ဘကြီးဖိုးကိုး က ဧည့်သည်တွေ ပြောပါစေဦးဆိုတော့ ကိုချစ်တိုးလည်း ထ.ရရော။ အားလုံးငြိမ်ကျသွားကြပြန်တယ်။ သတိုးသား က လူမမာ ကို နှိပ်ပေးလို့။ သတို့သမီးက မအေ့ဘေးမှာ ထိုင်လို့။ သောင်းစိန်က ရေနွေအိုး မီးထိုးလို့ ။ သည်တစ်ခါတော့ ကန်တော့ပွဲ က စိုစိုဖက်ဖက် ရှိသွားပြီ။ မီးရောင်တွေကျသွား တဲ့ လယ်ပြင်ကြီး မင်္ဂလာည မှာ ကိုချစ်တိုး အသံ က သြသြကြီး ထွက်လာတယ်။
``ကျွန်တော်တို့ ကို ရွာသူရွာသားတွေက ၀ိုင်ကူကြလို့ အားလုံး အဆင်ပြေပါပြီ။ မင်္ဂလာလည်းရှိသွားပါပြီ။ လူငယ်နှစ်ယောက် အတွက် မင်္ဂလာစကားကိုတော့ ရွာခံဘကြီးကိုးကပဲ ပြော ပေးပါ။

ကျွန်တော်တို့ ကလည်း နာယူမှတ်သားချင်ပါတယ်။ ကျွန်တော်တို့ အပိုင်းကတော့ ရွာသူရွာသားများ ရှေ့ မှာပဲ သတို့သားဘက်က တင်ရမယ့် ပစ္စည်းကို တင်ပါမယ်။ ကိုကျော်သန်း… လာဗျို့``
ကိုကျော်သန်း က အထုပ်တစ်ထုပ်နဲ့ ကိုချစ်တိုးအနား ရောက်လာတယ်။ ရွာသူရွာသားတွေကတော့ စိတ်ဝင်တစား ရှေ့တိုးကြည့်ကြတယ်။ ဘာတွေများပါလိမ့်ပေါ့။ သောင်းစိန် ကတောင် မီးဖိုနားကနေ ရှေ့ ကို ထွက်လာခဲ့တယ်။ တစ်ရွာသားနောက်ပါသွားမဲ့ ချစ်ခွင့်မရလိုက်တဲ့ ချစ်သူ ကို တင်တောင်း တဲ့ ပစ္စည်း မဟုတ်လား။ သူ့လည်ပင်းမှာတော့ သော့အိမ် (သော့ခလောက်) သေးလေးတစ်လုံးနဲ့ သော့တံ နှစ်ချောင်း ကို ကြိုးမည်းတစ်ချောင်းနဲ့ ဆွဲထားတာတောင် မဖြုတ်သေးဘူး။ နောင်ဆုံးအထိ မျှော်လင့် နေသေး တဲ့ ပုံပေါ့လေ။

``ဒါကတစ်ကျပ်သား ဆွဲကြိုးတစ်ကုံးပါ၊ ဟောဒါက တစ်ကွင်းကို ငါးမူးသား လက်ကောက်တစ်ရံပါ၊ ဟောဒါက တစ်မတ်သားစီ ရှိတဲ့ လက်စွပ်နှစ်ကွင်းပါ၊ ငွေက တစ်သိန်းပါ၊ ဟောဒါက မောင်ကြိုင် ဆရာ တစ်ယောက် အနေ နဲ့ ကျွန်တော်ကူ တဲ့ လက်ဖွဲ့ငွေက ငါးသောင်းပါ``
ရွာသူရွာသား တွေက အသံတွေ ထွက်လာတယ်။ အေးသီ တောာ့ ကံကောင်းသွားပြီတို့၊ တစ်မ နက်စာ လုံး သေချင်းဆိုး သမက်၊ ကာလနာ သမက် လို့ ဆဲနေတာ မစွန်မတစ်ယောက် ခုတော့ ရွှေသမက်၊ ငွေသ မက် ဖြစ်ပြီ တို့၊ အေးသီတို့မှာ မြို့သားလည်းရသေး၊ လင်ကောင်းလည်းရသေးတို့ စသည်ဖြင့် မှတ်ချက် လည်း ထွက် လာတယ်။ ရွာက ၀မ်းလည်းသာနေကြတာပါပဲ။ ဒေါ်ငွေက ပစ္စည်းတွေကို အများရှေ့မှာပဲ အေးသီကို ဆင်ပေးတယ်။ ငွေတစ်သိန်းခွဲ ကိုလည်း မစွန်မ လက်ထဲ ထည့်တယ်။ မစွန်မမျက်နှာက မော့ လို့။

သည်မြင်ကွင်းကို ငေးစိုက်ကြည့်နေသူပကတော့ သောင်းစိန်ပေါ့။ အေးသီက သူတစ်သက်လုံး ချစ်ခဲ့ တယ်။ ချစ်ခွင့် အခါခါလည်း တောင်းခဲ့တယ်။ တောင်းတိုင်းလည်း မရခဲ့ပါဘူး။ ဒါပေမဲ့ သူ ဇွဲမ လျှော့ခဲ့ဘူး။ နတ်ကတော် က ယတြာလုပ်ရမယ်ဆိုတာတောင် သူယုံယုံ ကြည်ကြည် လုပ်ခဲ့တာ ပဲ ကြည့်လေ။ ခုထိ သော့အိမ် နဲ့ သော့တံကြီးဆွဲထားရတုန်း။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူအတွက်ကြေ ကွဲရ ပေမဲ့ နှမြောတသ ပေမယ့် အများရှေ့မှာ သည်လို ပြည့်ပြည့်စုံစုံ တောင်းရမ်းယူတယ်ဆိုတာကိုတော့ ၀မ်းသာမိတယ်။ သူ့တစ်သက် ရှိနေပြီ အေးသီ က မိန်းကလေးတောင်မန္တလေး သနပ်ခါးပို့တဲ့ အလုပ် လုပ်တယ်။ အခင်းထဲ ပေါက်၊ နေပူထဲ ငုတ်တုတ်ထိုင်ပြီး ပေါ်သမျှအလုပ်၊ ရသမျှလုပ်ခနဲ့လုပ် ကိုင်စား သောက်နိုင်ပါလျက် နဲ့ သူ အလုပ် မလုပ်ခဲ့ ဘူး။

မိန်းကလေးတစ်ယောက် မယုံကြည်ဝံ့တာ ဘာဆန်းမှာလဲ။
သတို့သားလုပ်တဲ့ မောင်ကြိုင်ကြည့်ရတားလည်း တောသူတောင်သားကပါပဲ။ မြို့တက်အလုပ်လုပ်ပြီး ရသမျှ ငွေကလေး စုဆောင်းရင်း ချစ်သူကို တင်တောင်းနိုင်ခဲ့တာလည်း ချီးကျူးစရာပဲ မဟုတ်လား။ သည်လိုတွေးလိုက်မိတော့ သောင်းစိန် ၀မ်းသာဝမ်းနည်း ဖြစ်ရတယ်။ ဟုတ်ပြီ။ အေးသီကို သူချစ်ခဲ့တယ်။ ချစ်လျက် ချစ်ဆဲ ပဲ။ အခု ချစ်သူမင်္ဂလာဆောင်တော့မယ်။ ကြောင်းမြန်းနေပြီ။ တစ်သက်လုံး မ၀တ်ခဲ့ရတဲ့ ရွှေတို ရွှေစ ကလေး နဲ့ ဘ၀ရှေ့ရေး အတန်အသင့်တော့ လှပနေခဲ့ပြီ မဟုတ်လား။ သူကကော ဘာ လက်ဖွဲ့ နိုင်မလဲ။ ဘာလက်ဖွဲ့ရင်ကော ကောင်းမလဲ။ ချစ်သူကို နောက်ဆုံး လက်ဖွဲ့ရမယ့်ကိစ္စမှာ အမေ့ ဆီ က လက်ဖြန့်မနေချင်ဘူး။ ဒါဖြင့်ဘာရှိသလဲ စဉ်းစားပြန် တော့ ဘာမှမရှိဘူး။ မနက်ဖြန် မနက်ဆိုရင် အေးသီ မြို့ကို လိုက်သွားတော့မတ။ လယ်ပြင်ကြီးမှာ အေးသီမရှိတော့ဘူးပေါ့။ မန္တလေးလိုမြို့ကြီးမှာ အေးသီ ပျော်တော့မှာပေါ့။ သူလည်း သည်ကနေ့ညကစပြီး ထန်းရည်၊ အရက်ဖြတ်တော့မယ်လို့ ဆုံးဖြတ် လိုက်ပြီ။ သောင်းစိန် ကတော့ တွေးမိတွေးရာ ၊ ငေးမိငေးရာ။

ကိုချစ်တိုးက ပြန်ထတယ်။ မင်္ဂလာစကား သူကလည်း နည်းနည်းတော့ ပြောမှကောင်းမယ်ဆိုပြီး စောစော ကတည်းက ခေါင်ပူအောင်စဉ်းစားခဲ့ပေမယ့် မပေါ်ဘူး။ ကျောင်းအုပ်ကြီး ပြောလိမ့်မယ်ဆိုပြီး ဘယ်သူ ကမှလည်း မင်္ဂလာစကား စဉ်းစားလာခဲ့ကြတာမရှိတော့ ခက်နေပြီ။ ဒါနဲ့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်း မှာ ဘုန်းကြီးပြောခဲ့စကား ပြန်အမှတ်ရပြီး ပြောတယ်။

``သည်လိုပါ လယ်ပြင်ကြီးရွာရောက်လာတော့ လယ်ခင်း၊ ယာခင်း၊ ပဲခင်းတွေ ပတ်ပတ်လည် မြင်ရတာကိုး၊ ကျွန်တော်စိတ်ထဲ သည်ရွာသူ မအေးသီကို ကျွန်တော်တူ မောင်ကြိုင်နဲ့ ရတာတော့ တန်ပြီကွလို့ အောက်မေ့မိတယ်။ ဘာကြောင့်တုန်းဆိုတော့ သည်ရွာနဲ့ ကျွန်တော်အကြောင်း ဆက်မိပြီ။ သည်တော့ ရွာက တောင်သူရွာဆိုတော့ ဗဟုသုတကလေးတော့ ဝေမျှခဲ့ဦးမှလို့ တွက်ပါတယ်။ သစ်ပင်များစုက်ရင် အမြစ်နဲ့ အနှစ်ကောင်းချင်ရင်တော့ တနင်္ဂနွေနေ့ စိုက်ကြပါ။ အနံ့ကလေးကလည်းမွှေး၊ အစေးလည်း ကောင်းချင်ရင်တော့ တနင်္လာနေ့စိုက်ကြပါ။

အဖူးကောင်းချင် ရင်တော့ အင်္ဂါနေ့၊ အပွင့်ကောင်ချင်တော့ သောကြာ ဆိုတာကိုး၊ ဟော ပိုးများကျတက်တဲ့ ရက်လည်းမှတ်ကြပါ။ လဆုတ်တစ်ရက်၊ ခြောက်ရက်၊ ခုနှစ်ရက်၊ ဆယ်သုံးရက်၊ ဒါတွေကိုရှောင်ရမယ်။ အိမ်တွေမှာ စိုက်အပ်တဲ့အပင်တွေကိုကြည့်ပြန်တော့ သဖန်း၊ ကြခတ်၊ သရဖီ၊ ပုန်ညက်၊ အုန်း၊ ရှား၊ကံ့ကော်၊ သီးနဲ့ ဥသျှစ်ဆိုသကိုး၊
``တစ်ခါ`` သည်လိုမင်္ဂလာစကားမျိုး ရွာကတစ်ခါမှ မကြားဘူးကြတော့ အထူးအဆန်း ဖြစ်နေတယ်။ တစ်ယောက်တစ်ယောက် မေးထိုးပြရင်း ဘယ့်နှယ်တုန်းပေါ့ လေ။

ဘကြီးဖိုးကိုးတောင် မျက်လုံးတွေပင့်ပြီး တယ်ဟုတ်သဲ့၊ ကောင်ပါလားဆိုတဲ့ပုံနဲ့ ကြည့်လို့။ ကျောင်းအုပ်ဆရားကြီးကတော့ ဖျားနေလျက်က ငုတ်တုတ်ထထိုင်တယ်။ ချစ်တိုးကတော့ လုက်ကရော့မယ်ဆိုတဲ့ပုံ။ ရွာသားတွေက တပြုံပြုံး။ ရွာသူတွေက တအံုးအုံး။ မောင်ကြေိုင်ကတော့ သူ့လေးချစ်တိုးက အဟုတ်ပဲဆိုတဲ့မျက်နှာနဲ့။ ကိုချစ်တိုးကတော့ ရွာနဲ့ ဘိသိက်ဆရာ အံကျပြီဆိုတဲ့ ပုံနဲ့။ တောသူ တောင်သားများလက်ငင်း အ သုံး တည့်တာ ပြောတဲ့ကိစ္စ၊ မင်္ဂလာဆောင်နဲ့ ဘာမှမဆိုင်လေခြင်းပြောလို့ မရဘူးလို့လည်း တွေးတယ်။ မင်္ဂ လာစကားဆိုသည့်အတိုင်း ဒါလည်းမင်္ဂလာစကားပဲ။ ဒါပေမယ့် မင်္ဂလာဆောင် ကိစ္စ နည်း နည်း ထည့် ပြောရတာပေါ့။

ကျွန်တော်တို့ဘိုးဘွာများ ယုံကြည်ကြတဲ့ လောကီပညာကို ကျွန်တော်တို့လည်း ယုံကြည်ရတာပဲ။ မောင်ကြိုင် တနင်္လာသား၊ အေးသီ တနင်္ဂနွေသားနှစ်ယောက် ပေါင်းတော့ ဥစ္စာပေါအံ့၊ ချမ်းသာအံ့၊ အရှည်တည်မြဲအံ့တဲ့ဗျ။ ကိုင်းဘယ်လောက်ကောင်းတုန်း၊ ဖွားသက္ကရာဇ်ကိုလည်း သုံးနဲ့စား တစ်ခုကြွင်းတော့ လူ… နှစ်ခုကြွင်းတော့ နတ်… သုံးခုကြွင်းတော့ ဘီလူးဗျာ၊ ကိုင်း…
ဆိုင်သလား မဆိုင်သလားမသိဘူး ကိုချစ်တိုးကတော့ တွန်းချတော့တာပါပဲ။ သည်အတိုင်းသာသွားရင် သားဖွာလွယ်အောင်လုပ်တာတို့၊ နေ့အလိုက် အချင်းမြှုပ်တာတို့၊ နို့ထွက်ဟင်းချက်တာတို့ပါ ပါတော့မယ်ထင်လို့ လူဝကြီး ကိုမှတ်တင်က ချောင်းဟန့်သံပေးတယ်။

``အဟမ်း…အဟမ်း…ချစ်တိုး``
ကိုချစ်တိုးက လှည့်ကြည့်တယ်။ လူဝကြီး ကိုမှတ်တင်က သဘောကျလို့ ဆက်ပြော ဆက်ပြောလို့ ထင်ရာက ပြောရမယ်စကား စဉ်းစားပြန်ရော။
``ဟော…. လာပြန်တယ် အောင်၊ ဆင်းရဲ၊ ပြီ…လာဘ်ရတဲ့ရက်၊ ဒဏ်ကျတဲ့ရက်မှုများတဲ့ရက်၊ ချစ်တဲ့ရက်ပေါ့ဗျာ ကိုင်း… ကျွန်တော် တွက်နည်းမေ့နေလို့``
``အဟမ်း…အဟမ်း..ချစ်တိုးတော်လေကွာ…``
သည်တစ်ခါတော့ လူဝကြီးကိုမှတ်တင်က တော်လကွာပါ ထည့်လိုက်တယ်။ ကိုချစ်တိုးကလည်း ပြောစရာမရှိတော့ပါဘူး။ စကားအနားသတ် ပုဆိုးတိုကလေး ကျစ်စည်းသလို ပြန်စည်းတယ်။ ရွာသူရွာသားတွေကလည်း ဝေ့ကြည့်လိုက်တယ်။ ရွာသားတစ်ယောက်က ဘက်ထရီ အိုးတစ်ဖက် မီးချောင်းတစ်ဖက် ကိုင်ပြီးဝင်လာလို့ အခမ်းအနားက နည်းနည်ပိုလင်းသွာပြန်ပါရော။ အေးသီကတော့ မျက်နှာကလေးပြုံးလို့။ မစွန်မကတော့ သားမက်လောင်းမောင်ကြိုင်ကို ကျေကျေ နပ်နပ်ကြီးကြည့်လို့။

``ကျွန်တော် မင်္ဂလာစကားကို အနားသက်ရရင် မင်္ဂလာရှိကြပါပြီ၊ အောင်ကြပါပြီ။ မန္တလေးချော်ဆိပ်ုနဲ့ လယ်ပြင်ကြီး ရွှေလမ်း၊ ငွေလမ်း ပေါက်ပါပြီ။
ကိုင်း… ဘကြီးဖိုးကိုက ဆက်ပါဦး``

ကိုချစ်တိုး ထိုင်ချလိုက်ရင်း ဘကြီးဖိုးကိုကို မင်္ဂလာစကားပြောဖို့ စကားစလိုက်တယ်။ ဘကြီး ဖိုးကို ကတော လောကီမင်္ဂလာ၊ လောကုတ္တရာမင်္ဂလာတွေနဲ့ ပတ်သက်ပြီး တော်တော်လေး ပြောရှာတယ်။ အုန်း၊ ကောင်း၊ ဇော ။လှ၊ ပန်း၊သက်၊ တောင် အခါရက် တွက်ပြတယ်.အုန်းတနင်္ဂနွေနေ့ဖွား သိကြားစောင့်တယ်။ ကောင်း တနင်္လာဗိဿနိုးနတ်စောင့်တယ်။ ဇောအင်္ဂါခြသေ့င်္စောင့်တယ်။လှ ဗုဒ္ဒဟူး ဆဒ္ဒန်ဆင်မင်းစောင့်တယ်။ ပန် ကြာသပတေး ဗြဟ္မာစောင့်တယ်။ သက် သောကြာ မာရ်နတ် စောင့်တယ်။ တောင် စနေ အသူရိန်စောင့်တယ်ဆိုတဲ့ စကားနဲ့အညီ မောင်ကြိုင် တနင်္လာဗိဿ နိုးစောင့်တဲ့အကြောင်း၊ အေးသီ် တနင်္ဂနွေ သိကြားစောင့်တဲ့အကြောင်း၊ ဒါကြောင့် ကောင်းရက်ဖွားများ ဖြစ်တဲ့အပကြောင်းကအစ လင့်ဝတ္တရား၊ မယားဝတ္တရားတွေပါ တစ်ထိုင်တည်း ပြေပြလိုက်တာ သန်းခေါင်ချဉ်းကရော။ ကိုကျော်သန်း က ဘကြီးဖိုးကိုး ကို ငွေငါးထောင် ကန်တော့ ဘကြီးဖိုးကိုက ဆုတွေပေးနေပြန်ရော။

သည်အချိန်မှာ အိုးသူကြီးတွေရဲ့ မီးဖိုဘက်ဆီက ကြက်သားဟင်းနံ့ ထွက်လာပြန်ပါပြီ။ ကြက်သုံးကောင် ရိုက်ပြီး ဆီပြန်ချက်ထားတဲ့ အနံ့မှန်း ကိုချစ်တိုး က သိတယ်။ ဒါက မနက်ဘက် ဧည့်သည်ကျွေးဖို့ ဟင်းလုံးတယ် ဆိုတာလည်း သိပါရဲ့။ ၀မ်းဟာလာပြန်လို့ မဟုတ်ပါဘူး။ ရပ်ရွာ က သူတို့အပေါ်ထားတဲ့ မေတ္တာ စေတနာကို ကိုချစ်တိုး သတိရလိုက်လို့ပါ။ သူတို့နောက်ကျတာကို ခွင့်လွှတ်ကြတည့်အပြင် တစ်ရွာလုံး က ထမင်းဟင်းတွေ ခူးလာကြတယ်။ မနက်စားဖို့ ချက်ပြုတ်နေ ကြတာကိုကျေးဇူးလည်း တင်မိ သလို၊ ရွာကိုလည်း ခင်သွားခဲ့တယ်။ တစ်လမ်းလုံး ဒုက္ခ ရောက် ခဲ့ သမျှလည်း ပျောက်ပြီ။ သည်အချိန်မှာ ကိုချစ်တိုး ရင်ထဲမှာ စိတ်ချမ်းသာမှုပဲ ရှိတော့တယ်။

မြို့မှာမွေး မြို့မှာပဲကြီးခဲ့ရတဲ့ ကိုချစ်တိုး တစ်ယောက် ခဏတာလေးအတွင်းမှာပဲ အညာကျေးတောနေ တို့ရဲ့ နှလုံးသားတွေနဲ့ ရင်းနှီးခဲ့သလို ကျေးလက်ကို ခင်တွယ်စိတ်ကလေးပါ ၀င်ခဲ့ရတယ်။ သူတို့လိုပဲ လူဝကြီး ကိုမှတ်တင်ကလည်း ခံစားရပုံပေါ်ပါရဲ့။ ပုံ့ပုံ့င်္ကြီးထိုင်နေရင်းက မင်္ဂလာပြုဖွယ်ကိစ္စ ဆက်တာဝန်ယူပြန်တယ်။

``ကိုင်း...ကိုင်း မောင်ကြိုင်နဲ့ အေးသီ ရှေ့ကိုလာကြ၊ ရတနာသုံးပါး ကန်တော့ရအောင်၊ ပြီးရင်း ဘကြီးဖိုးကိုး ကိုကန်တော့၊ အမေမစွန်မ ကို ကန်တော့ကြ``

မစွန်မ က မျက်ရည်တွေတွေကျရင်း ကွက်လပ်ကြား ထွက်လာတယ်။ မစွန်မ မျက်ရည်ကျတော့ ရွာသူ တချို့ ကလည်း ဘာမှန်းမသိပဲ မျက်ရည်ကျကြလို့။ မောင်ကြုင်နဲ့ အေးသီက အိမ်ဘုရာစင်မှာ အရင် သွားကန်တော့ ကြပြီးလျှင် ဘကြီးဖိုးကိုး ကို ကန်တော့။ မစွန်မ ကို ကန်တော့။ မစွန်မက သမီးက လေး တစ်သက်လုံး စောင့်ရှောက်ခဲ့ရပြီး အများရှေ့မှာ သတို့သားလက် အပ်ရပါပကော ဆိုတဲ့ စိတ်နဲ့ ငိုရှာတာပါ။ မအေငိုတော့ အေးသီလည်း ငိုတယ်။ အေးသီငိုတော့ မောင်ကြိုင်က မျက်နှာကြီးအိုလို့။ ဦးမှတ်တင်က ရင်ပတ် ကြေးတွန်း ရင်း ဆုပေးတယ်။

``ဤသို့ပြုရ မြတ်ပုညကြောင့် သဗ္ဗဘေးဒဏ် ရန်မရှိ ပကတိ ကျန်းမာချမ်းသာတိုးပွား ရတနာမိုးများ ရွာသကဲ့ သို့ လိုရဆန္ဒပြီးမြောက်ကြပါစေဗျား``
မင်္ဂလာကိစ္စပြီးပြီဆိုတော့ ရွာကလူတွေ လဲပြန်ကြပြီ။ ရေနွေးတွေတလှိုင်လှိုင် တည်ပေးနေတဲ့ သောင်း စိန်တို့ အုပ်စုလည်း ပြန်ကြပြီ။ ဘထွန်းတို့လည်း ပြန်ကြပြီ။ ကိုလှမောင်နဲ့ ရပ်ရွာလူကြီးတစ်သိုက်ပဲ ကျန် တော့တယ်။ ဘက်ထရီ မီးချောင်းတွေလည်း ပြန်ပို့လိုက်ကြပြီ။ မီးတိုင်ခွက်ကလေးနဲ့ပဲ လူစုထိုင်တယ်။ တော်တော်လေး ညဥ့်နက်မှ တစ်ရေမှေးကြတယ်။ ငန်းဆေးတန်ခိုးကြောင့် ဆရာကြီးတောင် ချွေးတွေ ပြန်လာပြီ ရေနွးထသောက်နေသေးတာပါ။ ကောက်ညှင်းကြော်တွေ တစ်ဝကြီးစားပြီး အားလုံးအိပ် ကြတယ်။ မအိပ်တာက မောင်ကြိုင် အူတွေမြူးလို့ကိုး။
(၁၅)

မိုးစင်စင်လင်းတော့မှ ဧည့်သည်တွေ နိုးကြတယ်။ ညက ညဥ့်နက်တာရော၊ ခရီးပန်းတာရောဆိုတော့ ကျောင်းအုပ်ဆရာကြီး ကျော်ဒွန်းကလွဲရင် အိပ်လိုက်ကြတာ အတုန်အရုန်းပါပဲ။ မစွန်မနဲ့ ဒေါ်ငွေက တော့ မနက် စောစောထပြီး ကောက်ညှင်းပေါင်းထားတယ်။ ရွာထိပ်က အကြော်ပြေးဝယ်ပြီး ဧည့်သည်တွေကို ဧည့်ခံ ရှာတယ်။ မောင်ကြိုင်နဲ့ အေးသီကတော့ မန္တလေးကပါလာတဲ့ လှူဖွယ်မုန့်တွေ ဘုန်းကြီးကျောင်း ကပ်ကြလို အိမ်မှာမရှိကြဘူး။ ကိုချစ်တိုး က ကိုကျော်သန်းနဲ့ ညှိပြီး အစီအစဉ်ဆွဲကြ တယ်။ ရွာကလည်း ချက်ပြုတ်ထားတော့ ထမင်းတော့ စားသွားကြမယ်၊ သိပ်နေမြင့်လို့တော့ မဖြစ်ဘူး လို့လည်း စဉ်းစား ကြတယ်။

"နေဦး… ခင်ဗျားတပည့်က ရွာမှာနေခဲ့မှာလား ပြန်ခေါ်သွားမှာလား"
"ခေါ်သွားရမှာပေါ့ ကိုချစ်တိုး ရာ၊ အေးသီ လည်း ထည့်ရင်တော့ ခေါ်သွားရမှာပေါ့"
"အေးဗျာ… ဒေါ်စွန်းမ ပါ ခေါ်သွားရမှာပေါ့ဗျာ၊ ဒါမှ တင့်တယ်မယ် နဲ့ တူတယ်"
"လောလောဆယ် ဘယ်မှာထားမှာတုန်း"

"ကျုပ် အလုပ်ရုံထဲက ဂိုဒေါင်တစ်ခန်းပေးရမှာပဲဗျာ၊ ကျွန်တော့်အလုပ်က မောင်ကြိုင် မရှိလို့ မဖြစ်တော့ ထားခဲ့ရင် တော်တော်နဲ့ပြန်လာမှာ မဟုတ်ဘူးလေ၊ မယားနားကပ်နေမယ့်ကောင်ဗျ"
ခဏနေတော့ ကိုလှမောင် က သဖန်းတောမှာ ထားခဲ့တဲ့ ကားဆီကို လိုက်ပို့ဖို့ လှည်းနှစ်စီး ဆင့်တယ်။ ဧည့်သည် တွေ ထမင်းကျွေးဖို့ ပြင်ဆင်တယ်။ ချက်ထားတဲ့ ဟင်းတင်မကပါဘူး။ ရွာက ဟင်းတစ်ခွက်စီ လာပို့ကြလို့ ဟင်းတွေ မြိုင်လှပေါ့။ ကနေ့ အေးသီ မြို့လိုက်သွားတော့မယ်ဆိုလို့ မြစိန်တို့လို ရွယ်တူ သူငယ်ချင်း တွေက မိုးတောင် မလင်းသေးဘူး လာငိုလိုက်ကြတာ ကျူကျူပါလို့။

မြို့မှာ မင်္ဂလာပွဲ ကလေး လုပ်ပြီးရင် လာမယ့်တန်ဆောင်မုန်းမှာ ရွာလာပြီး မင်္ဂလာပွဲလုပ်ဦးမှာဆိုတော့ အေးသီတို့ ဂုဏ် ရှိလှပေါ့။ မြို့မှာ တစ်သက်လုံးနေရမှာ ဆိုတော့ ရွာကိုတော့ အလွမ်းသား။ မစွန်မကလည်း တကယ်တမ်း ရွာကို ခွဲရတော့မယ် ဆိုတော့ ရွာကို လွမ်းလှသကောရယ်လို့ ငိုပြန်ပါရော။ မောင်ကြိုင်က တော့ တငိုတည်း ငိုနေတဲ့ အေးသီနဲ့ ဒေါ်စွန်မကို ကြည့်ပြီး သည်လိုများ တစ်သက်လုံးငိုနေရင် ခက်ရချည်ရဲ့လို့ တွေးတယ်။

ဧည့်သည် တွေ ထမင်းကျွေးပြီး ရွာခံတွေ စားနေကြတုန်း အိမ်ရှေ့မျာ လှည်းနှစ်စီးလည်းရောက်ပြီ။ လှည်းဆရာတွေက နွာတွေ ခဏဖြုတ်ချွတ်ထားပြီး မန်ကျည်းပင်ရိပ် ဆေးလိပ်ထိုင်သောက်နေကြပြီ။ ရွာက လူတွေလည်း ရောက်လာကြပြီ။ မိန်းမသားနဲ့ ကလေးတွေမျာတာပါပဲ။ အေးသီကတော့ ရှိသမျှ ထဲက အကောင်းဆုံး ဝတ်ထားလို့ ကြည်ကြည်စင်စင်ကလေးလှလို့။ မြို့ကိုယူရမယ့် ပစ္စည်းကလေး တွေ စုထုပ်ပြီး မြွေရေခွံအိတ်နှစ်လုံးထဲ ထည့်တယ်။ မြို့ရောက်ရင် အသစ်ဝယ်ပေးမယ်ဆိုတော့ များများ သယ်စရာ မရှိတော့ဘူး။ အေးသီက မောင့်ကြိုင့်ကို တိုးတိုးမေးတယ်။
"အစ်ကို ပျော်ရဲ့လား"
"မပျော်ဘဲ ရှိပါမလား"
"မြို့ရောက်ရင် ကျုပ်တို့သားအမိ နှိပ်စက်မှာ စိုးတာပါတော်"
"မနှိပ်စက် ဘဲ ရှိပါ့မလား"
"ဘယ်လိုရယ် "
"မနှိပ်စက်ပါဘူး ပြောတာပါ"

"အစ်ကိုတို့ မြို့သားတွေက ပြောဖြစ်တာမဟုတ်ဘူး။ မြို့သူတွေက လှတော့ ခြေရှုပ်မှာလည်း စိုး သတော်…"
"ခြေမရှုပ် ပဲ ရှိပါ့မလား…"
"ဘယ်လိုရယ်"
"ခြေမရှုပ်ပါဘူးလို့ ပြောတာပါ.. "
သည်ထက်လည်း ပိုပြောမကောင်းတော့ အေးသီ မောင်ကြိုင်လက်မောင်းကို ဆိတ်လိုက်တယ်။ မောင်ကြိုင် က စကားလည်း များများမပြောတတ်တာ မဟုတ်တော့ ပြောမိပြောရာကိုး။ ဆွဲကြိုးကလေး၊ လက်ကောက် ကလေး နဲ့ ဆိုတော့ အေးသီက ပိုတောင်လှသေးတယ်ထင်ရှာလို့ ကြည့်ရတာ မဝဘဲမဝ နိုင်ဘူး။

အားလုံး ပြန်ကြဖို့ ပြင်တော့ ကိုယ်အဝတ်အစားကို လဲကြရပြီ။ လူဝကြီး ဦးမှတ်တင်လည်း ခုမှ အင်္ကျီဝတ် ရတော့တယ်။ အင်္ကျီ၊ ပုဆိုးလဲပြီးတာနဲ့ မပြောမဆို လှည်ပေါ် ဖင်ချိတ်ထိုင်လိုက်တာ ခွထောက်ထောက် ရုံထောက် ထားတဲ့ လှည်းက ဖင်ထောင်ပါလေရော။ လှည်းတစ်ခါမှ မစီးဖူးတဲ့ သူ ဆိုတော့ ကားလိုပဲ မှတ်တာပေါ့။ လှည်းဦးထောင်သွားတော့ ဦးမှတ်တင်လည်း ဖုတ်ခနဲ ပြုတ်ကျတော့ တာပဲ။ ဝိုင်းကြည့် နေကြတဲ့ လူတွေဆိုတာ အူတွေများတက်လို့။ ရွာသူ တစ်ယောက်ကအော်တယ်။
"ဦးဝ ကတော့ အမှတ်တရ လုပ်ခဲ့တာပေါ့လေ၊ ကျုပ်တို့ကတော့ လွမ်းကျန်ရစ်ခဲ့တော့မှာပါတော်"

ဦးမှတ်တင်ကို ယောက်ျားသန်သန် လေးငါးယောက်က ချိုင်းကနေ မ,ထူတယ်။ လှည်းနှစ်စီးမှာ စီးရမယ့် လူတွေ စာရင်းချကြည့်တော့ လူဝကြီး ဦးမှတ်တင်ကို ဗဟိုပြုပြီး တွက်ကြရတယ်။ ဦးမှတ်တင် စီးမယ့်လှည်း မှာ ဒေါ်ငွေ၊ ဒေါ်စွန်မ၊ မောင်ကြိုင်နှင့် အေးသီ။ နောက်တစ်စီးမှာက ဆရာကြီး ဦးကျော်ဒွန်း၊ တရုတ်ကြီး ဦးဝိန်၊ ကိုကျော်သန်း၊ ကိုချစ်တီးနဲ့ ကိုကျော်ဝင်း လှည်းပေါ် အသီးသီး ရောက်ကြတော့မှ ကိုချစ်တိုးနဲ့ ကိုကျော်သန်း တို့က မတက်ကြသေးဘဲ ကိုလှမောင်ကို အနားခေါ်တယ်။ ကိုလှမောင်လက်ထဲ ရွာဝင်ကြေး ငွေတစ်သောင်း ထည့်ပေးပြီး အစစအရာရာအတွက် ကျေးဇူးတင်ကြောင်း ပြောကြတယ်။ ရွာဝင်ကြေး ဆိုတာ ရွာခံမိန်းကလေး ကို တောင်းရမ်းယူတဲ့အတွက် ရွာရေးရပ်ရေးသုံးဖို့ ရန်ပုံငွေပါ။ တကယ်က ရွာဝင်ကြေး က အဲသလောက်မယူကြပါဘူး။ ကိုလှမောင်ကို ကျေးဇူးတင်လွန်းလို့ တမင် ထည့်ပေး ကြတာပါ။ မြို့မှာ ကလေးတွေ မင်္ဂလာဆောင် တော့လည်း ကြွခဲ့ဖို့ဖိတ်တယ်။ ကိုလှမောင်က မယူပါရစေ နဲ့ အတန်တန် တောင်းပန် နေသေးတာပါ။ ကိုကျော်သန်း က ဇွတ်ပေးတော့မှ ယူရှာတယ်။

"တစ်ခုပဲ ကျူပ်ပြောချင်တယ်ဗျာ။ ကျူပ်ရွာက ဒေါ်စွန်မတို့ အေးသီတို့က အနေအစားဆင်ရဲပေမယ့် စရိတ္တ ကောင်းကြသူတွေပါ။ မြို့ရောက်လို့ အဆင်ပြေတယ် စိတ်ချမ်းသာတယ်ဆိုတာပဲ ကျုပ်တို့ရွာက ကြားချင်ကြ သာပါ။ သူတို့ကိုတော စိတ်မဆင်းရဲစေချင်ဘူး။ တကယ်လို့ မြို့မှာ မပျော်ဘူးဆိုရင်တော့ သူတို့ သားအမိ ကို ကျုပ်တို့ရွာအရောက် ပြန်ပို့ပေးကြပါဗျာ"
ကိုလှမောင် ပြောလိုက်တဲ့စကားကြောင့် ကိုချစ်တိုးရော ကိုကျော်သန်းပါ စိတ်မကောင်း ဖြစ်သွားကြ တယ်။ ဆွေမတော် မျိုးမစပ်ပေမယ့် ကိုယ်ရွာသူရွာသား ကို ငဲ့ရှာကြပါလား။ သံယောဇဉ်ရှိကြပါလား နှလုံးသား တွေ ဖြူစင်နူးညံ့ကြပါလားလို့ တွေးမိပြီး လေးလည်းလေးစားသလို ရင်ထဲမှာလည်း နင့်ခနဲ ခံစား လိုက်ရတယ်။ ကိုလှမောင် ကို ဖျစ်ဖျစ်ကြီးဆုပ်ပြီး ကတိပေးလိုက်ရုံမက လယ်ပြင်ကြီးကိုလည်း ကိုယ်ရွာလို သဘောထားပါကြောင်း ပြောရတယ်။ မန္တလေးကိလည်း ရောက်အောင်လာခဲ့ဖို့ မှာခဲ့ကြ တယ်။

"ကိုင်.. ကိုင်း… နေပူရော့မယ် သွားကြတော့"
လှည်းတွေစထွက်တော့ အပျိုတွေက လှည်းတွေရှေ့က ပန်းကြိုးတားကြတယ်။ ရွာမှာပွင့်တဲ့ တောပန်း ကလေး တွေ သီချိတ်ပြီး တားကြရရှာတာပါ။ မြစိန် တို့က ပန်းကြိုးတားတော့ လှည်းဆရာက တုန့်ခနဲ ရပ်လိုက်တယ်။ ရှေ့ကလှည်းပေါ်ကနေ ကိုချစ်တိုးက လှည်ပေါ်ကဆင်းပြီး မိန်ကလေးတွေ မုန့်ဖိုးရယ် လို့ ငွေငါးထောင် ပေးလိုက်တယ်။ ဝါးခနဲ အော်ရယ်ကြပေမယ့် နောက်လှည်းပေါ်က အေးသီကိုမြင် တော့ စိတ်မကောင်း ကြပြန်ဘူး။ အေးသီ က မျက်ရည်ကြားက ပြုံးပြရှာပါရဲ့။
"သွားတော့ အေးသီ ရေ ညည်းကပြောတော့ မင်္ဂလာကားကြီးနဲ့ မြို့ကို ကြွားကြွားကြီး ပြန်မှာဆိုဟဲ့ ခုတော့ တို့ရွာ က မင်္ဂလာလှည်းကြီးနဲ့ပါလား ကောင်မရဲ့"
"အေးပါ မြစိန်ရယ် သွားတော့မယ်နော်"

လှည်းက ရို့ခနဲ ထွက်လာခဲ့ပြီ။ ရွာကထွက်ပြီး ညောင်ခြောက်၊ သဖန်းတောဘက်လမ်းကို ကွေ့ပြီ။ ရွာထန်းတောကလေးကို ကျော်တော့ ကျေငှက်သံတွေ ဆူညီနေတဲ့ လှည်းလမ်းဘေး တောတန်း ကလေး ကို ရောက်လာခဲ့ပြီ။ သည်အချိန်မှာ လူတစ်ယောက် သစ်ပင်ကွယ်က ဘွာခနဲ ပေါ်လာခဲ့တယ်။ သောင်းစိန် ဟန်ဆောင်ထားတဲ့အပြုံးနဲ့ သောင်းစိန်။ အေးသီတို့စီးလာတဲ့ လှည်းဆီကို ကပ်သွားပြီ သူ့ လည်ပင်းက ဆွဲထား တဲ့ သော့ခလောက်လေးနဲ့ သော့တံကလေး နှစ်ချောင်းပါတဲ့ ကြိုးမည်ကလေးကို လည်ပင်းက အသာအယာ ဖြုတ်တယ်။ လှည်နောက်မြီးကနေ အေးသီကို လှမ်းပေလိုက်လေရဲ့။
"အေးသီ ဒါလေးတော့ ယူသွားပါ ငါ့နှမရာ။ ငါတတ်နိုင်တာ လက်ဖွဲ့လိုက်တာပါဟာ၊ အဖိုးမတန်ပေ မယ့် တန်ဖိုးတော့ ရှိပါတယ်"

အေးသီက လှမ်းယူလိုက်တယ်။ ကြိုးကနေကိုင်ကြည်လိုက်တော့ သော့အိမ်ကလေနဲ့ သော့တံကလေး နှစ်ချောင်။ အေးသီက သောင်းစိန်ကို ကြည့်ရင်း ပြုံးရုံလေး ပြုံးပြလိုက်တယ်။ မောင်ကြိုင်က ခုမှ သောရတော့တယ်ဆိုတဲ့ ပုံစံနဲ့ အေးသီလက်ကကြိုးကို လှမ်းယူတယ်။ ဆွဲဖြုတ်ပြီး သောခလောက်ကို အေးသီ မြွေရေခွံအိတ်က ဇစ်ကွင်းကလေးမှာ ချောက်ခနဲ ခတ်လိုက်တယ်။ သောနှစ်ချောင်းကိုတော့ အေးသီ လက်ထဲ ထည်ပေးလိုက်တာပါပဲ။ အေးသီက လှည်းပေါ်က သောင်းစိန်ကို တစ်ချက်လှမ်းကြည့် တယ်။ သောင်းစိန်က ရွာဘက်ကို ပြန်နေပါပြီ။
"သော့လေးတော့ သေသေချာချာ သိမ်မှတော်ရေ့…"
"မသိမ်းလို့ ဘယ်ရလိမ့်မတုန်း…."
လှည်း ကတော့ တအိအိ သွားနေလေရဲ့။ သည်တစ်ခါတော့ မောင့်ကြိုင်စကားကို အေးသီ မရယ်ဖြစ်ပါ ဘူး။ မျက်ရည်တွေကြား ကပဲ လယ်ပြင်ကြီး ရွာကလေး ကို မြင်သလောက် လှည့်ကြည့်ရှာလေရဲ့။

(ကိုယ်တွေ့ဖြစ်ရပ် ကို ပြောပြခဲ့သော ကျွန်မ၏မောင် မောင်သိန်း (ရွှေစင်အောင်) အား ကျေးဇူးတင် ပါသည်။)

ခင်ခင်ထူး

No comments:

Post a Comment