Tuesday, March 13, 2012

သဒိုး (page 2)



အပိုင်း (၅)
ညောင်ကားယား ကို ရောက်ပါပြီဆိုကတည်းက ဒိုးကလေး အလည်ရပ်သွားခဲ့ပြီ။ မယားချောကလေး ရသကော ရယ်လို့ သူ့ကိုယ်သူလည်း ကျေနပ်ပါရဲ့။ မိုးဆိုးမသားသည်အမေ ရွာ့အပျိုထက်များ လှရဦး မှာလား။ ရွာ့အပျိုတွေထက်များ နုရေဖတ်ရေ ရှိဦးမှာလား။ နေကုန်နေခမ်း အမဲသား ကျွဲသား သွေးတရွှဲရွဲ၊ ချွေးတစီးစီး၊ နဲ့ ကြေးကြောင်းလိုက်နေတဲ့ မိန်းမက ပိုပြီးတော့များ သာရဦးမှာလား သူတကာ အဲသလို မေးရင် ကျုပ်မိန်းမ ပန်းညိုကသာတော့မပေါ့လို့ ဒိုးကလေး ဖြေတတ်နေပြီ။ ပန်းညိုကို ယူမိလို့ ခင်မင် လက်စ မိတ်ဆွေတချို့ နောက်ဆုတ်သွားကြတာ သိသား။

ပန်းညိုကို ယူမိလို့ ရွာတွေက မျက်နှာမဲ့ချင်တာလည်း သိသား။ဒိုးကလေးမမှုပါဘူး။ လူပျိုတုန်းကလည်း တစ်ယောက်တည်း နေခဲ့တာပဲ။ အပေါင်းရယ် အသင်းရယ် လို့ ရွာမှာ ကာလသား တရုန်းရုန်း နဲ့ဘယ်တုန်းကမှ မနေဖူးဘူး။ ဘယ်သူ့ဘယ်သူနဲ့မှ လည်း ကျောက် ပုခုံးဖက် မရှိခဲ့ဘူး။ မပေါင်းချင်နေ၊ ပေါင်းချင်ပေါင်း။ ပန်းညိုကိုယူလို့ ရှောင်ကြတယ်ဆိုရင် ရှောင်ကြစမ်းပလေ့စေ။

ပြောသာပြောရတယ် ပန်းညိုက မနက်မိုးလင်းတာနဲ့ အိမ်မှာမရှိတော့ဘူး။ ပန်းညိုက မနက်မိုးလင်းတာနဲ့ အိမ်မှာမရှိတော့ဘူး။ ထမင်းတစ်အိုးချက်၊ ဟင်းတစ်အိုး တဗျစ်ဗျစ်မြည်အောင် တည်ထားခဲ့ပြီး ချောင်းဘက် မှာ တဲထိုးနေတဲ့ ဖအေ့ဖို့ ထမင်းတစ်ထုပ် ခံတောင်းထဲထည့်ပြီး ထွက်သွားနေကျ။ အခါကြီး လည်းမနားဘူး၊ ရက်ကြီးလည်း မနားဘူး။ ဥပုသ် သီတင်းရယ်လို့လည်း သားအဖနှစ်စလုံး ဆောက်တည် ကြတယ် မရှိဘူး။ အခါကြီးရက်ကြီနေ့များဆို ပိုတောင် ရောင်းကောင်းသေးသတဲ့။ ဟင်းကျွေး ဟင်းရံရှား တော့ အသားသည် မျှော်ကြတာကိုး။

ကဆုန် လပြည့်နေ့ကြီးပါဟာ... တစ်ရက်တစ်လေများတော့ ကျောင်းကန်ဘုရား မရောက်သာထား... ခံတောင်း တော့ မှောက်ဦးမှပေါ့... ငါ့မိန်းမနှယ်.... ညည်းအဖေ အသားပေး တာနဲ့ လိုက်ရောင်း နေလို့ ကတော့ နားရမှာမဟုတ်ဘူး... ဘ၀လည်း ဆုံးမှာမဟုတ်ဘူး... ညည်းသွားတော့ ကျုပ်က မျှော်နေရသာ မယ်မင်းကြီးမ ရဲ့.........."

လင်လတ်လတ်ဆတ်ဆတ်က သည်စကားပြောတော့ ရေထဲက ဆိတ်လာတဲ့ ကန်စွန်းညွန့်လို တစ်ရေနွမ်း ရရှာသူ ပန်းညိုခမျာ ၀မ်းလည်းသာရှာပါရဲ့။ ငါ့ကို မက်စက်သကောရယ်လို့ ဝမ်းသာတာပါ။ လင့်မျက်နှာ လူပုံချောကို ကြည့်ရင်းက စိတ်မကောင်းတာလည်း ပါပါရဲ့။ ခမျာ ရွာပစ်ရပ်ပစ် မိပစ်ဘပစ် ငါ့အိမ် ကို လိုက်လာသာ။ ငါ့မျက်နှာနဲ့ နေရှာသာ၊ တစ်ရက်တလေ ငါနဲ့ နေကူးညလည် နေချင်ရှာ မှာပေါ့လို့လည်း တွက်ပါရဲ့။ ဒါပေမဲ့ တစ်နေ့လုပ်မှ တစ်နေ့ အနိုင်နိုင်တွေကိုး။ ကိုယ်က နားချင်သော်မှ ဖအေ က မနားဘူးဆိုတော့ ပန်းညိုကလည်း ဈေးတောင်းခေါင်းတင်ရှိရတော့တာပါ။

ပန်းညိုပြန်ရောက်ရင် မိုးချုပ်တာများတယ်။ ရွာတွေဘက် ကူးရတာ မလွယ်ဘူးဆိုတာ သိတော့ မယားကို ခွင့်လည်း လွှတ်တယ်။ သနားလည်း သနားတယ်။ ကိုယ်တိုင်က တစ်သက်လုံ လက်ကြောတင်း ခဲ့တာ မဟုတ်တော့ သားမယားကို ငါကိုယ်တိုင် ပခုံးထမ်းကျွေးမဟဲ့လို့ အာမသန္တေခံဖို့ကလည်း ခက်တယ်။ ပန်းညို ကို မေတ္တာရှိလို့ ယူခဲ့ပေမယ့် ငါလုပ်ကျွေးမယ်ဆိုတာလည်း မပါဘူး။ ချစ်လို့ယူခဲ့တာပဲရှိတယ်။ ညား လို့ ပေါင်းရတာပဲရှိတယ်။ ရှေ့ရေးလည်း မသိခဲဘူး။ တကယ်တမ်း ညောင်ကားယားကို ရောက်တော့ ဟိုတုန်းက ပေါင်းခဲ့တဲ့ လူတွေကလည်း သူ့ကို အချိန်မပေးနိုင်ကြလေတော့ ပျင်းသကော ရယ်လို့ လတ်လျား လတ်လျား သွားမဖြစ်တော့ဘူး။

"မင်းကွာ..ဘယ်လိုမှ မအောက်မေ့ပါနဲ့.. မိန်းမလိုချင်မှတော့ တို့ရွာမှာ မိန်းမတွေ ပေါချက်တော့... ဘယ်သူ ဘယ်ဝါ ကြိုက်လှချည့်ဆိုရင် ငါတို့ ၀ိုင်းကြမှာပေါ့... ခုတော့ ပန်းညိုမ အမဲသားသည်ကို စွန်သုတ် သလို သုတ်လိုက်တော့ တို့လည်း နားမလည်နိုင်ပေါင်ကွာ..."

ညောင်ကားယားသားသူငယ်ချင်းက သဘောမတူသလိုလို လေသံနဲ့ ပြောကတည်းက သူငသယ်ချင်းအိမ်လည်း မရောက်တော့ပါဘူး။ သည်တော့ ပန်းညိုတို့ အိမ်ကုတ်ကလေး ထဲမှာ ငုတ်တုတ် ပေါ့။ ပျင်းတော့လည်း အိမ်ရှေ့ချထားတဲ့ ပက်လက်ကုလားထိုင်ပေါ် နေကုန်ထိုင်ပြီး မယားမျှော် ရတာနဲ့ ပြီးရတာချည်းပဲ။ တစ်ခုကောင်းတာက ပန်းညို အဖေ ဦးကြာပေါ်က အိမ်မကပ်ဘူး။ တောထဲ ချောက်ထဲ က သူ့တဲထဲမှာပဲနေတာများတယ်။ ၇ွာတွေက အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ အမဲပေါ် စရာ တွေက အချိန်ရယ် အခါရယ် မရှိတတ်တော့ ဓားလေး,ငါးလက်နဲ့ အကုသိုလ် ထိုင်မျှော် နေသလို နေတော့တာပါ။

ပန်းညိုအရင်လင်က မွေးတဲ့ သား ကိုရင်ကလည်း အိမ်ကို ယောင်လို့တောင်ကြွမလာဘူး။ မအေ နောက်လင် ရတော့ ပိုလို့သာဆိုးရော။ သည်တော့ ပန်းညိုနဲ့ ဒိုးကလေး နှစ်ယောက်တည်း နေရတာ များတယ်။ ပန်းညိုက ဒိုးကလေး ကို အပျိုတကာ လက်ထဲ က လုယူရတဲ့လင်ဆိုတော့ အငြိုငြင်မခံဘူး။ ရောက်လာတာ နဲ့ ရေမိုးချိုး သနပ်ခါးကလေး လိမ်းပြီး လင့်အနားကပ်တော့တာပါ။ ထမင်းစားရဲ့လား၊ ရေချိုး ရဲ့လား၊ ပျင်းနေရော့လား၊ မိဘတွေ သတိရနေသလားစသည်ဖြင့် တွတ်တီးတွတ်တာ ပြော တတ်တယ်။

"ပျင်းသာပါဟာ... ငါတစ်ယောက်တည်းဆိုတော့ ညည်းကိုမျှော်မိသာပါ... ညည်းက မလိုက်နဲ့ ဆိုလို့သာ... ငါက တောက်လျှောက်တကောက်ကောက်လိုက်ချင်ပါ့.... နှစ်ယောက်ရောင်းတော့လည်း ဖြစ်သာပဲ.."

ပန်းညိုက လင့်ခေါင်းက ဆံပင်ရှည်ကို ၀ါးဘီးကလေးနဲ့ ဖြီးပေးရင်းက ညည်းကို မျှော်သာပါဟာ ဆိုတာ သနား သွားတယ်။ သနားလို့ ခေါ်သွားပါပြီတဲ့။ အမဲခံတောင်းတစ်တောင်း ရွာစဉ်လှည့် လိုက်ရောင်း ရတယ် ဆိုတာ ရော့တစ်တွဲ ရော့တစ်တွဲ ကိုယ်စီကိုယ်စီ ဇိုးဇိုးဇပ်ဇပ် ဆွဲသွားကြတာမျိုးမဟုတ်ဘူး။ တောသူ တောင်သားတွေဆိုတော့ ရှိတဲ့ငွေကလေး ဆုပ်ထားကြတာ။ ဟင်းကောင်းဟင်းကျွေး ကောင်း ဆိုတာကို စားလိုက် မဟဲ့ မျိုလိုက်မဟဲ့ရှိကြတာနည်းတယ်။ မလွှဲသာမှ ၀ယ်ကြတာမျိုး။ သည်တော့ ရွက်သွား တဲ့ အသားတွဲက ဘယ်အချိန်ကုန်မယ်ဆိုတာပြောဖြစ်တာ မဟုတ်ဘူး။ ရွာနှစ်ရွာ သုံးရွာ ဆက် လို့တောင် ကျန်ချင်ကျန်နေတာ။

သည်ကြားထဲ အကြွေက ကျချင်သေး။ မကုန်ရင် အိမ်ပြန်ရောက်မှ ညှင်းတန်ညှင်း၊ လှန်းတန်လှန်း လုပ်ရ သေးတာ ကျောကွဲအောင် ပူတဲ့ နေပူခေါင်ခေါင်ကြီးထဲ တစ်ရက်က နှစ်ရက် တစ်ရွာကတစ်ရွာ ကူးရတဲ့ ဒဏ် ဒိုးကလေး ဘယ်ခံနိုင်မှာလဲ။ ခြေကိုတိုနေအောင် လျှောက်ရတာ။ တစ်ကိုယ်လုံး မီးစနဲ့ တိုက်သလို ပူတာ။
ဒိုးကလေးက သည်ဒဏ်ခံနိုင်ပါပြီတဲ့။ ပန်းညိုနောက် တကောက်ကောက် အမဲရောင်း လိုက်ပါပြီတဲ့။ တစ်ဆင့် စကား တစ်ဆင့်နားနဲ့ ကုက္ကိုကုန်းကို ရောက်သွားရင် မိဘများ ရင်ကျိုးရချည် ကလေး တစ်ယောက် မအေက လူပျိုနုနုထွတ်ထွတ်ကို ခိုင်းစားတယ်ဖြစ်ကရော့မယ်။

"မဖြစ်ပါဘူး အစ်ကိုရယ်... ကျုပ်သာ ပင်ပန်းပါရစီ... လင်လုပ်ကျွေးရသာကို ကျုပ်က ကုသိုလ်ရသယ် အောက်မေ့ပါသယ် မယားလုပ်စာ ထိုင်စားလေခြင်းများလို့တော့ မတွေးပါနဲ့တော်... ကျုပ်က တစ်သက် နောက်လင် မယူဘူးလို့ တွက်ထားသာပါ... တော်နဲ့တွေ့မှ ကြိုက်မိသာကို ကျုပ်က အံ့သြနေသာရယ်... ကျုပ် ကို လိုချင်သူတွေရှိသားပဲ... ကျုပ်က ဖုတ်လေတဲ့ငါးပိ ရှိသယ်ထင်ခဲ့ပေါင်... ဘုရားစူးရစိ... ပြောရင်ယုံ... ကျုပ်ကြိုက်လို့ ယူသဲ့လင် အေးအေးသာနေပါတော်..."

ပန်းညိုက သည်လို ပြောတော့လည်း ဒိုးကလေး ငြိမ်ရတာပါပဲ။ ဟုတ်သလောက်လည်း ဟုတ်ပေသကိုး။ ယောက္ခမဦးကြာပေါ်ကတော့ သူ့သမီး လင်ရလာပြန်ပကောရယ်လို့လည်း မရှိဘူး။ ငါ့သမီး ညည်းငယ်ငယ်ရွယ်ရွယ်နဲ့ သည်လိုချည်းနေလို့ မဖြစ်ပါဘူး အိမ်ထောင်ရက်သားပြုမယ်ဆို ပြုပါရော့လားလို့လည်း မရှိခဲ့ဘူး။ ပန်းညိုအရင်လင်က လူပျော့။ အမဲသားနံ့ သွေးညှီနံ့ မခံနိုင်ဘူးဆိုတဲ့ကောင်။ နောက်လင်လူနု။ ပိုတောင်ဆိုးသေး အောက်မေ့တာပါ။ ငါ့သမီး ပန်းညိုလည်း ဒါမျိုးတွေ ဘယ်အမှိုက်ပုံက ကောက်လာပါလိမ့်ဆိုတာ လောက်တော့ တစ်ခါသမီးကို ပြောတာတော့ ရှိတယ်။

"ပန်းညိုမ..ငါ့သမီးလင်ယူသာ အဖေက ဘာမှမပြောပေါင်ဗျာ... ညည်းပေါင်းရသာပါ... ဆိုးလည်း ညည်းကိစ္စ၊ ကောင်းလည်း ညည်းကိစ္စ... အဖေက အနေသာကြီး.... နို့ပေတဲ့.... ညည်းများတွေ့လိုက်ရင် ခရုနဲ့ ပတ်ကျိတွေချည်းပါကော ငါ့သမီးရဲ့..."

ဟုတ်ပါ့။ အရင်လင်က ခရု။ နောက်လင်က ပက်ကျိ။ ဖအေက အဲသလိုပြောရင် ပန်းညိုက ရယ်တော့ တာပါ။ ဖအေပြောလည်း ပြောစရာကိုး။ ပန်းညို အဖေဦးကြာပေးက လုပ်တော့သာ အကုသိုလ်အလုပ်။ အလုပ် တော့ အင်မတန် လုပ်ရှာသူပါ။ ပန်းညိုအမေ ရှိတုန်းကလည်း မနားခဲ့ဘူး။ သားအဖ နှစ်ယောက် တည်း ရှိလို့လည်း ကျောတစ်ချက် မဆန့်ဘူးဆိုတော့ နောက်လာတဲ့သမက်ကလည်း ရေသီနား ခိုဆွဲ သကော ရယ်လို့ အပြစ်တင်တယ်။ ပန်းညိုကတော့ ခရုထက်စာရင် ပတ်ကျိက နည်းနည်းတော့ မြန်သား ပဲလို့ အောက်မေ့ရတာပေါ့လေ။

ဖအေလုပ်သူကလည်း ပန်းညိုယူလာတဲ့လင်ကို သုံးမရတဲ့ ဓမတုံး (ဓါးမတုံး)ရယ်လို့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ရောက်လာတဲ့သမက် ဒိုးကလေကို လည်း ခင်မင်ရှာပါတယ်။ ချစ်ခင်ရှာတယ်လို့တော့ ပြောမဖြစ်ဘူး။ ဦးကြာပေါ်က သဒိုးကြီးဆိုတော့ သူ့စိတ်ထဲ ချစ်ခင်နူးညံ့သိမ်တဲ့စိတ်ရှိတယ်မထင်ဘူး။ ဘယ်သူကမှ ပြောလို့မရဘူး။ ပန်းညိုအမေ ရှိတုန်းကလည်း သည်လိုပဲ။ သမီးကိုလည်း သည်လိုပဲ။ သမီးကိုလည်း သည်လိုပဲ။ ကျောင်းက မြေးကိုရင်ကိုလည်း သည်လိုပဲ။ လိုအပ်မှ စကားပြောတာပါ။ မလိုရင်မပြောဘူး။ မျက်နှာထားဆိုးကြီးနဲ့ မှုန်တေတေနေတာများတယ်။ ဒါကြောင့် သမက် အသစ် ကလေး ကို ခင်မင်ရှာတယ်လောက် ပြောနိုင်တာပါ... ဒါကို ဒိုးကလေး ရိပ်မိတယ်။ သူ့ကို မကြည်သာ ဘူးလို့ ထင်တယ်။ ပန်းညိုကိုတောင် ဗြောင်မေးဖူးပါရဲ့။ ပန်းညိုက လင်အနေအိုင် ခက်ရှာမှာ သိလို့ ဖာဖာ ထေးထေး ပြောရှာပါတယ်။

"မဟုတ်ပါဘူး အစ်ကိုရယ်... အဖေက တစ်ရွာလုံး ဘယ်သူမှ စကားပြောခဲ့သည်မရှိဘူး... ရွာကလည်း ကိုကြာပေက လူတစ်မျိုးကလို့ ပြောကြသယ်.. အဖေ့စိတ်က ထုံးသွာသလားတော့ မသိဘူး... ပြောရင် လည်း ကြားချင်မှကြားသာ... ကျုပ်က တော်တော်စိတ်ကျဉ်းကျပ်မှာ စိုးသာပါ... ပြီးတော့ အဖေက ချောက်ထဲ နေသာပဲဟာ..."

"အေးဟာ...ငါ့မလဲ လူနှစ်ယောက်နဲ့ နေရပါတယ်... တစ်ယောက်က လမ်းပေါ်မှ... တစ်ယောက်က ချောက်ထဲ မှာ... ငါက အိမ်မှာ ငုတ်တုတ်.... သွားစရာလည်းမရှိပေါင်ဟာ.."
"အစ်ကို က ချောက်ထဲလိုက်သွားရမှာပေါ့... အဖေလုပ်သာကိုင်သာကြည့်ပေါ့... အဖေက အဲသလို အဖော် ကလေးရရင် ချစ်ခင် ရှာမှာပါ... အဖေက အသက်ကြီးလှပြီ.... လုပ်လို့သာ လုပ်နေရတာ.. မှန်သာပြောရရင် ကျုပ်ကလည်း အဖေလုပ်နေသဲ့ အလုပ်ကြီးကို ၀မ်းသာနေတာ မဟုတ်ပါဘူးတော် ကျုပ်ဥပုသ် မယူသာကြည့်... ပါဏာတိပါဏာ ဝေရာမဏိဆိုတာ ကြားရင် ကျုပ်က ငိုချင်သာ... ရင်ထဲ မကောင်းဘူး... လူတကာ ရှောင်သဲ့အလုပ်ကို တို့သားအဖ လုပ်နေရပါကောလို့ စိတ်ထဲ ပေးမိရင် ဖျောက်လို့မရတော့ဘူး... တတ်နိုင်ရင် သူတကာရွာသူတွေလို ပဲရိတ် ပဲဆွတ် လုပ်ချင်သာပေါ့... အဖေ့ကို ငဲ့လို ကသာ... အဖေက ကျန်သဲ့ကံလေးပါးတော့ လုံရှာပါသယ်... လူကောင်းပါ အစ်ကိုရယ်..."

ပန်းညိုက သည်စကားတွေ ပြောရင် ဒိုးကလေး ပြန်မချေနိုင်ဘူး။ ပန်းညိုပြောတာ ဟုတ်သားပဲ။ အိမ်မှာငုတ်တုတ် ငေါ်းစင်းမနေချင်ရင် အလုပ်လုပ်ရမှာပေါ့ လူတွေ ကြားထဲ တိုးရမှာပေါ့။ လူတကာနဲ့ ကူးကူး လူးလူး ရှိရမှာပေါ့။ လူကဲ့ရဲံသကောရယ်လို့ ရှောင်နေတော့ ကိုယ်က ဘေးရောက်နေတာ။ ကိုယ်က သွားမပေါင်းရဲတာ ။ လူတွေကြားထဲတိုးပြီး အလုပ်လုပ်ပါပြီတဲ့။ ဘာလုပ်မှာလဲ ကုန်ကုန်ပြောရရင် ဒိုးကလေး ဘာမှမလုပ်တတ်ဘူး။

နှီးတစ်ချက် မြဲအောင် မချည်တတ်ဘူး၊ ဓါးတစ်ချောင်း ထက်အောင် မသွေးတတ်ဘူး။ တံစဉ် မကိုင် တတ်ဘူး။ လူပျိုတုန်းက အဖေက နွားပွဲစားလုပ်ပါလား ငါ့သားရာ ပြောဖူးပါရဲ့။ သူစိတ်မ၀င်စားခဲ့ဘူး။ အဲသည်တုန်း က အဖေ့စကားနားထောင်ခဲ့ရင် စီးပွားမဖြစ်တောင် နွားအကြောင်း နောကြေလှရောပေါ့။ ဟိုတုန်က မလုပ်ခဲ့မိတာထား၊ အခုကော ဘာလုပ်ရမှာပါလိမ့်။ သူ့ကိုယ်သူ စိတ်တွေညစ်နွမ်းလာတယ်လို့ ဒိုးကလေး ခံစားမိတယ်။ စိတ်တင်မကပါဘူး။ ကိုယ်ကလည်း ညစ်နွမ်းနေတာပါပဲ။

ကတ္တီပါ ဖိနပ်ရောင်စုံဝေးလို့ သံနန်းကြိုးချည်စီးရတဲ့ လော်ပါဖိနပ် (ရာဘာဖိနပ်)ဟောင်း အကောင်း လုပ်နေရပြီ။ မြိ့ဂိုက်အင်္ကျီဆိုတာလည်း ရိကုန်ပြီ။ ဆံပင်က ပိုရှည်လာလို့ သျှောင်ကြီး မဗွေ့ တဗွေ့ ဖြစ်နေပြီ။ ချည်လည်ကတုံးအင်္ကျီကလည်း ချွေးစေးပေါက်အောင် ပူပေသိ မချွတ်တမ်းဝတ်နေရပြီ။ ပန်းညို နဲ့နေရတုန်းကလေးမှာ ပျော်သလိုလိုရှိပေသိ မနက်မိုးလင်းလို့ ပန်းညိုထွက်သွားရင် ဂုတ်ကျိုး ကျန်ခဲ့ ရသလို ဖြစ်ရပြီ။ မဆိုင်တဲ့ နေရာရောက်နေသလို ခံစားရပြီ။

"အစ်ကို...အစ်ကို့ မိဘတွေကို သတိမရဘူးလား... ကြီးတော်က သဘောကောင်းကြီးနော် ဘကြီး များတော့ ကျုပ်နဲ့များများ မခင်ခဲ့ရလို့ မသိဘူးပေါ့... အစ်ကို့ကို တော်တော် ချစ်ရှာကြသယ် ကျုပ်ကြား ပါသယ်... ရောက်လေရာ ဒိုးကလေးကို အပျိုတွေ ၀ိုင်းကြဆို..."

တစ်ချို့ညတွေမှာ ပန်းညိုက ဒိုးကလေးကို မေးတတ်တယ်။ သူ့ကိုသူ မေ့ပျောက်ထားတဲ့စိတ်ကို ပန်းညို က လှုပ်လိုက်ရင် မိဘတွေအပေါ် မညှာခဲ့တာကို သတိရနေမိတယ်။ ထမင်းအဆင်သင့် လက်နှိုက် စားခဲ့ ရတာ၊ လျှော်ပြီးဖွပ်ပြီး အ၀တ်ထည်လဲ ၀တ်ခဲ့ရတာ၊ အမေ့ချွေးခံထဲက ပိက်ဆံသလိုသလိုရော၊ မသိသလို ရော ယူသုံးခဲ့ရတာတွေကအစ သတိရပြီကိုး။

"အမေတို့ အဖေတို့ သတိမရဘဲနေမလားပန်းညိုရယ်... မိဘများဟာကိုး... ခမျာများ အသက်ကြီး ရှာကြပြီ... သူရင်းငှားရှိတယ်ဆိုပေတဲ့ အဖေမပါလို့ မရဘူး အမေမပါလို့မရဘူး... ခမျာများ ခါးကျိုးအောင် လုပ်ကြ ရသယ် အစ်ကိုက အဖေ့ကို ဆေးလိပ်တောင် မီးညှိပေးခဲ့ဖူးသာမရှိဘူး... အမေ့ကို ဇက်ကြော ကလေး လျှော့ပေးခဲ့သယ်မရှိဖူးဘူ... အပျိုတွေ ၀ိုင်းသယ်ဆိုသာလည်း မောင်နှမတွေလိုပါဟာ... ငါ့စိတ်ထဲ နယ်ကျူးလို့ကိုမရခဲ့သာ... ကောင်မလေးတွေလည်း လင်ရကြရောပေါ့.."

"ကျုပ်က တော်ဝဋ်လည်မှာမှာစိုးသာပါ... ကျုပ်မပြောသေးဘူးလို့နေသာ ပြောရဦးမယ်... ကျုပ်မှာ သားသမီး ရှိနေပြီ... ကျုပ်သိသာပေါ့... ယောကျာ်းကလေး များမွေးရင် ကျုပ်က ဒိုးကောင်းလို့ မှည့်မလား လို့တောင် စဉ်းစာပြီးပေါ့..."
"ဟေ... ဟုတ်ကဲ့လား ပန်းညိုရ... အေးလေ... တို့ညားသာပဲ တစ်နှစ်ကျော်ပေါ့ဟာ... ကလေးက ဒိုးကောင်း ဆိုတော့ ငါက ဒိုးဆိုးပေါ့... ဟုတ်လားဟ ပန်းညို...ဟားဟား"
သဒိုး အပိုင်း (၆)
သည်စကား ကြားတော့ ဒိုးကလေးမိဘတွေကို ပိုပြီး သတိရမိတယ်။ မမြင်ရသေးတဲ့ ရင်သွေးကလေး ကိုတောင် သူသည်လောက် ၀မ်းသာမိရင် တစ်ဦးတည်းသော သား သူ့အပေါ် အဖေနဲ့အမေတို့ သည်းကြီး အူပြတ်ရှိခဲ့ကြရော့မယ်။ သူမွေးတဲ့ညက ဒိုးကြီးဆိုတဲ့ နွားလည်းမွေးခဲ့သတဲ့။ အဖေက ဒိုးကြီးကို လိမ္မာတဲ့ သားကြီးလို့ ခေါ်တတ်တယ်။ ခေါင်းတပွတ်ပွတ် ကျောတသပ်သပ်ရှိခဲ့တာလည်း မှတ်မိပါရဲ့။ ညနေပိုင်း နွားကြီး မွေးပြီး ညဦးမှာတော့ သူ့ကိုမွေးတယ်။

ဒိုးကလေးတွင်ခဲ့တယ်။ အဖေက သူ့များတော့ ကျောပွတ်ခေါင်းပွတ် မရှိခဲ့ပေါင်။ စဉ်းစားကြည့်တော့ နွားလောက်မှ အသုံးမတွင်တဲ့ လူတစ်ယောက်ဘ၀နဲ့ သည်အရွယ်အထိ သူရောက်ခဲ့ရတယ်။ အခုတော့ ပန်းညိုမှာ သူ့ရင်သွေးကလေး လွယ်နေရပြီ ပြောနေပါပကော။ ယောက်ျားကလေးများ မွေးရင် ဒိုးကောင်းလို့ နာမည်ပေးမယ်တောင် ဆိုနေပေါ့။ မိန်းကလေးမွေးရင်ကော။ အမဲသား လည်ရောင်းတဲ့ ပန်းညို ဘ၀မျိုး နဲ့တော့ မဖြစ်ချေဘူး။ သည်တော့ သူအလုပ်လုပ်ရတော့မယ်။ သူဘာလုပ်ရမှာပါလိမ့်။ လောလောဆယ် သူလုပ်စရာ တစ်ခုပဲရှိတယ်။

" အေး ဟာ ... ငါလည်း အလုပ်လုပ်ဖို့ ခေါင်းထဲထည့်ရတော့မယ် ... ယောက်ျားလေးမွေးမွေး မိန်းကလေး မွေးမွေးတို့တာဝန်ဖြစ်လာပြီပေါ့ ... ငါတော့ မနက်ဖြန်ချောက်ထဲသွားမယ် ... ယောက္ခမကို ၀င်ကူညီမယ် ... ဘယ့်နှယ်တုန်း ပန်းညိုမ "
" အလုပ် လုပ်သာတော့ ကောင်းပါရဲ့တော် ... ဒါပေသိ ကျုပ်တော့ အဖေ့အလုပ်မျိုး မလုပ်စေချင်ပါဘူး ... အကုသိုလ် ကြီးပါတယ် ... အဖေလုပ်နေလို့ ကျုပ်ပါ ပါနေရသာ ... ပြီးချင်လှပါပြီ ... လင်လုပ်လို့ ဆက်ပါ မနေချင်တော့ပါဘူး ... အဲသာတော့ မလုပ်နဲ့တော် ... ရှိကြီးခိုးပါရဲ့ ... "

" ဒါမဟုတ်လို့ ငါ့ဘာသွားလုပ်တတ်မှာတဲ့လဲ ပန်းညို ... ဒါလည်း အလုပ်ပါပဲ ... ကျွဲတစ်ကောင်နွားတစ်ကောင် တုံးလုံးလဲအောင် သတ်ဟယ် ဖြတ်ဟယ် လုပ်တာမှ အပြစ်မဟုတ်ပါဘူး ... ကြမ်းပိုး သတ်သာလည်း အပြစ် ... ခြင်သတ်သာလည်း အပြစ်ဆိုမှတော့ အသက်တစ်ချောင်းဟာ အသက် တစ်ချောင်းပါပဲ ... ငါတော့ မနက်ဖြန် ဘိုးကြာပေါ် ယောက္ခမဆီမှာ တပည့်ခံတော့မယ် ... ယောက္ခမ ချစ်တဲ့ သမက် ဖြစ်ရချေသေးပေါ့မိန်းမရာ ... "

သည်လို ယတိပြတ် ပြောနေတော့လည်း ပန်းညိုက တရားပြမနေတော့ပါဘူး။ အကုသိုလ်တွေ တစ်သက်လုံးက တောင်းထဲထည့်လာတာ မောက်လျှံကာမှတော့ စတုတ်မတိုက်တောပါဘူးလို့ပဲ ခံယူ လိုက်ပုံ ရတယ်။ ယောက်ျားက သဒိုးဘက်စိတ်ရောက်တယ် ဆိုတာကိုပဲ အံ့သြတကြီး ကြည့်နေလေရဲ့။ ပုဆိုးဒယဥ့်တိုက်နဲ့ သျှောင်ကြီးနဲ့ ဒိုးကလေးက ဘိုးကြာပေါ် တပည့်ခံတေ့မယ်ဆုတော့လည်း မယုံစရာ။ သမက် နဲ့ ယောက္ခမ အနေနီးကြတော့မယ့် သဘောပေါ့။ ဒိုးကလေးလည်း ပထမယောက်ျား တုန်းကလို အချိန် တန်ရင် တပ်လန်သွားမှာပါလေလို့ ပန်းညို ထွက်ထားတယ်။ လူ့ပေါ်ကြော့ လူနွဲ့က သဒိုးဘ၀ မရောက်နိုင်ပါဘူး။ ခံလှတစ်ရက်နှစ်ရက်ပါ့။ သူလုပ်နိုင်တစ်ကောင် နှစ်ကောင်ပေါ့။ နောက်ဆုတ် သွားရုံကလွဲလို့ ဘာရှိလိမ့်မတုန်းလို့ ပန်းညိုတွေးတယ်။ မနက်အဖေ့ထမင်းပို့သွားရင် တစ်ပါတည်း လိုက်ခဲ့ ပေါ့ ဆိုတော့ ဒိုးကလေးက လိုက်မယ်တဲ့။

" မိဘတွေ ခိုင်းတုန်းကလည်း မလှုပ် ... သားမယား ရတော့လည်း မလှုပ် ... ကိုယ်ဝန်ရှိပါပြီပြောမှ လှုပ်တော့ သာပါရဲ့ ... အေးလေ ... သူလုပ်ချင်သပဆိုတော့လည်း လုပ်ပေါ့ ... အမဲသားရွက်တဲ့ခံတောင်းကတော့ သည်တစ်သက် သွေးခြောက်စရာမရှိတော့ဘူးပေါ့လေ ... "
ပန်းညို အိပ်မပျော်ဘူး။ လင်သားအကြောင်း တွေးရင်း စဉ်းစားမိတာပါ။ ဒိုးကလေးကတော့ အိပ်လိုက်တာ တရှူးရှူး နဲ့။ ပန်းညိုကတော့ မိုးသာစင်စင်လင်းရော တလူးလူးနဲ့ ပြီးရတဲ့ ညဆိုပါတော့။

အပိုင်း (၆)

" ဒိုးကလေးက နှစ်ခါမပြရဘူး ပန်းညိုမရဲ့ ... နင့်ယောက်ျားလုပ်တော့လည်း ဖြစ်သားပါလား ... အဖေ့ ထက်တောင် လက်ယဉ်သေးဗျာ ... ဟုတ်တဲ့ကောင်ပဲ ... "
ဒိုးကလေး ချောက်ထဲ ဆင်းလို့ နှစ်ပတ်မပြည့်သေးဘူး။ ဦးကြာပေါ်က ချီးကျူးပြီ။ သားမက်က သူ့ထက်သာပါပကော ပြောနေပြီ။ သည်လိုဆိုတော့လည်း ပန်းညို ၀မ်းမသာနိုင်ပါဘူး။ အကုသိုလ် အလုပ် ဆိုတာ မျိုးက ကျူးလွန်ရတာလွယ်သားမဟုတ်လား။ ဒိုးကလေးကသျှောင်တစောင်းထုံးပြီး ဓားများ ကိုင်ထားရင် ရှေးက သိုင်းသမားကြီးလားကျလို့။ လက်ဖျံမှာထိုးထားတဲ့ ဆေးမင်ကြောင်က ဒိုးကလေးတဲ့။ အသည်း ကို ဓါးမြောင်စိုက်တဲ့ပုံနဲ့။ ကာလသားပေါက်တုန်းက ရွာဘုရားပွဲမှာ ထိုးခဲ့တာလို့ ပြောဖူးတယ်။ ခုတော့ လက်ဖျံနှစ်ဖက်စလုံးတိရစ္ဆာန်သွေးတွေ ချင်းချင်းပေနေပြီ။

သွေးအလူးလူးစွန်းနေပြီ။ ခုတ်သားများ တစ်ပိဿာတွဲ ပိုင်းရင် ငါးကျပ်သားမပိုဘူး၊ မလိုဘူး။ ပန်းညိုကတော့ သူစ တွေ့ခဲ့တုန်းက ဒိုးကလေးနဲ့ ယှဉ်ပြီး စိတ်မချမ်းမသာဖြစ်ရတယ်။ လူပေါ်ကြော့တောင်သူ့သားသမီးက သည်လို ချောက်ထဲမှာ သဒိုးဖြစ်နေရရှာပါလားလို့ ကရုဏာသက်မိတယ်။ သူ့ပယောဂမကင်းဘူးလို့လည်း ခံစား ရတယ်။ တစ်ရက်ညဘက် ထမင်းစားပြီးချိန်မှာ ဒိုးကလေးက ပြောတယ်။

" ထူးဆန်းသားပဲ ပန်းညိုမရဲ့ ... ငါ့ အဖေက နွားများ အင်မတန်ချစ်တယ် ... နွားကြန်အင် လက္ခဏာတွေဆိုရင်လည်း အင်မတန်သိတယ် ... ရွာက ဘကြီးပေသီးနဲ့ဆို အဖက်ပဲ ... နွားကြည့်ကောင်း တွေပေါ့ဟာ ... သားဖြစ်တဲ့ ငါ့ကျတော့မှ အမဲပေါ်တဲ့သဒိုးဖြစ်နေရသယ် ... အဖေသိရင် ရင်ကျိုးမှာပဲ ... "

ဒိုးကလေးက သူစဉ်းစားမိသလို ကောက်ကာငင်ကာ ပြောလိုက်တော့ ပန်းညိုမှာ မျက်ရည်မကျမိအေင် မနည်း ထိန်းထားရတယ်။ ခမျာ ဖအေကြီး လွမ်းရှာတယ်နဲ့တူပါရဲ့လို့လည်း တွေးမိရဲ့။ ဒိုးကလေးပြောတာ အမှန်တွေပဲ။ ဖအေ ဦးပျားအုံက နွားကောင်းနွားညံ့ ကြည့်တတ်တဲ့ နွားလက္ခဏာ ဖတ်နိုင်တဲ့လူ။ ယောက္ခမ ဘိုးကြာပေါ် က နွားကောင်းနွားဆိုးရွေးစရာမလိုတဲ့သဒိုး။ ဒိုးကလေးကဲကပဲ ဆိုးချေရော့သလား။ သည်အလုပ် ကျကာမှ လက်ကြောတင်းနေလိုက်တာ။ သဒိုးကြီး ဘိုးကြာပေါ်က ချီးကျူးရတဲ့ သဒိုးလေး ဒိုးကလေး ဖြစ်နေပြီကိုး။ ပန်းညိုထင်သလို သည်အလုပ်ကို သူ စိတ်ပျက်သွားပုံမရဘူး။ စိတ်မပျက်တဲ့အပြင် ဒိုးကလေး ကိုယ်က ရွာစွန်ချောက်ဘက်သွားချင်နေတော့တာမဟုတ်လား။

ပန်းညို ကိုယ်ဝန်ရင့်လာတော့ သည်သတင်းက ကုက္ကိုကုန်းရောက်ပါပြီ။ ဒိုးကလေးက သဒိုးလုပ်နေသတဲ့။ ယောက္ခမနဲ့ သမက်အကုသိုလ်ထမ်းပိုး ထမ်းနေကြပြီတဲ့။ ကုက္ကိုကုန်းက မိဘများတင်မကပါဘူး ရွာကပါ စက်ဆုပ်သွားကြတယ်။ ကနွဲ့ကလျနဲ့ သနပ်ခါးတဖုံဖုံကောင်က သွေးအလူးလူး ဖြစ်နေပြီ ကြားတော့ အိုကြီး အိုမ မိဘနှစ်ပါးခမျာ ကျူကျူပါအောင် ငိုကြတော့တာပါ။
" ကိုပျားရယ် ... တော်ပြောသလို ကျုပ်သားနက္ခတ်မှားပြီထင်တယ် ... ငယ်ငယ်ကတည်းက အသားဆို မတို့ချင်တဲ့ကောင်က သဒိုးလုပ်နေတာ ကျုပ်တော့ ရင်နာလို့ မဆုံးပါဘူးတော် "
" သတ္တ၀ါတစ်ခု ကံတစ်ခုကိုး မယ်မှုံရဲ့ ... တရားနဲ့ဖြေကြရုံပေါ့အေ "

" ဒါသူ့မယား အသားသည်မလက်ချက်နေမှာ ပေါ့တော့ ... ရက်စက်တဲ့ကောင်မ .... ယုတ်မာတဲ့ ကောင်မ ... သင်းတို့သားသမီး ၀ဋ်လည်ကြဦးမှာပေါ့ ... စိန်ရေသင့်ကြပါစေတော် ... ငတို့ခံသလို ခံကြရပါစေ ... "
" အို ... မကျိန်ပါနြ့ မယ်မှုံရယ် ... အသားသည်မနဲ့လည်း မဆိုင်ပါဘူး ... မွေးလာမယ့်ကလေးနဲ့လည်း မဆိုင်ပါဘူး ... သူ့အကုသိုလ်ကျင်း သူကိုယ်တိုင် တူးသာပါ ... နင့်သားလုပ်ချင်လို့ ဖြစ်သာပါ ... ငရဲမယူချင်ပါနဲ့ ... "

ပန်းညို ကိုယ်ဝန်ရင့်လာခဲ့ပြီ။ နေ့လားညလား မွေးတော့မယ့်ရက်တွေမှာလည်း ဒိုးကလေးက အိမ်မကပ်နိုင်ဘူး။ ဦးကြာပေါ် မမာလို့ လဲနေတော့ သူပဲ သဒိုးအလုပ် ဒိုင်ခံလုပ်နေတာကိုး။ သည်အချိန် မှာတော့ ဒိုးကလေး အရက်စွဲနေပါပြီ။ အလုပ်က အော်ဂလီဆန်တဲ့ အလုပ်၊ ယင်တလှောင်းလှောင်း သွေးညှီနံ့တထောင်းထောင်း အလုပ်ဆိုတော့ တစ်ခွက်က စလိုက်တာ၊ သောက်မှ လက်ငြိမ်တယ် ဖြစ်လာပါရော။ အင်္ကျီချွတ်ကြီးနဲ့ သျှောင်ကြီးနဲ့ ပုဆိုးတိုတိုပါအောင် ၀တ်ပြီး ရွာထဲ ပြန်လာရင် ခွေးတွေက ရွာလုံးကျွတ်အောင် ဟောင်ကြတော့တာ။ သည်ခွေးဟောင်သံကြားပြီဆိုရင် ဒိုးကလေး ချောက်ထဲက တက်လာပြီး ရွာဝင်ပြီဆိုတာ ပန်းညိုကသိတယ်။ တစ်ရက်မှာတော့ ခွေးတွေ စီစီညံညံကြီး ဟောင်ကြ တုန်းမှာပဲ ပန်းညို မွေးတယ်။ ယောက်ျားကလေး။ ဒိုးကလေးအိမ်ရောက်လာတော့ မွေးပြီးပြီ။
အဲသည်ည က ပျော်လို့ဆိုပြီး ဒိုးကလေး တစ်ညလုံး အရက်တွေသောက်နေခဲ့လေရဲ့။

အပိုင်း (၇)
သားယောက်ျားကလေး ရပြီဆိုကတည်းက ဒိုးကလေး မျက်နှာမော်ပြီ။ သူ့တစ်သက် ဘယ်မိန်းမကိုမှ မက်ရေ စက်ရေ ကြိုက်လှချေရဲ့ မရှိခဲ့ရာက ကြိုက်မိတဲ့ မိန်းမကိုလည်း သူတကာတွေ ဘာပြောနေနေ ပေါင်းခဲ့တယ်။ ဓာတ်တော်ပြောပြော ကလိန်စေ့ပြောပြော ဒိုးကလေးက မမှုဘူး။ ရွာတကာက မေးငေါ့ တာလည်း သူအသိပဲ။ ဘယ့်နှယ်မှ မနေပေါင်။ ကိုယ်ချစ်လို့ယူတဲ့ မယား ဘယ်သူတွေက ကြားထဲက နာစရာပါလို့လဲ ထင်ခဲ့သူကိုး။ ပန်းညိုကို ယူတယ်။

ပန်းညို လုပ်ကျွေးတာ စားခဲ့တယ်။ ရေသီနားခို တယ် ပြောပြော ဒိုးကလေးကဖြင့် နေတတ်လိုက်တာမှ။ နောက်တော့ သူကိုယ်တိုင် ယောက္ခမကြီးနဲ့ သဒိုးအလုပ် လုပ်ခဲ့တော့တာ။ ဒါလည်း အပြောမလွတ်ဘူး။ အကုသိုလ်မ ကို ယူတော့ အကုသိုလ် အထုပ်ကို ရွက်ရပြီပေါ့တဲ့။ ပြောသာ ပြောကြတာပါ။ ဘယ်သူကမှ အကုသိုလ် တစ်ပဲသား ခွဲဝေယူခဲ့ကြ တာ မဟုတ်ပါဘူး။ ထမင်းတစ်လုတ် ရေတစ်မှုတ်လာကမ်း ကြတာ မရှိဘူး။ ဒိုးကလေးကို ကြည့်ကြတဲ့ အကြည့်ကိုက မတူသလို မတန်သလို မျက်လုံးတွေလို့တောင် ထင်မိ တယ်။

သည်အလုပ်က နာမည်ဆိုးသလောက် စီးပွားကျ ဖြစ်သလားဆိုတော့ မဖြစ်ဘူး။ ပိုတယ် လျှံတယ်လို့ လည်း မရှိခဲ့ဘူး။ ပန်းညို အမဲသားလည်း ရောင်းတယ် ဆိုတာကလည်း အမဲတစ်ကောင်လုံး တောင်းထဲ ထည့်ရောင်း ရတာမှ မဟုတ်တာ။ သူတကာ အမဲပေါ် ၀က်ပေါ်ရယ်လို့ လာအပ်တာကို ပေါ်ခရယ်လို့ ပေးတဲ့ ဝေစု လောက် ရတာပါ။ မပေါ်ရတဲ့နေ့ ဘာဝင်ငွေမှကို မရှိတာ။ ပေါ်ခ အမဲတွဲ၊ ကလီစာ တွဲကလည်း အကုသိုလ် နဲ့ ချိန်ရင် အရင်းထဲကတောင် ပါသေးတာပါ။

ဒိုးကလေးကတော့ မိုးလင်းရင် ချောက်ဘက်သွားရပြီ။ ပန်းညိုက ခံတောင်းပက်လက်နဲ့ ချိန်ခွင် တစ်လက် ခေါက်ချိုး ထည့်ပြီး လင်မယားနှစ်ယောက် ချောက်ထဲ ဆင်းကြရပြီ။ ယောက္ခမက သမီးထုပ် လာတဲ့ ထမင်း အဆာပြေ စားပြီး သားအဖသုံးယောက် နွားဆွဲလာမယ့်၊ ကျွဲဆွဲလာမယ့်လူ မျှော်ရပြီ။ လာတဲ့နေ့ ငွေဝင်တယ်။ မလာတဲ့နေ့ ငွေမ၀င်ဘူး။ လာတဲ့ ကျွဲ၊ နွားဆိုတာကလည်း အမျိုးမျိုး။ နအို နမင်း ဆွဲလာတာ ရှိသလို ခိုးနွား ဆွဲလာကြတာလည်း ရှိတယ်။ အလည်လွန်လာတဲ့ နွားအစပျောက်ရ တာလည်း ရှိတယ်။ ကျေးစွန်ရွာဖျားဆိုတော့ တရားဥပဒေကလည်း ရုတ်တရက် ရောက်နိုင်တာ မဟုတ်ဘူး။ ပေါ်ပြီးသား အမဲ ရွာတကာ လည်ရောင်းတော့လည်း ဘယ်ရွာက ဘယ်သူ့နွား သိနိုင်တာ မဟုတ်တော့ဘူးကိုး။

"စဉ်းစားကြည့်တော့ ငါ့အလုပ်ကို ခိုးရာပါ လက်ခံရတော့ ငါလည်း ခိုးခြင်း ငါးပါးမြောက်တယ် ... ကျွဲနွားပိုင်ရှင် က လာစုံစမ်းတော့လည်း နွားအရောင် အသွေးကအစေ တလွဲပြောရတယ် ... ညာရတယ် ... သတ်လည်း သတ်ရသေးတယ် ... အရက်ကလည်း သောက်မှ လက်ငြိမ်တယ် ကံငါးပါးမှာ လေးပါး ပျက်ရပြီ ကော ပန်းညိုရဲ့ ... ကာမေသုမိစ္ဆာ တစ်ပါးကျန်တော့သာပါလားဟာ မကောင်းလိုက်တာ ..."
မကောင်းလိုက်တာ ဆိုပေသိ ဒိုးကလေးက ပျော်နေတာပါပဲ။ အရင်က မယားတင်ရှိတာ၊ ခုက သားကလေး ဒိုးကောင်း ပါ ရှိနေပြီ။ သည်သားမွေးကတည်းက ဒိုးကလေးဘ၀ ပိုပြည့်စုံသွားတယ် တောင် ထင်မိတယ်။ ချစ်လိုက် ရတာ တုန်လို့။

မီးနေရက်တွေ မီးတွင်းရက်တွေတုန်းက ပန်းညို ရွာစဉ်မလှည့်နိုင်တော့ ပန်းညိုရဲ့ ညီမ၀မ်းကွဲ တစ်ယောက် က လှည့်ရောင်းပေးရတယ်။ ကလေး မတီမတာ ရင်ခွင်အပ်နဲ့ဆိုတော့ ပန်းညို ညီမ ၀မ်းကွဲ ပုတေးကို အားကိုး ရတာပါ။ ပုတေးကလည်း လင်နဲ့ပါ။ ပုတေးနဲ့ ဒိုးကလေး အလုပ်သဘာဝ ဆက်စပ် ရာက အ၀င် အထွက် အထိအတွေ့ များလာတော့ ကျောပုတ် ခေါင်းပုတ် ဖြစ်လာတာကို ပန်းညိုက မကြိုက်တာတွေ ဖြစ်လာတယ်။ သည်တော့ ပုတေးကို ဟင်းတစ်ချက် စာပေးပြီး ပြန်လွှတ်၊ ပန်းညိုပဲ ခံတောင်း ခေါင်းပြန်ရွက် ရတာပါပဲ။ ပုတေး ကို ပြန်မောင်းထုတ်လိုက်တော့ ဒိုကလေး မကျေနပ်ချင်ဘူး။
"နင့်နှယ်ဟာ ... ပုတေးက ကိုယ့်ကူနေသဲ့ဟာ .. မကောင်းထင်ရတယ်လို့ ..."

"တော့်မှာ ကံငါးပါး ပြည့်သွားမှာစိုးလို့တော်ရေ့ ငါးပါးသီလ တစ်ပါးတော့လုံမှ နို့မို့ ခွေးဖြစ်တော့မယ်"
"ခွေးဖြစ်တော့ လည်း ပေါ်လိုက်ရုံပေါ့ဟာ ..."
သည်ကိစ္စ သည်လောက်နဲ့ ပြီးသွားလို့ တော်သေးရဲ့ အောက်မေ့ရတာပါ။ ပန်းညိုက ရွာတကာ လည်လို့ ကလေး နို့ဆာချိန် နို့ရည်များ "ရင်"က သက်ရင် အမဲမြန်မြန် ကုန်ပါစေ ဆုတောင်းမိရတယ်။ ကလေးအပ်ခဲ့တဲ အိမ်ကလည်း မိခင်နို့ယိုတဲ့ အိမ်ပါ။ နို့တိုက်ထားနေကျပါ။ ဒါပေမယ့် မအေဆိုတော့ နို့ယိုရင် သားကို သတိရတယ်။ ပန်းညိုက တစ်ခါတစ်ခါ ဘ၀များ ပင်ပန်းလိုက်တာ အောက်မေ့မိတယ်။
ပန်းညို အရင်လင်သား ရွှေတော်တက်သလို တစ်မိသားစုလုံး ရွှေတောတက်ချင်စိတ်တောင် ၀င်လာ မိတယ်။

ဒိုးကလေးက လက်မခံပါဘူး။ ရွှေတော သွားပြီး သူဘာလုပ်တတ်မှာတဲ့တုန်း။ ခုအလုပ်က ကျွမ်းကျင်နေပြီ။ ရွှေတောက အလုပ်ကြမ်းဆိုတော့ ငှက်တော ခွေးတော တိုးရတာနဲ့ ပြီးရတာ၊ သဒိုး အလုပ်က သူမှလုပ်လို့ ဖ်ြစတယ်လို့လည်း မာနခ့သေးတာပါ ပါတယ်။ ဒိုးကလေးက ရွှေတော မလိုက် ချင်တာ မလိုက်ချင်ဘူး မပြောဘူး။ နင့်လင်ကြီး အောက်မေ့လို့လားလို့ သေသူနဲ့ ပြန်ပေးစားနေလို့ နောက်ထပ် မပြောဝံ့တော့ပါဘူး။ ဒါပေမယ့် တစ်ချက်တော့ ပြန်ပက်လိုက်သေးတာပါ။

"တော်သေရင် နတ်စိမ်းဖြစ်မစိုးလို့ ပြောသာ တော်ရေ့ ... ကျုပ်ကို မတရားမပြောနဲ့ ... တော် လုပ်ချင် မှ လုပ် ... တော်မှ လုပ်နိုင်ရင် ကျုပ်က ရောင်းနိုင်ပါ့ ... ဘိုးကြာပေါ့် သမီး ဆယ်ရွယ် ခါးစောင်းတင် လာတဲ့ မိန်းမပါ ..."

ဒိုးကောင်း ရှစ်လသားအရွယ် ရောက်လာတော့ ကံကြမ္မာက တစ်မျိုးလှည့် ပြန်တယ်။ ဘိုးကြာပေါ် တစ်ယောက် ချောက်ထဲမှာပဲ အမဲရိုး၊ ကျွဲရိုးတွေကြား ဆုံးရှာတော့ ဒိုးကလေးက ယောက္ခမရာထူး ဆက်ခံရတာပါ။ အရက်ကလည်း မနက်ရေ ညရေ ဖြစ်လာပြီ။ သားဒိုးကောင်းကိုတော့ တုန်နေအောင် ချစ်ရှာတာလား။ သျှောင်ပွကြီးနဲ့ အင်္ကျီချွတ်ကြီးနဲ့ သားကို ချီဟယ် ပွေ့ဟ်ာနဲ့ ဆိုတာတော့ ၀တ်မပျက် ဘူး။ တစ်ရက်မှာတော့ အကုသိုလ်ချောက်ကြီးထဲက ရုန်းတတ်ဖို့ အခြေအနေပေါ်လာ ပြန်တယ်။

ဒိုးကလေးမှာ သားယောက်ျားကလေး ရပြီကြားလို့ ကုက္ကိုကုန်းက ဘိုးပျားအုံဘွားမှုံတို့က မြေးကလေး မြင်ချင်တယ် ဖြစ်လာကြတယ်။ ယောက္ခမ သဒိုးကြီးလည်း မရှိတော့ဘူးဆိုတော့ သားနဲ့ ချွေးမ မြေးကလေးကိုပါ ပြန်ခေါ်ချင်ချင် ဖြစ်လာကြတယ်။ မြေးကလေးကတော့ အဓိကပေါ့။ ကိုယ့်မှာ မြေနဲ့ ယာနဲ့ ရှိပါလျက်နဲ့ တစ်ဦးတည်းသောသား ဒိုးကလေး "သဒိုး" ဖြစ်နေတာ စိတ်မချမ်းသာကြဘူး။ သည့်ထက် မြေးကလေးရှေ့ရေး ရင်လေးမိကြတာလည်း ပါမှာပေါ့။ ချွေးမ ပန်းညိုမတော့ တယ်မကြည် သာချင်ကြဘူး။

ကုက္ကိုကုန်းသားဘိုးစုံက ရွာကို ပြန်စေချင်ကြောင်း လာပြောတော့လည်း ဒိုးကလေးက မိဘနှစ်ပါးကိုလည်း သူ့ကို တုန်နေအောင် ချစ်ရှာခဲ့ကြတာပါလားဆိုတာကိုလည်း သိပြီ။ အဖေနဲ့ အမေ အိုမင်းတွင်းဆုံး ကျနေပြီဆိုတာလည်း သိပြီ။ မြေးကလေး ချီချင်ရှာမှာပေါ့။ သီလကောင်းလို့ အသက်ရှည်သေးရင် မြေးရှင်ပြုကလေး မီချင်ရှာမှာပေါ့။

"မင်းတို့အတွက် ရယ်လို့ လက်သမား ညွှန့်မောင်ခေါ်ပြီး အိမ်နောက်ဘက်မယ် တဲရာကလေး ကောင်း ကောင်း ထိုး နေကြပါရော့လား ငဒိုးရဲ့ ... ခမျာများ ကြီးကြပါပြီကွာ ... မျက်စိ မမှိတ်ခင် မင်းတစ်လှည့် စောင့်ရှောက် စေချင်သာပဲ ... အမယ်ကြီးက ယဲ့ယဲ့ကျန်တော့သာ ... မင်းအဖေကတော့ မာပါရဲ့ ..."

"ဘိုးစုံရာ ... ကျုပ်ကလည်း အမိုက်ကြီးကမ်းကုန်ဆိုတာ မျိုးပါလားဗျာ အဖေတို့ အမေတို့မှ မခေါ်ရင် ကျုပ်ကလည်း ကုက္ကိုကုန်း ခြေမလှမ်းဘူးဆိုတဲ့ မာနနဲ့ ပေနေသာပါ ... ကျုပ်မှားခဲ့တယ် ... ခက်သာက ပန်းညို က ရှိသေးတယ် ... သူဘယ်မျက်နှာနဲ့လိုက်မှာတုန်း ... လိုက်လာလို့ ကြည်သာရင်တော်ရဲ့ ... မကြည်သာ ရင် ကျုပ်တို့ ညောင်ကားယား ပြန်ပြေးရမှာဗျ"
"မဟုတ်သာ ငဒိုးရာ မိဘများ အရွယ်တွေလည်း ရကြပါပြီကွာ ... ဒါတွေလည်း မရှိတော့ပါဘူး ... ခေါ်မှတော့ ခွင့်လွှတ် လို့ ခေါ်ကြသာပေါ့ကွ ... မင်းနှယ် ... အသစ်မလုပ်ချင်ပါနဲ့ ... မင်းအသက် မင်းပြန်တွက်လေ ... မငယ် တော့ဘူးကွ ... နာစရာကို လွမ်းစရာနဲ့ ဖြေကြပါပြီကွာ ... ပြန်ကြပါ ... ဘကြီးလည်း ရှိပါတယ် ..."

လျှောင်ကြီးဗွေ ဒိုကလေးက ချောက်ထဲက သစ်ပင်ကိုင်း တစ်ကိုင်းမှာ စောင်ပုခက်ချိတ်ထားတာကို လှမ်းကြည့်တယ်။ ပုခက်ထဲမှာ ဒိုးကောင်းက အိပ်လို့။ ဘိုးအေဘွားအေတွေက မင်းကို မျှော်ကြ ပတဲ့ ငါ့သားရေ လို စိတ်ထဲက ရေရွတ်လိုက်တယ်။ ဘိုးစုံ ပြန်တော့လည်း ဒိုးကလေးရင်တွေ တလှပ်လှပ်နဲ့ ကျန်ခဲ့ လေရဲ့။

အပိုင်း (၈)
ညောင်ကားယား က လှည်းကြမ်းတစ်စီးနဲ့ သားအဖတစ်တွေ ထွက်လာကြတော့ နေတောင် မှည့်နေပါ ပြီ။ ပန်းညို က လတ်လတ် လောလောကလေးဝတ်လို့။ သားကို ပေါင်ပေါ်တင်ပြီး လှည်းရံတိုင် ကိုင်ရင်း လှည်းဆွဲရာ ပါနေရသလို ငေါင်ငေါင်ကြီး လိုက်နေရှာတာပါ။ သဘော မတူပါဘူးရယ်လို့ သုံး၊ လေးနှစ် ပစ်ထား တဲ့ ယောက္ခမရွာ လိုက်လာရတာဆိုတော့ မျက်နှာငယ်ရဦးတော့မှာပဲလို့ တွေးမိလို့ပါ။

ဒိုးကလေး ကတော့ ပြောတာပါပဲ။ အဖေတို့ အမေတို့လည်း အသက်ကြီးကြပါပြီ။ တို့အားမကို ဘယ်သူ့ အားကိုး မှာတုန်း၊ ဟိုတုန်း ဟိုခါက စိတ်ရှိလို့ ပြောခဲ့ဆိုခဲ့ ပစ်ထားခဲ့တာမှန်ပေသိ ခုတော့လည်း ဒါတွေ မရှိလောက် တော့ပါဘူးတဲ့။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့သား အရက်သမား သဒိုးဖြစ်သွားရ တာ ညည်းကြောင့် ဆိုတာတွေ လာတော့မှာကိုး။

မဟုတ်ဘူးလား ဆိုတော့လည်း ဟုတ်ပါရဲ့။ တံငါနား နီး တံငါ၊ မုဆိုးနာနီး မုဆိုး ဆိုတာလို သဒိုး နားနီး သဒိုး ဖြစ်ရတာ ကို ငြင်းမဖြစ်ဘူး။ ဒါပေမယ့် ပန်းညို တစ်ခုတော့ ၀မ်းသာမိတယ်။ သူ့မိသူ့ဘလက်ထဲ ပြန်ရောက်ရင် တောင်သူနားနီးောတင်သူဖြစ်ရမှာကို တွေးမိပြီး ၀မ်းသာတာပါ။ ဒိုးကလေးတင်မကဘူး သူလည်း အသားသည်ဘ၀က လွတ်ရတော့မှာကို လည်း ၀မ်းသာတယ်။ သူတို့ သား ယူမိမှာတော့ ယောက္ခမ မိဘ ဘာပြောပြော ဘာဆိုဆို ခါးစည်းခံရုံ ပေါ့လို့ပဲ တွေးတယ်။

လှည်းပေါ်မှာ ပန်းညိုတို့ ပိုင်ဆိုင်သမျှ စားအိုးစားခွက်ကလေးတွေ၊ အ၀တ်အစား တစ်ပွေ့နဲ့ စောင်ထုပ် ခေါင်းအုံးထုပ် လောက် ပါတာပါ။ ဂုံနီအိတ်ဟောင်းနဲ့ လိပ်လာတဲ့ ဘိုးကြာပေါ့် လက်ကျ သားလှီးဓား သားဖျင်ဓား တွေလည်း ပါရဲ့။ ဒိုးကလေးအဖို့ရာတော့ ယောက္ခမအမွေပေါ့လေ။

ဒါလည်း ပန်းညိုက မယူခဲ့ဖို့ ပြောပါသေးတယ်။ ကုက္ကိုကုန်းကို အကုသိုလ်မပါ စေချင်တော့လို့ပါ။ မိဘများ ရှေ့ ဓားတပြပြ လုပ်နဲ့ လုပ်မစားစေချင်တော့လို့ပါ။ အကုသိုလ်အလုပ်ကို ညောင်ကားယားက ချောင်ထဲ ထားပစ်ခဲ့ပါတော့ လို့ အတန်တန် ပြောခဲ့တာပါ။ ဒိုးကလေးက ဇွတ်ယူလာခဲ့တယ်။ ဒိုးကလေး စိတ်ကူး က ကုက္ကို ကုန်း ကနေ ဟိုရွာသည်ရွာ သဒိုးလိုက်လုပ်ဦးမယ်ပေါ့လေ။

"ဘယ့်နှယ့် ထားခဲ့ရမယ်လို့ဟာ နင့်နှယ် ... မလုပ်ချင်ကာမှနေရော ဓါးတွေ မထားရက်ခဲ့နိုင်ပေါင်ဗျာ ... ကျုပ်ယောက္ခမ အမွေ ပါ ... ငါက ကုက္ကိုကုန်း ရောက်လို့ ယာထွန်ကိုင်းထွန် ထလုပ်မယ့်ကောင် မဟုတ် ဘူးဗျာ ... အခြေအနေ မဟန်ရင် ဓါးထုပ်ဖွင့်သင့် ဖွင့်ရမှာပဲ"
ပန်းညို ကတော့ ဒိုးကလေးကို ကြည့်ပြီး သက်ပြင်းချရုံကလွဲလို့ ဘာတတ်နိုင်မှာတဲ့လဲ၊ သည်လိုနဲ့ ဓါးတွေ ပါလာ တာပါ။ လှည်းပေါ်မှာတော့ ကိုယ့်အတွေးနဲ့ ကိုယ်ခြောက်ကပ်ကပ်ကြီး။ ဒိုးကလေးလည်း ရွာပြန် ၀င်ရတော့မှာ ဆိုတော့ ရွာက ကြည်သာကြပါ့မလား၊ မျက်စောင်းတထိုးထိုး နှာခေါင်းတရှုံ့ရှုံ့နဲ့ နေကြမလား။ တစ်ရွာလုံး သူတော်ကောင်းတွေချည်း စုနေကြတာ မဟုတ်ပေသိ လူ့သဘာဝ သူတစ်ပါး ကို လက်ညှိုး ထိုးဖို့ တော့ လွယ်ကြတာကိုး။

"ကိုကြီးဒိုးတို့ မမညိုတို့က ကုက္ကိုကုန်းကို အပြီးပြောင်းကြတာလား ... ကိုကြီးဒိုး မိဘများက ချမ်းသာ ကြဆို ... မြေးတော့ အမွေတွေ ရချေသေးပေါ့ဗျာ ... ကျုပ်ကို ကိုကြီးဒိုး "နသတ်" ဘ၀က လွတ်သာ ၀မ်းသာသာ ... ကုက္ကိုကုန်း ရောက်မှတော့ သဒိုး မလုပ်ပါနဲ့တော့ဗျာ"
လှည်သမား ငသန်း က ညောင်ကားယားသားဆိုတော့ ဒိုးကလေးတို့နဲ့ ခင်လို့ လိုက်ပို့တာပါ။ ငသန်းက သူ့စိတ်ထဲ ရှိတာ ပွင့်ပွင့်လင်းလင်း ပြောချလိုက်တာကို ဒိုးကလေး စိတ်မဆိုးသာဘူး။ ငသန်းပြောတာ လမ်းကျ နေတာကိုး။

"မိဘများက အချမ်းသာကြီး မဟုတ်ပါဘူးကွာ တော်ရုံ တောင်သူပါပဲ ... မြေနဲ့ ယာနဲ့ လှည်းနဲ့ နွားနဲ့တော့ ရှိပါရဲ့ ... ဒါပေသိ မိဘအမွေ တစ်သက်လုံး ထိုင်စားလို့ ဖြစ်သာမှမဟုတ်သာ ... ငါ့အလုပ် ငါလုပ်ရမှာပေါ့ကွ ..."
"ငါကလည်း အဲသဟာပြောသာပဲ ငသန်းရယ် ... နင့်အစ်ကို ကို မလုပ်စေချင်တော့ပါဘူး ... ငါလည်း ရွာရိုး ကိုးပေါက် မလျှောက်ချင်တော့ဘူး ဟဲ့ အဖေ့ခမျာ သေကျွတ်ကျွတ် သွားခဲ့ပြီး ... လင် ကိုလည်း ရှင်ကျွတ် ကျွတ် စေချင်တာရယ် ..."

အပိုင်း (၉)
ကုက္ကိုကုန်း လှည်းဝင်တော့ ရွာက ထူးသဟဲ့ ဆန်းသဟဲ့၊ လာကြပဟဲ့ မရှိကြပါဘူး။ ပုံမှန်ပါပဲ။ မိဘများဆီ သားသမီး တွေ ပြန်လာကြပြီဆိုတာမျိုးလောက်ပဲ ရှိကြတာပါ။ ဘိုးပျားအုံနဲ့ မယ်ကြီးမှုံတို့ ကတော့ လှည်းရောက်လာတော့ ပျော်ကြရှာတယ်။ သုံး၊ လေးနှစ်လောက် ပျောက်သွားတဲ့ သားမျက်နှာကို စေ့စေ့ကြည့်ကြတယ်။ သည်သုံးလေးနှစ်အတွင်းမှာ သျှောင်ကြီးဗွေကြီးနဲ့ လူက ညှင်းသိုးသိုး၊ မျက်နှာ တင်းတိတ်ဖတ် တွေနဲ့ မီးကျွမ်းအိုးရောင် ပေါက်နေတဲ့ သားကို ကြည့်ပြီး ဖြစ်ရလေ အောက်မေ့ကြရုံပေါ့။ ရောက်လာတာ ကို ၀မ်းသာတာက သပ်သပ်ပါ။ သားလူချောက ရုပ်ကြမ်းပြီး ဖြစ်သွားတာ သပ်သပ်။ ရွာက ထွက်သွား တုန်းက ဆံပင်စုစည်းနဲ့ ကတ္တီပါဖိနပ်နဲပ ကောင်က ပြန်လာတော့ တာယာဖိနပ်မြီးတို နဲ့ ကိုး။ မအေ ကတော့ ပြောရှာပါရဲ့။

"င့ါသားမလည်း ရုပ်ကြီး ကြမ်းလာလိုက်သာကွယ် ... မအေ့ဝမ်းထဲက ပါလာတဲ့ရုပ်ဆိုလို့ တစ်စိုး တစ်စိ တောင် မကျန်တော့ ပါလားဟဲ့ ... ငါဖြင့် တစ်ညတည်း နွားချောတစ်ကောင် လူချောတစ်ယောက် မွေးခဲ့သာ ... ခုတော့ ပုန်းမကြည် အိုးဟောင်းလိုပါကော ..."

"ကျုပ်က ရွာတကာလှည့်ကတဲ့ ဗလာမင်းသားမှ မဟုတ်သာကိုး အမေရဲ့ လုပ်ကိုင်စားရသာ ဆင်းရဲ တော့ ရုပ်မငဲ့ နိုင်ဘူး ... အမေ့ပဲကြည့်လေ ... ဟိုတုန်းကလို ဟုတ်သေးရဲ့လားလို့ ... ခင်ဗျားနှယ် ..."
ရောက်ရောက်ချင်း ဆိုသလိုပဲ ဒိုးကလေးက မအေကို ပြန်ပြောနေသေးတာပါ။ မအေကတော့ သားဆိုး ငဒိုး ကို ဘာမှ ပြောမနေတော့ပါဘူး။ ပါလာတဲ့ မြေးကလေး လှမ်းယူချင် ပွေ့ချင်ပေသိ ချွေးမလက်ထဲ မို့ လှမ်းမယူ ဘူး။ ရောက်လာသကောရယ်လို့ ချွေးမ ကို စကားတစ်ခွန်း မပြောဘူး။ မျက်နှာလွှဲနေလိုက် လေရဲ့။

လှည်းပြန်သွားတော့ ကိုယ့်ပစ္စည်းကလေးတွေ အိမ်နောက်ဖေး ဆောက်ထားတဲ့ တဲထဲသွင်းကြ ရပြီ။ ပန်းညို က ၀မ်းသာရှာတယ်။ အိုးသစ် အိမ်သစ်ရယ်လို့ သဘောထားတယ်။ တောင်သူ ယောက္ခမ မိဘများ ကျေနပ်အောင် ပြုစုမယ်လို့ ခံယူထားတယ်။ အခုစကားမပြော နောင် ပြောလိမ့်မပေါ့ ။ အခု မကြည်သာ နောင်ကြည်သာ ရမပေါ့။ ကိုယ့်မိကိုယ်ဘလို အောက်မေ့ပြီး ခြေဆုပ်လက်နယ်ပြုစုမယ်။ သားလေးကို သည်ရွာကျောင်း မှာပဲ ထားမယ်။ ပထမလင်က ကျန်ခဲ့တဲ့သား ကိုရင်ကလည်း စိတ်ချရပြီ။ ကုက္ကိုကုန်း ပြောင်းကြမယ် ဆိုတော့ ဦးပဉ္ဇင်းကြီးက သူ့တပည့် ကိုရင်ကို မထည့်ဘူးတဲ့။ သားကိုရင် ကလည်း မလိုက်တော့ ဘူးတဲ့။ ပန်းညိုကလည်း စိတ်ချပါတယ်။

ညစာ စားပြီးတော့ သားအဖသုံးယောက် အိမ်ရှေ့ပြင်မှာ ထွက်ထိုင်ကြတယ်။ ကုက္ကိုကုန်းညက လမင်းကြီး သာလို့။ နေရာသစ်မှာပေသိ ပန်းညို စိတ်ချမ်းသာလိုက်တာ။ သားညှီနံ့ကင်းတဲ့ လေသန့် ရှင်းကို အခုညက စပြီး ရှူရပြီရယ်လို့ စိတ်ချမ်းသာ တာပါ။ ရွာက ဒိုးကလေး သူငယ်ချင်းတချို့ ရောက် လာကြတယ်။ စကား တွေ ပြောကြတယ်။ အားပေးကြတယ်။ ညဥ့်နက်တော့ ပြန်သွားကြရော။ အခုတော့ ပန်းညိုတို့ဘ၀ ညောင်ကားယား မှာနေရတဲ့ ဘ၀မျိုး မဟုတ်တော့ဘူး။ လူနဲ့သူနဲ့ အသိုင်း အ၀ိုင်းနဲ့ ဖြစ်လာပါပကောရယ်လို့ ၀မ်းသာ လိုက်ရတဲ့ဖြစ်ချင်း။ ညအိပ်ကြလို့ ဒိုးကောင်း တစ်ရေးအနိုး လူးလှိမ့်ငိုတော့ ဘွားအေကြီး မယ်မှုံ မနေနိုင်ဘူး။ မီးတိုင်ခွက်ကလေးနဲ့ ရောက်လာတယ်။

"ငါ့မြေး လေများနာရော့လား ... လင်းနေမြစ်ကလေး ၀ါးခွံ့စမ်း ... အိမ်ဘက်လာယူလှည့် ..."
သည်စကား ကြားတော့ ပန်းညိုရင်ထဲ လှိုက်အောင် ခံစားခဲ့ရတယ်။ ဒိုးကောင်းကို အကြောင်းပြုလို့ ဘ၀သစ် တစ်ခု စရတော့မယ်လို့ တွေးမိလို့ပါ။ ပန်းညိုကတော့ နောက်တစ်ရက်မကူးခင် ညတွင်းချင်းမှာ ပဲ ယောက္ခမ အိပ်ပေါ် တက်ခွင့်ရခဲ့ပြီ။

ခင်ခင်ထူး

No comments:

Post a Comment