Tuesday, March 13, 2012

သင့်အောင်မြင်မှုရဲ့ အတားအဆီးများ


မင်းရဲ့ ရည်မှန်းချက်တွေ နဲ့ မင်းရဲ့ အောင်မြင်ရေးကို အခက်တွေ့အောင် လုပ်နေတဲ့ အတားအဆီးတွေ အများကြီးရှိပါတယ်။

မင်းလိုချင်တဲ့အရာတစ်ခု ပြီးမြောက်ဖို့အတွက်ဆိုရင် အဲဒီအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။

၁။ အဆိုးမြင်သမားများ
တချို့လူတွေက မင်းဟာ မင်းရည်မှန်းချက် ဖြစ်မြောက်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြမှာမဟုတ်ဘူး။ မင်းရဲ့ ရည်မှန်းချက်တွေဟာ ဖြစ်မြောက်နိုင်စရာအကြောင်းမရှိဘူးလို့ တချို့ကလည်း ထင်ကြလိမ့်မယ်။ သူတို့ရဲ့ အဆိုးမြင်အတွေးတွေဟာ မင်းရဲ့ မင်းကိုယ်မင်းယုံကြည်မှု (self-confidence) ကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် မင်းနဲ့ မင်းရဲ့ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ မကောင်းတဲ့အတွေးအမြင် ရှိတဲ့သူမှန်သမျှကို ဝေးဝေးကရှောင်ဖို့ အရေးကြီးပါတယ်။

၂။ အားမပေးတဲ့ လူများ
မင်းလောက် မအောင်မြင်တဲ့သူတွေက မင်းကို ဝေဖန်ကြလိမ့်မယ်။ မနာလိုဖြစ်ကြလိမ့်မယ်။ အဲဒါတွေလည်း မင်းရဲ့ စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ မင်းထက် အောင်မြင်တဲ့သူတွေကည်း မင်းကို ဆရာလုပ်လိ့မ်မယ်။ အထက်စီးကနေဆက်ဆံလိမ့်မယ်။ အဲဒါတွေကည်း မင်းစိတ်ကို အနှောင့်အယှက်ဖြစ်စေမှာပါပဲ။

အဲဒါတွေဟာ မင်းရဲ့ ရည်မှန်းချက်အောင်မြင်ရေးမှာ အနှောင့်အယှက်တွေပဲပေါ့။ ဘယ်သူတွေက ဘာပဲပြောပြော မင်းမှာ ကိုယ်ပိုင်စံသတ်မှတ်ချက်တွေ ရှိတယ်။ အဲဒါတွေကို အားပေးတဲ့သူတွေနဲ့သာ ပေါင်းသင်းပါ။

၃။ စိုးရိမ်စိတ်
စိုးရိမ်ဖို့အတွက် အချိန်ကုန်ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခံစားမှုပိုင်းဆိုင်ရာ အင်အားတွေလည်း ကုန်ပါတယ်။ ဒါတင်မက၊ စိုးရိမ်လို့မို့ ကောင်းတဲ့အရာ ဘာတစ်ခုမှ ဖြစ်မလာပါဘူး။ စိုးရိမ်စိတ်က မင်းကို စိတ်ဆင်းရဲအောင်လုပ်မယ်။ ပြီးတော့ မင်းရဲ့ ရည်မှန်းချက်တွေနဲ့ဝေးရာကို ခေါ်သွားလိမ့်မယ်။

စိုးရိမ်ဖို့အတွက် သုံးရမယ့် အချိန်နဲ့ အင်အားတွေကို မင်းလုပ်စရာရှိတဲ့အရာတွေလုပ်ဖို့ သုံးသင့်ပါတယ်။ ဒါကြောင့်မို့ မင်းရဲ့ အချိန်တွေ အင်အားတွေကို စိုးရိမ်ခြင်းဖြင့် ဖြုန်းတီးမပစ်လိုက်ပါနဲ့။ အဲဒီအစား မင်းရဲ့ ရည်မှန်းချက်တွေ အပေါ်မှာပဲ အာရုံစိုက်ပါ။

၎။ ဆုံးဖြတ်ချက် မချနိုင်မှု
ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ခြင်းဟာ ရည်မှန်းချက်တစ်ခု အောင်မြင်ဖို့အတွက် ပထမဆုံး ခြေလှမ်းပါပဲ။ ဒီအဆင့်ကို မလုပ်ဘူးဆိုရင် တခြား ဘယ်အဆင့်ကိုမှ ဆက်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါဆို ဘာရလာဒ်မှလည်း ထွက်မလာနိုင်ပါဘူး။

မင်းဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ချမိမှာ၊ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့အတွက် တစ်ခါတစ်လေမှာ ဘာလုပ်ရမယ်ဆိုတာ မဆုံးဖြတ်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခု မှန်မမှန်သိနိုင်ဖို့အတွက် အထိရောက်ဆုံးနည်းကတော့ အဲဒါကို လုပ်ကြည့်ဖို့ပါပဲ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့အတွက် အရာများစွာကို မင်း လုပ်ကြည့်ဖို့ လိုအပ်ချင်လိုအပ်ပါလိမ့်မယ်။

၅။ ပျင်းရိခြင်း
ရည်မှန်းချက်တစ်ခု အောင်မြင်ဖို့အတွက်ဆိုရင် အလုပ်လုပ်ဖို့လိုပါတယ်။ တချို့လူတွေက အလုပ်မလုပ်ချင်ကြဘူး။ ပျင်းနေကြတယ်။

ပျင်းရိခြင်းဟာ မင်းကို ပြုလုပ်သူအဖြစ်ကနေ ခံရသူအဖြစ်ကို ပြောင်းပစ်နိုင်ပါတယ်။ ပျင်းရိမှုက မင်းကို မင်းလိုချင်တဲ့အခွင့်အရေးတွေ လွတ်သွားအောင်လည်း ပြုလုပ်နိုင်ပါတယ်။ မင်းရှေ့မှာ အခွင့်အရေးတစ်ခုရှိနေတယ်။ အဲဒီအခွင့်အရေးကိုရဖို့ နည်းနည်းလေးတော့ အားထုတ်ရမယ်။ ဒါပေမဲ့ မင်းက ပျင်းနေတယ်ဆိုရင် အဲဒီအခွင့်အရေးကို မင်း လက်လွှတ်လိုက်ရပါလိမ့်မယ်။ မင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်ဆိုရင် မင်းရဲ့ လမ်းကြောင်းပေါ်မှာ ပေါ်လာသမျှ အခွင့်အရေးတိုင်းကို အမိအရ ဆုပ်ကိုင်ရပါမယ်။ အဲဒီအတွက် မင်းဟာ လုပ်ချင်ကိုင်ချင်စိတ် ထက်သန်နေရပါမယ်။

၆။ အခြားသူများအပေါ် မှီခိုလွန်းခြင်း
လူအတော်များများဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ကိုယ်တိုင် မလုပ်ချင်ကြဘူး။ တခြားလူတွေကို မှီခိုချင်ကြတယ်။ တခြားလူတွေကို မှီခိုရတယ်ဆိုတာ တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းက သူတို့ကို မထိန်းချုပ်နိုင်ဘူးလေ။ သူတို့က မင်းအတွက် အမြဲတမ်း လုပ်ပေးနိုင်မလားဆိုတာကလည်း မသေချာဘူး။

မင်း အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့ တစ်ဦးတည်းသောသူကတော့ မင်းကိုယ်တိုင်ပါပဲ။ မင်းဖြစ်ချင်တာတွေ ဖြစ်လာဖို့ မင်းကိုယ်တိုင် လုပ်တတ်လာမယ်ဆိုရင် မင်းဟာ တခြားသူတွေအပေါ် လုံးဝမှီခိုတာမျိုး မဖြစ်တော့ဘူး။ ပြီးတော့ မင်းရဲ့ ကိုယ်ပိုင် အခြေအနေပေါ်မှာလည်း အပြည့်အ၀ ထိန်းချုပ်နိုင်လာမယ်။

၇။ အခြားသူများအပေါ် လွဲမှားစွာ ဆက်ဆံခြင်း
မင်းရဲ့ ရည်မှန်းချက်တွေ အားလုံးကို မင်းတစ်ယောက်တည်းနဲ့ပဲ ပြီးမြောက်အောင်လုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာ တခြားသူတွေရဲ့ အကူအညီကို မင်းလိုအပ်မှာပါပဲ။ မင်းဟာ ရိုးသားမယ်၊ မျှမျှတတလည်းရှိမယ်ဆိုရင် လူတွေက မင်းကို ပိုလို့တောင် ကူညီချင်ကြပါလိမ့်မယ်။

မင်းဟာ ရိုးသားပြီး မျှတမှုရှိပါစေ။ မင်းကို ဆက်ဆံစေချင်တဲ့အတိုင်း တခြားသူတွေကို ဆက်ဆံပါ။

၈။ အားမရခြင်း
မင်းမှာရှိတဲ့အရာကို မင်းတန်ဖိုးမထားတတ်ဘူးဆိုရင်တော့ ရည်မှန်းချက်တွေ ပြီးမြောက်လည်း မင်းပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ မင်းမှာ မရှိတဲ့အရာတွေကိုပဲ အာရုံစိုက်နေမယ်ဆိုရင် မင်း မပျော်ရွှင်နိုင်ပါဘူး။ မင်းမှာ လုံလုံလောက်လောက် မရှိသေးဘူးလို့ ခံစားနေရသမျှလည်း မင်း မပျော်ရွှင်နိုင်ပါဘူး။

မင်းမှာ မရှိတဲ့အရာတွေကို အာရုံစိုက်မယ့်အစား၊ မင်းမှာ ရှိတာတွေကိုပဲ အာရုံစိုက်ရပါမယ်။ ဒါမှ မင်းရဲ့ အောင်မြင်မှုတွေကို မင်း ကျေနပ်နိုင်မှာ ပျော်ရွှင်နိုင်မှာပေါ့။ ပြီးတော့ မင်းရဲ့ အားထုတ်မှုတွေဟာ ထိုက်တန်တယ်လို့ ခံစားရမှာပေါ့။

source...... yourlifesuccess

( တက်ခေါင် မြန်မာပြန်သော – ဆယ်ကျော်သက်လူငယ်တို့ အောင်မြင်ဖို့ စာအုပ်မှ ထုတ်နှုတ်သည်)

ဆယ်ကျော်သက်လူငယ်တို့ အောင်မြင်ဖို့ စာအုပ် ကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

No comments:

Post a Comment