Monday, March 12, 2012

နေတတ်ဖို့ လိုသလို........


ငယ်စဉ်က “သေတတ်ဖို့ လိုသည်” ဟုပြောသံကို ကြားရသောအခါ ထေ့ပြုံးပြုံးမိ၏။ အရွယ်ရလာသော အခါ “ငါရော သေတတ်ပါရဲ့လား”ဟု ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် မေးမိသည်။ လောကုတ္တရာ စာပေ အချို့ကို လေ့လာမိသော အခါ နက်နဲခြင်း သဘောတွေကို တွေ့ရ၏။

သေချာသည်က “လူတိုင်းကောင်းစွာ မသေတတ်ကြ”။ ကိုယ်လည်း မသေချာ။ ဆရာဦးတော်(အမရပူရ)၏ “သေခြင်းဆိုင်ရာ အဘိဓမ္မာနှင့် သောတာပန်”ကို ဖတ်ရသော အခါ လွယ်လွယ်ရှင်းရှင်း၊ စကားပြေတို့ဖြင့် ရေးထားသည်ဖြစ်၍ တစ်ဆင့်ပွား မျှဝေ လိုလာသည်။

ပိုင်းခြား သိရမည့် တရား၊ ပယ်ရမည့် တရား၊ မျက်မှောက်ပြုရမည့် တရားနှင့် ပွားများရမည့် တရားတို့ကို ကောင်းစွာ သိရှိ သဘောပေါက်ပြီး ဆင်ခြင် နှလုံးသွင်း၊ ကျင့်ကြံ အားထုတ်ခြင်းဖြင့် ကောင်းစွာ သေတတ်၊ တစ်ဖန်ပဋိသန္ဓေ ပြန်နေနိုင် ရန်ရေးသားထားသည်။ သေခြင်းတရား ကို အဖန်ဖန် နှလုံးသွင်းနေပါက မရဏ နုဿတိကို စွဲမြဲစွာ အားထုတ်နေခြင်း ဖြစ်၍ ခန္ဓာငါးပါး၌ ငြီးငွေ့ပြီး နိဗ္ဗိန္ဒ ဥာဏ်ရရှိရာ ခန္ဓာငါးပါးကို မလိုချင် မတပ်မက်သော ၀ိရာဂဥာဏ် ရရှိမည်ဟု ဆိုသည်။ ဤဥာဏ်သည် နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်သည့် ဥာဏ်ဖြစ်၏။

သေခြင်းဆိုင်ရာ အဘိဓမ္မာကို...
- သေခြင်းအား နားလည်မှု
- ဒုက္ခနှင့်သုခတို့ကို သိရှိမှု
- ရှာမှီးခြင်း မလွဲမှု
- ဆုတောင်းမလွဲစေမှု
- အစမ်းသေကြည့်မှု တို့ဖြင့် အပိုင်းလိုက် ဖော်ပြထားသည်။

ကြိုတင်မသိနိုင်သောတရားငါးမျိုး
ဇီဝတံ ဗျာဓီ ကာလောစ၊ ဒေဟ နိက္ခေပနံ၊ ဂတိ။ « ၀ိသုဒ္ဓိမဂ် »
- မည်သူမျှ ဘယ်အရွယ်တွင် သေရမည်ကို မသိနိုင်ခြင်း
- မည်သို့သော ဝေဒနာ၊ အန္တရာယ်ဖြင့် သေဆုံးမည်ကိုမသိနိုင်ခြင်း
- ဘယ်အချိန်ကာလတွင် သေရ မည်ကို မသိနိုင်ခြင်း
- ဘယ်နေရာမှာ သေရမည်ကို မသိနိုင်ခြင်း
- သေပြီးနောက် အခြားမဲ့၌ ဘာဖြစ်မည်ကို မသိနိုင်ခြင်း လူတိုင်း တစ်နေ့ သေကြရမည် ဖြစ်သည်။ သိက္ခာ ရှိရှိ၊ သတိရှိရှိနှင့်သာ သေခြင်းတရား ကို ရင်ဆိုင်နိုင်အောင် အားထုတ်သင့်သည်။ သေခြင်းကိုကား ရှောင်လွှဲ၍ မရနိုင်။

လေးမျိုးနှင့် သေကြ
- အာယုက္ခယဟူသောသက်တမ်း ကုန်၍ သေရခြင်းမျိုး
- ကမ္မက္ခယဟူသော ကံအစွမ်း ကုန်၍ သေရခြင်းမျိုး
- ဥဘယက္ခယဟူသော
သက်တမ်းလည်းကုန်၊ ကံအစွမ်း
လည်းကုန်၍ သေရခြင်းမျိုး
- ဥပစ္ဆေဒက ဟူသော သက်တမ်း နှင့် ကံအစွမ်းရှိသေးသော်လည်း ပိုအား ကြီးသော အကုသိုလ်ကံ တစ်ပါးပါးက ဖြတ်တောက်၍ သေရခြင်းမျိုးဖြစ် သည်။
အချိန်မရွေး သေနိုင်သည်ဖြစ်၍ သက်ရှိထင်ရှား ရှိနေစဉ် အတွင်း မိမိ အတွက်၊ အများအတွက် တစ်စုံတစ်ရာ သော အကျိုးတစ်ခုခု ဖြစ်ထွန်းအောင် ပြု နိုင်သူဖြစ်ရန် ကြိုးစားသင့်သည်။ တစ် ရက်၊ တစ်ရက်ဖြင့် ဖြတ်ကျော်နေရခြင်း သည် တစ်ရက်၊ တစ်ရက်သေရန် ပို၍ နီးကပ်လာနေခြင်းဖြစ်သည်ကို နှလုံးမူ ထားတတ်ရန်ဖြစ်သည်။

တုန်လှုပ် မနေနဲ့
အသေချာဆုံး တစ်ခုက တစ်နေ့နေ့ တွင် သေကြရခြင်းသာဖြစ်သည်။ သေ ခြင်းကို မမျှော်လင့်ထားသူများ ဆောက် တည်ရာ မရဖြစ်ခဲ့လျှင် စိတ်အစဉ်တွင် သန့်ရှင်းစင်ကြယ်မှု မရှိနိုင်၊ ထိုသော မသန့်စိတ်ဖြင့်သေခဲ့လျှင် ဒုဂ္ဂတိဘုံသို့ ရောက်၏။

ကိုယ်တစ်ယောက်တည်း ရွေး၍သေရသည်မဟုတ်၊ သေကြသည့် သူများထဲမှာ ကိုယ်လည်းပါသည်ဟု အသိထားတတ်ရန်ဖြစ်သည်။ အစမ်း သေကြည့်ထားလျှင် တုန်လှုပ်မှု လျော့ နည်းပါမည်။ မရဏနုဿတိကို အကြိမ် ကြိမ်ပွားများထားလျှင် သက်လုံပို၍ ကောင်းလာပါလိမ့်မည်။

အသေကြောက် ပုဂ္ဂိုလ်လေးယောက်
- ကာမဂုဏ်တို့၌ တပ်မက်ခြင်း မကင်းသေးသူ
- မိမိခန္ဓာကိုယ်၌ တပ်မက်ခြင်း မကင်းသေးသူ
- မကောင်းမှုသာပြုခဲ့ပြီး ကောင်းမှုမပြုရသေးသူ
- သူတော်ကောင်းတရား၌ ယုံမှား၍ အဆုံးအဖြတ်သို့ မရောက် သေးသူ

အသေမကြောက် ပုဂ္ဂိုလ်လေးယောက်
- ကာမဂုဏ်တို့၌ တပ်မက်ခြင်း ကင်းသူ
- မိမိခန္ဓာကိုယ်၌ တပ်မက်ခြင်း ကင်းသူ
- ကောင်းမှုသာပြုခဲ့ပြီး မကောင်း မှု မပြုသူ
- သူတော်ကောင်းတရားတို့၌ ယုံ မှားခြင်းကင်းသူ၊ အဆုံးအဖြတ် သို့ရောက်ပြီးသူ

ကံမှပဋိသန္ဓေ
မွေးသည်မှသေသည်အထိ ထို ဘ၀မှ ပိုင်ဆိုင်သောအသိတို့ဖြင့် လူတစ် ယောက်သည် ဒုစရိုက်အကုသိုလ်များကို မရေမတွက်နိုင်အောင် ပြုခဲ့နိုင်သလို၊ အသိမှန်ဖြင့် သုစရိုက်၊ ကုသိုလ်များကို လည်း များပြားစွာ ဆောင်ရွက်နိုင်ပါ သည်။

ကုသိုလ်၊ အကုသိုလ်တို့ကိုပြုလုပ် ရာတွင် ပြုဖြစ်အောင် စေ့ဆော်တိုက်တွန်း သော “စေတနာ”ကို “ကံ”ဟုခေါ်သည်။ ကုသိုလ်ကံသည် အကုသိုလ်ကံထက် အင်အားကြီးမားသည်မှန်သော်လည်း သာမန်အားဖြင့် လူတို့သည် ကုသိုလ် ထက် အကုသိုလ်ပြုမှု အရေအတွက်က ပို၍များသည်။

လူတစ်ဦးတွင် တစ်ပြိုင် နက်ထဲ “ကုသိုလ်စိတ်” နှင့် “အကုသိုလ် စိတ်”တို့ ယှဉ်တွဲ၍ မဖြစ်ပေါ်။ စိတ်တစ်ခုခု ရှိနေလျှင် အခြားစိတ်တစ်ခုက ဖယ်ပေးရသည်။ တစ်နေ့တာတွင် မည် သည့်စိတ် ပိုများသည်ကို ဆန်းစစ်နိုင် ၏။

သေလျှင်မခက်တော့ပါ
စိတ်မထားတတ်လျှင် သေရမှာ ကြောက်ကြ၏။ စိတ်ထားတတ်လျှင် သေမှာ မကြောက်တော့၊ ကိုယ်တစ်ဦး တည်း သေရသည် မဟုတ်၊ ရှေးက သေပြီးကြသူများ၊ ကိုယ့်နောက်မှာ သေ ကြဦးမည့်သူများနှင့် ဖြစ်သည်။ တကယ်တော့ စက္ကန့်မလပ် ဆဲလ်များ သေနေကြသည်။ နေ့စဉ်အမျှ အိပ်ပျော် ခြင်းဖြင့် ခေတ္တ သေနေကြခြင်းလည်း ဖြစ်သည်။ သံသရာ တစ်လျှောက် ဘ၀ များစွာ သေခဲ့ကြဖူးသူများလည်း ဖြစ် သည်။ တစ်ဘ၀စာသေရန် ကြောက်ဖို့ မလိုတော့။
မသေခင်က နေတတ်ဖို့၊ ရှင်သန်တတ်ဖို့ လိုသည်။ ဤသဘာဝများသိလျှင် မသေခင် ကတည်းက ကုသိုလ်များ၍ အကုသိုလ် ရှောင်နိုင်ရန် ဖြစ်သည်။

ဒေါက်တာနေဇင်လတ်

(ဒီနေ့ ဆိုရင် ဖိုးဖိုး ခွဲခွာသွာတာ (ရ) ရက်ပြည့်တဲ့နေ့ ဖြစ်တဲ့အတွက်
ပြုသမျှ ကောင်မှုကုသိုလ်များကို ဖိုးဖိုးအား အမျှ ..အမျှ ..အမျှ.. ပေးဝေပါတယ်။ ဖိုးဖိုး......သာဓုခေါ်ဆိုပါ။)
မှောင်မိုက်သောည
ကြယ်ကြွေတာနှင့်ကြုံ
အလင်းရောင်ဝေးလဲ
အလင်းလေးတစ်ခုအဖြစ်နဲ့ 
မြင်ချင်ပါတယ်
ဖိုးဖိုးရယ်.....
၁၅ဝဝ မှ ပူလောင်တာမဟုတ်ပါဘူး ဖိုးဖိုးရယ်
၅၂၈ လဲ ပူရတာပါပဲ....
ဖိုးဖိုး... ကောင်းရာသုဂတိလားပါစေ ။
ဖိုးဖိုးကိုချစ်တဲ့ ..
မီးငယ်

No comments:

Post a Comment