Monday, March 12, 2012

ကံ့ကော်ပွင့်ချိန် ...


“ဒီအချိန်ဆို ကံ့ကော်တွေ ပွင့်နေလောက်ပြီ”
မတ်လ ၀င်စကတည်းက ထိုသို့ တွေးနေမိခဲ့သည်။ တလောက ဦးဟန်ကြည် ဘလော့ထဲမှာ ဆယ်တန်းတွေ စာမေးပွဲဖြေနေပြီဆိုတာ ဖတ်လိုက်ရတော့ ဒါဆိုရင် ကံ့ကော်တွေ ပွင့်ကို ပွင့်နေမှာပဲဟု ကိုယ့်အတွေးကိုယ် အတည်ပြုမိလိုက်သေး၏။ များသောအားဖြင့် ဆယ်တန်းစာမေးပွဲ ဖြေချိန်နဲ့ ကံ့ကော်ပွင့်ချိန်က တိုက်ဆိုင်တတ်သည်ပဲ။ အင်း … ဒီအချိန်ဆို အိမ်ခြံဝင်းထဲက ကံ့ကော်ပင်ကြီးမှာ ကံ့ကော်ပန်းတွေ ဝေနေရောပေါ့ … ။

တွေးကြည့်ရုံဖြင့် ကံ့ကော်ရနံ့က ဂန္ဓာရုံမှာ သင်းပျံ့၍လာသည်။ စိမ်းမြမြ အရွက်များကြားဝယ် ဖြူစင်သောပွင့်ဖတ် ၀ါလွင်သောဝတ်ဆံတို့နှင့် ပျိုမျစ်နုနယ်စွာ တင့်တယ်နေမည့် ကံ့ကော်ပန်းများ၏ အသွင်က အမြင်အာရုံထဲ ရစ်ဝဲ၍လာသည်။
ဘယ်တော့မှ မမေ့ပျောက်နိုင်သည့် အရာများ … ထိုကံ့ကော်ပန်းများက ဘ၀၏ အစိတ်အပိုင်းတချို့မှာ ကြီးစိုးခဲ့ဖူးသည်လေ … ။

အိမ်က ကံ့ကော်ပင်ကြီးနှစ်ပင်ကို အမေစိုက်ခဲ့သည်ဟု ပြောပြဖူးသည်။
“တက္ကသိုလ်ကျောင်းထဲက မျိုးယူပြီးစိုက်တာ” … ဟု အမေပြောခဲ့ဖူးသဖြင့် ထိုကံ့ကော်တွေကို ပို၍ မြတ်နိုးခဲ့ရလေသလား မသိ။ တကယ်တမ်း ထိုစဉ်က တက္ကသိုလ်ဆိုသည့် နေရာကို ရောက်ပင် မရောက်ဖူးသေးပါ။ သို့ပေမဲ့ တက္ကသိုလ်ဆိုသည်က မြင့်မြတ် ကြီးကျယ် ခန်းနားသည့် ဒေသတခုဟု စိတ်ထဲ စွဲသိနေသည်မို့ ထိုဒေသ၏ အထင်ကရ သစ်ပင်မျိုးဆက်တွေ မိမိခြံထဲမှာ ရှင်သန်နေခြင်းကို ကျေနပ်လှသည်။

သိတတ်စ အရွယ်မှာကတည်းက ထိုကံ့ကော်ပင်ကြီးနှစ်ပင်က အတော်လေး ကြီးနေပြီ။ ကံ့ကော်ပင်က အရွက်စိပ်စိပ်နှင့် သိပ်သိပ်သည်းသည်း ရှိလှတာကြောင့် အပင်အောက်မှာ နေပြောက်မထိုး။ ကံ့ကော်ရွက်တွေက ရွက်နုထွက်စဆိုလျှင် နီတျာတျာအသွေး၊ တဖြည်းဖြည်း စိမ်းညိုရောယှက်၊ ထိုမှတဖန် စိမ်းဖန့်ဖန့်၊ နောက်ဆုံးမှာတော့ ခပ်ရင့်ရင့် စိမ်းသွားတတ်သည်။

စိမ်းရင့်နေသည့် ကံ့ကော်ရွက်တွေကို မမီတမီခုန်ခူးကာ ခေါက်ချိုးချိုး၊ ထိပ်ဖြတ် နောက်ဖြတ် ဖြတ်ကာ ပီပီမှုတ်ပြီး ကစားခဲ့ကြဖူးသည်။ ကံ့ကော်ပင်ကြီးအောက်မှာ သစ်သား ခုံဝိုင်းလေး ပတ်ရိုက်ထားသည်မို့ နွေရာသီမှာ ကံ့ကော်ရိပ်က ချွေးသိပ်အပမ်းဖြေ၍ ကောင်းသော နေရာလေးတခု။ မိုးတွင်းဆိုလျှင် ကံ့ကော်ပင်အောက်၌ ကြွေကျနေသည့် ကံ့ကော်သီးတွေက အညှောက်ကလေးတွေ ထွက်ပြီး အပင်လေးတွေ ပြန်ပေါက်တတ်သည်။ ထိုသို့ဖြင့် ခြံထဲမှာ ကံ့ကော် မျိုးဆက်သစ်တွေ တပင်ပြီး တပင် ရှင်သန် ပေါက်ဖွားခဲ့ကြလေ၏။

ဆောင်းအကုန် နွေအကူး၊ နွေဦးဝင်စ ခုလိုကာလမျိုး ဆိုလျှင်တော့ ကံ့ကော်ပင်ကြီးမှာ အဖူးတွေ ဖွေးဖွေးလှုပ် ဖူးနေပြီ။ ထို့နောက် တပွင့်စ နှစ်ပွင့်စမှသည် တပင်လုံး ခဲနေအောင် ပွင့်ကြပြီ။ တအိမ်လုံးမှာ ကံ့ကော်ရနံ့တွေ ကြိုင်နေ လှိုင်နေပြီ။ ထိုသို့ဆိုလျှင် အိမ်မှာ ကူဖော်လောင်ဖက် ခေါ်ထားသည့် အမကြီးက လွယ်အိတ်တလုံး လွယ်ပြီး သစ်ပင်ပေါ်တက်ကာ ပန်းတွေ ရသလောက် ခူးလေ့ရှိသည်။ ခူး၍ရသမျှ ပန်းတွေထဲမှ ဦးဦးဖျားဖျားကို ဘုရားကပ်၊ အိမ်နီးချင်းတွေဝေ၊ ကျန်သည့် ပန်းတွေကိုတော့ လေးငါးပွင့်စီ စုပြီး နှီးကြိုးဖြင့်စည်း၊ ဗန်းလေးထဲထည့်ကာ အရပ်ထဲလည်၍ ပန်းရောင်းထွက် လေတော့သည်။ ထိုအမကြီးသည် ကံ့ကော်ပင် နှစ်ပင်မှ ပွင့်သည့်ပန်းတွေ ရောင်းချရသည့်ငွေဖြင့် နှစ်စဉ် ၀ါဆိုသင်္ကန်း ကပ်လေ့ရှိ၏။ သူ၏ အလှူမှာ ကိုယ်တွေလဲ လုပ်အားဒါန ပါရလေအောင် ပန်းစည်း စည်းပေး နှီးဖြာပေး စသဖြင့် ကူညီ လုပ်အားပေးခဲ့ဖူးပါသည်။

“ကံ့ကော်ပန်းလေးက ကျောင်းသူလေးတယောက်နဲ့ မတူဘူးလား … အင်္ကျီဖြူ၊ လုံချည်စိမ်းနဲ့ ပါးကွက်ဝါ၀ါလေး ကွက်ထားတဲ့ ဆယ်ကျော်သက် ကျောင်းသူကလေးပေါ့ …”

ပန်းတွေကို နှစ်သက်မြတ်နိုးပေမဲ့ ကိုယ်တိုင်က ပန်းမပန်တတ်သူမို့ ကံ့ကော်ပန်းလေးတွေကို ကျောင်းအင်္ကျီ ရင်ဘတ်တံဆိပ်မှာ ထိုးပြီး ပန်းရင်ထိုးဖြင့် ကျောင်းတက်ခဲ့ဖူးသည်။ ကံ့ကော်ရနံ့ကြောင့် လူက တနေ့လုံး လန်းဆန်း နေတတ်သည်။ ညှိုးနွမ်းသွားသော ပန်းလေးတွေကိုပင် လွှင့်မပစ်ရက်။ သနပ်ခါးကျောက်ပျဉ် အုပ်သည့် ၀ါးဆန်ကာကုံးလေးထဲ ထည့်ကာ အခြောက်ခံထားပြီး ၀တ်မှုန်လေးတွေကို သနပ်ခါးထဲ ထည့်သွေး၍ လိမ်းခဲ့ဖူးသည်။ ၀ါညက်ညက် မွှေးပျံ့ပျံ့ ကံ့ကော်သနပ်ခါးကို နှစ်ခြိုက်စွဲမြဲစွာ လိမ်းခဲ့ဖူးသည့် ငယ်ဘ၀က မမေ့ရက်စရာ။


ဘွဲ့နှင်းသဘင်ခန်းမရှေ့က ခြင်္သေ့

ရန်ကုန်တက္ကသိုလ်ပင်မမှာ ကျောင်းတက်ရတော့ ကံ့ကော်တွေနှင့် ကျွမ်းဝင် ရင်းနှီးရပြန်သည်။ အစဉ်အလာကြီးမားသည့် တက္ကသိုလ်မြေ၏ ကံ့ကော်တောမှာ ပျော်မွေ့ သာယာခဲ့ဖူးသည်။ ကံ့ကော်ရနံ့မှာ မိန်းမော နှောင်ဖွဲ့ခဲ့ဖူးသည်။ အနီရောင်လွှမ်းသည့် ကံ့ကော်ပန်းတွေကြောင့် အံ့မခန်း ဖြစ်ခဲ့ရဖူးသည်။
“ပန်းကံ့ကော် ၀င်းဖန့် … သင်းပျံ့ကြိုင်လှိုင်ထုံ … တို့တက္ကသိုလ်ဂုဏ် …”
တက္ကသိုလ်မြေကို ကျောခိုင်းခဲ့သော်လဲ သတိရတိုင်း သီချင်းတပိုင်းတစကို နှုတ်ဖျားမှာ ညည်းတွားမိရင်း ကံ့ကော်ရနံ့တွေ ရစ်ဝဲသင်းပျံ့နေဆဲ၊ ကံ့ကော်အိပ်မက်တွေ အထပ်ထပ် ဆက်မက်နေဆဲ။

တက္ကသိုလ်မြေက ကံ့ကော်တောနှင့် ဝေးခဲ့သော်လဲ ခြံထဲက ကံ့ကော်တန်းမှာ ခြေခင်းလက်ခင်းသာသော ညနေတိုင်းလိုလို လမ်းလျှောက်ဖြစ်ခဲ့သည်။ ထိုသို့ ကံ့ကော်တန်းမှာ လမ်းလျှောက်ကြပြီဆိုလျှင်အမေက ကံ့ကော်ပင်ကြီးတွေကို အမြဲရေလောင်းလေ့ရှိသည်၊ ညဘက်ဆို တခါတလေ အမွှေးတိုင်လေး ဖယောင်းတိုင်လေးများ ပူဇော်တတ်သေးသည်။
“နောင်ပွင့်မယ့် အရိမေတ္တေယျ မြတ်စွာဘုရားက ကံ့ကော်ပင်အောက်မှာ ပွင့်မှာ၊ ကံ့ကော်က ဗောဓိထိုက်တဲ့ အပင်ပဲ၊ ဒါကြောင့် ခုလို ရေတွေမီးတွေ ပူဇော်တာ”

ဒီလိုနှင့် ကံ့ကော်ကို ပို၍ မြတ်နိုးတတ်လာ၏။
***
“အမေ … ကံ့ကော်ပန်းတွေ ပွင့်နေပြီလား …”
သောကြာနေ့က အမေနဲ့ အွန်လိုင်းမှာ စကားပြောဖြစ်စဉ် သတိတရ မေးကြည့်မိသည်။
“ပွင့်နေပြီပေါ့ အများကြီးပဲ”
“ဟယ် ဟုတ်လား … ကြည့်ချင်လိုက်တာ … ဓာတ်ပုံရိုက်ပြီး သမီးဆီ ပို့ပေးပါလားဟင်”
မရနိုင်မှန်း သိလျက်နှင့် ပူဆာကြည့်မိပြန်သည်။
“ဘယ်သူမှ မအားပါဘူးအေ … ရိုက်ပြီးလဲ ပို့လို့ အဆင်ပြေမှာမဟုတ်ဘူး၊ ကွန်နက်ရှင်က သိပ်ကောင်းတာမှ မဟုတ်ဘဲ”
“ဟင် … အမေကလဲ”

“နင် အဲဒီပုံတွေရရင် ၀က်ဘ်ဆိုက်မှာ တင်အုံးမှာ မဟုတ်လား”
အကြောင်းသိနေသည့် အမကြီးက ဘေးမှ ၀င်ပြောသည်။ နောက်တော့ အမေက သနားသွား၍ထင့် … ဘုရားပန်းအိုး ထိုးထားတဲ့ ကံ့ကော်ပန်းတွေ ယူလာပြသည်။
“ကံ့ကော်ပန်းလေးတွေက လှလိုက်တာ … ဒီကတောင် ကံ့ကော်နံ့လေးတွေ ရလာသလိုပဲ”
စိတ်လှုပ်ရှားကာ တတွတ်တွတ် ပြောနေမိသည်။ ပန်းတွေက ၀က်ဘ်ကမ်မှ တဆင့်ဆိုတော့ ခပ်ဝါးဝါး၊ ဒါပေမဲ့ လှသည်။ ကြည့်ချင်သည့် အချိန်မှာ မြင်လိုက်ရ၍ စိတ်အဆာပြေကာ ကျေနပ်သွားသည်။ ပုံရိုက်ချင်၍ မြင်သာအောင် ဟိုဘက် ဒီဘက် လှည့်ပြပေးဖို့ ပူဆာမိပြန်သည်။ အမေတို့ကလဲ ဒီတခါတော့ စိတ်ကျေနပ်အောင် ပန်းအိုးလေးကို ရှုထောင့်အမျိုးမျိုး လှည့်ပြောင်းကာ ရွှေ့ပြသည်။

.................................

ဒီရက်ပိုင်း အိမ်ရှေ့မှာ Daffodils တွေ စပွင့်ခဲ့သည်။ ဘိလပ်သို့ ရောက်ခါစက ထိုပန်းတွေ စပွင့်တာ မြင်တော့ ရင်ခုန်လှုပ်ရှားခဲ့ရသည်။ ငယ်စဉ်က ကျောင်းသင်ခန်းစာ ကဗျာထဲမှာ သင်ခဲ့ရသည့် ထိုပန်းကလေးတွေကို ကိုယ်တိုင်မြင်ခွင့်ရတော့ ပျော်လိုက်သည် ဖြစ်ခြင်း။ ဓာတ်ပုံတွေရိုက်ယူရတာလဲ မနည်း။ ခုချိန်မှာတော့ ထိုစဉ်ကလို စိတ်လှုပ်ရှားမှု မရှိတော့၊ ဓာတ်ပုံလဲ မရိုက်လိုတော့။ မြင်ပါများလို့ ရိုးသွားသည်လား၊ ကြာလာ၍ သွေးအေး သွားခဲ့သည်လား။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ကြည့်မိ၏။

ဒါဆိုရင် … တသက်လုံး မြင်လာခဲ့တဲ့ ကံ့ကော်ပန်းတွေကိုတော့ ဘာလို့ ရိုးမသွားသလဲ၊ သွေးအေးမသွားသလဲ … ဘာလို့ တတမ်းတတ ဖြစ်နေရသလဲ … ပန်းပွင့်လေးတွေ မြင်ရုံနဲ့ ဘာလို့ ရင်ခုန်လှုပ်ရှားနေရသလဲ … ။

မတူပါ။ မည်သည့်နည်းနဲ့မှ မတူနိုင်ပါ။
ကံ့ကော်ရဲ့ ရာဇ၀င်တွေ၊ ကံ့ကော်ရဲ့ သမိုင်းတွေနဲ့ ကံ့ကော်ရဲ့ တန်ဖိုးတွေကို ကံ့ကော်မြေက လူတွေပဲ သိနိုင် ခံစားနိုင်သည်။ daffodils ပန်းတွေရဲ့ အလှအပကိုတော့ သူ့ပြည်သူ ပြည်သားတွေသာ ခံစားကြပါစေတော့ … ။ ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်တဲ့ နေရာပဲ ရောက်ရောက်၊ ဘယ်လောက်ပဲ ခမ်းနားအောင် ကဗျာလင်္ကာတွေနဲ့ ဖွဲ့ဆိုထားထား ရင်ခုန်သံချင်း နီးစပ်မှသာ ခံစားချက်တွေ ထပ်တူ ညီမျှနိုင်မည် မဟုတ်လား။

တွေးမိရင်း အလွတ်ရနေသည့် ကဗျာတပုဒ်ကို စိတ်ထဲက ရွတ်ဆိုနေမိ၏။

အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုန်စီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း … ။ … ။

သြော် … သွားချင်စမ်းပါဘိတော့ ကံ့ကော်ရွှေပြည် … ။

မေဓာဝီ
၁၃၊ မတ်၊ ၂၀၁၁
၀၁း၂၇ နာရီ

(သတိရနေတယ်။ )

No comments:

Post a Comment