တက္ကသိုလ်ကင်တင်း

ဝဏ္ဏလင်း ရဲ့ စာစုလေး
ဖူးငုံမဂ်္ဂဇင်း ဒီဇင်ဘာ၂၀၁၀မှာပါခဲ့ဖူးတဲ့ဒီစာလေးနဲ့ ဆရာတွေကိုကန်တော့ပြီး သူငယ်ချင်းတွေကို နှုတ်ခွန်းဆက်လိုက်ပါတယ်။
ငယ်စဉ်က ဖတ်ခဲ့ဖူးသောဝတ်္ထုစာအုပ်များ၊ကြည့်ခဲ့ဖူးသော ရုပ်ရှင်ကားများတွင် တက်္ကသိုလ် နောက်ခံဇာတ်ဝင်ခန်းများ ပါဝင်ပါက အင်းလျားကန်၊သစ်ပုပ်ပင် စားသောက်ဆိုင်တန်း စသော ၀န်းကျင်များကို အထူးတလည် အသားပေးတင် ပြတက်သည်ကို မှတ်မိသေးသည်။
ဤအထဲတွင်မှ ကျွန်တော်စိတ်အ၀င်စားဆုံးမှာ ဦးယမ်းဘီလူး၊ ဦးချစ်၊ အမေကြည် စသော စားသောက်ဆိုင်တန်း များပင်ဖြစ်သည်။ တစ်နည်းဆိုသော ကင်တင်းများဖြစ်သည်။Centeen အမည်ရှိ အင်္ဂလိပ်စကားကို တိုက်ရိုက်မြန်မာမှု ပြုခဲ့သည့် ဤစားသောက်ဆိုင်တန်းများကို ဘာရယ်မသိတက်ခင်ကတည်းကပင် စွဲမတ်ဖွယ်ရာအဖြစ် သိမြင်ဖူးသည်။
ဦးလေးငယ်များ၊ အစ်ကိုများ၏ စားမြုံ့ပြန်မှုကြောင့်လည်း တက်္ကသိုလ်ကျောင်းသားဘ၀၏ ပျော်ရွှင်ဖွယ်ရာများသည် ဤကင်တင်များမှပင် အစပြုခဲ့သည်ဟုလည်း ကြားသိဖူးသည်။ ရင်ခုန်ပျော်မွေ့ဖွယ်များ လွမ်းမောတသဖွယ်ရာများ လူငယ်တို့၏ ဇာတ်လမ်းများ ဆွတ်ပျံ့ကြည်နှုးဖွယ်များ လူငယ်တို့၏ ရင်ဖွင့်စကားဝိုင်းများ၊ အတွေ့ကြုံသစ် ဖလှယ်များ စာသင်ခန်းပြင်ပမှ ပို့ချချက်များ၊ ကဗျာ၊စာပေ၊အနုပညာစကားဝိုင်းများ စသည့် အကြောင်းပြချက်များသည် ကင်တင်းကို ကျွန်တော်စတင်မတ်မောမိခြင်းဟုလည်း ဆိုနိုင်သည်။
တကယ်တော့ ကင်တင်းတွင်ရောင်းချသည့် အစားအသောက်သည် ကောင်းချင်မှကောင်းလိမ့်မည်။ အရသာရှိချင်မှ ရှိလိမ့်မည်။ နေရာထိုင်ခင်းသပ်ရပ်သန့်ရှင်းချင်မှ သပ်ရပ်ပေလိမ့်မည်။ သို့သော် စာသင်ချိန်အချို့ကြားအားလပ်ချိန်တွင် ခေတ်္တမျှ လွပ်လပ်ပေါ့ပါးရာနေရာတစ်ခုဖြစ်သည်မှာတော့ သေချာသည်။ တစ်ခုသော ထူးခြားချက်မှာ မည်သည့်စားသောက် ဆိုင်မျိုးတွင်မှ မရနိုင်သော ဆိုင်ရှင်နှင့်စားသုံးသူတို့အကြား နွေးထွေးရင်းနှီးမှု၊ စေတနာ၊စာနာထောက်ထားမှုတို့ကို တွေ့နိုင်သောနေရာတစ်ခုလည်းဖြစ်သည်။ စားသုံးသူ အပေါ်စေတနာကောင်းဖြင့် ဆက်ဆံတက်ခြင်းတစ်ခုသည်လည်း ကျောင်းသားနှင့်ကင်တင်းအကြား သံယောဇဉ်ကို အဓွန့်ရှည်စေသော အကြောင်းဖြစ်သည်။ ဤသည်ပင် ကင်တင်းမှ ရနိုင်သော အရသာဖြစ်သည်။
ဤသို့ စားသုံးသူနှင့်ရင်းနှီးကျွမ်းဝင်သော အခြားဆိုင်များရှိသည်ဆိုငြားအံ့။ ကင်တင်း၏ ထူးခြားချက်မှာ ဘာသာစကားတူသူများချည်း စုဝေးရာနေရာလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သို့သော အနေထိုင်၊ စရိုက် သဘာဝတို့ ကွဲပြားစေဦး၊ ကျောင်းသားဟူသည့် လူငယ်တို့၏ ခံစားချက်၊ရည်ရွယ်ချက်တို့မှာ အခြားမည်သည့် စားသောက် ဆိုင်၊ ဟိုတယ်၊ ကဖေးများတွင် ကဗျာစာအုပ်ရောင်း၍ ရပါသနည်း။ မိမိအယူဝါဒကို အာပေါင်အာရင်းသန်သန် ချစ်ခင်စွာ ငြင်းခုံ၍ ရပါသနည်း။ ပို့ချ၍ ရပါသနည်း။ ဖတ်ဖူး၊ကြည့်ဖူး၊ နားဆင်ဖူးသော စာပေ၊ ရုပ်ရှင်၊ ဂီတအကြောင်းများ အကျယ် တ၀င့် ဆွေးနွေး၍ ရပါသနည်း။ ထိုသူများကိုလည်း ချစ်သောမျက်စိဖြင့် ကြည့်၍ နားလည်စောင့်ရှောက်မှု မည်သည့်နေရာ ကပေးနိုင်ပါသနည်း။
ယခင်ကတော့ ရန်ကုန်တက်္ကသိုလ်ပရိဝုဏ်အတွင်းမှ ကင်တင်းများသာ လူငယ်ထု၏အဓိက ဇာတ်လိုက်ဖြစ်ခဲ့ဖူးသည် ယခုတော့ကျွန်တော်တို့ ရွေးချယ်ရာ၊ ကျင်လည်ရာ တက်္ကသိုလ်များအသီးသီးမှ ကင်တင်းအသီးသီးသည်လည်း ကိုယ်စီ ကိုယ်င ဇာတ်လိုက်များ ဖြစ်လာကြရတော့သည်။ ကျွန်တော် တက်္ကသိုလ်ကျောင်းသားအသစ်ဖြစ်တော့မည် ဆိုကတည်းကပင် နာမည်ကျော်ရန်ကုန်တက်္ကသိုလ် ကင်တင်းများတွင် တစ်ခါတစ်ခေါက် ထိုင်ဖူးချင်၍ အရဲစွန့်သွားခဲ့ရဖူးသည်။ ပတ်ဝန်းကျင် ကလည်း အသစ်ကျပ်ချွတ်၊ စိတ်ကူးသစ်တစ်ခု၏ ရင်ခုန်သံများနှင့်။ သို့သော် နာမည်ကျော် ဦးချစ်ဆိုင် ဆိုသည်ကို အလွယ်နှင့် မရှာတက်ခဲ့။ ကိုယ်ကလည်း တစ်ကိုယ်တည်း ရောက်လာ၊ တွေ့ပြန်တော့လည်း ရဲရဲဝင်မထိုင်ရဲ။ ဤခံစားမှု များကို ယခုတိုင်မှတ်မိနေသေးသည်။
နောက်ပိုင်း ပီပီပြင်ပြင် တက်္ကသိုလ်ကျောင်းသားဖြစ်လာသည့်အခါ ကိုယ့်တက်္ကသိုလ်ရော၊မိတ်ဆွေသူငယ်ချင်းများ ၏ တက်္ကသိုလ်များကိုရော လိုက်လံပတ်ရင်း ကင်တင်းအစုံရောက်ရသည်။ ထိတွေ့ရသည်။ ရွာသာကြီးစီးပွားရေး တက်္ကသိုလ် ကင်တင်းများဆီသို့ ကဗျာစာအုပ်များရောင်းရန် ရောက်ခဲ့ဖူးသည်။ ရန်ကုန်တက်္ကသိုလ်ပင်မကိုလည်း ရောက်ရသည်။ ဒဂုံတက်္ကသိုလ်ကင်တင်းများဆီသို့ Assigment များတင်ရင်းရောက်ရသည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက်္ကသိုလ် ကတော့ ကိုယ့်တက်္ကသိုလ်မို့ ကင်တင်းများ၊ ဆိုင်ရှင်များနှင့်ကိုယ့်အိမ်ကိုယ့်ရာ မိသားစုသဖွယ် ရင်းနှီးခဲ့ရသည်။ ပတ်ဝန်းကျင် ကွဲပြားသော်လည်း၊ နေရာဌာနကွဲပြားသော်လည်း တူညီသည်မှာ ကင်တင်းများရှိ ကျောင်းသားလူငယ်များ၏ စိတ်ထားနှင့် စရိုက်ဖြစ်သည်။ အငွေ့အသက်မှာလည်း အံ့သြဖွယ်ရာ တူညီနေခဲ့သည်။
ဤသည်မှာ နုပျိုသစ်လွင်သော ရည်ရွယ်ချက်တို့၏ ပေါင်းစုံမှုပင်ဖြစ်မည် ထင်သည် အင်လျားရေနှင့်၊သစ်ပုတ်ပင် တို့နှင့်မနီးစပ်သော်လည်း လူငယ်တို့၏ ရိုးသားရဲရင့်မှုမှာမှု တစ်ထပ်တည်းပင်ဖြစ်သည်။
ယခုတော့ ကျွန်တော်တို့ရွေးချယ်ရာ ဘ၀ကိုယ်စီအလျောက် အခြားသော စားသောက်ဆိုင်များတွင် ထိုင်မိခဲ့ကြပြီ လက်ဖက်ရည်ဆိုင်များ၊ ဘီယာစတေရှင်များစသည်။ သို့သော်ယခင်ကကဲ့သို့ “ဟေ့ကောင်၊ မင်းအတန်းပျက်တာများနေပြီ လို့ တယောဆရာတွေမှာ လိုက်တယ်၊” “ သူငယ်ချင်းတို့ ကဗျာစာအုပ်လေးတွေ အားပေးကြပါဦးလား၊” “ဆရာကန်တော့ပွဲ မှာကမယ့် ပြဇာတ်အတွက် စာရင်းလာပေးကြဦးနော်” “ ပန်းချီပြပွဲသွားရအောင်” “အချစ်ဆိုတာဒီလိုပါပဲကွာ၊” “ဆပ်ပလီက တစ်ဘာသာလောက်ပဲထိတာ ကောင်းတယ်နော်” “ဟေ့ကောင်တွေ ကျူတိုရီယမ်မဖြေရင် ဌာနမှူးကခေါ်တွေ့မယ်တဲ့” “မင်းဒီနှစ် ဆိုကရေးတီးပြိုင်ဦးမှာလား” ၊ “ဒီည မဉ်္စုဆောင်မှာ ဂစ်တာသွားတီးရအောင်” စသည့်အသံများကို အကြားရတော့ ပါ။ ကင်တင်းထဲတွင်ပင် စည်းဝါးလိုက်ပြီးကွေးနေအောင်ကသည့် မြင်ကွင်းများ မမြင်ရ၊ မကြုံရတော့ပါ။ လက်ရှိ ကျွန်တော် တို့ကြားနေရသောအသံများက ကျွန်တော်တို့အား ရင့်ရော်စေသည်ဟုတင်မိသည်။ ကျွန်တော်တို့လက်တလော ပြောနေ ရေသော စကားလုံးများလည်း မသန့်စင်တော့ဟု ခံစားရသည်။
တစ်ခါတစ်ရံ ကျောင်းကင်တင်းသို့ ပြန်ရောက်မိသည်နှင့် မိမိသည်ကျောင်းသားဘ၀၊ ကျောင်းသားအရွယ်သို့ ပြန်လည်ရောက်ရှိ နုပျိုသွားသည်ဟု ခံစားမိသည်။ လက်တွေ့ဘ၀ထဲမှ မွန်းကျပ်နေသော အစိတ်အပိုင်းများအား အသစ် လဲလှယ်ပြီးသားဖြစ်သွားစေသည်။ ဘ၀၏စိမ်းလန်းသောနေ့ရက်များကို လွမ်းမောတသမိရပါသည်။ တစ်ခါတစ်ရံ လွဲချော် ခဲ့သော ရည်ရွယ်မှုများအတွက် နှစ်သိမ့်စရာလည်း ရနိုင်သည်။ ကျွန်တော်တို့ဘ၀၏ မှတ်တမ်းဓာတ်ပုံအယ်လ်ဘမ်ထဲမှ ကင်တင်းများသည် အမြဲတစေ စိမ်းစိုလတ်ဆတ်နေမည်ပင်ဖြစ်သည်။ ဤမတ်မောဖွယ်ဆေးသားများဖြင့် ကျွန်တော့်တို့ ဘ၀ကိုပြန်လည်အရောင်တင်၍ရနိုင်ပါသည်။
တကယ်တော့ တက်္ကသိုလ်ကျောင်းသားဘ၀နှင့် ကင်တင်းသည် အလွန်လိုက်ဖက်သည် ဟုထင်သည်။ ကင်တင်းသည် လည်းလွပ်လပ်ပေါ့ပါးသော ပညာရပ်ဝန်းတစ်ခုပင် ဆိုချင်သည်။ ဤကင်တင်းတွင် ဆရာနှင့်တပည့်ရင်ပေါင်တန်းထိုင်၍ ပညာရပ်ဆိုင်ရာ စကားများ ဆွေးနွေးနိုင်သည်။ တစ်ဦးကိုတစ်ဦး နားလည်မှုနှင့်ချည်းကပ်နိုင်သည်။ တစ်ခါတစ်ရံ စာသင်ခန်း တွင်းမှ လက်ချာထက်ကင်တင်းတွင် ရှင်းပြပို့ချချက်ကို ပိုမိုနားလည်စွဲမှတ်ရသည်။ ပလေတို၏ အကယ်ဒမီကျောင်းတော်နှင့် ရာဘင်ဒြာနတ်တဂိုး၏ ရှန်တိနိကေတန်တို့သည်လည်း ဤသို့လွတ်လပ်ပေါ့ပါးသော ပညာရပ်ဝန်းပင်မဟုတ်ပါလား။ ထို့ကြောင့် ကျွန်တော်က ကင်တင်းတို့ကို ခေတ်သစ်အကယ်ဒမီ၊ ခေတ် သစ်ရှန်တိနိကေတန်ဟုပင် ဆိုချင်ပါသည်။
ဤကင်တင်းများမှ ရှင်သန်လာခဲ့သော ဗီဇတို့သည် ယခုအချိန်တွင်အကျိုးပြုမှုကိုယ်စီနှင့်အလှဆင်နေကြမည်ကို ကျွန်တော်တို့၏ ဗီဇအလိုက်၊ အမျိုးအမည်ကွဲပြားမှုရှိသော်လည်း ပေါက်ရောက်မြေလွှာတွင် အလှဆုံးသော ပန်းကလေး များအဖြစ် ကိုယ်စီရှိနေကြမည်ဖြစ်သည်။ ဤနေရာကလေးများမှ ကျွန်တော်တို့၏ ၀ါသနာများမှ ကျွန်တော်တို့၏ ၀ါသနာ မျိုးစေ့ကို အညှောက်ဖောက်ပေးခဲ့သည်။ အပင်ပျိုးပေးခဲ့ကြသည်။ ယခုတော့ အလှပဆုံး ပွင့်ချိန်တန်ပြီဖြစ်ပါသည်။ ထိုပန်းကလေးများကို လှမ်းမျှော်ကြည့်ရင်းပန်းကလေးများအချင်းချင်း ကြည်နှုးပီတိဖြစ်ရသည်မှာ အသန့်ရှင်းဆုံး ကုသိုလ် တရားပင်ဖြစ်မည်ဟု ယုံကြည်မိသည်။ တကယ်တော့ တက်္ကသိုလ်ပရိဝဏ်အတွင်းမှ တပ်မက်ဖွယ်ရာ ရတနာတစ်ပါး အဖြစ် ကင်တင်းသည်များတွင် ပျော်ရွှင်စွာကျင်လည်ခဲ့ရသော အချိန်ကာလသည် တက်္ကသိုလ်ကျောင်းသားဘ၀ မှ ဖယ်ချန်၍ မရနိုင်သော အပိုင်းအစကလေးများပင်ဖြစ်သည်။
ငယ်စဉ်က နားဆင်ဖူးသော ပုံပြင်များတွင် ပြန်လည်နုပျိုသွားစေနိုင်သည့် နတ်ရေကန် အကြောင်းပါဝင်ဖူးသည် နတ်ရေကန်ဆိုသည်တကယ်ရှိ၊ မရှိ မသေချာလှပါ။ လတ်တလောကျွန်တော့်စိတ်ဆန်္ဒမှာ တက်ခဲ့ဖူးသော တက်္ကသိုလ်သို့ တစ်ခေါက်တစ်ခါ အလည်သွားပြီး တစ်နေကုန် ကင်တင်းအ၀ ထိုင်စမ်းချင်လှပါသည်။
ကင်တင်းကတော့တကယ်ရှိပါသည်။
ဝဏ္ဏလင်း
(မနက်ဖြန်ဆရာကန်တော့ပွဲကို မလာနိုင်တော့ ဖူးငုံမဂ်္ဂဇင်း ဒီဇင်ဘာ ၂၀၁၀မှာပါခဲ့ဖူးတဲ့ဒီစာလေးနဲ့ ဆရာဆရာမတွေကိုကန်တော့ပြီး သူငယ်ချင်းတွေကို နှုတ်ခွန်းဆက်လိုက်ပါတယ်။ ပျော်ရွှင်ကြပါစေ။ University of Culture ယဉ်ကျေးမှုတက္ကသိုလ်)
No comments:
Post a Comment