သဒိုး (page 1)

အပိုင်း (၁)
တော်သလင်းလကြီး တစ်ရက် နွားစာစဉ်းနေရာက နွားစားကျင်းထဲ ဖွဲနု တစ်တောင်း လာဖြူးတဲ့ သူ့မိန်းမမှုံကြီးကို ကိုပျားအုံက လှမ်းကြည့်တယ်။ သည်မိန်းမသည်ရက်ထဲများ မွေးရော့မလား အကဲခတ်တာပါ။ တကယ်တော့ သူလည်းနားလည်လှလို့တော့ မဟုတ်ူး။ ရွာလက်သည်ကြီးတော်ပွေးက 'ပျားအုံ...နင့်မယား မွေးတော့မယ်... ငါ့စိတ်ထင် သည်ရက်ထဲပဲ' လို့ပြောတာကို သတိရလိုက်လို့ပါ။ ကြီးတော်ပွေး မှန်းရင်လွဲခဲတာလည်း သူအသိ။ ရွာထဲက ကလေးတွေကြီးတော်ပွေးလက်နဲ့ မထိရတဲ့ ကလေး မရှိခဲ့ဖူးဘူး။ လက်သည်လုပ်လာခဲ့တာပဲရှိရောပေါ့ နှစ်လေးဆယ်တော့။
ကိုပျားအုံက နွားစားကျင်းထဲ ခေါင်းထိုးနေကြတဲ့နွားသုံးကောင်ထဲက နွားမကြီး မွှေးနက်မကိုလည်း လှမ်းအကဲခတ်တယ်။ သည်နွားမကြီးကလည်း ဇီးရင့်လှပြီ။ ကနေ့လား၊ မနက်ဖြန်လား ဆိုတော့ မယားနဲ့နွားမ အပြိုင်များ ပေါက်နေကြလေမလား တွေးပူတာပါ။ မှန်တာပြောရရင် ကိုပျားအုံက မယား လည်းပူတယ်၊ နွားလည်းပူတယ်။ မယားကသားဦးမွေးရဖွားရ ခက်ခဲတတ်တယ်လို့ ကြားဖူးထားတော့ ကြီးတော်ပွေးကို မနက်တစ်ခေါက် ညတစ်ခေါက်တော့ လျှောက်ခဲ့ဗျာလို့ ပြောထားရတယ်။ ကြီးတော်ပွေးက သူ့သမီးကြီးရှိတဲ့ သိမ်ရွာဘက် တစ်ခါတစ်ခါ စွတ်ကယ်စွတ်ကယ် သွားတတ်တာရှိတော့ မမှုံကြီးဗိုက်နာချိန် ရွာမှာမရှိမှာစိုးလို့ပါ။
နွားမကတော့ သူကိုယ်တိုင်လည်း နားလည်တယ်။ ရွာကကိုပေသီးကလည်း နားလည်တယ်။ နသေ (နွားသေ) ကလေး မွေးမှာ မပူပါဘူး။ နွားမ သားမွေးတာတော့ ဆန်းလှတာ မဟုတ်တော့ပါဘူး။ ပူတာက မွေးလာတဲ့ နွားကလေးက နွားဝါဖွဲနုများ အင်မတန်ညံ့တာဖျင်းတာ နွားသမားမှန်ရင် သိတာကိုး။နွားအရောင်ကိုပြောတာပါ။ ''ပေသီး...ငါကန၀ါဖွဲနု ထွက်လာမှာစိုးသာမောင်ရ...ငါ့စိတ်ထဲ နွားမကြီးသားတင်တုန်းက အ၀ါဖက်များတဲ့နွားဆိုတော့ န၀ါဖွဲနုဖြစ်မှာ...န၀ါမျက်ကွင်းဖြစ်မှာ...န၀ါဖင်ဖြူ ဖြစ်မှာ ကြောက်သာ မဖြစ်လောက်ဘူး တွက်ရသာပဲ... ''
''မဖြစ်ပါဘူး ငပျားရာ ... မအေက ထန်းသီးဟာကို... မအေဘက်လုလိမ့်မယ်... ငါပြောတာာမှန်ရင် ပုဆိုးတစ်ကွင်း ပေးမလား... ''
''ပေးရသေးပေါ့ကွာ မှန်ပါစေ ဆုတောင်းသာပါ... "
ထင်တဲ့အတိုင်းပါပဲ။ တော်သလင်းလပြည့်ကျော်ဆယ့်နှစ်ရက်နေ့ ညနေခင်းနေရောင် မပျောက်သေးဘူး။ နွားမကြီးမေးတယ်။ ကိုပေသီးကို ပုဆိုးပေးဖို့ဖြစ်လာတာပါပဲ။ နွားညိုသံရောင်ကြီး။ ကိုပျားအုံဆိုတာ ၀မ်းသာလွန်းလို့နွားမကြီးခေါင်း ပွတ်နေတာများ မထတော့ဘူး။ နွားဝါဖွဲနု သေအောင်ထုတာတောင် မထတာ၊ နွားဝါမျက်ကွင်းသေအောင်ဖျင်းတာ သိလေတော့ အိမ်က ကိုယ်ဝန် အရင့်အမာနဲ့ မယားစိတ် မရောက်ဘူး။ နွားမဘက် စိတ်ရောက်နေတော့တာကိုး။ ည ခုနစ်နာရီ လောက်ရောက်တော့ မယား မမှုံကြီးကလည်း ဗိုက်နာပြီ။ ကိုပေသီးက တောင်နောက်နေသေးတာ။ မင်းမယား မှုံကြီးကတော့ နွားပြာကြောင်စွယ် နေမှာပါကွာတဲ့။ နွားပြာကြောင်စွယ် ဆိုတာက နွားနီဘက်လုတဲ့ လက်မည်း ဒူးမည်း၊ နှာရောင်မည်း နွားမျိုး။ နကျင့်ကောင်းခေါ်တဲ့အကျင့်ကောင်း နွားမျိုးထဲတော့ပါပါတယ်။
"အေးကွာ... တိုက်တိုက် ဆိုင်ဆိုင်...မိမှုံ မွေးများမွေးတော့မှာလားကွာ... "
"မွေးရင်တော့ နှစ်မင်္ဂလာပေါ့ ငပျားရာ... ဆွမ်းကျွေးလိုက်တော့ သုံးမင်္ဂလာဖြစ်ရော... မွေးပါစေ ဆုတောင်းကွ...သည်လိုဖြစ်ခဲ့ပါ့... "
ကြီးတော်ပွေး တင်မကပါဘူး။ ရွာက မိန်းမကြီးတွေပါလာကြတယ်။ မိမှုံကြီးမိဘဆွေမျိုးများကလည်း မီးနေခန်း ပတ်လည် ထန်းလုံးတိုင်တွေ စိုက်ထားသလိုပဲ။ မိမှုံကြီးဘေး ငုတ်တုတ်မည်းတည်း ထိုင်နေကြတာ မီးနေခန်းတောင် ကျိုးကျမှာစိုးရသေးတာပါ။ ကိုပျားအုံက မယားကိုယ်ဝန်ဆောင်အနား မကပ်နိုင်တော့ နွားတင်းကုပ်ထဲကမခွာဘူး။ သည်လိုနေပြန်တော့ရွာက မိန်းမတွေက ကြုံသလို ငေါက်ကြတယ်။
"ပျားအုံရယ်...နင့်ဟာက မယားမွေးတာပူ...နမ(နွား)မွေးတာပူ...နင့်ဟာက လူပြောစရာဖြစ်ပါ့မယ်... မယား အနားနေပါဦးတော့... "
"ရော်...ကျုပ်ရှိတော့ကော ဘာလုပ်တတ်မှာတုန်း... ကျုပ်မို့ မီးနေခန်းနားကပ်ရင် မောင်းထုတ်ကြသဲ့ဟာ နမ ဂရုစိုက်ရတော့မပေါ့... အကျိုးပေးမယ့်နွားဗျ... သံရောင်ရယ်... မှုံကြီးက ခင်ဗျားတို့နဲ့ ပြီးပါတယ်"
နွားမွေးမှာ အဖြူနဲ့အနက် ထွေးထွေးကလေး ရောနေတာကို သံရောင်ခေါ်ကြတာပါ။ အမွှေးကြမ်းရင် မကောင်းတတ်ပေမယ့်မွေးလာတဲ့ နွားလေးကမွှေးနုရယ်။ ညသန်းခေါင်မကျော်ခင်မှာပဲ မမှုံကြီးကလည်း မွေးတယ်။ ယောကျာ်းကလေး။ ကိုပျားအုံနဲ့တူသတဲ့။ ညိုခဲခဲကလေးတဲ့။ လက်မည်းဒူးမည်း နှာရောင် မည်းကလေးများလား။ ပေသီးပြေသလို ကြောင်စွယ်ထဲကနေမှာ။ ကိုပျားအုံက ကနေ့တော့ ဟုတ်ဟုတ် သေးတော့ကွာ... မယားလည်းမွေး၊ နွားလည်းမွေး။ နွားမကသံရောင်ဆိုတော့ အကျိုးပေးပြီ။ သားဦးက ညိုခဲခဲဆိုတော့ အားကိုးရပြီ။
"ပေသီး... ငါက နာမည်တောင် စဉ်းစားပြီးပြီ... ငါ့မှာ သားနှစ်ယောက် အမြွှာမွေးသလိုကိုးကွ... နှစ်ကောင်စလုံးသံရောင်တွေဆိုတော့ သံဒိုးကြီးသံဒိုးကလေးပေါ့ကွာ... နွားက သံဒိုးကြီး ငါ့သားက သံဒိုး ကလေး.. "
"ကောင်းသာပေါ့ငပျားရ... အကျိုးပြီးတဲ့ဒိုးကြီးကွား... အကျိုးပေးတဲ့ ဒိုးကလေးကွာ... "
ကိုပျားအုံက ကိုပေသီးနှုတ်ထွတ်စကားကို သိပ်သဘောကျသွားတယ်။ တကယ်လည်း နွားက ဒိုးကြီး တွင်တယ်။ သားကဒိုးကေးတွင်တယ်။ သုံးမင်္ဂလာဖြစ်အောင် ဆွမ်းတစ်အုပ်တောင် ကျောင်းပို့လိုက်သေး တာပါ။
ကုဣို ကုန်းမှာ ပြောစမှတ်ပြုရတဲ့ အဖြစ်အပျက်ဆိုပါတော့။
ကုဣိုကုန်းက အုပ်စုရွာကြီးတော့ မဟုတ်ဘူး။ မြိုင်လှက အုပ်စုရွာ။ မြိုင်လှ အုပ်စုထဲမှာ ရွာကချည်းဆယ်ရွာရှိတယ်။ ဖို့ကုန်း၊ ကုဣိုကုန်း၊ ညောင်ပင်ပု၊ ထတောစု၊ နှဲခင်း၊ ယင်းတိုက်၊ သိမ်ရွာ၊ ညောင်ကားယားနဲ့ တောပုဆိုတဲ့ ရွာတွေပါ။ မြိုင်လှနဲ့ဆို ဆယ်ရွာပေါ့။ မြိုင်လှကလွဲလို့ ကျန်တဲ့ရွာတွေက မတိမ်းမယိမ်းရွာတွေ။ စီးပွားရေးချင်းလည်းမကွာကြဘူး၊ စိုက်ခင်းနှံခင်းချင်းကလည်း မကွာကြဘူး။ မြိုင်လှက မြို့နဲ့နီးတော့ မြို့သွားချင်ရင် မြိုင်လှတော့ တစ်ထောက်ရောက်ကြရတယ်။ ကုဣို ကုန်းကနေ မြိုင်လှကို ခရီးနှစ်တိုင်ဝေးတော့ ဒိုးကလေးက မနက်ဆိုရင် မြိုကထိပ်က လက်ဖက်ရည်ဆိုင် ရောက်နေ တတ်ပြီး သံဒိုးကလေးလို့ ဖအေက မွေးတဲ့နေ့ကပဲ နာမည်ပေးပေမယ့် ရွာက ဒိုးကလေး ခေါ်ကြတာပါ။ အကျိုးပေးတဲ့ဒိုးကလေးလို့ နွားဆရာကိုပေသီးက နိမိတ်ဖတ်ပေသိ မွေးကတည်းက အကျိုးမပေး ချက်တော့။
"မှုံမရယ်... ငါ့နွားဒိုးကြီးက ထမ်းပိုးတင်ပါပြီ ဆိုကတည်းက လုပ်ကျွေးလိုက်သာများဟာ အလုပ်ကလည်း တွင်ပါဘိသနဲ့... မကော်မကတ် မဆိုးမယုတ်မျက်ကြားဗေကောင်းရွှေရည်မျက်လှ မကောင်းကျိုးပ ကောင်ကျိုးရ ဆိုသာလိုပဲ အကျိုးပေးချက်တော့.. ငါ့သား ဒိုးကလေးကျမှ ဘယ်လိုနက္ခတ်နဲ့များ မွေးပါလိမ့်ကွာ... "
မအေလုပ်တဲ့ မမှုံကြီးကတော့ ဒိုးကလေးကို မခိုင်းရက်ဘူး။ သားလုပ်ရမယ့်အလုပ်တွေ ကျုပ်ကိုပြောပါ ကိုပျားအုံရယ်၊ ကျုပ်တို့လည်း ထန်းလျက်တစ်ကိုယ်ထန်းတစ်ကိုယ်မှ မဟုတ်သာ၊ ဒိုးကလေးမလုပ် ကျုပ်လုပ်ပါ့မယ်လို့ သားဘက်ကကာတတ်တယ်။ ကိုပျားအုံက အခင်းထဲလည်းဝင်ရ၊ နွားစာလည်း ထည့်ရ၊ အိမ့် ဗာဟီရသူချည်းဆိုတော့ ဒိုးကလေးကိုပါ တစ်ဖက်တစ်ယှဉ်း ရုန်းစေချင်တယ်။ မိဘတွေ ရှိကြတုန်းတော့ ဟုတ်တာပေါ့။ မိဘတွေ မရှိရင်ဘယ့်နှယ့်လုပ်ပါ့။ ဒါကိုပူတာပါ။ ကိုပျာအုံတို့မှာတောင်သူ တောင့်တောင့်ထဲက ဆိုတော့ သားတစ်ယောက်အတွက် စီးပွားရေးပူစရာ မလိုပါဘူး။ ဒိုးကလေး မြို့တက် လက်ဖက်ရည် သောက်တာလည်းထားပါတော့။
မနက်တိုင်းအိမ်က ပိုက်ဆံယူပြီး မြို့ဂိုက်ဖမ်းတာကို မကြိုက်တာပါ။ လက်ကြောမတင်းတာကို မကြိုက် တာပါ။ တောသူတောင်သား သားသမီးပီပီ ရာသီနဲ့ သီးနှံရယ်လို့လည်းမသိဘူး။ ပိုးရယ်မွှား ရယ် လို့ လည်း မသိဘူး။ နွားတစ်ကောင်ရဲ့ ချိုရယ်၊ ဗွေရယ်၊ သွားရယ်၊ အသွေးအရောင်ရယ် စသည်ဖြင့် အကျိုးပေး မပေးလည်း မသိဘူး။ ပဲမှော်တစ်တောင်းထမ်း မတင်ဖူးဘူး။ ပဲကျိုးပဲကြေရယ်လို့ တလင်းကို တံမြက်တစ်ချက် သိမ်းဖို့လည်းခေါင်းထဲမရှိဘူး။ ဖအေပဲခင်းက လှည်းတိုက်ပြန်လို့ နွားကူမချွတ်ဘူး။ ဒါကိုမအေမမှုံကြီးကလည်း သိပါရဲ့။သား လူချောကို မခိုင်းရက်တော့ ဖအေပြောမယ်ကြံရင် မအေကချည်း ၀င်ရတာလည်း များပြီ။
"နင်လုပ်တာနဲ့ ဒိုးကလေး ပျက်စီးနေပြီ... နေကုန်နဲ့နေခန်း ဘာများသွားလုပ်နေပါလိမ့်ဟာ... လက်ဖက် ရည်ဆိုင် ကလည်း နေကုန်တော့မထားလောက်ပါဘူး... ငါတော့ မွေးကြမ်းမွေးရှည် နံတို နံကျပ် သွားကြား ရေယို နွားဖျင်းအဖတ်တင်သလို ဖြစ်နေပြီ... "
သည်လိုပြောရင် မမှုံကြီးက သူ့သား နွားနဲ့နှိုင်းရသကောရယ်လို့ ဆူဆူပူပူ လုပ်ရာက လင်မယား ရန်ဖြစ်ရရော။ ကိုပျားအုံကလည်း ပြောလိုက်ရင် နွားကမလွတ်ဘူးကိုး။
ဒိုးကလေးကလညးဒိုးကလေးပဲ။ ဘယ်လိုဗီဇပါလာသလဲတော့ မပြောတတ်ဘူး။ မွေးလို လူမှန်းသိပါပြီ ဆိုကတည်းက ပေါ်ကြော့နေတော့တာပါ။ ရွာမှာ ပေါ်ကြော့နေတဲ့ လူတစ်ယောက်တလေ ရှိလို့ အားကျတယ်ဆိုရင်လည်းထားတော့။ လူတိုင်း ကာလသားတိုင်း အရွယ်ရောက်ပြီဆိုတာနဲ့ အခင်းထဲ နွားထွန်ထယ်ထိုး မလိုက်နိုင်တောင် အိမ့်ဗာဟီရတွေထဲတော့ ပါရသူချည်းပါ။ ရေခပ်၊ နွားကျောင်း၊ မြက်ရိတ်၊ ပဲလှေ့ ပဲနယ်လောက်တော့ လုပ်ကြရသူချည်းပဲ။ ဒိုးကလေးက မဟုတ်ပေါင်။ ပင်ပန်းမယ့် အလုပ်များ ရွာက အလှူလှည့်တာတောင် ထွက်မကြည့်ဘူး ဆိုတဲ့ကောင်။
မွေးကတည်းက ညိုခဲခဲဆိုတော့ ကြီးတော့လည်း ညိုတိုတိုပါ။ ငယ်ဂုဏ်ကလေးနဲ့ဆိုတော့ ရုပ်မရှိဘူး ပြောမဖြစ်ဘူး။ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ မေးရိုးကျကောင်းနဲ့ ပြေပြေပြစ်ပြစ်တော့ ရှိရှာပါရဲ့။ ဆံပင်က မြို့ဆံပင်ဂိုက်ထားတော့ ရွာမှာာ တစ်ဘာသာ ဖြစ်နေတာလည်း ပါတယ်။ ဆံပင်ဂုတ်ထောကကို ဖအေက ကြည့်မရဘူး။ တစ်ခါတလေ နောက်စေ့ကသိမ်းပြီး ကြက်မြီးစုသိမ်းထားရင် ဖအေက တောက် ခေါက်တော့တာပါ။ လူကတောမှာတော့ လူချောပေါ့။ မြို့ဂိုက်ဖမ်းထားတဲ့ တောသားပေသိ ဇာတ်မင်းသား များလို့ ကနွဲ့ကလျတော့ရှိတယ်။
ဆယ်နှစ်သားလောက်မှာ ကျောင်းကြီးရှင်ဖြစ် သင်္ကန်းစည်းညပီး ကိုရင်၀၀တ်ခဲ့တဲ့ ကုသိုလ် ကလေး ရှိတာပဲ။ သူပျော်ရင်လည်း ရဟန်းဘ၀ ကူးပစေတော့လို့ မအေရော ဖအေပါ မျှော်လင့်ခဲ့ကြသေးတာပါ။ ရဟန်းရဲ့ မယ်တော် ခမည်းတော်ဘ၀ ခံယူရရင် သည်သားလုပ်စာ မစာရချင်လို့မှ နေနေအပါယ် တံခါးပိတ်ရင်တော်ပြီပေါ့လေ။ လေးငါးဆယ်နှစ်သားဆိုတော့မိရိပ်ဖရိပ်အောက်မှာ ဆိုပြောနာခံရှိသေး တာကိုး။ ကိုရင်လူထွက်တော့မှ ကြီးကောင်ကလည်းဝင်လာ၊ အကျင့်ကလေးကလည်းသက်သာ သလိုနေ တတ်ချင်လာဆိုတော့ ပြောမကောင်းဆိုမကောင်း တော့ဘူး။
ကာလသားမပေါက်တပေါက်ကတည်းက ဒိုးကလေးကိုမိဘကကိုင်လို့ မရတော့တာပါ။ ဖအေက အခင်းထဲ မဆင်းတောင် ဟိုရွာသည်ရွာ နွားအလဲအထပ်ဖြစ်ဖြစ် လုပ်စေချင်တယ်။ သည်အတိုင်း ရွာတကာ လည်နေမယ့်အစား နွားကောင်းနွားသန့် ဟိုရွာသည်ရွာက ရှာဝယ်ပြီးကြိုက်ဈေးနဲ့ ရောင်းတာနဲ့ပတ်သတ်သမျှ သင်ပေးရှာတယ်။ နွားဆရာ ကိုပေသီးခေါ်ပြီး နားသွင်းခိုင်းတယ်။
"လှည်းနဲ့နွားဆိုသာမတိမ်ကောဘူး ငါ့သားရ…တို့တောမှာ နွားကောင်းများ အင်မတန်မက်ကြတာ… အဖေတော့ လုပ်စေချင်သာပဲကွာ တောင်ရွာက ငသောင်းဆိုရင် မင်းနဲ့ရွယ်တူပါကွာ… နွားစီးပွားနဲ့ပိုက်ဆံရှိလှပေါ့… "
"နွားအကြောင်း ကျုပ်လည်းသိပါ့ဗျာ…၀မ်းပျဉ်းသား မိုးခိုသားများ ဖိုခွင်ပေါ်က နှစ်ရေခမ်းလောက် ချပြီး ထရေနဲ့မြည်းရင်ကောင်းလှပေါ့ အဖေ့နှယ် "
ဖအေက ထမ်းပိုးထဆွဲလို့ မအေ ၀င်ကာရသေးတာလည်း ခဏခဏ။ ဆံပင်ုတ်ထောက်ကြီးနဲ့ဖအေကို ရန်လုပ်မယ့် မျက်နှာနီစုတ်စုတ်နဲ့ ပုဆိုးခါးပုံစ တွဲလောင်းနဲကဆိုတော့ တစ်ခါတလေ ရောက်လာတတ်တဲ့ ကိုပေသီးကတောင် "မင့်သားက ဗွေထီးရိုးစိုက်မှတ်သာ… ဘယ့်နှယ်ဗွေချက်ပေါက်ပါကောဟ… "တဲ့။ ဗွေချက်ပေါက်ဆိုတာက ဗွေညံ့တဲ့ နွားလက္ခဏာကို ပြောတာပါ။
အပိုင်း (၂)
သည်လိုနဲ့ ဒိုးကလေးအသက်နှစ်ဆယ်ရှိလာတယ်။ လူပျိုကြီးဖားဖား သန်သန်ဖြစ်လာတော့ မျက်ခုံးထူထူ၊ မျက်တွင်းကျကျ၊ နှုတ်ခမ်းပါးပါးနဲ့ ပိုပြီးတော့ ဂိုက်ကောင်းလာသေးတယ်။ ပုဆိုးခွေးချေးသိမ်းနဲ့ မြို့အင်္ကျံင်ရင်ပတ်ဟပြဲ ၀တ်တာဟာ ဒိုးကလေးရဲ့ စတိုင်ပဲ။ ကတ္တီပါဖိနပ်တောင်ရောင်စုံ စီးတာပါသေး။ မအေ က တစ်ယောက်တည်းမွေးထားတဲ့သားမို့သာ အလေးပေးရတယ်၊
သူ့သားအချိုးမဟုတ်ဘူးဆိုတာလည်းသိရဲ့။ မအေဆိုတော့ ချစ်တာနဲ့ပူတာ နှစ်မျိုးစလုံးရှိတာကိုး။ ဖအေ့ ကွယ်ရာ မှာ မြို့ဂိုက်လိုလို၊မိန်းမဂိုက်လိုလို ဖြစ်နေတာကို မကြိုက်တဲ့အကြောင်း၊ ဖအေကြီးခမျာ အရွယ်ရ နေပြီဖြစ်ကြောင်း၊ ငါ့သားက တစ်လှည့် ရုန်းကျွေးပါ့မယ့်အကြောင်းချော့ရှာတယ်။ ဒိုးကလေးက မပြင် ပါဘူး။ မုတ်ဆိတ်မွေးတောင် အနှုတ်မပျက်ဘူး။
"မင်းတို့မလည်းပြောင်းဖူးဖက်နှစ်လိပ် တိုက်ပန်းကန်ထဲ ထည့်ထားသလိုပါလား၊ ငပျားရာ… မင့်သား ခိုင်းလောက် စေလောက်ပါပြီ ခိုင်းတွေ… မင့်သား ဒိုးကလေး မြိုင်မှသွားသွားပြီး ဘာလုပ်နေသလဲ မင်းတို့ သိရဲ့လား… မတော်တရော်ဖြစ်မှာစိုးရသနော "
ရွာက လူကြီးသူမတွေက ကိုပျာအုံတို့ လင်မယားကို သတိပေးကြတယ်။ သည်စကားကလည်း မှန်တယ။ မြို့မှာ အသွားအလာ စိတ်ရာက အပေါင်းအသင်းတွေ ရှိလာတယ်။ တစ်ခါတလေ လေးငါးရက် ရွာပြန် မလာဘူး။ တစ်ခါတစ်ရံ တစ်လကိုးသီတင်းပျောက်ချင်ပျောက်နေတာ ဆိုတော့ မိဘနှစ်ပါး ခမျာ ပူပန် ရတယ်။ တစ်ဝမ်းတစ်ခါးရှာရတာက တစ်ဖက်၊ သားလူပျို ပူရတာကတစ်ဖက်၊ ကြာတော့လည်း ရှိပစေ တော့ လို့ သဘောထားရတော့တာပါ။
...............................
ရွာက လူကြီး သူမတွေက ဒိုးကလေးကို ကြည့်မရကြပေသိ ရွာ့အပျိုတွေကတော့ ဒိုးကလေးကို စိတ်ဝင်စားကြပြန်ရော။ ဆံပင်ရှည်ရှည်ကို ဆီကလေး ရွှဲအောင် လိမ်းပြီး သပ်သပ်ယပ်ယပ် ဖြီးထားတော့လည်း ယဉ်သတဲ့။ ဆံပင်မှာဆီမရှိ ပျားမရှိ ဖို့ရို့ဖားယားဖြစ်နေပြန်တော့လည်း ချောသတဲ့။ အပျိုတွေ စုမိရင် ဒိုးကလေးအကြောင်းက မပါမဖြစ်ဘူး။ လက်ကြောမတင်းပေသိ ကျောထောက်နောက်ခံ လယ်ကလေးယာကလေးနဲ့ တစ်ဦးတည်းသောသားဆိုတဲ့ ဂုဏ်ကိုလည်းမက်သူက မက်သေး တာပါ။အိမ်ထောင်ရက်သားကျလို့ သားနဲ့မယားနဲ့ချည်လိုက်တုပ်လိုက်ရင် ဒိုးကလေးပခုံးပေါ် ထမ်းပိုး တင်လို့ ရမယ်လို့ တွက်သူကလည်းတွက်ကြတယ်။ ဒိုးကလေးက ရွာအပျိုတွေထဲက ဘယ်သူ့ကို စိတ်ဝင်စား နေသလဲ၊ ဘယ်သူ့ကို ကြိုက်နေသလဲဆိုတာ အပျိုလောကမှာ အရေးတကြီး ဖြစ်နေလေရဲ့။ မိန်းမမျှော် မျှော်ကြတာပေါ့လေ။
ဒိုးကလေးများ ရွာကထွက်ရင် အပျိုတွေက ကြည့်ကြရပြီ။ ဒိုးကလေးက ကိုယ့်ရွာက အပျိုတွေကို ယောင်လို့ တောင် သရိုးသရီ မရှိပါဘူး။ ဘယ်မိန်းကလေးကချောလို့၊ ဘယ်မိန်းကလေးက လှတယ် ဆိုတာလည်း ခေါင်းထဲမရှိဘူး။ မိန်းကလေးတွေက နှုတ်ဆက်ရင် ကောင်းကောင်းမွန်မွန် ပြန်နှုတ်ဆက် တယ်။ နှမသားချင်းလို ဆက်ဆံတယ်။ ခေါင်းပုတ်ချင်တောင် ပုတ်သွားသေးတာ။ ရေတွင်းနားက ဖြတ်သွား လို့ ကြုံတဲ့အပျိုက ရေအိုးပင့်ပေးလှည့်ဆိုတော့လည်း ပုဆိုးခွေးချေးသိမ်း၊ တစ်ဖက်တစ်စ ခါးချိတ်ပြီး သွားပင့်ပေးလိုက်တာပဲ။ ထင်းစည်းခဏချပြီး နားနေတဲ့ အပျိုက ထင်းစည်းရွက် ပေးဦး ဆိုတော့လည်း ပခုံးပေါ် စွေ့ခနဲကောက်တင်ပေးချင်ပေးတာ။ ရွက်ရင်းက ခေါင်းခုပြေသွားလို့ ခွေပေးဦး ဆိုတော့ ကော။ ခေါင်းခုခွေတာများ အဟုတ်။ ခေါင်းပေါ်တောင် အကျအန တင်ပေးလိုက်သေးသည်။ ရေခပ်ပြန် အပျိုက အလေးရွက်ထားတာပေသိ ဒိုးကလေး မြင်ရင် ရပ်နှုတ်ဆက်သေးတာ။
"အစ်ကိုလေး... ဘယ်တုန်းကော... "
"မြိုင်လှဘက်ပါ ငါ့နှမရာ... ညည်းအဖေ နေကောင်းရဲ့လားတစ်လောကမမာဘူးဆို... "
"ကောင်းသွားပါပြီ အိမ်လာဦးလေ အစ်ကိုလေးရဲ့"
"အေး...အေး"
"အေးအေးဆိုပြီး အလွယ်မပြောနဲ့နော်...လက်ဖက်သူပ်ထားမှာ... မလာလို့ကတော့ အလျော်ထဲကပဲ... "
"အေးပါ ငါ့နှမရာ... အစ်ကိုလေးမလာတော့လည်း ညည်းတို့ စားလိုက်ကြပေါ့ဟ... ငါကဟိုဆို သည်ရောက် သာရယ် မျှော်သာတော့ မမျှော်နဲ့"
ဒိုးကလေးက စကားပြောများတော့ အညက်။ သည်လောက် စကားပြောဖြစ်လိုက်တာကိုပဲ အပျို လောက မှာ အချင်းချင်းဆုံရင် စကားကားကြပြီ။ ဒိုးကလေးက ရေအိုးပင့်ပေးတာတို့၊ ထင်းစည်းရွက်ပေးတာတို့။ ခေါင်းခု ခွေပေးတာတို့ဆိုတာတွေ ထားတော့။ မဟုတ်တာတွေပါလုပ်ကြံပြောကြတဲ့အထိ ဖြစ်လာ ကြတယ်။
"မနေ့ညက အစ်ကိုဒိုးကလေးရယ်အေ့... မြို့ကအပြန် အိမ်ဝင်လာပြီးဘာရှိကြတုန်းဟ ဗိုက်ဆာ လာလို့ တဲ့... အမေကငါးရံ့ဆီပြန်ကလေး ချက်ထားသာပါ ငါ့တူရယ်ဆိုတော့ မိကြည် ခူးစမ်းဟာတဲ့... စားလိုက် သာ အေ... ထမင်းနှစ်ဘူးချက်ကုန်ရော"
မကြည်မြင့်က သည်လိုပြောရင် အနားရှိတဲ့ မသန်းလှက တစ်မျိုးပြောပြန်ရော။
"တစ်ရက်က ငါ့စိတ်ထဲ အစ်ကိုဒိုးကလေး ကြိုက်လောက်တဲ့ အဆင်ကလေးရက်ဦးမှပါလို့ စိတ်ကူး ပေါက်လို့.. အညိုခံမှာ အဖြူစံပယ်ဖူးကလေးတွေ ပြောက်ထိုးခတ်ပြီး ရက်လိုက်သယ်ပြီးတော့မှ ရက်ကန်း တန်းကချ၊ လက်ချုပ်ကလေးနဲ့သီ... ချုပ်ရိုးပျောက်သီသာဆိုတော့ စက်ရုံသာ ပေါ့အေ... ကျကျနန ခေါက်ပြီး ဘကြီးပျားတို့ဘက်လျှောက်ရင်း အစ်ကိုဒိုးကလေးလက်ထဲ ထည့်ပေးလိုက်သယ်... မက်စက် ချက်တော့အေ... မိန်းမဆိုသာ ရက်ကန်းတတ်မှ မိန်းမမြတ် ခေါ်သာတဲ့...ကြီးတော်မှုံက ခတ်ချက်နာ လိုက်သာအေ တဲ့... ဒိုးကလေးဝတ်ဟဲ့တဲ့... "
ရက်ကန်း ခတ်တတ်တဲ့ မသန်းမျက ရက်ကန်းကျ ပုဆိုးနဲ့ ကြွားတော့ အပျိုကြီး မပူစူးက ဖိနပ်နဲ့ စကား ထည့်တယ်။
"ဒိုးကလေးက ငါ့ထက်ငယ်တော့ ငါ့ကို မမတဲ့... ကျွန်တော်က မြို့ဘက်သာသွားနေသာ... ကတ္ထီပါဖိနပ် မ၀ယ် တတ်ဘူး မမကြုံရင် ၀ယ်ခဲ့စမ်းပါဆိုလို့ရောင်စုံကို ၀ယ်ပေးလိုက်ရပါသတော်... မမက ရွဲ့သာ လားတဲ့... မရွဲ့ရပေါင်တော် ငါ့မောင်စီးရင်မမက ၀မ်းသာရသာပေါ့ ပြော်ရသယ်... "
တကယ်ကျတော့သည်စကားတွေကိ ဘယ်သူ့ဘယ်သူမှ ယုံကြည်တာမဟုတ်ပါဘူး။ မဟုတ်မှန်း လည်း သိကြသားပဲ။ ပါးစပ်ထဲရှိတာ ပြောကြတာဆိုတော့သည်လို ပြောရတာကိုကလူ့ပေါ်ကြော့ ဒိုးကလေးကို ကြိုက်နေကြတာ မဟုတ်ပေသိ ရွာမှာ ဒိုးကလေးခေတ်စားတာကတော့ အမှန်ပဲ။ ဒိုးကလေးက မိရယ် ဖရယ်လို့ ချွေးထွက်အောင် လုပ်မကျွေးပေမယ့် ရွာကို ဒုက္ခမပေးဘူး။ မိဘနှစ်ပါး စိတ်ဒုက္ခရောက်အောင် မလုပ်ဘူး ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ဘူး။
ကြာတော့လည်းဘိုးပျားအုံတို့ မယ်မှုံ့ကြီးတို့ကလည်း လက်ကြောမတင်းရသကောရယ်လို့ ပြောမနေ ကြတော့ပါဘူး။ ဒိုးကလေးတောင် အသက်ရလာပြီဆိုတော့ သူတို့ကိုယ်တိုင်လည်း မငယ်တော့ဘူးကိုး။ လုပ်နိုင် သလောက်လုပ်ကိုင်ပြီး မြေကရတာနဲ့သည်လို စားကြတာပါပဲ။ ဆင်းတောင့်ဆင်းရဲတော့လည်း မဟုတ်ဘူး။ ချမ်းသာသလား ဆိုတော့လည်းမချမ်းသာဘူး။ မြို့လိုလို ရွာဆယ်ရွာ လျှောက်သွား နေသလိုလို နဲ့ အချိန်တွေကုန်နေမှန်းသိတော့ မိဘတွေက ခြေငြိမ်စေချင်ကြပြီ။ သားရယ် မယားရယ် နဲ့ အနည်ကျ စေချင်ကြပြီ။ ဒိုးကလေးကစိတ်တောင် မကူးဘူး။
"ခင်ဗျားတို့ သေမှယူမှပါဗျာ...... အေးအေးနေကြစမ်းပါ........ ခင်ဗျားတို့မလည်း အလကားနေ ရင်းမိုးဖို ထဲ လက်နိုက်ချင်ကြတော့ သာပါလား......"
"ဟဲ့ ဘယ့်နှယ် အပူရှာရမှာတုန်း မင်းကြည့်ရင် လမ်းပေါ်မှာချည်းမို့ ပြောသာပေါ့ မင်းကြိုက်မယ့် လူမရှိရင် အမေ တို့ စပ်ဟပ်ပေးစားမှာပေါ့.... မိဘ၀တ္တရားရှိသယ် ငါ့သားရဲ့ နေပါဦး မင်းမေးစမ်း ပါဦးမယ် ရွာဆယ်ရွာ လှည့်သာတောင် ငှက်တစ်ကောင် မမိသေးဘူးလား"
တစ်တီတူးတောင် ညဘက်ကျုပ်ဖြတ်သားရင် မအော်ဘူး ငှက်မိဖို့ နေနေသာသာ
ရွာဆယ်ရွာ ပြည့်တာတောင် မိန်းကလေးတစ်ယောက် မကြိုက်ဖြစ်သေးဘူးလား မအေက မေးတာကို ဒိုးကလေး က ပြန်ပြောတာပါ။ မိန်းကလေးတွေက စိတ်ဝင်စားဦးတော့ ဒိုးကလေးက ဘယ်နှယ်မှ မနေဘူးကိုး။ သည်တော့ ဒိုးကလေးမှာ ရည်စားရယ် လို့လည်းမရှိဘူး။ မျက်စီကျမိပါ ပြီတောင်ရမ်းပေးပါ တော့ ဆိုတာလည်း မရှိဘူး။
ကိုက္ကိုကုန်းက မိန်းကလေး တွေထဲမှာ ဥစ္စာပေါ ရုပ်ချောကလေးတွေ ရှိသားပဲ။ မိဘတွေက တောင်းရမ်း ပေးစား ရင်လည်း တစ်ဖက် မိဘက ခါးခါး သီးသီးမရှိလောက်ပါဘူး။ ဒါကိုလည်း ဒိုးကလေးက လက်မခံ ဘူး။ မယူချင်ပါဘူးဗျာ ချည်းပဲ။ မိဘတွေခမျာ သူရင်းငှား တစ်ယောက်ငှားပြီး ယာခင်း၊ ကိုင်းခင်းအလုပ် လွှဲရတော့တယ်။
"မယ်မှုံရယ်.... ငါတို့မလည်းတစ်ရက်တည်း နွားကလေးလည်းမွေး၊ သားကလေးလည်းမွေး၊ ကုသိုလ်ထူး သယ် အောက်မေ့မိပါတယ်.....နွားကြီးဒိုးကြီးက လုပ်ကျွေးပြီး နအိုဘ၀သာ ရောက်ကရော ကျေးဇူးကြီး လိုက်သအေ ငါ့သား ဒိုးကလေးများတော့လည်း သည်လိုနဲ့ ဘ၀ပြီးရ ပါရောလား"
"ကျုပ်တို့ကုသိုလ်ပေါ့ ကိုပျားအုံရယ်...... တစ်ခုတော့ ကောင်းပါတယ်...... သူဟာသူ ဟော သည်နားက ရွာဆယ်ရွာ အိမ်လုပ်နေတော့လည်း ပြီးသားပါပဲ ကျုပ်တို့ပိုင်သာ သူရမှာပေါ့ ကျုပ်ကတော့ ဒိုးကလေး ခေါင်းထဲ မထည့်တော့ဘူး"
"သည်လို လတ်လျား လတ်လျား နေမယ့်အစား ဘုန်းကြီးဝတ်ခဲ့ရင်တောင် ကုသိုလ်ရရော့မယ်"
"တော့သားကို စိတ်သာချ......... ဘုန်းကြီးလည်း မ၀တ်ဘူး..... မိန်းမလည်း မယူဘူးရယ်"
ဒါပေမယ့် လူ့ဘ၀ဆိုတာ ဘယ်မှာအတည်ရှိပါ့မလဲ။ တဖြောင့်တည်းရှိပါ့မလဲ။ ရွာဆယ်ရွာ ဒလက် လည်အောင် သွားလာနေလို့ ဘယ်မိန်းကလေးတော့ ကြိုက်ခဲ့ပါရဲ့ မရှိတဲ့ ဒိုးကလေးကို ကိုင်လှုပ်လိုက်တဲ့ မိန်းမသား တစ်ယောက် ပေါ်လာခဲ့တယ်။ မိန်းကလေးနာမည်က မပန်းညိုတဲ့။ သောင်သောင်သာသာ ထဲကလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကလေးတစ်ယောက်အမေ အမဲသားသည်ပါ။ ကာမပိုင် ရယ်လို့ မရှိတော့တဲ့ မုဆိုးမ။ မိုးဆိုးမ မပန်းညိုကို ဒိုးကလေး မေတ္တရာ ရှိနေတာရွာက ချက်ချင်း မကြားကြ သေးဘူး။ ရွာမပြောနဲ့ မိဘနှစ်ပါးကတောင် မသိကြဘူးပြော ပါတော့။ ဖူးစာဆိုတာကလည်း ဆန်းတော့ ဆန်းသား။
အပိုင်း (၃)
သဒိုး ခေါ်တဲ့ သားသတ်သမား။ သဒိုးဆိုတာ သားထိုးသမားပေါ့။ ရွာတွေက နွားပေါ်၊ ဆိတ်ပေါ်၊ ၀က်ပေါ်၊ ကျွဲပေါ် သည်ဖြင့် သတ္တ၀ါအရှင်လတ်လတ် ဘ၀က အသားတွဲဘ၀ရောက်တဲ့အထိ သတ်ဟယ်ဖြတ်ဟယ် သင်ယဟယ် ဖျင်ဟယ် လုပ်ပေးတဲ့လူကို သည်ရွာက သဒိးခေဲကြတာပါ။ အင်မတန်အောက်တန်းကျတဲ့ အလုပ်လို့ သဘောထားကြပေသိ ရွာတွေမှာ သဒိုးမရှိလို့လည်း ဖြစ်တာမဟုတ်ဘူး။
ဓားကြီး ဓားငယ် အသွယ်သွယ်နဲ့ နွားတစ်ကောင်များ ပါးစပ်ထဲက ကွမ်းတောင်မညက် သေးဘူး သဒိုးသမားက အရိုးနွှင် နေပြီ။ ရွာတွေဆိုးတော့ သားသတ်လိုင်စင် တွေဘာတွေလည်း မရှိဘူး။ ရွာစွန်တောထဲ ချောက်ထဲ သည်လိုပြီး ရတာပါ။ နွားတစ်ကောင် ချောက်ထဲ ရောက်တာနဲ့ အမဲသားချည်း ပြန်တက်လာရတာမျိုးက ရိုးနေပြီကိုး။
မပန်းညို က အဖေသဒိုးသမားကြီး ပေါ်ပေးတဲ့ အသားတွဲကို ခံတောင်း ပက်လက်ထဲ ထည့်ရွက်ပြီး ရွာစဉ်လှည့်ရောင်းတာဆိုတော့ သားအဖနှစ်ယောက် စားလို့တော့ဖြစ်တယ်။ ဖအေက ဦးကြာပေါ် တဲ့။ လူအင်္ကျီချွတ်ကြီးနဲ့ ပုဆိုးဟောင်းတိုတိုပါအောင် ၀တ်ပြီး ရေမချိုး မိုးမချိုး ဖိုသီ ဖတ်သီ နေတတ်တယ်။ သမီးမပန်းညိုက မိန်းမချောပါ။ ဆံတောက်သိမ်းစ ကတည်းက ရုပ်ကလေးရှိလို့ လင်ရတော့်လည်း ဦးကြာပေါ် က သမက်တင်ကျွေးထားရတာပါ။ သည်သမီးက အသားတွဲလှည့် ရောင်းရတာဆိုတော့ သမက် ပါ သူတို့ နဲ့ နေလှည့်ခွင့်ပြုထားရတယ်။ သားမက်က လူနု လူအေး။ သွေးရဲရဲသံရဲရဲ၊ ဓားတ၀င်းဝင်း သံတ၀င်းဝင်း နဲ့ အလုပ်ကို ကြောက်လည်းကြောက် တယ်။ စက်လည်း စက်ဆုတ်တယ်။ မလွှဲသာလို့ ယောက္ခမ အလုပ် ၀င်ပါနေရပေသိ မနှစ်မြို့သူ။ ပန်းညို ချစ်တော့လည်း မခွာနိုင် ရှာပါဘူး။ သား တစ်ယောက် ရတဲ့အထိ ညည်လိုနေရှာပါရဲ့။
"ပန်းညိုရယ်...... နင့်ကိုကြိုက်ကတည်းက သဒိုးသမီးဆိုသာလည်း သိပါရဲ့....... ယောက္ခမက သဒိုး ဆိုတာလည်း သိပါရဲ့..... မိဘများ တားတဲ့ကြားက ငါယူခဲ့တာပါဟာ..... တကယ်ကတော့ သည်အလုပ်ကို ငါလုပ်ဝံ့ဘို့ နေနေသာသာ ကြည့်ောတင် မကြည့်ဝံ့ဘူး..... သည်တော့ ငါရွာကလူ တွေလို ရွှေတော တက်ချင် တယ်... စုစုဆောင်ဆောင်ဖြစ်ရင် မြေကလေး ယာကလေး ၀ယ်ပြီး တောင်သူလုပ်ကြသာပေါ့ သည်အလုပ် ကိုမလုပ်ပါနဲ့တော့...."
တစ်ရက်မှာ ပန်းညိုကို သူ့ယောကျာ်းက ပြောတာပါ။ ပန်းညိုက လင်လည်း ချစ်ရှာပါတယ်။ ရွာစဉ်လှည့် အသားတွဲ ရောင်းတာတောင် လိုက်ခဲ့မခေါ်ဘူုး။ နေပြူိကီးထဲ ပင်ပန်းမှာစိုးလို့။ ဒါပေမယ် ဖအေနဲက သမီးတစ်သက်လုံး သည်အလုပ် လုပ်ခဲ့ရတာမဟုတ်လား။ သူတကာလို တောင်သူ့သားသမီမှမဟုတ်တာ။ လင်ရကာမှ အကုသိုလ် အလုပ်ရယ်လို ဖအေကြီး ထားမသွား ရက်ဘူး။ လင်က အစားရတယ်။ ဖအေက အစား မရဘူးလို့လည်း တွက်တယ်။
လင်နဲ့မယား တစ်မိုးအောက် အတူပေါင်းနေရတာ ဟုတ်ပါလျက်ကနဲ့ ရွှေတောတက်ချင်ရင်တက်ပေါ့။ ထိုင်းစားရတဲ့လူကများ နာရသေးလို့လည်း တလွှဲတွေးမိတယ်။ သည်လိုနဲ့ သားကလေးနဲ့ မယားထားသွားတော့လည်း မတားပါဘူး။ တစ်နှစ်ောတင် မကြားပါဘူး။ ရွှေတော်မှာ လင်သေတယ် ဆိုတဲ့ သတင်း ရောက်လာပါရော။ လင်တစ်ယောက် အဖတ်တင်ပါတယ်။ ရွှေတော်မှာသေတယ်ဆိုတော့ မုဆိုးမ ဖြစ်ရရော။ သားကလေး မတီမတာနဲ့။
ပန်းညိုက လင်ရတော့လည်း အသားတွဲ ရောင်းရတာပါပဲ။ သားတစ်ယောက်အမေ မုဆိုးမဘ၀ ရောက်ရတော့လည်း အသားတွဲ ရောင်းရတာပါပဲ။ သည်လိုနဲ့ ကလေးခုနှစ်နှစ်သားမှာ ရွာကျောင်း ပို့ပြီး ကိုရင် ၀တ်ပေးလိုက်တယ်။ သားကိုရင်က ကျောင်မှာပျော်ရှာလို့ တစ်သက်လုံး သင်္ကန်းဝတ် တော့မယ် ဆိုတော့ လည်း ပန်းညို ၀မ်းသာမိရတာပဲပေါ့။ အရွယ်မတိုင်ခင် လင်ရလို့ ကလေးတစ်ယောက် ရခဲ့ပေမယ့် အသက် နှစ်ဆယ်ကျော် ကျော် ရုပ်ချောမိန်းမဆိုတဲ့ ဂုဏ်က ပျောက်မသွားဘူးကိုး။ အမဲသား၊ ကျွဲသား လည်ရောင်းတိုင် ရွာယောက်ျားသားတွေက ပန်းညိုကို ခနိုးခနဲ လုပ်ချင်ကြတယ်။ ယောက်ျားတိင်းတော့ မဟုတ်ပါဘူး။ တချိုကက လင်သေမုဆိုးမ ဆိုဆော့ ချိုချိုချောင်ချောင် ထင်ကြလို့ လင်တင်ချင်ကြတာပါ။ ပန်းညိုကလည်း သဒိုးဦးကြာပေါ့ သမီးပဲ။ ချွေးနဲ့သွေးနဲက လုပ်စားရတဲ့ မိန်းမပဲ။ ဘာကိုမှမကြောက်ဘူး။ တစ်ရွာ့တစ်ရွာ့သည်လို ကူးနေတာပါ။ တချို့က သွေးတိုးစမ်းကြတာလည်း ရှိတယ်။
"ပန်းညို... ငါ့နှမပင်ပန်းလှသဟာ... ခံတောင်းရွက်ပြီး ဟိုဘက်ရွာထိ ငါလိုက်ပို့ စမ်း ပါ့မယ်... နေကြီးကပူသနဲ့"
"မလိုပေါင်တော်... ကျုပ်တို့ သွေးစိုစို ချွေးစိုစိုတစ်သက်လုံး လုပ်စားလာတာပါ..........
"ငါက စေတနာနဲ့ ပြောသာပါဟ.........နင့်ကြည့်ရသာ သနားလို့ပါ..."
"သနားစရာ မလိုပေါင်....ကျုပ်တို့ ကျိုးကန်းနေသာမှ မဟုတ်သာ........"
ပန်းညို က စကားတင်မခံလေ အူယားကြလေ။
တစ်ရက်တော့ ညောင်ကားယားသူ ပန်းညိုက ဖူးစာများဖက်ချင်လာလို့လား မပြောတတ်ပါဘူး။ ဒိုးကလေးတို့ရာ ကုက္ကိုကုန်ုးကို ခံတောင်းကြီး ပေါ်ငါးတင်နဲ့ ရောက်လာခဲ့တယ်။ ဖြစ်ချင်တော့ ဒိုးကလေးက ရွာပြန်ကပ်တဲ့ရက်တွေ ဖြစ်နေတာပါ။ ပန်းညိုက ရောက်လို့သာ ရောက်လာရတာပါ။ ကုက္ကိုကုန်း ဘက်မရောက်လေ့ဘူး။ သည်ကနေ့မှ စွတ်ရွတ်ရောက်လာတာဆိုတော့ မြန်မြန်ကုန် မြန်မြန်ပြန် ချင်လှပြီ။
"အမဲသား တော်တို့ ယူကြဦးမလား......... အသားကောင်းသနော့.....လျှော့လျှော့ပေါ့ပေါ့ပေး ခဲ့မှာ"
ပန်းညိုက ဈေးရောင်းကောင်းရယ်။ ဘယ်တော့မဆို လျှော့လျှော့်ပေါပေါ့ ပေးခဲ့မှာလို့ အော်တာ ချည်းပဲ။ လျှော့တော့လည်း နည်းနည်းရယ်။ အမဲသားက လတ်လတ်ဆတ်ဆတ်ဆိုတာ တော့ အမှန်ပဲ။ သူ့အမဲသားက ခုခုတ် ခုရောင်းကိုး။ ကုက္ကိုကုန်းက ခေါ်မ၀ယ်လေ၊ ငါတော့လာမိတာ မှားပြီထင်တယ်။ ရေကလေး တစ်ပေါက်ကလည်းသောက် ချင်သေးတာဆိုတော့ ခေါ်ဝယ်မယ့် အသံကိုမျှော်တယ်။ ရွာတောင် ဆုံးတော့မယ်။ ခံတောင်းချရောင်းဖို့ အသိရယ်လို့လည်း တစ် ယောက် တလေမရှိတော့အခက်သား။ သည်လို နဲ့ ဒိုးကလေးတို့အိမ်ရှေ့ရောက် လာတယ်။ ဒိုးကလေးက အိမ်ရှေ့ကပြင်မှာ ငုတ်တုတ်။ လည်ကတုံး ဖျင်ထည်ကလေးနဲ့၊ ကွယ်ကလေး တစ်ယာ ပါးစောင်းကပ်ပြီး အမဲသားသည်ကို လှမ်းအကြည့်။ ပန်းညို ကလည်း ကြည့်သူရှိတော့ ယူပါဦးလားအစ်ကိုရဲ့ လုပ်ကရော။ အပေါက်ဝက လှမ်းအော်တယ်။
"အစ်ကိုရယ်...... အမဲသားကောင်းလွန်းလို့ပါ.... ကြည့်သာပေးပါတော့......... ကျုပ်ပြန်ရမှာ ဝေးလို့ ပါတော်........."
ပြန်ရမှာ ဝေးလို့ပါ ဆိုတော့ဘယ်ရွာကပါလိမ့်။ ဈေးသည်မလေးက ချောလိုက်သာကော။ တစ်ခါမှ လည်း မမြင် ဖူးပေါင်။ ဒိုးကလေးက ဘယ်ကလာရောင်းတာတုန်းးဆိုတော့ ညောင်ကားယားက ပါတဲ့။ ဝေးလွန်း သကော။ စိတ်ထဲသနားသွားတနဲ့ ကိုင်းကြည့်ရအောင် လုပ်ကရော။ ပန်းညို ဈေးခံတောင်းချပြီး အုပ်ထားတဲ့ ပုဆိုးစ လှပ်လိုက်တော့ ပြောသလိုပဲ အမဲသားတွေက ကောင်းပါ ဘိသနဲ့။
"ငါ့နှမ.... နင့်နှယ် ဝေးလှချည်ကော......ညောင်ကားယားက လှတင်သိလား ရွာတောင်ပိုင်း ကလေ........ ငါ့ရောက်ပါ ဟာ....... ညည်းကဘယ်သူ့သမီးတုန်း........."
"ဦးကြာပေါ်........."
"ရှိမှာပေါ့လေ........ နေဦးအမေ့ခေါ်လိုက်ဦးမယ်........ အမေ...... ဗျို့အမေ........ အမဲသားတွေ ကောင်း ချက်ဗျာ.......... ကျုပ်တစ်တွဲ ယူလိုက်ပြီ........."
မအေက သားစားချင်တယ်ဆိုတော့ ၀ယ်လေတဲ့။ တစ်တွဲယူလိုက်တယ်။ အမဲသားသည် သနရုပကို ဒေါ်မှုံကြီးကလည်း မြင်မြင်ချင်း ခင်သွားရှာတာပါပဲ။ ရေတစ်ပေါက်သောက်ဦး၊ လက်ဖက် တစ်ရိုးဝါးဦး၊ နေဦး ကျန်တဲ့အမဲသားတွေ ငါစပ်ရောင်းပေးမယ် တိုနဲ့ ဝေေ၀သာလေ တော့ပန်းညိုလည်း အဆင်ပြေသွားတယ်။ အမဲသားလေး၊ ငါတွဲ ဇုတ်ခနဲ ကုန်တော့ ဒိုးကလေးသား အမိကျေးဇူးတင်လိုက်ပုံများ။
"ညည်းရုပ် ညည်းရည်နဲ့အေ....... ငါ့တူးမနှယ်.... တစ်ယောက်တည်း သွားရလာရသလား တစ်ရွာ့ တစ်ရွာကြား က လူပြတ်ပါဘိသနဲ့....... ညည်းမို့လာရဲပလေ......... နောင်လာရင် တို့အိမ်ဝင် လှည့်ချေ...... ရွာခံ သဘောထား.. ကြားလား"
"ကျွန်မက အပျိုမဟုတ်ပါဘူး ကြီးတော်ရယ်....... ကလေးမအေပါ...... သားကိုရင်တောင် ကြီးပါပြီ...... အဖော် ကတော့ ဓား ပဲပါတယ်..... ကျွန်မက မကြောက်တတ်ပါဘူး ကြီးတော်ရယ်...."
"သတ္တိကောင်းပါဘားအေ့.... အေးအေး.... ညည်းယောကျာ်းက လွှတ်တာပဲလား....."
"အိမ်ထောင်က ဆုံးရှာပါပြီ........ ကြာပေါ့ဟာ...... လုပ်မစားလို့လည်း မရပါဘူး........... အဖေက သဒိုး........ ကျွန်မ က ရောင်း..... တခြားလည်း လုပ်မစားတတ်ဘူး......"
"အေးပါအေ... ကောင်းရောင်းကောင်းဝယ် လုပ်စားတာပဲ.... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ပျက်စီး ရှာသာ ပါကောလား..... အေးအေး......... နောက်ကုက္ကိုကုန်းရောက် ရင်ဝင်ခဲ့ ဟဲဒိုးကလေး ..... မိန်းကလေး ရွာထိပ် လိုက်ပို့ လိုက်ပါ......"
"အင်းပါ.... ကျုပ်ကလည်း ပို့မလို့ပါ......"
ဒိုးကလေးက ရွာထွက်အထိအမဲသားသည်မ လိုက်ပို့တော့ ရွာလမ်းဘေးအိမ် တွေ့ မြင်ကြပြီ။ ဒိုးကလေးက ပန်းညိုကို နောက်ရက်တွေလည်း လာရောင်းပါဘို့ မှာတယ်။ သူကတော့ ရှိချင်မှ ရှိမယ်။ သူမရှိလည်း အမေ ရှိတယ် ရောင်းပေးလိမ့်မယ်ဆိုတော့ ပန်းညိုက ၀မ်းသာသွားတယ်။
အပိုင်း (၄)
ဒိုးကလေးက လှည်းကြုံတောင် တင်ပေးလိုက်သေးတာပါ။ ပန်းညိုက လှည်းနောက်မြီးမှာ တင်ပလွှဲ ကလေးတိုင်ရင်းက အစ်ကို သွားမနော တဲ့။
သည့်နောက်တော့ တစ်ပတ်တစ်ရက်တန်သည် နှစ်ရက်တန်သည် ကုက္ကိုကုန်း ကို ပန်းညို ရောက်လာ တတ်တယ်။ ရောက်လာတိုင်းလည်း ဒိုးကလေးရှိတာချည်းပဲ။ ပန်းညိုက သူလာမယ့် ရက်ကြို ပြောထား တော့ ဒိုးကလေးက ဘယ်ရွာမှ မသွားတော့ဘူး။ ပန်ညိုနောက်ကျရင် တောင်မျှော် တတ်ပြီ။ ပန်းညို လာတော့လည်း ရွာထဲက အိမ်ပေါက်စေ့ သူပဲလိုက်ပို့တယ်။ စပ်ရောင်းပေးတယ်။ ဒိုးကလေး ကိုယ်တိုင်လည်း အမဲသားတစ်တွဲ ယူဖြစ်အောင်ယူတော့ တစ်အိမ်လုံး အမဲညှင်းတွေနဲ့ ဖြစ်ကုန်ပြီး။
"ငဒိုးရေ....အမေတို့လည်း အမဲညှင်းတွေများနေပြီး...... ငါ့သားမလဲ ပန်းညိုပါ ညှင်းချင်နေပြီ လားဟဲ့.. .. မုဆိုးမတော့ မမှန်းလိုက်ပါနဲ့တော်........ သားသတ် ဖားသတ်နဲ့ အကုသိုလ်ကြီး သဲ့ဟာတွေ ရပ်တန်း က ရပ်တော့..."
"အမေက လုပ်ကရော့မယ်....... သနားလို့ပါဗျ..... ကျုပ်ကကော ယူမှာတဲ့လား.... မဟုတ်တာ"
"ယူမယူတော့ မပြောတတ်ဘူး...... တစ်ရွာလုံးက ပြောကြလှပြီ...... အမဲသားသည်ကတော်တော် တော့်သားက ရှေ့နောက်နေသာတဲ့။ မယူချင်လို့လည်း မရဘူးတဲ့........ ဒိုးကလေးဇွတ်ရောင်း လို့ ၀ယ်ရသာ များပတဲ့....... ကောင်းရော့လား...... မင်းဟာက......"
"သူတို့ဝယ်တော့ စားရသာပေါ့ဗျာ......... သူဟာသူ့ ဈေးလာရောင်းတာ ရောင်းပါစေဗျာ....... ခမျာ ကျုပ် တို့ အားကိုးရှာလို့ လာသာပါ အမေရာ....."
"အားကိုးရှာလို့ ပြောနေသာဟဲ့....... တစ်သက်လုံး ဘုန်းကြီးလိုနေလာပြီး အမဲသားသည် ကျမှ ဓာတ်ကျ........ မင်းမလည်း ခုမှ အိမ်မြဲတော့သယ်....."
"ခက်ပါ့ ကောဗျာ"
ခက်ပါ့ကော်ဗျာ၊ ခက်ပါ့ကောဗျာနဲ့ ရှေ့လည်းစကားမစဆတ်တတ်တော့ဘူး။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒိုးကလေး၊ ဒိုးကလေးနဲ့ ရွာ့အပျို နုနုထွတ်ထွတ် ကလေးတွေကြား ရေပန်းစားနေရာက ကြိုက်မယ့်ကြိုက်တော့ အမဲသားသည် မုဆိုးမ သားတစ်ယောက်အမေကို ကြိုက်မိနေပါပကော။ ဒိုးကလေးစိတ်ထဲ ရွာဆယ်ရွာ မိန်းမချော ပြိုင်ပွဲများလုပ်ရင် ပန်းညိုက ပထမဆု ရမယ်လို့ တောင် ထင်မိတယ်။ ရွာကတော့ ရစရာမရှိအောင် ပြောကြတာပေါ့။ ရွာအပျိုတွေက အဆိုးဆုံး။ ဒိုးကလေး များပြော လိုက်ကြတာ နှစ်ပြားမတန်ဘူး။
"ဒိုးကလေး ဒိုးကလေးနဲ့ သံဒိုးမဟုတ်ပေါင်အေ....... ခုံဖိနပ်ပြီးတို ဒိုးပါ..... အိုးခြမ်းကွဲဒိုးပါ...... တစ်ရက်က ရေတွင်းမှာ အိုးပင့်ပေးရ မလားတဲ့ လုပ်းသေးသာ......... ကျုပ်ဟာကျုပ် ပင့်နိုင်သယ် အမဲသားစော် နံမစိုးလို့ လို့ပြောလိုက်သယ်........."
"ငါကကော ဘာထူးတုန်း......... လမ်းမှာတွေတော့ ငါက ဟိုဘက်ရှောင် သွားလိုက်သယ်....... ဒိုးကလေး က ဘယ်လိုဖြစ်သာ တုန်ဟတဲ့.... ယင်ကောင်တွေအုံလို့တော်ရေလိုက် ပြန်ပက်လိုက် တော့....... အံမယ်...... မျက်စိမျက်နှာတွေများ ပျက်လို့......."
ဒိုးကလေးအဖေ ဘကြီးပျားအုံကလေည်း ဆုံးမရှာပါရဲ့။ မရပါဘူး။ ဒိုးကလေးက ပန်းညိုမလာတဲ့ ရက်တွေဆိုရင် ညောင်ကားယားမှာ။ ပန်းညိုလာမယ့် ရက်များမတော့ ကုက္ကိုကုန်းမှာ။
"သဒိုးသမီးကလည်း ဖြစ်ရသေး...... လင်သေမုဆိုးမကည်း ဖြစ်ရသေး...... ကလေးတစ်ယောက် ကလည်းပါသေး......... အမဲသားလည်ရောင်းရတဲ့ မိန်းမကလည်း ဖြစ်သေး... မင့်ဟာက န၀ါဖင်ဖြူပါ ကောကွာ..... လူခိုက်ဖို့ ရှိတော့သာပါလား....."
ဖအေပြောလည်း ပြောပြောပါ။ နောက်ရက်တွေမျာ ပန်းညို ကုက္ကိုကုန်း မရောက်လာတော့ဘူး။ ဒိုးကလေးလည်း ရွာပြန်မရောက်တော့ပါဘူး။ ဒိုးကလေးနဲ့ ပန်းညိုညောင်ကားယားမှာ ပေါင်းနေကြ ပြီဆိုတဲ့သတင်းပဲ ရောက်လာခဲ့တယ်။ မအေ ဒေါ်မှုံကြီးမျး မတ်တတ်က ပစ်လဲတဲ့ အထိ စိတ်ထိ ခိုက် ရှာခဲ့တယ်။ ဘကြီးပျားအုံကတော့ မအေဖြစ်သူကိုပဲ အပြစ်တင်တာပါ။ ဆုံးမတိုင်း ရှေ့က ကာဆီးကာဆီ လုပ်ခဲ့တာ မဟုတ်လား။
"အမဲသားသည်နဲ့ ညားတော့ည်း ၀မ်းတွင်းသား စားရသာပေါ့ မယ်မှုံရာ........"
ဖအေက သည်လိုအရွဲ့စကာလောက် ပြောနိုင်တော့တာပါ။ မိဘရယ်လို့ ဒိုးကလေးကို ဘယ်တုန်းက မှ ပြောလို့ဆိုလို့ မရခဲ့တာ၊ ခုမှပြောလို့လည်း မရတော့ဘူး ဆိုးတာသိကြပြီကိုး။ ဖြစ်သမျှအကြောင်း အကောင်းလို့သာ သဘောထားလိုက်ကြရတော့တာ ပေါ့လေ။ ဒိုးကလေးကတော့ ဖအေမအေ ကိုရော ရွာကိုရော ပြန်စောင်းတောင် မကြည့်တော့ပါဘူး။ ကုက္ကို ကုန်းရွာသားဘ၀ကနေ ညောင်ကားယားရွာသား တဖြစ်လဲ သွားတာပဲ ရိှတယ်။
ရွာကလည်း သည်ကိစ္စ အေးအေးဆေးဆေးရှိမှ ပြန်စဉ်းစားကြတယ်။ ဒိုးကလေးက လူပေါ်ကြော့်ပဲ။ ဘယ်ဟာများ လက်ကြောတင်းခဲ့လို့လဲ။ မိဘခမျာ အိုကြီးအိုမ ဘ၀သာရောကြရော၊ ရေတစ်ပေါက် ခပ်မတိုက်ခဲ့ဖူးဘူး။ ထင်းတစ်ပွေ့ ခွေမပေးခဲ့ဘူးဘူး။ မနက်မိုးလင်းတာနဲ့ ပိုဆိုးဒယဥ့်တိုက်နဲ့ ထွက်တော့တာ မဟုတ်လား။ ရွာတစ်ရွာ သုံးရက်နဲ့ ရွာဆယ်ရွာ တစ်ပတ်ပတ်တာနဲ့ တစ်လကုန် ရောဆိုတဲ့လူ။ ဆယ်နှစ်ပတ် ပတ်တော့ တစ်နှစ်။ သည်လိုနဲ့ သည်အရွယ်ကြီးသာ ရောရော၊ ရွာရိုး ကိုးပေါက်နဲ့ ပြီးရတာ ကြာလှပေါ့။
ဘာလုပ်နေမှန်းလည်း မသိ၊ ဘာဝင်ငွေမှာလည်းမရှိ။ မိဘများ ပင်ပငန်းတကြီး ရှာဖွေထားတဲ့ ပိုက်ဆုံ ခါးထိုးပြီး ဖြုန်းနေတာပဲ မဟုတ်လား။ မြို့သားဂိုက် ဖမ်းထား တဲ့ တောသားယောင်ချာချာဆိုတာ ပန်းညိုကို ယူတော့မှ မြင်လာကြတယ်။
မိန်းကလေးတွေခများလည်း သည်လိုပဲ တွေးကြတယ်။ တို့စိတ်ကူးယဉ်ခဲ့တဲ့ ဒိုးကလေးဆိုတာ လက်စသပ်တော့ လဲမှို့လို လွင့်နေတဲ့ လူပါဘားပေါ့။ ညည်လိုတွေးမိကြတော့လည်း ဒိုးကလေး မုဆိုးမယူတာကို မနာကြာတေ့ပါဘူး။ တန်ရာ တန်ရာ ရတာပဲလို့ တွေးကြတယ်။ မိဘနှစ်ပါးက တော့ သူတကာတွေ တွေးသလို ဘယ်တွေးပါ့မလဲ။ သားကိုး။
ကိုယ့်သားအချိုး ဟုတ်တာ မဟုတ်တာထား။ မုဆိုးမနဲ့ ညားတာကျတော့ စိတ်ထဲမကောင်းကြဘူး။ ဒင်းတို့ လင်မယား ကုက္ကိုကုန်းကို ခြေမချရဘူး၊ မိဘနှစ်ပါး သေတာတောင် မလာရဘူးလို့ လူကြုံနဲ့ မှာလို့ကြတယ်။ ဒိုးကလေးကလည်း မပူပါဘူး။ အလကားနေရင်းတောင် ကုက္ကိုကုန်း ကပ်တာမှ မဟုတ်တာ။ ပန်းညိုကို ယူတေ့ကော ဘယ်သူက ဘာနာစရာလိုလို့လဲလို့ ခံယူထားပြီးသား။ ကိုက္ကိုကုန်း မကပ်ရ နေပေါ့။ ရွာကိုးရွာတောင် ကျန်သေးတဲ့ဟာ သွားပါလေ့ဗျာလို့တောင် စကားပြန်လိုက်သေး တာပါ။
ခင်ခင်ထူး
(မတ်လ အတွက်စာမူတွေရှာနေရတာနဲ့  ပို့ စ်တင်တာ နောက်ကျသွားတာကို ခွင့်လွှတ်စေချင်ပါတယ်။ ဒီအပတ်ထဲမှာတော့ အလုပ်များနေလိမ့်မယ်။ သို့ ပေမယ့် ဘယ်တော့မှမမေ့ပါဘူး။)
No comments:
Post a Comment