Monday, March 19, 2012

ပန်းချယ်ရီ


ချယ်ရီပန်းကို ဂျပန်ကိုရောက်မှ ကျွန်တော်မြင်ဘူးတွေ့ဘူးတာပါ။ မြန်မာပြည်မှာတော့ ကလောတို့၊ မေမြို့တို့၊ ရှမ်းပြည်တို့ မှတော့ရှိတယ်ဆိုတာ ကြားဘူးပါတယ်။ တွေ့တော့မတွေ့ဘူးခဲ့ပါ။ ၂ဝ၁၁ခုနှစ် ဖေဖေါ်ရီလက ထိုင်းနိုင်ငံ ချင်းမိုင်ကိုရောက်တော့ ချယ်ရီပန်းတွေပွင့်နေတာတွေ့ရပါတယ်။

တပင်လုံးပန်းနုရောင်းအသွေးနဲ့ ဝေနေအောင်ပွင့်နေကြတာပါ။ ချင်းမိုင်ချယ်ရီမှာ ငုဝါသီးလို အသီးကြီးတွေက တိုလို့တွဲရွဲသီးနေတာတော့ အမြင်ဆန်းတယ် ထင်မိပါတယ်။ ဂျပန်ချယ်ရီမှာ ချယ်ရီသီးဆိုတာရှိပေမဲ့ မြန်မာနိုင်ငံက သပြေသီးရောင်လို အဆင်းရှိတဲ့ ပုပုဝိုင်းဝိုင်းအသီးတွေပါ။ စားလို့ရပါတယ်။ ပန်းသီး၊ ငှက်ပျောသီးလိုသစ်သီးဝလံအဖြစ်နဲ့ရောင်းတဲ့ အသီးမျိုးပါ။ ဂျပန်လိုတော့ ချယ်ရီပန်းကို ဆာခုရဟနလို့ခေါ်ပါတယ်။ပန်းပွင့်တဲ့အချိန်မှာ ပန်းကြည့်တဲ့ပွဲတော် ဆိုပြီး တခမ်းတနား ဂုဏ်ပြုခြင်းခံရတဲ့ပန်း၊ ပွဲခံတဲ့ပန်းပါ။

ချယ်ရီပင်ဟာ ပိတောက်ပင်တို့၊ ငုဝါပင်တို့လို ပင်ကြီးမျိုးပါ။ နီညိုရောင်အဆင်းရှိပါတယ်။ အရောင်ရင့်ရင့် အဆင်းရှိတဲ့ အပင်မျိုးပါ။ မြန်မာပြည်က ကုက္ကိုပင်တို့၊ မကျည်းပင်တို့၊ ခရေပင်တို့၊ ရေတမာပင်တို့လို လမ်းမကြီးငယ် ဘေးတဖက်တချက်တွေမှာ အစီအရီစိုက်တာမျိုးလည်းရှိသလို ပိတောက်ပင်လို တယုတယထား စိုက်တဲ့အပင်မျိုးလည်း ရှိပါတယ်။

ဂျပန်နိုင်ငံတနံတလျားမှာတော့ ချယ်ရီပင်ကို တည်ရှိမှုပုံစံအမျိုးမျိုးနဲ့ နေရာဒေသမရွေး တွေ့နေရတဲ့ အပင်းမျိုးပါ။ ပန်းခြံတွေ၊ ဥယျဉ်တွေ၊ အထိမ်းအမှတ်နေရာတွေနဲ့ ထင်းရှားတဲ့နေရာဒေသတွေမှာတော့ ချယ်ရီပင်ကို စံနစ်တကျ လှလှပပရှိ အောင်ကိုစိုက်ထားတတ်ကြပါတယ်။

စစ်အတွင်းတုန်းက လေယာဉ်ကွင်းဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ တိုကျိုမြို့ အနီးက ရှော့ဝခိုးအင် မှာဆို ချယ်ရီပင်တွေကို မြိုင်တို့၊ ခင်တန်းတို့ သဘောမျိုး ရောက်အောင် စံနစ်တကျစိုက်ထားတာ ချယ်ရီပန်းပွင့်တဲ့ရာသီဆို တစ်တောလုံးဖုံးရောဘဲ။ တိုကျိုမြို့ ထဲက အုအဲနိုပန်းခြံမှာဆိုလည်း ပန်းခြံအလယ် ပေနှစ်ရာအကျယ်လောက်ရှိတဲ့ လမ်းမကြီးဘေးတဖက် တချက်မှာ ချယ်ရီပင်တွေစိုက်ထားတာ မျက်စေ့တဆုံး၊ ကိုင်းချင်းယှက်ပြီး လမ်းမကြီးအပေါ်မိုးထားတာ၊ ပန်းပွင့်တဲ့ရာသီဆို ပွဲတော်ခံကြတာတပျော်တပါးပါဘဲ။



တိုကျိုမြို့ရဲ့ မူလအစလို့ဆိုရမဲ့ အဲဒိုဒေသ မြစ်ကြီးချောင်းငယ် အသွယ်သွယ်နဲ့တောင်ကုန်းတောင်တန်းတွေ ရှိခဲ့ဘူးတဲ့နေရာ၊ ခုတော့တက္ကသိုလ်တွေ၊ ကုမ္မဏီကြီးတွေရုံးစိုတ်တဲ့အရပ်မှာတော့ ချောင်းဘေးရေစပ် ဆင်ခြေလျောတွေမှာ ချယ်ရီပင်တွေ စိုက်ထားတာ တကယ့်သဘာဝကျကျလှကြပါတယ်။

ဂျပန်ကိုရောက်ပြီး သုံးလေးနှစ်လောက်အထိ ချယ်ရီပန်းကိုတခုတ်တရ ကြည့်တယ်ဆိုတာ
မရှိပါးဘူး။ တိုကျိုမှာ ရှောင်မလွဲလှတဲ့အပင်မို့ မကြည့်သော်လည်း မြင်နေရတဲ့ပန်းပါ။ မြင်ပါများတော့
ယာဉ်ပါးဆိုတာမျိုး နှစ်တွေကြာလာတော့လည်း ချယ်ရီပန်းကိုမှတ်မှတ်ရရဖြစ်လာပါတယ်။ မှတ်မှတ်ရရဖြစ်လာရတဲ့ ပတ်ဝန်းကျင်းကလည်း ရှိလာတာမို့လည်း တစ်ကြောင်းပါပါတယ်။

ကျွန်တော်(၆)နှစ်နေခဲ့တဲ့ ခိုမခိုမဲအရပ်က အိမ်ရှေ့တည့်တည့်ခြံဝန်းထဲမှာ ချယ်ရီပင်အိုကြီးတပင်နဲ့ ချယ်ရီ ပင်ပျိုလေးတွေရှိပါတယ်။ နောက်အိမ်နဲ့ ဘူတာသွားတဲ့လမ်း၊ အလုပ်သွားတဲ့လမ်းတွေမှာ ချယ်ရီပင်ပျို လေးတွေ တော်တော်များများ ရှိပါတယ်။ ချယ်ရီပင်ပျိုလေးတွေဟာ လူတရပ်ကျော်ကျော်၊ လူနှစ်ရပ်စာ အမြင့်လောက်မှာ ဖူးကြ၊ ပွင့်ကြတာမို့ သွားရင်းလာရင်း သူသဘာဝကို မြင်နေ၊ တွေ့နေရတာကလည်း မှတ်မှတ်ထင်ထင် ဖြစ်စေတဲ့ အကြောင်းအရင်ပါဘဲ။


ချယ်ရီပင်ကို ရုက္ခဗေဒအရ ဘယ်အမျိုးအစားမှာပါတယ်ဆိုတာကိုတော့ ကျွန်တော်မသိပါ။ ကျွန်တော်အိမ်ကထွက်ထွက်ခြင်း မျက်နှာချင်းဆိုင်ခြံဝန်းထဲက ချယ်ရီပင်ပျိုတွေက တော့ အရွက်ဝေချိန်ဆို ဝေနေတတ်တယ်။ အရွက်ကြွေချိန်ဆို ရိုးတံအပြိုင်ပြိုင်နဲ့ အထီးကျန်မြင်ကွင်းကို တွေ့နေရတတ်တယ်။ ဖူးချိန်တန်တော့လည်း ပုရစ်ဖူးအစီအရီနဲ့ ဖူးနေကြ၊ ပွင့်ချိန်တန်ဆို တစ်ပင်လုံးနေ ရာမလပ်အောင် ဖွေးနေအောင်ပွင့်တာ။ ချယ်ရီပန်းမှာ ချယ်ရီရောင်ဆိုတဲ့ ချယ်ရီပန်းရောင်တော့ ရှိပါတယ်။

ဂျပန်ချယ်ရီက အဖြူဘက်ကိုအရောင်တိမ်းပါတယ်။ချယ်ရီပန်းရောင်က ရောင်ပြေးလောက် တာရှိတာ၊ စံပယ်ပန်းတို့လို၊ ယုဇနပန်းတို့လိုတော့ ဖွေးဖွေးဖြူဖြူလည်းမဟုတ်၊ ချယ်ရီရောင်တော့ ပြေပြေလွှမ်းပါတယ်။ ပိတောက်ပန်းလို ဝင်းဝင်းဝါဝါ ထင်းထင်းရှားရှားတော့မဟုတ်ပါ။ အရောင်ဖျော့ ဖျော့နဲ့လှတဲ့ပန်းပါ။ အပင်မှာဝေနေအောင်ပွင့်နေရင်လည်းလှပါတယ်။ လေသင့်လို့ လွင့်သွားတဲ့ပွင့်ဖတ်၊ ပွင့်ချပ်လေးတွေကလည်းလှပါတယ်။ ဝေလည်းလှ၊ ကြွေလည်းလှတဲ့ပန်းပါ။ ဒီလိုလှတဲ့ သဘောသဘာဝ အရကြောင့်လည်း ဂျပန်လူမျိုးတွေဟာ ချယ်ရီပန်းပွင့်တဲ့ရာသီမှာ ချယ်ရီပင်အောက်သွားပြီး စက္ခုပဿဒ
ခံကြတာဖြစ်မှာပါ။ တကယ်လည်း ရသမြောက်တဲ့ သဘာဝအလှတရားပါ။

ချယ်ရီပင်ဟာ အပွင့်တွေေºကွတာနဲ့အရွက်ကကပ်လိုက်လာတာပါ။အပွင့်လည်းကုန်ရောတပင်
လုံးကို အရွက်နုတွေက တပင်လုံး ဖုံးနေတော့တာပါ။ ချယ်ရီပန်းဟာပွင့်ပြီးတာနဲ့ တရက်၊ နှစ်ရက်နဲ့ကြွေတာပါ။ အများဆုံးခံ တပတ်ဆယ်ရက်ထက်မပိုပါ။ ဒါကြောင့်လည်း ဂျပန်လူမျိုးတွေက ချယ်ရီပန်းကို သူရဲကောင်းနဲ့နှိုင်းပြီး တလေးတစားဂုဏ်ပြုကြတယ်လို့တော့ကြားဘူးပါတယ်။ ချယ်ရီပင် ပွင့်တာ၊ ကြွေတာ၊ အရွက်ထွက်တာတွေကို သိသာမြင်သာရှိပေမဲ့ ချယ်ရီဖူးတာကိုတော့ သတိမထား ရင်မသိနိုင်ပါဘူး။ နေ့စဉ်ရက်ဆက် တွေ့နေမြင်နေရပေမဲ့ သတိမထားမိရင် ချယ်ရီဖူးတာကို မသိနိုင်ပါ။ ကျွန်တော်ကအိမ်ကထွက်ပြီး အိမ်ရှေ့ခြံက ချယ်ရီပင်ပျိုလေးတွေကိုမြင်ပြီး လမ်းမှာ ချယ်ရီပင်ပျိုအရွယ် အပင်တမျိုးကိုတွေ့တွေ့နေရတတ်ပါတယ်။


အဲ့ဒီအပင်ကချယ်ရီပင်ထက် စောပြီးပွင့်တတ်ပါတယ်။ အပွင့်ကအဖြူရောင်ပါ။ ချယ်ရီပန်းလိုဘဲလှပါတယ်။ ချယ်ရီပန်းထက်အညှာက ပိုတိုပါတယ်။ ကိုင်းတံမှာကပ်ပွင့်နေသလားလို ထင်ရလောက်အောင်တိုပါတယ်။ အလုပ်သွားရင်၊ လမ်းသွားရင်း ပန်းဖြူလေးတွေ ပွင့်နေတာတွေ့ရင် အိမ်ရှေ့ကချယ်ရီပင်ပျိုတွေကဖူးနေပါပြီ။ အဖူးတွေကရင့်တောင်ရင့်နေပါပြီး။ ပန်းဖြူလေးတွေကြွေချိန် လောက်မှာချယ်ရီပန်းတွေစပွင့် တတ်ပါတယ်။ ချယ်ရီအဖူး စထွက်တာကို ကျွန်တော် သတိထားကြည်နေပေမဲ့ သတိရလို့ ကြည့်လိုက်တိုင်း ချယ်ရီက
ဖူးနှင့်နေပါပြီ။

ဝဝ၂ ခုနှစ်မှာ ကျွန်တော်အိုစုခ အိမ်ကိုပြောင်းတော့ ချယ်ရီပင်ပျိုးလေးတွေနဲ့ဝေးသွားပါ တယ်။ ခိုမခိုမဲ့နေအိမ်မှာ ခြောက်နှစ်နေပြီး ချယ်ရီဖူးတာစောင့်ကြည်ပေမဲ့ စဖူးတဲ့အချိန်ကို မသိခဲ့ပါ။အိုစုခ ရောက်တော့ ပိုဝေးပါတော့တယ်။ တိုကျိုမြို့ကို ညမအိပ်တဲ့ မြို့လို့သတ်မှတ်ရင် ကျွန်တော်နေတဲ့ အိုစုခ မြောက်ဘက်အရပ်ကိုတော့ မီးမငြိမ်းတဲ့အရပ်လို့ ခေါ်လို့ရမယ်ထင်ပါတယ်။ နေညမလပ် လျှပ်စစ်ပြီးမီး ရောင်မငြိမ်းတဲ့အရပ်ပါ။ ကားသံလူသံမဆဲတဲ့အရပ်ပါ။ ခိုမခိုမဲ့နဲ့ အိုစုခ ကရထားဘူတာ တဘူတာပဲ ခြားပါတယ်။ လမ်းလျောက်သွားရင် နာရီဝက် (၄၅)မိနစ်လောက်ဘဲကြာပါတယ်။ ဒါပေမဲ့ ရနံတော့ အတော်ကြီးကွာပါတယ်။ ခိုမခိုမဲ့က မြိုပြရနံမကင်းပေမဲ့ သင်းသင်းလေပဲရတဲ့အရပ်ပါ။ နွေခေါင်ခါင်အခါ များမှာဆို ချိုးကူးသံတောင်ကြားရတဲ့အရပ်ပါ။

အိုစုခမြောက်ဘက်အရပ်ကတော့ တကယ်မြိုပြရနံ ပီပြင်တဲ့အရပ်ပါ။ တိုက်တာအဆောက်အဦတွေများပါတယ်။ ဂျပန်မို့ ချယ်ရီပင်ကတော့မကင်းပါ။ ရှိပါတယ်။ သက်ရင့်ပင်တွေပါ။ လွင့်နေအောင်မြင့်ပါတယ်။ တခုတ်တရကြည့်မှမြင်ရတဲ့ ပင်မြင့်တွေပါ။

၂ဝဝ၉ခုနှစ်အကုန်းပိုင်းမှာ အိုစုခဘူတာကိုပြုပြင်ပြီး အသစ်ဖွင့်ပါတယ်။ ဘူတာမြောက်ဖက်
ထွက်ပေါက် အပြင်မှာ သစ်ပင်လေးပင်ကို အကွက်ချစိုက်ပါတယ်။ စစိုက်ခါစ နွေရာသီပန်းချီကားတချပ်
ကိုကြည့်ရ သလို ရိုးတံပြိုင်းပြိုင်းနဲ့ ထိုးထိုးထောင်ထောင်ရှိနေတာမို့ ချယ်ရီပင်ပျိုတွေလို့ထင်ခဲ့ပေမဲ့ အရွက်တွေထွက် လို့အပင်ဝေနေတော့မှ ချယ်ရီပင်မဟုတ်မှန်းသိရတာ၊ ပျိုးပင်စိုက်ပင်မို့ ပုံစံတူအောင်၊ ညီအောင်၊ လှအောင် ဖန်းတီးထာတော့ မျိုးမတူသော်လည်း သစ်ပင်ပန်းပင်ပုံစံတွေက ပြုစုပျိုးထောင်သူ ရဲ့ စိတ်ကူစိတ်သန်းအလှနဲ့ ပင်ကိုယ်သဘာဝကို ပေါင်းစပ်ထားတဲ့ ပုံစံတူတွေကများတာတွေ့ရတတ်ပါ တယ်။

၂ဝဝ၈ ခုနှစ်အကုန်လောက်မှာဝင်ရတဲ့ အလုပ်သွားရာလမ်းမှာ ချယ်ရီပင်ပျိုလေးတွေ အစီအရီစိုက်ထားတာရှိပါတယ်။ ရထားဘူတာနဲ့ အလုပ်ရှိရာအဆောက်အဦအကြား ကားလမ်းကူး မီးပွိုင့်တခုရှိပါတယ်။ မီးပွိုင့်နီလို့ လမ်းကူးစောင့်ရရင် ချယ်ရီပင်အောက်အရိပ်ခိုရင်း ချယ်ရီဖူးတာကို ခြေရာကောက်မိလာပါတယ်။ ချယ်ရီပင်ဟာ အပွင့်ကြွေပြီး အရွက်ထွက်သလို အရွက်ေºကရင်လည်း အဖူးကကပ်လိုက်လာတာပါ။ ကြွေသွားတဲ့အရွက်ညှာတံရဲ့ အဖုလေးက အဖူးရဲ့အစပါ။

ချယ်ရီရွက်ဟာ ဇူလိုင်လ၊ သြဂုတ်လလောက်မှာ စကြွေတတ်ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာလလောက်မှာ အရွက်ကုန်တော့ တပင်လုံးအဖူးတွေ ပုရစ်ဖူးစီနေပါပြီး။ ဒါပေမဲ့ မသိသာပါဘူး။ ကြွေသွားတဲ့အရွက်ညှာ တံရဲ့ အရာလိုထင်ရတတ်ပါတယ်။ ဒီဇင်ဘာ၊ ဇန္နဝါရီလလောက်ကျမှ ထင်သာမြင်သာရှိတတ်ပါတယ်။ ဖေဖေါ်ဝါရီလဆိုရင်တော့ ပီပီပြင်ပြင်ကိုမြင်နေရပါပြီး။

အပွင့်မပွင့်မှီ ရက်ပိုင်းလောက်အထိ အဖူးတွေက အငုံကြီးတွေလိုရှိနေတတ်ပြီး။ မတ်လကုန်လောက် မိုးလေးတပြိုက်နှစ်ပြိုက် ရွာလိုက်တယ်ဆိုရင်ဘဲ အငုံတွေကပွင့်အာလာပြီး ညှာတံရှိတဲ့
အဖူးတွေက ထွက်လာတာ။ အငုံတခုမှာ အဖူးကလေးငါးခု လောက်စုထွက်တာဆိုတော့ ပန်းပွင့်တော့ အဆုပ်လိုက်အဆုပ်လိုက် ကိုင်းတံကိုင်းဖျားကအစ ပင်စည် ပင်ခြေထိ တပင်လုံး အပွင့်တွေကဖုံးသွား
တော့တာ။ စနစ်တကျစိုက်ထားတဲ့ အပင်တွေဆို အပင်ကို လည်းစနစ်တကျပြုပြင်ထားတာမို့ သဘာဝအလှရှိတဲ့ ချယ်ရီပန်းရဲ့အလှဟာ ပိုကြွလာတော့တာပါဘဲ။

နှစ်စဉ်ဂျပန်မြေပုံနဲ့ထုတ်တဲ့ ပြက္ခဒိန်တခုရဲ့ ၂ဝ၁ဝခုထုတ်ပြက္ခဒိန်မှာ လစဉ်အလိုက် ရာသီပန်း တွေကိုပြထားပါတယ်။ ဇန္နဝါရီလမှာ ပွင့်တဲ့ပန်းက ဥမဲပန်းပါ။ မြန်မာလိုတော့ မက်မန်းပန်းလိုခေါ်မယ် ထင်ပါတယ်။ အဲ့ဒီပန်းက အဖြူရောင်လည်းရှိပါတယ်။ ကျွန်တော်မြင်မြင်နေရတဲ့ ပန်းဖြူဆိုတာ အဲ့ဒီ ပန်းပါ။ ချယ်ရီပန်းက ဧပြီလဆန်းလောက်မှာပွင့်တတ်ပါတယ်။ ပန်းကြည့်တဲ့ရက်၊ ပန်းပွဲတော်ဆိုတာကို ဧပြီလ(၃)ရက်နေ့ကို အကြမ်းဖျင်းသတ်မှတ်ထားတာတော့ ကြားဖူးပါတယ်။ ပန်းပွင့်တာစောတာလည်း ရှိတတ်ပါတယ် များသောအားဖြင့်တော့ ဧပြီလဆန်းလောက်ကြမှ ပွင့်တာများတတ်ပါတယ်။ ကျူရှုးတို့၊ အိုကီနာဝါတို့မှာတော့ စောစောပွင့်တတ်ပါတယ်။ ၂ဝ၁ဝဇန္နဝါရီလ (၁၅)ရက်နေ့က အိုကီနာဝါမှာ ချယ်ရီပွင့်တယ်လို့ ရထားပေါ်က ရုပ်မြင်သံကြားသတင်းကလွှင့်တာတွေ့ရတော့ ၂ဝ၁ဝမှာ အစောဆုံး ပွင့်တဲ့ချယ်ရီပန်းလို့ထင်ပါတယ်။ အရောင်ကပန်းရောင်ရင့်ပါတယ်။ တိုကျိုချယ်ရီလိုအရောင်မဖျော့ပါ။



ဂျပန်မှာချယ်ရီပန်းမျိုးကွဲတွေ အတော်တော်များများရှိမယ်ထင်ပါတယ်။ တမချိတို့၊ အိုကီနာဝါတို့ဘက်မှာ အရိုင်းနှင်းဆီပွင့်လောက်ရှိတဲ့ချယ်ရီပန်းတွေတွေ့ရတတ်ပါတယ်။ အရောင်လည်း ရင့်ပါတယ်။ အပွင့်လည်းမတူပါ။ အကြာကြီးလည်းခံတတ်ပါတယ်။ အဆုပ်လိုက်ပွင့်တာ တော့တူပါတယ်။ အပွင့်ကလည်းကြီး၊ ညှာတံကလည်းအနည်းငယ်ရှည်တာမို့ ပန်းပွင့်ရင်မီးဆိုင်မီးသီး လေးတွေချိတ်ထားသလို လှပါတယ်။ ဆာတိုဆာခုရလိုခေါ်ပါတယ်။

ဂျပန်မှာသစ်ပင်ပန်းပင်တွေ သူ့ရာသီရောက်ရင် အပင်နဲ့ပတ်သက်တဲ့ ရာဇဝင်ကို လက်တဝါးစာ
လောက်ရှိတဲ့ သစ်သား (သို့) သတ္တုပြားလေးတွေအပေါ်ရေးပြီး ပင်စည်မှာချည်ပေးထားတတ်ပါတယ်။ ရာသီချိန်ကုန်ရင်တော့ ပြန်ဖြုတ်သွားတတ်ပါတယ်။ ပင်အို၊ ပင်ကြီးတချို့မှာတော့ အမြဲချည်နှောင်ထားတာ
တော့ရှိတတ် ပါတယ်။ တချို့သက်ရင့်ပင်တွေဆို ရုပ်သံအစီအစဉ်နဲ့ကို ရာဇဝင်ခင်းပြီး တခမ်းတနားပြတတ်ပါတယ်။

ချယ်ရီပန်းနဲ့ပတ်သက်ရင်ရော၊ တခြားရာသီပန်းများနဲ့ပတ်သက်ရင်ရော သတ်သတ်မှတ်မှတ် တင်ဆက်မှု့တွေလည်းရှိတတ်ပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသမှာ ဒီနှစ်ဘယ်ရာသီပန်း စပွင့်တယ် ဆိုတာမျိုးကို ရုပ်သံလိုင်းတွေကရော၊ ရထားရုပ်သံသတင်းတွေကပါ တခုတ်တရလွှင့်ပေး
တတ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပိတောက်ပန်းနဲ့ ချယ်ရီပန်းကိုယှဉ်ပြီး စာတွေ၊ ကဗျာတွေရေးကြ၊ စပ်ကြ၊ သီကုံးကြတာတွေ ရှိပါတယ်။ သဘာဝချင်းတော့အတော်တူပါတယ်။ အလှချင်းတော့မတူပါ။ ပိတောက်က အရောင်တောက်တောက်နဲ့လှတာ။ မပွင့်ခင်လည်း အရွက်၊ အရိုး၊ ညှာတံနဲ့ အပင်ဖါးဖါးကြီးကလည်း
လှတာပါဘဲ။ ပွင့်တော့လည်း အရွက်စိမ်းစိမ်းတွေအပေါ်မှာ အညွန့်ထွက်ပြီး ပွင့်တာဆိုတော့ တပင်လုံးအစိမ်းရောင်ရှိတာက အဖျားမှာ ရွှေနဲ့ကွပ်ထားသလိုလှတာ။ ထင်းနေ အောင်လှတာ။

ချယ်ရီကဒီလိုမဟုတ်ဖူး မပွင့်ခင် အထီးကျန်ဆန်တယ်။ ပွင့်မှ တပင်လုံး အပွင့်ဖုံးပြီးလှတာ။ ထင်သာမြင်သာ ဥပမာပြရရင် ပိတောက်ပန်းကဝတ်ကောင်းစားလှနဲ့လှတဲ့အလှ၊ ယဉ်တကိုယ်မယ်အလှ၊ ချယ်ရီပန်းက ဝတ်လစ်စလစ်အလှ။

မြန်မာပြည်က ပိတောက်ပန်းက ပွင့်ပြီးတာနဲ့ လူအနှိပ်အစက်ကိုခံရတယ်။ ဂျပန်ချယ်ရီ ပန်းက ဒီအန္တရာယ်ကင်းတော့ “ချယ်ရီပန်းမခူးရ ကဗျည်းစာလည်းမသီရ”သလို “အနွေးထည်ခြုံ ကာထားသူခေါင်းမှာလည်းချယ်ရီပန်းဝေ” ဆိုတဲ့ ရဲဘော်စိုးနိုင်ရဲ့ ပြင်ဦးလွင်ကမေလည်း ဂျပန်မှာ မရှိပါ။ ဂျပန်ရိုးရာဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာတော့ ချယ်ရီပန်းလေးတွေပန်ပြီးရိုက်ထားတဲ့ ဓါတ်ပုံ လေးတွေတော့ ရှိတတ်တယ်ထင်ပါတယ်။

တိုကျိုမှာတော့ ချယ်ရီပန်းပန်တာ တခါမှအတွေ့ဖူးပါဘူး။ ဂျပန်နိုင်ငံဟာ ပထဝီအနေအထားအရ ရှမ်းကုန်းမြေမြင့်လို တောတွေ၊ တောင်တွေ၊ လျိုတွေ၊ မြှောင်တွေ အလွန်ပေါတဲ့ဒေသပါ။ ဒီလိုသဘာဝရှိတဲ့အရပ်မှာ ဖူးရပွင့်ရတဲ့ ချယ်ရီပန်းဟာလည်း “တောင်သေလာကမ်း၊ မြှောင်ထွေလာစမ်း၊ ပန်းအလှချယ်ရီရယ်” ဆိုတဲ့ ရှမ်းပြည်ကချယ်ရီနဲ့ သဘာဝတော့ တူမယ်ထင်ပါတယ်။

ဂျပန်မှာတော့ ဖူဂျီတောင်တို့၊ ဟတ်ကိုးနဲတို့၊ တကာအိုတို့လိုအရပ် တွေမှာတော့ ချယ်ရီပင်နဲ့ ချယ်ရီပန်းတွေကို သဘာဝအတိုင်းတွေ့နေရဆဲပါ။ ချယ်ရီပန်းဟာ ဂျပန်မှာတော့ ပန်းဘုရင်တပါးပါဘဲ။ ချယ်ရီပန်းပွင့်တဲ့ ဧပြီလဟာ ဂျပန်မှာ ပွင့်လန်းရာသီအစပါ။ ဒီရာသီမှာ ပန်းပေါင်းစုံပွင့်ကြပါတယ်။ ဇွန်၊ ဇူလိုင်ရောက်ရင်တော့ ဂျပန်မှာနွေရာသီပါ။ ဂျပန်နွေဟာလည်း ကော့နေအောင်ပူတာပါဘဲ။

ချယ်ရီပန်းနဲ့ပတ်သက်ပြီး တွေ့တာမြင်တာလေးတွေကို အမှတ်တရရေးရင် တခုသတိရမိပါ တယ်။ ကျွန်တော်ငယ်ငယ်က မိတ်ဆွေတယောက် သူ့အိမ်ကဒညင်းပင်ကြီး ရာသီမဟုတ်စောပွင့်တော့ ရာသီပန်းတွေလည်း အချိန်မမှန်တော့ဘူးလို့ ကောက်ချက်ချတော့ သူဘကြီးက တပင်တပွင့်ထဲကို ကြည့်ပြီး ရာသီကိုမှန်းလို့မရပါဘူး။ သဘာဝဆိုတာ အားလုံးကို ခြုံငုံကြည့်ပြီး သုံးသပ်မှ အမှန်ကိုရ နိုင်တာပါလို့ ပြောတာကို သွားပြီးသတိရမိလိုက်ပါတယ်။

ကျွန်တော်လည်း ကျွန်တော်ကျင်လည်ရာ ဒေသကျဉ်းကျဉ်းလေး
တဝိုက်က ချယ်ရီပင်လေး တစ်ပင်စနှစ်ပင်စ၊ ဖူးတာပွင့်တာတွေ ကိုကြည့်ပြီး ရေးတာမို့ သဘာဝတရား
မှန်တော့ မဟုတ်တန်ပါ။

ဒါပေမဲ့လည်း “အစဉ်ချိုပြုံး၊ ပင်တကိုယ်လုံးမှာပွင့်ကြသည်၊ ချယ်ရီပန်းကလေးတွေ” ဆိုတဲ့ မောင်ကြည်တိုးရဲ့ ကလောအလွန်တဘူတာသီချင်းထဲက ချယ်ရီပန်းကလေးတွေလိုပါပဲ၊ ဂျပန်နိုင်ငံက ချယ်ရီပန်းတွေကလည်း သူ့အချိန်၊ သူ့ရာသီရောက်ရင် ပင်တကိုယ်လုံးမှာ ဖူးကြ၊ ပွင့်ကြ၊ ဝေကြ၊ ကြွေကြနဲ့ လှနေကြလျက်ပါဘဲ။

ရွှေကေ

No comments:

Post a Comment