၁၄ ဖေဖော်ဝါရီ ၁၉၆၁ ထုတ် နေရှင်း(Nation) သတင်းစာမှာ ရန်ကုန် တက္ကသိုလ် မြန်မာနှင့်မြန်မာစာပေ ရောင်းရင်းဌာန အတွက် အမြဲတမ်း ပါမောက္ခ ရာထူး တစ်နေရာ လျှောက်လွှာ ခေါ်ယူပါတယ်။ လစာ နှုန်းထား (၁၀၀၀-၅၀-၁၄၀၀)ကျပ် ဖြစ်ပါတယ်။ လျှောက်ထားသူတွေမှာ ရှိရမယ့် ပညာ အရည်အချင်းက အနည်းဆုံး မဟာဝိဇ္ဇာဘွဲ့(သို့မဟုတ်) အထက်တန်းဘွဲ့ ရ ရမယ့် အပြင် စာပေပို့ချရေးနဲ့ အုပ်ချုပ်မှုမှာပါ ကျွမ်းကျင်ရမယ်လို့ ဆိုပါတယ်။ ရွေးချယ် ခန့်ထားခြင်းခံရသူက ၁၉၆၁ ဇွန် ၁ ရက်နေ့မှာ အမှုထမ်းရမှာပါ။ လျှောက်လွှာ ပိတ်ရက်က ၁၉၆၁ မတ်လ ၁ ရက်နေ့ ဖြစ်ပြီး ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ထံ ပေးရမှာ ဖြစ်ပါတယ်။
သည်သတင်း Nation သတင်းစာမှာ ပါလာတော့ မော်လမြိုင် ဥပစာ ကောလိပ်က ဆရာဦးတိုးအောင်က လျှောက်ပါတယ်။ လျှောက်လွှာတင်လိုက်ပေမဲ့ ဦးဝန် (ဆရာကြီးမင်းသုဝဏ်)သာလျှင် သင့်တော်တဲ့ အကြောင်း ဆရာ မင်းသုဝဏ်ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သည်စာကို မူရင်း အတိုင်း ဖော်ပြလိုက်ပါတယ်။(ပုံ-၁)  အဲသည်စာအရင် (၉.၂.၁၉၆၁) ရက်စွဲနဲ့ ဆရာကြီး ဒေါက်တာလှဘေက ဆရာမင်းသုဝဏ်ထံ စာတစ်စောင် ပေးပို့ ခဲ့ပါသေးတယ်။ စာပါ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆရာကြီး ဒေါက်တာလှဘေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အဲ့သည်ခေတ်ကာလ ပညာရေးစနစ်ကို ဝေဖန်ထားတာတွေကို ဖယ်ပြီး ဆရာမင်းသုဝဏ်ကို မြန်မာစာ ပါမောက္ခ ရာထူးယူဖို့ တိုက်တွန်းတဲ့ စာပိုဒ်ကိုပဲ ဖော်ပြလိုက်ပါတယ်။
ပါမောက္ခချုပ် ရာထူးကို ကိုသာလှ အားပေးလိုက်ပြီဟု ကြားရပါ၏။ မြန်မာ စာပါမောက္ခရာထူးကား ဦးဝန်နှင့် အသင့်တော်ဆုံးဖြစ်မည်ဟု ကျွန်တော် ထင်ပါသည်။ ဦးဝန် အသက်(၅၂) ဆို သော်လည်း အသက်(၆၀) အထိ လုပ် နိုင်ပါက နောင်(၈)နှစ်လုပ်သက် ရှိပါသေး၏။ (၈)နှစ်အတွင်း မြန်မာစာပေ နှင့် အရေးအသား တစ်မျိုးတစ်ဖုံ ပြောင်းလဲ လာလိမ့်မည်ဟု ကျွန်တော် ကျိန်းသေ ယူဆ ထားပါ၏။
ဆရာကြီးဒေါက်တာ လှဘေတို့က တိုက်တွန်းတဲ့စာ အရင် ၃ ဖေဖော်ဝါရီ ၁၉၆၁ ထုတ် မြန်မာ့ အလင်း သတင်းစာကနေ ပါမောက္ခ အသစ်အဖြစ် ဆရာမင်းသုဝဏ်ကို ခန့်မှန်းပါတယ်။ သတင်းစာမှာ ဘယ်လို ဖော်ပြထားသလဲ ဆိုတော့ “ခိုင်လုံသော အစိုးရ ရပ်ကွက်နှင့် တက္ကသိုလ် အာဏာပိုင် ရပ်ကွက်တို့မှ ရရှိသောသတင်း အဆိုမှာ စာဆို မင်းသုဝဏ်(ဦးဝန်)အား မြန်မာစာ ပါမောက္ခရာထူး ကြော်ငြာသော အခါ လျှောက်ထားရန်တိုက်တွန်း နေသည်ဟု ကြားသိရ၏။ 
ဦးဝန်ကသာ လက်ခံလျှင် ဦးဝန်အား ပါမောက္ခခန့် ထားပြီး ဆရာကြီး ပါမောက္ခ ဦးဖေ မောင်တင်နှင့် ဦးသိန်းဟန်(ဇော်ဂျီ) တို့အား ဂုဏ်ထူးဆောင်အရံ ပါမောက္ခများ အဖြစ် ခန့်အပ်မည်ဟု ကြားသိရ၏။
ဦးဝန်မှာ ဆရာကြီးဦးဖေမောင် တင်၏ တပည့်ရင်းဖြစ်ပြီး ဘီအေ ဂုဏ်ထူးကို ပထမတန်း ဂုဏ်ထူးဖြင့် လည်းကောင်း၊ မဟာဝိဇ္ဇာဘွဲ့ ပထမ ရ၍လည်း ကောင်း၊ ရန်ကုန် တက္ကသိုလ်မှ အောင်မြင် ခဲ့ပြီး စစ်မဖြစ်မီ ခေတ်က အစိုးရ ပညာတော်သင် အဖြစ် အောက်စဖို့ဒ် တက္ကသိုလ် သို့ စေလွှတ်ခဲ့ရာ ဘီလစ်ဘွဲ့ထူးကို ရရှိခဲ့၏။
ထို့နောက် လန်ဒန်တက္ကသိုလ် တွင် တိဘက် ဘာသာနှင့် အခြားအရှေ့ တိုင်း ဘာသာစကားများကို ဆက်လက် လေ့လာခဲ့၏။ စစ်ပြီးခေတ်တွင် အမေရိ ကန်ပြည် ယေးတက္ကသိုလ်၌လည်း ပညာဆည်းပူးခဲ့သေးသည့်အပြင် ယခု လက်ငင်း အားဖြင့် တက္ကသိုလ် အဘိဓာန် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်လျက် ရှိ၏။ ဦးဝန်၏ ပညာဂုဏ်သတင်းသည် မြန်မာပြည်တွင်သာမက ကမ္ဘာတွင်ပင် ကျော်ကြားလေရာ ဦးဝန်အား ပါမောက္ခ အဖြစ်သာ ခန့်ထားနိုင်က ရန်ကုန် တက္ကသိုလ်၏ ဂုဏ်ကျက်သရေ တိုးလာဖွယ် ရှိသည်ဟု ယူဆသည်ဆို၏” လို့ ဖော်ပြခဲ့ပါတယ်။
အဘက်ဘက်က တိုက်တွန်းတာ အပြင် ဆရာ ကိုယ်တိုင်က ဆရာဇော်ဂျီ၊ ဆရာ ဦးဖေမောင်တင်တို့နဲ့ တွဲဖက်ပြီး သင်ရိုး သင်တန်းများ ပြောင်းလဲလိုစိတ်၊ မြန်မာစာ အရေးအသားတိုးတက်စေလို စိတ်၊ ထူးချွန်တဲ့ ဆရာ၊ ဆရာမတွေကို နိုင်ငံခြား ပညာတော်သင်စေလွှတ်ပြီး နိုင်ငံခြားမှ သင်ယူလေ့လာခဲ့တဲ့ အဆင့် မြင့် ပညာရပ်တွေကို တက္ကသိုလ်မှာ ပြန်လည်ပို့ချစေချင်တဲ့ စိတ်စေတနာ တွေ ဆရာ့မှာရှိခဲ့ပါတယ်။
ဒါကြောင့် လည်း မြန်မာစာ ပါမောက္ခ ရာထူးကို လျှောက်ခဲ့တာပဲဖြစ်ပါလိမ့်မယ်။ သည် ရာထူးကလည်း ဆရာနဲ့ အထိုက်တန်ဆုံး ဖြစ်တာဆိုတော့ ၁၉၆၁ မတ်လ ၂၅ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်ကောင်စီ အစည်းအဝေးကနေ အနားယူ နုတ်ထွက် ထားတဲ့ ပါမောက္ခ ဦးအေးမောင် နေရာ မှာ ဆရာ့ကို ခန့်မယ်ရွေးချယ် လိုက်ပါတယ်။ လစ်လပ်သွားတဲ့ ဆရာ့နေရာမှာ ဦးတင်အေးကို ခန့်အပ်လိုက်ပါတယ်။
ဆရာ ဦးဝန်(မင်းသုဝဏ်)က ပါမောက္ခ ရာထူးကို ဆရာဦးအေးမောင် ထံမှ လက်ခံရမှာဖြစ်တဲ့အတွက် ဘယ် နေ့ လက်ခံရမယ်ဆိုတာကို ရေးသားတဲ့ ပေးစာက ပညာရှင်ပီသတဲ့ အပြင် အပြန်အလှန် လေးစားမှုတွေ ပါတာမို့ စာဖတ်သူတွေကို မူရင်းအတိုင်း မျှဝေပါ ရစေ။ (ပုံ-၂)  ၁ မေ ၁၉၆၁ က ကမ္ဘာ့အလုပ် သမားနေ့ဖြစ်တာကြောင့် ရုံးပိတ်ရက် ဖြစ်ပေမဲ့ အဲ့သည်နေ့မှာပဲ ဆရာနှစ် ယောက် တာဝန်လွှဲပြောင်း၊ လက်ခံခဲ့ ကြပါတယ်။ (ပုံ-၃)

ဆရာမင်းသုဝဏ် ပါမောက္ခတာ ၀န်ထမ်းဆောင်ပြီး တစ်လကျော်မှာပဲ ကထိက ဦးမောင်မောင်ကြီးကို လန်ဒန် သို့ ပညာတော်သင်စေလွှတ်ဖို့ ကြိုးပမ်း ခဲ့ပါတယ်။ မြန်မာစာ အရေးအသားနဲ့ ကျောက်စာပညာကို ခေတ်မီ သိပ္ပံနည်း အရ လေ့လာနိုင်ဖို့ရည်ရွယ်တာပဲဖြစ်ပါ တယ်။ ဦးမောင်မောင်ကြီး နိုင်ငံခြား ပညာသင်ပြီးပြန်လာတဲ့အခါ ရန်ကုန် တက္ကသိုလ် မြန်မာနှင့်ရောင်းရင်းစာပေ ဌာနမှာ လက်ရှိကထိက တာဝန်ကိုထမ်း ဆောင်မယ်ဆိုတဲ့အကြောင်း ပညာရေး အတွင်းဝန်ဆီ ဆရာက ရုံးစာပို့ပါတယ်။
ဆရာဦးဝန်က ဦးမောင်မောင်ကြီးကို အတော်မျှော်လင့်ခဲ့ပုံရပါတယ်။ ဦးမောင် မောင်ကြီး မြန်မာပြည်ပြန်ရောက်တဲ့အခါ ပါမောက္ခရာထူးလွှဲပေးဖို့အထိ အစီအစဉ်ရှိခဲ့ပါတယ်။
ဆရာဦးဝန်ရဲ့ပညာ၊ စိတ်ဓာတ် ထက်မြက်မှုကြောင့် မြန်မာစာပေ တိုးတက် ထွန်းကားရေး အရှိန်အဟုန် မြှင့်နေ ဆဲမှာပဲ မမျှော်လင့်တဲ့ စာတစ်စောင် ဆရာ့ဆီ ရောက်လာပါတယ်။ ရောက်လာ တဲ့စာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (ပုံ-၄)  ၁၁ မေ ၁၉၆၂ မှာ ဆရာဦးဝန်နဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းတို့ တွေ့ဆုံခဲ့ပါ တယ်။ တွေ့ဆုံပြီးနောက် အဲ့သည် နေ့ ရက်စွဲနဲ့ တော်လှန်ရေးအစိုးရပညာရေး ဌာနကို ဆရာ စာတစ်စောင်ပေးပို့ခဲ့ပါ တယ်။ (ပုံ-၅)  ဆရာ့နုတ်ထွက်စာကို ဗိုလ်မှူးချုပ် သရေစည်သူ ဦးသန်းဖေက လက်ခံ ခဲ့ပြီး ဦးမောင်မောင်ကြီးကို ၁၉၆၂ မေ ၁၂ မှာ ရန်ကုန်တက္ကသိုလ် မြန်မာစာ ပါမောက္ခအဖြစ် တာဝန်ပေးဖို့ ရုံးမိန့်ထုတ် ပြန်ခဲ့ပါတယ်။
ဆရာလည်း မူလဌာနဖြစ်တဲ့ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာနပြန်ပြီး စာတည်းမှူးတာဝန်ကို ၁၂ မေ ၁၉၆၂ မှာ ပြန်လည်ထမ်းဆောင် ရပါတော့တယ်။
၁၂ မေ ၁၉၆၂ မြန်မာ့အလင်း သတင်းစာမှာ ပါမောက္ခချုပ် ဒေါက်တာ သာလှ၊ ပါမောက္ခ ဦးဝန်၊ ပါမောက္ခ ဦးအေးမောင်တို့ အငြိမ်းစား ယူတဲ့ သတင်း ပါရှိခဲ့ပါတယ်။ (ပုံ-၆)  ၁၇.၅.၁၉၆၂ နေ့စွဲနဲ့ ဆရာက တက္ကသိုလ် အဓိပတိ ဗိုလ်မှူးချုပ်သရေ စည်သူဦးသန်းဖေဆီ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်က တစ်ဆင့် စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ စာပါအကြောင်းအရာ ကတော့ ၁၁.၅.၆၂ ရက်နေ့ ဗိုလ်ချုပ် ကြီးနေ၀င်းက ဆရာ့ကို ခေါ်ယူမေးမြန်း ခဲ့တဲ့အခါ ဆရာမြန်မာစာဌာနသို့ မည်သို့ မည်ပုံ ရောက်ရှိပုံ၊ မြန်မာစာဌာနမှာ ၂ နှစ် ၃ နှစ် အထိ အမှုထမ်းတဲ့အခါ မည်သည့်တာဝန်များဆောင်ရွက်မည်၊ ဦးမောင်မောင်ကြီးကို နိုင်ငံခြား အထောက်အပံ့အမျိုးမျိုးနဲ့ ပညာတော် သင်စေလွှတ်ရန်ရည်ရွယ်ခဲ့ကြောင်း၊ ဦးမောင်မောင်ကြီး မြန်မာပြည်သို့ပြန် ရောက်တဲ့အခါ ကျွန်တော်ကဌာနဟောင်း သို့ပြန်ပြီး ဦးမောင်မောင်ကြီးကို ပါမောက္ခ ရာထူးလွှဲပေးရန် အစီအစဉ်ရှိကြောင်း စတာတို့ကို နှုတ်နဲ့ဖြေဆိုခဲ့ပါကြောင်းတို့ စာမှာ ဖော်ပြထားပါတယ်။
ဆရာ မင်းသုဝဏ်လို ပညာအရာမှာ ထူးချွန်ထက်မြက်သူ တစ်ယောက်ဟာ ရန်ကုန် တက္ကသိုလ် မြန်မာစာ ပါ မောက္ခအဖြစ် တစ်နှစ်သာလျှင် ထမ်းဆောင်ခွင့် ရခဲ့တာကို ထိုစဉ်က တက္ကသိုလ် ကျောင်းသားများ(ယခု အသက် ၇၀ ကျော် ၀န်းကျင်)တွေ မှတ်မိပါလိမ့်မယ်။
ဘယ်လို အချက်တွေကြောင့်၊ ဘယ်လိုမနှစ်မြို့တဲ့ စိတ်တွေကြောင့် ဆရာ့ကို မြန်မာစာပါမောက္ခရာထူး ကနေ ဖယ်ရှား လိုက်တာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပညာရှင် တစ်ယောက်ရဲ့ မာနနဲ့ ရိုးသားမှုကို ထိပါး ပုတ်ခတ်ခြင်းကနေ စဉ်ထွက်လာတဲ့ အကျိုးဆက်ကတော့ မလှပတဲ့ သမိုင်း စာမျက်နှာကြီး တစ်ခုဖြစ်ခဲ့တယ် လို့ ထင်ပါတယ်။ အခုတော့ နှစ် ၅၀ ကြာခဲ့ပါပြီ။ သမိုင်း ဖြစ်ရပ်မှန်တွေကို ထိန်ဝှက် မှေးမှိန်ထားလို့ မရပါ။ တစ်ချိန် မှာတော့ စာမျက်နှာထက် ရောက်လာ တာပါပဲလေ။
 ရဲသျှမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂) |
No comments:
Post a Comment