Sunday, March 25, 2012

တစ်ခါတုန်းက တက္ကသိုလ်…
Add Image(၁)
ဟောဒီမှာ..ဂျပ်ဆင် ဘုရားကျောင်း ကြီး။
မိုးထိ ထိုးဖောက် မတ်မတ် ကြီးရပ်လို့။
ဒီဘက်မှာ ကျတော့ ဣနြေ္ဒရင့်မကြီးနဲ့
သစ်ပုပ်ပင်ကြီးက ထိခိုက် ရှတ
နှလုံးသားအစုံ နဲ့ အောက်ဘက်ကို ငုံ့ကိုင်းကြည့်ရှု။

ထုံးစံအတိုင်း ‘ဦးချစ် လက်ဖက်ရည်ဆိုင်’ မှာတော့
ကျောင်းတော်သားတွေ တရုန်းရုန်း အုံလို့ခဲလို့နေ။
‘ယမ်းဘီလူး’ ဆိုတဲ့ ကြောက်စရာ
ဘွဲ့ မည်နာမ ပိုင်ရှင်ကြီးရဲ့ ချိုချမ်းမြတဲ့
အအေး ဆိုင်ကလည်း ချစ်သူ စုံတွဲတွေ အတွက်
နားနေ ဖြေသိမ့်စရာ ကွန်းခိုရိပ်သာ။

ဒီလို အငွေ့အသက်တွေ ရှိနေတာကမြန်မာတစ်ပြည်လုံးမှာ တစ်နေရာသာ
ထူးထူး ကဲကဲရှိနေတဲ့ ရန်ကုန် တက္ကသိုလ် ပရိဝုဏ်။

၃.၃.၂ဝ၁၂နေ့ ညနေမှာတော့ ဒီလို နေရာမျိုး တစ်ခုရောက်ခဲ့ပါရဲ့။ MCC ခန်းမ အပြင်ဘက်မှာ ကျင်းပတဲ့ ‘တစ်ခါတုန်းက တက္ကသိုလ်’ ဂီတဖြေဖျော်ပွဲ။

မြန်မာနိုင်ငံ စိတ်ပညာ အသင်း ရန်ပုံငွေ အတွက် ရန်ကုန် တက္ကသိုလ် နှစ်၁ဝဝပြည့် အထိမ်းအမှတ် အကြိုပြုလုပ်တဲ့ပွဲ။ ဂျပ်ဆင်ရော၊ သစ်ပုပ်ပင်ရော၊ ဦးချစ်ဆိုင်ရော၊ ယမ်းဘီလူး ဆိုင်ပါ မကျန် ရန်ကုန်တက္ကသိုလ် ဆေးရောင်စုံရနံ့ တွေကြိုင်လှောက် ခံစားနိုင်အောင် ပွဲအဆင် အပြင်ကို သေသေချာချာ စီစဉ် ဖန်တီးထား တာကိုက သိပ်ပြီးလေးစား စရာကောင်း လှပါတယ်။

(၂)
ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲလွန် တက်တဲ့ကာလက ၈နှစ် ကြာခဲ့တယ်။ နောက်ပြီး ဒီနယ်မြေမှာပဲ ပြန်လည် တာဝန် ထမ်းဆောင် ခဲ့ရတာက ၂၃နှစ်။ ဒါကြောင့် ကျွန်တော့် သက်တမ်းရဲ့ ထက်ဝက်ကျော်က တက္ကသိုလ် မြေထဲမှာပဲ တဝဲလည်လည်။ ဒါကြောင့် တက္ကသိုလ် သံယောဇဉ် အစွဲကြီးတာမဆန်း။

‘မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ် မှာကြုံ၊ စာပေဂီတနဲ့သာ အနုပညာ အစစ မှာလည်းဆုံ’ဆိုတဲ့ ကိုမြသိန်းရဲ့ ‘မြကျွန်း ညိုညို’ သီချင်းသံကြားလိုက် ရတော့ ဟိုးနှစ်ပေါင်း လေးဆယ်ကျော် ကမ္ဘာထဲ ချက်ချင်းပြန် ရောက်သွားတယ်။ ‘နံ့သာ ယပ်တောင်’ သီချင်းနဲ့ နာမည်ကျော်ခဲ့တဲ့ အဆိုကျော် ကိုမြသိန်းက အဲဒီတုန်း က မြန်မာစာ ဌာနက ကျူတာပေါက်စလေ။ တက္ကသိုလ်ရောက် ရောက်ချင်း ‘ကိုမြသိန်း’ကို မြင်ဖူးချင်လို့ တောင်ငူဆောင်ကို သွားပြီး ခိုးခိုးကြည့်ခဲ့ရတာ မှတ်မိသေးတော့။ အခု ဆရာတောင်အသက် ၇ဝ ရှိနေပြီပဲ။ ဆရာ့ ဆိုဟန်၊ ဆရာ့အသံက တော့ လတ်ဆတ်တက်ကြွဆဲ။

လွန်ခဲ့တဲ့ အနှစ်လေးဆယ်က တက္ကသိုလ် ကို ပြန်လွမ်းတယ်ဗျာ။ အဲဒီတုန်းက Extracurriculam ဆိုတဲ့ ကျောင်းသင်ရိုး ပြင်ပ လှုပ်ရှားမှုတွေနဲ့ တက္ကသိုလ်က စည် ကား ခဲ့တယ်။ တက္ကသိုလ် အနုပညာ အသင်းတို့၊ တက္ကသိုလ် ကလောင်ရှင် အသင်းတို့၊ အားကစား အသင်းအဖွဲ့တွေ စသဖြင့် လှုပ်ရှား ခဲ့ကြတာ။ ခုအခါ တက္ကသိုလ်တွေ မှာ ဒါမျိုး တွေမရှိတော့ဘူး။ လွမ်းစရာကြီး။

ဆရာ့ပြောစကား ကြားရတော့ အဓိပတိ လမ်းအဝင်ဝထိပ် နားဆီက ကျောင်းသား သမဂ္ဂ အဆောက်အအုံကြီးကို သွား သတိရမိတယ်။ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုနုလို၊ ကိုအောင်ဆန်း တို့ လို ကျောင်းသား ခေါင်းဆောင်တွေ လွတ်လပ်ရေး တိုက်ပွဲ ဆင်နွှဲခဲ့ကြတာတွေ။ ကျောင်းသား တပ်ဦး တို့၊ ရဲခေါင်တို့တွေ ရဲ့ ကိုယ်ကျိုး မဖက် အများ ပြည်သူအတွက် လှုပ်ရှားခဲ့ကြတာတွေ။ ကျောင်းသား အဖွဲ့အစည်း ရွေးကောက်ပွဲ တွေကျင်းပပြီး အောင်ပွဲခံ တဲ့အခါ ဂုဏ်ပြုကျင်းပတဲ့ အငြိမ့်ပွဲတွေ၊ မိုးထက် ဘယံ လွင့်ပျံနေလို့ပေါ့။

‘ပန်းချီဆရာ ထက်လှတဲ့ သီလာ တက္ကရဲ့ ကျွန်းညိုမြဝယ်’ ဆိုတဲ့ ကိုခင်မောင် ကြီးရဲ့ အသံကြား ရတော့မှ စိတ်က ပစ္စုပ္ပန် ဆီ ပြန်ရောက်လာတယ်။ ‘တက္ကသိုလ် မှာဝေ တဲ့နှင်း’ သီချင်း။

‘တက္ကသိုလ် မှာဝေတဲ့နှင်း ရယ်..နှင်းလေးတွေမှ ဟုတ်ရဲ့လား..နှင်းလေးတွေမှ ဟုတ်ပါရဲ့လားကွယ်’ ဆိုတဲ့ အပိုဒ် ရောက်တော့ စိတ်က အတိတ် ဆီ ပြန်ပြေး သွားပြန်ပြီ။ တစ်ခေတ် တစ်ခါက တက္ကသိုလ် မှာဝေခဲ့တဲ့ နှင်းဟာ နှင်း မဟုတ်ခဲ့တဲ့ ရက်တွေ ရှိခဲ့ပါပကော။

‘ကံကော်ပွင့်ရာ၊ ငုဝါပွင့်ရာ၊ စိန်ပန်း ပွင့်ရာ…’ချိုမြ ကြည်လင်လှတဲ့ အဆိုတော် ချိုပြုံးရဲ့ ‘တက္ကသိုလ် ကျောင်းက ငွေလမင်း’ သီချင်းကို ကြား ရပြန်တယ်။
‘ခုတော့ သီချင်း တစ်ပုဒ်ရယ်၊ ကျွန်မရယ်၊ လမင်းရယ်ပဲ ကျန်တော့တယ်။ သီချင်းရေးတဲ့ ကိုဆွေနွယ်လည်း မရှိတော့ဘူး။ တခြားလူ တွေလည်း မရှိတော့ဘူး’ လို့ ချိုပြုံးက ပြောတော့ လွမ်းစရာတွေ တသီကြီး လွမ်းမိပြန်ရော။

‘ခိုင်ထူး’ သီချင်း ဆိုတုန်းကလည်း ဒီလိုပဲ။ ‘တေးမြုံငှက်’ ကိုရေးခဲ့တဲ့ သူငယ်ချင်း မောင်သစ် မင်းရော၊ ‘တေးမြုံငှက်’ မှာ ခိုင်ထူးနဲ့ အတူ တူတွဲ ဆိုခဲ့တဲ့ ‘ရီဇော်’ရော မရှိတော့ဘူး။ သူတို့ကို လည်း လွမ်းမိပါတယ်။

ခင်ညွန့်ရီက ‘အဓိပတိ လမ်းမှာ မိုးတွေ ရွာ’ သီချင်းကို ဈာန်ဝင်စားပြီး ဆိုနေတယ်။ အလွမ်း သီချင်းရေးတဲ့ မောင်ကျော်ဇောရဲ့ နဝဂန္ထဝင် လက်ရာပဲ။ ‘အဓိပတိလမ်းမှာ မိုးတွေရွာ’ ဆိုတဲ့အပိုဒ်ကို ခင်ညွန့်ရီက တစ်ကျော့ပြီး တစ်ကျော့ ဆိုနေတဲ့အခါ ကိုယ့်ဘာသာ ကိုယ်နှုတ်က အလိုလိုလိုက် ဆိုမိတယ်။ ‘အဓိပတိ လမ်းမှာ မိုးတွေ ရွာ.. မိုးလေးတွေ မှဟုတ်ရဲ့လား ..မိုးလေးတွေမှ ဟုတ်ပါရဲ့လားကွယ်’။ ဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ် နှစ်တွေမှာက မိုးသေး မိုးဖွဲလေးတွေ လည်းကြုံခဲ့၊ မိုးသက် လေပြင်း တွေ လည်း ဖြတ်သန်းကျော် နင်းခဲ့ရ။

(၃)
အတိတ် ဇာတ်ကြောင်းတွေကပဲ မကောင်း ခဲ့လေသလား။ အိပ်မက်ဆိုး ညတွေ ပဲဖြတ်သန်းခဲ့တဲ့ ညတာရှည်တွေ များခဲ့လို့ လား။ မကောင်းမြင် ဝါဒ အကျင့်တွေပဲ စွဲနေ လို့လား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ဘာ သီချင်းတွေ ကြားရကြားရ။ ခံစားနားလည်မှု က တစ်မျိုး ဖြစ်နေလေရဲ့။

စန္ဒရား လှထွတ်ရဲ့’ပန်းတွေနဲ့ဝေ’ကို သန်းမြတ်စိုးက ဆိုတော့ ကိုဗလ (သုမောင်) ကို သတိရပြန် ရော။ သူ ရုပ်ရှင်တစ်ကားမှ မရိုက်သေးခင်က သူတို့နေတဲ့ သာဓုခြံရဲ့ နံဘေးက ‘ရွှေနားပန် ဘုရားပွဲ’ မှာ သူ ‘ပန်းတွေ နဲ့ဝေ’ကို စဆိုခဲ့တယ်။ အဲဒီကတည်းက သူနဲ့ ခင်မင်ခဲ့ကြတာ ကွယ်လွန်ချိန်ထိပဲ။ ‘ပန်းတွေနဲ့ဝေ’ဖန်တီးရှင် ကြီး မောင်ဝဏ္ဏ နဲ့က တော့ ဒါရိုက်တာ မလုပ်ခင် ကျောင်းသား ဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ ငယ်ပေါင်း တွေ။ အခုတော့ ‘ပန်းတွေနဲ့ဝေ’ မဟုတ်တော့ဘူး။ ‘ပန်းတွေကြွေ’ ကုန်ကြပြီ။ သူတို့ တင်မက ပါ ဘူး။ တက္ကသိုလ်က ရဲဘော် မိတ်ဆွေတွေ မဝေခင်ကကြွေ နှင့်ရှာကြလေ သူတွေ၊၊ အလေး ပြုမိပါရဲ့။ လွမ်းမိပါရဲ့။

မောင်ကျော်ဇောရေး တဲ့ ‘ပုဂံလမ်းကသီ ချင်းသည်’ သီချင်းကို မိတ်ဆွေကြီး မောင်သိန်းဝင်းက ဆိုတယ်။ ရှားပါးလှတဲ့ အသံပိုင်ရှင် မောင်သိန်းဝင်းရဲ့ အသံက ငယ်မူ ငယ်သွေး ကြွနေဆဲပဲ။ ပုဂံလမ်းမှာ သီချင်းတွေ ဆိုကြသလို ဟစ်ကြွေး သံတွေ ညံစီခဲ့ကြတာ ပဲ့ထင်ထပ် မျှကြားခဲ့ရ။ တကယ်တော့ သီချင်းသံတွေ ပြည့်ဖုံးနေတဲ့ ကမ္ဘာက ပဲ ပိုပြီးနေချင်စရာ ကောင်းလှပေတယ်။

စန္ဒရား မောင်လှအေးတို့ New Wave ဝိုင်းပြီးတော့ Emperor တက်လာတယ်။ တင်ဆက်သူ အရိုင်းကလည်း ကျောင်းတော် သားကြီးပေမို့ အပို့လေး၊ အတို့ အထောင်လေး တွေနဲ့ ပိုသွက်လာတယ်။ မာရဇ္ဇ၊ ဇော်ဝင်းထွဋ်၊ နော်လီဇာ၊ မေဆွိ၊ ခိုင်ထူးတို့ရဲ့ ညှို့ချက်တွေအောက် မှာ ပရိသတ် အားလုံး စီးမျော မိန်းမောလို့။

ပြီးတော့ Plus Three ဝိုင်းအလှည့်။
စိတ်ပညာနဲ့ ဘွဲ့ရတာ နှစ်သုံးဆယ် ရှိခဲ့ပြီ ဆိုတဲ့ အဆိုကျော် အောင်နိုင်က ‘မောင့်သီရိမေ’၊ ဖြူဖြူကျော်သိန်း က ‘ပုဂံလမ်းကစောင့် နေမယ်’၊ မျိုးကျော့မြိုင် ၊မေခလာ၊ ကိုင်ဇာ၊ စည်သူလွင် ၊ရှင်ဖုန်း၊ ဆောင်းဦးလှိုင် …။

ဆောင်းဦးလှိုင်ရဲ့ စကားသံလည်း ဆုံးရော တက္ကသိုလ် ချစ်စိတ် ယူနီဖောင်းဝတ်ထားကြ တဲ့ ပရိသတ်အားလုံး ရဲ့ညီညာ ကျယ်လောင်လှ တဲ့ လက်ခုပ်သံတွေဟာ နှလုံးသားနဲ့ အနီးကပ်ဆုံး အရပ်ဒေသကနေ ပေါက်ကွဲ ထွက်လာကြလေရဲ့။

(၄)
ပွဲပြီးလို့ အချိန်တန် အိမ်ပြန်ကြရမယ် ဆိုပေမယ့် တက္ကသိုလ် အခင်းအကျင်း အတုရဲ့ သံယောဇဉ် ဆွဲငင်အားဒဏ်ကို မပယ်လှန်နိုင်ကြ လို့ခြေလှမ်းတွေ ကလေး တွဲ့တုံ့ဆိုင်းနေကြ တယ်။ သဏ္ဌာန်လုပ် သရုပ် ပေါ်အောင်လုပ် ထားတဲ့ MCC တက္ကသိုလ်ကိုတောင် ဒီလောက် ခင်တွယ်နေကြရင် နှစ်တစ်ရာ နီးပါး သက်တမ်း ရှိလာတဲ့ ရန်ကုန် တက္ကသိုလ်ကြီးအပေါ် ဘယ် လောက် တွယ်တာနှောင်ဖွဲ့ ချစ်ခင် ကြမလဲ ဆိုတာ မခန့်မှန်းနိုင် လောက်အောင်ပါပဲ။

‘တစ်ခါတုန်းက တက္ကသိုလ်’ အစီအစဉ် ကိုဖန်တီးပေးကြတဲ့ ရန်ကုန် တက္ကသိုလ် စိတ်ပညာ အသင်းကိုရော၊ အဓိက ပံ့ပိုးတဲ့ တော်ဝင် ဦးကိုကိုထွေး တို့ ကိုရော ကျေးဇူး အထပ်ထပ် တင်မိပါတယ်။ ဒါမျိုး တက္ကသိုလ် အမှတ်တရ အစီအစဉ်တွေ ထပ်လုပ်ပေးကြ ပါလို့လည်း ပူဆာချင်ပါတယ်။

သီချင်းတွေနဲ့ အတူ တေး သရုပ်ဖော် တွေကိုပါ ကြည့်ခွင့်ရလို့ သိပ်ကို ဝမ်းသာမိပါတယ်၊၊ တက္ကသိုလ် ဘောလုံးအသင်း သရုပ်ပြ၊ တက္ကသိုလ် ကျောင်းသူ တစ်ဦးသရုပ် ပြ၊ ကိုဘီအေတို့၊ ဒေဝစ္ဆရာ သီချင်း သရုပ်ပြ တို့ကို ပါ သီချင်းတွေနဲ့ တွဲပြီး ခံစားရလို့ပါ။

နောင်သောအခါ များကျရင်တော့ ခုလိုလွမ်းမော တသဖွယ်ရာ တက္ကသိုလ် နောက်ခံ မေတ္တာဘွဲ့ သီချင်း တွေ အပြင်၊ တက္ကသိုလ်ကြီး ရဲ့သံပစ္စင် သမိုင်း အစဉ်အလာ ကြီးမားလှတဲ့ သမဂ္ဂ အလံတော် အောက်က မြူးထူး တက်ကြွတဲ့ တေးသံမျိုးတွေ တေးသရုပ်ဖော် လှုပ်ရှားမှု တွေ ကိုပါ ခံစားခွင့် ရ အောင် စီစဉ်ပေးကြ ပါလို့ အပိုထပ် လောင်းတောင်း ဆိုပါရစေ။

ဟိန်းလတ်
http://popularmyanmar.com

တစ်ခါတုန်းကတက္ကသိုလ်



ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အကြိုအဖြစ် မြန်မာနိုင်ငံ စိတ်ပညာအသင်း ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဟု ကြေညာထားခဲ့သည့် 'တစ်ခါတုန်းကတက္ကသိုလ်' ဖျော်ဖြေပွဲ၏ ကြော်ငြာဆိုင်းဘုတ်များ မြင်ရစဉ်ကတည်းက ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်များဖြင့် ဖြတ်သန်းခဲ့ရသူများရော၊ ရန်ကုန်တက္ကသိုလ်ကြီးကို တွေ့ကြုံခွင့်မရခဲ့သည့် ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားများပါ စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။

ဖျော်ဖြေပွဲကျင်းပရာ မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ရန်ကုန်မြို့ MCC ၀င်းအတွင်း၌ ပရိသတ်များ စည်ကားများပြားနေခဲ့သည်။ ၀င်းအတွင်းသို့ ၀င်လိုက်လျှင် ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်တစ်ခုဟုဆိုရမည့် ဦးချစ်လက်ဖက်ရည်ဆိုင်ကို အခြားသော စားသောက်ဆိုင်များကြားတွင် ထင်ထင်ရှားရှား တွေ့မြင်လိုက်ရပြီး အလွမ်းပြေစားသောက်နေကြသူများ၏ တက္ကသိုလ်အလွမ်းကို စတင်ခံစားလိုက်ရသည်။

ဦးချစ်လက်ဖက်ရည်ဆိုင်
ဖျော်ဖြေရာ စင်မြင့်ထက်သို့ ကြည့်မိလျှင် ရန်ကုန်တက္ကသိုလ်၏ ထင်ရှားသည့် ပုံရိပ်နှစ်ခုဖြစ်သော ဂျက်ဆင်နှင့် သစ်ပုတ်ပင်ကို ပုံဖော်ထားခဲ့သည်။ ပထမပိုင်း ဖျော်ဖြေမှုအဖြစ် မြန်မာသံသီဆိုမှုကို စတင်ရာ ရွှေရတုခေတ် တက္ကသိုလ်ပုံရိပ်များနှင့်အတူ အဆိုတော်မောင် သိန်းဝင်းက 'ပုဂံလမ်းကသီချင်းသည်'၊ သန်းမြတ်စိုးက 'ပန်းတွေနဲ့ဝေ'၊ တော်ဝင်ကိုကိုထွေးက 'ချစ်ရက်ရှည်ရှည် အင်းလျားမြေ'၊ လှမြင့်ဝင်းက 'ကံကော်တောမှ ဥသြကလေးများ'၊ ကိုမြသိန်းက 'မြသီလာသို့အလွမ်းပြေ'၊ ရန်ပိုင်စိုးက'ကိုဘီအေ'၊ ခင်ညွန့်ရည်က 'အဓိပတိလမ်းမှာ မိုးတွေ ရွာ'၊ မောင်မောင်ကြီးက 'မာနရှင်'၊ သန်းမြတ်စိုးက 'ကျောင်းတုန်းက အကြောင်းတွေ'သီချင်းများအား သီဆိုပေးခဲ့ပြီးနောက် ရွှေရတုခေတ်ဝတ် စားဆင်ယင်မှုဟန်ပန်များဖြင့် မော်ဒယ်လ်နှင့် သရုပ်ဆောင်များကပါ ၀င်ပြသပေးခဲ့ကြသည်။

ထို့နောက် 'ဒေ၀စ္ဆရာ' တေးသီချင်းကိုဆန်းဝင်း က သီဆို၍ ကျော်ကျော်ဗိုနှင့်ဂျင်းနီတို့က ကပြပေးခဲ့ကြသည်။ ဒုတိယပိုင်း တင်ဆက်မှုအဖြစ် Emperor တီးဝိုင်းက စင်မြင့်ထက်သို့ ရောက်ရှိလာပြီးနောက် သဲနုဝါက 'ခွဲခွာရမယ့်နွေရက်များ'၊ မာရဇ္ဇက 'အနိုင်မယူသူအရှုံး'၊ 'ဆွဲအား' သီချင်းများကို သီဆိုပေးခဲ့သည်။ ထို့နောက် စင်မြင့်များထက်တွင် ရှားရှား ပါးပါး တွေ့မြင်ခွင့်ရသူ အဆိုတော် နော်လီဇာက 'မာလာဆောင် မောင်မလာဘူး'၊'ရက်ရက်စက်စက်' တေးသီချင်းများဖြင့် သီဆိုပေးခဲ့သည်။ ဆက်လက်၍မေဆွိက 'အဓိပတိလမ်းက ခြေရာများ'၊ 'နွေပုံပြင်'၊ ခိုင်ထူးက 'စစ်ကိုင်းလမ်း'၊ 'အဝေးဆုံး'၊ ဇော် ၀င်းထွဋ်က စိန်လွင်၏ တက္ကသိုလ်တေးသီချင်းတစ်ပုဒ်နှင့်အတူ 'ငါ့ရင်ခွင်ကို' တေးသီချင်းအား သီဆိုပေးခဲ့သည်။ ထို့နောက် Plus 3 တီးဝိုင်းနှင့်အတူ အောင်နိုင်က 'အဆောင်သူ'၊ 'မောင့်သီရိမေ'၊ ရှင်ဖုန်းက'သတိရနေမှာပါ'၊ 'တယ်လီဖုန်းလေး'၊ စည်သူလွင်က 'အဆောင်သရဲ'၊ ဆောင်းဦးလှိုင်က 'ကျောင်းသီချင်း' စသည့်တက္ကသိုလ်ကို လွမ်းမောစေခဲ့သည့် တေးသီချင်းပေါင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ဖျော်ဖြေမှုများကြားတွင် အစီအစဉ်တင်ဆက်သူ အရိုင်းက တက္ကသိုလ်၏ လွမ်းမောဖွယ် အရိပ်အငွေ့များ၊ အတွေ့အကြုံများကို ပြောပြပေးခဲ့ရာ လာရောက်ကြည့်ရှုသူတိုင်းလည်း တက္ကသိုလ်ကိုလွမ်းမောမှုနှင့်အတူ ဖြတ်သန်းစေခဲ့သည်။ ''ဒီညလေးကတော့ မမေ့နိုင်စရာပါပဲ။ ကျောင်းသားဘ၀တုန်းက အဆောင်ရှေ့မှာ ဂစ်တာသွားတီးရတာ၊ အဓိပတိလမ်းကို အခေါက်ခေါက်အခါခါ လျှောက်ရတာ၊ ကျောင်းလခ နည်းနည်းလေးကို တောင် ကြိုသုံးပစ်လို့ လိုက်ရှာရတာ၊ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ အကြွေးသွားသောက်ရတာတွေအားလုံးက အမှတ်တရတွေ ချည်းပါပဲ။ အခုခေတ် တက္ကသိုလ်တက်နေရတဲ့ ကလေးတွေကိုလည်း အဲဒီလိုခံစားမှုလေးတွေ ပြန်ရစေချင်တာ''ဟုအသက် ၄၀ ၀န်းကျင်ရှိ ပွဲကြည့်ပရိသတ်တစ်ဦးက ဆိုပါသည်။

'တစ်ခါတုန်းကတက္ကသိုလ်' ဖျော်ဖြေပွဲကို ည ၁၁ နာရီ ၀န်းကျင်မှသာ အဆုံးသတ်နိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းတော်ကြီးကို လွမ်းမောတမ်းတစေခဲ့သည့် ညလေးတစ်ညပင် ဖြစ်သည်။

Eleven media Group

No comments:

Post a Comment