Thursday, March 29, 2012

ခဏတံခါး


‘ခဏိက’ သို့မဟုတ် ‘ခဏဘင်္ဂုရ’ ၏ အနက် အဓိပ္ပာယ်သည် ‘တခဏသာ ခံခြင်း’ ဖြစ်သည်။ ခဏိက သဘောကို နားလည်ခြင်းသည် တစ်ခဏပြီး တစ်ခဏ ( သို့မဟုတ် ) ခဏတိုင်း၊ ခဏတိုင်း နေခြင်း၊ အသက်ရှင် နေထိုင်ခြင်း ဖြစ်သည်။

မိမိတို့ လက်ထဲ၌ ပစ္စုပ္ပန် တခဏမှ တစ်ပါး အခြား မရှိ ဟု ဆိုလိုသည်။ ယင်း အချက်ကို နားလည်သည် နှင့် တစ်ပြိုင်နက် - ‘မည်သူ့ ထံတွင်မှ ခဏ နှစ်ခု တပြိုင်တည်း ရှိမနေကြောင်း’ ထပ်ဆင့် သဘောပေါက်ပြီး ဖြစ်လိမ့်မည်။ ခဏ တစ်ခဏ သည် ရောက်လာပြီး နောက် ထွက်ခွာသွားသည်။ နောက် အခြား တစ်ခဏ ရောက်လာသည်။ လက်ထဲ၌ ယင်း ခဏ တစ်ခဏသာ ရှိသည်။

ယင်း တခဏ အတွင်း မည်သို့ မည်ပုံ နေထိုင် မည်နည်း။ ယင်း နေနည်း ထိုင်နည်းသည် ဘဝနေနည်း ထိုင်နည်း အတတ်ပညာ ပင် ဖြစ်သည်။ ပိုင်ဆိုင်သော ခဏ တစ်ခဏ ကို ချန်ရစ်၍ အခြား တစ်ခဏသို့ ကူးသွားခြင်းသည် သာမာန် ဘဝ နေနည်း ဖြစ်သည်။ ပိုင်ဆိုင်သည့် ခဏ တစ်ခဏ ၏ နက်ရှိုင်းရာ သို့ ဆင်း သွားခြင်း သည်သာ ဝိသေသ ထူးခြားသည့် ဘဝနေနည်း ဖြစ်သည်။

လောကီ လူ့ဘဝ အများနေထိုင်ကြသည့် အနက်အဓိပ္ပာယ်မှာ ယခု ပစ္စုပ္ပန် ခဏကို နောက် တစ်ခဏ အတွက် စွန့်လွှတ်ပစ်လိုက်ခြင်း ဖြစ်သည်။ နောက် ခဏကို အခြား အခြား ခဏ များ အတွက် စွန့်လွှတ် ပစ်လိုက် ခြင်း ဖြစ်သည်။ ယနေ့ကို မနက်ဖြန် အတွက် လွှတ်ပစ် သည်။ နက်ဖြန်ကို သန်ဘက်ခါ အတွက် လွှတ်ပစ်လိုက်သည်။ လောကီ လူ့ဘဝသည် ဤသို့ဖြင့် နေ့စဉ် နေ့တိုင်း လစ်ဟာလျက် အလ ဟဿ ဖြစ်လျက် ရှိကြသည်။ အမြဲတမ်း ရွှေ့ဆိုင်း ရပ်တန့် ပစ်ကြ သည်။ သိမြင်မှု ရှိကြသူများ၏ ဘဝမှာမူ ယခု ပစ္စက္ခ တစ်ခဏ ၌ပင် ကိစ္စ ပြီးလျက် ရှိနေကြသည်။

‘လက်ထဲ၌ ဤခဏသာ ရှိသည်။ အခြား ခဏ မရှိ’ ဟု ‘ခဏိက’ သဘောကို နားလည်သောသူ အတွက် ယခု ပစ္စုပ္ပန် ခဏသည် နောက်ဆုံး ခဏ ဖြစ်ဖို့ ရှိသည်။ နက်ဖြန် အတွက် နောက်ဆံ တင်းနေ လိမ့်မည် မဟုတ်ပေ။ ၎င်းသည် ယနေ့အတွက် အသက်ရှင်နေသည်။ နက်ဖြန် အသက်ရှင်ခြင်း မရှင်ခြင်းသည် ၎င်းနှင့် မသက်ဆိုင်ပေ။ ၎င်းအနေဖြင့် စိတ်ကူး ထဲတွင်ပင် ထည့်သွင်းထား လိမ့်မည် မဟုတ်ပေ။ - နက်ဖြန်မှ ချစ်မည်။ နက်ဖြန်မှ လုပ်မည်။ နက်ဖြန်အတွက် အားခဲလိုက် ဦးမည် ဟု သောင်မတင် ရေမကျ သဘောမျိုး ရှိနေလိမ့်မည် မဟုတ်။ လုပ်ရန် ကိစ္စ အဝဝသည် ယနေ့ ယခု ခဏ၌ပင် ပြီးပြတ်သည်။

တကယ် စင်စစ် ဘဝသည် တစ်ခဏပြီး တစ်ခဏ ကုန်ဆုံး ကျော်လွန်လျက် ရှိ၏။ ကုန်ဆုံး ၊ ကျော်လွန်၍ ‘ပြီးပြီ’ ဟု - ‘ခဏိက’ သဘော၊ ‘ခဏ ဘင်္ဂုရ’ သဘောကို သိမြင် သဘောပေါက် သောအခါ တခဏတာ၏ နက်ရှိုင်းရာသို့ သက်ဆင်း သွားနိုင်စွမ်း ရှိလာပေ လိမ့်မည်။ တခဏတာသည်လည်း မိမိ၏ အတွင်း အဇ္ဈတ္တ နက်ရှိုင်းရာ၌ ခိုင်မာမှု ရှိနေ၏။

ကမ်းစပ်၌ ရေကူးနေသော သူကို ရှုကြည့်စေချင်သည်။ ရေပြင်ပေါ်၌ လှိုင်းများ တစ်လုံးပြီး တစ်လုံး လိမ့်နေသည်။ ရေကူးနေသူသည် လှိုင်းလုံးများ ပေါ်၌ ကူးခတ် လျက်လည်း ရှိသကဲ့သို့ လှိုင်းလုံးများ၏ အောက် နက်ရှိုင်းရာသို့လည်း ငုပ်လျှိုးသွား၏။ လောကီ လူသား အများတို့သည် လှိုင်း တစ်လုံးမှ အခြား လှိုင်းတစ်လုံးသို့ ကူးခတ် သွားကြခြင်း ကိုသာ လိုလားကြပေ သည်။ ရေ မျက်နှာပြင် ပေါ်၌ သာ ကူးခတ် လျက် ရှိနေကြသည်။ ရေလှိုင်း၏ နက်ရှိုင်းရာသို့ အဘယ်ကြောင့် မငုပ်လျိုး ကြပါ သနည်း။ ရေမျက်နှာပြင်၌သာ အဘယ်ကြောင့် ရပ်တန့် ကူးခတ် နေကြပါသနည်း။

ရေလှိုင်းများ အပေါ်တွင် ပုလဲရတနာ ရရှိသည်ဟု ကြားဖူးကြပါသလား။ စင်စစ် ပုလဲ ရတနာ သည် ရေနက်ထဲ၌သာ တည်ရှိ၏။

ဆရာပါရဂူ
သနန္တန ဓမ္မ ( နှာ - ၂၅၆ - ၂၅၇ )

No comments:

Post a Comment