Wednesday, March 21, 2012

စစ်နှင့်ငြိမ်းချမ်းရေး


အရှေ့ဘက် နယ်စပ်ကို ပင်လယ် သမုဒ္ဒရာက ကာဆီးထားသည်။ မြောက်ဘက် နယ်စပ်၌ ဝေတရဏီမြစ် ရှိနေသည်။
အနောက်ဘက်၌ အမရ ကန္တက တောင်က ကာရံထားသည်။ တောင်ဘက်၌ မဟိန္ဒရ တောင်ကြီး ထီးထီးမားမား ရှိနေသည်။ ယင်းသို့ လေးဘက်လေးရပ်မှ သဘာဝ အတားအဆီးများ ပိတ်ဆို့ ကာရံထားသော အလွန်တရာ လုံခြုံ စိတ်ချရသည့် ကလိင်္ဂင်္တိုင်းကို အသောက ဘုရင်မင်းတရားကြီး၏ မဂဓ စစ်တပ်ကြီးသည် လေးဘက်လေးတန်မှ ၀ိုင်းရံ ပိတ်ဆို့ထားလိုက်လေပြီ။ အသောက ဘုရင် မင်းတရားကြီး ကိုယ်တိုင် မဂဓ စစ်တပ်ကြီးကို ဦးဆောင်လာလေသည်။ဘုရင်မင်းကြီးနှင့် တကွ သားတော်နှစ်ပါးလည်း စစ်တပ်ကြီးကို ကွပ်ကဲ လိုက်ပါ လာကြသည်။ တပ်စခန်း တစ်နေရာရှိ ယာယီတဲနန်း အတွင်း၌ အသောက မင်းကြီးသည် သုန်မှုန်သော မျက်နှာထားဖြင့် မတ်တတ် ရပ်နေသည်။ အပါး၌ သားတော် နှစ်ပါးနှင့် တပ်မှူး များ ရှိနေကြသည်။ အသောကမင်းကြီးသည် သားတော် အကြီး ဇာလောကကို လှမ်းကြည့်လျက်

“သားတော် ဇာလောက”

“အမိန့်ရှိပါ ခမည်းတော် အရှင်မင်းကြီး”

“ကလိင်္ဂ ဘုရင်ထံ သ၀ဏ်လွှာ ပို့ပြီးပြီးလား”

“ပို့ပြီးပါပြီ ခမည်းတော်”

“အကြောင်းပြန်လွှာ ရောက်လာပြီလား”

“ကလိင်္ဂဘုရင့် တမန်တော် ရောက်လာပါပြီ”

“ခမည်းတော်တို့ အကြံပြုတာကို သူတို့ လက်ခံသတဲ့ လား”

“လက်မခံပါဘူး။ ကလိင်္ဂ ဘုရင့် သ၀ဏ်လွှာ ပါလာပါတယ်”

“သ၀ဏ်လွှာကို ဖတ်ပြစမ်း”

သားတော်အငယ် တိဝရက ကလိင်္ဂ ဘုရင်ထံမှ ပို့လိုက် သည့် သ၀ဏ်လွှာကို ဖတ်ပြသည်။
“အသောက ဘုရင်မင်းကြီးထံ အကြောင်း ပြန်ကြား လိုက်ပါသည်။ ရှေးယခင် တစ်ချိန်တုန်းကလည်း အရှင်မင်း ကြီး၏ ဘိုးတော် စန္ဒဂုတ္တဘုရင်သည် ကျွန်ုပ်တို့၏ တိုင်းပြည် ကို ချေမှုန်းခဲ့ဖူးပြီး ယခုလည်း ဘိုးတော်၏ ခြေရာကို မြေးတော်က နင်းပြန်ပြီ။ ကျွန်ုပ်တို့သည် မည်သည့်နိုင်ငံ မည်သည့် နယ်မြေကိုမှလည်း ကျူးကျော် တိုက်ခိုက်ခြင်း မပြု လုပ်ပါ။ မိမိနိုင်ငံ မိမိနယ်မြေ အတွင်း ၀င်ရောက်ကျူးကျော် လာပါကလည်း နိုင်ငံချဲ့ထွင်သူ မည်သူ့ ရှေ့မှောက်တွင်မှ ဦးညွှတ်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ရန်မလိုခြင်းကို သူရဲဘော ကြောင်ခြင်းဟူ၍ အနက်အဓိပ္ပာယ် မကောက်ပါ။ ကလိင်္ဂသည် အစဉ်အလာ ရှိသော တိုင်းပြည်တစ်ပြည် ဖြစ်ပါသည်။ ကလိင်္ဂသည် မည်သူ့ကိုမှ လက်နက်ချ အရှုံး ပေးလိမ့်မည် မဟုတ်ပါ”

“တော်တော့။ ရှေ့ဆက် မဖတ်နဲ့တော့”

သားတော် တိဝရသည် ကလိင်္ဂ ဘုရင်၏ သ၀ဏ်လွှာကို ဆက်မဖတ်တော့ဘဲ သ၀ဏ်လွှာ ရေးသားထားသည့် ပိုးသားလွှာကို ခေါက်လိပ် ထားလိုက်လေသည်။ ဘုရင် အသောကသည် သေနာပတိ မိဂမန္ဒဘက် လှည့်လျက်
“သေနာပတိ၊ ရန်သူတပ်မှာ စစ်အင်အား ဘယ်လောက် ရှိသလဲ”

“အထောက်တော်များ သတင်းပေးချက် အရ ကလိင်္ဂ ဘုရင့် စစ်တပ်မှာ ခြေလျင်တပ်သား ခုနစ်သောင်း၊ မြင်းတပ် သားထောင့်ငါးရာ၊ စစ်ဆင်တစ်ထောင် ရှိတယ်လို့ သိရပါတယ်။
“ခါချဉ်ကောင်က မာန်ကြီးပြီး တောင်ကြီးကို ဖြို မယ်ကြံတယ် ထင်တယ်။ ဘယ်နေရာ ဘယ်ဒေသမှာ ဖြစ်ဖြစ် ရန်သူ ဟူသရွေ့ကို ဖိမ့်ဖိမ့်တုန် သွားစေတဲ့ မဂဓစစ်တပ် ကြီးကို မလောက်လေး မလောက်စား ဒါလောက် အင်အားလေးနဲ့ အန်တုမယ် ကြံတာဟာ မျက်စိကန်းတစ္ဆေ မကြောက်တာက လွဲပြီး ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဘယ်လိုနည်းနဲ့မှ ယှဉ် ပြိုင်လို့မရတဲ့ မဂဓစစ်တပ်ကြီး အကြောင်းကို သင်းတို့ မကြားဖူးဘူး ထင်တယ်။ အင်း နေဦး၊ ကလိင်္ဂဘုရင့် တမန်တော် ရောက်နေတယ် မဟုတ်လား။ ရှေ့တော်သွင်းစေ”

ယာယီတဲနန်း အပြင်ဘက်၌ စောင့်နေသည့် ကလိင်္ဂဘုရင့် တမန်တော်ကို ဘုရင်မင်းကြီး ရှေ့တော်မှောက် ခေါ်လာခဲ့ လေသည်။
“အသင် ကလိင်္ဂဘုရင့် တမန်တော်လား”

“မှန်ပါတယ် အရှင်မင်းကြီး။ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရဲ့ အရှင်သခင် အရှင်မင်းကြီးကို ကျွန်ုပ်တမန်တော် ဦးညွှတ် လိုက်ပါတယ်”

တမန်တော် ဦးခေါင်း ငုံ့ထားသည်။ ဘုရင်မင်းကြီး၏ မျက်နှာတွင် ကျေနပ်အားရ သွားသည့် အမူအရာ ပေါ်လာသည်။
“တမန်တော်၊ ငါတို့ စစ်တပ်ကြီး အခု သင်တို့ ကလိင်္ဂကို ၀ိုင်းထားမိပြီ။ တကယ်လို့ ကလိင်္ဂက လက်နက်ချ အညံ့ခံမယ် ဆိုရင် ကလိင်္ဂ ဘုရင်ကိုလည်း အသက် ချမ်းသာပေးမယ်။ ကလိင်္ဂ တိုင်းပြည်လည်း အချေမှုန်း မခံရဘဲ ရှိမြဲအတိုင်း ရှိနေလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ ငါတို့ကို ခုခံမယ် ကြံရင်တော့ ကလိင်္ဂ ဘုရင်ဟာ အသက် မသေတောင် အဖျင်းဆုံး သုံ့ပန်း အဖြစ်နဲ့တော့ အဖမ်း ခံရပါလိမ့် မယ်။ ကလိင်္ဂ တိုင်းပြည်လည်း မှုန့်မှုန့်ညက်ညက် ကြေသွား လိမ့်မယ်”

ကလိင်္ဂတမန်က ဦးခေါင်းမော့ လျှောက်ထား လိုက်လေသည်။
“အရှင်မင်းကြီး၊ ကလိင်္ဂ သဘောထားဟာ ကလိင်္ဂ ဘုရင်ရဲ့ သ၀ဏ်လွှာမှာ ပါတဲ့ အတိုင်းပါပဲ။ ကလိင်္ဂဟာ ကျူးကျော်သူ ဘယ်သူ ရှေ့မှောက်မှာမှ ဦးညွှတ် အညံ့ခံ လိမ့်မယ် မဟုတ်ပါ။ ကလိင်္ဂ ဘုရင်ကလည်း အရှင်မင်းကြီးကို အခုအတိုင်း လျှောက်ထား သံတော်ဦး တင်ဖို့ မှာကြားလိုက်ပါတယ်”
“ဒါဖြင့်ကောင်းပြီ။ စစ်နဲ့ ဖြေရှင်းဖို့ပဲ ရှိတယ်။ ကဲ သင်သွားနိုင်ပြီ”

စစ်စည်တော်ရွမ်းသံကို အဆက်မပြတ် ကြားနေရသည်။ စစ်စည်ရွမ်းသံသည် စစ်သည်တော်များအား အားသစ် အင်သစ်ဖြည့်ပေးလျက် ရှိနေသည်။ ရဲသွေးရဲမာန် ကြွနေကြသော မြင်းစစ်သည်တော်များသည် စစ်မြင်းများ၏ ဇက်ကြိုးကို ဆွဲထားကြပြီ။ မြင်းများသည် ခွာတပြင်ပြင်နှင့် ဟီနေ ကြသည်။ မုန်ယစ်နေသည့် ဆင်ကြီးများသည် နှာမောင်း ကြီးများကို အပေါ်ထောင်လျက် အော်နေကြသည်။ မဂဓ စစ်တပ်ကြီး အတွင်းမှ ထွက်ပေါ်လာသည့် အသံများသည် ဝေဟင် တစ်ခွင်၌ ပဲ့တင် ညံနေသည်။ စစ်တပ်အင်အား မည်မျှ ကြီးမား သနည်းဟူမူ တပ်အစနှင့် တပ်အဆုံးကို မျှော်ကြည့်၍ပင် မရပေ။ စစ်သွေးကြွနေသည့် ခြေလျင် တပ်သားများသည် ဓား၊ လှံ၊ ဒိုင်း၊ လေး၊ မြား ကိုယ်စီကိုင်စွဲလျက် စီတန်း ချီတက်နေကြသည်။ ဘုရင် အသောက၏ သားတော်အငယ် တိဝရ သည် တပ်ဦးက ချီတက်နေသည်။ သားတော်သည် ဆင်စီး စစ်သည်တော် ဖြစ်သည်။ သားတော် တိဝရ စီးလာသည့် ဆင်ပေါ်က ရွှေကုန်းနှီးသည် နံနက် နေရောင်ခြည်တွင် တလက်လက် တောက်ပနေသည်။ ဆင်ကြီးသည် တပ်ဦးမှ တရွေ့ရွေ့ ချီတက်နေသည်။ ပတ်ဝန်းကျင် တစ်ခွင်၌ စစ်ချီ စစ်တက်သံမှ တစ်ပါး တခြား ဘာကိုမှ မကြားရပေ။

ရန်သူဘက်ကို ကြည့်လိုက်ပါဦး။ ကလိင်္ဂဘုရင့်သား တော်လည်း ကလိင်္ဂတပ်ဦးမှပင် ဆင်စီးပြီး ချီတက်လာသည်။ မဂဓ စစ်တပ်ဘက်မှ သားတော်တိဝရက မြားတစ်စင်း လွှတ်လိုက်၏။ ကလိင်္ဂ ဘုရင့်သားတော်သည် မိမိထံ ရှေးရှုလာသည့် တိဝရ၏ မြားကို မြားနှင့်ပင် ပစ်ပြီး ဖယ်ထုတ်လိုက်လေသည်။ တစ်ဖက်နှင့် တစ်ဖက် စတင် တိုက်ခိုက်ကြလေပြီ။ သားတော် တိဝရက အော်ပြောလိုက်လေ၏။

“ကလိင်္ဂသားတော် လက်နက် ပစ်ချလိုက်ပါ။ မဂဓ စစ်တပ်ကြီးမှာ စစ်သည်တပ်သားတွေ မရေ မတွက်နိုင်လောက်အောင် ပါလာတယ်။ လက်တစ်ဆုပ်စာ ကလေးလောက် ရှိတဲ့ စစ်သည် အင်အားနဲ့ မဂဓနိုင်ငံတော် စစ်တပ်ကြီးကို ခုခံမယ် ကြံသလား။ သင်တို့ ကလိင်္ဂစစ်တပ် မှုန့်မှုန့်ညက်ညက် ကြေ သွားလိမ့်မယ်။ လူတွေရဲ့ အသက်ကို အချည်းနှီး အလဟဿ ပြုန်းတီးပျက်စီးသွားအောင် မလုပ်ချင်ပါနဲ့”
ကလိင်္ဂသားတော်က ဟားခနဲ ရယ်လိုက်သည်။

“ရယ်စရာ ကောင်းလိုက်ပါဘိ”

“မုဆိုးက မေတ္တာတရား ဟောနေသလား။ ဟယ် ဓားပြ သား ဓားပြမြေး။ ကလိင်္ဂ ပျောက်ချင် ပျောက်သွားလိမ့်မယ်။ ဒါပေမယ့် သူတစ်ပါးကျွန်တော့ ဘယ်တော့မှ အဖြစ်မခံဘူး မှတ်ထား”

စစ်ပွဲစပြီ။ တစ်ဖက်နှင့် တစ်ဖက် အပြင်းအထန် တိုက်ခိုက် နေကြသည်။ ထိုအတွင်း မဂဓတပ်သား အတော်များများ သည် မြို့တွင်းသို့ ချဉ်းနင်း ထိုးဖောက် ၀င်ရောက် သွားကြသည်။ မြို့အတွင်း၌ မြို့သူမြို့သားများကို ခုတ်ထစ် သတ်ဖြတ် ကြသည်။ လူနေ အိမ်ခြေများကို မီးတင် ရှို့ကြသည်။ မြို့ပြင်မှ လူသတ် ပွဲကြီးသည် မြို့တွင်း ရောက်သွားပြီး မြင်းများသည် ဒဏ်ရာ အပြင်းအထန် ရကုန်ကြသည် ဖြစ်၍ ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ ဆင်များလည်း နှာမောင်း ပြတ်ကုန်ကြ သဖြင့် မခံမရပ် နိုင်အောင် ဝေဒနာ ခံစားရပြီး စစ်သည် တပ်သားများကို နင်းခြေလျက် လွတ်ရာကျွတ်ရာ ပြေးထွက်သွား ကြသည်။ စစ်မြေပြင်၏ အခြေအနေမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာသည်။ ရန်သူ၊ မိတ်ဆွေ၊ သူ့လူကိုယ့်လူ၊ သူ့ဘက်သား၊ ကိုယ့်ဘက်သား ခွဲခြားမရသည့် အခြေအနေရောက်ရှိလာ သည်။ ကလိင်္ဂမြို့တော်တွင်းမှ ကြွေးကြော်သံ ပေါ်လာလေ၏။

“ကလိင်္ဂ ပြည်သူပြည်သားတို့။ သွေးစည်းကြလော့။ ညီညွတ်ကြလော့။ ရန်သူအရိုင်းတွေကို သုတ်သင်ပစ်ကြလော့”

မဂဓ စစ်သားများကလည်း ဟစ်အော် ကြွေးကြော်ကြ လေသည်။
“ကလိင်္ဂ တစ်ပြည်လုံးကို ချေမှုန်း ပစ်ကြလော့။ ကျူပင်ခုတ် ကျူငုတ် မကျန်ကြစေနှင့်။ အသောက ဘုရင် မင်းတရားကြီး သက်တော်ရာကျော် ရှည်ပါစေ”

နှစ်ဖက်မှ ကြွေးကြော်သံသည် တစ်သံနှင့် တစ်သံထိမိ တိုးမိကြသည်။ နှစ်ဖက်မှ ဓား၊ လှံများသည် တစ်ခုနှင့်တစ်ခု လက်ခနဲ၊ ပြက်ခနဲ ထိကြခိုက်ကြသည်။ မြေပြင်၌ကား နှစ်ဖက်သော စစ်တပ်မှ စီးကျလာသည့်သွေးများသည် တစ်ပြင်တည်း ဖြစ်သွားလေသည်။ တောင်ပေါ်မှ စမ်းရေအလျဉ် စီးကျနေ သကဲ့သို့ သွေးများသည် မြေပြင်ပေါ် တရဟော စီးကျနေသည်။

မဂဓ စစ်တပ်သည် ကလိင်္ဂဘက်မှ ဤမျှကြံ့ကြံ့ခံနေနိုင် လိမ့်မည်ဟု ယောင်၍ပင် မတွေးခဲ့မိပေ။ ဘယ်နိုင်ငံ ဘယ် နယ်မြေသို့ ချီတက်ချီတက် အလျင်အမြန် အောင်ပွဲ ခံခဲ့ရသည် ချည်းသာလျှင် ဖြစ်ခဲ့သည်။ ဤကလိင်္ဂ စစ်မြေ၌မူ မဂဓသည် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေသည်။ အိမ်တိုင်း လိုလို၏ အထက်ထပ်မှ ကလေး သူငယ်က အစ အုတ်ခဲမိုး၊ ကျောက်ခဲမိုး ရွာချ နေကြသည်။ သက်ကျား အိုများလည်း အလကား မနေကြပေ။ မီးရှို့ထားသည့် အ၀တ်များကို မဂဓစစ်သားများ ဘက် ပစ်ပစ်ချနေကြသည်။

ခရုသင်း မှုတ်သံ ပေါ်လာသည်။ ခရုသင်း မှုတ်သံကြားရသည်နှင့်တစ်ပြိုင်နက် အရပ်သား များသည် ရရာ လက်နက်စွဲ ကိုင်လျက် ထွက်လာကြသည်။ မိန်းမများက ညာသံပေးကြသည်။ တပ်ဦးတွင် ဘုရင့် သမီး တော်သည် မြင်းစီးချီတက်နေသည်။ လက်ထဲတွင် ကလိင်္ဂ အလံတော် ကိုင်ထားသည်။ တပ်ဦးက ချီတက်လာသော ဘုရင့် သမီးတော်ကို တွေ့ရလိုက်သည့် အခါ အရပ်သူ အရပ်သား များသည် စိတ်ဓာတ် တက်ကြွလာကြပြီး တစ်ခဲနက်ကြွေး ကြော်ကြလေသည်။ ခြင်္သေ့သားရဲများ ပမာ မဂဓ စစ်သားများကို ထိုးဖောက် တိုက်ခိုက်ကြလေသည်။ မဂဓ စစ်သားများသည် ရုတ်တရက် အံ့အား သင့်သွားကြသည်။ လက်နက်ကိုင် အရပ်သူ အရပ်သားများကို ဘုရင့်သမီးတော်က ကွပ်ကဲနေသည်။ ဘုရင့် သမီးတော်၏ နဖူးမှ သွေးယို စီးကျလာသည်ကို တွေ့ရ သည့်အခါ ပြည်သူတို့သည် နှစ်ဆတိုး၍ တွန်းလှန် တိုက်ခိုက် ကြသည်။ တိုက်ပွဲသည် အလွန်တရာ ပြင်းထန်နေသည်။

သားတော် ဇာလောကသည် ကလိင်္ဂဘုရင့် သမီးတော်အား ချိန်ရွယ်လျက် မြားလွှတ်လိုက်သည်။ ဘုရင့် သမီးတော်သည် မြားသင့်ပြီး မြင်းပေါ်က လိမ့်ကျသွားသည်။ ထိုအခိုက် မည်သူမှန်း မသိရသည့် မိန်းမပျို တစ်ဦးသည့် ဘုရင့်သမီးတော်၏ လက်ထဲက ကလိင်္ဂ အလံတော်ကို ဖမ်းကိုင်လျက် မြင်းပေါ် လွှားခနဲ ခုန်တက်လိုက်သည်။ ထို့နောက် သမီးတော်၏ တာဝန်ကို ဆက်ယူလျက် လက်နက်ကိုင် ပြည်သူများကို ဦးဆောင် နေလေသည်။ မြို့သူမြို့သားများသည် အရှိန်အဟုန် မြှင့်လျက် တစ်ဖန်ဝင်ရောက် တိုက်ခိုက်ကြပြန်သည်။ “ကလိင်္ဂ အောင်ရ မည်” ဟူသော ကြွေးကြော်သံသည် ကလိင်္ဂပြည်သူ့ အတွင်းမှ တစ်ခဲနက် ထွက်ပေါ်လာလေသည်။

ကလိင်္ဂတိုင်း အတွင်း မဂဓ စစ်တပ် ချီတက်သွားရာ နေရာမှန်သမျှ၌ ကျောက်ခဲ အုတ်ခဲများဖြင့်လည်းကောင်း၊ ဆူးငြောင့် ခလုတ်များဖြင့်လည်းကောင်း လမ်းများ ပိတ်ဆို့ထား ကြသည်။ ပြည်သူတို့သည် အိမ်တကာမှ ထွက်၍ မဂဓ စစ်တပ်ကို ခုခံ တိုက်ခိုက်ကြသည်။ အိမ်အပေါ် ထပ်များမှ ရေနွေးများ၊ ဆီပူများဖြင့် မဂဓစစ်သားများအပေါ် လောင်းချကြသည်။ မိန်းမများ ကလည်း မီးလောင်နေသည့် မီးတုတ်ကြီးများဖြင့် မဂဓ စစ်သားများအား ပစ်ပေါက်ကြသည်။ စစ်သားများပြေး ထွက်သွားသည့် အခါ ကလိင်္ဂ စစ်တပ်နှင့် အရပ်သားများသည် မဂဓ စစ်သားများနောက် အတင်းလိုက်ကြသည်။ ကလိင်္ဂနယ် မြေ၌ အလောင်းချင်း ထပ်နေပြီ။ သို့ရာတွင် တိုက်ပွဲကား အေးငြိမ်း မသွားသေးပေ။

ယာယီတဲနန်း အတွင်း၌ကား အသောက မင်းကြီးသည် ရတက်မအေး ဖြစ်နေသည်။ ဘုရင်မင်းကြီး အပါးသို့ သေနာ ပတိ မိဂမန္ဒ ရောက်လာသည်။
“အရှင်မင်းကြီး”

“ဘာလဲ သေနာပတိ။ ကလိင်္ဂ လက်နက် မချသေးဘူး လား”

“လက်နက်မချသေးပါဘူး အရှင်မင်းကြီး။ ပြန်လှန်ခုခံ နေကြတုန်းပဲ ရှိသေးတယ်”

“သားတော် တိဝရအသံ မကြားပါလား။ ဘယ်ရောက် နေသလဲ သေနာပတိ”

“အရှင်မင်းကြီး”

သေနာပတိ ဦးခေါင်းငိုက်စိုက် ကျသွားသည်။ ဘုရင် အသောက အံ့သြသည့် မျက်နှာဖြင့်
“လက်တစ်ဆုပ်စာလောက်ရှိတဲ့ ကလိင်္ဂ စစ်တပ်က ဒါ လောက်တောင် ခေါင်းမာ နေနိုင်သလား”

ဘုရင်မင်းကြီးသည် ယမ်းပုံမီးကျ ဒေါသ ဖြစ်လာသည်။ မိမိ၏ ရင်နှစ် သားတော်ငယ် ပျောက်ဆုံးနေသည့် အတွက် ကြောင့်လည်း ပို၍ မခံမရပ် နိုင်အောင် ဖြစ်နေသည်။
“အရှင်မင်းကြီး၊ ကလိင်္ဂပြည်သူတွေ ကလိင်္ဂ စစ်တပ်နဲ့ ပေါင်းမိ သွားကြပါပြီ။ ကလေး သူငယ်က အစ စစ်မြေပြင် ထွက်ပြီး ခုခံတိုက်ခိုက် နေကြတယ်။ မိန်းမသားများကလည်း ရရာ လက်နက်စွဲပြီး တိုက်ပွဲ ၀င်နေကြတယ်။ အထောက်တော်များ ဆီကရတဲ့ သတင်းအရ မြို့ပြင်မှာ ရှိတဲ့ ကျေးရွာတွေက တောင် သူလယ်သမားတွေ လက်နက် ကိုယ်စီနဲ့ မဂဓစစ်တပ်ကို ခုခံ တိုက်ခိုက်ဖို့ ချီတက် လာနေပြီလို့ သိရပါတယ်။ ကလိင်္ဂတစ် တိုင်းလုံး တစ်ပေါင်းတည်း၊ တစ်စည်းတည်း ဖြစ်သွားကြပါပြီ အရှင်မင်းကြီး”

အသောက မင်းကြီးသည် လက်သီး ဆုပ်လိုက်သည်။ အံကြိတ်လိုက်သည်။
“ဒီဘာမှ မမှုလောက်တဲ့ လက်တစ်ဆုပ်စာ ကလိင်္ဂ စစ်တပ်ကို နိုင်အောင် မတိုက်နိုင်တာ သင် သေနာပတိကြီးမှူး ကွပ်ကဲတဲ့ မဂဓစစ်တပ် အတွက် ရှက်ဖွယ် မကောင်းဘူးလား သေနာပတိ”

အသောကမင်းကြီးက ဒေါသဖြင့် ဘယ်လိုပြောပြော သေနာပတိ မိဂမန္ဒကမူ တစ်စုံတစ်ရာ ထူးခြားမှု ဖြစ်မလာပေ။
“အရှင်မင်းကြီး၊ မကြာခင်မှာပဲ မဂဓစစ်တပ် ပြန်ဆုတ် ရဖို့ ရှိနေပါတယ်”

“သေနာပတိ၊ သင် ကွပ်ကဲနိုင်စွမ်း မရှိလျှင် ကျုပ်ကိုယ် တိုင် မဂဓစစ်တပ်ကို ကွပ်ကဲမယ်။ ပွဲတိုင်းအောင် မဂဓစစ် တပ်ကြီး ပြန်ဆုတ်ခွာရမယ် ဆိုရင် ရာဇ၀င် ရိုင်းလိမ့်မယ်။ ကလိင်္ဂ ဘယ်လောက် ခေါင်းမာနိုင်သလဲ ဆိုတာ စောင့်ကြည့် သေနာပတိ”

ဘုရင် အသောက ကိုယ်တိုင် ဆင်ပေါ် တက်လိုက်သည်။ ဆင်ဦးစီး၏ လက်ထဲက ချွန်းသည် မုန်ယစ်နေသည့် ဆင်ကြီး၏ ဦးခေါင်းတွင် စိုက်ဝင်သွားသည်။ ဆင်ကြီးသည် အရှိန် အဟုန်ဖြင့် ရှေ့ချီတက်သွားသည်။ တပ်သားများ အတွင်း ထွင်းဖောက် ချီတက်သွားသော ဆင်ကြီးသည် လှိုင်းလုံးကြီး များ တလိမ့်လိမ့် တက်နေသည့် ပင်လယ် သမုဒ္ဒရာအတွင်း ဧရာမ သင်္ဘောကြီး ခုတ်မောင်း သွားသည်နှင့် တူနေသည်။ ဘုရင်မင်းကြီး ကိုယ်တော်တိုင်ကို တွေ့မြင်ကြရသဖြင့် မဂဓ စစ်သည် စစ်သားများသည် အားခွန်သစ် ၀င်လာကြသည်။

ထိုအချိန်တွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသော ကလိင်္ဂဘုရင့် သားတော်သည် သွေးရဲရဲ သံရဲရဲနှင့် ကိုယ်ခန္ဓာတစ်ခုလုံး ဒဏ်ရာအပြည့် ဖြစ်နေပြီ။ သို့သော် အားမလျှော့။ မိမိစီးထား သည့် ဆင်ကို ရှေ့တက်စေပြီး အော်ပြောလိုက်လေသည်။
“ဟယ် မဂဓဘုရင်၊ လာ ရှေ့တက်ခဲ့။ သင် မဂဓဘုရင် ဇာတ်သိမ်းရတော့မယ့်အချိန် ရောက်လာပြီ”

ဘုရင် မင်းကြီးသည် လေးတွင် မြားတပ်လျက် “ဟယ် ကလိင်္ဂ ဘုရင့်သားတော်။ ဇမ္ဗူဒိပ်မှာ ရှိတဲ့ ထီးဆောင်းမင်း မှန်သမျှကို ငါ့ရှေ့မှာ ပြားပြားဝပ်အောင် ငါလုပ်ခဲ့ပြီးပြီ။ သင်က အခုမှ နို့သက် ကုန်ခါစ ရှိသေးတယ်။ ငါ့ကို အန်တုမယ် ကြံသလား။ သင့်ကို ဆုံးမပြလိုက်မယ်။ လာ ရှေ့တက်ခဲ့”

အသောက မြားတစ်စင်း လွှတ်လိုက်သည်။ ကလိင်္ဂဘုရင့် သားတော်က ဘုရင် အသောက ပစ်လိုက်သည့်မြားကို ဒိုင်း ဖြင့် ခံလိုက်လေ၏။ မြားသည် ဒိုင်းကိုဒေါက်ခနဲ ထိမှန်လျက် လွင့်စဉ် ကျသွားသည်။ ဒုတိယ အကြိမ် ဘုရင် အသောက တစ်ပြိုင်တည်း မြားနှစ်စင်း လွှတ်လိုက်ပြန်သည်။ ကလိင်္ဂ ဘုရင့် သားတော်သည် အသောက၏ မြားနှစ်စင်းကို မြားဖြင့် ပစ်ပြီး တခြား ဖယ်ထုတ် ပစ်လိုက်ပြန်သည်။ ဘုရင် အသောက အကြီးအကျယ် ဒေါသ ထွက်လာသည်။ ဆင်ဦးစီးကို ချွန်းအဖွင့် ခိုင်းလိုက်သည်။ ဆင်ကြီး ရှေ့တိုးသွားသည်။ ဘုရင် အသောကကို တွေ့ရသည့် အခါ မဂဓစစ်တပ်သည် ညာသံ ပေးလိုက်ကြ၏။ သေရည်တ၀ သောက်ထားသဖြင့် မူးယစ်နေသည့် ဆင်ကြီးသည် လူသေအလောင်းများကို နင်းလျက် တောင်တစ်ခြမ်းပြိုပြီး လှိမ့်သွားသည့်ပမာ ရှေ့သို့ အဟုန်ဖြင့် တိုးသွားလေသည်။ ကလိင်္ဂဘုရင့်သားတော် အငိုက်မိသွား သည်။ ဘုရင်အသောကသည် ရှည်လျား တုတ်ခိုင်သော အဲမောင်းကြီးဖြင့် ကလိင်္ဂ ဘုရင့်သားတော်၏ လည်မျိုကို ထိုးစိုက် လိုက်လေသည်။ ကလိင်္ဂစစ်သားများသည် ဟင်ခနဲ ဟာခနဲဖြစ်သွားကြသည်။

မဂဓ စစ်သားများကမူ သောင်း သောင်းဖြဖြ ဟစ်အော် ကြွေးကြော်ကြလေ၏။ အသောကသည် နဖူးမှ စီးကျလာသည့် ချွေးကို သုတ်လိုက်သည်။ ကလိင်္ဂ စစ်သားများ နောက်ဆုတ် သွားကြ၏။ ဆုတ်သွားသော ကလိင်္ဂစစ်သားများ နောက်သို့ မဂဓစစ်တပ်က ညာသံ ပေးပြီး လိုက်ကြသည်။ ထိုခဏ၌ ရန်သူ့ဘက်မှ ဆင်ကြီး တစ်ကောင်သည် တပ်ဦးသို့ ချီတက်လာသည်။ ဆင်ကြီးပေါ်တွင် ကလိင်္ဂ ဘုရင် ပါလာသည်။ ဆုတ်သွားသော ကလိင်္ဂစစ်တပ်သည် မိမိတို့ ဘုရင်ကို တွေ့မြင်ရသည့်အခါ တအား တက်သွားပြီး ပြန်တက် လာကြပြန်သည်။ နှစ်ဖက်သော စစ်တပ်မှ ထွက်ပေါ်လာသည့် ဓားဓားချင်းခုတ်သံ၊ လှံလှံချင်းထိသံတို့သည် ကောင်းကင် ယံ၌ ပဲ့တင် ညံနေသည်။ တိုက်ပွဲတစ်ချီ အပြင်းအထန် ဖြစ်ပွား ပြန်လေသည်။

စစ်သည်တပ်သားများသည် တစ်ယောက်ပြီး တစ်ယောက် ကျကုန်ကြသည်။ ဘုရင် နှစ်ပါးသည် အကြိတ် အနယ် စီးချင်းတိုက်နေကြသည်။ ထိုအခိုက် ကလိင်္ဂမိဖုရား ကြီးသည် မြင်းစီးလျက် တခြား မိန်းမပေါင်းများစွာနှင့် အတူ စစ်မြေပြင်သို့ ရောက်လာသည်။ မိဖုရား ဦးစီးသည့် မိန်းမ တပ်က ထိုးဖောက် ၀င်ရောက် တိုက်ခိုက်လိုက်သည့် အတွက် မဂဓတပ်သားများ ရှဲသွားကြသည်။ သေနာပတိ မိဂမန္ဒအမှူး ပြုသော တပ်သားများစွာ တို့သည် မိန်းမတပ်ကို နောက်ဘက် မှ အတင်းဝင်ပြီး ခုတ်ထစ် သတ်ဖြတ် ကြလေသည်။ မိန်းမများ သည် ငှက်ပျောပင်ကို ဓားဖြင့် ပိုင်းချလိုက်သကဲ့သို့ တစ်ယောက် ပြီးတစ်ယောက် အတုံးအရုံး ဖြစ်ကုန်ကြသည်။ ထိုအခိုက် ဘုရင်အသောက ပစ်လွှတ်လိုက်သည့် လှံသည် ကလိင်္ဂဘုရင် ရင်ညွန့်တည့်တည့် စိုက်ဝင် သွားလေသည်။ အရွယ်ထောင့် နေပြီဖြစ်သည့် ကလိင်္ဂဘုရင်သည် ရွှေကုန်းနှီးပေါ် လဲကျသွား လေသည်။ ကလိင်္ဂတပ်သားများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ သည်။ ထိုအခိုက် အနောက်ဘက်ဆီမှ အသံတစ်သံ ပေါ်လာသည်။

“ကလိင်္ဂသူရဲကောင်းတို့ သတိရှိကြ။ နောက်ပြန် မဆုတ်နဲ့။ ရှေ့ချီတက်”

မည်သူ့အသံ ဖြစ်သည်ကို အသောက မင်းကြီး မသိပေ။ ကလိင်္ဂ စစ်တပ်သည် နောက်ပြန် မဆုတ်ဘဲ ကြံ့ကြံ့ခံနေသည်။ ကြည့်ရင်းကြည့်ရင်း ဆည်းဆာချိန် ရောက်လာသည်။ သေနာပတိ မိဂမန္ဒသည် မြင်းကိုနှင်လျက် ဘုရင် အသောက အနီး ကပ်လာ၏။
“အရှင်မင်းကြီး”

ဘုရင်အသောက လှည့်ကြည့်သည်။
“အရှင်မင်းကြီး၊ ဆည်းဆာချိန်တောင် ရောက်လာပြီ။ အရှင်မင်းကြီး နားဖို့ တော်ပါပြီ”

ဘုရင်အသောကသည် နီရောင် သန်းနေသည့် ကောင်းကင်ပြင်ကို မော့ကြည့်လျက် “ကလိင်္ဂ ဘုရင်နဲ့ ကလိင်္ဂ ဘုရင့်သားတော်တို့ ကျဆုံး သွားပြီးတဲ့နောက် ကလိင်္ဂ စစ်တပ်ကို ဘယ်သူ ဦးဆောင်နေသလဲ”

“အရှင်မင်းကြီး၊ ကလိင်္ဂ စစ်တပ်ဟာ သူ့ဘာသာသူပဲ ဦးဆောင် နေပါတယ်”

“မိဖုရားကြီး ဦးဆောင်နေတာ များလား”

“မဟုတ်ပါဘူး။ အရှင်မင်းကြီး ကလိင်္ဂ နန်းတွင်းသူတွေ အားလုံး တိုက်ပွဲမှာ ကျဆုံး ကုန်ကျပါပြီ”

“ကလိင်္ဂဘုရင် တစ်မျိုးလုံး မျိုးပြုတ်သွားပြီးတဲ့ နောက်တောင် လက်နက် မချကြသေးဘူးလား။ ခုခံ တိုက်ခိုက်နေကြတာ ဘယ်သူတွေလဲ”

“ကလိင်္ဂ တစ်တိုင်းလုံးပါ အရှင်မင်းကြီး။ ဒါပေမယ့် အရှင်မင်းကြီး စစ်မြေပြင်မှာ ရှိနေဖို့ မလိုတော့ပါဘူး။ ကျန်တဲ့ အလုပ်ကို မဂဓစစ်တပ်က ဆက်လက်တာဝန်ယူသွားပါလိမ့် မယ်။ အခုစစ်တိုက်ဖို့လည်း မလိုတော့ပါဘူး။ တော်လှန် အုံကြွချင်တဲ့ လူတွေကို နှိမ်နင်းဖို့လောက်ပဲ ကျန်ပါတော့တယ်”
ဘုရင်အသောက စီးသည့် ဆင်ကြီးသည် ယာယီတဲနန်း ရှိရာသို့ ပြန်သွားလေသည်။

၂။
တစ်ညဥ့်လုံး တချွင်ချွင် မြည်နေသည့် ဓားဓားချင်း ထိသံ များကိုသာ ကြားယောင်နေသည်။ ယနေ့ညလို အိပ်မပျော် သည့် ညဟူ၍ တစ်ခါမှ မရှိဖူးခဲ့။ ဘုရင် ကွယ်လွန်သွားပြီ။ ဘုရင်အနွယ်လည်း မျိုးပြုတ် သွားပြီ။ သို့သော် ကလိင်္ဂပြည်သူပြည်သား တို့သည် စစ်တိုက် မရပ်ကြသေးပေ။ ဤစစ်သည် ဘုရင့်အတွက် မဟုတ်ပေ။ ကလိင်္ဂတိုင်းပြည်အတွက်သာ ဖြစ်သည်။ နို့စို့ ကလေးများသည် ငိုကြွေး နေကြသည်။ သို့သော် ယနေ့ သူတို့၏ မိခင်များသည် သူတို့ကို နို့တိုက်ချိန် မရ။ ရန်သူ ရှိရာသို့ အိမ်အပေါ်ထပ်မှ ရေနွေးပူ လောင်းချ နေကြရသည်။ မီးတုတ် ပစ်နေကြရသည်။ နေရာ အနှံ့အပြား၌ မီးဟုန်းဟုန်း တောက်နေသည်။ မဂဓ စစ်တပ်သည် မြို့ကို လုယက် ဖျက်ဆီးနေသည်။ လူသေ အလောင်းများ ရှိရာသို့ ပျံကျလာရန် ကောင်းကင် တစ်ခွင်၌ လင်းတများ ပျံဝဲ နေကြသည်။ ပြန်လှန် ခုခံသည့် ပြည်သူပြည်သား မြို့သူမြို့သား တို့သည် မဂဓ စစ်သားများ၏ လက်ချက်ဖြင့် အတုံးအရုံး ဖြစ်ကုန်ကြပြီး နေရာအနှံ့အပြား၌ အလောင်းချင်း ထပ်နေသည်။

ဘုရင် အသောကသည် တစ်ညလုံး မျက်လုံး ကြောင်နေသည်။ မိုးသာ စင်စင်လင်း သွားသည်။ တစ်မှေးမှ အိပ်မပျော်။ ယာယီတဲနန်း အတွင်းသို့ သေနာပတိ မိဂမန္ဒ ၀င်လာသည်။ တစ်ကိုယ်လုံး ဒဏ်ရာ အပြည့်နှင့်။
“အရှင်မင်းကြီး”

သေနာပတိ၏ အသံသည် တိမ်ဝင်နေသည်။ ဘုရင် အသောကက သေနာပတိကို ကြောင်ကြည့်နေမိသည်။
“ဘာလဲ သေနာပတိ”

“ကလိင်္ဂ လက်နက် ချလိုက်ပါပြီ အရှင်မင်းကြီး”

ယင်းသို့ ပြောပြီးလျှင် သေနာပတိသည် ဒယိမ်းဒယိုင် ဖြစ်နေသည့် အတွက် ယာယီ တဲနန်းတိုင်ကို လှမ်းကိုင် ထားလိုက် ရသည်။ ဘုရင်မင်းကြီးက သေနာပတိကို ဖမ်းထိန်း ထားလိုက်ရ၏။ အတန်ငယ် ကြာသောအခါ ဘုရင် အသောကသည် တဲနန်း အပြင်ဘက် ထွက်လာသည်။ တဲနန်း အပြင်ဘက်၌ သားတော် ဇာလောကက သူ့ခမည်းတော်ကို ဦးညွှတ်လိုက်သည်။ ခမည်းတော်နှင့် သားတော် နှစ်ဦးစလုံး ညက အိပ်မပျော် သဖြင့် မျက်လုံး နီရဲနေ၏။ ဘုရင်မင်းကြီးက မေးလိုက်သည်။

“ကလိင်္ဂ ခေါင်းထောင် နိုင်သေးသလား သားတော်”

“ကလိင်္ဂ တစ်တိုင်းလုံး ဦးကျိုး သွားပါပြီ ခမည်းတော် အရှင်မင်းကြီး”

“ဒီလူတွေကလည်း ဘယ်ကလဲ။ များပြား လှချည်လား”

“စစ်သုံ့ပန်းတွေပါ ခမည်းတော် အရှင်မင်းကြီး”

ဘုရင် အသောက မျက်နှာ တင်းမာသွားသည်။
“ဒီသုံ့ပန်းတွေ အတွက် ဘယ်လို စီမံရမယ် ဆိုတာ ခမည်းတော် အရှင်မင်းကြီး အမိန့်တော် စောင့်နေကြပါတယ်”

“ဒီလူတွေ ဘာအပြစ် ကျူးလွန်ကြသလဲ”

“သာမန် အရပ်သားများ ဖြစ်ကြပေမယ့် မဂဓ စစ်တပ်ကို ခုခံ တိုက်ခိုက်ကြပါတယ်”

“ကောင်းပြီ၊ သူတို့နဲ့ အထိုက်တန်ဆုံး အပြစ်ဒဏ်ဟာ သေဒဏ်ပဲ။ ဒီစစ်သုံ့ပန်းတွေကို အားလုံး သတ်ပစ်လိုက်”

ဘုရင်မင်းကြီး၏ အမိန့် အာဏာသံသည် ခက်ထန်နေသည်။ သားတော် ဇာလောက ထွက်သွားသည်။ ဘုရင်မင်းကြီး တဲနန်းတွင်း ပြန်ဝင်လာသည်။ စားတော်ကဲက ဘုရင်မင်းကြီး ပွဲတော်တည်ရန် ပွဲတော်အုပ် ယူလာသည်။ ပွဲတော်အုပ် ပြန်ယူ သွားရန် ဘုရင် မင်းကြီးက စားတော်ကဲကို လက်ပြလိုက်သည်။ စားတော်ကဲသည် ဘာမှ ပြန်မလျှောက်တင်ရဲပေ။ ပွဲတော် အုပ်ကို ပြန်ယူသွားသည်။ ဘုရင် မင်းကြီးသည် ယာယီတဲနန်း တွင်း၌ ကျားကြီး တစ်ကောင်ပမာ လှည့်ပတ် လျှောက်နေသည်။

ယနေ့ ဘယ်သို့ဘယ်ပုံ ဖြစ်နေသည်မသိ။ သူ၏ ရက်စက်ကြမ်း တမ်းမှုသည် သူ့ကို ဂနာမငြိမ်အောင် ပြုမူ ဖန်တီးနေသည်။
မဂဓ စစ်သားများသည် အပြစ်မဲ့သည့် ကလိင်္ဂ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေကြသည်။ အလောင်းများ တောင်ပုံရာပုံ ဖြစ်နေသည်။ ခေါင်းပြတ်များ မြေပြင်ပေါ် ပြန့်ကျဲ နေကြသည်။ လည်ပင်း ပြတ်များမှ သွေးများ ပန်းထွက်နေသည်။ ခပ်စောစောက အသတ် ခံရသူများ၏ သွေးများမှာမူ သွေးစေးသွေးခဲ ဖြစ်ကုန်ကြပြီ။ ငယ်သံပါအောင် အော်ဟစ်နေသည့် အချို့ကလိင်္ဂ အရပ်သားတို့၏ အသံသည် မဂဓစစ်သားများ ၏ ဒေါသကို နှိုးဆွပေးနေသကဲ့သို့ရှိသည်။

တောခွေးနှင့် တောတိရစ္ဆာန်များ ရောက်လာကြပြီ။ ဧရာမ ယောဂီကြီးကဲ့သို့ ဣနြေ္ဒကြီးနှင့် လင်းတ ငှက်ကြီးများသည် အလောင်းများ ဘေး၌ အစုလိုက် အပြုံလိုက် ရောက်နေ ကြပြီ။ အလွန်တရာ တုန်လှုပ် ချောက်ချားဖွယ် ကောင်းသည့် မြင်ကွင်းပါကလား။ ဘုရင် မင်းကြီး၏ ယာယီတဲနန်း တင်းတိမ် ဟသွားသည်။

“ဘယ်သူလဲ”

“သားတော်ပါ ခမည်းတော်”

သားတော် ဇာလောက ယာယီတဲနန်းတွင်း ၀င်လာသည်။ ထိုအချိန်၌ ကလိင်္ဂ နန်းတော်သည် မီးဟုန်းဟုန်း တောက်နေသည်။ မဂဓစစ်သားများသည် ကလိင်္ဂ မင်းမျိုးမင်းနွယ်ကို ကျူပင်ခုတ် ကျူငုတ်ပါ မကျန်အောင် သုတ်သင် ရှင်းလင်းပစ် လိုက်ကြသည်။ ဘုရင့် ဘဏ္ဍာများကိုလည်း လုယူသိမ်းပိုက် လိုက်ကြသည်။ မီးတောက် မီးလျှံကြီးများသည် ခေတ်အဆက်ဆက်က ခမ်းနားထည်ဝါစွာ တည်ရှိ လာခဲ့သည့် ကလိင်္ဂထီး နန်းကြီးကို ၀ါးမျိုနေလေပြီ။

လူနေ ရပ်ကွက်များ၌လည်း မီး တောက်မီးလျှံများ ဝေဟင်သို့ ထိုးတက် နေကြသည်။ မြို့တွင်း နေရာ အနှံ့အပြား၌ကား မြင်းစီး တပ်သားများသည် သွားစ ရာလမ်း ကွက်လပ် မရှိသဖြင့် လူသေ အလောင်းများ အပေါ်ကပင် မြင်းနှင့်နင်းပြီး လမ်းသလား နေကြသည်။ ဘုရင် အသောကက သားတော် ဇာလောကအား မေးလိုက်သည်။

“သားတော် တိဝရ အလောင်းကို ရှာလို့ တွေ့ပြီလား”

“မတွေ့သေးပါဘူး ခမည်းတော်။ တပ်သားတွေ ရှာဖွေ နေကြတုန်းပါပဲ”

“ငါ့သားတော် အလောင်း ငါကိုယ်တိုင် ရှာမယ်”

“ဒီမှာ ရှာကြည့်စမ်း”

သားတော် ဇာလောကသည် လူသေ အလောင်းပုံ တစ်ပုံ အနီး၌ ရပ်လျက် တပ်သားများအား အမိန့် ပေးလိုက်သည်။ သားတော်၏ နောက်တွင် အသောက မင်းကြီးနှင့် တပ်မှူးများ ရပ်နေကြသည်။ လူသေ အလောင်းများကို တစ်လောင်းပြီး တစ်လောင်းဖယ်လျက် သားတော် တိဝရ၏ အလောင်းကို ရှာကြသည်။ သို့သော် ဤမျှ တောင်ပုံရာပုံ ဖြစ်နေသည့် အလောင်းများ ကြားထဲတွင် အလောင်း တစ်လောင်းကို ရှာရသည်မှာ အပ်ပျောက် ရှာရသည်နှင့် တူနေသည်။ တွေ့ရန် ခက်ခဲလှပါဘိ။

“အရှင်မင်းကြီး၊ ဒီမြို့စွန်မှာတော့ ရှာတာ နှံ့နေပါပြီ”

သေနာပတိ မိဂမန္ဒက ပြောလိုက်သည်။
အသောက အမှူးရှိသော သေနာပတိများ၊ တပ်မှူးများ သည် မြို့အတွင်းဘက် ထွက်လာကြသည်။ လမ်းပေါ်၌ အလောင်းချင်း ထပ်နေသည်။ ဘုရင်မင်းကြီးလည်း ဆင်ပေါ် မှဆင်းပြီး လျှောက်လာသည်။ သူ့ရင်ဘတ်တွင် သံချပ်မိန်ညို ပတ်ထားသည်။ ဦးခေါင်းတွင် ရွှေမကိုဋ် ဆောင်းထားသည်။ ရွှေမကိုဋ်တွင် စီခြယ်ထားသည့် စိန်များသည် အရောင် တဖိတ်ဖိတ် တောက်နေကြသည်။

ကောင်းကင်၌ ငှက်များ ပျံဝဲနေကြသည်။ အချို့က အနက်၊ အချို့က အဖြူ၊ လင်းတငှက်များလည်း ပါသည်။ ငှက်များ သည်လူသေအလောင်းများကို တ၀စားပြီး သွားကြပြီဖြစ်၍ ကောင်းကင်တွင် ပျံဝဲနေကြသည်။ ငှက်များနှင့် တိရစ္ဆာန်များ အတွက် လူသေ အလောင်းများမှာ စားမကုန် သောက်မကုန် ဖြစ်နေသည်။

ဘုရင် အသောကသည် ပတ်ဝန်းကျင် မြင်ကွင်းကို တွေ့ရ သဖြင့် ချောက်ချားလာသည်။ ကလိင်္ဂ တိုင်းသားများသည် အားလုံးပင် ရူးသွပ်နေကြသလော။ ဘာကြောင့် ယခုလို အသက်စွန့်ပြီး ခုခံ တိုက်ခိုက်ကြသနည်း။ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ ဘုရင်မင်းကြီးသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အိမ်ပျက် အဆောက်အအုံ ပျက်များထဲမှ မီးခိုး တလူလူ ထွက်နေသည်။ သားတော် တိဝရအလောင်းကို ပိုက်စိပ်တိုက် ရှာနေသည့် တပ်မှူးများ၊ တပ်သားများ၏ ခြေသံ မှတစ်ပါး တခြားဘာသံကိုမှ မကြားရ။ တပ်သားများ၏ ခြေသံသည်သာလျှင် ပတ်ဝန်းကျင်၌ ပဲ့တင် ထပ်နေသည်။ ထိုအခိုက် ထူးခြားသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ အသောက လန့်သွားသည်။ တပ်မှူး တစ်ယောက်က ခဲနှင့် လှမ်းပေါက်လိုက်သည်။ ဇီးကွက်ကြီး တစ်ကောင်သည် အသောက တို့ရှိရာဘက် တစ်ချက်လှမ်းကြည့်ပြီး ထပျံသွား လေသည်။

ထိုအတွင်း အဆောက်အအုံ ပျက်ထဲက ငိုသံတစ်သံ ထွက် ပေါ်လာပြန်သည်။ ငိုသံသဲ့သဲ့မျှသာ ဖြစ်သည်။ အသောက အံ့အားသင့်သွားသည်။ တိတ်ဆိတ် ငြိမ်သက်နေသည့် ဤ ပတ်ဝန်းကျင်၌ ယင်းငိုသံမှာ သဲ့သဲ့မျှသာ ဖြစ်သော်လည်း ထူးခြားနေသည်။ လူသူ ကင်းမဲ့သည့် နေရာ၌ လူတစ်ယောက် ၏ အသံဖြစ်နေသည် မဟုတ်လော။ သက်ရှိ တစ်ဦး၏ အမှတ် လက္ခဏာ ဖြစ်နေသည် မဟုတ်လော။ အသောကသည် ကျေနပ် အားရသလိုလို ဖြစ်သွားသည်။ မိမိ၏ အနိုင်ရမှုကို သတိရလာသည်။ မိမိ၏ အောင်မြင်မှုကို သဘော ပေါက်လာသည်။ စစ်နိုင်သူတို့သည် အောင်ပွဲ ခံကြသည်။

ယင်းသို့ အောင်ပွဲခံနိုင်ရန် အတွက် တစ်ဖက်က စစ်ရှုံးသူ ရှိနေရမည်။ လူသေ အလောင်းများ အပေါ် အောင်ပွဲ ခံနေ၍ ဘာအရသာတွေ့ မည်နည်း။ မိမိ၏ စည်းစိမ်၊ မိမိ၏ အာဏာကို အားကျသူ၊ မနာလို မရှုဆိတ်သူ မရှိပါက ဘယ်သူ့အပေါ် သွားပြီး ၀ါကြွား မည်နည်း။ ဘယ်သူ့အပေါ် သွားပြီး အာဏာပြမည်နည်း။ ယခု အသောက အတွက် အောင်ပွဲခံနိုင်ရန် ရှုံးသူ၏ကိုယ်စား သက်ရှိ အမှတ် လက္ခဏာ တစ်ခုကို တွေ့နေရပြီ။

အသောက ရှေ့တိုးသွားသည်။ စစ်သားများက ကျောက်ခဲ၊ အုတ်ခဲများကို ဖယ်ပြီး လမ်းရှင်းပေးသည်။ လူသွားလမ်း ဖြစ်သွားသည်။ သေနာပတိ ဓားကိုင်ပြီး ရှေ့မှသွားသည်။ သေနာပတိ နောက်က ဘုရင်မင်းကြီး။ ဘုရင်မင်းကြီးနောက်မှ သားတော် ဇာလောကနှင့် တပ်မှူးများ၊ တပ်သားများ။ အသံလာရာ အဆောက်အအုံ ပျက်ထဲ ၀င်ကြည့်သော အခါ ကလေးငယ် တစ်ယောက် ငိုနေသည်ကို တွေ့ရသည်။ ကလေး ငယ်သည် သူ့ထံလာသူများကို တွေ့ရသည့်အခါ ပိုပြီးငိုသည်။ ကလေးသည် အဖေ အမေရှေ့၌ ချွဲတတ်၊ နွဲ့တတ်သည်။ ထိုလူမမယ် ကလေးငယ်သည် တစ်ခဏ အလွန်က တစ်ကိုယ် တည်း အားကိုးရာမဲ့ ဖြစ်နေပြီး ငိုနေသည်။ သို့သော် သူယခု ငိုနေသည်မှာ မကြာမီက ငိုနည်းမျိုး မဟုတ်ပေ။ သားသားကို ပစ်ပြီး ဘယ်သွား နေကြတာလဲဟု အဖေ ထင်နေသူများအား အပြစ်တင်သည့်ပုံဖြင့် ငိုနေခြင်း ဖြစ်သည်။ ဤကမ္ဘာ ပျက်ထဲတွင် ဤကလေးငယ် တစ်ယောက် အသက် မသေဘဲ ကျန်နေ ခဲ့ပါကလား။

အသောကသည် ကလေးငယ်ကို မမှိတ်မသုန် ကြည့်နေသည်။ ကလေးငယ်သည် လူသတ် ဘုရင်ကြီး အသောက ရှေ့ မှောက် ရောက်နေသော်လည်း အကြောက်အရွံ့ လုံးလုံးမရှိပေ။ ကလေးငယ်သည် ရန်သူမိတ်ဆွေ ခွဲခြား မသိတတ် သေးပေ။ သူသိသည်မှာ လူကိုသာ။ ရန်သူဖြစ်ဖြစ်၊ မိတ်ဆွေဖြစ်ဖြစ် သူရှေ့တွင် ဘာမှ မထူးခြား။ အားလုံး လူသာလျှင် ဖြစ်သည်။

ထိုအချိန်၌ စစ်သား တစ်ယောက်သည် ဓားကိုင်လျက် ရှေ့တိုးသွားသည်။
နောက်ဘက်မှ သေနာပတိက “အဆိပ်မျိုးစေ့လေး ကျန်နေသေးတယ်”

အချို့က ရယ်ကြသည်။ သို့သော် အသောက မရယ်။ မျက်နှာ တည်နေသည်။
“ကံဆိုးလှတဲ့ ကလေးငယ်၊ ကလေးရဲ့အမေက ကလိင်္ဂ အတွက် ကလေးကို ပစ်ထားခဲ့တယ် မဟုတ်လား။ ဒါပေမယ့် ကလိင်္ဂ နယ်မြေက အခုကလေးရဲ့ အောင်ခွန်းအောင်သံနဲ့ပဲ ပဲ့တင် ညံနေတယ်”

ဘုရင်အသောက၏ နှုတ်က ထွက်လာသည့် စကားကို မည်သူမှ အဓိပ္ပာယ် နားမလည်ကြ။ စစ်သားက ကလေးကို ရှင်းပစ်ရန် ဓားမိုးလိုက်သည်။
“ကလေးကို မသတ်နဲ့” အသောက အချိန်မီ ဟန့်တားလိုက်သည်။

“ကလေးပေမယ့် ရန်သူပဲ အရှင်မင်းကြီး” သေနာပတိက သတိပေးသည်။

ထိုအခိုက် ကလေးငယ်သည် ရှိုက်ရှိုက် ငိုလေသည်။ ဘုရင် အသောကသည် ရှေ့တိုးသွားပြီး ကလေးကို ကောက်ချီ လိုက်သည်။ လူ၏ အသားအရေကို ထိတွေ့ရသဖြင့် ကလေးသည် အသိ ၀င်လာသည်။ အသောက၏ လည်ပင်းကို ဖက်တွယ်လျက် ရှိုက်ကြီးတငင် ငိုလေတော့သည်။ အသောက ကလေးကို ချော့သည်။

ကလေးကို သတ်ပစ်ရန် ရှေ့တိုးသွားသော စစ်သားသည် နောက်ပြန်ဆုတ် လိုက်သည်။ ဘုရင်မင်းကြီးကို အကဲမခတ် တတ်အောင် ဖြစ်နေသည်။ ထိုစစ်သားမျှ သာမက ဘယ်သူမှ ဘုရင် မင်းကြီးကို အကဲ မခတ်တတ်ကြ။ အသောကသည် ကလေးကို ချီပြီး အဆောက်အအုံ ပျက်ထဲက ထွက်လာခဲ့သည်။
“နို့ ရှာယူ လာခဲ့ကြစမ်း”

ဘုရင် မင်းကြီး၏ အမိန့်ကို ကြားရသည်ဖြစ်၍ စစ်သား အချို့ပြေးထွက် သွားကြသည်။ မကြာမီ နို့ဆောင်ကြဉ်းလာ ကြသည်။ ဘုရင်မင်းကြီးသည် နို့ခွက်ကို ကိုယ်တိုင်ကိုင်လျက် ကလေးငယ်အား တိုက်သည်။ ကလေးငယ်သည် အသောက တိုက်သည့် နို့ကို မသောက်။ မျက်နှာတစ်ဖက် လှည့်ထား သည်။ သားသားကို ပစ်ထားခဲ့ပြီး ဘယ်သွား နေတာလဲဟု စိတ်ကောက်နေဟန် တူသည်။ အသောကသည် စိတ်ကောက်နေသူ ကလေးငယ်၏ ထော်လော် ကန့်လန့် လုပ်မှုကို ချစ်စဖွယ် ထင် မှတ်လျက် ကလေးငယ်၏ ပါးကို တစ်ချက် နမ်းလိုက်သည်။ ထို့နောက် နို့ခွက်ကို ကလေး၏ ပါးစပ်တွင်း တေ့ပေးလိုက်ပြန်သည်။ ထိုအခါကျမှ ကလေးက နို့ကိုသောက်လေသည်။

ထိုအချိန်၌ ခပ်လှမ်းလှမ်းဆီမှ လေးနက်တည်ငြိမ်သော အသံများ ထွက်ပေါ်လာလေသည်။
“နဟိဝေရေန ဝေရာနိ၊
သမ္မန္တီဓ ကုဒါစနံ၊
အဝေရေနစ သမ္မန္တီ၊
ဧသဓမ္မော သနန္တနော”

သေနာပတိသည် သားတော် ဇာလောကကို ကြည့်လိုက်သည်။ သားတော် ဇာလောကက ခမည်းတော် ဘုရင်မင်းကြီး ကို လှမ်းကြည့်သည်။ ဘုရင်မင်းကြီးကမူ နို့သောက်နေသည့် ကလေးငယ်၏ ကြည်လင် သန့်စင်သည့် မျက်ဝန်းတွင် ပေါ်နေသည့် အပြုံးရိပ်ကို စိုက်ကြည့်နေသည်။ ဘုရင်မင်းကြီး တွင်လည်း သားတော်များ ရှိသည်။ သားတော်များကို ချစ်လည်း ချစ်သည်။ သို့သော်ယခုကဲ့သို့ ဖခင် မေတ္တာ အသိကို သိရှိခံစားချိန် ဘယ်တုန်းက ရရှိခဲ့ဖူးသနည်း။

သားတော် ဇာလောကသည် သေနာပတိဘက် မျက်နှာ လှည့်သွားသည်။ ခပ်လှမ်းလှမ်းမှ အသံများ တစ်စတစ်စနီး ကပ်လာသည်။ ဘုရင်မင်းကြီးက ခေါင်းမော့ပြီး မေးလိုက် လေ၏။
“ဘာသံတွေလဲ”

သားတော် ဇာလောက အဖြေ ပြန်မပေးတတ်အောင် ဖြစ်နေသည်။ ဘုရင်မင်းကြီး၏ မျက်နှာတွင်ကား ကျေနပ် သည့် အရိပ်အယောင်သန်းနေသည်။ ပါးစပ်နှင့် နို့ခွက် အတန်ငယ်ကွာသွားသည်နှင့် ကလေး ငယ်က ၀ါးခနဲ ငိုပြန်လေသည်။
“အလို ဘာဖြစ်လို့ ငိုရပြန်တာလဲ။ သြော် မေ့သွားလို့၊ မေ့သွားလို့။ ကဲ ရော့သောက်”

ဘုရင်မင်းကြီးသည် နို့ခွက်ကို ကလေး ပါးစပ်တွင် တေ့ပေးလိုက်ပြန်သည်။ ကလေးငယ်သည် ဘုရင်မင်းကြီး၏ လက်ကို သူ၏ နူးညံ့သည့် လက်ကလေးနှင့် ဆုပ်ကိုင်ပြီး နို့ကို သောက်နေလေသည်။
ခပ်လှမ်းလှမ်းမှ အသံများ တစ်ဖန် ဝေ့လာပြန်သည်။
“နဟိဝေရေန ဝေရာနိ
သမ္မန္တီဓ ကုဒါစနံ”

ဤအကြိမ်၌မူ ဘုရင်မင်းကြီးသည် သေနာပတိကို လှမ်းကြည့်လိုက်သည်။ သေနာပတိသည် ဘုရင် မင်းကြီး၏ အမူအရာကို ရိပ်မိသည်ဖြစ်၍ အသံကြားရာဆီသို့ လှမ်းမျှော် ကြည့်လိုက်သည်။ တရားဂါထာကို ရွတ်ဆိုသူများ နီးကပ်လာသည်။
“အရှင်မင်းကြီး ရဟန်းတွေပါ”

“ရဟန်းတွေ ဟုတ်လား။ ရဟန်းတွေက ဒီစစ်မြေပြင် ဘာလာ လုပ်နေကြတာလဲ”

“ဒဏ်ရာရတဲ့ လူနာတွေကို ပြုစုကုသ ပေးနေကြတယ်။ လူနာကို ပြုစုရင်းနဲ့ တရား ဓမ္မကို ရွတ်ဆိုနေကြခြင်း ဖြစ်ပါတယ်”

ဘုရင်မင်းကြီး တွေသွားသည်။ ကလေးငယ်နို့သောက် ပြီးသွားပြီ။ နို့ဝသွားသော ကလေးငယ်သည် ဘုရင် မင်းကြီး၏ ရင်ခွင်၌ပင် ရှိနေသည်။ ဘုရင်မင်းကြီးသည် ယာယီတဲ နန်းသို့ ပြန်လာခဲ့သည်။ ယာယီတဲနန်း ရောက်သောအခါ ဘုရင် မင်းကြီး၏ အမိန့်ဖြင့် စားတော်ကဲက စစ်တပ် ကချေသည်များ နှင့်အတူ ပါလာသည့် အထိန်း မိန်းမကြီး တစ်ဦးကို ရှာပေးသည်။ ထိုမိန်းမကြီးသည် ကလေးကြည့်သည့် တာဝန် ယူရသည်။ ဘုရင်မင်းကြီးက အမိန့်ပေးလိုက်သည်။

“အထိန်းတော်ကြီး၊ ဒီကလေးကို ကောင်းကောင်းကြည့် ထားပါ။ ဒီကလေးဟာ အောင်ပွဲရ ကလိင်္ဂသားလေး ဖြစ်တယ်။ ဘုရင်ဧကရာဇ် အသောကအပေါ် ဒီကလေးက အနိုင် ယူလိုက်ပြီ”
အထိန်း မိန်းမကြီးက ဘုရင်မင်းကြီးကို ကြောင်ကြည့် နေသည်။

၃။
ညဥ့်အမှောင် ရောက်လာပြီ။ ခါတိုင်းညနှင့် မတူဘဲ ယနေ့ည ပိုမှောင်မိုက်နေသည်။ ကောင်းကင်တစ်ခွင်၌ သိပ် သည်းထူထပ်သော တိမ်မည်းများ ဖုံးအုပ်နေသောကြောင့် ဖြစ်သည်။ တစ်ချက်တစ်ချက်၌ လက်ခနဲ လက်ခနဲ လျှပ်စီး ပြက်နေသည်။ တစ်ကိုယ်လုံး မှောင်မည်းနေသည့် တစ္ဆေသရဲကြီး တစ်ကောင် ဖြူဖွေးသော သွားကို ဖြဲဖြဲပြနေသည်နှင့် တူနေ သည်။ လေအေးကလည်း တ၀ှီးဝှီး တိုက်ခတ်နေသည်။ ဘုရင် အသောကသည် သလွန်ထက်တွင် စက်တော် ခေါ်နေသော်လည်း အိပ်၍မပျော်။ သလွန်ထက်မှ ထလာသည်။ ယာယီ တဲနန်းပြတင်းမှ အပြင်ဘက် လှမ်းမျှော်ကြည့် လိုက်သည်။ လျှပ်စီး အပြက်တွင် အဝေး၌ ရှိသော ကလိင်္ဂမြို့ပျက်ကြီးကို လှမ်းမြင်ရသည်။

ကလိင်္ဂတစ်မြို့လုံး ငိုကြွေးနေသည်။ မြို့စွန်မြို့ဖျား အချို့ ရပ်ကွက်များ၌ အသက် မသေဘဲ ကျန်ရှိနေ သူများသည် အတိ ဒုက္ခရောက်နေကြသည်။ ခိုကိုးရာ မဲ့နေကြသည်။ စားရမဲ့ သောက်ရမဲ့ ဖြစ်နေကြသည်။ စားစရာလည်း ဆန်မရှိတော့ ပေ။ ၀တ်စရာလည်း အ၀တ် မရှိတော့ပေ။ မဂဓ စစ်သားများ အားလုံး လုယူသွားကြပြီ။ စစ်စခန်း အတွင်းရှိ ယာယီ တဲစခန်း များ၌ကား မဂဓစစ်သားများသည် ကျယ်လောင် စူးရှသော အသံဖြင့် သီချင်း တကြော်ကြော် ဟစ်အော် သီဆို နေကြသည်။ အချို့ယာယီ တဲများ၌မူ ကနေသော ကချေသည်တို့၏ ခြေချင်း ချူသံနှင့် ရောပြီး သံသေး သံကြောင်ဖြင့် တ၀ါးဝါး တဟား ဟားအော်နေသည့် စစ်သားများ၏ အသံများ အ၀ီစိ ပွက်နေသည်။ အောင်ပွဲရ စစ်သားများသည် သေရည် အလဲအကွဲ သောက်ထားကြသည်။ ရဟန်းတော် တိဿသည် ယာယီ တဲနန်းရှိရာသို့ တရွေ့ ရွေ့လျှောက်လာသည်။ ယာယီ တဲနန်းဝ ရောက်လာသော အခါ ရဟန်းတော်က အစောင့်စစ်သားအား ပြောလိုက်သည်။

“စစ်သည်တော်၊ ကျုပ် ဘုရင်မင်းကြီးကို တွေ့ချင်တယ်”

“ဒီအချိန်ကြီးမှာ”

“ဟုတ်တယ်၊ ကိုယ်ကျိုး ကိုယ်စီးပွား အတွက် သွားလာ နေကြသူများသာ အချိန်အခါကို ကြည့်တယ်။ ကျုပ် အချိန် အခါကို မကြည့်နိုင်ဘူး စစ်သည်တော်”

“ဘုရင်မင်းကြီး စက်တော်နေပါတယ်”

“ကျုပ်လာတဲ့ အကြောင်း သွားအကြောင်းကြား ပေးစေချင်တယ်”

“ကျွန်ုပ်ကို အမိန့် ပေးမထားဘူး”

“စစ်သည်တော်၊ သင်တစ်ချက်ငြင်းလိုက်ရုံနဲ့ ဒီတစ်ည လူတွေ ဘယ်လောက် ဒုက္ခ ခံစားရမယ် ဆိုတာ သင် မသိဘူး။ ဘုရင်မင်းကြီးရဲ့ ပြည်သူ အတော်များများ ညက ထမင်းငတ်ပြီး သေမတတ် ဖြစ်နေကြရတယ်ဆိုတဲ့ အကြောင်း နက်ဖြန်အချိန် လွန်မှကြားတော့ ဘုရင်မင်းကြီး စိတ်ကောင်း နိုင်ပါ့မလား”

“သူတို့က ရန်သူတွေပဲ”

“ဓားရေးပြတဲ့လူသာ ရန်သူဖြစ်တယ် စစ်သည်တော်။ ဓားရေးလှံရေး စခန်း သိမ်းသွားပြီးတဲ့ နောက်တော့ ဘယ်သူက ဘယ်သူ့ရန်သူ ဖြစ်နိုင်ဦးမှာလဲ။ ရဟန်းတော် တိဿက ဘုရင် မင်းကြီးကို အရေးတကြီး တွေ့ချင် နေတယ်လို့ ဘုရင်မင်းကြီးကို သွားအကြောင်း ကြားပေးပါ။ တကယ်လို့ ညကြီးမင်းကြီး အချိန်အခါ မဟုတ် လာအနှောင့်အယှက် ပေးရမလား ဆိုပြီး ဘုရင်မင်းကြီးက အမျက်တော်ရှပြီး ကျုပ်ခေါင်းကိုဖြတ်ရင် လည်း ကျုပ်လည်စင်းခံဖို့ အသင့်ပါပဲ”

ယာယီ တဲနန်းတွင်းမှ ဘုရင် အသောကသည် တဲနန်း အပြင်ဘက်က စစ်သားနှင့် ရဟန်း အချီအချပြောနေကြသည့် စကားကို တစ်လုံးမကျန် ကြားနေရသည် ဖြစ်၍ ရှေ့တိုးပြီး အပြင်ဘက် လှမ်းကြည့်လိုက်သည်။ ရဟန်းတော်၏ မျက်နှာ ၀န်းသည် မီးရှူးတိုင်၏ မီးရောင်အောက်၌ တောက်ပနေသည်။ ဘုရင်ကြီးသည် တင်းထိမ်ကို လှစ်လျက်
“ရဲမက်၊ ရဟန်းတော်ကို အထဲဝင်ခွင့်ပြုလိုက်”

စစ်သား အံ့အား သင့်သွားသည်။ ရဟန်းဘက် လှည့်၍ ပြောလိုက်သည်။
“အထဲ ကြွနိုင်ပါပြီ”

“စစ်သည်တော်၊ ကျုပ် မပြောဘူးလား။ အပြီးသတ် ကျတော့ ဘုရင် မင်းကြီးလည်းပဲ လူသား တစ်ယောက်သာ ဖြစ်တယ်။ သင် စစ်သည်တော် စိတ်မကောင်း မဖြစ်ပါနဲ့။ သင့်တာဝန် ၀တ္တရားက ပိတ်ဆို့ရမယ့် တာဝန် ၀တ္တရား ဖြစ်တယ်။ ကျုပ်တာဝန် ၀တ္တရားက လမ်းရှင်းရမယ့် တာဝန် ၀တ္တရားဖြစ်တယ်”

ရဟန်းတော်သည် ပြောပြောဆိုဆို ယာယီ တဲနန်းထဲ ၀င်သွားသည်။ ဖန်ရည်သင်္ကန်း ၀တ်ရုံထားသည့် ပိန်ပိန်ပါးပါး ရဟန်း တစ်ပါးသည် အသောက ဘုရင်မင်းကြီး၏ ယာယီ တဲနန်းတွင်း ရောက်နေ၏။ ရဟန်းသည် ဘုရင်မင်းကြီး အား ဦးညွှတ် အရိုအသေ မပြုပေ။ အကြောင်းမူကား ရဟန်းတို့ မည်သည် ဘုရင် ဧကရာဇ်တို့၏ အထက်ကဖြစ်သည်။ ဘုရင် ဧကရာဇ်တို့၏ အပူဇော်ခံသာ ဖြစ်သည်။ ဘုရင် အသောကသည် ရဟန်း၏ မျက်နှာတွင် ပေါ်လွင်နေသည့် ငြိမ်းချမ်းတည် ငြိမ်မှုကို ကြည့်ပြီး အံ့သြ ငေးမောနေသည်။

“အရှင်မင်းကြီး”

ရဟန်းတော်က တည်ငြိမ် ဣနြေ္ဒရစွာ အသံပြုလိုက်သည်။ ဘုရင် အသောကသည် ငေးမော နေရာမှ ပြန်လည် သတိရလာ၏။
“ညကြီး အချိန်မတော် ဘယ်လို အကြောင်း ကိစ္စထူးလို့ ကြွလာပါသလဲ ရဟန်းတော်”

“အရှင်မင်းကြီးကို ပင့်ဖိတ်မလို့ လာခဲ့တာပါ”

“ဘာပြောတယ် ရဟန်းတော်”

“အရှင်မင်းကြီး အိပ်လို့ မပျော်ဘူး ဆိုတာ ကျုပ်သိတယ်။ အစာငတ် ရေပြတ်နေကြတဲ့ လူနာများရဲ့ ညည်းညူသံတွေဟာ လေထဲ ဝေ့ပါလာပြီး အရှင်မင်းကြီး အိပ်လို့ မရအောင် အနှောင့် အယှက် ပေးနေကြတယ် ထင်ပါတယ်။ အမှန်စင်စစ်ကတော့ သူတို့ခမျာ အရှင်မင်းကြီးကို အနှောင့်အယှက် ဖြစ်စေလိုတဲ့ သဘောနဲ့ ညည်းညူ နေကြတာ မဟုတ်ပါဘူး။ သူတို့အခြေ အနေကို ကျုပ် အရှင်မင်းကြီးကို ပြချင်ပါတယ်။ သူတို့ တစ်တွေဟာ စားရမဲ့သောက်ရမဲ့ ဖြစ်နေကြပါတယ်။ ကျုပ် သူတို့ အတွက် ဆွမ်းလာရပ်တာပါ အရှင်မင်းကြီး။ အရှင်မင်းကြီး ကျုပ်နဲ့အတူ လိုက်စေချင်ပါတယ်”

“ဘယ်ကိုလဲ ရဟန်းတော်”

“ကလိင်္ဂမြို့တော် တချို့ရပ်ကွက်တွေမှာ အသက် မသေဘဲ ကျန်နေတဲ့ သူတွေ ရှိကြပါသေးတယ်။ သူတို့အခု အရှင် မင်းကြီးကို ရန်တုံ့ပြန်လိုတဲ့ ဆန္ဒ မရှိကြတော့ပါဘူး။ မာန်မာန တစ်ခုက မာန်မာန တစ်ခုကို နင်းချေ ဖျက်ဆီး လိုက်ပါပြီ။ ကိုယ်အနိုင်ရတဲ့ နယ်မြေ ဒေသကို၊ ကိုယ့်လက်အောက်ရောက် လာတဲ့ လူတွေကို အရှင်မင်းကြီး တစ်ကြိမ် တစ်ခါမှ မရှုသေး ပါဘူး။ အရှင်မင်းကြီး အနိုင် တိုက်ယူထားတဲ့ နယ်မြေဒေသနဲ့ အရှင်မင်းကြီး လက်အောက်ခံ ဘ၀ ရောက်လာတဲ့ပြည်သူတွေရဲ့ အခြေအနေကို အရှင်မင်းကြီး တစ်ကြိမ်လောက် ရှုစားစေချင် ပါတယ်”

“သင် ရဟန်းတော်နဲ့ ဘယ်သူ ပါလာသေးသလဲ”

“ဘယ်သူမှ မပါလာပါဘူး။ ကျုပ်တစ်ဦးတည်း လာခဲ့ တာပါ”

“ညကြီးအချိန်မတော် စစ်စခန်းက ယာယီတဲနန်းကို လာတာ သင် ရဟန်းတော် မကြောက်ဘူးလား”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ။ ကရုဏာတရား တောင်းခံလာတဲ့ လူဟာ ဓားမသင့်နိုင်ဘူး ဆိုတာ ကျုပ် ယုံကြည် စိတ်ချတယ် အရှင်မင်းကြီး”

ဘုရင်မင်းကြီးသည် တစ်စုံတစ်ရာ ဆက်မပြောတော့ဘဲ ရဟန်းတော်နှင့် အပြင် ထွက်လိုက်လာသည်။ အစောင့် စစ်သားလည်း ဘုရင်မင်းကြီးနှင့် ရဟန်းနောက်က ပါလာသည်။ သူ့လက်ထဲက မီးရှူးတိုင်မှ အလင်းရောင်သည် ပတ်ဝန်းကျင် တစ်ဝိုက်၌ လင်းနေသည်။ ထူးခြားသော အခြေအနေကို တွေ့ ရသဖြင့် စစ်သားများ စုရုံး လာကြသည်။ သားတော် ဇာလောကနှင့် အတူတကွ သေနာပတိနှင့် တပ်မှူးများလည်း ရောက်လာ ကြသည်။ အားလုံးပင် ဘုရင်မင်းကြီး နောက်က လိုက်ပါသွား ကြသည်။

သားတော် ဇာလောက မနေနိုင်တော့ပေ။ သေနာပတိ မိဂမန္ဒကို မေးလိုက်လေ၏။
“သေနာပတိကြီး၊ ခမည်းတော် အရှင်မင်းကြီးက ဘယ်ကို ကြွမြန်းတာလဲ”

“ကျုပ်လည်း မသိဘူး”

“ဟို ရဟန်းက ဘယ်သူလဲ”

“အဲဒါလည်း မသိဘူး”

မြို့တွင်း ၀င်ရောက်လာသော အခါ ရဟန်းတော်က ဘုရင်မင်းကြီးဘက် လှည့်လျက်
“အရှင်မင်းကြီး စိတ်တော့ ခိုင်ခိုင် ထားရပါလိမ့်မယ်” သေနာပတိက ရဟန်းတော် ပြောလိုက်သည့် စကားကို ကြားရသည့် အခါ ယုန်ထင်ကြောင်ထင် ဖြစ်သွားသည်။ သားတော် ဇာလောကဘက် လှည့်လျက်
“သားတော်၊ ဒါ လုပ်ကြံမှုတော့ မဖြစ်နိုင်ပါဘူးနော်”

“ဖြစ်ပါစေ။ အရေးမကြီးပါဘူး။ သားတော်တို့က အများပဲ”

ရဟန်းတော်သည် အသောကမင်းကြီးအား ကလိင်္ဂ မြို့တော်တွင်းရှိ အချို့ရပ်ကွက်များ ရှိရာသို့ ဦးဆောင်ခေါ်လာ သည်။ ထိုရပ်ကွက်များ၌ တိုက်ပွဲဖြစ်စဉ်က ဒဏ်ရာ အနာတရ ရခဲ့ကြသည့် လူနာများသည် ဝေဒနာ ခံစားနေရသည်က တစ်ကြောင်း၊ အစာရေစာပြတ်နေသည်က တစ်ကြောင်း တညည်းညည်း တညူညူ ဖြစ်နေကြသည်။ အားလုံး လိုလိုပင် ဒဏ်ရာ ကိုယ်စီနှင့် ဖြစ်နေကြသောကြောင့် သားသမီးကလည်း မိဘကို မကြည့်နိုင်။ မိဘကလည်း သားသမီးကို မကယ်နိုင်။ လင်ကလည်း မယားကို မကူညီနိုင်။ မယားကလည်း လင်သားကို မပြုစုနိုင်။ အချို့ ကလေးငယ်များမှာ ဆာလောင်မွတ်သိပ် လှသည်ဖြစ်၍ တငိုငို တရယ်ရယ် ဖြစ်နေကြသော်လည်း မိဘ လုပ်သူများမှာ ဘာမှမတတ်နိုင်ဘဲ ကြောင်ကြည့်နေကြရသည်။

ယင်း မြင်ကွင်းကို ရဟန်းတော်က အသောကမင်းကြီး အားပြသည်။ ဘုရင် အသောကသည် မျက်နှာ မသာမယာ ဖြစ်သွားသည်။ ရဟန်းတော်သည် တစ်ဖန် ဘုရင်မင်းကြီးအား တစ်နေရာသို့ ခေါ်သွားပြန်သည်။
“ကဲ အရှင်မင်းကြီး ရှုစားတော်မူပါဦး”

တောခွေးများနှင့် အခြားတိရစ္ဆာန်များသည် လူသေ အလောင်းများကို အငမ်းမရ စားနေကြသည်။ လူသေ အလောင်းများသည် ခေါင်းတခြား ကိုယ်တခြား ဖြစ်နေကြ သည်။ တိရစ္ဆာန်များ ကိုက်ဖဲ့ထားသည့် လူသေ အလောင်း များမှ အသားတစ်များမှာ ဖရိုဖရဲပြန့်ကျဲနေကြသည်။ ယင်းမြင်ကွင်းကို မြင်ရသဖြင့် ဘုရင် အသောကသည် ကြက်သီးမွေးညင်း ထသွားသည်။ ရဟန်းက ပြောလိုက်သည်။

“ကလိင်္ဂတိုင်းဟာ မနေ့က သာယာ ၀ပြောတဲ့ ဒေသတစ် ခုဖြစ်ခဲ့တယ်။ ဆည်းလည်းသံလို သာယာ ကြည်နူးဖွယ် ကောင်းတဲ့ ကလေးသူငယ်များရဲ့ အသံဟာ တစ်နယ်လုံး၊ တစ်မြေလုံး ပဲ့တင်ညံနေခဲ့တယ်။ ဒီကနေ့ ကြေကွဲဖွယ်ကောင်း တဲ့ ညည်းညူသံတွေ ညံနေတဲ့နေရာမှာ အရင်က ဂီတသံတွေ လွှမ်းနေခဲ့တယ်။ ဒီကနေ့ တောခွေးတွေ အပြေးအလွှား ကျက် စားနေတဲ့ နေရာတွေဟာ တစ်ချိန်တုန်းက ရဟန်း သာမဏေ တွေရဲ့ ဂေါစရဂါမ် ဖြစ်ခဲ့တယ်။ အခုလို အခြေအနေမျိုး ရောက်အောင် လုပ်တဲ့ တရားခံဟာ ဘယ်သူလဲလို့ သမိုင်းက မေးလိမ့် မယ်။ ကျုပ် ဘယ်လို ဖြေရမလဲ အရှင်မင်းကြီး”
ဘုရင်မင်းကြီး ခေါင်းမဖော်ရဲတော့။ ရဟန်းက ဆက်ပြောသည်။

“ကျုပ် အဖြေပေးစရာ မလိုဘူး အရှင်မင်းကြီး။ ဒီဒဏ်ရာ အနာတရ ဖြစ်နေတဲ့ ကလိင်္ဂ နယ်မြေဟာ ခုအတိုင်း သမိုင်းစာ မျက်နှာချပ်ထဲ ရောက်သွားတဲ့ အခါ နောင်လာ နောက်သားတွေ က အခုလို အခြေအနေမျိုး ရောက်အောင်လုပ်တဲ့ တရားခံဟာ ဘယ်သူလဲလို့ မေးလိမ့်မယ်။ အဲဒီအခါမှာ တရားခံဟာ အခြား မဟုတ်ဘူး၊ ပြည်ပ ကျူးကျော်မှုများကို ခုခံ ကာကွယ်သွား ခဲ့တဲ့ ဘုရင်ဧကရာဇ် စန္ဒဂုတ္တမောရိယ ဘုရင် မင်းတရားကြီးရဲ့ မြေးတော် အသောက ဘုရင်ပေါ့လို့ လူတွေက အဖြေပေးကြ လိမ့်မယ်”

သေနာပတိ မိဂမန္ဒ သည်းမခံနိုင်တော့ပေ။
“ရဟန်း၊ စကားကြွယ်တိုင်း လျှောက်ပြော မနေနဲ့။ သင်ရဟန်း ဘယ်သူနဲ့ စကားပြောနေတယ် ဆိုတာ သိရဲ့လား။ မင်းတကာ့မင်း၊ ဘုရင်တကာ့ ဘုရင်ဖြစ်တဲ့ မဟာဧကရာဇ် ဘုရင် အသောက သင့်မျက်မှောက်မှာ ရှိနေတယ်။ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးမှာ သာမကဘဲ အလှမ်းဝေးလှတဲ့ ဟို ယောနက တိုင်းနိုင်ငံ အထိ အရှင်မင်းကြီးရဲ့ ဘုန်းလက်ရုံးကို ဦးညွှတ်ရ တယ်ဆိုတာ သင် ရဟန်း နားလည်ရဲ့လား”

“ကျုပ် ဘာဖြစ်လို့ နားမလည်ရမှာလဲ”

သေနာပတိ၏ လက်သည် သူ့ဓားဆီ ရောက်သွားသည်။ ရဟန်းတော်က ရယ်လျက်။
“သွေးအငတ် မပြေသေးဘူးလား သေနာပတိ”

သေနာပတိသည် ဒေါသ မချုပ်တည်းနိုင် ဖြစ်ပြီး ရဟန်း နားတိုးသွားသည်။
“သေနာပတိ”

ဘုရင်မင်းကြီးက အော်ငေါက် လိုက်လေ၏။ သေနာပတိ တန့်သွားသည်။
“နောက်ဆုတ်”

ဘုရင်မင်းကြီးက ထပ်ဆင့် အမိန့် ပေးလိုက်လေ၏။ ဘုရင် အသောကသည် စိတ်မကြည်မသာနှင့် ယာယီ တဲနန်း ပြန်လာခဲ့သည်။ ရဟန်းတော် တိဿလည်း ဘုရင် မင်းကြီးနှင့် ပါလာသည်။ ယာယီ တဲနန်း ရောက်သောအခါ ဘုရင်မင်းကြီးသည် ရဟန်းတော်၏ တောင်းပန်တိုက်တွန်း ချက်အရ လူနာများအား ဆန်ဝေငှရန် အမိန့်ချမှတ် လိုက်လေသည်။ ရဟန်းတော်သည် သူ့လာရင်း ကိစ္စအ၀၀ ပြီးမြောက် အောင်မြင်သဖြင့် အားရ ကျေနပ်သွားပြီး ပြန်ကြွရန်ပြင်သည်။

“နက်ဖြန်ခါ တစ်ခါ ကြွလာပါဦး ရဟန်းတော်”

ရဟန်းတော် တိဿသည် မည်သို့မျှ ပြန်မပြောဘဲ ယာယီ တဲနန်းတွင်းမှ ထွက်ခွာ သွားလေသည်။ ရဟန်းတော် အဝေးသို့ ရောက်သွားပြီ ဖြစ်သော်လည်း ဘုရင် အသောကသည် အချိန်ကြာမြင့်စွာ ယာယီ တဲနန်း အပြင်ဘက် ငေးမျှော် ကြည့်ရှု နေသည်။

၎။
ဘုရင် အသောကသည် ယာယီတဲနန်း အတွင်း၌ တစ်ကိုယ်တည်း ရှိနေသည်။ သူ့အပါးသို့ မည်သူ့ကိုမှ လာခွင့် မပြုရန် အမိန့် ထုတ်ထားသည်။ သူ့ရှေ့တွင် ဆီမီး ထွန်းထားသည်။ ပိုးဖလံ တစ်ကောင်သည် ဆီမီး ဘေးပတ်လည်၌ လှည့်ပတ်နေသည်။ ထိုနောက် မီးထဲ ၀င်တိုးသည်။ ပိုးဖလံလည်း မီးလောင်ကျွမ်းပြီး အောက်သို့ ကျသွားသည်။ ဘုရင် မင်းကြီးသည် ဆီမီးကိုစိုက်ကြည့်နေသည်။ ဆီကုန်ခန်းသွား သဖြင့် ဆီမီးငြိမ်းသွားသည်။

“ရဲမက်”

ဘုရင်မင်းကြီးသည် အစောင့်စစ်သားကို လှမ်းခေါ်လိုက် သည်။ အစောင့်စစ်သား ပြေးဝင်လာသည်။
“အမိန့်နာခံလျက်ပါ အရှင်မင်းကြီး”

“ဘာမှမဟုတ်ဘူး။ ဘာကိစ္စမှ မရှိဘူး။ သွား သွား ထွက်သွား”

ဘုရင်မင်းကြီး၏ ထူးခြားသောအမူအရာကို တွေ့ရ သဖြင့် အစောင့်စစ်သားသည် ပထမသော် ကြောင်ကြည့်နေမိ သည်။ နောက်မှ တဲနန်းအပြင်သို့ အလျင်အမြန်ထွက်သွား သည်။ ဘုရင်မင်းကြီး ချွေးပြန်လာသည်။

သမိုင်း၏ အမှောင်ဆုံးညတစ်ညဖြစ်သည့် ထိုညသည် ကုန်ဆုံး ကျော်လွန် သွားလေပြီ။ ကောင်းကင်၌ နေရောင်ခြည်ပြူ လာပြီ။ မိုးကာလတိမ်တို့သည် ကောင်းကင်၌ ဟိုတစ်စ သည် တစ်စရှိနေကြသည်။ မိုးသောက် နေရောင်ခြည်သည် တိမ်တိုက် များကို ရောင်မျိုး စုံခြယ်ပေးထားသည်။ ထိုနေ့နံနက်ခင်းသည် ကမ္ဘာလောကသစ်၏ ပထမဦးဆုံး နံနက်ခင်း လေလားဟု ယိုးမှားနေရသည်။ ဘုရင် အသောကသည် တဲနန်း၏ တင်းတိမ်ကို လှစ်လိုက်သည်။

“ရဲမက်”

အစောင့်စစ်သားသည် တဲနန်းတွင်းသို့ အပြေးကလေး ၀င်လာပြီး ဦးညွှတ် အရိုအသေ ပြုလိုက်သည်။ ပြီးမှ ဘုရင် မင်းကြီး၏ မျက်နှာကို လှမ်းကြည့်၏။ ဘုရင်မင်းကြီး အိပ်မ ပျော်သည်မှာ နှစ်ညရှိပြီ။ မျက်လုံးကြောင်နေသည်။ ပထမည က ဒေါသကြောင့် အိပ်မပျော်ခဲ့။ ဒုတိယ ညဥ့်၌မူ သောကကြောင့်။
“တိဿ ရဟန်းတော်ကို သွားပင့်ချေစမ်း ရဲမက်”

“ဘယ်သူ့ကို လွှတ်ရမလဲ အရှင်မင်းကြီး”

“သင် ကိုယ်တိုင်သွား”

“ဒီမှာ အစောင့် တစ်ယောက်မှ မရှိရင်”

“ကိစ္စမရှိဘူး။ သွားမှာသာသွား”

အစောင့်စစ်သား ထွက်သွားသည်။ ယာယီ တဲနန်းတွင်း ၌ ဘုရင် အသောက တစ်ဦးတည်း ကျန်ခဲ့သည်။ သူ့ဘ၀တွင် ပထမဆုံးအကြိမ် တစ်ကိုယ်တည်းနေရခြင်းဖြစ်သည်။ မောင်း မမိဿံ ခြွေရံသင်းပင်းတို့၏ အလယ်၌ တစ်သက်လုံး နေလာ ခဲ့သည့် ဘုရင် အသောကသည် ယခုတစ်ကိုယ်တည်းဖြစ်နေ သည်။ သူ့အပါးတွင် တစ်ယောက်မှ မရှိ။ တစ်ကိုယ်တည်း နေရချိန်၌ လူသည် မိမိ၏ အခြေအနေမှန်ကို မြင်လာတတ်သည်။ အထက်တွင် အဆုံး မရှိသော အနန္တ ကောင်းကင်ပြင်၊ အောက်၌ အပိုင်းအခြား မရှိသော မဟာပထ၀ီ မြေကြီး၊ အလယ်၌ လူသား တစ်ဦးဖြစ်သော ဘုရင်မင်းကြီး တစ်ကိုယ်တည်း။

အချိန်အတန်ကြာသောအခါ စစ်သားပြန်လာသည်။
“ဘယ့်နှယ်လဲ၊ ရဟန်းတော် ပါမလာဘူးလား”

“ရဟန်းက အရှင်မင်းကြီးကို သူ့ဆီလာဖို့ပဲ ပြောနေတယ်။ ဒီရဟန်း တော်တော် မာနကြီးပုံရတယ် အရှင်မင်းကြီး”

“အဲဒီလို မပြောရဘူး ရဲမက်။ ဇမ္ဗူဒိပ်ရဲ့ အစဉ်အလာ အရ ရသေ့ ရဟန်းများဟာ ပူဇော်ထိုက် ပူဇော်အပ်တဲ့ ပုဂ္ဂိုလ်များ ဖြစ်တယ်”

ဘုရင် မင်းကြီးသည် ယင်းသို့ပြောပြီး ရှေ့ဆက်၍
“ရော့ ငါ့ဓားယူထားစမ်း။ ငါ ရဟန်းတော်ဆီ သွားမယ်”

“အရှင်မင်းကြီး တစ်ကိုယ်တော်တည်း”

ဘုရင် အသောကသည် အဖြေပြန်မပေးတော့ဘဲ ယာယီ တဲနန်းတွင်းမှ ထွက်သွားသည်။ အစောင့် စစ်သားသည် ဘာလုပ်ရမှန်း၊ ဘာကိုင်ရမှန်း မသိဘဲ ပထမသော် ကြောင်တိ ကြောင်တောင် ဖြစ်နေသည်။ နောက်မှ သေနာပတိ ရှိရာ ယာယီ တဲစခန်းသို့ ပြေးသွားလျက် အကျိုးအကြောင်း ပြောပြသည်။ သေနာပတိက စစ်သားကို ကြိမ်းလေ၏။

“သင် အရှင်မင်းကြီးကို ဘာလို့ မတားသလဲ”

“ကျွန်ုပ် ဘယ်လိုလုပ်တားလို့ ဖြစ်ပါမလဲ သေနာပတိ”

“ဒါ ရန်သူ နယ်မြေဆိုတာ မသိဘူးလား။ သွား၊ သားတော်ကို အကြောင်းကြားလိုက်”

စစ်သား ပြေးရပြန်လေသည်။ တပ်စခန်း အတွင်း လှုပ် လှုပ်ရွရွ ဖြစ်သွားသည်။ သားတော် စက်ရာမှ လူးလဲ ထ၏။ မကြာမီ တပ်သားများ တပ်မှူးများလည်း စုရုံးလာကြသည်။ သားတော်နှင့် သေနာပတိသည် ဘုရင်မင်းကြီး ထွက်သွားရာ မြို့ဘက်သို့ အလျင်အမြန်လိုက်ကြသည်။ သူတို့နောက်တွင် တပ်မှူး အချို့နှင့် တပ်သား အချို့လည်း ပါလာကြသည်။ မြို့ တွင်းရောက်သော အခါ လမ်းတစ်လမ်း ပေါ်၌ ဘုရင်မင်းကြီး ရပ်နေသည်ကို တွေ့ကြရသည်။ ဘုရင်မင်းကြီး၏ ရှေ့၌ အရူးမကြီး တစ်ယောက် ဟောင်ဖွာ ဟောင်ဖွာနှင့် အော်ပြော နေသည်။

“သင်မင်းကြီးလောက် ရိုင်းစိုင်းတာ၊ ရက်စက်တာ ကမ္ဘာ လောကမှာ ရှိမှာမဟုတ်ပါဘူး။ သင့်အဘိုး ကလိင်္ဂကို တိုက်တုန်းက စစ်သား စစ်သားချင်း တိုက်ခဲ့တယ်။ ကျုပ်တို့ ဇမ္ဗူဒိပ် မှာ လယ်သမားက လယ်ထဲမှာ စိတ်အေးလက်အေး လယ်ထွန် တယ်။ ဘုရင်တွေက စစ်တပ် စစ်တပ်ချင်း ဖြစ်ဖြစ်၊ စီးချင်းစီး ချင်းဖြစ်ဖြစ် တိုက်ပြီး ကိုယ့်ဘုန်း လက်ရုံးကို သတ်မှတ် ဆုံးဖြတ် ကြတယ်။ အဲဒါ ဇမ္ဗူဒိပ်ရဲ့ထုံးတမ်း အစဉ်အလာပဲ။ သင်မင်းကြီး အဲဒီ ထုံးတမ်း အစဉ်အလာကို ချိုးဖောက်ဖျက်ဆီး ပစ်တယ်”

ဘုရင် အသောကသည် ခပ်မဆိတ်ဖြစ်နေသည်။ စကား တစ်လုံးမှ ထွက်မလာ။ အရူးမကြီး၏ ထူးခြားသော ရဲရင့်မှုက ဘုရင်မင်းကြီးအပေါ် အနိုင် ရထားသည့်နှယ် ဖြစ်နေသည်။ အသောကသည် ဇမ္ဗူဒိပ်၏ တစ်ဦးတည်းသော အရှင်သခင် ဧကရာဇ် ဘုရင်ဖြစ်သည်။ သူ မျက်မှောင် တစ်ချက်ကြုတ်လိုက် ရုံမျှဖြင့် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး သာမက ရေခြား၊ မြေခြား၊ နိုင်ငံရပ်ခြား ဒေသများပါ မကျန် ဖိမ့်ဖိမ့် တုန်သွားကြသည်။ ယင်းကဲ့သို့သော အာဏာပြိုင်ဘက် မရှိသည့် ဘုရင်မင်းတရား ကြီးသည် ငြိမ်ပြီး ရပ်နေသည်။ အရူးမကြီးက ဘုရင် မင်းကြီးအား လက်ညှိုးငေါက်ငေါက် ထိုးပြီး ရန်တွေ့နေသည်။

“သင် မင်းကြီးဟာ အပြစ်မဲ့တဲ့ ပြည်သူတွေကို သွေးချောင်းစီးအောင် လုပ်တယ်။ နယ်မြေကို ဒါလောက် ချဲ့ထွင်ပြီး စည်းစိမ်နဲ့ အာဏာကို ဒါလောက် မက်မောရင် သင်မင်းကြီး တစ်နေ့ကျ ဒုက္ခ လှလှကြီး တွေ့ရလိမ့်မယ်”

“အရူးမကြီး၊ ဘယ်သူနဲ့ စကားပြောနေတယ် ဆိုတာ သိရဲ့လား”

သေနာပတိ ရှေ့တိုးသွားသည်။ လက်ထဲတွင် ဓားကိုင်ထားသည်။
“အမယ်ကြီး၊ ထီးဆောင်းမင်း မှန်သမျှ ဦးတိုက်ရတဲ့ ဧကရာဇ် မင်းတရားကြီးရှေ့မှာ အမယ်ကြီး ခေါင်းထောင်နေ တယ်။ အရူးမမို့လို့ ဘာမှမလုပ်သေးဘဲ အသာကြည့်နေတာ။ ခေါင်းပြတ်သွားချင်လား။ ကလိင်္ဂတစ်မျိုးလုံး မျိုးပြုတ်သွားပြီ ဆိုတာ မြင်ရဲ့မဟုတ်လား”

အသောကက တားမြစ်လိုက်၏။
“အသာနေ မိဂမန္ဒ။ သူ့ခမျာ ပင်ကိုစိတ် မရှိရှာတော့ဘူး။ အားလုံးကို မေ့နေပြီ။ ဒီအရူးမကို ခြိမ်းခြောက်နေလို့ ဘာ အကျိုးထူးမှာလဲ။ ဒါလောက်မသေးသိမ် မယုတ်ညံ့ချင်ပါနဲ့။ ဒီအားမဲ့တဲ့ အရူးမကြီး အပေါ် အစွမ်း မပြချင်ပါနဲ့။ ကျုပ်လည်းပဲ မနေ့က မျက်ကန်း ဖြစ်နေတာနဲ့ သင့်လိုပဲ မှားခဲ့ပြီ”

သေနာပတိ တန့်သွားသည်။ အသောကက ဆက်ပြော သည်။
“သူ ပြောချင်တာ ပြောပါစေ။ သူပြောနေတာ ကြားရတော့ ကမ္ဘာလောကမှာ အသက်ရှင်နေတဲ့ လူသား ရှိနေသေး ပါကလား၊ လက်နက်အင်အားနဲ့ လူသားကို မျိုးဖြုတ်ပစ်လို့ မရပါကလားဆိုတဲ့ အသိဝင်လာတယ်”

အရူးမကြီးသည် သူ့အနား တိုးလာသည့် သေနာပတိ မိရမန္ဒကို ကြည့်လျက်
“ကျုပ်ကို ကြောက်မလားလို့ ဓားနဲ့ ခြောက်ကြည့်တယ် ထင်တယ်။ မနေ့က ကျုပ်သား အသက် မသေဘဲ ရှိနေစဉ်ကတော့ သင် အနား မသီရဲဘူး။ ခုတော့ ကျုပ်သား မရှိတော့ဘူး။ သင်တို့ မဂဓ စစ်သားတွေရဲ့ ဓားချက်နဲ့ အသက် ထွက်သွားရပြီ။ ဟော ဟိုမှာကြည့် အဲဒါ ကျုပ်သားရဲ့အလောင်း”

အရူးမကြီးသည် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ကြောက်မက်ထိတ်လန့်ဖွယ် ကောင်းသည့် သူ၏ရယ်သံကြီး သည် ပတ်ဝန်းကျင်၌ ပဲ့တင်ညံ သွားလေသည်။ ထို့နောက် အရူးမကြီးသည် ဘာမပြော ညာမပြော အုတ်ခဲ တစ်ခဲကောက် ယူပြီး သေနာပတိ မိဂမန္ဒကို လှမ်းပေါက်လိုက်သည်။ သေနာ ပတိကို မမှန်ဘဲ ဘုရင်ကြီး၏ ဦးခေါင်း သွားထိလေသည်။
သားတော်က လှမ်းအော်သည်။

“ခမည်းတော်”
အရူးမကြီး၏ စကားသံ ပေါ်လာပြန်သည်။

“လူတွေကို သိန်းချီပြီး သတ်ပစ်တဲ့ လူသတ်သမားဟာ ကံကြမ္မာက ခတ်တဲ့ဒဏ်ကို ရှောင်လို့ မရဘူး။ အခုကြည့်၊ ကျုပ်ပေါက်လိုက်တာက တစ်ယောက်။ ဒါပေမယ့် အုတ်ခဲက တရားခံ အစစ်ကို ရှာပြီး သွားမှန်တယ်။ ကံကြမ္မာကို ဘယ်လို မှ ရှောင်ဖယ်လို့ မရဘူးမှတ်ပါ”

အရူးမကြီးသည် ကိုယ်ကို ယိမ်းထိုး၍ ဟားတိုက်ရယ် လိုက်ပြန်သည်။ သူ၏ရယ်သံကြီးမှာ တုန်လှုပ်ဖွယ်ကောင်း လှသည်။
ဘုရင်မင်းကြီး၏ ဦးခေါင်းမှ သွေးစီးကျလာသည်။ ဘုရင်မင်းကြီး သွေးစွန်းသွားသည်ကို မြင်ရသော အခါ အနီး၌ ရပ်နေကြသည့် တပ်မှူးများ၊ တပ်သားများသည် ထောင်းခနဲ ဒေါသ ထွက်လာကြလေ၏။ ဓားအိမ်မှ ဓားဆွဲ ထုတ်ကြလေ၏။ အရူးမကြီးကမူ ဘာမှဂရုမထားဘဲ တဟားဟားနှင့် ကျယ်လောင်စွာ ရယ်နေသည်။

စစ်သားများ ရှေ့တိုးသွားကြသည်။ ဓားဖြင့်ရွယ်ကြ သည်။
“လာပါ၊ ကျုပ်ကို သတ်လိုက်ပါ။ ဘာဖြစ်လို့ တုံ့ဆိုင်း တုံ့ဆိုင်း လုပ်နေရတာလဲ။ ဘုရင် အသောက သင့်တပ်သားတွေ ကို ကျုပ် ခေါင်းဖြတ်ဖို့ ဘာဖြစ်လို့ အမိန့် မပေးသေးတာလဲ။ ဟား...ဟား...ဟား”

အရူးမကြီး၏ နှလုံး မနှစ်မြို့ဖွယ် ရယ်သံသည်သာ ပတ်ဝန်းကျင်တွင် လွှမ်းနေသည်။
ဘုရင် အသောကသည် ခက်ထန် ကြမ်းကြုတ်သော အသံဖြင့် သူ့တပ်သားများအား အမိန့်ပေးလိုက်သည်။
“တစ်ယောက်မှ ရှေ့မတိုးနဲ့”

ရွယ်ထားသည့် ဓားများသည် လေထဲတွင် ရွယ်လျက်သား တန်းလန်းပင်ဖြစ်နေကြသည်။။ တပ်သားများသည် သူတို့၏ အရှင်သခင် ဘုရင်မင်းကြီးအား နားမလည်သည့် အကြည့်ဖြင့်ကြည့်နေကြသည်။ အသောက ဆက်ပြောသည်။
“နောက်ဆုတ်နေကြ။ သူ ပြောချင်တာ ပြောပါစေ”

တပ်သားများ ရှဲသွားကြသည်။
ဘုရင်မင်းကြီးသည် ဦးခေါင်းက သွေးကို လက်ဖြင့် စမ်းကြည့်လျက်
“သွေး...သွေး...ဒါလောက်လေး ထွက်ရုံနဲ့ ဒါလောက် ခံရတယ်။ ဦးခေါင်း တစ်ခုလုံး ပြတ်သွားတဲ့ အခါ ဘယ်လောက်များ ဝေဒနာခံရမယ် မသိဘူး မိဂမန္ဒ...”
သေနာပတိ မိဂမန္ဒ ဦးခေါင်း ငုံ့သွားသည်။ ဘုရင်မင်းကြီး၏ ဦးခေါင်းမှ သွေးစက်များ မြေပေါ်ကျလာသည်။ ဘုရင်မင်း ကြီးသည် မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။

“ပထ၀ီ မြေကြီးပေါ် ကျသွားတဲ့ အခါကျတော့ ငါ့သွေးလည်း တခြား လူတွေရဲ့သွေးနဲ့ ရောသွားပါကလား။ ငါ့သွေးဟာ ဘုရင် ဧကရာဇ်သွေး ဖြစ်ပေမယ့် တခြား လူတွေသွေးနဲ့ ဘာမှ မထူးခြားဘူး”

ဘုရင်မင်းကြီးသည် သွေးကျသွားသည့် နေရာမှ သွေးရောင်ထနေသည့် မြေကြီးကို ကောက်ယူလျက် လက်ဝါးပေါ် တင်ကာ မမှိတ်မသုန် စိုက်ကြည့်နေသည်။ အားလုံးပင် အံ့အား သင့်နေကြ၏။ အရူးမကြီးပင် ပါးစပ်က ဗလစ် ဗလစ် ထွက်မလာတော့ဘဲ ဘုရင် အသောကကို လှမ်းကြည့်နေသည်။ ဘုရင် မင်းကြီးသည် မြေကြီးကို အတန်ကြာ စိုက်ကြည့်နေသည်။ သူ့အမူအရာကို ကြည့်ရသည်မှာ အတွင်း သန္တာန်၌ အလင်းရောင် တစ်စုံတစ်ခု ပေါ်လာသည်ဟု ထင်နေရသည်။

ဘုရင်မင်းကြီးသည် ပါးစပ်ဟလာသည်။ နှုတ်ခမ်းလှုပ် လာသည်။ တစ်စုံတစ်ခု ပြောချင်လာပုံရသည်။ မကြာမီပင် ဖြည်းညင်းလေးတွဲ့သောအသံကို ကြားရသည်။
“ဒီပထ၀ီ မြေကြီးပေါ်မှာ မိခင်ပေါင်း ဘယ်လောက် ငါ့ကို ကျိန်ဆဲ နေကြမယ် မသိဘူး။ မုဆိုးမပေါင်း ဘယ်လောက် ငါ့ကို သူတို့ချစ်လင် ပြန်တောင်းနေမယ် မသိဘူး။ ကလေး သူငယ်ပေါင်း ဘယ်လောက် ငိုကြွေးပြီး ငါ့ဆီက သူတို့မိဘတွေပြန်ရဖို့ ပူဆာနေကြမယ် မသိဘူး။ ပြောစမ်းပါ ပထ၀ီမြေကြီး။ ပြော စမ်းပါ ကလိင်္ဂ ပထ၀ီမြေကြီး။ ကျွန်ုပ်သင့်ကို သွေးနဲ့ ရေချိုး ပေးခဲ့တယ် မဟုတ်လား။ ကျွန်ုပ်ရဲ့အပြစ်ကို ဖုံးဖိဖို့ အတွက် အသင် ဘာကြောင့် သွေးတွေကို သောက်ပစ် လိုက်တာလဲ”

ဘုရင်မင်းကြီးသည် လက်ဖ၀ါးပေါ်က မြေကြီးကို တစ်လှည့်၊ အောက်ဘက်က ကလိင်္ဂ မြေကို တစ်လှည့် ကြည့်လျက် ပြောပြန်သည်။
“ပထ၀ီ မြေကြီး။ ဘုရင် ဧကရာဇ်တွေ ဘယ်နှဦး သင်ပထ၀ီမြေကြီးပေါ် ဖြတ်သန်းသွားကြပြီလဲ။ ဘုရင် ဧကရာဇ်တွေရဲ့ ရက်စက်မှု၊ ကြမ်းကြုတ်မှု၊ လူမဆန်မှုများကို သင်ဘယ်လောက် တွေ့မြင်ခဲ့ပြီးပြီလဲ။ ကျွန်ုပ်အပါအ၀င် ဘုရင် ဧကရာဇ်တွေဟာ သူတော်သူမြတ် ရသေ့ရဟန်းတွေရဲ့ စင်ကြယ်မြင့်မြတ်တဲ့ တရား အဆုံးအမကို နင်းခြေဖျက်ဆီး ပစ်ခဲ့ကြတယ်။ အို မိခင်၊ ကျွန်ုပ်ကို ခွင့်လွှတ်ပါ။ ကျွန်ုပ်ဟာ အောင်ပွဲရသူ မဟုတ်ပါ။ အောင်ပွဲရသူက အသင်သာ ဖြစ်ပါ တယ် အိုမိခင်”

ဘုရင် အသောကသည် လက်ထဲက မြေကြီးကို ခါချပစ် လိုက်သည်။ အရူးမကြီးသည် မျက်လုံး အကြောင်သားနှင့် ဘုရင် မင်းကြီးနား ကပ်သွားသည်။ သူ့မျက်လုံးသည် ရုတ်ခြည်း အသွင် ပြောင်းသွားသည်။ ငြိမ်လာသည်။ ဣနြေ္ဒရလာသည်။ အရူး မဟုတ်တော့သလို ထင်လာရသည်။ ထို့နောက် အသောက ၏ ဦးခေါင်းပေါ် လက်တင်လျက် “သား”ဟု ခေါ်လိုက်သည်။

“သား ဟုတ်လား။ အမေ့သားကို သတ်တဲ့ လူကို အမေက သားလို့ ခေါ်သလား”

အသောကက အမယ်ကြီးကို မော့ကြည့်ပြီး ပြောလေ၏။
“သားက အမေ့ကိုလည်း အမေလို့ခေါ်တယ် မဟုတ်လား။ အမေက သားကို ဘာဖြစ်လို့ “သား”လို့ မခေါ်ရမှာလဲ”

ဘုရင်မင်းကြီး မျက်ရည် လည်လာသည်။ အမယ်ကြီးကလည်း ငိုလေတော့သည်။
“ထတော့လေ သား။ အတိတ်ကို အတိတ်မှာပဲ ထားလိုက်တော့။ စိတ်သစ်မွေးပြီး လူသစ်ဖြစ်လာဖို့ပဲ ကြိုးစား ပါတော့”

ဘုရင် အသောက မတ်တတ် ရပ်လိုက်သည်။ သူ၏ မျက်ဝန်း၌သီးနေသည့် မျက်ရည်ပေါက် ကလေးများသည် ပုလဲလုံးလေးများ ပမာ တင့်တယ်လှပနေသည်။ အမယ်ကြီးက ပြောလိုက်ပြန်သည်။ “သားရဲ့ မျက်ရည်ပေါက် ကလေးတွေ တွေ့ရတော့ စစ်ဆိုတဲ့ အနိဋ္ဌာရုံကြီး ဒီဇမ္ဗူဒိပ်မှာ နောက်ရှိတော့မယ် မဟုတ်ဘူးလို့ အမေ တွေးနေမိတယ်။ သားဟာ ဘုရင်ဧကရာဇ် တစ်ပါးဖြစ်တယ်။ ကုဋေကုဋာ အသင်္ချေ အနန္တဖြစ်တဲ့ ပြည်သူတွေဟာ သား အပေါ်မှာ မှီခို နေရပါတယ်။ ပြည်သူပြည်သားတွေ အပေါ် ကျောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်မှ ပြည်သူတွေကလည်း သားအပေါ် မေတ္တာ တုံ့ပြန်ပါလိမ့်မယ်”

ပတ်ဝန်းကျင် အခြေအနေသည် လုံးဝ ပြောင်းလဲသွားသည်။ မကြာခင်က ရက်စက်မှု၊ သတ်ဖြတ်မှု၊ ကလဲ့စားချေ မှု၊ အမျက်ထွက်မှုတို့ဖြင့် ပြွမ်းနေသည့် ပတ်ဝန်းကျင်သည် ယခု ငြိမ်းချမ်းလာသည်။ အေးငြိမ်းလာသည်။ ကရုဏာ ဖက်လာသည်။ မေတ္တာ ယှက်လာသည်။ ထိုအခိုက် ထိုနေရာသို့ ရဟန်းတော် တိဿ ကြွရောက် လာလေသည်။ ဘုရင် အသောကသည် ရဟန်းတော်ကို ဖူးတွေ့ ရသည့် အခါ ရွှင်လန်း ချမ်းမြေ့သွားပြီး လက်အုပ်ချီလိုက်သည်။

“ကျွန်ုပ်၏ အကုသိုလ် အညစ်အကြေးတွေကို ဆေးကြော ပေးပါ အရှင်ဘုရား”

“အရှင်မင်းကြီး၊ အမှန်တရားကို သိမြင် သဘောပေါက် သွားပြီ မဟုတ်လား။ ဒီကနေ့ကစပြီး အရှင်မင်းကြီးရဲ့ တိုင်းနိုင်ငံတော်မှာ ငြိမ်းချမ်းရေးရောင်ခြည်သန်းလာပါပြီ။ ဒီကနေ့ ထွက်ပြူလာတဲ့ ငြိမ်းချမ်းရေးရောင်ခြည်ဟာ အင်မတန်မှ တန်ဖိုးကြီးလှပါတယ်။ သွေးပွက်အိုင်ထဲက ပြက်လိုက်တဲ့ ရောင်ခြည်ပါ။ ဒီရောင်ခြည်ကို အရှင်မင်းကြီး ထာဝစဉ်ထိန်း သိမ်းထားရပါလိမ့်မယ်။ ဒီရောင်ခြည် ထာဝစဉ်ထွန်းတောက် နေဖို့ အရှင်မင်းကြီး တရားဓမ္မကို ရင်ဝယ်ပိုက်ရလိမ့်မယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဦးထိပ်ထားရလိမ့် မယ်။ သရဏဂုံသုံးပါးကို ဆောက်တည်ရလိမ့်မယ်။ ကဲ ကျုပ် ဆိုသလို လိုက်ဆိုပါ”

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”
ရဟန်းတော် တိုင်ပေးသလို ဘုရင်မင်းကြီးက လိုက်ဆိုသည်။

“ဓမ္မံ သရဏံ ဂစ္ဆာမိ”
ရဟန်းတော် အသံနောက်တွင် ဘုရင်မင်းကြီး၏ အသံ ထွက်ပေါ်လာသည်။

“သံဃံ သရဏံ ဂစ္ဆာမိ”
ရဟန်းတော်၏ အသံသည် ဘုရင်မင်းကြီး၏ နှုတ်ဖျား၌ ပဲ့တင်ထပ်သွားသည်။
ထိုအချိန်မှ စ၍ ဘုရင်အသောကသည် “ဒေ၀ါနံ ပိယ ဒဿီ အသောက”ဟူသည့်ဘွဲ့နာမံတော်နှင့် လိုက်လျော ညီထွေစွာ နတ်လူတို့ ကြည်ညို လေးစားအပ်သည့် ဘုရင်မင်း တရားကြီး ဖြစ်လာလေသည်။

အသောက မင်းကြီးသည် ဇမ္ဗူဒိပ် အနှံ့အပြား၌ ကျောက် စာတိုင်ကြီးများ ရေးထိုး စိုက်ထူထားခဲ့သည်။ ယင်းကျောက် စာတိုင်များမှ ကျောက်စာများသည် အသောက ဘုရင် မင်းကြီး၏ ဘ၀ကို ဖော်ပြနေကြသည်။ ယင်းကျောက်စာတိုင်များ အနက် အောက်ပါတေရသမကျောက်စာတိုင်သည် အသောက မင်းကြီး၏ အထက်ပါ ဇာတ်လမ်းနှင့် ပတ်သက် ဆက်နွှယ်နေ ပေသည်။

နတ်တို့ ချစ်မြတ် နိုးအပ်သော ပိယဒဿီ အသောက ဘုရင်မင်း တရားကြီးသည် နန်းစံသက် ရှစ်နှစ်မြောက်၌ ကလိင်္ဂတိုင်းကို တိုက်ခိုက် အနိုင်ရ တော်မူသည်။ ယင်းစစ်ပွဲ ၌ ကလိင်္ဂတိုင်းသူ တိုင်းသား တစ်သိန်းခွဲ သုံ့ပန်းအဖြစ် ဖမ်း ဆီးရမိသည်။ တစ်သိန်း အသတ်ခံရသည်။ သေကျေပျက်စီး ကုန်ကြသူတို့၏ ဦးရေမှာ ထိုထက်မက အဆများစွာ ရှိသည်။ ကလိင်္ဂတိုင်းကို တိုက်ခိုက် အနိုင်ရပြီးနောက် မကြာမီ အတွင်း၌ အသောက မင်းကြီးသည် တရားဓမ္မကို အာရုံစူးစိုက်လာ သည်။ တရားဓမ္မကို ယုံကြည် မြတ်နိုးလာသည်။

ကလိင်္ဂတိုင်းကို တိုက်ခိုက် အနိုင်ရရှိသော ဘုရင်မင်း တရားကြီးသည် သတိသံဝေဂကြီးစွာရရှိသည်။ အနိုင်မခံ အရှုံးမပေးသည့်နိုင်ငံကို အနိုင်တိုက်ယူရာ၌ လူတွေအမြောက် အမြား အသတ် ခံရခြင်း၊ သေဆုံးခြင်း၊ ထွက်ပြေးရခြင်းများ ဖြစ်ခဲ့ကြရသည်ကို တွေးလျက် ဘုရင်မင်းကြီးသည် ၀မ်းနည်း ခြင်း၊ နောင်တကြီးစွာ ရခြင်း ဖြစ်မိလေသည်။ နောင်တကြီးစွာ အဖြစ်ရဆုံး အကြောင်းတစ်ရပ်ကား ဤသို့ဖြစ်သည်။ သမဏ နှင့် ဗြာဟ္မဏတို့သည် လည်းကောင်း၊ မိဘဆရာ သမားများ နှင့် ဆွေမျိုး မိတ်သင်္ဂဟတို့ကို လေးစား ခင်မင်မှု ရှိသည့် အခြား ဘာသာဝင်များနှင့် အိမ်ရှင်၊ အိမ်ရှင်မများသည် လည်းကောင်း၊ မိမိတို့ သံယောဇဉ်တွယ်တာသူများ ဒဏ်ရာအနာတရ ရခြင်း၊ အသတ်ခံရခြင်း၊ ထွက်ပြေးသွားခြင်းတို့ကြောင့် စိတ်သောက ကြီးစွာ ရောက်ကြရသည်။

ဘေးဒုက္ခမှ လွတ်မြောက်သွားကြ သူများပင် မိမိတို့ သံယောဇဉ် ရှိနေသည့် ဆွေမျိုး မိတ်သင်္ဂဟများ ခံစားရသည့် ဘေးဒုက္ခတို့ကြောင့် ကြီးစွာ စိတ်ထိခိုက်ကြရ လေသည်။ ယင်းသို့အားဖြင့် ဤဘေးဒုက္ခကြီးထဲတွင် လူတိုင်း ပါကြရသည်။ အသောက မင်းတရားကြီး စိတ်လေးနေသည်မှာ ယင်းအချက်ပင်ဖြစ်သည်။

ပါရဂူ
(ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

No comments:

Post a Comment