Tuesday, March 13, 2012

သဒိုး (page 3)



အပိုင်း (၁ဝ)

တစ်ရက်……..

ပန်းညို အခင်းထဲ သွားနေတုန်း ဒိုးကလေး အိမ်ကိုရောက်နေတယ်။ အခင်းထဲမှာက ဘယ်သူ ခူးစားစား ရယ်လို့ မြေကလေး ဖျာသုံးလေးချပ်စာလောက်မှာ ငရုတ်၊ ရုံးပတီ၊ ချဉ်ပေါင်၊ ခရမ်း စသည်ဖြင့် စိုက်ထားတော့ တစ်အိုးစာ တစ်နပ်ချက် သွားခူးတာပါ။ ပန်းညိုရဲ့ စိုက်ခင်းကို ရွာကလည်း စားချင်သူကတစ်ချက်စာ တစ်ခါကြော် ကြုံသလို ခူးကြတယ်။ ပန်းညို ၀ိုင်းထဲဝင်လာ တော့ တဖျန်းဖျန်း ရိုက်သံ တွေ ဆက်တိုက်ကြားရလို့ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားခဲ့တယ်။

ဝိုင်းထဲ ရောက်တော့ ဒိုးကလေးက ၀ါးခြမ်းမာမာ တစ်ချောင်းနဲ့ နွားတွေကို ကျုံးရိုက်နေတာ တွေ့ရပြိ။ ပန်းညိုက ဆံပင်ကို ချက်ချင်း ပြင်ထုံးလိုက်တယ်။ ထဘီကို တိုတိုပါ အောင်ဝတ်ပြီး ဒိုးကလေးကို ၀င်လုံးတယ်။ ပန်းညို ရုတ်ရက် ရောက်လာတာကိုလည်း မသိလိုက်တော့ မြေပေါ်ကို ပက်လက်လဲ ကျသွားတယ်။ ဒါပေမယ့် ဒေါသနဲ့ ချက်ချင်းထာတဲ့ပြီး ပန်းညိုကို ၀ါးခြမ်းနဲ့ ကျော်ဖြတ် ရိုက်လိုက် တယ်။ ဖျင်းခနဲ နာကျင်သွားရာက ပန်းညို လူစိတ်ပျောက်သွားတယ်နဲ့ တူပါရဲ့။ ဒိုးကလေး သျှောင် ကိုဆွဲပြိး ဂုတ်ကို ဖိနှိပ် ထားရာက ကျောကို အုန်းခနဲ အုန်းခနဲ ထုတော့တာပါ။ ဘယ်နှချက် ထုမိတယ် မသိဘူး။ ဒိုးကောင်းက အမေရေ လို့ အော်ပြေးလာလို့ ရပ်လိုက်ရတယ်။ နွားတွေကတော့ ဒိုးကလေး ဘယ်လောက်တောင် ရိုက်ထား တယ် မပြောတတ်ဘူး။ နောက်ကို ပေဆုတ်ဆုတ်ရင်း ကြိုးရှိသလောက် ရုန်းနေကြလေရဲ့။ နွားတစ်ကောင် များ ဆတ်ဆတ်တုန်နေ လိုက်တာ သနားစရာတောင် ကောင်းတယ်။

ပန်းညိုက ဒိုးကလေးလဲနေတဲ့အတိုင်း ပစ်ထားခဲ့ပြီး အိမ်ပေါ်တက်လာခဲ့တယ်။ ကနေ့တော့ ဒိုးကလေးနဲ့ ပန်းညို လယ်ကံမယားကံ ကုန်ပြီနဲ့တူပါရဲ့။ လနဲကချီ နှစ်နဲ့ချီပြီး မျိုသိပ်ခဲ့ရတဲ့ ဒေါသ၊ သဒိုးဦးကြာပေါ်ရဲ့ သမီး ဆိုတဲ့ ဗီဇ၊ အပြစ်မဲ့တဲ့ နွားတွေကို သေလုအောင် ရိုက်ရပေါ့ မလားဆိုတဲ့ အငြိုး…..။ အားလုံး စုဆုံ ကျရာက ပန်းညို ပွင့်ထွက်သွားခဲ့တယ်။ အိမ်ရှေ့ အိမ်နဲ့ ဘေးအိမ်က လူတေါ ရောက်လာပြီး ဒိုးကလေးကို ထူပေး ကြတယ်။ အိမ်ရှေ့ကပြင်ပေါ် အသာလှဲပေး ထားခဲ့ကြတယ်။ တစ်ရေးနိုးတော့ ပန်းညို ဒေါသ တွေပြေပြီ။ လင်လှဲနေရာက ပြင်ဘက် ထွက်လာတော့ ဒိုးကလေးက ငုတ်တုတ်။ ချည်တိုင်ကနွားတွေကို ညအမှောင် ထဲက လှမ်းကြည့်နေတယ်။ ပန်းညိုက ဒိုးကလေးဘေး ၀င်ထိုင်ပြီးမေးတယ်။

"တော် ဘာလုပ်သာတုံး……. ကျုပ်နွားတွေမှာ ဘာအပြစ်ရှိလို့တုံး……. တော်ရိုက်ထားသာ နွားတွေကို သွားကြည့်စမ်း…… အဖီးချင်း ယှက်နေသာများ နာနတ်သီးသာ ကြည်တော့ ကျုပ်လည်း ဒေါသ မထိန်းနိုင်ဘူး တော်……… တောင်းပန်ပါရဲ့……"
ဒိုးကလေး က သူဘာလုပ်ခဲ့တယ်ဆိုတာ မသိသလို နှုတ်ဆိတ်ကြီးနဲ့ ထိုင်နေတယ်။ တော်တော် ကြာမှ စကားတစ်ခွန်း ပြော လေရဲ့။ သည်စကားကြားတော့် ပန်ညို တုန်လှုပ်သွားခဲ့ ရပြီ။ သူ့အဖေ သဒိုးဦးကြာပေါ် တုန်းက တစ်ခါကြားခဲ့ရသလို ခုလည်းလင်က သည်စကား ပြောပါ့ပကော။

"ငါ ၀ိုင်းထဲဝင်လာတော့ နွားတွေက ငါ့ကိုနှာမှုတ်ကြသယ်…… ငါ့ကိုခွေ့ဖို့ အားယူကြသယ်……… ခွာတွေရှပ်ပြီး တဘူးဘူး အော်ကြသာများ သုံးကောင်စလုံးပဲ…. ဒါနဲ့ ၀ါးခြမ်းဆွဲပြီး ရိုက်ပစ် လိုက်သာ…… မှတ်ကြ ရောဟ…….."

ဒိုးကလေးက ပြောနေပေမယ့် ပန်းညိုက ဖအေဘိုးကြာပေါ်ကို စိတ်ရောက်သွားခဲ့တယ်။ အဖေလည်း သည်လိုဖြစ်ခဲ့ဖူးတာပါလား။ တစ်ခါက အဖေ့ကို လူတေါက သွေးအလူးလူးနဲက ရွာထဲအိမ်ကို ပြန်ပို့ခဲ့ကြတဲ့ အဖြစ် ကို ပန်းညိုမမေ့ဘူး။ အဲသည်နေ့က အဖေချောက်ထဲကို စောစော ရောက်သွားခဲ့တယ်။ သည်တုန်း ကတော့ အိမ်က စောစောထသွားတဲ့အခါတွေပေါ့။ ချောက်ထဲမှာ နေ့ရော ညပါ မနေသေးဘူး။ မနက် နေထန်းတစ်ဖျား လောက်က နွားတွေထဲမှာ ရှားရှား ပါးပါးချိုလက်ပြတစ်ကောင် ဆွဲလာခဲ့သတဲ့။ ချိုကုပ် ချိုတောင်၊ ချိုတယ်လူးစသဖြင့် ချိုအမျိုး မျိုးထဲမှာ ချိုလက်ပြက ထူးခြားတဲ့ချို။ ချိုတစ်ဖက်တောင် ချိုတစ်ဖက်လဲ ဆိုတော့ သူများ လက်ပြ သလိုဖြစ်နေလို့ ချိုလက်ပြ ခေါ်တာပါ။ နွားက နသန်တော့ မဟုတ်ဘူး။ အိုပြီ။ ဆွဲလာသူက သူ့နွားဖြစ်ကြောင်း၊ မကြာခင် ရွာက အသားသယ်မယ့် လှည်းလိုက်လာမယ့် အကြောင်း ပြောပြီး ဘိုးကြာပေါ်ကို အပ်တယ်။ ဘိုးကြာပေါ် ကအေးအေးပါပဲ။ ဆေးလိပ်တစ်ဖွားတောင် သောက်နေ လုက်သေးတာပါ။
"မင်းက ဘယ်ရွာကတုံး"

"အိုးဖုတ်ကုန်းက"
"မင်းတို့ရွာတွေမယ် ဒိုးမရှိရော့လားကွာ……. အဝေးကြီး ဆွဲလာရသယ်လို့………"
"ရွာမှာ မလုပ်ချင်လို့ဗျ……… ရွာကမလုပ်ဖို့ တားနေကြသာ…. ကျုပ်ကလုပ်ချင်လို့ ဆွဲလာသာ.. အသား တော့ မြိုင်လှဈေး သွင်းရမှာပဲ……"
"မင်းနွားက ချိုလက်ပြပါကောကွ….. ရှားကရှားနဲ့……. အကျိုးကောပေးခဲ့ရဲ့လား………."
"ပေးသယ် မပေးသယ် မှုတ်ပေါင်ဗျာ……… နကန်ချက် နာတော့ ထလုပ်သာမျိုးပါ"

သည်အချိန်မှာ နွားရှင်က ချိုလက်ပြ နအိုကြီးကို အနားက သဖန်းပင် ပင်စည်မှာ ချည်တယ်။ ဘိုးကြာပေါ်က တဲထဲ ၀င်ပြီး ရေသောက်တယ်။ အိုးကခေါင်အဆင်းက အခြင်တန်းမှာ ကြိုးနဲ့ ဆိုးထားတဲ့အိုး။ သောက်ချင် သူက လှမ်းခပ်သောက်လို့တော့ရတယ်။ ဘိုးကြာပေါ်က ထိုင်လျက်က ဓားရွေးနေ တုန်းမှာပဲ နွားချည် ထားတဲ့ ကြိုးကထောင်းခနဲ ပြတ်ပြီး နွားက တဲထဲကို ရှိသမျှအားနဲ့ ၀င်ခွေ့တော့ တာပါ။ ရေသောက်နေတဲ့ နွားရှင် က ဘေးဘက်က ခပ်သောက်နေတာဆိုတော့ နွားဝင်လာတာ လည်းမြင်ရော နောက်ကို ခုန်ဆုတ် လိုက်တယ်။ ဒါပေမယ့် ဘိုးကြာပေါ်က တော့မလွတ်ပါဘူး။ ငုံ့ခတ်လိုက်တဲ့ ချိုချက်နဲ့ နောက်ကို လွင့်သွား ရာက တဲတိုင်ကို ကျောနဲ့ဆောင့်မိသွားတယ်။

တဲတိုင်အညွတ်မှာ ရေအိုးက ကြိုးဆိုင်းပြုတ်ပြီး ဘိုးကြာပေါ်ခေါင်းပေါ် တည့်တည့်ကြီး ကျလာတယ်။ နွားဆောင့် တဲ့ ဒဏ်ရာ၊ တိုင်နဲ့ ကျော်နဲ့ ရိုက်မိတဲ့ ဒဏ်ရာ၊ ရေအိုးပြုတ်ကျတဲ့ ဒဏ်ရာ တွေနဲ့ ဘိုးကြာပေါ် မေ့သွားတော့ တာပါပဲ။ ဒါတောင် ဘိုးကြာပေါ်ကို တရှူးရှူးအော်ပြီး ခတ်နေတုန်းပါ။ နွားရှင်က ချက်ချင်းပဲ ပြတ်သွား တဲ့ ကြိုးစကျန်တာကို ဖမ်းပြီး နဖားကြိုးလှန်ဆွဲ တော့မှ အခွေ့ရပ်တော့ တယ်။ သခင် ကိုက်လိုက်မှန်း သိတော့နွားက ငြိမ်ကျသွားပြီး ဆုတ်ကန် ဆုတ်ကန်နဲ့ တုန်နေရာက ရုန်ပြေးတော့တာပါ။ နွားရှင်ရဲ့ အမဲသည်မယ့် လှည်းရောက်လာတော့ ဘိုးကြာပေါ်ကို လှည်းပေါ်ကောက်တင်ပြီး အိမ်ပြန်ပို့ခဲ့ကြတယ်။ သည်ဒဏရာနဲ့ ဘိုးကြာပေါ် တစ်လလောက် ကုယူရတာပါ။

"အဖေသိတယ်…….. နွားကြီးက ဆွဲလာကတည်းက အဖေ့ကို ပေပြီး ကြည့်နေသာ ပန်းညို မရဲ့ …… အရင်က မဖြစ်ဖူးဘူး… တုန်နေတဲ့နွား၊ ကြောက်နေတဲ့နွား၊ မျက်ရည်ကျတဲ့နွား၊ ပေဆုတ်ဆုတ် လုပ်နေတဲ့နွားတွေ တွေခဲ့ပါရဲ့…….. အဲသည်နွားကတော့ ချည်ထားတဲ့ကြိုးတောင် ပြတ်သွားသာ ကြည့်တော့……. ကံကြီးလို့ မသေသယ်……… အဖေ့ကို နွားတွေ မုန်းကြပြီ"
ဘိုးကြာပေါ် ကိုတော့ ရွာဆေးနဲ့ပဲ ကုခဲ့ရတာပါ။ နံတွေ ကျိုးမကုန်ပေသိ နံရိုးတွေ နိမ့်သွားလို့ တစ်သက်လုံး ခရှိုက်(ခါးရှိုက်)ကြီးနဲ့ နေသွားခဲ့ရတယ်။

နောင်များတော့ နွားတွေကို အမြဲသတိထား ခဲ့ရတယ်။ မကြာမကြာ နွားတွေရဲ့ အတိုက်အချုက်ခံရတာတွေ ရှိခဲ့တယ်။ အခုလည်း လင်သားဖြစ် တဲ့ဒိုးကလေးက သည်စကားမျိုး ပြောနေပါပကော။ နွားတွေက ရန်လုပ်ကြလို့တဲ့။ ဒိုးကလေးနဲက သည်နွားတွေ ကွဲသြွးတာ ဘာကြာသေးလို့တုန်း။ ရန်သူလို သဘောထား ရအောင် ဘာအကြောင်း ရှိလို့တုန်း။ တစ်ရွာက ရောက်လာတဲ့ သူစိမ်းကိုတောင် နွားတွေက ချစ်ခင် ကြပါလျက်ကာ နဲ့ ဒိုးကလေးကျမှာ ဘာဖြစ်လိုက သည်လိုဖြစ်ရတာလဲ။

သည်လို အဖြစ်မျိုး ဒိုးကလေး ကြုံခဲ့ရတာ နှစ်ခါ သုံးခါရှိပါပြီ။ အစတုန်းကတော့ သတိမထားမိခဲ့ ဘူး။ တစ်ခါ က ရွာလှည်းသမား ကိုတေနောင် ရွာထဲလှည်းမောင်း ၀င်လာတာနဲ့ ဒိုးကလေး အနောက်ချောင် အရက်သွား သောက်တာနဲ့ ကြုံတယ်။ ကိုတေနောင်နဲက ဒိုးကလေးက ရွယ်တူတွေ။ ငယ်ငယ်က ကစားဖော် ကစားဘက်။ အရက်ဆိုင်ချောင်က ဒိုးကလေးထွက်လာတာ တွေ့တော့ ကိုတေနောင်က လှမ်း နှုတ်ဆက်တယ်။
"ဟေ့ကောင် ဒိုးကလေး……. စောစောစီးစီကွာ…….. မနက်ရေချခဲ့ရော့လား…… မင်းနဲကတော့ ခက်ပါ့ကွာ……."
"တေနောင်…….. နေဦး……. ငါပါလိုက်မယ်"

ကိုတေနောင်က လှည်းရပ်ပေးတာ့ ဒိုးကလေးက လှည်းရှေ့က ပန်းပြီး လှည်းနောက်မြီးဘက် စိုက်ထိုး စိုက်ထိုး နဲ့ လျှောက်လာတ.်။ အရက်က မူးနေတော့ မဟုန်နိုင်တာနဲ့ အနားကနွား နံဘေးကို လှမ်းကိုင် လိုက်တယ်။ သည်မှာတင် နွားက ဆက်နဲတုန်သွားပြီး ဘူးခနဲ ထအော်ရာ။ ကိုတေနောင်တောင် ကြောင်းသွားလေရဲ့။ ဒိုးကလေးက အကိုင်မခံရကောင်းလားဆိုပြီး လှည်းထမ်း ပိုးတုံးရှေ့သွားရပ်တယ်။ သည်မှာတင် နွားနှစ်ကောင်က ပြိုင်တူအော် လိုက်ကြပြီး နောက်ကို ကျို့ခနဲ ဆုတ်လိုက်တာကနေ ပတ်ချာလှည့်လိုက်တာ လှည်းတစ်ပတ်လည်ကရော။ လည်လို့လှည်းတည့်သွာတာနဲ့ ရုန်းပြေးကြတော့တာ ဒိုးကလေး ကျန်ရစ်ခဲ့တယ်။ ကိုတနောင်ကလည်း လှည်းက နောက်ကြောင်းပြန်နေတော့ ကြိုးကို စုံဆွဲပြီး တောင့်တယ်။ ရပ်သွား အောင်ပါ မရပ်ဘူး။ နွားတွေက ပြေးလျက်ပဲ။

"ဟကောင်တွေရ….. အဖေ့သားတွေ ဘယ်လိုဖြစ်သာတုန်းဟ……. ရော်ရပ်ကြဦးဟ"
လမ်းပေါ်မှာတော့ မူးမူးနဲက ရပ်နေတဲ့ ဒိုးကလေးပဲ ကျန်ရစ်ခဲ့တယ်။ မျက်လုံးပြူးကြီးနဲ့ လှမ်းကြည့် နေရုံပဲ တတ်နိုင်တော့တယ်။ လှည်းကပြေါ်ပြိး။ ကိုတေနောင်လည်း တဟေးဟေး တဟားဟားနဲ့ ပါသွားလေရဲ့။ သည်အဖြစ်ဟာ ဒိုးကလေးအတွက် ပထမဆုံးဖြစ်ခဲ့တဲ့ အဖြစ်ဆိုတော့ အမှတ်ထင် ထင်ရှိခဲ့တယ်။ သည်အကြောင်း ကိုလည်း ရွာထဲကတစ်ဆင့် ပန်းညိုကြားခဲ့ရပြီးပြီ။

တစ်ခါကလည်း ပန်းညို သတိထားမိလိုက်တာ ရှိတယ်။ ဒိုးကလေးနဲ့သူ မြောက်ရွာက အပြန် ရွာထဲ ၀င်တော့ ကိုဆာမိ နွားအုပ်ကြီးနဲ့ဆုံတယ်။ ကိုဆာမိက ရွာထဲက နွားတွေကို အငှားကျောင်း တဲ့သူဆိုတော့ နွားအကောင်နှစ်ဆယ် အစိတ်အမြဲပါတတ်တယ်။ ကိုဆာမိက နွားတွေနဲ့ ရွာထဲက အထွက် ပန်းညိုနဲ့ ဒိုးကလေး က ရွာထဲအ၀င်။ ရွာဆူးတံခါးနား ဆုံကြတော့ နွားတွေက ရွာဘက် ပြန်လှည့်ကြတယ်။ ကိုဆာမိက လှည့်ပြန်လာတဲ့ နွားတွေကို နကန်နဲ့ ဆီးရိုက်တယ်။ ရိုက်ပေမယ့် နွားတွေက ရိုက်နေတဲ့ နကန်ဆီကိုပဲ စွတ်ဝင် နေကြတော့ ၀ရုန်းသုန်းကား ဖြစ်ကုန်ကြတာပေါ့။ ပုံမှန် အားဖြင့် နွားဆိုတာ နကန်ကို ကြောက်ကြမြဲ မဟုတ်လား။ အခုတော့ ပန်းညိုနဲက ဒိုးကလေး သည်ဘက်မှာ ရှိနေကြတာကို နွားတွေလန့်နေကြတာ ထူးတော့ ထူးဆန်းသားလို့ ပန်းညို အောက်မေ့မိခဲ့သေးတယ်။

အခုလည်း အိမ်က နွားတွေက မခိုးမခန့်ရှိကြပြီ။ မခင်မတွယ်ရှိကြပြီ။ သည်အချိန်မှာ ပန်းညိုက လေအေး ကလေး နဲ့ ဖျောင်းဖျရှာတယ်။ မပြောင်းကောင်းပေသိ လင့်အကျိုးကို ငဲ့ပြီးပြောရတော့တာ ပါပဲ။
"တော် အကုသိုလ် ကြီးနေပြီကော…. အစ်ကို့အလုပ်တွေ ရပ်လိုက်စေချင်ပါပြီ……. ကျုပ်လုပ် ကျွေး ပါ့မယ်တော်…. တော်အရက်သောက်ချင်သောပါ……… ဖဲရိုက်ချင်ရိုက်ပေါ့……. ကျုပ်နပူနဆာ လုပ်တော့ပါးချ…….. သဒိုးအလုပ်တော့ မလုပ်ပါနဲ့တော့……. တော်နဲ့ရတဲ့ ကလေးနှစ်ယောက်မှာ အကြီးကောင်က သဒိုးဖြစ်……. နှမက အမဲလည်ရောင်းရတဲ့ အဖြစ်မျိုး မဖြစ်ချင်စမ်းပါနဲ့ တော်…….."
သည်တစ်ခါတော့ ဒိုးကလေးက ငြိမ်လို့။ သူ့ကိုယ်သူလည်း သိပုံပေါ်ပါရဲ့။ ပန်းညိုမျက်နှာကို လှမ်းကြည့်တယ်။ အိမ်ကလေးထဲမှာ မှောင်နေတော့ ကောင်းကောင်းမမြင်ရဘူး။

"ဒိုးကောင်း တို့ကို ရှင်းပြုရဦးမှာ ရှိသေးတယ်……. ငါပိုက်ဆံရှာရဦးမှာပါ ပန်းညိုရာ…… ကလေးတွေ ရှင်ပြု ပြီးရင် ငါမလုပ်တော့ဘူး အော်မေ့ပါသယ်……… နောက်လေးငါးနှစ်ပေါ့ဟာ….."
ပန်းညို ကတော့ သက်ပြင်းချရုံပေါ့။ အကုသိုလ်ကို တွန်းဖယ်ဖို့ များ ဈေးဆစ်နေရသေးသလား အစ်ကိုရယ် လို့သာ စိတ်ထဲက ညည်းမိပါရဲ့။

အပိုင်း (၁၁)
ကုက္ကိုကုန်း သည်တစ်ခါလှူတဲ့ အလှူက အလှူကြီး။ အလှူ့ရှင်ကိုသံချောင်း မညွန့်ခင် ဆိုတာက ဒိုးကလေး တို့နဲ့ ဆွေးမျိုးမကင်းကြဘူး၊ ဒိုးကလေးအဖေ ဦးပျားအုံနဲ့ အလှူ့ရှင် ကိုသံချောင်းတို့က ညိအစ်ကို ၀မ်းကွဲ တော်ကြတယ်။ ဦးပျားအုံက အကြီးဆိုတော့ ကိုသံချောင်းတို့က အစ်ကိုကြီး အစ်ကိုကြီးနဲ့ လေးလေးစားစား ရှိခဲ့ ကြတယ်။ အလှူရက်မှာ ဦးပျားအုံ မရှိတော့တဲ့ အခါကျတော့ ကိုသံချောင်းဘက်က အမျိုးရယ်လို့ ဒိုးကလေး နဲ့က ပန်ညိုကို ဖိတ်စာထဲထည့် ရိုက်ရတယ်။ အလှူက ၀က်သားပြောင် ကျွေးမှာဆိုတော့ အသား ကိစ္စ ဒိုးကလေးပဲ တာဝန်ယူလိုက်တယ်။ ၀က်ဖိုးကတော့ အလှူ့ရှင်က ပေးတာပါ။ ၀က်ဝယ်ပြိး ဒိုးကလေးက ပေါ်ပေး ရတာပါ။ ဘထွေး လုပ်တဲ့အလှူ့ရှင်က ဒိုးကလေးကို မလုပ်စေချင်လို့ အပြီးမှာရအောင် ပါ ဆိုတာကို ဒိုးကလေးက လက်မခံဘူး။
"မဟုတ်သာ ဘထွေးရာ…….. ကျုပ်ရှိလျက်ကနဲ့ဟာ….. ကျုပ်လုပ်ပေးတော့ မလေဘူးပေါ့ဗျာ"

"လေသာ မလေသာ အကြောင်းမဟုတ်ပါဘူး ငါ့တူရာ……… အလှူရက်ထဲ မင်းကို အကုသိုလ် ဖြစ်မှာ စိုးလို့ပါ…… ရွာထဲတော့ မလုပ်နဲ့ကွာ….. တခြားသွားလုပ်ချေ"
ဒိုးကလေး ကပဲ တစ်ရွာက ၀က်တွေ သွားဝယ်။ အလှူရက်နဲ့တိုက်ပြီး ပေါ်ပေးလိုက်တယ်။ ၀က်သားပြောင် ချက်ကျွေး တဲ့ အလှူဆိုတော့ အလှူကြီး။ ရွာတွေက ဒိုးပတ်ဝိုင်းတေါ တစ်ဝိုင်းစီ ဖိတ်ထားတာဆိုတော့ မြိုင်လှ ဖယ်လိုက်ရင် ဒိုးပတ်ဝိုင်းကိုးဝိုင်းတောင် ပါတဲ့ အလှူဘယ်သေးလိမ့် မလဲ။

ကိုသံချောင်းတို့က မိဘများလက်ထက်ကတည်းက တောင်သူကြီးတွေဆိုတော့ ချမ်းသာကြ တယ်။ မညွန့်ခင် အမွေရတာနဲ့ဆိုတော့ ရွာမှာ လူချမ်းသာ စာရင်းဝင်တွေ။ တစ်သက်တစ်လျူ လှူလိုက်စမ်းမဟဲ့ ဆိုတဲ့ စိတ်နဲက မြိုင်လှက ရွှေမဏ္ဍပ်ဆင် ငှားတယ်။ မြင်းခြံက နာမည်ရတဲ့ ဆိုင်းငှားတယ်။ ဘိသိက်ငှားတယ်။ ရှင်လောင်လှည့်မနက်မှာ ရှင်လောင်းတွေကို နတ်များ ဗြဟ္မာများက ရွှေထီးဆောင်း ပေးကြတာ၊ ကလေးကလည်း ထည့်ချင်တော့ နတ်ဝတ်နတ်စား၊ ဗြဟ္မာဝတ် ဗြဟ္မာစား ကအစ ငှားထား ကြတာပေါ့။ ဗြဟ္မာကြီးက ရှေ့က၊ နောက်က နတ်သား လေးပါ။ နတ်သားလေးပါးက ရွှေထီးလေးလက် ကိုယ်စီ ကိုင်ကြရမှာကိုး။ ရွာက ကျဉ်းကျဉ်းဆိုတော့ တောင်ရွာအထိ လှည့်ကြဖို့ စီစဉ်ထားတယ်။

"ဘထွေး……ကျုပ်တူတွေ အလှူမှာ ကျုပ်က ဗြဟ္မာလုပ်မှာဗျနော်………. နတ်သားလေးပါတော့ ဘထွေး တို့ သဘောပဲ"
"ဒိုးကလေး ရာ……. ဗြဟ္မာဝတ်ကြီးနဲ့ အရက်တွေ တွန်းသောက်ထားလို့တော့ မကောင်းဘူးကွ ငါ့တူရ……. ငရဲကြီးတတ်သယ်….. ပြီးတော့ တောင်ရွာအထိဆိုတော့ မင်းပုံနဲ့ ဖြစ်မယ်မထင်ဘူး…. တစ်ယောက် ရှာပါ ကွာ………"

"ဘယ့်နှယ် မဖြစ်ရမှာတုန်း ဘထွေးရ… ကျုပ်ဗြဟ္မာလုပ်မယ်…….. ကျုပ်မသောက်ပါဘူးဗျ…. အလှူလှည့် ပြန်လာ မှ သောက်မှာပါ…….."
"ကိုင်း ကိုင်း….. မင့်သဘောပါ ငါ့တူရာ……… ဘထွေးက မင်းပင်ပန်းမှာ စိုးတာပါ……"

သည်လိုနဲ့ အလှူရက်ရောက်ကရော။ ရှေ့ဆုံးက သာသနာပွဲရွက်မယ့် အမေကြီးပုံ။ နောက်က နတ်သား လေးပါး နဲ့ ဗြဟ္မာကြီး။ စုစုပေါင်း ငါးပါးလိုက်ရမယ်။ နတ်ဝတ်နတ်စားတွေ ညကတည်းက ကြိုပေး ထားတော့ မနက် မိုးလင်းတာနဲ့ အကျအန ၀တ်ဆင်ပြီး အလှူမဏ္ဍပ် သွားကြရုံကိုး။ ဒိုးကလးက သူ့ အိမ်သံငုတ် မှာ ချိတ်ထားတဲ့ ဗြဟ္မာဝတ်စုံရှည်ကြီးကို တပြင်စွန်းက ထိုင်ကြည့်ရင် သဘော ကျနေတော့တယ်။ ဗြဟ္မာဆောင်းတဲ့ မကိုဋ်ကြီးကတော့ ခေါင်းရင်းက ခုံပေါ် မျာအကျအန တင်ထားတာပါ။

ပန်းညိုကလည်း ၀မ်းတွေသာလို့။ အလှူမှာ ဗြဟ္မာဝတ်နဲက အလှည့်လိုက်မှာဆိုတော့ အကုသိုလ်စိတ် တဒင်္ဂပျောက်ပြီး ကုသိုလ်စိတ်ကလေး ၀င်တော့လည်း အမြတ်ပဲလို့ တွက်ရှာတာပေါ့လေ။ ပန်းညိုက သည်အ၀တ်အစားကြီး အလှူအိမ်က ပို့လိုက်က တည်းက ဒိုးကလေးကို ၀တ်ကြည်စမ်းပါ ခိုင်းနေတာပါ။ ဒိုးကလေးက အရက်သောက်ထားတော့ မ၀တ်ဘူး။ မရိုမသေဖြစ်မှာစိုးတာလည်း ပါပါတယ်။ မနက်ကျမှာ ရေမိုးချိုးပြီး ၀တ်မယ်လို့ စိတ်ကူး ထားတယ်။

မနက် မိုးလင်းတော့ ဒိုးကလေး ရေမိုးချိုးတယ်။ ညကအရက်သိုးနံ့ပျောက် အောင် သွားတိုက်ပြီး တာနဲ့ ကွမ်းတစ်ယာ ၀ါးတယ်။ အောက်ခံဘောင်းဘီတိုနဲ့ စွပ်ကျယ်ခံပြီး ဗြဟ္မာအ၀တ်အစား လျှို ၀တ်တယ်။ ဗြဟ္မာဝတ် က ကြီးနေပြီး ဒိုးကလေးက သေးနေနော့ အားလာငေးနေကြတဲ့ ကလေးတွေက ရယ်ကြရော။ ဖို့ရို့ ဖားရားကြီး ဖြစ်နေတာကိုး။ ပန်းညိုကလည်း မျက်နှာပိုး မသတ်နိုင်ဘူး။
"အေးဟ……. ဒါကြီးနဲ့ တောင်ရွာအထိ လှည့်ရလို့ကတော့ ချွေးတလုံးလုံးနဲ့ ပူပူလောင်လောင် ကြီး နေမှာ ပါဟာ……. ဘထွေးကတော့ ပြောသား………"
"အိုတော်….. တစ်မနက်စာထဲဟာကို… ၀တ်ပါတော့…… ကုသိုလ်ရသာပေါ့….. တော့်တစ်သက် ၀တ်ဖူး လို့လား ၀တ်ရတုန်း ၀တ်စမ်းပါ တော်……."
"အေးပါ…. ခုမှတော့ မ၀တ်လို့လည်း မရတော့ဘူး.. ငါ့နှယ် ဗြဟ္မာနဲ့မတူဘဲ ဘုန်းကြီးပျံ ကွင်းထဲက ဒုံးရုပ် နဲ့ တူနေပါ့ကောဟ……."

ဗြဟ္မာဝတ် ၀တ်ပြီးတာနဲ့ မကိုဋ်မဆောင်းသေးဘဲ အိမ်ကပြင် ခြေဆင်းထိုင်နေတယ်။ ကလေးတွေ ကတော့ ရယ် လို့မဆုံးနိုင်ဘူး။ အငယ်မ မတီမတာကတောင် ရယ်နေတော့ ဒိုးကလေးတောင ရှက်တက်တက် ဖြစ်လာတယ်။ ပန်းညိုက အလှူတန်းလှည့်ရမယ် သိတော့ အိမ်က အဆာပြေ ထမင်းကြမ်း ပန်းကန် ဇွန်း တပ်ပေးတယ်။
"ဗြဟ္မာကြီး….. နတ်သုဒ္ဓါလေးများ မှီဝဲသွားဦး……. လမ်းကျမှ ဗိုက်ဆာလိုက် ဟပ်ထိုးလဲနေဦးမယ်"

ဒိုးကလေးက မစားပါဘူး။ မိုးလင်းတာနဲက အရက်သောက်နေကျဆိုတော့ နေပူခံကလေး တစ်ခွက်လောက် သောက်ချင်တာပဲ ရှိတယ်။ အရက်တော့ မသောက်ဘူးလို့ စိတ်ဖြတ်ထားတော့ ရင်ပူခံပြီး တောင့်ထား လိုက်တယ်။ အလှူမဏ္ဍပ်ဆီ အသဲချဲ့စက်သံ ဒိုးသံတွေ ဆူနေသလို ဒိုးကလေးရင်ထဲမှာလည်း အပူပလုံစီကြီး ထိုးနေလေရဲ့။ တစ်ခွက်လောက် သောက်တော့ကော ဘယ်သူသိတာမှတ်လို့။ တကယ့်ဗြဟ္မာမှ မဟုတ်ဘဲ။ ဗြဟ္မာ ၀တ်စုံကို သည်လိုပဲ ကြုံတဲ့လူက ၀တ်နေကြတာပဲ။

ဒိုးကလေးကို စိတ်ကပဲ သွေးတောင်နေတော့ ဗြဟ္မာအ၀တ်အစား တန်းလန်းနဲ့ နောက်ဖေးဘက် ထွက်လာခဲ့တယ်။ နောက်ဖေးက မောင်းဆုံခွက်ထဲမှာ တစ်ညက ကျန်တဲ့ အရက် ပုလင်းလက်ကျန်ကလေး ရှိသေးတာ သတိရလို့ ထလာတာပါ။ ပန်းညိုက နောက်ဖေးနောက်ဖီ ဥွားတယ် ထင်တယ်။ ဒိုးကလးက မောင်ဆုံခွက်ထဲ ထည့်ထားတဲ့ ပုလင်းကို ဆတ်ခနဲနှိုက် အဖုံးဖွင့် ပြီး ပါးစပ်ထဲ ရေမစပ် ရေမရော လောင်းချ လိုက်တယ်။ အာခေါင်ထဲ ပူသွားပေမယ့် တစ်ကိုယ်လုံး တော့ ငြိမ်သွားတာပေါ့လေ။ သည်လောက် ဆို မဆိုးဘူး။ ပုခင်းခွံ လွှင့်ပစ်ခဲ့ပြီး ဟန်မပျက် ပြန်ထွက် လာတော့ အိမ်ဝမှာ ရွာထဲက ငအိုးကို တွေ့ရပြီ။ ဒိုးကလေး မလာလို့ လာခေါ်တာပါ။

"လေးဒိုး…… ခင်းဗျား အေးအေးဆေးဆေးလုပ်နေ…… ဟိုမှာ နတ်သားတွေ ဟုံပြီဗျ…. ဘကြီးသံချောင်း ခေါ်ခိုင်း လိုက်လို့…. အလှူက လှည့်တော့မယ်……."
ပန်းညို က အိမ်ပေါ် မရှိဘူး။ ထူးသံဖြေသံလည်း မကြားရတော့ ငအိုးကိုပဲ အိမ်ပေါ်က ဗြဟ္မာမကိုဋ် တက် ယူခိုင်း လိုက်ရတယ်။ ငအိုးက မကိုဋ်ကြီး တက်ယူပြီး ဒိုးကလေးလက်ထဲ ထည့်ပေး လိုက်ရတယ်။ ဒိုးကလေး က မကိုဋ်ကို ငအိုးအကိုင်ခိုင်းပြီး အလှူအိမ်ကို ထွက်ဖို့ပြင်တယ်။ ပန်းညို တစ်နေရာ ရောက်နေ လို့ထင်ပါရဲ့။ လင် ၀ိုင်းဝရောက်မှ ပန်းညိုပြေပလာပြီး လှမ်အော်တော့တာပါ။ ဒိုးကလေးက လှည့်ကြည့် တယ်။

"အစ်ကို…… မကိုဋ်ဆောင်းသွားလေ…. ကျုပ်ကြည့်ချင်လို့ပါ….."
"အလှူလှည့်တော့ လိုက်ကြည့်ပါလားဟာ……ခုကတည်းက ဆောင်မသွားချင်ပါဘူး"
"အခုဆောင်းစမ်းပါတော်…….. ဗြဟ္မာဘ၀နဲ့ ကျုပ် ၀၀်ကြီး မြင်ချင်လို့ပါ…….. ငအိုး… ဆောင်းပေး လိုက်စမ်း ပါဟယ်……"
ငအိုးက မကိုဋ်ကြီး ကမ်းပေးတော့ ဒိုးကလေးက ဗျစ်တောက် ဗျစ်တောက် ပြောရင်းနဲက ခေါင်းကို စွပ် လိုက်တယ်။ အနားရောက်လာတဲ့ ပန်းညိုနဲ့ ကလေးတွေကလည်း ပြုံကြလို့။ ငအိုးကလည်း ပြုံးလို့။ သည် အပြုံး တွေ ကြာရှည်မခံလိုက်ပါဘူး။ အဲသည်ခဏမှာပဲ ဒိုးကလေးကို ဗြဟ္မာဝတ်ကြီးနဲ့ အိမ်ပေါ် ပွေ့တင် လိုက်ကြတယ်။ တော်တော်နဲ့ သတိမရေလေတော့ ပန်းညိုက စိတ်ပူပြီး။

ဘာဖြစ်သွားတာပါလိမ့်။ ပွေ့တင်တော့မှ အရက်နံ့ရလိုက်တာလည်း သိလိုက်တယ်။ ဘယ်အချိန် များသောက်လိုက်ပါလိမ့်။ ဒိုးကလေး သတိမလည်တာ လည်တာထား အလှူက ဗြဟ္မာမပါဘဲလှည့် မဖြစ်တော့ ငအိုးကိုပဲ ဗြဟ္မာအ၀တ်တွေ ၀ိုင်းအချွတ်ခိုင်းရတယ်။ ထင်တဲ့အတိုင်းပဲ ဒိုးကလေးကို သွားခေါ်တဲ့ ငအိုး ပေါ်မလာတော့ အလှူကလူတွေ လိုက်လာကြတာ မနည်းဘူး။ ဒိုးကလေး အဖြစ်ကို မြင်တော့ အံ့သြ ကြတယ်။ ချက်ချင်းပဲ ဗြဟ္မာအ၀တ်အစားတွေ ငအိုးကိုပဲ ဆင်ပေးလိုက် ကြရတယ်။ ဗြဟ္မာကြီးကို လာပင့်တဲ့ ငအိုး ခမျာ ချက်ချင်း ဗြဟ္မာဖြစ်သွားရာက အလှူအိမ်ကို တန်းပြေးရပြီ။ လူတွေပြန်လို့ တော်တော်ကြီး နေတော့ မှာ ဒိုးကလေး မျက်လုံးပြန်ပွင့်တော့တယ်။ သူ့ခန္ဓာကိုယ်ပေါ်က ဗြဟ္မာအ၀တ်အစားတွေ မရှိတော့ တာ ကိုပဲ စိတ်သာသာရာ ရသွားသလို မျက်လုံးတွေ ပြန်စင်းသွားလေရဲ့။

"ဘယ်နှယ့် ဖြစ်သွားသာလဲ မပြောတတ်ပေါင ပန်းညိုရယ်……. မကိုဋ်ကြီးလည်း စွပ်လိုက်ရော…… နားထင် နှစ်ဖက် ကင်းမလက်မည်း ညှပ်လိုက်သလို မီးဝင်းဝင်း တောက်သွား တော့တာပဲ….. နားထဲ မှာလည်း မိုးကြိုးများ ပစ်လိုက်သလိုပါဟာ….. တစ်သက်နဲ့တစ်ကိုယ် ကြုံဖူးဘူး…….."
ပန်းညို ကတော့ သူ့စိတ်ထဲခံစားရတာ ရှိပေမယ့် ချိုသည်ခါးသည် မပြောတေ့ပါဘူး။ ဒိုးကလေးကို အသာမှိန်း နေဖို့ ပြောခဲ့ပြီး ကလေးတွေကို ရှင်လောင် လှည့်ပြရင်း အလှူအိမ်ကို မျက်နှာ ပြထွက် လာခဲ့ရတယ်။ ငအိုးကို အလှူတန်းရှေ့ဆုံးမှာ ဗြဟ္မာဝတ်စုံကြီးနဲ့တွေတော့ ပန်းညို မျက်ရည် တွေဝဲလာမိတယ်။ ချက်ချင်း လိုလိုပါပဲ ကလေးနှစ်ယောက် လက်ဆွဲပြီး အိမ်ပြန်လာခဲ့ တယ်။ ပန်းညို ရင်ထဲ တော့ ငါးရိုးများ လည်ချောင်းထဲ ကန့်လန့်နင်နေသလို စလုံးစခုကြီးနဲ့။

သည်ကိစ္စကြီး ပြီးတော့လည်း ဒိုးကလေးက အရက်မလျှော့ဘူး။ အသက်အဖြတ် မလျှော့ဘူး။ သူ့ ကြည့် လိုက်ရင် သျှောင်ပါးပွပွကြီးနဲ့ မျက်နှာ သမင်ကွက်တွေနဲ့ ပိုလို့သာ ဆိုးလာခဲ့တယ်။ ရွာဦး ဆရာတော် က ဒိုးကလေးကို တစ်ဖက်က ထိန်းတဲ့အနေနဲ့ ကျောင်ကို ဆွမ်းလောင်းဆွမ်းပို့ ကြရင်း အသားကြီး ဆယ်မျိုး ဘုဉ်မပေးဘူးဆိုတာမျိုး မိန့်တယ်။ ဆင်သား၊ မြင်းသား၊ ကျွဲသား၊ နွားသား စတဲ့ အသားကြီး တွေကို ဆွမ်းမလောင်းရဘူး ဆိုတော့ တော်ရုံလူက သည်အသားတွေ မ၀ယ်တော့ဘူးပေါ့။ ကိုယ့်အိမ် မှာ ချက်ပြုတ်စားရုံလောက်သာ ၀ယ်ကြတော့တာကိုး။ ဒါကို သူနဲ့ မဆိုင်ပေသိ ဒိုးကလေးက မကျေနပ် ဘူး။

"ဘုန်းကြီးက အသားကြီး ဆွမ်းမပို့ရဆိုသာနဲ့ အမဲသား ကျွဲသား ပျောက်ရရောတဲ့လား……. ငါဖြင့် ဓားမ အားရ ပေါင်ကွာ…….. ဘုန်းကြီးနှယ် မဆီမဆိုင် ငါ့ကိုပဲ တိုက်နေသေးတယ်"
ဒိုးကလေး က မပြောကောင်းတဲ့စကားအထိ ပြောလာခဲ့တယ်။ ပန်းညိုက ကပျာကသီ ပြန်ပြောရတယ်။
"အလိုတော်……… ဘယ့်နှယ် ပြောလိုက်ပါလိမ့်…… မပြောကောင်း မဆိုကောင်း ကံကြီးထိုက်လိမ့် မယ်…….. ဘုန်းကြီးက တော်နဲ့တုပြီး ဂုဏ်တုဂုဏ်ပြိုင် လုပ်ပါ့မလား…. သည်စကား မပြောပါနဲ့. တော့်မှာ ကံသုံးပါး စလုံး ပြစ်မှားနေပါပေါ့လား……….။"

အပိုင်း (၁၂)
ဒိုးကလေးက မူးလို့ဖြစ်ဖြစ် သွေးဆိုးလို့ဖြစ်ဖြစ် သားမယားကို ရိုက်ဟယ်နှက်ဟယ် ဆဲဟယ် ဆိုဟယ် မရှိ ပေမယ့် ပန်းညိုကတော့ လင်ကိုလူမိုက်လုပ်ပေါင်း နေရသလိုဖြစ်နေခဲ့တယ်။ ဘာပြောလိုက်မလဲ၊ ဘာလုပ် လိုက်မလဲ၊ ဘာကြံလိုက်မလဲပေါ့လေ။ ပန်းညိုက ပြောပြန်တော့လည်း ငြိမ်သွားတတ်ပြန်ပါရဲ့။ သည်စိတ်ကြမ်း တွေကြောင့် လူလည်းကြမ်းလာလိုက်တာ တစ်နေ့တခြား ရုပ်ကြီးဆိုးလှပြီ။ သျှောင်ဆိုရင် ဆံပင်တွေ ကျွတ်လွန်းလို့ ထင်ပါရဲ့။ ချည်စတွေ ပြေထွက်နေတဲ့ စောင်စုတ်နဲ့တောင် တူတော့တယ်။ မျက်နှာ က ဆိုတာ ဘယ်တုန်းကမှ မရွှင်ပျဘူး။ တစ်ခါတလေ လူစိတ်ပျောက်နေသလို ထိုင်မိထိုင်ရာ ငေးမိငေးရာ နဲ့ မထတော့ဘူး။ ရေရယ်မိုးရယ် မချိုးတော့ လူကလည်း သွေးနံအမဲနံ့တွေ ထောင်းထောင်းထ လို့။ ပန်းညိုကတော့ ဒိုးကလေးသည်လို ဖြစ်ရတာ သူ့ပယောဂ မကင်းဘူးရယ်လို့ ကရုဏာ နဲ့ သည်းခံရှာပါရဲ့။]

ဒိုးကလေးက သည်ဘက်လတွေထဲမှာ လူကြမ်းတောကြီးနဲ့ ပေါင်းမတော့ ပိုဆိုးကရော။ လူကြမ်း တောကြီး ဆိုတာက ကုက္ကိုကုန်းရွာသား၊ ဇာတ်တစ်ဇာတ်နဲ့ ပါသွားတဲ့လူ။ ဇာတ်ထဲ လူကြမ်းလုပ်ရာက ဘာဖြစ်တယ် မသိဘူး။ ရွာပြန်ကပ်တာ လေး, ငါး, ခြောက်လရှိပြီ။ အရပ်ဆိုင်မှာ တွေ့ကြရာက တောကြီးနဲ့ လုံးမိ သွားကြ တာပါ။ တောကြီးက အချိန်တန်ရင် အရက်ဆိုင်က စောင့်ရုံပဲ။ ပိုက်ဆံပါစရာ လည်းမလိုဘူး။ ဒိုကလေး ရွာမှာ ရှိလို့ ဆုံချင်လည်း ဆုံပေါ့၊ မဆုံတော့ လည်း စာရင်းမှတ်သောက်။ ဒိုးကလေးက အချိန်တန်ရင်ရှင်း ပေးတယ်။ ရွာကတော့ လူကြမ်းနဲ့ လက်ကြမ်း ခုမှပေါင်းမိတော့တယ်လို့ ပြောကြတယ်။ လူကြမ်းက တောကြီး၊ လက်ကြမ်းက ဒိုးကလေး။ သူတစ်ပါးအသက် ရက်ရက်စက်စက် သတ်တဲ့ လက်ပိုင်ရှင်လို့ ပြောတာပါ။

တစ်မနက်။ ဒိုးကလေး လူကြမ်းတောကြီးကို သွားခေါ်တယ်။ အရက်အတူသောက်ကြတယ်။ မူးကြပြီဆိုတော့ ဒိုးကလေး က သူကြားထားတဲ့ သတင်းပြောပြတယ်။ တောကြီးက ဇာတ်ထဲ တုန်းက လူကြမ်းမျက်နှာပေးနဲ့ ဒိုးကလေး ကို ကြည့်နေတယ်။ ဒိုးကလေး ဘာဖြစ်ချင်သလဲ ဖြစ်တယ် ဆိုတဲ့ပုံနဲ့ နားထောင်နေတာပါ။ တောကြီး က ဇာတ်ထဲမှာ လူကြမ်းသရုပ်ဆောင် လုပ်လာလို့သာ၊ အပြင်မှာ တကယ့်လူဆိုးဆူကြမ်းကြီးမှ မဟုတ် တာပဲ။ အရက်စွဲလာလို့ အရက် သောက်တာပဲ ရှိတာပါ။ ဒါပေမယ့် တောကြီးမှာ အရက်ကို မခွာ နိုင်တော့ ဒိုးကလေးကို မခွာနိုင်ဘူး။ ဒိုးကလေးကို မခွာနိုင်တော့ ဒိုးကလေးစကားကိုလည်း မပယ်ရှားဝံ့ဘူး။ ဒိုးကလေး လည်း ကျွဲပေါ် နွားပေါ်သာ ရဲတာ လူလူချင်း လှန့်ဖို့များကတော့ မစွမ်းပြန်ဘူး။

"သည်စကား နှစ်ယောက်တည်းသိပစီ...... ငါပြောမယ် တောကြီး .... တို့ရွာတွေဘက်ကို ရေစာ မိုးစာ စားကျက် ရှာတဲ့ နအုပ် ကျလာဖို့ရှိတယ်...... တို့ရွာတွေတော့ မဖြတ်လောက် ဘူးပေါ့ကွာ..... ရွာ့အနေက် ဒေါ်လှလေး အခင်းဘက်ကနေ တောင်ရွာခြေကို ဖြတ်ကြမှာ..... တောင်ရွာခြေကမှ ကျီးအာချောက်ဖက် အဲသည် ကမှ ရွာတွေကို အပြင်ကပန်းပြီး မြစ်ရိုး ရွာတွေဘက် သွားကြမှာတဲ့ မြစ်ရိုးရွာတွေဘက်က မြက်စို ကွင်း တွေဆီပေါ့ကွာ....."

"အဲသာ ကျုပ်က ဘာလုပ်ရမှာတုန်း မြက်စိုလိုက် ရိတ်ရမှာလား..... ကိုရင်ဒိုးစကား ကျုပ်နားမရှင်း ပါဘူး......."
"မင့်အမေလင် မြက်စိုလိုက်ရိတ်ရမှာလား....... ဒါနဲ့ များဇာတ်ထဲ လူကြမ်းလုပ်ခဲ့သယ် ပြောသေး........ မင်းအချိုး နဲ့ ဇာတ်ခုံပေါ် တက်ခဲ့ရမယ်တောင် မထင်ဘူး ကားဆွဲနဲ့ ပြန်လာခဲ့ ပုံပါကွာ....."
"လူကြမ်း အစစ်ပါဗျာ ကဲပြောပါဦး ကိုရင်ဒိုးစကား......"

"သည်လိုကွ......." ဒိုးကလေးအကြံ တစ်သက်လုံး မကြံစည်ခဲ့ဖူးတဲ့ အကြံပါ။ သူတို့ရွာတွေက အခြောက် ရွာတွေ။ မိုးခေါင် ရေရှားရွာတွေ။ သောက်ရေတွင်း နှစ်တွင်းလောက်နဲ့ပြီးရတဲ့ ရွာတွေ။ စိုက်ထာပျိုးတာ ကလည်း မိုးနဲ့နှင်းနဲ့ အဆင်ပြေမှဖြစ်တယ်။ ဘယ်ဘက်ကမှ ရေရယ်လို့ ဆင်းလာစရာ မရှိဘူး။ မြစ်ရိုးရွာ တွေကျတော့ ရေမြောင်းတွေနဲ့ စက်တွေနဲ့ ရေတင်နိုင်ကြတယ်။ မြစ်ရေဓာတ်နဲ့ သစ်ခင်းစိမ်းစိမ်းတွေ ပေါတယ်။ မြက်စိုကွင်းတွေ ပေါတယ်။ အဲသလိုရွာတွေကို "အစွတ်ရွာ"တွေ ခေါ်ကြတာပါ။ "အခြောက်" ရွာတွေက မစွတ်ရွာတွေဘက်ကို နွားစာရှားပါးတဲ့အခါ အုပ်လိုက် မောင်းလာတတ်ကြတယ်။ သည်ရက်ထဲ နအုပ် ကျတော့မယ်ဆိုတိာု ဒိုးကလေးက ကြားနှင့်ပြီ။

နွားအကောင် လေးငါးခြောက်ဆယ်အုပ်ကို လူဆယ်ယောက်လောက်က စားအိုး စားခွက်နဲ့ လာကျောင်း ကြတာ ဆိုတော့ နွားတစ်ကောင် ချိုချိုချောင်ချောင် ဖမ်းထားချင်လို့ မဖြစ်နိုင် ဘူး။ သည်တော့ လမ်းက ဆီးပြီး နွားတစ်ကောင် နှစ်ကောင်ရနိုင်တဲ့ နည်းရှိတဲ့အကြောင်း ပြောပြတယ်။ ဒါကို ဒိုးကလေးက ရှင်း ပြတော့ တောကြီး လန့်သွားတယ်။ ဘယ့်နှယ့် နွားအုပ်ထဲက နွားတစ်ကောင်ကို ထန်းလျက်ဖိုက ထန်းလျက်ခဲ တစ်ခဲ လို တောင်းယူလို့ ရနိုင်ပါ့မလား။ ပြီးတော့ ဟိုကလူလေးငါး ဆယ်ယောက်ပါတာ။ လက်နက် ရယ် ဘာရယ် မပါဘူးလည်း မပြောနိုင်ဘူး။ ဒါကို ဒိုးကလေးက လွယ်လွယ်ကလေး ပြောနေတော့ လူကြမ်း တော်ကြီးက ကန့်ကွက်တယ်။

"မဟုတ်သာ ကိုရင်ဒိုးရာ..... ဟိုက တစ်အုပ် တစ်မကြီး..... ကျုပ်တို့နှစ်ယောက်က နွားတစ်ကောင် လုထားချင်လို့ ဘယ်နိုင်ပါ့မလဲ.... မလုပ်စမ်းပါနဲ့ဗျာ..... တစ်ခြားရွာကနွား ညဘက်သွားခိုးသာမျိုးက ဖြစ်နိုင် သေးတယ်"
ဒိုးကလေး က ထွီခနဲ တံတွေးတစ်ချက် ထွေးတယ်။ ညံ့လိုက်တဲ့ကောင်။ လူဆယ်ယောက် ဓားဆယ်လက်နဲ့ နွားအုပ်မ, လာတဲ့လူတွေကို နွားတစ်ကောင်ကို ဓားပြတိုက်ယူလို့ ဘယ်ရ နိုင်ပါ့မလဲ။ နှစ်လောင်းပြိုင် တောင် သတ်သွားကြလိမ့်မယ်။ ဒိုးကလေးနည်းက အဲသလိုမဟုတ်ဘူး။ ခုတလော သူ့ကိုယ်သူ သတိထား မိတဲ့ အချက်တစ်ချက်ကို အသုံးချချင်တာ။ ဒိုးကလေးကို နွားတွေကြောက်တာကို အသုံးချချင်တာ။ ဟိုတစ်ရက် က ဖြစ်ပြီးပြီ။ ညနေခင်း နွားသိမ်းပြီး ပြန်လာ တဲ့နွားကျောင်းသားတွေနဲ့ ရွာစည်းရိုးဝ ဆုံကြတော့ ဒိုးကလေးကို မြင်တာနဲ့ နွားတစ်အုပ် ရှူးရှူး ရှားရှား ဖြစ်ကုန်ကြတယ်။ ရွာဆူးစည်းရိုးကို နောက်ပြန် တိုးကြတယ်။ ဒိုးကလေးရပ်နေလို့ ရှေ့ဆက်မတိုးကြဘဲ နအုပ်ကြီး ဖရိုဖရဲ ဖြစ်သွားလိုက်ပုံများ။ အရင် က သူ့ကိုကြောက်ကြရပါ့မလား ဆိုတာကို မကြိုက်ခဲ့ဘူး။

ခွာရှပ်ရပါ့မလား၊ နှာမှုတ်ရပါ့မလားရယ်လို့ ဒေါသတွေဖြစ်ရတယ်။ အော်ရပါ့မလား၊ ကလန်ရပါ့မလားဆိုပြီး မခံချင် ဖြစ်လိုက်ရတာလေ။ အခုတော့ နွားတွေသူ့ကို ကြောက်တာကိုပဲ အသုံးချရမယ်လို့ တွေးထားပြီးပြီ။

"ငါက နွားတွေဝင်လုရမယ် မပြောပေါင်ကွာ..... နအုပ်ကြီး မောင်းလာတာနဲ့ ငါက နအုပ်ရှေကကနေ လူလုံးပြမယ်.... နွားတွေက ငါ့ဆို သိပ်ကြောက်ကြသာကွ........ မယုံမရှိနဲ့၊ နွားတွေငါ့မြင်လို့ လန့်ပြေစရင် နွားသမား တွေ တစ်ကောင်ချင်လို့စုဖို့ မဖြစ်နိုင်တော့ဘူး... အဲသည်မှာမင်းဘက် ပြးလာတဲ့ နွား တစ်ကောင်စ နှစ်ကောင်စကို မင်းကလျှိုဘက်အပြင်းမောင်း သွားရုံပဲ"
"ကုက္ကိုကုန်း က နွားတွေကတော့ ကိုရင်ဒိုးကို ကြောက်ကြမှာပေါ့ဗျ..... တစ်ခြားရွာက နွားတွေက ဘယ်နှယ် လုပ်ကြောက်ကြမှာတုန်း.......... မဟုတ်သာ.... ကျုပ်သိသလောက်တော့ နွားသမား တွေက နအုပ်ကို အလွတ် မောင်းကြသာမှုတ်ဘူး ...... ဆယ်ကောင်တွဲ ငါးကောင်တွဲ ကြိုးနဲ့ တွဲလာ ကြသာရယ်....... ဘယ်နှယ် လုပ်ပြီး ကျုပ်ဘက်အတွဲလိုက်ကြီး ပြေးလာမှာတုန်း"
"ခက်ပါ့ကွာ...... အလုပ်မလုပ်ရသေးဘူး...... ညည်းသာက အရင်ပါလားတောကြီးရာ....... ဘယ်နွားဖြစ်ဖြစ် ငါ့ကို ကြောက်သယ် ဆိုသာ မင်းမြင်စိရမယ်........ မင်းတစ်နေရာမှာ ပုန်းနေ လန့်ပြေးလာတဲ့နွား လျှိုဘက် ကိုရောက်အောင်ချောက်ထုတ်....... အဲသာမင်းတာဝန်ပဲ"

"ကိုင်းလုပ်ဗျာ"
ဒိုးကလေး တွက်ထားတဲ့အတိုင်းပဲ မွန်းတိမ်းနှစ်ချက်တီးလောက်မှာ နွားအုပ်ကြီး မောင်းလာတာကို သစ်ပင်ပေါ် တက်ကြည့်တဲ့ တော်ကြီးက မြင်ရပြီ။ ဝေးပေမယ့် ဖုန်တွေတလုံးလုံးကို မြင်ရတာဆို တော့နွားအုပ်ကလွဲလို့ တစ်ခြားမဖြစ်နိုင်ဘူး။ တောကြီးက သစ်ပင်ပေါ်ကဆင်းလာပြီး ဒိုးကလေး ကို ပြောပြတယ်။ ဒိုးကလေးက သူစုံစမ်းထားတဲ့ နွားလမ်းကြောင်းဘက် ရောက်အောင် ခပ်သုတ် သုတ်လျှောက်တယ်။ တော်ကြီးက နောက်က။ ရွာပြင်ဆိုတော့ သူတို့နှစ်ယောက် ဘယ်သူမှ သတိမထားမိကြဘူး။

"ဒေါ်လှလေး အခင်းဘက်ကနေ ကျီးအာချောက်ဘက် မောင်းကြမှာကွ........ ခရီးက လှမ်းသေး သယ် မြန်မြန် လာပါကွ.... နအုပ်က ကျော်သွားမှာ စိုးသာ....... ဟိုဘက်ရွာခြေ ကပ်သွားရင် လွဲ ကုန်တော့မယ်....."

ဒိုးလေး သူကိုယ်တိုင်လည်း ဇောနဲ့ ပြေးလေရဲ့။ ငုတ်စူးစူး၊ ခယောင်းစူးစူးရှေ့က သုတ်ခြေတင် နေတဲ့ ဒိုးကလေး ကို တောကြီးက လိုက်မမီဘူး။ တောကြီးက သည်အလုပ်မျိုးလည်း မလုပ်ချင် ပါဘူး။ အလကား နေရင်း ပြဿနာ တွေရှိလာနိုင်တယ်။. တုန်တပြက် ဓားတပြက် ဖြစ်လာနိုင်တယ်။ တစ်ဖက် နွားအုပ် ဆိုတာလည်း မရိုးမသားလုပ်လာကြတာမဟုတ်ဘူး။ နွားစာရှားပါးချိန် သည်လိုပဲ မြက်စိုကွင်းတွေဘက် လွှတ်ကျောင်း ကြလေ့ရှိတာကိုး။ သူတို့က မရိုးမသားလုပ်လာလို့ ကိုယ်ကလုယူ ရတယ်ဆိုရင်ထားတော့။ အခုက ပြောင်လုပ်ရမယ် ကိစ္စဖြစ်နေပြီ။ ပြီးတော့ ဒိုးကလေးက ပြောသလောက်လွယ်ပါ့မလား။ နွားတွေက သူ့ကို ကြောက်ကြတယ် ဆိုတာကကော ဟုတ်ပ့ါမလား။ နဆိုးနကပ် (နွားဆိုး နွားကပ်) အနည်းအကျဉ်းက လွဲလို့ လူနဲ့နွားဆိုတာ တော်မှာ မိဘနဲ့ သားသမီးလိုရှိကြတာချည်းပဲ။ တော်ကြီးက ဒိုးကလေးနောက်က တရွတ်ဆွဲ လိုက်ရင်း တွေးနေမိတာပါ။ ဒါပေသိ ဒိုးကလေးကို မလွန်ဆန်ဝံ့ဘူး။ အာမခံဝံ့ဘူး။

"လာပါဟ..........နှေးလိုက်သဲ့ကောင်ကွာ.... နှစ်ကေင်ရ တစ်ကောင်စီပါကွ..... ငါမတရား မလုပ်ပါဘူး....."
"ခင်ဗျားနွားက ရဦးမှကိုးဗျ.....ခင်ဗျားပြောသလောက်တော့ လွယ်အံမထင်ပါဘူး"
"ပါးစပ်ပုတ်ကြီးနဲ့ကွာ မင်္ဂလာရှိသာပြောပါကွ........ မင်းဟာက"
"အကုသိုလ် အလုပ်များ မင်္ဂလာလိုသေးလို့လားဗျာ.. ကိုးရင်ဒိုးနှယ်"

ဒိုးကလေးကတော့ မိုက်တွင်းကို နက်သထက် နက်အောင်တူးနေသလိုပါပဲ။ ခြေလှမ်းကို သွက်လိုက်တာမှ။ နှစ်ယောက်သား လာလိုက်ကြတာ နွားအုပ်လမ်းကြောပေါ် ကြိုရောက် ကြပြီ။ မောရတဲ့ကြားထဲ တော်ကြီးက သစ်ပင်ပေါ်တက်ကြည့် ရသေးတာပါ။ ဟုတ်ပါ့။ နအုပ်ကြီးလာနေ တာအဝေးကြီးမှာ မြင်နေရပြီ။ သေချာပြီဆိုတော့မှ ဒိုးကလေးက သူ့လွယ်အိတ်စုတ်ထဲက ငှက်ပျောဖူးပုလင်းနှစ်လုံး ထုတ်တယ်။ အရက် နှစ်လုံး။ တစ်လုံးသူသောက်တယ်။ တစ်လုံးကို တောကြီးပေးတယ်။ သည်တော့မှ တော်ကြီးက သူ့ဆရာကို အထင်ကြီး တော့တာပါ။

"အလုပ်လုပ်သာတော့ စနစ်ကျပါ့ဗျာ....."
"ခွေးကောင်...... အရက်တွေ့တော့တစ်မျိုး"
အဲသည်နေ့က ညနေငါးနားရီလောက်မှ နအုပ်ကြီးဖြတ်တယ်။ နအုပ်ကြီးရဲ့ ရှေ့မှာ ဓားထမ်းလူသုံး ယောက်။ ဘေးမှာ တစ်ဖက်တစ်ယောက်စီ။ နောက်မှာနှစ်ယောက်။ အားလုံးခုနစ်ယောက်။ နွားတွေက ကြိုးနဲ့ တွဲတာတွေလည်း ပါတယ်။ အလွတ်တွေလည်း ပါတယ်။ တော်ကြီး က လျှိုဘက်မောင်းလို့ရမယ့် နေရာရောက် လို့ ဒိုးကလေးနဲ့ တစ်နေရာစီပါ။ ဒိုးကလေးက နအုပ်ကြီး နီးလာတော့ သစ်ပင်ကွယ် အသာကပ် နေလေရဲ့။ နွားခြေသံတွေ၊ နွားငေါက်သံတွေ။ ခလောက်သံ တွေ၊ ခြုံတိုးသံတွေ။

လူခုနစ်ယောက်ရံထား တဲ့နအုပ်ကြီးက ရှေ့မှာ လူတစ်ယောက်ပေါ်လာပြီး ကြောက်စရာကောင်းတဲ့ အသံကြီးနဲ့ အော်လိမ့်မယ် ထင်မထားကြတော့ အုပ်မပျက် တဝေါဝေါ တိုးဖြတ်နေကြတာပါ။ ဒိုးကလေးက နအုပ်ကြီးရှေ့ ထွက်ရပ်လိုက်ပြီး အသံနက်ကြီးနဲ့လည်း အော်လိုက်ရော ရှေ့က လူသုံးယောက် အပါအ၀င် နွားသမားတွေ ကြောင်သွားကြတယ်။ သျှောင် ပွဘုတ်သိုက်နဲ့ မျက်နှာကြမ်းကြမ်း လူတစ်ယောက် သည်နေရာမှာ ဘွားခနဲ ပေါ်လာလိမ့်မယ် မထင်တော့ လန့်လည်းလန့် သွားကြတယ်။ နွားသမားတွေက ဒိုးကလေးကို ကြည့်နေကြပြီး ဒိုးကလေးက နွားတွေကို အကဲခတ်နေတာပါ။ နွားတွေက ကျားတစ်ကောင် ချက်ချင်းကြီး ရောက်လာသလို ဒရွတ်ဆွဲ ကုန်ကြတယ်။ ကျားနဲကတွေရတဲ့ သမင်ဒရယ်တွေလို တွန့်ဆုတ် သွား ကြတာများ အချင်းချင်း တိုးမိထပ်မိရာက နွားအော်သံတွေ ပွက်ပွက်ရိုက်ပြီး ဖုန်းတွေ လုံးထကုန် တော့တာပါပဲ။

နွားတွေ မပြေးစေနဲ့ဟေ့..... နောက်ကနွားတွေကို ဂရုစိုက်... ပြေးမယ့်နွား ရိုက်သွင်း.... နွားပြေး ရင် မလွယ်ဘူး....... ငတိုးနဲ့ ငဖေဘေးနှစ်ဖက် သွားကူကြစမ်း
နွားသမား ခေါင်းဆောင်က အခြေအနေကို ချက်ချင်းထိန်းလိုက်တယ်။ တကယ်တော့ အထိန်း ကောင်းလို့ရယ် မဟုတ်ပါဘူး။ နွားတွေကိုယ်က ရှေ့ကို မတိုးဝံ့ကြဘဲ နောက်ကိုပဲယို့ပြီး ဆုတ်နေကြ တာပါ။ နောက်ကနွားတွေက ပေရပ်နေကြတော့ ဆုတ်လာတဲ့ နွားတွေနဲ့ တိုက်ပြီး လဲကြ ပြိုကြ၊ အကောင်ချင်းထပ်ကြ၊ ဘူးဘဲအော်ကြ။ တချို့ နွားတွေက အကောင်ချင်း တွဲထားတော့ တောင်ရုန်း မြောက်ရုန်း နဲ့ ၀ရုန်းသုန်းကား ဖြစ်နေကြတယ်။ ဒိုးကလေးက နွားတွေ ကစဥ့်ကလျား ပြောမယ်ထင်တယ်၊ မပြေးတော့ နွားတွေကြောက်လောက်တဲ့ အသံနဲ့ ထပ်အောင် ပြန်ရော။ သည်တစ်ခါမှာတော့ နွားသမား ခေါင်းဆောင်က ပြေးလာပြီး ဒိုးကလေးကို ဆောင့်ကန် လိုက်တယ်။ ဒိုးကလေး ပစ်လဲသွားတော့မှ ရင်ပတ်ပေါ် ဓားထောက်ပြီး ကြိမ်းတယ်။

"ဘာလုပ်တာလဲ အရူး.... နွးတွေ လန့်ကုန်ပြီ.... ခင်ဗျား ဘယ်ရွာက တုန်း"
"ကုက္ကိုကုန်းက ဒိုးကလေးဆိုသာ ငါပဲ......"
"ဒိုးကလေးမကလို့ ဂုံညင်းဒိုးဖြစ်ဖြစ် နှစ်ပိုင်းပိုင်းပစ်ခဲ့မယ်......ဘာမှတ်နေတုန်း"
ဒိုးကလေးကို အရူးထင်လို့နဲ့ တူပါတယ်။ ဓားကိုပြန်ရုတ်တယ်။ နအုပ်ကို ဆက်မောင်းဖို့ ပြင်တော့ ဒိုးကလေးကလည်း မြေပေါ်လဲနေရာက လူးလဲထတယ်။ သည်မှာတင် နအုပ်ထဲက နသိုး တစ်ကောင်က ဒိုးကလေးကို ၀င်ခွေ့တော့တာပဲ။ နွားခွေ့တာနဲ့ ဒိုးကလေးလည်း မြေပေါ် ထပ်လဲသွားပြန်တယ်။ တော်သေးရဲ့။ နွားသမားတွေက သူ့ကိုနွားပြန်ထိန်းလိုက်နိုင်လို့။ ဒါပေမယ့် ဒိုးကလေးနံဘေး အောင့်သွား လို့တာ အော်တောင် မအော်နိုင်ဘူး။ နအုပ်သူ့ကို ကျော်သွားတာ ငေးရင်း ကျန်ရစ်ခဲ့တယ်။

လူကြမ်းတောကြီးကတော့ သူ့ဘက် ရောက်လာလိမ့်မယ်ဆိုတဲ့ နွားတစ်ကောင် နှစ်ကောင်ကို မျှော်လိုက်တာ။ ကောင်ကင်မှာ ကြယ်တွေတောင် ထွက်ကရော နမြီးတောင် မမြင်ရဘူး။ ဒါနဲ့ ဒိုးကလေးရှိတဲ့ လှည်း လမ်းကြောင်း လိုက်သွားတော့ ဒိုးကလေးကို မြေပေါ် ပက်လက်လဲနေတာ တွေ့ရတာပဲ။ ဒိုးကလေးကို ထူပြီး ရွာအရောက်ပြန်ခဲ့ရတယ်။ တော်ကြီးကတော့ အလုပ်မဖြစ်လိုက် တာကိုပဲ ၀မ်းသာနေတာပါ။ အရက်ဆိုင်ရောက်တော့ နဘေးအောင့်နေတဲ့ ကြားက ဒိုးကလေးက တောက် ခေါက်တယ်။

"တောက်.... တစ်ချက်လွဲသွားသကွာ...... နာချက်ကတော့ ....... ငါကနွားတွေကစဥ့်ကလျား ပြေးထွက်ကုန်ကြမယ် မှတ်သာ .... ကြောက်ပြီး ယို့သွားကြပမယ့် နထိန်းကောင်းတော့ နတပ်မ ပျက်ပေါင်ကွာ"
"ကျုပ်ကလည်း တစောင့်စောင့်နဲ့........ ပြေးလာလို့ကတော့ လျှိုထဲ ဆွဲချပြီမှတ်........."
"ခွေးကောင်....... တယ်အပြောကောင်း..... ကိုင်း......... သောက်ဟဲ့...... မျိုဟဲ့"
အရက်ဆိုင်က ပြန်ကြတော့ ရွာလမ်းက မှောင်မည်းလို့။ လူ့အကုသိုလ် အမှောင်တွေဆိုတော့ ညအမှောင် ထဲမှာ လမ်းမမှားဘူး။ ဖြောင့်လို့။

အခုတလော ဒိုးကလေးကို သားထိုးဖို့ခေါ်ကြတာ ကျဲသွားတယ်။ သဒိုးလုပ်သူက အိမ်မှာ ဓားတစ်ထုပ်နဲ့ စောင့်နေတာမျိုး မရှိတော့၊ အလုပ်အပ်ချင်သူက ရွားရိုးကိုးပေါက် ရှာနေရတာကို စိတ်ပျက်လာကြတယ်။ အရက်ဆိုင်လိုက်သွားတော့လည်း ဒိုးကလေးက မူးနေတာ စိုက်ထိုး နေပြီကိုး။ ခေါင်းမထူနိုင်တော့ဘူး။ တော်ရုံ မလိုက်နိုင်တော့ဘူး။ ကုက္ကိုကုန်းအထိ လာပြီး သဒိုး ရှာရတာကို သိပ်မလုပ်ချင်ကြတော့ဘူး။ ဒိုးကလေးတွေဖို့က မသေချာတော့ဘူးကိုး။

ဒိုးကလေးကတော့ ၀ါသနာကို စွန့်တာမဟုတ်ဘူး။ လိုက်မြဲပါပဲ။ လိုက်ဖြစ်လို့ကတော့ သူ့အလုပ်သူ သပ်သပ်ယပ်ယပ် လုပ်နိုင်ပါရဲ့။ ဆိုးတာက လူကဂနာမငြိမ်တော့တာ။ ဟိုးတုန်းက များ မနက်မိုးလင်းရင် ဓားတွေ သွေးပြီး လှည်းခေါ်လူခေါ်စောင့်နေတာများတာကိုး။ ဒိုးကလေး, ဒိုးကလေးနဲ့ လျှမ်းလျှမ်းတောက် ပေါ့။ ခုတော့ အရက်ကလူကို စီးမိသွားပြီ။ အင်္ကျိတောင် မကပ်တော့ပါဘူး။ သျှောင်ပွကြီးနဲ့ တင်းတိပ် သမင်ကွက်တွေနဲ့၊ ချွေးနံ့ သွေးခြောက်နံ့တွေ အရူးကြီးလို လျှောက်သွားနေတာများပြီ။ အိမ်ထောင့် တာဝန် လည်း ပူစရာမရှိဘူး။ မိဘလက်ထက် ကမြေကလေး ယားကလေး ကျန်တာကိုပန်းညိုက ဖိဖိစိးစီး လုပ်နိုင်လေတော့ အဆင်ပြေနေတာ ပေါ့။ ဒိုးကလေးကတော့ မိဘလက်ထက်တုန်းက အိမ်က ပိုက်ဆံ နှိုက်ပြီး မြိုင်လှလက်ဖက် ရည်ဆိုင် သွားထိုင်တာနဲ့ အခုအိမ်က ပိုက်ဆံနှိုက်ပြီး အရက်ဆိုင်သွားထိုင် တာပဲ ကွာတယ်။ လူကြမ်းတောကြီးက လက်စွဲတော်။

"ကိုရင် ဒိုးကလူသာရူးသာ....... ဘုန်းမရူးဘူးဗျ.... ဒါကြောင့် ကျုပ်က ဆရာတင်သာ......"
"မင်းအမေ့လင် လူရူးရမလားကွ...... လူမရူးလို့ ဘုန်းမရူးသာပေါ့.... နေပါဦး..... မင်းကဇာတ်ထဲ ပြန် လိုက်တော့မလို့ဆို"
"ဟုတ်သယ်.... သည်အတိုင်းနေလို့ ဘယ်ဖြစ်မှာတုန်းဗျာ.... ကိုရင်ဒိုး က မိုက်မယ်ဆို မိုက်ဖြစ် သယ်ကျုပ်က ကိုရင်ဒိုး တု မိုက် လို့ ဘယ်ဖြစ်မှာတုန်း....... ရှေ့ရေးကရှိသေးတာ"
"လုပ်ပြန်ပြီ...... မိုက်မယ်ဆို မိုက်ဖြစ်သယ်ဆိုသာ ဘာစကားတုန်း....... မင်းကဘယ်တော့ သွားမှတုန်းကွ"

"မြိုင်လှ က နဒုန်းပွဲပြီးမှပါဗျာ...... နဒုန်းပွဲကြည့်ချင်သေးသဗျ"
"နဒုန်းပွဲ....... ဘယ်တေ့လဲဟ......... ငါဖြင့် ကြားမိပေါင်ကွာ"
"လပြည့်ကျော်ရက်တွေထဲ ပြောသာပဲ......."

ဒိုးကလေး မျက်လုံးတွေ မှေးစင်းသွားတယ်။ နဒုန်းပွဲ။ နွားလှည်းဒုန်းမောင်း ပြိုင်ကြတာကို သည်နယ်မှာ နဒုန်းပွဲခေါ်ကြတယ်။ လှည်ကြမ်းပြိုင်ကြတာကို သည်နယ်မှာ နဒုန်းပွဲခေါ်ကြတယ်။ လှည်းကြမ်းပြိုင်ပွဲ ရှိသလို လှည်းယဉ်ပြိုင်ပွဲလည်း ရှိတယ်။ မြိုင်လှအပါအ၀င် ရွာဆယ်ရွာ စလုံးက တစ်ရွာလှည်းလေး, ငါးစီးအနည်းဆုံး ပြိုင်ကြတာဆိုတော့ အင်မတန်စည်ကားတဲ့ပွဲပေါ့။ မလုပ်တာ လေး ငါးနှစ်ရှိပါပြီ။ သည်နှစ်မှ စလုပ်တာဆိုတော့ စည်ဦးမှာပဲလို့ တွေတယ်။ နဒုန်းပွဲဆိုပေသိ နပွဲဈေးလို့လည်း ပြောနုင်ပါရဲ့။ အရွာရွာက နွားတွေ မြိုင်လှနဒုန်းပွဲရက် လာစုကြတာပဲ။ ရောင်းချင် သူကလည်း ဆွဲလာတာပဲ။ အလဲအထပ် လုပ်ချင်သူကလည်း ဆွဲလာတာပဲ။ နအိုထုတ်ချင်တော့ လည်းဖြစ်တယ်။ နပျိုဝယ်ချင်တော့လည်း ဖြစ်တယ်။ နပိုက် (နွားပိုက်) ကလေးတွေတောင် ရနိုင်သေး။ ထမ်းပိုင်းတင်တွေလည်း ရွေးရုံပါ။ နဒုန်းပွဲက နွားပြပွဲကြီး ဆိုပါတော့။

အပိုင်း (၁၃)
"သည်နှစ် မြိုင်လှဘုရားပွဲဖြစ်တော့ နဒုန်းပြိုင်ပွဲ ထည့်သာပေါ့ ကိုရင်ဒိုးရာ... ဇာတ်လည်းပါ သယ် ပြောသာပဲ........ ကျုပ်နဲ့ အဆင်ပြေရင် လိုက်သွားဖိုက စိတ်ကူးထားတာပါ... ဘုရားတောင်ဘက် တွေတောင် ဖောက်နေပေါ့ဟာ......ခင်ဗျားသာ မကြားသယ်"

ဒိုးကလေးက သူ့အတွေးနဲ့သူ။ တော်ကြီးပြောနေတာတွေ နားထဲ မရောက်ဘူး။ ရွာဆယ်ရွာက နွား အကောင် ငါးရာ ခြောက်ရာလောက်ရှိမယ့် နပွဲမှာ သူဘာလုပ်နိုင်သလဲ ဆိုတာ စဉ်းစားနေတာပါ။ တစ်ခေတ် က ကုက္ကိုကုန်းသားတွေ အာဂပေါ့။ နဒုန်းမောင်း ကောင်းတဲ့အထဲမှာ သူတို့ရွာက ကိုဖေသောင်းတို့၊ ကိုမှတ် တို့၊ ကိုပေါတာတို့ မိုက်ကန်းလှပေါ့။ လှည်းဘီးကျွတ်ကျန် ရစ်တာတောင် ၀င်းရိုးနဲ့ ပန်းဝင်တယ်ဆိုတဲ့ လူတွေ။

တစ်ချိန်က ကုက္ကိုကုန်းမှာ နွားနှစ်ကောင် နာမည်ရတယ်။ ဘကြီးစံဝ နွားတွေ။ တစ်ကောင်က "ခလောက်ကလေး" တဲ့။ တစ်ကောင်က "ဒိုးဒိုးဒေါင်"တဲ့။ သည်တစ်ရှဉ်းများ ဘယ်ရွာကမှ မနိုင်ဖူးဘူး။ လှည်းမောင်း က ဘကြီးစံဝတူ ကိုပေးသီးပေါ့။ ဘယ်သူရှိရဦးမှာတုန်း။ အဖေ့သူငယ်ချင်းဆိုတော့ အရွယ် မငယ်တော့ ဘူး။ အဖေဆုံးသွားရှာပေမယ့် ဘကြီးပေသီးကတော့ အခုထိ ဒေါင်ဒေါင်မြည်တုန်း။ ခလောက် ကလေး နဲ့ ဒိုးဒိုးဒေါင်တို့ ခေတ်ပြီးကတည်းက နေက်နွားတွေ မဟုတ်လှတော့တာလည်း ဒိုးကလေးမှတ်မိ တယ်။

"တို့ရွာက ဘယ်နွားတွေ ပြိုင်ကြမလဲ မပြောတတ်ဘူး.... ရွာပေါင်းစုံ ကဆိုတော့ နွားတွေဘာ နည်း လိမ့်မတုန်း.... သည်ပွဲမှာ ပိုက်ဆံရှာရမှာ ငတောရ......"
"နွားနှစ်ကောင် လျှိုချောက်ဘက် ဆွဲရဦးမှာလားဗျာ...... မလုပ်ပါနဲ့တော့"
"မဟုတ် ပါဘူး ငတောရာ မင်းမသိပါဘူး"

ဒိုးကလေး အိမ်ရောက်တော့လည်း နွားဒုန်းမောင်းပြိုင်ပွဲ အကြောင်းပဲ ခေါင်းထဲဝင်နေတယ်။ ထမင်းစားပြီး တော့ရွာထဲ လှည့်ပြန်တယ်။ တစ်ရွာလုံး စုစု၊ စုစုနဲ့ မြိုင်လှက နွားပွဲအကြေင်း ချည်းပြောနေကြတာ ကြားရပြီ။ ပြောတဲ့အတိုင်း ဆိုရင် နွားပွဲရက်ကလိုပါသေးတယ်။ ဒိုးကလေးက ရွာထဲက နွားသမားတွေကို မေးချင် သေးတာ ရှိတော့ နွားကောင်းရှိတဲ့အိမ်တွေကို ၀င်တယ်။ သူဝင်လာတာနဲ့ နွားတွေက လှုပ်လှုပ် ရှားရှား ဖြစ်ကြပြီ။

ဘူးဘူးဘဲဘဲ အော်ကြပြီ။ အိမ်ရှင်တွေက မရိပ်မိပေသိ ဒိုးကလေးက သိတယ်။ ဆက်တိုင်းရင် နွားတွေက သိသိသာသာ ရုန်းကြတော့မယ်။ ဒိုးကလေးရ ၀င်းဦးဟ လာပါဦးဟ ခေါ်ကြပေမယ့် ဒိုးကလေးက ဆက်မ၀င်ဝံ့ဘူး။ နှုတ်ဆက်ရုံ ဆက်ပြီး ပြန်လှည့်ခဲ့ရတာချည်းပဲ။ နောက်ဆုံးတော့ ပန်းညို ကိုပဲ မေးရတော့တယ်။ ကိုက္ကိုကုန်းက ဘယ်နွားတွေ ပြိုင်မယ်ကြားတုန်း ဆိုတော့ ပန်းညိုက ဘိုးပေသီး သားတွေပြိုင်ကြမှာတဲ့။ နပေါက်ကျယ် နဲ့ကြက်တူးရွေးတဲ့။

နပေါက်ကျယ်နဲ့ ကြက်တူရွေးဆိုတာ နွားနာမည်တွေ မဟုတ်ပါဘူး၊ ဘကြီးပေသီးရဲ့ သားနှစ် ယောက် နာမည် တွေပါ။ ဒိုးကလေးနဲ့ အရွယ်ချင်း မတိမ်းမယိမ်းတွေ။ နပေါက်ကျယ် ကမွေးကျတည်းက နားပေါက် ကလေး ပါလို့မှည့်တာ။ ကြက်တူရွေးက နှုတ်ခမ်းအုံမောက်လို့ မှည့်ထားတာ။ သည်နှစ်ယောက်စလုံး ဒိုးကလေး သူငယ်ချင်း တွေလေ။ သည်ကောင်တွေ ဆို ပြီးပြီပေါ့။
"နင့်ဟာ သေချာရဲ့လား ပန်းညိုရာ"

"သေချာပါ့တော်........... ကိုနပေါက်ကျယ်က လှည်းကြမ်းပြိုင်မှာ ကိုကြက်တူရွေးက လှည်းယဉ် ပြိုင်မှာ...... သူတို့ နွားတွေက ရွနေသာတော့်........ လေထဲလွင့်တော့မယ့်အတိုင်းပဲ..... ရွာထဲ ပွက်ပွက်ရိုက် နေသော တော် မရောက်ခဲ့ဘူးလား"
"မရောက်ခဲ့ပေါင်ဟာ နပေါက်ကျယ်....... ကြက်တူရွေး......"
ကုက္ကိုကုန်း က လှည်းနှစ်စီးပြိုင်မှာတဲ့လား။ ဒိုးကလေးက သူ့စိတ်ကူးနဲ့သူ ပြုံးတယ်။ အခုပြိုင်ကြ မယ့် နွားနှစ်ကောင် ကိုလည်း ခလောက်ကလေးနဲ့ ဒိုးဒိုးဒေါင်လို့ပဲ နာမည်ပေးထား တာပါ။

မြိုင်လှရွာကြီးရဲ့ တောင်ဘက်ကွင်းကြီးထဲမှာ လူတရုန်းရုန်း နွားတရုန်းရုန်း နဲ့ပေါ့။ ဆယ်ရွာစလုံးက နွားသမား တွေရော၊ ပြိုင်ပွဲဝင်လှည်းတွေရော၊ ကလေးလူကြီး ယောက်ျား၊ မိန်းမရွာကုန်လူကုန် လာကြတဲ့ ပွဲကြီး ဆိုတော့ ၀က်ဝက်ကွဲ စည်လိုက်တာ လူတောင် ခြေချစရာမရှိဘူး။ မဏ္ဍပ်တွေ တည်းကျောင်း တွေကလည်း ခိုင်ခိုင်ခန့်ခန့် မဟုတ်ပေသိ အရပ်ရအောင် ထိုးထားကြတာ မနည်းဘူး။ နွားတွေကတော့ ကွင်းဘေး က ဆီးချဉ်ပင်တွေ၊ ကုက္ကိုပင်တွေအောက်မှာ ဟိုတစ်ခု၊ သည်တစ်ခု။

နွားပွဲဈေးလုပ်ထားတဲ့ နေရာမှာတော့ ကိုယ့်နွားကိုယ်ဆွဲပြီး ငုတ်စိုက်ချည် ထားလိုက် ကြတာနွားကချည်း အကောင်တစ်ရာ နှစ်ရာမက, မကမယ်။ သူ့နွား၊ ကိုယ့်ကြည့် ကိုယ့်နွား သူကြည့်။ လဲကြ၊ ထပ်ကြ၊ ရောင်းကြ ၀ယ်ကြ၊ နွားချင်းမမှားအောင် ဂရုစိုက်တဲ့ကြားက ပူညံပူညံ တုတ်တပြတ် ဓားတပြက်တွေကလည်း ဟိုနား ကြွက်စီ ကြွက်စီ၊ သည်နား ကြွက်စီ၊ ကြွက်စီနဲ့။ နွားလန့်တာ၊ ကြိုးပြတ်ပြေးတာမျိုးတွေလည်း ရှိရဲ့။

"သိမ်ရွာက ကိုခင်မောင်...... ဓာတ်စက် ရှိရာ အမြန်လာပါ...... ခင်ဗျားတာဝန် ယူထားတဲ့ နွားနှစ် ကောင် အရောင်း အ၀ယ် လုပ်ချင်လို့တဲ့ လာပြောနေပါသယ်......... ဗျို့.... ကိုခင်မောင်.... ယူမယ့်လူပေါ် နေပါပြီ....... ခင်ဗျားမလာရင် မဖြစ်ဘူးတဲ့........ ကိုခင်မောင်"
"ဟုတ်ကဲ့..... တောပုက ကိုသံချောင်း........ ခင်ဗျားမိန်းမ လိုက်လာသယ်......... သူ့နွားတွေ သူသဘော မတူဘဲ ယူသွားသာဆို.......... ခင်ဗျားကိစ္စ ခင်ဗျားလာရှင်းလှည့်ပါ....... ခင်ဗျားမိန်းမက ဘယ်ဈေးရရ မရောင်း ဘူးတဲ့..... သည်မယ် ဒေါသတွေဖြစ်နေသယ်........"

"အရွာရွာမှ နွားဆရာများ...... ကိုယ့်နွားကိုယ် သတိထားတော်မူကြပါ.... ညောင်ကားယားက နွားနှစ်ကောင် မှားပါ သွားလို့ လိုက်နေကြသယ်........ ကျွန်တော်တို့ ကော်မတီက တာဝန်မယူ ဘူးနော........ ကိုယ့်နွား ကိုယ့် တာဝန် ပါ ဖြစ်ပုံက........"
"နွားတွေ တစ်ကောင် တစ်ကောင် ခတ်မိပါ့မယ် လွတ်လွတ်ကင်း ကင်းပြကြပါ...... လူကိုနွားခွေ့ ရင် ကန်ရင် လျော်ကြေး ပေးရမှာဗျနော..... ဖို့ကုန်းက သောင်းတန်နွားကြီး အရောင်းအ၀ယ်ဖြစ်ပါ ပြီ ထတောစု က ကြန်စုံကြီး အရောင်း အ၀ယ်ဖြစ်ပါပြီ"

"စာချုပ် ချုပ်ပြီးမှ ရောင်းကြ၀ယ်ကြပါခင်ဗျား နားလည်းမှုနဲ့လုပ်လို့ မဖြစ်ပါဘူး..... ကော်မတီမှာ စာ လာချုပ်ကြပါ.... ဆောင်ရွက်ပေးပါသယ်.. ဘုရားပွဲ ရံပုံငွေပဲ ကောက်မှာပါ..... ဟောသည်မှာ ညောင်ပင်ပုက မိုးခ နွားကြီး အရောင်းအ၀ယ် ဖြစ်ပါပြီ"

နပွဲကော်မတီ ဓာတ်စက်က အောင်သံတွေပါ။ တခြားရွာတွေက အသံချဲ့စက်တွေကလည်း ဆူလို့ ညံလို့။ လူတွေ က အရောင်းအ၀ယ် ဖြစ်သွားတဲ့ နွားတွေပြေးကြည့်ကြသေးတာပါ။ ဖုန်တွေတလုံး လုံး။ နေလုံးက ကြွလာပြီ။ နွားတွေက ရွာတွေဘက်ဆီက လှိမ့်ဝင်လာတုန်း။ နွားဝယ်မယ့် လူတွေက ငွေထုပ်ကလေး တွေလည်း ပါလာကြတော့ လွယ်အိတ်စလွယ်သိုင်းတွေ နဲ့ပါ။ လွယ်အိတ် တစ်လုံး ဓားမြှောင်တစ်လက် ပါကြ သူချည်းပဲ။

နွားနဲ့မဆိုင်တဲ့ရွာ သူရွာသားတွေက ဘုရားပွဲလည်ကြ၊ ဈေးဝယ်ကြ။ နေ့ခင်း နှစ်နာရီ စမယ့်လှည်းပြိုင်ပွဲ ကြည့်ကြ ရဦးမှာကိုး။ လှည်းနှစ် စီးချောင်းချောင်ချိချိ ယှဉ်မောင်းနိုင်အောင် ရှင်းလင်းထားတဲ့ နွားပြေးလမ်း တစ်ဖက်တစ်ချက်မှာ ၀ါးလုံးတန်းတွေ စိုက်ထားတယ်။ ဆယ်ပေတစ်ချောင်းခြား စိုက်ထားတဲ့ ၀ါးလုံး တွေမှာတော့ ပိတ်ရောင်စုံအလံတွေ တပ်ထားလို့ ပြေးလမ်းကို တစ်ကွင်းလုံး ဘယ်နေရာက ကြည့်ကြည့် မြင်နေရတယ်။

နွားပွဲ က ဘုရားပွဲရက်အတိုင်း သုံးရက် ကျင်းပလေ့ရှိတယ်။ မြိုင်လှကို ဆယ်ရွာစလုံးက လာကြရတာ ဆိုတော့ နီးတဲ့ရွာက အကြောင်းမဟုတ်ပေသိ ဝေးတဲ့ရွာတွေက ချင်းချင်းလာ၊ ချက်ချင်းပြန်ကြဖို့ ခက်တယ်။ သည်တော့နပွဲ သုံးရက်မှာ တချို့က ဘုရားကွင်းထဲမှာပဲ အရိပ်ရှာ တဲထိုးနေကြသလို တချို့ နီးရာရွာ ပြန်ပြီး နားကြတယ်။ မနက်မှာနွားဆွဲပြီး မြိုင်လှကို ပြန်လာကြ တာပါ။ သည်သုံးရက်မှာ လှည်းပွဲကလည်း ညနေ နေ ကျတာနဲ့စပြီ။ လှည်းပြေးလမ်းဘေး တစ်လျှောက် လူတွေများလွန်းလို့ ၀ါးလုံးတန်းတွေကျိုး၊ ပြေးလမ်း တွေပေါ် ရောက်ကြနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြတာပါပဲ။ ရွာကျောင်းတွေက ဦးဇင်းတွေက ကြိမ် တစ်ချောင်း စီနဲ့ ဆုတ်ဟ ဆုတ်ဟ ဆိုးပြီး ရိုက်တော့မှ လှည်းပြေးလမ်း ရှင်းတော့တယ်။

"လှည်းကြမ်းတစ်ပွဲ ပြီးရင် လှည်းယဉ်ပြိုင်မှာပါ....... အခုလှည်းကြမ်းပြိုင်ပွဲက နှဲခင်းရွာက မောင်တိုးလှည်းနဲ့ ယင်းတိုက် ရွာက သာကျော့်လှည်းပါ....... မောင်ထီ့နွားတွေက တွေ့မရှေင် တွေဗျနော်....... ပေါက်ဖော်နဲ့ ပေါက်ကျောင်း ပါတဲ့....... သာကျော့်နွားတွေကတော့ မိုးလုံးကွဲတွေ ဆိုသာ သိကြတဲ့အတိုင်းပါပဲ.... တိုင်းကျော် နဲ့ ပြည်လုံးပါတဲ့...... အချင်းချင်းလောင်းကြသာတွေ တာဝန်မယူပါဘူး...... နှစ်ချက်ခွဲရင် ပြေးမှာပါ.... စာရင်းလာသွင်းကြပါ......"

ပေါက်ဖော်နဲ့ ပေါက်ကျော်။ သည်လိုပြောလိုက်တာနဲ့ ရွာတွေက ဘယ်နွားဘယ်အဆင်း ဘယ်မရောင် ဘယ်လိုဇရှိတယ်ဆိုတာ သိလိုက်တာမှ။ တိုင်းကျော်နဲ့ ပြည်လုံးက ဘယ်လိုရိှတယ် ဆိုတာလည်း သိကြတာပါပဲ။ ဝေဖန်ကြပြီ။ သုံးသပ်ကြပြီ။ ရွာစွဲ၊ နွားစွဲ ရှိသူတွေကတော့ ကိုယ့်လှည်း ကိုယ့်နွား ပုံအော ကြ တာပေါ့။ လူတွေက ဆုံးဖြတ်ပြီးတာနဲ့ ဝေါခနဲထသွားကြပြီး ကြိုက်ရာလောင်းကြတော့တာပါ။ သည်အချိန် မှာ ဒိုးကလေးက လှုပ်တောင် မလှုပ်သေးဘူး။ အရက်ဆိုင် ဆိုတာ ပွဲခင်းထဲ ပြည့်နေတာဆိုတော့ ဆိုင်ကူး သောက်နေတာပဲ။ သူ ပွဲခင်းထဲ ၀င်ရင် နွားတွေက လန့်ကြလေတော့ သည်ကိစ္စလူမသိစေချင်တာလည်း ပါတယ်။ နားတော့ ပေစွင့်ထား တာပါပဲ။ ကိုက္ကိုကုန်း လှည်းတွေ ပြိုင်ရင်တော့ သူထရတော့မယ်။ ခလောက် ကလေး နဲ့ ဒိုးဒိုးဒေါင်။ ခလောက်ကလေး နဲ့ ဒိုးဒိုးဒေါင် က လှည်းကြမ်းပြိုင်တော့လည်း သည်နှစ်ကောင်ပဲ၊ လှည်းယဉ်ပြိုင် တော့လည်း သည်နှစ်ကောင်ပဲ။

"ကုက္ကိုကုန်းက နပေါက်ကျယ်နဲ့ ညောင်ပင်ပုက ဘဖေ... မင်းတေို့လှည်းတွေ အဆင်သင့် လုပ်ထားကြပါ....... သည်ပွဲပြီးရင် ၀င်ရမှာပါ.... နပေါက်ကျယ်ရဲ့ နွားတွေက ခလောက်ကလေးနဲ့ ဒိုးဒိုးဒေါင်........ တိမ်ယံဖောက်မယ့် နွားတွေဗျနော်....... ဘဖေနွားကတော့ သောကြာနဲ့ မြကလေး ပါတဲ့.... မြှားပြေး သလို သာ သိတော်မူကြတဲ့အတိုင်းပါပဲ သည်ပွဲပြီးရင် လွှတ်မှာပါ"
ဒိုးကလေးက သူ့လက်ကောက်ဝတ်မှာ စွပ်ထားတဲ့ လွယ်အိတ်ဟောင်းကို ချွတ်တယ်။ တစ်ပတ်လျှို ထုံးထားတာ ကို ဖြည်တယ်။ အိတ်ထဲမှာ ပိုက်ဆံတွေ တော်တော်များများ ပါတဲ့အထဲက တော်ကြီးကို ငွေနှစ်သောင်း ထုတ် ရေခိုင်းတယ်။ တောရွာမှာ နှစ်သောင်းဆိုတဲ့ငွေက များလွန်းနေ တော့တောကြီးက ဒိုးကလေး ကို မယုံနိုင်သလို ကြည့်နေလေရဲ့။

ရွာ တွေမှာက တစ်ထောင် နှစ်ထောင် လောင်းတာတောင် များလှပြီ မဟုတ်လား။ သူ့လှည်းကိုယ့်လှည်း သူ့ရွာ ကိုယ့်ရွာ လှည်းလှည်းချင်း ရွာရွာချင်း လောင်းတာတော့ လောင်းကြေးများတတ်ပါရဲ့။ တစ်ဦးချင်း နှစ်သောင်း လောင်းမယ်ဆိုတာကတော့များလွန်းတာကိုး။
"ကိုရင်ဒိုး...... ဟုတ်ကဲ့လား... များပါသဗျာ..... လောင်းစရာအပုံကြီး ကျန်သေးတာကို.... နက်ဖြင် တစ်ရက် လည်း ရှိသေးသဲ့ဟာ .... မတော် ရှုံးရင် ဘယ့်နှယ့်လုပ်ပါ့....."

အပိုင်း (၁၄)
ဒိုးကလေး က တောကြီး ရင်ပတ်က အင်ကျီစ လှမ်းဆွဲ ပြီး တွန်းပစ်တယ်။ နိမိတ်မရှိတဲ့ စကား ပြောရပါ့ မလားပေါ့..။
သွားလောင်းချေ.. မင်းစကားမများနဲ့ ကုက္ကိုလ်ကုန်းသားကွ ..သွေးရဲတယ်…
ကိုယ့်ရွာက လှည်း လှည်းနိုင်ငွေနိုင် လုပ်ရမယ့်ပွဲ …. နပေါက် ကျယ် လှည်းဘက်က လောင်းခဲ့ …သူတို့ ပေး တဲ့ ဘောက်ချာ မပျောက်စေနဲ့ သွားတော့… ပွဲပြီးရင် ငွေထုတ်ပြီး ရွာအရက်ဆိုင်ကို ပြန်ခဲ့… ပိုက်ဆံ မလျော့ စေနဲ့ နော် …

တောကြီး နားမလည်နိုင်ဘူး.. ပွဲပြီးရင် ငွေထုတ်ခဲ့ လို့တောင် မှာနေတော့ သေချာလှချည့်လားလို့လည်း တွက်ပါရဲ့ .. ဒိုးကလေး ပေးတဲ့ ငွေ နှစ်သောင်း လက်တွင်း ဆုပ်ပြီးပွဲတော်ကွင်းထိပ်က ဘောက်ချာရေးတဲ့ စားပွဲ တွေ ဘက်လျှောက် လာခဲ့တယ်..။ ပြိုင်နေတဲ့ လှည်းတွေက ပြိုင်နေကြတုန်းဆိုတော့ ပရိသတ်က တဝေါဝေါ တဟေးဟေးနဲ့ ပေါ့.. ကိုယ်ကြိုက်တဲ့ နွားနံမည် ကိုယ်အော်ကြ ဟစ်ကြတာများ နားကွဲမတတ်ပါ။ သည်နေရာ မှာတော့ နွားတွေက မြင်းတွေထက် တောင် ပြေးသေး အောက်မေ့ရတယ်။ ခြေလေးချောင်း မြေကြီး နဲ့ မထိကြသလောက် လေထဲမှာ ရှပ်ပြေးနေကြတာမျိုး… တောကြီးက ကုက္ကိုလ် ကုန်းက နပေါက်ကျယ် လှည်းကို ငွေနှစ်သောင်း လောင်းကြေးထည့်တယ် ဆိုတော့ ကော်မတီတွေတောင် လန့်သွား ကြတယ်…

ဟုတ်ကဲ့လား.. လူကြမ်းရာ ..နှစ်သောင်း အောမှာ သေချာရဲ့လား ဒိုးကလေး သွားမေးစမ်းပါဦး… မဟုတ် လောက် ဘူးနော…
ဟုတ်ပါသယ်ဆို ဗျာ… ရေးမျာသာ ရေးစမ်းပါ.. နပေါက်ကျယ် လှည်းဗျနော်… ကုက္ကိုလ် ကုန်းလှည်း.. ခလောက် ကလေး နဲ့ ဒိုးဒိုးဒေါင်…
တောကြီး က ပေးလိုက်တဲ့ ဘောက်ချာစာရွက် အိတ်ကပ်ထဲ ထည့်ပြိး ပြေးလမ်းထိပ် ဘက် ထွက်လာ ခဲ့တယ်။ သသည်ပွဲမှာ တော့ သူသလည်း ရင်ခုန်တာကိုး။ ဒိုးကလေးက သူ့ရွာလှည်း နှစ်သောင်းထည့် လောင်းတယ် ဆိုတဲ့ စကားက ပွဲခင်းထဲ ချက်ချင်း ပြန့်သွားတော့ တာပါ။ သည်သတင်းက ပွဲခင်းထဲမှာ လှုပ်ရှားသွားတယ် ဘယ့်နှယ်ကြောင့် များ ဒိုးကလေးက သည်လောက် ပိုက်ဆံများများ လောင်းရတာပါလိမ့် သည်ကောင် က သဒိုး ဆိုပေသိ နွားအကြောင်း နွားကြန်အင် လက္ခဏာရယ်လို့ သိတာမှ မဟုတ်တာ။

ပြီးတော့ သူ့ရွာက နွားတွေမို့ လောင်းတယ် ထားပါဦး။ တစ်ဖက်ရွာနွား ဘယ်လောက် ပြေးမှန်းမသိဘဲ နဲ့များ သည်လောက်တောင် စွန့်စားရသလား..။ ဒါထူးတော့ထူးတယ်။။ သည်ကောင် ပိုင်လို့ လုပ်တာ နေမှာ တချို့က ဒိုးကလေး လောင်းသလို ကုက္ကိုကုန်းလှည်းကို တွန်းလောင်းကြတယ်။ တချို့ကတော့ ဒိုးကလေး က အရူးရယ် ဦးနှောက်ကောင်းတာ မဟုတ် ဘူး..၊ အူတိအူကြောင် ထလုပ်တာ နေမှာပါကွာ … ဆိုပြီး တစ်ဖက်ရွာ က လှည်း လောင်းကြတာပါပဲ။ သည်ပွဲ က လူစိတ်ဝင်စား စရာကောင်းနေတော့ ကျိတ်ကျိတ် တိုးပေါ့..။ လှည်းပြေးလမ်းတလျှောက် ခဲလို့..။
ဒိုးကလေး က တာလွှတ်မယ့် ထိပ်ကို ခပ်သုတ်သုတ်သွားတယ်.. တာလွှတ်ခရာမမှုတ်ခင် အရောက် သွားရမှာ ဆိုတော့ နောက်ကျ မဖြစ်ဘူး.. မီပါတယ်.. သူရောက်သွားတော့ ခေါင်းပန်းလှန်ပြီး ဘယ်ခြမ်း ညာခြမ်း ရွေးနေကြပြီ..။

နျစ်ဘက်စလုံူး က နွားနျစ်ကောင်စီက ဆတ်နေကြတာများ တရွရွ နဲ့ နွားကြီး နှစ်ရှဉ်းစလုံး က နွားကောင်း တွေ ဆိုတော့ ဖီးလို့ တင်ပါးသားတွေများ ထစ်နေလိုက်ကြတာ ဘို့တထောင်ထောင် ခေါင်းတမော့မော့ နဲ့.. လွှတ်ပြီဟေ့ ဆိုတာနဲ့ ပြေးကြတော့ မှာ ကြိုးသာ တောင့် တောင့် ကိုင်ရော..။ ဒိုးကလေးက ညောင်ပင်ပု ရွာက လှည်း ဘေးဝင်ရပ်လိုက်တယ်..။ တကယ်ဆိုရင် တာထိပ်မှာ ခရာမှုတ်မယ့် ဒိုင်က လွဲလို့ ဘယ်သူမှ မရှိရဘူး.. ဒိုင်ပြိုင်ပွဲစည်းကမ်း ပြောနေတာကို လှည်းဆရာ နှစ်ယောက် က နားထောင် ကြရတယ်.. စည်းကမ်း နဲ့ မညီရင် ပွဲ ပယ်မယ် အရှုံး ပေးရမယ်.. စသည်ဖြင့် ပြောနေတာပါ…။

သည်အချိန်မှာ ဒိုးကလေးက ဝင်ကပ်လိုက်တာဆိုတော့ ရုပ်တရက် ဘယ်သူကမှ ဘာမှ မပြောဘူး..
ဒိုးကလေးက တစ်ဖက်ရွာက လှည်းထမ်းပိုးရှေ့ရပ်လိုက်ပြီး နွားနှစ်ကောင်ရဲ့ နဖူးပေါ်က ကြာ ကို ဘယ်လက်ဝါး ညာလက်ဝါးနဲ့ တစ်ဖက်စီ လှမ်းအုပ်လိုက်တယ်။ သည်မှာတင် နွားနှစ်ကောင်က ဓါတ်များလိုက်လိုက်သလို ဆတ်ခနဲ တုန်သွားရာက ဂနာ မငြိမ်တော့ဘူး.. လှည်းပေါ်ကနေ ကြိုးကိုင်ထားတဲ့ ကိုဘဖေက လှည်းပေါ် မတ်တတ် ရပ်နေရင်းက ဟန်ချက် ပျက်သွားတော့ မှ ဒိုးကလေး သူ့လှည်း ရှေ့ ရောက်နေတာ တွေ့ရော… ။

ဒိုင်လုပ်တဲ့ ဘကြီးမှတ်က ဒိုးကလေးကို ချက်ချင်းမောင်းထုတ်တယ်..ပြေးလမ်း ထိပ်က ဖယ်ခိုင်းတယ်.. ဒိုးကလေး ဘာလုပ်လိုက်တယ် မမြင်လိုက်ပေမယ့် ကိုဘဖေ စိတ်ထဲတော့ ထင့်သွာူးမိတယ်.. ပြိုင်ရမှာက ကုက္ကိုကုန်း နွား..။ လှည်း ရှေ့ လာရပ် တာက ကုက္ကိုကုန်း သား ဂါထာ မန္တာန် များ လာပြီး ရွတ်တာလား..။ ဓါတ်တိုက် နတ်တိုက်များ လာလုပ်တာလား ဇဝေဇဝါ နဲ့ ပေါ့ ဒိုးကလေး က သူ့ရွာလိညး ဆရာ နပေါက်ကျယ် ကိုလှမ်းပြောတယ်…။

နပေါက်ကျယ် နိုင် အောင် မောင်းကွာ… ကုက္ကိုကုန်းလှည်း နောက် မကျန် စေနဲ့.. ငါ နှစ်သောင်း ထည့် ထားတယ် နိုင်ရင် မင်း ငါးထောင်ရပြီမှတ်…။
ဒိုင် က ခရာရှည်ထွတ်ပြီးပြေးလမ်းရှင်းပြီ..။ ပြေးလမ်းတစ်ဝက်မှာ ရှိနေတဲ့ လမ်းရှင်း ဒိုင်နဲ့ ပန်းဍ္ဍ၀င်ဒိုင် တွေ က အလံဖြူဝှေ့ရမ်းပြပြီ။ ဒိုးကလေးက ပြောပြီးတာနဲ့ တစ်ဖက်ပန်းမရောက်ခင် တာသုံးမတ်လောက်စီ ပြေးပြီ တာသုံးမတ် လောက် ရောက်တော့ လူကြားထဲ တိုးပြီးပြေးလမ်းနဲ့ အနီးဆုံူးနေရာမှာ ရပ်နေ လိုက်တယ်..။ လှည်း နှစ်စီးက မလွှတ်သေးပါဘူး..။ လမ်းမရှင်းသေးလို့ တအောင့်စောင့်နေပုံပေါ်တယ်။

ဓါတ်စက် အသံ ပေါ်လာပြီ…။ပြေးလမ်းပြေးလမ်း မဖြတ် ပါနဲ့… တာလွှတ်ပါတော့ မယ်…။
ရွှီ..
ဝေါကနဲ ပြေးလာတဲ့ လှည်းနှစ်စီးက သူတင်ကိုယ်တင်ပါပဲ လူတွေက သူ့ရွာကိုယ့်ရွာ အော်ဟစ် အားပေး လိုက်ကြတာ အသံကြီးတွေ ဟီးထလို့။ တာတစ်ဝက် ကျော်တဲ့အထိလည်း နှာတစ်ဖျား မသာနိုင်ကြ သးဘူး။ နပေါက်ကျယ် က သူ့နွားတွေ တဖျန်းဖျန်းရိုက်ရင်း လှည်းပေါ်မှာ မတ်တတ်ကြီး မောင်းလာတာပါ။ တစ်ဖက် ကိုဘဖေ လှည်း ကလည်း မလျှော့ဘူး။ ကိုဘဖေလှည်း အနားရောက်လာမှာကို ဒိုးကလေး စောင့် နေလိုက်တယ်။ အနားလည်းရောက်ရော ဒိုးကလေးက လှည်းလမ်းပေါ်တစ်ကိုယ်စာ ထွက်လိုက်ပြီး နွားနှစ်ကောင် မြင်သာတဲ့ နေရာကနေ လူ့လုံးပြလိုက် တယ်။ ဒိုးကလေးပါးစပ်က ဟိတ်ခနဲ အော်လိုက် တယ်ဆိုရင်ပဲ လှည်းက တစ်ချက်ခါသွားတာ သေချာပြီ။ နောက်ထပ် ပြေးရမယ့်တာ တစ်မတ် လောက် မှာတော့ ကိုဘဖေလှည်း က နပေါက်ကျယ် လှည်းကို မမီနိုင်တော့ဘူး။

လှည်းတစ်လှည်းစာ တစ်လျားနဲ့နပေါက်ကျယ်က ၀ုန်းဒိုင်ကြဲ ပန်းဝင် သွားလေရဲ့။ မြေတုန်အောင် အားပေး လိုက်ကြတဲ့ အသံကြီးနောက်မှာတော့ ဒိုးကလေးရောက် သွားပြီ။ စိတ်ချရပြီလေ။ တောကြီးက ပိုက်ဆံထုတ်လာတော့မယ်။ ရွာအရက်ဆိုင်ကို လိုက်လာလိမ့် မယ်။ ပိုက်ဆံရလာမှ နပေါက်ကျယ်ကို ဆုတော်ငွေငါးထောင် ဆုချရမယ်။ မနက်ဖြန် ပွဲသိမ်းမှာ နပေါက်ကျယ်ရဲ့ညီ ကြက်တူရွေး ပြိုင်မယ့်လှည်းကို ထပ် အောရမယ်။

သည်ကနေ့ သူလုပ်ခဲ့တာ သပ်ရပ်လွန်းတော့ ဘယ်သူမှ မသိလိုက်ကြဘူးလို့ တွေးရင်း ဒိုးကလေး အူမြူးနေခဲ့တယ်။ ကိုဘဖေရဲ့ နွားနှစ်ကောင်ကို သူ့လက်ဝါးတွေနဲ့ အုပ်လိုက်ကတည်းက နွားတွေ တုန် သွားကြပြီ။ ပြေးလမ်းမှာ သူ့ကို ဖျက်ခနဲ မြင်လိုက်ရုံမက ဟိတ်ခနဲ ခြောက်လိုက်တော့ နွားတွေ ဖင်သီ ကုန်ကြပြီ။ အဆမတန် ကြေက်နေတဲ့နွားနှစ်ကောင်ဟာ ပြေးလမ်းအတိုင်း ပြေးနေရာက တစ်ချက်တုန့်လိုက်လို့ တစ်လျား နောက်ကျသွားခဲ့ရပြီ မဟုတ်လား။ မနက်ဖြန် ကြက်တူရွေး မောင်းမယ့် လှည်းလည်း သည်လိုလုပ်ရမှာပဲ။ သူလည်း ငွေနိုင်၊ ကုက္ကိုကုန်းလှည်းလည်း နာမည်ရ။ ဒိုးကလေးက သူ့အတွေး နဲ့သူ ကျေနပ်လို့။ မှောင်တဲ့အထိ တောကြီး ရောက်မလာဘူး။

ဘာများဖြစ် လို့ပါလိမ့်။ ငွေထုတ်ရတာ လွယ်ပါတယ်။ လူပျောက်နေတာ အရေးမကြီးဘူး။ ပိုက်ဆံ ရောက်မလာ တာ အရေးကြီးတယ်။ ပြန်ဆုံဖို့ ချိန်းထားတာကလည်း ရွာအရက်ဆိုင်ဆိုတော့ နေရာ လွဲစရာ လည်း မရှိဘူး။ ဒိုးကလေးက အရက်တွေသောက်ရင်းက တောကြီးကို မျှော်နေတာပါပဲ။

ဒါပေမယ့် အရက်ဆိုင်ကို တကယ်ရောက်လာတာ တောကြီးမဟုတ်ဘူး။ ညောင်ပင်ပုရွာသားတွေ။ လှည်းသမား ကိုဘဖေ ပါ ပါလာခဲ့တယ်။ လက်ထဲမှာ တုတ်တွေ ဓားတွေနဲ့။ ဒိုးကလေး ထိတ်လန့် သွားခဲ့တယ်။ အရက်ဆိုင် ကလည်း မိုးချုပ်တော့ လူရှင်းနေပြီ။ အရက်ရောင်းတဲ့ ဆိုင်ရှင်ကလည်း သည်ပြဿနာ ထဲ မပါရဲတော့ နောက်ဆုတ်နေပြီ။
"'ဒိုးကလေးဆိုသာ မင်းမဟုတ်လား…ငါ့နွားနှစ်ကောင်ရဲ့ခေါင်းက ကြာကို လက်ဝါးနဲ့အုပ်သွား သာ… ကွင်းထဲကနေ နွားတွေကို ခြောက်သာအကုန်လုံး မြင်သူက မြင်သယ်ကွ…မင်းမငြင်းနဲ့ တော့.. .မင်းအောက်လမ်းနည်း နဲ့ လုပ်လို့ ငတို့ရွာလှည်း ရှုံး ရသာကွ…မင်းကို တစ်ညနေလုံးမြေလှန် ရှာနေသာ… ခုမှ တွေ့တော့သယ်"

အဲသည်ည က ဒိုးကလေး သွေးအိုင်ထဲမှာ သတိလစ်နေခဲ့တယ်။ တစ်ယောက်တစ်ချက် ၀ိုင်းရိုက်သွားကြတဲ့ ရိုက်ချက် တွေက ဒိုးကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အချက်များစွာ ကျရောက်ခဲ့ တယ်။ ညောင်ပင်ပု သားတွေက ဒိုးကလေး ကို နွားရိုက်သလို ရိုက်သွားကြတာပါ။ နွားသတ် သလို သတ်မသွားတာပဲရှိမယ်။ ပန်းညို ဆီ သတင်းရောက်လာတော့ ကုက္ကိုကုန်း ရွာသားတွေ ချက်ချင်း အရက်ဆိုင် ပြေးလာကြတယ်။ ဒိုးကလေး ကို လှည်းပေါ်ပွေ့တင်ပြီး အိမ်ခေါ်ခဲ့ကြရတယ်။ အိမ်ရောက်တဲ့အထိ ဒိုးကလေး သတိမလည်ဘူး။

သည့်ထက် ဆိုးတာ က တောကြီး ပြန်မလာတော့တာပါ။ ငွေရင်းနှစ်သောင်းနဲ့ နိုင်ကြေးနှစ်သောင်း ပေါင်း လေးသောင်း လက်ထဲရောက်ပါပြီ ဆိုကတည်းက တောကြီး လစ်သွားခဲ့တယ်။ သည်လိုဖြစ် ပြီးနောက် လေးငါးလ လောက်ကြာမှ ဒိုးကလေးပြန်ကောင်းလာခဲ့တယ်။ မသန်စွမ်းလှတော့ပါဘူး။ သျှောင်ပွ ဆံပင်ကျဲကျဲ နဲ့ မျက်မှာဆိုကြီး နဲ့ တောင်ဝှေးတစ်ချောင်း ထောက်ထောက်ပြီး ရွာထဲ လျှောက်နေတဲ့ ဒိုးကလေး ကို ကရုဏာသက်သူကလည်း သက်ကြရဲ့။ သဒိုး အလုပ် လည်း မလုပ်နိုင် တော့ပါဘူး။ ပန်းညိုက ရိုက်သွားကြ တဲ့ တစ်ရွာသားတွေတောင် ကျေးဇူးတင်ရသေးတော်တဲ့။ နို့မို့ အမိုက်လက်စသိမ်းမှာ မဟုတ် လို့တဲ့။ နောက်တော့လည်း တောင်ဝှေးလွတ် သန်စွမ်းလာရှာပါရဲ့။ အရင်လိုတော့ မသွက်တော့ပါဘူး။

ဆရာတော် ကျောင်းအုတ်လှေကားကြီးပေါ်တက်ကြတော့ ပန်းညိုက ဒိုးကလေးကို တွဲလို့။ လက်တစ်ဖက် က သင်္ကန်းဘူး နဲ့။ သားလုပ်သူ ဒိုးကောင်းကနောက်မှာ အထုပ်တစ်ထုပ်နဲ့။ ဒိုးကလေးသုံးခဲ့တဲ့ ဓားတွေကို အ၀တ်ထူထူ နဲ့ ထုပ်လာတာပါ။ သမီးကလေး ပန်မှုံက မအေ့ထဘီစ ဆိတ်ရင်း လိုက်လာတယ်။ ကျောင်းလှေကား အလယ်လောက် ရောက်တော့ ပန်းညိုက ဒိုးကလေး မျက်နှာကို ကြင်ကြင် နာနာ ကြည့်တယ်။ ဆရာတော် ကို ကြိုလျှောက်ပြီးသား ဆိုတော့ ဆရာတော် ကလည်း စောင့်နေတာမဟုတ်လား။ သည်တော့ မလိုသော်ရှိ လိုသော်ရှိ လင်သား ကို သေချာ အောင် မေးရသေးတယ်။

"အစ်ကို…တော်စိတ်ပြတ်ရဲ့လား….ခဏနေရင် တော် သင်္ကန်းဝတ်ရတော့မှာနော်…သင်္ကန်းဝတ် ဘ၀နဲ့ အကုသိုလ် စိတ် တွေ ပါမှာစိုးသာ… ဟုတ်မှလည်း လုပ်ပါတော်…"
"ဟုတ်ပါသယ်ဟာ ငါ့ဓားတွေလည်းလှူမယ် ငါ့အကုသိုလ်တွေလည်း လှူမယ်… ငါလည်း ကျောင်းမှာပဲ နေတော့မယ် နင်တို့ကော ဖြစ်ကဲ့မို့လား"
"ဖြစ်ပါတော်… တော်ရှိတုန်း ကလည်း ကျုပ်အနားနေလို့လား… ကျုပ်စိတ်ချမ်းသာပြီတော်ရေ ကျုပ်က သဒိုး ကိုကြာပေါ် သမီး… သဒိုး ဒိုးကလေးရဲ့မယား… ဆိုတဲ့ဘ၀က ကျွတ်ရသာကို ၀မ်းသာသာပါ… ကျုပ်မှာ အပြစ်ရှိရင်လည်း ခွင့်လွှတ်ပါတော်"

ကျောင်းလှေကား အလယ် မှာ သားအဖလေးယောက် ရပ်စကားပြောနေတာကို ဆရာတော်က လှေကားထိပ် က ပြုံးပြီးကြည့်နေလေရဲ့။ ဆရာတော် က ကျောင်းတွင်း ကြွ နှင့်တော့ မှ သားအဖလေး ယောက် တက်လာခဲ့ကြတယ်။ ဒိုးကလေးက တစ်ချက်ပြုံးလိုက်ပြီး ပန်းညိုကို ကြည့်ပြန်တယ်။

"ငါက တစ်ခြား ဟာ မနှမြောပါဘူး ပန်းညိုရာ… ကတုံး တုံး ရတော့မယ်ဆိုတော့ ငါ့သျှောင်တော့ နှမျော သား…"
"မနှမျောပါနဲ့တော်… ဆံချတော့ ကျုပ်က သျှောင်ဆံပင် ကိုခံပြီး တစ်သက်လုံး ယွန်းအုပ် နဲ့ ထည့် ကိုးကွယ် မှာတော့်… ကိုင်း ဟုတ်ပြီလား…"
သည်တစ်ခါ ဒိုးကလေးရယ်တဲ့ အရယ်ကအားရပါးရရှိလိုက်တာ။ ပန်းညိုနဲ့ ညားပါပြီ ဆိုက တည်းက တစ်ခါ မှ မကြားဖူးခဲ့ တဲ့ ရယ်သံမျိုး။

ပန်းညို အဖို့တော့ ပထမလင်နဲ့ ရခဲ့တဲ့ သားကိုရင် ကို ဆွမ်းတစ်စလောင်း မလောင်းခဲ့ရပေမယ့် နောက်လင် ဒိုးကလေးကိုတော့ ဆွမ်းခံကြွတိုင်း ဆွမ်းလောင်းရတော့မယ်ဆိုတာ တွေးပြီး ၀မ်းသာရုံပေါ့။ ပန်းညို ဘ၀က ထူးတော့ထူးသားမဟုတ် လား။

နောက်ရက်တွေက စပြီး ဒိုးကလေး ဦးပဉ္ဇင်းဘွဲ့ကို မခေါ်ကြဘူး။ ဦးဇင်းဒိုးတဲ့။ မနက်မနက် သပိတ်ပိုက်ပြီး ကြွလာ တဲ့ ဆွမ်းထမင်း ဆွမ်းဟင်း မောက်မောက်လျှံလျှံ လောင်နေကျ။ ဦးပြည်စိမ်း နဲ့ သင်္ကန်း နဲ့ဆိုတော့ နဂိုရုပ် ပြန်ပေါ်လာတယ် လို့တောင် အောင်းမေ့ မိတယ်။

ဦးဇင်းဒိုး အိမ်စဉ်ဆွမ်းခံရပ်တော့ အိမ်ထဲက ချည်တိုင်မှာ ချည်ထားတဲ့ နွားတွေက နှာမှုတ်ကြတုန်း။ ခွာရှပ် ကြတုန်း။ ရုန်းကြတုန်း။ ကန်းကြတုန်း။ အကုသိုလ် အကင်းမသေသေးလို့နဲ့ တူပါရဲ့။

အကုသိုလ် များ ကလည်း ပြုမိဖူးရင် ကျေခဲသား မဟုတ်လား။

ခင်ခင်ထူး

No comments:

Post a Comment