ကျမလွမ်းမိတဲ့ အတိတ်သင်္ကြန်

သင်္ကြန်ရောက်တော့မယ်တဲ့။ ဘာလိုလိုနဲ့ မြန်မာသင်္ကြန်၊ မြန်မာပိတောက်နဲ့ ဝေးခဲ့ရတာ ၄ နှစ်ရှိခဲ့ပြီ။ တန်ခူးလရဲ့ နေပူပူမှာ ပိတောက်ဖူးလေးတွေကို မောကြည့်ရင်း ဘယ်တော့ပွင့်မှာလဲ၊ သင်္ကြန်အမှီ ပွင့်မှာလား၊ ကြိုပြီးတော့ပွင့်မှာလား၊ နောက်ကျပြီးမှ ပွင့်မှာလား တွေးရင်း၊ သင်္ကြန်မိုးလေး ဘယ်တော့များ ရွာပါလိမ့်မလဲ မေးခွန်းအတွေးပေါင်းများစွာနဲ့ သင်္ကြန်အကြိုကို စောင့်ခဲ့ရတဲ့ အချိန်တုန်းကပေါ့။
လွန်ခဲ့တဲ့ ၁ဝ စုနှစ်များအလွန်ကို မှတ်မိပါသေးတယ်။ ခြံထောင့်က ပိတောက်ပင်ကြီးမှာ ပိတောက်ဖူးလေးတွေပွင့်ဖို့ သင်္ကြန်မိုးကို စောင့်နေကြချိန်၊ အိမ်က ချယ်ရီ၊ စံပါယ်၊ သဇင်ဆိုတဲ့ အဒေါ်တွေရဲ့ အကြို၊ အကျ၊ အတက်နဲ့ နှစ်ဆန်း (၁) ရက်မှာ ပြုလုပ်မဲ့ အလှုအတန်းနှင့်တကွ၊ ညနေပိုင်း ပြည်ထောင်စု လမ်းက သူငယ်ချင်း မဏ္ဍပ်မှာ ရေကစားဖို့တိုင်ပင်သံတွေ ဝေဆာနေချိန်မှာ ကျမကတော့ အဖိုးနဲ့အဖွား ဝယ်ပေးတဲ့ သင်္ကြန်ပန်းကုံးလေးစွပ်ပြီး ရေပြွတ်တချောင်းနဲ့ ဟိုနေရာစမ်းပက်၊ ဒီနေရာစမ်းပက်နဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။
သင်္ကြန်မတိုင်မှီ သင်္ကြန်အကတွေ၊ သင်္ကြန်နောက်ခံရုပ်ရှင်တွေ စောင့်ကြည့်ရတာလဲ အမောပါပဲ။ အခုအချိန်ထိမရိုးနိုင်သေးတဲ့ "ခင်ခင်ထား"၊ "ငြိမ်းမောင်" စတဲ့အမည်လေးတွေနဲ့ ရုပ်ရှင် "သင်္ကြန်မိုး" ကိုလွမ်းမိပါတယ်။ ညဆို ထမင်းစောစောစားထားပြီး သင်္ကြန်အကတွေကြည့်ပြီး ပြန်ပြီးကပြရတဲ့ အပျော်လေးတွေကို မမေ့နိုင်သေးပါဘူး။
ဒီလိုနဲ့ ကျမနဲ့တကွ အဒေါ်တွေ တောင့်တတဲ့ သင်္ကြန်မိုး အကြိုနေ့မတိုင်ခင်မှာ ရွာခဲ့ပါတယ်။ ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေ ဝါထိန်အောင်ပွင့်ခဲ့ပါတော့တယ်။ မြေသင်းနံ့ သင်းသင်းလေးတွေကို ရှုရှိုက်ရင်း အဒေါ်တွေနဲ့ ဦးလေးကြား လက်ညှိုးတထိုးထိုးနဲ့ ဂျီကျပန်းခူးခိုင်းတတ်တဲ့ ကျမ၊ အော်ခံရတော့လဲ အကြိမ်ကြိမ်ပေါ့။ ဘုရားလဲတင် အဖွားနဲ့ အဒေါ်တွေ ဦးခေါင်းထက်မှာ ပန်းခက်ကိုယ်စီနဲ့ လှလိုက်တာ။ ပန်းကြိုက်တဲ့ကျမ ပိတောက်ပန်းတို့ ရနဲ့ရှုရှိုက်ရင်း သဘောကျခဲ့မိပါတယ်။
ရှေးဆန်တဲ့ ဘွားဘွားက အိမ်ရှေ့ခြံဝင်းထဲမှာ သပြေခက်လေး ထားပေးထားတယ်။ အဒေါ်တွေကျောင်းက ဦးဦးတို့ ဖလားလေးကိုယူ သပြေခက်လေးနဲ့ တို့ထိပက်ဖြန်းရင်း ကျန်ရေကို တဖြည်းဖြည်းလောင်းရင်း အပြုံးလေးတွေဖလှယ်ခဲ့ကြတဲ့ မြင်ကွင်းလေးကို အားကျမိခဲ့ပါတယ်။ သြော်......သင်္ကြန်ဆိုတာ တန်ခူးလနွေရဲ့ အပူဒဏ်ကို အံတုရင်း၊ ရေပက်ကစားကြရင်း တဦးနဲ့တဦး ရင်းနှီးစေပါလား တွေးမိပါတယ်။
တူးပို့ တူးပို့၊ မြနန္ဒာ နဲ့ ညိုမြ သီချင်းသံတွေ၊ သံချပ်သံတွေ ကြားရတာနဲ့ "ဘွားဘွား ရေပက်လို့ ရပြီလားဟင်" လို့ မေးရတာလဲ အကြိမ်ကြိမ်ပေါ့။ ရေစိုစိုမှာ မုန့်လုံးရေပေါ်လေးတွေကို မညီမညာဝိုင်းလုံးပြီး ရပ်ကွက်အတွင်း လိုက်ဝေရတာကိုလဲ နှစ်သက်သဘောကျမိပါတယ်။ မနက်ပိုင်း တွေမှာ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးလို့ "သာဓုပါတော်" ဆိုတဲ့ ဆုတောင်းလေးတွေကို လွမ်းမိပါတယ်။
နှစ်ဆန်း (၁) ရက်နေ့ ရပ်ကွက်လမ်းမပေါ်မှာ အိမ်ကအတာအိုးလေးပို့၊ အန္တရာယ်ကင်း ပရိတ်ဖတ်ပြီး၊ ခြံထောင့်တွေမှာ အတာအိုးရေနဲ့ လိုက်လောင်းရတာလဲ နှစ်သက်စရာဓလေ့တခုလို့ ထင်ပါတယ်။ ရန်ကုန်မှာ အတက်နေ့ထိသာ ရေကစား၊ ရေပက်ကြပေမယ့် အထက်အညာ ပြည်ဘက်မှာ နှစ်ဆန်း (၂) ရက်နေ့အထိ ရေကစားတာ ကြုံခဲ့ရပါတယ်။
နှစ်သစ်ကူးမှာ သား၊ ငါး၊ လွှတ် ဘေးမဲ့ပေးကြပြီး လူကြီးသူမတွေကို လက်သည်း၊ ခြေသည်းညှပ်၊ ခေါင်းလျှော်ပေးရတဲ့ ကုသိုလ်ကို နိုင်ငံခြားရောက် မြန်မာတွေ တောင့်တကြလိမ့်မယ် လို့ ထင်မိပါတယ်။ ဒီလိုကုသိုလ်မျိုးနဲ့ ချစ်စရာကောင်းတဲ့ ရေပက်ဖြန်းတဲ့ ဓလေ့ဟာ ကျမတို့မြန်မာ နိုင်ငံမှာပဲ ရှိမယ်ထင်ပါတယ်။
တန်ခူးနွေပူပူ၊ ပိတောက်ပင်အောက် လေနုအေးလေး ခံစားရမယ့်အစား၊ ချမ်းစိမ့်စိမ့်ရာသီ ရဲ့ အေးစက်စက်မိုးရေအောက်မှာ ပန်းပိတောက်အစား ပန်းချယ်ရီတွေကိုပဲ အလွမ်းပြေကြည့်နေရ ပါတယ်။ တနေ့နေ့တချိန်ချိန်မှာ ပိတောက်ပင်ရိပ်အောက် ခိုလှုံရင်း၊ ကုသိုလ်ကောင်းမှုလေးတွေ ပြုလုပ်ရင်း တမ်းတမိခဲ့တဲ့အိမ်မက်လေးတွေနဲ့အတူ မြန်မာတို့ရဲ့ မြန်မာဓလေ့ နှစ်ကူးသင်္ကြန်ကို
ပြန်ရောက်မယ့်နေ့ကို မျှော်နေမိပါတော့တယ်။
နှစ်တွေ၊ ရာသီတွေ ပြောင်းပေမယ့် ပန်းပိတောက်ကိုတော့ လွမ်းနေဆဲပါ။
ဝင်းလဲ့မေ
(ခေတ္တ ဂျပန်)
နွေဦးကဗျာ......... တေးရေး ကိုမာင်မောင် (အဉ္ဇလီ)
No comments:
Post a Comment