Sunday, March 11, 2012

မင်္ဂလာလှည်း (page 1)



(၁)

အဲသည်နေ့က ကိုချစ်တိုး မနက်အစောကြီး နိုးနေတယ်။ ခါတိုင်း မနက်ရှစ်နာရီ မနိုးချင်တဲ့ ကိုချစ်တိုး။ ခြောက်နာရီထနိုင်အောင် ညဘက်က နာရီသံပတ် ပေးထားရတာပါ။ ကိုချစ်တိုး မိန်းမကတော့ ခုတလော ကိုချစ်တိုး လုပ်နေတာတွေကို မကြည်သာပါဘူး။ ကိုယ့်ကိစ္စ မဟုတ်။ ကိုယ့်အလုပ် မဟုတ်။ တစ်ဆင့်ခံ လူကြီး လုပ်ချင်တာကို မကြိုက်တာ။ ကိုချစ်တိုးနဲ့ ကိုကျော်သန်းက တစ်ရပ်ကွက်တည်းလည်းဖြစ်ပြန်၊ စီးပွားသောင်သာ သူချင်းလည်း ဖြစ်ပြန်ဆိုတော့ နှစ်အိမ့်တစ်အိမ် ခင်မင်ကြတာတော့ မှန်ပါရဲ့။ အခု မိန်းမ တောင်းမယ့် မောင်ကြိုင်နဲ့ ကိုချစ်တိုးနဲ့က ဘာမှမဆိုင်ဘူး။ မောင်ကြိုင်က သံရည်ကျိုစက်ပိုင်ရှင် ကိုကျော် သန်းရဲ့တပည့်။ တစ်ရွာက လာအလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပါ။ ကိုကျော်သန်းက သူ့တပည့် မိန်းမ တောင်းပေးရမယ့်ကိစ္စဆိုတော့ ကိုချစ်တိုး ကိုပါခေါ်လို့ လိုက်ပါ့မယ်ကတိပေးမိရာက ထလိုက်ဖို့ ဖြစ်ရ တာကိုး။ ဒါကို ကိုချစ်တိုး မိန်းမ မခိုင်ဝါ က မကြည်ဘူး။

"တော့မလဲ ကိုယ့်အရေးမဟုတ် ကိုယ့်အရာမဟုတ်။ ဆိုင်မှာ ပစ္စည်းတွေဝယ်ရမှာနဲ့၊ ဘုန်းကြီးကျောင်းကိစ္စ နဲ့ တော်မလိုက်လည်း ရတဲ့ဟာကို တော်က သူများရှေ့ ခြေတစ်လှမ်းရောက်နေတာ"
"ဟ… မိခိုင်ရ၊ သူ့ကိစ္စဆိုတော့ ကိုယ့်ကိစ္စပေါ့ဟ။ တောင်းတယ်၊ မြန်းတယ်ဆိုတဲ့ကိစ္စမှာ လူကြီးအရာထား တာ ဂုဏ်တော်ရှိသေးတာကော၊ ကိုကျော်သန်းခေါ်တာ မလိုက်လို့ ကောင်းရော့လား…"
"တော့်ကိုယ်က လှံဖျားပုစဉ်းနား အကြောင်းရှာနေတာ၊ တော်က ဘာပြောတတ်ဆိုတတ်လို့တုန်း"
"မင်္ဂလာခန်း မပြောတတ်တော့ ဒါနခန်းချရုံပေါ့ဟ…"
"ဘာမှမဆိုင်ဘူး… ဟင်း"

ကိုချစ်တိုးက စတိုးဆိုင်ကြီး ဟည်းနေအောင်ဖွင့်ထားတဲ့ ပိုင်ရှင်ပါ။ ပစ္စည်းဥစ္စာ ချမ်းသာသလောက် လူမှု ရေးစိတ်၊ ဘာသာဘုရားစိတ်ကလေး ရှိတော့ ထစ်ခနဲဆို သူက ဘဏ္ဍာရေးမှူးထ ဖြစ်နေကျ။ သည်ကိစ္စက တော့ ဘဏ္ဍာရေးမှူးမဟုတ်ပေသိ လူမှုရေးမဟုတ်လား။ လိုက်ပါ့မယ် ပြောလိုက်မိတယ်။ ပြောသာ ပြောရ တာ မိန်းမယူမယ်ဆိုတဲ့ ကိုကျော်သန်းတပည့်ဆိုတာကိုလည်း ကိုချစ်တိုးက ကောင်းကောင်းသိတာ မဟုတ်ဘူး။ ကိုကျော်သန်းမျက်နှာနဲ့ဆိုတော့ မောင်ကြိုင့်မသိလည်း ကိစ္စမရှိပါဘူးလေလို့ တွက်တယ်။ ပြီး တော့ မောင်ကြိုင်က တောသူတောင်သား၊ မန္တလေးကို လာလုပ်ကိုင်စားသောက်နေတာပေမယ့် ချစ်သူကို မိသား၊ ဖသားပီပီ ရှိတာလေးနဲ့ တောင်းမြန်းယူတာမျိုးဆိုတော့ တတ်နိုင်သူတွေက ၀ိုင်းကြ၊ ၀န်းကြခြင်း ဟာ ကုသိုလ်ရတယ်လို့လည်း ကိုချစ်တိုး ခံယူထားတာ ပါပါတယ်။

"နေပါဦး… မောင်ကြိုင် မိန်းမတောင်းသွားရမယ့် ရွာက ဘယ်မှာတုန်း"
"စစ်ကိုင်းအနောက်ထဲ ပြောတာပဲ၊ ဘာရွာဆိုလား"
"မိန်းကလေး မိဘများက ဘာလုပ်ကြတာတုန်း"
"ဘာလုပ်ဆိုလား…"
"မင်္ဂလာက ဘယ်တော့ဆောင်ကြမှာမို့လဲ"
"ဘယ်တော့ဆိုလား… သိပေါင်ကွာ"

မိန်းမမေးသမျှလည်း ကိုချစ်တိုးက အိုးဝင်ကော်ချက် ဖြေတတ်တာမဟုတ်ဘူး။ ဟိုနားဆိုလား… သည်နား ဆိုလားနဲ့ ပြီးရတာပါ။ သည်လိုဝေ့လေ မိန်းမက မကြည်သာလေ။ မကြည်သာမှနေရော သူလိုက်ပါမယ်ဆို မှတော့ စောစောထ ရေချိုး၊ ပေါင်ဒါတွေ ဖွေးနေအောင် လိမ်း၊ ရေမွှေးတွေ တဖျန်းဖျန်း ဆွတ်၊ လည်ကတုံး ဖြူကလေး သန့်သန့်ကို စွပ်ကျယ်တစ်ထည်ခံ ၀တ်ပြီး ပိုးပုဆိုးရေညှိစိမ်းတစ်ထည် ကောက်ဝတ်တယ်။ ကတ္တီပါစိမ်း မွှေးရှည်ဖိနပ်စီးပြီးတော့ ဆိုင်က ကလေးမလေးဖျော်ပေးတဲ့ ကော်ဖီလေးတစ်ခွက် ပူပူလောင် လောင်သောက်ပြီး အိမ်ရှေ့ကားထွက်မျှော်နေတော့တာပါ။ ခြောက်နာရီခွဲလောက်ကျတော့ ကားမလာ သေးဘဲ မောင်ကြိုင်ရောက်လာတယ်။ လူကြီးတွေ လိုက်နှိုးတာတဲ့။ သတို့သားလောင်းက အ၀တ်အစား မလဲရသေးဘူး။ ကြောင်းမြန်းမယ့်လူက ၀ီရိယကောင်းနေတော့ မယားလုပ်သူက အောင့်ပြန်ရော။ သည် တစ်ခါတော့ မောင်ကြိုင့်ကို မခိုင်ဝါကပဲ မေးတယ်။

"နေပါဦး… မင်းက ကိုကျော်သန်းတပည့် မောင်ကြိုင်လား…"
"ဟုတ်တယ် အစ်မ၊ လူကြီးတွေ အဆင်သင့်ဖြစ်အောင် လိုက်ပြောတာပါ"
"အလိုတော်… ကာယကံရှင် မယားတောင်းမယ့်လူက အဆင်သင့်မဖြစ်သေးဘူး။ တို့အိမ်က ဥပက က ကျီးမနိုးခင် ဆွမ်းထချက်နေတာပါကော၊ နေပါဦး မင်းတို့ရွာက ဘယ်မှာတုန်း…"
"သည်နားလေးပါ… စစ်ကိုင်းအနောက်ထဲတင်"

စစ်ကိုင်းဆိုတာ မန္တလေးနဲ့မဝေးတော့ ကိုချစ်တိုး စောစောပြန်ရောက်ဖို့ သေချာပြီလေ၊ သည့်ထက် ဆက်မ မေးတော့ပါဘူး။ သူတစ်ပါး မင်္ဂလာကိစ္စဆိုတော့ သည့်ထက်ပိုပြောလို့လည်း မကောင်းဘူးလေ။ ဒါပေမယ့် ကိုချစ်တိုးကိုတော့ မျက်စောင်းထိုးလိုက်တယ်။ မောင်ကြိုင်ပြန်သွားပြီး နာရီဝက်လောက်ကြာမှ ကိုကျော် သန်းရဲ့ကား ရောက်လာတယ်။

လိုက်ထရပ်ကား ပက်လက်ပေါ်မှာ လူကြီးတော်တော်များများလည်း ပါ လာကြတယ်။ သတို့သား မောင်ကြိုင်၊ မောင်ကြိုင့်ဆရာ ကိုကျော်သန်း၊ မောင်ကြိုင့် ဆွေမျိုးနီးစပ်တော်တဲ့ ဒေါ်ငွေ၊ ကိုကျော်ဝင်း၊ တရုတ်ကြီး ကိုဝိန်။ ကျန်တာက ကိုချစ်တိုးလိုပဲ ကိုကျော်သန်း ခေါ်လို့ပါလာတဲ့ ကျောင်းအုပ်ကြီးဟောင်း ဦးကျော်ဒွန်း၊ လူဝကြီး ဦးမှတ်တင်၊ လူတွေမနည်းဘူး။ မောင်ကြိုင်နဲ့ သူ့အဒေါ် ဒေါ်ငွေကို ကားခေါင်းထဲ ထိုးထည့် ထားတော့ ကိုချစ်တိုးကလည်း နောက်က ကားပက်လက်ခါးရှည်ကြီးပေါ် ထိုးတက်လိုက်ရတယ်။ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေချည်းဆိုတော့ ကိုချစ်တိုးက မယားကို လူရို သေရှင်ရိုသေ အလုပ်ဟ ဆိုတဲ့ မျက်နှာနဲ့ လှမ်းကြည့်ရင်းနှုတ်ဆက်တယ်။

"ကြွကြွ… ကိုချစ်တိုးရေ တော်မပါရင် ပွဲမစည်ဘူး… ကြွ"
မယားက ရွဲ့ပြောတာ သိသားပဲ၊ စပ်ဖြီးဖြီးကြီးနဲ့ လူတွေကြားထဲ တစ်နေရာ ရှာထိုင်တယ်။ လူဝကြီး ဦးမှတ် တင်ကချည်း လူသုံးယောက်စာနေရာယူထားတော့ ကိုကျော်သန်းနှယ် ဘယ့်နှယ်ကြောင့် ကိုမှတ်တင်ကြီး ကားပေါ်တင်လာရတာပါလိမ့်လို့လည်း တွေးမိသေးတယ်။ ကိုကျော်သန်းကတော့ သူ့တပည့်ဆိုတော့ သူ့ ကား သူကိုယ်တိုင်မောင်းတာကိုး။ ရှေ့ခန်းမှာ၊ သည်လိုနဲ့ စစ်ကိုင်းတံတားပေါ်ရောက်တော့ ရှစ်နာရီထိုးပြီ။ စကားတွေ တစ်ယောက်တစ်ပေါက် ပြောကြရင်းက သွားကြတာဆိုတော့ ပျော်စရာလည်းကောင်းပါရဲ့။

လူဝကြီး ဦးမှတ်တင်က သူ့အသံပြာအက်အက်နဲ့ "ရေဇလာနဒီ… ဧရာဝတီ… ဇေယျာပြည်… စစ်ကိုင်း တောင်… တစ်ခွင်လုံး ၀န်းပတ်ရံလည်… ပုထိုးဘုရားစေတီ… အကျိုးများစေသည်… ဘိုးဘွားအမွေ တည်…" ဆိုပြီး သီချင်းစလိုက်တော့ ကိုချစ်တိုးက လက်အုပ်များတောင်ချီလို့။ မြင်ရသမျှ စစ်ကိုင်းတောင် စေတီတွေကို အဝေးက လှမ်းကန်တော့တယ်။ ကားပေါ်မှာ ကွမ်းယာထုပ်ကြီးကလည်း ပြည်တောင်း လောက်ပါလာလေတော့ သူတစ်ယာ ကိုယ်တစ်ယာ စားရင်းနောက်ကြ ပြောင်ကြ။ မောင်ကြိုင်ကလည်း ကားမှန်ပေါက်ကနေ နောက်လှည့်လှည့်ကြည့်တယ်။ ပါးစပ်ကြီး ဖြဲထားလိုက်တာကလည်း နားရွက်ဖျား ချိတ်လို့။ ခမ်းခမ်းနားနား ရှိနေတာကိုး။

"မောင်ကြိုင် ပါးစပ်ထဲ ရှောက်သီးထည့်ရင်တောင် အာမထိ လျှာမထိလောက်ဘူး မောင်ချစ်တိုးရဲ့"
ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းက ပြောတော့ ကိုချစ်တိုးက ထောက်ခံတယ်။
"ဒီကောင် မိန်းမယူတာကို ပေါ့ပေါ့မှတ်တာကိုး ဆရာကြီးရဲ့၊ နောက်မှ ရှောက်သီးအလုံးလိုက် မျိုချသလို ဖြစ်မှာ"
"ဒါတင် ဘယ်ကမလဲ မောင်ရာ ရှောက်သီးဝမ်းက ဒလဟောသွားဦးမှာ သေချာပေါ့ကွာ"
တရုတ်ကြီး ဦးဝိန်က ၀င်တွယ်လိုက်တော့ ကားပေါ်မှာ တ၀ါးဝါးပေါ့။

(၂)

စစ်ကိုင်းမြို့ထဲရောက်တော့ ကားလေဖြည့်ဖို့ လေဆိုင်အရင်ရှာရတယ်။ လူကများတော့ ဘီးကပြားချင်ချင် ဖြစ်နေပြီ။ တစ်နေရာမှာ ကားလေထိုးတုန်း ကိုကျော်သန်းက သူ့တပည့်ကို မေးတယ်။ စစ်ကိုင်းကိုတော့ ရောက်ပြီ၊ သွားရမယ့်ရွာ ဘယ်လမ်းက ၀င်ရမလဲ မေးတာပါ။
"ဘယ်ကို ချိုးရမှာတုန်းကွ…"
"ငါးထပ်ကြီးဘုရား အနောက်ထဲထွက်လိုက်ရင် ရတယ်ပြောတာပဲ ဆရာ"
"ဘယ့်နှယ့် ပြောတာပဲတုန်းကွ၊ မင်း ကိုယ်ယူမယ့် မိန်းမရွာ ကိုယ် မသိဘူးလား"
"ကျွန်တော် မရောက်ဖူးဘူး။ ကျွန်တော့်ကောင်မလေး ပြောထားတာတော့ စစ်ကိုင်းအနောက်ထဲက လယ် ပြင်ကြီးတဲ့"
"ဟေလကွာ…"

ဆရာတပည့် ဖြစ်နေတာကို ကိုချစ်တိုးက ကြားတယ်။ နေပါဦး ဘယ်ရွာကမိန်းကလေးများ ရှာရှာပေါက် ပေါက်သွားကြိုက်ပါလိမ့်။ ဘယ်မှာတွေ့လို့ ဘယ်မှာကြိုက်ပြီး ဘယ်မှာတောင်းရမ်းဖို့ စီစဉ်တာပါလိမ့်လို့ လည်း စဉ်းစားတယ်။ သတို့သားက သတို့သမီးရွာကို ထိထိရောက်ရောက် မပြောနိုင်ဘူးဆိုတာကိုက ထူး ဆန်းနေတာ မဟုတ်လား။
"လယ်ပြင်ကြီးက ဘာတုန်း၊ ရွာနာမည်လား လယ်တွေလား"
"ရွာနာမည်"
"မင်းဟာက ဟုတ်ကောဟုတ်ကဲ့လားကွာ"
လေထိုးဆိုင်က လူငယ်တွေကို ကိုချစ်တိုး မေးကြည့်တော့လည်း မသိကြဘူး။ စစ်ကိုင်းအနောက်ဘက် ရွာ တွေက ရာနဲ့ချီရှိကြတာ အာစရိရဲ့၊ ရှိချင်လည်း ရှိမှာပေါ့တဲ့။ မနီးမဝေးမှာ ဆန်ရွေးနေတဲ့မိန်းမက နားစွန် နားဖျားကြားလို့ ထင်ပါရဲ့၊ လယ်ပြင်ကြီးက ဟိုးအတွင်းထဲမှာတဲ့။ ရွာရှိကြောင်းပြောတော့ ကိုချစ်တိုး ၀မ်း သာသွားတယ်။ သေချာအောင်မေးတော့ ငါးထပ်ကြီးဘုရား အနောက်က ထွက်ရင် တွေ့လိမ့်မယ်ဆိုတော့ မောင်ကြိုင်ပြောတာနဲ့ ကိုက်နေပြီကိုး။ သည်လိုနဲ့ ကားထွက်လာကြရော။ ထွက်လာလို့ လမ်းစလည်းတွေ့ ရော လမ်းက အခြေအနေမကောင်းဘူး။

ဒါပေမယ့် ကားမောင်းလို့ဖြစ်သေးတော့ ညှစ်လိုက်၊ ရုန်းလိုက်နဲ့ နှစ်ရွာသုံးရွာ ကျော်လာခဲ့ပြီ။ နှစ်ရွာ သုံးရွာကျော် လို့ ရှေ့လှမ်းမျှော်လိုက်တော့ ရွာရယ်လို့ မမြင်ရတော့ဘူး။ မိုးကုပ်စက်ဝိုင်းအထိ မြင်ရတဲ့ လွင်ပြင်ကြီးပဲ တွေ့ရတယ်။ လမ်းအူကြောင်းတော့ မပျောက်ဘူး။ သည်လမ်း အတိုင်း ဆက်သွားလိုက်ရင် ရောက်မယ့်သဘောတော့ ရှိပုံရတယ်။ ဒါနဲ့ ရွာထဲကထွက်လာတဲ့ ဈေးသည် မိန်းမကို မေးရပြန်တယ်။ ဈေးသည်မ က ခံတောင်းကြီးရွက်လို့။ သူကလည်း သူ့ဇောနဲ့သူဆိုတော့ တိုတိုပဲ ဖြေတယ်။
"လယ်ပြင်ကြီးရောက်ပေါ့တော်… ထိုထိုကြီးပေါက်ပါလိမ့်မယ်"

ရွာရှိတယ်။ လမ်းရှိတယ်။ ထိုထိုကြီးလည်း ပေါက်ပါလိမ့်မယ် ဆိုမှတော့ မှားစရာမရှိတော့ဘူးဆိုပြီး ကိုကျော်သန်းက တဂီးဂီးမောင်းလာရော။ လမ်းက စထွက်လာကတည်းက ကတ္တရာရယ်လို့ တစ်စလောင်း စာတောင် မရှိပါဘူး။ ပုစွန်ကျင်းလို အပွေးတက်နေတဲ့ မြေဖို့လမ်းမှာ မြေပျော့တဲ့နေရာတွေမှာ ဟက်တက် ကွဲ ဇောင်းကြီးတွေများ ထလို့။ တော်ရုံလှည်းတောင် သွားမဖြစ်လောက်ပေမယ့် ကိုကျော်သန်းက ကားအ နာခံပြီး ဟိုဘက်ခွ သည်ဘက်ခွ၊ တစ်ပေရွေ့ နှစ်ပေရွေ့ရုံမောင်းလာခဲ့တယ်။ ကားကလေးဆိုတာက လည်း စောင်ပုခက်များ တုပ်နေသလိုပဲ။ ဟိုဘက် သည်ဘက် ယိမ်းတိုး ဂျိဂျိဂျိဂျိနဲ့ မြည်သေးတာ။ ကားထဲ က လူတွေခမျာ ဆန်ကောထဲ ဆီးဖြူသီးထည့်လှိမ့်သလိုပေါ့။

ကျောင်းအုပ်ဆရာကြီးဟောင်း ကိုလူဝကြီး က တက်ကြိတ်မိတော့ အော်လိုက်တာ။ ကိုချစ်တိုးခမျာလည်း ကားနားပန်းကို လက်နဲ့ ပြင်းပြင်းဆုပ်ကိုင် ထားရာက မြောက်လေတိုက်တော့ မြောက်ဘက်ယိမ်း၊ တောင်လေတိုက်တော့ တောင်ဘက်ယိမ်းတဲ့ ပဲ့ ပြားပင်လို ဖြစ်နေတော့တာပါ။ တစ်နေရာရောက်တော့ ရှေ့မှာ ဗွက်ကျင်းကြီး။ ကြီးလိုက်တဲ့ ဗွက်ကျင်းက လည်း ဆင်ကြီးတစ်ကောင် အိပ်နေရင်တောင် ပျောက် လောက်တယ်။ ကားဆရာ ကိုကျော်သန်းက ဗွက် ကျင်းကြီးကို ဗဟိုထားပြီး ဟိုဘက် လွတ်လို လွတ်ငြား၊ သည်ဘက် လွတ်လိုလွတ်ငြား အကဲခတ်တယ်။ ဘယ်လိုမှ အကဲခတ်မရတော့ ကားထိုးရပ်ပြီး ဆင်းပါလေရော။

"ဘာဖြစ်လို့တုန်း ကိုကျော်သန်း"
ကိုချစ်တိုးက လူပိန်ပိန်းပါးပါးဆိုတော့ ကားပေါ်က ဖတ်ခနဲခုန်ချပြီး ရှေ့လမ်းကို အကဲခတ်ရင်း မေးလိုက် တာပါ။ ဖြေစရာတောင် မလိုပါဘူး။ ကိုချစ်တိုး မြင်သားပဲ။ သည်ဗွက်ကျင်းကြီးကို ကျော်ဖို့ဆိုတာ မလွယ် လောက်ဘူးဆိုတာလည်းသိပါရဲ့၊ မကျော်လို့ကလည်း မဖြစ်ဘူး။ နေကလည်း ပူချင်ပြီ။ နှစ်ရွာသုံးရွာကျော် လို့ ခရီးလည်းပေါက်နေပြီ။ ပြီးတော့ ဒါက မင်္ဂလာကိစ္စ။ တစ်ဖက်မိဘကို မိသားဖသားပီပီ လူကြီးစုံရာနဲ့ တောင်းရ၊ မြန်းရမယ့်ကိစ္စ။ အချိန်နဲ့ရောက်မှ ဖြစ်မှာကိုး။
"မောင်ကြိုင် မင်းမင်္ဂလာဆောင်တော့ နှလုံးလမ်းကြောင်းမှာ ဗွက်ကျင်းခံနေပါပကော"
စိုင်းထီးဆိုင်သီချင်းကြိုက်တဲ့ ကိုချစ်တိုးက နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုတဲ့ သီချင်းကို ဖျက် ပြောလိုက်တာပါ။ မောင်ကြိုက်ကလည်း သူ့မင်္ဂလာဆောင်ကိစ္စမှာ ဗွက်ကျင်းကို ထည့်စဉ်းစားထားပုံ မရ တာထား။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ ဗွက်ကျင်းထိပ် ဆောင့်ကြောင့်သွားထိုင်တယ်။ တစ်ဦး တည်းပါလာတဲ့ မောင်ကြိုင့်ဆွေမျိုးဆိုတဲ့ မိန်းမကြီးက ယောက်ျားကြီးတွေပါလာတဲ့ကြားက မအောင့်နိုင် လေတော့ ခပ်လှမ်းလှမ်းသွားပြီး ဆီးထိုင်တယ်။

"မောင်ကြိုင်ရာ မင်းအဒေါ်လား၊ တော်ပါသေးရဲ့ကွာ ဗွက်ကျင်းခံနေလို့ သူ့ခမျာ သေးပေါက်ရတယ်"
ကိုချစ်တိုးက ဖြစ်ရလေခြင်းဆိုတဲ့ပုံစံနဲ့ မောင်ကြိုင်ကို ငေါက်နေပေမယ့် ကားပေါ်ပါလာကြတဲ့ ယောက်ျား သားတွေကလည်း ကားရပ်တုန်း တော်ရာမှာ တပိုတပါးသွားကြတာပါပဲ။ ကိုကျော်သန်းက ဘေးကပန်း မောင်းရင် ကျယ်လောက်မယ့်ဘက်ကို မျက်မှန်းနဲ့ ရွေးတယ်။ ရွေးပေမယ့် ဘယ်ကပန်းပန်း ကားတစ်စီးစာ မလွတ်ချင်ဘူး။ သည်တော့ ဘီးတစ်ဘက်စာလောက် လမ်းဘေးက မြေစိုင်ခဲတွေကို ယူဖို့ရင် ရလောက် တယ်လို့ တွက်တယ်။ သူ့စိတ်ကူးကိုလည်း ပြောပြတယ်။

"၀ိုက်တက်သွားရုံဆိုရင် ဘေးက မြေစိုင်ခဲကြီးတွေ တစ်ဘီးရာစာလောက် ဖို့လိုက်ရင် ရမယ်ထင်တာပဲ။ လူတော့ မတက်ကြနဲ့ဦးပေါ့။ ကားအခွံချည်းဆိုရင် မြေမနိမ့်လောက်ပါဘူး"
သည်နည်းပဲရှိတော့ ၀တ်ကောင်းစားလှတွေနဲ့ လူကြီးတွေခမျာ တစ်ပွေ့စာမြေစိုင်ခဲကြီးတွေ လမ်းပခုံး ဘေးမှာ တစ်တုံးချင်း ကပ်ဖို့ကြရတော့တာပါ။ နေကပူပူ၊ တိုက်ပုံအင်္ကျီကြီးတွေနဲ့၊ ပိုးပုဆိုးတွေနဲ့ပေမယ့် တစ်ယောက် မြေစိုင်ခဲနှစ်ခဲလောက်ဖို့ရင် ပြီးမယ်ထင်တာ၊ အခေါက်ပေါင်းများစွာ သယ်ဖို့ကြရတာဆိုတော့ ချွေးတွေသံတွေပါ ထွက်လာကြရော။ လက်ပန်းတွေလည်းကျကုန်ကြပြီ။ ရလောက်ပြီဆိုတော့ ကိုကျော် သန်းက ကားကိုဝိုက်ပြီး အရှိန်နဲ့မောင်းထွက်လိုက်တယ်။ မြေကြီးခဲတွေက မ တုန်းကတော့ စေးပြီး မာနေ တာ၊ ကားအလေးချိန်နဲ့ကျတော့ အိခနဲ ညွတ်ကျပါလေရော။ ကားကြီးကစောင်းစောင်းကြီး ရပ်သွားတော့ ကားဘေးပြေးကြပြီး စောင်းတဲ့ဘက်က ပြိုင်တူတောင့်ထားကြရတယ်။ တောင့်ထားတုန်း ၀ူးခနဲမောင်း လိုက်တော့ ကားလည်း ဗွက်ကျင်းက ဖက်ရင်း ယမ်းရင်း လွတ်သွားရော။

"ဝေး…"
ချွေးတွေသံတွေကြားက ၀မ်းသားအားရ အော်လိုက်ကြစမ်းဆိုတာများ။ ဗွက်ကျင်းကိုကျော်ပြီဆိုတော့ ဘာ ပဲဖြစ်ဖြစ် ရှေ့ဆက်သွားနိုင်ပြီပေါ့လေ။ ဗွက်ကျင်းကျော်တာတော့ ဟုတ်ပါရဲ့၊ မောင်ကြိုင့်ယောက္ခမရွာက ဘယ်လောက်ဝေးသေးသလဲဆိုတာ ဘယ်သူမှမသိဘူး။ နောက်ထပ် ဗွက်ကျင်း ဘယ်နှကျင်းကျန်သေးသ လဲဆိုတာ ဘယ်သူမှမသိဘူး။ အားလုံး ကားပေါ်ရောက်ကြတော့ တစ်ယောက်တစ်ယောက် စကားဟဟ မပြောနိုင်ဘူး။ လူဝကြီး ဦးမှတ်တင်ဆိုတာ ဒေါက်ဖိုက လေဆွဲဖားဖိုကြီးကျလို့။
"ချီး… ငါ မိန်းမယူတုန်းက သည်လောက် မပင်ပန်းခဲ့ပေါင်ကွာ၊ လက်တင်ယူခဲ့တာပါ။ ကျော်သန်းတပည့် ကျမှ လူကို "လောက်တိုက်"စော် နံကရော"

သည်လိုပြောလို့လည်း ဘယ်သူမှ မရယ်နိုင်ကြသေးဘူး။ လူဝကြီးပြောလည်း ပြောစရာ။ ကိုယ့်အိမ်မှာ ဘယ်သူမှ လက်ကြောတင်းကြသူတွေ မဟုတ်ဘူး။ စက်ဘီးတောင် လေထိုးစီးကြတာမဟုတ်ဘူးဆိုတဲ့ လူတွေကိုး။ ရပ်ကွက်ထဲ လူကြီးရယ်လို့ အိမ်ဦးခန်းထိုင်နေကျလူတွေဆိုတော့ သည်တစ်ချီ တော်တော်ထိ လိုက်တာက သူတို့မှာ အမောကိုမပြေနိုင်သလို ဖြစ်နေကြတယ်။ ကိုချစ်တိုးကတော့ မယားအာခံပြီး ထွက် လာရသူဆိုတော့ ဖြစ်သမျှအကြောင်း အကောင်းသဘောထားလိုက်တယ်။ တိုက်ပုံဖြူဖြူကတော့ ရွှံ့စေး တွေ ပေတဲ့နေရာကပေ၊ ပွတဲ့နေရာကပွ၊ ပေနေတဲ့ လက်တွေကို ဗွက်ကျင်းထဲက ရေနဲ့ ပက်ဆေးခဲ့တာ တော့ ရှိပါရဲ့။ ရွှံ့ရေတွေဆိုတော့ လက်မှာအစေးတွေ ပေါက်လို့၊ ကိုချစ်တိုးက သူ့စိတ်ထဲမှတ်မိလိုက်တာ တစ်ခု ပေါ်လာလို့ ကားဂုတ်ပေါက်က လှမ်းမေးတယ်။
"မောင်ကြိုင်… ဟေ့ မောင်ကြိုင်"

"ဗျာ…"
"မင်း ချိန်းထားတာ ဘယ်အချိန်တုန်း၊ ဆယ်နာရီဆိုလားလို့"
"ဟုတ်တယ်"
"ခုပဲ ကိုးနာရီခွဲတော့မယ်။ မင်းရွာက တံခွန်တိုင်ထိပ်က ဟင်္သာရုပ်တောင် မမြင်ရသေးပါလား"
"ရောက်ကာနီးပြီနဲ့ တူပါတယ်… လေးချစ်တိုးရ"
ကားက ထင်တိုင်းသွားမရတော့ ညွှတ်ပဲ့ညွှတ်ပဲ့ ရွေ့နေတာပါ။ သည်လိုနဲ့မောင်းလာရာက ကြွက်တူးတဲ့ လူတွေလို့ ထင်ရတဲ့ လူနှစ်ယောက်ကို မျက်နှာချင်းဆိုင်က လျှောက်လာတာတွေ့ကြရော။ လူနှစ် ယောက်က ပေါက်ပြားတစ်ယောက်တစ်လက် ပခုံးပေါ်ထမ်းလာကြတယ်။ သည်လောက်ဆိုးတဲ့ လမ်းများ ကားမောင်းလာရလောက်အောင် မိုက်လုံးကြီးတဲ့လူတွေပါလားဆိုတဲ့ မျက်နှာနဲ့ ကားကိုလှမ်းကြည့်ကြ တယ်။ ကိုချစ်တိုးက လမ်းဘေးက လူနှစ်ယောက်နဲ့ နီးလာတော့ လှမ်းမေးတယ်။ မေးသံကြားတော့ ကို ကျော်သန်းက ကားကိုရပ်လိုက်ရော။ အေးအေးဆေးဆေး မေးရအောင်လို့လေ။

"ဗျို့ ဆရာတို့ လယ်ပြင်ကြီးရွာဆိုတာ လှမ်းသေးသလားလို့"
"ဘာရွာရယ်ဗျ"
"လယ်ပြင်ကြီး…"
ပေါက်ပြားဆရာတွေက သူတို့အချင်းချင်း တစ်ယောက်တစ်ယောက် ပြန်ကြည့်ကြတယ်။ သည်နားရွာတွေ မှာ လယ်ပြင်ကြီးရွာရှိလို့လားဆိုတဲ့ မျက်နှာနဲ့ အူတူတူ လုပ်နေကြတာပေါ့လေ။ ခဏနေတော့ မျက်နှာမှာ ဘုတွေနဲ့ ရွာသားက သူ သတိရတာနဲ့ တိုက်မေးတယ်။
"ဘယ်ရွာအုပ်စုတုန်း"
"အုပ်စုတော့ မသိဘူးဗျ… လယ်ပြင်ကြီးပြောတာပဲ"
"အော်… ညောင်မုတ်ဆိတ်ဟိုဘက်က ရွာထိပ်မှာ ပေပင်ကြီးရှိတဲ့ရွာ ပြောသာထင်တယ်"

သည်စကားကြားတော့ ကားခေါင်းထဲက သတို့သားမောင်ကြိုက်က အားရ၀မ်းသာဖြစ်သွားတယ်။ ရွာထိပ် မှာ ပေပင်ရှိတယ်လို့ ကြားဖူးထားတာကိုး။
"ဟုတ်တယ်… ကျွန်တော်တို့ လူငယ်ချင်း ချိန်းတွေ့ကြတုန်းက အေးသီ ပြောဖူးတယ်။ သူတို့ရွာထိပ်မှာ ပေပင်ကြီး ရှိတယ်တဲ့…"
"အောင်မာကွာ၊ ပေပင်ကြီးရှိတယ်ဆို ပြီးလျက်နဲ့ ချိန်းတွေ့တုန်းကဆိုတာများ ထည့်ပြောရသေးတယ်။ ခွေးမသား သေချာအောင် လုပ်မထားဘဲနဲ့… လူကြီးတွေခေါ်လာပြီး ဒုက္ခပေးတဲ့ကောင်"
သူ့ဆရာ ကိုကျော်သန်းက ငေါက်တော့ သတို့သား မောင်ကြိုင်လည်း ရိတ်လိုက်တဲ့စပါးပင်လို ငိုက်ခနဲ ကျ သွားရော။ ပေါက်ပြားဆရာ နှစ်ယောက်က မှားလို့လည်း အပြစ်မရှိတဲ့ကိစ္စဆိုတော့ "တော်တော်လှမ်းသေး သဗျာ"လောက်ပြောပြီး ထွက်သွားတယ်။ ကိုချစ်တိုးက ကားရောက်နေတဲ့ နေရာက ဘေးဘီဝဲယာကို ကြည့်တော့ ပဲခင်းတွေလို၊ ပလပ်မြေတွေလို ကွင်းကျယ်ကြီးရှိနေတာတွေ့ရတော့။ သူ့မြင်ကွင်းထဲမှာ သူ တို့ကားလေးတစ်စီးပဲ ထီးထီးကြီးရှိနေတာတွေ့ရတော့ ကိုချစ်တိုး အားငယ်သွားတယ်။

ကျန်တဲ့လူတွေက လည်း ဆေးပေါ့လိပ်ကြီးတွေ ငေါ့သောက်ရုံကလွဲရင် သဗ္ဗေသတ္တာ ကမ္မသကာဆိုတဲ့ မျက်နှာတွေနဲ့ပေါ့။ မောင်ကြိုင်နဲ့ ဆွေလေးမျိုးလေးတော်တယ်ဆိုတဲ့ ဒေါ်ငွေခမျာလည်း သတို့သား ရဲ့တစ်ဦးတည်းသော အမျိုးဆိုတော့ အချိန်နဲ့မရောက်ရင် အပြောခံရချည်ရဲ့ ဆိုပြီး ပူပန်နေပုံရရဲ့။ မောင်ကြိုင် ကတော့ သူ့ဆရာ ငေါက်ကတည်းက ငြိမ်နေရပေမယ့် ချစ်သူ့ရွာရောက်ချင်လှပြီ။ မြန်မြန် တောင်းရမ်းပြီး တစ်ဖက်မိဘများ သဘောတူရင် တစ်ခါတည်းတောင် ခေါ်လာချင်ပြီကိုး။ မောင်ကြိုင့်မျက်စိထဲမှာ သူ့ကိုမျှော်နေရှာမယ့် တစ် ရွာသူ မိန်းမချော အေးသီကလေးကိုပဲ တ၀ဲဝဲမြင် နေလေရဲ့။ အဒေါ်လုပ်သူကတော့ လိုက်လာတဲ့လူကြီး တွေကို မျက်နှာပူရှာ ထင်ပါရဲ့။ မောင်ကြိုင့်ကို ငေါက်တယ်။
"ငကြိုင်ရယ် နင်ကိုယ်က မဟုတ်တာ၊ ကိုယ်ယူမယ့် မိန်းမ ဘယ်နားမှန်းမသိဘဲ လူကြီးတွေများ ဖိတ်လာ ရသေး တယ်။ အားများနာစရာ"

လမ်းတစ်နေရာရောက်တော့ လှည်းတစ်စီးစီးပေါ်က ကျကျန်ခဲ့ပုံရတဲ့ သစ်ကိုင်းကြီး ကန့်လန့်ခံနေတော့ ကိုကျော်သန်းက ကားရပ်လိုက်တယ်။ မောင်ကြိုင်က ကားခေါင်းထဲက မစီးချင်တော့ဘူး။ ထွက်လာက တည်းက လူကြီးတွေကျူးပြီး ရှေ့ကမစီးချင်ပါဘူး။ အားလုံးက မင်းက သတို့သားပါကွာ ရှေ့ကသာစီးပါ ခွင့်ပြုလို့သာ စီးခဲ့ရတာကိုး။ စစ်ကိုင်းအနောက်ထွက်လိုက်ရင် ရောက်ပြီဆိုတော့ မိန်းကလေးရွာအ၀င် တင့်တယ်အောင် မောင်ကြိုင့်ကို ထိပ်တင်လိုက်ကြတာလည်း ပါပါတယ်။ ပြီးတော့ မိန်းမသားတစ်ယောက် တည်းပါတော့ အတူတွဲမထိုင်ချင်ကြတာလည်း ပါမှာပေါ့။ အခုက ရွာမတွေ့နိုင်တော့ ဆရာ့ကြောက်တာနဲ့ နောက်ပြန်ပြေးချင်ပြီ။ လူလည်း ချွေးတွေ၊ သံတွေ ရွှဲနေပြီ။ ကြောက်ချွေးရော၊ အားနာချွေးရော၊ အပူချွေး ရော ရောပြီး ချွေးပေါင်းစုံ ကျောက စီးကျနေလိုက်ပုံများ ရေတံလျှောက်ကရေများ ကျနေသလိုပဲ။

မောင်ကြိုင် သစ်ကိုင်းဖယ်နေတုန်း လူတစ်ယောက် လျှောက်လာတာတွေ့ပြန်ရော။ ကားရပ်ထားတုန်းဆို တော့ အဲသည်လူက ကားကို ကျော်လာတယ်။ ကိုချစ်တိုးက တွေ့တဲ့လူမေးနိုင်မှ တန်ကာကျမှာဆိုတော့ မေးပြန်ရော။ လူက လွယ်အိတ်ကြီးထဲ သံဘူးခွံတွေထည့်ထားလိုက်တာ ဖောင်းကားလို့။ သူ့စိတ်ကူးနဲ့ သူ ဆိုတော့ ကားတစ်စီးလုံးတောင် မြင်ပုံမရဘူး။
"ဗျို့ဆရာ ဘယ်တုန်း"
"စစ်ကိုင်းကိုပါဗျာ"
"ဟာ ခင်ဗျားဟာ အဝေးကြီးသွားရဦးမှာပါလား။ ဘယ်ရွာက လာတာတုန်း"
"ပဲဖြူကုန်း၊ ဝေးပေမယ့် ကျုပ်တို့တော့ သည်လိုသွားရတာပါပဲ။ သည်လမ်းက စက်ဘီးတောင် စီးမဖြစ် ဘူး။ လှည်းကြုံကလည်း ရှားသယ်"
"ဘာသွားလုပ်မှာတုန်း"

"ဂက်စ်သွားဖြည့်မှာ။ ဂက်စ်ဘူးတွေ စစ်ကိုင်းသွားဖြည့်ရတာဗျ။ ဆယ်ဘူးလောက်ဖြည့်ထားရင် သည်နား ရွာတွေမှာ တစ်ပတ်လောက် လည်ထည့်ရတယ်။ ခုက ဂက်စ်ကုန်နေလို့"
"နေဦး ခင်ဗျား ဂက်စ်ဖြည့်တာ ဘယ်လောက်ရတုန်း တစ်နေ့ကို"
"အမှန်မရှိဘူးပေါ့ဗျာ။ ငါးရာလည်း ရသယ်၊ တစ်ထောင်လည်း ရသယ်။ တစ်ခါတစ်လေ ကံထိုက်ရင် နှစ် ထောင်လည်း ရသယ်"
"ကိုင်း… သည်လိုလုပ်၊ ခင်ဗျားကို သုံးထောင်ပေးမဗျား"
"ခင်ဗျားတို့မှာ မီးခြစ်ဘယ်နှလုံးတောင် ပါလို့တုန်း၊ များလှချည်လား"
"သြော်… သည်လို၊ ငွေသုံးထောင်ဆိုတာ ကျုပ်တို့ကို လယ်ပြင်ကြီးရွာကို လမ်းပြပေးရုံပဲ။ လယ်ပြင်ကြီး ရောက်ရင် ပြန်တော့၊ ကျုပ်တို့က နေ့တွက်ပေးတဲ့ သဘောထားလိုက်"
သုံးထောင်ပေးမယ်ဆိုတော့ ဂက်စ်ဆရာကစဉ်းစားပြီ။ စစ်ကိုင်းမြို့ကို ဂက်စ်သွားထည့်တာက ဘယ်အချိန် သွားသွားရတယ်။ တစ်နေ့တည်း ငွေသုံးထောင်ရဖို့ဆိုတာ အခန့်သင့်တာပဲလို့ တွက်ပုံရတယ်နဲ့တူပါရဲ့။ ကားနဲ့လိုက်ဖို့ သဘောတူတယ်။ ဒါပေမယ့် ဂက်စ်ဆရာက ကိုချစ်တိုးပြောတဲ့ ရွာကို ၀ါးတားတားဖြစ်နေ တယ်။

"နေဦး ဘာရွာ၊ ကိုင်းတောကြီး"
"လယ်ပြင်ကြီး"
"ကျုပ်တော့ ကြားဖူးသယ်မှတ်သာပဲ။ သည်လို၊ ကျုပ်ကလည်း သည်ဘက်ထဲက ပဲဖြူကုန်းက မိန်းမနဲ့ရလို့ မယားရွာလိုက်နေသာ မကြာသေးဘူး။ ခင်ဗျားတို့ ပြောသဲ့ရွာ ကြားဖူးသလိုလိုရှိသယ်။ ပါးစပ်ပါ ရွာရောက် ရမှာပေါ့ဗျာ လွဲမှတ်လို့"
ကိုချစ်တိုးက ဂက်စ်ဆရာတော့ ငွေသုံးထောင်ဆိုတာနဲ့ ထလိုက်မယ့်လူဆိုတာ သဘောပေါက်သွားတယ်။ လမ်းပြခေါ်ပါတယ်ဆိုမှ ၀ါးတားတားဖြစ်နေမှတော့ ဘာသွားအသုံးတည့်မှာတုန်းပေါ့လေ။ ဆရာကြီး ဦး ကျော်ဒွန်းက ဒါကို ရိပ်မိတော့ ဂက်စ်ဆရာကို သေချာအောင် မေးတယ်။

"နေပါဦး၊ မင်းက လယ်ပြင်ကြီးမသိဘဲနဲ့ ဘယ့်နှယ့် လိုက်ပြရမှာတုန်း မောင်ရ၊ ရွာမှမသိဘဲနဲ့ ဖြစ်မထင် ပေါင်ကွာ"
ဂက်စ်ဆရာက ငွေသုံးထောင် အလွတ်မခံချင်ဘူးနဲ့တူပါတယ်။ ပြာပြာသလဲ ပြောတယ်။
"သည်လိုပါ။ ရှေ့နားကျရင် လမ်းသုံးဆိုင်ကိုရောက်မှာ၊ တစ်မွှာက တောင်ဘက်သွားသာ၊ တစ်မွှာက မြောက်ဘက်သွားသာ၊ တစ်မွှာက အနောက်အယောင်ပြပြီး အနောက်မြောက်ဘက်ထွက်တာ"
"အဲသည်တော့"
"ကျုပ်တို့ရွာက မြောက်ဘက်သွားသဲ့လမ်း၊ မြောက်ဘက်တစ်ကြောတော့ ခင်ဗျားတို့ ပြောသဲ့ရွာမရှိဘူး။ အဲသာ ကျုပ် ဂက်စ်လိုက်ထည့်သဲ့ ရွာတွေ။ တောင်တစ်လမ်းလိုက်ရုံပေါ့ဗျ။ ရွာပါဆိုမှ လိုက်ရင်မိပြီပေါ့"

ဟုတ်သားပဲ။ မြောက်ဘက်တစ်ကြောလုံးမှာမရှိရင် တောင်ဘက်တစ်ကြောလုံးမှာ ရှိရမယ်။ တောင်လမ်း အတိုင်းလိုက်ရင် လယ်ပြင်ကြီးရှိရမယ်။ ကိုချစ်တိုးက အဲသလိုတွေးမိတော့ ဂက်စ်ဆရာ ကားပေါ်တက် တော့လို့ ပြောလိုက်ရော။ ဂက်စ်ဆရာက လမ်းပြဆိုတော့ ရှေ့ခေါင်းခန်းကစီးရမှာကိုး။ သတို့သား မောင် ကြိုင်က နောက်ကိုပြောင်းစီးရရော။ မောင်ကြိုင်လည်း ခုမှ အနေချောင်ရတော့တယ်ဆိုတဲ့မျက်နှာနဲ့ ပြုံးနိုင် ရယ်နိုင်ရှိလာတယ်။ ဒါကလည်း မောင်ကြိုင့်အထင်ပါ။ ဆရာလုပ်တဲ့ ကိုကျော်သန်းကသာ ဆူဆူငေါက် ငေါက်နဲ့ ပြီးပြီးရော သဘေားထားပေမယ့် နောက်မှာပါလာတဲ့ ကိုချစ်တိုးက ကားပေါ်ရောက်လာတာနဲ့ မျက်နှာသာ မပေးတော့ဘူးကိုး။ သတို့သားဆိုတဲ့ကောင်ကလည်း မျက်နှာပိုးက မသေချင်ဘူး။ မျောက် ချောက်နေတဲ့အတိုင်းဆိုတော့ ကိုချစ်တိုးက နေရာကျယ်ကျယ် ဖယ်မပေးဘူး။ တော်ရာကြည့်ထိုင်ဆိုတဲ့ သဘောနဲ့ ပေါင်ကားထိုင်တော့ မောင်ကြိုက်ကလည်း ထိုင်မယ်လုပ်ပြီးမှ ထိုင်မဖြစ်တော့ လူဝကြီး ဦးမှတ် တင်ရဲ့ဒူးခေါင်းထိပ်က ကွက်လပ်ထဲ ရုတ်ဆိုထိုင်ချလိုက်ရော။ ဒါပေမယ့် ကားက ဆောင့်ထွက်လိုက်တော့ လူဝကြီးပေါင်ပေါ် ၀ုန်းဆိုကျတော့တာပေါ့။

"ငါ… ကွာ နာလိုက်တာဟ၊ အောင်မလေး သတို့သား ကျေးဇူးရှင်ရဲ့။ ပုဆိုးထဲထုပ်ထားတဲ့ ဥသျှစ်သီးတွေ ကွဲကုန်ပါရောလားဟ"
ပုဆိုးထဲထည့်လာတဲ့ ဥသျှစ်သီးဆိုတာကို မောင်ကြိုင်က တကယ့် ဥသျှစ်သီးထင်သွားပုံရတယ်။ အသာ လျှောဆင်း ထိုင်ရင်းက ပြန်မေးတယ်။ ဘယ့်နှယ့်မင်္ဂလာဆောင် ကြောင်းမြန်းတဲ့ပွဲ ဥသျှစ်သီးထည့်ယူလာ ရသလဲဆိုတဲ့ မျက်နှာနဲ့ပါ။
"ဥသျှစ်သီးများ အလေးခံလို့ လေးလေးရာ၊ ကျွန်တော့်ရွာရောက်ရင် ခူးခဲ့စမ်းပါ့မယ်"
"မင်းက ဘယ်ရွာကတုန်း"
"သပြေကန်က၊ ဥသျှစ်သီးများ ပေါချက်တော့"

အားလုံးက အူရန်ကောကွာဆိုတဲ့ သဘောနဲ့ ရယ်ကြပေမယ့် ကိုချစ်တိုးက မရယ်ဘူး။ လူကြီးတွေခေါ်လာ ပြီး ပေါ့တီးပေါ့ဆနိုင်ရပါ့မလားရယ်လို့ ငေါက်စရာအကွက်ချောင်းနေတာ မဟုတ်လား။ အခုလည်း ကြည့် လေ၊ ကံကောင်းလို့ ဂက်စ်ဆရာနဲ့ တွေ့လို့သာပေါ့။ နို့မို့ ဒုက္ခရောက်ရပါလား။ ကိုချစ်တိုးက မနေနိုင်တော့ မေးတယ်။
"နေစမ်းပါဦး။ မင်းက ကိုကျော်သန်းဆီမှာ လုပ်တာ ကြာပြီလား"
"ဟာ… လေးချစ်တိုးကလဲ။ လေးချစ်တိုးတို့ရပ်ကွက် ပန်တျာမြအောင် ဇာတ်လာကတဲ့ နှစ်ကပေါ့ဗျာ၊ နှစ် နည်းမှတ်လို့"
"ဟေ့ကောင် ပန်တျာမြအောင် လာမပြောနဲ့၊ မင်းကို ဇာတ်အကြောင်း မေးတာမဟုတ်ဘူး"
"လေး ငါးနှစ် ရှိပါပြီ"

"သည်လောက်ဝေးတဲ့ရွာက မိန်းကလေးနဲ့ မင်း ဘယ်လိုတွေ့ပြီး ဘယ်လိုကြိုက်ကြတာလဲကွ ဟေ…"
"လူငယ်တို့ သဘာဝပေါ့ လေးချစ်တိုးရာ၊ နဖူးစာရွာလည်တယ်ဆို မဟုတ်လား လေးချစ်တိုးရ"
"မင်း ဒီလောက်တတ်နေမှတော့ မင်းဟာမင်း သွားတောင်းမြန်းပါလား မောင်ကြိုင်ရာ၊ ငါ နားရင်းထ တီးမိ တော့မယ်"
"သည်လိုပါ လေးချစ်တိုးရာ၊ ကမ်းနားဈေးထဲ တွေ့ကြတာပါ၊ ကျွန်တော့်ကောင်မလေးက ကမ်းနားဈေးက သနပ်ခါးသည် မတင်ကြည်ဆီကို တစ်လတစ်ခေါက် သနပ်ခါးလာလာပို့တာလေ၊ ကျွန်တော်တို့ချင်းလည်း တစ်လတစ်ခါ တွေ့ကြရတာဗျ"
"နောက်တစ်လတွေ့ဖို့ ဘယ်လို ချိန်းကြတာတုန်း"
"မြန်မာရက် နဲ့ ချိန်းရတာပေါ့၊ ဘယ်နေ့ ဘယ်နေ့လာမယ်ဆိုရင် ကျွန်တော်က မနက်ပိုင်းအလုပ်မဆင်းဘဲ ဈေးဝ က စောင့်နေတာပဲ"
"မင်းရည်းစားက ဘယ်သူကွ"
"အေးသီ"
(၃)

မောင်ကြိုင် နဲ့ အေးသီ တွေ့ကြတာ ကမ်းနားဈေးမှာပါ။ ကမ်းနားဈေးက မန္တလေးမြစ်ဆိပ် အစိုးရသင်္ဘော ကျင်းနားမှာရှိတဲ့ ကိုကျော်သန်းတို့ သံရည်ကျိုစက်နဲ့လည်း နီးတယ်။ သံရည်ကျိုစက် အလုပ်သမားတွေက အလုပ်မ၀င်ခင် ဈေးမုန့်စားတတ်ကြတော့ မနက်တိုင်ရင် ဈေးထဲရောက်ကြတာများတယ်။ မောင်ကြိုင်က မန္တလေး က မဟုတ်ပါဘူး။ သပြေကန်ရွာက။ သပြေကန်ဆိုတာ ရေဦးတန့်ဆည်ဘက်ကရွာပါ။ မောင်ကြိုင် လူပျို မပေါက်တပေါက် ကတည်းက ကိုကျော်သန်းဆီ လူဆက်နဲ့ရောက်လာတာဆိုတော့ မန္တလေးရည် မ၀ သေးတောင် ချော်ဆိပ်ရည်ဝနေပါပြီ။ သံရည်ကျိုစက် က မန္တလေးချော်ဆိပ်မှာ ရှိတာကိုး။

ကိုကျော်သန်းအလုပ်ရုံအပေါ်ထပ်က အထပ်ခိုးမှာ မောင်ကြုင့်လို နယ်ကလူငယ်အလုပ်သမားတွေ လေး ငါးယောက် ရှိတော့ အလုပ်ပြီးရင် လူငယ်သဘာဝ ရွာရိုးကိုးပေါက်လျှောက်နေကျ။ မောင်ကြိုင်က မိဘတွေ မရှိရှာ တော့ပါဘူး။ သူ့ကိုလာအပ်တဲ့ ဦးလေးတော်ကလည်း မောင်ကြိုင့်အပ်ပြီးကတည်းက ပေါ်မလာ တော့ မောင်ကြိုင် ကလည်း သပြေကန်ကို စိတ်တောင်မရောက်တော့ပါဘူး။ ကိုကျော်သန်းက ထမင်းကျွေး နေတာ ဆိုတော့ ထမင်းဖိုးရယ်လို့ ထူးကုန်စရာမရှိဘူး။ ရတဲ့လခ ဆရာကတော်ဆီအပ်ထားတာပဲ တော် တော်ရပြီ။ ကိုကျော်သန်း သား တွေ ၀တ်တဲ့အထည်ကျတွေကလည်း မောင်ကြိုင်အဖို့တော့ အကောင်းစား တွေ ဖြစ်နေတာပါ။ သူ့ဆရာသားတွေက ပေးလိုက်၊ ကမ်းနားဈေးက လေဘေးထည် ကောင်းကောင်းဝယ် ၀တ်လိုက်ဆိုတော့ မောင်ကြိုင့်ခမျာအ၀တ်အစားတော့ လတ်လတ်လောလောရှိရှာတယ်။ ကောင်းကောင်း စား ကောင်းကောင်းဝတ် ရမှတော့ မန္တလေးလိုမြို့ကြီးမှာ မောင်ကြိုင်မနေချင်ဘဲ ရှိပါ့မလား၊ ပျော်ပြီပေါ့။

သည်ကြားထဲ ကိုကျော်သန်း က သူ့သားတွေ စွန့်တဲ့ ဂစ်တာတစ်လက် တပည့်တွေကို ဘုံချပေးထားတော့ မောင်ကြိုင့် တို့ အလုပ်သမားတွေဆိုတာ ကြုံရာလူက တဗျင်းဗျင်းပေါ့။ လူငယ်တွေဆိုတော့ ခုခေတ်စားတဲ့ သီချင်းတွေလည်း ရကြတယ်။ မောင်ကြိုင်ကတော့ ရွာသီချင်းတွေလောက် ကြိုက်တာပါ။ အနိုင်တို့၊ ဟင်္သာ တထွန်းရင်တို့၊ တွံတေးသိန်းတန်တို့ဆိုရင် အသေကြိုက်တာ။ ဒါပေမယ့် စိုင်းစိုင်းခမ်းလှိုင် သီချင်းတွေ လည်း ရောရောယောင်ယောင် ဆိုတတ်နေပါပြီ။ သံရည်ကျိုစက်ရုံက အလုပ်သိမ်းပြီဆိုရင် ဧရာဝတီမြစ် ထဲဆင်း ရေချိုး၊ ရှိုးကလေးထုတ်ပြီး ရပ်ကွက်ထဲ "သလား"ကြတော့တာပဲ။ သူတို့ဆရာက အရက်သေစာ သောက်စားတာ ခွင့်မပြုတော့ ဘယ်သူမှမသောက်ရဲကြဘူး။ အလုပ်သမားတစ်ယောက် အရက်သောက် လာတာ တွေ့လို့ ကိုကျော်သန်းက ညတွင်းချင်းအလုပ်က ထုတ်ပစ်လိုက်တာတွေ တွေ့ကြရကတည်းက အရက် တော့ မရဘူးမောင် ဖြစ်ကုန်ကြတာပါ။ ရည်းစားနဲ့ကွဲလာတဲ့ တင်သိန်း က သူ့အသည်းအရက်နဲ့စိမ် ချင်တယ် ပြောတော့ မောင်ကြိုင်တို့က ဝေးဝေးရှောင်ကြတယ်။

"မင်းဟာမင်း တစ်ခြားသွားစိမ်ပါကွာ၊ ပြဿနာထဲ ငါတို့ပါနေပါ့မယ်၊ ရည်းစားနဲ့ကွဲတာများ အရက်သောက် စရာ ဘာလိုသလဲကွ။ ကိုယ့်မကြိုက်တာ သွားပစေပေါ့။ ကိုယ်ကတောင် လုပ်ကျွေးရမယ့်ဟာ၊ အရက်နဲ့ ဘိုးတော် နဲ့ မဖြစ်ဘူးနော့ ငါ့ကောင်"

မောင်ကြိုင်က သူ့ခံယူချက်ကိုပြောတော့ တင်သိန်းကလည်း အရက်မသောက်ဝံ့တော့ဘူး။ ဘိုးတော် ဆို တာ ကိုကျော်သန်းကို ကွယ်ရာမှခေါ်ကြတဲ့ နာမည်။ မောင်ကြိုင် ကတော့ သူ့ဘ၀ကို အပျက်မခံတော့ဘူး။ ရွာပြန် ရမှာစိုးလို့။ ရွာမှာပင်ပန်းကြတာ သူအသိ။ ငွေတစ်ကျပ် လက်တွင်းဆုပ်မိဖို့ခက်တာ သူအသိ။ နဂိုက မိဘနှစ်ပါး မရှိတဲ့ မောင်ကြိုင့်ကို ဆရာကသာ မောင်းထုတ်လိုက်ရင်း တုံးမှီတိုင်ကပ်ဖြစ်တော့မယ်။ အလုပ် ကိုလည်း ကြိုးစားလုပ်တယ်။ ကိုကျော်သန်း တို့ မိသားစုကလည်း မောင်ကြိုင့်ကို သနားကြတာပါပဲ။ ချစ် လည်း ချစ်ကြပါရဲ့။

"မောင်ကြိုင်က အလုပ်လာဘ်မြင်တော့ သံရည်ကျိုစက်တွေက မောင်ကြိုင့်ကို သွေးတိုးစမ်းနေကြတာ ကြားတယ် ကိုကျော်သန်း၊ လခ ပို ပေးမလေး၊ အ၀တ်ပိုဆင်မလေး ဖြစ်နေကြသတဲ့။ မောင်ကြိုင့်ကို ကျုပ် တို့က ပျိုးပြီးကာမှ အသီးသူများခူးစားတာမျိုး ဖြစ်နေမနော်"

တစ်ရက် ကိုကျော်သန်း မိန်းမက ကြားလာတဲ့သတင်းပြောတော့ ကိုကျော်သန်းတောင် သည်ကိစ္စ စဉ်းစားရ ပြီ။ အလုပ်သမားကောင်းရင် လုပ်ငန်းတူတွေက ဖြားယောင်းကြ၊ မျက်စပစ်ကြတာ သဘာဝ ဆိုတာလည်း သိပါရဲ့။ အပြစ်တင်လို့လည်း ဖြစ်တာမဟုတ်ဘူး။ ဘယ်သူ့ဘယ်သူမှ ငါးနှစ်စာချုပ်ရယ်၊ လေးနှစ်စာချုပ် ရယ် ရှိတာမဟုတ်တော့ သည်လိုပဲ ငယ်မွေးခြံပေါက် ဘ၀ကနေ လူလုံးလှတဲ့အထိ ကိုယ့်လူကိုယ် မွေးကြ ရတာ မဟုတ်လား။ အလုပ်သမားက မပျော်ပါဘူးဆိုရင် ပြန်လွှတ်ကြရတယ်။ သည်တော့ မောင်ကြိုင်တို့ လို ရွာကလာလုပ်နေကြတဲ့ အလုပ်သများတွေကို ကိုကျော်သန်း ခေါ်ပြော ရတယ်

"မင်းတို့ကို ဆရာ ပြောမယ်။ ဆရာ မင်းတို့ကို ပညာသင်ပေးတယ်၊ ကျွေးမွေးစောင့်ရှောက်တယ်၊ ဘုရားပွဲ ရှိရင် အခါရက်ကြုံရင် ၀တ်စုံသစ် ချုပ်ပေးတယ်၊ လခကောင်းကောင်း ပေးထားတယ်၊ ရွာပြန်ချင်တယ်ဆို လည်း မိဘဘိုးဘွား ကန်တော့နိုင်အောင် ငါ ထောက်ပံ့တယ်၊ မင်းတို့လခထဲက မဖြတ်တာ မင်းတို့အသိ။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးကအစ လူတန်းစေ့ထားတယ်၊ ဆရာပြောချင်တာက မင်းတို့ကို သွေးမြှောက် သူတွေ ရှိရင် သွေးမမြောက်ကြနဲ့၊ ဆရာ့စေတနာကို ထောက်ထားကြဦး"

ကိုကျော်သန်း စေတနာ ကိုတော့ တပည့်တွေကလည်း ထောက်ထားကြတယ်။ သည်လိုနဲ့ မောင်ကြိုင် တောင် လက်လွှဲ၊ မျက်စိလွှဲရတဲ့ သံရည်ကျိုဆရာပေါက်စ ဖြစ်လာပြီပဲ။ သည်ဘက် နှစ်တွေမှာတော့ မောင်ကြိုင် က ရည်းစားစာတွေ ဘာတွေရေးလာတယ်။ ရေးတာလည်း သူများလူပျိုတွေလို ရေးပြီး အိတ် ထဲခေါက်ထည့်၊ ကြုံရာကျရာ အဆင်ပြေလောက်မယ့် မိန်းကလေးပေးတာမျိုးမဟုတ်ဘူး။ ရည်းစားစာကို တစ်လတစ်ခါ ပဲ ရေးတယ်။ ရည်းစားဆီက စာလာတော့လည်း တစ်လမှတစ်စောင်ပဲ။ သူငယ်ချင်းတွေက ကြာတော့ ရိပ်မိကြတာပေါ့။ ညတိုင်ရင် အထပ်ခိုးပေါ်မှာ လူပျို့သဘာဝ သူ့ရည်းစား ကိုယ့်ရည်းစား၊ သူပိုး ကိုယ်ပိုး၊ သူ့အုံ့ပုန်း ကိုယ့်အုံ့ပုန်းတွေ ပြောဖြစ်နေကျမဟုတ်လား။

"ဗွီဒီယိုရုံပေါက် ဈေးရောင်းနေတဲ့ သန်းသန်းစိုးက ငါ့ကို စီးကရက်ဝယ်တာ မီးတောင်ညှိပေးတာ၊ နေ့တိုင်း လာကြည့်နော် တဲ့၊ ငါ့ ကြွေနေပြီလား ပြောတတ်ပေါင်ကွာ"
"ညောင်ပင်ကြီးအောက်က သဲကား ထမင်းဆိုင်က ညီအစ်မခုနှစ်ယောက်ထဲက မှဲ့လေးနဲ့ကောင်မလေး တွေ့ကြလား၊ မတင့်လေ… မနေ့က မြစ်ဆိပ် ရေချိုးကြတော့ ဆပ်ပြာတစ်ပွတ်လောက်တောင်းလို့ ငါ ပေး ခဲ့ရ ပါပကော"
"ဈေးထိပ်က ကြာဇံသုပ်ရောင်းတဲ့ ဒေါ်ဝတုတ် တူမ ဆိုတာကွာ၊ မိတ်ကပ်တွေဖွေးနေတဲ့ ကောင်မလေးလေ၊ ငါ့ကို မြို့ထဲရောက်ရင် သီချင်းစာအုပ်လက်ဆောင်ဝယ်ခဲ့ပေးပါတဲ့၊ ဘာစာအုပ်လဲဆိုတော့ ကြိုက်တာဝယ် ခဲ့တဲ့"

ညဘက် အထပ်ခိုးပေါ်မှာ ဟုတ်တာရော၊ မဟုတ်တာရော မိန်းကလေးတွေအကြောင်း ပြောကြတော့ မောင်ကြိုင်က မပြောဘူး၊ ကြာတော့ ရည်းစားစာတွေ တစ်လတစ်ခါရေးတာကစပြီး မောင်ကြိုင့်အခြေအ နေကို အစ်အောက်မေးကြတယ်။ သည်တော့မှ မောင်ကြိုင်က သူ့ရည်းစား အေးသီအကြောင်းက စတယ်။ အေးသီ နဲ့ သူနဲ့ဈေးထဲမှာတွေ့ကြရာက ကြိုက်ခဲ့ကြတဲ့အကြောင်းက စတယ်။ အေးသီက စစ်ကိုင်းအ နောက် လယ်ပြင်ကြီးဆိုတဲ့ရွာကနေ သည်ဈေးထဲကို သနပ်ခါးလာပို့နေတဲ့ တစ်ရွာသူကလေးဖြစ်ကြောင်း၊ လယ်ပြင်ကြီးရွာ မှာ အေးသီက အချောဆုံးလို့ အေးသီကိုယ်တိုင်က ပြောတဲ့အကြောင်း၊ အေးသီပြန်ရင် ဥပုသ်တော် ကုန်းထိပ် စစ်ကိုင်းကားမှတ်တိုင်ကို သူ့စက်ဘီးနဲ့ (သံရည်ကျိုရုံက လက်ဖက်ရည်ဝယ်တဲ့ စက် ဘီးပါ) လိုက်ပို့ကြောင်း၊ ဥပုသ်တော်ကုန်းထိပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ကြပြီး ကားပေါ် တင်ပေးနေကျဖြစ်ကြောင်းတွေ ပြောတော့ ကျန်တဲ့သူငယ်ချင်းတွေက ပါးစပ်ဟောင်းလောင်း။

"မောင်ငကြိုင် မိုက်လှချည့်လားကွ၊ ငါတို့ဖြင့် မင်းရည်းစား အေးသီကို လိုက်ပို့တာ တစ်ခါမှ မတွေ့ဖူး ပေါင် ကွာ"
တင်သိန်းက မယုံသလိုလို မေးတော့ မောင်ကြိုင်က ပြုံးတယ်။
"အေးသီက ငါတို့အလုပ်ပိတ်ရက် ဥပုသ်နေ့မှ ရွေးလာတာကွ၊ မင်းတို့ ဘယ်တွေ့မှာလဲ"
"ဒါနဲ့ အေးသီ က အတော်ချောသလားကွ မောင်ကြိုင်ရ"
"ချောပြီပေါ့ကွာ၊ မြို့မှာဆို ဗွီဒီယို မင်းသမီး ဖြစ်လောက်တယ်"

သူငယ်ချင်းတွေက မောင်ကြိုင်တစ်ယောက် မိန်းမချောနဲ့ ကြိုက်မိပါပကောရယ်လို့ အားကျကြတယ်။ ဟုတ်လေသား မဟုတ်လေသလား မသိရပေမယ့် မောင်ကြိုင် ညွှန်းသလောက်တော့ ဗွီဒီယိုမင်းသမီးဖြစ် လောက်တယ် ဆိုလေတော့ မောင်ကြိုင့်ရည်းစားကြည့်ချင်ကြတယ်။ သူငယ်ချင်းတွေက လာမယ့်ဥပုသ်နေ့ ဘယ်မှ အလည်မထွက်ဘဲ စောင့်ကြည့်ကြမယ် ဖြစ်ကုန်ရော၊ တကယ်က မောင်ကြိုင်က ရွာမှာလေးတန်း လောက် နေခဲ့တာဆိုတော့ ဟုတ်တိပတ်တိရေးတတ်တာ မဟုတ်ပါဘူး။

တစ်ရက်တော့ မောင်ကြိုင်က ဘာစိတ်ကူးပေါက်သလဲ မပြောတတ်ပါဘူး၊ အေးသီက ပေးလိုက်တာဆိုတဲ့ စာကို ပြတယ်။ အစ်ကိုလို့ အစချီပြီး မောင်ကြိုင့်ကို လွမ်းရတာက များများ၊ တစ်လတစ်လ ကြာတယ်ထင် လွန်းလို့ အမေ မန္တလေးလွှတ်မယ့်ရက်ကို လက်ချိုးရေနေရကြောင်းတွေ ဖတ်ရတယ်။ ဗလာစာရွက် ပျော့ တိပျော့ဖတ်ပေါ်မှာ တစ်လတစ်စောင်ရတဲ့ စာကပဲ အစောင်နှစ်ဆယ်ကျော်လောက် ရှိပြီဆိုတော့ ရည်းစား သက် ကချည်း နှစ်နှစ်နီးပါးရှိတဲ့သဘော ရောက်နေပြီ။ စာတစ်စောင်မှာတော့ သည်တစ်ခေါက်လာရင် မိသားဖသား ပီပီ တောင်းရမ်းဖို့ကိစ္စပြောရအောင်ဆိုတာ ပါလာတယ်။ အေးသီအမေမုဆိုးမကလည်း သမီး ကရတဲ့ သမက်ကို အကြောင်းပြုပြီး မန္တလေးကို လိုက်နေမယ်ဆိုတာလည်း ပါရဲ့၊ မန္တလေးမှာ မအေက သနပ်ခါး ရောင်းမယ်၊ အေးသီက ခေါင်းရွက်ဗျပ်ထိုး လည်ရောင်းမယ်၊ အစ်ကိုကလည်း အလုပ်ရှိမှတော့ အေးသီဘ၀ ကို ရင်ဆိုင်ရဲတယ်တို့ ဘာတို့ ပါလာရော။

"ဒါဖြင့် မင်း မိန်းမယူရတော့မှာပေါ့ ဟုတ်လား မောင်ကြိုင်"
ဘယ်သူမှ ကောင်းကောင်းကန်းကန်း မတီးတတ်တဲ့ ဂစ်တာကို ဘေးချပြီး သူငယ်ချင်းတွေက မေးတယ်။ မောင်ကြိုင် က မျက်နှာပိုးမသေတဲ့ မျက်နှာကြီးနဲ့ပေါ့လေ။ ဘ၀ခရီးမှာ ချစ်သူနဲ့ လျှောက်လှမ်းတော့မယ်ဆို တဲ့ပုံလည်း ပေါ်ရဲ့။
"ယူတာတော့ ဟုတ်ပါပြီကွာ၊ အေးသီ ရေးထားပုံက လွယ်လိုက်တာ။ မင်းရည်းစားရွာက ဘယ်မှာတုန်း၊ ဈေးထဲတွေ့ကြပြီး ကြိုက်ကြတာထားပါတော့၊ ကိုယ့်သူမသိ သူ့ကိုယ်မသိနဲ့ မင်းဟာ မဟုတ်သေးပါဘူး"

သူတို့အလုပ်သမားတွေထဲ အသက်အကြီးဆုံးဖြစ်တဲ့ ကိုသံချောင်းက မေးတော့ မောင်ကြိုင် မဖြေတတ် ပြန်ဘူး။ ကိုယ့်အကြောင်းသိရအောင် မောင်ကြိုင်ကလည်း သူ့ကိုယ်သူ ဘာမှဟုတ်တယ် မထင်ပါဘူး။ ကိုကျော်သန်း သံရည်ကျိုရုံမှာ အလုပ်ကလေး အကိုင်ကလေးနဲ့ လူလုံးပြောင်ပြောင်နေရတာရှိတာပဲ မဟုတ်လား။ အေးသီကလည်း သနပ်ခါးစည်း မြွေရေခွံအိတ်နဲ့ထည့်လာ၊ ဈေးဖြတ်ပြီး အရင်လက ပိုက် ဆံရှင်း။ အရင်းကို ရွာကသနပ်ခါးရှင်ပြန်ပေး၊ အမြတ် သားအမိနှစ်ယောက်စားကြတယ် ဆိုတာလောက် တော့ မောင်ကြိုင်သိသားပဲ။ စစ်ကိုင်းအနောက်ဖျား လုယ်ပြင်ကြီးသူ ဆိုတာလောက်၊ နာမည်အေးသီ ဆိုတာလောက်၊ သနပ်ခါးပို့သူဆိုတာလောက်နဲ့ ယူတော့ကော ဘာဖြစ်လို့လဲ။ သူကလည်း ချစ်တယ်။ ကိုယ်ကလည်း ချစ်တယ် ပြီးပြီပေါ့။
သည်စကား က အလုပ်သများတွေကတစ်ဆင့် ကိုကျော်သန်း မိန်းမနားရောက်သွားတော့ မောင်ကြိုင့် ခေါ်မေးတယ်။

"မောင်ကြိုင် နင် မိန်းမယူတော့မလို့ဆို၊ ဘယ်က မိန်းကလေးလဲ ဟဲ့"
"စစ်ကိုင်းအနောက်ဘက် လယ်ပြင်ကြီးသူ သနပ်ခါးသည်၊ နာမည်က အေးသီပါ အစ်မ"
"နင်က အလုပ်က ထွက်တော့မှာပေါ့၊ လယ်ပြင်ကြီး လိုက်နေမှာပေါ့၊ အဲသလိုလား"
"အလုပ် မထွက်ပါဘူး အစ်မရယ်။ မိသားဖသားပီပီ တောင်းရမ်းယူမယ်၊ သူတို့ရွာမှာ ဘုန်းကြီးဆွမ်းကပ် ပြီးရင် ခေါ်လာရုံပဲ"
"နင့် လွယ်လိုက်တာဟယ်၊ မိန်းမယူလာတော့ တို့ထပ်ခိုးပေါ်နေလို့ ဘယ်ဖြစ်တော့မှာတုန်းဟဲ့၊ ယောက်ျား လေး တွေ တရုန်းရုန်းနဲ့"
"အိမ်ကလေး ငှားနေမလားလို့ဘဲ"

သည်စကားက သူ့မယားကတစ်ဆင့် ကိုကျော်သန်းဆီရောက်ကရော။ ကိုကျော်သန်းကတော့ ချိုသည် ခါးသည် မပြောပါဘူး။ လူပျိုတစ်ယောက် မိန်းမယူတာ ဆန်းသလားလို့။
တစ်ရက် အေးသီက သနပ်ခါးလာပို့ရင်း မောင်ကြိုင် အလုပ်လုပ်တဲ့ ကိုကျော်သန်း အလုပ်ရုံရှေ့ကို ရောက်လာတယ်။ မအေလုပ်သူလည်းပါရဲ့။ မောင်ကြိုင်ကလည်း အံ့သြလို့။ မောင်ကြိုင်နဲ့ အေးသီ ချိန်း ထားတဲ့ ရက်မဟုတ်ဘဲ ရောက်လာကြတာကိုး။ သံရည်ကျိုစက်ပိုင်ရှင်ရဲ့ဧည့်ခန်းမှာ သားအမိနှစ် ယောက် အစွင့်သား ထိုင်လို့လေ။ ကိုကျော်သန်းကပဲ မောင်ကြိုင်ကိုခေါ်ပြီး စကားပြောစေတယ်။ ဘာ တွေ ပြောကြတယ် မသိပါဘူး။ ကိုကျော်သန်းက မောင်ကြိုင့်ရည်းစားရယ်လို့ လမ်းစရိတ်လေး ဘာလေး တောင်ပေးလိုက်သေးတယ်။ ကိုကျော်သန်းမိန်းမကလည်း သူ့အ၀တ်အကျကလေးတွေ မနည်းပါဘူး ပေး လိုက်တာ။ အေးသီ တို့ သားအမိ ပြန်ကြတော့ ကိုကျော်သန်းက မေးရော။

"ဘာတဲ့တုန်းကွ မောင်ကြိုင်"
"သီတင်းကျွတ်လပြည့်ကျော်ရင် တောင်းရမ်းဖို့လာပြောကြတာ ဆရာ၊ ဆရာတို့ပဲ တောင်းပေးပါ၊ ကျွန် တော့် မှာ လူကြီးမိဘရယ်လို့ မရှိတော့ပါဘူး။ ရွာက အမျိုးတွေသွားခေါ်တော့လည်း စရိတ်ပွန်းတာ အဖတ်တင် ရုံရှိမှာပဲ"
ပြဿနာက သည်တင်ပြီးပေမယ့် ညဘက် အထပ်ခိုးပေါ်အိပ်ကြတော့ တက်ကရော။ ဗွီဒီယိုမင်းသမီးရှုံး တယ်ဆိုတဲ့ အေးသီကို သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေက မျက်မြင်တွေ့လိုက်ကြရတာကိုး။ အေးသီ က အသား ညိုညို၊ မျက်လုံးပြူးပြူး၊ မျက်နှာဝိုင်းကလေးနဲ့ပေမယ့် အချောကြီးတော့ မဟုတ်ပါဘူး။ သူလို ကိုယ်လို ရွက်ကြမ်းရေကျိုထဲကပါ။ ဒါကို သူ့ရည်းစား အမွှန်းတင်ရပါ့မလားလို့ ဟားကြတာပါ။
"မောင်ကြိုင့် ရည်းစား ဗွီဒီယိုရိုက် ဖို့ ကုမ္ပဏီတွေက လုနေကြတာကွ"
"ဟုတ်လား၊ ဘာကားရိုက်မှာတုန်း"
"သရဲကား"

မောင်ကြိုင်ကတော့ သူ့စကားနဲ့သူ ဘာမှမပြောသာဘူး။ မျက်နှာရှုးကြီးနဲ့ ခံနေတာပဲ။ စိတ်ဆိုးရလည်း ခက်ကိုး။ သူ့စိတ်ထဲတော့ အေးသီ က တကယ်လှရှာပါတယ်။ သူ့ဘ၀မှာ အမြဲနိမ့်ပါးခဲ့ရတာ သူအသိ။ မိဘနှစ်ပါး မရှိကတည်းက ရွာမှာ ကောက်ရိုးပုံဘေးလိုလို၊ နွားစားကျင်းဘေးလိုလို ကြီးခဲ့ရတာဆိုတော့ အားငယ်စိတ် ကလည်း အမြဲရှိတယ်။ နွားကျောင်းနိုင်တဲ့ အရွယ်ရောက်တော့ ဦးလေး ဘကြီးတွေက လယ်ထဲ ကိုင်းထဲ နွားကျောင်းခိုင်းတော့ ရွာပြင်ကွင်းထဲ အချိန်ကုန်ခဲ့ရတယ်။ သူက ရွာမှာမပျော်ဘူး။ ရွာ နဲ့ဝေးတဲ့ အရပ်မှာ သွားနေချင်ခဲ့တယ်။ အခုတော့ မန္တလေးမှာနေရပြီ။

ချစ်သူရည်းစားကလေးတစ် ယောက်လည်း ကောက်ရခဲ့ပြီဆိုတော့ နည်းတဲ့ကုသိုလ်လား။ ဘ၀မှာ သားရယ်၊ မယားရယ်လို့ အဖော် တွေ ရှိလာတော့မယ်။ အေးသီကလည်း တောသူကလေးပီပီ ရိုးပုံရိုးလက် ပါ။ ခမျာ မအေအိုကြီး လုပ် ကိုင်ကျွေးနေရရှာတာဆိုတော့ မိန်းကလေးတန်မဲ့ မန္တလေးနဲ့ လယ်ပြင်ကြီး ကူး နေရတယ်။ တွေးကြည့် ရင်တောင် အေးသိကို မောင်ကြိုင် သနားလာမိတယ်။ အခုလောက်ဆို ခမျာ သူ့ကို မျှောနေရှာရောပေါ့။ "၀ုန်း" ၀ုန်းခနဲ အသံကြားလိုက်ရတော့ ကားပေါ်ပါလာတဲ့ လူတွေလည်း လန့်သွားကြတယ်။ မောင်ကြိုင်ဆိုတာ စိတ်ကူးယဉ်ရေယာဉ်ကြော မျောနေရာက "အမယ်လေးဗျ" လို့တောင် အော်လိုက်မိတဲ့အထိ။

(၄)

လမ်းက ဆိုးသည်ထက် ဆိုးလာပြီ။ ချိုင့်ကြီး၊ ကျင်းကြီးတွေဆိုတာ ရှောင်မလွတ်ဘူး။ လှည်းလမ်း ကြောင်းဆိုပေသိ မိုးတွင်းက ပျက်စီးထားတာဆိုတော့ လမ်းက အသားမကျသေးဘဲ ပျက်ချင်တိုင်း ပျက် နေတာပါ။ ထော်လာဂျီဘီးရာတွေတော့ တွေ့သား။ မောင်ကြိုင့်ကောင်မလေးက စစ်ကိုင်းကနေ လယ်ပြင်ကြီး အထိ ကားလမ်းပေါက်တယ်လို့ မောင်ကြိုင့်ကို ပြောထားတာ ကိုကျော်သန်းက အဟုတ် ကြီးထင်ပြီး စွတ်ရွတ်မောင်းချလာတာပါ။ အညာအရပ်ပီပီ ပဲခင်း၊ ပြောင်းခင်း၊ ငုတ်စိကလေးတွေကလွဲ လို့် သစ်တစ်ပင် ကောင်းကောင်း မတွေ့သေးဘူး။ လမ်းကကြမ်းတော့ ကားကလည်း တီကောင်ဆားနဲ့ တို့ သလို ထွန့်ထွန့်လူးလို့။

မတတ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ပဲ ကိုကျော်သန်းလည်း သူ့ကားကိုဖြစ်ချင်ရာဖြစ် သဘောထားပြီး ဆက် မောင်းလာရတော့တာပါ။ ရှေ့မှာ သစ်အုပ်ညိုညို ရွာကြီးတွေ့ရပြီ။ လယ်ပြင်ကြီးလားဆိုတော့ ဂက်စ် ဆရာက မဟုတ်ဘူးတဲ့။ မိုးနံကုန်းတဲ့။ လမ်းသုံးမွှာဆိုတာတောင် ဘယ်ဆီမသိနိုင်သေးတော့ မောင်းရုံ ပေါ့။ ကားပေါ်က လူတွေလည်း နေပူထဲ ကျင်တင်ထားတာကမှ သက်သာလိမ့်ဦးမယ်။ သီတင်းကျွတ်ပြီ ဆိုပေမယ့် အညာအရပ်ဆိုတော့ ပူလိုက်တာ ကော့လို့။ သည်ကြားထဲ တိုက်ပုံအင်္ကျီတွေ၊ ပိုးပုဆိုးတွေနဲ့ ဆိုတော့ ကျပ်ထုပ်ကြီးဖြစ်ပြီး မခံနိုင်တော့ဘူး။ ရေကလည်း ဘယ်သူမှ ပါမလာဘူး။ တော်ပါသေးရဲ့။ ဂက်စ်ဆရာက သောက်ရေသန့်ဘူးဟောင်းလေးတစ်လုံးထဲ ရေထည့်လာလို့။ သူ့ရေကို တစ်ကားလုံး အာစွတ်ရုံသောက်ကြရတယ်။

"တော်ရုံဝဋ်ဆင်းရဲ မဟုတ်ပါလားကွာ၊ ဘ၀ဟောင်းတုန်းက ငှက်တွေ မီးကင်စားခဲ့ဖူးလို့နေမှာ"
ကျောင်းအုပ်ဆရာကြီး က ညည်းပြီ၊ ကျောင်းအုပ်ကြီးရယ်လို့ တစ်သက်လုံး အစည်းအဝေးလောက် ထိုင် ခဲ့ရသူ ဆိုတော့ ကားပေါ်မှာ လူးလှိမ့်နေတဲ့ဒဏ်၊ နေပူဒဏ်၊ ရေဆာဒဏ်တွေပေါင်းပြီး မျော့မျော့ကျန် တော့တယ်။ ကိုချစ်တိုးလည်း မထူးဘူး။ လူဝကြီး ဦးမှတ်တင်လည်း မထူးဘူး။ တရုတ်ကြီး ဦးဝိန်ဆိုတာ က အသား တွေများ ပိုးနီစပ်ကောင်ကျလို့။ ကိုကျော်ဝင်းကတော့ စကားတောင် ဟဟမပြောနိုင်တော့ ဘူး။

"မင်းကွာ၊ စစ်ကိုင်းအနောက်ဘက် လယ်ပြင်ကြီးဆိုတာနဲ့ တို့ကလည်း လိုက်လာတာ။ မင်းကလည်း ရွာ မသိ၊ လမ်းကလည်း ဆိုး၊ မင်းချိန်းတဲ့ မနက်ဆယ်နာရီဆိုတာ သီသီကျော်ပေါ့၊ အခုပဲ ဆယ်နာရီခွဲနေပြီ။ မင်းရွာ မွန်းတည့်ရောက်ရင် အာဂ"
ကိုချစ်တိုးက မောင်ကြိုင့်ကိုဆူတယ်။ မောင်ကြိုင်က သူလည်း ထမင်းဆာပြီ။ ကားပေါ်ပါလာတဲ့ လူကြီး တွေကလည်း ဆာကြရော့မယ်။ ကိုကျော်သန်း မိန်းမက ရွာရောက်ရင် ရွာဘုန်းကြီးများကပ်ဖို့ ထိုးမုန့် တွေ၊ လမုန့်တွေ၊ လက်ဖက်တွေ၊ ကိတ်မုန့်ဘူးတွေ ထည့်ပေးလိုက်တာတော့ ရှိပါရဲ့။ ဘုန်းကြီးရဟန်း လှူမယ့် လှူဖွယ် တွေဆိုတော့ စိတ်နဲ့တောင် မပစ်မှားရဲကြဘူး။ စစ်ကိုင်းအနောက် ခဏလေးတင်ဆို တော့ ဖုတ်ဖက်ခါ လိုက်လာခဲ့ကြတဲ့သူချည်းကိုး။ ရွာရောက်ရင် စားရမှာပဲဆိုပြီး ဘာတစ်စေ့မှ အိမ်က စား မလာခဲ့ကြ။

အဆိုးဆုံးက ရေမပါတာပါ။ ရေဆိုတာကတော့ ဘယ်အရပ်ရောက်ရောက် တောင်း သောက်လို့ရတာကိုး။ သည်လောက် ခက်ခဲလိမ့်မယ် မထင်ခဲ့ဘူး။ ကိုကျော်သန်းကားထဲ ခါတိုင်းဆို ရေ သန့်ဘူး နှစ်ဘူး၊ သုံးဘူး ပါနေကျ။ သည်ကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် တစ်ဘူးမှကို ရေမပါခဲ့တာ။ အရင် ရက်တွေကသောက်ပြီး လွှတ်မပစ်ရသေးတဲ့ ဘူးဟောင်းတွေတော့ပါရဲ့။ လူဝကြီး ဦးမှတ်တင်က သူ များထက် သုံးဆ လောက်ကြီးသူဆိုတော့ သူများထက် သုံးဆလောက် ပူပုံရတယ်။ သူများထက် သုံးဆ လောက် ရေငတ်ပုံ လည်းရရဲ့။ ကွင်းထဲက ခပ်ဝေးဝေးမှာ ဘူးစင်ကလေးနဲ့ အခင်းစောင့်တဲ့ကလေးတစ် လုံးကို မှုန်ပြပြ လှမ်းတွေ့တော့ ကိုကျော်သန်းကို ကားအရပ်ခိုင်းတယ်။

"ကျော်သန်း ခဏရပ်စမ်းကွာ၊ ရေရှာခိုင်းရအောင်"
"ဘယ်မှာလဲ ရေက"
"ဟိုးကတဲ သွားတောင်းခိုင်းရမှာပဲ၊ မောင်ကြိုင် ဆင်းစိမ်း၊ ရေသွားတောင်း"

ကိုကျော်သန်း ကားခေါင်းထဲမှာ ရေသာမပါတာ ရေဘူးခွံက သုံးလေးလုံးလောက်ပါတာဆိုတော့ သတို့ သားလောင်း မောင်ကြိုင် က ရေဘူးတွေပွေ့ပြီး ကွင်းထဲပြေးရော၊ ကားပေါ်ကလူတွေက တိုက်ပုံချွတ်ပြီး ခေါင်းဆောင်းကြတယ်။ ကွင်းလယ်ခေါင် နေပူကျဲကျဲအောက်မှာ အမိုးမပါဘဲ ကားကြီးပေါ် ငုတ်တုတ် ကြီးတွေ ထိုင်နေရတာဆိုတော့ စဉ်းစားကြည့်ပေါ့။ ကားမောင်းနေတုန်းကမှ လေကလေးရသေး။ ကိုချစ် တိုးက မောင်ကြိုင့်ကို သနားလည်း သနားမိရဲ့။ နားရင်းလည်း ရိုက်ချင်ရဲ့။ ဂက်စ်ဆရာကတော့ ကား ခေါင်းထဲ ငိုက်တောင်နေလိုက်သေးတယ်။ ဒေါ်ငွေကကားရပ်တုန်း အပေါ့သွားဖို့ဆင်းပြန်ရော။ ကွင်းထီး ထီး ထဲပေမယ့် တတ်နိုင်ဘူးဆိုတဲ့ပုံနဲ့ ကားရှေ့နား နည်းနည်းသွားပြီး ထိုင်လိုက်တာပါပဲ။

"ရေက အ၀င်သာမရှိတာဗျာ။ အထွက်တော့ ရွှင်ပါ့"
ကိုချစ်တိုး က ဒေါ်ငွေ့ကို ပြောတာပါ။ လူဝကြီး ဦးမှတ်တင်က ၀င်ပြောပြန်ရော။
"အဲဒါက အရေးမကြီးဘူး ငယ်ထိပ်မြွေကိုက်လိုက်မှာ စိုးရတာ"
"မြွေ တော့ မရှိလောက်ပါဘူးဗျ၊ မသကာ လယ်ပုဇွန်လုံးညှပ်ရုံ ရှိမှာပဲ"
တစ်ယောက်တစ်ပေါက် ပြောနေကြတာပါ။ လှမ်းကြည့်တော့ မောင်ကြိုင်က တဲရိပ်တောင် မရောက် သေးဘူး။ သူ့မချာ သူ့တာဝန် ဆိုတာ သိပုံရပါရဲ့။ ပြေးရှာတယ်။ နေပူပူကြီးထဲ ကားကို မိနစ်နှစ်ဆယ် လောက် ရပ်ထားရတော့ ပူလိုက်တာလည်း ၀က်ဝက်ကို ကွဲကရောပဲ။

မောင်ကြိုင် ပြန်လာတော့ ရေတွေ ပါလာလို့ တစ်ဝကြီးသောက်ကြရတယ်။ မောင်ကြိုင်ကတော့ တဲက သောက်ခဲ့ လို့ မသောက်တော့ဘူး။ ကိုယ့်အိမ်မှာ ရေသန့်ကို ဘူးလိုက်ဆွဲပြီး ရေခဲသေတ္တာထဲက ထုတ်သောက် နေကျလူတွေပေမယ့် ငတ် တော့ မနေသာတော့ဘူး။ ရေရတာ ကျေးဇူးတင်ရသေးသကိုး။
"ကျွန်တော် တဲ က လူကို မေးခဲ့တယ်၊ လယ်ပြင်ကြီးရွာ ဝေးသလားလို့"
"အေး ဘာတဲ့တုန်း"
"ခေါက်ချိုးတော့ ကျပါပြီတဲ့"
"ခေါက်ချိုး၊ ဟ… အကျိုးနဲ"

ကားပေါ်မှာ ရေတစ်ဘူးစီ ကိုင်သောက်နေတဲ့လူတွေအားလုံး မျက်လုံးပြူးသွားကြတယ်။ ဘယ့်နှယ် သည်လောက်လာပြီးတာတောင် ခေါက်ချိုး ကျန်သေးသတဲ့လား။ နောက်တစ်ပြန်သာ ဆက်သွားရရင် စစ်ကိုင်းတိုင်း နယ်စပ်တောင် ရောက်တော့မယ့်ဟာ။ မထူးပါဘူး။ ကိုယ့်ရေကိုယ် ပြန်သောက်ကြပြန် တယ်။ အင်္ကျီ တွေတောင် ရွှဲရွှဲစိုလို့။ လူဝကြီးက ကုပ်ပေါ်ရေလောင်းပြီး တဖတ်ဖတ်ရိုက်တယ်။ ဒေါ်ငွေ ရေတစ်ကျိုက်သောက်ပြီးတာနဲ့ ကားလည်း ဆက်ထွက်လာရပြန်တာပေါ့။

ကားကတော့ ရှေ့မှာ လမ်းရှိနေသရွေ့ သွားလို့ရသလောက် သွားနေတာမျိုးနဲ့ သွားနေတာပါ။ တစ်ဖက် တစ်ဖက်စောင်းစောင်းသွားလိုက်တာ မှောက်ကရော မှတ်ရတာလည်း အခါခါဆိုတော့ မှောက်မှမှောက် ကရော၊ ခရိုးခရိုင်နဲ့ တလှုပ်လှုပ်သွားနေကြတာပါ။ နေကလည်း ပူလိုက်တာ ၀က်ဝက်ကွဲ။ မောင်ကြိုင် ကတော့ မျက်စိမျက်နှာများပျက်လို့။ သူပူတာက တစ်မျိုး။ စဉ်းစားကြည့်တော့ မိန်းမမြန်းလိုက်ကြသူ တွေက မြန်းရုံတာဝန်ရှိတာ မဟုတ်လား။ ရွာရောက်ရင် မင်္ဂလာစကားလေးပြော၊ ကျွေးတာစားပြီး ဖုတ် ဖက်ခါ ထပြန်မယ့်လူတွေကိုး။ သူက ကာယကံရှင်၊ လယ်ပြင်ကြီးသူ မိန်းကလေးကို ယူရမှာကသူ။ လူ ကြီးစုံရာနဲ့ ရွာ့မိရွာ့ဖ တချို့ခေါ်ပြီး စောင့်နေကြမယ်ဆိုတာလည်းသိတော့ စိတ်တွေ ပူနေခဲ့တယ်။

ခက်တာက တယ်လီဖုန်း ကောက်ဆက်လို့ရတာလည်း မဟုတ်ဘူး။ လမ်းပေါ် အသွားအလာရှိကြလို့ ကျုပ်တို့လာနေပြီ ပြောလိုက်ပါ မှာရအောင်ကလည်း လမ်းပေါ်နေ့ခင်းကြောင်တောင် သရဲခြောက်မှာ တောင် စိုးရတယ်ဆိုတာမျိုးမဟုတ်လား။ ဂက်စ်သမားကို အားကိုးပြန်တော့ ကားက ရွာရောက်ကာမှ ရောက်ရော ကျုပ်ကတော့ အိပ်ပြီဗျာဆိုတဲ့ပုံနဲ့ ငွေသုံးထောင်ယူပြီး ကုပ်ကျိုးအောင် ငိုက်လိုက်တာမျိုး ကိုး။ တကယ်ဆိုရင် ဟိုကဘာရွာ၊ ဟိုဘက်နားကျ ဘာတွေ့မယ်၊ ဘယ်နားရောက်လို့ ဘယ်လိုကွေ့ လိုက်ရင် ဘယ်ရွာရောက်ပြီဆိုတာမျိုးလည်း ပြောဖော်မရဘူး။ ကားနောက်မှန်ပေါက်က မြင်ရသ လောက် ကုပ်ချိုးပြီး ငိုက်လိုက်လာတာ တစ်ရေးသန်သန်တောင်ရတော့မယ်။ သည်လိုအတွေးမျိုး ကား မောင်းတဲ့ ကိုကျော်သန်းကလည်း တွေးမိတယ်ထင်ပါရဲ့။ ဂက်စ်ဆရာကို နှိုးရော။
"ဂက်စ်ဆရာ ဗျို့… ဂက်စ်ဆရာ"

ကိုကျော်သန်းက ကားမောင်းရင်း ဘေးက ဂက်စ်ဆရာကို နှိုးတာပါ။ ဂက်စ်ဆရာက သူ့ဘေးက၊ ဒေါ်ငွေ က ကားတံခါးဘက်ကဆိုတော့ ဒေါ်ငွေကို အနှိုးခိုင်းလိုက်တယ်။ ဒေါ်ငွေ လက်တို့လိုက်စမ်းပါ ခိုင်းတာ ပါ။ ရှေ့မှာက ချောက်တွေ၊ ကျင်းတွေဆိုတော့ ကိုကျော်သန်း ကားလက်ကိုင်ခွေကို လက်နှစ်ဖက် မလွှတ်ရဲဘူး။
"ဒေါ်ငွေ ဂက်စ်ဆရာ နှိုးစမ်းပါ"

ဒေါ်ငွေကလည်း မလှုပ်တော့ ကိုကျော်သန်းက လှမ်းကြည့်တယ်။ ဒေါ်ငွေကလည်း အိပ်လိုက်တာ သိုး လို့။ ရောက်ချင်တဲ့အချိန်ရောက် အေးအေးဆေးဆေးဆိုတဲ့ပုံ၊ ကိုကျော်သန်းက စိတ်တိုသွားတယ်။ ဘယ့်နှယ် သည်လောက် အိပ်နေကြရသလားပေါ့၊ ကားမောင်းရင်း လှည့်အော်ရော။
"ကိုချစ်တိုးရေ ကားခေါင်းထဲက လင်မယားနှစ်ယောက် အိပ်လိုက်ကြတာဗျာ နှိုးလို့တောင် မရဘူး"
ကိုကျော်သန်းက ကားဟွန်းကို အဆက်မပြတ်တီးတော့မှ ဂက်စ်ဆရာက ဆတ်ခနဲ ခေါင်းထောင်တယ်။ ဘေးဘီကို လှမ်းကြည့်တယ်။ မျက်လုံးတွေကို ပွတ်တယ်။ ပြန်ငိုက်ချင်တဲ့ပုံ၊ ကိုကျော်သန်းကို သူက တောင် ပြန်မေးနေသေးတာပါ။

"ရောက်ပြီလား"
"ဘယ့်နှယ်ရောက်ပြီလားတုန်း၊ ကိုယ့်လူကလည်း အိပ်လိုက်တာ ဘာမှမေးမရဘူး။ ခင်ဗျားကိုမေးရမှာ ရွာရောက်တော့မှာလား"
"လိုသေးထင်သာပဲ"
"ဘာလိုသေးထင်တာတုန်း၊ ခင်ဗျား လယ်ပြင်ကြီး မသိဘူးလား"
"ဂက်စ်ထည့်စားလာတာ သုံးနှစ်ရှိပါပြီဗျာ၊ ခင်ဗျားတို့ပြောသဲ့ရွာ ကျုပ် တစ်ခါမှကို မရောက်ဖူးသာ၊ ဘုရားများ စူးရပါစေ့"
"ဘူရားစူးရုံမကဘူး၊ ခင်ဗျားကို မြေပါမျိုဦးမှာ၊ မသိဘဲနဲ့များ လမ်းပြလိုက်လာရသလား၊ ခင်ဗျားဟာက မဟုတ်သေးပါဘူး၊ မသိရင်လည်း ဆင်းတော့"

"လမ်းခုလတ် ဆင်းလို့ ဘယ်ဖြစ်မှာတုန်း ဆရာရ၊ ကျုပ်လည်း ဘယ်ဘက်ပြန်ရမှန်းတောင် မသိဘူး။ ကျုပ်ဘက်ကလည်း ထည့်တွက်ဦးမှပေါ့၊ ခင်ဗျားတို့နောက်လိုက်လာတာ စီးပွားရေး လစ်ဟင်းသာပဲ"
ကိုကျော်သန်းက ကားထိုးရပ်လိုက်တယ်။ ကားတံခါးဖွင့်ဆင်းပြီး ရေကျန်သေးသလားမေးတယ်။ ဘူးထဲ မှာ ရေလက်နှစ်လုံးလောက်ကျန်တာကို ကိုချစ်တိုးက လှမ်းပေးတော့ တောက်လျှောက်မော့ပြီး ရေဘူး ခွံကို လွှတ်ပစ်လိုက်တယ်။ နောက်မှ သတိရလို့ ဘူးခွံကို ပြန်ကောက်တယ်။ လမ်းမှာ ရေဖြည့်ရမှာရှိ သေးတာကိုး။

"ကိုချစ်တိုး ခင်ဗျား ဂက်စ်ဆရာက ဟုတ်မထင်ဘူးနော၊ သူ့တစ်သက် အဲသည်ရွာ တစ်ခါမှမရောက်ဖူး ဘူး ပြောနေတယ်"
"မောင်းချလိုက်လေဗျာ၊ လမ်းမသိဘဲ လမ်းပြလုပ်ပြီး လိုက်လာတဲ့ကောင်"
"မဆင်းဘူးတဲ့၊ သူလည်း သူ့ရွာသူတောင် မပြန်တတ်ဘူးတဲ့၊ ဘယ်လိုလုပ်ကြမတုန်း"

ဒါတော့ ဟုတ်သားပဲ။ အခုမှ ဆင်းတော့ဆိုပြန်ရင်လည်း နေပူကြီးထဲ အမှိုက်ထုပ် ပစ်ချထားခဲ့သလို ဖြစ် တော့မယ်။ ဘယ်ဘက်မှ မနီးတဲ့လမ်းပေါ် ခုမှချထားလို့လည်း မကောင်းတော့ ကိုချစ်တိုးက ဘာလုပ်ရ မှန်းမသိတော့ဘူး။ သည်တော့ ငွေသုံးထောင်ပေးပြီး ကားခေါင်းထဲထည့်လာတဲ့ ဂက်စ်ဆရာကို နောက် ကို ပြောင်းစီး ဖို့ ခေါ်ရတယ်။ ကျောင်းအုပ်ဆရာကြီးက အသက်အရွယ်ကြီးပြီဆိုတော့ အနာအုံတဲ့ ကုံကု မံရွက် မီးကင် ထားသလို ဖြစ်နေပြီကိုး။

ဆရာကြီးကို ကားခေါင်းထဲပို့၊ ဂက်စ်ဆရာ နောက်ပြောင်း၊ သည် လိုစီစဉ်တော့ တရုတ်ကြီး ဦးဝိန်က မကျေနပ်ဘူး။
"ဆရာကြီးက ကျုပ်ထက် နှစ်နှစ်တောင် ငယ်တာပဲဗျ၊ အသက်ကြိးတဲ့လူ ရွေးကြေးဆိုရင် ကျုပ်က ကား ခေါင်းထဲ သွားရမှာပေါ့"
ဒါပေမယ့် ဆရာကြီးကိုပဲ ကားခေါင်းခန်းပို့ရတာပါပဲ။ ဆရာကြီးခမျာ ပျော့ခွေနေပြီ မဟုတ်လား။ လူကြီး ဆိုတော့ အဆာလွန်ရာက လေနာ လာပုံရတယ်။ ဗိုက်ကလေး နှိပ်လို့ကိုး။ ကိုချစ်တိုးက ဦးဝိန် ကို ကျိတ် တောင်းပန်တယ်။ မြှောက်လည်း ပေးရတယ်။

"ဦးဝိန်က တစ်ချိန်က အားကစားသအမားဟောင်းဆိုတော့ အကြောင်းမဟုတ်ဘူး။ ကျောင်းအုပ်ဆရာ ကြီးက တစ်သက်လုံး စားပွဲထိုင်လာတာ။ မျော့မျော့ကျန်တော့တယ်။ သည်လိုသာဆက်သွားရင် လမ်း ဘေးမြှုပ်ခဲ့ ရတော့မှာဗျ။ ဒါကြောင့်ပါ"
"တို့ငယ်ငယ်က ဗထူးကွင်းမှာ နေကုန်ခဲ့တာလေကွာ၊ ပေါက်စီနဲ့ ငါက လက်ဖ်ဝင်းရိုက်ဝင်း ကစားခဲ့တာ မင်းလဲ သိသားပဲ ချစ်တိုးရ၊ တစ်ခါတစ်လေ ဘလန်ဒါဆင်း ကစားပေးရတာ ရှိသေးတယ်။ အခု လူငယ် တွေ ကစားတာ အားမရချက်တော့ကွာ"

"အဲဒါ ပြောတာပေါ့၊ ဦးဝိန်နဲ့ မတူပါဘူးဆို၊ နေပူထဲ မိနစ်ကိုးဆယ်လုံးလုံး ပြေးရတဲ့အလုပ် ဦးဝိန်မို့လို့ လုပ်နိုင်ခဲ့ တာလေဗျာ။ အားကစားသမား နှယ်နှယ်ရရမှတ်လို့"
"သက်လုံကောင်းခဲ့တာကိုးကွ၊ ပြည်ထောင်စုဒိုင်းကြီး ဘီအေအေ ကွင်းကြီးမှာ လုကြတော့ တို့မန္တလေး တိုင်း နဲ့ ပဲခူးတိုင်း တွေ့ကြပါရော့ဟေ့၊ တွေ့လဲ တွေ့ရော…"
ဦးဝိန်တောင် စကားဆုံးအောင် မပြောလိုက်ရပါဘူး။ ရှေ့ဘီးဆီက ရှူးခနဲမြည်ပြီး ကားငြိမ့်ခနဲ ခေါင်းထိုး ကျ သွားသလို အိကျသွားပါလေရော။ ဦးဝိန်က သူ့စကား မဆုံးလိုက်မှာစိုးတော့ ကားဘီးပေါက်တာ ဂရု မစိုက်နိုင်ဘူး။ ကိုချစ်တိုးထလိုက်မှာစိုးလို့ ပုဆိုးစဆွဲထားပြီး စကားဆက်တယ်။

"တွေ့လဲတွေ့ရော ငါတို့က ကစားကွက်ပြောင်းထားတာကိုးကွ၊ ပဲခူးတိုင်းက ခါတိုင်းလို ပလေဇင်မှတ် ပြီး ဘယ်သူနဲ့ ဘယ်သူဆိုပြီး ထိန်းနိုင်အောင် လုပ်ထားတယ်။ ဒါနဲ့တို့က ပဲခူးတိုင်းကို…"
"နေဦး… ဦးဝိန်၊ အခုက စစ်ကိုင်းတိုင်းထဲ ကားဘီးပေါက်နေလို့ဗျနော"

ကိုချစ်တိုးနဲ့ မောင်ကြိုင်ပဲ ဆင်းရတာပါ။ နေကလည်း မွန်းတည့်ပြီဆိုတော့ ခေါင်းပေါ်မှာ မီးဖိုကြီးတင် ထားသလို ကျုက်ကျိုက်ဆူလို့။ ခေါင်းပေါ်ဆောင်းထားကြတဲ့ တိုက်ပုံတွေဆိုတာ မီးများထတောက်မ လား မှတ်ရတယ်။ ကိုကျော်သန်းက ကားဘီးကို ဆင်းကြည့်တယ်။ သံထိုးလို့ ပေါက်တာတော့ ဟုတ်ပုံ မရဘူး။ ဘီးက နဂိုကလည်းပါးနေတော့ ကားလမ်းပေါ်မှာ ငါးဆူးတောင်လို ပါးဟက်စောင်းထနေတဲ့ မြေမာမာက ထိုးခွဲလိုက်တာလို့ တွက်တယ်။ တော်ပါသေးရဲ့။ စပယ်ယာဘီး အပိုတစ်လုံးပါလို့။ ဒါပေ မယ့် ကိုကျော်သန်း စိတ်ပူတယ်။ သည်အပိုတစ်လုံးနဲ့ ဘီးလဲပြီးသွားလို့တော့ရပါရဲ့၊ နောက်တစ်လုံး ပေါက်ရင်ကော၊ အပြန်ခရီးကလည်း ရှိသေးတာကိုး၊ ကားများ တစ်စုံတစ်ရာ ချွတ်ယွင်းလို့ကတော့ အနားက ရွာတွေမှာ ဘာမှလုပ်လို့ကိုင်လို့ မဖြစ်နိုင်လေတော့ စစ်ကိုင်းမြို့ပြန်ရောက်မှ ဖြစ်တော့မှာ လေ။ ဒါကိုကိုချစ်တိုးလည်း တွေးမိတယ်။

"ကိုကျော်သန်း ဘီးလဲတာတော့ ဟုတ်ပြီ၊ နောက်တစ်လုံးပေါက်ရင် ခက်ပြီဗျို့၊ အပြန်ခရီးကလည်း ရှိ သေးတာဗျ"
"ဟုတ်တယ် ကိုချစ်တိုးရေ၊ ကျွန်တော်လည်း အဲဒါပဲ စဉ်းစားနေတာ၊ ကိုင်းဗျာ ဖြစ်လာမှ ရောက်ရာပေါ့။ မောင်ကြိုင် ဘီးတွေဖြုတ်ကွာ"
သတို့သား မောင်ကြိုင်က ၀တ်ထားတဲ့ လည်ကတုံးအဖြူကို လက်တွေပင့်တင်တယ်။ ကားနောက် အောက်ဖက် မှာထားတဲ့ တာယာကို တဂျိဂျိနဲ့ အောက်ချတယ်။

ပေါက်သွားတဲ့ဘီးအောက် အမာခံတန်း မှာ ဂျိုင်းထောက်ပြီးဆွဲမ၊ ကားခေါင်းကြွလာတော့မှ ဘီးကို မြေစိုင်ခဲနှစ်ခဲညှပ်ပြီး မူလီတွေဖြုတ်ဖို့ လုပ် တယ်။ ကိုချစ်တိုးက မူလီထဲကို ခွစွပ်ပေးတော့ မောင်ကြိုင်က သံပိုက်လုံး နဲ့ ဖိဖိချတယ်။ မူလီတွေပြုတ် သွားတော့ စပယ်ယာ တာယာတပ်၊ မူလီတွေ ပြန်ကျပ်။ သေချာအောင် ဆွဲဆွဲညှစ်။ ချွေးတွေလည်း ပေါက်ပေါက်ကျပြီ။ မောင်ကြိုင်က ပေါက်သွားတဲ့ တာယာကို သူ့နေရာသူ ပြန်ထားမယ်လုပ်တော့ ကို ချစ်တိုးက ကားပေါ်သာတင်လိုက်လို့ ပြောတယ်။ ကြာနေမှာစိုးလို့။
ကိုချစ်တိုး နာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့ မိနစ်လေးဆယ်ပါ။ နေလုံးကြီးဆိုတာ ခေါင်းပေါ်မှာ ပြူး လို့။
(၅)

"အေးသီ"
"အမေ"
"ဘယ်မှာတုန်း နင့်လင် သေချင်းဆိုးက"
"အမေကလဲ မင်္ဂလာဦးမှာ မဦးမချွတ်၊ လာကြမှာပါတော် ဘာဖြစ်နေမှန်းမှ မသိတာ"
"ဘာမင်္ဂလာဦးလဲ ဟင်၊ ဘာမင်္ဂလာဦးလဲ ဘာဖြစ်ရမလဲ ကားမှောက်လို့ နေမှာပေါ့"
အေးသီတို့ရွာမှာလည်း ပြဿနာတွေနဲ့ပါ။ သည်နေ့သည်ရက် မနက်ဆယ်နာရီ လူကြီးစုံရာနဲ့ လာမြန်းပါ့ မယ် စိတ်ချလို့သာ နေပါတော့ဆိုတဲ့ စကားတစ်ခွန်း က စလိုက်တဲ့ ကြောင်းလမ်းပွဲ မွန်းကြီးထိန်ထိန် တည့် တာတောင် ပေါ်မလာကြတော့ ရွာက ဘယ့်နှယ့်ဟာတုန်း ညည်းတို့ဟာတွေ ဘာတွေဖြစ်ကုန်ကြ ပြီ။ ရွာက ဒေါသဖြစ်တာ ထားလိုက်ဦး။ သတို့သမီးအေးသီရဲ့အမေ မစွန်မက မနက်မိုးမလင်းခင်က မရှိ တာရှိတာ ရှာဖွေပြီး တင့်တင့်တယ်တယ် တည်တည်ပပကလေးမှ ဖြစ်ပါစေတော့ဆိုပြီး မိန်းကလေးရှင် တန်မယ့် ချက်ဟယ် ပြုတ်ဟယ်လုပ်ရရှာတယ်။

သားမက်လောင်းက မန္တလေးက စက်ဆရာလို့ပြောထား တော့ ရပ်ရွာကလည်း အေးသီ စက်ဆရာနဲ့ အကြောင်းပါမယ် ဆိုတာကိုပဲ ၀မ်းသာကြတယ်။ မုဆိုးမ သားအမိဆင်းရဲရှာတာလည်း မျက်မြင်ကိုး။ အနောက်ရွာ တွေ ဘက်မယ် ခြံနဲ့စိုက်တဲ့ သနပ်ခါးကို မြို့ယူ ရောင်းတာနဲ့ စားကြရှာတယ် ဆိုပေသိ သနပ်ခါးပင် ကို ဆယ်ပင်ဟယ်၊ အပင်နှစ်ဆယ်ဟယ် ၀ယ်ထား ပြီး ဆစ်ပိုင်းရောင်းနိုင်တာမျိုးမဟုတ်ဘူး။ သည်ခေတ် သနပ်ခါးတစ်ပင်ကလည်း အပွေးကောင်း၊ အပင် လှရင် နှစ်သောင်း၊ သုံးသောင်းဈေးရှိတော့ မစွန်မတို့ သားအမိက တစ်ပင်တောာင် မ၀ယ်နိုင်ဘူး။ သနပ် ခါးခြံပိုင်ရှင်တွေဆိုတာက ကြံများလို ကိုယ့်အခင်း ထဲကကြံ တစ်ပင်ချင်းခုတ်ရောင်းနေတာမျိုးမဟုတ် တော့ အကြွေးယူ ပြီး အရင်းမဆပ် လုပ်မဖြစ်ဘူး။ သည်တော့ သနပ်ခါးပွဲစားတွေဆီက ဈေးဖြတ်ပြီး အကြွေး ယူရရှာတာပါ။ မန္တလေးကို တစ်ဆင့် ပို့တော့ တစ်ဈေးရပြီ၊ မန္တလေးနဲ့ စစ်ကိုင်းဆိုပေမယ့် တစ်ပတ်တစ် ခါတောင် သွားဖြစ်လာဖြစ်တာ မဟုတ် တော့ တစ်လတစ်ခေါက် အနိုင်နိုင်ရယ်။

မန္တလေးက ငွေကလေး ပြန်သိမ်း၊ သနပ်ခါးပွဲစားပြန်အပ်၊ ပိုတာလေး သုံးကြရတယ်။ အေးသီက ရွာ့အခင်း တွေမှာ ဘောက်လုပ် ငန်းမှန်သမျှ ၀င်လုပ်တာလည်းရှိရဲ့၊ မစွန်မကလည်း နာမည်နဲ့လိုက်အောင် စွန်မကြီး တစ်ကောင် ၀ဲနေ သလိုပါပဲ။ လူက လှပ်လှပ်ကလေးနဲ့ အလုပ်များတော့ ဒေါင်းတိမောင်းတိ သိပ်ရှိတယ်။ သည်တော့ သားအမိနှစ်ယောက် ၀၀လင်လင် စားရပါရဲ့။ ပိုတယ်ရယ်လို့တော့ မရှိဘူး။
အေးသီ နဲ့ မောင်ကြိုင် ကြိုက်ကြလို့ အခါလည်တော့မှ အေးသီက မအေကိုဖွင့်ပြောတာပါ။ မောင်ကြိုင် က သံလျက် မော်ဘက်မှာ စက်ဆရာဖြစ်တဲ့အကြောင်း၊ သဘောမနောကောင်းကြောင်းလောက် ပြော နိုင်တာ ပါပဲ။ အမေကတော့ အဝေးလွှတ်ရတဲ့ သမီးလေး အချိန်မတိုင်ခင် အမှားအယွင်းရှိမှာစိုးတာက လွဲရင် မြို့သား နဲ့ မေတ္တာရှိတယ်ဆိုတာကိုတော့ ၀မ်းသာပါရဲ့။ သူလည်းငယ်ရာကကြီးလာသူဆိုတော့ သည်ကိစ္စ တားမဖြစ်ဘူး ဆိုတာလည်း သိတယ်။

"စက်ဆရာ ဆိုတော့ ဘာစက်ဆရာတုန်း သမီးရဲ့"
"ဘာစက်ဆရာ လဲတော့ မပြောတတ်ဘူး"
"ညည်းဟာက အေ ဘာဖြင့်ဘာ ညာဖြင့်ညာဆိုတာတောင် မပြောဘူးလား၊ ညည်းကို ညာနေတာများ လားအေ"
"သူ့အင်္ကျီ ဘောင်းဘီတွေမှာတော့ စက်ဆီတွေ ပေကျံနေတာပဲ အမေရဲ့… စက်ဆရာ ဟုတ်လောက်ပါ တယ်"
မစွန်မ ကလည်း ဘာစက်ဆရာမှန်းမသိတဲ့ သမီးဖြစ်သူရဲ့ရည်းစားကို စက်ဆရာလို့ပဲ မှတ်ထားလိုက် တာပါပဲ။ တစ်ရက်တော့ လိုက်လည်ကြည့်တယ်။
"နို့ မျိုးရိုးက မန္တလေးကပဲလား"
"ဟုတ်ထင်ပါရဲ့"
"လူပျိုလူလွတ် ကော ဟုတ်ရဲ့လား အေးသီရယ်၊ နဖားကြိုးကြီးနဲ့ ဖြစ်နေပါဦးမအေ"

"ဟုတ်ပုံ ရပါတယ် အမေရဲ့"
အေးသီ က သည်အထိတော့ အတွင်းနှိုက်မသိနိုင်ဘူးကိုး။ သူ့စိတ်ထဲရှိတဲ့အတိုင်း ဖြေတာပါ။
"နို့… အိမ်နဲ့ရာနဲ့ကော ဟုတ်ကဲ့လားအေ… ခွေးတိုးဝက်ဝင်ဖြစ်နေပါဦးမယ်"
"ကိုကြိုင် ပြောတာကတော့ သူ့ဆရာ အိမ် နေတယ် ပြောတာပဲ အမေရဲ့၊ လခတွေလည်း သူ့ဆရာ ကတော် က စုဆောင်းပေးတာတဲ့"
"ညည်းက မမေးဘူးလား အိမ်ထောင်ရက်သားပြုရင် ဘယ်လိုနေကြထိုင်ကြမှာလဲလို့ သူ့စိတ်ထဲတော့ တွေးပြု ထားတာ ရှိမှာပေါ့"
"ကျုပ်ဖြင့် မသိပေါင်"

"ဟယ်… ဗိုင်းတာမ ကြိုက်သာလာသယ်၊ ဘာတစ်ခုမှ စစ်စစ်ပေါက်ပေါက် မရှိခဲ့ဘူး။ ကိုယ်သူမယ့်လင် ချိုကုပ် လား၊ ချိုထောင် လား မကွဲဘူး"
မစွန်မ က စိတ်ကလည်းမြန်တော့ သမီးခေါင်း ဒေါင်ခနဲခေါက်ပြီး မျက်နှာတစ်ဖက် လွှဲနေတယ်။ မအေ ပြောလည်း ပြောစရာပါ။ အေးသီက မောင်ကြိုင်နဲ့ ကမ်းနားဈေးထဲတွေ့ကြတာ။ အေးသီ ဖောက်သည် သွင်းတဲ့ ဆိုင် က ပိုင်ရှင် မတင်ကြည် က မောင်ကြိုင့်ဆရာ ကိုကျော်သန်းမိန်းမနဲ့ ခင်ကြသူတွေ။ တစ်ရပ် ကွက်တည်း လိုလိုဖြစ်နေတော့ သနပ်ခါးကောင်းလေးများပါရင် ဈေးထဲမုန့်စားနေတဲ့ မောင်ကြိုင်ကနေ တစ်ဆင့် မင်းအစ်မပေးလိုက်ဆိုပြီး သနပ်ခါးလေး ငါးချောင်း ပါးလိုက်တာမျိုးရှိတယ်။ အေးသီ က သနား ကမား ကလေး၊ တောသူမိန်းကလေးဆိုတာကို မောင်ကြိုင် သဘောကျတယ်။

ရယ်လိုက်ရင် သွားစွယ် လေး ပါတာကိုလည်း သူ့စိတ်ထဲ ချောလှချည့်ထင်တာကိုး။ သည်လိုနဲ့ မတင်ကြည်ဆိုင်မှာ တစ်ခါတွေ့ နှစ်ခါတွေ့ တွေ့ကြရုံရှိသေး၊ မောင်ကြိုင်က သည်တစ်ခါလာရင် ရည်းစားစာပေးတော့မယ်လို့ ပိုင်းဖြတ် ပြီးနေပြီ။ မတင်ကြည်ဆိုင်သွားရတာလဲ အမော။ မတင်ကြည်ကလည်း သိပါတယ်။

"အစ်မ သနပ်ခါးကောင်မလေး လာသေးလား"
"အေးသီလား သူက တစ်လမှ တစ်ခေါက်လောက်လာတာ ငါ့မောင်ရဲ့၊ နောက်လေးငါးရက်လောက်ဆို လာတော့ မှာပါတော်၊ ဘာလဲ မင်းက အေးသီကိုကြိုက်လို့လား"
"ကြိုက်တယ်ရယ် မဟုတ်ပါဘူး"
"မကြိုက်လဲ ပြီးတာပဲကွယ်၊ ကြိုက်တယ်ဆိုရင်လဲ ပြောပေးရသား၊ မင်းက မကြိုက်မှတော့ ငါ့တူ လှသန်း နဲ့ စပ်ပေး ရတော့မှာပေါ့"

မတင်ကြည်က အေးသီကို ကြိုက်မှန်းသိလို့ မောင်ကြိုင့်ကို စလိုက်တာပါ။ လှသန်း နဲ့ စပ်ပေးမယ်လို့လဲ ကြားရော မောင်ကြိုင့် မျက်နှာ အိုကျသွားလိုက်တာ ဘာပြောကောင်းမလဲ။ ရင်တွေ ပန်းတွေလည်း တုန် သွားပုံ ပေါ်တယ်။ ဘာဆက်ပြောရမှန်း မသိတော့ ငူငူကြီးရပ်နေလိုက်တာ ဆိုင်ဝက မပြန်တော့ဘူး။ မတင်ကြည် ကတော့ ရယ်ချင်စိတ်မျိုချထားပြီး သည်ကိစ္စဆက်ပြောစရာအကြောင်းမရှိတော့ဘူးဆိုတဲ့ပုံ လုပ်ထား လေရဲ့။ မောင်ကြိုင် ရိုးသားမှန်းသိတော့ ရယ်ချင်တာ နဲ့ တမင်လုပ်ထားတာပါ။

"သည်လို အစ်မရဲ့"
"သြော်ကွယ်… မင်းမှ မကြိုက်ပဲနဲ့ဟာ ငါ့တူ လှသန်းက ကြိုက်လိုက်တာမှ တစ်ပိုင်းသေလို့"
"အစ်မနှယ် ကျုပ်ကလဲ မကြိုက်ဘူးတော့ ဘယ်ဟုတ်ပါ့မလဲ"
"မင်း အဲသလိုတော့ မဝေ့နဲ့လေကွယ်၊ မိန်းကလေးကိုကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ပြော မှပေါ့။ ငါက တာဝန်ခံရမှာဟဲ့"

"ကြိုက်လှချည့်ဗျာ၊ ကိုင်း ဘာဖြစ်သေးတုန်း"
ကိုင်း… ဘာဖြစ်သေးတုန်းလည်းဆိုရော မတင်ကြည်က ရယ်လိုက်တာ ခွက်ခွက်လန်လို့။ ဘေးဆိုင်က မိန်းမ တွေကလည်း မတင်ကြည်နဲ့ မောင်ကြိုင်ပြောနေတာကို ကြားနေရတော့ မတင်ကြည်က စတာ ရော၊ မောင်ကြိုင် အူတာကိုပါ သိကြတာကိုး။ အုန်းခနဲ ၀ိုင်းရယ်ကြတယ်။ သည်လိုနဲ့ ကြိုက်ရတဲ့ မိန်းကလေး ပေမယ့် တစ်လ မှ တစ်ခါ တွေ့ရတာပါ။

တစ်လတစ်ခါ ဆိုတာကလည်း ဥပုသ်နေ့နဲ့ မတိုင်ဆိုင်ရင် မျက်နှာလောက် မြင်ရရုံကိုး။ အလုပ် မပိတ်တာ ရယ်၊ သမီးရည်းစား ရယ် လို့ အေးသီနဲ့လျှောက်လည်ဖို့ အချိန်မရတာရယ်ဆိုတော့ လူချင်း တွေ့ရတာ လောက် နဲ့ ပြီးရတာများတယ်။ တစ်ခါတစ်လေ အလုပ် ကျပ်တဲ့ရက်နဲ့တိုးရင် ဈေးထဲသွားဖို့တောင် အချိန် မရတာ များလည်းရှိတော့ မတွေ့လိုက်ရတာလည်း ရှိ တတ်တယ်။ ဒါဆိုရင် ဝေးပြန်ပါလေရော တစ်လ။

တစ်ခါတော့ မောင်ကြိုင်က အေးသီကို ဓာတ်ပုံတောင်းသတဲ့။ အေးသီမှာ ဓာတ်ပုံမရှိဘူး။ ပြောသာပြော တာပါ။ မောင်ကြိုင့်မှာလည်း ဓာတ်ပုံရယ်လို့ မရှိပါဘူး။ အလုပ်ရုံက ကထိန်ခင်းလို့၊ ဘုရားဖူးတို့လို၊ စစ် ကိုင်း မင်းကွန်းဘက်သွားကြလို့ အများနဲ့ရိုက်ထားတဲ့ပုံတော့ ရှိပါရဲ့။ တစ်ယောက်တည်းရိုက်တဲ့ ရှိုးပုံမ ရှိဘူး။ မောင်ကြိုင်က ရည်းစားကို ဓာတ်ပုံပေးတဲ့အခါကျတော့ သံရည်ကျိုရုံက သူငယ်ချင်းတွေ မင်းကွန်း မှာ စုရိုက်ထားတဲ့ပုံ ဖြစ်နေတယ်။ အေးသီက ဓာတ်ပုံကိုကြည့်ပြီး စိတ်ကောက်ချင်ဟန်ဆောင် တယ်။

"ကိုကြိုင့်ဟာက ကျွန်မမှာ ရည်းစားတွေများသလို ဖြစ်နေပါပကောလား။ ကျွန်မသူငယ်ချင်းတွေက ညည်း ရည်းစား ဘယ်ဟာလဲဆိုရင် ဘယ်သူ့ပြရမှာတုန်း၊ ကျရာလူ ပြလိုက်မှာပဲ"
"ကိုကြိုင့်ပုံကိုချန်ပြီး ကျန်တဲ့ပုံ ညှပ်ပစ်လိုက်ရင် ရတာပဲဟာ"

အေးသီက ရွာရောက်တော့ တကယ်လည်း ညှပ်ပစ်ရှာပါတယ်။ ဘယ့်နှယ်ရည်းစားမဟုတ်တဲ့ပုံတွေ ယူ မထားနိုင်ပေါင်တော်ပေါ့လေ။ သည်တော့ မောင်ကြိုင့်ပုံက ရှည်တောက်တောက်ကလေးဖြစ်နေရော။ ကလေးစားတဲ့မုန့်လက်ညှိုးလောက်ရှိတာပါ။ အေးသီကလည်း ရည်းစားဓာတ်ပုံဆိုပြီး ရွာကသူငယ်ချင်း တွေကို ပြတယ်။ သူငယ်ချင်းတွေခမျာ သည်လိုဓာတ်ပုံမျိုး မတွေ့ဘူးတော့ မြို့က ဖက်ရှင်ထင်ကြတာ ပေါ့။ အခု အဲသလို ပုံကလေးတွေ ခေတ်စားနေပုံရတယ်လို့ပဲ တွေးကြတယ်။ အေးသီမှာ ရည်းစားဓာတ် ပုံရယ်လို့ အဲသလို ရှည်မြှောင်းမြှောင်းကလေးရှိပေမယ့် အေးသီမှာ ဓာတ်ပုံမရှိတော့ မောင်ကြိုင့် ကို မပေးရ သေးဘူး ဖြစ်နေတယ်။ စစ်ကိုင်းမြို့မှာ ရိုက်ရင်တော့ ရမှန်းသိပါရဲ့။

ဓာတ်ပုံဆိုင်ထဲဝင်ပြီး ကျွန်မ ဓာတ်ပုံရိုက်ချင်လို့ပါ ရှင်ရယ်လို့မပြောဝံ့တာက တစ်ကြောင်း၊ ပိုက်ဆံတွေ မတရား ကုန်လေမလား တွေးမိတာက တစ်ကြောင်းဆိုတော့ ဓာတ်ပုံမရှိရှာဘူး။ တောရွာခေါင်ခေါင်ဘက် နေကြရတာ ဆိုတော့ ဓာတ်ပုံရယ်လို့လည်း စိတ်ရှိတိုင်းရိုက်ဖြစ်တာ မဟုတ်ပဲကိုး။ ရွာက ချမ်းသာတဲ့ မင်္ဂလာဆောင် တို့၊ အလှူ တို့မှာ ရွာကိုလာရိုက်ကြတဲ့ ဓာတ်ပုံဆရာရှိခဲ့ပါရဲ့။ မိန်းမပျိုတချို့က အရဲစွန့်ပြီး အမှတ်တရ ရှိုးပုံ တွေ ရိုက်ကြတာတွေလည်း ရှိပါရဲ့။ အေးသီ မရိုက်ခဲ့ရဘူး။ ဓာတ်ပုံရိုက်ဖို့ဆိုတာ အေးသီ တို့လို နွမ်းပါးကြသူ တွေအဖို့တော့ တောင့်တစရာကိစ္စ မဟုတ်သလိုကိုး။ ရှိတော့လည်း ဘာမှမဖြစ်ဘူး။ မရှိ တော့လည်း ဘာမှမဖြစ်ဘူးဆိုသလို နေသာသလို နေခဲ့တာပါပဲ။ အခုတော့ ရည်းစားလုပ်တဲ့သူက တောင်းနေပြီ။ ပေးလည်းပေးချင်တယ်၊ ရှိလည်း မရှိဘူ။
"ကိုကြိုင် လိုက်ရိုက်ပေးလေ၊ ပြီးတော့ ရွေးယူထားလိုက်ပေါ့"

မန္တလေးလိုမြို့မှာ ဓာတ်ပုံဆိုတာ ဘာမှမခဲယဉ်းတော့ဘူးဆိုပေမယ့် တကယ်ကျ မောင်ကြိုင်လည်း ဘာ ကစလုပ်ရမယ်မသိဘူး။ ဥပုသ်တော်ကုန်းဘက် ထွက်လိုက်ရင် ဓာတ်ပုံဆိုင်တွေ ရှိသားပဲ။ ဥပုသ်တော် ကုန်း ထိတောင် မထွက်ရပါဘူး။ ချော်ဆိပ်ဘက်၊ ဈေးဘက်၊ တိုက်တန်းလျားတွေဘက်မှာလည်း ဓာတ် ပုံဆရာတွေ ရှိပါ့။ သည်ကိစ္စ မတင်ကြည်ပြောပြတော့ မတင်ကြည်က ဓာတ်ပုံဆရာအခေါ်ခိုင်းပြီး ရိုက် ပေးလိုက်တော့မှ အဆင်ပြေသွားတာပါ။

မောင်ကြိုင့်မှာ အေးသီဓာတ်ပုံရှိပြီ၊ အေးသီမှာ မောင်ကြိုင့်ဓာတ်ပုံရှိပြီ။ သည်လို ချစ်ခဲ့ကြတဲ့ ချစ်သူဘ၀ ကနေ အေးသီကလာတောင်းရမ်းဖို့ပြောတော့ မောင်ကြိုင်ကလည်း လက်ခံတယ်။ ဒါနဲ့ အေးသီက အမေ မစွန်မ ကိုဖွင့်ပြောတော့ အမေက လိုက်အကဲခတ်တယ်။ သမီးရဲ့ရည်းစားက ရိုးသားတယ်၊ အလုပ်အကိုင် ရှိတယ်၊ ဆရာသမားက ချစ်ခင်တယ်၊ အေးသီကိုလည်း မြတ်နိုးပုံပေါ်တယ်ဆိုတာလောက် တော့ မစွန်မ အကဲခတ် နိုင်ပါတယ်။ သနပ်ခါးသည် မတင်ကြည်ကလည်း ထောက်ခံတယ်ဆိုတော့ သမီးသဘောပေါ့။ သမက်လောင်း ကိုလည်း ဘုရားစူးလွတ်ရုံ အဲသည်တစ်ခါ တွေ့လိုက်ရတာလွဲရင် ကျီးလား၊ ခင်ပုပ်လား တောင် မကွဲခဲ့ပါဘူး။ ယောက္ခမလောင်းရယ်လို့ ဆရာ့အိမ်ကို သမီးနဲ့လိုက်သွားလို့ သာကိုး။ လက်ဖက်ရည် ဆိုင် လိုက်ထိုင်ပြီး သားအမိနှစ်ယောက် လက်ဖက်ရည်တိုက်လွှတ်လိုက်တာနဲ့ ပြီးခဲ့ရတာ။

အခုတော့ ဘာမှခြေခြေမြစ်မြစ်မရှိခဲ့တာကစပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရပြီ။ သမီးကမှ ရည်း စား အကြောင်း လည်ရည်ပတ်ရည် မသိမှတော့ မအေက ဘာသိမှာတုန်း။ စစ်ကိုင်းနဲ့ မန္တလေး မြစ်ခြားရုံ ဆိုပေမယ့် သူတို့ရွာက စစ်ကိုင်းနယ် အနောက်စွန်မှာ။ ခေါင်ကလည်း ခေါင်၊ လမ်းပန်းကလည်းမသာ တော့ ကြိုတင် ညှိဟယ် နှိုင်းဟယ်လုပ်ရမယ့်ကိစ္စ မလုပ်နိုင်ခဲ့ဘူး။ သမီးအေးသီ မန္တလေးက တစ်ခေါက် ပြန်လာတော့ သည်နေ့သည်ရက် ကိုကြိုင်က သူ့ဆရာတွေနဲ့ လာမြန်းလှည့်တော့မယ်ပြောလို့ ထစီစဉ် လိုက် ရတာကိုး။ ငွေရယ်၊ ကြေးရယ်လို့ မောင်ကြိုင်ကလည်း ကြိုကြိုတင်တင် ထည့်ပေးလိုက်တာ မရှိ တော့ ရွာကပဲ ချေးရငှားရတယ်။

ရပ်ထုံးစံ၊ ရွာထုံးစံ မိန်းမလာမြန်းလာကြမယ့် ဧည့်သည်တွေကို ထမင်း ကျွေးရမှာကိုး။ အိုးသူကြီးနဲ့ အိုးကြီးချက် မချက်နိုင်လေတော့ လူဆယ့်လေးငါးယောက်စာလောက် တွက်ပြီး ချက်ထားလိုက်တယ်။ ရွာဘုံ က ဖျာကြမ်းသုံးလေးချပ် ငှားခင်း၊ ဘုန်းကြီးကျောင်းက ငါးစပ် တင်းတိမ်ငှားပြီး ထရံပေါက် ထရံကြဲ ကို လှည့်ကာရတယ်။ ရွာမိ ရွာဖတွေ အကြောင်းကြား၊ ရွာကာလ သား၊ ကာလသမီးတွေဖိတ်၊ မရှိတဲ့ အထဲက ကောင်းတာလေး ထုတ်ဝတ်ကြပြီး သားအမိနှစ်ယောက် မောင်ကြိုင့်ကိုစောင့်လိုက်ကြတာ မွန်းသာ တည့်ရော ရောက်မလာကြဘူး။ မနက်ဆယ်နာရီကတည်းက ရောက်နေကြတဲ့ ရပ်ရွာက လူကြီးသူမ၊ ကာလသမီး ကာလသားတွေကလည်း ပွစိပွစိဖြစ်ကုန်ကြပြီ။

"အခုတော့ ကောင်းကြသေးရဲ့လား၊ ညည်းကို ယုံမိတာလေ ငါ့ကိုယ်ငါ မခံချင်တာ၊ ရပ်နဲ့ ရွာနဲ့နေတာ ဟဲ့။ အခု လူကြီးတွေပါ လိမ်ရာကျနေပြီ။ မဦးမချွတ်တော် ကျုပ်သမီးကလေး ဒင်းမို့ ယုတ်မာတယ်။ လာစမ်းပစီ အစိမ်းလိုက် ကို ၀ါးစားပစ်လိုက်စမ်းမယ်၊ ဟင်း… ဟင်း"
မစွန်မက သမီးကိုလည်းငေါက်၊ လူကြီးတွေလည်း လှမ်းဖာထေး၊ မောင်ကြိုင့်ကိုလည်း မေတ္တာပို့၊ တစ် ကြိမ်တည်း သုံးမျိုးလုပ်နေတော့ ရွာက ဘကြီးဖိုးကိုးက သားအမိသနားတယ်နဲ့ တူပါရဲ့၊ စိတ်လျှော့ဖို့ ပြောရ တာပေါ့။ ရပ်နဲ့ ရွာနဲ့ဆိုတော့သည်ကိစ္စက အကျည်းတန်နေပြီကိုး။ တုတ်တစ်ပြက် ဓားတစ်ပြက် ဖြစ်တတ်တာ တွေလည်း ကြုံဖူးလှပြီဆိုတော့ ကြိုတင်စကားဖာရှာတယ်။
"ဟဲ့… စွန်မရဲ့ ခရီးကဝေးသကောဟဲ့။ နင်တို့က မဟုတ်တာ၊ သတို့သားက ရွာမရောက်ဖူးတာ နင်တို့က စောင့်ကြပ် ခေါ်ပြုလာရမယ့်လူတော့ စီစဉ်ထားရမှာပေါ့။ ရွာထဲ ကလေးတွေ အများသားဟာကို ဟိုခမျာ ဘာ အခက်အခဲ ရှိသလဲမှ မသိတာ အပြစ်တင်မစောကြပါနဲ့ဟယ်"

မွန်းလည်းတိမ်းပြီ။ ဧည့်သည်တွေကလည်းမလာတော့ မနက်ကိုးနာရီလောက်ကတည်းက လာပြီး ငုတ် တုတ် ထိုင်နေကြတဲ့ လူကြီးတွေကို အားနာဖို့ကောင်းပြီလေ၊ သည်တော့ ရွာကလူကြီးတွေကို ရှိတာ လေးချပြုကျွေးဖို့ ပြင်ကြရပြီ။ နဂိုအစီအစဉ်က ရွာကလူကြီးတွေအတွက် ထည့်ချက်ထားတာ မပါဘူး။ ဆယ်နာရီ လောက်ကြောင်းမြန်းပြောဆိုပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ကြရုံကိုး။

အဝေးဧည့်သည်စာလောက် မှန်းချက်ထားတာဆိုတော့ အလွန်ဆုံးရှိရင် ဆယ်ယောက်၊ ဆယ့်ငါးယောက် စာပေါ့။ လယ်ကြား ငါးတစ် ခွက်၊ ၀က်သားတစ်ခွက်၊ ပဲဟင်းချိုတစ်ခွက်၊ ငရုတ်သီးကြော်တစ်ခွက်ထည့်ပြီး အသုပ် ကလေး၊ အမြှုပ် ကလေးလောက် ချက်ထားတာပါ။ ခုတော့ မစွန်မ က ဧည့်သည်အတွက်ရယ်လို့ ချက် ပါတယ်။ မရှိရတဲ့ ကြားထဲ ရွာခံတွေကို ကျွေးရတော့မှာဆိုတော့ အေးသီအပေါ် ဒေါသတွေ ပိုကျလာခဲ့ရော။ ကြားမှာစိုး တော့ ကျိတ်ဆဲရတာပါ။
"ထိုင်နေကောင်းသား ထသွားမှ ကျိုးမှန်းသိ၊ မရှိရတဲ့ကြားထဲ အပဲ့ဆားထိအေ၊ ညည်းတို့များ လင်လဲ လိုချင် သေးတယ်လေ ငါ မပြောလိုက်ချင်ဘူး။ မျက်နှာများ ဘယ်ထားရမှန်းတောင် မသိအောင်ပါလား အေး။ ဟင်း… ဟင်း… ငါလေ…"
အေးသီကတော့ ဆူသမျှ၊ ဆဲသမျှ ငုံ့ခံရတော့မယ့် အခြေအနေဆိုတော့ မအေကို ဘာမှပြောမနေတော့ ပါဘူး။ လမ်းဘက်ကို လှမ်းမျှော်တယ်။ ကိုကြိုင် က သူ့ဆရာကားနဲ့ လာမယ်ပြောထားတော့ ရွာထဲဝင် လာမယ့် ကားမျှော်ရတာလည်း မောလှပြီ။ အမေပြောလည်း ပြောစရာ။ အေးသီကတော့ စိတ်မလျှော့ သေးဘူး။ ကိုကြိုင် သူ့ဆီလာကို လာမှာပါ။ လမ်းပေါ်တစ်နေရာမှာများ ရှိနေရော့လား။
(၆)

ကိုချစ်တိုး က နောက်ခန်းကိုရောက်လာတဲ့ ဂက်စ်ဆရာကို အကဲခတ်တယ်။ ခုထိ စကားတစ်ခွန်း မပြော သေးဘူး။ တကယ်ဆိုရင် ဟိုးကမြင်ရတဲ့အုပ်အုပ်က ဘာရွာ၊ ရာဟုထောင့်က ညို့ညို့က ဘာရွာ၊ ရှေ့ ကျရင် ဘာတွေ့မယ်၊ တွေ့ရင် ဘယ်လမ်းကိုလိုက်ရမယ် စသည်ဖြင့် တစ်ခုခုတော့ ပြောရမှာပေါ့။ ဘယ့်နှယ် အခုဟာက ငုံးစုံပစ်ထိုင်လိုက်လာတာ ကားအပျော်လိုက်စီးနေတာကျလို့။ ကိုချစ်တိုးက ဂက်စ်ဆရာကို တို့တယ်။ အသံလေးတင်ပြီး ငေါက်ရတာပေါ့။

"နေဦး… ခင်ဗျား ဂက်စ်က ဘယ်ရွာတွေမှာ လိုက်ဖြည့်ရတာတုန်း၊ ခင်ဗျားကလဲ စကားလေးဘာလေး ပြောဦးလေဗျာ၊ လမ်းမသိ လို့ ခေါ်လာပါတယ်။ ခင်ဗျားက စကားလဲမပြောဘူး"
"လိုက်ဖြည့်ရတဲ့ ရွာတွေရယ်လို့တော့ စာရင်းလုပ်မထားဘူးလေဗျာ၊ ရောက်ရာပေါက်ရာ သည်လိုသွား ရသာကိုး"
"နေဦး သည်လမ်းလောက် ရွာဆက်ပြတ်တာ သည်လမ်းပဲရှိတယ်။ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဂက်စ် လိုက်ဖြည့် တာလဲ။ အိမ်လဲမမြင် လူလည်းမမြင်၊ ဘယ်ကမီးခြစ် သွားထည့်မှာတုန်း"
"အဲသာပေါ့ ကျုပ်လည်း စဉ်းစားနေတာ… ကျုပ် သည်လမ်းကို တစ်ခါမှမရောက်ဖူးဘူးရယ်"
"အလို ခင်ဗျားကို သည်လမ်းပေါ်တွေ့လာတာပဲ။ ခင်ဗျားပဲသိဆို"

"သည်လမ်းအူကြောင်းကြီးကို အရပ်ရပ်က လာဆက်သဲ့ လမ်းတွေရှိတယ်ဗျ၊ ကျုပ်ကလည်း သည်လမ်း ပေါ် ဘယ်လိုရောက်လာမှန်းမသိသာ၊ကျုပ်သွားနေကျလမ်းကတော့ အရှေ့ဘက်ထွက်ရင် စစ်ကိုင်း ရောက်သယ်လေ"
"ဟောဗျာ သည်လမ်းအူကြီးက သည်တစ်လမ်းထဲရှိတာ မဟုတ်ဘူးလား"
"ဘယ်ဟုတ်ပါ့မလဲ လမ်းတွေရှိသေးမှတ်သာပဲ။ ကျုပ်သွားနေကျလမ်းက သည်လောက် ရွာဆက်မပြတ် ဘူး၊ တစ်ခုတော့ ရှိသယ်"
"ပြောပါဦး"
"ဘယ်လမ်းကသွားသွား လမ်းသုံးမွှာတော့ ရောက်သာချည်းပဲ။ ဘိုးတော်ဇရပ်လမ်းဆုံလို့ ခေါ်ကြသာ၊ အဲသာတော့ ကျုပ်ကြားဖူးသယ်။ ခင်ဗျားတို့ အခုသွားသာက ဘိုးတော်ဇရပ် ဦးတိုက်မှာ ဒန်သေပဲ။ ဘယ်လောက်ဝေးသယ်သာ မသိသာ"

သည်တော့မှ ကိုချစ်တိုး နည်းနည်းသဘောပေါက်သွားတယ်။ စစ်ကိုင်းအနောက်ဘက်ထွက်တဲ့လမ်းဆို တာ သည် တစ်လမ်းတည်း မဟုတ်ဘူး။ နောက်ထပ်ရှိလိမ့်မယ်။ သည်လမ်းက အခုမှ လမ်းအူကြောင်း ဖော်ထားတဲ့ လမ်းဖြစ်လိမ့်မယ်၊ လမ်းအူကြောင်းဖော်ပါဦးတော့ ရွာထဲက ဘာဖြစ်လို့ မဖြတ်တာလဲ။ လမ်းဆိုတာ ရွာတွေကိုအခြေခံပြီး ဖောက်ကြရတာ မဟုတ်လား။ ဒါတော့ ကိုချစ်တိုးလည်း မစဉ်းစား တတ်ဘူး။ ဒါပေမယ့် ဂက်စ်ဆရာ က ရိုးရိုးသားသားပြောနေတာဆိုတော့ ကိုချစ်တိုး လက်ခံလိုက်တယ်။ ဘုမသိ ဘမသိ နဲ့ ငွေသုံးထောင်လိုချင်လို့ လိုက်လာတာဆိုတာလည်း ရိပ်မိသွားတယ်။
"ဒါဖြင့် ခင်ဗျား က ဘာမှန်းညာမှန်းမသိဘဲ လိုက်လာတာပေါ့"
"အစစ်ပေါ့"

"ခင်ဗျား ဆင်းချင်ရင် ဆင်းလို့ရတယ်၊ ခင်ဗျားသဘောပေါ့"
"သည်အနားရောက်မှတော့ ကျုပ်လည်း ကျုပ်ရွာကျုပ် မပြန်တတ်တော့ဘူး"
"သည်အနားက ပြန်လျှောက်တာကမှ နီးလိမ့်ဦးမယ်၊ ကြာလေ ခင်ဗျား ပိုဆိုးလေပေါ့"
ဂက်စ်ဆရာက တွေခနဲဖြစ်သွားတယ်။ ခပ်လှမ်းလှမ်းက ပြပြမြင်နေရတဲ့ ရွာဆီကို လည်ဆန့်ကြည့် တယ်။ တစ်အောင့် နေတော့မှ ဆုံးဖြတ်ချက်ကျပုံမျိုးနဲ့ ပြောတယ်။
"ကိုင်း… ဟိုးကမြင်ရသဲ့ ရွာဘက်လယ်ကွင်းတွေထဲက ဖြတ်လျှောက်သွားရင် ဖြစ်လောက်မယ်ထင်သာ ပဲ၊ အဲသည်ရွာ ရောက်ရင် မေးစမ်းပြန်ရုံပေါ့၊ တတ်နိုင်ဘူး"
ဂက်စ်ဆရာ ကိုကြည့်ပြီး ကိုချစ်တိုး ရယ်လည်းရယ်ချင်၊ သနားလည်း သနားမိပါရဲ့။ ခမျာလိုက်လာမိတာ နဲ့ မကာမိ ပြန်လျှောက်ရရှာမှာကိုး။
"ကိုင်း… ဒါဖြင့်လည်း ကိုကျော်သန်း ကားရပ်ဗျို့"

ကိုကျော်သန်းက ကားရပ်ပေးတယ်။ ဂက်စ်ဆရာက မဆင်းဘူး။ ပေတောတေလုပ်နေတော့ ကိုချစ်တိုး က တိုက်ပုံ ထဲက တစ်ထောင်တန်သုံးရွက်နှိုက်ပြီး လက်ထဲထည့်ပေးလိုက်တယ်။ ဂက်စ်ဆရာက သည် တော့မှ ငေါက်ခနဲ ထပြီး ကားဘေးက ခုန်ချဖို့ပြင်တယ်။ အားရ၀မ်းသာအဆင်းမှာ လူဝကြီး ကိုမှတ်တင် ခြေဆင်း ထားတဲ့ ညို့သကျည်းတက်နင်းမိပါလေရော။
"ဟာ ခွေးမသား ညို့သကျည်းတက်နင်းရသလား၊ အမယ်လေး လေး နာလိုက်တာကွာ"
လူဝကြီး ကိုမှတ်တင်က ပြောရုံရှိသေးတယ်။ ဂက်စ်ဆရာက အောက်ရောက်သွားလို့ ကွင်းစပ်တောင် နင်းနေပြီ။
"ခွေးမသား မြွေနဲ့တွေ့မယ့်ကောင်"

လူဝကြီးက ကျိန်ဆဲတော့ တရုတ်ကြီး ဦးဝိန်က မင်္ဂလာစကား ခုမှပြောရတော့တယ်တဲ့။ ကားက ဆက် ထွက်လာ ပြန်ရော။ လမ်းက တော်တော်လေး ဆိုးလာတယ်။ ကားက မြင်းလို ခုန်ပေါက်နေတော့တာပါ။ မြေစေး တုံးကြီးတွေဆိုတော့ တစ်တုံးပြီးတိုင်း တစ်တုံးပေါ်တက်နေရတာမျိုး ဖြစ်နေတယ်။ ကိုချစ်တိုးက ဒါကို မြင်တော့ ညည်းတယ်။
"နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ၊ မဗေဒါက တစ်ပင်တည်းဆိုတာ ဒါမျိုးနေမှာ"
"မဟုတ်ဘူး ချစ်တိုးရ၊ ချစ်သူတို့လျှောက်သော လမ်းကလေးဆိုတာမှ မှန်တာ"
ဦးဝိန် က ၀င်ပြောတော့ ကိုမှတ်တင်ကလည်း အားကျမခံဝင်ပြောရော။

"ပေတစ်ရာဆီလျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်ဆိုတာ သည်လမ်းမျိုးပေါ့ကွာ"
မောင်ကြိုင်ကတော့ ကုပ်ကျိုးနေပြီ။ ခမျာလည်း စိတ်ညစ်နေပြီ။ စကားလည်း မပြောဘူး။ သူ့ဆရာကို ရော၊ လူကြီးတွေကိုပါ အားနာဟန်တူပါရဲ့။ ရွာက မိန်းကလေးခမျာ မျက်စိသူငယ်၊ နားသူငယ်နဲ့ ဖြစ်ရှာ ရော့မယ် လို့လည်း တွေးမိပုံပေါ်ရဲ့၊ ကိုချစ်တိုးကို နာရီမေးတော့ တစ်ချက်တဲ့။ ကိုကျော်သန်းကားက ပတပ် တွေ မနားတမ်းရပ်ရာက ကား တကယ်ရပ်သွားပါလေရော။ ကိုချစ်တိုးလည်း လန့်သွားတယ်။ ဘီးများ ပေါက်ရော့လား။ ဘီးပေါက်ရင်တော့ ကလေးတွေပြောသလို ရွာလည်ပြီကိုး။
"ကိုကျော်သန်း ဘာတုန်းဗျို့"
"ရှေ့မှာ နွားသမားတွေဗျ မေးပါဦး၊ အနောက်က တက်လာကြတာပဲ"

ကိုချစ်တိုးက နောက်ခန်းက မတ်တပ်ရပ်ကြည့်လိုက်တော့ နွားသမားလေးယောက်၊ နွားက အကောင် အစိတ် လောက် ရှိလိမ့်မယ်။ ကြိုးတွေတွဲပြီး ဆွဲလာကြတယ်။ နွားအရောင်းအ၀ယ်သမားတွေဆိုတော့ ရွာစဉ်လှည့် နွားအလဲအထပ် လုပ်ကြတဲ့လူတွေ ထင်ပါရဲ့။ သူတို့ထက်သေချာတာ ဘာရှိလိမ့်မတုန်း။ နွားသမား တွေက ကားတွေ့တော့ အောက်ဖက် လယ်ထဲဆင်းပေးကြတယ်။
"ဗျို့ဆရာတွေ မေးစရာရှိလို့ပါ၊ လယ်ပြင်ကြီးဆိုတာ တော်တော်လိုသေးသလားလို့"
နွားသမားထဲက ခေါင်းဆောင်က အခုမှ စိတ်အေးသွားပုံနဲ့ နွားတွေကို တောင့်လိုက်ပြီး စဉ်းစားတယ်။
"ခင်ဗျား တို့ က လယ်ပြင်ကြီး သွားကြဖို့လား"
"ဟုတ်တယ်"

"သည်ကဆက်သွားရင် ဘိုးတော်ဇရပ်လမ်းဆုံး ရောက်လိမ့်မယ်၊ အဲသည်ရောက်ရင် နွားဝန်တင်လှည်း တွေ ရှိပါဗျား၊ လမ်းက သုံးမွှာဆိုတော့ တောင်ဘက်ဆက်လိုက်ရဦးမှာ၊ ခင်ဗျားတို့က လမ်းမှားလာတာ၊ ဟိုးမြောက်ဘက် မှာ ဒါမျိုးတစ်လမ်းရှိသေးတယ်ဗျ။ အဲသည်သွားမှ လယ်ပြင်ကြီးတို့၊ ကိုင်းကုန်းတို့၊ ယင်းမာပင် ခြောက် တို့၊ နဘဲကုန်း တို့ ဆက်ရောက်သာရယ်"
"ဒါဆို သည်လမ်းက ဘာတုန်း"
"ဒါက ကုမ္ပဏီသုံး လမ်း နေမှာပေါ့၊ စစ်ကိုင်းအနောက်ဖျားမယ် ကုမ္ပဏီကြီးတစ်ခုက ဂိုဒေါင်ကြီးတွေ ဆောက် နေတာ၊ သူတို့ကိုယ်ပိုင် လမ်းလုပ်မယ်နဲ့တူတာပဲ"
"အဲသလို ဖြစ်လိမ့်မယ်။ ဟုတ်ပြီ သဘောပေါက်ပြီ။ ဒါဆိုရင် ဆက်သွားရင် ရပြီပေါ့"
"အင်"
"ဘာတုန်းဗျ"

နွားသမားတွေက စကားတစ်ခွန်းကျန်နေသလို လုပ်နေတော့ ကိုချစ်တိုးက ဘာလဲသိချင်လို့ မေးလိုက် တာပါ၊ နွားသမားခေါင်းဆောင်က လက်ညှိုးထိုးပြတယ်။ နီးနီးတော့ မဟုတ်ဘူး။ တော်တော်လေးလှမ်း တဲ့နေရာပါ။ သူပြတဲ့နေရာကြည့်လိုက်တော့ သစ်ပင်ကလေးတစ်ပင် တွေ့ရတယ်။
"အဲသည် သစ်ပင်နားမှာ ဧရာမချိုင့်ကြီးရှိတယ်။ လမ်းကျိုးနေသာဗျ၊ တစ်နေ့က မိုးရွာထားတော့ ဗွက် တွေလည်း လည်လို့။ ကျုပ်တို့တောင် လယ်ထဲက ပန်းခဲ့ရသယ်"
သည့်ထက်သေချာတဲ့သတင်းတော့ မရှိတော့ဘူး။ သူတို့တောင် လယ်ထဲကပန်းခဲ့ရတယ်ဆိုမှတော့ သေချာပြီပေါ့။ ကားကော လယ်ထဲက ပန်းပြီး မောင်းရင် ရသလားဆိုတော့ မရလောက်ဘူးတဲ့။ လမ်း ဘေးမှာ မြောင်းလိုချိုင့်ကြီးတွေရှိသတဲ့။ သည်တော့ ကားကော လမ်းကျိုးပေါ်က ဖြတ်မောင်းလို့ရနိုင်သ လားဆိုတော့ ဗွက်နစ်မှာပဲတဲ့။
"ခင်ဗျား တို့ လူဘယ်နှစ်ယောက်ပါကြတုန်း"

"ရှစ်ယောက်"
"မရလောက်ဘူး၊ ကားအခွံချည်းမောင်းပြီး လူတွေတွန်းမှရမှာ၊ ရမယ်ဆိုသာတောင် ခင်ဗျားတို့ပါသဲ့ လူ လောက်နဲ့တော့ ကျုပ်ထင်သာနော် မရလောက်ဘူး"
"အဲသည်လောက်တောင်လား"
"ခင်ဗျားတို့သွားရင် တွေ့မှာပဲလေ"
ဟုတ်သားပဲ၊ နွားသမားတွေက ညာစရာအကြောင်းမှမရှိပဲကိုး။ ဆက်မောင်းရင်တွေ့မှာပဲ။ တွေ့ပါပြီတဲ့ ကားပေါ်ပါတဲ့လူနဲ့တင် မရဘူးဆိုမှတော့ ဘာဆက်လုပ်မလဲ။ သည်မှာတင် တရုတ်ကြီး ဦးဝိန်က နွားဆ ရာတွေကို အဲသည့်လမ်းကျိုးအထိ လိုက်ခဲ့ပါဗျာလို့ ခေါ်တယ်။ လမ်းကျိုးတစ်ဖက်ကို ကားကျော်တာနဲ့ လက်ဖက်ရည်ဖိုးပေးမယ်လုပ်ရော။ နွားဆရာက စိတ်ဝင်စားပေမယ့် ကျန်တဲ့နွားသမားတွေက သဘော မတူ ချင်ကြဘူး။ သူတို့ကလည်း ရိုးရိုးသားသားနွားဝယ်၊ နွားအလဲအထပ်လုပ်လာတာ ဟုတ်ချင်မှဟုတ် မှာ မဟုတ်လား။ အသွားအလာမရှိသေးတဲ့ ကုမ္ပဏီပိုင်လမ်းဘက်က ထွက်လာကြတယ်ဆိုကတည်းက လူရှောင် တာလည်း ဖြစ်နိုင်တာပဲကိုး။

"ကျုပ်တို့က အချိန်နဲ့သွားကြရမှာဗျ၊ တစ်ရွာတစ်ရွာ နွားတွေအများကြီးနဲ့ ကူးဖြစ်သာမဟုတ်ဘူး၊ ကျုပ် တို့ ကလည်း သုတ်သုတ်ရယ်"
နွားသမားတစ်ယောက်က ငြင်းတဲ့သဘောနဲ့ ပယ်ချတယ်။ ကိုချစ်တိုးက သဘောပေါက်သွားပြီ။ ခေါင်း ဆောင် က လုပ်ချင်တယ်။တပည့်တွေက မလုပ်ချင်ဘူး။ ဒါ ခင်ဗျားတို့ ဘယ်လောက်ပေးမှာလဲလို့ ပြော နေတာလား၊ တကယ်ပဲ သူတို့အလုပ်အတွက် အန္တရာယ်ရှိလို့လား၊ ပိုက်ဆံများများပေးရင် လိုက်လာဖို့ များတယ်။ သူတို့ကချည်း လူလေးယောက်။ နွားက အကောင်အစိတ်လောက်။ လူရော၊ နွားရော၊ ကား ပေါ် က လူတွေရော ၀ိုင်းတွန်းရင် လမ်းကျိုးကိုကျော်နိုင်မယ်။
"ကျုပ်တို့နဲ့လိုက်ခဲ့ဗျာ၊ ကားဝိုင်းတွန်းပေး လမ်းကျော်တာနဲ့ ကျုပ် တစ်သောင်းပေးမယ်"

တစ်သောင်း ဆိုတော့ နွားသမားတွေက လမ်းပေါ်က ကောက်ရတဲ့ ပိုက်ဆံလို့သဘောထားကြပုံပေါ် တယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီ။ လိုက်ကြမယ့်ပုံလည်း ပေါ်နေကြပြီ။ ကိုချစ်တိုး က "ကဲပါဗျာ၊ တစ်ယောက် သုံးထောင် ကိုက်အောင် သောင်းနှစ်ထောင်ပေးပါမယ့်"လည်းဆိုရော နွား သမား က လိုက်ခဲ့မယ်ဖြစ်ကရော။
ဒါပေမယ့် နွားတွေက အကောင်အစိတ်လောက်ဆိုတော့ နွားတွေ တန်းလန်းနဲ့လိုက်မဖြစ်ဘူး။ သည် တော့ နွားတွေထိန်းဖို့ နွားသမားတစ်ယောက်ထားခဲ့ပြီး ကျန်တဲ့သုံးယောက်က လိုက်ခဲ့ကြဖို့ သဘောတူ ကြတယ်။ နွားတွေနဲ့ ကျန်ရစ်ခဲ့တဲ့ နွားသမားခမျာ နေပူကြီးထဲ နွားအကောင်အစိတ်က ကြိုးတွေစုကိုင် ပြီး ကျန်ခဲ့ ရတာဆိုတော့ မြန်မြန်ပြန်လာကြဖို့ မှာရှာရဲ့။ နွားသမားတွေက ကားပေါ်တက်တာနဲ့ ကို ကျော်သန်းက ကား ကို ဆက်မောင်းလာခဲ့တယ်။

"အားနာလို့သာရယ်၊ ခင်ဗျားတို့နှယ်မိုက်လုံးကြီးလိုက်တာ၊ သည်လမ်းစဖောက်ကတည်းက ခင်ဗျားတို့ ကား ပထမဆုံး မောင်းလာတာ ထင်တာပဲ"
"ကုမ္ပဏီကား တွေက မသွားကြဘူးလား"
"လမ်းအူကြောင်း ရှိသေးသာဗျ၊ သူတို့ကဟိုးမြောက်ဘက်လမ်းဘက်က ၀င်ကြသာ ဝေးတော့ဝေး သယ်။ သည်လမ်းကောင်းအောင်လုပ်ပြီးမှ သူတို့ သုံးမယ့်သဘောပေါ့"
မင်္ဂလာ စကားပြောကြမယ့် လူကြီးတွေလည်း နွားသမားနဲ့တွေ့မှ ခင်ဗျားတို့မိုက်လုံးကြီးလိုက်တာ ဖြစ် ကရော ဆိုတော့ ဘာပြန်ပြောရမှန်းတောင် မသိကြတော့ပါဘူး။ လူလေးယောက် နွားအကောင်အစိတ် နဲ့ တွေ့လိုက်ရတာပဲ ကျေးဇူးတင်ရသေးတာ မဟုတ်လား။ တာလမ်းကျိုးနေတယ်ဆိုတဲ့ နေရာက တော်တော်လေး သွားရတယ်။ ကားကလည်း လမ်းကျိုးမရောက်ခင် ရုန်းရတာနဲ့တင် ချူသံပါနေပြီ။ ညှော်လိုက်တာ လည်း တူးလို့။ သည်လိုနဲ့ ကားက လမ်းကျိုးထိပ်ရပ်မိကရော။
(၇)

လယ်ပြင်ကြီးထန်းတောထဲမှာ ရွာကာလသားလေးငါးယောက် ထန်းရည်သောက်နေကြတယ်။ တော် တော်လည်း မူးနေကြပါပြီ။ လယ်ပြင်ကြီးသားက သုံးယောက်၊ လယ်ပြင်ကြီး ရဲ့တောင်ဘက်ကပ်လျက် အုန်းပင်ကောက် က နှစ်ယောက် သောက်နေကြတာဆိုတော့ တစ်ဖက်ရွာသားနှစ်ယောက်ကို လိုက် ဧည့်ခံရင်း ရွာခံသုံးယောက်ကပါ သောက်နေကြတဲ့ သဘောပေါ့။ သည်လိုပါပဲ။ သူ့ရွာရောက်တော့ သူ ဧည့်ခံ၊ ကိုယ့်ရွာရောက်တော့ကိုယ်ဧည့်ခံကိုး။ အရက်ကြိုက်သူ အရက်၊ ထရေကြိုက်သူ ထရေပေါ့လေ။ သည်မနက် အုန်းပင်ကောက်က သူငယ်ချင်းနှစ်ယောက် ရောက်လာတာ သောင်းစိန်အတွက်တော့ အကွက် ရသွားတယ်။

ကနေ့မနက် ရွာက မစွန်မသမီး အေးသီကို မန္တလေးကစက်ဆရာက လာတောင်း မယ်၊ မြန်းမယ် ဆိုကတည်းက သောင်းစိန် ဖျပ်ဖျပ်လူးနေပြီ။ သောင်းစိန်က အေးသီကိုကြိုက်တာ တစ် ပိုင်းသေလို့၊ အေးသီ ကလည်း သောင်းစိန် ကို မကြိုက်လိုက်တာ တစ်ပိုင်းသေလို့ဆိုတော့ ဖျပ်ဖျပ်လူးကာ မှ လူးရော ဘာမှတော့ မဆက်စပ်ဘူးပေါ့လေ။ သောင်းစိန်က တစ်ဖက်သတ်ကြိုက်လိုက်တာ တစ်ပိုင်း သေလို့။

အေးသီတို့က ဆင်းရဲတယ် ဆိုပေမယ့် အကျင့်စာဂ ကောင်းတယ်ဆိုတာ ရွာကသိကြတယ်။ မုဆိုးမသား အမိ ဆိုပေမယ့် ဘယ်သူကမှ သရော်မော်ကား မလုပ်ဝံ့ကြဘူး။ ပရောပရီလုပ်ဖို့များတော့ ဝေးရော။ မစွန်မ ကလည်း နှုတ်ကကြမ်းကြမ်း မဟတ်ုလား။ လူက အရိုးပိန်ဆိုပေမယ့် ကျစ်လိုက်တာ သံချောင်း ကျလို့ ဆိုတော့ ခြေထောက်ချင်းဆိုင်ရိုက်ရင်တောင် တစ်ဖက်သားကျိုးကျသွားနိုင်တယ်ဆိုတာမျိုး။
သောင်းစိန် က အေးသီကို အပျို၊ လူပျိုစိတ်ကလေးတွေ ၀င်ကြပါပြီဆိုကတည်းက ကြိုက်တာပါ။ ရွာထဲ မှာ အေးသီ ထက် ချောတာ၊ လှတာ၊ ပိုက်ဆံရှာတာတွေ များပါရဲ့။ သောင်းစိန်ကတော့ အေးသီမှ အေးသီ တန်းတန်းစွဲ နေတာ။ ရွာကတော့ လူငယ်သဘာဝ သည်လိုပါပဲရယ်လို့ ဘာမှမပြောကြပါဘူး။ ဒါ ဖြင့် အေးသီ ကကော ဘယ်သူ့ကြိုက်သလဲမေး။ အဲသလိုလည်း မရှိပါဘူး။

အပျိုဖြစ်ပါပြီဆိုကတည်းက လူပျိုပေါက်တွေက သူငယ်ချင်းလို ခင်မင်ကြတာရှိသလို ပိုးချင်းပန်းချင်တာ များလည်း ရှိပါရဲ့။ အေးသီ က ဘယ့်နှယ်မှမနေဘူး။ လုပ်ကိုင်စားရတာ ပင်ပန်းရတဲ့ကြားထဲ မဆတ်ဆော့ အားပေါင်တော်ဆိုတဲ့ မိန်းကလေးမျိုးဆိုတော့ လန့်ကြတဲ့သူငယ်တွေ များကြတယ်။ သောင်းစိန်ကတော့ မလန့်ဘူး။ အေးသီ မှ အေးသီ။ သောင်းစိန်တို့မိဘများက နည်းနည်းပါးပါးတော့ သောင်သာကြတယ်။ အေးသီ တို့ထက် စီးပွားရေးကောင်းတယ်။ ငောင်းစိန်က မိုက်မိုက်ရမ်းရမ်း ဆိုမနိုင်ပြောမနိုင်ဆိုတာမျိုး မဟုတ် ပေမယ့် အိမ် က နွားတောင် တစ်တိုင်ကတစ်တိုင် ပြောင်းချည်ချင်တဲ့ကောင် မဟုတ်ဘူး။ ရေတစ်ထမ်း မထမ်းဘူး။ နွားစားကျင်းထဲ ပဲလေး၊ မှော်လေး နှံ့အောင်လှန်လိုက်စမ်းပါဆိုတာတောင် လှန် ချင်တာ မဟုတ်ဘူး။ အေးသီက ဒါကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။ မကြိုက်ချင်လို့ကို မကြိုက်တာပါ။

"အေးသီ နင် မာနကြီးလိုက်တာဟာ၊ ငါနဲ့များ စကားမပြောချင်သလိုပဲ"
"ဘာမာနမှ မရှိပါဘူးဟယ်၊ လူမှ ထမင်းအနိုင်နိုင် ရှာစားနေရတဲ့ဟာ၊ ဘယ်ကမာနကလာပြီး ရှိရမှာ တုန်း၊ နင် နဲ့ မှ မဟုတ်ပေါင်၊ ဘယ်သူနဲ့မှကို စကားပြောဖို့ အချိန်မရဘူး"
"နေဦး ငါ ပြောထားတာလေးတော့ အဖြေပေးခဲ့ပါဦး"
"ဘယ်ဟာများပါလိမ့်"
"ဟိုလေဟာ နင့်ကို ဘုရားပွဲရက်က ဒွေးစံမေတို့ ၀ိုင်းတိုက်မှာ ပြောခဲ့တာလေဟာ အေးသီကလဲ"
"နင် မူးမူးနဲ့ပြောတဲ့စကားတွေ အများကြီး၊ ငါက ဘယ့်နှယ့်လုပ် မှတ်မိမှာတုန်း"
"နင့်ကို ကြိုက်တယ်ဆိုတာလေ"
"အမယ်လေးလေး… မောင်းထောင်နဲ့ တောင်ငူ မအပ်မရာ"

အေးသီနဲ့ သောင်းစိန်က အဲသလိုဖြစ်နေကျ။ သောင်းစိန်က အလှူရှိလို့၊ ရွာဘုရားပွဲရှိလို့၊ ဆွမ်းတော် ကြီးတင်ရှိလို့၊ မင်္ဂလာဆောင်ရှိလို့၊ အပျိုလူပျိုစုကြတဲ့ပွဲမျိုးဆိုရင် အေးသီအနား မရရအောင် ကပ်ပြီး ပျားများ၊ ပိတုန်းများ "ရုန်း"ကြသလို တဒီဒီနဲ့၊ ပြောချင်ရာ ပြောနေတတ်တယ်။ အေးသီကလည်း ခေါင်း ထဲ မသွင်းပါဘူး။ ကိုယ့်ရွာက ရွာသားချင်း၊ ကာလသား ကာလသမီးချင်းပဲလေဆိုတာမျိုးနဲ့ သည်းခံ လိုက်တာ များပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုရင်တော့ နီးရာထင်းချောင်းနဲ့ ကောက်ပေါက်ပစ်လိုက် တာပဲ။ သောင်းစိန် မိဘများ က သူတို့သားက အေးသီကြိုက်နေတာကို မကြည်သာချင်ဘူး။ အေးသီက မကြိုက်ဘူး ဆိုတာလည်း သိပါရဲ့။ မုဆိုးမသမီးက အခြေကြီးလို့ ငါတို့သားမှမကြိုက်ရအောင် ဘာမို့လို့ တုန်း ဆိုတာ ပါသလို ကြိုက်လိုက်မှာလည်း စိုးကြတယ်။

"သောင်းစိန်နော် စွန်မ သမီး လင်းယုန်မများ၊ မင်းက အကောင်းလုပ်လို့"
"ဘာတုန်းဗျ၊ အမေတို့ကလည်း တစ်မျိုး"
"ဘာတစ်မျိုးလဲ နင် စွန်မသမီး အေးသီကိုကြိုက်နေဆို၊ အေးသီ နောက်တကောက်ကောက်ဆို၊ ဘာမ မို့ တုန်းတော်… ဆန်အိုးထဲ ဆန်လက်နှစ်လုံး မပြည့်တဲ့ဟာတွေ"
"အမေတို့ စကားတွေ လွန်သနော"

"ဘာလွန်ရမှာတုန်း၊ ခုံဖိနပ်စာနော်၊ ကြိုက်သံများ ကြားလို့ကတော့ ခုံဖိနပ်ကြည့်"
"ခင်ဗျားတို့က သူများချစ်ခြင်းခွဲဖို့လောက် ချောင်းနေကြတာ၊ အေးသီက ဘာဖြစ်နေလို့လဲ"
"အောင်မာ ဘာဖြစ်နေနေ၊ နင် မကြိုက်ရဘူးဆို မကြိုက်ရဘူး"
"အချစ် ကို အဲသလို ပိတ်ပင်လို့ရမလားဗျ"

သောင်းစိန်နဲ့ မအေကလည်း အေးသီကိစ္စနဲ့ တကျက်ကျက်ပါ။ အေးသီကိုကြိုက်တာ သောင်းစိန်တစ် ယောက်တည်းတော့ မဟုတ်ပါဘူး။ ကြိုက်တဲ့လူရှိကြပါတယ်။ သောင်းစိန်က အေးသီကပဲ သူ့ရည်းစား လိုလို ပြောနေတော့ တစ်ခြားကာလသားတွေက လက်လျှော့ကုန်ကြတာလည်း ပါတယ်။ အေးသီကို ပိုးလေ မရလေ၊ မရလေ ပိုးလေနေလာခဲ့ကြတာ အရွယ်တွေတောင် ရကြလှပြီ။ အေးသီဆိုရင် ဆယ့် ရှစ်နှစ် ဆယ့်ကိုးနှစ် ရှိပြီး။ သောင်းစိန်ကလည်း နှစ်ဆယ်ကျော်ပါပြီ။ အေးသီကို ဆယ့်လေးငါးနှစ်က တည်းက ကြိုက်ခဲ့တာ အခုလိုအပျိုကြီးလုံးသန် တစ်သွေးတစ်မွေးဖြစ်လာတော့ သောင်းစိန်က ပိုတောင် ရူးလာ ကြတယ်။ အေးသီတို့သားအမိခမျာလည်း ၀င်ငွေရနိုင်သမျှ စုစုကျစ်ကျစ် ရှာကြရတာကတော့ မ ထူးပါဘူး။ လတ်လတ် လောလောကလေး ၀တ်နိုင်၊ စားနိုင်ဖို့ ထည့်မတွက်ပေမယ့် အမြင်ကလေး တင့် တယ်အောင် တော့ ဆင်ရတာကိုး။ သည်လိုဆိုတော့ အေးသီက ပိုတောင်လှလာတယ်လို့ သောင်းစိန် တွက်တယ်။

"အေးသီရယ် နင့်အတွက် ငါ့မှာစောင့်စားရတဲ့ရက်တွေလည်း ကြာပါပြီဟာ၊ တောင်ထိပ်ကြာပေါက် အ နောက်နေ၀င် ပင်လယ်ပြင်ပေါ် လမ်းလျှောက်နေကြတယ်ဆိုရင်တောင်…"
"သောင်းစိန် ရွာပြဇာတ်လာမလုပ်နဲ့၊ နင့်ကို တစ်ခါတည်းပြောမယ်၊ ငါ့အမေ မရှိတော့ရင် ငါ သီလရှင် ၀တ်ဖို့ စိတ်ကူးပြီးသား အမေရှိသေးလို့သာ"
"နင့်ဟာ မဟုတ်တာ၊ နင့်အမေသေဦးတော့ ငါ ရှိပါသေးတယ်"
"နင့်ကြောက်လို့ ၀တ်မှာဟေ့"

သောင်းစိန်နဲ့ အေးသီကတော့ အခြေအနေကတော့ မပြောင်းပါဘူး။ ဒါပေမယ့် မန္တလေးကို သနပ်ခါးပို့ရ တဲ့နောက်ပိုင်း အေးသီက ပြောင်းလာတယ်။ သနပ်ခါး လက်ခံရောင်းပေးတဲ့ မတင်ကြည်တို့ဆီ အ၀င် အထွက်ရှိရာက မောင်ကြိုင်နဲ့တွေ့ပြီး ဘယ်တုန်းကမှ စိတ်မလွင့်ဖူးတဲ့ အေးသီ စိတ်ကလေးဝေ့ချင်လာ ပါရော။ လယ်ပြင်ကြီးရွာစွန်မှာ အိမ်ကုပ်ကလေးနဲ့ သားအမိနှစ်ယောက် နေရတဲ့ဘ၀က မန္တလေးမှာ အ ခြေချခွင့်ရရင် ဘ၀တစ်ဆင့်တက်ရတာပဲလို့ တွက်တာပါပါတယ်။ မအေကြီးကိုလည်း အေးသီ သနားမိ ပါရဲ့၊ ချစ်သူ နဲ့ အိမ်ထောင်ပြုရင်တောင် မအေကိုပါ ထည့်စဉ်းစားပေးမယ့် လင်သားမျိုးမှဖြစ်မှာဆိုတော့ မောင်ကြိုင့် စိတ်နေစိတ်ထားကို အရင်အကဲခတ်ရတယ်။ မောင်ကြိုင်က ရိုးသားတယ်။ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် ရာသက်ပန်သမားဆိုတာလည်း အကဲခတ်မိတယ်။ သည်ကြားထဲ မတင် ကြည် ကပါ အာမခံလိုက်သေးတာကော။

သည်လိုနဲ့ အေးသီကို မန္တလေးသား စက်ဆရာက တောင်းရမ်းတော့မယ်ဆိုတာလည်း ကြားရော သောင်းစိန် က ရွာရှေ့တောင် ညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်ပါရော။ သည်သတင်းဟုတ်မဟုတ် စုံ စမ်းတယ်။ စုံစမ်းဖို့က ခက်နေတော့ ဘယ်သူ့မေးရမှန်းလည်း မသိဘူး။ မစွန်မနဲ့ အေးသီတို့သတင်းကို သည်နှစ်ယောက် ဆီကလွဲရင် တစ်ခြားဘယ်ကမှ မရနိုင်လေတော့ သောင်းစိန်သူငယ်ချင်းတွေနဲ့ တိုင် ပင်တယ်။ သည်လိုနဲ့ ထန်းရည်ဝိုင်းမှာ မနက်ည အေးသီကိစ္စချည်းပေါ့။

"ငါတော့ အေးသီကို ခိုးတော့မကွာ၊ သည်လိုမလုပ်လို့ မရတော့ဘူး။ အဲတော့ အုန်းပင်ကောက် ကို ခိုး ပြေး လို့လဲ မဖြစ်ဘူး။ ရွာချင်းက ကပ်နေတာဆိုတော့ မစွန်မ လိုက်လာလိမ့်မယ်"
"ဟ… သောင်းစိန်ရ ခိုးတယ်ဆိုတာ နှစ်ယောက်သားကြိုက်မှ ခိုးရတာလေကွာ၊ အေးသီက မင်းများ ခွေးရူး လောက်အောက်မေ့တဲ့ဟာ၊ အကုန်အဖမ်းခံနေရပါ့မယ်ကွာ"
သူငယ်ချင်းတွေက အေးသီနဲ့ သောင်းစိန်ကို တစောင်းစေးနဲ့မျက်ချေးဆိုတာ သိကြတော့သည်စီမံကိန်း မှာ မပါဝံ့ကြဘူး။ ဒါပေမယ့် သောင်းစိန်တိုက်နေတဲ့ ထန်းရည်ကလည်း ဗိုက်ကားအောင် သောက်နေရ တာ ဆိုတော့ စိတ်ကုန်အောင်လည်း မပြောဝံ့ကြဘူး။

"နေဦး မင်းက ဘာကြားလို့လဲ သောင်းစိန်ရ"
"အေးသီက မန္တလေးမှာ ရည်းစားရှိနေပြီတဲ့ကွ၊ နားစွန်နားဖျား ကြားတာပါကွာ၊ စုံစမ်းလို့လည်းမရဘူး"
"မင်းက ဘယ်က ကြားတာလဲ"
"အေးသီက ပြောတာ၊ သူ့မှာရည်းစားရှိနေပြီတဲ့၊ လာတောင်းရမ်းတော့မှာတဲ့"
"ပြီးတာပါပဲကွာ၊ ခမျာများသားအမိ ဆင်းရဲကြပါတယ်။ အချစ်ဆိုတာ ခွင့်လွှတ်ခြင်းပါတဲ့၊ မင်း ရင်အနာ ခံလိုက်ပါ သောင်းစိန်ရယ်"
"ဘာရယ်ကွ၊ ရင်အနာခံရမယ် ဟုတ်လား၊ သောင်းစိန်က တစ်ရွာသားလက်တော့ အပါမခံဘူး၊ လယ်ပြင်ကြီး သား သွေးရဲတာ ပြရချေသေးပေါ့ကွာ"

ထန်းရည်အိုး ကလည်း ပိုးလိုးပက်လက်။ သောင်းစိန်တို့ကလည်း မှောက်ခုံပက်လက်။ အရင် သတိပြန် လည်လာသူက ပုဆိုးစဆွဲပြီး ထပြန်ရာကနေ လူစုကွဲသွားကြရော။ ညနေဘက် ပြန်စုမိကြပြန်ရော။ သောင်းစိန် လည်း ထန်းရည်ဖိုးဆပ်ရတာနဲ့ ကုန်လှပြီ။ အေးသီကိုမရလေ စိတ်ညစ်လေ၊ စိတ်ညစ်လေ သောက်လေဆိုတော့ လူမှန်းမသိအောင် ဖြစ်နေပြီ။ တစ်ရက်တော့ ထန်းရည်ဝိုင်းမှာ အုန်းပင်ကောက် သား ထွန်းရီ က စကားတစ်ခွန်း သတင်းပေးတယ်။ သည်သတင်းက သောင်းစိန်အတွက် အရေးကြီးတဲ့ သတင်း။
"သောင်းစိန် အေးသီ မင်းကိုအကြိုက်တာ ငါသိပြီ၊ နတ်က လုပ်ထားတာကွ"

"ဘယ်လိုကွ ထွန်းရီ၊ ဘယ်လို နတ်ကလုပ်ထားတာတုန်း၊ ကြားလာတာ ပြောစမ်းပါကွာ"
"မင်း ပြဿနာတော့ မရှာနဲ့၊ မင်းအမေက နတ်ကတော် ဒေါ်မူကြီးနဲ့ အတားအဆီးတွေ လုပ်နေတာတဲ့၊ တို့ရွာထဲက မခင်သောင်းက မင်းတို့ရွာက နတ်ကတော်ဒေါ်မူနဲ့ ခင်လို့ ပြောရာကနေ ငါကြားလာတာ"
"လူတစ်ယောက်နဲ့တစ်ယောက် နတ်က မချစ်အောင် လုပ်လို့ရသလားကွ၊ မဟုတ်တာ"

"ရတာပေါ့ကွာ၊ မင်းတို့အိမ်မှာ နတ်စင်ရှိတယ် မဟုတ်လား၊ နတ်စင်ပေါ်မှာ နတ်ရေအိုးအသစ်ကလေးရှိ လိမ့်မယ်၊ အုန်းသီးတစ်လုံးလည်း ရှိလိမ့်မယ်၊ မယုံရင် မင်းကြည့်လိုက်"
တစ်ရွာသားက အပ်ကျမပ်ကျကြီး ပြောနေပြီဆိုတော့မှ သောင်းစိန် သူအိမ်ကနတ်စင်ကို စိတ်ကူးကြည့် လိုက်တယ်။ ဟုတ်သားပါလား။ အိုးကလေးတစ်လုံးပေါ်မှာ အုန်းသီးခွံကွာတစ်လုံး မြင်နေတာကြာပြီပဲ။ လက်စသတ် တော့ သူ့အမေက အေးသီနဲ့သဘောမတူလို့ နတ်ကတော်ခေါ်ပြီး နတ်နဲ့ခွဲခိုင်းထားတာကိုး၊ ဒါကြောင့် အေးသီ က ခါးခါးသီးသီး ဖြစ်နေပါတယ် အောက်မေ့တာ၊ ခုမှ ဇာတ်ရည်လည်ရတော့တယ် ပေါ့၊ တွေးရင်းက ဒေါသတွေဖြစ်လာလို့ နတ်စင်ရော အုန်းသီးပါ သည်ကနေ့တော့ တွေ့ကြပြီပေါ့ကွာ လို့လည်း စိတ်ထဲ တေးထားလိုက်တယ်။
"နေပါဦး အုန်းသီ တင်တယ်ဆိုတာက ဘာသဘောလဲ"

"အုန်းသီးဆိုတာ အသ လေကွာ၊ အေးသီပေါ့၊ နတ် ကို အေးသီနဲ့ ပေးစားပါတယ်ဆိုတဲ့ သဘောပေါ့"
"နတ်နဲ့ ပေးစားတော့ နတ်က မင်းနဲ့မကြိုက်မိအောင် တန်ခိုးနဲ့ တားတာပေါ့ဟ"
"ကြည့်စမ်း အမေတို့များ ကိုယ့်သားသမီးဘက်မလိုက်၊ နတ်ဘက်များ လိုက်ရတယ်လို့ကွာ"
အဲသည်နေ့က အုန်းပင်ကောက်သား ထွန်းရီကို သောင်းစိတ်က ထရေမူးအောင် တိုက်တယ်။ ကျေးဇူး တွေတောင် တင်နေသေးတာပါ။ တစ်မြူပြီးတစ်မြူသောက်ကြတာ ဘယ်နှအိုးရှိမှန်းတောင် မသိကြ တော့ပါဘူး။ သောင်းစိန်က အိမ်ပြန်ပြီး နတ်စင်ဖျက်မယ်လုပ်တော့ သတင်းပေး ထွန်းရီလည်း မူးမူးနဲ့ ပြေးရော။ အဲသည်နေ့က သောင်းစိန်က အိုးကိုရိုက်ခွဲ၊ နတ်စင်ရိုက်ချိုးလုပ်နေတော့ ဖအေက ရေထမ်း ထမ်းပိုး နဲ့ လိုက်ရိုက်တော့မှ လုံးနေအောင် ပြေးတော့တာပါ။

သည်ကတည်းက နတ်ရေစင်အိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် အေးသီကလည်း သောင်းစိန်ကို မကြိုက်ပါဘူး။ သောင်းစိန် က နတ်ကို အုန်းသီးဆက်လို့မကြိုက်ခဲ့တာလို့ယုံတော့ နတ်ကတော် ဒေါ်မူကြီး အိမ်ကိုသွားတယ်။ ရေစင်ဖိုး ကန်တော့ တယ်။ အကျိုးအကြောင်းပြောတော့ ဒေါ်မူကြီးက သောင်းစိန်ဖြစ်ချင်တာကို သဘောပေါက်လိုက်ပြီ။ မအေကခိုင်းလို့ အုန်းသီဆက်ခိုင်းသလိုပဲ သောင်းစိန်က ရေစင်ဖိုး ဆက်တော့လည်း အဆောင်ပေးပြန် ရော။ သော့အိမ်တစ်လုံး ဆောင်ရမတဲ့။ အေးသီက ပြန်မကြိုက်ရင် မင်း ကြိုက်သလိုပြောဆိုပြီး နတ်ကတော်က အာမခံလိုက်တော့ သောင်းစိန်ကလည်း ယုံတယ်။

"သော့အိမ်ဆိုတာ ဘာတုန်းဗျ"
"မောင်သောင်းစိန်ကလဲ အသကို… သအနဲ့ ပြန်တိုက်တာဟဲ့"
"နားမလည်ဘူးဗျ"
"အေးသီက အသ၊ သော့အိမ်က သအ၊ အုန်းသီး ကို သော့အိမ်နဲ့ ကက်ကင်းပြန်ရိုက်တယ်ခေါ်တယ်။ သော့အိမ် သေးသေးရှာပြီး မင်းလည်ပင်းဆွဲရမယ်။ သည်အတိုင်းတော့ မစွမ်းဘူးပေါ့။ ငါရွတ်ဖတ်ပြီး အသက်သွင်း ပေးမယ်။ သုံးဆယ်ခုနစ်မင်း အပ်ရမှာဆိုတော့ ငွေသုံးရာ့ခုနစ်ဆယ်တင်ရမယ်"
"တင်တာဟုတ်ပါပြီ။ ချက်ချင်း ထကြိုက်ပါ့မလား"

"ဟဲ့ နတ်ဆိုတာ မှိုင်းမှိုင်းပြီး မတာဟဲ့။ ဒါကြောင့် မှိုင်းမတယ်ပြောတာ။ အေးသီ မင်းဘက်မပါတော့ ငါ့ ပြောလှည့်… နတ်ဟဲ့၊ အာဂမှတ်နေသလား"
အဲသည်နေ့ကစပြီး သောင်းစိန်လည်ပင်းမှာ သော့တံနှစ်ချောင်းပူးနဲ့ သော့ခလောက် ကလေးတစ်လုံး ဆွဲထားလေရဲ့။ ဒါပေမယ့် သော့ခလောက်ကလည်း မစွမ်းတော့ပါဘူး။ အေးသီကို မနက်ဖြန်သန်ဘက် မန္တလေး က ကားနဲ့လာတောင်းတော့မယ်ဆိုတဲ့ သတင်းက ရွာထဲပြန့်နေပြီ။ ရွာမှာ ပျာနေကြတဲ့နှစ် ယောက်ကတော့ မစွန်မနဲ့ သောင်းစိန်ပါပဲ။ မစွန်မက မြို့လာကြမယ့် ဧည့်ကျွေးဖို့၊ မွေးဖို့ရှာရပြီ။ သောင်းစိန် ကတော့ သော့ခလောက်တောင် ဆွဲဖြုတ်ပြီး လွှင့်ပစ်ချင်ပြီ။ တစ်နေ့လုံး ထရေတဲက မထ တော့ဘူး။ ရင်တွေ လည်း ပူလှပြီမဟုတ်လား။ သည်ရက်ထဲ တစ်ခုခုတော့ လုပ်ကိုလုပ်ရတော့မှာကိုး။ အုန်းပင် ကောက်သားတွေက မူးလာတော့ သောင်းစိန်ကို မြှောက်ပေးကြရော။

"အဲသည်နေ့လာတဲ့ကားကို တို့လူစု ရွာထိပ်က ဆီးရိုက်ကြရုံပေါ့ကွာ၊ လွယ်လွယ်လေးပါ"
"မင်းတို့ပါရင် ချရုံပေါ့ကွာ၊ လယ်ပြင်ကြီးသား သွေးရဲတာ ပြလိုက်စမ်းမဟေ့"
အဲသည်နေ့က သောင်းစိန်တို့ ထရေမူးလိုက်ကြတာ လူမှန်းမသိကြဘူး။ ထန်းတဲထဲမှာတင် တုံးလုံးပက် လက် ဖြစ်ကုန်ကြပြန်ရော။

ခင်ခင်ထူး

No comments:

Post a Comment