Friday, March 16, 2012

"မေတ္တာနဲ့ ဘာဝနာ"



မေတ္တာဟာ အတူယှဉ်တွဲ ချမ်းမြေ့ခြင်း အနုပညာ ဖြစ်သလို၊ ဘာဝနာ ဟာ တစ်ကိုယ်တည်း ချမ်းမြေ့ နေထိုင်ခြင်း အနုပညာ ဖြစ်ပါတယ်။

ဘာဝနာ နဲ့ မေတ္တာ ~ ဒီနှစ်ခုဟာ ဒွန်တွဲလျက် ရှိတယ်။ "မေတ္တာနဲ့ ဘာဝနာ" မှာ ဘာဝနာ က သာပြီး အဓိက ကျတယ် လို့ ဆိုကြပါတယ်။ ဘာဝနာ ရှိရင် မေတ္တာ လည်း မလွဲမသွေ ရှိနေတာ မို့လို့ပဲ လို့ အကြောင်းရင်း ပြတတ်ကြလို့ပဲ။

ဒါပေမယ့် ဒီမှာ ပြောလိုတာက "ဘာဝနာ" နဲ့ "မေတ္တာ" ဟာ တစ်ခု နဲ့ တစ်ခု ယှဉ်တွဲနေတာ သာ ဖြစ်ပါတယ်။ ဘာဝနာ ရှိရင် မေတ္တာ ဖြစ်ထွန်း သလို၊ မေတ္တာ စစ်မှန် ရင်လည်း ဘာဝနာ ဖြစ်တယ်။ ဘယ်အရာမှာ ပိုသာနေတာ မဟုတ်သလို၊ ဘယ်အရာ မှ လျော့မနေပါဘူး။ တစ်ခုဟာ တစ်ခုရဲ့ အရိပ်ပမာ ဖြစ်ကြတယ်။

ဘာဝနာ မပါဝင်တဲ့ မေတ္တာ ဟာ မချမ်းမြေ့ဘူး။ မေတ္တာ အစစ် မဟုတ်ပါဘူး။ မအေးမြဘူး။ ပူလောင် နေမယ်။ ရုပ်ပိုင်း ဆန်တယ်။ ချုပ်နှောင်တယ်။ တွယ်တာ တယ်။ ဒေါသ စရိုက် ပါဝင် ပါတယ်။ တနည်း ဆိုရင် - အတ္တရဲ့ လှည့်စားမှု သက်သက်သာ ဖြစ်နေပါလိမ့်မယ်။

အလားတူ မေတ္တာ မပါတဲ့ ဘာဝနာ ဟာ ဘာဝနာ မဟုတ်ဘူး။ ခင်ဗျားကိုယ် ခင်ဗျား ချုပ်တည်း စူးစိုက်ထားမှု သက်သက်သာ ဖြစ်နေပါမယ်။ ခြောက်သွေ့ ငြီးငွေ့စရာ ကန္တာရပြင်ကြီး ဖြစ်နေနိုင်တယ်။ အဲ့သလို ဘာဝနာဟာ ဘာဝနာ လို့ ထင်မြင်တဲ့ အတု အယောင် သာ ဖြစ်ပါတယ်။ ဘာလို့ဆို ခင်ဗျား ဘာဝနာ နဲ့ နေထိုင်တဲ့ ခဏ ~ ချမ်းမြေ့ ကြည်လင် တဲ့ မေတ္တာ ဟာ ခင်ဗျားရင်ထဲ မလွဲမသွေ စီးဆင်းနေတာ မို့လို့ပဲ။

ဒါ့ကြောင့် မေတ္တာနဲ့ ဘာဝနာဟာ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ ပန်း ဖြစ်ပြီး။ တစ်ခု မရှိရင် တစ်ခု မရှိဘူး လို့ ဆိုရပါလိမ့်မယ်။

ဇေယျ

No comments:

Post a Comment