Saturday, March 31, 2012

အကောက်ရွေးမိသူ၏ ဒုက္ခ


ကျောင်းပိတ်ရက်ကလည်းဖြစ်၊ အစ်ကို နှစ်ယောက်ကလည်း တစ်ဖက်ရွာကအလှူကို သွားရောက်ကူညီနေရသည့် အချိန်လည်းဖြစ်တော့ တောထဲလိုက်ပြီး ထင်းခွေရန် ကျွန်တော် မလိုက်မဖြစ် လိုက်သွားရသည်။

အစ်ကိုတွေ မရှိချိန် အစ်မက တောထဲ ထင်းသွားခွေရမည်ဆိုတော့ အဖော်ပါမှဖြစ်မည်မို့ ကျွန်တော့်ကို ခေါ်သွားသည်။ ကျောင်းပိတ်ရက်ဆိုလျှင် တစ်နေကုန် ဆော့ရတော့မည်ဖြစ်သော ကျွန်တော် စိတ်ပျက်သွားရသည်။

ကျွန်တော်တို့ အိမ်ကနေ ရွာပြင်ရောက်ရန် လျှောက်ရသည်က တစ်မိုင်ကျော်ကျော် လောက်ရှိသည်။ ရွာအပြင်ကနေ တောစပ်ကို နောက်ထပ်တစ်မိုင်လောက် ထပ်လျှောက်ရသည်။ တောစပ်ကနေ တောင်ပေါ်ကို ဆက်တက်ရသည်။ တောထဲတိုးပြီး ထင်းခုတ်ရသည်။ ထင်းခုတ်သူတွေကများတော့ တောင်ပေါ်ကို တော်တော်တက်ယူရသည်။ တောင်အောက်ဘက် နီးသည့်နေရာတွေမှာ ထင်းဆိုက်၍ကောင်းသည့် အပင်တွေ နည်းလာနေပြီ။

တစ်ရွာလုံးက ခုတ်စားကြတော့ တောက ကျိုးတိုးကျဲတဲ ဖြစ်နေပြီ။ ကျန်နေရစ်သည့် အပင်တွေကလည်း ကောက်ကောက်ကွေးကွေးတွေပဲ များသည်။ ဖြောင့်သည့်အပင်တွေက ရှေ့လူတွေ ခုတ်သွားကြပြီ။ အပင် ဖြောင့်ဖြောင့်လိုချင်လျှင် တောထဲ ဆက်တိုးရမည်။ တောင်ပေါ်ကို ဆက်တက်ရမည်။ ဆက်သွားရမည့်ခရီးအတွက် အချိန်ပေးရမည်။ ဝိရိယ ထပ်စိုက်ရမည်။ သည်ပုံစံဖြင့် ကျွန်တော်တို့လည်း ခရီးဆက် တိုးကြရဦးမည်။ ကျွန်တော်က ဆက်မသွားချင်တော့ပေ။ အစ်မကို တွေ့တာခုတ်သွားဖို့ ကျွန်တော်က ပြောသည်။

“ဒီအပင်တွေက အကောက်တွေ မောင်လေးရဲ့။ ဖြောင့်တဲ့အပင်တွေ ရွေးခုတ်ရတယ်။ ဒါမှ သယ်ရတာလည်း လွယ်တယ်၊ ထင်းစည်းရတာလည်း ကျစ်ကျစ်လစ်လစ် ဖြစ်တယ်”

“ဖြောင့်တဲ့အပင်တွေဆီ ဘယ်လောက်သွားရဦးမှာလဲမှ မသိတာ အစ်မကလည်း၊ ကျွန်တော့်ခြေထောက်တွေတောင် ညောင်းနေပြီ။ ဒါတွေပဲ ခုတ်သွားရအောင်”

“မောင်လေးကလည်းကွယ် စိတ်ရှည်မှပေါ့။ လွယ်လမ်းမလိုက်နဲ့လေ”

“လွယ်တော့ သက်သာတာပေါ့ဗျာ”

“ကဲပါ နည်းနည်းလောက် ထပ်တက်ကြဦးစို့နော်”

အစ်မက ချော့ချော့မော့မော့နှင့် ကျွန်တော့်ကို ခေါ်သွားသည်။ နည်းနည်းဖြောင့်သည့် အပင်ကလေးတွေကိုတွေ့တော့ ကျွန်တော် ခုတ်ချင်လာပြီ။

“ဒါတွေက သိပ်ငယ်သေးတယ် မောင်လေးရဲ့။ နောက်နှစ်လောက်မှ ခုတ်ရမှာ”

“ဟာ... အစ်မကလည်း နောက်နှစ်ဆိုရင် သူများ တွေ့သွားမှာပေါ့။ သူများ ခုတ်သွားမှာပေါ့။ ကိုယ်ပိုင်ထားတာမှ မဟုတ်တာ”

“တစ်ရွာလုံးက ပိုင်တာလေ။ သူ ဦးတော့ သူ ခုတ်ပေါ့။ ကိုယ် ဦးတော့ ကိုယ် ခုတ်ပေါ့ မောင်လေးရဲ့”

“ဒါဆို ကျွန်တော်တို့ ဦးနေတာလေ။ ခြေထောက်တွေ ညောင်းလှပြီဗျ။ ဒါပဲခုတ်ပြီး ပြန်ရအောင်ဗျာ”

အစ်မက ကျွန်တော်ကို ချော့ခေါ်သည်။ ကျွန်တော်ကပေပြီး ရပ်နေလိုက်သည်။ နောက်တော့ အစ်မက ကျွန်တော့်ကို လျော့ပေးသည်။

“မောင်လေး မောရင်လည်း ဒီတစ်ဝိုက်ပဲ ခုတ်ကြတာပေါ့။ အပင်သေးတွေတော့ မခုတ်ရဘူးနော်။ ဒါက စည်းကမ်း။ ကြီးတဲ့အပင်တွေ ခုတ်ရမယ်”

“ကြီးတဲ့အပင်တွေက အကောက်တွေချည်းပဲ။ သူများ မခုတ်လို့ ချန်ထားတာတွေ”

“ဒါကြောင့်ပြောတာပေါ့။ နည်းနည်း ထပ်သွားရအောင်လို့။ ဒီမှာ ခုတ်ရင်တော့ ကောက်တာတွေပဲရမှာပဲ”
“ကောက်လည်း ဘာဖြစ်လဲဗျာ။ မဟုတ်လည်း မီးရှို့မှာပဲဟာ”

အစ်မက ကျွန်တော့်ကို ဘာမှ မပြောတော့ပေ။ ကျွန်တော်တို့သည် ကောက်ကွေးနေသော အပင်တွေကို ခုတ်ကြသည်။ အခက်အလက်တွေကိုလည်း ရှင်းလင်းသည်။ တစ်ပင်ပြီးတစ်ပင်ခုတ်ကာ အကိုင်းအခက် ထွင်၍ ချချပေးလိုက်သည်။ ကျွန်တော်တို့ တစ်ပိုင်တစ်နိုင်ရတော့ ခုတ်တာကို နားလိုက်ကြသည်။ ခဏနားကြပြီးနောက် ထင်းတွေကို စည်းကြသည်။ ထင်းတွေကို စုပြီးစည်းကြတော့ ကျွန်တော် ဒုက္ခရောက်တော့သည်။

ထင်းချောင်းတွေက ကွေးကောက်နေတော့ စုစည်းမရဘဲ ထိုးထိုးထောင်ထောင်တွေ ဖြစ်နေသည်။ ကန့်လန့်ခံနေတာတွေ အလိုက်သင့်ဖြစ်အောင် လုပ်ရ၊ ညှိရသည်။ ဟိုတိုက်ဒီတိုက်၊ ဟိုငြိဒီငြိ ဖြစ်နေတာတွေကိုလည်း အလိုက်သင့်ဖြစ်သွားအောင် ပြုပြင်နေရသည်။ ထင်းလေးတစ်စီး စည်းရတာကို အတော်ကြာအောင် နေရာချ နေရသည်။ အကောက်အချင်းချင်း၊ အကွေးအချင်းချင်း အကောက်နှင့် အကွေးတွေကို တတ်နိုင်သမျှ ညီသွားအောင် လုပ်နေရသည်။

“တွေ့လား အကောက်တွေကို စည်းရတာ ဘယ်လောက် လက်ဝင်သလဲ။ ဒါကြောင့် ထင်းခုတ်တဲ့လူတွေက အကောက်တွေကို မရွေးဘဲထားခဲ့ကြတာပေါ့”

ကျွန်တော်က ကိုယ့်အပြစ်ကိုယ်ဆိုတော့ ငြိမ်နေရသည်။ ကောက်နေ၊ ကွေးနေသော ထင်းတွေကို စည်းလို့ရအောင် ညှိပြီးစည်းလိုက်တော့လည်း ထင်းစည်းကတော့ ဖြစ်သွားသည်။ ကျွန်တော်တို့ မောင်နှမနှစ်ယောက် တောင်ပေါ်ကနေ ထင်းစည်းကိုယ်စီ ထမ်း၊ ရွက်ပြီး ပြန်ဆင်းလာခဲ့ကြသည်။ အိမ်ရောက်တော့ ကိုယ်ခုတ်လာတဲ့ ထင်းတွေကို ဖြတ်ရသည်။ ကောက်ကွေးနေသည့် နေရာတွေကို ခုတ်ဖြတ်လိုက်တော့ ထင်းချောင်းတွေက ဖြောင့်သွားသည်။

“ကောက်တဲ့နေရာကနေ ဖြတ်လိုက်တော့ ဖြောင့်သွားပြီဗျ။ နောက်ဆိုရင် ကောက်လည်း ခုတ်လို့ရပြီ။ ဒီလိုဖြတ်လိုက်တော့ ဖြောင့်သွားပြီလေ”

ကျွန်တော် အစ်မကို ဂုဏ်ယူစွာ ပြောလိုက်သည်။ အစ်မကတော့ ပြုံးနေပြီး တစ်လက်စတည်း ထင်းအလုံးတွေကို လေးစိတ် စိတ်ဖို့ ပြောသည်။ ထင်းလုံးကို နှစ်ခြမ်းခွဲကတည်းက ကျွန်တော် ဒုက္ခရောက်တော့သည်။ အကြောတွေက လုံးထွေးနေလေတော့ ထင်းခြမ်းကလည်း လိမ်ကောက်ပြီး သွားနေသည်။ ဖြောင့်သည့် ထင်းလုံးတွေလို ခွမ်းခနဲ အလွယ်တကူ ကွဲမသွားပေ။ ထင်းလုံး တစ်လုံး နှစ်ခြမ်းကွဲဖို့ ကျွန်တော့်မှာ အချက်ပေါင်းများစွာ ဆောင့်၍ ဆောင့်၍ ခွဲနေရသည်။ လက်တွေလည်း ပွန်းပဲ့ ရေအိမ် တည်ကုန်တော့သည်။

“မောင်လေး လက်တွေ့ တွေ့ပြီ မဟုတ်လား။ အကောက်ခုတ်ရတာ၊ ထွင်ရတာပိုပင် ပန်းတယ်။ စည်းတော့လည်း အလိုက်သင့်ဖြစ်ပြီး ထင်းစည်းညီသွားအောင် မနည်းလုပ်ရတယ်။ ကောက်တဲ့နေရာဖြတ်လိုက်တော့ အကောက်ပြေသွားတာပေါ့။ ဒါပေမယ့် အထဲက အသားနဲ့ အကြောတွေက ကောက်နေတော့ ဓားမတိုးနိုင်ဘူး။ ထင်းခွဲရတာ ပိုပင်ပန်းတာပေါ့”

ကျွန်တော် လက်တွေ့ကြုံနေရလေတော့ အစ်မကို စောဒကမတတ်တော့ဘဲ နေလိုက်ရသည်။ လွယ်လွယ်တွေ့သည့် အပင်ကောက်ကို ကျွန်တော် ခုတ်ခဲ့သည်။ ထိုအပင်ကောက်ကို ခုတ်လာမိသဖြင့် ထင်းဘဝ ရောက်သည်အထိ ဒုက္ခရောက် အပင်ပန်းခံ၍ လုပ်ရသည်။ မီးရှို့ပစ်တာပဲဟု တွေးလိုက်လျှင် ထင်းပင်တွေကို ကျွန်တော် ကွေးနေစရာ မလိုဟု တွက်ခဲ့သည်။ သို့သော် ကျွန်တော် ပိုပင်ပန်းရသည်။ အချိန်ပိုကုန်ရသည်။ စိတ်လည်း ညစ်ရသည်။

“အစ်မ ပြောတာ မှန်တယ်။ ကောက်တဲ့ အပင်ခုတ်တာ တောထဲ သိပ်မဝင်ရပေမယ့် တောထဲဝင်ရတာထက် ပိုပင်ပန်းတယ်။ အလွယ်တွေ့တာ လွယ်တယ်ထင်ပေမယ့် ဒီလွယ်တာကြီးက ခက်နေတာဗျ”

“လွယ်မယောင်နဲ့ ခက်ဆိုတာရှိတယ်လေ မောင်လေးရဲ့”

ကျွန်တော်လည်း အစ်မပြောတာကို ခေါင်းညိတ်လိုက်သည်။ ကျွန်တော်နှင့်စာလျှင် အစ်မက ပို၍ အတွေ့အကြုံ ရှိသည်။ ထင်းခုတ်သွားသည့် ခေါက်ရေကလည်း ကျွန်တော့်ထက် များစွာ ပိုသည်။ အစ်မက ကျွန်တော် ဂျီကျတာကို လက်ခံပြီး လက်တွေ့ပြလိုက်ခြင်း ဖြစ်သည်။

ကောက်ကွေးနေသည့် အပင်ကို မီးရှို့ရရင်ပြီးရောပေါ့ဟု လွယ်လွယ်တွေးခဲ့မိသော ငယ်ငယ်ကအကြောင်းလေးကို ပြန်စဉ်းစားနေမိသည်မှာ ကောက်သောအပင်ကို ရွေးမိမှာစိုး၍ ဖြစ်ပါသည်။ အကောက်ပင်ကို အလွယ်ခုတ်မိ၍ ဒုက္ခရောက်ခဲ့ရပြီးသည့်နောက် အပင်ကောက်ကို မရွေးမိဖို့ ကျွန်တော် တောထဲရောက်တိုင်း ဆင်ခြင်ရှောင်ကွင်း မိသွားသည်။

အကောက်ရွေးမိလျှင် ဒုက္ခရောက်မည်ကို သင်ခန်းစာရထားသော ကျွန်တော်သည် ရွေးပြီး ကောက်တတ်အောင်လည်း ခေါင်းထဲ ထည့်ရပေဦးမည်။ တွေ့ကရာ ကောက်ထည့်လာလျှင်တော့ ကောက်သာ ကောက်ခဲ့ အမှိုက်အမှောင့်တွေချည်း ဖြစ်နေမှာကို စိုးမိသည်။ သို့ဖြစ်၍ အကောက် မရွေးမိစေနှင့်၊ ရွေးကောက်ကြရအောင်ဟု သတိစကားပါးလိုက်ရပါသည်။

စိုးဘားဒိုင်
source....  Eleven Media Group
ပြောတော့ ပြောတာပေါ့၊ ဒါပေမယ့် မပြောဘူး


မတ်လ ၁ ရက်က လွှတ်တော်မှာပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး တချို့က ထူးခြားတဲ့မိန့်ခွန်းလို့ သဘောထားကြပြီး၊ တစ်ချို့ကတော့ သမ္မတကြီးပြောခဲ့သမျှ မိန့်ခွန်းတွေထဲမှာ အားရစရာမရှိဆုံး မိန့်ခွန်းလို့ ရှုမြင်ကြကြောင်း တွေ့ရတယ်။

၂၄ ကြိမ်တိတိ
ထူးခြားတဲ့မိန့်ခွန်းလို့ ယူဆသူများက တိုင်းပြည်ရဲ့ သမ္မတတစ်ဦးအနေနဲ့ ပြည်သူများကို “မိဘပြည်သူများ” လို့ သုံးနှုန်းပြောဆိုတာဟာ ထူးခြားချက်ဖြစ်တယ်လို့ ထောက်ပြတယ်။ နှစ်ပေါင်း ၅၀ လုံးလုံး “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ကြွေးကြော်လာခဲ့ကြရာက ပြည်သူများက မိဘဖြစ်တယ်လို့ ပထမဆုံးအကြိမ် ပြောကြားလိုက်တာကို သတိထားခဲ့မိတယ်။

ကိုယ်တိုင်က “အစိုးရက မိဘလား၊ ပြည်သူက မိဘလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတာကြောင့် ပိုပြီး သတိထားမိတာ ဖြစ်တယ်။ သမ္မတရဲ့ မိန့်ခွန်းတစ်ခုလုံးမှာ “မိဘပြည်သူများ” ဆိုတဲ့ အသုံးအနှုန်း ၂၄
ကြိမ်တိတိပါတယ်ဆိုတာကို ရေတွက်ကြည့်လို့ သိရတယ်။ ပြီးတော့ Rule of Law ဆိုတဲ့စကားက ၉ ကြိမ်ပါပြီး ဗမာလို တရားဥပဒေစိုးမိုးရေးဆိုတာက တစ်ကြိမ် စုစုပေါင်း တရားဥပဒေစိုးမိုးရေး စကား ၁၀ ကြိမ်ပါတာလဲ မှတ်သားထားလိုက်တယ်။

ပြည်သူကို အစီရင်ခံစာတင်ပြ
ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင်တိုင်းဟာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို တစ်နှစ်တစ်ကြိမ် လွှတ်တော်ရှေ့မှောက်မှာ လာရောက်ပြောကြားတဲ့ အစဉ်အလာရှိကြတယ်။ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သမျှတွေကို ပြည်သူသိရှိအောင် အစီရင်ခံတင်ပြတဲ့ သဘောဖြစ်တယ်။ ရှေ့တစ်နှစ်အတွက်လုပ်မယ့် အစီအစဉ်တွေလည်း ပြောကြတယ်။

အဓိကအားဖြင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးကိစ္စတွေကို ဦးစားပေးပြောကြတယ်။ ဒါ့အပြင် လတ်တလော လူတိုင်းစိတ်ဝင်စားနေတဲ့ အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားကြတယ်။ အခွန်အတုတ် လျှော့ချရေးကိစ္စ၊ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စ၊ အလုပ်လက်မဲ့နှုန်း လျှော့ချရေးကိစ္စတဲ့ အချိန်အခါအလိုက် ရှေ့တန်းရောက်နေတဲ့ကိစ္စမျိုးတွေ ဖြစ်တယ်။

နားဝင်ချိုတဲ့ မိန့်ခွန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာလည်း ဒီမိုကရေစီ ဖော်ဆောင်ရေးကိစ္စ၊ စည်းလုံးညီညွတ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ လစာတိုးပေးရေးကိစ္စ္စ၊ ငါးထောင်တန်ဖုန်းကိစ္စ၊ စတုတ္ထမဏ္ဍိုင်ကိစ္စ စတဲ့ စတဲ့ကိစ္စတွေ အားလုံးပါဝင်တာ တွေ့ရတယ်။ သတင်းသမားတစ်ယောက်အနေနဲ့ အခေါက်ခေါက် အခါခါဖတ်ပြီး သေသေချာချာ လေ့လာဆန်းစစ်ပါတယ်။

အပေါ်ယံကြည့်ရင်တော့ အင်မတန် နားဝင်ချိုတဲ့မိန့်ခွန်း ဖြစ်တယ်။ “မိုးပေါ်ထောင် မပစ်ဘူး၊ ထိအောင် ပစ်တယ်” ဆိုတဲ့စကား “ပြည်ပအားကိုး ပုဆိန်ရိုးတွေကို အမြစ်ပါမကျန် သုတ်သင် ရှင်းလင်းကြ” ဆိုတဲ့စကားတွေနဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တယ်။ မိဘပြည်သူများဆိုတဲ့ စကားကို ၂၄ ကြိမ်တိတိ ထပ်ခါတလဲလဲ သုံးစွဲပြောဆိုသွားတာကိုလည်း ဝမ်းသာအားရ ကြိုဆိုပါတယ်။

ကောက်ချက်ဆွဲလိုက်တော့
ဒါပေမယ့် မိန့်ခွန်း နားမထောင်လိုက်ရသူတွေ၊ မဖတ်လိုက်ရသူတွေက ဘာတွေ ထူးထူးခြားခြား ပြောသွားလဲလို့ မေးတဲ့အခါကျတော့ ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ပြောတာတွေကတော့ အစုံပဲ။ လက်ဆုပ်လက်ကိုင် ပြောစရာ၊ ပြစရာတော့ တစ်ခုမှမရှိဘူး။ ငြိမ်းချမ်းရေးကိစ္စ ပြောသွားတယ်။ လောလောဆယ်တော့ မငြိမ်းချမ်းသေးဘူး။ လစာတိုးရေးကိစ္စ ပြောသွားတယ်။ ဘယ်တော့ ဘယ်လိုလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပြုသွားတာ မရှိဘူး။ ငါးထောင်တန် ဖုန်းကိစ္စ ထည့်ပြောတယ်။ ခွင့်ပြုမယ် မပြုဘူးဆိုတာတော့ ပြောမသွားဘူး။

 ပြန်ပြီး ကောက်ချက်ချလိုက်တော့ သမ္မတကြီးက “အားလုံးတော့ ပြောသွားတယ်။ ဒါပေမယ့် တစ်ခုမှတော့ ပြောမသွားဘူး” လို့ပဲ ပြောရလိမ့်မယ် ထင်တယ်။ အကြောင်းအရာတွေတော့ စုံအောင်ပြောသွားပါတယ်။ ဘာတစ်ခုမှတော့ ရှင်းရှင်းလင်းလင်း မသိလိုက်ကြရဘူး။ ဒါကြောင့် “ပြောတော့ ပြောတာပေါ့ ဒါပေမယ့် မပြောဘူး” လို့ပဲ ပြောချင်ပါတယ်။

စိတ်ဘဝင် မကျ
နိုင်ငံတော်သမ္မတကြီး အရင်ကပြောခဲ့တဲ့ မိန့်ခွန်းတွေကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြတာတွေ့ရပေမယ့် ဒီတစ်ခါတော့ သိသာထင်ရှားတဲ့ ကြိုဆိုမှုမျိုး မတွေ့ရဘူး။ အားမလို အားမရဖြစ်ပြီး ဘာသိဘာသာနေလိုက်ကြတာ များတယ်။ လစာတိုးရေးကိစ္စနဲ့ ငါးထောင်တန် ဖုန်းကိစ္စ မျှော်လင့်ချက်တွေ ပြည့်ဝတော့မယ်ထင်ပြီး မိန့်ခွန်းအစအဆုံး ဂရုစိုက် နားထောင်ခဲ့ပြီး အဆုံးသတ်ကျတော့မှ စိတ်ဘဝင်မကျ ဖြစ်သွားတယ်။

လစာတိုးရေးကိစ္စ ချက်ချင်း အကောင်အထည်ဖော်မပေးနိုင်တာကို လူတွေက နားလည်နိုင်ပေမယ့်၊ ငါးထောင်တန် ဖုန်းကိစ္စကိုတော့ ဘယ်လိုမှ နားမလည်နိုင်ကြပါဘူး။ စီးပွားရေးသမားကတောင် လုပ်ပေးနိုင်တယ်ဆိုတာကို အစိုးရက ဘာတွေစဉ်းစားပြီး ဘာတွေ ငဲ့ကွက်နေတာလဲလို့ တွေးရခက်ကြီး ဖြစ်နေကြတယ်။ မြန်မာပြည်ရဲ့ ပွဲဦးထွက် ဆယ်လူလာဖုန်းတုန်းက လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ဗောင်းတော့ညိတ်၊ စိတ်တော်သိ စီးပွားရေးသမားတွေ လက်ဝါးချင်းရိုက်ပြီး “ရိုက်စား” လုပ်တာ ခံခဲ့ရဖူးတာကို ပြန်ပြီးအမှတ်ရနေကြတယ်။

ကုတ်သွေးစုပ်တာ ကာကွယ်
မတ်လ ၆ ရက်နေ့ ဂျာနယ်တစ်စောင်မှာ ဂျီအက်အမ်ဖုန်းကို နှစ်သိန်း၊ WCDMA ဖုန်းကို နှစ်သိန်းခွဲနဲ့ ရောင်းပေးမယ်လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ ဒီလိုဆိုတော့ အရင်က ဂျီအက်အမ်ဖုန်းကို ဆက်သွယ်ရေးက ၁၅ သိန်းပေးဝယ်ရသူတွေ အရမ်းနစ်နာတာပေါ့။ ငါးထောင်နဲ့တောင် ရောင်းနိုင်တဲ့ပစ္စည်းကို တစ်ဆယ့်ငါးသိန်းနဲ့ ရောင်းတယ်ဆိုတော့ မတရား အမြတ်တင်ထားတာဖြစ်တယ်။ ဈေးကွက်စီးပွားရေးဆိုပေမယ့် ပြည်သူလူထုအပေါ် ကြိုက်သလို ကုတ်သွေးစုတ်တာမျိုးကိုတော့ တားဆီးကာကွယ်မှု ရှိရပါမယ်။ သုံးသူတွေက သူတို့ရဲ့ နစ်နာမှုများအတွက် အရေးဆို၊ တရားစွဲနိုင်တဲ့ ဥပဒေများ ပြဋ္ဌာန်းသတ်မှတ်ပေးသင့်တယ်။

လူလတ်တန်းစား နိုင်ငံ
အာဏာရှင်စနစ်တွေမှာ အာဏာလက်ကိုင်ရှိသူတွေနဲ့ သူတို့ရဲ့ အလိုတော်ရိ စီးပွားရေးသမားတွေက တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ဘိုးဘွားပိုင်လို သဘောထားပြီး ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လေ့ရှိတယ်။ ကမ္ဘာပေါ်က ဘယ်လို အာဏာရှင်နိုင်ငံမှာမဆို တိုင်းပြည်ရဲ့စီးပွားချမ်းသာ ၇၅ ရာခိုင်နှုန်းလောက်က ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ ထိပ်ပိုင်း ရေပေါ်စီ လူတန်းစားတွေလက်ထဲမှာ ရှိနေပြီး၊ ၉၀ ရာခိုင်နှုန်းရှိတဲ့ ပြည်သူတွေအားလုံးကတော့ လက်ကျန် ၂၅ ရာခိုင်နှုန်းကိုသာ မျှဝေသုံးစွဲနေရတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ သမိုင်းအစဉ်အလာအားဖြင့် အလွန်အကျွံ ချမ်းသာသူမျိုးတွေ မရှိသလို၊ အလွန်အကျွံ ဆင်းရဲသူလည်း မရှိခဲ့ပါဘူး။ လူလတ်တန်းစား နိုင်ငံတစ်ခုသာဖြစ်ခဲ့တယ်။

လက်ညှိုးညွှန်ရာ ရေဖြစ်
၁၉၆၂ ခုနှစ်နောက်ပိုင်းကစပြီး လူလတ်တန်းစား တဖြည်းဖြည်း ပျောက်ကွယ်ခဲ့ပြီး အခုချိန်မှာတော့ လူလတ်တန်းစားလွှာတစ်ခုလုံး ကွယ်ပျောက်သွားပြီလို့တောင် ဆိုနိုင်တယ်။ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားလွန်းခြင်းဟာ အန္တရာယ်မျိုးစုံကို ဖိတ်ခေါ်သလိုဖြစ်တယ်ဆိုတာ လူတိုင်းသိနေကြတာပဲ။ ဒီကွာဟချက်ရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေး လုံးဝ မရှိခြင်းဖြစ်တယ်။

တရားဥပဒေက ပြည်သူလူထု ၉၀ ရာခိုင်နှုန်းအပေါ်မှာသာ သက်ရောက်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကတော့ တရားဥပဒေရဲ့ ပြင်ပမှာရှိနေကြတယ်။ သူတို့ ဘာလုပ်လုပ် တရားဥပဒေက လက်လှမ်းမမီဘူး။ အရေးမယူနိုင်ဘူး။ သူတို့ကလည်း “ရှက်စိတ်ဆိုတာ လုံးလုံး နားမလည်သူတွေဖြစ်တော့ ကြာလေ အတင့်ရဲလေဖြစ်ပြီး နောက်ဆုံးမှာ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆိုတာမျိုးတွေ ဖြစ်ကုန်ကြတယ်။

လေမဟုတ် အလုပ်နဲ့ပြ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ မြန်မာလို ၁ ကြိမ် အင်္ဂလိပ်လို ၉ ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်တိတိ တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုတာ ပြောသွားခဲ့တယ်။ ယေဘုယျ သဘောပဲရှိပြီး လက်တွေ့ ဘယ်လို လုပ်နေကြတယ်ဆိုတာတွေတော့ ရှင်းလင်းပြောကြားသွားတာ မတွေ့ရဘူး။ ဥပဒေဆိုတာ ပြဋ္ဌာန်းထားတဲ့ စာအုပ်ထဲမှာရှိရုံနဲ့ပြီးတာ မဟုတ်ပါဘူး။ လက်တွေ့ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။

တရားဥပဒေစိုးမိုးရေးသာ မှန်မှန်ကန်ကန် တိတိကျကျ ပြည့်ပြည့်ဝဝ ခံစားကြရမယ်ဆိုရင် နိုင်ငံသားတိုင်းက အစိုးရကို မထောက်ခံပဲ မနေပါဘူး။ ရှေးပဒေသရာဇ် ရှင်ဘုရင်များကိုတောင် တရားနဲ့အညီအုပ်စိုးတဲ့မင်းများကို မင်းကောင်း မင်းမြတ်များအဖြစ် ရာဇဝင်မှာ စာတင်ခဲ့ကြပါတယ်။ တရားဥပဒေစိုးမိုးရေးကိုသာ လေမဟုတ် အလုပ်နဲ့ပြပါလို့ သမ္မတကြီး ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါရစေ။
လူထုစိန်ဝင်း
ဒီလှိုင်း တွင် ဖော်ပြခဲ့သော ဆောင်းပါး
အချစ်ဆိုသည်မှာ..




"ကြယ်တွေ ကြွေလိုက်တာနော်.."

ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ကြည့်နေရင်း ပြောသည်။

"အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့"

ဒူးကလေးပိုက်ကာ ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။

"နင်က ဘာဆုတောင်းမှာလဲ"

ကောင်လေးကမေးလိုက်သည်။

"ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်"

 "အင်း ဒါပဲလား"

"ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ အများကြီး

ဆက်သင်ချင်တယ်"

"ဒါပဲလား"

"ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး ငါက

ကျေးဇူးဆပ်ချင်တယ်"

"ဒါပဲလား"

"ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်"

"ဒါပဲလား"

"မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး ချောချင်လှချင်သေးတယ်။

နတ်ရေကန်ထဲ ကျတယ် ဆိုတာမျိုးပေါ့"

"နင့်ဆုတောင်းတွေကလည်း များလိုက်တာနော်"

 "အင်း.. ဟုတ်တယ်။ ဒါနဲ့ နင်ကရော ဘာဆုတောင်းမှာလဲ'

 "ငါလား"

ကောင်လေးက တီးတိုးပြောလေသည်။

"နင်ဆုတောင်းတိုင်း ပြည့်စေဖို့ ကြွေပေးမယ့် ကြယ်ကလေးတပွင့် ထပ်ခါထပ်ခါ

ပြန်ဖြစ်ပါစေပေါ့"

ကေသာမြစိမ်း
(ရွှေအိမ်စည်၏ပျံသန်းခြင်းအနူပညာ)
ဆူးတောမှ အပြန်


 အင်တိုင်းတော၏ အသံသည် တဒက်ဒက်မြည်နေသော ဓားသံသာဖြစ်၏။ ရီးဆေးရိုးသည် ဆီး ခက်ကို ခက်ရင်းဖြင့် ကော်ကာ လှည်းပေါ်သို့ ပစ်တင်လိုက်ပြီး တစ်ချက်ပုတ်လိုက်သည်။ ဆီးခက် များမှာ လှည်းရံတို်င်ကို ကျော်ရုံသာ ရှိသေးသည်။  နှစ်ဖက်ဖြာပြီး ဘေးသို့မဖြန့်ရသေး။ ရန်တိုင် ပေါ်သို့ တစ်တောင် မျှ မြင့်မောက်ရန်ကား ဝေးသေးစွ။ အိပ်မပျော်သူအတွက် ညသည် ရှည်လျား သည်။  ထိုနည်းသူပင် ပင်ပန်းနွမ်းနယ် သူအတွက် အလုပ်ထုသည် ကြီးမားလွန်း၏။

နေမပူသေးပါ။ နေလုံးသည် ' တောင်ရွာထတော' ပေါ်သို့ တက်မလာသေးငြား ရီးဆေးရိုးမှာ ဟိုက်နေပြီ။ တစ်ကိုယ်လုံး ချွေးတွေရွှဲ့နေပြီ။ ကိုထွန်းးညံ၏ ဓားသံသည် ပျောက်သွားလိုက်၊ ပေါ်လာလိုက်ပင်။ ခုတ်မည့် ဆီးပင် တစ်ပင်၏ အောက်တွင် ရီးဆေးရိုး ၀င်နားချိန်တွင် ကိုထွန်း ညံ၏ ဓားသံမှာ မြန်လာ၏။ သစ်ကိုင်း ပြတ်ခါနီး တွင် ပေါ်နေကျအသံ။

ဆေးလိပ်မီးခိုး များကြားမှ ရီးဆေးရိုး၏ မျက်နှာတွင် အလိုမကျရိပ်များ ပေါ်လာသည်။ သူ့အာရုံက ကိုထွန်းညံ ၏ ဓားသံဆီတွင် ရောက်နေသောကြောင့် သူ့မျက်နှာထားအပြောင်းအလဲက ဓားသံ နှင့်ဆိုင်သည်။ သစ်ကိုင်းခုတ်ရာတွင် ဘယ်ညာပိုင်း၍ သုံးလေးချက်ဖြင့် ဖြတ်မည့်အရွယ်အစားမ ဟုတ်ပါက 'ဓားခုတ်ရာ' ကျယ်ကျယ်ထား၍ 'ဓားစာ' ကိုချဲ့ရသည်။ ဓားခုတ်ရာသည် တည့်တည့် ဆင်းလေ့မရှိ၊ အောက်ဆုံးတွင်း ကျည်းမြောင်းသွားသည်။ ဓားစာ လွင့်စရာ စဉ်စရာမရှိလျှင် ခုတ်ချက်တိုင်းသည် တစ်နေရာ တည်း ထပ်ကာထပ်ကာကျနေသည်။ အောက်သို့လည်း မတိုး တော့။ သို့်အတွက် ဓားစာ ကျယ်ကျယ်ချဲ့ ရသည်။

ရီးဆေးရိုး ထိုင်စက ဓားသံသည် လွင်၏။ လွင်ပေမည်၊ ဓားစာက ကျယ်နေသည်မဟုတ်လား။ ခဏသာ ကြာသည်၊ ဓားသံတိမ်သွားသည်။ တိုးသွားသည်။ ပြတ်ခါနီးမို့ ဓားစာမချဲ့တော့ဘဲ အလောတကြီး ခုတ်နေခြင်း ဖြစ်သည်။ အလောတကြီးခုတ်သဖြင့် ခုတ်သံမြန်လာသည်။ အလဟ ဿ လူပင်ပန်းရ၊ လုပ်အား ဆုံးရုံးရပြီ။ ထို့ကြောင့်ရီးဆေးရိုး အလိုမကျ ဖြစ်ရသည်။ ဓားသံသည် လွင်ပြီး လွင့်စဉ်မလာဘဲ တိုတိုပြတ်ပြတ် နှင့်ပင် ရပ်သွား၏။ 'ခွေးမသား၊ ဆီးပင် မပြတ်ဘဲ နင် အားပြတ်သွားပြီမဟုတ်လား' ဟု စိတ်ထဲ မှ ဆဲရေးရင်း ရီးဆေးရိုး ပြုံးသည်။

မီးခိုးလား၊ နှင်းလား မကွဲပြားသော မြူထရံကို ဖောက်ခွဲလျက် နေလုံးကြီးသည် တောင်ရွာ ထတော ထန်းတောထိပ် သို့ တက်လာ၏။ နေခြည်မဖြာနိုင်။ ကျီးအာသီးကြီးနှယ်သာ ရဲလောင် နေသည်။ ရီးဆေးရိုး သည် ဆီးငုတ်ပေါ်တွင် ဆေးလိုပ်တိုကို တင်ထားလိုက်ကာ ဓားဆွဲပြီးရပ် သည်။ နေမပူမီ များများရအောင် ခုတ်မှ၊ အတန်ကြာလျှင် မြူအုံကြီးပြယ်လမ့်မည်။ ဖြူဖွေးသော နေခြည်လက်တံများ ဖြာလာလိမ့်မည်။ သည့်နောက်ထပ်ဝယ် ကျောကွဲအောင် ပူလိမ့်မည်။ သို့အ တွက် သူအရိပ်ခိုခဲ့သော ဆီးပင်ကို တအားလွှဲခုတ်ချလိုက်သည်။ ဓားက 'ပိဿစီး' ဓားမကြီး။ လက်နှစ်ဖက်ဖြင့် ကိုင်ကာ အားရှိပါးရှိ ပိုင်းချလိုက်ရာ တစ်ချက်တည်းဖြင့် လဲကျသွားသည်။ သည့်နောက် သုံးလှမ်းကွာ၌တစ်ပင်။ လက်တစ်လှမ်း ကွာတွင်ရှိသော အပင်မှာမူ ငယ်သေးသည်။ ဓားတုံးခံ၍ မခုတ်နိုင်။ ထို့နောက် လေးလှမ်းကွာ၌ နှစ်ပင်။ ရီးဆေးရိုး တစ်ချက်တည်းဖြင့်သာ ပိုင်းချသည်။

ရီးဆေးရိုးသည် ခုတ်လိုက်သောအပင် တိခနဲ ပြတ်သွားလျှင် ကျောခိုင်းလိုက်သည်။ နောက်ထပ် ခုတ်ရန် ကြည့်သည်။ သည်တစ်ပင်က အနည်းငယ်တုတ်သည်။ တစ်ချက်တည်းဖြင့် ပြတ်နိုင်ဖွယ် မရှိငြား ဘယ်ဘင်မှ သိမ်းပြီး တစ်ချက်ခုတ်သည်။ ညာဘက်မှသိမ်းပြီး တအားခုတ်လိုက်ချိန်တွင် 'ဖလူး လူး' အသံကြား၍ မော့ကြည့် သည်။ ဟာခနဲ အော်ရုံသာ အော်နိုင်သည်။ ဓားကို ရီးဆေးရိုး မသိမ်းနိုင်ပါ၊ မထိန်းနိုင်ပါ။ တုတ်ပေါ်တွင် ထပ်ပေါက်နေသော သက်တမ်းငါးနှစ်အရွယ်ရှိ ဆီးခါးပင်သည် အိခနဲယိုင် ဆင်းသွား၏။

ရီးဆေးရိုးသည် ဓားကိုပစ်ချကာ ဆီးပင်ကို လှမ်းဆွဲသည်။ ဆီးခါသီးသုံးလေးလုံးနှင့် အပွင့် အကင်းများသာ လက်ထဲတွင် ကျန်ရစ်ခဲ့၏။ ဒုတိယဓားချက်အား အသွင်းတွင် ဖလူးလူးအသံကြားရခြင်း မှာ ငှက်တစ်ကောင် ထပြန်ပြေးခြင်းဖြစ်သည်။ နားနေသောငှက်သည် လူချဉ်းကပ်လာကတည်းက မြင်သည်။ ပျံပြေးပြီ။ သည်ငှက်သည် အသိုက်ထဲတွင် ၀ပ်နေသော ငှက်မို့ ရန်သူကို မမြင်။ မြင်သည်ထား ရင်ငွေ့ပေးနေသော တွယ်တာစရာကို မထားရက်။ ငလျင်ကြီး တော်လဲပြီ။ မိခင် မနေသာတော့။ သည်သဘောကို သိသော ကြောင့် ရီးဆေးရိုး ဓားချက်ကို သိမ်းငြား၊ ပိဿစီးဓားမ သည် ရီးဆေးရိုးကို လွန်ဆန်ခဲ့သည်။ သို့အတွက် ငှက်အသိုက် ကို မျက်လုံးက အပြေးအသော့ရှာသည်။ အပေါ်က အကိုင်း များကြားမှာ အခက်များ အုပ်ဆိုင်းထား သောခွဆုံတွင် ပုခက်ကလေး။

ပုခက်ကလေးဘေးတွင်ကား သားတခဲခဲ သွေးရဲရဲဖြင့် ပျက်စီးနေစော ငှက်ဥသုံးလုံး။ အပြောက်အကျား က လေးတွေ ခြယ်ထားသော ဗွတ်ချွဲဥခွံ အကွဲအကြေများ။ သွက်သွက်လှမ်း၍ ချဉ်းကပ်လာသော ခြေထောက်များ တုံ့သွားသည်။ ရီးဆေးရိုး မျက်နှာလွှဲလိုက်ကာ ဟင်းခနဲ သက်မချသည်။ " အင်း ... ကိုယ့်အိမ် ကိုယ့်ရာ လုံခြုံဖို့ သူ့အိမ်သူ့ရာကို ဖျက်ဆီးရတာပါကလားနော်" မသက်မသာ ညည်းသည်။
ဝါဆိုဝါခေါင် တွင် ရေဘောင်ဘင်ဝေပြီဆိုလျှင် ရမ်းဘိုကုန်းရွာသားများ၏ မျက်လုံးသည် ငယ်ထိပ် သို့ ကပ်သည် အထိ ပြန့်ပြူးကြပြီ။

မပြူးဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။ စလင်းချောင်း ' ရေစွယ်' သည် ရမ်းဘိုကုန်းရွာ တောင်ဖျုားသို့ ဦးတည်ထိုး နေသည်မှာ ကြာပါပြီကော။ တစ်နှစ် သော တစ်တောင်ခန့် ဖဲ့ချသွား။ နောက်တစ်နှစ်သော် တစ်လံခန့် ဖဲ့ချသွားခဲ့သည်။ အိမ်ဝိုင်းများ၏ နောက်ဖေးပိုင်းသည် ကျဉ်းသည်ထက်ကျဉ်း၊ တိုသည် ထက် တိုလာ၏။ ဘယ်ကို ပြေးကြရပ၊ ဘယ်လိုနေကြရပါ့။ သည်တစ်နှစ်တော့သွားပြီ။ ရင်မနေကြရဆဲတွင် သောင်းကြီး ထိုးပြီး ရေကြောင်းပြောင်းသွားလေသည်။ အိမ်အသီးသီး၏ နောက်ဖေးတွင် ဒုတိယအကြိမ်နှယ် အလု မခံတော့ပေ။ ခြေနင်းခံသည်နှင့် ၀ါးကိုင်ကာ ဝေပေးလိုက်သည်။ သူ့အိမ်ဘက်စားသည်။ ငါ့အိမ်ဘက်ယို သည် မပြောရ၊ ကိုယ့်အိမ်နောက်ဖေးတွင် ရှိသလောက်ကိုယ်ယူ။

မြေမြင်သောကြောင့်သာ ရမ်းဘိုးကုန်းသားများ လိုချင်ကြငြား အမှန်ပင် လက်ဝယ်ရောက်သော အခါ ချောင်းချင်း ဆိုင်၍ တိုင်ပင်ရပြီ။ 'ဘယ်နှယ့်လုပ်မလဲ၊ ဘာနဲ့လုပ်မလဲ' စသည်။ အမှန်မူ ရိမ်းဘိုးကုန်းရွာတွင် လယ်သမား မှာ အနည်းစု။ သို့အတွက် မြေကိုထွန်ယက်စရာ နွားနှင့်ထွန်၊ ထယ် အသင့်ရှိသူမှာလည်း အနည်းစု သာဖြစ်နေကြချေတော့သည်။ ရောင်းချခွင့်ကလည်း မရှိနှင့်။ နေမထိ ထိုင်မသာ။ စတုဒီသာ ပွဲတော်ကြီး နှင့် ပက်ပင်းတိုးကာမှ "မှက်ခရုနာ" ပေါက်နေပါတကား။

သို့သော် ရမ်းဘိုကုန်းသို့ ကိုအီဗရာဟင် ရောက်လာသည်။ ၀ါးတစ်တာကို တစ်ရာနှုန်းဖြင့် ငှားပြီး အာလူးစိုက်သည်။ သည်ယာပိုင်ရှင်များကို ကိုအီဗရာဟင်ထံတွင် တစ်နေ့ ၇ကျပ် နေ့စား အငှားဝင်ကြသည်။ သည်လူတွေထဲတွင် ရီးဆေးရိုး မပါချင်။ ကိုယ့်မှာ လယ်လုပ်ကိရိယာတွင် အစုံ ရှိပါလျက် ငှားရသည်မှာ မကောင်း။ သို့ဖြင့် ကိုယ်တိုင် ကိုယ်ကြပ် လုပ်သည်။ အာလူး မစိုက်နိုင်ပါ။ မြေပဲ မစိုက်နိုင်ပါ။ မြေပဲစိုက်လျှင် မြေပဲဆန် အညှောက်မထိုးမီ ကလေးတွေ ဖော်စားကြသော ကြောင့် ဒုတိယနှစ်တွင် ကိုအီဗရာဟင်တွင် ထိုင်ငိုခဲ့ပြီး မဟုတ်လား။ သို့အတွက် နှံစားပြောင်း ကြဲသည်။ နှံစားပြောင်းပင် တစ်ပွေ့သာသာကို ငါးကျပ်ရသည်။ နွားစာမရှိသူများ၊ မြင်းသမားများက ၀ယ်ကြသည်။ ကလေးတွေ အီဗရာဟင် ယာတဲတွင် အချိန် ကုန်သဖြင့် ရီဆေးရိုးဘက် မရောက်သေး။ သုံးနှစ်အကြာတွင် အီဗရာဟင် လက်မြှောက် သွားသော အခါ ယာတွေမှာ မုန်ညင်း မြက်သောသောနှင့် ကျန်ခဲ့သည်။

ကလေးများသည် နှံစားပြောင်းတွေကို ၀င်ချိုးသည်။ ဘာလုပ်မှာပါလိမ့်ဟု ရီးဆေးရိုး ချောင်းကြည့် သည်။ သူတို့သည် အပင်နုနုကို မချိုး၊ ရင့်သည်ကိုမှ ရွေးချိုးပြီး ကြံချောင်း အခွံခွာသလို ခွာသည်။ ကြံစုပ်သလို စုပ်သည်။ ပထမသော် လေး ငါးယောက်။ ဒုတိယနေ့တွင် နှစ်ဆယ်။ တတိယမှာသော် ကား ရွာလုံးကျွတ် ကလေး တစ်ရာကျော်။ ရီဆေးရိုး မဆဲရက်၊ မရိုက်ရက်သော်ငြား အလှူကြီး မပေး နိုင်ပါ။ ယာခရိုး လုံခြုံအောင် စီမံရလေပြီ။ ကင်ပွန်းခါး ကိုင်းသည်လည်း ဆူးရှိသည်သာပင်။ ကင်ပွန်းခါးပင်ကို ရီးဆေးရိုး လိုက်လံရှာဖွေသည်။ ကင်ပွန်းခါးပင်များ ယခင်က ပေါခဲ့သော ရမ်းဘိုကနုး။ ယခု ငုံးငုံးတိုနေပြီ။ သူ့ယာ ကိုယ့်ယာ နယ်နိမိတ်တိုင်ကို ကင်ပွန်းခါးတိုင်များဖြင့် သတ်မှတ်ကြ၊ အကိုင်းအခက်များဖြင့် ကာရံကြသည် မဟုတ်လား။

ရွာပြင်နှင့် မုံးမြောင်းတစ်လျှောက်တွင်လည်း ကင်ပွန်းခါးသာ မဟုတ်၊ ထနောင်းလည်း ပြုတ်လု တည်းတည်းသာ ဖြစ်ရပေပြီ။ တစ်ပင်ခုတ်ပြီး နှစ်ပင်စိုက်ရန် မဆိုထားဘိ၊ ဆယ်ပင်ခုတ်၍မျှ တစ်ပင်စိုက်ရန် အိပ်မက် မမက်ကြပေပဲကိုး။ ရီးဆေးရိုး မမွေးမီးကတည်းက ရမ်းဘိုကုန်း ပတ်ချာ လည်တွင် ခဲပစ်မလွဲ၊ လက်ညှိုးထိုးမလွတ်သော ထနောင်းနှင့် ကင်ပွန်းခါးတို့ ပြုန်းတီးချိန်တွင် ခေါင်းထောင်လာသူ ရှိ၏။ သူကား "ကန္တရ ထနောင်း" ပေတည်း။ မနေ့တနေ့ကမှ ရောက်လာသော ကန္တရ ထနောင်း။

သည်ကန္တရထနောင်းသီးကို နွားကြိုက်ငြား ရီးဆေးရိုး မခုတ်ရဲပါ။ သူ့ကို ခုတ်ပြီး ကာရံလျှင် ဖြစ်နိုင် ငြား သူ့ဆူးနှင့် စူးမိလျှင် မသက်သာ။ လူသာမဟုတ်၊ သည်ဆူး ဆူးမိလျှင် နွားလည်း ခံရသည်ပင်။ သို့အတွက် ကိုထွန်းညံကို အဖော်ခေါ်ကာ အနောက်တောသို့ ထွက်လာခဲ့ကြခြင်း ဖြစ်ပေ၏။ အခါတိုင်းဆိုလျှင် မြောင်းခွကို ထွန်သည်နှင့် မြူကြား၊ မင်းလွင်ကြားမှ ကြိုဆိုနေကျ သနပ်ခါး ဒဟပ်နှင့် သန်းပင်များကို မတွေ့ရတော့ပြီ။ ရမ်းဘိုကုန်းနှင့် မြောင်းခွအကွာအဝေးလောက်ပင် နောက်ထပ်လာမှ ကိုရင်ကြီးကုန်းကို ရောက်သည်။ သည်မှာပင် မိုးစင်စင်လင်းပြီ။

ကိုရင်ကြီးကုန်းတွင် သန်းပင်ထက် ဒဟပ်နှင့် ဆီး ပေါသည်။ ဒဟပ်မှာ ဆူးမရှိ။ ရီးဆေးရိုး မလိုချင်။ သန်းပင်မူ ဆူးကား ရှိပါ၏။ ရှားလှချေသည်။ သို့ဖြင့် ဆီးခုတ်ရန် စိတ်ကူးကြသည်။ ဆီးမှာပင် ဆီးချဉ်သီးကို လူက ကောက်၊ နွားက လာစား သေးသည်။ သို့ဖြင့် လူရော နွားပါ ဘေးမဲ့ပေးထား သော ဆီးခါးကိုသာ ခုတ်ကြ တော့သည်။

စောစောက ရပ်သွားသော ဓားခုတ်သံ ထပ်မံပေါ်လာပြန်၏။ ကလေးမဟုတ်၊ ပြောလိုစိတ် မရှိ။ အတန် တိုက်သွားချိန် တွင် ဓားကို နောက်ကျောဘက်မှာ ထိုးထားလိုက်ပြီး ဆီးခက်တွေ ကော်ပြန် သည်။ နှစ်ခက်မှ တစ်ပြန့်မို့ တော်တော်နှင့်မမောက်။ ခါးက ဓားကြီး ခါယမ်းခါယမ်းနှင့်ပင် သယ်ရ သည်။ ချထား၍ မဖြစ်။ ကိုယ်ချထားသည့် ဓားကို ခလုတ်တိုက်ပေါင်းများပြီ။ မျက်စိမှောက်ပြီး ခြေတို အောင် ရှာရသဖြင့် အချိန် ဖင့်ပေါင်း များပြီ။ နောက်ထပ် သုံးကော် ကော်ပြီး ဆီးခက်နှစ်ဆယ်ခန့် တင်ပြီးချိန်ကျမှ ကိုထွန်းညံ၏ အသံပေါ်လာသည်။ အထူးအထွေ မရှိပါ။ "မဆာသေးဘူးလား၊ ထမင်းစားကြရအောင်" အဖော်ညှိခြင်း ဖြစ်သည်။

နေလုံး သည် တောင်ရွာထတောပေါ်သို့  တစ်တောင်ကျော်ကျော်မြင့်တက်လာပြီ။ သို့ပါလျက်နှင့် ရောင်ခြည် မဖြာသေး။ ကျီးအာသီးနှယ် နီရဲနေဆဲသာ။ ကိုးခွင်ရပ်သည် မြူအုံထူထူဖြင့် သိုင်းဖွဲ့ထား ဆဲ ရှိသေးသည်။ သည်လက္ခဏာကို ရီးဆေးရိုး မကြိုက်ပါ။ လေကျမည့် လက္ခဏာ ဖြစ်သည်။ လေကျမှဖြင့် ...။

ရီးဆေးရိုး၏ စိတ်က ရွာသို့ ပြနသ်ွားသည်။ သည်အရပ်၏ လေကျချိန်က ညနေ ငါးနာရီ။ ချက်တုန်း ပြုတ်တုန်း။ မီးဖိုမီးကို ငြှိမ်းနိုင်မီ ဘီလူးထွက် ထွက်သောလေ၊ ဗြုန်းဗြင်းနောင်ဗြောင်း ကျလေ့ရှိ သောလေ။ သို့မို့ကြောင့် ရွာပြင်လေကွယ်တွင် ချက်သူချက်၊ မွန်းတိမ်းသည်နှင့် ထမင်းအိုး တည်သူ တည်။ သို့သော် ထမင်းအိုး လွှင့်မပစ်ရခြင်းနှင့် မီးအန္တရာယ်ကင်းခြင်းသာ ရှိသည်။ လေကား သည်နှယ် ရီဝေဆိုင်းနေပါက ကျလာ တော့သည်သာ။

သည်နှယ်လေကျလာပါက ခံနိုင်စေရန် နွားတင်းကုန်ကို ကင်ပွန်းခါးတုံးဖြင့် ဖိသည်။ ကောက်ရိုးပုံကို သေသေချာချာ ခေါင်ချုပ်သည်။ အိမ်ခေါင်မိုးကအစ လွင့်စရာ လန်စရာများကို အစစ ကြိုတင် ဖိအုပ် ထားပါလျက်က လေ့လာချိန်တွင် လန့်သေးလွင့်သေးသည်။ အိမ်မှာ ကျန်ခဲ့သော အဘွားကြီးအိုမှာ "ကိုဆေးရိုးရေ လုပ်ပါဦး" အော်စရာ လူလည်း မရှိ။ မည်သို့ လုပ်ပါမည်နည်း။ ခြေရင်းထရံ မတုပ်ရ သေပါတကား။ "အင်း ထရံကြီး ကွာကျမှဖြင့်" တွေး၍ မဆုံးသေးမီ ကောက်ရိုးထုံးတွေက အာရုံထဲ သို့ ၀င်ရောက်လာပြန်သည်။ ကောက်လှိုင်းတစ်စည်းစီးကို ပုတ်ခြွေပြီးတိုင်း ပြန်၍ ထုံးဖွဲ့ထားသည်။

အနှံတွေ မပါတော့သည့် ကောက်ရိုးထုံး။ သည်ကောက်ရိုးထုံးတွေကို အိမ်က နွားတွေအတွက်သာ စဉ်း ကျွေးရသည်မဟုတ်။ ၀ယ်လာသူရှိလျှင်လည်း ရောင်းရသေးသည်။ "ဘယ်အရပ်မှာ မိုးခေါင်လို့ နွားစာတစ်မျှင်မှ မရှိဘူး၊ လှူကြပါဦး" ဆိုလာလျှင်လည်း လှူရ၊ ပေးကမ်းရသည်။ သို့လျှင် သုံးစွဲ ပေးကမ်းနိုင်ရန် သပ်သပ်ရပ်ရပ် ပုံထားသည်။ ထန်းရွက်ဖြင့်  ဖုံးထားသည်။ ထန်းရွက်ပေါ်တွင် တုံးတွေ၊ မြေကြီးခဲတွေ၊ အုတ်ခဲတွေ တင်ထားသည်။ တင်ထာသော်ငြား လေဒဏ်မှ ခံနိုင်ပါမည်လား။

အားခွန်ဗလကြီးမားသော လူသန်ကြီးတစ်ယောက်သည် တဲအိုကလေးတစ်လုံးကို တအားတွန်းဖိ ထားဘိသို့ လေသည် တရကြမ်းတိုက်၏။ တဝေါဝေါ တ၀ုန်းဝုန်း တအုန်းအုန်း တဒိုင်းဒိုင်း မြည်သံမစဲ တိုက်အား မလျှော့ဘဲ တိုက်ခတ်၏။ ထိုသို့ တိုကခတ်နေဆဲတွင် လေပုန်းက ၀င်မွှေ့သေးသည်။ လေပုန်း ၀င်မွှေ့ပြီဆိုမျှဖြင့် စောစောက ဘာမျှမဖြစ်သော ဖျာတွေလည်း အိမ်ထဲတွင် လွင့်၏။ သံပန်ကန်၊ ဒန်အိုးဒန်ခွက်များ ၀ဲပျံမြူးထူးကြသည်။ ထိုကဲ့သို့ လေပုန်း မွှေခဲ့သော် အမယ်ကြီးအို ဖျာရိုက်သဖြင့် မူးဝေ လဲပြိုချေ မည်လား။

ကောက်ရိုးထုံးပေါ်မှ ထန်းရွက်တွေ မမျှော်လင့်ဘဲ လန်ထွက်သဖြင့် အမယ်အိုကြီးကို တုံးတိုတုံးစတွေ ရိုက်မိချေမည်လော။ သူ့ဘာသာသူနေသော သောက အမှိုက်ပုံကို သွားဖွမိသည့်ခဏ၌ ဆုပ်ကိုင်ပြီးသား ထမင်းလုတ်သည် ပါးစပ်ဝ၌ တန့်နား၏။ ဖျတ်ခနဲ သတိဝင်လာချိန်တွင် သူ့အဖြစ်ကို ကိုထွန်းညံ သိချေပြီလော။ စောင်းငဲ့အကဲခတ်ရင်း ထမင်းခွံ၏။ ထမင်းနင်ပါလေတော့သည်။ ထမင်းနင်သည်ဆိုကာ ရေမသောက်ရဲ။ နင်သော ထမင်း လျှောကျအောင်ဆိုကာ ရေသောက်မိသဖြင့်အသက်ရှူ တစ်ကြိမ် မှားဖူးကတည်းက သည်းခံစိတ် မွေးတတ်ပြီ။ ခါးကိုဆန့်ကာ အသက်ဝအောင် ရှူသည်။ လည်ချောင်းတွင်းမှ တင်းကျပ် ဆို့နင့် နေသော ဝေဒနာသည် တော်တော်နှင့် မပျောက်။

ကိုထွန်းညံကား နောက်က ရန်သူ လိုက်လာဘိသကဲ့သို့ အတင်းခွံ အတင်းမျိုချနေသည်။ သူ့ကို ကြည့်ပြီး မနာလိုစိတ် ဖြစ်ပေါ်လာသည်။ သို့သော် ရင်တွင်းနှင့် လည်ချောင်းတွင်းမှ အောင့်သော ဝေဒနာ မပြသေး။ ထငမ်းတစ်လုတ်ကို အရည်ပျော်လုခမန်း ညက်အောင် ၀ါးပြီးမှ  မျိုချ၏။ ဝေဒနာ သည် ထိုအချက်ျမှ သက်သာလေ၏။ "အင်း ဒုက္ခမရှိ ဒုက္ခရှာ၊ ကိုယ်လည်း ဘာမှ မတတ်နိုင်တာကို တွေးပြီး ပူမိတာကိုး" ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ ငါးမိဖုတ်နှင့် ငရုတ်သီးထောင်းမှာ ညက အကျန်ပေမဲ့ နှမ်းဆီနဲပ သင်းသင်းနှင့်မို့ အရသာ ရှိလှ၏။ အရသာရှိတိုင်းလည်း အတင်းမမျိုဝံ့။ သွားဖုံးနှင့် ကြိတ်ချေနေရသေး၏။ ကိုထွန်းညံ ဆေးလိပ်သောက်၍ တစ်ဝက်ကျော်ကျသွားပြီ။ ထိုအခါတွင်မှ ရီးဆေးရိုး ထမင်းစား၍ ပြီးသည်။ နေကိုမော့ကြည့်သည်။ ဆွမ်းခံဝင်ချိန်ကျော်ခဲ့ပြီ။ နေမရင့်မီ မြူမကွဲမီ သုတ်ခြေတင်မှ ဖြစ်မည်။ ရီးဆေးရိုးမှာ ရေသောက် မိသော်လည်း လက်မဆေးမီ ဓားကိုဆွဲကာ နေရာပြောင်းခဲ့၏။

"ကိုဆေးရိုးရေ ပြန်ကြစို့၊ တော်ပြီလားလို့"
ကိုထွန်းညံထံမှ အသံပေါ်လာချိန်တွင် ရီးဆေးရိုးသည် ဆီးခက်များကို 'ကုပ်ဝါး' ဖြင့် နှိပ်နေပြီ။ တောထဲတွင် သစ်ပင်ရှိကား ရှိ၏။ လှည်းတစ်ဆုံးရှည်သော အပင်ကား ရှားပြီ။ သို့အတွက် အိမ်မှ ၀ါးနှစ်လုံး၊ ကြိုးလေး ချောင်းသယ်ခဲ့သည်။ လှည်း၏ ဦးပိုင်းမှ ကြိုးများကို လှည်းသန်တွင် ချည်သည်။ လှည်းနောက်မြီးပိုင်းမှ ကုပ်ဝါးကြိုးများကို လှည်းသင်ရိုးတွင် ချည်သည်။ ပွသည်ဖြစ်စေ ကျစ်သည်ဖြစ်စေ၊ သည်မျှဆိုလျှင် လုံ လောက်ပြီ။ ဆီးဆူးပေါ်တွင် ဂုန်အိတ်ခင်းသည်။ သည်အပေါ်မှာ ဓား၊ ခက်ရင်း၊ ထမင်းထုပ်၊ ရေဘူးနှင့် နတံ(နှင်တံ)ကို တင်ထားခဲ့ပြီးမှ ကိုထွန်းညံကို ကူရန် လာခဲ့သည်။ ကိုထွန်းညံသည် နွားနှစ်ကောင်ကို ထမ်းပိုးတွင်း သွင်းနေ၏။ ဆီးခက်များကား ထိုးထောင်မို့မောက်နေသည်။

'' ဟေ့ ..... နွားမတပ်နဲ့ဦးလေ၊ 'ကုပ်' နှိပ်ဦးမှပေါ့''
ကိုထွန်းညံ တန့်မသွားပါ။ အလှည့်နွားကို လည်ပတ်ကြိုးပတ်ပြီး ထမ်းပိုးကျစ်စိုက်သည်။
''ဟေ့ကောင် ကုပ်မနှိပ်ရင် မရဘူးလေ''
''ကုပ်နှိပ်လောက်တဲ့အပင် မရှိဘူးဗျ၊ ရပါတယ်ဗျာ၊ ကြိုးသိုင်းထားတာပဲ၊ လမ်းဒါလောက်ဆိုးတာမှတ်လို့''
ပြောရင်းကပင် အတိုင်နွားကို ကသည်။ လူက ပေါ့တီးပေါ့ဆမဟတုတ်၊ အသံကလည်း ခပ်ပေါ့ပေါ့ပင်။

''အေးလေ၊ ဒါဆိုလည်း သွားကြစို့'' ဆိုကာ ရီးဆေးရိုး လှည့်ထွက်ခဲ့ကာ နွားတပ်ပြီးမောင်းထွက်လာသည်။ လှည်းလမ်းကြောင်းပေါ်သို့ ရောက်ချိန်တွင် ရီးဆေးရိုး လှည့်ကြည့်မိသည်။ လှည်းဆောင့်တိုင်း ခုန်နေသော ကိုထွန်းညံ။ ဆေးရိုး လှည့်ပြောမည် ကြံသေးငြား ပြောဖြစ်။ အတိုင်နွားက တောရကျောင်း လမ်းခွဲဘက် ဆွဲနေ သဖြင့် နှင်တံနှင့် ပါးစပ်က ငေါက်နေရသည့်အတွက် ပြောရန်မေ့သွားတော့သည်။
''ကိုထွန်းညံ ရေ၊ တို့ပြီး မောင်းဟေ့၊ နေအေးတုန်း ခရီးတွင်အောင်''

ဆွမ်းစားခေါင်းလောင်းသံ မကြားရသေးပါ။ နေကိုမော့ကြည့်ပြီး ရီးဆေးရိုး ခန့်မှန်းခြင်းဖြစ်သည်။ ကိုထွန်း ညံမှာ ပြန်မပြောနိုင်ပါ။ ရှေ့သို့လျှောလာသော ဆူးခက်တွေ နောက်တွန်းရ၊ ဘေးဆင်းနေသော ဆူးခက် တွေကို ဆွဲတင်ရနှင့် လက်ငါးချောင်းလုံး သွေးအလူးလူးဖြစ်နေသည်။

ညောင်ကုန်းရွာ မရောက်မီပင် သူတို့လှည်းများ ချောင်းထဲသို့ ဆင်းမိသည်။ မရှေးမနှောင်းပင် ညောင်ကုန်း ကျောင်းမှ ဆွမ်းစားခေါင်းလောင်းသံများ၊ ခွေးအူသံများ ညံတက်လာ၏။ ထိုအချိန်တွင် ရီးဆေးရိုးစိတ်ထဲ၌ တစ်ခုခုထူးခြားသလို ထင်မိ၏။ စင်စစ်သော်ကား ကိုင်းတောထဲမှ ငှက်သံများ ရပ်စဲသွားခြင်း၊ တညင်ညင် တိုက်ခတ်နေသော လေပြေ ရပ်ဆိုင်းသွားခြင်းဖြစ်၏။ အလယ်သောင်သည် အတက်ပြေငြား အဆင်းဆိုးလှ သည်။ ရီးဆေးရိုးသည် နွားနှစ်ကောင်ကို အပြေးဆင်းခွင့်မပေးပါ။ ဖြည်းဖြည်းဆင်းအောင် ကန်းကြိုးဖြင့် ထိန်းထား သည်။ ရပ်စောင့်နေသော ကိုထွန်းညံဘက်သို့ မျက်နှာအလှည့်တွင် အနောက်မြောက်ဘက်မှ အလုံးကြီးတစ်လုံး ဂွမ်းမှုန်ဂွမ်းမျှင်များ လွင့်တက်သွားသည့်နှယ် ထောက်တက်လာသော ဖုန်လုံးကြီး။

''ကိုထွန်းညံ မဆင်းနဲ့၊ လေကျလာပြီ၊ ကိုင်းတောကွယ်မှာ ရပ်နေ''
ရီးဆေးရိုး အော်ဆဲမှာပင် ကိုထွန်းညံ၏ လှည်းက ဆင်းလာပြီ။ ရီးဆေးရိုး သူ့လှည်းပေါ်သို့ 'လှည်းပုံတောင်း ပေါ်မှ လှမ်းတက်ကာ ကိုင်းတော သောင်ခုံစပ်သို့ မောင်းခဲ့သည်။ ကြီးမားသော ဆည်ကြီးတစ်ခု ပေါက်ကျ ဘိသို့၊ ပင်လယ်လှိုင်းလုံးကြီးများ ပြေးတက်လာဘိသို့ ကျယ်လောင်ပြင်းထန်သော အသံများ ပြေးလာ သည်။ မရှေးမနှောင်း ပင် ကိုင်းတောကြီး တစ်ဝီ၀ီအော်လျက် လေပြင်းကြီးများ ကျရောက်လာတော့သည်။

ရီးဆေးရိုးသည် နွားနှစ်ကောင်းကြား ထမ်းပိုးတုံးအောက်တွင် ၀င်ထိုင်ကာ လေကို ကျေားပေးထား၏။ သဲမှုန်များသည် မိုးသီးမိုးပေါက်အလား ကျလာ၏။ ကိုထွန်းညံ ဘာဖြစ်သွားသလဲ၊ ဘယ်ရောက်နေသလဲ မမြင်ရတော့ပါ။ နားထဲတွင်မူ ရှောခနဲ ဖုန်းခနဲ ကြားလိုက်သလိုရှိ၏။ လေသည် လျော့သွားလိုက်၊ တစ်ကြော့ပြန်လာလိုက်နှင့် တစ်နာရီခွဲခန့် တိုက်ပြီးမှ တိခနဲပြတ်သွားသည်။ သဲမှန်ပြတင်းကြီးလည်း လက်ဖြင့်ပွတ်လိုက်ဘိသို့ တဖြည်းဖြည်းကြည်လင်လာ၏။

သောင်ခုံအဆင်းတွင် ရပ်နေသော လှည်း၊ လှည်းရှေ့တွင် ဆီးခက်ပုံကြီး။ ထွန်းညံ ဘယ်မှာနည်း၊ ရီးဆေးရိုး ပြေးလာပြီး ဆူးခက်တွေ ဆွဲလှန်သည်။ မှောက်လျက် ကားကားကြီးသတိလစ်နေသော ကိုထွန်းညံ။ ဧကန္တ ဆူးခက်တွေ ရှေ့အလျှောတွင် လူပါလျှောကျပြီး နောက်မှပါလာသော ဆူးခက်များအောက်သို့ ရောက်သွားခြင်း ဖြစ်ပေမည်။

ကိုထွန်းညံ သတိရချိန်တွင် လှည်းပေါ်သို့ မတက်နိုင်တော့ပါ။ သို့အတွက် ရီးဆေးရိုးမှာ ဆီးခက်တွေ အကုန်လှန်ချပစ်ပြီး ကိုထွန်းညံကို လှည်းပေါ်ပွေ့တင်ပေးရသည်။ သူ့လှည်းကို နောက်ကထားလျက် လှည့် ကြည့် လှည့်ကြည့်နှင့် ခရီးဆက်ရသည်။ အိမ်အပြန်မို့ နွားတွေ ဖြောင့်ဖြောင့်မလိုက်မှာ မစိုးရ။ လူသာ လျှောကျကျန်ခဲ့မှာ စိုးရသည်။ သို့အတွက် တငဲ့စောင်းစောင်းပြန်ကြည့်ရသည်။ ကိုထွန်းညံကို ပြန်ကြည့် နေ့သော ကြောင့်လည်း ရမ်းဘိုးကုန်ုးကို လေပြင်းမည်မျှမွှေသွားသနည်း၊ အမယ်ကြီးအို ဘေးရန်မှ ကင်းပါစ တွေးရန် ပူရန် သတိမရ ပါတော့ချေ။ 'အစက ငါအပြောသားပဲကွာ' ဟူ၍လည်း အပြစ်မတင်ရက် တော့ပါ။ အိမ် သို့ မသေမပျောက် ခေါ်သွားနိုင်ရေးကိုသာ ရီးဆေးရိုး စိတ်စောနေပါတော့သည်။

ဆင်ဖြူကျွန်းအောင်သိန်း

Friday, March 30, 2012

လူသည် ကြာငုံသာ ဖြစ်သေးသည်


လူသည် မျိုးစေ့ ဗီဇ အနေဖြင့်သာ မွေးဖွားလာခဲ့ သူ ဖြစ်သည်။ အပွင့်အခက် မရှိသေး ၊ မျိုးစေ့မျှသာ ရှိသေး သည်။ ကြီးထွား မလာသေး။ ငုံဖူး လျက်သာ ရှိသေးသည်။ ယင်း မျိုးစေ့၊ ယင်း အငုံအဖူး ဘဝ ကို မပျိုးထောင်လျှင် အပင် ကိုယ်ထည် သာ ကြီး၍ အပွင့် အသီး သီးပွင့် မည် မဟုတ်ပေ ။ ရှင်သန် နေသည့် မိမိမှာ ခန္ဓာသာ ထွားလာ၍ နွားနှင့်သာ တူနေပေလိမ့်မည်။

ခန္ဓာကိုယ် ကြီးထွား လာခြင်း သည် ဖွံ့ထွားလာခြင်း မဟုတ်။ အသက်ကြီးလာခြင်း သည် အသိကြီးလာခြင်း မဟုတ်။ ရုပ်ပိုင်း သည် စိတ်ပိုင်း ဆိုင်ရာ နှင့် လွတ်မြောက်မှု ပိုင်း ဆိုင်ရာ တို့ ကို များစွာ အထောက်အကူ မပြု။ အချိန်ပေါင်း များစွာ ဖြတ်သန်း နေထိုင် ပြီးသည့် တိုင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မရှိခဲ့ပါလျှင် အကြင်သူ ကို အချိန် အလဟဿ  ဖြုန်းတီး ပစ်ခဲ့သူ ဟုသာ ဆိုရမည် ဖြစ်သည်။

လူသည် ဤကမ္ဘာမြေ ပြင်တွင်  အသိဥာဏ် အလင်း ရနိုင်သော တစ်ဦးတည်းသော သတ္တဝါ ဖြစ်သည်။ ဆင်၊ ကျား၊ ခြေင်္သေ့ စသဖြင့် တို့ သည် အသိဥာဏ် အလင်း မရနိုင်ပေ။ လူသည်သာ အသိဥာဏ် အလင်း ရနိုင်စွမ်း ပြီး၊ ကုမုဒြာ ကြာ ၏ ပွင့်ချပ်ပေါင်း များစွာ စုငုံ ထားသော မျိုးစေ့ လည်း ဖြစ်သည်။ မပွင့်အာသေး - သို့သော် ပွင့်အာရန် အစွမ်းရှိသည်။ လူ၏ အသွင်သန္တာန် အတွင်း၌ သာ ဘုရား သခင် ၏ သင်းပျံ့သော ရနံ့ ကောင်းစွာ ကိန်းဝပ် နေနိုင်သည်။ မမွှေးပျံ့သေး - သို့သော် မွှေးပျံ့ရန် အလားအလာ ရှိသည်။

ထို့ကြောင့် အခြား အကြောင်းအရာ၊ မလိုရာ တို့နှင့် တရံစာ၊ တခြည်မျှင်မျှ အချိန် မဖြုန်း တီး မိပါစေနှင့်။ အဓိက ကျသော အရာ ကိုသာ သိမှတ်၊ စွဲမြဲ အားထုတ်စေ သင့်၏။ စောင့်ကြည့်မှု ၊ သတိ၊ (ဝါ) အပ္ပမာဒ၌ တရံမလပ် စွမ်းအား ရှိနေသင့်၏ ။ သိမှု သတိအားဖြင့် ရရှိ သည့် စက္ကန့် ခဏတိုင်း အပေါ် သိမြင် ရှင်သန်ရန်၊ ကောင်းစွာ နိုးကြား နေကြပါရန် တိုက်တွန်း လိုသည်။

အကြောင်းမှာ "နိုးကြားမှု" မရှိ လျင် ယခု ခဏ ရှင်သန် နေမှု တို့ကို  စင်စစ် "ရှင်သန်နေမှု" အမှန် ဟု ခေါ်ဆိုနိုင်မည် မဟုတ်။ အသိမရှိသော ရှင်သန်မှု သည် သေ သည် နှင့် မခြား ၊ အဘယ်မျှ မထူးခြားပေ။ စင်စစ် တိပသော ရှင်သန်မှု  ၌ ဘဝ၏ ချမ်းမြေ့မှုသည် ပြည့်စုံစွာ တည်ရှိသည်။ ၎င်းကို သင် ကိုယ်တိုင် မနိုးကြားနိုင် မချင်း မြင်နိုင်မည် မဟုတ်။ သင်၏ တခဏတာ အတွင်း၌ ပွင့်လက် ကြကုန်သည့် ပန်းပေါက် လေး များ သည် မြူးထူး စွာ ကခုန် လျက် ရှိ၏။ သို့သော် သင် သတိမပြုမိ မချင်း  မြင်မည် မဟုတ်ပေ။

ဘဝ၏ ချမ်းမြေ့မှု သန္တိ သည် အပ္ပမာဒ တံခါးကို ဖြတ်သန်း ၍သာ တွေ့ရ၏။ သတိဖြင့် ရှုမြင်သော ဘာဝနာ ကို ဖြတ်သန်းရ၏။ ထိုသို့ ဝင်ရောက် မှသာ သန္တိ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်၏ ။ လောကဓာတ် ရှိ ပန်းပွင့်၊ ဂီတ၊ နက္ခတ်တာရာနှင့် တကွ ကောင်းခြင်း ဆိုးခြင်း အမှု အားလုံး သည် သင် ကိုယ်တိုင် နိုးကြား သည့် အခါ အပြည့်ဝဆုံး သီကြွေးလျက် ရှိနေကြပေမည် ။

သင်သည်လည်း ထိုအခါ ၌ မိမိကိုယ်တိုင် ထူးဆန်း အံ့ဩနေ လိမ့်မည်။ ဤအကြောင်းတို့ ကြောင့် လူသာကြီး၍ အမြင်မရှိသည် မျိုး မဖြစ်ပါစေလင့်။ အပ္ပမာဒ ဖြင့် သာ ခဏမလပ် သတိချပ် နေထိုင်သင့်၏။ အိပ်ပျော်ရာ ခဏမှ သိမြင်မှု ဘဝဖြင့် နိုးကြားနိုင်ကြ ပါစေရန် ရှေး သူတော်ကောင်း တို့ တိုက်တွန်း ကြခြင်း မှာလည်း ယင်း အကြောင်း တို့ကြောင့် ပင် ဖြစ်၏။

Dhammapada: the way of Buddha
မြတ်ဗုဒ္ဓ၏စကားကြီးဆယ်ခွန်း


ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။

( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။

ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ာကပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

အရှင်ဝိစက္ခဏ(ဇယရံသီ)
    အစဉ်အလာလည်းရှိ၊ မင်္ဂလာလည်းရှိ…


မန္တလေးနဲ့ပတ်သက်ပြီး ချစ်ခင်ကြတာ…ဂုဏ်ယူကြတဲ့နေရာမှာ မန္တလေးဈေးချိုတော်ရဲ့မြန်မာဆန်မှု၊ အမျိုးဘာသာ သာသနာအပေါ် မြတ်နိုးကာကွယ်မှု၊ ရိုးရာအစဉ်အလာအပေါ် သံယောဇဉ်ကြီးမှု… ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေ ကြီးမားခိုင်မာခဲ့ကြမှု ကြောင့်ဖြစ်တယ်။

ဒီစိတ်ဓာတ်တွေ၊ ဒီဂုဏ်သတင်းတွေဟာ “မန္တလေးရဲ့ရပ်တည်မှု”ဆိုတဲ့ အပိုင်းကဏ္ဍမှာလည်း အဓိကကျတဲ့အချက် ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ‘ဈေးချိုတော်’ဟာ မန္တလေးရဲ့ အသည်းနှလုံးဖြစ်ခဲ့တာပါ။ မန္တလေးရဲ့ အမျိုးသားရေးဆိုင်ရာရေချိန်ဟာ ဈေးချိုရဲ့ပြဒါးတိုင်ပါပဲ။ ဒီပြဒါးတိုင်ဟာ ‘စီးပွားရေး’ပြယုဂ်တစ်ခုတင်မှ မဟုတ်ဘဲ…။ အဓိက ပင်စည်က ‘နိုင်ငံရေး’ပဲဖြစ်ပါတယ်။

မန္တလေး ရတနာပုံမ်နေပြည်တော် စတင်တည်ထောင်စဉ် မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ မင်းနေပြည်တော်ဖြစ်လေတော့ အဆောက် အဦးတိုင်းလိုလိုဟာ သစ်၊ ၀ါး တွေကိုပဲ အသုံးပြုခဲ့ကြတယ်။ ဒီတော့ မူလမြို့တည်ပန္နက်မှာကတည်းကပါခဲ့တဲ့ ‘ဈေးကြိုတော်’(ဈေးချိုတော်)ရဲ့ အဆောက်အဦးတွေကလည်း သစ်၊ ၀ါး အသုံးပြုတဲ့ ဈေးရုံအဆောက်အဦတွေပါပဲ။ ပူပြင်းခြောက်သွေ့ မိုးနည်းရေရှားရပ်ဝန်းမို့ မီးဘေးအကြိမ်ကြိမ် သင့်မှုကို ဈေးချိုတော်ဟာ တစ်လျှောက်လုံးခံစားခဲ့ရပေမယ့် ပြာပုံထဲက အကြိမ်ကြိမ်ရုန်းထနိုင်ခဲ့တာကလည်း အားမာန်တစ်ခုပါ။

၁၂၃၆ခု၊ ကဆုန်လပြည့်ကျော် ၃ရက်နေ့မှာ မန်ကျည်းပင်ဈေးအရပ်က လောင်တဲ့မီးက ဈေးချိုကို ၀ါးမျိုသွားခဲ့တယ်။ ဒါကြောင့် ၁၂၃၈ခုနှစ်၊ ပြာသိုလဆန်း ၁၄ရက်နေ့မှာ ဈေးချိုတော်အသစ်ပြန်လည်တည်ဆောက် ခဲ့တယ်။ ဒီဈေးသစ်ကြီးကိုပဲ ၁၂၅၈ခုနှစ်မှာ မီးထပ်သင့်ပြန်ပါတယ်။ ၁၂၅၈ခုနှစ် နှောင်းတန်ခူးလဆန်း ၅ရက်နေ့မှာပါ။ ခရစ်နှစ်အလိုအရတော့ (၁၈၉၇)ခု ဧပြီ ၆ရက်ပေါ့လေ။ နောက် ၃နှစ်အကြာ ၁၉၀၀ပြည့်နှစ် ဧပြီ ၃ရက် မှာလည်း ဈေးချိုတော်ကို မီးထပ်လောင်ပြန်ပါတယ်။ နောက်ထပ် ၁၉၀၂ခုနှစ် ဧပြီ ၁၂ရက်နေ့မှာလည်း မီးထပ်လောင်တယ်။

ဒီမီးကြီးလောင်ပြီး မှပဲ… ကျွန်တော်တို့နဲ့ အများကြီးရင်းနှီးခဲ့တဲ့ ရုံကြီး ၁၂ရုံနဲ့ ဖွဲ့စည်းထားတဲ့ ဈေးချိုတော်ကြီးကို ပြန်လည်တည်ဆောက်ခဲ့တာပါ။ ဒါကြောင့်လည်း အခု ကျန်ကောင်းကျန်ရာကျန်ခဲ့တဲ့ ဈေးချိုတော် နာရီစင်ကြီးအောက်ခြေမှာ ‘မန္တလေးဈေးချိုကို ၁၂၆၂ခုနှစ်တွင် ပြန်လည်တည်ဆောက်၍ ၁၂၆၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။’ ဆိုတဲ့ ကမ္ပည်းကျောက်စာကို ယခုတိုင်မြင်တွေ့နေရတာပါပဲ။

 ဒီလိုသဘာဝမီးဘေးကို အကြိမ်ကြိမ်ကြုံတွေ့ရပေမယ့် မူလသန္ဓေမပျက်ဘဲ ‘ဈေးချိုတော်’ဆိုတာ နလံထူ ထောင်မတ်ခဲ့တာ ချည်းပါပဲ။ ဒါပေမယ့် တိုင်းတစ်ပါးလက်အောက်ရောက်နေတဲ့ကာလမို့ ရန်သူမျိုးငါးပါးထဲက ‘မင်းဘေး’ဆိုတာလည်း ဈေးချိုတော် ကြုံရပါတယ်။ ‘မင်း’ဆိုတာ အာဏာပိုင်အစိုးရမျှသာမဟုတ်ဘဲ ဈေးကောင်စီလို၊ မြူနီစီပါယ်လို အဖွဲ့အစည်းတွေလည်း ပါဝင်တယ်။

ဒါကြောင့် ဈေးချိုတော်အုတ်တိုက် ဈေးရုံသစ်ကြီးတွေ တည်ဆောက်ပြီးနောက်ပိုင်း အင်္ဂလိပ်အစိုးရရဲ့ ပညာရေးဝန်ကြီးချုပ်ဆိုင်ရာ ဥပဒေပုဒ်မ ၁၁၇ အရ ထုတ်ပြန်တဲ့ ဈေးဆိုင်ရာအမိန့်နဲ့ကန့်သတ်ချက်တွေကို ဟိုက်ကုတ်လွှတ်တော်ရှေ့နေကြီး မစ္စတာပီလေးနဲ့ မြန်မာပညာရှိမင်း ဦးကျော်ရန်တို့ စတင်ဦးဆောင်ဖွဲ့စည်းခဲ့ကြတဲ့ ‘အခွန်ဝန်ထမ်းအသင်းကြီး’နဲ့ မန္တလေးဈေးချိုတော်တို့က ၁၉၂၀ပြည့်နှစ် ၀ါခေါင်လဆန်း ၈ရက်(၁၉၂၈ခု၊ ဇူလိုင်လ ၂၅ရက်)နေ့ အိမ်တော်ရာ ၁၄ခန်းဇရပ်မှာ ကျင်းပတဲ့ မြို့လုံးကျွတ်အစည်းအဝေးကြီးနဲ့ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

အလားတူ လွတ်လပ်ရေးကြိုးပမ်းမှုဒီရေအမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၃၀၀ပြည့် ကာလ(၁၉၃၉ ခုနှစ်)မှာလည်း နယ်ချဲ့ကို ဆန့်ကျင်သပိတ်ဆင်နွဲကြတဲ့ ရဟန်းပျိုအဖွဲ့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းသူ၊ ကျောင်းသားများနဲ့ မန္တလေးမြို့လူထုကို ဈေးချိုတော် က အထူးအားပေးပူးပေါင်းဂုဏ်ပြုလို့ အစိုးရက ဈေးချိုမှာ ပုဒ်မ၂၃(၇)ကို ထုတ်ပြန်ပြီး ဖိနှိပ်ခဲ့ပါတယ်။ ဒါကြောင့် ဈေးချိုသူ၊ ဈေးချိုသား တွေက ဈေးချိုရုံကြီး ၁၂ရုံကို သပိတ်မှောက်ကာ အိမ်တော်ရာဘုရားဝင်းထဲမှာ ဈေးသွားဖွင့်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာတည်း သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ။

ဒုတိယကမ္ဘာစစ်အပြီး၊ မြို့နယ်အုပ်ချုပ်ရေးအရာရှိ ‘မေဂျာကနေဒီ’က ဈေးချိုတော်ကို ဥပဒေအမိန့်တွေထုတ်ပြီး ကိုင်တွယ်အုပ်ချုပ်ပါ တယ်။ အခွန်အတုတ်၊ အမိန့် ဥပဒေတွေနဲ့ ထန်းကွပ်မှုအပေါ်၊ ရိုးသားစွာလုပ်ကိုင်စားသောက်ကြတဲ့ ဈေးချိုသူ၊ ဈေးချိုသားတွေအနေနဲ့ ငြိမ်ခံမနေခဲ့ ကြဘဲ ဒီအခွန်အတုတ်၊ အမိန့် ဥပဒေတွေအပေါ် ပြန်လှန်သုံးသပ်တတ်၊ ဝေဖန်တတ်ဖို့နဲ့ ရုံးပြင်ကနားဆိုင်ရာကိစ္စတွေ နားလည်တတ်ကျွမ်းပြီး ပြန်လည်ချေပနိုင်ဖို့ အဲဒီခေတ်၊ မန္တလေးကထုတ်ဝေတဲ့စာစောင်တွေကလည်း ၀ိုင်းဝန်းကူညီအားပေးကြတယ်။ မန္တလေး နဂါးနီစာစောင် အမှတ်(၃) မှာ ဆိုရင် ဈေးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဦးဘတင် ကိုယ်နှိုက်က ‘ဈေးသည်များတာဝန်’ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပြီး လှုံ့ဆော်ခဲ့တယ်။

၁၉၄၅ခုနှစ်မှာတော့ ဈေးချိုတော်အကျိုးဆောင်အသင်းကြီးကို ဖွဲ့စည်းပါတယ်။ တကယ့် မန္တလေးသား ဈေးချိုသူ၊ ဈေးချိုသားစစ်စစ် မျိုးချစ်ပုဂ္ဂိုလ်ကြီများနှင့် ဖွဲ့စည်းခဲ့တာပါ။ အသင်းရဲ့အမှုဆောင်လူကြီးတွေအဖြစ် တိုက်တန်းကြီး နဂါးနီဦးမောင်မောင်က ဥက္ကဋ္ဌနဲ့ တိုက်တန်းလေး ဦးရွှေက ငွေထိန်း၊ စီရုံ သခင်တင်က အတွင်းရေမှူး၊ ကိုယ်ပိုင်တန်း ဦးအောင်မြင့်၊ ငှက်ပျောတန်း ဦးဘသောင်းတို့က တွဲဖက်အတွင်းရေးမှူးတွေ ဖြစ်ကြတယ်။

၅နံပါတ်ရုံဦးသိန်းညိုနဲ့ မြောက်ဖက်တိုက်တန်းကြီး ဦးထွန်းညွန့်တို့က စာရင်းစစ်နဲ့ ဒီရုံဦးဘရွှေက ဆော်သြရေးမှူးတာဝန်ယူကြတယ်။ အမှုဆောင်ကော်မတီလူကြီးတွေကိုလည်း ၃၄ဦးရွေးချယ်ခဲ့ကြသတဲ့။ ဈေးချိုရုံကြီး ၁၂ရုံအပြင် တိုက်တန်းကြီးတိုက်တန်းလေး၊ အခြားရုံများ ဈေးတန်းများက ကိုယ်စားလှယ်တွေသာမက နေသူရိန်နဲ့လူငယ်များ အစည်းအရုံးက ကိုယ်စားလှယ်တွေလည်း ပါဝင်ကြတာကို ကြည့်ခြင်းအားဖြင့် ဈေးချိုတော်အကျိုးဆောင်အသင်းကြီးဟာ ဈေးချိုတော်သာမက ပြင်ပမျိုးချစ် ပုဂ္ဂိုလ် ကိုယ်စားလှယ်များအထိ ဈေးအမှုဆောင်များအဖြစ် ထည့်သွင်းထားခြင်းဟာ အမြင်ကျယ်မှုအဖြစ် အတုယူစရာပါ။

မြန်မာမျိုးချစ်ပုဂ္ဂိုလ်များရဲ့ စီးပွားရေးအစုအဝေးမှာ မျိုးချစ်ပုဂ္ဂိုလ်များရဲ့ဦးဆောင်မှုနဲ့ ဈေးချိုတော်ရဲ့ သမိုင်းအစဉ်အလာ ထိန်းသိမ်းမှုဟာ ခေတ်စံနစ်အပြောင်းအလဲ၊ အချိုးအကွေ့တိုင်းမှာ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ကြတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာ ဈေးချိုတော်ဟာ မပါမပြီး ပါဝင်ကာ ရပ်တည်ချက်မှန်ကန်ခဲ့တယ်။ လွတ်လပ်ရေးခေတ် ပြည်တွင်းစစ်ကာလမှာလည်း မြို့သူ၊ မြို့သား တိုင်းသူ ပြည်သားလူထုဆန္ဒနဲ့ ကိုက်ညီ တဲ့ ပြည်တွင်းငြိမ်းချမ်းမှုကို ဈေးချိုသူ၊ ဈေးချိုသားတို့က ထောက်ခံခဲ့ကြတယ်။

ပါလီမန်ခေတ် အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲတိုင်းမှာလည်း ဈေးချိုတော်ဟာ တံလျှပ်ရေထင်ပြီ လမ်းလွဲမလိုက်ခဲ့ဘူး။ ပြည်သူလူထုနဲ့ တစ်သားတည်းဆိုတဲ့ သမိုင်း အစဉ်အလာတွေရှိခဲ့တယ်။ ၁၉၆၂ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြီးမှာတော့ ဈေးချိုရဲ့ တစ်ပိုင်တစ်နိုင်အမျိုးသားစီးပွားရေးတွေဟာ ချိနဲ့ ယိမ်းယိုင်သွားခဲ့ရတယ်။ ဒါပေမယ့် ဈေးချိုက မဖောက်ပြန်ခဲ့ဘူး၊ သာပေါင်းညာစား၊ ဘနဖူးသိုက်မတူးခဲ့ဘူး၊ အမိသော်လည်း သားတော်ခဲ မလုပ်ခဲ့ဘူး၊ ပွဲလန့် ဖျာမခင်းခဲ့ဘူး ရှိသမျှအင်အားနဲ့ လက်ချင်းတွဲပြိး ၁၉၇၂၊ ၁၉၇၄၊ ၁၉၇၆၊ ၁၉၈၈ စတဲ့ သမိုင်းမှတ်တိုင်ကြီးတွေမှာ ဈေးချိုရဲ့ အစဉ်အလာကို ထိန်းသိမ်းနိုင်ခဲ့ကြတယ်။

အထူးသဖြင့် ၁၉၈၈ရဲ့ သမိုင်းဝင် အရေးတော်ပုံကြီးမှာ ဈေးချိုတော်ဟာ ရဲရဲဝံ့ဝံ့နဲ့ ပြည်သူလူထုဘက်တော်သားဖြစ်ခဲ့ပြီး၊ ရဟန်း ကျောင်းသား ပြည်သူတွေရဲ့ လူထုတိုက်ပွဲတွေကို ရုပ်ဝတ္ထုအရရော စိတ်ဓာတ်အရရော အားပေးပူးပေါင်းခဲ့တယ်။ ဈေးချိုတော် ရုံကြီး ၁၂ ရုံနဲ့ အခြားဈေးရုံ ဈေးတန်းများရဲ့ ဖွဲ့စည်းတည်ရှိမှုသန္ဓေမပျောက်လို့လည်း စိတ်ဓာတ် အစဉ်အလာဟာ အမျှင်မပြတ်တဲ့ သဘောလည်းဖြစ်ပါတယ်။

၁၉၉၀ကျော်ကာလမှာတော့ ဒီအခြေခံရုပ်ပစ္စည်းတွေရဲ့ အဓွန့်ရှည်တည်ရှိမှုတွေ ရုပ်ခြည်းဖြိုဖျက်ခံလိုက်ပြီးနောက်၊ မူလ အခင်းအကျင်း ပျက်ယွင်းမှုများနှင့်အတူ ပိုင်ဆိုင်မှုပျက်၊ စီးပွားပျက်၊ အစဉ်အလာပျက်၊ သန္ဓေပျက်ပြီး နိုင်ငံရေးပျက်လုနီးနီးရောက်ခဲ့ရမယ့် အခြေအနေကို လည်း မူလလက်ဟောင်း အစဉ်အဆက် ဘိုးဘွားအမွေခံ ဈေးချိုသူ၊ ဈေးချိုသားတွေက ခါးစည်းခံပြီး ရသမျှအားနဲ့ ‘ဈေးချိုသွေး’ကို ဆက်လက်ထိန်းသိမ်းခဲ့ ကြတာလည်း ဂုဏ်ယူစရာပါပဲ။

ရုံကြီး ၁၂ရုံရဲ့ မူလအစဉ်အလာနဲ့ ယဉ်ကျေးမှုတွေကို အခြေခံတဲ့ ‘ဈေးချိုသွေး’ဈေးချိုစိတ်ဓာတ်’တွေဟာ ငွေကြေး၊ ရပိုင်ခွင့်၊ နေရာ၊ ရာထူး၊ အာဏာ စတာတွေနဲ့ နည်းမျိုးစုံထိုးနှက်မှု အဆောင်အယောင် တွေမှာ မိုးခါးရေသောက်သူတွေ ရှိကောင်းရှိ၊ များကောင်း များခဲ့ပေမယ့်လည်း ခိုင်မာလွန်းတဲ့ မူလဈေးချိုသွေး၊ ဈေးချိုစိတ်ဓာတ်တွေဟာ ခိုင်မြဲဆဲပါ။ ရှင်သန်ဆဲပါ။

အခါကောင်း၊ အခွင့်ကောင်း၊ အခြေ ကောင်း တစ်ခုဆိဦးတည်တဲ့ ပွင့်လင်းမှုနေခြည်နှင့် မိုးရေစက်တွေမှာ ကန္တာရထဲအောင်းနေတဲ့ မျိုးစေ့တွေ အညှောင့်ပေါက်၊ အပင်သန်၊ ရှင်သန်မှာ လည်း ဧကန်ပါပဲ။ အရင်လိုစိမ်းလန်းတဲ့ သစ်ပင်တစ်ပင်ကောင်း တွေပေါ် ငှက်သောင်းသိန်းကုဋေချီနားခိုအရိပ်ပေးနိုင်ဦးမှာပေါ့။

ဒီတော့… အစဉ်အလာကြီးမားတဲ့ဈေးချိုတော်ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေဟာ လွတ်လပ်ပွင့်လင်းမှု၊ အမျိုးသားစီးပွားရေး ကာကွယ်မှု၊ အများဆန္ဒအပေါ် အသိအမှတ်ပြု အကောင်အထည်ဖေါ်မှု ထောက်တိုင်တွေနဲ့ ပြန်လည်ထူမတ်ကြရပါမယ်။

တစ်ဦးတစ်ယောက် အကျိုးစီးပွား၊ တစ်ဖွဲ့တစ်စည်းအကျိုးစီးပွား၊ မျက်နှာလိုအားရအကျိုးစီးပွား၊ မြွေပူရာကင်းမှောင့် အကျိုးစီးပွား၊ ပွဲလန့်ဖျာခင်း အကျိုးစီးပွား၊ ကိုယ့်တပ်ကိုယ်ပြန်နင်း အကျိုးစီးပွား၊ ကိုယ်လှေကိုယ်ထိုး ပဲခူးရောက်ရောက် အကျိုးစီးပွား၊ လူများပွဲမစည် အကျိုးစီးပွား၊ အသားလို အရိုးတောင်း အကျိုးစီးပွား၊ အမြီးကျက်အမြီးစား အကျိုးစီးပွား၊ မြေနိမ့်ရာလှံစိုက် အကျိုးစီးပွား၊ ပန်းပဲသမား ဓါးကောင်းမကိုင်ရ အကျိုးစီးပွား၊ ဒီယုန်မြင်လို့ ဒီခြုံထွင် အကျိုးစီးပွား၊ ဇာတ်တူသားစား အကျိုးစီးပွား၊ ဆင်ဖြူတော်မှီကြံစုပ် အကျိုးစီးပွား၊ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် အကျိုးစီးပွား... စတဲ့ ကိုယ်ကျိုးစီးပွားပေါင်းများစွာနဲ့ ဖျက်ဆီးမှုဘေးတွေကို ဘိုးဘွားမိဘ၊ ဈေးချိုသူ၊ ဈေးချိုသားတွေရဲ့ အမွေဆက်ခံကာ ရဲရဲဝံ့ဝံ့ ညီညီညွတ်ညွတ်ဖယ်ရှားပြီး ဈေးချိုသူ၊ ဈေးချိုသားအများစုရဲ့ ဆန္ဒအစစ်အမှန်နဲ့ ကင်းဝေးပြီး သမိုင်းဝင်ဈေးချိုအစဉ်အလာ၊ ဈေးချို စိတ်ဓာတ်၊ ဈေးချိုသွေးတွေ မပျက်မယွင်း ဆက်လက်တည်ရှိ အဓွန့်ရှည်ပါစေကြောင်း…။

ဆူးငှက်
ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ 
ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ 


အခုတစ်လော ရောက်လာသမျှ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာသမား အားလုံးက တစ်ခုတည်းသော မေးခွန်းကိုပဲ မေးကြတယ်။ သတင်းမီဒီယာလောကသား အားလုံး စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ “မီဒီယာ ဥပဒေ” ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။

မီဒီယာဖွံ့ဖြိုးရေး ညီလာခံ
ဒီလ ၁၈ ရက် ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” ဆိုတဲ့ ညီလာခံတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်ပအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စာတမ်းဖတ် ကြားသလို ပြည်တွင်းမီဒီယာ သမားတချို့လည်း စာတမ်းများဖတ်ကြတယ်။

ပြန်ကြားရေးနဲ့ ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က “New Media Laws and regulations in Myanmar” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားသွားကြောင်း သိရတယ်။ လူတွေပြောနေကြတဲ့ မီဒီယာ ဥပဒေဆိုတာက  ဒါပဲဖြစ်ပါလိမ့်မယ်။ ဘာတွေပါတယ်ဆိုတာ မသိပါဘူး။ ယေဘုယျ သဘောတော့ပြောနိုင်ပါတယ်။

တည်ငြိမ်အေးချမ်းဖို့
ဥပဒေဆိုတာ ဘယ်နိုင်မှာဖြစ်ဖြစ် ဘာစနစ်နဲ့အုပ်ချုပ် အုပ်ချုပ်၊ လူတွေကို ထိန်းချုပ်ဖို့ လုပ်ကြတာချည်း ဖြစ်တယ်။ မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာဖြစ်တယ်။ လူ့အဖွဲ့အစည်းတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းသာယာဖို့အတွက် လူတိုင်းလူတိုင်းမှာ သဘာဝအရ ရှိနေကြတဲ့ အရိုင်းစိတ်တွေနဲ့ ပရမ်းပတာ စိတ်တွေကို အနားကွပ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။

ဥပဒေက ဒီတာဝန်ကို ယူရတယ်။ လူ့အဖွဲ့အစည်းဆို တာက လူမျိုးပေါင်းစုံ ပါဝင်နေတာဖြစ်လို့ဆိုပြီး လူတိုင်းနဲ့ကိုက်ညီအောင် ဥပဒေကို လိုက်ညှိရေးလို့ မရဘူး။ ဥပဒေဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်အခါဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဖြစ်ဖြစ် တစ်မျိုးတည်း၊ တစ်သမတ်တည်း ဖြစ်ရတယ်။ သူ့ကျတော့တစ်မျိုး၊ ငါ့ကျတော့ တစ်မျိုး၊ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်လို့မရဘူး။

ဥပဒေရှေ့မှောက်မှာ နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်ရတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။
ကာကွယ်စောင့်ရှောက်မှုပေးရမယ်
ဥပဒေက လက်လှမ်းမမီတဲ့ လူတန်းစားတစ်ရပ် သီးခြားတည်ရှိနေတာမျိုးလည်း လုံးဝမရှိစေရဘူး။ ရှိနေရင်လည်း အဲဒါ အာဏာရှင်နိုင်ငံပဲ ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာ တိုင်းသူပြည်သားအားလုံး တန်းတူညီမျှရှိရတယ်။ စံစရာရှိ အတူစံပြီး ခံစရာရှိလည်း အတူခံရတယ်။

 တောင်ယာလုပ်တဲ့ လယ်သမားတွေဆီက ဘိမ်း(ကွမ်းပုံ) ကလေးတစ်ငုံစာမိတာကို ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချ ပြီး သိန်း ၇၀၀၀ ဖိုး ဘိန်းတွေ၊ ဆေးပြားတွေနဲ့မိတဲ့ လော်ပန်ကြီးကတော့ အုတ်နံရံအမြင့်ကြီးနဲ့ ဘုံခုနှစ်ဆင့် နန်းတော်ကြီးထဲမှာ ဇိမ်ကျနေမြဲ ကျနေတာမျိုး လုံးဝမရှိရဘူး။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဒီမိုကရေစီ နိုင်ငံလို့ မခေါ်နိုင်ဘူး။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားလုံးဝမရှိရဘူး။ ဥပဒေဟာ နိုင်ငံသားအားလုံးကို ထိန်းချုပ်သလို နိုင်ငံသားအားလုံး စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်အောင် ကာကွယ် စောင့်ရှောက်မှုလည်း ပေးရမယ်။

အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ပေါက်
ထိန်းချုပ်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုမှာ ကာကွယ်စောင့်ရှောက်မှုဘက်က အလေးသာမှ အဲဒီနိုင်ငံဟာ နေပျော်တဲ့ နိုင်ငံတစ်ခု ဖြစ်မှာပါ။ ထိန်းချုပ်မှု လွန်ကဲရင် စိတ်ညစ်စရာ ကောင်းပါတယ်။ အာဏာရှင် စနစ်ကို လူတွေစက်ဆုပ်မုန်းတီးတာက အဲဒီအချက်အဓိကပဲ။

အာဏာရှင်စနစ်တိုင်းမှာက ဘယ်ကိစ္စမဆို သူတို့ဘ၀လုံ ခြုံရေး၊ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဂရုစိုက်တွေးလေ့၊ ကြည့်လေ့ရှိတယ်။ မလိုအပ်ဘဲနဲ့ တင်းကြပ်လွန်း တဲ့ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းရုံမက သဘာဝမကျစွာ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလည်း လုပ်လေ့ရှိတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်တတ်သေးတယ်။

သဟဇာတ ဖြစ်မှု
ပုဆိန်နဲ့ ပေါက်တဲ့ အစိုးရဆိုတော့လည်း လူတွေက ရွံကြောက်ကြီး ဖြစ်နေတာပေါ့။ ဒါဆိုရင် ဘယ်ကောင်းတော့ မှာလဲ။ အစိုးရဆိုတာ တိုင်းသူပြည်သားများရဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့ အဆိုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာ မဟုတ်လား။

အစိုးရနဲ့ ပြည်သူဆိုတာ တစ်သားတည်းကျနေရမှာမျိုး ဖြစ်တယ်။ အစိုးရက ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်။ ပြည်သူက အစိုးရကို ပံ့ပိုးကူညီရမယ်။ အစိုးရနဲ့ ပြည်သူ သဟဇာတ ဖြစ်ရင် တိုင်းပြည်သာယာတယ်။ သဟဇာတမဖြစ်ရင် ပစ္စန္တရစ်အရပ်လို နေချင်စဖွယ် မရှိဘူး။  ပစ္စန္တရစ်အရပ်ဖြစ်ရတဲ့ကိစ္စမှာ အများအားဖြင့် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ရယူထားတဲ့ အစိုးရများရဲ့ တာဝန်သာဖြစ်တယ်။

ဒေ၀ါလီခံရအောင် လုပ်လို့
အစိုးရက အုပ်ချုပ်ရေးညံ့ဖျင်းလို့၊ အာဏာကို အလွဲသုံးစားလုပ်လို့၊ ဥပဒေကို မျက်ကွယ်ပြုလို့ တိုင်းပြည်တွေ ဆင်းရဲတွင်း နက်သထက် နက်ကြရတာသာ ရှိတယ်။ ပြည်သူတွေက ပေးဆောင်ရမယ့် အခွန်တွေ မပေးကြ လို့ ဒေ၀ါလီခံရတဲ့ တိုင်းပြည်ဆိုတာ မရှိဘူး။

 အုပ်ချုပ်ရေး အာဏာကိုင်စွဲထားတဲ့ အစိုးရက  အာဏာသုံးပြီး အခွန်အခတွေ မရ ရအောင် ကောက်ယူကြမြဲ ဖြစ်တယ်။ ပြည်သူတွေက အခွန်အခမပေးရင် တရားစွဲ ထောင်ချ လို့ရပေမဲ့ အစိုးရတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တဲ့ အစိုးရကို တာဝန်မကျေပွန်မှုနဲ့ တရားစွဲ ထောင်ချနိုင်တဲ့ ဥပဒေတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိဘူး။ တိုင်းပြည်ကို ဒေ၀ါလီခံရအောင် လုပ်လို့ ထောင်ချခံရတဲ့ အစိုးရဆိုတာလည်း ကမ္ဘာပေါ်မှာ မရှိခဲ့ဘူး။

ခြိမ်းခြောက်ဖို့ မဟုတ်
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ တရားဥပဒေဆိုတာ အစိုးရက အသုံးချတဲ့ လက်နက်အဖြစ်သာ ရှိမနေစေရဘူး။ ပြည်သူလူထုက အစိုးရကို ပြန်လည်ထိန်းသိမ်းဖို့လည်း ဖြစ်စေရမယ်။ ပြည်သူက အခွန်အခမပေးရင် အရေးယူ သလို ပြည်သူပေးတဲ့ လစာရိက္ခာကို စားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ဖို့ ပျက်ကွက်တာကိုလည်း အရေးယူ အပစ်ပေးနိုင်ဖို့ လိုတယ်။

ဥပဒေမှန်သမျှရဲ့ အနှစ်သာရက တိုင်းသူပြည်သားများ အပူအပင်၊ အကြောင့်အကြ ကင်းကင်းနဲ့စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်အောင် ကာကွယ်စောင့် ရှောက်မှုပေးဖို့ ဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဖိနှိပ်ဖို့ မဟုတ်ဘူး။

အခြေခံဥပဒေကို ဆန့်ကျင်
စောစောက အမေးရှိခဲ့တဲ့ မီဒီယာဥပဒေဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အသိအမှတ်ပြု ပေးအပ်ထားပြီး ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့် အရေးကို ဆန့်ကျင်လုပ်ဆောင်ရာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ သမားတစ်ယောက်အနေနဲ့ ကန့်ကွက်သလို နိုင်ငံသား တစ်ယောက်အနေနဲ့ လည်းကန့်ကွက်ပါတယ်။

လက်ရှိအခြေအနေမှာတောင် သတင်းမီဒီယာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေက လိုတာထက်တောင် အများကြီး ပိုနေပါသေးတယ်။ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ဆူပူအောင် လှုံဆော်ရေးသားမှု ဥပဒေ၊ အစိုးရလျှို့ဝှက်ချက် ပေါက်ကြးမှု ဥပဒေ၊ အီလက်ထရောနစ် အက်ဥပဒေ၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု ဥပဒေ စတဲ့ စတဲ့ ဥပဒေတွေအများကြီး ရှိပါတယ်။

ရုပ်သိမ်းပေးရမှာ
ပြန်ကြားရေး ၀န်ကြီးဌာနက ပြောသလို သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေး အတွက် လုပ်တာပါဆိုရင် နောက်ထပ်ဥပဒေပုဒ်မ အသစ်အသစ်တွေနဲ့ ထပ်ပြီး ထိန်းချုပ်ဖို့ လုပ်မယ့်အစား ရှိနေတဲ့ ကန့်သတ်ချုပ်ချယ်မှု သဘောဆောင်တဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမားလုပ်လာခဲ့သူ တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်တဲ့ ဥပဒေမှန်သမျှကို လက်မခံနိုင်ပါဘူး။ သတင်းသမားအစစ် “ပရော်ဖက်ရှင်နယ်” မှန်သမျှလည်း လက်ခံကြမှာ မဟုတ်ပါဘူး။

ပရော်ဖက်ရှင်နယ် သတင်းသမား မဟုတ်တဲ့ ခေတ်ပျက် ဂျာနယ် လစ်တွေကသာ အခွင့်အရေးမျှော်ကိုးပြီး ထောက်ခံချင် ထောက်ခံကြပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် သတင်းသမားမှန်ရင် ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာမျိုး ဘယ်နည်းနဲ့မှ မျက်နှာပြောင်တိုက်ပြီး လုပ်မှာ မဟုတ်တာ သေချာပါတယ်။  ။

လူထုစိန်ဝင်း
ဒီလှိုင်း စာစဉ်

Thursday, March 29, 2012

                                     ကောက်ရိုးသင်္ခါရ နှင့် သံသင်္ခါရ

ဘိလပ်နိုင်ငံ၏ သဘောသည် မည်သို့ပေနည်း ။ 
ဘိလပ်နိုင်ငံသားတို့၏ သဘောသည် မည်သို့ပေနည်း ။

ဤမေးခွန်းနှစ်ခုသည် အလွန်အဖြေရကျပ်သော
မေးခွန်းများ ဖြစ်ကြသည် ။ 
သို့ရာတွင် မြန်မာနိုင်ငံ၏သဘော ၊
 မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ သဘောတို့နှင့် 
ဆန့်ကျင်ဘက်ပြု၍ တွေးယူလျင်
ဘိလပ်နိုင်ငံသားတို့၏ သဘောတို့ကို 
မှန်းဆနိုင်စရာ အကြောင်းရှိသည်ဟု 
အကြမ်းအားဖြင့် ဖြေလိုက်ချင်သည် ။
ဘိလပ်နိုင်ငံ၌ စိမ့်ကြီးမြိုင်ကြီးဟူ၍ မရှိ ။ လူထူထပ်ပေါများလွန်းသဖြင့် လူက တောကိုမြိုသွားပြီဟု ဆိုလောက်သည် ။မြင်လေရာရာ၌ လူနေအိမ်ခြေ တိုက်တာအပြည့်ရှိသည်သာများသည် ။ လူသွားလမ်း ၊ မော်တော်ကားလမ်း ၊မီးရထားလမ်းတို့သည် ပိုက်ကွန်ကဲ့သို့ ယှက်သန်းလျက်ရှိကြသည် ။ ထို့ကြောင့် ဘိလပ်နိုင်ငံဟုဆိုလိုက်လျင်စိမ့်ကြီးမြိုင်ကြီးတို့ကို သတိမရနိုင် ။ တိုက်တာလူသူအပြည့်ဖြစ်သော တိုက်တော ၊ လူတောတို့ကိုသာသတိရနိုင်သည် ။

ထို့နောက် ဘိလပ်နိုင်ငံသည် ကောက်ပဲသီးနှံ စိုက်ပျိုးသောနိုင်ငံမဟုတ် ၊ စက်မှုလုပ်ငန်းတည်ဆောက်သောနိုင်ငံဖြစ်သည် ။ သံနှင့်ကျောက်မီးသွေးသည်နိုင်ငံထွက်ပစ္စည်းဖြစ်သဖြင့် ၊ ဘိလပ်နိုင်ငံသည်စက်ရုံအမြောက်အမြားတည်ဆောက်နိုင်သော နိုင်ငံများအနက် အစောဆုံးအကြီးဆုံးဟုဆိုလောက်သောနိုင်ငံတစ်ခုဖြစ်သည် ။

 ဘိလပ်နိုင်ငံသည် စက်မှုလုပ်ငန်းကြီးကျယ်သောနိုင်ငံဖြစ်သည့်အားလျော်စွာ ၊ ကုန်ကြမ်းတို့ကို အခြားနိုင်ငံများမှဝယ်ယူလေ့ရှိသည် ။ ထိုကုန်ကြမ်းတို့ကို စက်ဖြင့်ကုန်နုဖြစ်အောင်ပြု၍ အခြားနိုင်ငံများသို့တင်ပို့ရောင်းချသည် ။ ဘိလပ်နိုင်ငံသားတို့သည်သံကိုအရည်ကျိုချက်၍ များပြားလှစွာသော လူ့အသုံးအဆောင် ကိရိယာ တန်ဆာတို့ကို ဖန်တီးစီရင်တတ်ကြသည် ။ လျှပ်စစ်ဖြင့် များပြားလှစွာသော လူ့အသုံးအဆောင် ကိရိယာ တန်ဆာတို့ကိုဖန်တီးစီရင်တတ်ကြသည် ။ ထိုသို့ဖန်တီးစီရင်တတ်ကြသည်ကို သံသေသည် ပြဒါးသေသည်ဟု မဆိုအပ်ပြီလော ။

တဖန် ဘိလပ်နိုင်ငံသားတို့သည် သံဖြင့်ပြီးသောကုန်နု ၊
လျှပ်စစ်ဖြင့်ပြီးသောကုန်နုတို့ကိုပြုလုပ်၍ ရောင်းစားသဖြင့် ဘိလပ်သို့ဝင်ငွေအမြောက်အမြား ၀င်လာကြသည် ။ ထိုသို့ငွေအမြောက်အမြားဝင်လာသည်ကို တဆွေဝသည် ၊တပြည်ဝသည် ၊ ရွှေမိုးငွေးမိုးရွာသည်ဟု မဆိုအပ်ပြီလော ။ တဖန်ဘိလပ်နိုင်ငံသားတို့သည် ပင်လယ်ကူးသင်္ဘောကြီးများကိုဖန်တီးစီရင်၍ ရေခြားမြေခြားတို့သို့ ခရီးသွားတတ်ကြသည် ။

ရေငုပ်သင်္ဘောများကို ဖန်တီးစီရင်၍ သမုဒ္ဒရာရေအောက်၌ ငုပ်လျှိုးတတ်ကြသည် ။ ဥမင်ဓါတ်ရထားများကိုဖန်တီးစီရင်၍ ဥမင်တွင်း၌ မောင်းနှင်တတ်ကြသည် ။ လေယာဉ်ပျံများကိုဖန်တီးစီရင်၍ ကောင်းကင်၌ခရီးသွားတတ်ကြသည် ။ ၀ိုင်ယာလက် ၊ ရေဒီယိုများကိုဖန်တီးစီရင်၍ ကမ္ဘာ့သတင်းစကားကိုယူတတ်ကြသည် ။ တယ်လီဗစ်ရှင်းကိုဖန်တီးစီရင်၍ ကမ္ဘာအရပ်ရပ်က ရုပ်အမူအရာအလုံးစုံကိုကြည့်တတ်ကြသည် ။

ထိုသို့လုပ်တတ်ကိုင်တတ် ၊ ခရီးသွားတတ် ၊ ကြားတတ် ၊ မြင်တတ်ကြသည်တို့ကိုမြေလျှိုးသည် ၊ မိုးပျံသည် ၊ဒိဗ္ဗသောတရသည် ၊ ဒိဗ္ဗစက္ခုရသည်ဟု မဆိုအပ်ပြီလော ။
မြန်မာနိုင်ငံ၌ သံသေသည် ၊ ပြဒါးသေသည် ၊ သံသေတဆွေဝသည် ၊ ပြဒါးသေတပြည်ဝသည် ၊ ရွှေမိုးငွေမိုးရွာသည် ၊ မြေလျှိုးမိုးပျံသည်ဆိုသောစကားတို့ကို အဂ္ဂိရပ်ဖိုခန်း၌သော်၎င်း ၊ အလှုအိမ် အသုဘအိမ်တို့၌၄င်း ၊တင်ပျဉ်ကောင်းကောင်းချိတ်၍ အာရင်းသန်သန်ဖြင့် ရွတ်ဖတ်သရဇ္ဈယ်တုန်းပင်ရှိကြသေးသည် ။

ဘိလပ်နိုင်ငံ၌ကား လုပ်ပြီးကိုင်ပြီး ဖြစ်မြောက်ပြီးဖြစ်သည် ။ ထို့ကြောင့် ဘိလပ်နိုင်ငံကို အကယ် သံသေသောနိုင်ငံ ၊ အကယ် ပြဒါးသေသောနိုင်ငံ ၊ အကယ် တဆွေဝသောနိုင်ငံ ၊ အကယ် တပြည်ဝသောနိုင်ငံ ၊ အကယ်ရွှေမိုးငွေမိုးရွာသောနိုင်ငံ ၊ အကယ် မြေလျှိုးမိုးပျံသောနိုင်ငံ ၊ အကယ် ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ ရသောနိုင်ငံဟု ကျွန်တော် ဆိုလိုက်ချင်သည် ။

ဘိလပ်နိုင်ငံသာမက အခြားဥရောပနိုင်ငံကြီးများနှင့် အမေရိကန်နိုင်ငံ ၊ ဂျာပန်နိုင်ငံတို့သည်လည်းထိုသို့ပင်ဖြစ်ကြသည် ။ အနောက်နိုင်ငံသို့ ပညာသင်သွားရခြင်းသည် ယောက်မခါးထိုး၍ ရှာသည်နှင့်တူကြောင်း အခါတပါးက ပြောဆိုသံကြားလိုက်ရသည် ။ ထိုစကားသည် အမျိုးဇာတိမာန် အယစ်အမူးလွန်နေသော မြန်မာ့အဖို့ အားရနှစ်သက်ဖွယ်ဖြစ်ပါသည် ။

သို့ရာတွင် မြန်မာတို့ကို ကိုယ့်ငါးချဉ်သာ ကိုယ်ချဉ် ချင်အောင် ပြုပေးနေသည်နှင့်တူနေသည် ။ မြန်မာတို့၏ အမြင်ဥာဏ်ကျဉ်းမြောင်းသည်ထက်ကျဉ်းမြောင်းအောင် ပြုလုပ်ပေးသည်နှင့်တူနေသည် ။ လောကီ၌ မြန်မာတို့ လူမှုရေးညံ့အောင် ပြုပေးနေသည် ။ ဤသို့လျှင်ကျွန်တော်ယူဆချင်သည် ။
ပညာအရာ၌လည်း ဘိလပ်နိုင်ငံသားတို့၏သဘောသည် တိုးတက်လိုသော သဘောဖြစ်၏ဟု ဆိုအပ်သည် ။ ထိုသူတို့သည်ရှေးထုံးဟူသမျှကို မပယ်အပ်ဟူသော သဘောထားကို၎င်း ၊ ရှေးစာဟူသမျှ မှီငြမ်းပြုအပ်သည်ဆိုသော သဘောထားကို၎င်း ၊ အာစရိယ၀ါဒကိုသာမျက်စိမှိတ်၍ ယူရမည်ဟူသောသဘောထားကို၎င်း အခါခပ်သိမ်းလက်ခံကြသည်မဟုတ် ။ 

လွန်ခဲ့သော အနှစ် ၅၀၀ နီးပါးလောက်မှစ၍ စွန့်သင့်သောသဘောထားတို့ကိုမကြောက်မရွံ့  စွန့်ခဲ့ကြသည် ။ ရှေးထုံးစံဆိုတိုင်း မကောင်း ။ ရှေးစာဆိုတိုင်း မှီငြမ်းပြုစရာမဟုတ် ။အာစရိယ၀ါဒဆိုတိုင်း မမှန် ။ ကာလ အလျောက် ၊ ဒေသအလျောက် ၊ ပြင်သင့်လျှင်ပြင်ရမည် ။ပြောင်းသင့်လျှင်ပြောင်းရမည်ဟု ယူဆကြသည် ။

 လောက၌ ပညာဖြစ်ပေါ်ခြင်း၏ အကြောင်းအရင်း အခြေခံသည် လူ့လောကသာဖြစ်၏ဟု သူတို့စိတ်ချလက်ချယုံကြည်ကြသည် ။ ယုံကြည်ကြသည့်အတိုင်းလည်း  သူတို့ ပညာရှိများသည် ရှိပြီးကျမ်းများကိုသာမကလူကိုပါလေ့လာချင်ကြသည် ။ လူ့အကြောင်းကိုသိချင်လျင် လူ့လောကကို လေ့လာစုံစမ်းပြီးမှလိုရာကျမ်းကိုပြုတတ်ကြသည် ။ 

ယထာဘူတဆရာတို့သည် လူ့လောက၌ ဖြစ်တတ်ပျက်တတ်သော သဘာဝတို့ကိုပါ ကိုယ်တွေ့လေ့လာပြီးမှ ကျမ်းပြုတတ်ကြသည် ။ စိတ်ပညာဆရာတို့သည်လည်း လူတို့၏ စိတ်သဘာဝတို့ကိုပါကိုယ်တွေ့လေ့လာပြီးမှ စိတ်ပညာကျမ်းကိုပြုတတ်ကြသည် ။ ကဗျာ ၊ ပြဇာတ် ၊ ၀တ္ထုရေးဆရာတို့သည်လည်း လောကီထုပ္ပတ်လူတို့ဇာတ် သဘာဝကိုအတွင်းအပြင် နောကျေအောင်နားလည်သဘောပေါက်ပြီးဖြစ်မှ ဇာတ်လမ်းဇာတ်ခန်းစီစဉ်၍ ရေးတတ်ကြသည် ။

 လောကဓါတ်ဆရာတို့သည်လည်းသက်ဆိုင်ရာ သဘာဝတို့ကိုပါ ကိုယ်တွေ့လေ့လာခြင်း စမ်းသပ်ခြင်းတို့ပြုပြီးမှ လောကဓါတ်သိပ္ပံကျမ်းပြုတတ်ကြသည် ။

ဥပမာ ရုက္ခဗေဒဆရာသည် သစ်ပင်ကို ကိုယ်တိုင်ခွဲစိတ်လေ့လာဝေဖန်ပြီးမှ ကိုယ်တွေ့ အသိအမြင်ကိုရေူပြတတ်သည် ။ အချုပ်ဆိုရသော် အရင်းခံပညာသည် လောက၌ ကိန်းတည်နေကြောင်း ၊ လောကကို သတိပြုလေ့လာလျင် ထိုပညာကိုတွေ့တတ်ကြောင်း သူတို့တထစ်ချယုံကြည် ထားကြခြင်းဖြစ်သည် ။ 

ထို့ကြောင့် သူတို့ပညာရှိကြီးများသည် ရှေးကရေးခဲ့ပြီးဖြစ်သော ကျမ်းများနှင့်သာ ကျေနပ်၍ မနေကြ ။ ရှေးက ရေးခဲ့ပြီးဖြစ်သောကျမ်းများကိုသာ အကိုအကားပြု၍မနေကြ ။ လောကကိုအစဉ်မပြတ် ကိုယ်တွေ့လေ့လာခြင်း ၊စုံစမ်းခြင်းပြု၍လည်းနေကြသည် ။ ရှိပြီးကျမ်းများကိုသာမက လောကကိုလည်းကိုယ်တွေ့လေ့လာစုံစမ်းတတ်သောအချက် ၊ ကိုယ်တွေ့လေ့လာစုံစမ်း၍ ဆင်ခြင်မိသမျှကို ရဲဝံ့စွာ တင်ပြတတ်သောအချက် ၊ဤအချက်နှစ်ချက်သည် သူတို့ပညာရှိများ၏ ထူးခြားသောအချက်များဖြစ်ကြ၏ဟု ကျွန်တော်မှတ်ယူမိသည် ။
ထို့နောက် ထိုသူတို့သည် ကျွန်ုပ်တို့ကဲ့သို့ပင် မမြဲသောတရားအကြောင်းကို သိကြပါသည် ။ ဖြစ်ပျက်ပြုပြင်နေသော တရားအကြောင်းကိုလည်းသိကြပါသည် ။ သို့ရာတွင် သူတို့သိကြပုံသည် ကျွန်တော်တို့သိကြပုံနှင့်မတူ ၊ကွာခြားသေးသည်ဟုထင်သည် ။ ထိုသူတို့သည် အိုးအိမ်အသုံးအဆောင်မှစ၍ စက်ရုံကြီးများအထိခိုင်ခန့်အောင်ပြုလုပ်ချင်ကြသည် ။ ထိုသို့ပြုချင်ကြသဖြင့် ထိုသူတို့ကို အနိစ္စတရား နားမလည်ယောင်တကား ၊သင်္ခါရတရား နားမလည်ယောင်တကားဟု ကျွန်ုပ်တို့က နှုတ်ဝသီ အတိုင်း ဆိုမိကြလိမ့်မည် ။

 ကောက်ရိုးလည်းအနိစ္စတရားနှင့် မကင်း ၊ သံလည်း အနိစ္စတရားနှင့်မကင်း ။ သို့ရာတွင် မကင်းသည်ခြင်းတူကြပါသော်လည်းကောက်ရိုးသည် အပျက်လွယ်သည် ။ သံသည်တာရှည်ခံသည် ။ ထိုသူတို့၏ သင်္ခါရသည် ပျက်လွယ်သောကောက်ရိုး သင်္ခါရမျိုးမဟုတ် ၊ တာရှည်ခံသော သံသင်္ခါရမျိုးဖြစ်၏ဟု ကျွန်တော်ဆိုချင်ပါသည် ။
ထို့နောက် ဘိလပ်နိုင်ငံသားတို့၏ စရိုက်ကို ဆက်၍ ဖော်ပြပါဦးမည် ။ ဘိလပ်နိုင်ငံသားတို့သည် အလွန်စကားနည်းသောသူများဖြစ်ကြောင်း တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည် ။ အသိအမှတ်ပြုထားသည့်အတိုင်းလည်း မှန်လှပေသည် ။ မီးရထားပေါ်၌ဖြစ်စေ ၊ သင်္ဘောပေါ်၌ဖြစ်စေ ၊ ထိုသူတို့သည်စကားကျယ်လောင်စွာပြောလေ့မရှိ ။ မိမိတို့အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောလေ့မရှိ ။အကြောင်းမဲ့ အမေးအမြန်းပြုလေ့မရှိ ။ အကြောင်းရှိမှမေးကြသည် ။

အမေးရှိမှဖြေကြသည် ။ ၀ါကြွားပလွှားတတ်သောသဘောကား လုံးဝကင်းသည်ဟုဆိုလောက်သည် ။ထိုသူတို့သည် အများကြီးသိကြသည် ။ သို့ရာတွင် ထုတ်ဖော်ပြောဆိုသောအခါ သိသည်ထက်လျှော့၍ ပြောလေ့ရှိသည် ။ ထိုသူတို့သည် ကောက်ရိုးမီးနှင့်မတူ ၊ ဖွဲမီးနှင့်တူကြသည် ။ ဘိလပ်နိုင်ငံသားစကားနည်းလှသဖြင့် ရုတ်တရက်သော် သူ့ကိုသဘောကျကြမည် မဟုတ် ။ သို့ရာတွင် နီးနီးကပ်ကပ် ပေါင်းကြည့်လျှင် စကားများများပြောတတ်၍ မိတ်ဖြစ်လွယ်တတ်သောသူထက် ပို၍ သဘောကျစရာကောင်းသော အချက်ကို သိနိုင်သည် ။ 

သာမန်အားဖြင့်ဘိလပ်နိုင်ငံသားသည် စကားတည်သည် ။ ဖြောင့်သည် ။ အချိန်မှန်သည် ။ ဆောင်ရွက်ပေးထိုက်သောကိစ္စအတွက်ဖြစ်လျှင်မခိုမကပ် ၊ တကယ်တမ်းထိထိရောက်ရောက် ဆောင်ရွက်ပေးတတ်သည် ။ ဤအချက်တို့သည် အတုယူချင်သူများသတိပြုထိုက်သော အချက်များဖြစ်သည် ။ ကောင်းသောစရိုက်များရှိသကဲ့သို့ မကောင်းသောစရိုက်များလည်းရှိကြပါသည် ။ အတုယူထိုက်သည်မဟုတ်သောကြောင့် မဆိုချင်တော့ပြီ ။
................................
ဘိလပ်နိုင်ငံသားတို့၏ အခြားစရိုက်တစ်ခုသည် သူ့အပြစ်ကို အကျိုးသင့် အကြောင်းသင့် ပြော၍ ထောက်ပြလျင် ၊ သူ့ကိုအပြစ်ပြောရပါမည်လောဟု စိတ်မဆိုးတတ် ။ ပြစ်တင်စကားကိုခံယူတတ်သည် ။ ပြင်သင့်ပြင်ထိုက်လျင်ပြင်လိုက်သည် ။ သူတို့၏ ပြဇာတ်ဆရာကြီး ဘားနပ်ရှောသည် သူတို့၏အပြစ်ကို ခဏခဏထုတ်ဖော်၍ ပြဇာတ်ရေးသည် ။

ထိုအခါ ဘိလပ်ပရိတ်သတ်သည် ဘာနပ်ရှောကို လက်ညှိုးထိုး၍ ကိုယ့်အထုပ်ကိုယ်ဖြေပြရပါမည်လေ ၊ ဘာလော ၊ညာလောနှင့် ၀ိုင်း၍မနှိမ် ၊ ၀ိုင်း၍မဆဲ ၊ ၀ိုင်း၍သိက္ခာမချ ၊ ၀ိုင်း၍ သပိတ်မမှောက် ။ ဘားနပ်ရှောအပြစ်ပြောတတ်သည်ကိုပင် သဘောကျကြသည် ။ သူတို့ကို သွန်သင်ဆုံးမတတ်ပေ၏ဟု ဆို၍ ၊ ဘားနပ်ရှောကိုပို၍ကြည်ညိုလာကြသေးသည် ။

 ဤကား ဘိလပ်နိုင်ငံသားတို့ထံမှ အတုယူဖွယ်ဖြစ်သော အကြောင်းများနှင့် စပ်လျဉ်း၍ မြင်မိထင်မိသော ကျွန်တော်၏ထင်မြင်ချက် အနည်းငယ်မျှသာဖြစ်သည် ။
 ဇော်ဂျီ
၁၉၄၁ ဇော်ဂျီ၏ ခရီးသည်စာအုပ်မှ ...
တည်ဆောက်မှုဝါဒ (Constructivism) နှင့် ပညာရေး


ပညာရေးမှာ ကျောင်းသား သို့မဟုတ် လေ့လာသူဟာ အပြုခံသဘော၊ လိုက်နာမှတ်ယူတဲ့ အနေအထားမှာပဲ ဆိုရင် အထက်အောက်ဖိစီးမှုကို အားပေးရာရောက်ပါတယ်။

ကျောင်းသားဟာ ကျောင်းက ဆရာ၊ ဆရာမတွေ သင်ကြားထားသမျှကို လိုက်နာမှတ်ယူပြီး အဲဒီ အသိပညာဘောင်ထဲမှာပဲ ရွေ့လျားမနေတော့ပါဘူး။ ကျောင်းသားဟာ သူ့ကို ပြဌာန်းထားတဲ့ အဓိပ္ပာယ်တွေကို သူရွေးချယ်ချင်းမရှိဘဲ လက်ခံကျင့်သုံးတာဟာ အထက်အောက်ဖိစီးမှု(hierarchy) ကို အားကောင်းစေပါတယ်။

ကျောင်းသားတစ်ယောက်အနေနဲ့ သူသင်ကြားနေတဲ့ ဘာသာရပ်တင်သာမက ကျင့်ဝတ်တွေ၊ ဒဿနတွေ၊ ဓလေ့ထုံးစံတွေရဲ့ အဓိပ္ပာယ်တွေနဲ့ သက်ရောက်မှုတွေကို သူဖော်ထုတ်ခွင့် မရတဲ့အခါမှာ သူ့ရဲ့ အတ္တဆောက်တည်မှုက ဘောင်အတွင်းထဲကိုသာ ရောက်သွားနိုင်ပါတယ်။

လွှမ်းမိုးအုပ်ချုပ်သူတွေ အနေနဲ့လည်း သူတို့ဦးတည်ရာကို လိုက်ပြီး ပညာရေးကို ပြဌာန်းနေတာကြောင့် အုပ်ချုပ်သူတွေရဲ့ ပြဌာန်းစာအုပ်ထဲကနေ ထွက်ပြီး ကျောင်းသားတွေကို ပေးသွားခွင့် ရှိမရှိပေါ်ကို သက်ရောက်နိုင်ပါတယ်။

ဥပမာအားဖြင့် သင်ရိုးညွှန်းတမ်းတွေဟာ စံနှုန်းချိန်ကိုက်ထားတဲ့၊ အသေသဘောသက်ရောက်နေတဲ့ စာအုပ်တွေကိုသာ အဓိက ဗဟိုထားမယ်ဆိုရင် ကျောင်းသားတွေကလဲ အဲဒီစာအုပ်ထဲက အကြောင်းအရာတွေကိုပဲ အားရုံစူးစိုက်သွားမှာပါ။ အဲဒီအခါမှာ သူဟာ အပြင်လောကနဲ့ သူစံပြုထားတဲ့ စာအုပ်တွေ ကိုက်ညီမှုရှိမရှိ၊ ထိုစာအုပ်ထဲက အကြောင်းအရာတွေကို အပြင်လောကမှာ အသုံးပြုနိုင်မှု ရှိမရှိကိုလည်း စောဒက တက်ချင်တော့မှာမဟုတ်ပါဘူး။

ယနေ့အချိန်အခါမှာ ပညာရေးဟာ ကျောင်သားတွေကို အတွေးအခေါ်ဗေဒတွေ၊ ဒဿနာတွေ၊ မူဝါဒတွေ ရိုက်သွင်းတာထက် ကျောင်းသားတွေဆီကနေ ထုတ်လုပ်မှုကို အခြေခံထားတာက လက်ရှိအုပ်ချုပ်သူတွေရဲ့ ယန္တရားကို အားကောင်းစေပါတယ်။ စီးပွားရေးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ နိုင်ငံရေးရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ဖန်တီးမှုတွေက အုပ်ချုပ်ရေးစနစ်တွေကို အဆုံးအဖြတ်ပေးလာနိုင်တဲ့ အခြေအနေမှာ ဖန်တီးမှုနဲ့ ထုတ်လုပ်မှုဟာ အရေးပါလာပါတယ်။

ဒီဖန်တီးမှုနဲ့ ထုတ်လုပ်မှုတွေကို သမရိုးကျ ပညာရေးစနစ်က မဖြည့်ပေးနိုင်တဲ့အခါ ကျောင်းသားတွေရဲ့ ဖန်တီးမှုနဲ့ နောက်လာမည့် ထုတ်လုပ်မှုတွေ အားကောင်းရေးအတွက် ကျောင်းသားတွေကိုယ်တိုင် ပါဝင်ပြဌာန်းရမည့် ပညာရေးဟာ လိုအပ်လာပါတယ်။ တည်ဆောက်မှုဝါဒ (constructivism) အရ ကျောင်းသားတွေရဲ့ ကိုယ်တိုင် ပတ်ဝန်းကျင်အပေါ် အဓိပ္ပာယ် တည်ဆောက်ပြီး နားလည်မှုတွေကို ကိုယ်တိုင်လုပ်ယူလာရပါတယ်။

ပုဂ္ဂလိကဝါဒ အားကောင်းတဲ့ အနောက်တိုင်းမှာ တစ်ဦးချင်း အဓိပ္ပာယ်တွေကို ပုံဖောက်ပေးတဲ့ တည်ဆောက်မှုဝါဒကလည်း အားကောင်းလာပါတယ်။ အဲဒါနဲ့အတူ ပုဂ္ဂလိကဝါဒနဲ့ ခွဲခြားရခက်တဲ့ လစ်ဘရယ်ဝါဒကလည်း တည်ဆောက်မှုဝါဒကို အားကောင်းစေရေးအတွက် တွန်းအားတွေ ပေးလာပါတယ်။

ဆရာတွေရဲ့ အခန်းကဏ္ဍကလည်း တော်တော်လေး ကွဲပြားလာပါတယ်။ တည်ဆောက်မှုဝါဒမှာ ဆရာတွေအနေနဲ့ ကျောင်းသားတွေကို ထိန်းကျောင်းဖို့ တာဝန်ကလည်း နည်းသထက် နည်းလာပါတယ်။ ဆရာတွေအနေနဲ့ ပုံစံသွင်းဖို့ထက် ကျောင်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းစိတ်ရာ ခံစားမှုတွေကို နားလည်ဖို့က အရေးကြီးလာပါတယ်။ ဒါပေမဲ့ စာသင်ခန်းတွင်း သင်ကြားရေးအားကောင်းရေးနဲ့ စီမံခန့်ခွဲရေးတို့အတွက် ဆရာတွေက လိုအပ်နေဆဲပါ။

ဆရာတွေအနေနဲ့ သင်ကြားရေးအတွက် စံသတ်မှတ်ထားတဲ့ သင်ရိုးစာအုပ်ထက် ကျောင်းသားတွေရဲ့ လက်တွေ့ခံစားနေရတဲ့ ပြဿနာတွေပေါ် မူတည်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေကိုသာ အထူးပြုရပါမယ်။

တည်ဆောက်မှုဝါဒကို ဟာ့က်နက်စ် (Harkness) ဆွေးနွေးမှုနဲ့ ဆက်စပ်လို့ရပါတယ်။ ဟာ့နက်စ်လို့ နာမည်ပေးရတာက (၁၉၃၀)ခုနှစ်ဝန်းကျင်လောက်မှာ အက်ဒွပ်ဟာ့က်နက်စ်လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ထောက်ပံ့ထားတဲ့  Phillips Exeter Academy က တီထွင်လိုက်တဲ့ သင်ကြားရေးပုံစံတစ်မျိုးဖြစ်ပါတယ်။ အဲဒီမှာ ဆရာနဲ့ ကျောင်းသားတွေဟာ စားပွဲမှာ ဝိုင်းထိုင်ကြရပါတယ်။ ကျောင်းသားတွေက အချင်းချင်းဆွေးနွေးပြီး ဆရာက ညွှန်ကြားချက်လောက်ပဲ ပေးရပါတယ်။

ဆရာရဲ့ တာဝန်က ဆွေးနွေးဖို့ ခေါင်းစဉ်ရှာပေးခြင်း၊ ဆွေးနွေးမှုကို လှုံ့ဆောင်ပေးခြင်းနဲ့ ထိန်းကျောင်းခြင်းတွေကိုသာ ပြုလုပ်ရပါတော့တယ်။ ဆရာအနေနဲ့ သူယူဆထားတဲ့ တန်ဖိုးတွေ၊ အဓိပ္ပာယ်တွေကို ပြဌာန်းပိုင်ခွင့်မှာ နည်းသွားပါတယ်။ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အမြင်တွေနဲ့ အဓိပ္ပာယ်သစ်တွေကို ရှာဖွေရပါတယ်။

တည်ဆောက်မှုဝါဒကြောင့် ပုဂ္ဂလိကဝါဒတွေအားကောင်းလွန်းပြီး လူမှုရေးတာဝန်ယူမှုတွေ အားနည်းသွားမယ်လို့ ဝေဖန်ကြပေမယ့် ဟာ့က်နက်စ်လိုမျိုး ဆွေးနွေးမှုမျိုးက စုပေါင်းနားလည်မှုကို ပြန်လည်မွေးထုတ်နိုင်မယ်လို့ ယူဆကြပါတယ်။

ဒါပေမဲ့လည်း ကိုယ်ပိုင်အဓိပ္ပာယ်တွေနဲ့ ခံစားမှုတွေကို ရှေ့တန်းတင်ထားတာကြောင့် အယူအဆချင်း မျှဝေမှုကိုတော့ အနည်းနဲ့ အများထိခိုက်နိုင်ပါတယ်။ အစုအဖွဲ့တွေနဲ့ ပိုမိုဝေးသွားနိုင်ပေမယ့် ဥပဒေနဲ့ စည်းမျဉ်းတွေက တစ်ဦးချင်းပေါ်ကို ထိန်းချုပ်နိုင်ပါသေးတာကြောင့် ကျွန်တော်တို့ထင်ထားသလို တစ်ဦးချင်း ဖန်တီးမှုကို အတိုင်းအဆမရှိ မြင့်တင်နိုင်မယ်လို့တော့ မဟုတ်လှပါဘူး။

ဒါကြောင့် တည်ဆောက်မှုဝါဒမှာ စုပေါင်းလုပ်ကိုင်မှုကို အားနည်းနိုင်ပေမယ့် ဖန်တီးမှုနဲု့ထုတ်လုပ်မှုကို အားပေးထားတာကြောင့် ကုန်ထုတ်စွမ်းအားအရကြည့်ရင် လိုအပ်တဲ့ ပညာရေးစနစ်မျိုးပါပဲ။ တန်ဖိုး၊ အဓိပ္ပာယ်နဲ့ နားလည်မှုတွေကို ပြဌာန်းတာက နည်းပါးသွားနိုင်တာကြောင့် အထက်အောက်ဖိစီးမှုကို တွန်းလှန်နိုင်ပါတယ်။

ဒီမိုရေစီရပ်ဝန်းထဲမှာ ရုပ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ အားကောင်းဖို့အတွက် တည်ဆောက်မှုဝါဒက လိုအပ်တဲ့ ပညာရေးစနစ်တစ်ခုပါပဲ။

တိမ်ပြာ
source.... Maukha
ခဏတံခါး


‘ခဏိက’ သို့မဟုတ် ‘ခဏဘင်္ဂုရ’ ၏ အနက် အဓိပ္ပာယ်သည် ‘တခဏသာ ခံခြင်း’ ဖြစ်သည်။ ခဏိက သဘောကို နားလည်ခြင်းသည် တစ်ခဏပြီး တစ်ခဏ ( သို့မဟုတ် ) ခဏတိုင်း၊ ခဏတိုင်း နေခြင်း၊ အသက်ရှင် နေထိုင်ခြင်း ဖြစ်သည်။

မိမိတို့ လက်ထဲ၌ ပစ္စုပ္ပန် တခဏမှ တစ်ပါး အခြား မရှိ ဟု ဆိုလိုသည်။ ယင်း အချက်ကို နားလည်သည် နှင့် တစ်ပြိုင်နက် - ‘မည်သူ့ ထံတွင်မှ ခဏ နှစ်ခု တပြိုင်တည်း ရှိမနေကြောင်း’ ထပ်ဆင့် သဘောပေါက်ပြီး ဖြစ်လိမ့်မည်။ ခဏ တစ်ခဏ သည် ရောက်လာပြီး နောက် ထွက်ခွာသွားသည်။ နောက် အခြား တစ်ခဏ ရောက်လာသည်။ လက်ထဲ၌ ယင်း ခဏ တစ်ခဏသာ ရှိသည်။

ယင်း တခဏ အတွင်း မည်သို့ မည်ပုံ နေထိုင် မည်နည်း။ ယင်း နေနည်း ထိုင်နည်းသည် ဘဝနေနည်း ထိုင်နည်း အတတ်ပညာ ပင် ဖြစ်သည်။ ပိုင်ဆိုင်သော ခဏ တစ်ခဏ ကို ချန်ရစ်၍ အခြား တစ်ခဏသို့ ကူးသွားခြင်းသည် သာမာန် ဘဝ နေနည်း ဖြစ်သည်။ ပိုင်ဆိုင်သည့် ခဏ တစ်ခဏ ၏ နက်ရှိုင်းရာ သို့ ဆင်း သွားခြင်း သည်သာ ဝိသေသ ထူးခြားသည့် ဘဝနေနည်း ဖြစ်သည်။

လောကီ လူ့ဘဝ အများနေထိုင်ကြသည့် အနက်အဓိပ္ပာယ်မှာ ယခု ပစ္စုပ္ပန် ခဏကို နောက် တစ်ခဏ အတွက် စွန့်လွှတ်ပစ်လိုက်ခြင်း ဖြစ်သည်။ နောက် ခဏကို အခြား အခြား ခဏ များ အတွက် စွန့်လွှတ် ပစ်လိုက် ခြင်း ဖြစ်သည်။ ယနေ့ကို မနက်ဖြန် အတွက် လွှတ်ပစ် သည်။ နက်ဖြန်ကို သန်ဘက်ခါ အတွက် လွှတ်ပစ်လိုက်သည်။ လောကီ လူ့ဘဝသည် ဤသို့ဖြင့် နေ့စဉ် နေ့တိုင်း လစ်ဟာလျက် အလ ဟဿ ဖြစ်လျက် ရှိကြသည်။ အမြဲတမ်း ရွှေ့ဆိုင်း ရပ်တန့် ပစ်ကြ သည်။ သိမြင်မှု ရှိကြသူများ၏ ဘဝမှာမူ ယခု ပစ္စက္ခ တစ်ခဏ ၌ပင် ကိစ္စ ပြီးလျက် ရှိနေကြသည်။

‘လက်ထဲ၌ ဤခဏသာ ရှိသည်။ အခြား ခဏ မရှိ’ ဟု ‘ခဏိက’ သဘောကို နားလည်သောသူ အတွက် ယခု ပစ္စုပ္ပန် ခဏသည် နောက်ဆုံး ခဏ ဖြစ်ဖို့ ရှိသည်။ နက်ဖြန် အတွက် နောက်ဆံ တင်းနေ လိမ့်မည် မဟုတ်ပေ။ ၎င်းသည် ယနေ့အတွက် အသက်ရှင်နေသည်။ နက်ဖြန် အသက်ရှင်ခြင်း မရှင်ခြင်းသည် ၎င်းနှင့် မသက်ဆိုင်ပေ။ ၎င်းအနေဖြင့် စိတ်ကူး ထဲတွင်ပင် ထည့်သွင်းထား လိမ့်မည် မဟုတ်ပေ။ - နက်ဖြန်မှ ချစ်မည်။ နက်ဖြန်မှ လုပ်မည်။ နက်ဖြန်အတွက် အားခဲလိုက် ဦးမည် ဟု သောင်မတင် ရေမကျ သဘောမျိုး ရှိနေလိမ့်မည် မဟုတ်။ လုပ်ရန် ကိစ္စ အဝဝသည် ယနေ့ ယခု ခဏ၌ပင် ပြီးပြတ်သည်။

တကယ် စင်စစ် ဘဝသည် တစ်ခဏပြီး တစ်ခဏ ကုန်ဆုံး ကျော်လွန်လျက် ရှိ၏။ ကုန်ဆုံး ၊ ကျော်လွန်၍ ‘ပြီးပြီ’ ဟု - ‘ခဏိက’ သဘော၊ ‘ခဏ ဘင်္ဂုရ’ သဘောကို သိမြင် သဘောပေါက် သောအခါ တခဏတာ၏ နက်ရှိုင်းရာသို့ သက်ဆင်း သွားနိုင်စွမ်း ရှိလာပေ လိမ့်မည်။ တခဏတာသည်လည်း မိမိ၏ အတွင်း အဇ္ဈတ္တ နက်ရှိုင်းရာ၌ ခိုင်မာမှု ရှိနေ၏။

ကမ်းစပ်၌ ရေကူးနေသော သူကို ရှုကြည့်စေချင်သည်။ ရေပြင်ပေါ်၌ လှိုင်းများ တစ်လုံးပြီး တစ်လုံး လိမ့်နေသည်။ ရေကူးနေသူသည် လှိုင်းလုံးများ ပေါ်၌ ကူးခတ် လျက်လည်း ရှိသကဲ့သို့ လှိုင်းလုံးများ၏ အောက် နက်ရှိုင်းရာသို့လည်း ငုပ်လျှိုးသွား၏။ လောကီ လူသား အများတို့သည် လှိုင်း တစ်လုံးမှ အခြား လှိုင်းတစ်လုံးသို့ ကူးခတ် သွားကြခြင်း ကိုသာ လိုလားကြပေ သည်။ ရေ မျက်နှာပြင် ပေါ်၌ သာ ကူးခတ် လျက် ရှိနေကြသည်။ ရေလှိုင်း၏ နက်ရှိုင်းရာသို့ အဘယ်ကြောင့် မငုပ်လျိုး ကြပါ သနည်း။ ရေမျက်နှာပြင်၌သာ အဘယ်ကြောင့် ရပ်တန့် ကူးခတ် နေကြပါသနည်း။

ရေလှိုင်းများ အပေါ်တွင် ပုလဲရတနာ ရရှိသည်ဟု ကြားဖူးကြပါသလား။ စင်စစ် ပုလဲ ရတနာ သည် ရေနက်ထဲ၌သာ တည်ရှိ၏။

ဆရာပါရဂူ
သနန္တန ဓမ္မ ( နှာ - ၂၅၆ - ၂၅၇ )

Wednesday, March 28, 2012

မသိခြင်းကို စားသုံးသူများ


ညီမလေး ချစ်တာ ကိုကို မသိဘူး။

ညီမလေးကို "ညီမလေး ဒါတွေမသိပါဘူး" လို့ပြောရင် မကြိုက်တာ ကိုကို မသိဘူး။
ညီမလေးက ကိုကို့ထက် အသက်ငယ်ပေမယ့် ကိုကိုက မရင့်ကျက်ဘူးလို့ ထင်ခံရတိုင်း နောက်ကျမှမွေးတဲ့ ကံကြမ္မာကို မုန်းတီးမိတယ်ဆိုတာ ကိုကိုမသိဘူး။
ကိုကိုက ရင့်ကျက်တယ်လို့ ထင်တဲ့ ကိုကို့သူငယ်ချင်း မမတွေနဲ့ ယှဉ်ပြီးတွေးခံရတယ်လို့ ထင်တိုင်း ဘယ်သူ့ကိုစိတ်တိုရမလဲ မသိဘူး။

အဲတော့ ခြေကို ဆောင့်ပြီး လောကကြီးကို စိတ်ထဲက အကျယ်ကြီး အော်ဆဲပစ်လိုက်တယ်။ "သေစမ်းပါ။ သွားသေလို့ရတယ်" ဆိုပြီး။
အဲလိုပြောရင်လည်း အဲဒါမရင့်ကျက်တာပေါ့လို့ ကိုကိုက ပြောဦးမယ်မလား။

"ကိုကိုသိတာပေါ့ ညီမလေးရယ်" လို့ ပြောပြီး နှုတ်ခမ်းတွန့်ပြီး ပြုံးလိုက်ရင် အဲဒီအပြုံးက "မင်းကိုငါ အကုန်လုံးသိနေတာလေ" လို့ အဓိပ္ပါယ်သက်ရောက်နေတာကို တအားကို မုန်းတယ်ဆိုတာ ကိုကိုမသိဘူး။

ညီမလေးကို ကိုကို အလွတ်ရတဲ့ ဖတ်စာအုပ်တစ်အုပ်လိုမျိုး သိနေသလို မပြုမူပါနဲ့ကိုကို။
ကိုကို မသိတဲ့ဟာတွေလည်း ညီမလေး လောကကြီးဆီကနေ သင်ယူတတ်မြောက်ခဲ့တယ်ဆိုတာ ကိုကိုမမေ့ပါနဲ့။
ကိုကို ဂရုစိုက်တာကို မသိချင်ယောင်ဆောင်ပေမယ့် ညီမလေးတအားကျေနပ်တယ်။ အပေါင်းအသင်းတွေ ကြားထဲ ဘယ်လောက်ဂုဏ်ယူမိလဲဆိုတာ ကိုကိုမသိဘူး။

ညီမလေးက မိန်းကလေးပါ ကိုကို။ ဂရုစိုက်တာ ကြိုက်ပေမယ့် ညီမလေးက ကိုကို ညီမလေးကို ရွယ်တူတန်းတူ ဒိုးတူဘောင်ဘက် ဘော်ဒါတွေလို ဆက်ဆံစေချင်တယ်။
ပန်းလေးတပွင့်လို ညီမလေးကို ပြုစုပျိုးထောင်ပေးတာမျိုး မကြိုက်ဘူး။ ညီမလေးနဲ့ ကိုကိုက ဥယျာဉ်ထဲက အမျိုးမတူတဲ့ပန်းလေးတွေလိုမျိုး။

အတူတကွ ရှင်သန်၊ ဖူးပွင့်ကြမယ်။ အဲလိုရှင်သန်တဲ့ အခါ၊ ဖူးပွင့်တဲ့ အခါ တွေ့ကြုံရတဲ့ အကြောင်းတွေ၊ အဖြစ်အပျက်တွေ၊ ပျော်ရွှင်မှု၊ နာကျင်မှုတွေ ကိုကို့နဲ့ အပြန်အလှန်ဖလှယ်။
ညီမလေးတို့က အမျိုးမတူတဲ့ပန်းကလေးတွေမဟုတ်လား ကိုကို။ လူတွေဟာ အလုံးစုံ မရင့်ကျက်နိုင်ကြဘူး ဆိုတာ ကိုကိုမသိဘူး။

ညီမလေးက စူးစမ်းချင်တယ်။ သင်ယူချင်တယ်။ အို.. ဖြစ်နိုင်ရင် လောကကြီး တခုလုံးမှာ မသိသေးတာတွေကို သင်ယူချင်သေးတယ်။ သင်ယူမှုမှာ နာကျင်တာတွေရှိမယ်။ ညီမလေးနာကျင်မှုဟာ ကိုကို့နာကျင်မှုဖြစ်တယ်။
ဒါပေမယ့် ကိုကို့ကို နာကျင်စေချင်လို့တော့ မဟုတ်ပါဘူး။ ကိုကို့ နာကျင်မှုဟာလည်း ညီမလေးရဲ့ နာကျင်မှုဖြစ်ပြန်တယ်လေ။
ဒါပေမယ့် အဲဒါ ကိုကိုက မသိဘူး။

အဲဒါမို့ပြောတာ..
ညီမလေးချစ်တာ ကိုကိုမသိဘူး .. လို့။

..........................................

ကိုကိုချစ်တာ ညီမလေး မသိဘူး။

ကျွန်တော့ညီမလေးက ချစ်ဖို့ကောင်းတယ်ဗျ။ ငယ်ရွယ်တယ်။ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ လန်းဆန်းတယ်။ သင်ယူချင်တယ်။ လေ့လာချင်တယ်။
ညီမလေးက သူ့ကို ဂရုစိုက်တာကြိုက်တယ်။ ဒါပေမယ့် အဲလို ကြိုက်တာကို ကျွန်တော်သိတာ သူမကြိုက်ဘူး။ ဂရုစိုက်တာ ကြိုက်မှန်းသိလို့ လုပ်ပေးတာမျိုးမကြိုက်ဘူးပေါ့ဗျာ။

အဲတော့ ကျွန်တော့်မှာ မသိမသာ ဂရုစိုက်ရတယ်။ အဲဒါဟာ ဘယ်လောက်ခက်ခဲလဲဆိုတာ ညီမလေးမသိဘူး။
ညီမလေး အပြုံးတပွင့်ရဖို့ လက်ဖက်ရည်သောက်ရင်း စက္ကူငှက်လေးတွေ မသိမသာ ခေါက်ပေးနေတဲ့ အချိန်မှာ
(ညီမလေးအကြိုက်တွေ လိုက်လုပ်ပေးနေတဲ့အချိန်မှာ) ကျွန်တော့်ရဲ့ ရှက်ရွံ့မှုတွေကို ညီမလေးမသိဘူး။
ပါးစပ်ကမပြောပေမယ့်လည်း ညီမလေးက ငှက်လေးတွေကြည့်ပြီး ကျေနပ်သွားတဲ့ အခါ အဲဒီရှက်ရွံ့မှုတွေ ချက်ချင်း အငွေ့ပြန်ပျောက်ကွယ်သွားတယ်ဆိုတာ ညီမလေးမသိဘူး။

ကျွန်တော့ ညီမလေးမှာ အိမ်မက်တွေက ခပ်များများ။ ကျွန်တော့်ကို သူ့အိမ်မက်တွေ အကြောင်းပြောရင် စကားတွေ မဆုံးတမ်းပေါ့ဗျာ။
သင်ယူချင်တာကျွန်တော်နှစ်သက်မိတယ်။ ညီမလေးက တော်တယ်။ ဥာဏ်ကောင်းတယ်။ လုပ်နိုင်တာ ကျွန်တော်သိတယ်။ ဒါပေမယ့် လောကကြီးက နတ်ဆိုးတွေ ကြီးစိုးတဲ့ရာသီမှာ ကောက်ကျစ်တတ်တယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့ဗျာ။
ထင်သလို ဖြစ်မလာတတ်တဲ့အခါ ညီမလေးနာကျင်မှာကို စိုးတယ်။ နာလည်းနာကျင်ဖူးတယ်။ နာကျင်တဲ့ အခါ ကျွန်တော့ပခုံးပေါ် မှီလို့ ငိုလို့ပေါ့။ ပြီးရင်တော့ ခဏပဲ။ ညီမလေးမေ့သွားမယ်။

ညီမလေးက သင်ယူချင်သလောက် လောဘကြီးတယ်။ အလောတကြီးလုပ်တဲ့အခါ အမှားများတယ်။
ကျွန်တော်က တဖြည်းဖြည်းသင်ယူလေ့လာစေချင်ကြောင်းပြောရင် ညီမလေးက သူ့ကို မရင့်ကျက်ဘူးလို့ ပြောတယ်ထင်မယ်။ သူ့ကို အဲလိုဆက်ဆံရင် ညီမလေး မကြိုက်မှန်း ကျွန်တော်သိတယ်ဆိုတာ ညီမလေးမသိဘူး။

မီးကို ပူမှန်းသိလို့ ကျွန်တော့်အတွေ့အကြုံရသိလို့ပြောရင်တောင် ညီမလေးက သွားကိုင်ကြည့်ပြီးမှ ယုံချင်တယ်။ အတွေ့အကြုံတိုင်းက မှန်တယ် ကျွန်တော်မပြောပါဘူးဗျာ။
မှန်တဲ့အရာတွေကိုတောင် သိနေပေမယ့် ညီမလေးက လုပ်ကြည့်ချင်လို့ ရပ်ကြည့်နေရတဲ့ အခါ ရင်ထဲမှာ နာကျင်ရတယ်ဆိုတာ ညီမလေးမသိဘူး။

"ပူတယ်လို့ပြောနေတာကို အခုပူသွားပြီမလား" လို့ နာကျင်ခံခက်ပြောရင်တောင် "ကိုကိုက အရာရာကို သိနေပါတယ် ဆိုတဲ့ ပုံစံမျိုးလားကိုကို" လို့ ပြန်ပြောခံရရင် ညီမလေးအပူလောင်သွားသလိုမျိုး ကျွန်တော့နှလုံးသားတွေ ပူလောင်သွားတယ် ဆိုတာ ညီမလေးမသိဘူး။

တခါတလေ ဖြစ်ချင်တာဖြစ်ဟာ ဆိုပြီးစိတ်ကူးပေမယ့် အဲဒီစိတ်ကူးဟာ ဆပ်ပြာပူဖောင်းလိုပဲ ခဏပဲခံတယ် ဆိုတာ ညီမလေးမသိဘူး။
သူ့ဘေးမှာ ကျွန်တော်ရှိနေမှ ဖြစ်မယ်လေ (ရှိနေချင်တယ်)။
အဲလို စိတ်ကူးတွေနဲ့ နှစ်တွေအများကြီးရဲ့ မနက်တိုင်းကို နိုးထခဲ့တယ် ဆိုတာညီမလေးမသိဘူး။

အဲဒါမို့ပြောတာ...
ကျွန်တော်ချစ်တာ ညီမလေးမသိဘူး .. လို့။

ဂျုနီယာလွင်ဦး
ရထားစီးသူများ



“လာကြဟေ့..လာကြ..ရထားထွက်တော့မယ်”

ဟူသောအသံများကြောင့် ဘူတာတခုလုံး တဝုန်းဝုန်းဖြစ်သွား လေသည်။များပြားလှစွာသော လူအုပ်ကြီးသည် ကိုယ့်အ ထုပ်ကိုယ်ဆွဲ၍ အတင်းတိုးကြတော့သည်။ ရထားပေါ်သို့ သူ့ထက်ငါ အတင်းတိုးဝှေ့လျက် တက်ကြတော့သည်။

“နင့်အထုပ်ကြီး မြန်မြန်တင်စမ်း တကတည်းဟာ လူတွေ ဒီလောက်များတာကို အထုပ်ကြီးကန့်လန့်ကန့်လန့်နဲ့” “ဘာသိလို့လဲ  အဒေါ်ရဲ့ အခြေအနေကောင်းရင် ဟိုမှာ အခြေချရမှာ အဒေါ်ကကော ဘာလို့ ဒီခရီးကို လိုက်လာတာလဲ” “ဟဲ့ဒီအရပ်က လူမနေသင့်တဲ့ အရပ်၊ ငါ့တသက်နေလာခဲ့တာ စိတ်ချမ်းသာရတဲ့ရက် တရက်မှမရှိဘူး၊ ဒါကြောင့် ယူလာ စရာလဲ ဘာမှမရှိဘူး၊ အဝတ်တထည် ကိုယ်တခုနဲ့ ဘဝသစ်ကိုစမှာ ဟိုရောက်ရင်ကော အဆင်ပြေပါ့မလား” ဟူသောအသံသည် မဝင့်မရဲ မယုံမရဲနှင့် ထွက်လာသည်။

“ဟေ့ ရှေ့မှာ ပိတ်မနေကြပါနဲ့ နောက်မှာလူတွေ တအားတိုးနေတာ လူမူရေးနားလည်ကြပါအုန်း၊ လူတွေကလဲ စုတ် ပြတ်နံစော်နေတာဘဲ”

“အောင်မယ် လူပါးဝလို့၊ ဒီခရီးကို နင်တို့လို တကိုယ်ကောင်းသမားတွေ လိုက်ဖို့တောင်မတန်ဘူး သေနာရဲ့၊ ဒီင်္အရပ်မှာပဲ နင့်အဖေ အားကိုးနဲ့ လူစွာလုပ်လို့ရမယ်၊ ဒီရထားစီးပြီဆိုမှတော့ နင့်စရိုက်ကို ပြင်ရင်ပြင် မပြင်ရင် ဟိုကလူတွေက နင့်ကို အရေခွံခွာလိမ့်မယ် ဟဲ့ အကောင်ရဲ့” ဟုဆိုသော ရန်ထောင်သံလဲ ကြားရပါသည်။

“တော်ကြပါ.. တော်ကြပါ ဒီခရီးသွားဖို့ ဘယ်လောက်တောင်စောင့်ရတယ်ဆိုတာ၊ စိတ်ရှည်ရှည် ထားကြမှပေါ့၊ သည်းခံ ကြမှပေါ့” ဟုဆိုသော လူရည်သန့်ပုံစံ ဖြန်ဖြေရေးသမားတယောက်၏ စကားသံကြောင့် လူကြီးပိုင်းထဲမှ တယောက်က “ဟေ့ အခုပြောတဲ့ ပုဂ္ဂိုလ်လေးကို တွေ့ဖူးသလားလို့”

ထိုအခါ လူလတ်ပိုင်းအရွယ်တယောက်က

“သူ့ကို ကျနော် သိတယ်၊ အထင်မကြီးကြနဲ့ သတိထားပြီးနေကြ အဲဒီကောင် ခါးပိုက်နှိုက်၊ လူပုံကိုကြည့်လိုက်ရင် မန်နေ ဂျာလိုလို၊ အရာရှိလိုလို၊ ဟိုမှာဟိုမှာ အထုပ်နဲ့ကောင်မလေးနား ကပ်သွားဘီ၊ ကောင်မလေးတော့ ဒုက္ခပဲဗျို့” “ဒါဆိုတို့တွေ သတိထား စောင့်ကြည့်ပြီး အမိဖမ်းရအောင်”

“မလုပ်နဲ့ မလုပ်နဲ့၊ ဒီအကောင်တွေက အဖမ်းခံရလည်း ခဏပဲ ပြီးရင် နိုင်ငံရေးအကျဉ်းသား တယောက်လွှတ်တာနဲ့ သူ တို့လို လူမျိုးတွေကို ထောင်နဲ့ချီပြီး လွှတ်ပေးလိုက်တာ၊ သူတို့ကို အဖမ်းခံရအောင်လုပ်တဲ့သူကို မှတ်ထားပြီး ထောင်က လွတ်တာနဲ့ ဒုက္ခပေးတာ”

“ဟုတ်ရဲ့လားဗျာ”

“ဟုတ် .. ဟုတ်နဲ့တောင်နေသေးတယ်။

ကျနော့် သူငယ်ချင်းတယောက်ကို ငြိုးထားပြီး ထောင်ကထွက်တာနဲ့ ဓားနဲ့ထိုးလိုက်တာ ပွဲချင်းပြီးကို သေရောဗျာ” ဟုဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်သူကြောင့် သည်အရပ်ဒေသ၌အကြောက်တရား၏ ဖိနှိပ်မူကိုနဖူးတွေ့ ဒူးတွေ့ကြုံတွေ့ ဖူးသော အမျိုးကောင်းသားများအားလုံး ကိုယ်နှင့်မဆိုင်သလို မျက်နှာလွှဲ နေလိုက်ကြတော့သည်။

ထိုစဉ် “အား..နာလိုက်တာ” ဟူသောအသံနှင့် မရှေးမနှောင်းပင် “ဆောရီးဗျာ ဆောရီး မတော်လို့နော်” “မတော်တာနောက်ထား၊ ဖိနပ်ပြတ်သွားဘီ၊ နေ့သွင်းနဲ့ ဝယ်ထားရတဲ့ ဖိနပ်ကလေး သွားပါဘီ” ဆိုသော နွမ်းဖတ်ဖတ် ဝတ်စုံကလေးကိုသာ ဝတ်ဆင်ထားရရှာသည့် မိန်းကလေးငယ်၏ ငိုမဲ့မဲ့မျက်နှာကလေးနှင့် သနားစရာ အသံကလေးကို ကြားရပြီးနောက် တဆက်တည်းပင် …

“တောင်းပန်ပါတယ်ဗျာ…ဟို,ဟို ဘူတာ အဆုံးရောက်ရင် ကျနော်ပြန်ဝယ်ပေးပါ့မယ်…ကတိပေးပါတယ်ဗျာ”

ထိုအခါ လူကြီးတယောက်က ဝင်၍ ပြောသည်မှာ “ဟေ့လူ နေပါအုန်း ခင်ဗျားကတိက ယုံရမှာလား၊ စစ်ဖက်က ပေးတဲ့ ကတိမျိုးဆိုရင် ဒို့က သိပ်ယုံချင်တာ မဟုတ်ဘူး၊ ကလေးမ ဖိနပ်ဖိုးကို အခုပဲလျော်ပေးလိုက်”

“ကျနော် .. ကျနော် စစ်ဖက်က မဟုတ်တော့ပါဘူး၊ တိုက်ပုံပြောင်းဝတ်လိုက်ပါပြီ၊ ဒါကြောင့် နဲနဲတော့ ယုံပေးပါဗျာ၊ အခု ကျနော့် သေတ္တာတွေက တပည့်တွေနဲ့ ပါသွားလို့ပါ တောင်းပန်ပါတယ်၊ ကျနော် ဆက်ဆက် လျော်မှာပါဗျာ”။

“ဒီမှာ…ဘေးနားမှာကပ်ပြီးထိုင်ပါရစေနော်”

“ရပါတယ် ထိုင်ပါ”

“ဟာ, ဆရာမကြီးပါလား၊ တွေ့ရတာ ဝမ်းသာလိုက်တာ”

“မင်းက ဘယ်သူလဲ”

“ဟာ ဆရာမကြီးကလဲ ကျနော် ဝင်းသိန်းလေ၊ အင်းလေ နှစ်တွေတောင် ကြာမှပဲ၊ ကျနော်တောင် မြေးတယောက်ရနေပြီ ဆိုတော့”

“ဟဲ့ .. ကားပွဲစားလုပ်တဲ့ ဝင်းသိန်းလား အရင်က ကျောင်းဆရာ လုပ်တယ်လေ”

“ဟုတ်တာပေါ့ ဆရာမကြီးရယ် ခေတ်ကပြောင်းသွားတော့ ဘာလုပ်စားရမလဲတောင် မသိတော့ဘူး၊ အရင်ကတော့ လေ နဲ့ပဲရင်းပြီး လုပ်စားနေတဲ့သူဆိုတော့၊ အခု ဘာမှလုပ်မစားတတ်တော့ဘူး၊ ဒါကြောင့် သမက်ကလေးက ဒီရထားနဲ့လိုက် ဟိုရောက်လို့ ဂွင်ကောင်းရင် သူတို့ဆရာတပည့်ကိုခေါ်လိုက်၊ သူတို့လိုက်လာပြီး ကုမ္ပဏီထောင်မယ်၊ အခြေအနေ သွား ကြည့်ဆိုပြီး စရိတ်ပေးလွှတ်လိုက်လို့”

“နေပါအုန်း သားမက်က ဘာလုပ်တာမို့်လို့လဲ”

“သူက တိုင်းအဆင့် အရာရှိကြီးရဲ့ တူရဲ့ တပည့်ပါ အဲဒိ အရာရှိကြီးက ဟိုဘက်ခေတ်တုန်းကလဲ သူ့ရဲ့တိုင်းမှာ အကြီး ဆုံးပဲ၊ အခု ခေါင်းပေါင်း ပေါင်းလိုက်တော့လဲ သူပဲ အကြီးဆုံး၊ နေပါအုန်း ဆရာမကြီးကကော ဘာသွားလုပ်မလို့လဲ၊ ဒီ လောက်လူတွေ ကျပ်ညပ်နေတဲ့ ရထားနဲ့ လိုက်ရအောင်”

“သားရယ် ဒီရထားနဲ့ ဒီခရီးကို လိုက်ရတာတောင် ကျေးဇူးတွေ အထပ်ထပ်တင်နေရတာ ခရီးဆုံးရောက်တော့မှ သေ တော့လဲ အသေဖြောင့်တာပေါ့၊ ဒီိအရပ်မှာက သေရတာတောင် အသေဖြောင့်တာ မဟုတ်ဘူး၊ မင်းလဲ သိရဲ့သားနဲ့”။

ခရီးသွားများကလဲ များသထက်များလာပါပြီ။ ဘူတာကြီးသည်လည်း လူအုပ်ကြီးကြားထဲတွင် ပျောက်ကွယ် တော့မတတ် ဖြစ်နေပါပြီ။ ရထားပေါ်တွင် လူများမဆန့်မပြဲ ဖြစ်နေပါပြီ။ မျှော်လင့်တုန်း ကျော့ဆုံးလဲ လာချေပြီ။

“ခေါင်းတွဲလာချိတ်တော့မယ်ဟေ့ ဒီတခါတော့ တကယ်ထွက်ပဟ”

“အတင်းမတိုးကြပါနဲ့”

“တိုးမှာပဲဟေ့ ဦးဦးဖျားဖျား ဒီရထားနဲ့လိုက်မှ ဟိုမှာနေရာကောင်းကောင်းရမှာ”

“မြန်မြန်တက်”

“တိုးသာတိုး”

“အဖိုးကြီးတွေ ဘာလုပ်နေတာလဲ”

“တိုးနေတာဟေ့ မင်းတို့လောက်တော့ ပျင်းတောင်ပျင်းသေးတယ်၊ ငါတို့က ရန်ကုန်မြို့လည်က ရုပ်ရှင်ရုံတွေမှာ တိုးဝှေ့ ကြည့်လာတဲ့သူတွေပါကွ”။

“ဟိုမှာ အလန်းလေးတွေဟေ့”

“ဒီလူအုပ်နဲ့ ဒုက္ခရောက်တော့မယ်”

“မင်းကလဲတုံးလိုက်တာ သေသေချာချာ ကြည့်ပါအုန်း မင်းသမီးတွေနဲ့ မော်ဒယ်တွေလေ ရထားတွဲတွေထဲ အတင်းတိုး ဝင်မယ်ထင်လို့လား ဝေးသေး ဂါတ်ဗိုလ်ကြီးကို အစောကြီးကတည်းက ကပ်ပြီးသား၊ ဂါတ်ဗိုလ်တွဲနဲ့ လိုက်လိမ့်မယ်” ။

လည်ပင်းတွင်ကြီးမားသည့် ရွှေဆွဲကြိုး၊ လက်မှာရွှေဟန်းချိန်း၊ ကျောက်စိမ်းလက်စွပ်၊ ပတ္တမြားလက်စွပ်၊ အပြူးသားဆင် ယင်ထားပြီး တပည့်များခြံရံထားသည့် အသားအရေ နုဖတ်နေသည့် ဗိုက်ရွှဲရွှဲ ပုဂ္ဂိုလ်တော်မြတ်ကြီးတဦးသည် ချွေးဒီးဒီး ကျနေသည့် မျက်နှာအား ရေမွှေးဆွတ်ထားသည့် လက်ကိုင်ပုဝါနှင့် သုတ်ရင်း …

“အိုက်လိုက်တာကွာ ချွေးတွေလဲ ရေချိုးထားတာကြနေတာပဲ”

ထိုအခါ သူနှင့် မလှမ်းမကမ်းမှပါလာသော သူ၏သူငယ်ချင်းဖြစ်သူက..

“မင်းက အဲယားကွန်းအခန်းထဲကနေ ရှိသမျှ လောင်းကစားဒိုင်လုပ်နေတဲ့ကောင်ပဲ၊ အခုလဲ ဟိုမှာဒိုင်သွားလုပ်အုန်းမလို့ မဟုတ်လား”၊

“အေးလေ ဘာဖြစ်လဲ လူတွေအားလုံးလိုလို လောဘသားတွေပဲ သူတို့လောဘတက်လေလေ ငါတို့အိုကေ လေလေ၊ ဟိုရောက်ရင် ပိုတောင်ကောင်းအုန်းမယ် မယုံရင်ကြည့်နေ”။

ပိန်ပိန်ရှည်ရှည် အသားအရေခြောက်ကပ်ကပ်နှင့် လူတယောက်သည် လောင်းကစားဒိုင် လုပ်သူနှင့် အပေါင်းပါများကို စိတ်မသက်မသာ ကြည့်ကာ သူနှင့်ပါလာသူထံ အကြည့်လွှဲလျက် ..

“ခက်တယ်ဗျာ မြန်မာပြည်ရဲ့လူ့အဖွဲ့အစည်းကို အမြစ်ကနေ လှန်ပြစ်ရမယ်၊ ဟိုနားနဲနဲ ဒီနားနဲနဲ ပြောင်းလို့မဖြစ်ဘူး” ဟုဆိုသောအခါ အတူပါလာသူက ..

“အေးဗျာ ဒီမိုကရေစီနဲ့လူအခွင့်အရေးအတွက် အရေးဆိုတာတွေ ဆက်လုပ်ရအုန်းမယ်၊ ပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့် တင်ပေးဖို့လည်း ကျနော်တို့မှာ တာဝန်ရှိတယ်ဗျ”

“နေပါအုန်းဗျာ လူနေမှုဘဝတွေ ဘာတွေ၊ ကျနော်ဆိုလိုတာက စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားအောင် လုပ်ရအုန်းမယ်လို့ ပြောနေတာဗျ၊ ခုပဲကြည့်လေ ရထားပေါ်မှာ လူတွေကိုယ်ချင်းစာတရားလေးနဲ့ ဖေးဖေးမမ လုပ်ဖို့ဘယ်လောက်ကောင်း လဲ၊ ထိုင်စရာနေရာလေးရတာနဲ့ ကျောက်ချပြီး ထိုင်နေလိုက်တာ၊ ကိုယ်လေး တိမ်းပေးလိုက်တာနဲ့ ဘာဖြစ်သွားမှာမို့လို့ လဲဗျာ”။

ထိုစဉ်မှာပင် ရထားတွဲများနှင့် ခေါင်းတွဲကြီးချိတ်ပါပြီ။ လူသံများ ဆူညံသထက် ဆူညံလာပါသည်။

“မြန်မြန်တက်ပါဟ မြန်မြန်”

“ပြူတင်းပေါက်က ကျော်မတက်ပါနဲ့”

“မတက်လို့မဖြစ်လို့ဟေ့”

“လက်ကိုဆွဲထား ဆွဲထား”

“ကြည့်စမ်းပါအုန်း လူတွေကို အုံခဲနေတာပဲ ဘယ်လိုလုပ် ရထားကဆန့်မှာလဲ”

“ဟာ ရထားခေါင်မိုးမှာလဲ လူတွေအပြည့်ပဲ”

“ဒုက္ခပါပဲ လူတကိုယ်စာတောင် မနည်းလိုက်ရတာ သေတ္တာကြီးကို အတင်းထိုးသွင်းနေရသလား အောက်မှာ လူတွေဟဲ့ လူတွေ”

“မတော်လို့နော် ဆောရီး ဆောရီး”။

မီးရထားဝန်ထမ်းနှစ်ဦးလည်း လူအုပ်ကြီးကို ကြည့်ရင်း တပည့်ဖြစ်သူက ..

“ဆရာ ဒီရထားအဆင်ပြေပါ့မလား လမ်းမှာတခုခုဖြစ်ရင်တော့ ဒုက္ခပဲ” ဟုဆိုသောအခါ ဆရာဖြစ်သူက “မင်းအပူမပါ ပါဘူး၊ လိုက်ချင်လို့ လိုက်ကြတာ လိုက်ပလေ့စေ၊ တို့အလုပ်က ခရီးဆုံးအောင် စီစဉ်ပေးလိုက်ဖို့ပဲ”။

“ကျနော်တို့ မြန်မာပြည်က သံလမ်းအကျယ်က ကမ္ဘာပေါ်မှာ အကျဉ်းဆုံး၊ ဘယ်လောက် လူးလိုက်မလဲ၊ လမ်းမှာလိုက်မဲ့ သူတွေကလဲ အများကြီး၊ အခြေအနေမှန်ကို ဂါတ်ဗိုလ်ကြီးသိရဲ့လား”

“သိမှာပေါ့ကွ တကယ်ဆိုရင် ဒီခရီးကို ထွက်ဖို့ သေသေချာချာ ပြင်ဆင်ထားရမှာ၊ ခုတော့ ထွက်ဟ ထွက်ဟ ဆိုပြီး အာ ဏာပိုင်တွေက အချက်ပေးလိုက်ရော တက်သုတ်ရိုက်လိုက်ရတာ၊ ဒီလောက်တော့ ရှိမှာပေါ့ အရင်တသုတ်က လူတွေက တော့ ရထားကိုလည်း သေသေချာချာပြင်၊ ရထားနဲ့လိုက်မဲ့သူကိုလည်း စစ်ပြီးရွေးထားတာ၊ကျန်ခဲ့မယ့်လူတွေအတွက်လဲ အပြည့်အစုံစီစဉ်ထားတာ”

“ဒါတော့ ဟုတ်တာပေါ့ဗျာ သူတို့က နှစ်ပေါင်းများစွာ အသာစီးယူထားတာ”၊

“အခု အုပ်စုကတော့ ဘယ်သူလိုက်လိုက်ဆိုပြီးဖွင့်ပေးလိုက်တော့ တလကြမ်း အတင်းလိုက်လာတာကိုး၊ ပြင်ဆင်ချိန် ဘယ်လောက်ရလို့လဲ”

“ရပါတယ်ဗျာ ပြင်ဆင်ခွင့်ကို ယူမှ မယူတတ်တာ”

“ဟေ့ကောင် မင်းက ဘယ်လောက်နားလည်လို့လဲ၊သွားစမ်း ကိုယ့်အလုပ်ကိုယ်လုပ်”။

မြန်မာပြည်၏ ဒီမိုကရေစီဘူတာကြီးသို့ ရထားများ ဆက်တိုက်ထွက်ခွာလာကြပါပြီ။ ရထားစီးလာ၊ မိတ်သဟာ၊ ကျန်းမာ ချမ်းသာကြပါစေ။ အန္တရာယ်ကင်း၊ ဘေးများရှင်း၊ ဘဝတွေလဲ လင်းပါစေ။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းဝေးကြပါ စေ။

သန့်စင်အောင် (ရန်ကင်း)
source..... နေ့ သစ်
ဆရာကြီး မင်းသုဝဏ်၏ ပါမောက္ခ ခရီး



၁၄ ဖေဖော်ဝါရီ ၁၉၆၁ ထုတ် နေရှင်း(Nation) သတင်းစာမှာ ရန်ကုန် တက္ကသိုလ် မြန်မာနှင့်မြန်မာစာပေ

ရောင်းရင်းဌာန အတွက် အမြဲတမ်း ပါမောက္ခ ရာထူး တစ်နေရာ လျှောက်လွှာ ခေါ်ယူပါတယ်။

လစာ နှုန်းထား (၁၀၀၀-၅၀-၁၄၀၀)ကျပ် ဖြစ်ပါတယ်။ လျှောက်ထားသူတွေမှာ ရှိရမယ့် ပညာ အရည်အချင်းက အနည်းဆုံး မဟာဝိဇ္ဇာဘွဲ့(သို့မဟုတ်) အထက်တန်းဘွဲ့ ရ ရမယ့် အပြင် စာပေပို့ချရေးနဲ့ အုပ်ချုပ်မှုမှာပါ ကျွမ်းကျင်ရမယ်လို့ ဆိုပါတယ်။ ရွေးချယ် ခန့်ထားခြင်းခံရသူက ၁၉၆၁ ဇွန် ၁ ရက်နေ့မှာ အမှုထမ်းရမှာပါ။ လျှောက်လွှာ ပိတ်ရက်က ၁၉၆၁ မတ်လ ၁ ရက်နေ့ ဖြစ်ပြီး ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ထံ ပေးရမှာ ဖြစ်ပါတယ်။

သည်သတင်း Nation သတင်းစာမှာ ပါလာတော့ မော်လမြိုင် ဥပစာ ကောလိပ်က ဆရာဦးတိုးအောင်က လျှောက်ပါတယ်။ လျှောက်လွှာတင်လိုက်ပေမဲ့ ဦးဝန် (ဆရာကြီးမင်းသုဝဏ်)သာလျှင် သင့်တော်တဲ့ အကြောင်း ဆရာ မင်းသုဝဏ်ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သည်စာကို မူရင်း အတိုင်း ဖော်ပြလိုက်ပါတယ်။(ပုံ-၁)


အဲသည်စာအရင် (၉.၂.၁၉၆၁) ရက်စွဲနဲ့ ဆရာကြီး ဒေါက်တာလှဘေက ဆရာမင်းသုဝဏ်ထံ စာတစ်စောင် ပေးပို့ ခဲ့ပါသေးတယ်။ စာပါ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆရာကြီး ဒေါက်တာလှဘေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အဲ့သည်ခေတ်ကာလ ပညာရေးစနစ်ကို ဝေဖန်ထားတာတွေကို ဖယ်ပြီး ဆရာမင်းသုဝဏ်ကို မြန်မာစာ ပါမောက္ခ ရာထူးယူဖို့ တိုက်တွန်းတဲ့ စာပိုဒ်ကိုပဲ ဖော်ပြလိုက်ပါတယ်။

ပါမောက္ခချုပ် ရာထူးကို ကိုသာလှ အားပေးလိုက်ပြီဟု ကြားရပါ၏။ မြန်မာ စာပါမောက္ခရာထူးကား ဦးဝန်နှင့် အသင့်တော်ဆုံးဖြစ်မည်ဟု ကျွန်တော် ထင်ပါသည်။ ဦးဝန် အသက်(၅၂) ဆို သော်လည်း အသက်(၆၀) အထိ လုပ် နိုင်ပါက နောင်(၈)နှစ်လုပ်သက် ရှိပါသေး၏။ (၈)နှစ်အတွင်း မြန်မာစာပေ နှင့် အရေးအသား တစ်မျိုးတစ်ဖုံ ပြောင်းလဲ လာလိမ့်မည်ဟု ကျွန်တော် ကျိန်းသေ ယူဆ ထားပါ၏။

ဆရာကြီးဒေါက်တာ လှဘေတို့က တိုက်တွန်းတဲ့စာ အရင် ၃ ဖေဖော်ဝါရီ ၁၉၆၁ ထုတ် မြန်မာ့ အလင်း သတင်းစာကနေ ပါမောက္ခ အသစ်အဖြစ် ဆရာမင်းသုဝဏ်ကို ခန့်မှန်းပါတယ်။ သတင်းစာမှာ ဘယ်လို ဖော်ပြထားသလဲ ဆိုတော့ “ခိုင်လုံသော အစိုးရ ရပ်ကွက်နှင့် တက္ကသိုလ် အာဏာပိုင် ရပ်ကွက်တို့မှ ရရှိသောသတင်း အဆိုမှာ စာဆို မင်းသုဝဏ်(ဦးဝန်)အား မြန်မာစာ ပါမောက္ခရာထူး ကြော်ငြာသော အခါ လျှောက်ထားရန်တိုက်တွန်း နေသည်ဟု ကြားသိရ၏။

ဦးဝန်ကသာ လက်ခံလျှင် ဦးဝန်အား ပါမောက္ခခန့် ထားပြီး ဆရာကြီး ပါမောက္ခ ဦးဖေ မောင်တင်နှင့် ဦးသိန်းဟန်(ဇော်ဂျီ) တို့အား ဂုဏ်ထူးဆောင်အရံ ပါမောက္ခများ အဖြစ် ခန့်အပ်မည်ဟု ကြားသိရ၏။

ဦးဝန်မှာ ဆရာကြီးဦးဖေမောင် တင်၏ တပည့်ရင်းဖြစ်ပြီး ဘီအေ ဂုဏ်ထူးကို ပထမတန်း ဂုဏ်ထူးဖြင့် လည်းကောင်း၊ မဟာဝိဇ္ဇာဘွဲ့ ပထမ ရ၍လည်း ကောင်း၊ ရန်ကုန် တက္ကသိုလ်မှ အောင်မြင် ခဲ့ပြီး စစ်မဖြစ်မီ ခေတ်က အစိုးရ ပညာတော်သင် အဖြစ် အောက်စဖို့ဒ် တက္ကသိုလ် သို့ စေလွှတ်ခဲ့ရာ ဘီလစ်ဘွဲ့ထူးကို ရရှိခဲ့၏။

ထို့နောက် လန်ဒန်တက္ကသိုလ် တွင် တိဘက် ဘာသာနှင့် အခြားအရှေ့ တိုင်း ဘာသာစကားများကို ဆက်လက် လေ့လာခဲ့၏။ စစ်ပြီးခေတ်တွင် အမေရိ ကန်ပြည် ယေးတက္ကသိုလ်၌လည်း ပညာဆည်းပူးခဲ့သေးသည့်အပြင် ယခု လက်ငင်း အားဖြင့် တက္ကသိုလ် အဘိဓာန် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်လျက် ရှိ၏။ ဦးဝန်၏ ပညာဂုဏ်သတင်းသည် မြန်မာပြည်တွင်သာမက ကမ္ဘာတွင်ပင် ကျော်ကြားလေရာ ဦးဝန်အား ပါမောက္ခ အဖြစ်သာ ခန့်ထားနိုင်က ရန်ကုန် တက္ကသိုလ်၏ ဂုဏ်ကျက်သရေ တိုးလာဖွယ် ရှိသည်ဟု ယူဆသည်ဆို၏” လို့ ဖော်ပြခဲ့ပါတယ်။

အဘက်ဘက်က တိုက်တွန်းတာ အပြင် ဆရာ ကိုယ်တိုင်က ဆရာဇော်ဂျီ၊ ဆရာ ဦးဖေမောင်တင်တို့နဲ့ တွဲဖက်ပြီး သင်ရိုး သင်တန်းများ ပြောင်းလဲလိုစိတ်၊ မြန်မာစာ အရေးအသားတိုးတက်စေလို စိတ်၊ ထူးချွန်တဲ့ ဆရာ၊ ဆရာမတွေကို နိုင်ငံခြား ပညာတော်သင်စေလွှတ်ပြီး နိုင်ငံခြားမှ သင်ယူလေ့လာခဲ့တဲ့ အဆင့် မြင့် ပညာရပ်တွေကို တက္ကသိုလ်မှာ ပြန်လည်ပို့ချစေချင်တဲ့ စိတ်စေတနာ တွေ ဆရာ့မှာရှိခဲ့ပါတယ်။

ဒါကြောင့် လည်း မြန်မာစာ ပါမောက္ခ ရာထူးကို လျှောက်ခဲ့တာပဲဖြစ်ပါလိမ့်မယ်။ သည် ရာထူးကလည်း ဆရာနဲ့ အထိုက်တန်ဆုံး ဖြစ်တာဆိုတော့ ၁၉၆၁ မတ်လ ၂၅ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်ကောင်စီ အစည်းအဝေးကနေ အနားယူ နုတ်ထွက် ထားတဲ့ ပါမောက္ခ ဦးအေးမောင် နေရာ မှာ ဆရာ့ကို ခန့်မယ်ရွေးချယ် လိုက်ပါတယ်။ လစ်လပ်သွားတဲ့ ဆရာ့နေရာမှာ ဦးတင်အေးကို ခန့်အပ်လိုက်ပါတယ်။

ဆရာ ဦးဝန်(မင်းသုဝဏ်)က ပါမောက္ခ ရာထူးကို ဆရာဦးအေးမောင် ထံမှ လက်ခံရမှာဖြစ်တဲ့အတွက် ဘယ် နေ့ လက်ခံရမယ်ဆိုတာကို ရေးသားတဲ့ ပေးစာက ပညာရှင်ပီသတဲ့ အပြင် အပြန်အလှန် လေးစားမှုတွေ ပါတာမို့ စာဖတ်သူတွေကို မူရင်းအတိုင်း မျှဝေပါ ရစေ။ (ပုံ-၂)

၁ မေ ၁၉၆၁ က ကမ္ဘာ့အလုပ် သမားနေ့ဖြစ်တာကြောင့် ရုံးပိတ်ရက် ဖြစ်ပေမဲ့ အဲ့သည်နေ့မှာပဲ ဆရာနှစ် ယောက် တာဝန်လွှဲပြောင်း၊ လက်ခံခဲ့ ကြပါတယ်။ (ပုံ-၃)




ဆရာမင်းသုဝဏ် ပါမောက္ခတာ ၀န်ထမ်းဆောင်ပြီး တစ်လကျော်မှာပဲ ကထိက ဦးမောင်မောင်ကြီးကို လန်ဒန် သို့ ပညာတော်သင်စေလွှတ်ဖို့ ကြိုးပမ်း ခဲ့ပါတယ်။ မြန်မာစာ အရေးအသားနဲ့ ကျောက်စာပညာကို ခေတ်မီ သိပ္ပံနည်း အရ လေ့လာနိုင်ဖို့ရည်ရွယ်တာပဲဖြစ်ပါ တယ်။ ဦးမောင်မောင်ကြီး နိုင်ငံခြား ပညာသင်ပြီးပြန်လာတဲ့အခါ ရန်ကုန် တက္ကသိုလ် မြန်မာနှင့်ရောင်းရင်းစာပေ ဌာနမှာ လက်ရှိကထိက တာဝန်ကိုထမ်း ဆောင်မယ်ဆိုတဲ့အကြောင်း ပညာရေး အတွင်းဝန်ဆီ ဆရာက ရုံးစာပို့ပါတယ်။

ဆရာဦးဝန်က ဦးမောင်မောင်ကြီးကို အတော်မျှော်လင့်ခဲ့ပုံရပါတယ်။ ဦးမောင် မောင်ကြီး

မြန်မာပြည်ပြန်ရောက်တဲ့အခါ ပါမောက္ခရာထူးလွှဲပေးဖို့အထိ အစီအစဉ်ရှိခဲ့ပါတယ်။

ဆရာဦးဝန်ရဲ့ပညာ၊ စိတ်ဓာတ် ထက်မြက်မှုကြောင့် မြန်မာစာပေ တိုးတက် ထွန်းကားရေး အရှိန်အဟုန် မြှင့်နေ ဆဲမှာပဲ မမျှော်လင့်တဲ့ စာတစ်စောင် ဆရာ့ဆီ ရောက်လာပါတယ်။ ရောက်လာ တဲ့စာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (ပုံ-၄)

၁၁ မေ ၁၉၆၂ မှာ ဆရာဦးဝန်နဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းတို့ တွေ့ဆုံခဲ့ပါ တယ်။ တွေ့ဆုံပြီးနောက် အဲ့သည် နေ့ ရက်စွဲနဲ့ တော်လှန်ရေးအစိုးရပညာရေး ဌာနကို ဆရာ စာတစ်စောင်ပေးပို့ခဲ့ပါ တယ်။ (ပုံ-၅)

ဆရာ့နုတ်ထွက်စာကို ဗိုလ်မှူးချုပ် သရေစည်သူ ဦးသန်းဖေက လက်ခံ ခဲ့ပြီး ဦးမောင်မောင်ကြီးကို ၁၉၆၂ မေ ၁၂ မှာ ရန်ကုန်တက္ကသိုလ် မြန်မာစာ ပါမောက္ခအဖြစ် တာဝန်ပေးဖို့ ရုံးမိန့်ထုတ် ပြန်ခဲ့ပါတယ်။

ဆရာလည်း မူလဌာနဖြစ်တဲ့ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာနပြန်ပြီး စာတည်းမှူးတာဝန်ကို ၁၂ မေ ၁၉၆၂ မှာ ပြန်လည်ထမ်းဆောင် ရပါတော့တယ်။

၁၂ မေ ၁၉၆၂ မြန်မာ့အလင်း သတင်းစာမှာ ပါမောက္ခချုပ် ဒေါက်တာ သာလှ၊ ပါမောက္ခ ဦးဝန်၊ ပါမောက္ခ ဦးအေးမောင်တို့ အငြိမ်းစား ယူတဲ့ သတင်း ပါရှိခဲ့ပါတယ်။ (ပုံ-၆)


၁၇.၅.၁၉၆၂ နေ့စွဲနဲ့ ဆရာက တက္ကသိုလ် အဓိပတိ ဗိုလ်မှူးချုပ်သရေ စည်သူဦးသန်းဖေဆီ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်က တစ်ဆင့် စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ စာပါအကြောင်းအရာ ကတော့ ၁၁.၅.၆၂ ရက်နေ့ ဗိုလ်ချုပ် ကြီးနေ၀င်းက ဆရာ့ကို ခေါ်ယူမေးမြန်း ခဲ့တဲ့အခါ ဆရာမြန်မာစာဌာနသို့ မည်သို့ မည်ပုံ ရောက်ရှိပုံ၊ မြန်မာစာဌာနမှာ ၂ နှစ် ၃ နှစ် အထိ အမှုထမ်းတဲ့အခါ မည်သည့်တာဝန်များဆောင်ရွက်မည်၊ ဦးမောင်မောင်ကြီးကို နိုင်ငံခြား အထောက်အပံ့အမျိုးမျိုးနဲ့ ပညာတော် သင်စေလွှတ်ရန်ရည်ရွယ်ခဲ့ကြောင်း၊ ဦးမောင်မောင်ကြီး မြန်မာပြည်သို့ပြန် ရောက်တဲ့အခါ ကျွန်တော်ကဌာနဟောင်း သို့ပြန်ပြီး ဦးမောင်မောင်ကြီးကို ပါမောက္ခ ရာထူးလွှဲပေးရန် အစီအစဉ်ရှိကြောင်း စတာတို့ကို နှုတ်နဲ့ဖြေဆိုခဲ့ပါကြောင်းတို့ စာမှာ ဖော်ပြထားပါတယ်။


ဆရာ မင်းသုဝဏ်လို ပညာအရာမှာ ထူးချွန်ထက်မြက်သူ တစ်ယောက်ဟာ ရန်ကုန် တက္ကသိုလ် မြန်မာစာ ပါ မောက္ခအဖြစ် တစ်နှစ်သာလျှင် ထမ်းဆောင်ခွင့် ရခဲ့တာကို ထိုစဉ်က တက္ကသိုလ် ကျောင်းသားများ(ယခု အသက် ၇၀ ကျော် ၀န်းကျင်)တွေ မှတ်မိပါလိမ့်မယ်။

ဘယ်လို အချက်တွေကြောင့်၊ ဘယ်လိုမနှစ်မြို့တဲ့ စိတ်တွေကြောင့် ဆရာ့ကို မြန်မာစာပါမောက္ခရာထူး ကနေ ဖယ်ရှား လိုက်တာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပညာရှင် တစ်ယောက်ရဲ့ မာနနဲ့ ရိုးသားမှုကို ထိပါး ပုတ်ခတ်ခြင်းကနေ စဉ်ထွက်လာတဲ့ အကျိုးဆက်ကတော့ မလှပတဲ့ သမိုင်း စာမျက်နှာကြီး တစ်ခုဖြစ်ခဲ့တယ် လို့ ထင်ပါတယ်။ အခုတော့ နှစ် ၅၀ ကြာခဲ့ပါပြီ။ သမိုင်း ဖြစ်ရပ်မှန်တွေကို ထိန်ဝှက် မှေးမှိန်ထားလို့ မရပါ။ တစ်ချိန် မှာတော့ စာမျက်နှာထက် ရောက်လာ တာပါပဲလေ။

ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)