မြန်မာနိုင်ငံတွင် "နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း" ဟု မကြွေးကြော်နိုင်ကြသေးသည့် ဘုန်းတော်ကြီးသင် အခြေခံပညာစာသင်ကျောင်းပေါင်း များစွာ ရှိနေပါသည်။
နေခြည်မှာ ရွှေရည်မလောင်းနိုင်ကြရုံသာမက နေခြည်ထိုးမှာပင် စိုးထင့်နေကြရပါသည်။ သက် ကယ်မိုးပင် မလုံသော စာသင်ခန်းငယ်များကြောင့် နွေအခါ နေပူထိုးမှာ၊ မိုးအခါ မိုးယိုမှာကို စိုးထိတ်စွာနှင့်ပင် ကျွန်တော်တို့၏ ကလေးငယ်များ၊ နိုင်ငံတော်၏ အနာဂတ်ပန်းလေးများစာသင်ကြားလျက် ရှိနေကြဆဲပင် ဖြစ်ပါသည်။
ရန်ကုန်တိုင်း အတွင်း ရောက်ဖူးခဲ့သမျှ၊ မြင်ဖူးခဲ့သမျှ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းများအနက် နေရာထိုင်ခင်း အချို့တဲ့ဆုံး၊ ကူညီလှူဒါန်းနိုင်မည့်ပုဂ္ဂိုလ်များ အရေးတကြီး အလိုအပ်ဆုံးဟု ဆိုရမည့် စာသင်ကျောင်းငယ်တစ်ခုကို ပြီးခဲ့သည့် အပတ်က ကျွန်တော်တို့ ရောက်ရှိသွားခဲ့ပါသည်။
ဘုန်းတော်ကြီးများ တည်ထောင်သည့်စာသင်ကျောင်းများပင် အခက်အခဲကြားက ရုန်းကန်နေရသည့် အနေအထားတွင် မယ်သီလရှင်ဆရာကြီးများ တည်ထောင်သည့် စာသင်ကျောင်းများသည် ပို၍ပို၍ပင် အခက်အခဲကြားမှ ရုန်းကန်၍ စာသင်ကြားပေးနေရရှာပါသည်။
ကျွန်တော်ရောက်ရှိသွားခဲ့သည့် ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ "ချမ်းသာအောင် ပရဟိတ" သီလရှင်သင် ပညာရေးကျောင်းကို တည်ထောင်သူ သီလရှင်ဆရာကြီးသည် အကျပ်အတည်း အမျိုးမျိုးကြားမှ ယိုင်နဲ့နဲ့ ရှင်သန်လာခဲ့သည့် စာသင်ကျောင်းလေး အကြောင်းကို မျက်ရည်တွေကြားမှ ပြောပြခဲ့ပါသည်။
ဆရာကြီးဒေါ်သုဝဏ္ဏဉာဏီမှာ သက်တော် (၅၀)ကျော်ခန့် ရှိနေပြီဖြစ်ပြီး မူလပထမတွင် စာသင်ကျောင်းတစ်ခု ဖွင့်ရန် ရည်ရွယ်ချက်မရှိဘဲ မဖြစ်မနေ ဖွင့်ရတော့မည့် အခြေအနေကြောင့် ဖွင့်ဖြစ်ခဲ့ကြောင်း ပြောပြနေခဲ့ပါသည်။
တောင်ပေါ်မှ ရောက်လာသော မိဘမဲ့ ရှမ်းလေးတွေ၊ ပလောင်လေးတွေအား မဖြစ်မနေ စာသင်ကြား ပေးရမည် ဖြစ်သောကြောင့် ရှိသမျှ ဇွဲ၊ အားမာန်လေးဖြင့် စာသင်ကျောင်းလေးကို ၂၀၀၂တွင် စတင် ဖွင့်လှစ် ခဲ့ရပါသည်။ ၂၀၀၃ခုနှစ်တွင် အနီးရှိရပ်ကွက်အတွင်းမှ ကျောင်းသားများကိုလည်း စတင်လက်ခံကာ ပညာသင်ကြားပေးခဲ့ပြန်ပါသည်။
ရန်ကုန်နှင့် နီးကပ်လှစွာသော ဒဂုံအရှေ့ပိုင်းမြို့နယ်အတွင်းတွင် ကျောင်းသက်တမ်း ဆယ်စုနှစ်တစ်ခုကို ချဉ်းကပ်လာပြီဖြစ်သည့် ဤစာသင်ကျောင်းငယ်သည် မည်သည့်အကူအညီမှ မရရှိဘဲ ယိုင်နဲ့နဲ့တဲငယ်လေးနှင့် စာသင်ကြားနေရဆဲ ရှိနေသည်မှာ အံ့သြစရာကောင်းလှပါသည်။
ကျွန်တော်တို့အားလည်း ထိတ်လန့်မိစေပါသည်။ ထိုနယ်မြေသည် တရားဝင်စာရင်းအရ သီလ ရှင်ကျောင်း (၁၃) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း (၂၇) ကျောင်း စုစုပေါင်းကျောင်းပေါင်း (၄၀) ရှိ၍ အစိုးရက သတ်မှတ်ပေးထားသော သာသနာ့နယ်မြေ ဖြစ်ပါသည်။
သို့သော် အဆောက်အဦး ကောင်းကောင်း ဘုန်းကြီးကျောင်းဆို၍ တစ်ကျောင်းမှ မတွေ့ခဲ့ရပါ။ ရှေ့တွင် ဘုန်းကြီးကျောင်း ဆိုင်းဘုတ် လေးတပ်ထား၍ နောက်တွင်တဲလေးတစ်လုံးသာရှိပြီး သံဃာတော်များ သီတင်းသုံးနေ၍သာ ကျွန်တော့်မှာ ဘုန်ကြီးကျောင်းဟု ယုံခဲ့ရခြင်းဖြစ်ပါသည်။
သဒ္ဓါတရားထက်သန်လှပါသည်ဆိုသည့် ကျွန်တော်တို့လူမျိုးများသည် ဤသာသနာ့နယ်မြေကို မေ့လျော့နေကြပါသလား။ ဘုန်တော်ကြီး ၃-၄ ကျောင်းလောက်သာ တွေ့ခဲ့ရမည်ဆိုပါက ကျွန်တော် အံ့သြမိမည်မဟုတ်ပါ။ ယခုတော့ သာသနာ့ နယ်မြေအတွင်း ကျောင်းပေါင်း (၄၀)သည် တဲငယ်လေးများဖြင့် ကျောင်းလုပ်နေရသော သာသနာ့ နယ်မြေတစ်ခုအား မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရ၍ဖြစ်ပေသည်။
အနေအထိုင်ချို့တဲ့လှရှာသော ဘုန်းဘုန်းတို့ကျောင်း
စာသင်ကျောင်းလေးသို့ သွားရာလမ်း
ဆရာကြီး၏စာသင်ကျောင်းသို့ သွားရာလမ်းမှာလည်း ရွှံ့ဗွက်များကြားထဲတွင် သဲအိတ်လေးများ ချထား၍သာ သွားနိုင်သော လမ်းသာသာလမ်းလေး ဖြစ်ပါသည်။ ကျွတ်များ၊ မျှော့များ ကြားမှဖြတ်၍ ကလေးငယ်လေးများ စာသင်ရန် ကျောင်းသို့ လာရပါသည်။ စာသင်ခန်းငယ်မှာလည်း အမိုးကမလုံ၊ အကာက ပေါက်နေရုံသာမက မိုးများလျှင် ရေတက်လာသည့် စာသင်ခန်း ငယ်ဖြစ်ပါသည်။
အလှူရှင်ခေါင်းပါးလွန်းလှသည့် စာသင်ကျောင်းငယ်သို့ ကျွန်တော်တို့ ရောက်ရှိသွားသည့်အခါ ဆရာကြီးမှာ ရှား ပါးဧည်သည်တို့ကို ၀မ်းသာအားရ ကြိုဆိုခဲ့ရှာပါသည်။ ဆရာကြီး ကျောင်း၏ မရှိမဖြစ်လိုအပ်နေသော အရာများမှာ ကလေးငယ်များ ၏ စား၊ ၀တ်၊ နေ၊ သင်ရေး လေးပါးလုံးပင် ဖြစ်ပါသည်။
တစ်နေ့တွင် ပညာတတ်ကြီးများဖြစ်ချင်ရှာသည့်သားငယ်၊ သမီးငယ်များမှာ ရွှံဗွက်များကြားက လမ်းအား ဖြတ်သန်း၍ အမိုးအကာမလုံသည့် စာသင်ကျောင်းငယ်တွင် ကြိုးစား၍ ပညာသင်ကြားလျှက်ပင် ရှိနေကြပါသည်။
နေခြည်မှာ ရွှေရည်လောင်းနိုင်မည့်နေ့ရက်များကော ရောက်လာနိုင်ပါ့မလားရယ်လို့ မျှော်တလင့်လင့်ဖြင့် စိုးထိတ်နေကြရဆဲပင် ရှိနေရှာပါတော့သည်......။
စာသင်ကျောင်းတည်နေရာပြမြေပုံ
"ချမ်းသာအောင်ပရဟိတ" သီလရှင်သင် ပညာရေးကျောင်း
တည်နေရာ ။ ။ "ချမ်းသာအောင်ပရဟိတ" သီလရှင်သင် ပညာရေးကျောင်း၊ (၁၅၅)ရပ်ကွက်၊ သာသနာ့နယ်မြေ။ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်း။
ကျောင်းသားဦးရေ ။ ။ (၇၀)ခန့်။
ဆရာအင်အား ။ ။ (၃)ယောက်။
ကျောင်းအမျိုးအစား ။ ။ သီလရှင်သင် မူလတန်းကျောင်း။
အရေးတကြီးလိုအပ်နေသည့်အကူအညီများ
ပထမဦးစားပေး - ကလေးငယ်များ၏ စား၊ ၀တ်၊ နေရေး ဖြည့်ဆည်း ပေးနိုင်ရန်။
ဒုတိယဦးစားပေး- ဆရာတော်ကျောင်းမှ စာသင်ကျောင်းသို့လာရာ ပေ(၆၀၀)ရှည် ရွှံ့ဗွက်လမ်းအား ခြောက်ခြောက်သွေ့သွေ့ လမ်းငယ်တစ်ခုဖြစ်လာစေရန်(လမ်းရှိဝါးတံတားငယ်တစ်ခုပြုပြင်ရန်အပါအ၀င်)။
တတိယဦးစားပေး - စာသင်ကျောင်းအဆောက်အဦးပြုပြင်ရန်။
စတုတ္ထဦးစားပေး - သာသနာ့နယ်မြေသို့ဝင်ရာ ပေ၂၅၀၀ ရှိလမ်းမအား ပြုပြင်ရန်။
ပဉ္စမဦးစားပေး - စာသင်ကျောင်းတစ်ခုအဖြစ် ပီပြင်လာစေနိုင်မည့် အကူအညီများ အားလုံး။
ကလေးငယ်များ၏ ကျန်းမားရေးဆိုင်ရာအခက်အခဲ
သောက်သုံးရေမှာ မိုးတွင်းတွင် မိုးရေရရှိ၍ အဆင်ပြေ သော်လည်း မိုးပြတ်လပ်ချိန်တွင် အ၀ီစိတွင်းရေမှာ ပြာနှမ်းနှမ်းဖြင့် သောက်သုံးရန် မသင့်တော်ပါ။
ကလေးငယ်များ ဖျားနာလျှင် ပြသရန်မှာ (၁၅၅)ရပ်ကွက်အ တွင်းရှိ အစိုးရက တစ်ပတ် ၂ ရက် လာဖွင့်ပေးထားသော ဆေးခန်း တစ်ခုသာရှိပါသည်။ ရပ်ကွက်တွင်းတွင် အမြဲတမ်းပုံမှန် ကျန်မာရေး သူနာပြု ဆရာမ မရှိပါ။ ဆေးခန်းမဖွင့်သည့်ရက်တွင် ကလေးငယ်များ ဖျားနာပါက ရှိသည့်ဆေးဝါးများဖြင့်သာ ကုသရပါသည်။ အနီးဆုံး ဆေးရုံမှာ လိုင်းကားဖြင့် တစ်နာရီကျော်သွားရသည့် (၇/၈)လမ်းဆုံရှိ ဒဂုံအရှေ့ပိုင်းဆေးရုံဖြစ်ပါသည်။
စားရေးသောက်ရေးအခက်အခဲ
သီလရှင်ဆရာကြီးများ ဆွမ်းခံရပ်၍ရလာသော ဆွမ်းဆန် လေးများကိုသာ အဓိက မှိခိုနေရပါသည်။ အဓိကအားဖြင့် ငါးပိနှင့် ပဲနီ လေး၊ ကုလားပဲခြမ်းများကိုသာ ဟင်းအဖြစ်စားသောက်ကြရပါသည်။
ပညာရေးအခက်အခဲ
မူလတန်းပြီးဆုံးခဲ့သည့်တိုင် အလယ်တန်းပညာ သင်ကြား နိုင်မည့်အရေးမှာ ခက်ခဲလွန်းလှပါသည်။
ရိုးယံနှိုင်း
(ဘဝမှာများစွာ မြတ်နိုးချစ်ခင်ရပါတဲ့ ဆရာမတစ်ဦး အတွက်နှင့် ကလေးငယ်များရဲ့ ပညာရေးကို လိုလားသူများအားလုံးအတွက် ဖေါ်ပြတင်ဆက်ပါတယ်။
ကြည်နူးမှုအားလုံးကို ပိုင်ဆိုင်ရရှိကြမှာပါ။)
No comments:
Post a Comment