Sunday, January 22, 2012

အမျိုးသားစာဟု အများက သတ်မှတ်လက်ခံကြသော
ကဗျာဆရာကြီး တင်မိုး
(ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အမှတ်တရ အထူးတင်ဆက်ပါသည်။)





အတ္တုပ္ပတိအကျဉ်း
တင်မိုး (၁၉၃၃-၂၀၀၇)

မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှ ထင်ရှားလာသော ကဗျာဆရာကြီး ဖြစ်သည်။

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲ ဇဂျမ်းရွာတွင် ၁၉၃၃-ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၌ အဖ စက်ချုပ် ဦးဘအို၊ အမိ ဒေါ်စံထယ်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဘဂျမ်း ဖြစ်သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။

ငယ်ဘဝ

ငယ်စဉ်က ဇဂျမ်းတိုင်းရင်းမြန်မာ အလယ်တန်းကျောင်းတွင် ပညာစ၍ သင်ကြားသည်။ ကန်မြဲ၊ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစာရကျောင်း၊ ပခုက္ကူ ဆရာဦးခင်မောင် ကြီး ကျူရှင်ကျောင်း၊ ရေစကြိုအစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ကန်မြဲရွာ လူငယ်စာကြည့်တိုက် တည်ထောင်သူနှင့် အတွင်းရေးမှူး လုပ်ခဲ့သည်။ ရေစကြိုကျောင်းသား သမဂ္ဂ ဉာဏဗလမှူး၊ ရေစကြိုကလောင်ရှင်အသင်း တည်ထောင်သူနှင့် အတွင်းရေးမှူး။ ကန်မြဲစာကြည့်တိုက်တွင် အရုဏ်ဦး ၅ ရက် တစ်ကြိမ်ထုတ် လက်ရေး သတင်းစာကို ထုတ်ခဲ့ပြီး ရေစကြိုအစိုးရ အ-ထ-ကတွင် ဒေါင်းနီ နံရံကပ်လက်ရေးစာစောင်ကို ထုတ်ဝေခဲ့သည်။

၁၉၅၀ - မန္တလေး(သီတင်းကျွတ်အထူးထုတ်) ဗဟိုရ်စည် သတင်းစာတွင် ၀ါကျွတ်သဘင် ကဗျာကို ကန်မြဲသက်နှင်း အမည်ဖြင့် စရေးသားခဲ့သည်။

၁၉၅၁ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော် မဂ္ဂဇင်းတွင် ကန်မြဲနန်းမြင့်နွယ် ကလောင် အမည်ဖြင့် လယ်ထဲက တေးသံချို စသောကဗျာများ ရေးခဲ့သည်။

၁၉၅၅ - လူထုဂျာနယ်တွင် ကိုရင်ဂျမ်းအမည်စသုံး၍ စန်းရောင် အမည်ဖြင့်လည်း ကဗျာများရေးခဲ့သည်။

၁၉၅၈ ကစပြီး တင်မိုး ကလောင်နာမည်ကို သုံးခဲ့သည်။

၁၉၅၇ - ၁၀တန်း စာမေးပွဲကို မြန်မာစာဂုဏ်ထူးဖြင့်အောင်ခဲ့သည်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ပညာသင်ဖို့ မရေမရာဖြစ်နေချိန်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ၏ ညွှန်ကြားချက်အရ မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခက (မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှာ) လာရောက်သင်ကြားဖို့ အကြောင်းကြားခေါ်ယူခဲ့သည်။ ထို့ကြောင့် မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာ သင်ကြားခဲ့သည်။

၁၉၅၇ မှာ မန္တလေးတက္ကသိုလ်မှာ စပြီး ပညာသင်ပါတယ်။ ၁၉၆၅ မှာ မန္တလေးတက္ကသိုလ်က ၀ိဇ္ဖာဘွဲ့ရပါတယ်။

၁၉၅၇ - ၆၇ - အထက်တန်းပြဆရာအဖြစ် အမှုထမ်း။ (၁၉၅၇-၅၈ မန္တလေးပွဲကုန်းကျောင်း။ ၅၈-၅၉ မန္တလေး ဆေးတက္ကသိုလ်ကျောင်း၊ ၅၉-၆၀ မြင်းခြံ အောင်တက္ကသိုလ်ကျောင်း၊ ၆၀-၆၁ ရန်ကုန်ဗွီအီးအေ အလွတ်ပညာသင် ကျောင်း၊ ၆၂-၆၇ မန္တလေး နေ ပြည်တော် အထက်တန်းကျောင်း၊ အမှတ်(၁၇) အထက တို့ ၌ အထက်တန်းဆရာ အဖြစ် အမှုထမ်းခဲ့ပြီး မြန်မာစာသင်ကြားပို့ချခဲ့)သည်။

၁၉၅၇ - ၅၉ - မန္တလေးတက္ကသိုလ် ကလောင်အသင်း ဒု-ဥက္ကဌ ဖြစ်သည်။

၁၉၅၈ - ဖေဖေါ်ဝါရီ သွေးသောက်မဂ္ဂဇင်းတွင် အခိုးခံရသော ကာရံကလေးများ ကဗျာမှအစပြု၍ တင်မိုး အမည်ယူခဲ့သည်။

၁၉၅၉ - မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်းက ပထမဆုံးထုတ် ဖလ်မီးအိမ် ကဗျာများစာအုပ် ထွက်။ ပထမဆုံး လုံးချင်းကဗျာစာအုပ်ဖြစ်(ထိုနှစ် အတွက် စာဗေဗိမာန်ဆုရ) သည်။

၁၉၆၀ - ၆၁ - မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းဥက္ကဌ ဖြစ်သည်။

၁၉၆၃-၆၇ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်။ ၁၉၆၅ ဖန်မီးအိမ်စာအုပ်တိုက်၊ ၁၉၆၆-၆၇ မှာ လူထုသတင်းစာ ကဗျာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၇-၈၇ ရန်ကုန်တက္ကသိုလ်မှာ ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေး ဌာန စာပြုနဲ့ လက်ထောက် အယ်ဒီတာအဖြစ် အမှုထမ်းခဲ့ပြီး ၁၉၆၇-၈၄ အခြေခံပညာ သင်ရိုးညွှန်းတမ်း မြန်မာစာသင်ရိုးအဖွဲ့ဝင်အဖြစ် ကျောင်းသုံးမြန်မာဖတ်စာ စာမူရွေးခြယ်ခြင်း ရေးသားခြင်းပြုလုပ်ခဲ့သည်။

၁၉၆၃ - လှေတစင်းနှင့်သီချင်းသည် ကဗျာစာအုပ်ထွက်ရှိသည်။

၁၉၆၃ - မတ်လ (၁၄)ရက်နေ့တွင် ဆရာမဒေါ်မြင့်မြင့်စန်းနှင့် လက်ထပ်သည်။

၁၉၆၃ - ၆၇ ထိ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းအမှုဆောင် ဖြစ်သည်။

၁၉၆၄ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲတွင် မြန်မာကဗျာနှင့်အလားအလာ စာတမ်း တင်သွင်းဖတ်ကြားသည်။

၁၉၆၅ - အမေ့ကျောင်း ကဗျာစာအုပ်ထွက်ရှိသည်။

၁၉၆၆ - ၆၇ - လူထုသတင်းစာ ကဗျာအယ်ဒီတာ လုပ်ခဲ့သည်။

၁၉၆၆ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲ တွင် ယနေ့ဗမာစာပေ စာတမ်းကို မောင်စွမ်း ရည်နှင့် တွဲဖက်တင်ခဲ့သည်။

၁၉၆၇ - ပန်းဈေးခင်း ကဗျာစာအုပ်ထွက် ပိတောက်မှသရဖီ သို့ထွက်။ မိုးဦးပန်းအစမ်းစား စာအုပ်တွင် ပါဝင် ရေးသားခဲ့သည်။

၁၉၆၇ - ၆၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတွင် စာပြု လက်ထောက်အယ်ဒီတာ ဖြစ်သည်။

၁၉၆၉ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်း ဖတ်ပွဲတွင် ကဗျာလမ်း စာတမ်းဖတ်ကြား။

၁၉၆၉ - စိမ်းလန်းသောအိပ်မက် ကဗျာစာအုပ်ထွက်သည်။

၁၉၇၀ - ထီးကလေးနဲ့မနီ ကလေးကဗျာစာအုပ်ထွက် (ထိုနှစ်အတွက် အမျိုးသားစာပေဆုရ)သည်။

၁၉၇၁ - ပျိုးခင်းတေးသံ ကလေးကဗျာစာအုပ်ထွက်သည်။

၁၉၇၂ - ခုနှစ်စဉ်ကြယ် (စာပေယဉ်ကျေးမှုဆောင်းပါးစု) စာအုပ်ထွက်သည်။

၁၉၇၃ - နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း ကဗျာစာအုပ်ထွက်သည်။

၁၉၇၇ - ပုဂံကျောင်းက ခေါင်းလောင်းသံ ကဗျာစာအုပ်ထွက်သည်။

၁၉၈၈ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတ်သိပညာရှင်များ အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၈၉ - အမေ့သား စကားတိုးတိုးပြောလှည့်ပါ ကဗျာ။ ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းသို့ ကဗျာများ ရေးခဲ့သည်။

၁၉၉၁ - နဒီငါးသွယ် စာအုပ် (ကြည်အောင်၊ ကိုလေး (အင်းဝ ဂုဏ်ရည်) မောင်ခိုင်မာ၊ ခင်ဝင်းသစ် တို့နှင့် ပူးတွဲရေး) ထွက်ရှိသည်။

၁၉၉၁ - ၉၅ - ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာချုပ်ဘ၀တွင် ထိန်းသိမ်းခံရသည်။

၁၉၉၇ - ကံကော်ရိပ်မှအိပ်မက်များ ကဗျာစာအုပ်ထွက်။ မပန်းဖြူရဲ့အမေ့ကျောင်း ကဗျာတိတ်ခွေထွက်သည်။

၁၉၉၈ - စက်တင်ဘာလတွင် ကန္တာရနှစ်များ ကဗျာစာအုပ် ထွက်ရှိသည်။

၁၉၉၉ - သြဂုတ် ၁၁ တွင် သမီးမိုးမိုးနှင်း နေထိုင်ရာ ဘယ်လ်ဂျီယံနိုင်ငံသို့ သွားရောက်နေထိုင်သည်။

၁၉၉၉ မှာ ပြည်ပကို ထွက်ခွါခဲ့ပြီး ကဗျာပေါင်းချုပ်အပါအ၀င် ကဗျာစာအုပ် ၅ အုပ်ရေးသားထုတ်ဝေခဲ့ပါသည်။

၁၉၉၉ ကနေ ၂၀၀၇ ခုနှစ် အထိ ပြည်ပအခြေစိုက် BBC, RFA, VOA မြန်မာရေဒီယိုတွေနဲ့ စာနယ်ဇင်း အင်တာနက်စာမျက်နှာတွေမှာ စာကဗျာရေးသားခြင်း များပြုလုပ်ခဲ့သည်။

၂၀၀၀ - ပြည့်နှစ် ဗုဒ္ဓနှင့်တွေ့ဆုံခြင်း ကဗျာစာအုပ်ထွက်သည်။

၂၀၀၂ မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က Hellman-Hammett Grant ဆု၊ ၂၀၀၄ အောက်တိုဘာမှာ နယ်သာလန်နိုင်ငံက Prince Claus Award စာပေဆုတို့ကို ချီးမြင့်ခံရသည်။

၂၀၀၄ - (၁၉၉၉-၂၀၀၄) တင်မိုးကဗျာပေါင်းချုပ်ထွက်။ တင်မိုးနှင့် ၁၂-လရာသီခံစားမှု အသံစီဒီထွက်။ နယ်သာလံမှ စာပေယဉ်ကျေးမှု အထိမ်းအမှတ်ဆု(Prince Laus Award) ချီးမြင့်ခံရ။ မိုးမခရေဒီယိုနှင့် မီဒီယာတွင် အမှုဆောင်လူကြီးဖြစ်သည်။

၂၀၀၅ - အညာလမ်းမှတမာလမ်း ကဗျာစာအုပ် ထွက်ရှိခဲ့သည်။


ဘ၀နိဂုံး

၂၀၀၇ - ဇန္န၀ါရီ ၂၂ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိမြို့ နေအိမ်အနီး လက်ဖက်ရည်ဆိုင်မှာ ရုတ်တရက်လဲကျ ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် သားသမီး (၄)ဦး ကျန်ရှိခဲ့သည်။ (၁) မမိုးမိုးစံ (၂) မမိုးမိုးအေး (၃) မမိုးမိုးနှင်း (၄) မမိုးချိုသင်း (၅) မောင်ဥာဏ်မိုးစန်း (၁၉၉၉-တွင်ကွယ်လွန်)။

စကားပြေစာအုပ်များ

ကိုရင်ဂျမ်း အစမ်းစာ
ပိတောက်မှသရဖီသို့
ခုနှစ်စဉ်ကြယ်
ကံကော်မြိုင်စာတမ်း (စုပေါင်း)
မိုးဦးပန်းအစမ်းစာ (စုပေါင်း)
စပယ်ကုံးစာစီစာကုံး (ကက်နက်ဘစိန်-အင်္ဂလိပ်ပြန်)
ပန်းလက်ဆောင်

ကဗျာစာအုပ်များ

ဖန်မီးအိမ်
လှေတစင်းနှင့် သီချင်းသည်
ပန်းဈေးခင်း
စိမ်းလန်းသော အိပ်မက်
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း
ပုဂံကျောင်းကခေါင်းလောင်းသံ
ကံ့ကော်ရိပ်မှ အိပ်မက်များ
ကန္တာရနှစ်များ
နဒီငါးသွယ် (စုပေါင်း)
ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
အညာလမ်းမှ တမာလမ်း
တင်မိုးကဗျာပေါင်းချုပ် (၉၉-၂၀၀၄)

ကလေးကဗျာစာအုပ်

ထီးကလေးနဲ့ မနီ
ပျိုးခင်းတေးသံ
ပူစီ
အမေ့ကျောင်း
ကလေးကဗျာပန်းဥယျာဉ် (၁၉၉၈)

No comments:

Post a Comment