မောင်ထင်
အတ္တုပ္ပတိ
1 မောင်ထင် (၁၉ဝ၉ - ၂ဝဝ၆)
2 ကိုယ်ရေးဖြစ်စဉ်
2.1 စာပေရေးသားပြုစုခြင်း
2.2 ဘ၀နိဂုံး
3 မောင်ထင် ရေးသား ပြုစုခဲ့သော စာအုပ်များ
3.1 ပင်ကိုရေး လုံးချင်း စာအုပ်များ
3.2 ဘာသာပြန်လုံးချင်းစာအုပ်များ
4 ရည်ညွှန်း ။ ။
မောင်ထင် (၁၉ဝ၉ - ၂ဝဝ၆)
အမည်ရင်း - ဦးထင်ဖတ်
မိဘအမည် - ဦးတရောင် + ဒေါ်စိန်ပွင့်
မွေးသက္ဗရာဇ် - ၁၂၊ ၃၊ ၁၉ဝ၉
မွေးဖွားရာဒေသ - မြောင်းမြခရိုင်၊ လပွတ္တာမြို့
ကလောင်အမည်ခွဲများ - မောင်ထင်၊ ဦးထင်ဖတ်၊ ငဘ၊ ဖိုးတေ၊ Htin Fatt, Maung Htin L.H.F.H.F
ကိုယ်ရေးဖြစ်စဉ်
လပွတ္တာမြို့ ဆရာ ဦးခန္ဈီး၏ မြန်မာ စာသင်ကျောင်းနှင့် ဆရာ ဦးဖိုးထွန်း၏ မြန်မာစာသင် ကျောင်းတို့တွင် စာသင်၍ ၁၉၂ဝ ပြည့်နှစ်တွင် မြောင်းမြမြို့ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ အစိုးရ အလယ်တန်း ကျောင်းတွင် ဆက်လက် စာသင်သည်။ ထိုနှစ်တွင် ကျောင်းသား သပိတ်ဟု ခေါ်သော အမျိုးသားရေး လှုပ်ရှားမှု ပေါ်ပေါက်၍ မြောင်းမြမြို့ တိုင်းရင်းသား အထက်တန်း ကျောင်းကို တည်ထောင်သော အခါ ထိုကျောင်း၌ အလယ်တန်း ပညာကို သင်ယူသည်။
(၁၉၂၃ - ၂၆) ခုနှစ်တွင် ရန်ကုန်မြို့ မြို့မ အထက်တန်း ကျောင်း၌ ဆက်လက် ပညာ သင်ယူရာ ဟိုက်စကူး ဖိုင်နယ် ခေါ် ဆယ်တန်း စာမေးပွဲ အောင်သည်။
ရန်ကုန် တက္ကသိုလ်တွင် ပညာ သင်ယူရာ ဆေး တက္ကသိုလ်သို့ တက်ရောက်ရန် သိပ္ပံ ဘာသာရပ်ကို သင်ယူ ခဲ့သော်လည်း ဆေးတက္ကသိုလ်သို့ ဝင်ခွင့် မရ၍ ဘာသာရပ် ပြောင်းလဲ ခဲ့သည်။ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေ၊ အရှေ့တိုင်း သမိုင်း သုံးဘာသာဖြင့် ဝိဇ္ဇာဘွဲ့ အတွက် ဆက်လက် ပညာသင်ရာ ၁၉၃၃ ခုနှစ်တွင် ဘီအေ (ဝိဇ္ဇာဘွဲ့) ကို ရရှိသည်။
စာပေရေးသားပြုစုခြင်း
၁၉၃၃ မှစ၍ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် စာအမျိုးမျိုး ရေးသား ပြုစုခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် မြောင်းမြမြို့ တိုင်းရင်းသား အထက်တန်း ကျောင်း၌ အထက်တန်းပြ ဆရာ အဖြစ် ဆောင်ရွက်သည်။
၁၉၃၆ မှ ၁၉၄၂ ခုနှစ် အထိ ဧရာဝတီတိုင်းနှင့် ရခိုင်တိုင်း တို့တွင် မြို့ပိုင် အဖြစ်ဖြင့် ဆောင်ရွက် ခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ် ဖြစ်သော အခါ လပွတ္တာ မြို့သို့ ပြန်လည် ရောက်ရှိသည်။ ၁၉၃၇ ဇန်နဝါရီလတွင် ဒေါ်သောင်းသောင်းနှင့် အိမ်ထောင် ပြုသည်။ ၁၉၄၂ - ၄၃ ခုနှစ် အတွင်းတွင် လပွတ္တာမြို့ ငြိမ်ဝပ် ပိပြားမှု ထိမ်းသိမ်းရေး ကော်မတီ (Peace Reservation Committee) ကို ဖွဲ့စည်းသော အခါ ထိုကော်မတီ၏ လက်အောက်တွင် မြို့နယ် အရာရှိ အဖြစ်ဖြင့် အမှုထမ်းရင်း ဗမာ့ လွတ်လပ်ရေး တပ်မတော် (B.I.A) အတွက် စစ်သား စုဆောင်းရေး လုပ်ငန်းကို ဆောင်ရွက် ခဲ့သည်။
၁၉၄၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ ဆိုင်ရာက ခေါ်ယူ ခဲ့သဖြင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန လက်ထောက် အတွင်းဝန်၊ သတင်းနှင့် ဝါဒ ဖြန့်ချိရေး ဌာန ဒုတိယ အတွင်းဝန် အဖြစ် ၁၉၄၅ ခုနှစ် အထိ ထမ်းရွက် ခဲ့သည်။ ၁၉၄၆ - ၄၇ ခုနှစ်တွင် အသံလွှင့် ဌာနသို့ ရောက်ရှိ လာပြီး အသံလွှင့် ဌာန ညွှန်ကြားရေးဝန် အဖြစ်ဖြင့် ဆောင်ရွက် ရသည်။ ၁၉၄၇ ခုနှစ်တွင် ငဘ ဝတ္ထုကို ထုတ်ဝေ ခဲ့သည်။ ထိုဝတ္ထုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် ဘာသာများဖြင့် ပြန်ဆို ထုတ်ဝေခြင်း ခံရသည်။
၁၉၄၈ - ၄၉ ခုနှစ်တွင် ပြန်ကြားရေး ဌာန ညွှန်ကြားရေးဝန် အဖြစ် ဆောင်ရွက် နေစဉ် ရခိုင်တိုင်း ပြည်လည် ထူထောင်ရေး မင်းကြီး အဖြစ် ဆောင်ရွက် ရသည်။ ထိုနှစ်တွင် ပြန်ကြားရေး ဝန်ကြီး ဌာနသို့ ပြန်လည် ခန့်အပ် ခံရပြီး နောင်ရာထူးမှ နုတ်ထွတ်၍ ၁၉၅ဝ - ၅၅ ခုနှစ် အတွင်း ရန်ကုန် သတင်းစာ အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။
အလွတ် သတင်းစာ ဆရာ တစ်ဦး အနေဖြင့် ၁၉၅၄ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ လန်ဒန်တိုင်း သတင်းထောက် အဖြစ် ဆောင်ရွက်သည်။ ၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ကိုယ်စားပြု၍ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ပီကင်း မြို့တော်သို့ အနှစ် နှစ်ဆယ်မြောက် လူရွှန်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။
၁၉၆၁ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ကျင်းပသော စာအုပ်ထုတ်ဝေရေး လုပ်ငန်းဆိုင်ရာ နှီးနှော ဖလှယ်ပွဲ အစည်းအဝေးသို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အဖြစ် တက်ရောက်သည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာ နိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ၊ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း ဥက္ကဋ္ဌ အဖြစ်ဖြင့် ဆောင်ရွက် ခဲ့သည်။
၁၉၇၇ ခုနှစ်မှ အစ ပြု၍ မဂ္ဂဇင်း အသီးသီး တို့တွင် ဝတ္ထု၊ ဆောင်းပါးများကို ရေးရင်းနှင့် ပိဋကတ် ဘာသာပြန် လုပ်ငန်းကို ကူညီ ဆောင်ရွက် ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ မြန်မာစာ အဖွဲ့၌ ခန့်အပ်ခြင်း ခံရသည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ သမိုင်းဖြစ်ရပ်မှန်များ ပြုစုရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဆက်လက် ဆောင်ရွက် ခဲ့သည်။
၁၉၈၁ ခုနှစ် အတွက် အမျိုးသား စာပေဆု (ဘာသာပြန်) ကို 'ဂါလီဗာ၏ ခရီးစဉ်' ဖြင့် ရရှိခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ဒုတိယ အကြိမ် မြတ်မိခင် စာပေ ဆိုင်ရာ ဂုဏ်ထူးဆောင် ဆုများထဲမှ မိဘ မေတ္တာ စာပေ ဂုဏ်ရည်ဆုကို ဦးအုန်းဖေ (တက်တိုး)၊ ဦးဘုန်းကျော် (နတ်မောက် ဘုန်းကျော်)တို့နှင့် အတူ ချီးမြှင့် ခံရသည်။
၂ဝဝ၃ ခုနှစ် အတွက် အမျိုးသား စာပေ တသက်တာ စာပေဆု (ဝိဇ္ဇာ ဘာသာရပ်) ကို ရရှိ ခဲ့သည်။
ဘ၀နိဂုံး
၂ဝဝ၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက် နံနက် ၈း၁ဝ နာရီတွင် အင်းစိန်မြို့နယ် မြို့သစ် (က) ရပ်ကွက်၊ ၄ လမ်း၊ အမှတ် ၂၄၈ နေအိမ်၌ ကွယ်လွန်သည်။

မောင်ထင် ရေးသား ပြုစုခဲ့သော စာအုပ်များ
ပင်ကိုရေး လုံးချင်း စာအုပ်များ
ကိုဒေါင်း ဝတ္ထုတိုများ - ၁၉၃၇ ခုနှစ်
ဘာအရေးကြီးဆုံးလဲနှင့် အာဇာနည်မခင် ပြဇာတ် - ၁၉၄၄ ခုနှစ်
ကမ္ဘာ့ စာပေ အညွှန်း (တရုတ်နှင့် ဂျပန် စာပေ သမိုင်း) - ၁၉၇၆ ခုနှစ်
ကမ္ဘာ့ စာပေ အညွှန်း (ဟေဗရူး၊ ဂရိနှင့် ရောမ စာပေ သမိုင်း) - ၁၉၇၇ ခုနှစ်
ကမ္ဘာ့ စာပေ အညွှန်း (အိန္ဒိယ၊ အီရန်၊ အာရပ် စာပေ သမိုင်း) - ၁၉၇၄ ခုနှစ်
ငဘ - ၁၉၄၈ ခုနှစ်
ဗမာ့ နိုင်ငံရေး သုခမိန် - ၁၉၆၅ ခုနှစ်
မောင်ထင်၏ ဝတ္ထုတိုများ - ၁၉၆၈ ခုနှစ်
မျိုးဖျက်ရန်သူ - ၁၉၆ဝ ခုနှစ်
မြို့အုပ်ပုံပြင် - ၁၉၇၆ ခုနှစ်
မြင်ဝါတောင် - ၁၉၇၇ ခုနှစ်
မြန်မာ့ လယ်ယာမြေ စနစ် - ၁၉၆၆ ခုနှစ်
လောကအမြင် - ၁၉၆၇ ခုနှစ်
ယောမင်းကြီး ဦးဘိုးလှိုင် (အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း) - ၁၉၆ဝ ပြည့်နှစ်
ကမ္ဘာ့ စာပေ အညွှန်း (အင်္ဂလိပ်)၊ စာပေ ဗိမာန် ပြည့်သူ လက်စွဲ စာစဉ် (ပ၊ ဒု နှစ်တွဲ) - ၁၉၈၁ ခုနှစ်
ကမ္ဘာ့ စာပေ အညွှန်း (ပြင်သစ် စာပေ သမိုင်း)၊ စာပေ ဗိမာန် ပြည့်သူ လက်စွဲ စာစဉ် - ၁၉၈၆ ခုနှစ်
ကမ္ဘာ့ စာပေ အညွှန်း (အမေရိကန် စာပေ သမိုင်း)၊ စာပေ ဗိမာန် ပြည့်သူ လက်စွဲ စာစဉ် - ၁၉၈၇ ခုနှစ်
မောင်ထင်၏ ဝတ္ထုတို ပေါင်းချုပ် - သြဂုတ်လ၊ ၁၉၉၉ ခုနှစ်
ဂန္ဈဝင်သံခိပ် - ၂ဝဝဝ ခုနှစ်
မြို့အုပ်မင်းဆို ဘုံရုံကဗျာများ - ၂ဝဝ၁ ခုနှစ်
အတွေးပဒေသာ - ဒီဇင်ဘာလ၊ ၂ဝဝ၂ ခုနှစ်
စာပေရေးရာ ဆောင်းပါးများ - ဒီဇင်ဘာလ၊ ၂ဝဝ၄ ခုနှစ်
စာအုပ်နှင့် စာ - ဇွန်လ၊ ၂ဝဝ၆ ခုနှစ်
ဘာသာပြန်လုံးချင်းစာအုပ်များ
ကမ္ဘာ့ ဝတ္ထုတိုများ - ၁၉၇၂ ခုနှစ်
ဂါလီဗာ၏ ခရီးစဉ် - ၁၉၈၁ ခုနှစ်
မုန်တိုင်းထဲက နဖူးစာ - ၁၉၆၅ ခုနှစ်
မိုပါဆွန်း ဝတ္ထုတိုများ - ၁၉၆၆ ခုနှစ်
အနာဂတ်ကျမ်းနှင့် အခြားဝတ္ထုတိုများ - ၁၉၇၇ ခုနှစ်
အံ့ဖွယ်ပုံပြင် ဂျပန်ဒဏ္ဍာရီများ - ၁၉၇၄ ခုနှစ်
ရည်ညွှန်း
(သူထက်ကဲသော ရန်လိုကျွဲ မဟာ ပညာကျော်ကြီး (ဝါ) လေပေါက်ဆိုးသော ပညာကျော်ကြီး၊ အန္တေဝါသိက တပည့်ကလေး တင်မောင် (ဆရာ ကြေးမုံ ဦးသောင်း)
'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း'၊ ပညာရွှေတောင် စာအုပ်တိုက်၊ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့။
'စာအုပ်နှင့် စာ'၊ မောင်ထင်၊ မြစ်ကွေ့ စာအုပ်တိုက်၊ ဇွန်လ ၂ဝဝ၆ ခုနှစ်၊ ပထမ အကြိမ်။
Forever Space ကွန်ရက် စာမျက်နှာများမှ ဆရာ မောင်ထင် အကြောင်း စုစည်း တင်ပြချက်။)

No comments:
Post a Comment