နတ်ကယ်ပေါက်

မဲပင်သူမကြေးခွံနတ် ဖြစ်လို့ . . . နတ်ဖြစ်လို့ဆိုတဲ့ စကားကို ကျွန်မမိဘ များဆီက စကား ရောက်တိုင်းကြားနေကျပါ။ ကျွန်မတို့က မကြေးခွံဆိုတဲ့ မိန်းမတစ်ယောက် လူစင်စစ်က နတ်သမီးဖြစ်သွားတာပဲလို့ ငယ်ငယ်က ထင်ခဲ့ကြတယ်။ သိပ်ပြီးတော့လည်း ထူးထူးဆန်းဆန်း မဟုတ်သလိုလို ခံစားမှုနဲ့ နေခဲ့ကြရာက တစ်ရက် အမေတို့ ကြီးတော်တို့ စကားဝိုင်းမှာ ပြောနေကြတာ ကြားရတော့မှ နတ်စိမ်းဖြစ်မှန်း သိရတာပါ။ ကျွန်မတို့ ငယ်ငယ်ရယ်၊ ပြီးတော့ ရွာကနေ မြင်းခြံကို ပြောင်းပြီး ကျောင်းတက်ကြရတာ ဆိုတော့ အရွယ်အားဖြင့် ခြောက်တန်း ခုနှစ်တန်း သိတတ်ကာစ အရွယ်။ အမေတို့ ပြောပြော နေကြတာ ကြားရတာတင် ကြောက်စရာ။
ကျွန်မတို့ မြင်းခြံအိမ်ကို ရွာက အမျိုးတွေ တစ်အုပ်မဟုတ် တစ်အုပ် ရောက်နေကျ၊ တည်းနေကျဆိုတော့ ရွာ့သတင်းရွာ့ ပုလင်းက မပြတ်ကြားနေရတာပါ။ တောသူတောင်သားတွေ ဆိုတော့ တစ်ခြား စကားလည်း ဝေေ၀ဆာဆာ ပြောတတ်ကြတာ မဟုတ်တော့ ရွာမှာ ဖြစ်သမျှ ပျက်သမျှ ထူးထူးဆန်းဆန်းတွေပဲ ပြောကြတာ များတယ်။ ရွာမှာ ဓားပြတိုက်တာတို့၊ နွားခိုးတာတို့၊ ဘယ်သူ့ကိုတော့ ရွာမြောက်ဖက် လက်ပံပင် အောက်က သရဲခြောက်လိုက်လို့တို့၊ ဘယ်သူတော့ ဘယ်သူနဲ့ လင့်နောက် လိုက်ပြေးတာတို့၊ ပဲဈေးနှမ်းဈေး မမာလို့ သာပေါ်တို့ သည်နှစ်မလှူနိုင်ဘူးတို့၊ ဘယ်သူတော့ဖြင့် မမာလို့ ဘယ်သူတော့ဖြင့် သေလို့ စသဖြင့် ဒါတွေချည်း ပြောကြတာပါ။
သည်အထဲမှာ နတ်ကတော် မကြေးခွံ နတ်ဖြစ်တာက အမြဲတမ်း ပါနေကျ။ မဲပင်က ကျွန်မတို့ မိဘများ ရွာနဲ့ နည်းနည်း လှမ်းတဲ့ အညာ ခေါင်ခေါင်ရွာပါ။ ကျွန်မတောင် မှတ်မှတ်ရရ အမေကြီး(အမေ့ အမေ)နဲ့ သုံးလေးနှစ် သမီးက တစ်ခေါက်လား ရောက်ဖူးတယ် ပြောပါတော့။ မဲပင် ရွာနဲ့ ကပ်လျက် အနားမှာ သဲကျင်းဆိုတဲ့ ရွာရှိတော့ ရွာတွေက မဲပင် သဲကျင်း ခေါ်ကြတယ်။ အမှန်တော့ တစ်ရွာစီပါ။ ကျွန်မ သာထန်အေ . . .အဲသည် ဘိုးသာထန်နဲ့ မကြေးခွံ အမေနဲ့ မောင်နှမ၀မ်းကွဲ . . . ဆိုတော့ အဆက်က ဝေးသယ် . . .ဒါပေသိ မကြေးခွံ မသေခင်က အမေ့ အမျိုးရယ်လို့ အ၀င်အထွက် သိပ်ရှိရှာသာတဲ့ . . . ပြောသာပြောရသာတို့တောင် မကြေးခွံကို သီသီ မမီလိုက်ပါဘူး . . .တစ်ဆင့်စကား ကြားရသာပဲ”
“မကြေးခွံနတ်ဖြစ်သာ ကြာပြီပေါ့”
“မကြေးခွံက အသက်ရှစ်ဆယ်ကျော်မှ ဂရုန်းဂရင်း နတ်ထ ဖြစ်သာပါအေ . . .ကြာပါပြီ . . .ရှိရောပေါ့ အနှစ်ရှစ်ဆယ် ကိုးဆယ်တော့”
နှစ်ပေါင်းကိုးဆယ် တစ်ရာက မဲပင်သူ မကြေးခွံဆိုတဲ့ ကျွန်မတို့နဲ့ ဘေးမကြီး ဘင်မကြီးတော်သူ အမေကြီး တစ်ယောက် အကြောင်းကို မနေ့ တစ်နေ့ကပဲ သေသလိုလို ပြောနေကြတာကို ကျွန်မ နားမလည်နိုင်ဘူး။ ဒါပေမယ့် အမေကြီး ကြေးခွံနတ် ဖြစ်နေပြီ ဆိုတာတို့၊၊ နတ်ကွန်းတစ် ဆောင်ဆောက်ပြီး နန်းနဲ့ ကွန်းနဲ့ အပူဇော် ခံနေပြီဆိုတာတို့၊၊ ဆွေထဲမျိုးထဲက အမှုကိစ္စ ပေါ်ရင် မဲပင်နတ်ကွန်း ပြေးကြပြီး နတ် အကူတောင်းတာတို့တော့ ကျွန်မတို့ ခေတ်အထိ ကြားနေရတာပါ။
အတွင်းသုံးဆယ့် ခုနစ်မင်း၊ အပြင် သုံးဆယ့် ခုနစ်မင်း၊ ၀င်းသုံးဆယ့် ခုနစ်မင်း စာရင်းထဲ ယောင်လို့တောင် မသီနိုင်ပေမယ့် ကိုယ့်နတ် ကိုယ့်ဒေသထဲမှာတော့ အမေ ကြေးခွံနတ်ရယ်လို့ သူ့ဂုဏ်နဲ့ သူ့ဒြပ်နဲ့၊၊ သူ့ဟိတ်နဲ့၊ သူ့ဟန်နဲ့ နတ်စာရင်း ပေါက်တာ တော့လည်း ရှိတယ်။
ထားပါတော့။ အမေကြေးခွံနတ် သမိုင်းက တစ်ကိစ္စ။ အမေကြေးခွံ အကြောင်း ကျွန်မတို့ကလည်း သည်လောက်ပဲ သိကြရတာပါ။ အမေတို့ကြီး တော်တို့တောင် ဒီးတိုက်အောင် သိကြတာ မဟုတ်ဘူးရယ်။
(၂)
အမေ ကြေးခွံနတ်ကို မိသားစုတစ်ပိုင် တစ်နိုင်နတ်၊ ကိုယ့်ခြံ ကိုယ့်ဝိုင်းထဲ နတ်ကွန်း ဆောက်ပြီးသားတွေ သမီးတွေ ဆွေ ဆွေမျိုးမျိုးတွေလောက်ကပဲ ပသကြတဲ့ နတ်အဖြစ် သဘောထားကြရာက သည်ဘက် အနှစ်နှစ်ဆယ် အစိတ်လောက် ရောက်တော့ နတ်သတင်း ကြီးလာခဲ့သတဲ့။ တစ်ခါတလေ ကျွန်မတို့နေတဲ့ မန္တလေးကို ရှားရှားပါးပါး ရောက်လာတတ်တဲ့ အမေ ကြေးခွံရဲ့ အဆက်အနွယ် အချို့ထဲက ပြော ကြတာပါ။ ကျွန်မတို့ကလည်း ခပ်ပေါ့ပေါ့ ပါပဲ။ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တွေ ကိုသာ ပူဇော်သက္ကာယ ရှိကြပေမယ့် ပဋိသန္ဓေ နိမ့်တဲ့ အောက်နတ် ဆိုတာတွေကို စိတ်မ၀င်စားတာလည်း ပါပါတယ်။ သည် ကားထဲက အမေကြေးခွံလို နတ်မျိုးတော့ ဟုတ်လောက်တယ် မထင်တာလည်း ပါတာပေါ့လေ။ ဒါပေမယ့် ဘယ်ဟုတ်လိမ့်မလဲ။ သည်ဘက်ခေတ် ရောက်လာမှ နတ်ကွန်းကြီး ရွာပြင် ထုတ်ပြီး အများဆိုင်နယ် နတ်ရယ်လို့ နတ်ထိန်း နတ်နေတွေ ဘာတွေနဲ့ ဖြစ်လာသတဲ့။ အမျိုးထဲက နတ်ကတော် တစ်ယောက် အမြဲထိုင်ပြီး နတ်မေး နတ်မြှူတွေ ဘာတွေတောင် လုပ်ပေး နေရသတဲ့။
“တို့ပြောပြော နေသဲ့ မကြေးခွံနတ်က အခု ပါဝါတိုးနေပြီ ဆိုကြပါကောအေ့ . . .ရွာပြင် ကွက်လပ်ကြီးမှာ နတ်ကွန်းကြီး ထိုးထားသာများ ကနားကြီး နန်းကြီးတောင် ဖြစ်နေသတဲ့ . . .ဟိုတစ်နေ့က မကြေးခွံ အဆက်ထဲက လာလို့ ကြားရသာ . . .” တစ်ရက် အမေ့ အိမ်ရောက်သခိုက် အမေက ဆီးပြောလို့ သူ့ယုံကြည်မှုနဲ့ သူပါလားလို့ တွေးမိခဲ့တယ်။ နတ်မိန်းမတွေထဲက ပုန်းမကြည်ရှင်မနတ်၊ မဟာမြိုင်နတ်၊ ပြာပုံတော်ရှင်မနတ်၊ ကျောက်တိုင် ရှင်မနတ်၊ မနှင်းဆီနတ်၊ ပျဉ်ထောင်ရှင်မနတ်၊ ဂူတော်ရှင်မနတ်၊ မစောခင်နတ်၊ နို့ထိန်း မယ်တော်နတ်၊ မယ်ဖြူမယ်ညို နတ်တွေလိုပဲ မကြေးခွံနတ်ရယ်လို့ နတ်လောကမှာ စာရင်းပေါက်ပြီ ဆိုတော့လည်း ဂုဏ်ယူရတော့ မလိုလိုကိုး။
အမေပြောပြလို့ ရယ်ရတာလည်း ရှိသေးတယ်။ မကြေးခွံနတ်ကို အပအသ အရောက်အပေါက် များလာတော့ လာဘ်သပ် ပဏာကလည်း များလာတော့ ဝေပုံကျ ခွဲကြတဲ့ အခါ မျိုးနီးမျိုးဝေး သူရချင် ငါရချင်တွေ များလာရာက အမျိုးထဲ စကား မပြောကြတာတွေ ရှိလာတယ်။ လူ့သဘာဝ တစ်သက်လုံးက လှည့်မကြည့်တဲ့ အမျိုးတွေကလည်း နတ်ကွန်းအ ရောက် လာကြပြီး နတ်ရုပ် ခေါင်းတိုက်ကြသတဲ့။ ဒါကို မဲပင်ရွာခံ အမျိုးတွေက ညည်းတို့ မရိုမသေ မလုပ်ကြနဲ့. . .ညည်းတို့ ဉာဏ်တွေ မသိဘူး မှတ်လို့လား ဆိုရာက နတ်စင်ရှေ့ နပမ်းလုံးကြတာ အရှက် မလုံကြ ဘူးဆိုတာလည်းပါရဲ့။ သည်ဘက်နှစ်တွေ မတော့ ဆွေဇယား မျိုးဇယားဆွဲပြီး နတ်ကွန်းရှေ့ ချိတ်ထားရတဲ့ အထိ ဖြစ်ကုန်ပါပြီ။ ဆိုပါတော့။
အမေကြေးခွံနဲ့ ဘယ်သူနဲ့ အိမ်ထောင်ကျတဲ့ အခါသာ ဘယ်သူ ဘယ်သူတွေ မွေးတယ်။ အဲသည် အမက ပေါက်လိုက်ကြတာ ဘယ်သူ ဘယ်သူတွေ။ အဲသည်လို နှစ်တစ်ရာလောက်က ပေါက်လာကြတဲ့ အုပ်ကြီး သင်းကြီးကို ဇယား ဆွဲဖို့ ခက်တော့ တစ်အုပ်စု တစ်ခွဲတမ်း လုပ် လိုက်တော့မှ ခပ်ကျဉ်းကျဉ်းနဲ့ ပြီးရတော့ တာပါ။ တကယ်တော့ ရသမျှခွဲတမ်း ခွဲတော့လည်း ဘယ်သူမှ ဘယ်လောက်မှ ရကြတာ မဟုတ်ပါဘူး။
“လာဘ်လိုချင်သာထက် နတ်ရိုး နတ်ဆက်ထဲ ပါရသယ်ဆိုသာကို ဂုဏ်လုပ် ကြသာပါအေ . . .သည်ကြားထဲ နတ်ထိန်း နတ်နေတွေ များတော့ နတ်အုပ်ကို အမျိုး ထဲက ဒေါ်အုပ်ကို အပ်ကြသယ် . . .ဒေါ်အုပ်က ခေါင်ပေါ့အေ . . .သူ့စကား အတည်ပေါ့ . . . .နာမည်ကလဲ မအုပ် နတ်ရာထူး ကလည်း နတ်အုပ် . . .သည်ကြားထဲ သူက ပိုပိုအုပ်နေလို့ အမျိုးထဲမှာ စာချိုး ထားကြသတဲ့ . . .”
“ဘာတဲ့တုန်း အမေရဲ့. . .အမေက ဒါတွေ ဘယ်လို လုပ်ကြားတာတုန်း . . .”
အမေက ခရေစေ့တွင်းကျပြောနေ လို့ ကျွန်မက အမေ့ကို မေးရတယ်။ ကျွန်မတို့ မန္တလေးရောက်ကြတာ နှစ်မ နည်းတော့ပါဘူး။ ကိုယ့်ဇာတိရပ်ရွာတောင် တစ်ခေါက်တစ်ကျင်း မနည်း ရောက်ရတာ၊ မဲပင်ဆိုတာတော့ ဝေးရော။ သည်ကြားထဲ အမေက ငရုတ်ကောင်းစေ့နဲ့ သင်္ဘောစေ့ ခွဲခွဲပြနိုင်လို့ ကျွန်မ အံ့သြမိတယ်။ နတ်ပွဲကြီး စည်လာလို့ အမျိုးထဲ အလုအယက်တွေ၊ လောဘသက္ကာယတွေ များလာရာ က အတိုင်အတောတွေ များလာတော့ မန္တလေးက ဘကြီးဘုန်းကြီးကို လာလာ လျှောက်ကြတိုင်ကြသတဲ့။ ဘုန်းကြီးကို လျှောက်ပြီးတာနဲ့ အသာ မနေဘူး။ ရပ်ကွက်ထဲ လာလာ ရင်ဖွင့်ကြရာက ကြားရ တာဆိုတော့မှ သတင်းလမ်းကြောင်းကို သိရတာပါ။ ကျွန်မက ပြောပါဦးဆိုတော့ အမေက စကားဆက်တယ်။
“တို့ဥဒယနေတုန်းက မဲပင်သတင်း သည်လောက် မကြားရဘူး . . . အခု တို့မန္တလေး ရောက်မှ မဲပင်ကနတ်မျိုးတွေ မန်းလေးကို နတ်လမ်း ပေါက်လိုက်ကြသာ ဖုန်တထောင်းထောင်း ထလို့ပါအေ . . . နတ်အုပ် လုပ်နေသဲ့ ဒေါ်အုပ်ကို အမျိုးတွေက စာစပ်ကြသတဲ့ . .
.“နတ်ကတော် မအုပ် နှလုံးပုပ် . . .၀မ်းထဲရှိသာ အကုန်ထုပ် . . . နတ်ရုပ်”တဲ့ . . .နတ်ပွဲက ရသာ ခိုးကဲ့ထားသာ အားမရလို့ နတ်ရုပ်တောင် ဘိုက်ထဲ မျိုထားသာလို့ ပြောသာ . . .”
အမေ ပြောပြတာ ပိုပြီးတော့တောင် အံ့သြစရာတွေပါ ပါသေးတယ်။ မဲပင်ရွာ ရှေ့ကွင်းကြီးထဲ နှစ်စဉ် နတ်တော်လထဲ ရောက်ရင် အရွာရွာက ကနားတွေ ထိုးပြီး နတ်ကွန်းတွေ ဆိုင်ခန်း ဖွင့်သလို ဖွင့်ကြတာတဲ့။ ပခန်း ကိုကြီးကျော်ပွဲ၊ တောင်ပြုံးပွဲ၊ ကိုသာ မမီရင် ရှိရမယ်၊ သူ့အရပ်နဲ့ သူ့ ဇာတ်တော သုံးရွာသုံး ပစ္စည်းတွေ၊ မြို့သုံး နယ်သုံး ပစ္စည်းတွေ နတ်ပွဲထဲ အကုန်ရကြလို့ မကြေးခွံ နတ်ပွဲ မကြေးခွံ နတ်ပွဲနဲ့ ဟိုးဟိုးထလို့တဲ့။ အမေက သည်နှစ်နတ်တော်လထဲ မဲပင်ရွာဘက် သွားကြရအောင်လို့တောင် ပြောနေတာပါ။ အမေ့ စကားနဲ့တင် ကျွန်မတို့ကလည်း သွားချင်နေကြ ပြီ။ ကျွန်မက မရှင်းတာလေး အမေ့မေး ရသေးတယ်။
“နေပါဦး အမေရဲ့. . .အခု မကြေးခွံနတ်က အရုပ်နဲ့လား . . .ဘယ်သူထုပေး တာတဲ့တုန်း . . .”
“မန္တလေး ဘုရားကြီးထဲက ပန်းပုဆိုင် အပ်ကြသယ် ပြောသာပဲ . . .မကြေးခွံကို ဘယ်သူမှ မမီလိုက်လေတော့ ပန်းပုဆရာ စိတ်ထဲရှိသာ ထုပေး လိုက်သာကို မကြေးခွံ လုပ်ကြ ထင်ပါရဲ့အေ”
(၃)
ဒါပါပဲ။ ကြာတော့လည်း မကြေးခွံ နတ်ကိစ္စ ခေါင်းထဲမရှိကြတော့ပါဘူး။ အမေကလည်း စိတ်ရှိတုန်း စကားအဖြစ် ပြောတာပါ။ အသက် ခုနစ်ဆယ်ကျော် အိုကြီးအိုမ ဘယ့်နှယ့်လုပ်ပြီး မဲပင်နတ်ပွဲ သွားနိုင်မှာတုန်း။ ကျွန်မက ပိုတောင်ဝေး ပါသေးတယ်။ စိတ်က သွားချင်ပေမယ့် လူက မရောက်နိုင်ပါဘူး။ တစ်ရက်တော့ ကျွန်မ မောင်ဝမ်းကွဲတစ်ယောက် အိမ် ရောက်လာတယ်။ ကားဝယ်ထားတော့ ကားတစ်စီးနဲ့ မန္တလေးက အမျိုးတွေအိမ် အနှံ့လျှောက်သွားရာက ကျွန်မတို့ အိမ် ရောက်လာတာပါ။
“အောင်မယ် . . .ပါကျဲ . . .နင်တောင် ကားတွေ ဘာတွေနဲ့ပါလား . . .နင့်မိန်းမ ဘက်က မကြေးခွံ နတ် မတာနဲ့ တူတယ်”
ကျွန်မက ခေါင်းထဲ ပေါ်လာလို့ စလိုက်တာပါ။ မကြေးခွံနတ်က ကျွန်မတို့နဲ့ ငရုတ်သီး ဆယ်တောင့်စား တစ်တောင့်မစပ်တဲ့ နတ်ဆိုပေမယ့် ကျွန်မ မောင်ဝမ်း ကွဲပါကျဲရဲ့ မိန်းမ သန်းနုနဲ့ ကျတော့ ဆွေရင်းမျိုးရင်း တော်တာကိုး။ ကျွန်မတို့က ၀ူခုံး မျောက်ကားထဲက ဘိုက်စူစူ ၀မ်းပူပူ ပါကျဲနဲ့တူလို့ ပါကျဲခေါ်ကြပေမယ့် နာမည်ရင်းက အောင်ညွန့်ပါ။ အသံကလည်း အစ်တစ်တစ်နဲ့ ဆိုတော့ ပါကျဲနဲ့ ပိုတောင်တူသေး။ ကျွန်မက နင့်မိန်းမဘက်က နတ်မတာ လားဆိုတာကို ပါကျဲက ရယ်တယ်။
“လူတကာက အဲသလို ထင်တာပါ မမရာ . . .ငါ့ပိုက်ဆံနဲ့ ငါဝယ်တာပါ . . .ဒါပေမယ့် ကားဝယ်ပြီးတော့ အမေ ကြေးခွံနတ် ပြရမယ်ဆိုလို့ ငါ နတ်ပွဲ ရက်ထဲရွာ ရောက်ရသေးပါကော . . .”
“ဟုတ်လားဟဲ့ . . .တို့ရွာကော ရောက်ခဲ့လား . . .”
“ရောက်ခဲ့ပါ့ဗျာ . . .ငါကလည်း ကား ကြွားချင်ချင်ဆိုတော့ မန္တလေးက မိန်းမ အမျိုးတွေ တစ်ပြုံတောင်ကြီး တင်သွားသာ . . .ကံကောင်းလို့ လေးမကျိုးသယ်”
ကျွန်မတို့ ရွာတွေဘက်မယ် တစ်ရွာ့ တစ်ရွာ ကူးတဲ့လမ်းက ဆိုးတဲ့နေရာက ဆိုးသလို သဲထူလို့ ကားမရုန်းနိုင်တာ တွေလည်း ရှိတတ်တယ်။ လှည်းလမ်း ရိုးကို ခွမောင်းရတဲ့ နေရာတွေလည်း ရှိတာ ဆိုတော့ တော်တော့်ကား ဘယ်သွားရ လိမ့်မတုန်း။ ပါကျဲက သူ့ကားနဲ့ မဲပင် အထိ ရောက်တယ်ဆိုလို့ ကျွန်မ အံ့သြရတယ်။ ကျွန်မက နတ်ပွဲစည်လှဆိုလို့ မေးတော့ ပါကျဲက ဘာစည်သလဲ မမေးနဲ့တဲ့။ မဲပင်ရွာကွင်းကြီးထဲ နတ်တန်းလျားကြီး ထိုးပြီး နတ်ကတော် ယောက်ျာိးန်းမတွေ ပလုံစီ ထိုးနေလိုက်တာ နှမ်းသာဆို ဆီကြိတ် လို့တောင် ရတယ်ဗျာဆိုလို့ ကျွန်မဖြင့် ရယ်မိတယ်။
တောင်သူသုံး ထွန်တုန်းထွန်တံ၊ လှည်းပစ္စည်း နွားပစ္စည်း၊ ကြိုးထမ်းပိုး၊ ချူ တုံးလည်ခွေက အစ တောင်းပလုံးဆန် ကောဆန်ခါ၊ စိတ်တင်းခွဲတင်း၊ ရောင်း တောင်းလောင်းတောင်း အလယ်၊ ပေါက်တူးပေါက်ချွန်း ငန်းပြား၊ တူရွင်းအဆုံး တောင်ပုံရာပုံ။ ကရေကရာ၊ ညာတရာ၊ စလူမုန့် အနုဆုပ်၊ နှာရည်ဆုပ် မုန့်လို အညာမုန့်တွေကလည်း တပ်တန်း ထိုးကြလို့။ ၀ါးပစ္စည်း၊ နှီးပစ္စည်း၊ နှီးချောဖျာ၊ ထန်းခေါက်ဖျာတန်းကလည်း မျက်စေ့ တစ်ဆုံး။
“မမနှယ် . . .ခါတိုင်း ပခုက္ကူပွဲ ရေစကြိုပွဲများ သွားရင် တွေ့ရတဲ့ ဈေးဆိုင်တွေလိုပဲ . . .အစုံရှိတယ် . . .လက်ဖက်ရည်ဆိုင် ထမင်းဆိုင် အချိုရည်ဆိုင် အရက်ဆိုင် . . .ပြီးတော့ဗျာ ကလေး ကစားစရာဆိုင် အထည်ဆိုင် ဖိနပ်ဆိုင် အလှကုန်ဆိုင်တွေဆိုတာ ခြေချင်းလိမ်လို့ဗျာ . . .နတ်ကနားပွဲတွေကလည်း အုန်းအုန်းထလို့ . . .စည်ချက် ရက်စက်သယ်”
ပါကျဲစကားကြားရတော့ နတ်ပွဲကွင်း ကို မျက်စိထဲ မြင်ယောင်လာတယ်။ ကြည့် ချင်ပွဲ၊ ဇာတ်ပွဲ၊ မျက်လှည့်ပွဲလိုပွဲတွေ မပါ ပေမယ့် တစ်နှစ်စာ အခါလည်စာ သည် လိုပွဲတွေမှာ ၀ယ်ရတာဆိုတော့ အညာ ဘုရားပွဲ နတ်ပွဲတွေ ဆိုရင် စည်တာများ တယ်။ အိုးတန်း၊ ဖျာတန်း၊ တောင်တန်း၊ သရေစာတန်း၊ ဆေးရွက်ကြီးတန်း၊ ပြောင်း ဖူးဖက်တန်း . . .စသဖြင့် တောသူတောင်သားတွေ အသုံးများတဲ့ ပစ္စည်းတွေက သည်လိုနေရာမှာ များများတွေ့နိုင်ဝယ်နိုင် တာလည်း ပါတာကိုး။ ကျွန်မနားမလည် နိုင်တာက ကျွန်မတို့ငယ်ငယ်က နားစွန် နားဖျားကြားခဲ့ဖူးတဲ့ အညာခေါင်ခေါင် မဲပင် ရွာကလေးက ချောက်ချီးချောက်ချက် မကြေးခွံနတ်က ဘယ့်နှယ်ကြောင့် သည် လောက် ဟုန်းဟုန်းထ သွားရတာလဲဆိုတာ ကိုပါ။ ပါကျဲပြောတဲ့အထဲမှာ အလောင်း အစားသမားတွေက အမေ ကြေးခွံနတ်ကို ပိုပြီး အဆက်အသများတယ်ဆိုလို့ အံ့သြ ရတယ်။
“နေစမ်းပါဦး ပါကျဲရဲ့. . .မဲပင်နတ်ပွဲက အဲသလောက်တောင်လားဟဲ့ . . .”
“ဒါ့ထက်ပိုသေး မမနှယ် . . .ဆိုင်တွေမှာပေးထားတဲ့ နာမည်တွေ ကိုယ်က ဘောလုံး အသင်းနာမည်တွေဗျာ . . .ကိုင်း . . .မန်ယူဘဲ ဥမုန့်သိုင်းခြုံတဲ့ . . .အာဆင်နယ် မုန့်ခေါင်းအုံးတဲ့ . . .အာကြီးနှမ်းမနဲ တဲ့ . . .ပခုက္ကူလီဗာပူး အထည်ဆိုင်တို့ . . . မြင်းခြံစီရော်နယ်ဒို ချည်ချောထည်ဆိုင်တို့ . . .မန္တလေး ရီးရဲမက်ဒရစ် ဖိနပ်ဆိုင်တို့ . . . .ချယ်ဆီးဗန္ဓုလ ဦးထုပ်ဆိုင်တို့. . . နင့်နှယ် . . .နတ်ကွန်းတစ်ခုပဲ လပ်ရဲ့ . . ကျန်တာ ဘောလုံး အသင်းနာမည်တွေ ချည်းပဲ . . .”
အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံး ကလပ်အသင်းတွေလို အီတလီစီးရီးအေ ဘောလုံး ကလပ်အသင်းတွေလို၊ ဂျာမာန် ဘွန်းဒစ်လီဂါ ဘောလုံးကလပ်အသင်းတွေ လို ကလပ်အသင်းကြီးတွေက ကမ္ဘာ ကျော်ဘောလုံးသမားတွေရဲ့ နာမည်တွေ တောမှာပါ ပေါက်နေလေတော့ ကိုယ့်အစွဲ နဲ့ကိုယ် ကိုယ့်အကြိုက်နဲ့ကိုယ် နာမည်တွေ ပေးကြတာ သည်ခေတ်မှာ မဆန်းတော့ပါဘူး။ ကျွန်မတို့ မန္တလေးမြို့သစ်မှာ တောင် မန်ယူ ကွမ်းယာတဲ့။ ဒိုလေး အကြော်ဆိုင်တဲ့။ ဖာဂူဆန် လက်ဖက် အကြော်စုံတဲ့။ အာစင်ဝင်းဂါး ရေခဲချောင်းတဲ့။ သို့ပေသိ အမေကြေးခွံ နတ်ပွဲမှာ သည်လို ဆိုင်နာမည်တွေ မှိုလိုပေါက်နေတာကို ကျွန်မ စဉ်းစားလို့ မရတာပါ။
“မမနှယ် . . .အံ့သြစရာပါဟာ . . . ငါ့ကား နတ်ပြတော့ အဝေးကနေ အမေ ကြေးခွံနတ်ကွန်းဆီ ကားကို ခေါင်းတည်ပြီး ရှေ့ထိုး နောက်ငင် ဦးသုံးကြိမ် တိုက်ရတယ်။ ပြီးမှ ကနားစီး တစ်ယောက်ဆီမှာ နတ်နဲ့ ကားတရားဝင်အောင် ဆက်ရ သရ သာဗျား . . .ကနားစီးတွေကတောင် ဒရော့ ဘာတဲ့ . . .ကာကာတဲ့ . . .အီတူးတဲ့ . . . နင့်နှယ် . . .”
ဘယ်လိုကြောင့်တုန်းဟဲ့ ဆိုတော့ ပါကျဲကလည်း ဂဃနဏကြီး ရှင်းမပြ တတ်ပါဘူး။ လူကလည်း ဂယောက်ဂယက် ဆိုတော့ သူ့စကားလည်း အတည်ယူ ဖို့ အခက်သား။ ရွာကနေ မြို့တက်လာတဲ့ သူငယ်ချင်း အတူတူ သူကလည်း သူများ ယောင်လို့ယောင် အမောင်တောင်မြောက် မသိဆိုတဲ့ အထဲကပဲ မဟုတ်လား။
(၄)
ပါကျဲ ဂဃနဏ ရှင်းမပြတတ်တဲ့ အမေ ကြေးခွံနတ်ပွဲ ကိစ္စကို ရွာက ကျွန်မ အမျိုးတွေလာမှ ရှင်းကနဲ လင်းသွားတော့ တာပါ။ ပူပူနွေးနွေး နတ်ပွဲလိုက်ပြီး မန္တလေး ထလာခဲ့ကြတာ ဆိုတော့ နတ်ပွဲ မုန့်တွေတောင် ပါလာလိုက်သေး။ အမေ့ဖို့ ကရေကရာတွေ၊ စလူမုန့်တွေ တစ်ထုပ်ကြီး ပါလာကြတယ်။ ကျွန်မက ပါကျဲပြောတဲ့ ဘောလုံးအသင်း နာမည်တွေနဲ့ ရောင်းတဲ့ ဆိုင်တွေက နေမှာလို့ တွေးနေမိတယ်။ အမေနဲ့ ကျွန်မကိုလည်း နတ်နဲ့ဆွေမျိုး ဝေးတယ် ဆိုပေသိ နတ်ကိုးနတ်ဆက် လုပ်ကြစမ်းပါ။ အကျိုး ပေးလွန်းလို့ပါအေလို့ တိုက်တွန်းတော့ ဟုတ်ကဲ့ပါ ပြောရတယ်။
“မမြတင်နှယ် . . .ကျုပ်က စာတတ်သာ မဟုတ်တော့ ခေါင်းကလဲ မကောင်းဘူး . . .ရွာက နတ်ပွဲ ဒုတ်ဒုတ်ထိ မလိုက်နိုင်ကြသဲ့ သူတွေက တဆင့်ခံ နတ်ဆက် လိုက်ကြသလေ . . .ဆွေမျိုးတွေ ပေးလိုက်ကြသဲ့ နတ်ဆက် ငွတော်ကလေးတွေ လိပ်လိပ်ပြီး ရက်ကန်းချည် ရောင်စုံနဲ့ ပတ်ပြီး မှတ်ယူ သွားရသာ . . .ချည်နီက ဘသိန်း . . . .ချည်စိမ်းက မဲတူ . ..ချည်ဖြူက ပေသီးတို့ အမေ သေးတာ . . .ချည်ဝါက မိလှ . . .ဟိုကတော့ မအုပ်လက်ထဲ နာမည်ပြောပြီး ထည့်လိုက်ရသာပဲ” ကြီးတော် အေးမက ပြောင်းဖူးဖက် လိပ်ကြီး လက်ကြားညှပ်ရင်းက နတ်ပွဲ ကြောင်းပြောနေတာပါ။
နတ်ပွဲကြီးစည်ပုံ ကအစ အပြန် လှည်းဝင်ရိုး ကျိုးတဲ့ အထိ အကုန် ပါတော့တာပါ။ ၀င်းစိန်နဲ့ ၀င်းရှိန် ညီအစ်မကတော့ ကျုပ်တို့က နတ်ခွဲတမ်း မရပါဘူးတော် . . . ဆွေနတ် မျိုးနတ်ရယ်လို့ နန်းထိနန်းရောက် သွားကြတာပါတဲ့။ ၀င်းစိန်ရဲ့ ယောက်ျား မောင်ကြည်ကတော့ ကျုပ်က ဘောလုံးပွဲတွေ နိုင်အောင် မ စပါ . . .ဘောလုံးရာသီ တစ်နှစ်ကုန်လို့ နိုင်ငွေများရင် လာကန်တော့ဦးမယ် ဆုတောင်းခဲ့သတဲ့။ သည်တစ်ခါတော့ ကျွန်မ မနေနိုင်တော့ဘူး။ မောင်ကြည့်ကို မေးရ တယ်။
“နေပါဦး မောင်ကြည်ရဲ့ . .မင်းတို့ အမျိုးနတ်နဲ့ ဘောလုံးပွဲနဲ့ ဘယ်လို ပတ်သက်တာတုန်း . . . ပါကျဲကလဲ ပြောသွားတယ် . . .အလောင်းအစားသမားတွေ လာကြတာ မနည်းဘူးဆို . . .အဲဒါ မရှင်းလို့ မေးတာ . . .”
မောင်ကြည်လင်း သူများက ဆုတောင်းလို့သာ တောင်းလာပုံ ပေါ်ပါရဲ့။ ဘာမှ မဖြေတတ်ဘူး။ မျက်လုံးကြီး ပြူးပြီး အ ခံနေတော့ သူ့မိန်းမ ၀င်းစိန်က ၀င်ဖြေတယ်။
“မမထူးက ငကြည့်များ သွားမေး နေသယ် . . .သူ ဘာမှ မသိဘူးရယ် . . . သူက မန်ယူသမား . . .ဟောဒီ ၀င်းရှိန် ယောက်ျားက အာဆင်နယ်သမား . . . အမေကြီးကြေးခွံကို ဆုတောင်းရင် နိုင်သယ် . . .မသယ် ကြားသာနဲ့ နတ်ပွဲ ထလိုက်ကြသာ . . .”
“အေးပါ . . .နတ်နဲ့ ဘောလုံးပွဲနဲ့”
“သည်လို မမထူးရေ . . .နတ်ကွန်းမှာ နတ်ရုပ်မရှိတော့ အမေကြီးကြေးခွံ နတ်ရုပ်ကို ဘုရားကြီးက ပန်းပုဆရာဆီမှာ အပ်ကြကရော . . .ပန်းပုဆရာက ဘယ်လို ပုံလိုချင်သာတုန်း မေးတော့ နတ်အုပ်လုပ်သဲ့ အမေကြီးအုပ်က လက်တစ်ဖက်က ငွေထုပ်ပိုက်ပြီး လက်တစ်ဖက်က ရွှေ တုံးကလေး တစ်တုံး မြှောက်ပြနေသဲ့ပုံ ထုခိုင်းကရော . . .ပန်းပုဆရာက ထုပေး လိုက်တော့ အဲသည့် ပုံတော်ပါပဲ”
ဝင်းစိန်က သည်လောက် ပြောပြီး စကားရပ်ထားလို့ ကျွန်မက ဇွတ်မေးရတယ်။ ၀င်းစိန်ပြောတဲ့ အထိက အဖြေ မဟုတ် သေးဘူးလေ။ ဒါပေမယ့် ၀င်းစိန်က ဆက်မပြောဝံ့သလို လုပ်ပြီး လက်အုပ်တွေချီ နဖူးကို ကပ်တဲ့ပြီး ပါးစပ်က တတွတ်တွတ် ရွတ်နေတာ အကြာကြီး။
“နတ်ပုံတော်ရလို့ ရွာကို ပင့်တော့ ရွာက ဘောလုံးပိုက်ပြီး ခရာမှုတ်နေတဲ့ အရုပ်နဲ့ တူတယ် ပြောကြရာက ဘောလုံး ၀ါသနာပါတဲ့ လူတွေ အဆက်အသ လုပ်ကြသာပဲ . . .အဲသည်ကနေ နာမည်ကျော် သွားသာကော မမထူးရဲ့ . . .နှစ်တိုင်း ယုံယုံကြည်ကြည်နဲ့ကို လာကြသာ မမထူး ရေ . . .အခုတော့ ဘောလုံးနတ်ဖြစ်နေ ပြီ”
ခါတိုင်း ဘယ်လိုလူကိုဖြစ်ဖြစ် အမြင်မတော် အကြားမတော်ရင် ပိုးကနဲ ပက်ကနဲ ပြောတတ်တဲ့ အမေလည်း သည်တစ်ခါ ငြိမ်လို့။ နတ်ပွဲပြန်တွေ ပေးတဲ့ ကရေကရာ တစ်ဖဲ့မြုံ့လိုက်လို့။ ကျွန်မမှာသာ ငိုရခက် ရယ်ရခက်ကိုး။ မောင်ကြည်ကတော့ မန်ယူ စွတ်ကျယ်ရဲကြီး တရမ်းရမ်းနဲ့။ ရွာတွေမှာ ဘောလုံး အင်္ကျီတွေဆိုတာ ပလူပျံလို့ ဆိုပါလား။
ကျွန်မက အမေကြီးအုပ်တို့က နတ်ပုံတော်ကို ဒိုင်လူကြီးနဲ့ တူတယ်ပြောတာ စိတ်မဆိုးဘူးလား ဆိုတော့ ၀င်းစိန်က မဖြေဘူး။ ၀င်းရှိန်က ဖြေတယ်။
“စိတ်ဆိုးဖို့ နေနေသာသာ မမထူးနှယ် . . .ဘာနဲ့ တူတူအေ နတ်ပွဲစည်ဖို့ လိုသာတဲ့ . . .အမေကြီးအုပ်က စာသာ မတတ်သယ် . . .မန်ယူသမား လာရင် မန်ယူဆုပေး . . .အာဆင်နယ် သမားလာရင် အာဆင်နယ် ဆုပေးတွေ ကျက်ထားသာ ဖြောင့်လို့. . .”
အဖြစ်က ရယ်စရာပါ။ သို့ပေသိ ကျွန်မမှာ မရယ်နိုင်ခဲ့ဘူး။ အော် . . .ဖြစ် ရလေလို့လည်း အောင်းမေ့မိတယ်။ လွန်ခဲ့တဲ့ နှစ်ကိုးဆယ် တစ်ရာက နတ်ဖြစ်တယ်ဆိုတဲ့ အမေကြေးခွံနတ်နဲ့ သည်ဘက်ခေတ်တွေမှာမှ ၀ါးတစ်ရုံလုံး ဘုန်းကြီးတောင်ဝှေး ဖြစ်လာတဲ့ ဘောလုံး ကလပ်အသင်းတွေ ဘယ်လိုများ ဆက်စပ်ပစ် လိုက်တာပါလိမ့်လို့လည်း တွေးမိတယ်။ ပြည့်တာ မပြည့်တာထား၊ ဆုတော့ တောင်းလိုက်ကြသေးတာ မဟုတ်လား။
ဆုတောင်းတဲ့ သူတွေက ဆိုင်ရာ ဘောလုံးအင်္ကျီတွေ ၀တ်ပြီး ဆုတောင်းကြသတဲ့။ နတ်အုပ်ကြီး အမေအုပ်ကလည်း ကလပ်အသင်း အလိုက် ဆုတောင်းတွေနဲ့ “ပြည့်စေ”လုပ်နေသတဲ့။ နောင်ဆို အမေကြေးခွံ နတ်ရုပ်ကိုတောင် မန်ယူ အင်္ကျီဝတ်ပြီး ကနားကြီး ခံရင် ခံကြဦးမလား မပြော တတ်ဘူး။ လူဆိုတော့လည်း အားကိုး ရှာကြတာ သဘာဝပေကိုး။ လူတွေက ပိတ်နေတယ် ထင်ရင် ကြွက်တွေလို ဂယ်ပေါက် (ကယ်ပေါက်) ရှာထွက်ကြသလို၊ နတ်တွေလည်း နတ်ဂယ်ပေါက် ရှာထွက်ကြထင်ပါ့။
ခင်ခင်ထူး
No comments:
Post a Comment