အမောကို ပြေစေပါသည်

(၁)
ဒေါသထွက်ခြင်းသည် မကောင်း။ ဤသည်ကို ရည်းကျည်းဒန် သိပါသည်။ သိပါလျက်နှင့် ဒေါသကို ချုပ်တည်း၍ မရ။ နားထင်နားရင်း ထူလာအောင် ဒေါသထွက်ခဲ့ရသည်။ ယမန်နေ့ ညနေက ဖြစ်ခဲ့ရသော ဒေါသသည် သည်ကနေ့ နံနက်အထိ အငွေ့ မသေချင်သေး၊ ဒေါသငွေ့ တလူလူ လွင့်ချင်ချင်ဆဲ ဖြစ်ပေ၏။
နေသည် မထွက်ခင်က ပူချင်နေသည်။ ငါးကြင်းကွက် တိမ်ပ၀ါများ လယ်ပြင်တစ်ခွင် တစ်ကျင်းလုံးကို လွှမ်းထားငြား အိုက်စပ်စပ်ကြီး။ လေပြည်ကလေး ဖွေးသော်လည်း ဖွေးလာခိုက်သာ နေသာသယောင် ရှိ၏။ လေငြိမ်သည်နှင့် ချွေးစက်များသည် မွေးညင်းပေါက်မှ ခေါင်းပြူလာပြီ။
ရည်းကျည်းဒန် မျက်နှာသည် ယခု အထိ တင်းမာနေဆဲ၊ ခက်ထန်နေဆဲ ရှိသေး၏။ ဒေါသဆောင်နေသောကြောင့် ပျိုးစည်းသည် မလေးလံပါ။ တစ်စည်းပြီး တစ်စီး ပစ်ချသည်။ ကြိုးတန်းကို ဇိုးဇိုးဇတ်ဇတ် တန်းသည်။
ပြောတော့သာ ကြိုးတန်း။
ကိုယ်တိုင် လုပ်ကြည့်သောအခါ လက်ဝင်လှသည်။ အချိန်ကုန်လှသည်။ ကန်သင်းတစ်ဖက်တွင် တစ်ယောက်စီနေပြီး ကြိုးတန်းစဉ်က လွယ်သည် ထင်၏။ တစ်ယောက်တည်းလုပ်သည့် အခါတွင် တစ်စတိုက်ပြီးမှ တမန်းပြင်ကို နင်းလျှောက်ပြီး တစ်ဖက်ကန်သင်းသို့ လာရသည်။
ရည်းကျည်းဒန်ကိုယ်တွင် ချွေးစို့လာပြီး ကောက်ပင်ကား တစ်ပင်မျှ မထိုးရသေး။ သို့ကြောင့် “တောက်” တစ်ချက် ခေါက်မိသည်။ သည်မျှနှင့်လည်း ဒေါသ မပြယ်နိုင်သေးပါ။ “ပုမရယ်၊ ထင်းခွေ မကြုံရင် ရေခပ်ကြုံဦးမှာပါ” အသံထွက်ကာ အငြိုးအတေး ပြုသည့်တိုင်အောင် ဒေါသ မပြေပါ။ ပြေနိုင်ပါမည်လား။ ခြေဖ၀ါးနှယ် တည်သူမှန်သမျှကို လက်ဖ၀ါးကျင့်ဖြင့် ဆက်ဆံ ပြောဆိုခဲ့ပေသည်ကိုး။
ရည်းကျည်းဒန် ထဘီ ပြင်ဝတ်သည်။ ပျိုးစည်းကို ဖြည်သည်။ ပျိုးဖတ်တစ်ဖတ်ယူပြီး အဖျားဖြတ်လိုက်စဉ် စူးရှတောက်ပသော မျက်လုံးများသည် ငြိမ်နေသော လယ်ပြင်ကွင်းကြီးပေါ် တစ်ချက်ဝေ့၀ဲ၏။ မြလယ်ပြင်၊ ရွှေလယ်ပြင်ကြီး။
ထွန်တုံးပိတ်ကြပြီး စိုက်ရက်စောသော လယ်ပွဲများမှာ ရွှေရောင်မှ မြရောင်သို့ ပီပီသသ ရောက်ရှိနေကြသည်။ လှန်ခါစ ကောက်ပင်များသော်ကား ရွှေရောင်တွင်သာ ရှိနေသေးသည်။ လေဝှေ့သော်ငြား တေးမသီနိုင်သေး။ လှုပ်ယိမ်းရုံသာ လှုပ်ယိမ်းနိုင်ကြသေးသည်။
ရည်းကျည်းဒန်တို့ လယ်ပွဲမှာလည်း ထွန်တုံးပိတ်သလောက် ရှိသွားပြီ။ မြစိမ်းရောင်တစ်ဝက် ရွှေရောင်တစ်ဝက်နှင့် လှစည်စပြုပြီ။ သည် ပျိုးခင်းကျွတ်ကလေး တစ်ကွက်သာ ကျန်တော့သည်။ ပျိုးခင်းကျွတ်ပေမယ့် မစိုက်ဘဲ ချန်ထားရာ မရ။ တော်စွလျော်စွ စိုက်ရာလည်း မဖြစ်။ စိုက်ကြပ်က ချေး အများသား။ စိန်နားပန် မရ၊ ဖိုခနောက်ဆိုင် မရ။ အတန်းလိုက်ဆို အတန်းလိုက်။
သို့အတွက် ရည်းကျည်းဒန်သည် ပုမိကို ကြိုပြောထား၏။ ပုမမှာ အများကြားတွင် ဘယီးဘယားပေမင့် “ခေါ်ကောက်” တွင်မူ သပ်ရပ်၏။ မြန်လည်း မြန်၏။
(၂)
သို့သော် ယမန်နေ့ ညနေတွင်မူ တစ်မျိုး ဖြစ်သွားခဲ့လေသည်။
ရည်းကျည်းဒန်မှာ လယ်ပြင်မှ ပြန်ရောက်လျှင် ရောက်ချင်း ထမင်းထုပ်နှင့် ခမောက် ရေချိုင့် စသော တိုလီမိုလီများကို “ကပျင်” တွင် တင်ထားခဲ့သည်။ အိမ်ပေါ်သို့ပင် မတက်နိုင်ခဲ့။
လယ်ပြင်တွင် ရည်းကျည်းဒန် ဘာလုပ်ခဲ့ပါသနည်း မေးသည်ရှိသော် ဖြေစရာ မရှိ။ မြက်ဖတ်ကလေး ကောက်လိုက်၊ ပျိုးပင်ကလေး ဖာလိုက်၊ ပုစွန်တွင်း ပိတ်လိုက်၊ ကန်သင်းပေါ်တွင် ပဲမျိုးစုံကို စူးထိုးချလိုက်နှင့် မည်မည်ရရ မရှိလှ။ သို့ရာတွင် သူ့တစ်ကိုယ်လုံးတွင် ရွှံ့စက်တွေ ပြောက်ကျားနေသည်။ အချို့နေရာတွင် ရွှံ့ခဲကပ်နေသည်။ မျက်နှာတွင်လည်း သနပ်ခါးအစား ရွှံ့စက်ရွှံ့ခဲများသာ။
သည်ပုံဖြင့်ပင် ပုမတို့ အိမ်ရှေ့သို့ ရောက်လာ၏။
“ပုမရေ၊ မနက်တော့ စောစောလေးဟေ့”
“မနက်တော့ မလာနိုင်ဘူး အရည်းရေ့”
ရည်းကျည်းဒန် မျက်လုံးက အိမ်ကလေးဆီသို့သာ ရောက်နေ၏။ အသံထွက်လာသောအခါ အိမ်ရှေ့မြေကြီးထဲက ဖြစ်၏။ ထိုအခါကျမှ “စောင့်ရန်းတန်း” ဘေးရှိ “မီးဖိုကျင်း” ထဲသို့ လှမ်းကြည့်ဖြစ်သည်။ ထမင်းအိုး ငှဲ့နေဟန်တူသော ပုမ။
“ပုမ ဘာရယ်ဟ”
ဘာရယ်ဟ အော်ကာ မီးဖိုကျင်းနား ကပ်သွားသော်ငြား၊ ပုမ အပြောကို ရည်းကျည်းဒန် နားလည်လိုက်သည်။ နားလည်သည့် အလျောက် ခေါင်းတစ်ခုလုံး ပူထူနေပြီး ဖြစ်သည်။ ချိုင့်ခွက်အတွင်းက ကြွေပန်းကန်ကွဲနှယ် မျက်လုံးအစုံကလည်း မပြူးသာပြူးသာဖြင့် ပြူးမထွက်နေပြီ ဖြစ်ပေသည်။
ခေါင်းမထူ မျက်လုံး မပြူးဘဲ နေပါမည်လား။ နက်ဖြန် ပျိုးခင်းကျွတ်စိုက်၊ သန်ဘက်ခါတွင် ယာထဲတွင် ထွန်ကူချမည်ဟု စီစဉ်ပြီးသားပေကိုး။
“ဘယ်လိုဖြစ်နေတာလဲ ပုမရယ်”
မီးဖိုကျင်း၏ သုံးမျက်လုံးတွင် မြေစာများ ဖို့မြှင့်ထားသည်။ သည်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ရည်းကျည်းဒန် ညည်းညည်းညူညူ မေး၏။
ပုမသည် ထမင်းအိုးကို မွှေနေရာ မေး တစ်ချက်ထိုးလိုက်ရာက “နေမကောင်းလို့” ဟု မပွင့်တပွင့် ဖြေ၏။
အသွေးနှင့်ကိုယ် အသားနှင့်ကိုယ်သည် နာဖျားမကျန်းရှိမည်သာ ဖြစ်၏။ နာဖျားမကျန်း ဖြစ်ရကောင်းလားဟု ရည်းကျည်းဒန် အပြစ် မတင်နိုင်။ သို့သော် မေးထိုးပုံကို မကြိုက်၊ မထိတရိ၊ မခန့်တရန့် အပြုအမူသာ ဖြစ်သည်။
“ဟယ် … သူ့ ၀သီ ထင်ပါရဲ့” အတွေးက ရည်းကျည်းဒန်၏ ထင့်စိတ်ကို ချေဖျက်သည်။
“ကိုယ်ထဲလက်ထဲက ဘယ်လိုနေလဲ၊ ဘာဆေးမှ မသောက်ဘူးလား။ ငါ့ဆီမှာ သဗ္ဗဇေယျရော၊ သွေးဆေးရော ရှိတယ်”
ပုမထံမှ အဖြေ မရ။ ထမင်းရည်အိုးပေါ် တင်ထားသော ယောက်မကို လှမ်းယူနေသဖြင့် “ဘာမှ မသောက်ရသေးရင် ငါ သွားယူလိုက်မယ်၊ ကောင်းချင်လဲ ကောင်းသွားမှာပေါ့အေ” ပြောပြီး ထလိုက်စဉ် ကျောဘက်မှ အသံတစ်သံ ပေါ်လာသဖြင့် ပုမ မျက်နှာ မည်းခနဲ ဖြစ်သွား၏။
ညောင်ပင်ပိုင်းမှ မမယ်သ အသံ။
“ပုမရေ … မနက်ကို စောစောလာဟေ့၊ ညည်း ရောက်မှ ငါတို့ သွားမှာ၊ ကြားလား ဟေ့”
ရည်းကျည်းဒန် ဟင်ခနဲ ဖြစ်သွားသည်။ မမယ်သကို တစ်လှည့် ပုမကို တစ်လှည့် ကြည့်သည်။ မမယ်သကား ရည်းကျည်းဒန်နှယ် သူ့ အပူနှင့်သူမို့ ပုမ၏ အဖြေကို မစောင့်နိုင်။ ဒေါင်းတည်မောင်းတည်ဖြင့် ထွက်သွားလေပြီ။ မျက်နှာငုံ့ထားရုံမှ တစ်ပါး ဘာမျှ မတတ်နိုင်သူကား ပုမ။
“ညည်း … ဘယ်လို လုပ်လိုက်တာလဲ ပုမ၊ ငါ့ ပြောတော့ နေမကောင်းလို့ ငါ့ လယ်ကို နက်ဖြန် စိုက်မပေးနိုင်ဘူးဆို”
ပုမသည် မီးတောက် ရှိနေပါလျက် ဖိုခနောက် သုံးလုံးကြားသို့ ထင်းတွေ ထပ်ထိုးနေ၏။
“ဟဲ့ … ပုမ ငါ မေးတာ ဖြေပါဦး၊ ညည်း ဘယ်လို လုပ်လိုက်တာလဲ”
ပုမ မျက်နှာ လွှဲထားသည်။
“လုပ်ရက်တယ် ပုမရယ်၊ အစကမှ စိုက်ရက် နောက်ကျရတဲ့ အထဲမှာ ညည်းမို့ ကောင်းပြီးကောင်းရဲ့ ပြောပြီး အခုတော့ ငါ့မှာ ဘယ်လို လုပ်မလဲ၊ ငါ့မှာတော့ သရက်တောက သီသီ လာပြောတာတောင် ညည်းကို အားကိုးနဲ့ ခေါင်းခါ လွှတ်လိုက်တယ်”
သည်မျှအထိ ဒေါသမြွေဆိုးသည် ပခြုပ်တွင်းမှာသာ အခွေလိုက် ရှိနေခဲ့လေ၏။ သို့ရာတွင် ရည်းကျည်းဒန် ဒူးပေါ် လက်ထောက်ကာ ကုန်းထရင်း “ငါ့မှာတော့ တစ်ရွာတည်းသားချင်း ရပါစေတော့ရယ်လို့ ညည် လုပ်ပုံ ရက်စက်တယ် အေ” ပြော အဆုံး၌ “အရည်း မကျေနပ်ရင် ကြိုက်ရာကိုတိုင်” ဟူသော စကားလုံးဖြင့် ပုမက ပခြုပ်အဖုံးကို ထိုးလှန်လိုက်လေ၏။
“ညည်းက ငါ့ကို သည်လို ပြောသလား၊ ဟုတ်လား၊ ကျည်းဒန်ကို ခေါင်းဖြူစွယ်ကျိုးဆိုပြီး စော်ကားသလား”
မီးဖိုကျင်း၏ တောင်ဘက်တွင် စောင့်ရန်းတန်း အသစ်လဲရန် ပုံထားသော သန်းသားပုံကြီး ရှိသည်။ ရည်းကျည်းဒန် အတွက် အသင့် ပုံထားပေဘိသလို ရှိ၏။ အပေါ်ဆုံးက တစ်ချောင်းကို ဆွဲယူပြီး ရိုက်၏။ သို့သော် သူ ဆွဲမိသော သန်းသားမှာ အရင်းပင် လက်ကောက်ဝတ် တုတ်၏။ အရှည်မှာ လေးတောင်ခန့် ရှိသည်။ စိုကလည်း စိုသေးသည်။ ရည်းကျည်းဒန် မနိုင်မနင်း ဆွဲရိုက်ခြင်းဖြစ်ရာ အားလွန်ပြီး ခွေခနဲ လဲသွားလေ၏။
ပုမမှာ လက်ညှိုးနှင့် ထိုးရုံဖြင့် လဲလောက်သော အမယ်ကြီးအိုကို မယှဉ်ရဲ။ ထမင်းအိုး ငှဲ့ထားခဲ့ပြီး အိမ်ပေါ် တက်ပြေးသည်။ “အရပ်ကတို့ လာကြပါဦး၊ ရည်းကျည်းဒန် ကျုပ်ကို သတ်နေပါပြီ” ကုန်းအော်၏။
နွားရိုင်းသွင်းချိန် ဖြစ်သည်။ ရွာထဲတွင် လူ မစုံသေးငြား အတော်အသင့် ပြန်ရောက်လာကြပြီ။ သို့ကြောင့် ရှေ့ဆုံးမှ ပြေးလာသူ မလှမေ။
မလှမေ ပြေးလာချိန်တွင် ရည်းကျည်းဒန် ကုန်းထကာ မိန်းမရွှင်တွေ၊ အပျက်တွေ မိုးမွှန်အောင် ဆဲလျက် ပုမ အိမ်ဘက်သို့ ပြေးလာ၏။ သန်းသား အစိုကြီးကို ကယို့ကယိုင် ကိုင်မြှောက်ထား၏။
“ဆင်းခဲ့၊ နင် ဆင်းမလာရင် ငါ တက်ခဲ့ရမလား” အစချီကာ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် မြေလှန်ကာ ဆဲနေပြန်၏။ ပုမမှာ ရမ်းဘိုကုန်း ဇာတိမဟုတ်။ သူ့ဆွေသူ့မျိုးဟူ၍ ရမ်းဘိုကုန်းတွင် တစ်ယောက်မျှ မရှိသည့်အတွက် ပုမဘက်မှ “အာ“ မည့်သူ တစ်ယောက်မျှ မပေါ်လာ။
“မလှမေ၊ တော် ကျုပ်ထဲ မ၀င်နဲ့”
ယောက္ခ ကူညီရန် ၀င်လာသော မလှမေအား ပုမ လှမ်းအော်သည်။ မလှမေကလည်း မခံပါ။
“အလိုလေး၊ အားအားစားစား ညည့်အိမ်ဝိုင်းထဲ ရွှေထွက်မယ်ဆိုတောင် မ၀င်ပါဘူး ကြီးကျယ်လိုက်တာ”
ထိုအချိန်တွင် ရည်းကျည်းဒန်သည် သန်းသားကို ချထားပြီး ခြေနိုင်လက်နိုင် ပေါ့ပါးသော တုတ်တစ်ချောင်း လိုက်လံ ရှာဖွေနေ၏။ ရှာဖွေရင်းကလည်း အယုတ္တ အနတ္တတွေ အရွယ်နှင့် မလိုက်အောင် ဆဲခန်း ဖွင့်နေသေး၏။
ပုမမှာ ထမင်းအိုးကို ယခုမှ သတိရသည်။
ထမင်းရည်အိုးပေါ်တွင် စလောင်းဖုံးနှင့် အံချပြီး တင်ထားခဲ့ရာ ထမင်းရည် စစ်လောက်ပြီ။ ထမင်းရည် စစ်ပြီးနောက် အပူငွေ့ မရရှိပါက “နပ်” တော့မည် မဟုတ်။ သို့ဖြင့် ခြေရင်းအိမ်မှ ဒေါ်သာနုကို အကူအညီ တောင်းရတော့သည်။
“အရည်းရေ … ထမင်းအိုးထားတာ နှပ်ပေးလှည့်စမ်းပါ”
ဒေါ်သာနုသည် သုံးခွန်းအထိ မကြားယောင် ပြုနေပြီး လေးခွန်းကျမှ ဗျစ်တောက်ဗျစ်တောက် မြည်လျက် ရောက်လာ၏။ သူလာခြင်းမှာ မကောင်းတတ်၍ လာ၍ဖြစ်ငြား ရည်းကျည်ဒန် ဖြစ်နေပုံကို မြင်ရသောအခါ မနေနိုင်တော့ချေ။
“မကျည်းဒန်၊ တော့်ကိုယ်တော်လဲ ပြန်ကြည့်ပါဦးတော်၊ သွားပါတော့ .. ဖက်ပြီး ရန်ဖြစ်မနေပါနဲ့”
ရည်းကျည်းဒန်သည် အားရအောင် ထပ်မံ ဆဲနေပြီးနောက် ပြန်ထွက်လာခဲ့သည်။ ဒေါသ မပြေငြား မှောင်ပြီကို သတိထားမိသည်။ ထိုအခါ အဘိုးကြီးအို ဆာဆာမွတ်မွတ်ဖြင့် လယ်ပြင်မှ ပြန်ရောက်လာပြီဟု သတိရသောကြောင့် ဖြစ်ပေ၏။
(၃)
နေ့ကူးခဲ့ပြီ။
သတိရလျှင် ရည်းကျည်းဒန် ဒေါသဖြစ်ရပြန်သည်။
“ဖအေကြီး၊ ထတော့လေ၊ ကျုပ် လယ်ပြင် သွားတော့မလို့”
“ညည်းက ဘာကိစ္စ သွားမှာလဲ၊ ငါ သွားလဲ ပြီးတဲ့ဟာကို”
ရည်းဆေးရိုးက အိပ်ချင်မူးတူးဖြင့် အမေးအမြန်းထူနေသေးငြား ရည်းကျည်းဒန်က အသင့်ဖြစ်နေပြီ။
“ဟဲ့ … မေးတာ ဖြေပါဦး”
မဖြေ၍ မဖြစ်ပြီ။ မဖြစ်သောအခါ “ဟို ကျေးဇူးရှင်မပေါ့ တော်” အစချီကာ ပုမ ကတိပျက်ပုံကို ဇာတ်စုံခင်းပြီး “ကောင်းစားမယ့်ဟာမ၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟု အဆုံးသတ်၏။
“အေးလေ၊ ကိုယ့်ကိုယ်နဲ့ သူများစိတ် ဆိုတော့လဲ သည်လိုပေါ့အေ၊ ဘယ်တတ်နိုင်မလဲ”
“ငရုတ်သီးချက်အိုးနဲ့ နဘတ်ချဉ်အိုးတော့ မီးဖိုဘေးမှာ ရှိတယ်၊ ညဦးက ကတည်းက ချက်ထားတာ၊ ထမင်းအိုးတော့ တော့်ဘာသာပဲ တည်ပေတော့”
ဒေါသကို ချုပ်ထားရသဖြင့် တိုတိုပဲ ပြောခဲ့သည်။ မချုပ်၍ မဖြစ်။ ဒေါသက ရည်းဆေးရိုးကို ကူးချင်ချင် မဟုတ်လား။
နံနက်ဦးပေမင့် လေက မအေးချင်။ ရည်းကျည်းဒန့် ရင်မှာလည်း ဒေါသဖြင့် ပူနေသည်။ အရုဏ်ငှက်ကလေး တစ်ကောင်သည် သန်းသတ်ချုံ အကြိုအကြားတွင် ထွက်ဝင်ဆော့ကစားရင်း မြည်ကြွေးနေ၏။ သူ၏ မြည်ကြွေးသံက တွတ်တီးတွတ်တာ ခရာတာတာနှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့မို့ ချစ်စရာ။ ရည်းကျည်းဒန်ပင် ဒေါသပြေစ ပြုလာ၏။
မှောင်ထဲမှ ပျိုးကျွတ်ခင်း တမန်းပြင်သည် ပြောင်လက်သော ရေပြင်ဖြင့် ကြိုလင့်သည်။ ရည်းဆေးရိုး ပစ်ချထားခဲ့သော ပျိုးစည်းများသည် မည်းမည်း သစ်ငုတ်ကြီးတွေအလား မှောင်မိုက်ထဲတွင် ထိုးထွက်နေကြ၏။ သည်အခါတွင် ပြေစ ဒေါသသည် ပြန်လည် အငွေ့လူလာကာ “တောက်” ခေါက်သည်အထိ အလွန့်လူခဲ့ရလေ၏။
“ကောက်စိုက်တာလေးများ သူများကို ခယရတာ နာလိုက်လေ … ”
သည်အတွေးဖြင့် “လက်ဆ”ကို ဆွဲသည်။ လက်ညှိုးနှင့် လက်မကြားတွင်ထားလျက် တမန်းထဲသို့ ထိုးသည်။ အတန်းလိုက် အစိုက်ကောင်း၏။ အင်္ဂါရပ်တွင် အပင် ထောင်မတ်နေခြင်းသည်လည်း တစ်ချက် မဟုတ်လား။ ထို့ကြောင့် လက်ညှိုး၊ လက်မက “တမန်း” ဖြင့်ပင် ပြန်ညှပ် ထိန်းပစ်ခဲ့၏။
ကြိုးတန်းတစ်လျှောက် လက်ဆမှန်မှန် ကောက်ချက်မှန်မှန်ဖြင့် စိုက်သည်။ အဆင်ပြေဆဲပင်။ ကြိုးတန်းနှင့် ကန်သင်းကြားတွင် အကွက်ကျကျ စိုက်သောအခါ အဆင်မပြေချင်တော့ပေ။ ပထမတစ်ကြိမ် လက်ထိပ်တွင် စူးခနဲ ဖြစ်သွား၏။ ရေနူးနေသော လက်သည် ထိလွယ်၏။ ရှလွယ်၏။ တုတ်ချောင်းမာမာ ဖြစ်ပါက သိသိသာသာ နာ၏။ ကြွေပန်းကန် မြေအိုးမြေခွက် အစအန ဆိုပါမူ တွန့်ခနဲ ဖြစ်အောင် နာကျင်သည်။ ယခု လက်ညှိုးထိပ်ကို ထိုးသောအရာမှာ သစ်ဆွေး ဖြစ်ပေမည်။
ဒုတိယအချက်တွင်မူ ရည်းကျည်းဒန် အားခနဲ အော်မိ၏။ ထိလွယ်မှု နာကျင်လွယ်မှုတွင် လက်ချောင်းထိပ်ထက် ပိုကဲသော “ပန်းကုန်း” နေရာ ဖြစ်သည်။ လက်သည်းခွံ၏ အဆုံးတွင် မသိမသာ ရစ်ဆိုက်ထားသော အရည်ပါးကလေးသည် လက်ညှိုးပန်းကုန်း လက်မပန်းကုန်း စသည်ဖြင့် လက်ငါးချောင်းလုံးတွင် ရှိကြပေသည်။
ကျောက်ခဲ အပဲ့အရွဲ့ အိုးကင်းပဲ့ သစ်တိုသစ်စ မဆိုထားဘိ သဲကြမ်းကလေး တစ်ပွင့်နှင့် ထိုးမိကာမျှဖြင့် ပဲ့နေသောနေရာ ဖြစ်သည်။ ယောင်ယမ်းပြီး လက်ကို ဆွဲနုတ်ပြီးကာမှ ရည်းကျည်းဒန် ပြန်ထိုးသည်။ ကြည့်မနေတော့ပါ၊ ကြည့်နေ၍လည်း အမျှင်ကလေးတစ်မျှင် လန်ထွက်နေသည်ကို မြင်ရရုံသာ ရှိချေမည်။
သို့အတွက် မာန်တင်းသည်၊ အံကြိတ်သည်၊ အံကို ကြိတ်လိုက်သည်တွင် သွားဖုံး အသားချင်း ပွတ်ကြိတ်မသည်။ သွားမရှိတော့သော အမယ်ကြီးအို ဘ၀ကို ချက်ချင်း သတိပြုမိသည်။ သည် သတိကို “အို … ငယ်ငယ်တုန်းက ရွာရိပ်ရွာစပ် မသန့်မပြန့် လယ်တွေမှတောင် စိုက်ခဲ့သေးတာပဲ” ဆင်ခြေဖြင့် ဖျက်သည်။
ရွာရိပ်ရွာစဉ် လယ်များသည် မသန့်ပြန်ချေ။ အကွဲအရှ အစအနနှင့် ဆူးငြောင့်ခလုတ်ကလည်း ပေါပါဘိ။ အဆိုးဆုံးကား ပုလင်းကွဲ၊ ဖန်ခွက်ကွဲပေတည်း။
ခံတွင်းချဉ်သည်။ ရည်းကျည်းဒန် ဆေးလိပ် မသောက်ရဲပါ။ ခါးဆန့်ပြီ။ ပျိုးစည်းဖြေရုံ ပျိုးဖတ်ခွဲရုံ အချိန်များတွင်သာ တန့်နားသည်။ ကြာကြာနားပါက လက်ပန်းကုန်းတွေ နာလာမည်ကို စိုးရိမ်သည်။ နာကျင်မှုကို သိသာလာပါက ဆက်မစိုက်ရဘဲ ရှိမည်။ အလုပ် မပြီးဘဲ ရှိမည်။ ထိုအခါ ပုမ စိုက်မပေးသောကြောင့် ရည်းကျည်းဒန် လယ်မပိတ်နိုင်ဘဲ ရှိလေသည် ဖြစ်ချေမည်။ သည်သို့ အဖြစ် မခံနိုင်။ စီးကျလာသော ချွေးကို တံတောင်ဆစ်ဖြင့် သုတ်ပစ်ရင်း အံကြိတ်ထားသည်။
(၄)
နေပြင်းလာသည်နှင့်အမျှ ရည်းကျည်းဒန်၏ လက်များနှေးသည်။ ခြေနုတ်ရာတွင်လည်း မသွက်လက်တော့ပါ။ ခါးက ကိုက်သည့်နည်းတူ ရင်ထဲတွင်လည်း တလှပ်လှပ်ပါတကား။
“အမယ် … တယ်ဟုတ်ပါကလားဟ၊ အမယ်ကြီးအိုက လုပ်လှချည်ကလား”
ကျောဘက်က ပေါ်လာသော ရည်းဆေးရိုး၏ အသံသည် ရည်းကျည်းဒန်အတွက် အားဆေးဖြစ်၏။
“မနက်က ထမင်းကြမ်း စားခဲ့သေးလား”
“မစားခဲ့ပါဘူးတော် …. နေမြင့်မှာစိုးလို့”
“ထင်သားပဲ၊ ကဲ … လာ ငါ ဘယာကြော်နှစ်ခု ၀ယ်လာတာနဲ့ အတော်ပဲ”
ရည်းကျည်းဒန်သည် ဟန်နှင့်လှမ်းလျက် ကန်သင်းပေါ်သို့ တက်လာရာက စိုက်ပြီးသမျှကို ပြန်ကြည့်နေသည်။ ယခုမှ ကြိုးတန်းခြောက်တန်းမျှသာ စိုက်၍ ပြီးပါသေးတကား။
“လာစမ်းပါဟာ၊ ပြီးတဲ့အခါ ပြီးလိမ့်မပေါ့၊ ငါပါ ကူစိုက်မယ်ဟာ”
ရည်းကျည်းဒန်သည် ရွှံ့စင်သည်ဆိုရုံမျှ လက်ဆေးသည်။ ဘယာကြော်တစ်ခုကို ဖဲ့ဝါးပြီး မျိုချသည်။ လည်ချောင်းထဲတွင် တစ်နေသဖြင့် ရေနွေးကြမ်းဖြင့် မျှောချရသည်။
မည်မျှ ပင်ပန်းသည်ကို နားနေခါမှ သိ၏။ ပင်ပန်းလွန်းသောကြောင့် ထမင်းကိုပင် စားမနေချင်။ ထိုင်ပြီးတော့သာ တွေ့ရာနေရာတွင် လှဲပြီး အိပ်ပစ်လိုက်ချင်သည်။ သို့သော် အိပ်၍ မဖြစ်သေး။ သည်ပျိုးခင်းကျွတ် “ပိတ်” နိုင်ရေးအတွက် ခါးသန်ဖို့ ကြိုးစားရပေဦးမည်။ မျို၍ မကျသည်ကို ရေနွေးကြမ်းနှင့်ချည်း မျှောမျှောချ နေရသောအခါ ဒေါသ ဖြစ်လာသည်။
“ဒင်းကြောင့် … ဒင်းကြောင့် မှောက်ချည်လှန်ချည် လုပ်လို့ သည်လို ဖြစ်ရတာ”
ပင်ပန်းမှု ပြေလျော့သွားသည်။ လည်ချောင်းလည်း ရှင်းလင်း ချောမောနေပြီ။ သည့်အတွက် သွေးပူ မပျက်မီ လင်းတမျို မျိုကာ ဆေးလိပ် အံမှာခဲလျက် ထလာခဲ့သည်။
ရည်းဆေးရိုးသည် ကြိုးကူတန်းပေးသည်။ ကြိုးတန်းတစ်လျှောက် ကူစိုက်ပေးသည်။ ကြားကြောင်းများကိုလည်း ရည်းကျည်းဒန် စိုက်နေစဉ် သူတစ်ယောက်တည်း ကြိုးတန်းပြီး စိုက်နေသည်။
သည်မျှသော အကူအညီသည် ရည်းကျည်းဒန်အတွက် များစွာ တာသွားလှသည်။ ပင်ပန်းငြား အလုပ်တွင်သည်။ အလုပ်တွင်ခြင်းသည် ပင်ပန်း အားတက်စရာ ဖြစ်လာပြန်သည်။
ရွှေသမင်ဆန်စက်မှ မွန်းတည့် ဥသြဆွဲပြီ။
ရည်းကျည်းဒန် ခါးဆန့်ပြီး ရည်းဆေးရိုးကို လှမ်းကြည့်သည်။ ရည်းကျည်းဒန် ၀မ်းသာလှသည်။ ကြိုးတန်း တစ်တန်းစာသာ ကျန်တော့သည်တွင် ရည်းဆေးရိုး ၀င်စိုက်နေချေသည်။
“တော်တော့လေ၊ တော် နားချင် နားချေတော့”
ရည်းဆေးရိုးသည် ကန်သင်းပေါ်သို့ တက်လာကာ ရေနွေးအိုး တည်ပစ်ခဲ့ပြီးမှ မြောင်းထဲဆင်းပြီး ရေချိုးသည်။ ရည်းကျည်းဒန် တက်လာလျှင် စားနိုင်ရန် ထမင်းပူကို အသင့်ပြင်သည်။ လက်ဘက်အုပ်ကိုလည်း ဆီဆားနှံ့စေရန် အဆင်သင့် နယ်ထားသည်။
ရေနွေးအိုး ဆူချိန်တွင် ရည်းကျည်းဒန် ကန်သင်းအတိုင်း လျှောက်လာသည်။ သို့ရာတွင် ခြေကျ မမှန်တော့ချေ။ ညောင်ပင်အောက် ရောက်သည်နှင့် အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေ၏။
“ဖြည်းဖြည်း ထိုင်မှပေါ့ဟာ၊ ကျိုးပဲ့ နာကျင်သွားမှဖြင့်”
ရည်းကျည်းဒန်ထံမှ တုံ့ပြန်သံ မလာပါ။ ညောင်မြစ်ပါးပျဉ်းပေါ်တွင် ခေါင်းတင်အိပ်ရန် ဟန်ပြင်နေသဖြင့် ရည်းဆေးရိုးမှာ ကမန်းကတန်း ဆွဲထားရ၏။
“မလုပ်နဲ့၊ ထမင်း လွတ်သွားမယ်၊ အိပ်ရာက နိုးမှ စားပြန်တော့လဲ ရင်ခံနေပြီး စားနိုင်မှာ မဟုတ်ဘူး။ ထ ထ … ခြေလက်ဆေးဟ”
ရည်းဆေးရိုးသည် ကန်သင်းအစပ်သို့ အတင်း ဆွဲခေါ်၏။ ရည်းကျည်းဒန်မှာ အားရပါးရ အိပ်ပစ်ချင်ခြင်းမှ တစ်ပါး အခြား ဆန္ဒ မရှိ။ သို့အတွက် နှမ်းဖတ်ချဉ်ချက်နှင့် ငရုတ်သီးချက်ကိုလည်း သွားရည် မယိုတော့ပါ။
“စားစမ်းဟာ၊ သွက်သွက် စားလိုက်ရင် အိပ်ရမှာပေါ့။”
အကွင်းလိုက် လှီးထားသော ငရုတ်သီး နီနီများမှာ ရည်းဆေးရိုး၏ ဇလုံထဲတွင် ရဲတွတ်နေ၏။ သူသည် ထမင်းတစ်လုတ် ခွံ့လိုက်၊ ရည်းကျည်းဒန်အား တိုက်တွန်းလိုက် လုပ်နေရာက ထမင်းတစ်လုတ်သည် ရည်းကျည်းဒန့် မျက်နှာနား ၀ဲလာ၏။
“နင် စားနေပုံနဲ့ ကနေ့ စားလို့ ပြီးမှာ မဟုတ်ဘူး၊ ဟစမ်း”
ရည်းကျည်းဒန် ပါးစပ် ဟပေး၏။ ပါးစပ်ထက် ကြီးသော ထမင်းလုတ်ကြီး တိုးတိုက်ဝင်၏။ သို့ဖြစ်ငြား သည်ထမင်းလုတ်ကို စားရသည်မှာ ကိုယ့်လက်ဖြင့် နယ်ပြီး ကိုယ့်ဘာသာ ခွံ့သော ထမင်းလုတ်များထက် အရသာ ရှိသည်ကား အမှန်ပင်။
ဆင်ဖြူကျွန်းအောင်သိန်း
၁၉၈၆ ခုနှစ်၊ ဇွန်လ၊ သွေးသောက်မဂ္ဂဇင်း
source....... မျက်ရှု
No comments:
Post a Comment