Monday, January 9, 2012

စွယ်တော်ရွက်တို့နှင့်အတူ


ဒီစာတွေ မကျက်ချင်ပါဘူး.. ဒီပုစ္ဆာတွေလဲ မတွက်ချင်ပါဘူး… ခေါင်းတွေ ကိုက်လိုက်တာ… ဟု အသံထွက်ကာ ခပ်ညည်းညည်း ပြောလိုက်မိသည်။ အတူတူ စာကျက်နေကြသော အတန်းဖေါ် သူငယ်ချင်းများက ခေါင်းကြည်သွားအောင် သံပုရာရည် သောက်လိုက်ပါလား ဟု ပြောကြသည်။

တချို့ကတော့ ကော်ဖီ လဘက်ရည် တစ်ခုခု သောက်လိုက်ပါလားတဲ့။ အမှန်က နောက်ဆုံးနှစ် စာမေးပွဲကြီး ဖြေရန် ရက်ပိုင်းသာ လိုတော့သည်။ အချိန်များများ စာကျက်လေ ခေါင်းတွေက ပြင်းထန် ဆိုးရွားစွာ ကိုက်လေလေ လွန်ခဲ့သော တစ်နှစ်ကျော်ကျော် လောက်မှ အစပြုခဲ့သော ခေါင်းကိုက် ဝေဒနာသည် ဒီနှစ်ပိုင်းအတွင်းမှာတော့ အချိန်တိုင်း၊ နေ့တိုင်းလိုလိုမှာ ကိုက်နေတော့သည်။ ထိုခေါင်းကိုက်ဝေဒနာ အကြောင်းကို သူတို့ နားလည်အောင် ဘယ်လိုပြောပြရပါ့။ ခံစားဖူးမှ သိနိုင်မည်လေ။

ခေါင်းတွေ ကိုက်လာတိုင်း ဘာစပရို၊ ပါရာဆီတမော၊ အက်စပရင် ဆေးတွေလဲ စုံလှပြီ… သက်သာလှ တခဏသာ…။ အကြောအားကောင်းစေရန် နျူရိုဘီယံ ဆေးပြားများ သောက်သေးသည်။ ဘာမှ ထူးထူးခြားခြားမရှိ… ကြာတော့ စိတ်ပျက်ကာ ဘာဆေးမှ မသောက်ချင်တော့…။ ရှုဆေးတချို့ တခါတခါ ရှုကြည့်သည်။ တခါတခါ နားထင်မှာ ဆေးပလာစတာ ဖြူဖြူလေးတွေ ကပ်ထားကြည့်သည်။ နည်းနည်းတော့ သက်သာသလို ရှိသည်။ စာကျက်ရသောကြောင့် စိတ်ရှုပ်မှုနှင့် ခေါင်းကိုက်သောကြောင့် စိတ်ညစ်မှုတို့ ပေါင်းစပ်ကာ ဆံပင်ထူထူတွေကို ခပ်တိုတို ညှပ်ထားလိုက်သည်။ ထိုအခါ ပုံပန်းမကျလှသော ဆံပင်တိုတိုနှင့် သာမန်ရွက်ကြမ်းရေချို မျက်နှာနှင့် နားထင်မှ ဆေးပလာစတာ ဖြူဖြူနှင့် အချိုးမပြေ ပိန်ရှည်ရှည် စက်မှုအင်ဂျင်နီယာ ကျောင်းသူတယောက်၏ ရုပ်ပုံကို မှန်ထဲမှာ ကြည့်မိသောအခါ ခေါင်းကိုက်နေသည့်ကြားမှ အသံထွက်အောင် ဟားတိုက် ရယ်မောပစ်လိုက်မိသည်။ သိပ်ရယ်စရာ ကောင်းတာပဲ။

တဖြည်းဖြည်းနှင့် ခေါင်းကိုက်ဝေဒနာက ပိုတိုးလာသည်။ ခေါင်းပေါ်ကို တခုခုနှင့် အပြင်းအထန် ထုနှက်နေသကဲ့သို့ ခံစားရသည်။ သိပ်မခံမရပ်နိုင် ဖြစ်လာလျှင်တော့ လမ်းထိပ်က ဆေးဆိုင်မှာ လွယ်လွယ်ကူကူ ဝယ်ယူလို့ရသော ပန်းရောင် အိပ်ဆေးပြားလေးများ သောက်မိသည်။ ဆေးအရှိန်နှင့် အိပ်ပျော်သွားချိန်တွေမှာတော့ ခေါင်းကိုက်ဝေဒနာမှ တခဏတာ ကင်းဝေးခွင့်ရသည်။ ဒီနှစ် စာမေးပွဲကြီးပြီးလျှင်တော့ အိမ်ကို ပြောပြကာ ဆေးခန်း ဆေးရုံ တခုခုကို သေချာပေါက် သွားပြမည်ဟု တွေးထားပါသည်။ သည်လိုနှင့် နောက်ဆုံးနှစ် စာမေးပွဲကြီးကို အလဲလဲ အကွဲကွဲနှင့် ဖြေလိုက်ရသည်။ www.thanlwin.comမြန်မြန်ပြီးသွားတော့တော့လဲ မြန်မြန်အေးတာပဲပေါ့။

ထိုနေ့… ထိုနေ့က စိတ်လွတ်လက်လွတ် ပျော်ရွှင်မှု တခုကို ပိုင်ဆိုင်လိုက်ရပြီး တခဏအတွင်းမှာ မိုးကောင်းကင်ကြီးတခုလုံး ကိုယ်ပေါ်သို့ ပြိုကျလာသလို လေးလံစွာ ခံစားလိုက်ရကာ နေရာမှတင် ခွေယိုင်လဲကျ သွားခဲ့သည်။ ထိုနေ့သည် နောက်ဆုံးနှစ်စာမေးပွဲ အောင်စာရင်းထွက်သောနေ့ နှင့် ခေါင်းကိုက်ဝေဒနာအတွက် ဆရာဝန်ကြီးဆီသွားပြပြီး ဆေးစစ်ချက် အဖြေလွှာများ ရလာသည့်နေ့ တနေ့တည်း ဖြစ်နေပါသည်။

နာရီပိုင်းမျှသာ ကြာလိုက်သော ပျော်ရွှင်မှုတို့ကို အမေ့၏ ကြေကွဲဖွယ် မျက်ရည်စက်များ၊ အဖေ့၏ ဝမ်းနည်းမှုနှင့် ယူကျုံးမရမှုကို ဖုံးကွယ် ဟန်ဆောင် မထားနိုင်သော မျက်နှာ၊ အိပ်ခန်းထဲမှ မောင်ငယ် ညီမငယ်လေး နှစ်ယောက်၏ ကြိတ်၍ ရှိုက်ငင်နေသော ငိုရှိုက်သံ သဲ့သဲ့တို့က ဖုံးလွှမ်းသွားသည်လေ။ ဖြစ်နိုင်လျှင် အားလုံးနှင့်ဝေးရာကို ပြေးသွားလိုက်ချင်သည်။ ပြီးတော့ အခုချက်ချင်း သေးငယ်သော အမှုန်အစများအဖြစ် လွင့်စင် ပျောက်ကွယ် သွားလိုက်ချင်သည်။

ကျောင်းသက်တမ်း ဆယ်နှစ်နီးပါးအတွက် တပင်တပန်း ရှာဖွေလုပ်ကိုင်ရင်း ကျောင်းထားပေးခဲ့သော ကျေးဇူးရှင် မိဘနှစ်ပါးကို ကျောင်းပြီးလျှင် တလှည့် ပြန်လည် လုပ်ကျွေးပြုစုမည်ဟူသော အတွေး၊ မောင်ငယ် ညီမငယ်တို့၏ တာဝန်ကို လွှဲပြောင်းယူပေးမည် ဟူသောအကြံအစည်၊ ကလေးဘဝထဲက စိတ်ကူးယဉ် မျှော်လင့် တောင့်တနေခဲ့သော အဝါရောင် လိုင်းထူထူ နှစ်လိုင်းနှင့် ဘွဲ့ဝတ်စုံ၊ အမျိုးသမီး စက်မှုအင်ဂျင်နီယာတယောက်၏ ရွှေရောင် အနာဂတ် နေ့ရက်များ… အခုတော့ သွားပြီ… အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပြီ…။

နောက် လအနည်းငယ်ဆို လောကကြီးမှာ ကိုယ် မရှိနေနိုင်တော့…။ ပုံမကျ ပန်းမကျ မိန်းကလေးတစ်ယောက်၏ဘဝ အသက် ၂၅ နှစ်ကျော်မှာ အဆုံးသတ်ရတော့မည်။ လောကကြီးက မတရားပါ။ အချိန်အခါကို မရွေးချယ်တတ်သော သေခြင်းတရားက ပို၍တောင် မတရားသေး။

သည်လိုနှင့် နောက်ဆုံးမှာ မျက်နှာကျက်ဖြူဖြူနှင့် အခန်းငယ်တခုထဲကို ရောက်လာခဲ့သည်။ မျက်လုံးတွေ မှုန်ဝါးစပြုလာပြီ။ လည်ချောင်းထဲ အစာမျိုချရတာ ခက်နေပြီ။ လက်တွေမှာလဲ အပ်ပေါက်ရာတွေ နေရာအနှံ့… နာလှပြီ။ ဆံပင်တွေလဲ တဖြည်းဖြည်း ပါးလျကုန်ကြပြီ။ အမေ့လက်ကို www.thanlwin.com ဆုတ်ကိုင်ရတာ အရင်လို အားမရှိတော့… သူ့လက်တွေက အေးစက်နေကြပြီး ကိုယ့်လက်တွေက အားဖျော့ တုန်ရီနေတတ်သည်။ အဖေ့ စကားသံတွေ တိုးညင်းလာကြပြီး မောင်လေး ညီမလေးတို့၏ အကြည့်တွေ တနေ့တခြား ကြေကွဲဖွယ်ကောင်းလာသည်။ ဆေးရုံကုတင် ဘေးပတ်ပတ်လည်မှာ လူတွေ တနေ့တခြား များလာကြသည်။

သူငယ်ချင်း မိတ်ဆွေတွေ… ဆရာ ဆရာမတွေ… ဆွေမျိုးတွေ… အားပေးစကားတွေ ပြောကြသည်။ တချို့က တိတ်တိတ်လေး ကြိတ်ငိုကြပြီး တချို့က ဝမ်းပန်းတနည်း ရှိုက်ငိုနေကြသည်…။ ဒါဟာ တနေ့မှာ လူတိုင်း သွားကြရမယ့် လမ်းပါ။ စောစောသွားတာနဲ့ နောက်ကျမှ သွားတာပဲ ကွာပါတယ် ဟု သူတို့တတွေကို ပြန်လည် အားပေး နှစ်သိမ့်မိသေးသည်။

အချိန်တွေက တနေ့ပြီး တနေ့ နီးသထက် နီးကပ်လာပြီ။ ကိုယ်ချစ်ရသော သူများ၏ မျက်ဝန်းက မျက်ရည်စများကို ကိုယ်သဲသဲကွဲကွဲ မမြင်ရတော့သော တနေ့မှာ… ကိုယ့်လည်ချောင်းက စကားသံတွေ သဲသဲကွဲကွဲ ထွက်မလာနိုင်တော့သော တနေ့မှာ… မျက်လုံးအစုံကို အသာမှိတ်ထားရင်းမှ ဖြတ်သန်းလာရသော ကျောင်းသူဘဝက ပုံရိပ်တွေကို မြင်ယောင်တွေးတောမိသည်။

ဦးလူပေါဂိတ် နှင့် ပစ္စည်းမဲ့ဂိတ်၊ သဇင်နှင့် ဂျီဟောလ်၊ ဂိုဒေါင်၊ အလုပ်ရုံ၊ နွေးအေး၊ အောင်သိပ္ပံ နှင့် မေတ္တာပေါင်းကူး၊ အဖေ့ လစာထုတ်ရက်နှင့် ကျောင်းသားရေးရာ၊ Building 7 နှင့် Building 8၊ သြဘာလမ်းနှင့် ခရေပင်လမ်း၊ ကျောင်းစာကြည့်တိုက်၊ မိန်းကလေးများ နားနေခန်းမ၊ ည ည အဆောင်ရှေ့မှ သီချင်းသံများ၊ ပြေးပြေးလွှားလွှားနှင့် ဖြေဆိုခဲ့ရသော ကျူတိုရီယယ်များ၊ ကြောက်ကြောက်လန့်လန့် ဖြေဆိုခဲ့ရသော စာမေးပွဲများ နှင့် ရင်တထိတ်ထိတ်နှင့် စောင့်မျှော်ခဲ့ရသော အောင်စာရင်း… အများကြီးပါပဲ။ မေ့လို့ ဘယ်လိုမှ မရနိုင်… ဘဝတခု ချုပ်ငြိမ်းသွားလျှင်တော့ ထိုအရာတွေကို ချန်ထားသွားရလိမ့်မည် ထင်သည်။ အဲဒါတွေကို ဘယ်လိုနည်းနှင့် ပြန်ရနိုင်မည်လဲ။

တွေးရင်း တွေးရင်း မောပန်းလာပြန်သည်။ ခေါင်းထဲကလဲ စူးစူးဝါးဝါး ကိုက်ခဲ နာကျင်လာပြန်သည်။ လက်ဖျံမှာ သွင်းထားသော ဆေးထိုးအပ်မှ တဆင့် ကိုယ်ထဲသို့ စီးဝင်လာနေသော အကိုက်အခဲ ပျောက်ဆေးများကြားမှာ မိန်းမောနေသော အချိန်များ များသည်ထက် များလာသည်။ သည်လိုနှင့် သိပ်မကြာခင် ကာလမှာ ဘဝတခု ချုပ်ငြိမ်းရတော့မည်။ ဟော… ကုတင် ဘေးပတ်ပတ်လည်မှာ လူတွေအများကြီး ယောက်ယက်ခတ် နေကြပြန်ပြီ။ အင်္ကျီဖြူဖြူ ဝတ်ထားသောသူများကို ဆရာဝန်တွေလား သူနာပြုဆရာမလေးတွေလား လုံးဝ မသဲကွဲနိုင်တော့ပါ။

အမေရော… အမေ ဘယ်မှာလဲ… သမီးကို မကြည့်ရက်ဘူးဆို… လာမကြည့်ပါနဲ့တော့ အမေ… အမေ့ သမီး သက်တောင့်သက်သာနဲ့ ဘဝကူးသွားဖို့ အိမ်ကနေပဲ ဆုတောင်းပေးနေပါ။ အဖေ… အဖေက အမေ့ကို အားပေးပေးပါ အဖေ… အဖေ့ ချွေးနှဲစာတွေကို ဆယ်နှစ်နီးပါး ကျောင်းတက်ရင်း ဖြုန်းတီးပစ်ခဲ့တဲ့ သမီးကို ခွင့်လွှတ်ပါနော် အဖေ… ဒီလိုအဖြစ်မျိုးကို ကြုံရမယ်မှန်း သမီး တကယ် မသိခဲ့လို့ပါ။ မောင်လေး နဲ့ ညီမလေး… အမ မရှိရင် အဖေနဲ့ အမေကို ဂရုစိုက်ကြနော်… ခေါင်းကိုက်လာရင် ချက်ချင်း ဆေးခန်းသွားပြီး ဆေးကုနော်.. အမလို မပေတေပါနဲ့။ အသံမထွက်နိုင်သော်လည်း စိတ်ထဲကနေ စကားများစွာ ပြောနေမိသည်။

တဖြည်းဖြည်းနဲ့ အသက်ရှုရတာ ပိုပို၍ ခက်ခဲ မောပန်းလာသည်။ မျက်နှာပေါ်ကို တစုံတခု လာအုပ်လိုက်သည်ကို ရိပ်ကနဲ တွေ့လိုက်ရသည်။ အသက်ရှုရတာ အတန်ငယ် ချောင်လည်သွားသည်။ ကျေးဇူးပါ ဆရာမတို့ရေ။ နား နားမှာ တိုးသဲ့သဲ့ လေသံတခုကို ကြားလိုက်ရသည်။ ကိုယ့်နာမည်ကို ခေါ်နေတာပဲ။ ပြီးတော့ ပြောသေးသည်… ခဏနေရင် နေကောင်သွားမှာနော်တဲ့။ ဟာ.. မဟုတ်သေးဘူးလေ… မှားနေပြီ… မညာပါနဲ့… ကိုယ် သိပါတယ်… ကိုယ်က မကြာခင် သွားရတော့မှာလေ။

ငယ်ငယ်ကလို အသံကျယ်ကျယ်နှင့် ဟားတိုက် ရယ်မောလိုက်ချင်သော်လည်း လက်ရှိအခြေအနေမှာ လေသံပင် မထွက်နိုင်တော့ပါ။ အောင်စာရင်းထွက်ပြီ… နှစ်ဘာသာ ဂုဏ်ထူးပါတယ် သိပြီးပြီ မဟုတ်လား… တဲ့။ နောက်လဆို တို့တွေ အတူတူ ဘွဲ့ယူကြရတော့မယ်နော် အဲဒီနေ့ကျရင် သဇင်ပန်း ပန်မှာမဟုတ်လား တဲ့… တစ်ယောက်က မေးနေပြန်သည်။ ခေါင်းကို ခါယမ်းပြလိုက်ချင်သော်လည်း ခေါင်းက လှုပ်လို့မရ။ မမေးပါနဲ့တော့… တော်ပါတော့… ဟု အသံကုန် အော်ဟစ်လိုက်ချင်သည်။ အသံကား မထွက်နိုင်တော့။



သည်လိုနှင့် မိနစ်အနည်းငယ်မှာ တကိုယ်လုံး ဝါဂွမ်းစလေးတခုလို ပေါ့ပေါ့ပါးပါး ဖြစ်သွားသည်။ ဝေဒနာတွေမှ လွန်မြောက်သွားသည်။ ဝမ်းပန်းတနည်း ငိုကြွေးသံ ဆူဆူညံညံတွေ အားလုံးကို ချန်ထားပြီး ကျောခိုင်းလှည့်ထွက်ခဲ့သည်။ စိတ်ထဲမှာ အလွန်အမင်း သွားချင်သည့်နေရာတခုကို ဦးတည်လိုက်သည်။ ခုတော့လဲ သွားရ လာရတာ လွယ်ကူလိုက်တာ…. ဦးလူပေါဂိတ်ကို တခဏအတွင်းမှာ ရောက်လာသည်။ ပြီးတော့ ကျောင်းရှေ့က တိုင်ကြီးတွေအောက်ကို ရောက်လာသည်။

သံတိုင်များနှင့် သော့ခတ်ထားသော တံခါးတွေကို တွေ့ရသည်။ ကျောင်းသားရေးရာထဲမှ ဦးလေးကြီးကို သော့ဖွင့်ပေးဖို့ လှမ်းခေါ်ရမည်လား။ သို့သော် အံ့သြစရာ…ထိုသော့ခတ် ပိတ်ဆည်းထားသော သံတိုင်တွေကို အလွယ်တကူ တိုးဝင်ဖြတ်ကျော် သွားနိုင်ခဲ့သည်။

ကိုယ် အစဉ်လွမ်းတမ်းတနေမိသော ကျောင်းမျက်နှာစာမှ လှပတဲ့ ခိုင်ခန့်သော ဗိသုကာလက်ရာမြောက် တိုင်ကြီးတွေ၊ အစဉ်စိမ်းလမ်း စိုပြေနေသော ခရေပင်၊ စကားပင်များနှင့် စွယ်တော်ပင်တွေ အပါအဝင် သစ်ပင်ကြီးတွေ၊ ကျယ်ဝန်းပြီး မျက်စေ့အေးစေသော မြက်ခင်း စိမ်းစိမ်းတွေ၊ စာသင်ဆောင်တွေ ကျောင်းသား ကျောင်းသူတွေ နေထိုင်ကြသော ကျောင်းဆောင်တွေ၊ ကျောင်းရဲ့ အမှတ်အသားတွေထဲမှ နာမည်ကျော်လှသော သြဘာလမ်း၊ ဂျီဟောလ်၊ စွယ်တော်၊ ခရေပင်တန်း၊ ကာတွန်းဘောက်စ်၊ ပစ္စည်းမဲ့ဂိတ်၊ Lover’s Lane၊ နွေးအေး၊ အောင်သိပ္ပံ… အားလုံးကို တနေရာပြီး တနေရာ အရောက်သွားလိုက်မည် ဟူသော www.thanlwin.comအတွေးတို့ဖြင့် ပေါ့ပါးလန်းဆန်းပြီး ပျော်ရွှင်နေမိသည်။

သို့သော် တကယ်တမ်းကျတော့ မျှော်လင့်ထားသလို မဟုတ်… မျက်ဝါးထင်ထင် တွေ့လိုက်ရသည်က ကျောင်းကြီးရဲ့ အိုမင်းရင့်ရော်ခြင်းတွေ၊ ကျောင်းကြီးရဲ့ ခြောက်သွေ့ ဟောင်းမြင်းမှုတွေ၊ နားနှင့် ဆတ်ဆတ် ကြားလိုက်ရသည်က ကျောင်းကြီးရဲ့ အနာတရ ငြီးတွားသံတွေ၊ ကျောင်းကြီးရဲ့ ထိခိုက်ကြေကွဲစွာ ငိုကြွေး တိုင်တမ်းသံတွေသာ။ သက်ရှိလူသားတွေမှာ ရှောင်လွှဲမရသော အို နာ သေခြင်း ဘေးတွေ ရှိတတ်သော်လည်း သက်မဲ့ဟု ပြောရမှာဖြစ်သော ကျောင်းကြီးနှင့် ပတ်သက်သမျှတွေသည် အချိန်နဲ့အတူ ဘာကြောင့်များ ပြောင်းလဲ အိုမင်းသွားကြတာပါလိမ့်ဟု တွေးမရ ဖြစ်နေသေးသည်။

မည်သို့ပင်ဖြစ်စေ… ကိုယ်မျှော်လင့် တောင့်တခဲ့ရသော အိမ်မက်များအားလုံး မမျှော်လင့်ပဲ ပျက်စီးခဲ့ရပြီး ဖြစ်သော်လည်း ကိုယ် သိပ်ချစ် သိပ်သံယောဇဉ်တွယ်ခဲ့ရသော ကျောင်းကြီး၏ အရိပ်အာဝါသအောက်မှာ လူမသိ သူမသိ နားခိုခွင့် ရနေခြင်းအတွက် ကျေနပ်မိသည်။ ခြောက်သွေ့နေသော စွယ်တော်ရွက်ကြွေများ၊ ခရေပန်းခြောက်များ၊ သံချေးတက်ကာ ပိတ်ဆို့နေပြီဖြစ်သော ကျောင်းရှေ့မှ ရေပန်းများ၊ ရေညှိတက်နေသော မဲညစ်ညစ် ကျောင်းနံရံများ၊ ပိုးမျှင်များ တွယ်ငြိပြီး ဆွေးမြေ့နေပြီဖြစ်သော စာသင်ခုံတန်းရှည်များ၊ တွန့်လိမ်နေသော ကျောင်း ကင်တင်းမှ ခေါင်မိုးသွပ်ပြားများ၊ ချုံနွယ် ပိတ်ပေါင်းများ၊ မြက်ရိုင်းများဖြင့် ပိတ်ဆည်း ထူထပ်နေပြီဖြစ်သော လူသွားလမ်းငယ်လေးများ၊၊ အင်္ဂတေများ ပဲ့ကြွေနေသော ကျောင်းဆောင်များ၊ သံချေးတက်နေသော တံခါးရွက်များ… ထိုထိုသော အိုမင်း ခြောက်သွေ့ခြင်းတွေကြားမှာ လှုပ်ရှားသွားလာရင်း… တခါတရံ ပွင့်အံထွက်လာသော ကျောင်းကြီး၏ ရင်ဖွင့်သံတွေကို နာခံရင်း… ကျောင်းကြီးကို ပြန်လည်တောက်ပလာစေမည့် ကြယ်ပွင့်လေးများကို မျှော်လင့် တောင့်တရင်း… အခွင့်ရှိနေသေးသ၍တော့ ကိုယ်သိပ်ချစ်ရသော ကျောင်းကြီးကို ကိုယ်ချစ်သော စွယ်တော်ရွက်တွေနှင့်အတူ ထာဝစဉ် မက်မော ဖက်တွယ်နေမိမည်သာ။

သက်ဝေ

No comments:

Post a Comment