ကဗျည်းကျောက်တိုင် တစ်ခုမပိုင်ဘဲ

ကျောင်းတက်နေတဲ့ ကလေးငယ်တွေဟာ ကြောင်တွေ၊ ခူကောင်တွေ၊ သစ်ရွက်အခြောက်တွေ၊ ဂေါ်ဘီအဖြူထုပ်တွေ၊ သစ်တော်သီးတွေနဲ့ ခရုတွေကို ပန်းချီရေးဖို့ သင်ယူကြရတယ်။ ဒါပေမဲ့ ပုတ်သင်ညိုရေးဆွဲနည်းကို သင်ကြားဖို့ကိစ္စကျတော့ ဘယ်သူမှ မစဉ်းစားကြဘူး။
အကြောင်းပြချက်က ပုတ်သင်ညိုတစ်ကောင်ရေးဖို့ဆိုတာ အလွန်ခက်တဲ့ကိစ္စဖြစ်တယ်ဆိုတဲ့ ယူဆချက်ထဲမှာ ရှိလေရဲ့။ ဒီလိုအယူအဆဟာ အမှန်တရားနဲ့ ဝေးလွန်းလှသပေါ့။ တကယ်က ပုတ်သင်ညိုတစ်ကောင်ရဲ့ပုံကို ရေးဆွဲရတာဟာ အခြားသောသတ္တ၀ါမှန်သမျှကို ရေးရတာထက် လွယ်ကူတယ်။
ပုတ်သင်ညိုကိုရေးတဲ့အခါ ဖယောင်းခဲ ဘယ်အရောင်ကိုသုံးရမလဲဆိုပြီး ပူပင်ကြောင့်ကြစရာ မလိုအပ်ဘူး။ ဘယ်အရောင်ကိုပဲသုံးသုံး အိုကေသွားမှာပဲ။
ဟေ့.... ဒါကဘာစိတ်ကူးလဲ။ ကျုပ်က အ၀ါရောင်ဟာကို မင်းက အပြာရောင်နဲ့ ရေးဆွဲထားပါလားလို့ ပုတ်သင်ညိုတစ်ကောင်ကများ လာပြီး ပြဿနာရှာတယ်ဆိုပါတော့။ ဒီမယ် ကိုယ့်လူ၊ ဒါ ခင်ဗျားရဲ့ မနေ့ကပုံကို ရေးထားတာလို့သာ ပြန်ပြောပစ်လိုက်။ ဒါမျိုး ပြန်ပြောလိုက်လို့ ခင်ဗျားမှာ အပြစ်မရှိဘူး။ ဘာအန္တရာယ်မှလည်း မရှိဘူး။
ဘာကြောင့်လဲဆိုတော့ အဲဒီ ပုတ်သင်ညိုဟာ မနေ့က သူ့ရဲ့အရောင် ဘယ်လိုရှိခဲ့သလဲဆိုတာကို ကောင်းကောင်းမှတ်မိမှာ မဟုတ်လို့ပဲ။ ဒီအခါ သူက တခြားအကြောင်းကို ပြောင်းဆွေးနွေးလိမ့်မယ်။
ခင်ဗျားအနေနဲ့ကတော့ ၀ိရိယနည်းနည်းပိုထည့်ပြီး ပုတ်သင်ညိုရဲ့ပုံတူကို အစောကြီး ကြိုရေးထားလို့တောင်ရတယ်။ ကဲ ရှေ့ဆက်တွေးကြည့်ရအောင်လား။
ပုတ်သင်ညိုတစ်ကောင်ဟာ လေးထောင့်အကွက်တွေပါတဲ့ စားပွဲခင်းတစ်ခုပေါ်မှာ ထိုင်နေတယ်ဆိုပါစို့။ ဒါဆိုရင် ကျုပ်တို့ကလည်း လေးထောင့်အကွက်တွေပါတဲ့ ပုတ်သင်ညိုပုံကို ရေးရုံပဲ။ ဒါဆိုရင် ကျုပ်တို့ဘက်က ရှုံးနိမ့်စရာ တစ်ခုမှ မရှိတော့ဘူး။
နောက်တစ်ခုက အဲဒီပုံတူတွေကို ကျုပ်တို့ရေးထားပေမယ့် အကျိုးအမြတ်တော့ ရမယ်မထင်နဲ့။ ပုတ်သင်ညိုတွေမှာ သူတို့ရဲ့ ပုံတူပန်းချီကားကို ၀ယ်တဲ့ အလေ့အထမရှိဘူး။ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပေဘူး။ သူတို့က သူတို့ကိုယ်သူတို့ ပြန်မှတ်မိတာမှ မဟုတ်တာ။
နောက်ထပ်စိတ်ပျက်စရာ ကိစ္စတစ်ခု ကျန်သေးတယ်။ ပုတ်သင်ညိုနှစ်ကောင် ဆုံတွေ့ကြပြီဆိုပါတော့ဗျာ။ ဒီကောင်တွေ တစ်ကောင်ကိုတစ်ကောင် အသိအမှတ်ပြုမယ် ထင်သလား။ ဝေးပါသေးရဲ့။ သူတို့က အချင်းချင်း မမြင်တတ်ကြဘူး။ ပုတ်သင်ညိုအုပ်စုကြီး တစ်ခုလုံး တစ်နေရာရာမှာ အတူရှိနေမယ်ဆိုရင်တောင် အဲဒီနေရာမှာ ဘယ်ပုတ်သင်ညိုမှ ရှိမနေဘူးဆိုတဲ့အပေါက်မျိုး ချိုးပြလိမ့်မယ်။
ဒါကြောင့်လည်း ပုတ်သင်ညိုကို ရှားပါးသတ္တ၀ါရယ်လို့ ယူဆချင်ကြတာနေမှာ။ တကယ်တော့ ပုတ်သင်ညိုဆိုတာ တခြားသတ္တ၀ါတွေနဲ့ အတူတူပဲ။ ခရု၊ ကြောင်၊ ခူကောင်တွေနဲ့အတူ ပန်းချီသင်ရိုးထဲ ထည့်သွင်းခံရတဲ့ကောင်ပဲ။
စိတ်ဝင်စားစရာတစ်ခုက ပုတ်သင်ညိုတွေဟာ သူတို့ သက်ရှိထင်ရှားရှိစဉ်က အလွန်လှပတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်၊ ပန်းရောင်စတဲ့ အရောင်တွေရှိခဲ့ကြပေမယ့် သေကြတဲ့အခါမှာတော့ တစ်ရောင်တည်းပဲ။ အဲဒီအခါကျတော့ အားလုံးက မထင်မရှား မီးခိုးရောင်။
(ချက်လူမျိုးစာရေးဆရာ မီးလော့စ်မာကူရက်၏ မူရင်းအရေးအသားကို ဆရာမောင်ဒေးဘာသာပြန်ပြီး တေဇာမှ သံဝေဂစိတ်ကလေးဖြင့် ဖော်ပြပေးပါသည်။)
ဒီအက်ဆေးမှာ အလေးအနက်ဖော်ထုတ်ပြထားတာက လူတွေရဲ့ နဝေတိမ်တောင်ဖြစ်မှုပါပဲ။ တစ်ခါခါမှာ ပြဿနာတစ်ခုဟာ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေပြီဆိုရင် ဖြေရှင်းရတာ လက်ပေါက်ကပ်တတ်တာပေါ့။ အရောင်အမျိုးမျိုးပြောင်းနေတဲ့ ပုတ်သင်ညိုတစ်ကောင်ကို ပန်းချီဆွဲရတာလိုလေ...။ ဒီအခါမှာ အဖြေက ရိုးရိုးလေးစဉ်းစားပါဆိုတဲ့ ဥပဒေသပါ။ ဘာအရောင်နဲ့ပဲဆွဲဆွဲ အလုပ်ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းစဉ်းစားကြဖို့ အကြံပြုချက်လေးဖြစ်ပါတယ်။ ပြဿနာဖြေရှင်းခြင်းကိစ္စမှာ လူတွေရဲ့စိတ်ထဲ တစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ပြဌာန်းထားတဲ့ စည်းကမ်းတွေနဲ့ ပြန်ပိတ်မိနေတတ်တယ်။ ငါဒီလိုတော့ လုပ်လို့မဖြစ်ဘူးလို ဟာမျိုးပေါ့။ ဒီတော့ ပုတ်သင်ညိုလိုမျိုး ပြဿနာတွေနဲ့များ အပြင်မှာ ဆုံခဲ့လို့ရှိရင်......
ပြီးတော့မှ အက်ဆေးဆရာဟာ ပုတ်သင်ညိုတွေရဲ့ စရိုက်သဘာဝနဲ့ အထီးကျန်ဆန်မှုကိုရေးဖွဲ့ပြီး နောက်ဆုံးမှာတော့ သံဝေဂရစရာလေးကို လှလှပပရေးဖွဲ့ခဲ့ပါတယ်။
ကဗျည်းကျောက်တိုင်...
တစ်ခုမပိုင်ဘဲ...
ဘယ်နေရာမှာ ကျွန်ုပ်လဲလျောင်းရမည်...
ပြောပါလေ...
(ဆယ်တန်းကဗျာလေးပါ)
No comments:
Post a Comment