Saturday, January 14, 2012

ဗမာ့အောင်ဆန်း (၁)



ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ငယ်ပေါင်းမဟုတ်၊ ကြီးဖော်ဖြစ်သည်။ သူနှင့် ကျွန်တော်နှစ်ဦးသား တဦးနှင့်တဦး အသီးအခြားကြီးပြင်းလာခဲ့ကြသည်။ သူ၏ ရေမြေနှင့် ကျွန်တော်၏ ရေမြေတို့က တခြားစီ။ ဗိုလ်ချုပ်က သူမွေးဖွားရာဒေသတခွင်ကို မြေလတ်ဟု ဆို၏။ သို့သော် ကျွန်တော်တို့ အောက်သားများအဖို့ နတ်မောက်သည်လည်း အညာပင်ဖြစ်၏။

အညာဒေသ၏ ပထ၀ီသွင်ပြင်အရ ဗိုလ်ချုပ်၏တောတောင်စိမ့်စမ်း မြိုင်လျှိုစသည့် ပတ်ဝန်းကျင် သြကာသလောကမှာ ထူးဆန်းထွေလာ ပျော်မွေ့ရာ ဖြစ်လိမ့်မည်ဟု ကျွန်တော်ခန့်မှန်းမိ၏။ အကြောင်းသော် တမူကား ကျွန်တော်မွေးဖွားရာ အောက်အရပ် မြစ်ဝကျွန်းပေါ်ဒေသဟူသည်မှာ ပင်လယ်၊ မြစ်ချောင်း၊ လမုပင်၊ လတာပြင်တို့နှင့်သာ ရှုမျှော်ခင်းကို တန်ဆာဆင်ထားလေရာ မည်သည့်အရပ်ကို ကြည့်ကြည့် ပတ်ဝန်းကျင် သြကာသလောကကြီးသည် စိမ်းလဲ့သော တောင်တန်းတည်းဟူသော မျဉ်းဖြောင့်တခုပေါ်၌ အုပ်၍နေသော မိုးကုပ်စက်ဝိုင်းတခုမျှသာဖြစ်၍ ငြီးငွေ့ဖွယ်ရာဖြစ်သောကြောင့်တည်း။

သို့သော် ကောင်းကင်မှ မိုးကုပ်စက်ဝိုင်းနှင့် မြေကြီးမှ တောတောင်ကလေးတို့ နှစ်ဦးသား ဆုံမိကြသည့် ပမာ သူ၏ဘ၀သံသရာ နှင့် ကျွန်တော်၏ ဘ၀သံသရာတို့သည် ၁၉၃၂ ခုနှစ်တ၀ိုက်ဆီလောက်က တက္ကသိုလ် သမဂ္ဂဆံပင်ညှပ်ဆိုင်၌ ဖူးစာဆုံမိကြလေသည်။ ယင်းသို့ဆိုလျှင် သူနှင့်ကျွန်တော်မှာ ကျောင်းသားကြီးအရွယ်သို့ ရောက်ကြမှပင် အဆွေခင်ပွန်း ဖြစ်လေသောကြောင့် ကျွန်တော်တို့ နှစ်ဦးသားကို ကြီးဖေါ်ဟူ၍ ခေါ်နိုင်ပေသည်။

သို့သော် နှစ်ဦးသားမှာ တဦးနှင့်တဦး ခင်မင်ရင်းနှီးလာလေလေ တဦးပေါ်တဦး မြုံစေ့စေ့နိုင်သူတွေဖြစ်၍ တစ်ခါတစ်ရံ ကျွန်တော်ကိုယ်တိုင် ကပင်လျှင် သူ၏ရင်းနှီးသော မိတ်ဆွေဟုတ်ပါလေစဟု သံသယဖြစ်မိသည်။ သို့သော် လူရှင်းသောအချိန်တွင် နှစ်ယောက်ချင်းဆုံကြသောအခါ ကျွန်တော်၏သံသယတို့မှာ ရှေးဟောင်းနှောင်းဖြစ်တို့ကို အမျှင်မပြတ်ပြောကာ ခင်မင်ရင်းနှီးမှုကို ပြသော ဗိုလ်ချုပ်၏ စကားများထဲတွင် အရည်ပျော်၍ ကျလေတော့သည်။

ထိုသို့သော အခါများတွင် ကျွန်တော့်စိတ်ထဲ၌ ကြီးမှပေါင်းကြရသည့် ကျောင်းနေဘက်ချင်း ဖြစ်စေကာမူ သင်စိတ် မပြောင်းပါကလားဟု တွေးတောကာ တိတ်တိတ် ချီးကျူးမိသည်။ သူ ကျွန်တော်တို့အပေါ် စိတ်မပြောင်းလေလေ ကျွန်တော်တို့က သူ့ကို အမျိုးသားခေါင်းဆောင်အဖြစ်နှင့် ပို၍သိဒ္ဓိတင်ရလေဖြစ်သည်။ ကျွန်တော်သည် နေ့ရက်အတိကျတို့ကို ကောင်းစွာမမှတ်မိ။ ရှေးနှောင်း အစီစဉ်တို့ကို သတိမရ။ သို့သော် ဖြစ်ပျက်ခဲ့သော အကြောင်းခြင်းတို့က မနေ့ကမှ ဖြစ်ခဲ့သလိုလို အတိတ်ကာလသည် ကျွန်တော်ရှေ့တွင် အထင်အရှားဇာတ်စုံခင်းလျက်ပြနေသည်။ ၁၉၃၁၊ ၃၂ တခိုလောက်က အောင်ဆန်းဆိုသူ ကျောင်းသားတစ်ဦးသည် ရန်ကုန်တက္ကသိုလ်၏ အရိပ်အာဝါသကို ခိုလှုံသည်ဟု ကျွန်တော်ကြားရသည်။ သို့သော် သူ့ကို ကျွန်တော်မတွေ့ဘူးသေး။ အောင်ဆန်း ဘိုသီဘတ်သီနိုင်ပုံ သတင်းကမွှေးစပြုလာသည်။ သို့သော် ကျွန်တော်အဖို့ ထိုကိစ္စသည် မထူးဆန်း။ အောင်ဆန်းထက် ဘိုသီဘတ်သီ နိုင်သော တက်ထွဋ်နှင့် ကျွန်တော် ဖတ်မိသည့်နောက် အောင်ဆန်းဆိုသည်မှာ တက်ထွဋ်ထက် ဂွမကျဟု ကျွန်တော် တထစ်ချ ယုံကြည်သည်။

တနေ့သောအခါ တက်ထွဋ်ထက်ပင် တမျိုးတဖုံ ထူးဆန်းသော သတ္တ၀ါလေးတခုသည် တက္ကသိုလ် ကျောင်းသို့ မလှုပ်မယှက်နှင့် ရောက်လာသည်။ ထိုသတ္တ၀ါမှာ အခြားမဟုတ်။ သိန်းတင်ခေါ်ညိုမြဖြစ်သည်။ ညိုမြ၏ ညီအစ်ကိုတစုမှာ ကျွန်တော်နှင့် အသိချည်းလိုလိုပင်ဖြစ်သည်။ သူ၏အစ်ကို ကိုစိုးတင့်မှာ ဘိလပ်သွားခါနီး သထုံကျောင်းဆောင်ရှိ ကျွန်တော်အခန်းထဲတွင် ကျွန်တော့်ဘောင်းဘီနှင့် လည်စည်းကို ကြေမွအောင် ၀တ်ဆင်၍ မျောက်က ကခဲ့သူဖြစ်၏။ သူ၏အစ်ကို တက်ထွဋ်ဆိုသူမှာလည်း ကျွန်တော့်စားပွဲကို မစိန်ညွန့်ဆေးပေါ့လိပ်နှင့် ဆောင့်၍ထိုးခဲ့သူဖြစ်၏။ သူတို့ညီအစ်ကိုတစု ကျွန်တော့်ကို ဤမျှညှင်းခဲ့ပြီးသည့်နောက် အားမရသေးသောကြောင့်ပေလောမသိ အစ်ကိုလုပ်သူတို့က ညီငယ်မောင်သိန်းတန်ကို ကျွန်တော့်ထံခေါ်လာပြန်သည်။ ထို့ကြောင့် ကျွန်တော့်အခန်းမှာ ဆေးပေါ့လိပ် ပြာပုံအတိ ဖြစ်ခဲ့ရလေသည်။

ထိုမျှနှင့်မပြီးသေး။ ညိုမြသည် တနေ့သော် သူ၏သူငယ်ချင်းအောင်ဆန်းကို တွေ့ရအောင် ကျွန်တော့်အား တက္ကသိုလ် သမဂ္ဂဆံပင်ညှပ်ဆိုင်သို့ခေါ်သွားသည်။ ရှုလော့။ ဤသူကား အောင်ဆန်းပင်တည်း။ ပါးရိုးငေါငေါ၊ မေးရိုးခိုင်ခိုင်၊ မျက်မှောင်ကုပ်ကုပ်၊ ဆံပင်စုတ်ဖွား၊ ရှုသိုးသိုး၊ အောင်ဆန်းနေသောအခန်းသည် တက္ကသိုလ် ဆံပင်ညှပ်ဆိုင် နောက်ဆွယ်အခန်းဖြစ်သည်။ ဆံပင်ညှပ်ဆိုင်နှင့် နီးလွန်းအားကြီးသောကြောင့် သူ၏ ဆံပင်ရှည်နေခြင်းဖြစ်ဟန်သူ၏။ သူ့ဆံပင်သည် ဆီနှင့်ဘီးကို တွေ့ဘူးဟန်မတူ။ မသကာ တွေ့ဘူးသည်ဆိုဦးတော့ နောက်ဆုံးတွေ့သောအကြိမ်မှာ လွန်ခဲ့သော အသင်္ချေယနှစ်ကပ် သုံးကပ်လောက်က ဖြစ်တန်ရာ၏။ ယင်းသို့ ကျွန်တော်ဆိုလျှင်ကဲပြောသည်ဟု အပြစ်တင်ခံရဘို့ရှိ၏။ သို့သော် သူ၏ခေါင်းပေါ်ရှိ ငှက်သိုက်က ကျွန်တော် ကဲ၍ပြောထိုက်ကြောင်းသက်သေခံလျက်နေ၏။

အောင်ဆန်းသည် ရှပ်အကျီင်္ဆယ်သုံးခွဲ၊ ဆယ့်လေးလောက်ကို ၀တ်နိုင်သူဖြစ်၏။ သို့သော် သူ့ကိုယ်ပေါ်က ရှပ်အကျီင်္မှာ အနည်းဆုံး ဆယ့်ခြောက် လောက်ရှိလိမ့်မည်။ ရှိပေမှာပ။ သူဝတ်ထားသော အကျီင်္က သူ့အကျီင်္မှ မဟုတ်ပဲ။ ပြာနှမ်းနှမ်းအရောင် ယူတီစီ ရှပ်အကျီင်္ဖြစ်၏။ လုံချည်မှာဘယ်လို လုံချည်ဟု မမှတ်မိ။ ကျွန်တော် မှတ်မိသ၍မှာ သူ့လုံချည်သည် ငှားဝတ်သောလုံချည်ဖြစ်ရမည်ဟု တွေးတောမိသည်ကိုသာ မှတ်မိပါသည်။ လုံချည်သည်လည်းကောင်း၊ ယူတီစီ ရှပ်သည်လည်းကောင်း၊ ဆံပင်ငှက်သိုက်သည်လည်းကောင်း ကျွန်တော့်စိတ်ကို ထူးခြားအောင် ဘာမှ မဆွဲဆောင်နိုင်ခဲ့၊ လူထူးဟူ၍လည်းမထင်မြင်မိ၊ ဂွစာဟူ၍လည်းမယူဆ၊ သူ၏ မပြုံးမရယ် မြုံစိစိ အမူအရာနှင့် ရှုသိုးသိုးအကြည့်နောက်မှာ မနောက်ပဲကြည်သောဓါတ်တခု ရှိလိမ့်မည်ဟူကား အကဲခတ်မိ၏။

အမှန်မှာ သူ၏ရှုသိုးသိုးသည် ချစ်ရတော့မည့်ပုံလို၊ အမြင်ကပ်ရတော့မည့်ယောင်ယောင်၊ သို့သော် သူ၏ ဖြူစင်သော မနောဓါတ်ကြောင့် အမြင်ကပ်စရာဟု ကျွန်တော်သဘောမထားနိုင်။ ညိုမြနှင့်တွေ့စက ညိုမြကို ခင်မင်မိသလို အောင်ဆန်းအားခင်မင်မိသည်။ ထို့နောက်က ကျွန်တော်သည် တက္ကသိုလ်မှ လွင့်ခဲ့ရပေသည်။ သို့ရာတွင် တက်ထွဋ်၊ ညိုမြ၊ ကိုဝန် စသည်တို့နှင့်သာ ကျောင်းနေစဉ်က ကဲ့သို့ပင် ဆက်သွယ်လျှက်ရှိပေသည်။ ဤအတောအတွင်း အောင်ဆန်းနှင့် မေးခေါ်ပြောထူး အမှတ်မထင်ခဲ့သည်က များပေသည်။ သို့သော် အိုးဝေမဂ္ဂဇင်း၊ တက္ကသိုလ် မဂ္ဂဇင်း၊ ဂန္ထ လောက မဂ္ဂဇင်းတို့တွင် အရေးအသားချင်း ဆုံမိကြသည်။ ထိုစဉ်က ညိုမြသည် ပုဒ်မ ၅၀၀ တဖက်တချက် ခြံရံသော ဆောင်းပါးများကိုရေးတတ်သည်။ ထို့ကြောင့် တနေ့သော် အောင်ဆန်းသည် ညိုမြ၏ဒဏ်ကို မငြိုမငြင် ခံယူရရှာပေသည်။

ကျွန်တော်သည် တက္ကသိုလ်မှ အနယ်နယ်သို့ ရွက်မပါသောလှေကဲ့သို့လွင့်နေစဉ်၊ တနည်းအားဖြင့် အရာရှိလောကတွင် အကန်ခံ ခံရသော ဘောလုံးကဲ့သို့ လိမ့်နေစဉ် ညိုမြက သူ၏ဆောင်းပါးကြောင့် အောင်ဆန်းသည် ခေါင်းဆောင်ပီပီ ဒဏ်ခံယူလိုက်ကြောင်း စာရေးသားအကြောင်းကြားလေသည်။ ခေါင်းဆောင် အစစ်ဟူသည် နောက်လိုက်တာဝန်ကို ယူရဲရသည် ဖြစ်၏။ ဤအချက် တချက်နှင့်ပင် အောင်ဆန်းသည် ကျွန်တော်တို့၏ လူငယ်လှုပ်ရှားမှုကို ခေါင်းဆောင်နိုင်ရမည်မှာ ထင်ရှားပေသည်။ သို့သော် ထိုစဉ်က ကျွန်တော်တို့သည် အနာဂတ်ကို လှမ်း၍မမြင်နိုင်ကြသေး။ အောင်ဆန်းက ခေါင်းဆောင်နိုင်သည်ဆိုပါတော့။ ခေါင်းဆောင်ပြီး ဘာလုပ်မလဲ။ အောင်ဆန်းနှင့် ကျွန်တော် တွေ့မိသည့်အခါတိုင်း ဘာလုပ်ကြမလဲဟု ကျွန်တော်မေးကြည့်မိသည်။ သူကပြုံးပြသည်။ ထိုအပြုံးသည် သူ၏ အဖြေပင်ဖြစ်ဟန်တူသည်။ သို့သော် ကျွန်တော်အကင်းမပါး မရိပ်မိခဲ့။

ကျွန်တော်တို့ စာပေသမားတစုမှာ အတွေးအခေါ်အားဖြင့် တော်လှန်နေကြသူများဖြစ်၏။ သို့သော် လက်တွေ့သဘောကို ဘာမှနားမလည်။ နိုင်ငံရေး ကြိုးပမ်းမှုကို ကြိုးပမ်းမှုတရပ်အနေဖြင့် သိ၏။ လှုပ်ရှားမှုကို လှုပ်ရှားမှုတရပ်အနေဖြင့် လက်ခံ၏။ သို့သော် အဆောက်အအုံ ခိုင်မြဲနေသော ဗြိတိသျှအုပ်ချုပ်ရေး အုတ်ခုံကို အဘယ်ပုံ အမြစ်က လှန်ကြရမည်နည်း။ တက္ကသိုလ်ကျောင်းတွင်နေစဉ်က ထိုပြဿနာကို မဖြေတတ်။ လောကလူ့ဘောင်တည်းဟူသော တက္ကသိုလ်ဝယ်ကျင်လည်ရသောအခါမှ အဖြေကို ရေးတေးတေးမြင်မိ၏။ ကျွန်တော်အဖို့အုပ်ချုပ်ရေးဆိုင်ရာ အရာရှိတဦးအနေဖြင့် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတို့ကို ကိုယ်တိုင်ဆည်းပူးခွင့်ရရှိခဲ့ပေသည်။ ဗဟုသုတကို လက်တွေ့ရှာကြည့်မှ ဗြိတိသျှအုပ်ချုပ်ရေး အခြေခံတို့ကို ပြည်သူလူထု၏ ထင်မြင်ချက်နှင့် ဆန္ဒအရ တိုက်ဖျက်နိုင်ကြောင်း တွေ့ခဲ့ရပေသည်။ ထိုနည်းအရ အောင်ဆန်း၊ မောင်နု၊ ဗစိန်၊ သန်းထွန်း စသော လူငယ်ခေါင်းဆောင်တို့က နိုင်ငံရေးအရကြိုးပမ်းစဉ် ကျွန်တော်တို့ကဲ့သို့သော ပြည့်အစေခံများက စည်းလုံးညီညွတ်စွာဖြင့် ဗျူရိုကရေစီ အခြေခံတို့ကို ဒီမိုကရေစီအခြေခံများဖြင့် နှဲ့ပေးရန် နည်းလမ်း ဖြစ်လေသည်။အထူးသဖြင့်ထိုစဉ်က ဟင်္သာတအရေးပိုင် ဦးကာစိသည် သူကြီးလက်စွဲကျမ်းတအုပ်ဖြင့် မြန်မာနိုင်ငံအုပ်ချုပ်ရေးတိုးတက်ကောင်းလာအောင် လုပ်သောနည်းလမ်းများကို ကျွန်တော်တို့ကဲ့သို့သော လူငယ်အရာရှိများအား လမ်းညွန်ခဲ့ပေသည်။

အနယ်နယ်သို့ ရောက်ခဲ့စေကာမူ ကျွန်တော်တို့နှင့် တခတ်တည်းပေါ်ပေါက်လာသော လွတ်လပ်ရေး ပိသုကာတို့၏ သတင်းကို တမျှော်မျှော်နေခဲ့၍ သခင်ဘသောင်း၊ သခင်နု၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ သခင်စိုး၊ သခင်ဗဆွေစသော အမိမြန်မာပြည်၏ အဖူးအညှောင့်များသည် ရဲဘော်ပီပီ ညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင် စခန်းသွားကြမည့်နေ့ကို ကျွန်တော်သည် လင်မရဖူးသေးသော အပျိုကြီး၏ စိတ်ဖြင့် စိတ်ကူးခဲ့လေသည်။

သို့သော် စိတ်ကူးသည် စိတ်ကူးတည်း။ လက်တွေ့လုပ်ငန်းသည် စိတ်ကူးနှင့် တခြားစီဖြစ်၏။ သို့ပါလျှက်နှင့် စိတ်၏ဆွဲဆောင်ရာသို့ပါပြီးလျှင် တနေ့သောအခါတွင် အုပ်စုသူကြီးဆွေးနွေးပွဲတခု၌ သူကြီးခေတ်ကုန်၍ တိုင်းသူပြည်သားတို့က ရွေးကောက်တင်မြှောက်သော ကျေးရွာခေါင်းဆောင်ခေတ်သို့ ရောက်ရမည်မှာ မလွဲတည်းဟု နိုင်ငံရေးတရား ဟောမိသည်။

ကျွန်တော်ယခုပြန်ပြောင်း၍ တွေးလိုက်သည့်အခါ ကညင်ငူ၊ အင်ပင်၊ ညောင်ကျိုး၊ နောင်မီး၊ ရေလည်း၊ ကင်းဒေါင့်ကြီး စသောမြို့နယ်အသီးသီးတို့၏ ကျေးရွာအုပ်စုအသီးသီးတို့တွင် ကျွန်တော်နှင့်ဖူးစာဆုံရပြီး သူကြီးမင်းတို့ကို လာမည့်ခေတ်ပြောင်း ခေတ်လွဲများအတွက် အသင့်ပြင်ရန် အချိန်တန်ပြီဖြစ်ကြောင်း ရွာသူကြီးလက်စွဲကျမ်းက ညွန်းဆိုထားသော ကျေးရွာပြုပြင်ရေးလုပ်ငန်းနှင့် တာဝန်များကို ကျေပြွန်အောင် ဆောင်ရွက်၍ တိုင်းသူပြည်သားတို့၏ ခေါင်းဆောင်ဖြစ်အောင် ကြိုးစားသင့်ကြောင်းဟောပြောမိသည်ကို သတိရမိပါသေးသည်။ တနေ့သော် စိတ်ခပ်ပျက်ပျက်နှင့်မို့ ဌာနဆိုင်ရာ စာမေးပွဲအောင်လိုလည်း အောင်စေ၊ မအောင်လိုလည်းကျစေ၊ စာမေးပွဲလည်းဖြေရင်း ရန်ကုန်၌လည်း လည်ပတ်ရင်းဆိုသလို ကျွန်တော်သည် ရန်ကုန်မြို့သို့ထွက်လာခဲ့လေသည်။ ရန်ကုန်သို့ရောက်လျှင် တက္ကသိုလ် ကျောင်းသားဘ၀ကသောက်ခဲ့ဘူးသော လက်ဘက်ရည်ဆိုင်သို့အရင်ဝင်မိသည်။ ထိုလက်ဘက်ရည်ဆိုင်ကား စကော့ဈေးတွင်ရှိသည်။ ထိုဆိုင်တွင် လက်ဘက်ရည်သောက်နေစဉ် အောင်ဆန်းသည် မလှမ်းမကမ်းမှ ၀င်လာသည်။ အောင်ဆန်းသည် ကတုံးဆံတောက် မကျတကျ ဆံပင်တိုတိုညှပ်ထားသည်ကို တွေ့ရ၍ အတော်ပင်သပ်သပ်ယပ်ယပ် ရှိနေသည်ကို ချီးမွန်းမိတော့သည်။ ကျွန်တော်သည် သူ့အားရွှန်းရွှန်းစားစားကြည့်မိသည်။ သူက မတုန်မလှုပ်။ စကားကို လေးလုံးပြည့်အောင်ခရေစေ့တွင်းကျ မေးကြည့်လိုသည်။ သို့သော်ထိုနေရာသည် မေးသင့်သော နေရာမဟုတ်။ အောင်ဆန်းကား ကြီးကျယ်နက်နဲသော အကြံတခုကို တွေးတောနေသည့်ပမာရှိ၏။ ထို့ကြောင့် မမေးထိုက်သည်ကိုပင် မေးမိပြန်၏။ အောင်ဆန်းကားပြုံးဖြဲဖြဲနှင့် ခရုမှာအဆံ လူမှာအကြံဟူသော ဆောင်ပုဒ်ကို ကျွန်တော်အား ပေး၏။

ကျွန်တော်ရန်ကုန်မှအပြန် ဟင်္သာတကိုဝင်၏။ ထိုအချိန်တွင် ဟင်္သာတမြို့ရပ်ကွက်တခု၌ မီးလောင်ပြီးစ ဖြစ်၏။ ကျွန်တော်ရောက်ချိန်တွင် အရေးပိုင်ဦးကာစီနှင့် ဟင်္သာတသို့ပြောင်းလာကာစ ရာဇ၀တ်ဝန် မစ္စတာဇေဗီယာတို့သည် မီးလောင်မြေကိုသွားရောက်ကြည့်ရှုနေချိန် ဖြစ်၏။ ဦးကာစီကို ၀င်၍နှုတ်ဆက်ရန် မီးလောင်မြေသို့သွားခဲ့၏။ ဦးကာစီနှင့် တွေ့ရ၏။ ဦးကာစီက ကျွန်တော့်အား မစ္စတာဇေဗီယာနှင့် မိတ်ဆက်ပေး၏။ ထိုမှတဖန် မိမိရုံးထိုင်ရာ ဒေသသို့ထွက်ခဲ့ပြန်သည်။ များမကြာမီတွင် ဟင်္သာတရာဇ၀တ်ဝန် မစ္စတာဇေဗီယာဆိုသူမှာ အောင်ဆန်းအား ဆုငွေငါးကျပ် ထုတ်ခဲ့ဖူးသူဖြစ်သည်ဟု ကြားရလေတော့သည်။ ဆုငွေ ငါးကျပ်ဆိုသည်မှာ ရယ်စရာ။ သို့သော် ကျွန်တော်မရယ်နိုင်ပါ။ အဘယ်ကြောင့်မသိ။ နေသေးသပ ခြုံထဲက ဟူသော စိတ်မျိုးပေါ်လာပါသည်။ မစ္စတာဇေဗီယာအပေါ် စိတ်ခုသော စိတ်မျိုးမဟုတ်ပါ။ သို့သော် အုပ်ချုပ်သူလူကြီးက အုပ်ချုပ်ခံရသူ လူမျိုးကလေးတမျိုးကို စော်ကားခြင်းဖြစ်သည်ဟူ၍သာ စိတ်ထဲတွင် တေးမိသည်ကို ၀န်ခံလိုပါသည်။

မခံချင်သောစိတ်၊ အရှုံးမပေးလိုသောစိတ် မှန်သည်ဟုယူဆမိသည်နှင့် တပြိုင်နက် တဇွတ်ထိုးလုပ်လိုသောစိတ်၊ ထိုစိတ်တို့ကြောင့် ကျွန်တော်သည် ရခိုင်ပြည်သို့ လွင့်ခဲ့ပြန်ပါသည်။ အောင်ဆန်းနှင့် ကျွန်တော်ဟာ မယ်တရွာ မောင်တမြို့မျှမက သူကမြောင်ဝင်ရိုးစွန်းရောက်နေချိန်တွင် ကျွန်တော်က တောင်ဝင်ရိုးစွန်းသို့ ရောက်နေသည့်သကဲ့သို့ ရှိပြန်ပါသည်။ ထိုစဉ်က ပုလိပ်ဌာနမှ မြန်မာတပြည်လုံးအတွက် နိုင်ငံရေးလှုပ်ရှားမှု အစီရင်ခံစာများကို အမြို့မြို့သို့ လျှို့ဝှက်စာအနေနှင့် ပေးပို့လေ့ရှိသည်။ ထိုလျှို့ဝှက်အစီရင်ခံစာများတွင် ရေနံမြေသခင်တို့၏ လှုပ်ရှားမှုကို ဖတ်ရသည်။ ရန်ကုန်မြို့ရှိ ဒို့ဗမာအစည်းအရုံး သတင်းများမှာ ငြိမ်သက်နေသည်။ ရန်ကုန်၌ ငြိမ်သက်သည်နှင့်အမျှ နယ်ရပ်ရပ်၌ အထူးထကြွလှုပ်ရှားနေသည်။ သို့ပါလျှက်နှင့် အောင်ဆန်းလှုပ်ရှားမှုကို အစီရင်ခံစာထဲ၌ မတွေ့ရချေ။

ယင်းတို့မတွေ့ရခြင်းမှာ မဆန်းပါ။ အကြောင်းမူကား အောင်ဆန်းဖော်မိုဆာသို့ရောက်နေပြီဟူသော ပါးစပ်သတင်းသည် ရခိုင်ပြည်၌ ချောင်ကျလှသော တောင်ကုပ်မြို့ထိရောက်လာသောကြောင့်ဖြစ်သည်။

ထိုအချိန်၌ အနောက်နိုင်ငံ စစ်သတင်းတို့သည် ထိပ်လန့်တုန်လှုပ်ဖွယ်ပင်ဖြစ်တော့သည်။ ထို့ကြောင့် ရှေ့ရေး၊ နောင်ရေးကိုကြည့်၍ ကျွန်တော်ခွင့်ယူသည်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ ပါးလ်ဟာဘာကို ဗုံးကျ၍ ၁၂ နာရီခန့်မျှ အကြာတွင် ကျွန်တော်သည် ခွင့်ရသောကြောင့် အလုပ်ကို တခြားသူအား ၀မ်းမြောက်ဝမ်းသာစွာနှင့် လွှဲပေးခဲ့လေသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျွန်တော်တို့ သားအမိ၊ သားအဖတတွေ တောင်ကုပ်မှ ပန်းတောင်းသို့ ခြေလျင်လျှောက်ခဲ့ကြပါသည်။

တညတွင် ရေပေါ်ကြီး၌ စခန်းချသည်။ ထိုစခန်းရောက်လျှင်ပင် အိပ်ယာပေါ်သို့ပစ်လှဲလိုက်ပါသည်။ ကျွန်တော်တငိုက်စာလောက် အိပ်မောကျသွားစဉ် အိပ်မက်ထဲတွင် သခင်ထွန်းအုပ်၏ အသံကို ကြားရပါသည်။ သူ၏အသံမှာ ရခိုင်ရိုးမတောင်တန်းတခုလုံး ဟိန်းသွားပါသည်။ အချိန်မှာ ည ၉ နာရီကျော်ကျော်ပင်ရှိဦးမည်။ တောကြီးမြက်မဲထဲတွင် ထုံးစံအတိုင်းဆိုလျှင် သမင်ကဟောက်၍ ချေ (ဂျီ) ကတောက်သံ ကြားရဘို့ရှိသည်။ သို့တည်းမဟုတ် ဆင်အုပ်များဝါးပိုးဝါးကို စားသည့်အသံကြားရဘို့ရှိသည်။

သို့သော် “ရဲဘော်တို့” ဟူသော အသံသည် ပဲ့တင်ထပ်သွားသည်။ ကြက်သီးမွှေးညှင်းကို ထစေသည်။ ကျွန်တော် အိပ်ယာမှ ငေါက်ကနဲ ထထိုင်လိုက်သည်။ ဘာသံပါလိမ့်။ ချယ်ရီပန်းပွင့်ရာဒေသဖြစ်သော တိုကျိုမြို့မှ အသံလွှင့်လိုက်သည့် သခင်ထွန်းအုပ်၏ အသံ၊ ထကြလော့၊ ကြွကြလော့၊ ချကြလော့။

တောကြီးမြက်မဲထဲ၌ ရေဒီယိုကို အစွမ်းကုန်အသံဖွင့်ထားသည်၊ ရေဒီယိုဖွင့်သူမှာ ပီဒလျူဒီဌာနဟု ခေါ်သော ပြည်သူ့လုပ်ငန်းဌာနမှ အိုဗာဆီယာ တဦးဖြစ်သည်။ တောကြီးတောင်ကြီးထဲတွင် ဗြိတိသျှဥရောပစက်ကွင်းမှ တဒင်္ဂမျှလွတ်သောနေရာကို ကျကျနနရွေးချယ်၍ တော်လှန်ရေးတရားကို အားရပါးရ နာရသူမှာဗြိတိသျှအုပ်ချုပ်ရေးစက်ယန္တယားထဲမှ သေးငယ်သော ၀က်အူအချောင်း ဖြစ်ပေသည်။

သေးငယ်သောဝက်အူမို့ မလောက်လေး မလောက်စားဟု မထင်ပါနှင့်။ သူ၏ စိတ်ဓာတ်ကို ကြည့်ပါ။ အမှန်မှာ ကျွန်တော်သည် ထိုအိုဗာဆီယာကို ကောင်းစွာမသိပါ။ သူ့ကိုတောင်ကုပ်မြို့၌ တွေ့ရသည်ဆိုရုံမျှ တွေ့လိုက်ရသည် ထင်၏။ သို့သော် ပြန်၍ဆုံတွေ့ရသည်တိုင်အောင်၊ သူကလည်း ကျွန်တော်ကို မှတ်မိချင်မှ မှတ်မိမည်။ ကျွန်တော်ကလည်း သူ့ကိုမှတ်မိချင်မှ မှတ်မိမည်။ ထိုည ရေပေါ်ကြီးစခန်း၌ စခန်းချချိန်မှာ ညအချိန်ဖြစ်၍ မှောင်နှင့်မဲမဲ တောစခန်းထဲတွင် သူနှင့်လည်း လူချင်းမဆုံနိုင်ပါ။ သို့လျှက်နှင့် သူ့စိတ်ဓာတ်ကို မည့်သို့ကြည့်ရမည်နည်း။

ဤသို့ စောဒကတက်လိုသူရှိလျှင် တက်ထိုက်ပေသည်။ ကျွန်တော်ကား ထို အိုဗာဆီယာက တောကြီးမြက်မဲထဲ၌ ရေဒီယိုအစွမ်းကုန်ဖွင့်၍ နားထောင်ခြင်း အဓိပ္ပါယ်ကို ကိုယ်ခြင်းစာနာကြည့်မိသောကြောင့် ယင်းသို့ပြောမိခြင်းဖြစ်ပါ၏။

ယခုအခါ ထိုအရာရှိကို နိုင်ငံရေးသမားအချို့တို့က မျိုးချစ်ပုဂ္ဂိုလ်မဟုတ်သလိုလို ဆက်ဆံလေ့ရှိသည်။ ကျွန်ုပ်တို့ကလည်း နိုင်ငံရေးသမားတိုင်း အမျိုးကိုချစ်သည်ဟု မယူဆ။ သို့သော် ထိုအိုဗာဆီယာ၏အဖြစ်၌ သူ၏ရင်တွင်းသို့ဝင်ကြည့်လျှင် မြန်မာနိုင်ငံတော်လွတ်မြောက်ရေးအတွက် သခင်အောင်ဆန်းကို မည်မျှစိတ်စောနေကြောင်း အထင်အရှားတွေ့ရပေလိမ့်မည်။ ထိုစဉ်က မျိုးချစ်ပြည်သားရတနာတို့သည် သခင်အောင်ဆန်း၏ ပယောဂကြောင့် ထိုမျှလောက်စိတ်မာန်ဖီလျက် ရှိကြပြီ။

ကျွန်တော်သည် သခင်ထွန်းအုပ်၏ အသံလွှင့်ချက်ကို အစအဆုံးနားထောင်ကြည့်သည်။ လွတ်လပ်ရေးဗမာ့တပ်မတော်ထဲတွင် သခင်အောင်ဆန်းပါဝင်လျက်ရှိသည်ကို သိရလေပြီ။ ကျွန်တော်ငိုက်မြည်းသော ဦးနှောက်ထဲတွင် ဗြိတိသျှစစ်သည်တော်တို့အောင်မြင်စွာ ဆုတ်ခွာသွားသော ခြေသံများ ရှုပ်ရှက်ခတ်လာပြီးလျှင် ကျွန်တော်လည်းနှစ်ခြိုက်စွာ အိပ်ပျော်သွားပါသည်။ ကျွန်တော်၏နေရင်းဌာနကို ပြန်၍ရောက်လာသောအချိန်၌ကား လွတ်လပ်ရေးဗမာ့တပ်မတော်သတင်း၊ အောင်ဆန်းသတင်း၊ သုံးရောင်ချယ်အလံသတင်း၊ ဗိုလ်လှဖေ (ဗိုလ်လက်ျာ)ကို ကြိုးမိန့်ပေးသော သတင်းစသည်တို့သည် ရေဒီယိုမှတဆင့် အရပ်ထဲတွင် ပြန့်နှံ့နေလေသည်။ ထို့နောက်၌ကား ကျွန်တော်၏နေရပ်သည် ဘီအိုင်အေ၏ ရှေ့ပြေးဖြစ်သော ဘီဒီအေ ရောက်ခြည်တော်နှင့် ရောလွှတ်သော သုံးရောင်ချယ် လက်ပတ်ဝတ် အရေးပေါ်သခင်အသစ်စက်စက်ဖြစ်သော ဘီအိုင်အေအတုက နေ့ခင်းကြောင်တောင် အိမ်ရှေ့ပေါက်မှတက်၍ မုဒိန်းကျင့်ခြင်းကို ခံလိုက်ရပါသည်။

ကျွန်တော်သည် စိတ်တွင် ကြိတ်၍ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတမိပါသည်။ သို့သော် ဗိုလ်ချုပ်သည် ဘိုးဘိုးအောင်ကဲ့သို့ ပေါ်မလာပါ။ ဘီအိုင်အေတပ်အစစ်မှ ကိုယ်စားလှယ်ဖြစ်သော မြစ်ဝကျွန်းပေါ်တာဝန်ခံတို့ လာရောက်သည့်အခါမှ ရပ်ရွာအနည်းငယ် အေးသွားခဲ့ပါသည်။ ကျွန်တော်နှင့် အောင်ဆန်းပြန်တွေ့ရန်လမ်းကား များစွာမရှိချေ။ တွေ့ပြန်ပါလျှင်လည်း ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေချေသည်။ ထိုအခါ မျက်နှာထားမှာ ယခင်ကထက် ရှုသိုးသိုးဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ဗမာ့တပ်မတော် စစ်သားစုဆောင်းရေးအတွက် ဗိုလ်သိန်းဆွေ ယူလာသော စာရွက်စာတမ်းတို့၌ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာမှာ ရှုသိုးသိုးမဟုတ်ချေ။

အောင်ဆန်းသည် ဗိုလ်ချုပ်အဖြစ်နှင့် အတော်ပင် သပ်သပ်ရပ်ရပ်ရှိလာလေသည်ဟု ထင်မိသည်။ သူ့ပုံကို ကြည့်ရသောအခါ စစ်သားရုပ်ပေါက်နေသည်ကို တွေ့ရသည်။ ငါ့လူက ဂျပန်တွေနှင့် ယှဉ်ပြိုင်သော်လည်း အမြဲတမ်း တမိုက်လောက်တော့မြင့်နေမှာပါပဲဟု ကျွန်တော်က သဘောကျကျနှင့် တွေးမိ၏။ သို့ရာတွင် သူ့မျက်နှာပေးကို သေသေချာချာကြည့်ပြန်သော် ထူးခြားချက် တခုကို တွေ့မိသလိုလို ရှိ၏။ ထိုအချက်ကား တခြားမဟုတ်။ အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ဦးမှပါလာစေကာမူ သူသည် သူ၏ ပတ်ဝန်းကျင်အခြေအနေကို အကျေနပ်ကြီး ကျေနပ်နေသူမဟုတ်ဟူသော အချက်ဖြစ်သည်။

ဂျပန်ခေတ် ဗိုလ်ချုပ်ဘ၀၌ ကျွန်တော်တွေ့ခဲ့သမျှမှာ ဗိုလ်ချုပ်၏ မျက်နှာထားသည် အလိုမပြည့်သည့်မျက်နှာထားသာလျှင်ဖြစ်သည်။ သူ့အကြည့်မှာ အဝေးသို့ ငံ့လင့်သော အကြည့်ဖြစ်သည်။ သူက မိတ်ဆွေ၏ မျက်နှာကို စူးစိုက်၍ ကြည့်သည် ဆိုပါတော့။ ထိုအခါ မိတ်ဆွေက သူသည်မိတ်ဆွေကို ကြည့်နေသည်ဟု ထင်နိုင်မည်မဟုတ်။ မိတ်ဆွေ၏ မျက်နှာကို ဖောက်ထွင်း၍ ဝေးလံသောအရပ်သို့ မျှော်မှန်းကာ ကြည့်နေသည်ဟု ထင်မိပေလိမ့်မည်။ ဤအကြည့်မှာ စိတ်ထဲတွင်ဟာနေသော အကြည့်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အမှန်ပင် စိတ်ဟာနေလိမ့်မည်။ သူသည် အခြေခံ သဘောအားဖြင့် စိတ်ကူးယဉ်သမား ဖြစ်၏။ အောင်ဆန်းကို နိုင်ငံရေးကြိုးပမ်းသူအဖြစ်ဖြင့် တွေ့လိုက်ရသူများအဖို့ သူသည် အရိုင်းပကတိနှင့် တူကောင်းတူပေလိမ့်မည်။ ဥပမာ ဒဂုန်တာရာ၏ အောင်ဆန်းအရိုင်းသံခိပ်ကိုကြည့်၊ ရိုင်းသည်မှာ မှန်ပေလိမ့်မည်။ တိုက်ခြင်းခိုက်ခြင်းသည် အရိုင်းဘ၀၏ လုပ်ငန်းစဉ်ဖြစ်၏။

မလွတ်လပ်သေးသော ဘ၀၌ ကျွန်ုပ်တို့ တိုက်ရခိုက်ရဦးမည်သာ ဖြစ်၏။ ထိုတိုက်ခိုက်နေသော အခိုက်အတန့်၌ ကျွန်တော်အား လူယဉ်ကျေးဟု ထောမနာပြုလျှင် ကျွန်တော်သည် ဆဲသည်ထက်နာမည်ဖြစ်၏။ ကျွန်တော်ထင်သည်။ အောင်ဆန်းတိုက်ပွဲဆင်နေစဉ် သူ့အားလူယဉ်ကျေးဟု ကျွန်ုပ်တို့က ခေါ်ဝေါ်လျှင် သူလည်းအမှန် ဒေါဖောင်းမည်ဖြစ်၏။ သို့သော် သူ၏ပင်ကိုယ်ပဋိသန္ဓေစိတ်ကို အကဲခပ်ကြည့်လျှင် အနုပညာ၌ မွေ့လျှော်လိုသော စိတ်ကူးယဉ်သမားတယောက် ဖြစ်ကြောင်းတွေ့ရှိကြရပေလိမ့်မည်။

ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် လက်တွေ့လုပ်ငန်း၌ အဘယ့်ကြောင့်လက်စွမ်းထက်ပါသနည်း။ ဤအချက်ကို ကျွန်တော်နောက်ပိုင်းရောက်မှ ထင်ရှားပေါ်လွင်အောင် ပြပါရစေ။ ယခုစကား အလျှင်းသင့်သမျှ ပြောရသော် အောင်ဆန်းသည် စိတ်ကူးယဉ်သမားပီပီ မြန်မာပြည်သို့ သူ၏ဗမာ့တပ်မတော်သားများနှင့် အတူချီတက်ရာ၌ သူစိတ်ကူးယဉ်သမားပီပီ မြန်မာပြည်သို့ သူ၏ဗမာ့တပ်မတော်သားများနှင့် အတူချီတက်ရာ၌ သူစိတ်ကူးယဉ်ထားသလို ဖြစ်ရမည်ဟု မှန်းဆထားဟန်တူ၏။ သို့သော် စိတ်ကူးသည် စိတ်ကူးသာတည်း။ လက်တွေ့၌ အငတ်သခင်နှင့် တမတ်သခင်တို့သည် ဘီအိုင်အေဟူသော အရေခြုံ၍ စပါးပုံကို တက်၍လုကြကုန်၏။ ကုလားကို ရိုက်ကြကုန်၏။ တရုတ်ကို နှိုက်ကြကုန်၏။ ကရင်ကို တိုက်ကြကုန်၏။ ရေချိန်တက်လာသောအခါ ဗမာ၊ ဗမာချင်းတို့သည် ရိုက်နှိုက် တိုက်ခိုက်ကြပြန်၏။ ထိုအခါဂျပန်တို့က ဗမာတို့၏ ပါးကို ရိုက်ကြကုန်၏။ ဗိုလ်ချုပ်သည် ယင်းသို့ လက်တွေ့အဖြစ်အပျက်မျိုးကို စိတ်ကူးထဲ၌ ထည့်၍ ကြည့်ခဲ့လိမ့်မည် မဟုတ်။ သို့သော် သူ၏ရှေ့မှောက်၌ပင်လျှင် တိုင်းရင်းသားအချင်းချင်း ဖနှောင့်စာကျွေးနေကြသည်ကို ဂျပန်က အပေါ်မှ ခွစီး၍ လက်သည်းခွံခွာနေပေသည်။ ဗိုလ်ချုပ်ကိုယ်တိုင်ပင်လျှင် ဗိုလ်မိုးကြိုး၏ အကြိမ်းအမောင်းကို ခံယူခဲ့ရသည် မဟုတ်လော။

မြန်မာပြည်တွင်းသို့ ဗိုလ်ချုပ်နှင့်တကွ ဂျပန်ဧကရာဇ် ဘုရင်၏ တပ်မတော်သည် ၀င်ရောက်လာလေသည်။ ရဲဘော်သုံးကျိပ်ဟု ဂုဏ်ဟိတ်တေဇာ ထွန်းပြောင်စွာသော ဗမာ့ရင်နှစ်သားရတနာတို့ ၀င်ရောက်လာလေသည်။ သို့ရာတွင် ဂျပန်နှင့် ဗိုလ်ဇေယျတို့ ချကြကုန်၏။ ဂျပန်နှင့် ဗိုလ်လက်ျာတို့ နှက်ကြကုန်၏။ ဂျပန်နှင့် ဗိုလ်ကျော်ဇောတို့ဆော်ကြကုန်၏။ ဗမာ့လွတ်လပ်ရေးတပ်မတော်သားတို့က ကြားထဲက အချောင်အတီးခံရသည့် အကြိမ်ပေါင်းကုန်၏။ ဗမာ့လွတ်လပ်ရေးတပ်မတော်သားတို့က ကြားထဲက အချောင်အတီးခံရသည့် အကြိမ်ပေါင်းမှာ မရေမတွက်နိုင်တော့ပြီ။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်စစ်ဦးစီးဌာနချုပ်အား တောင်းဆိုသည့် ထိုတောင်းဆိုချက်မှာ ဗမာပြည်တွင်းကျေးရွာနယ်ပယ်တို့ သိမ်းပိုက်ရေးကို စီမံရန်ဖြစ်၏။ ယင်းသို့တောင်းဆိုလိုက်သည်နှင့် တပြိုင်နက် ဂျပန်အသိုင်းအ၀န်းမှာ ရာဇမာန်ရှလေတော့သည်။ တနေ့သော် ဗိုလ်ချုပ်နှင့် ဗိုလ်လကျာ်တို့ကို ဦးတည်၍ တာဝန်ခံတို့အား ဗိုလ်မိုးကြိုးက ဆင့်ခေါ်၏။ ဗိုလ်ချုပ်နှင့် ဗိုလ်လကျာ်တို့ လူသိုက်သည် ဗိုလ်မိုးကြိုးစံမြန်းရာ အိမ်တော်သို့ အဖူးအမျှော်ညီလာခံ ၀င်ကြလေ၏။

ထိုအိမ်မှာ ယခု ဗြိတိသျှသံရုံးတည်ရာ နေအိမ်ဖြစ်သည်။ အိမ်ထဲရှိဧည့်ခန်းသို့ဗိုလ်ချုပ်တို့ တသိုက်ဝင်သွားကြသောအခါ အစောင့်တို့က အခန်းတခါးကို လုံအောင်ပိတ်လေသည်။ ”အဲဒီအချိန်က ကျုပ်တို့တော့ ဒီတချီမှားသွားပြီလို့ တွက်မိတာဘဲ” ဟု ဗိုလ်လကျာ်သည် ကျွန်တော်အား ပြန်ပြောဘူး၏။ ဗိုလ်ချုပ်တို့အား ငေါက်ငန်းကာ ဂျပန်ဓားလွတ်နှင့် ဗိုလ်ချုပ်အား ထိုးမည့်ဟန်ပြု၏။ ဂျပန်ဟူသည်မှာ ကြောက်တတ်သူကို ဖြဲခြောက်သော လူမျိုးတမျိုးတည်း။ ဤနေရာမျိုး၌ ဗိုလ်မိုးကြိုးသာ တကယ်မိုးကြိုးအစစ်ဖြစ်ခဲ့လျှင် ထိုစဉ်ကပင် ဗိုလ်ချုပ်သည် ကျွန်ုပ်တို့အား မျက်နှာလွှဲခဲ့မည် အမှန်ဖြစ်၏။ သို့သော် ဗိုလ်မိုးကြိုး၏ ဓားလွတ်သည် ဟိုရမ်း ဒီရမ်း၊ ရမ်းနေခိုက်တွင် ဗိုလ်ချုပ်သည်လည်း သူ၏ ဓားလွတ်ကို ဆွဲကိုင်လိုက်လေသည်။ ယနေ့ကျွန်တော်တို့ လွတ်လပ်ရေးရခဲ့သည်မှာ ထိုစဉ်က ဗိုလ်ချုပ်ဓားလွတ်ကို ဆွဲကိုင်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

သို့သော် ဗိုလ်ချုပ်သည် ကြိမ်ဖန်များစွာ ဓားလွတ်ကို ဆွဲရဖို့ ကံကြမ္မာကြုံလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘီအိုင်အေ ရာကျော်တို့၏ဒုက္ခ၊ ဂျပန်ညှင်းပန်းနှိပ်စက်မှု ဒုက္ခတွေကြောင့် လွတ်လပ်ရေးကြိုးပမ်းမှု ဟူသော သဲသောင်ပြင်ဝယ် သူ၏ စိတ်ကူးယဉ် သဲပုံစေတီ လက်တွေ့နိယာမတရားတည်း ဟူသော လှိုင်းတို့သည် ပုတ်ခတ်လိုက်သောကြောင့်ဖြစ်သတည်း။

ထို့ကြောင့်ဗိုလ်ချုပ်သည် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဘီဒီအေဟုခေါ်သော ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ တခေတ်ပြန်လည် ပုံသွင်းရပြန်လေသည်။ ကျွန်တော်သည် ဗိုလ်ချုပ်ကိုခင်၏။ ထို့ကြောင့်လည်း ဗိုလ်ချုပ်၏သားရဲဘော်များကလည်း သူ့ကို ခင်မင်လိမ့်မည်ဟု ယုံမှတ်မိသည်။ သို့သော်သားဟူ၍ပင် ဆိုရငြားလည်း သားဆိုးသားမိုက်ဟူ၍ ရှိတတ်သေးသည်ကို မတွေးမိ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်လည်း တခါက စိတ်ကူးယဉ်သမား မဟုတ်ခဲ့ပါလေ သလော။

ဘီအိုင်အေကို ဘီဒီအေဟု ပြောင်းလိုက်သောအခါ အရိပ်အခြေကို နားမလည်ရှာသော သားဆိုး သားမိုက် လက်တဆုပ်လောက်က ဗိုလ်ချုပ်အား ဓားကြိမ်းကြိမ်းသည်ကို နားနှင့် ဆတ်ဆတ်ကြားခဲ့ရ၏။ ဘုရားဘုရား ငါနားကြားလွဲလေသလား။ မလွဲပါ။ ”ငပန်ကို မဆော်ရလျှင် ငမိုးကို ဆော်ရလိမ့်မယ်ဟေ့” ထိုစကားကို ပြောသောထိုသူငယ်ကို ကျွန်တော်ပြန်မတွေ့ရသည်မှာ ရှစ်နှစ်ကျော်ရှိပြီး သူ၏သတင်းအစနလည်း မကြားရတော့ပါ။ စိတ်လိုက်မာန်ပါ ပြောဆိုပြီး၊ စိတ်လိုက်မာန်ပါ တပ်ထဲက ထွက်သွားပါသည်။ တကယ်တန်းမှာမူ သူဘာမျှလုပ်ကိုင်ကြံစည်သည်ကို မတွေ့ရပါ။ တပ်ထဲကထွက်သည့်နေ့မှစ၍ မိဘလက်ငုတ် ကုန်သည်လုပ်လျှက်ရှိသည်ကိုသာ ကျွန်တော်တွေ့ခဲ့ရပါသည်။ သို့သော် ထိုစဉ်က ထွက်လာသော ထိုစကားကို ကျွန်တော်မေ့ပစ်၍မရပါ။

ထိုသူငယ်နှင့် ကျွန်တော်လမ်းမခွဲကြမီ ကျွန်တော်က သူ့အား နှုတ်ဆက်စကားပြောလိုက်ပါသေးသည်။ ”ရဲဘော် မင်းကဂျပန်ကို ဆော်ဖို့ တခုတည်းသာ စိတ်ထဲမှာ မွှန်နေတယ်၊ ရှေ့နောက်ဝဲယာ မကြည့်တတ်သေးဘူး။ ဘီဒီအေဖွဲ့တာ အကြောင်းတခုရှိမယ်ကွ။ ဒီတော့ မင်းဒီစာကားမျိုးကို မသိမလိမ္မာတဲ့ ကောင်ကလေးတွေရှေ့မှာ မပြောနဲ့” သူသည် ကျွန်တော့်အား ဘာမျှပြန်မပြောပဲ မှိုင်တွေ၍နေပါသည်။ ကျွန်တော်၏ သြ၀ါဒကို သဘောပေါက်လေသလော၊ မပေါက်လေသလော ကျွန်တော်မဝေခွဲနိုင်ပါ။ ဂျပန်တော်လှန်ရေး၌မူ သူနှင့်သူ၏ ညီအစ်ကိုတော်များအားလုံးပါဝင်ကာ ဘီဒီအေ တည်ထောင်သည့်နေ့မှစ၍ စီးလားရိုက်သည်ကို ကျွန်တော်ကောင်းစွာသိပါသည်။ ထိုစီးလားရိုက်မှုကြောင့် သူ၏အပေါင်းအဖော်တဦးကို ဂျပန်တို့က လက်ဖျန်ရိုး အဆစ်လွဲသည့်တိုင်အောင် ရိုက်နှက်စစ် သည်ကိုလည်းကျွန်တော် သတိရလျှက်ပင် ရှိပါသည်။

ဂျပန်ကို တော်လှန်ရဖို့ကိန်းကလည်းကြုံနေသည်။ ကျွန်တော်တို့မြို့ပေါ်ရှိ ပုလိပ်အရာရှိတစုကလည်း ဂျပန်စစ်ဘက်ဆိုင်ရာတို့ကို ခေါ်၍ တို့ဗမာအစည်းအရုံးနှင့် အာရှလူငယ်ခေါင်းဆောင်သခင်တို့အား အိမ်ပေါက်စေ့လိုက်ပြကာ လက်ညှိုးထိုး၍နေသော ကိစ္စလည်းပေါ်လာသည်။ မိမိ၏မြို့ရေးရွာရေးအတွက် စိတ်တထင့်ထင့်ဖြစ်နေသည့် အထဲမှ ရန်ကုန်မြို့သို့ခေါ်ယူသော သံကြိုးအမိန့်စာ အတန်တန်တို့ကြောင့် တို့ဗမာအစည်းအရုံး ခေါင်းဆောင်ကျွန်တော်၏ ဦးလေးနှင့် အာရှလူငယ် ကျွန်တော်ညီ (နှစ်ဦးစလုံး ဂျပန်အသတ်ခံရသူများ) အား သတိဝီရိယနှင့် နေထိုင်ရန် မှာကြားပြီး ရန်ကုန်သို့ ထွက်လာခဲ့ပါသည်။ ထိုအချိန်ကား ဗိုလ်ချုပ်သည် မြောင်းမြသူ ဒေါ်ခင်ကြည်နှင့် လက်ထပ်ပြီးစ အချိန်အခါဖြစ်သည်။ ဗိုလ်ချုပ်၏ ယောက်ဖ မောင်သိန်းလှလည်း ခြောက်စထောင်နေသော အချိန်အခါဖြစ်သည်။ မောင်သိန်းလှနှင့် ကျွန်တော်မှာ ငယ်သူငယ်ချင်းဖြစ်၍ သူ့ဓာတ်ကြောကို ကျွန်တော်နားလည်သင့်သလောက် နားလည်ပါသည်။

သူပျော်တတ်သည်။ ရွှင်တတ်သည်။ နောက်တတ်သည်။ ပြောင်တတ်သည်။ ထို့ကြောင့် သူအဘယ်မျှပင် ခြောက်စထောင်ထောင် ကျွန်တော်တို့ သူငယ်ချင်းတတွေကတော့ ရယ်ကြပါသည်။ ကျွန်တော်က မောင်သိန်းလှကို ကြည့်၍ရယ်မိရင်းက နောင်ရေးကို တမျှော်တခေါ်ကြီးတွေးကြည့်မိပါသည်။ နောင်ရေးဆိုသည်မှာ ဗိုလ်ချုပ်၏ အရေးချည်းမဟုတ်ပါ။ ဗိုလ်ချုပ်နှင့် ဆက်စပ်ပူးကပ်နေသော လွတ်လပ်ရေးကြိုးပမ်းမှု ဖြစ်ပါသည်။ ဗိုလ်ချုပ်အိမ်ထောင်ကျသည်နှင့် တမျိုးသားလုံးအရေး ဟာ၍သွားလေမလား။ မောင်သိန်းလှ ခြောက်စထောင်သလို ဒေါ်ခင်ကြည်ခြောက်စထောင်လေမလား၊ စိတ်ဆိုးလိုသူတို့ ဆိုးကြပါတော့။ ကျွန်တော်မှာမူ ဒီလိုသာတွေးမိသည်။ ဘွင်းဘွင်းဖွင့်ပြောရလျှင် ကျွန်တော်ရင်တွင်းဝယ် ဒီလိုသံသယမျိုး ပေါ်ပေါက်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်၏ အဝေးသို့ ငံ့လင့်သော မျက်စိကိုကြည့်။ ဒေါ်ခင်ကြည်၏ သိမ်မွေ့သောမျက်စိကိုကြည့်။ သည်နှစ်ခုကို ယှဉ်ကြည့်လိုက်ပြန်သော် ကျွန်တော်၏ မဖွယ်ရာသောသံသယတို့သည် အရေပျော်၍ ကျသွားပြန်လေသည်။

အမှန်မှာ ဗိုလ်ချုပ်၏ ရင်တွင်း၌ စိတ်ဆာ၍နေသည်။ သူ၏သားရဲဘော်များအတွက် စိတ်ဆာနေသည့် အချက်တချက်။ ဂျပန်ညှင်းပန်းမှုကြောင့် စိတ်ဆာနေသည့် အချက်တချက်။ သည်နှစ်ချက်အပေါ်တွင် စိတ်အာရုံ စူးစိုက်နေချိန်၌ အတွင်းမီး အပြင်မထုတ်၊ အပြင်မီး အတွင်းမသွင်း၊ သူ့ပါရမီ ဖြည့်ဖော်ဖြည့်ဖက် ဒေါ်ခင်ကြည်ဟူ၍ မရှိလျှင် ဗိုလ်ချုပ်သည် နောက်ထပ်ဓားလွတ်ကို ဆွဲရဘို့ရှိနေသည်။ သည်တခါ ဓားလွတ်ဆွဲလျှင် ဗိုလ်မိုးကြိုးရှေ့၌ ဆွဲရတော့မည်မဟုတ်။ ဂျန်နရယ် ကာဝါဘီ၏ ရှေ့တွင် ဆွဲရချိမ့်မည်။ ထိုအခါ ကျွန်တော်ဆက်၍မျှပင် မတွေးဝံ့တော့ပါ။

ဗိုလ်ချုပ်တို့ ဇနီးမောင်နှံသည် အိမ်ထောင်ရေးသုခကို ရကြ၍ချစ်ခင်ကြင်နာစွာ ရှိကြရင်းသည်ပင်လျှင် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အထောက်အပံ့ဖြစ်စေသည်ကို သူတို့ဇနီးမောင်နှံ နှစ်ဦးအားတွေ့လိုက်ရသည့် ခဏ၌ပင်လျှင် ကျွန်တော်အကဲဖြတ်မိပါသည်။ ဒေါ်ခင်ကြည်သည် မီးဖိုချောင်ကို ပိုင်သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးကြိုးပမ်းမှုအလုပ်ခွင်ကို ပိုင်သည်။ သို့သော် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလုပ်ခွင်နှင့်ဆိုင်သည်။

ဗိုလ်ချုပ်လည်း ဒေါ်ခင်ကြည်၏ မီးဖိုချောင်နှင့်ဆိုင်သည်။ သို့ရာတွင် သူတို့ဇနီးမောင်နှံကား မိမိတို့ ဆိုင်သာဆိုင်သော်လည်း မပိုင်သောအရေးတွင် ၀င်မစွက်ကြချေ။ ခေါင်းဆောင်ကောင်းဖြစ်ထိုက်သော အဂါင်္ရပ်တွင် ဤအချက်သည် သာမညဖြစ်လျှက်နှင့် အရေးအကြီးဆုံးသော အချက်ဖြစ်သည်။ ဤအချက်ကို မပိုင်သောခေါင်းဆောင်တို့သည် တဦးပြီး တဦး ကျဆုံးလျှက်ရှိသည်ကို မျက်မှောက်ရာဇ၀င်က သက်သေခံနေသည်။
ရန်ကုန်သို့ ကျွန်တော်ရောက်စတွင် ဗိုလ်ချုပ်တို့ဇနီးမောင်နှံ သတင်းကိုထောက်ကြည့်သည်။ သူတို့နှစ်ဦး အကဲကိုခတ်ကြည့်သည်။ ကျေနပ်သော အဖြေထွက်မှ ကျွန်တော်လည်းနှစ်သက်လာသည်။ သို့နှင့် မောင်သိန်းလှကို ရန်ကုန်၌ တအောင့်လောက်တွေ့ရသောအခါ

“ဟေ့ ဒေါ်ခင်ကြည်ကတော့မင်းလိုမဟုတ်ဘူး” ဟု ကျွန်တော်က ပြောမိသည်။ “ဟေ့ သူကသူ၊ ငါက ငါကွ” ဟု ဆိုကာ မောင်သိန်းလှသည် သူတပါးထံမှ အနိုင်ကျင့်၍ စီးလာသော မော်တော်ကားဖြင့် ဗိုလ်ချုပ်တို့ အိမ်ဖက်သို့ ထွက်သွားလေတော့သည်။ ကျွန်တော်သည် ရန်ကုန်ရောက်သည်မှာ သုံးလမျှမကတော့ပေ။ သို့ရာတွင် အလုပ်က ပူလှသောကြောင့် ဗိုလ်ချုပ်နှင့် မဆုံဆည်းနိုင်ပါ။ ဆုံရန်လည်း ဘာမျှမရှိသေးပါ။ ဆုံစည်းမည့်ဆုံစည်းပြန်တော့ ဗိုလ်ချုပ်သည် ကျွန်တော်အား နှုတ်ဆက်တော့မည့်ပုံကဲ့သို့ တအောင့်လောက်တွေ၍ ရပ်ကြည့်ပြီးနောက် ရှုသိုးသိုးနှင့် လှည့်ထွက်သွားပါသည်။

မောင်ထင်

သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၂၊ သြဂုတ်လ

No comments:

Post a Comment