Saturday, January 7, 2012

သို့ .... မခင်ပျို



သို့ .... မခင်ပျို
ကျွန်တော်ထံ သို့ ....ထို သို့ သောနေ့ တွင်......

အပြာရောင် ငှက်တစ်ကောင်ကိုက်ချီလာသော ပန်းနုရောင် အိမ်မက်ကို အဖြူရောင်တံခါး တွင်တွေ့ ရှိရသည်....။

ကမ္ဘာ မြေတစ်ခုလုံး ပန်းဝတ်မှုန်များ ဖုံးအုပ်သွား၏... ကျွန်တော့အတ္တ တစ်ချို့ လည်း ကျ ရှုံးသွားသည်....။

အပြာရောင်ငှက်သည် သူမဖြစ်၍ ပန်းနုရောင် အိမ်မက်သည် မျှော်လင့်ချက်ဖြစ်ကာ အဖြူရောင်တံခါးသည် ကျွန်တော့် နှလုံးသားဖြစ်သည်...။။ လိပ်စာမပါသော အချစ်အတွက် ကံ ကြမ္မာ ကို အအေးတိုက်ရမည်....။ မနက်ခင်း ရဲ့  ကြယ်တစ်ပွင့် ကျွန်တော့် ရင်ခုန်သံတွေ ကိုတွေ့ ရှိခဲ့ခြင်းဖြစ်သည်....။

ကျွန်တော့်ထံတွင် ထီးတစ်လက် ရှိပါသည်..။ ထို ထီးကလေးဖြင့် သုံးရာသီစလုံး သူမအား အုပ်မိုးနွေးထွေးစေမည်...။ အချိုမြိန်ဆုံး စကားလုံးများနှင့် ခေါင်းငုံချော့မြူမည်..။ သူမရဲ့ နွမ်းလျ မှုများကို အပြုံးများ အဖြစ် ပြောင်းလဲပေးမည်....။ သူမအိမ်မက်များကို ရွှေရောင်တောက်အောင် ဖန်ဆင်းပေးမည်.....။

ထိုနေရာက စောင့်ပါ .... မခင်ပျို ကျွန်တော်က ပန်းတွေ မကြွေမွ ရအောင် ကျေးငှက်ကလေးတွေ လန်းမနိုးရအောင် ညင်သာဖွဖွ တိုးလျှောက်ခဲ့ပါမယ်....။

ထိုနေရာကပဲ..... စောင့်ပါ မခင်ပျို ကျွန်တော် နဲ့  မခင်ပျို ...... သက်တံကွေးပေါ် တိမ်ရုပ်ရေး ချိုသာတေး ဆို ကြမည်.....။။

ဒီလို အညတရကောင် ရဲ့  အတ္တ ဟာ မခင်ပျို ရဲ့  အပြုံး လွင်လွင်အောက်မှာ အခါခါသေဆုံးနေတယ်ဆို တာ မခင်ပျို တစ်ယောက် သိပါလေစ......။။

အချစ်နဲ့  ပတ်သတ်လို့  တစ်စုံတစ်ယောက်က ကိုယ့်အတွက် ဘာမှ ပေးမလာတာ ထက်စာရင် တစ်စုံတစ်ယောက် ကိုယ်ပေး လိုတာကို လက်မခံပဲ ငြင်းပယ်မှာ ကျွန်တော်ပိုပြီး စိုးရိမ်မိပါတယ်...။

အရှုံး နဲ့  အမြဲ ရင်ဆိုင်နေရသူ တစ်ယောက်အတွက် ကံဆို တာ အကောင်းဆုံး ယိုးမယ်ဖွဲ့ နိုင်တဲ့  လက်သုံးစကားပဲ ဆို ကျွန်တော် သိထားပါတယ်... မခင်ပျို...။။

မခင်ပျို ပြောခဲ့တဲ့ စကား.... ကျွန်တော်မှတ်မိပါသေးတယ်..... " ရှင် ဘာပဲဖြစ်နေဖြစ်နေ
လက်ကျန် စာရင်းထဲမှာ ကျွန်မရှိနေ မယ်ဆိုတာ သိထားပေးပါ.... " မဟုတ်ဘူး.... မခင်ပျိုဟာ ကျွန်တော့်ရဲ့ 
လက်ကျန်စာရင်း မဟုတ်ပါဘူး... မခင်ပျို က ကျွန်တော့်ရဲ့  မာတိကာ ၊ ကျွန်တော့်ရဲ့  နိဒါန်း ၊ ကျွန်တော့်ရဲ့  ပစ္စုပ္ပန်ပါ မခင်ပျို...........။

အပြာရောင် စွတ်စိုသော ကောင်းကင်၏အိပ်ရာထက်တွင် လိပ်ပြာတစ်ကောင် ၏ နှလုံးသားသည် လမင်းယောင်ဆောင် နေသည်မှာကြာပါပြီ .... မခင်ပျို ။ ။

မခင်ပျိုသည်... အရုပ်လေးများကို စုစောင်းတတ်သည်။ လက်မှတ်များ( ကားလက်မှတ် ၊ ရုပ်ရှင်လက်မှတ်) စုစောင်းတတ်သူဖြစ်သည်..။ ပန်း ချီ ကားများ သိမ်းဆည်း တတ်သူလည်းဖြစ်သည်....။။

မခင်ပျို................. ဒီနာမည်ဟာ ကျွန်တော် မကြာခဏ ရွတ်ဖတ်ဖြစ်တဲ့ ဂါထာတစ်ပုဒ်ဖြစ်တယ်....။။

မခင်ပျိုရဲ့  လက်ဖ၀ါးထဲ မှာ ကမ္ဘာတစ်ခုရှိသည်.... ။ ရူး.... တိုးတိုး........ !

ဒီစကားသာ နာဆာ စခန်း က ကြားသွားခဲ့ရင် မခင်ပျို အတွက် အန္တရာယ်ရှိနိုင်၍မိတ်ဆွေ.... နှုတ်လုံပါစေ.....။။

တစ်ခါတစ်ရံ မခင်ပျိုသည် ကျွန်တော် လေးစားရလောက်အောင် လူကြီးဆန်သည်...။(သူမ ရုံးခန်းကို ကျွန်တော်ဖုန်းဆက်သောအခါ လူကြီးတစ်ယောက်လို စကားပြန်ပြောတတ်သည်) တစ်ခါတစ်ရံ အပြစ်ကင်းသော ကလေးတစ်ယောက်နှင့် တူသည်....။ (မိုးရေထဲတွင် ကလေးတစ်ယောက်လို လွတ်လပ်စွာ ခုံပေါက်ပြေးဆော့ နေတတ်သည်)

မခင်ပျို........ အမိန့် မပါပေမဲ့... သံယောဇဉ် နှောင်ကြိုးများနှင့် အချစ်ကို ဆက်လက်ထမ်းပိုးထား ရန် ကျွန်တော့်တွင် တာဝန်ရှိသည်.....။ ဂျာနယ်တစ်ဆောင် ၊ နံနက်ခင်းရဲ့  ကြယ်(ကဖေး) ၊ လိမ္မော်ရောင် အကျီ င်္တစ်ထည် ၊ထို အရာများ က ကျွန်တော့် ရဲ့  အမှတ်တရတို့ ဖြစ်ကြသည်...။။

ထိုအရာများကို အချစ်ဟုခေါ်ပါက ကျွန်တော် မခင်ပျို ဆိုသော သူမ ကို ချစ်ပါသည် ................။

JulyDream
ချင်းတွင်း (Community)

No comments:

Post a Comment