Thursday, January 12, 2012

ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့


(၁)

ကျွန်ုပ်သည် ပုသိမ်မြို့၊ မြန်မာ ကရင် အင်္ဂလိပ်ကျောင်းတွင် (၉) တန်းလား၊ (၁၀) တန်းလား မမှတ်မိ။ စာသင်နေစဉ် စာမေးပွဲပြီး၍ မိမိနေရပ် ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ မီးရထားစီး၍ ပြန်ခဲ့သည်။

ရထားပေါ်တွင် ရထားစီး များစွာပါ၏။ ကျွန်ုပ်သည် ထိုအခါက များစွာ စကားပြောချင်၏။ နှုတ်ဆော့၏။ ဘယ်သူနှင့် စကားစမြည် ပြောရပါမည်နည်းဟု အပေါက်အ၀ ရှာလျက်ရှိ၏။

ကျွန်ုပ်၏ ရှေ့တန်း မျက်နှာချင်းဆိုင်လောက်တွင် အသက် ၃၀ ကျော်ခန့်ရှိ ယောကျာ်းတစ်ယောက်ကို စိုက်ကြည့်မိသည်။ အသားကြမ်း၍ မဲညို၏။ ခေါင်းတုံးကို မျက်နှာသုတ်ပ၀ါ ညစ်ထပ်ထပ် ပတ်ထားသည်။ အက်ႌမွာ လယ္ထြန္အက်ႌ ဖြစ်၏။ လယ်ထွန်အင်္ကျီဆိုသည်မှာကား ဖျင်ကြမ်းကြမ်း၊ ရင်စေ့ပုံ၊ လက်ကျပ် အိတ်နှစ်လုံးတပ်၊ ရှေ့က ကနုကမာ ကြယ်သီးမျိုး သုံးလုံးမျှ ပါ၏။ သို့ရာတွင် ကြယ်သီး တပ်မထားချေ။ ရင်ဘတ် အဟောင်းသားနှင့် ဖြစ်၏။ ပုဆိုးမှာကား ချည်လုံချည် အကြမ်းစား အနွမ်းပင် ဖြစ်၏။

ထူးခြားသော အချက်ကား ထိုသူ၏ လက်ဝဲဖက် လက်ကောက်ဝတ်တွင် အတန် အလုံးကြီးသော မဲကြိုး ချည်ပတ်ထားသည်ကို တွေ့ရ၏။ ငါတော့ စီးစီးနင်းနင်း စကားပြောရမယ့်လူကို တွေ့ပြီဟု စကားစ လိုက်ပုံကား။

“ဒီမှာ … ဆရာကြီး၊ ခင်ဗျာ့လက်က မဲကြိုးက ဘာလုပ်တာလဲဗျ”

“သြော် … ဒီမဲကြိုးလား။ ဟို ကျုပ်တို့ရွာဦးကျောင်း ဘုန်းကြီးရဲ့ အိပ်မက်အရ ချည်ထားရတာဗျ” ဟု ပြုံးရယ်၍ ပြောသည်။

“သြော် အိပ်မက်အရလား၊ ပြောပါဦးဗျာ၊ ခင်ဗျာ့ ဘုန်းကြီးအိပ်မက်က”

“ဒီလို … ဒီလို။ နောက်လက ကျုပ်တို့ ဘုန်းကြီးအိပ်မက်ထဲမှာ ၀တ်ဖြူစင်ကြယ်နဲ့ သိကြားလိုလို ဘာလိုလို ဆိုထင်ပါရဲ့ဗျာ။ အဲဒါ ဘုန်းကြီးဆီကို လာသတဲ့။ အောင်မယ်၊ ဘုန်းကြီးရှေ့မှာ ထိုင်တောင် မထိုင်ဘူး။ မတ်တတ်ကြီး ရပ်နေဆိုပဲဗျ။ သူ့ဟာက။ အဲဒါနဲ့ ဘုန်းကြီးက မေးတော့ အဲဒီ အ၀တ်ဖြူနဲ့ သိကြားလိုလူက ပြောသတဲ့။ အရှင်ဘုရားရဲ့ နယ်ပယ်က ဒကာ ဒကာမတွေကို အခုကစပြီး အနည်းဆုံး သလဏဂုံ သုံးပါး တည်ပါစေတဲ့။ ဘာပြုလို့လဲဆိုတော့ ရှေ့လ ကဆုန်လပြည့်နေ့ကျရင် ဘီလူးသဘက် တစ်ထောင်တိတိ အဲဒီ ကျုပ်တို့နယ်ကို ၀င်လိမ့်မယ်တဲ့။ သလဏဂုံ တည်တဲ့လူကိုသာ လွှတ်မတဲ့။ ဒီတော့ သလဏဂုံတည်တဲ့ လူမှန်းသိအောင်၊ ဘယ်ဖက်လက်မှာ မဲကြိုးချည်ပြီး မှတ်ထားရမတဲ့။ အဲဒီလို ဘုန်းကြီးက လူတွေကို သတိပေးဖို့ လျှောက်ပြီး ကွယ်သွားရောတဲ့ဗျ။”

“အဲဒါ မိုးလင်းတော့ ကုလားတက်ခေါက်ပြီး လူတွေခေါ်ပြီး ဘုန်းကြီးက ပြောဟောလို့ မဲကြိုးချည်ကြရတယ်ဗျ။ မချည်တဲ့လူတွေ အဲဟိုရှေ့လ ကဆုန်လပေါ့ဗျာ။ အဲဒီ ကဆုန်လပြည့်နေ့ညမှာ ဘီလူးသဘက်တွေက အူ အသည်း နှုတ်စားကြမှာ။ အဲဒါ ကျုပ်လဲ ချည်ထားရတာပေါ့” ဟု အားရပါးရ ပြောပြီး၊ ဘေးကပ်အိပ်ထဲမှ ဆေးရွက်ခေါက်ကို ထုတ်၍ ပလုပ်ပြည့်ပလောင်းပြည့် ဆေးငုံလိုက်လေသည်။

ထိုအခါ အလွန် စကားပြောချင်၍ နှုတ်ရွတ်နေသော ကျွန်ုပ်သည် ဒီလူတော့ ငါ “ချွတ်” လိုက်ရဦးမယ်ဟု ခပ်ထွားထွား တရားဟောပြောပုံကား -

ဒီမှာ – ဆရာကြီး၊ ခင်ဗျားတို့ တောက ဆင်းရဲသားတွေ အဲဒါ ခက်တာပဲ။ သရဏဂုံ တည်ခြင်း၊ မတည်ခြင်းဟာ မဲကြိုးနဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူးဗျ။ ပိဋကတ်သုံးပုံမှာ ဘယ်ကျမ်းမှာမှ အဲဒီလို မဟောဘူးဗျ။ ခင်ဗျားတို့ ဘုန်းကြီးကလဲ ဒီသရဏဂုံနဲ့ မဲကြိုးနဲ့ မဆိုင်တာကိုမှ မသိဘူးလားဗျာ။ တယ်ခက်တာကို။ ဒီမှာလေ … သရဏဂုံဆိုတာက အတွင်းစိတ်ဓာတ်နဲ့ ဆိုင်တယ်ဗျ။ ရတနာသုံးပါးကို ကြည်ညိုတယ်ဆိုတာ၊ ယုံကြည်တယ်ဆိုတာ၊ စိတ်ကမှ ဖြစ်တာဗျ။ ဒီအပေါ်ယံက မဲကြိုးနဲ့ ဘယ့်နှယ်ဆိုင်နိုင်ပါ့မလဲ” ဆို၍ သရဏဂုံကိစ္စနှင့် အနည်းငယ်သာ ဆိုင်သော ပါဠိ အတိုအစ အနည်းငယ်ကို တပေါက်ခြိ တပေါက်ခြားနှင့် ရွတ်ပြပြီး ကိုယ်လိုရာဘက်ကို များများကြီး ဆွဲ၍ ဟောပြောလိုက်လေသည်။

မဲကြိုးနှင့် ခမျာမှာ ပါးစပ် အဟောင်းသားနှင့် နားထောင်နေ၍ ဘာမျှ ပြန်မပြောနိုင်ရှာချေ။ အသို့ ပြန်ပြောနိုင်ရှာအံ့နည်း။ ခမျာမှာ လုပ်စားကိုင်စား ဆင်းရဲသား တောတွင်းကြီးပြင်း၍ ပညာ ဗဟုသုတ များစွာ ရှိနိုင်မည် မဟုတ်ချေ။ မိမိတို့ တောရွာဓလေ့အတိုင်း ဆရာဘုန်းကြီး ပြောသမျှ ဆုံးမသမျှကို တစ်သွေမတိမ်း လိုက်နာလျှင် သူတို့မှာ ကိစ္စပြီးပြီဟု မှတ်ထင်ကြလေသည်။

ဤသို့လျှင် ကျွန်ုပ်အား ခုခံပြောနိုင်သူ မပေါ်ပေါက်သဖြင့် “ဒီတွဲမှာ ငါတော့ ဗိုလ်ပဲ၊ ငါ အတော် တော်တာပဲ” ဟု အထင်ကြီးနေစဉ် ကျွန်ုပ်နှင့် နှစ်ယောက်ခြား ထိုင်နေသော ယောကျာ်းတစ်ယောက်က ကျွန်ုပ်သို့ လှမ်း၍ “ဟေ့ … သူငယ်၊ ဒီမှာ” ဟု စကား စလိုက်လေသည်။

ထိုသူမှာ အသက် (၄၀) ခန့် ရှိသည်။ မြို့ကြီးသားကား ဟုတ်မည် မထင်။ သို့ရာတွင် တည်ကြည်သော မျက်နှာ၊ စူးရှသော မျက်လုံးများ ရှိ၏။

ထိုသူက “ဟေ့ … သူငယ် ဒီမှာ၊ အခု မောင်ပြောတဲ့ မဲကြိုးနဲ့ စပ်လို့ ကျုပ် ခပ်တိုတိုပဲ ပြောစရာရှိတယ် …။”

“ဟုတ်ကဲ့ ခင်ဗျာ၊ ကြားပါရစေ” ဟု ကျွန်ုပ်က အံ့သြသော မျက်နှာထားနှင့် ပြောသည်။

“ဒီလို မှတ်ပါ မောင်ရယ်။ ဒီမဲကြိုးဟာ မောင့်အတွက် မလိုသော်လဲ သူ့အတွက် လိုတယ်။ အဲဒီစကားကို ပထမ စွဲစွဲမြဲမြဲ မှတ်ထား။ ကိုင်း … နည်းနည်းတော့ ချဲ့ပြောရသေးတာပေါ့။”

သရဏဂုံ တည်မှုဟာ စိတ်ထားသာလျှင် အရေးကြီးကြောင်း မောင် ပြောတာ မှန်တယ်။ မောင်ကလဲ မဲကြိုး မပါဘဲနဲ့ သရဏဂုံ တည်နိုင်ကြောင်း ယုံကြည်တယ်။ ဒါကြောင့် မောင့်အတွက်တော့ မဲကြိုး မလိုဘူး။ ဟိုလူမှာတော့ မောင့်လို သိထားနှင့်ခြင်း၊ ယုံကြည်နှင့်ခြင်း မရှိဘူး။ ဆရာဘုန်းကြီးကိုသာ ယုံကြည်အားကိုးနေသူ ဖြစ်တယ်။ ဒီတော့ ဆရာဘုန်းကြီးက ပြောတဲ့အတိုင်း မဲကြိုးရှိမှ သရဏဂုံတည်ပြီး ဘီလူးတွေ လာ မစားနိုင်ဘူးလို့ သူ့မှာ ယုံကြည်နေတယ်။ ပြီးတော့ အဲဒီ မဲကြိုး မရှိရင် ဘီလူးစားခံရတော့မယ်လို့လဲ ယုံကြည်နေတယ်။ အကယ်၍ မဲကြိုး ချည်မထားရင် ဟို ကဆုန်လပြည့်နေ့ညမှာ ဘီလူးလာစားလိမ့်မယ်လို့ သူ စိတ်တထင့်ထင့် ဖြစ်နေမှာပေါ့။ အဲဟိုညမှာ အိပ်ပျော်မယ်တောင် မဟုတ်ဘူး။ စိတ်က စွဲနေတော့ ချွတ်ချွတ်သံကြားရသည် ဖြစ်စေ၊ အရိပ်မည်းမည်း မြင်သည်ဖြစ်စေ၊ ခြင်ထောင်ကို လေတိုးလို့ လှုပ်သည်ဖြစ်စေ၊ ကြွက်တိုးမိသည်ဖြစ်စေ ဘီလူးသဘက်ဘဲဟု စိတ်က ထင်မြင်ပြီး၊ လန့်ကြောက်ပြီး သေချင်ရင် သေမယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆို မဟုတ်လား မောင်ရဲ့။ အဲဒါကြောင့် ဒီမဲကြိုးရှိမှ သူ့စိတ် လုံမှာ ဖြစ်လို့ သူ့အတွက်တော့ မလိုပါဘူး။ မဟုတ်ဘူးလား မောင်ရယ်” ဟု ပြောဆို၍ တစ်သတ်နားလေသည်။

မဲကြိုနှင့် ခမျာ၏ ၀ဋ် ကျွန်ုပ်သို့ လည်လေပြီ။ ထိုလူကြီး ပြောဟောသည်ကို ကျွန်ုပ် ဘာမှ ပြန်မပြောနိုင်။ ပြောစရာလည်း မရှိ။ မှန်ကြောင်း ၀န်ခံရုံသာ ရှိတော့သည်။ သူ၏ ပြောချက် မှန်ပေသည်ဟု မိမိ၏ ပရမတ်ဆန်ဆန် အယူကို အနည်းငယ်ဖြေကာ “ဦး ခင်ဗျာ … ဦး ပြောတာ မှန်ပါတယ်။ ကျွန်တော် မှတ်သားရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးကိုလဲ ဘယ်တော့မှ မမေ့ပါဘူး ခင်ဗျား” ဟု ပြောရပေသည်။

ကျွန်ုပ်သည် လောက၊ လူတို့၏ အကြောင်းကို အတန်ပင် ပိုမို နားလည်သွားပါသည်။ ထိုနေ့သည် “ငါ အလိမ္မာတိုးသော နေ့တစ်နေ့” ဟု ကျွန်ုပ် မှတ်သားထားလိုက်ပါ၏။ ယနေ့အထိ အနှစ် (၂၀) ကျော်ပြီ။ ထိုဆုံးမဟောပြောပေးသော ဆရာ၏ ဂုဏ်ကျေးဇူးကို မပြတ်လိုပင် သတိရလျက် ရှိပါ၏။

(၂)

ထိုမဲကြိုးဆရာကို မှီ၍ စိတ်ကူးရင့်လာလေသည်။ စိတ်သည် ထူးဆန်း အံ့သြဖွယ် ကောင်းလှ၏။ စိတ်၏ စွဲလမ်း ယုံကြည်မှုကြောင့် ကြီးသော ကောင်းကျိုး၊ ကြီးသော မကောင်းကျိုးတို့ ဖြစ်ရှိလှလေပြီ။ ဘုရား ယုံကြည်မှု၊ နတ် ယုံကြည်မှု၊ ကမ္မဌာန်း ယုံကြည်မှု၊ ဓာတ်လုံး ယုံကြည်မှု စသည်ဖြင့် ထူးထူးခြားခြား အံ့သြစရာတို့သည် ဖြစ်ကုန်လေပြီ။

အထူးသဖြင့် ယုံလွယ်တတ်သော လူတို့ အပေါ်၌ တစ်စုံတစ်ရာ ယုံကြည်စွဲလမ်းအောင်ပြု၍ အသက်မွေးကြသူတို့လည်း ပေါများလှ၏။ ပျောက်စေဆရာ၊ တောင်ဝှေးဆရာ၊ ပယောဂဆရာ၊ မှော်ဆရာ စသည်ဖြင့် များစွာ ထင်ရှားကြကုန်၏။ ဤဆရာကုလျှင် ပျောက်လိမ့်မည်ဟု ယုံကြည်နေသူမှာ ဆေးမပါဘဲနှင့် ရောဂါ ပျောက်နိုင်၏။ ကျွန်ုပ် တွေ့ဖူးသည်ကား။

ကျွန်ုပ်တို့ အရပ်တွင် ကျွန်ုပ်၏ အစ်ကိုတော် တစ်ယောက် မျက်စိနာ မျက်စိစူး၍ အော်နေရ၏။ ကျွန်ုပ်တို့ရွာ အနောက်ဘက် တစ်မိုင်လောက် အကွာတွင် ကြို့ကုန်းဘုန်းကြီးဟူ၍ ရှိ၏။ ထိုဘုန်းကြီးမှာ ရေမန်း ကျော်လှ၏။ ကျွန်ုပ် အစ်ကိုတော်သည် ထိုဘုန်းကြီး၏ ရေမန်းကို ခတ်ရလျှင် ချက်ခြင်း ပျောက်လိမ့်မည်ဟု စွဲစွဲလမ်းလမ်း ယုံကြည်ကာ ရေမန်း ချက်ချင်း တောင်းပေးရန် ပူဆာလေသည်။

ကျောင်းမှာ သုဿာန် အနီးတွင် ရှိသည် တစ်ကြောင်း၊ လမ်းမှာလည်း လူသွားလူလာ ပြတ်သည် တစ်ကြောင်း၊ ညအချိန် (၉) နာရီကျော် ဖြစ်နေသည် တစ်ကြောင်း ဤအကြောင်းတို့ကြောင့် သွားဝံ့သူ မရှိ၊ အတန် ခဲယဉ်းနေလေသည်။

ထိုအခါ ဉာဏ်ဆင်ကြရလေတော့သည်။ “အေး အေး … သွားတောင်းပေးမယ်ဟေ့။ ဟဲ့ … မောင်ခင်နဲ့ မောင်လှဘူးတို့ လာကြစမ်း။ ရော့ … ဒီရေအိုးသစ်ကို ယူသွား။ ကြို့ကုန်းကျောင်းရောက်တော့ ရေထည့်ပြီး မျက်စိနာခတ်ဖို့ ရေမန်း လျှောက်တောင်းခဲ့၊ ကိုင်း … မြန်မြန်သွား၊ မြန်မြန်ပြန်ခဲ့ကြဟေ့။ ဒီမှာ မျက်စိ စူးလှပြီ” ဟု ထိုမျက်စိနာသမား ရှေ့တွင် ကြားအောင် ပြောဆို လွှတ်လိုက်ရ၏။ ထိုသူနှစ်ယောက် ထွက်သွားပြီး နောက်နှစ်အိမ်ကျော်လောက် ရှိမှ အိမ်တစ်အိမ်တွင် ထိုင်၍ နေကြစေ၏။ ထိုကျောင်းသို့ သွားရသလောက် အချိန်ရှိမှ ကျောင်းက ရေမန်း ယူလာဟန် အိမ်တစ်အိမ်က ရေကို ထည့်၍ ယူခဲ့ကြရ၏။

မျက်စိနာသမားသည်ကား ကြို့ကုန်းဘုန်းကြီး၏ ရေမန်းပင်တည်းဟု ယုံကြည်စိတ်ချ၍ ခတ်လိုက်ရသောအခါ ချက်ချင်း သက်သာ၍ အိပ်ရလေတော့၏။ ယုံကြည်မှုပင်တည်း။

ကျွန်ုပ်တို့ ကြားဖူးသည်ကား အနောက်နိုင်ငံ တစ်ခုတွင် စိတ်ဓာတ် မည်မျှ တာသွားကြောင်း စုံစမ်းသည်မှာ အောက်ပါအတိုင်း ဖြစ်၏။

လူတစ်ယောက်သည် အခြားသူတစ်ယောက်အား လည်ပင်းကို လှီးဖြတ်၍ သတ်သဖြင့် စီရင်ချက်ချရန် သေချာသောအခါ ထိုစိတ်ဓာတ်ကို စမ်းသပ်လိုကြသော ဆရာကြီးတစ်စုက တရားသူကြီးစသော ဆိုင်ရာတို့နှင့် ကျိတ်၍ တိုင်ပင်ပြီး သေဒဏ်ချသောအခါ လည်ကို လှီး၍ သွေးကြောကို ဖြတ်ပြီး သတ်မည်ဟု စီရင်ချက်ချရန်၊ ဟန်ဆောင် လှီး၍ သတ်ရန်၊ သေသော် သေစေ၊ မသေသော် ရှင်စေ ဟု လွှတ်ရန် စီမံကြလေ၏။

စီရင်ချက်ချသောအခါ တရားသူကြီးက မောင်မင်းသည် သူတစ်ပါးကို ရက်စက်စွာ လည်ကြောကိုဖြတ်၍ သတ်သည်ဖြစ်၍ အသင် သေဒဏ် ခံရမည်။ သေဒဏ်မှာလည်း မိမိပြုသည့်နည်းတူ အသင့်လည်ကြောကို ဖြတ်၍ သတ်ရလိမ့်မည်ဟု စီရင်ချက် ချလေ၏။ တရားခံလည်း ငါ လည်ကြောပြတ်၍ သေရတာ့မည်ဟု ယုံကြည်စိတ်ချလိုက်လေ၏။

သတ်နေ့ကျသောအခါ အခန်းတစ်ခု၌ သက်သေများ၊ ဆရာဝန်များ လှီးဖြတ်ရန် ဓား စသည့် အသုံးအဆောင် စုံလင်စွာတို့ကို တရားခံအား မြင်စေ၏။

မကြာမီ ၎င်းတို့ဆိုင်ရာ ဘုန်းကြီးသည်လည်း ထုံးစံအတိုင်း လာရောက် တရားဓမ္မ ဟောပြောပြီးလေ၏။

ထိုအခါ ထိုတရားခံအား ခုံပေါ်တွင် ပက်လက် အိပ်စေ၍ ခြေကြိုး၊ လက်ကြိုး စသည်ဖြင့် မလှုပ်နိုင်အောင် တုပ်ပြီးကာ မျက်နှာကို အ၀တ်စည်း အုပ်လိုက်လေ၏။ “ကိုင်း … ဘုရား၊ တရားသာ အောက်မေ့တော့၊ လည်ကြောကို ဖြတ်တော့မည်” ဟု ပြောဆိုကြကာ ဓားငယ်တစ်ခုဖြင့် အကယ် လှီးဖြတ်သည့်ဟန်၊ အရေကျင်ရုံမျှ၊ လည်ပင်းကြောပေါ်တွင် လှီးရစ်လိုက်လေ၏။ တရားခံကား အေးခနဲ၊ မြည့်ခနဲ့ တွေ့ထိလိုက်၍ သွေးကြောပြတ်ပြီ၊ ပေါက်ပြီဟု ထင်လိုက်၏။

ထိုအခါ လျှို့ဝှက်၍ ဆောင်ထားသော ပြွန်ငယ်တစ်ခုမှ လည်ချောင်းနားတွင် ကပ်ကာ ရေကို သွင်သွင် သွင်သွင် ကျစေ၏။ တရားခံသည်ကား ငါ့ လည်ချောင်းသွေးမျာ သွန်ကျလေပြီဟု ကြားရှိ ယုံကြည်သည်နှင့် မိနစ် ၂၀ ခန့်အတွင်း အကယ်စင်စစ် သေဆုံးသွားလေသော ဟူ၏။

ဤတွင် လည်ကြော မပြတ်၊ သွေး မကျဆင်းဘဲနှင့် စိတ်အထင် ယုံကြည်မှုဖြင့် အကယ် သေဆုံးရခြင်း ဖြစ်လေသည်။

ဤသို့ စိတ်ဆန်းကြယ်ပုံတို့ကို ထောက်၍ သိမှတ်စရာ တစ်ချက် ပေါ်လာသည်ကား စိတ်ကုဆရာ၊ ပျောက်စေဆရာ၊ တောင်ဝှေးဆရာ၊ ဓာတ်လုံးဆရာ၊ စုန်းဆရာ၊ နတ်ဆရာ၊ မှော်ဆရာ၊ ရေမန်းဆရာ၊ အင်းအိုင်လက်ဖွဲ့ဆရာ … စသော သူတို့သည် မည်သည့်အခါမျှ ထမင်းငတ်နိုင်ကြမည် မဟုတ်လေကုန်။

ဦးဖိုးကျား
(အမျိုးသားပညာဝန် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုတိုများ စာအုပ်မှ)

No comments:

Post a Comment