Monday, January 9, 2012

ကောင်းမွန်သော ပညာရေးစနစ်ကို ပြောင်လဲရန်အတွက်
လက်ရှိပညာရေး အခြေအနေကို လေ့လာခြင်း


ကျွန်တော်တို့ လက်ရှိသင်ကြားနေတဲ့ ပညာရေး အခြေအနေကလေးကတော့ ဒီလိုပါဗျာ……….

- ဒါကျက်၊ ဒါမေး၊ ဒါဖြေ ………(ကလေးဘဝ မူလတန်းမှာကတည်းကိုက ကိုယ်အဖေနာမည် ကိုယ်အမေနာမည်ကို မခေါ်ရပဲ ကျွန်တော့် အဖေ၏နာမည်မှာ ဦးဘ ဖြစ်ပါတယ် ကျွန်တော့် အမေ၏နာမည်မှာ ဒေါ်မြ ဖြစ်ပါတယ် ဆိုပြီး ဘယ်ကဘယ်သူမှန်း မသိတဲ့သူကို အဖေအမေ တော်ခဲ့ရတယ်။ ပိုဆိုးတာက သင်္ချာလိုမျိုးကိုတောင် ကလေးတွေက ကျက်ပြီးဖြေတဲ့ အဆင့်ကို ရောက်ကုန်ပါပြီ။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့တွေ ၁၀တန်းဖြေတဲ့ အခါမှာ ကြာရတာလေးတွေ ရှိပါတယ်။ “ဒီတစ်ခါက ဥာဏ်စမ်းတွေပါတယ် သိပ်မဖြေနိုင်ဘူး” တဲ့။ အမှန်တကယ်က ဥာဏ်စမ်းဆိုတာက ဒီသင်ထားတာတွေထဲက သဘောတရားတွေပါပဲ။)

- ဒီကလေးက ကျောင်းမှာ စာသိပ်မလိုက်နိုင်ဘူး။ ကျွန်မဆီမှာ ကျူရှင်ယူမှဖြစ်မယ် (ဆရာကျင့်ဝတ်နှင့် မညီသော ဆရာ၊ ဆရာမများအတွက်သာ) ………(အရင်တုန်းကဆိုရင် ကလေးကျောင်းမှာ စာမလိုက်နိုင်ဘူးဆိုတာ မိဘကိုအသိပေးပြီး မိဘကကိုယ့်အိမ်မှာ လုပ်ပေးလို့ရတာ လုပ်ပေးနိုင်အောင် ဆရာတွေ ဆရာမတွေက အသိပေးတာပါ။ ခုနောက်ပိုင်းမှာတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။ ကျွန်တော်စဉ်းစားမိတာ ကျောင်းမှာ ဒီဆရာမက သင်တာကို မလိုက်နိုင်ရင် ဒီဆရာမပဲသင်တဲ့ ကျူရှင်ကို ကလေးကတက်သင်ပါရဲ့လား ဆိုတာပါပဲ။ ဒါပေမယ့် ကလေးက ဒီဆရာမကျူရှင်ကို မတက်မီကနဲ့ တက်ပြီးနောက်ပိုင်းမှာ စာမေးပွဲရလဒ်တွေက တော်တော်လေး ကောင်းလာပါတယ်။ ဒါပေမယ် ကလေးက စာလိုက်နိုင်လာလို့လားဆိုတော့ မဟုတ်ပါဘူး။ ဆရာမက မေးမယ့်ဟာတွေကို ကြိုပေးပြီး ရအောင်ကျက်ခိုင်းလို့ ကလေးက စာမေးပွဲရလဒ်တွေ တက်လာတာပါ။ နောက်ပြီးတော့လည်း ကျူရှင်မတက်တဲ့သူနဲ့ ကျူရှင်တက်တဲ့သူကို ဆရာမ ဆက်ဆံတာကလည်း ကွာပါတယ်။ ကလေးမိဘတွေနဲ့လည်း အနည်းအကျင်းဆိုင်ပါတယ် ကျူရှင်ထားတယ်ဆိုတာ မိဘကထားမှရတာပါ။)

- တခန်းမှာ ကျောင်းသာပေါင်း ၇၀၊ ၈၀ ခန့်ကို ထိန်းကျောင်းပြီး သင်ရတဲ့ဆရာ၊ ဆရာမ………(အဲ့ဒီလိုမျိုး ဖြစ်ရတာကလည်း လက်ရှိမှာရှိနေတဲ့ ဆရာ၊ ဆရာမဦးရေ၊ အခန်း အရေအတွက်တွေ မလောက်ငလို့ပါပဲ။ ဆရာ၊ ဆရာမတွေက စာသင်တာမဟုတ်တော့ပဲ သိုးတွေထိန်းရတဲ့ သိုးထိန်းလိုဖြစ်နေပါတယ် တပည့်အားလုံးကို ထိထိရောက်ရောက်တော့ မသင်ကြားနိုင်တာ အမှန်ပဲ။ အမှန်အတိုင်းပြောရရင် နေ့ကလေးထိန်းကျောင်းနဲ့ သိပ်မကွာသလိုပါပဲ။ )

- တစ်ယောက်တည်း နှစ်ဘာသာ ပြိုင်သင်ရတဲ့ ဆရာ၊ ဆရာမ………(အသင်အပြကောင်းပြီး ဘာသာရပ်နှစ်ခုလုံးကို နိုင်နင်းတဲ့ ဆရာမဆိုရင်တော့ ကိစ္စမရှိပါဘူး။ အသင်အပြကလည်းမကောင်း ဘာသာရပ်တစ်ခုတည်းတောင်း အနိုင်နိုင်ကို နောက်ထပ်တစ်ဘာသာ ထပ်သင်မယ်ဆိုတော့ ပြောရမယ်ဆိုရင် ကန်တော့ပါ “ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသလို” ဖြစ်နေပါတယ်။ နိုင်နင်းလို့လုပ်တဲ့ ဆရာမတွေလည်းရှိပါတယ်။ နိုင်နင်းတာပဲ ဖြစ်ဖြစ် မနိုင်နင်းတာပဲ ဖြစ်ဖြစ် တကယ်ဆိုရင်တော့ တယောက်တည်း နှစ်ဘာသာတော့ ပြိုင်မသင်သင့်ပါဘူး။)

- မလုံလောက်တဲ့ ဆရာဆရာမတွေရဲ့ လစာကလည်း ကျူရှင်သင်ဖို့ ဖြစ်စေတဲ့
အကြောင်းအရင်းတစ်ရပ် ………(အကယ်၍သာ ဆရာဆရာမတွေရဲ့ ဝင်ငွေဟာ လုံလောက်တဲ့ ပမာဏသာရှိမယ်ဆိုရင် ကျူရှင်သင်ပြီး ဝင်ငွေထပ်ရှာဖို့လိုမယ်မထင်ပါဘူး။ အဲ့ဒီလိုလုံလောက်တဲ့ လစာဖြစ်လာမယ်ဆိုရင် ကျူရှင်သင်တာလည်း နည်းလာမယ့်အပြင် ကျူရှင်ဆက်သင်နေတဲ့
သူကလည်း တကယ် ကလေးအပေါ်မှာ တတ်စေချင်တဲ့ နာသုံနာ အပြည်နဲ့ သင်ကြားပေမယ့်
ဆရာဆရာမတွေပဲ ဆက်သင်ကြပါလိမ့်မယ်။)

- လူကြီးလာမှဖွင့်တဲ့ ကျောင်းစာကြည့်တိုက် ………(ကျောင်းစာကြည့်တိုက်တွေကလည်း လူကြီးလာမယ်ဆိုမှ ဖွင့်ပြီးသန့်ရှင်းရေး ဟိုလုပ်ဒီလုပ် လုပ်တာကများပါတယ်။ ဗဟုသုတရှာချင် အပြင်စာဖတ်ချင်းတဲ့ ကလေးတွေအတွက် သင့်တော်တဲ့ နေရာလေးက အမြဲတမ်းနီးပါး ပိတ်ထားမယ်ဆိုရင် တခြားမသင့်တော်တဲ့နေရာကို ရောက်သွားဖို့ လွယ်သွားပါလိမ့်မယ်။)
Phyo Zarni Win

No comments:

Post a Comment