
“ဆရာမ”
ကျွန်မတို့ သားအမိတစ်တွေ ကားလမ်းပေါ်က ဖဲ့အဆင်း ဆရာမဆို သည့် ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။ လူခပ်ရွယ်ရွယ် တစ်ယောက် ညနေစောင်း ဖျိုးဖျိုးဖျဖျ အချိန်မှာပင် မျက်မှန်မည်းကြီး တပ်လိုက်လို့။ တရုတ် မော်တော်ဆိုင်ကယ် ခပ်လတ်လတ်နှင့် ယှဉ်ကာ ရပ်နေလေတော့ ကျွန်မလည်း ရှေ့မတိုးသာပါ။ မော်တော် ဆိုင်ကယ်ကို ခွထားရင်းက ခြေထောက် တစ်ဖက်ဖြင့် ထောက်ရပ်ပြီး ၀တ်ကျေတန်းကျေ နှုတ်ဆက် နေတာမျိုး မဟုတ်။ ဆရာမ လို့ခေါ်ပြီး မရိုမသေ လုပ်နေတာမျိုး မဟုတ်ဘဲ ဆိုင်ကယ်ပေါ်က ဆင်းကာ လက်အုပ်မချီရုံ တမယ် ရပ်နေတာ ဆိုတော့ ကျွန်မ တပည့်ထဲက ဖြစ်ရမည် ဟု တွေးလိုက်မိပါ၏။
ကျောင်းဆရာမ ဘ၀ဖြင့် ဆယ့်ငါး နှစ်လောက် တာဝန်ထမ်းခဲ့သူ ဆိုတော့ ဆယ့်ငါးနှစ်စာ တပည့်တွေကလည်း များလှသည်။ ကျွန်မ သင်ခဲ့တုန်းက အရွယ် မရောက်တရောက် ပြောက်တိ ပြောက်ထိုးကလေးတွေ ဆိုပေသိသည် အချိန်မှာတော့ လူကြီးတန်း ၀င်နေကြ တာကိုလည်း မကြာခဏ ကြုံရပါ၏။ ကျွန်မ တပည့်မကလေးတွေ ဆိုလျှင် ချေးညှော် ကလူ၊ နှပ်ချေးကလူ မဟုတ် ကြတော့။ချမ်းသာသူတွေက ချမ်းသာ ကြပြီး ဆင်းရဲသူတွေက ဆင်းရဲကြတုန်း။ အများစုက အိမ်ထောင် ရက်သား ကျကုန်ကြကာ သားတွဲ လောင်း၊ သမီး တွဲလောင်းတွေ ဖြစ်ကုန်ကြပြီ။ ဘယ်လို အခြေအနေမှာ ပင်ဖြစ်စေ ဆရာနှင့် တပည့်တော်ခဲ့ ဖူးသည့် ကျေးဇူးရိပ်ကို ထောက်၍ တွေ့ရာမြင်ရာ ၀မ်းပန်းတသာ နှုတ်ဆက်ကြသည်သာ။ သည်လို ဆိုပြန်တော့လည်း ၀မ်းသာရပါသည်။ ငယ်ရုပ်ကို ပုံဖော်ရသည်။ ကျောင်းတုန်းက စာတော်သူလေးလား၊ စာညံ့သူလေးလား အစ မှတ်မိသလောက် ပြန်စဉ်းစားရသည်။ တချို့တော့လည်း မမှတ်မိ။ ပြုံးလိုက်တော့မှ ရယ်လိုက်တော့မှ မှတ်မိရတာများ လည်း ရှိပါသည်။ ပြုံးသော် ရယ်သော်မှ ၀ိုးတိုး ၀ါးတားဖြစ်ရ ပြန်လျှင် ကာယကံရှင်က ကျွန်မ ဘယ်သူရယ်၊ကျွန်တော် ဘယ်သူရယ်၊ဘယ်မှာတုန်းက ဘယ်လိုရယ်စသည်ဖြင့် အကြောင်း ဗျုပ္ပတ်ကလေး ခင်းလိုက် လျှင်တော့ ရင်ထဲ လင်းရပြန်ပါ၏။
ကျောင်းဆရာမ ဘ၀က နှုတ်ထွက်ပြီး စာတွေကို ဇောက်ချ ရေးဖြစ်ပြန်တော့ စာရေး ဆရာမမို့ “ဆရာမ” ခေါ်သူတွေ ကြုံရ ပြန်သည်။
ဒုတိယ ဆရာမ ဘ၀မှာတော့ စာပေ ပရိသတ်တွေများ သဖြင့် ပို၍ပင် သတိကြီးကြီး ထားရပါ၏။ ဘယ်နယ် ဘယ်မြို့ ဟောပြောပွဲ သွားတုန်းက တွေ့ခဲ့တာပါလိမ့်။ စာပေကော်မတီ ထဲကပဲလား။ သူတို့မြို့မှာတုန်းက ကျွေးမွေး ဧည့်ခံတာတွေ စားခဲ့ ပြီး အခုမှ မမှတ်မိသလိုလို လုပ်နေတာမျိုး ဖြစ်မှာ စိုးရသေးတာ မဟုတ်လား။ပြောချင်တာက ဆရာမ ဇာတာကလေး ပါနေလေ တော့ ဆရာမလို့ ခေါ်ကြလေတိုင်း ကျွန်မမှာ ပြန်လည် တွေး တောရခြင်း၊ ပုံဖော်ရခြင်း၊ တလေးတစား မှတ်မှတ်ရရ တုံ့ပြန်ရန် ပြင်ဆင်ရခြင်းတွေ ဆက်တိုက် ဖြစ်နေရပါသည်။
အခုလည်း ဆရာမလို့ ခေါ်နေသူက ရှေ့မှ မတ်တပ်ရပ် နေပြီ။ ကျွန်မကလည်း မှန်တာ ပြောရလျှင် မမှတ်မိ။ ကျွန်မ စိတ်ထဲ ဖျတ်ခနဲ အတွေးဝင်မိတာ တစ်ချက်တော့ ရှိ၏။ တွေ့ရသည့် နေရာက မြို့ထဲလို အများသူငါ ဆုံနိုင်သည့် နေရာမှာ မဟုတ်။ကျွန်မ၏ မောင်ငယ် မောင်ဖိုးကျော်တို့ နေထိုင် ရာ ရတနာပုံမြို့သစ်တွင် ဖြစ်သည်။ သည်ရပ်ကွက် စုတွေမှာ ကျွန်မ ကျောင်းဆရာမ ဘ၀က မိဘများနှင့် နေထိုင်ရာ မြစ်နား ကမ်းနားက ရွှေ့ပြောင်း လာကြသူတွေများသည်။ ကျွန်မ တပည့် တော်တော်များများ သည်အရပ်မှာ လာစုနေကြတာကို သတိရ လိုက်မိခြင်းဖြစ်၏။
ကျွန်မ၏ ကျောင်းတပည့် တွေရှိသလို အိမ်မှာ ပါ စာပြခဲ့သော ကျွန်မအဖို့ရာ အိမ်တပည့်တွေလည်း ရှိသည်။ ကျွန်မ စာသင်နေသည့် မြို့ထဲ ကျောင်းက မဟုတ်ဘဲ တစ်ခြား ကျောင်းတွေမှာ တက်နေကြသည့် ကျွန်မတို့ ဆင်းရဲသား ရပ်ကွက် ကလေးထဲက ကျောင်းသား တပည့်ကလေး တွေလည်း ရှိခြင်း ကြောင့်ပင်။ အသက် အရွယ်နှင့် နေရာဒေသကိုကြည့်ပြီး ရပ်ကွက် ထဲမှာ စာသင်ခဲ့သည့် တပည့် တစ်ယောက်ယောက် ဖြစ်ရမည်ဟု ကျွန်မ တွေးမိသည်။
“ဆရာမ မမှတ်မိဘူးနဲ့ တူတယ် ကျွန်တော်ရယ်”
လာပြန်ပြီ “ကျွန်တော်ရယ်”။ ကျွန်တော်ရယ်၊ ကျွန်မရယ်လောက်နှင့် စကားရပ်ထားသည့် တပည့်တွေ တွေ့လျှင် ပို၍ပင် ဆိုးတော့သည်။ ထို ကျွန်တော်ရယ် ကျွန်မရယ် ဆိုသည့် စကားထဲမှာ ရင်းနှီးသည့် သဘောတွေပါသည်။မြင်တာနှင့် မှတ်မိရမည့်သူဟု ဆိုလိုချင်ပါသည်။တစ်ခါက ဆရာမ တပည့်ရင်းတွေထဲက တစ်ယောက်လေ ဆိုသည့် အရိပ်အငွေ့ ပါသည်။ ဒါမျိုးကြုံလျှင် ကျွန်မမှာ ခေါင်းခြောက် ရပြန်၏။တစ်ဖက်က အဲသလို အဓိပ္ပာယ်မျိုးဖြင့် ပြုံးခဲ နေတာကို မင်းနှယ်ကွယ် ဘယ်သူဖြင့် ဘယ်သူ ပြောမှပေါ့။ ငါ့မှာ လူပေါင်းသောင်းခြောက်ထောင် အကုန် ဘယ်မှတ်မိပါ့မလဲ မဆိုသာတော့ပြီ။
“၀င်းဆန်းလား”
“မဟုတ်ဘူး ဆရာမ။ လေပေါ ရယ်”
“အလိုတော် ကိုလေပေါ။ မင်းက နေတိုးကျလို့ ကိုးဟဲ့”
လေပေါ။ ကျွန်မ တပည့်တွေ ထဲက စာခပ်ညံ့ညံ့၊ ဦးနှောက်ကလေး ကယောက်ကယက်နှင့် စကားအလွန် ပေါသော တပည့်ကလေး။ ကြည့်ပါဦး တော့။ဆိုင်ကယ်နှင့် မျက်မှန်နှင့်၊ ခါးမှာ ဟန်းဖုန်းနှင့်။ဘယ့်နှယ့်လုပ် လေပေါ ရယ်လို့ ကျွန်မ ထင်ပါ့မလဲ။ တကယ့် သူ့နာမည်က ငွေပေါပါ။ စကားများလွန်း သဖြင့် ကျွန်မက လေပေါ ခေါ်ခဲ့ရာက တစ်ကျောင်းလုံး လေပေါ ဖြစ်ခဲ့သူပင်။
လေပေါက မျက်မှန်မည်းကို ချွတ်လိုက်တော့ ငယ်ရုပ် ပြန်ပေါ်လာသည်။ ပြုံးနေသဖြင့် ကျွန်မ မှတ်မိနေသည့် ပါးစပ်လေးထောင့်ကြီး ပေါ်လာသည်။ အင်္ကျီရင်ဘတ် အဟထဲက ပြူးထွက် နေသော ဆွဲကြိုးက ကျနေရောင်ထဲမှာ တဖျပ်ဖျပ်။ ရွှေလက်စွပ်ကြီးကလည်း ကွမ်းသီးလုံးလောက် ဖူးဖူးကြီး။ တပည့် တစ်ယောက် အဆင်ပြေ နေတာတွေ့ရ တော့လည်း ၀မ်းသာရသည်။
“ဘိုးတေကော ရှိသေးလားဟဲ့။ နေကောင်းရဲ့လား။ ကြီးလှရောပေါ့”
“ရှိပါ့ ဆရာမရယ် ဆရာမနဲ့ တွေ့ခဲ့ တယ်ဆိုရင် ၀မ်းသာမှာ။ မြစ်ဆိပ်ဘက် မသွားနိုင်တော့ဘူး။ ဆိုင်ကယ်နဲ့လည်း ထိုင်မလိုက် နိုင်တော့ဘူး။ အိမ်မှာပဲ တကုပ်ကုပ်နဲ့”
“အေးဟယ် ရှိသေးတယ်။ ကျန်းမာတယ်ဆိုရင် မင်းတို့ ကိုးကွယ် ခွင့်ရတာပေါ့။ မိဘကို လုပ်ကျွေးခွင့်ရ တာ ကုသိုလ်ကောင်းလို့ဟဲ့”
“ဟုတ်ကဲ့ စိတ်ချမ်းသာအောင် ထားပါတယ် ဆရာမရယ်။ ဘကြီးညိုကို သိပ်မေးတာ။ ဆရာ ကိုဖိုးကျော်နဲ့ တွေ့ရင် ဘကြီးညို အကြောင်း ချည်း ပြောတော့တာပဲ”
ဆရာကိုဖိုးကျော် ဆိုတာ ရတနာပုံ မြို့သစ်မှာနေသည့် ကျွန်မမောင်ဖြစ်သူ ကိုအောင်ကျော်စိုးကို ပြောခြင်းဖြစ်သည်။ ကျွန်မတို့ အိမ်က ဖိုးကျော် ခေါ်နေကျဆိုတော့ လေပေါကလည်း ကိုဖိုးကျော်လို့ ခေါ်ခြင်းဖြစ်၏။ ကျွန်မကို စာကူပြ ပေးခဲ့ဖူးရာ ကျွန်မ တပည့်များက ဖိုးကျော်ကိုလည်း ဆရာ ခေါ်ကြသည်။
လေပေါမှာ ကျွန်မတို့ မြစ်ဆိပ်မှာ နေကြကတည်းက အမေ မရှိတော့သာ ကျွန်မ မှတ်မိပါသည်။ ဘိုးတေ (ဘိုးအရွယ် ဘအရွယ်မို့ ဘိုးတပ်ခေါ်ခြင်း ဖြစ်ပါသည်။)က အဲသည်တုန်းက ကလေး တစ်ပြုံတောင်နှင့် မုန့်လင်မယားသည်လို မီးထိုးလိုက်၊ မုန့်လှန်လိုက်၊ ပဲဖြူးလိုက်၊ မုန့်နှစ်လောင်း လိုက်၊ ကျက်ပြီးသား နှစ်ခြမ်းစပ်လိုက် စသည်ဖြင့် ဒလက်လည်အောင် ရှာဖွေလုပ်ကိုင် ကျွေးမွေးခဲ့သူ ဖြစ်၏။ အခုတော့ သားသမီးတွေ ကောင်းစားလို့ စားဝတ်နေရေး ကောင်းလျှင် ကောင်းဖို့ပင်။ဟိုတုန်းကများ ပင်ပန်း ဆင်းရဲလိုက်တာ ပြောရက်စရာ မရှိ။ ကလေးတွေကကော။ ရပ်ကွက်ထဲ တစ်ကောင်စီ လိုက်ကောက်ရတယ် ဆိုတာမျိုး။
လေပေါအဖေ ဘိုးတေက ကျွန်မအဖေ၏ လက်ကသုံး တောင်ဝှေး။ ဘိုးတေမှ မဟုတ်ပါ။ ဘိုးတေ၏ သားသမီးတွေကို စူးနေရာစူး၊ ဆောက်နေရာ ဆောက်ခိုင်းရလို့ အလွန် အဆင်ပြေသည်။သားအဖတတွေ ကျွန်မတို့ အိမ်မှာ အနေအပြု များကြသည်။အဖေက အလုပ်ပေးရင်း ငွေလည်းရ၊ ထမင်းလည်း စားရအောင် စီမံ ပေးတတ်သဖြင့် အဖေ့ကို အားကိုးကြသည်။ လေပေါက သူ့အဖေ ဘိုးတေနှင့် တပူးတွဲတွဲပါ နေကျဆိုတော့ ကျွန်မတို့ အိမ်နှင့် မစိမ်းတော့။သည်ကြားထဲ ကျွန်မက လေပေါတို့ မောင်နှမ တစ်တွေကို စာသင် ပေးခဲ့ရတော့ ပို၍ပင် ရင်းနှီးရပါ၏။
“သွားတော့မယ် ဆရာမ။ ဆရာမကို တွေ့လို့ နှုတ်ဆက်တာ။ ဆရာမတို့ စံပြဈေးနားမှာ နေကြတယ်ဆို။ ဆရာ ကိုဖိုးကျော်ပြောလို့”
“အေး မင်းလည်း လာလည်လေကွာ။ မင်း အခု ဘာလုပ် နေတာတုန်း”
“ပွဲစား လုပ်နေတာ ဆရာမ”
“အေးအေး ရိုးရိုးသားသားလုပ်၊ သူတစ်ပါး အပေါ် မညစ်နဲ့။ ရကောင်း ရအပ်ရာကို စား ကြားလားလေပေါ။ စင်ကြယ်ပစေ”
“ဟုတ်ကဲ့ ဆရာမ”
လေပေါက မျက်မှန်မည်းကို ပြန်တပ်၏။ ဆိုင်ကယ်ကို စက်နှိုး၏။ဝေါကနဲ ထိုးထွက်သွား၏။ ကျွန်မသာ လမ်းဘေးမှာ ရပ်နေမိဆဲ။
(၂)
“ကိုရင်ညိုရ ကျုပ်သားသမီး တွေကို ကျုပ်က နာမည် မှည့်သာတောင် ဓာတ်နဲ့ မှည့်သာဗျ၊ ပါပမှတ် လို့”
“အလိုဗျာ မောင်တေနှယ်၊ ဓာတ်က အမျိုးမျိုး ရှိသာကွ၊ ဘာဓာတ်များပါလိမ့်။ ရုပ်ဓာတ်နာမ်ဓာတ် ရှိသကွာ။ဓာတ်တော် မွှေတော်ရှိသကွာ။ အပူဓာတ် အအေးဓာတ် ၀မ်းမီး လေဓာတ် ရှိသကွာ။ဓာတ်ချုပ် ဓာတ်သက်ဆိုသာ ရှိသကွာ”
အဖေက ဘိုးတေနှင့် တွေ့လျှင် အမြဲကန့်လန့် ပြောတတ်သည်။ အဖေ့အကြောင်းသိနေတော့ ကျွန်မတို့ မောင်နှမတစ်တွေ အဖေတို့ စကားဝိုင်းကို နားစွင့် ထားကြမြဲပင်။ အဖေက ဘိုးတေ သူ့သမီးတွေဓာတ်နှင့် နာမည်မှည့်သည် ဆိုတာကို သဘောပေါက်သော်လည်း မသိသလိုလုပ် ကာစနေခြင်းဖြစ်သည်။ကန့်လန့်ပြောသည်ဆိုတာက ဘိုးတေကို ချစ်ခင်၍ ကျီစယ်ခြင်းဖြစ်သည်။
“ရော် ဆရာညိုရယ်၊ ဘယ့်နှယ့် ၀မ်းမီး ဓာတ်ရမှာတုန်း၊ ခက်ပါ့ဗျာ။ ဓာတ်သဘော နိမိတ် သဘောကို ပြောသာ။အကြီးကောင်က စိန်ပေါ၊သူ့အောက်က ကောင်တွေက မြပေါ၊ ရွှေပေါ၊ငွေပေါ သည်ကောင်တွေ ပေါများပြီပေါ့ဗျာ။နိမိတ်ဓာတ်က အရေးကြီးသယ်။တချို့မှည့်ကြသာ ရွှေမှုံတဲ့၊ ရွှေဓာတ်ကို ယူမှတော့ ဘယ့်နှယ့် အမှုံကလေး တစ်မှုံဖြစ်ရ မတုန်း။ ရွှေတုံး၊ ရွှေခဲဗျာ မှည့်ပါလေ။ တချို့ရှိသေး ဘာတဲ့ မြပုတဲ့မြနိမိတ် ယူပြီးမှ ဘယ့်နှယ့် ပုက လိုက်ရသာ တုန်း မဟုတ်ကြသာ”
“မင်းနာမည်ကျတော့ ဘယ့်နှယ့် မောင်တေနဲ့ ရပ်နေသာတုန်း တန်းလန်းကြီး”
“နာမည်ရင်းက တေဇာဗျ။ ညီအစ်ကိုနှစ်ယောက်ရှိရာမှာ ကျုပ်အဖေက တေဇာနဲ့ တေဇာရယ်လို့ မှည့်ခဲ့သာ၊ တေဇာဆိုသာ ဘွန်းတန်ခိုး အာနုဘော်လို့ ပြောသာ ကိုရင်ညိုရဲ့”
“ဒါဖြင့် တေဇောကကောကွာ”
“တေဇော ဆိုသာက မီးဓာတ်ပေါ့ဗျာ”
“သဟာဖြင့် မင်းတို့ ညီအစ်ကိုက ဓာတ်ချင်း တစ်ခြားစီပေါ့ကွ။ တစ်ယောက်က အပွင့်၊ တစ်ယောက်က အပိတ်”
“ဆရာညိုကတော့ လုပ်ကရော့မယ်”
ကျွန်မတို့ မောင်နှမတစ်တွေ ကွယ်ရာမှာ ရယ်ကြရပါသည်။စလို့ စမှန်း မသိ။ငြင်းစရာ ရှိလျှင် ဘိုးတေက ပေပြီးငြင်းသည်။ အဖေက စချင်သဖြင့် တလွဲ ပြောပြန်တော့ လက်ခံချင် လက်ခံပြန်ပါ၏။ဘိုးတေတို့ သားအဖ တစ်တွေကို ရပ်ကွက် ကလည်း စကြ၊ နောက်ကြသည်။ သားအဖတစ်တွေ သဘော ကောင်းကြတာကို သိကြသလို စိတ်ကယောက်ကယက် ရှိကြသူ တွေလို့ သဘော ထားကြတာလည်း ပါပါသည်။ အဖေ့ဆီကို မနက်တိုင်း ဘိုးတေ ရောက်လာတတ်သည်။ ဘိုးတေကို ထင်းပေါက် ခိုင်းတာမျိုး၊ လေပေါကို ထင်းလှမ်း ခိုင်းတာမျိုး လုပ်ခိုင်းသည်။ တစ်အိမ်လုံးကို လှည်းခိုင်း ကျင်းခိုင်းသည်။ ပေါက်ပြဲ နေသော ခြံစည်းရိုးတွေ သစ်ပိုးဝါးပိုး လုပ်ခိုင်းသည်။ ကြေးညော်တက် နေသော ကြောင်အိမ်တွေ ဆေးခိုင်း ကြောခိုင်းသည်။ ထမင်းစားချိန် ကျပြီဆိုလျှင် ထမင်းကျွေးသည်။ ညနေ သုံးနာရီလောက် အဖေ လက်ဖက်ရည် ၀ယ်သောက်လျှင် ဘိုးတေဖို့ ပါပါရသည်။ အမေက တစ်ခါတစ်ခါ မကြည်သာချင်။
“ဘိုးတေ အကောင်းလုပ်ပြီး ထမင်းကျွေးနေ ရပါပကော။ ညည်း အဖေက သူ့ကိုယ်သူ ဆာဘိုးသာ မှတ်နေထင်ပါ့”
ပြောသာ ပြောတာပါ။ အမေ ကလည်း ဘိုးတေတို့ သားအဖကို ခိုင်းစရာ ပေါ်လျှင် ခိုင်းသည်။ ကျွေး စရာ ရှိကျွေးသည်။ ပေးကမ်းသည်။
“နေဦး မောင်တေရ၊ မင်းသမီး တွေက ဘယ်သူတွေ”
“သောင်းပေါတဲ့ သန်းပေါတဲ့ဗျ”
“မင်းဟာက ရာဂဏန်း ထောင်ဂဏန်းတောင် မပါပါလား ကွ။ သောင်းပေါက ထားပါ တော့၊ သန်းပေါကတော့ ဘီးစိတ် လိုမှာကွ”
အဖေက အဲသလို စတော့လည်း ဘိုးတေက စိတ်မဆိုးဘဲ ရယ်နေတတ်သည်။ အဖေက သူ တစ်ပါးသားသမီး နိမိတ်ယူမှည့်တာကို ခနိုးခနဲ့ လုပ်ချင်တာ မဟုတ်ပါ။ ချစ်လို့ခင်လို့ စတာ ပါသလို နာမည် ထက်လူက အရေးကြီးကြောင်း ပြောချင်တာလည်း ပါပါသည်။ တစ်ခါတစ်ခါ ဒူးတင်ပေါင်တင် ပြောကြ ဆိုကြတာတွေ ရှိသည်။
“မင်းနှယ် နိမိတ်ကောင်းယသယ်ဆိုသာ ကိစ္စကောင်းကွ။ ငါက ရယ်စရာ အဖြစ် စသာပါ။သို့ပေသိ မစွဲနဲ့၊ မောင်ချမ်းသာဆိုပြီး ဆင်းရဲလိုက်သာ လွန်လို့။ မောင်စိတ်ကောင်းဆိုပြီး လူတကာ လှည့်ညစ် နေသာလည်းရှိသာပဲ။ တို့လှေလိုက်တဲ့ လှေထိုးသားကို နာမည် မေးကြည့်တော့ မောင်မြင့်တဲ့၊ ရေထဲက ကိုယ်မတက်ရဘူး။ မြစ်ထဲ ဆင်းငုပ်ပြီး လှေပေါက် ဖွဲလွှတ်နေရသာ။ တစ်ယောက်ရှိသေးသယ်။ မောင်ပေါ များတဲ့ လှေကဆင်းတော့ ချိုင့်တစ်လုံး ပါသွားရဲ့။ ဒါကြောင့် လူကလည်း ကြိုးစားပါမှ လုံ့လ၀ီရိယ ရှိပါမှ သိမ်း သိမ်းထုပ်ထုပ်ရှိပါမှ ကြီးပွားသယ်”
သည်လို ပြောပြတော့လည်း ဘိုးတေက ပြုံးပြုံးကြီး နားထောင်နေပါ၏။ သူ့ကိုယ်သူလည်း ဝေဖန်ရေး လုပ်သည်။
“ဟုတ်ပါ့ဗျာ၊ ကျုပ်နာမည် မောင်တေဇာလို့မှည့်သာ၊ သည်အရွယ်ရောက် သဲ့အထိ ဘာဘုန်း ဘာတန်ခိုးမှ မရှိ ဘူး။ခင်ဗျားကတော့ နာမည်နဲ့လိုက်ပါသယ်။ မောင်ညို ဆိုသဲ့အတိုင်း ညိုလိုက်သာမှောင်လို့”
အဖေက ရယ်လိုက်တာမျက်ရည် များပင်ကျသည်။ ဘိုးတေနှင့် ပါလာလေ့ရှိသူ လေပေါကလည်း မထူးပါ။ အဖေက တစ်ခါတော့ လက်ဖက်ရည် ၀ယ်ခိုင်းရင်း စမူဆာရရ၊ နံပြားရရ ၀ယ်ခဲ့ကွာလို့ မှာလိုက်သည်။လေပေါက ကိုးနှစ် ဆယ်နှစ်သား။ စကားကများများ။ လေပေါ ပိုက်ဆံယူပြီး ထွက်သွား လိုက်တာ နာရီဝက်ရှိလို့လည်း ပေါ်မလာ။တစ်နာရီ ရှိလို့လည်း ပေါ်မလာ။အဖေက လက်ဖက်ရည် သောက်ချင်လှပြီ။ လေပေါပေါ်မလာတော့ အဖေ့အတွက် အနားက လက်ဖက်ရည်ဆိုင်မှာ ပြေးဝယ်ပေး ရတော့သည်။ လက်ဖက်ရည်နှင့် မုန့်ပေါ်မလာတာထား။ လေပေါ ပျောက်သွားသည့် အတွက်ကြောင့် ရဲတိုင်ရ မလိုလို ဖြစ်ရတော့သည်။ဘိုးတေက လိုက်ရှာတော့မှ လေပေါတစ်ယောက် လက်ဖက်ရည်ထုပ် ကလေး တစ်ထုပ်နှင့် ပြန်ရောက်လာ၏။ လက်ဖက်ရည်က အေးစက်လို့။
“ဘကြီးမုန့်က မရပေါင်ဗျာ။ စမူ ဆာပုံနံပြား မရှိဘူးတဲ့။အ၀ိုင်းလိုက် အချပ်လိုက်ပဲ ရှိသာတဲ့။ ကျွန်တော်က ကျွန်တော့် ဘကြီး ၀ယ်စား နေကျလို့ ပြောသာတောင် မရခဲ့ဘူး။ ဒါနဲ့ လက်ဖက်ရည်ဆိုင် အနှံ့ လိုက်ရှာသာ ဂေါဝိန်ဟိုဘက်တောင် ရောက်ခဲ့ရဲ့၊ မရပေါင် ဘကြီးရာ”
တစ်ခါလည်း ကျွန်မ စာသင်နေ သည့် စားပွဲခုံဝိုင်းကြီးမှာ ထိုင်နေကြ သောကလေးတွေထဲက လေပေါကို အမေက ခေါင်းတို့ ခေါ်သွားပါသည်။ ဈေးကိုလွှတ်ချင်လို့ ဖြစ်သည်။ ဈေးက မဝေးပါ။ ကျွန်မတို့ ရပ်ကွက် ကျော်လိုက်လျှင် ရောက်သည်။ အဖေက ခရမ်းသီး မီးဖုတ်သုပ် စားချင်သည်ဆို သဖြင့် လေပေါကို ခရမ်းသီး ၀ယ်လွှတ်ခြင်း ဖြစ်သည်။ အမေမှာ နေတာကို ကြားနေရသည်။ကျွန်မ စာသင်ပျက်မှာ စိုးလို့သာ လွှတ်ရသည်။ လေပေါ တလွဲ လုပ်တတ်တာကို သိသဖြင့် အထပ်ထပ် မှာနေသည်။
“လေပေါ လွဲလုပ် မလာနဲ့၊ ခရမ်းသီး လုံးလုံးဝိုင်းဝိုင်းကြီးတွေ တွေ့ဖူးသမှုတ်လား။ ဥသျှစ်သီးကြီးတွေလို ဟာကွာ။အခွံစိမ်းနဲ့ ဘုတ်မသီး ခေါ်သယ်၊ မှတ်မိလား ဘုတ်မခရမ်းသီး မှတ်ထားဦး”
“ဘုတ်မ ခရမ်းသီး”
“အေး နှစ်လုံးဝယ်ခဲ့။ ကြီးကြီးနဲ့ ကောင်းသာ ကိုဝယ်၊ အနာအဆာ မပါစေနဲ့၊ ပြေးကြာမနေနဲ့။စုတ်ဆိုပြန်ခဲ့”
အမေက တတွတ်တွတ် မှာလေ၏။လေပေါကလည်း ပိုက်ဆံကို ကျစ်ကျစ်ဆုပ်ပြီး ပြေးရှာပါ၏။မပေါ်လာပြန်။ ထမင်းဟင်းတွေ အကုန်သာ ကျက်ကရော လေပေါ မရောက်လာ။ တစ်နာရီလောက် ကြာမှ လေပေါ ပိုက်ဆံကိုင်ရင်း အိမ်ထဲ ပြန်ဝင်လာသည်။ ခရမ်းသီးတော့ မမြင်။
“ခရမ်းသီးသည် ဒေါ်ဘုတ်မ မတွေ့ပေါင်ဗျာ။ တခြား ခရမ်းသီးသည်တွေတော့ ရှိသားပဲ။ကြီးတော်က ဒေါ်ဘုတ်မဆီကမှ ဆိုသာကိုးဗျ။ ကျုပ်ဖြင့် လည်ရှာသာ ဈေးနှစ်ပတ် သုံးပတ်တောင် လည်သယ်။ သည်ဈေးမှာ ဒေါ်ဘုတ်မ မရှိဘူးတဲ့”
အဖေက တဟားဟား ရယ်ရင်းက“မင်း အဲသည်ဈေးထဲ စမူဆာပုံ နံပြားကော တွေ့ခဲ့ရဲ့လား”ဆိုတော့ လေပေါက ခေါင်းခါသည်။ အမေက “နင့်ကို ခရမ်းသီး ၀ယ်ခိုင်းသာဟဲ့။ ဒေါ်ဘုတ်မ အရှာခိုင်းသာ မဟုတ်ဘူး”ဆိုကာ လေပေါခေါင်းကို ဒေါင်ကနဲ ခေါက်လိုက်ခြင်းဖြင့် ဘုတ်မ ခရမ်းသီး ဇာတ်ကို သိမ်းလိုက်ရတော့သည်။
တစ်ခါမှာတော့ အဖေက အလုပ်ပေးချင်သဖြင့် ဘိုးတေနှင့် လေပေါသားအဖကို မြစ်ကမ်းနားတွင် ဆိုက်ထားသည့် ကျွန်မတို့ ပိုင်သစ်ဆွဲ မော်တော်ပေါ်ခေါ်သွားသည်။ သစ်ဖောင်တစ်ဆွဲ ဆွဲခဲ့ပြီး ရန်ကုန်က တစ်ခေါက် ပြန်ခဲ့ပြီဖြစ်၍ မော်တော်ပေါ်မှာ သန့်ရှင်းရေး လုပ်ခိုင်းရန် ဖြစ်သည်။ စက်ဆီများ၊ ရွှံ့များ၊ ကြိုးကွင်းကြိုးခွေများကအစ ရှင်းတန်တာရှင်း၊ တိုက်ချွတ် ဆေးကြောတန်တာ ဆေးကြောလုပ်ပေးရန် တာဝန် ပေးခဲ့သည်။ မျက်စေ့ထဲ အမြင်မတော်တာ မှန်သမျှ သန့်ရှင်းရေး လုပ်ကြရန် ခိုင်းခဲ့သည်။
“အားလုံးပြီးပြီ ဆိုရင် အိမ်မှာ ထမင်းတက်စားကြ။ ကျုပ် ပိုက်ဆံကြည့်ပေးမယ်။ ကြိုးတွေလည်း စစ်ကြကွာ။ ဆွေးတာ၊ ပြတ်တာ၊ လွန်းဖွာတာတွေပါကြည့်၊ တွေ့ရင်မှတ်ထား။ကြမ်းခင်းတွေတော့ ရေပုံးနဲ့ ရေခပ်ပြီး ဆပ်ပြာမှုန့် ဖြူးပြီးနာနာ တိုက်ကြ”
အဖေက အသေးစိတ်မှာပြီး အိမ် ပြန်လာခဲ့သည်။ နာရီဝက် တစ်နာရီ လောက်ကြာတော့ အဖေက မြစ်ဆိပ် တစ်ခေါက်ဆင်းကြည့်သည်။ မော်တော် စောင့်သူကလည်း မော်တော် သန့်ရှင်းရေး ၀င်နေသဖြင့် မြို့ထဲ အလည် အပတ်သွား ခဲ့ပြီ။အဖေ ပြန်လာတော့ သားအဖနှစ်ယောက် ကျုံးလုပ်နေတာ မော်တော်များ ပြောင်သွားတာပဲလို့ အမေ့ကို ပြောပြနေသည်။ထမင်းစား ကာနီးအထိ သားအဖနှစ်ယောက် ပေါ် မလာလေတော့ အဖေ မြစ်ဆိပ်ကို တစ်ခေါက် လိုက်သွားပြန်သည်။
သည်တစ်ခါတော့ အဖေ မျက်လုံးပြူး ရပြီ။ မော်တော်က ကမ်းနှင့် ဝေးဝေး ရောက်နေလေပြီ။ မြစ်မ ရေစီးထဲတော့ မရောက်သေး။ ရေထဲမှာ တလည် လည်နှင့် တရွေ့ရွေ့ မြစ်လယ်ကို ရွေ့နေ လေပြီ။ အဖေလည်း အိမ်ကို ချက်ချင်း ပြန်ပြေး လာကာ မော်တော်အင်ဂျင် သော့ကိုယူပြီး ကျွန်မ အစ်ကိုနှင့် အတူ မြစ်ဆိပ်ကို ပြန်ပြေးကြသည်။
ကျွန်မတို့လည်း ဘာများ ဖြစ်ပါ လိမ့် ဆိုပြီး လိုက်တော့မှ မော်တော် မြစ်လယ် ရေကြောထဲ ရောက်တော့ မှာကို မြင်ကြရတော့သည်။ အစ်ကိုက ကမ်းနားက လှေတစ်စီးငှားပြီး လိုက် သည်။ မော်တော် ပေါ်ပြန်တက်၊ စက်နှိုးပြီး ပြန်မောင်းလာကာ မြစ်ဆိပ် မှာ ပြန်ကပ်ရပါ၏။ ကံကြီးပေလို့။ ကြိုးမပါဘဲ မော်တော်ကမျောရင်း မျောရင်း သူတစ်ပါး မော်တော်တွေ လှေတွေကို တိုက်သွားနိုင်သည်။ မြစ်ထဲ ကူးလူးနေကြသည့် သင်္ဘော ကြီးများနှင့် တိုက်မိနိုင်သည်။ မြစ်မ ရေစီးထဲ ရောက်သွားလျှင် အောက်ကို မျောတော့မည်။ အဖေက သားအဖနှစ် ယောက်စလုံးကို ဆူလေသည်။
“မင်းတို့နှယ်၊ မော်တော်ကြီး ကြိုးနှစ်ချောင်းနဲ့ ကမ်းနားမှာ မရွေ့ မလျားအောင် တုပ်နှောင်ထားတဲ့ဟာ၊ ကြိုးဖြုတ် ပစ်ရသယ်လို့ကွာ။ ကံကြီး ပေလို့ မလျော်ရသယ်၊ ဘယ်လိုဖြစ် သာတုန်း ကိုတေရဲ့၊ ခင်ဗျားလဲ ပါရက်ကနဲ့”
မျက်နှာ ကောင်းရမလားလို့ လုပ်ကာမှ အဆူ ခံရတာကို နားမလည် နိုင်သလို အဖေ့ကို ပြန်ကြည့်နေကြရှာသည်။ကျွန်မတို့မှာလည်း မထိမခိုက် ရှိတာကိုပဲ တော်ပါသေးရဲ့ အောက်မေ့ရတာ ဆိုတော့ ဆူလည်းဆူ စေချင်သည်။မဆူလည်း မဆူစေချင်။မော်တော်ကတော့ သားအဖ နှစ်ယောက် တိုက်ချွတ်ထားတာ ၀င်းစက်လို့။
“ကိုရင်ညိုပဲ ကြိုးတွေ တစ်ချောင်းချင်း စစ်ကွာဆိုသာကိုးဗျ။ မော်တော်ပေါ်က ကြိုးတွေ အကုန် စစ်ပြီးပေါ့ဟာ၊ မော်တော်တွဲထားသဲ့ ကြိုးနှစ်ချောင်း ကျန်သာနဲ့ ငါ့သားဖြုတ်ကွာ အဲသည့် နှစ်ချောင်းစစ်ပြီး ထမင်း စားကြရအောင် ဆိုပြီး ဖြုတ်ကြသာ၊ ငွေပေါ တစ်ယောက်တည်း ဖြုတ်မရသာနဲ့ ကျုပ်ပါကူ ဖြုတ်ရသေးသယ်။ မော်တော်ပေါ် ပြန်တက်ပြီး ကြိုးနှစ်ချောင်း စစ်နေတုန်း ကိုရင်ညို ရောက်လာသာပဲ”
ကျွန်မတို့မှာ စိတ်မကောင်းလည်း ဖြစ်ရ။ ထုံလိုက် အလိုက်ကြတာ ပါလားလို့လည်း မချင့်မရဲ ဖြစ်ရ။ အမေကတော့ တော်ပါသေးရဲ့ ဆီတွဲ သွားမခွလို့တဲ့။ အောက်ဖက်နားမှာ ကျောက်ချ ထားသော ရေနံ တင်ဆီ တွဲကြီးများနှင့် တိုက်မိလျှင် တွေးဝံ့စရာမရှိ။ သည်ကြားထဲက ပြဿနာ တက်နိုင်သည်။ သည် ကတည်းက ဘိုးမြသား အဖကို မော်တော် အလုပ် မခိုင်းတော့။
မနက်မိုးလင်းလျှင် သားအဖ နှစ်ယောက် အဖေ့ဆီကို ရောက်လာတတ်ကြသည်။ အဖေက အလုပ်ရှာထားနှင့် ကာကနေ့ ဘယ်သူ့အိမ် သွားချေ။ မနက်ဖြန် ဘယ်မှာ သွားလုပ်ချေ။ဘယ်လောက် ပေးလိမ့်မယ်။ သပ်သပ်ရပ်ရပ် လုပ်ကြ စသည်ဖြင့် မှာတတ်သည်။ လွှတ်သာ လွှတ်ရတာ တလွဲလုပ်တာ များလည်း ရှိတတ်သည်။ ခွင့်လွှတ်ကြတာ များပါ၏။ ဘိုးတေ၏ ဇနီး ဒေါ်အုန်းတင် မရှိကတည်းက ဘိုးတေပင် ကြောင်တောင်တောင် ဖြစ်သွားခဲ့ ရှာသည်ဟု ယုံကြည်ကြတာလည်း ပါပါ၏။သားသမီးက ရှစ်ယောက်လား၊ ကိုးယောက်လား ကျန်ရစ်ခဲ့သည်။ကျွန်မ ကြားဖူးသလောက် ဥမမယ် စာမမြောက်ကလေးတွေ တစ်ပြုံတောင်ကြီးကို ထားရစ်ကာ ဒေါ်အုန်းတင် ပျောက်သွားခဲ့သည် ဆို၏။ တကယ်တော့ ပျောက်သွားတာ မဟုတ်ဘဲ ဒေါ်အုန်းတင်တို့ ကိုးကွယ်သည့် ဘိုးတော်လိမ်နှင့် ပါသွားခြင်းဟု ပြောသည်။ သည်အဖြစ် အပျက်တွေက ကျွန်မတို့ပင် မမီခဲ့ပါ။ ဒေါ်အုန်း တင်ဆိုလျှင် မြင်ပင် မမြင်ဖူးလိုက်။ တစ်ဆင့်စကား ကြားခြင်းသာ ဖြစ်၍ ဟုတ်လေသလား၊ မဟုတ်လေသလား ဆိုတာလည်း မသိခဲ့။ ကျွန်မတို့နှင့် ဘိုးတေသားအဖ တစ်တွေ ဆုံမိကြတော့ သည်လိုပဲ ကလေးတွေ တိုးလို့တွဲလောင်း နှင့် ဖိုသီဖတ်သီဘ၀မှာ ဖြစ်သည်။
အိုးကလေး အိမ်ကလေး ကျန်ရစ် ခဲ့တော့ နေစရာ ထိုင်စရာ ကျောခင်းစရာ အတွက် လေပေါတို့ မောင်နှမ တစ်တွေ ဣနြေ္ဒတော့ မပျက်ကြ။ စိန်ပေါ၊ မြပေါတို့က ဘောက်အလုပ် လုပ်ကြသည်။ မိန်းကလေးများ ဖြစ်ကြသည့် သောင်းပေါတို့ သန်းပေါတို့က ရပ်ကွက်ထဲက ဆေးလိပ်ခုံမှာ ဆေးလိပ် လိပ်ကြသည်။ လေပေါအောက် အငယ် တွေကတော့ ကိုရင်ဝတ်နှင့် တချို့၊ရပ်ကွက် မူလတန်း ကျောင်းကလေးမှာ တချို့ ရှိကြပါ၏။ နေ့ခင်းဘက်မှာဆို ဘိုးတေတို့ အိမ်ကလေးမှာ လူမရှိတာ များသည်။ သားအဖ နှစ်ယောက်သာ ဟိုသွား သည်သွား။ ရရာအလုပ် လုပ်ကြရင်း ရသမျှ စားပစ်ကြခြင်း ဖြစ်၏။ခိုင်းသည့်အိမ်က ထမင်းကျွေးကြတာ များပါသည်။တချို့က ဘိုးတေတော့ မယ်အုန်းတင်မရှိလို့ မနေတတ်တော့ မိန်းမပေးစားမှနဲ့ တူတယ်လို့ စတတ်ကြသည်။ဘိုးတေက မျက်နှာပျက်သွားတတ်သည်။ ကျွန်မတို့ မောင်နှမ တစ်တွေကလည်း အဲသလို စခဲ့ကြဖူးသည်။
“ဘိုးတေ သားသမီးတွေ အရွယ် ရောက်ကြပါပြီဗျာ။ ကိုယ့်ဟာကိုယ် အိမ်ထောင်ကလေး ဘာလေး ပြုပြီး အိမ်ခွဲနေတော့။ မော်တော်ထွက်ရင် ကျွန်တော်နဲ့ လိုက်ခဲ့။ လမ်းရွာတွေမှာ တစ်ယောက်မဟုတ် တစ်ယောက် တွေ့မှာပဲ။ ခေါင်းခေါက် ရွေးယူရုံပဲ”
ကျွန်မအစ်ကိုက သစ်ဆွဲမော်တော် လုပ်သူဆိုတော့ တစ်လကိုးသီတင်း မော်တော်နှင့် ရေထဲမိုးထဲ သွားနေရသူဖြစ်သည်။သည်တစ်ခေါက် သစ်ဖောင်ဆွဲထွက်လျှင် မော်တော်ပေါ် လိုက်ခဲ့ရန် ခေါ်ခြင်းဖြစ်ပါ၏။ ဘိုးတေက မျက်စေ့မျက်နှာ ပျက်နေတတ်သည်။ အဖေက “ဟုတ်သားပဲကွ လိုက်သွား၊ မော်တော်ကြိုးဖြုတ် မျှောဖော် ရတာပေါ့ကွာ” ဆိုတော့မှ ရယ်သည်။ နောက်ထပ် အိမ်ထောင်ပြုဖို့ နေနေသာသာ သည်လောက် စတာကိုပင် ရှက်တရွံ့ရွံ့။မျက်နှာကြီး ပွစိပွယောင်းဖြင့် တရွရွရှိနေတတ်သည်။
“မိန်းမများ တော်ပါပြီ ကိုရင်ညိုရာ။ ငါ့တူများလည်း ကျေးဇူး တင်ပါရဲ့။ နွားခလောက်သံ မြည်သံ ဆန်းပေသိ နှမ်းပို မရပေါင်ကွာ။ ကလုန်ကလုန်ပါပဲ။ ထူးပါဘူး”
“ဘိုးတေက သစ်သားခလောက် ရခဲ့တာကိုးဗျ။ အခုက ကြေးခလောက်ပေါ့။ ကလုန်ကလုန် ဘယ်ဟုတ်တော့မှာလဲ”
“ကြေးခလောက် ဆိုတော့ ကလင် ကလင် နေမှာပဲ”
ကျွန်မတို့ကို မပြောသော်လည်း အဖေ့ကိုတော့ တစ်ခါတစ်ရံ စိတ်ကူးစိတ်ရ ပြောသည့် စကားရှိသည် ဆို၏။ သူတို့ သားအဖ တစ်တွေ ဒုက္ခရောက်အောင် ဒေါ်အုန်းတင်က ဘိုးတော်နှင့် ပေါင်းပြီး အိမ်အောက် အင်းမြှုပ်ခဲ့သည်ဟု ယုံကြည်နေရှာသည်။ အဖေက တရားသဘော နှင့်ရော၊ လောကီ သဘောနှင့် ပါကပ်ပြီး ဒါတွေ မရှိကြောင်း၊ မယုံအပ်ကြောင်း ဖျောင်းဖျပါသည်။ ဒေါ်အုန်းတင်ခမျာ ဘ၀က အကြောင်းကြောင့် မိုက်မှားမိသော်လည်း လင်နှင့် သားသမီး တွေကို ရက်စက်ရန် အကြောင်း မရှိနိုင်ကြောင်း၊ သူ့အမှားသူ မြင်၍ စိတ်ပင်ဆင်းရဲ နေလောက်ပြီဖြစ်ကြောင်း၊ သားသမီးများ ရှေ့ရေးကိုသာ တွေး၍ စိတ်ချမ်းသာ အောင် နေရန် ရှိတော့ကြောင်း အဖေက နားဝင်အောင် ပြောပြသည်။ အဖေ ဘယ်လိုပဲ နားချချ ဘိုးရွှေ ကတော့ အစွဲမကျွတ် ရှာပါ။ စကား ရောက်တိုင်း၊ စိတ်ကူးရတိုင်း သူတို့ အိမ်အောက်မှာ အင်းမြှုပ်ထားခဲ့သည့် အကြောင်း ပြောမြဲပြောလျက်ရှိခဲ့ပါ၏။
ကျွန်မတို့ ရပ်ကွက်ထဲအ၀င် မြစ်ဆိပ်ကမ်းနားတွင် စေတီတော်တစ်ဆူ ရှိသည်။ မြစ်ရေကြီးချိန်ဆိုလျှင် စေတီ တော်ရင်ပြင် အထိ ရေမြှုပ်သဖြင့် ရင်ပြင် တော်ကို မြှင့်ကြရသည်။ ဘုရား ပတ်လည်တွင် ကျောက်ထုပ်၊ကျောက် ထောက်များ ခံကြရသည်။ စေတီတော် ငယ်ကို ဥာဏ်တော်မြှင့်ကြသည်။ဘုရား ပြုပြင်ရေး ဝေယျာဝစ္စမှာ ကျွန်မ အဖေက ဂေါပက ဥက္ကဋ္ဌ တာဝန် ယူရပါသည်။ ကောက်ခံ ရရှိသမျှ အလှူငွေကို အဖေကိုင်ရသလို အသုံးရှိတော့လည်း အဖေကပဲ ထုတ်ပေးရပါ၏။ အကုန် အကျ အလေအလွင့် မရှိစေရန် ခြိုးခြိုး ခြံခြံ သုံးရသည်ဖြစ်၍ အဖေကိုယ်တိုင် တောင် ဝှေးတစ်ချောင်းဆောင်ကာ စေတီတော် ရင်ပြင်က ဆင်းရသည် မရှိတော့ပါ။ နေ့နေ့ညည ဘုရား ဝေယျာ ၀စ္စများနှင့်သာ ပြီးရတော့သည်။ အိမ်ပြန် လာလျှင်လည်း ခဏတဖြုတ်ပင်။ ဘိလပ်မြေက အစ ပစ္စည်းတွေ ချသည့် ရက်ဆိုလျှင် အဖေ ကိုယ်တိုင်ရင်ပြင် တော်မှာပဲ စောင့်အိပ်ခဲ့ရှာပါ၏။ ဘုရား တန်ခိုးတော်ကြောင့် မကျန်းမမာ မရှိ။အဖေကလည်း စိတ်ချမ်းသာ ပုံရတော့ အမေကလည်း ခွင့်ပြုထားခဲ့သည်။
ဘုရားပြုပြင်နေစဉ် ကာလတစ် လျှောက်လုံး အဖေက ဘိုးတေတို့ သားအဖ တစ်တွေကို အလုပ် ပေးခဲ့သည်။ ပန်းရံ၊ လက်သမား ခေါင်းဆောင်ငှားပြီး နောက်လိုက် အလုပ်သမား အဖြစ် ရပ်ကွက်ထဲက လူတွေကို ငွေကြေး ပေးတန်ပေး၊ လုပ်အား ဒါနပြု တန်ပြု စေကာ နှစ်လုံးပေါက် လုပ်ခဲ့ကြရပါ၏။ ဘိုးတေနှင့် လေပေါ သားအဖကတော့ အဖေလက်က သုံးတောင်ဝှေး သဖွယ် ဘုရား ပေါ်မှာပဲနေ၊ ဘုရားပေါ်မှာပဲ အိပ်၊ စိန်ပေါ၊ မြပေါ၊ ရွှေပေါ၊ သောင်းပေါ၊ သန်းပေါတို့ကလည်း ပန်းရံခကြွေး အဖြစ် အလုပ် ၀င်ခဲ့ကြသည်။
“ငါ့မယ် ဘုရား ဝေယျာဝစ္စက မပင်ပန်းပါဘူးဗျာ။ တစ်နေ့တစ်နေ့ မောင်တေ သားအဖ တစ်တွေ ပြဿနာ ရှင်းရတာနဲ့ ပြီးရတာပဲ။ ဘုရားမြောက်ဖက် ထုံးပုံကြီး ပုံထားတာ ဟီးထလို့ ဘိုးတေက ဘုရား တံတိုင်းနဲ့ မလွတ်လောက်တဲ့ ကုက္ကိုပင်ကြီး အကိုင်းတက် ချိုင်သတဲ့။သားတွေက အောက်ကကြိုး နဲ့ဆွဲချကြတယ်။ သစ်ကိုင်းတွေက ထုံးပုံထဲ ကျကုန်တော့တာပေါ့။ ထုံးပုံလည်း ပစ်ရ၊ ထုံးပုံထဲ ကျတဲ့ ကိုင်းဆွဲ ထုတ်ကြရတော့ လူလည်းပင်ပန်း၊ ထုံးတွေ ဆိုတာလည်း ဖွေးလို့ အတော်ဥာဏသမ္ပ ရုပ်နည်းကြတဲ့ ဟာတွေ”
အဖေ ဘုရားက ပြန်လာတိုင်း ဘိုးတေ သားအဖ တစ်တွေ၏ အဆီ အငေါ် မတည့်မှုတွေက တစ်ခုမဟုတ် တစ်ခုကြားရမြဲ။ ရေလိုလို့ မြစ်ထဲ ရေဆင်း ထမ်းခိုင်းတော့တစ်ယောက် တစ်ယောက် တွယ်ကပ်နေကြလို့ ဖအေကြီးက ဒိုင်ခံ ထမ်းရရှာသတဲ့။ အဖေက ဒါကိုမြင်တော့ ဘိုးတေ သားတွေကို ငေါက်သည်။
“မင်းတို့ကွာ ဖအေကြီးကြီး တောင့်ကြီးမ ရေအထမ်း ခိုင်းရတယ်လို့ တကယ့် ကောင်တွေ” အဖေက ငေါက်တော့ သားအကြီး စိန်ပေါက
“ဘကြီး ညိုရသူလည်း လုပ်ရမှာ ပေါ့ဗျ။ ညနေပိုက်ဆံ ရှင်းတော့ အတူတူ ချင်းဟာကို” တဲ့။
အဖေက တောင်ဝှေးနှင့် လိုက်ရိုက်တော့ ပြေးလိုက်တာလုံးလို့တဲ့။ အမေကတော့ အဖေ့ကို “တော့်မလဲ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော် နွားအလကား ကျောင်းဆိုသလို ဖြစ်နေပြီ။ ပိုက်ဆံ ပေးရတာချင်း အတူတူ လူကောင်း ခေါ်စမ်းပါတော်” ဟုပြောသည်။ အဖေက လက်မခံပါ။
“အော် ခမျာများ ဆင်းရဲကြရှာပါ သယ်ကွယ်။စိတ်တွေ မဟုတ်ပေသိ သဘောမနော ကောင်းကြ ရှာပါသယ်။ ကုသိုလ်လည်း ၀မ်းလည်းဝပေါ့။ နောင် ဘုရားမြင်တိုင်းတို့ လုပ်အားပါခဲ့သယ် ဆိုတဲ့ အသိကလေးမှ ၀င်ဝင်ခိုင်းရသာပဲ”
တစ်ခါတော့ အဖေက ဘိုးတေကို “ကိုရင်မြ၊ မင်းရပ်ကွက်ထဲ အလှူ ခံလိုက်ရမယ် မင်းသားတွေ ထဲက တစ်ယောက်ကိုခေါ် စာရင်းဇယားနဲ့ ဘယ်သူ ဘယ်လောက်မှတ်၊ အများ ငွေဆိုတာ ရှင်းရှင်း လင်းလင်း ရှိရတယ်။ ငါးပြားတစ်စေ့ ကိုယ်ကျိုးမသုံးနဲ့” မှာသည်။လယ်ဂျာစာအုပ် တစ်အုပ်နှင့် ဘောပင်နှစ်ချောင်း ပေးကာ စာရင်းမှတ်ပုံက အစ သင်ပေးသည်။ အမှန်တော့ ရပ်ကွက်ထဲမှာ ဘုရားပြင်ရန် အလှူငွေတစ်အိမ် ဘယ်၍ဘယ်မျှဆိုတာ ရှိပြီးသား။ အခု ကောက်ခိုင်းတာက ဈေးလို ဆိုက်ကား ဂိတ်လိုက အစ ရပ်ကွက်ထဲက သဒ္ဓါရှိလျှင် အပိုထည့်နိုင်အောင် ကောက်ခိုင်းခြင်းဖြစ်သည်။ ဂေါပက အဖွဲ့ကလည်း သဘောတူ ခွင့်ပြုကြပါ၏။
အဖေ့ ခိုင်းစေချက်ကို အကြောင်းပြု၍ ရပ်ကွက်အနီးတ၀ိုက် တင်မကဘဲ အခြားရပ်ကွက်၊ ဈေးတွေပါမကျန် အလှူခံ ထွက်ကြတော့သည်။သားအဖတစ်တွေ ပိတ်ဖြူတွေ ငှားဝတ်ကြပြီး ငွေဖလား တစ်လုံး၊ ကြေးစည်တစ်လက်ဖြင့် မိုးလင်းကတည်းက ထွက်သွားကြပါ၏။ အလှူငွေက လည်း ရလာကြပါ၏။ လမ်းတွေ့သမျှ လူက ငွေဖလားထဲ ထည့်ကြတော့ စာရင်း ဇယား မလိုက်နိုင် တော့။ ဘိုးတေက ငွေဖလားကြီး ပိုက်လျက် သားတစ်ယောက်က ကြေးစည်ရိုက်လျက် နှစ်ယောက်က တစ်အိမ်ဝင် တစ်အိမ်ထွက် အလှူခံလျက် ၀င်လာကြတော့ အဖေ့မှာ ခေါင်းကြီးရတော့သည်။ အလှူငွေခံလို့ သဒ္ဓါသူက အလှူငွေ ထည့်ရတာ ကိစ္စမရှိ။
ဘုရားကို အကြောင်းပြုကာ သည်လို ရပ်တကာ လိုက်အလှူ ခံနေတာ ရွာရပ်က အထင်လွဲ မှားနိုင်ကြောင်း အဖေက မြင်မိသည်။ ရွာရပ်လူကြီးများက ခွင့်ပြုသည် ဆိုသော်လည်း သားအဖတစ်တွေ ထလုပ်ကြတာ ဆိုတော့ အထင်အမြင် မှားစရာ ကြုံနိုင်သည်။ ဘိုးတေသားအဖ တစ်တွေကို အလုပ်ပေးချင်တာ တစ်ကြောင်း၊ အလှူငွေတစ်မူး တစ်ပဲမှ ရစေစိတ်ကြောင့် တစ်ကြောင်းလုပ်မိကာမှ မလိုလား အပ်သည့်ပြဿနာ ပေါ်မှာစိုးသဖြင့် ထိုတစ်ရက်တည်းဖြင့် အလှူခံခြင်း အလုပ် ရပ်ဆိုင်းလိုက်ရပါ၏။
“ကိုရင်ညိုနှယ်၊အလှူငွေ ထည့်ကြသဲ့ဟာကို ဘယ့်နှယ် တားရသာတုန်း။ ကျုပ်တို့ သားအဖတွေ ဆာလို့ စားကြသာ ကလွဲလို့ ဘုရားပိုက်ဆံ ငါးပြားတစ်စေ့ အိမ်မသယ်ပါဘူးဗျာ”
“မင်းတို့က ဘာတွေ စားကြသာတုန်း”
“ဒံပေါက် စားကြသဗျာ။ ရေခဲမုန့် ၀င်စားကြသဗျာ။ နှစ်ချက် ထိုးတော့ လက်ဖက်ရည် သောက်ကြ သဗျာ။ အပြန်လမ်းထိပ်က မုန့်လက်ကောက်သည် တွေ့လို့ ၀ယ်စားကြသဗျာ။ ဒါပဲ ဒါကျန်တဲ့ အလှူငွေ”
ဖလားကြီး မှောက်ချပြီး ရေကြတော့ အလှူငွေ တော်တော်ကလေး ရလာသည်။စာရင်းကိုင်သည့် ကိုဘိုကြီးကတောင် လက်ဖျားခါ ယူရလေ၏။အဖေက ဘိုးတေ သားအဖတစ်တွေ စားသောက်လာသည့် စရိတ်ကိုမှန်းပြီး ကျွန်မတို့ အိမ်က ပိုက်ဆံကို ဘုရား အလှူငွေထဲ ထည့်လှူလိုက်ရပါသည်။
ကိုဘိုကြီး စာရင်းသွင်းတော့ “ဘကြီးညို အိတ်စိုက် အလှူငွေ” ဟု ခေါင်းစဉ် တပ်လို့ ကျွန်မတို့မှာ ရယ်ခဲ့မိသေးသည်။
အဖေက သူ့အမိန့်ကို သူပြန်ရုပ် သိမ်းလိုက်တော့ ဘိုးတေ သားအဖ တွေလည်း စေတီ ရင်ပြင်ပေါ် ပြန်ရောက်ကြလေသည်။ နောက်လူကြီးတွေ မသိဘဲ ဘုရား အကြောင်းပြပြီး အလှူခံ ထွက်တာကြားရင် ဖမ်းချုပ် မယ်ဟုပင် ခြိမ်းခြောက် ထားရပါ၏။ အလှူခံ ထွက်ပါ့မယ် တကဲကဲလုပ် နေကြ၍ဖြစ်သည်။ သားအဖ တစ်တွေ ကတော့ ထုံးစံအတိုင်း ပန်းရံ လုပ်ရင်း တစ်ယောက်မဟုတ် တစ်ယောက် ဆူညံနေမြဲ နေလျက် ရှိလေ၏။ သောင်း ပေါရွက်လာသည့် အုတ်ပစ် အချမှာ မြပေါ ခြေထောက်ပေါ်ကျလို့ သန်းပေါ သယ်လာသည့် မဆလာဗန်းထဲ စိန်ပေါက ကွမ်းထွေးမိလို့၊ မြေတူးနေ သည့် ရွှေပေါကျော ကုန်းကိုလေပေါ က သားရေပင်နှင့်ပစ်လို့။ အဖေဘိုး တေကို အဖေလို့ နှုတ်က မခေါ်ဘဲ လေချွန်ကာ“ဟေ့ ကိုတေ” လို့ ခေါ်လို့ စသည်ဖြင့်။
တစ်ရက်တွင်လည်း ညီအစ်ကို တစ်တွေ အချင်းချင်း ရန်ဖြစ်ကြရာ ဖအေ လုပ်သူက ၀င်ဖျင်သည်။ ဘယ်လိုက ဘယ်လိုဖြစ်သည်မသိ။ သားအဖ လေးယောက်စလုံး ထုံးအဖွေးသား၊ ရေ အရွှဲသားနှင့် အဖေ့ဆီ ရောက်လာကြ သည်။ သားတွေ ရန်ဖြစ်ကြလို့ဟု ဆိုပါ၏။
“သားတွေ ရန်ဖြစ်သာထား၊ ခင်ဗျားက ဘယ့်နှာကြောင့်သည် လောက်တောင် ထုံးတွေ ပေပွလာရ သာတုန်း ကိုတေရဲ့”
“ဟောဗျာ ညီအစ်ကိုချင်းဟာကို ဖအေ လာရပ်ကြမှာပေါ့။ ကျုပ်လည်း ဖျင်မရတော့ တဲ့အဆုံး မထူးဘူးဆိုပြီး ကျုပ်ဟာကျုပ် ထုံးပုံးထဲ ခုန်ချလိုက် သာဗျား။ မှတ်ကရော ထုံးပုံထဲ နစ်သွား တော့ သေရော အောက်မေ့သာဗျိုး။ ကျုပ်သားတွေက မထုတ်ကြဘူးရယ်။ ဘေးကလူတွေ ၀ိုင်းထုတ်ကြလို့သာ ပေါ့။အသက် ရှူမရသာနဲ့ မြစ်ထဲ ကမန်း ကတန်း ခုန်ချရသယ် ကိုရင်ညိုရေ”
အဖေ့မှာ ရယ်ရအခက် ငိုရခက်။ သားအဖေ တစ်တွေ မရူးမကောင်းဆို ပေသိ စိတ်ရင်းတော့ ကောင်းကြရှာ သည်။အကျင့်စာရိတ္တလည်း ကောင်းကြရှာပါ၏။ ဘိုးတေတို့ သားအဖ အကြောင်း ပြောရလျှင်တော့ ဆုံးမည်မထင်။ လူတွေ ထင်မထားသည့် ထောင့်ကနေ ပြဿနာတက်တတ်သော သူတို့ တစ် တွေကို ရပ်ကွက်လည်း ရယ်စရာ မောစရာ သဘောထားကာ ခွင့်လွှတ် ထားကြပါ၏။ ရပ်ကွက်ထဲက လူတစ်ချို့ကလည်း ဘိုးတေတို့ သားအဖတစ်တွေ အခုလို ကဘောက်တိ ကဘောက်ချာ ဖြစ်ကြရရှာတာ ဒေါ်အုန်းတင် လုပ်သွားတာလို့ ဆိုသူက ဆိုကြသည်။ ယုံသူက ယုံကြသည်။ ဘိုးတေတို့ အိမ်အောက်မှာ အင်းမြှုပ် ထားခဲ့သည် ဆိုသည့် အချက်ကို တစ်ခါတော့ အဖေ့ကို ကျွန်မ မေးကြည့်ခဲ့ဖူးသည်။
“အင်း၊ အိုင်၊ ခလှည့်၊ လက်ဖွဲ့ဆိုသာတွေက လောကီ ပညာရပ်တွေကို ခေါ်သာပဲ သမီးရဲ့။ အဖေတို့တော့ ဒါတွေ မလိုက်စားလို့ ဂဃနဏ မသိပါဘူး။ အင်းဆိုတာ ဂဏန်း အက္ခရာတွေ ရေးသား စီရင်ထားတဲ့ ဇယားကွက်ကို ပြောသာပဲ။ အင်းကန်းတော့ အစီအရင် မအောင်မမြင် ဖြစ်တတ်သယ်။ အင်းကျိုးတော့ အင်းအစွမ်းပျက် ပြယ်သယ်။သည်လို ဆိုကြသာကို ကိုတေက သူ့မယား မအုန်းတင် ဘိုးတော်လိမ်နဲ့ ပူးပေါင်းပြီး အင်းမြှုပ်ခဲ့သယ် ဆိုသာလည်း အစွဲသက်သက် ပါကွယ်။အဖေတော့ မယုံပါဘူး။ဆင်းရဲ ရှာကြတော့လည်း လူစင် မပြည့်ဖြစ်ရသာပေါ့။ လူမလေး သူမလေး ဖြစ်ကြရှာသာပေါ့”
အဖေ ကွယ်လွန်ပြီး နောက်ပိုင်းမှာတော့ ဘိုးတေတို့ သားအဖတစ်တွေလည်း ကျွန်မတို့ အိမ်အ၀င်အထွက် ကြဲသွားခဲ့သည်။ လေပေါ အပါအ၀င် သားသမီးတွေလည်း ကြီးကြပြီဆိုတော့ သံရည် ကျိုရုံရောက်သူရောက်၊ သဲတင်သဲချဘက် ရောက်သူ ရောက်ကုန်ကြသည်။သမီးတွေကတော့ ဆေးကျပ်တည်အောင် ဆေးလိပ်လိပ်ကြတုန်း။ ကျွန်မတို့နှင့် တစ်ရပ်တည်း နေသူတွေဆို တော့ သားအဖတွေ အကြောင်းကတော့ စကားကြုံ ကြုံသလို ရောက်လာတတ်ပါ၏။
“ဘိုးတေတို့ အိမ်ဘေးမှာ မသန်းရီ နတ်ကန္နား ပေးသမှုတ်လား။ အဲသည်မှာ နတ်ပွဲ ကြည့်ရင်းနဲ့ စိန်ပေါနဲ့ မြပေါတို့ ညီအစ်ကိုမင်းကြီး မင်းလေး နတ်ဝင်ပူး ပါလေရော”
မင်းညီနောင် နှစ်ပါး ၀င်ကြသည်ဆိုကာ စိန်ပေါနှင့် မြပေါ တခြိမ်းခြိမ်း ကကြ ခုန်ကြတော့ ဘိုးတေက လက်အုပ် တချီချီနှင့်ဟု ဆိုပါသည်။ ပထမပိုင်းတော့ ဘိုးတေက ကိုယ်တော်ကြီး၊ ကိုယ်တော်လေး လုပ်သေးသည်။ ကြာလာတော့ ထဆဲသည်ဟု ဆိုပါ၏။
“လက်အုပ် ချီရသာရော၊ မင်းတို့ ဖားရသာရော မောပါ့ကွာ။ တော်ရုံ မဟုတ်ဘူး။ နရင်းထ ရိုက်လိုက်ချင်သာ အဟုတ်။ လူနဲ့နတ် မကွဲလို့သာ”
လူနှင့်နတ် မကွဲလို့သာ ဆိုတာက နတ်အစစ် ဖြစ်နေမှာကလည်း စိုးသေးတာ မဟုတ်လား။ သည့်နောက်တော့ သားကြီး သမီးကြီးတွေ အိမ်ထောင် ကိုယ်စီနှင့် ဖြစ်သွားခဲ့ကြသည်။ ကျွန်မတို့ ရပ်ကွက်ထဲက ဘိုးတေတို့ အိမ်ကလေးတွင် လေပေါနှင့် အငယ်လေးတွေသာ ကျန်တော့သည်။ လေပေါက စာကလည်း ခရီးမရောက်၊ လူကလည်း ခရီးမတွင်ဆိုတော့ ရရာအလုပ် ရောက်ရား လုပ်ကိုင်ရင်း ဖအေကြီးနှင့် အငယ်တွေကို လုပ်ကျွေးရှာသည်။ ဘိုးတေကလည်း အငြိမ်တော့ မနေပါ။ မီးကင်းစောင့်တာမျိုး၊ သာရေး နာရေးငွေ ကောက်တာမျိုး၊ ရပ်ကွက်အလှူ မင်္ဂလာ ဆောင်ဆွမ်းကျွေး လိုပွဲမှာ တစ်အိမ်တက်ဆင်း ဖိတ်ပေးတာမျိုး စသည်ဖြင့် သူနိုင်သလောက် လုပ်နေတာ တွေ့ရပါ၏။ နောက်တော့လည်း ဘိုးတေတို့ တာရိုးစောင်းက ရပ်ကွက်ကလေး ရတနာပုံ မြို့သစ်ဆီ ရွှေ့ပြောင်းသွား ရာက ကျွန်မတို့နှင့်လည်း အဆက် ဝေးသွားပါတော့သည်။ နှစ်တွေတောင် ကြာလှပေါ့။
(၄)
ဘိုးတေတို့ သားအဖ အကြောင်းက ဒီလောက်နှင့် မပြီးပြန်။ အမေ့အိမ် ရောက်တော့ လေပေါ နှင့်တွေ့တာက စလိုက်တာ ငယ်ကျိုးငယ်နာ အကုန်ကြားရပြန်သည်။
“အမေကလည်း စကား မစပ်မိလို့ ကိုတေတို့ အကြောင်း မရောက်ရသာ။ သားအဖတစ်တွေ ဟန်ကျနေသာကြား ရပါ့တော် အလုပ်တွေဖြစ်ကြဆိုပဲ”
အမေ့နောက်ကြောင်းပြန် သလောက်တော့ ဒေါ်အုန်းတင်က အလွန်အရုပ်ဆိုးသည်ဆို၏။ လူက မည်းမည်းလုံးလုံး၊ ၀၀တိုတို၊ သနပ်ခါးတစိုစို ချွေးတစိုစိုနှင့် မရူးမကောင်းလို့ ဆိုပြန်လို့ ဖြစ်ရလေ အောက်မေ့ရပါတော့သည်။ အရုပ်ဆိုးဆိုး ဒေါင်းတိ မောင်းတိ ဆိုပေသိ နတ်လိုလို ဓာတ်လိုလို ၀ါသနာပါလေတော့ ဘယ်မှာ ဘယ်ဘိုးတော် ပေါ်သတဲ့ဆိုလျှင် ချက်ချင်း ထသွားတတ် သည်။ အိပ်မက်လေး ခေါ်လို့တို့၊ ဘ၀ဟောင်းက မောင်နှမဖြစ်လို့တို့၊ မနောမှာ ပေါ်လို့တို့၊ ကျုပ်မသွားရင် ဒဏ်ခတ်လိမ့်လို့ အင်မတန် ပြောတတ်သည်ဆိုပါ၏။
ညည်းတို့က မမီ့တမီရယ်၊ ငယ်သေးလို့ မမှတ်မိသာ၊ မအုန်းတင်က အမေတော့ ကြောက် သယ်။ ဗျိုးဗျိုးဗျတ်ဗျတ် ပြောချလိုက်သာကို လန့်သာလေ မရပေါင်အေ။ လူက နီတာရဲ မဟုတ်တော့ အနှီးထွေး မဖြစ်ဘူးရယ်။ သူကလည်း သူ့ယောက်ျား ကိုတေထက် ဆိုးသေး သော။ကိုတေက ပေါတောတော၊ မအုန်း တင်က ရူးတူးတူး။ သားသမီးတွေ ကြည့်ပါလား။ ကျောက် မလောင်းငါးခို သူတို့ နှစ်ယောက်က မွေးတော့ သွက်ချာပါဒ လိုက်ကြကရော”
“ဒေါ်အုန်းတင်က ဘိုးတော် နောက် လိုက်သွားတာဆို”
“မဟုတ်ပေါင်အေ လိုက်သာတော့ လိုက်ကြသာမှန်သယ်။ အမြှောင်ရယ် မယားရယ်လို့ လိုက်သာ မဟုတ်ရှာပါ ဘူး။ အဲသည်တုန်းက ဘိုးတော်နောက် လိုက်သဲ့ မိန်းမတွေ မနည်းဘူး။ မအုန်းတင်လည်း ရောယောင်ပါသွားသာ။ သူ တကာတွေတော့ ပြန်ရောက်လာကြ သတဲ့။ မအုန်းတင်တော့ ပြန်ကို ပေါ် မလာတော့သာ။ ကောင်းပဲ ကောင်းစားလေ သလား။ ပျက်ပဲပျက်စီး ပြီလားတောင် မသိဘူး”
“အင်းမြှုပ်တယ် ဆိုတာကကော”
“အဲသာလဲ ကိုတေ့ အပြောပါအေ။ဘယ်သူက လာ အင်းမြှုပ်မှာတုန်း၊ တစ်ရက် ညည်းအဖေက အင်းတော့ ကျုပ်ကနိုင်သယ်။ခင်ဗျား အိမ်အောက်မှာ အင်းတော့ မရှိဘူး။ ကျုပ် ပညာ မျက်စေ့နဲ့ ကြည့်တော့ ပုလင်းကွဲပဲ တွေ့သယ်လို့ နောက်သာကို အဟုတ်ထင်ရှာပြီး ညည်းအဖေကို ကိုရင်ညို ခေါ်ရာက ဆရာညိုတဲ့။ ရပ်ကွက်ထဲလည်း ဆရာညို က ဘိုးတော်လို့ လျှောက်ပြောတာလေ။ သူကလည်း တစ်ခါတလေ ဘိုးတော်ညို ခေါ်လားခေါ်ရဲ့”
အမေက ရယ်ရင်းမောရင်း ပြောပြ ခြင်းဖြစ်သည်။နောက်တော့လည်း ဘိုးတေ တို့တစ်တွေ နေထိုင် ကြသည့်တာ ရိုးမေးတင် ကျူးကျော်အိမ်တွေ သင်ပုန်း ကုန်း၊ ရတနာပုံမြို့သစ်ဘက် ရောက်သွား ကြသည်။ ကျွန်မကိုယ်တိုင်လည်း ကျွန်မ အိမ်ထောင်နှင့် ကျွန်မ တစ်အိုးတစ် အိမ်ထူထောင်တော့ ရပ်ကွက်ကလေးနှင့် ဝေးခဲ့ရသည်။ ဘိုးတေတို့ သားအဖ တစ်တွေနှင့် အနေဝေး သွားကြရုံမက ဘ၀ချင်းလည်း ဝေးလေတော့ ကျွန်မ ခေါင်းထဲမှာ ပျောက်နေခဲ့တာ အတော်ကြာ ခဲ့ပြီ။ လေပေါနှင့် လမ်းမှာ အမှတ်မထင် ဆုံဖြစ်ခဲ့ရာက သူတို့အကြောင်း အတွေး ရောက်ရပြန်ပါ၏။
ရတနာပုံမြို့သစ်မှာ သားတွေ၊ သမီးတွေ တစည်းတလုံးတည်း ဖြစ်သွားကြရုံမက အဆင်တပြေ ဖြစ်နေတယ်ကြားလို့ ၀မ်းသာ ရသည်။ ထူးဆန်းတာက မြို့သစ်ကို ရောက်ကြကတည်းက သားအဖတစ်တွေ စိတ်တွေ တည်တည်ခန့်ခန့် ဖြစ်ကုန်ကြသည်ဆိုသည့်အချက်ပင်။ ကျွန်မမောင်က “အိမ်နေ ရာပြောင်းလိုက် ရတော့ အင်းဒဏ်၊ ပုလင်းဒဏ်က လွတ်ပြီလို့ ဘိုးတေက ပြောသဟ” ဆိုလို့ ကျွန်မအတွေး ဆက်နေမိခြင်းပင်။
သူတို့ တစ်သက်လုံး အယူ စွဲခဲ့ကြသလို အင်းက လွတ်သွားလို့ စိတ်မှန်ကိုယ်မှန် ဖြစ်သွားကြ တာပဲလား။ ဒါမှမဟုတ် ကျွန်မအဖေ ပြောခဲ့ဖူးသလို ဆင်းရဲရှာကြတော့လည်း လူစင်မပြည့် ဖြစ်ရတာပေါ့ဆိုသလို စားနိုင်သောက်နိုင်ဘ၀မှာ လူစင်ပြည့် သွားကြတာပဲလား။
ဘာပဲဖြစ်ဖြစ် ဘိုးတေတို့ တစ်တွေ တည်တည်တန့်တန့်နှင့် အဆင်ပြေပြေ ချောင်ချောင် လည်လည် ရှိကြတာကိုတော့ ကျွန်မ ၀မ်းသာရပါ၏။
(၅)
တစ်ရက်။
ကျွန်မ မောင်မောင်ဖိုးကျော် အိမ်ကို ရောက်လာသည်။ မောင်နှမချင်း မတွေ့ရတာ ကြာပြန်ပြီ။သူကလည်း ဈေးဆိုင်တစ်ဖက်၊ မိသားစု ဗာဟီရတစ်ဖက်။ ကျွန်မကကော။ မထူးပါ။ သည်လိုနှင့် မောင်ရှိရာ ရတနာပုံမြို့သစ်ဆီ ကျွန်မ မရောက်နိုင်ခဲ့။ ဖိုးကျော်က ဆိုင်ကယ်ဓာတ်ဆီ လာ ထည့်ရင်း ရောက်လာခြင်း ဖြစ်၏။ ဖိုးကျော်က ရောက်မဆိုက်ပင် သတင်းပေးသည်။
“မမ ဒေါ်အုန်းတင်ကြီး ပြန်ရောက်လာပြီ”
“ဘယ်က ဒေါ်အုန်းတင်လဲဟဲ့။ အရင်းမရှိ အဖျားမရှိ”
“ဟောဗျာ လေပေါတို့ အမေလေ၊ တို့ငယ်ငယ်ကတည်းက ပျောက်သွားတာ ဆိုတဲ့ ဘိုးတင် မိန်းမ ကြီးလေ။ အခု ပြန်ရောက်လာလို့ သားသမီးတွေနဲ့ ဖက်ဖက်ပြီး ငိုလိုက်ကြတာ။ တို့ရပ်ကွက်ထဲ မျက်လှည့်ပွဲ လူအုံတာ ကျလို့”
“ဟင် ဟုတ်လား။ သည်လောက် နှစ်တွေကြာပြီးမှ ပြန်ရောက်လာတာ အံ့စရာဟယ်။ ဘယ် သွားနေတာတဲ့လဲ”
“မပြောတတ်ဘူး။ အဘွားကြီးကြီး ရှာပါပြီဟာ။ တောင်းကလေး တစ်လုံးရွက်ပြီး ပြန်ရောက်လာတာ”
“အေးလေ သားအမိ သားအဖတစ်တွေ မသေခင် ပြန်တွေ့ကြရတာ ကောင်းတာပေါ့ဟယ်။ နေပါဦး။ ဘိုးတေကြီးကကော”
ဘွားအုန်းတင်ကြီး ကြီးရှာလှရော့မည်။ ဘယ်ကို လျှောက်သွားလို့ ဘယ်က ပြန်ပေါ်လာသည် မသိ။ ဘိုးတင်က မအုန်းတင် အင်းမြှုပ်သွားလို့ ကျုပ်တို့ သားအဖတစ်တွေ ရူးကြောင်ကြောင် ဖြစ်ကုန်ကြ တာ ကိုရင်ညိုရဲ့လို့ ပြောဖူးတာ ကျွန်မ သတိ ရနေမိပါသည်။အခု ဘွားအုန်းတင် ပြန်လာ ပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ဘိုးတင်လည်း ၀မ်းသာ ရှာရော့မည်။ လေပေါတို့ မောင်နှမတစ်တွေလည်း မအေ ပြန်ရောက်လာလို့ ၀မ်းသာဝမ်းနည်း ရှိကြရရော့မည်။
“အေးဟယ် ၀မ်းသာစရာပါ။ ဘိုးတင်ကြီး အခုမှ ဟင်းချနိုင်မှာ”
“အဲဒါ ပြောမလို့ မမရ။ ဘိုတင်ကြီး မရှိတော့ဘူး။ ဘွားအုန်းတင် ရောက်လာပြီး ငိုကြ ယိုကြနဲ့ နောက်တစ်နေ့ ဘိုးတင် ပျောက်သွားတာပဲ။ ဘယ်ထွက်သွားမှန်း မသိဘူးတဲ့ဗျာ”
“ဟော့တော်”
ကြားရသူ ကျွန်မပင် ရင်ထဲစလုံး စခုကြီး ဖြစ်ရပြန်ပြီ။ဘယ့်နှယ့် အသက်ကြီးမှ ဘိုးတင်က ပျောက်ရ ပြန်တာတဲ့လဲ။ သားအဖတစ်တွေက အင်းကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကယောက် ကယက်တွေ ဆိုတော့ ကျွန်မလည်း ဝေခွဲရ ခက်နေရပြီ။ဖိုးကျော်က သူ့ရပ်ကွက်က သတင်းဆက် ပြောလေ၏။
“ဘွားအုန်းတင်က ကိုဘိုးတင် ထွက်သွားတာ ရိုးရိုး မဟုတ်ဘူး။ သူတို့အိမ်အောက် အင်းမြှုပ် သွားတာလို့ ပြောသတဲ့။ အဲဒါဗျာ ပျောက်သွားတဲ့ ဘိုးတင်ကြီးတော့ လိုက်မရှာကြဘူး။ အိမ် အောက်က မြေကြီးတွေ တူးပြီး အင်းချပ် ရှာနေလိုက်ကြတာ ကျွမ်းသန္တာ လန်လို့”
ခင်ခင်ထူး
(ပေဖူးလွှာ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)
No comments:
Post a Comment