Wednesday, January 11, 2012

ကောက်ရိုးနွယ်
အမိမြေ၏ အတွင်း၊ အပြင်ရှိ ဘ၀အမောကို ရင်စီးခံနေရသော သူများအတွက် စိတ်အားတက်စရာ အားဆေးတစ်ခွက် ဖြစ်နိုင်သော ဆရာကြီး ဇေယျ၏ နာမည်ကျော် ဆောင်းပါးတစ်ပုဒ်ပါ။ ကောက်ရိုးနွယ် တဲ့။ ဆရာဟာ လူအများ သတိမမူမိသော ရိုးရှင်းသော်လည်း အားမာန်အပြည့်နှင့် လောကကို အံတုနေသော ကောက်ရိုးနွယ်ကလေးကို စာတစ်တန် ပေတစ်ဖွဲ့ ဖွဲ့ဆိုပြီး
မြန်မာစာပေ ရတနာသိုက်ထဲကို သွတ်သွင်းပေးခဲ့ပါတယ်။



တပေါင်းကလည်း ဆန်းကြယ်ပေ၏။ တန်ခူးလေကလည်း လှပါပေ၏။ တပေါင်းလရောက်လျှင် နှင်းကလေး တဝေေ၀၊ မြူကလေး တဆို့ဆို့နှင့် တောင်လိုလို မြောက်ယောင်ယောင် လွမ်းစိတ်များ ပေါ်လာ၏။ သွားလေသူ အဖေ့မျက်နှာ၊ အမေ့မျက်နှာ၊ အစ်ကို့မျက်နှာ၊ အစ်မမျက်နှာများကို မြင်ယောင်မိ၏။ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီ။ `ရန်ကုန်ရောက်ရင် ကျွန်မ မမေ့နှင့်နော်။ ရောက်ရောက်ချင်း စာထည့်လိုက်နော်။ အမေသိရင် ဆူနေဦးမယ်။ ဈေးထဲက ဒေါ်ဒေါ်အေး နာမည်နှင့် ထည့်နော်။ ကျွန်မ ဈေးသွားရင် ၀င်ယူမယ်။ သီတင်းကျွတ် အလုပ်ပိတ်ရက် ဆက်ဆက် ပြန်ခဲ့နော်။ ကျောင်းက ပြန်တုန်းကလို အိမ်ကို တိုက်ရိုက်ကြီး ၀င်မလာနဲ့ဦး´ ဟု မှာလိုက်သော အသံကလေးကို ပြန်လည်ကြားယောင် လွမ်းတမိ၏။ လွမ်းရင်း လွမ်းရင်း တန်ခူး ရောက်ခဲ့ပြန်၏။

ရွက်သစ် ပုရစ် အဖူး အညှောက်ကလေးတွေ ထွက်လာ၏။ တစ်ခွင်တစ်ပြင်လုံး စိမ်းနုလျက်ရှိ၏။ တစ်ခါတစ်ခါ နံနက်ကြောမြူဆို့သလိုလို မှုန်မှုန်မှိုင်းမှိုင်းကလေး ပြုနေ၏။ `ကျီးကန်းတွေ ဒီနှစ် အသိုက်စောစော လုပ်ကြတယ်ကွ။ မိုးဦးစောလိမ့်မယ် ထင်ပါရဲ့´ ဟု ဦးကြီးရွှေဖိုး ပြောသံနှင့်အတူ အနောက်ဘက်ဆီက မိုးသားကလေးလိုလို သန်းသွားသည်ကို မြင်လိုက်မိ၏။ တပေါင်းကလည်း ဆန်းကြယ်ပေ၏။ တန်ခူးကလည်း လှပါပေသည်။ အလွမ်းစိတ်နှင့် အတွေးစိတ်သည် သူတစ်ပြန် ငါတစ်ပြန် ပေါ်လာကြကာ စာဆိုလိုသော စိတ်ကလည်း တဖွားဖွား တက်လာ၏။

`နယ်ရှစ်ခွင်ဆုံ၊ ကျူခင်ရိုး၊ မြူခိုးငယ်အုံ၊ ကုံရာသီပြောင်း၊ ခါတပေါင်း၊ ညှာညောင်းကွန့်ချိန်၊ ညို့ညို့ညီးလို့၊ ရှို့မီးထိန်၊ ဂိမှန်ပထမ၊ ပုရစ်ဖူးတံ၊ ခေတ်ကူးပြန်၊ သစ်ထူးဟန် သ´ တာမို့၊ လ ဘရဂုဏ္ဏီ၊ ယုဂန်နန်း၊ ယုန်စန်းငယ်မှီ၊ ဘုံနန်းဆီက၊ ရွှေဖီမွှေးခိုက်၊ ကြင်သူငယ်ဝေး၊ လင်ရေးမို့ လိုက်ခဲ့ရ´

တောင်တွင်းကြီး ဦးကြော့၏ အသံ ဖြစ်၏။ ဦးကြော့သည် ဘာကိုလို၍ ဆိုခဲ့သနည်း။ တပေါင်းလ ရောက်သောအခါ ဦးကြော့၏ ရင်တွင်း၌ ကျွန်ုပ်တို့ ယခု လွမ်းသကဲ့သို့ လွမ်းစိတ်များ ပေါ်ခဲ့လေသလော။ စကားလုံး ကလေးတွေကလည်း လွမ်းဖွယ်ရှိ၏။ စာကလည်း လွမ်းဖွယ်ရှိ၏။ အချိန်အခါကလည်း လွမ်းဖွယ်ရှိ၏။ တပေါင်းလတွင် မင်းသမီးကလေး လင်ပျောက်၍ လွမ်းခဲ့၏။ ကျွန်ုပ်တို့ကား ဘာပျောက်၍ ဘာလွမ်းမိကြသနည်း။

လူ့ဘ၀တွင် တော်တော် အနေရခက်သော တပေါင်း တန်ခူး ဖြစ်၏။ တော်တော် အတွေးရခက်သော အချိန်ရာသီ ဖြစ်၏။ တောင်တောင် မြောက်မြောက် ကြည့်မိ၏။ ရွက်နုတက်၍ စိမ်းလဲ့လဲ့နေသော တောတန်းကလေးကို မြင်မိ၏။

ငိုတော့မလိုလို ပြိုတော့မယောင်ယောင် တောင်ဘက်က ပြာလဲ့လဲ့ တက်လာသော မိုးသားကလေးများကိုလည်း မြင်မိ၏။ တောစပ်တွင် တစ်ပင်တည်း ထွက်၍ ပင်လုံးကျွတ် ပွင့်နေသော ရွှေဖီပန်းများကိုလည်း မြင်မိ၏။ သို့သော် ကျွန်ုပ်၏ မှန်တည်းဟူသော နှလုံးတွင်း၌ ထိုအရာများသည် အရိပ်မထင်။ ဘာကို လွမ်းသနည်း။ ဘာကို သတိရသနည်း။ ဘာကို မျှော်သနည်း။

ဘ၀၏ ညှဉ်းပန်းခြင်းကို ခံနိုင်သူနှစ်ဦး

ရပ်နေသောလယ်ကန်သင်းကလေးကို ငုံ၍ ကြည့်မိ၏။ ကန်သင်းကလေး၏ လက်ဝဲဘက် ချိုင့်ကလေးထဲတွင် ရေမခမ်းတခမ်း ရှိသေး၏။ လက်ယာဘက် လယ်ကွက်ထဲတွင်ကား ကောက်ရိတ်သမား ချန်ထားခဲ့သော ရိုးပြတ်ကလေးများ ငိုးတိုးငေါက်တောက် ရှိ၏။ ချိုင့်ကလေးထဲမှ လူး၍ တက်လာသော ကန်စွန်းရိုးနီ အညွန့်ကလေးသည် တစ်ဘက်လယ်ကွင်းထဲသို့ ဆင်းရန် ကြိုးစားနေ၏။ ကန်စွန်းရိုးနီကလေး မရောက်တရောက်နေရာမှ ရိုးပြတ်များကို လိမ်၍ ပပ်ကြားအက်များကို ကျော်လျက် ပေါက်သွားသော ကောက်ရိုးနွယ်ကလေးကို မြင်၏။ အတော်သန်ပုံရ၏။ အရင်းဘက်တွင် အရွက်များ ရင့်လျက် လက်ခွကြားမှ အပွင့်ကလေး တစ်ပွင့် ထွက်နေ၏။ လက်သန်းဖျားလောက် ရှိ၏။ အနားဖြူ၍ အလယ်တွင် ခရမ်းရောင်လိုလို ရှိ၏။ အနွယ်ကလေးလည်း ရိုးရိုး ဖြစ်၏။ အရွက်လည်း ရိုးရိုး ဖြစ်၏။ အပွင့်လည်း ရိုးရိုး ဖြစ်၏။ မြေကြီးကို တွား၍ ပေါက်ရ၏။ ပပ်ကြားအက်များ အကြားတွင် ပျော်ရ၏။ သူများတကာ အပင်တွေ ဝေေ၀ဆာဆာပေါက်၍ လယ်ကွင်းခြောက်မှ ပေါက်ရ၏။ တော်တော် ရိုး၏။ တော်တော် အောက်တန်းကျ၏။ သို့သော် အနွယ်ကလေးမှာ အားလျော့ပုံ မရ။ အညွန့်ကလေး တစ်ညွန့်သည် တစ်ထွာကျော်ကျော်မျှ ရှိသော ရိုးပြတ်ကလးကို လိမ်တက်၍ ခေါင်းကလေး မော်ကာ ဟိတ်ဟန်ထုတ်နေပုံ ရ၏။

၎င်းနှင့် သုံးတောင်လောက်တွင် မိန်းမပျိုကလေး တစ်ယောက်သည် ရိုးပြတ်ကြားထဲတွင် ငုံ့ကာ ငုံ့ကာ ကောက်ရိုးနွယ်များကို ရှာ၍ ခူးနေ၏။ အသက် ဆယ့်ခြောက်နှစ် သာသာလောက် ရှိ၏။ ထဘီကလေး ဒူးလောက်အထိ ၀တ်ထား၏။ ဆံထုံး နောက်တွဲကလေး ထုံးထား၏။ ခြောက်တောက်တောက်။ ဆီနှင့် ဝေးပုံရ၏။ အင်္ကျကလေးမှာလည်း လက်မောင်းစုတ်နေ၏။ ကောက်ရိုးနွယ်ကလေး ရိုးသလို ရိုး၏။ ကောက်ရိုးနွယ်ကလေး အောက်ကျသလို အောက်ကျ၏။ ကောက်ရိုးနွယ်ကလေးသည် တစ်ပါး အပင်များပေါက်ပြီး လယ်ကွက်ခြောက်မှ ပေါက်ရသကဲ့သို့ ကလေးမ ကလေးသည်လည်း သူတစ်ပါး လက်ဦးစား၊ သူတစ်ပါး လက်ဦးယူပြီး အကြွင်းအကျန်ကလေးများကို လိုက်၍ ကောက်ရသူ ဖြစ်၏။

သို့သော် ကောက်ရိုးနွယ်ကလေး သန်သလို ထိုမိန်းကလေးလည်း သန်၏။ ကောက်ရိုးနွယ်ကလေး ခေါင်းကလေး ထောင်သလို၊ မိန်းကလေး၏ ခေါင်းကလေးသည် ထောင်လျက် ရှိ၏။ ထိုကောက်ရိုးနွယ်နှင့် ထိုမိန်းကလေးတို့ကား ဘ၀၏ ညှဉ်းပန်းခြင်းကို ခံနိုင်သူများ ဖြစ်၏။ ဘ၀၏ ဖိစီးခြင်းကို ရုန်းကန်နိုင်သူများ ဖြစ်၏။ လက်ဦးစား၊ လက်ဦးပေါက် ရာသီကောင်းကို မှီ၍ ဟန်ပြခဲ့သူများ ပြိုလဲ ပျက်စီးကြသော နွေခေါင်ခေါင် မြေခြောက်ခြောက်တွင် ခေါင်းထောင်နိုင်သူများ ဖြစ်၏။ ကမ္ဘာ့အဆီအနှစ်ကို မစားရသော်လည်း ကမ္ဘာနှင့် ဆိုးတူကောင်းဖက် သွားကြသူများ ဖြစ်၏။ ၎င်းအပေါ်က ငွားငွားစွင့်စွင့်မိုး၍ ပေါက်လျက် လူတို့ အမြတ်တနိုးထားကြသော ကောက်ပင်များ အဘယ်သို့ ရောက်ကုန်ပြီနည်း။

စာဆိုတော်ကြီးများ ချီးကျူးခဲ့ကြသော နှင်းဆီ၊ စံပယ်တို့ အဘယ်သို့ ရောက်ကုန်ကြပြီနည်း။ ရွှေဘုံရွှေနန်းအတွင်း ရွှေဘီး၊ ရွှေဆံကျင်စိုက်၍ ပန်ကြသော ကံ့ကော်၊ စွယ်တော်၊ သဇင်၊ ကြက်ရုန်းတို့သည် အဘယ်သို့ ရောက်ကုန်ကြပြီနည်း။ ပျောက်ကုန်ကြပြီ။ ကောက်ရိုးနွယ်ကလေးကား ကျန်နေ၏။ အားယူနေ၏။

သို့သော် ကောက်ရိုးနွယ်ကလေး၏ ဂုဏ်အရသာကို သူတို့ မသိကြ၊ သတိမမူကြ၊ မချီးကျူးကြ။ ရာသီကောင်းခိုကာ ခေါင်းတထောင်ထောင်နှင့် မော်တတ်ကြွားတတ်၍ ရာသီဆိုးသည်နှင့် တစ်ပြိုင်နက် ပြိုလဲ ပျောက်ပျက်ကုန်သော ပန်းတို့ကို စာဆိုတော်ကြီး စာဆိုတော်ငယ် အသီးသီးတို့သည် ကကြီးမှ အ အဆုံး သင်ပုန်းကြီး တစ်ခုလုံး အတွင်းရှိ အက္ခရာတို့ဖြင့် အမျိုးမျိုး အဖုံဖုံ အထပ်ထပ် အဖန်ဖန် ဖွဲ့နွဲ့သီဆို ကြွေးကြော် ချီးကျူးခဲ့ကြသော်လည်း မြန်မာစာပေ ဟူသမျှတို့၌ ကောက်ရိုးနွယ်ဘွဲ့ ဒွေးချိုးကလေး တစ်ပုဒ်၊ တေးထပ်ကလေး တစ်ပုဒ် ရှိဖို့ မဆိုထားဘိ အမည်ကလေးမျှ စပ်ကာ ဟပ်ကာ ရှာမရခဲ့ ဖြစ်ပေ၏။

သို့သော် ကောက်ရိုးနွယ်ကလေးနှင့် မိန်းကလေးသည် ၎င်းတို့အား မည်သူမျှ ချီးကျူးကျူး မကျူးကျူး သိသိ မသိသိ ထိုသူတို့၏ မှတ်တမ်းကို အလေးမမူ။ ရှင်သီလ၀ံသတို့၊ ရှင်မဟာရဋ္ဌသာရတို့၊ တောင်တွင်းကြီး ဦးကြော့တို့၊ ရွှေတိုက်စိုး ဦးတိုးတို့၊ စလေ ဦးပုညတို့ စာတွေ ပေတွေ။ ပုဂံခေတ်ကမှ ယခုအထိ ကမ္ဘာအရှည်တည်ရော့ဟု ထိုးခဲ့သော ကျောက်ထက်အက္ခရာတွေ၊ သမိုင်းတွေ၊ မဟာရာဇ၀င်တော်တွေ၊ ရွှေနားတော်သွင်း ဧချင်းတွေ ပျောက်ပကုန်သော်လည်း ၎င်းတို့ကား ပျောက်ပ တိမ်မြုပ်ခြင်း မရှိဘဲ လယ်ကန်သင်းဘေး ပပ်ကြားအပ်အကြားတွင် ပျော်ပျော်ပါးပါးကြီး တည်၍ သွားကြမည် ဖြစ်သတည်း။

ဇေယျ

No comments:

Post a Comment