ကံကော် ရတုသို့

အချိန်ကား တရွေ့ရွေ့ ခရီးနှင်မြဲ။
အဓိပတိကား မျှော်မြဲ။
ခြံင်္သေ့ စောင့်မြဲ။
သူကား ကြိုမြဲ။
အဓိပတိကား မျှော်မြဲ။
ခြံင်္သေ့ စောင့်မြဲ။
သူကား ကြိုမြဲ။
တက္ကသိုလ် ပရဝဏ်သို့ ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်က ကျောင်းမနေရသေးသည့် အရွယ်၊ လူမမယ်။ ဖေဖေက ကျောင်းကို ချစ်သည်။ သမီးတို့ကိုလည်း ချစ်စေချင်သည်။ သည်အရွယ်ကပင် သည်ဝင်းကျင်ကို တမ်းမက်စေအောင် ဖေဖေ ကြိုးပမ်းခဲ့သည်။ သူ့တမ်းတမှုကို ဖြေဖျောက်ရင်း သမီးတို့အတွက် အနာဂတ် အိမ်မက်ကို ပုံရိပ်ထင်အောင်ည သည်ပရဝဏ်ကို ဖေဖေ ခဏ ခဏ လမ်းကြုံပြခဲ့သည်။
မူလတန်းအရွယ်ကို အဓိပတိက ပြုံးကြည့်လိုက်စဉ်မှာပင် ဖေဖေက အဓိပတိ ငယ်နာမည်နှင့်တကွ သူ့ဘဝ အပျော် အမောတွေကိုပါ ပြောပြရင်း မိတ်ဆက်ပေးခဲ့သည်။ သမီးသည် အဓိပတိ၏ ကျောပေါမှ ပျော်တတ်စ ပြုလာပြီ ဆိုသောအခါ ဖေဖေက ဗိုလ်အောင်ကျော် အပါအဝင် တက္ကသိုလ်ရင်သွေး ဝိညာဉ်များစွားနှင့် မိတ်ဆက်ပေးခဲ့သည်။ သမီးသည် တတ်ကြွတုန်လှုပ်စိတ်တို့ကြောင့် ခုန်သောရင်ကို အသာဖိရင်း အဓိပတိ ခြေရင်းမှာပင် ငိုခဲ့ဖူးပြီ။ ကလေးအရွယ်ဆိုသော်လည်း သမီးသည် ခံစားတတ်သူ။ အဆောင်ဆောင် အလမ်းလမ်းကြားမှာ ဖေဖေပြောသမျှ အတိတ်ပုံပြင်များစွာသည် သမီးနား၌ လျှံတဝက်၊ ကျန်တသက်။
သမီးတို့သည် RC နှင့်လည်းကောင်း၊ Judson နှင့်လည်းကောင်း၊ သစ်ပုတ်ပင်နှင့်လည်း တူတူပုန်းတမ်း ကစားဖူးကြပြီ။ သည်တော့ ဖေဖေက ဆိုပြီ။ “သူ့” ရင်ခွင်ထဲက ခြံင်္သေ့သည် သမီးတို့ကို စောင့်ကြည့်နေသည်တဲ့။ အနာဂတ်မှာ ဘယ်ကလေးကဖြင့် သူလက်ကမ်းကြိုသည့်အတိုင်း သူ့ရင်ခါင်ထဲဝင်ကာ ပညာရဲရင့် ပွဲလည်တင့်လေမလဲတဲ့။
သမီးသည် ထိုအချိန်ကစ၍ “သူ့” ကို မြတ်နိုး တန်ဖိုးထားမိပြီ။ “သူ” ကြိုရမှာ သမီးကိုပေါ့ ဟု ဖေဖေ့ကို ခပ်ကြွားကြွားဆိုခဲ့ဖူးပြီ။ ဖေဖေက သမီး ပခုံးကို အားကိုးတကြီး ဖျစ်ညှစ်ရင်း “ဖေဖေ့ သမီးကို ဖေဖေ ယုံပါတယ်” တဲ့လေ။
ဖေဖေနှင့် သမီးတို့အားလပ်ရက် လမ်းလျောက်ထွက်ရာ အရပ်သည် သူ့ရပ်သူ့ဝန်းကျင်သာ ဖြစ်နေခဲ့တော့သည်။ နောက် ဆယ်စုနှစ် တစ်စု ကျော်စွန်းကာမှ “သူ့” ရင်ခွင်မှာ ပွဲလယ် တင့်နိုင်မည့် သမီးနှင့် သူမ၏ ဖေဖေသည် သူ့နားမှာပင် မကြာခဏ ရစ်သီ ရစ်သီ ပြုရင်း အိမ်မက် အခန်းစဉ်တို့ကို တေ့ဆက်နေခဲ့ကြသည်။
သူ့သမိုင်းသည် သမီးကြီးရင့်လာသည်နှင်အမျှ သမီးကို လွှမ်းမိုးနိုင်ခဲ့သည်။ သူ့ရင်သွေးများစွာတို့၏ ရာဇဝင် အခန်းအဆက်ဆက်သည် သမီးကို အားကျစေခဲ့သည်။ သူ့အတ္ထုပ္ပတ္တိသည် သမီးအတွက် အခမ်းနားဆုံး သက်မဲ့ အတ္ထုပ္ပတ္ထိသာ ဖြစ်သည်။ သူကား အစဉ်အလာနှင့်တည်း။ သူ့ရင်သွေးတို့ကား အစဉ်အလာကို အမှန်ကန်ဆုံး အရဲရင့်ဆုံး ထိန်းသိမ်းခဲ့ကြသူချည်းပင်။ သမီးသည် ရုတ်တရက် ကြီးပြင်းကာ သူ့ရင်သွေးဖြစ်ပြီး သူ့အစဉ်အလာကို ပါဝင်ထိန်းသိမ်းခွင့်ရသူတစ်ယောက် အမြန်ဆုံး ဖြစ်ချင်စိတ် ပေါ်ခဲ့ဖူးပြီ။
ဆယ်စုနှစ် တစ်စုအတွင်း သမီးသည် ပုံမှန်အတိုင်းကြီးပြင်းလာခဲ့သည်။ သူနှင့် ပက်သက်သည့် အိမ်မက်သည် သမီး တက္ကသိုလ် ကျောင်းသူဖြစ်လာသည့်တိုင် မပျောက်ပျက်နိုင်သေး။ သမီးက ဝါသနာအရ ဆေးကျောင်းသူ ဖြစ်လာသည်မို့ သူ့ရင်ခွင်မှာ ပွဲလယ် တင့်ပြနိုင်သည့် အချိန်သည် M.B.B.S ဘွဲ့နှင်းသဘင် အခမ်းအနား တကြိမ်သာဖြစ်ပြီး သည် ပရဝဏ်ထဲမျာ အမြဲတစေ ရင်ငွေ့ ခိုလှုံခါင့်ဖြင့် မကြုံလေပြီ။
ငယ်ကတည်းက စွဲမက်ရသည့် သူ့ကို မေ့မရသော သမီးသည် အခြေအနေပေးတိုင်း အဓိပတိကို သွားတွေ့သည်။ သူ့ကို သွားကြည့်သည်။ သို့သော် ဆိုင်သာဆိုင် မပိုင်သော သူ့ရင်ခွင်မှာ ပွဲလယ်တင့်ရမည့်အ ချိန်ကို ဖေဖေ့လိုပင် သမီး အမျှော်ကြီး မျှော်ခဲ့ဖူးလေပြီ။ သည်အခွင့်အရေးဟာ သည်အကြိမ် အသေချာဆုံး ဖြစ်လေမည် မဟုတ်လား။ ဒါသည်ပင် မကြာမီမှာ ရှင်သန် ထမြောက်လိမ့်မည်ဟု သမီးယုံကြည်သည်။ သမီးက အစဉ်အလာရှိသောသူ၏ ရင်သွေးလေ။
သမီးသည် သူ့အစဉ်အလာကို ယုံကြည်ခဲ့သောကြောင့်နှင့် ထိန်းသိမ်းလိုသောကြောင့်ပင် သူနှင့်ပက်သတ်သည့် သမီး၏ အိမ်မက်ပျိုးပင်ကို သမီးကိုယ်တိုင် ဆွဲနှုတ်ပစ်ခဲ့ပြီ။
သူသည် သူ့ရင်သွေးတို့၏ ဒေါသနှင့် သောက ပြပွဲကို လက်ခံ ကျင်းပ ပေးခဲ့ပြန်သည်။
သူ့ရင်သွေးဟောင်း ရင်သွေးသစ်တို့သည် သူတို့ ခံစားဆဲ၊ ခံစားခဲ့သော ဝေဒနာနှင့် ဝေမျှလိုသော စေတနာတို့ကို ပွေ့ပိုက်ကာ သူ့ရင်ခွင်ဆီသာ အားကိုးတကြီး ချီခဲ့ကြပြီ။ သူကား အစဉ်အလာကို ထိန်းသိမ်းမြဲ။ သူ့ရင်သွေး အထောင် အသောင်းတို့ကလည်း သူတို့ အသီးသီး၏ အသက်၊ ဘဝ၊ လွန်လပ်မှုများကို စတေးကာ အစဉ်အလာကို ထိန်းသိမ်းမြဲ။
ကျခဲ့ဖူးသည် ဆိုသော မျက်ရည်မျိုး အဓိပတိထံမှာ ပြန်မြင်ရသောအခါ သမီးသည် သူ့ရင်သွေး ဖြစ်နေပါပကော။ ပြုသင့် ပြုထိုက်သော ကာယကံ၊ ဝစီကံတို့ကို ပြုရဲရမည် ဆိုသည့် အဆုံးအမအောက်မှာ ကြီးပြင်းခဲ့သော ဖေ့ဖေ့သမီးသည် သူ့ရင်သွေး အထောင် အသောင်းနှင့်အတူ ရဲရင့်ခဲ့ပြီ။ တတ်ကြွခဲ့ပြီ။ သူ့မြေ၌ နေအစင်း၊ ကြယ်အစင်းများစွာ တပြိုက်နက် ဝင်းပခဲ့ပြီ။
သို့သော် ....
မြထည်ခြုံလွှာ ကန့်လန့်ကာသည် သူနှင့်တကွ အရာရာကို လွှမ်းခြုံအုံ့ဆိုင်း ဒုန်းစိုင်း သိမ်းပိုက်လိုက်သော အခါ ...
သူသည် မှောင်အတိ ကျခဲ့ပြီ။ သူ့မျက်ရည်ကြားတွင် သူ့ရင်သွေး အချို့သည် ကျဆုံးခဲ့ကြသည်။ အချို့ကား ရှင်သန် ကြံခိုင်အောင် ကြိုးစားနေကြဆဲ။ အချို့က သူ့ရင်ခွင်မှ အဝေးဆုံးသို့ ဆုတ်ခွာသွားကြသည်။ အချို့ကား သူ့ရင်ခွင်မှ မခိုနိုင်သည့်တိုင် သူ့နားမှာဖြင့် တရစ်ဝဲဝဲ။ အချို့ကတော့ လောကညစ်ကျွင်းတစ်ခုထဲ ကျွံဝင်သွားကြပြီ။
သူသည် ဒဏ်ရာ ဗလပွ၊ မျက်ရည် အလိမ်းလိမ်းဖြင့် ကျန်ရစ်ခဲ့ပြီ။
သူသည် ဒဏ်ရာ အနာကျက်ရေးအတွက် သူ့ရင်သွေးတို့ကို မျှော်သည်။ သို့သော် ....
သူသည် မျက်ရည်တွေကို သူ့ရင်သွေးတို့ လာသုတ်ပေးဖို့ စောင့်သည်။ သို့သော် ....
.............................................
အကြိမ်ကြိမ် အဖန်ဖန် စဉ်းစား ဆုံးဖြတ်ပြီးသောအခါ သမီးသည် ကိုယ်တိုင်ပျိုးခဲ့ပြီး ဖေဖေ မျိုးစေ့ချ ရေလောင်းပေါင်းသင် လုပ်ခဲ့ပေးသော အိမ်မက်ပျိုးပင်လေးကို ကိုယ်တိုင်ပင် ဆွဲနှုတ်ပစ်ခဲ့ပြီ
“သမီး အဝေးရောက်ဘွဲ့ပဲ ယူမယ် ဖေဖေ”
သူ့အနာကို မကုစားပေးနိုင်ဘဲ သူ့မျက်ရည် တိတ်အောင် မနှစ်သိမ့်နိုင်ဘဲ၊ သူ့ရင်သွေး အစုံအလင် မကြီုတွေ့နိုင်ဘဲ သူ့ရင်ကို အမာရွတ် ထင်ကျန်စေမည့် ခြေချခြင်းဟု ခံစားယုံကြည်ကာ သည် အဆုံးအဖြတ်ကို သမီး ထုတ်ဖေါ် အသိပေးခဲ့စဉ်က ဖေဖေ တုံပြန်ခဲသော မျက်ဝန်းမှာ ဖေဖေဟာလည်း သူ့ရင်သွေးပါပဲဟု သမီးကို အသိပေးခဲ့ခြင်းသာ ဖြစ်သည်။ သမီးက ဖေဖေ့ရင်သွေး။ ဖေဖေရယ် ပိုပြီး နားလည်ပေးပါ။ သူကရောသမီးကို ဘယ်လို နားလည်မလဲ။
သူ့ရင်ခွင်မှာ အသစ် ထပ်ဖြစ်ခဲ့သော မုန်တိုင်း တစ်ခုနှင့် ပက်သက်ပြီး သမီးကို မြစိမ်း ဧည့်ခန်းတစ်ခုမှ အလည်ဖိတ်လာသည်။ အချီအချ အလ္လာပ သလ္လာပ ပြီးသည့်အခါမှာတော့ သမီးကို အိမ်ပြန်ပို့ဖို့ ပြင်သည်။ မြစိမ်း ဧည့်သည်အဖြစ် အိမ်အပြန်တွင် အဝတ် မျက်ကာတစ်ခုကို ယာယီတပ်ပေးထားသည်။
ဆရာဝန် ပေါက်စ ပူပူနွေးနွေးသမီးက ဆေးပညာသုံး နှာခေါင်း ပါးစပ်ကာ MASK နှင့် ယဉ်ပါးခဲ့သူမို့ ထို အကာ နှစ်ခု၏ ကာကွယ်ရေး ရည်ရွယ်ချက်ချင်း ကွာခြားပုံကို တွေးရင်း ကားပေါ်မှာ ပါလာသည်။ လောက ညစ်ကျွင်းထဲ ကျွင်းကျန်ရစ်ခဲ့တာမျိုး မဟုတ်ကြောင်း အသေအခြာသိနှင့်ပြီမို့ သောက မဲ့သလို နာရီ ၃၀ ကြာ အတွေ့အကြုံသစ်က ထင်ထားသလို မဆိုးဝါးပဲ ခပ်လွယ်လွယ်ရှင်းနိုင်ခဲ့ပြီမို့ ခံစားမဲ့သလိုလည်း ဖြစ်နေပြန်သည်။ ဘယ်လမ်းက အိမ်ပြန်နေတာပါလိမ့်လို့ စူးစမ်းစိတ်သာ ရှိနေသည်။
“ရပါပြီ။ ဖွင့်ပေးလိုက်တော့”
အဝတ်စက မျက်ဝန်းအစုံအောက်ကို လျော့ချရင်း ရှေ့တူရူမှာ ပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းက မြင်ကွင်းသေ။ လှုပ်ရှားမဲ့ သက်မဲ့ အဆောက်အအုံ တစ်ခု၏ နောက်ကျော။
တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ။ သူ ...။
“ .....”
ရင်တွင်းအာမေဋိတ် မြည်သံကို ဘယ်လို ဖေါ်ပြရမည်လဲ။ သမီး မသိတော့ပါ ဖေဖေ။ ကားက ကျော်ခဲ့ပြီဖြစ်သည်။ သူကျန်ရစ်ခဲ့ပြီ။
ထိုနေ့သည် သမီးတို့ အတန်း ဘွဲ့နှင့်းသဘင် အခမ်းအနား ကျင်းပခဲ့ပြိးနောက် တစ်လတင်းတင်း ပြည့်သည့်နေ့။
ငယ်ကတည်းက မျှော်မောခဲ့သည့် အိမ်မက်ကို စွန့်ခဲ့သည့် နေ့ လလည်။
သူနှင့်ပက်သက်သည့် အိမ်မက်သစ်သည် သမီးရင်၌ တဖန်ပြန်၍ ညိနေပြီ။
သူ့မွေးနေ့ကို သူ့ရင်သွေးဟောင်း၊ ရင်သွေးသစ် အချို့နှင့် မြစိမ်းကောဇောပေါ်မှာ ကျင်းပမည် ကြားရသောအခါ သမီးသည် လောက ညစ်ကျွင်း၌ ကြွင်းရစ်သူ ဖြစ်နေချိန်။
သူ့မွေးနေ့မှာ သူ့ရင်သွေး အစုံအလင်နှင့် မြေဝသုန်ပေါ်မှာ သူ့ဂုဏ်တွေ ချီပလို့ ပူဇော်ခွင့်ရဖို့ကိုဖြင့် သမီးမျှော်လင့် တမ်းမက်ဆဲရယ်ပါ။
ခုတော့ ...
အချိန်ရထားကား တရွေ့ရွေ့ ခရီးနှင်မြဲ။
အဓိပတိကား မျှော်မြဲ။
ခြံင်္သေ့ကား စောင့်မြဲ။
သူကား ကြိုမြဲ။
အဓိပတိကား မျှော်မြဲ။
ခြံင်္သေ့ကား စောင့်မြဲ။
သူကား ကြိုမြဲ။
သူရ ဂါမိက
No comments:
Post a Comment