မုန့်စားကျောင်းဆင်းချိန်

( ၁ )
ဘဲလ်သံက စူးရှ တုန်ယင်စွာ မြည်လာသည်။
မုန့်စားကျောင်းဆင်းချိန်ကို ရောက်ပြီ။
အဲသည်တုန်းက ကမ္ဘာပေါ်မှာ ကျွန်တော်အမုန်းဆုံး အချိန်ဟာ မုန့်စားကျောင်းဆင်း ချိန်ပါပဲ ဖေဖေ။
( ၂ )
မာဗင်ရ္ဇေ မင်း ခု ဘယ်ရောက်နေပြီလဲ။ မုန့်စားကျောင်းဆင်းချိန် စာသင်ခုံတွေပေါ်မှာ ကျွန်တော်တို့ အတူတကွ ရှိနေခဲ့ကြသည်။ မုန့်စားကျောင်းဆင်းချိန်ဆိုလျှင် တရုတ်ကြီး၏ ဆန်ခေါက်ဆွဲ တွန်းလှည်းလေးနား မှာ ကျောင်းသားတွေ စုပြုံပြီး တိုးဝှေ့နေတတ်သည်။ တစ်ပွဲပြီးတစ်ပွဲ ပန်းကန်ပင်မဆေးနိုင်ဘဲ ပြင်ပေး နေရသည်။ လုယက်တိုးဝှေ့ စားသောက်နေကြသော ကျောင်းသားတွေဆီက ပိုက်ဆံအစေ့အငှ ဘယ်တော့မှ ရလေ့မရှိ။ ၀ရုန်းသုန်းကား ဖြစ်နေသော ဆန်ခေါက်ဆွဲ တွန်းလှည်းပေါ်က ဆန်ခေါက်ဆွဲ တစ်ပွဲကို မြန်မြန်ဆွဲယူ မြန်မြန်စားပြီး မြန်မြန်ပြန်ပေး မြန်မြန်လစ်ထွက်ခဲ့ရင် အလွယ်ကလေးရနိုင်သည်။ သူငယ်ချင်းတွေ ဂုဏ်ယူ ၀င့်ကြွားစွာ ပြောပြကြလို့ ကျွန်တော်တို့ သိထားသည်။ ဆန်ခေါက်ဆွဲကို စားချင်ပါသည်။ ဒါပေမဲ့ ကျွန်တော့် မှာ ထိုမျှသတ္တိမရှိ။
စာသင်ခန်းထဲမှာ ထိုင်နေခဲ့ကြဖူးတဲ့ မုန့်စားကျောင်းဆင်းချိန်များ။ တစ်ရက်မှာ မာဗင်က ကျွန်တော့်ကို မေးခွန်းတစ်ခုမေးသည်။ (အဖြေက သူသိပြီးသား) မင်း မုန့်စားမလားတဲ့။ ပြီးတော့ သူ့ လက်ထဲက ဆယ်ပြား စေ့လေးတစ်စေ့ ထွက်လာသည်။ ရော့္ဇ္ဇ မင်းယူဝယ်စားချေကွာတဲ့လေ။ ကျွန်တော် ဘာမုန့်တွေ ၀ယ်စားခဲ့သလဲ မမှတ်မိတော့ပါ။ ၀ယ်ရော စားဖြစ်ခဲ့ရဲ့လား မသေချာပါ။ မာဗင်ကို မင်းရ္ဇော္ဇ အတူတူ စားမယ်လေလို့ပြောတော့ သူကပြန်ငြင်းတာပဲ မှတ်မိသည်။ ကျောင်းဈေးတန်းမှာ ကျွန်တော် ၀ယ်စားလေ့ရှိတာက ကြံရည်ညောင် စေးပေါ့။ ကြေးလင်ပန်း ၀ါဝါထဲမှာ ညောင်စေးပြာကြီး ထည့်ထားပြီး တစ်ဖက်က အစကိုဆွဲကာ ဆွဲကာ ရှည်ထွက်လာသော အသားမျှင်ကို တုတ်တစ်ချောင်းမှာ ခွေကပ်ပြီး တစ်ခုငါးပြားနှင့် ရောင်းပါသည်။ ကျွန်တော် အလွန်ကြိုက်ပါသည်။ နောက်တစ်ခုက ပြောင်းဖူးပွင့်တွေ။ ပူပူနွေးနွေး ဖွေးဖွေးဥနေတဲ့ ပြောင်းဖူးပွင့်တွေကို စက္ကူကတော့ ချွန်ကလေးများဖြင့် ထည့်ကာ တစ်ကတော့ ငါးပြား၊ ဆယ်ပြား ရောင်းသည်။ အစေ့အိမ် မာမာကို တကျွတ်ကျွတ် ၀ါးရသည် ကလည်း အရသာထူးပါ၏။ ပြီးတော့ ကျွန်တော်ဝယ်စားလေ့ရှိတာက ကုလားပဲသုတ်ဖြစ်သည်။ ရောင်းသည့်မိန်းမကြီးက အလွန်ဝသည်။ သူ့အသားအရေမှာ မည်းပြောင်နေပြီး ချွေးစေးများ အမြဲလိုလို စွတ်စို နေလေ့ရှိသည်။ အနေအထိုင်ကလည်း ညစ်ပတ်လှသည်။ ရွံစရာ ကောင်းမှန်းသိပေမယ့် ဘာကြောင့် မရွံခဲ့ပါလိမ့်။ သူ့ဆိုင်က ကုလားပဲသုတ်မှာ တစ်ခါတစ်ရံ စိတ်မချရ။
ငါးမူးစေ့ကလေး တစ်စေ့ ကျွန်တော် ကောက်ရတုန်းက သူ့ဆိုင်မှာ ကုလားပဲသုတ် ကျွန်တော် ၀ယ်စားသည်။ အပေါ်ပိုင်းမှာ စား၍ ကောင်းသော်လည်း အောက်ပိုင်းမှာ သိုးစော် နံနေခဲ့သည်။ မနေ့က အကျန်တွေ ရောထည့်ပေးလိုက်မှန်း ကျွန်တော်သိသော်လည်း ကုန်အောင်တော့ စားပစ်ခဲ့ပါသည်။ တစ်ခါတုန်းက စားခဲ့ဖူးသော သိုးနေတဲ့ ကုလားပဲသုတ် တစ်ပွဲပေါ့။ ကျွန်တော်တို့နေတဲ့ ဖားသားလဖုန်းကျောင်း (အ-ထ-က ၁၄) က တော်တော်ကြီး ကျယ်ဝန်းသည်။
စိန့်ဂျိုးဇက် ဘုရားရှိခိုးကျောင်းနောက်က စာသင်ဆောင်အောက်မှာ အခြောက်ကြီး ကိုခင်မောင်မြင့်ရဲ့ ကာတွန်းစာအုပ် အငှားဆိုင်ရှိသည်။ သူ့စာအုပ်ဆိုင်မှာ ကျွန်တော်တို့က စာအုပ်ရွေးသလိုလို ဘာလိုလိုနှင့် ကာတွန်းစာအုပ်တွေ နည်းနည်းချင်း ခိုးဖတ်ကြသည်။ အခြောက်ကြီး စိတ်ကြည့်နေလျှင် ဘာမျှမပြော။ အပုံထဲက စာအုပ်တွေ မြည်းခွင့်ရသည်။ သူစိတ်မကြည်လျှင် ဆဲဆို မောင်းထုတ်တတ်သည်။ က-ဆ ဆိုတော့ ကောင်းမှာပေါ့ဆိုတဲ့ က-ဆ စာအုပ်အသစ်၊ ရွှေဂေါင်းပြောင် စာအုပ်အသစ် တစ်အုပ်ကို သူငယ်ချင်းနှစ်ယောက် စပ်တူငှား၍လည်း သိပ်ကြိုက်ခဲ့တာပေါ့။ အဲဒီအထဲက အလောင်းအစား ၀ါသနာကြီးတဲ့ ဗလကြီးကို ခုထိခင်မင်နေမိသည်။
ရေခဲချောင်း တွန်းလှည်းနားမှာလည်း ကျောင်းသားတွေ ၀ိုင်းဝိုင်းလည် နေတတ်သည်။ ပဲစေ့ညိုညို တွေ အသားထဲမြှုပ်ထားတဲ့ ပစ်မှတ်စက်ဝိုင်းကို အုပ်မိအောင် သေနတ်ဖြင့် ပစ်နိုင်ခဲ့ရင်တော့ ရေခဲချောင်း အပိုတွေ အများကြီးရနိုင်သည်။ ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် လက်တည့်စမ်းနေကြ၏။
ရာဘာစုပ်ခွက်ကလေး တပ်ဆင်ထားသော ကျည်ဆန်တို့က ပစ်မှတ်ကိုတော်တော်နှင့် မရောက်တတ်နိုင်။ ဘာကြောင့်များ ခဏခဏလွဲချော်နေခဲ့ရတာလဲ။ တစ်ကြိမ်မှာတော့ ကျွန်တော်က ပစ်မှတ်စက်ဝိုင်းကို အုပ် မိအောင် ချိန်ရွယ်ပစ်ခတ်နိုင်ခဲ့သည်။ ပဲစေ့မြှုပ်ထားတဲ့ ရေခဲချောင်းတွေ အများကြီးရတာပေါ့။ အအေးခိုးတွေ လူးလွန့်လျှံထွက်နေတဲ့ ရေခဲချောင်းတွေကို ကျွန်တော်တို့ ၀မ်းမြောက်ပျော်ရွှင်စွာ စားသောက်ခဲ့ကြဖူးသည်။
ဆရာဖရန်စစ်အတန်းမှာ ကျောင်းသားသစ်အဖြစ် ကျွန်တော်စနေရတော့ ကွမ်မ်ဂျာကလည်း ကျောင်းသားသစ်အဖြစ် အတန်းထဲကို ရောက်လာသည်။ ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်က တစ် ယောက်ရဲ့ ပထမဆုံး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြသည်။ ကွမ်မ်ဂျာက ကချင်ကလေး။ မုန့်စားကျောင်းဆင်းဆို ပိုက်ဆံ တအားဖြုန်းသည်။ သူကပဲ ကျွန်တော်လိုချင်တဲ့ မြင်းရုပ်ကလေးကို ၀ယ်ပေးခဲ့သည်။ မြင်းရုပ်ကလေးဟာ လေနှိပ်လိုက်ရင် ခေါင်းကလေးလှုပ်၊ ခြေကလေးလှုပ်နဲ့ တကယ့်ကို အသက် ၀င်လာတော့တာ။ မြင်းရုပ်အနီကလေး၊ မရောကွမ်မ်ဂျာ၊ ဆရာဖရန်စစ်နှင့် စတုတ္ထတန်း ကျောင်းသားဘ၀ နေ့ရက်များ။
( ၃ )
ကျောင်းနေဘက် သူငယ်ချင်းတွေထဲမှာ သန်းညွန့်ကြီးက ဆိုင်ကားနင်းနေသည်။ အော်စကာက အောင်မြင်ဖို့ ကြိုးစားနေတဲ့ အဆိုတော်တေးရေးသမားပေါ့။ ခင်မောင်တင့်က ဒီဇိုင်းဆိုင်းဘုတ် ပိုစတာရေးဆွဲသူ ပန်းချီဆရာ။ ဖက်တီးကျော်ဝင်းဦးက ဗိုလ်ကြီးဖြစ်နေသည်။ အောင်ကြည်စိုးက စစ်ကိုင်းမှာ အောက်စီဂျင် စက်ရုံ တည်ထားသည်။ စိုးထွန်းက လှိုင် ကွန်ပျူတာနှင့် ဓာတ်ပုံလုပ်ငန်း လုပ်နေသည်။ လင်းမြင့်ထွန်းနှင့် လင်းမြင့်ဟန်တို့ ညီအစ်ကို နှစ်ယောက်က ဘယ်ရောက်နေပြီလဲမသိ။ တင်မောင်ဝင်းကတော့ အလုပ်သွား အလုပ်ပြန် စီးနေတဲ့ ဘီးကလေးကို ခဏငှားသွားတာ နှစ်နှစ်ကျော်နေပြီ။ နေဦး...ဘုန်းကြီးဝတ်သွားတာ ဘယ် သူပါလိမ့်။ (ကျွန်တော် မဟုတ်တာတော့ သေချာတယ်။)
( ၄ )
တစ်ရက်မှာ ရုံးနားက အိမ်ဆိုင်လေးဆီ ဆေးပေါ့လိပ် သွားဝယ်တော့ မူလတန်းကျောင်းကလေးရဲ့ မုန့်စားကျောင်းဆင်းချိန်နှင့် ကြုံနေသည်။ ကလေးတွေပျော်ရွှင်စွာ ပြေးလွှား ဆော့ကစားနေကြသည်။ ရေခဲချောင်း ၀ယ်စားသူက ၀ယ်စားနေသည်။ အချဉ်ပေါင်း၊ သီးစုံပေါင်း ၀ယ်စားသူက ၀ယ်စားနေသည်။ အိမ်ဆိုင်ရှင် အဘွားကြီးကို ကျွန်တော့်အတွက် ငွေနဂါး ဆေးပေါ့လိပ် မှာလိုက်ပြီးချိန်မှာ ကုလားလေး တစ်ယောက် ရောက်လာသည်။ ဆီးယို တစ်ထုပ်ပေးပါတဲ့။ အဘွားကြီးက တစ်ထုပ် ဖြုတ်ပေးလိုက်သည်။ ကုလားလေးက ငါးကျပ်တန် ငွေစက္ကူလေးကို အဘွားကြီးလက်ထဲ မြန်မြန်ထည့်ပေးပြီး ထွက်သွားသည်။ ကျွန်တော်လည်း ဆေးလိပ်ဖိုး ပေးပြီးအထွက်မှာ အဘွားကြီးရဲ့ အော်မြည်သံကို ကြားလိုက်ရသည်။ ဟဲ့္ဇ္ဇ ဟိုကုလား လာစမ်း္ဇ္ဇ လာစမ်းတဲ့။ ပြောပြောဆိုဆို အဘွားကြီး ထွက်လိုက်ပြီး ကုလားလေးလက်ထဲမှ ဆီးယိုထုပ်ကို လုယူလိုက်သည်။ ဆီးယိုထုပ်ကလေးမှာ ကိုက်ဖောက်ပြီးနေပေါ့။ ရော့္ဇ္ဇ နင့်ပိုက်ဆံ အစုတ်ကြီးတဲ့ အဘွားကြီးလက်ထဲမှ ငါးကျပ်တန်ကလေး ကုလားရှေ့မှာ ကျသွား၏။ ဟုတ်ပါရဲ့္ဇ္ဇ ကြည့်စမ်း္ဇ္ဇ ငါးကျပ်တန်က တစ်ဝက်သာသာပဲ ရှိသည်။ ကျန်တဲ့တစ်ဝက်က စက္ကူနှင့် မသေမသပ် ဆက်ထားလို့။ သူပိုက်ဆံကို ပြန်ကောက်ရင်း ကုလားလေးက ငြိမ်သက်စွာ ငေးကြည့်နေ၏။ အပြစ်တစ်ခု ကျူးလွန်တာ အမိခံရသူလို ငြိမ်သက်နေပုံမျိုးလား။ သူမျက်ဝန်းတွေထဲမှာတော့ အပြစ်တစ်စုံတစ်ရာ ရှာ မတွေ့ပါ။ ဆာလောင်မှုရဲ့ အငွေ့အသက်တချို့က လွဲရင်ပေါ့။ ဒီအကြောင်းကို စာတစ်ပုဒ်ရေးရင် သမီးလေး အတွက်တော့ မုန့်ဖိုးကောင်းကောင်း ရနိုင်လိမ့်မည်။ ယခုဆိုလျှင် သမီးသည် သူ့အဖေနာမည်ကို အသေအချာ စာလုံးပေါင်း တတ်နေပြီဖြစ်သည်။
( ၅ )
မုန့်စားကျောင်းဆင်း ခေါင်းလောင်းတွေ ထိုးလိမ့်ဦးမည်။
ကလေးတို့......ကမ္ဘာပေါ်မှာ မင်းတို့ အမုန်းဆုံးအချိန်ဟာ ဘယ်အချိန်လဲ....
နေမျိုး
(၂၀၀၀ ဖေဖေါ်ဝါရီ မင်္ဂလာ မဂ္ဂဇင်း)
source.... မောက္ခ
No comments:
Post a Comment