Wednesday, January 25, 2012

ချစ်ခြင်း၏ အနုပညာ


သူမရှိသောအခါ သူ့သစ်ပင်များသည် ကျွန်မအတွက်မျှော်လင့်မှု ပေးစွမ်းနိုင်သော မြတ်နိုးဖွယ်ရာ သက်ရှိများ ဖြစ်လာပါတော့သည်။ သူရှိစဉ်က ထိုသစ်ပင်များကိုပင် ကျွန်မ ငြူစူ မုန်းတီးခဲ့ဖူးပါသည်။

..............................

ကျွန်မတို့ ခြံစည်းရိုး သံတိုင်များ နောက်ကွယ်တွင် သစ်ပင်များ တန်းစီ၍စိုက်ရန် သူကြိုးစား ကတည်းက ကျွန်မနှင့်သူ အချေအတင် စကားများ ခဲ့ရသည်။ ဤသည်မှာ သူ၏ သစ်ပင်စိုက် ဝါသနာ အစပင် ဖြစ်သည်။ Justify Fullကျွန်မက ခြံစည်းရိုးမှ အပြင်သို့ တိုးလျှိုးပေါက် လှမ်းမြင်ချင်သည်။ ခြံထဲသို့ တစ်စုံတစ်ယောက်ကျော်လွှားဝင်လာလျှင်တောင်မှ တိုက်ထဲကနေ လှမ်းမြင်ရချင်သည်။ သူ့သစ်ပင်တွေက ကန့်လန့် ပိတ်ဆီးထားမည်ကို ကျွန်မ မလိုလားပါ။ နောက်ပြီး သူစိုက်မည်ဟု ရည်ရွယ်ထားသော အပင်အမျိုးအစားကို သိရတော့ ကျွန်မ၏ မကျေနပ်မှုက ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွား၏။ ဆိုက်ပရက်စ်ဟုခေါ်သော ထင်းရူးပင်ပေါက်တစ်မျိုး သူမှာထားသည်တဲ့။ ထိုအပင်များသည် ရာသီမရွေး စိမ်းမှောင်လန်းဆန်းပြီး ရှည်သွယ်သောကြောင့် ခြံစည်းရိုး အဖြစ် သုံးသော အပင်မျိုး ဖြစ်သည်တဲ့။

"နေစမ်းပါဦး၊ အဲဒီ ဆိုက်ပရက်စ် ပင်ဆိုတာက သူတို့ဆီမှာ လူသေရင် ဝမ်းနည်းတဲ့ အထိမ်းအမှတ် အဖြစ် စိုက်တာ မဟုတ်လား၊ ရှင်က ကျွန်မတို့အိမ်ကို အမဂ္ဂသအိမ်ဖြစ်အောင်လုပ်မလို့လား"

ထိုအခါ သူက စုတ်တစ်ချက် သပ်ကာ "အဲဒါက ဖြူနရယ်လ် ဆိုက်ပရက်စ်ကွ၊ ကိုယ်စိုက်မှာက အရီဇိုးနား ဆိုက်ပရက်စ်" ဟု စိတ်မရှည်သလို ပြောပြီးနောက် ထိုအပင် အမျိုးအစားများကို အားရပါးရ ခွဲခြား ရှင်းပြနေလေသည်။ ရုက္ခဗေဒအဓိက ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ တစ်ယောက်ဟု ထင်ရသည်။ သို့သှော သူသည် ဘီအေဘွဲ့ရ ကျောင်းဆရာ တစ်ယောက်ဖြစ်ပြီး သူသင်ကြားရသည်မှာ သမိုင်းဘာသာ ဖြစ်ပါသည်။ ကျွန်မက သူ့အစီအစဉ်ကို အကြောင်းပြချက် နှစ်မျိုးဖြင့် ငြင်းပယ်ခဲ့သော်လည်း နောက်ဆုံးတော့ သူက မျှတအောင် လုပ်ပေးတော့မည့် ဒိုင်လူကြီး အပြုံးမျိုးဖြင့် ဆုံးဖြတ်ပေး၏။ ကျွန်မ မစိုက်စေချင်သော အပင်မျိုးကို သူအလျော့ပေးလိုက်ပြီး သူဖြစ်စေချင်သော ခြံစည်းရိုးပင် တစ်မျိုးကို စိုက်ပျိုးခဲ့ခြင်းပင် ဖြစ်ပါသည်။

ထိုအချိန်မှစ၍ ကျွန်မတို့ ခြံဝိုင်းထဲသို့ အပင် တစ်မျိုးပြီး တစ်မျိုး ရောက်လာခဲ့သည်။ ပထမတော့ သူ့အပင်များနှင့် ကျွန်မအား မိတ်ဆက်ပေးသေး၏။ မြန်မာအမည်၊ နိုင်ငံခြားအမည်၊ ရုက္ခဗေဒအမည်တို့ဖြင့် ပြောပြသည်။ တစ်မျိုးပြီး တစ်မျိုး များပြားလာသောအခါ ကျွန်မ မမှတ်မိ နိုင်တော့ပါ။ သူတန်ဖိုးထားသော အပင်များသည် ကျွန်မ မျက်စိ ထဲမှာတော့ နည်းနည်းမျှ တန်ဖိုးမရှိ။ ငှက်မွှေး ပုံသဏ္ဍာန်နှင့် ဖြာထွက်နေသော ရွက်မြွာများ ပါဝင်သည့် ဍရင်ကောက် ပင်ဟု သူပြောသော အပင်တစ်ချို့ကို တိုက်နံရံ ထောင့်အထိကပ်၍ ပန်းအိုးဖြင့် စိုက်လာသောအခါ ကျွန်မ အနည်းငယ် စိတ်တိုစ ပြုလာပြီ။ သူပြောတော့ အစိမ်းနုဖျော့ဖျော့ တိုက်နံရံမှာ အစိမ်းရင့် ငှက်မွေး ရွက်ပေါင်းများ ဖြာထွက် စင်းကျနေသည်မှာ အလွန်လှပ ကြည့်ကောင်းသည် ဆိုပဲ။ ပထမတော့ သူပြောသလို လှပချင် လှပပါလိမ့်မည်။ နောက်ပိုင်း သူ့မှာ အပင်တွေ များပြားလာပြီး ခြံဝိုင်း တစ်ခုလုံး အမျိုးမျိုးသော အိုးစိုက် အပင်များ၊ မြေစိုက် အပင်များ၊ တွဲလွဲဆွဲ အပင်များဖြင့် ပြည့်ကျပ် သွားသောအခါ မလှပတော့ပါ။

သစ်ပင်တွေ ရောက်လာကတည်းက ကျွန်မနှင့် သူ့အကြား အေးအေးဆေးဆေး စကားပြောရချိန် မရှိ၊ ကျောင်းက ပြန်လာကတည်းက သစ်ပင်တွေအနီး ရောက်နေလိုက်သည်မှာ ညစာ စားဖို့ နှစ်ခါလောက် ခှေါမှ အိမ်ထဲ ဝင်လာသည်။ ညစာ စားပြီးတော့လည်း အမှောင်ထဲမှာ ခြံထဲတစ်ခါဆင်း၍ သစ်ပင်တွေကြား လမ်းလျှောက် ရသေး၏။ အပင်ကြို အပင်ကြား ပိုးမွှားတွေကိုက်မှာ စိုးရိမ်သော ကျွန်မက အိမ်ထဲဝင်ဖို့ သွားပြောလျှင် ကျွန်မကပဲ သူမရှိလျှင် မနေတတ်သူ ဖြစ်ရပြန်၏။ သစ်ပင်များ အပေါ် ကျွန်မက မနာလိုသူ ဖြစ်ရပြန်၏။

"ရှင်သေရင် သူများလိုဥစ္စာစောင့် ဖြစ်မှာ မဟုတ်ဘူး၊ သစ်ပင်စောင့်ပြိတ္တာဖြစ်မှာ" ဟု ကျွန်မက ဆူပူလျှင်လည်း သူက အပြုံးပင် မပျက်ပါ။
"ရုက္ခစိုး နတ်ပါကွာ"ဟု ကျွန်မ၏ ကောက်ချက်ကို ပြင်ပေးသေး၏။
သူ့သစ်ပင်များကို စိတ်လိုလက်ရ ရေလောင်းပေးမိ ပြန်တော့ ကျွန်မ၏ လုပ်ရပ်ကို သူမကြိုက်ပြန်ပါ။
"ဘယ်အပင်ဟာ ရေဘယ်လောက် လိုတယ်ဆိုတာ မင်းသိလို့လား၊ တစ်ချို့ အပင်တွေက ရေအိုင်ရင် အမြစ်ပုပ်တယ်၊ မင်းနားလည်လား"
သူ့သစ်ပင် တစ်ခုတစ်လေကို အစီအစဉ်တကျ မလှပဘူး ထင်ပြီး အဆင်ပြေအောင် နေရာ ရွှေ့ပေးမိပြန်တော့ သူကျွန်မကို တတွတ်တွတ် အပြစ်ဆို၍ မပြီးတော့ပါ။
"တချို့အပင်က တစ်ဝက်တစ်ပျက် အရိပ်ကို ကြိုက်တယ်၊ တချို့ အပင်က တောက်ပတဲ့ နေရောင်ကို ကြိုက်တယ်၊ အပင်တွေရဲ့ လိုအပ်မှုအလိုက် ကိုယ်က နေရာ ချထားပေးတယ်၊ မင်းက နဲနဲလေးမှ နားမလည်ဘဲ နေရာရွှေ့တယ်၊ ဥယျာဉ်ပညာဟာ မျက်စိပသာဒ တစ်ခုတည်း အပှေါမှာ ဆုံးဖြတ်လို့ မရဘူး"

စေတနာဖြင့် လုပ်ခဲ့သော အမှုကိစ္စလေးနှင့်မထိုက်တန်စွာပင် သူ့ရှင်းပြချက်တွေကို နားငြီး ရလေသည်။ သည်လောက် ကဲကဲဆတ် ဖြစ်လာတော့ ကျွန်မ ဒေါပွလာသည်။ သူ့အပင်တွေက ဘာမို့လဲ။ နောက်တော့ ကျွန်မ သူ့အပင်တွေကို လုံးဝ မထိတော့။ လုံးဝကို လှည့်မကြည့်တော့ပေ။

"ရှင်သေရင် အဲဒီသစ်ပင်တွေ ဓားနဲ့ နုပ်နုပ် စင်းပစ်မယ်"ဟု ကျွန်မ မကြာခဏ ကြုံးဝါးမိသည်။ သည်လို ဆိုပြန်တော့ သူခပ်ပြုံးပြုံးပဲ။
"ကိုယ်လက် လှုပ်ရှားမှု မလုပ်ဘဲ တစ်နေကုန် စက်မှာထိုင်ပြီး ဆွယ်တာထိုးနေတဲ့ မင်းကသာ အရင်သေချင် သေမယ်၊ ကိုယ်က ကျန်းမာရေး ကောင်းတယ်၊ ကိုယ့်သစ်ပင်တွေနဲ့ ကိုယ် အဆင်ပြေ နေတာပဲ"

သစ်ပင်တွေနှင့် ပတ်သတ်ပြီး သူ့ကို ကျွန်မ စိတ်ကုန်စ ပြုလာသောအခါ သူ့သစ်ခွပင်မှ ဦးဦးဖျားဖျား အပွင့်များကို ကျွန်မကို လာပေးရင်တောင်မှ သူကုသိုလ်ရဖို့ ဘုရားကပ်လှူ ပေးရုံသာ ဖြစ်ပြီး သူကျွန်မကို ချစ်ဟန် တူပါရဲ့ဟု မကြည်နူး မခံစား နိုင်တော့ပေ။ ခြံဝိုင်း ထဲတွင်သာမက တစ်ဆင့်တက်ပြီး ဝရန်တာထောင့်မှာ မြေအိုးဖြင့် တစ်ပင် စိုက်လာသောအခါ ကျွန်မ၏ သည်းခံ လျစ်လျူရှုစိတ် တစ်ထစ် လျော့သွား၏။

"ရှင့်ဟာရှင် မြေကြီးပေါ်မှာပဲ အပင်စိုက် ကျွန်မ ဝရန်တာမှာ လာမစိုက်နဲ့"ဟု ကျွန်မ ရန်တွေ့သောအခါ သူက ကျွန်မကို အပြုံးဖြင့် ဆွဲဆောင်လေသည်။
"ဒီလို အပင်မျိုးက ဝရန်တာမှာ စိုက်လို့ သိပ်အဆင်ပြေတာကွ၊ သူက သိပ်စိုထိုင်းတာကို မကြိုက်ဘူး၊ သူ့အပွင့်တွေက သွေးလိုပဲ ရဲရဲတောက်နေမှာ၊ စောင့်ကြည့်၊ ပင်စည်တံကနေပြီး အညှာတွေ ဖြာထွက်ပြီး အဆုပ်လိုက် လုံးဝိုင်းနေအောင် ပန်းပွင့်တာ၊ ဘယ်လောက် တိကျသလဲ ဆိုရင် အရွက် ခုနှစ်ရွက်ပဲ ထွက်တယ် မပိုဘူး၊ သူ့နာမည်ကလည်း သိပ်လှတယ်၊ ကက်သရင်းတဲ့"

ကျွန်မကတော့ အရွက်ထွက်လာတာကို ကြည့်ပြီး ဂမုန်းပင် လိုပဲလို့ အောက်မေ့သည်။ ထိုအပင်က ပန်းပွင့်လာအောင် နှစ်နှစ် စောင့်ရ၏။ ပွင့်လာတော့လည်း သူပြောသလောက် မလှပပါ။ ဘောလုံးပန်းဟု ကျွန်မတို့သိသော ပန်းပုံစံ မျိုးပါပဲ။ ဘာများ ထူးခြားလို့လဲ။ နောက်ထပ် တစ်ဆင့်တက်ပြီး ဧည့်ခန်းမှာ တောင်ထန်းပင်လိုလို ပန်းပင်ပုပုတစ်မျိုး ပန်းအိုးဖြင့် စိုက်လာတော့ ကျွန်မ၏ သည်းခံစိတ်တွေ ကုန်ပြီဟု အောက်မေ့လိုက်မိသည်။ ထိုပန်းအိုးကို သူ့ရှေ့မှာ ရိုက်ခွဲ မပစ်မိအောင် မနည်း ထိန်းထားရသည်။

"နေစမ်းပါဦး၊ မင်းရွက်ထားရတာလည်း မဟုတ်ဘဲနဲ့ အပြစ်မရှိတဲ့ သစ်ပင်တွေကို ဘာလို့ မုန်းနေတာလဲ"

တကယ်တော့ ကျွန်မ သစ်ပင်တွေကို အရင်က မမုန်းပါ။ သူဂရုစိုက်လွန်း၊ အကဲပါလွန်းသောကြောင့်သာ ငြူစူမိခြင်း ဖြစ်သည်။ သူပြောသည့် သစ်ပင်စိုက်ခြင်း အကျိုးများကို ကျွန်မက တနုံ့နုံ့ ဒေါသထွက်ရသည်။ စဉ်းစားကြည့်ပါ။ ကျွန်မတို့ တောင်ပေါ်မြို့လေးမှာသည်လောက် လေကောင်းလေသန့် ပေါများတာ၊ အောက်စီဂျင်ထုတ်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ စုပ်ယူသည်ဆိုသော သူ့သစ်ပင်တွေ၏ အကူအညီ ဘယ်မှာ လိုလို့လဲ။ မတောက်တခေါက် စာတွေဖတ်ပြီး ပေါက်တတ်ကရတွေ လျှောက်လုပ်နေသည်ဟုသာ ကျွန်မမြင်သည်။ ထိုအပြုအမူမျိုးကို လွန်လွန်းလှပြီ ထင်နေသော ကျွန်မသည် နောက်ဆုံးတော့ ဘယ်လိုမှ သည်းမခံနိုင်သော အဖြစ်အပျက်ကို ကြုံတွေ့ရတော့သည်။ ကျွန်မတို့ အိပ်ခန်းထဲတွင် ပြတင်းပေါက်နှင့် နီးသော အခန်းခေါင်းရင်းထောင့်၌ ပန်းအိုးကြီးဖြင့် သစ်ပင် တစ်ပင် စိုက်လာခြင်း ဖြစ်ပါသည်။

......................................

ကျွန်မ၏ သည်းခံနိုင်စွမ်းကို ချိုးဖျက်လိုက်သော ထိုအပင်သည် အပင်ပေါက်ကလေး ဘဝထဲက ရုပ်ဆိုးလှသည်။ ကျွန်မ မြင်ဖူးသမျှ အပင်များထဲတွင် ရုပ်အဆိုးဆုံး ဖြစ်သည်။ ကျွန်မ ခါးခါးသီးသီး ကန့်ကွက်တော့ သူက "အချိန်စောင့်ကြည့်ပါဦး"ဟု တောင်းပန်ခဲ့လေသည်။ ဤအပင်၏ တန်ဖိုးကို တစ်နေ့တော့ ကျွန်မ သိလာမှာပါတဲ့။ ဘာသိရမှာလဲ၊ ဘာတန်ဖိုးတွေ ရှိလို့ သိရမှာလဲ။ အမွှေးအမျှင်တွေနဲ့ ဆူးချွန်တွေနဲ့ လိမ်ခြောက်ခြောက် တစောင်းပြသာဒ်ပင် တစ်ပင်မှာ ဘာတန်ဖိုး ရှိမှာမို့လဲ။ သူက နားမလည်သော ကလေးတစ်ယောက်အား စိတ်ရှည်စွာ ရှင်းပြတော့မည့် ကျောင်းဆရာ မျက်နှာထား ပီသစွာဖြင့် ပြုံးလေသည်။ "သစ်ပင်တိုင်းမှာ တန်ဖိုး တစ်မျိုးစီ ရှိကြတာပဲ"တဲ့။

နှစ်နှစ်လောက် ကြာသောအခါ ထိုအပင်သည် အလွန်ကြီးမားပြီး ပို၍ရုပ်ဆိုးလာတော့သည်။ အခန်းနံရံဆီသို့ တွယ်တက်လိုဟန်ရှိသော ရှည်မျောမျော ပင်စည်ချောင်းများသည် ကိုးရိုးကားယား နိုင်လှ၏။ ပိန်ခြောက်ခြောက် လက်တံတွေနှင့် တူသော အစိမ်းပုပ်ရောင် ဇောင်းနှုတ်ခမ်းတွေမှာ ဆူးချွန်တွေ အမွှေးရှည်တွေနှင့် ဖြစ်၏။ လိမ်ကောက် ရှည်လျားပုံက သူ့အနီးသို့ ရောက်လာသော တစ်စုံတစ်ခုကို နွယ်ရစ် စုပ်ယူတော့မလို ထင်ရသည်။ ကျွန်မဖြင့် ထိုအပင်ကို လုံးဝ ကြည့်မရပါ။ ဘယ်တော့များ သူအပြင် ပြန်ထုတ်လေမလဲဟု စောင့်နေရင်းက ရက်တွေလတွေ ကြာလာခဲ့သည်။ ဘာစိတ်ကူးဖြင့် ဒီလောက် ကိုးရိုးကားယား နိုင်လှသော အပင်ကြီးကို ကျွန်မတို့ အခန်းထဲ သယ်လာခဲ့ရပါလိမ့်။

ညခပ်မှောင်မှောင်မှာ အခန်းထဲသို့ ဝင်မိလျှင် ထိုအပင်ကို မကြည့်မိအောင် သတိထားရသည်။ အရုပ်ဆိုးလှသော ထိုတစောင်းပင်သည် ထိတ်လန့် ချောက်ခြားစေသော အစွမ်းသတ္တိလည်း ရှိဟန်တူ၏။ သူ ထိုအပင်နား သွားပြီး စစ်ဆေး ကြည့်ရှု နေချိန်များတွင် ကျွန်မ ခပ်လှမ်းလှမ်းမှ ရင်ထဲလေးလံပြီး စိုးရိမ် ပူပန်သလို ခံစားရသည်။ တခါတရံ ညသန်းခေါင်တွင် သူအိပ်ယာမှ ထသွားတတ်သည်။ ကျွန်မ တရေးနိုးချိန် သူ့နေရာကို စမ်းသပ်ကြည့်၍ သူမရှိလျှင် ကျွန်မစိုးရိမ် ပူပန်ရမြဲ။ ခေါင်းရင်းဘက် နံရံကို ကြည့်လိုက်တိုင်းလည်း ထိုအပင်ဘေးတွင် သူခပ်ကိုင်းကိုင်း ငုံ့ရပ်နေသည်ကို မြင်ရမြဲ၊ ထိုသို့ မြင်ရတိုင်းလည်း ထိတ်လန့် ချောက်ခြားမှုနှင့်အတူ စိုးရိမ် ပူပန်မှုက တိုးတိုး လာခဲ့သည်။ "ဘာလုပ်နေတာလဲ"ဟု မေးကြည့်တော့ သူက ခပ်ရိုးရိုးပင်၊ "ပန်းပင်က အဖူးများ ထွက်ပြီလားလို့ ကြည့်တာ" တဲ့။

"ပန်းပင် ... ဟုတ်လား၊ ဘယ်မှာလဲ... ပန်းပင်" ဟု ကျွန်မ မသိသား ဆိုးရွားစွာ ခပ်ရိရိ မေးလျှင်တော့ သူက လိမ်ခြောက်ခြောက် အပင်ရှည်ကြီးကို မေးငေါ့ပြတတ်သည်။ အမွှေးအမျှင်များ ဆူးချွန်များ ပြည့်နေသော အခွံထူထူ၊ ဇောင်းရှရှ အချောင်းများဖြင့် ထိုအပင်ကို ပန်းပင်ဟု ကျွန်မ ဘယ်လိုမှ တွေးယူ၍ မရပါ။

"ကျွန်မတို့ မိဘတွေ နေဖူးတဲ့ အညာမှာတော့ တစောင်းဖူးကို ဟင်းချက် စားရတာပဲ၊ မှိုဟင်းလိုပဲ သိပ်စားကောင်းတယ်" ဟု ကျွန်မက အပြစ်ကင်းစင်သည့် မျက်နှာပေးမျိုးဖြင့် မသိမသာ တွယ်ထည့်လိုက်တော့ သူမချိသလို ပြုံးလေသည်။ ထို့နောက် "ပန်းပွင့်ဖို့ ကောင်းပြီ" ဟု သူ့ဟာသူ တစ်ယောက်တည်း ပြောသလို တိုးတိုး ရေရွတ်တတ်၏။ ထိုအပင်ကတော့ ဘာမှ မထူးခြားပါ။ ဘာပန်းမှလည်း မပွင့်။ ဘာတန်ဖိုးမှလည်း မပြ။ အခန်းထောင့်မှာ ထီးထီးကြီး တွန့်လိမ်နေတော့သည်။ ဘယ်လိုမှ ကျက်သရေ မရှိသော သစ်ပင်ကြီးဟု ကျွန်မ တွေးမိသည်။

"သစ်ပင်တွေကို မင်းမနာလို ဖြစ်နေတာလား" ဟု သူအတည်ပေါက် မေးဖူး၏။ ကျွန်မက နှုတ်ခမ်းမဲ့ပြီး အထက်စီးက ငြင်းခဲ့ဖူးပါသည်။ "သစ်ပင်တွေကို မင်းမချစ်ဘူးလား" ထိုစကားလုံးကိုတော့ ခါးသီးသော မျက်လုံးများဖြင့်သာ ကျွန်မ ဖြေခဲ့သည်။ ကျွန်မ အတွက်တော့ သိုးမွေးချည်တွေကို ချစ်မှ ပိုက်ဆံရတာ ဟု ပြောလိုက်ရ အကောင်းသားနှော။ သူကတော့ ကျွန်မမျက်လုံးထဲ စူးစိုက်ကြည့်ပြီး ပြုံး၏။ ထို့နောက် ရှည်လျားသော စကားများကို စိတ်လိုလက်ရ ပြောခဲ့လေသည်။

"သစ်ပင်တစ်ပင်ကို ချစ်တတ်ရင် လူတစ်ယောက်ကို ချစ်တတ်ဖို့ မခဲယဉ်းပါဘူး၊ အခုအရွယ်ကြီး ကျမှ အချစ်ဆိုတာ ဘာလဲလို့ မင်းကို ရှင်းပြရင် မင်းက ငါစိတ်ဖောက်ပြန်သွားပြီ ထင်ဦးမယ်။ တကယ်တော့ အချစ်ဆိုတာ ခံစားမှု စိတ်သက်သက် မဟုတ်ဘူး၊ အကဲခတ်တတ်မှု ပါတယ်၊ နားလည်မှု ပါတယ်၊ ပြုစုပျိုးထောင်မှု ပါတယ်။ ကိုယ်ဒီသစ်ပင်တွေကို အမျိုးအစား အများကြီး စိုက်လာခဲ့တာနဲ့အမျှ တစ်ခုချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်မှု၊ ဖြစ်ပှေါမှု အခြေအနေ အားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ်ဘာလုပ် ပေးရမယ်ဆိုတာ ကိုယ်သိလာတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆန္ဒဆိုတာ ကိုယ်မေ့ထားနိုင်ပြီး သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်း ပေးတတ်တဲ့လူ ဖြစ်လာတယ်။ ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လို အနေအထား ပြောင်းတတ်တယ်၊ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ်၊ ဘယ်သစ်ပင် အမြစ်က မိုးပေါက်ဒဏ်ကို ကြောက်တယ့် ဒါတွေကို ကိုယ်နားလည်လာတယ်။ သူတို့လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို ကိုယ်အကဲခတ်ပြီး ပြုပြင် လိုက်လျောပေးတယ်။ ဒီမြို့ ပေါ်ကပန်းခြံတွေထဲမှာ ကိုယ့်ဆီက အပင်တွေ ဘာကြောင့် ထူးထူးခြားခြား သန်စွမ်း လှပနေရသလဲ ဆိုတဲ့ အဖြေက အဲဒါပဲ။"

"သစ်ပင်တွေရဲ့ အရိပ်အကဲကို သိတဲ့ ကိုယ်ဟာ မင်းအရိပ်အကဲကို ဘာကြောင့် မသိရမှာလဲ၊ မင်းဘာလိုချင်တယ်၊ ဘာဖြစ်စေချင်တယ်ဆိုတာ ကိုယ်အားလုံး သိတယ်၊ အချစ်ဆိုတာ မင်းထင်သလို ခံစားမှု သက်သက် မဟုတ်ဘူး၊ အတတ်ပညာ တစ်ခုပဲ၊ သစ်ပင်စိုက်သလို ပြုစုပျိုးထောင်သလို ဘေးကနေ အရိပ်အကဲ ကြည့်ပြီး ပြုပြင် လိုက်လျောပေးရတဲ့ အတတ်ပညာ တစ်ခုပဲ၊ မင်းကတော့ ထင်မှာပေါ့၊ မင်းဘဝမှာ ကိုယ်မရှိရင် မဖြစ်ဘူးဆိုပြီး ခံစားနေရတယ်၊ အဲဒီ ခံစားချက်ဟာ မင်းရဲ့ အချစ်အတိုင်းအဆလို့ မင်းထင်တယ်၊ တကယ်တော့ အဲဒီလို မင်းဘဝမှာ ကိုယ်မရှိရင် မဖြစ်ပါဘူးဆိုတဲ့ မင်းအသက်ရှင် နေထိုင်ဖို့ ကိုယ်မင်းအတွက် ဘာတွေ လိုက်လျောခဲ့တယ် ဆိုတာ မင်းမတွေးမိဘူး မဟုတ်လား"

ကျွန်မ မျက်နှာမှ မဲ့ပြုံးကို သူမြင်သွားသောအခါ သူပင့်သက်တစ်ချက် ရှိုက်၍ စကား ရပ်ပစ်လိုက်၏။ ထို့နောက် နေရာမှ ထွက်သွားဟန် ပြင်သည်။ ကျွန်မ ဗြုန်းကနဲ သူ့လက်ကို ဖမ်းဆွဲထားလိုက် မိလေသည်။

"အို့ ပြောစမ်းပါဦး၊ ရှင်ကျွန်မကို ဘာတွေများ လိုက်လျောခဲ့ပါလိမ့်"

သူရုတ်တရက် မျက်နှာနီမြန်းသွားအောင် ဒေါသထွက်သွား၏။

"ကောင်းပြီ ... မင်းသိချင်ရင် ကိုယ်ပြောပြမယ်၊ ပထမဦးဆုံး အချက်အနေနဲ့ မင်းက ဟောဒီ ဇာတိမြို့ကလေးကို ချစ်တယ်၊ ကိုယ်က မြို့ကြီးကို သဘောကျတယ်။ ကိုယ်နဲ့အတူ လိုက်နေသမျှ မင်းရဲ့ နှစ်နှစ်ကာလဟာ ကိုယ်ဘယ်လို
ကြိုးစားဆွဲခေါ်ခေါ်မင်းအတွက် နေသားတကျ မဖြစ်ဘူး၊ မင်းရဲ့ အသုံးဝင်မှုဟာ ဘာလဲဆိုတာ မင်းကိုယ်မင်း မသိဘူး၊ မင်းကိုယ်မင်း အားမရဘူး၊ မင်းဘဝကို မကျေနပ်ဘူး၊ ကိုယ့်အသိုင်းအဝိုင်းမှာ မင်းမပျှောဘူး၊ မင်းရဲ့ ညှိုးနွမ်းမှုကို ကိုယ်ကြာရှည် မြင်ရက်ပါ့မလား၊ မင်းနဲ့ အသင့်တော်ဆုံး နေရာကို ကိုယ်သိအောင် ကြိုးစားပြီး ကိုယ်ဒီမှာနေဖို့ ဆုံးဖြတ်လိုက်ရ တော့တာပေါ့။ ဒီမြို့ ရောက်တဲ့အခါ မင်းဟာ မင်းကိုယ်တိုင်ရဲ့ အရေးပါမှုကို ခံစားဖူးလာတယ်၊ ကျေနပ် တက်ကြွလာတယ်၊ မင်းရဲ့လက်တွေက သိုးမွေးချည်တွေကို ကိုင်တွယ်တဲ့ နေရာမှာ အကျွမ်းကျင်ဆုံး၊ မင်းမျက်လုံးက ဒီဇိုင်းပုံဆန်းတွေ အကွက်ဖေါ်တဲ့ နေရာမှာ အတောက်ပဆုံး၊ ဒါတွေကို ကိုယ်မသိဘဲနဲ့ ကိုယ့်အလုပ် ကိုယ့်ဆန္ဒကို ပစ်ပယ်ပြီး ဒီလို ချောင်ကျကျ နေရာမှာ လာနေပါ့မလား"

သူ့စကားများကို ကျွန်မ ယုံရမှာလား၊ မယုံရဘူးလား ဝေခွဲမရပါ။

"ကိုယ် ဒီမြို့ကလေးမှာ ကျောင်းဆရာ ဝင်လုပ်တာ ကိုယ့်အတွက်လို့ မင်းထင်နေသလား၊ မင်းက ကိုယ့်ကို မင်းနဲ့ အနီးဆုံး နေရာမှာ နေစေချင်တယ်၊ လောကအပှေါ၊ ပတ်ဝန်းကျင်အပှေါ ကိုယ်ဘယ်လို အသုံးကျလည်း မင်းမတွေးဘူး၊ မင်းအတွက် အသုံးကျဖို့ပဲ မင်းစဉ်းစားတယ်၊ အိုးမကွာ အိမ်မကွာ နေရတဲ့ အလုပ်မျိုး ကိုယ်လုပ်မှ မင်းစိတ်ချမ်းသာတယ်၊ မင်းက ကိုယ်ခရီး ထွက်မှာကို သေမလောက် ကြောက်တယ်၊ ခရီးက ပြန်လာရင် ဘယ်အရေးကြီးတဲ့ ကိစ္စကိုမှ မလုပ်ဘဲ မင်းဆီကို ချက်ချင်း အရောက်လာစေချင်တယ်၊ ခရီးက ပြန်လာတဲ့အခါ အသေးအဖွဲ ပစ္စည်းလေးပဲဖြစ်ဖြစ် ဖြစ်ဖြစ် ကိုယ့်အမှတ်တရ လက်ဆောင်အဖြစ် မင်းမက်မောတယ်၊ မင်းဘာကို သဘောကျတယ်ဆိုတာ ကိုယ်အမြဲ လေ့လာပြီး မင်းသဘောကျအောင် ကြိုးစား နေထိုင်ခဲ့တယ်၊ ဥပမာကွာ- လူရှေ့သူရှေ့ ထမင်းစားတဲ့အခါ မင်းပန်းကန်ထဲကို ကိုယ်ဟင်းထည့်ပေးတဲ့ ကိုယ့်အပြုအမူကို မင်းမက်မောတယ်၊ ကိုယ့်ပန်းကန်ထဲကို ဟင်းထည့်မပေးဘဲ မာနကြီးနေတဲ့ မင်းအပြုအမူကို မင်းမက်မောတယ်၊ ဘတ်စ်ကားနဲ့ ဖြစ်ဖြစ် ရထားနဲ့ ဖြစ်ဖြစ် ခရီးရှည် သွားရတဲ့အခါ မင်းအနားမှာ ကိုယ်ထိုင်နေတာနဲ့တင် မင်းကျေနပ်တယ်၊ တတွတ်တွတ် စကားများတာကို မင်းမကြိုက်ဘူး၊ ပူးပူးကပ်ကပ် ယုယတာမျိုးကို မင်းမကြိုက်ဘူး၊ ဒီလင်မယား နှစ်ယောက်က အေးတိအေးစက် နိုင်လိုက်တာ ဆိုတဲ့ ဘေးက ထင်မြင်ချက်မျိုးကို မင်းမက်မောတယ်၊ လမ်းခရီးမှာ တွေ့ရတဲ့ မြင်ကွင်းတွေအကြောင်း တစ်ယောက်တည်း တွေးနေရတာကို စကားပြောရတာထက် ပိုကြိုက်တယ်၊ ဘေးခရီးသွားဖေါ်တွေနဲ့ကိုယ်စကား လက်ဆုံ ကျတာကို မင်းမကြိုက်ဘူး။ မင်းမကြိုက်လိုက်တာ ဆိုတဲ့ အပြုအမူမျိုး ကိုယ့်ဆီမှာ ဘယ်နှစ်ခါ တွေ့ဖူးလို့လဲ"

ကျွန်မ မပြုံးဘဲ မနေနိုင်တော့ပါ။

"မိဘ ဆွေမျိုး အသိုင်းအဝိုင်းကြားမှာ ပြဿနာ ဖြစ်တဲ့အခါ၊ မင်းစိတ်ညစ် ရတဲ့အခါ မင်းက မာနကြီး တစ်ခွဲသားနဲ့ ပြောပြ တိုင်ပင်ဖို့ ဝန်လေးတတ်ပေမယ့် ကိုယ်က မင်းအရိပ်အကဲကို သိတယ်။ မင်းရဲ့ ဒေါသတွေ ကိုယ့်ဆီ လမ်းလွှဲလာအောင် ကိုယ်က မျှယူပေးရတယ်။ မင်းကို ဆရာလုပ်တာ မင်းမကြိုက်ဘူး၊ အထက်စီး လေသံနဲ့ ကိုယ်အကြံပေးမိရင် အဲဒီအကြံပေးချက်ကို မင်းကပြောင်းပြန်ဖြစ်အောင် လုပ်ပစ်တတ်တယ်။ မှားသွားတော့မှ ကိုယ်မသိအောင် ကျိတ်ခံတယ်၊ ဒါတွေကို ကိုယ်မသိဘဲ နေပါ့မလား၊ မင်းပြဿနာကို ကိုယ်ဖြေရှင်းပေးတဲ့ အခါတိုင်း ကိုယ်ဖြေရှင်းပေးတယ်လို့ မထင်ရအောင်၊ မင်းရဲ့ ကိုယ်ပိုင် စိတ်ကူးတွေလို့ ထင်အောင် ကိုယ်ဆွဲခှေါ သွားခဲ့တယ်၊ မင်းရဲ့ ဝမ်းနည်းမှု၊ နာကျည်းမှုတွေဟာ ဘယ်တော့မှ အချိန်မကြာ ခဲ့ရပါဘူး၊ မင်းဘဝမှာ အားလုံး ကျေနပ် နှစ်သိမ့်အောင် ကိုယ်ကြိုးစား ခဲ့ရတာ ချည်းပါပဲ "

ထူးဆန်းသော စကားများကို သူတောက်လျှောက် ပြောသွားပြီး သူ့သစ်ပင်ကို ရေလောင်းဖို့ ပြင်ဆင်သောအခါ စကားဆက် ပြတ်သွားတော့သည်။ ထိုအကြောင်းများကို နောက်ထပ်လည်း စကားမစပ်မိ ကြတော့ပါ။ ကျွန်မ မနှစ်သက်သော ဤသစ်ပင်ကို ဤအခန်းထဲ ကာလ ကြာရှည်စွာ ထားနေသေးတော့ သူ့အပြုအမူနှင့် သူပြောသွားသော စကားများကို ဖြစ်နိုင် မဖြစ်နိုင် ချိန်ဆရင်း ကာလများစွာ ကုန်ခဲ့ရပြန်သည်။

ကျွန်မတို့ အခန်းထဲသို့ ထိုအပင်ရောက်လာပြီး သုံးနှစ်ကျော်သော အခါမှာတော့ ကျွန်မ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည်။ သည်လောက်ဆို တော်လောက်ပြီလေဟု ဆုံးဖြတ်ကာ ကျွန်မ အခန်းပြောင်း လိုက်ပါတော့သည်။ သည်တော့လည်း သူက မတုန်မလှုပ် ဆေးလိပ်သောက်ရင်း ကျန်နေခဲ့လေသည်။

သည်တစ်ခါ ကျွန်မ အခန်းထဲသို့ နောက်ထပ် အပင်တစ်ပင် ယူလာလျှင်တော့ သူနှင့်ကျွန်မ အပြတ်ပဲဟု စိတ်ကူးဖြင့် ကြိုတင် ကြိမ်းဝါးရင်း ဒေါသ ထွက်နေခဲ့သော်လည်းသူ ဘာပင်မှ သယ်မလာတော့ပါ။ သူ့အပင်ကို မမြင်ရတာ ကြာတော့လည်း ကျွန်မ ဒေါသတွေပြေကာ မေ့စ ပြုလာသည်။ တစ်ခါတစ်ရံ ထမင်းဝိုင်းမှာ သစ်ပင်တွေအကြောင်း သူပြောပြ နေလျှင်တော့ ကျွန်မ ရုတ်တရက် သတိရသွားကာ သူ့အခန်းထဲက တစောင်းပင်ကြီး အခြေအနေကို လူမမာမေးသလို မေးမိသည်။ သူ့ထံမှ မထူးခြားသော အဖြေကိုသာ တသမတ်တည်း ရ၏။

သည်လိုနှင့် ဤအပင်ရောက်ပြီး ငါးနှစ်လောက်ကြာသော နေ့တစ်နေ့တွင် သူရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။


+++++

သူကွယ်လွန်မည့် နေ့က ညဉ့်အတှော နက်သည်အထိ ခြံထဲမှာ သူရှိနေသည်။ ထိုညက လသာ၏။ ပင်လယ်ကဗွီး ပင်ကြီးအောက်တွင် ပက်လက် ကုလားထိုင်ပေါ်၌ ထိုင်ရင်း သူအိပ်ပျှော သွားခဲ့သည်။ ကျွန်မ အိပ်ယာ ဝင်သည်အထိ သူခြံထဲက တက်မလာသေးပါ။ ပထမတော့ သူ့ကို ခှေါဖို့ သွားလျှင် သူတစ်မျိုး တစ်မည် ထင်မည်စိုး၍ ပေကတ်အိပ်ဖို့ ကြိုးစားသေး၏။ နောက်တော့ နှင်းတောထဲတွင် သူ့ကို စိတ်ချလက်ချ ထားပြီး မအိပ်နိုင်တော့သဖြင့် သွားခေါ်ရသည်။ ကျွန်မနှိုးတော့ သူ့လက်ဖျားများ အေးစက်လျက် ရှိသည်။ သူက လွယ်လွယ်ကူကူပင် ထလိုက်လာ၏။ ကျေးဇူးပဲ ဟုပင် ပြောခဲ့ပါသေးသည်။ နောက်တစ်နေ့ သူအခန်းထဲမှ ထွက်မလာ၍ ဝင်ကြည့်တော့ သူအိပ်ယာပေါ်မှာ မလှုပ်ရှား နိုင်တော့ဘဲ ဝူးဝူးဝါးဝါး ဖြစ်နေသည်။ ကျွန်မ ထိတ်လန့် ငိုကြွေးကာ ဆရာဝန် ပင့်တော့ ဆရာဝန်က မရနိုင်တော့ဟု အသိပေးသည်။

ဦးနှောက်သွေးကြော ပြတ်ပြီတဲ့။ ထိုည သန်းခေါင် အချိန်တွင် သူကွယ်လွန် ခဲ့ပါသည်။ တကယ်တမ်း သူကွယ်လွန်သည့် အခါမှာတော့ ကျွန်မ သူ့အပင်များကို ဓားနှင့် မခုတ် ဖြစ်တော့ပါ။ အပင် တစ်ပင်တိုင်းသည် သူ့လက်နှင့် ထိတွေ့ ပြုစုထားလို့လား မသိ၊ ကျွန်မနှင့် အလွန်ရင်းနှီး နေသလို ခံစားရပါသည်။ အပင်တိုင်းကို ကျွန်မ ကိုင်တွယ် ချဉ်းကပ် လေသမျှ သူ့အရိပ်အငွေ့များ ထင်ဟပ်ကာ နွေးထွေးနေတော့သည်။

ကျွန်မ သစ်ပင် မုန်းတီးကြောင်း သူပြောပြ ထားခဲ့လေသလား မသိ။ သူ့မိတ်ဆွေ တချို့က ကျွန်မထံ ဟိုအပင်လာတောင်း ဒီအပင်လာတောင်း လုပ်သေး၏။ ကျွန်မ ဘယ်သူကိုမျှ ဘာအပင်မျှ မပေးခဲ့ပါ။ သူ့ဘဝ၏ တစ်ဝက် တစ်ပိုင်းသည် ကျွန်မဖြစ်၍ ကျန်တစ်ပိုင်းသည် သစ်ပင်များ ဖြစ်သည်။ သားသမီးသဖွယ် သူသဘော ထားခဲ့သော သစ်ပင်များကို ကျွန်မ မစွန့်ပစ်ရက်ပါ။ ကျွန်မသည် သူ့အပှေါ ချစ်မြတ်နိုး တမ်းတစိတ်ဖြင့် ဥယျာဉ်ထဲမှ အပင်များကို လိုက်လံငေးမော ရေတွက်ရင်း မျက်ရည် ကျခဲ့ရသော ရက်များလည်း မနည်းလှပါ။ သူမရှိသောအခါ အပင်များသည် တဖြည်းဖြည်း ညှိုးငယ်လာသည်။ အပင်များကို နေ့စဉ် ကြည့်ရှုနေရင်းက သူတို့ တစ်ယောက်ယောက်ကို လိုအပ်နေပြီဟု ကျွန်မ နားလည်လာသည်။ ခက်တာက မည်သည့်အပင်ကို မည်သည့် ပိုးသတ်ဆေး ဖျန်းပေးရမည်နည်း၊ မည်သည့် အကိုင်းအခက်ကို မည်သည့်အချိန်တွင် ဖြတ်တောက်ပေး ရမည်နည်း၊ ကျွန်မ ဘာမှ မသိပါ။ မာလီတစ်ယောက်လောက် ငှားပေးရမည်လား။ သို့သှော သူ့လက်ဖြင့် ကိုင်တွယ် ပျိုးယူခဲ့သော အပင်များကို ကျွန်မလက်ဖြင့်သာ ထိတွေ့ပြုစုလိုပါသည်။ နောက်တော့ သူ့နေရာကို ကျွန်မဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

ကံကောင်း ထောက်မစွာပင် အမျှော်အမြင်ကြီးလှသော သူက အပင်တိုင်းတွင် နာမည် ကတ်ပြားများ ချိတ်ဆွဲ ထားခဲ့လေသည်။ ကျွန်မက ထိုကတ်ပြားမှ နာမည်ကို ဖတ်ကာ သူ့စာအုပ်စင်မှရုက္ခဗေဒ စာအုပ်များ၊ ဥယျာဉ် စိုက်ပျိုးနည်း စာအုပ်များဖြင့် တိုက်၍ လေ့လာ ဖတ်ရှုရသည်။ ရုက္ခဗေဒ နာမည်များသည် ကျွန်မ ခေါင်းကိုက် ရလောက်အောင် ရှည်လျား ရှုပ်ထွေးလှ၏။ အပင်တစ်ပင်၏ နာမည်ကို စာအုပ်ထဲတွင် တွေ့ရပြီး ပြုစုနည်းကို ဖတ်ရှု သိရှိ ရသောအခါ ကျွန်မ စိတ်ကြည်နူး ချမ်းမြေ့ရသည်။ တချို့ပန်းပင်ကို သူက သံစည်ပိုင်းဖြင့် စိုက်ပျိုးပြီး တချို့ပန်းပင်ကို မြေကြီးတွင်ချ၍ စိုက်ပျိုးခဲ့သည်။

တချို့ပန်းပင်ကို မြေပန်းအိုးဖြင့် စိုက်ပျိုးပြီး တချို့ကို သစ်ပင်ကြီးများတွင် ကပ်၍လည်းကောင်း၊ သစ်ချောင်းခွက်လေးများ ပြုလုပ်၍ ကြိုးဖြင့် ချိတ်ဆွဲ၍လည်းကောင်း စိုက်ခဲ့သည်။ လိုအပ်သော အပူချိန်၊ အစိုဓါတ်၊ အမြစ်၏ ရေထိန်းသိမ်းနိုင်စွမ်းအား စသည်တို့ကို ယခုတော့ ကျွန်မနားလည် ခဲ့ပါပြီ။ အပင်တွင် တွယ်ကပ်နေသော ပိုးဥများ၊ ပျားဥများကို ကျွန်မရှာဖွေ ဖယ်ရှားတတ်ပြီ။ ဒီတီတီ ပိုးသတ်ဆေး လိုသော အပင်နှင့် ဆာလဖာမှုန့် လိုသော အပင်ကို ခွဲခြားတတ်ပြီ။ ရေဝပ်ရမည့်အပင်၊ ရေစီးကြောင်း ဖွင့်ပေးဖို့ လိုအပ်သည့်အပင် ခွဲခြားတတ်ပြီ။ အရိပ်ကြောက်သော အပင်နှင့် အရိပ်ခံနိုင်ရည် ရှိသော အပင်ကိုလည်း ခွဲခြားတတ်ပြီ။

တကယ်တော့ သစ်ပင်များသည် စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူသည် ကျောင်းမှာ ကျောင်းသူကျောင်းသား များကို ပြုပြင် ထိန်းသိမ်းပြီး အိမ်မှာ အပင်များကို ထိန်းသိမ်းသူ ဖြစ်သည်။ သူ့သစ်ပင်များကို သူမြတ်နိုး သလိုပင် ကျွန်မ တွယ်တာ နေမိပြီ ဖြစ်ကြောင်း သူသိစေချင် လှသည်။ ကျွန်မက သူ့ထက်သာသည့် အချက်မှာ မိန်းမပီပီ အနေအထား အလှအပ ခန့်မှန်းတတ်ပြီး လှပစွာနှင့် မှန်ကန်စွာ နေရာချထား ပေးတတ်ခြင်းပင် ဖြစ်သည်။ သစ်ပင်များကို ပြုပြင် ထိန်းသိမ်းရင်း သူ့ကို မေ့အောင် ကြိုးစားနေခိုက် တစ်ညမှာတော့ ကျွန်မသူ့ကို အိပ်မက် မက်ပါသည်။

နိုးလာသော အချိန်ကျမှသာ အိပ်မက်ဟု သိလိုက်ရသော်လည်း တကယ်ဖြစ်နေသလို ကျွန်မ ခံစားနေခဲ့ရတာ ကျွန်မ မှတ်မိသည်။ အိပ်မက်ထဲမှာ သူ့အဝတ်အစားတွေက ကပိုကရို။ ဟိုတုန်းကလိုပဲ သူ့အခန်းထဲက ကုတင်ပေါ်မှာ သူငုတ်တုတ်ထိုင်၍ ဆေးလိပ် သောက်နေသည်။ ကျွန်မက သူ့ဆေးလိပ်ကို ဆွဲယူ လွှင့်ပစ်ရန် ကြိုးစားတော့ သူက ခေါင်းမာစွာ ပြုံးသည်။ ကျွန်မက အပြင်မှာလိုပင် ဒေါသကြီးလျက်နှင့် သူ့ကို အခန်းထဲက နှင်ထုတ်သည်တဲ့။ သည်တော့ သူက အထက်စီး အပြုံးဖြင့် ခေါင်းခါယမ်းသည်။

"ဘာဆိုင်လို့လဲ၊ ဒါကိုယ့်အခန်းလေ၊ ဆေးလိပ်နံ့ မခံနိုင်ရင် မင်းအခန်းထဲ မင်းသွားနေပေါ့" တဲ့။

ထိုည သန်းခေါင်ကျော်အချိန် ကျွန်မ ဗြုန်းကနဲ လန့်နိုးလာတော့ သူ့ဆေးလိပ်နံ့ကိုပင် ရသလို ခံစားရသည်။ တစ်ယောက်တည်း အထီးကျန် ရက်များစွာ ကုန်လွန်အောင် ကျွန်မ၏ အခန်းထဲမှာ တိတ်ဆိတ်ခက်ခဲစွာ ရင်ဆိုင် ဖြတ်ကျှော ခဲ့ရသည်ကို တွေးမိတော့ ရင်ထဲ တင်းကျပ် ဆို့နင့်ကာ ချက်ချင်း ငိုချ ပစ်လိုက်ချင်၏။ တိတ်ဆိတ် ကြေကွဲဖွယ်ညတွင် ငြိမ်သက်စွာ ငေးမော ဝမ်းနည်းရင်းက ခေါင်းရင်းအခန်းထဲသို့ ကျွန်မ မဝင်ဖြစ်တာ ကြာပြီပဲဟု သတိရမိသည်။ ထိုအခန်းထဲသို့ ယခုနေ ကျွန်မ ဝင်သွားလျှင် အိပ်မက်ထဲကလိုပင် ကုတင်ပေါ်မှာ ထိုင်နေသော သူ့ကို မြင်ရမလားဟု မရေမရာ စိတ်ကူး ဆန်းပြားလျက် သွားလည်း သွားချင်၊ မသွားလည်း မသွားရဲဘဲ ဖြစ်နေသည်။ ကျွန်မသည် ငြိမ်သက်စွာ လှဲလျောင်းရင်းက တဒိတ်ဒိတ် ရင်ခုန် လှုပ်ရှားလာကာ လက်ဖျားတွေ အေးစက် တုန်ခိုက်လာ၏။

ကျွန်မ ကြောက်နေတာလား။ မဖြစ်နိုင်ပါ။ ကျွန်မသည် သူ့ကို ချစ်မြတ်နိုးစွာ လွမ်းဆွတ်နေဆဲ ဖြစ်သောကြောင့် သူနှင့် ဗြုန်းကနဲ ရင်ဆိုင်တွေ့ဖို့ အကြိမ်များစွာ မျှောလင့် ရူးသွပ်ခဲ့ဖူးပါသည်။ ထိုညက ပြန်လည် အိပ်ပျော်အောင် ကြိုးစားရင်း တဖြည်းဖြည်း မျက်စိကြောင်လာကာ နာရီသံကို နားစွင့်လျက် မြန်မြန် မိုးလင်းပါစေဟု ဆုတောင်းနေရသည်။ ကျွန်မ ဆုတောင်း မပြည့်ပါ။ အချိန်သည် ကုန်ခဲလှသည်။ နောက်ဆုံး ဘယ်လိုမှ သည်းမခံ နိုင်သောအခါ ကျွန်မ ဝုန်းကနဲ ထထိုင်လိုက်မိသည်။ သူ့အခန်းမှာ ဖုန်တွေ ထုတက်လို့ ရှိမှာပဲ။ အလွန်အသန့်အရှင်း ကြိုက်တဲ့သူဟာ သူ့အခန်းကို ဒီလို တံခါးပိတ်ပြီး ပစ်စလက်ခတ် ထားတာ တွေ့ရင် ဘယ်လောက်များ ဒေါသကြီးလိုက်မလဲ။ ကျွန်မ သူ့အခန်းသို့ အားတင်း၍ ဝင်ရောက်သွားပါသည်။

တံခါး ဖွင့်လျှင် ဖွင့်ချင်း ကျွန်မ သတိထားမိသည်မှာ ထူးဆန်းသော အနံ့တစ်မျိုး ဖြစ်သည်။ အိပ်မက်ထဲကလို ဆေးလိပ်နံ့ မရပါ။ ရေမွှေးနံ့လိုလို၊ ပန်းနံ့လိုလို သင်းမွှေးသော ရနံ့ဖြစ်သည်။ ကျွန်မ စိတ်ထင်တာများလားဟု ကြောက်လန့်တကြား ရှူရှိုက်ကြည့်တော့ တကယ့်ကို ပြေပြစ်သော မွှေးရနံ့ ဖြစ်သည်။ ကျွန်မ ရင်တဒိတ်ဒိတ် ခုန်ရင်းက မီးခလုတ်ကို စမ်းကာ ဆွဲချ ဖွင့်လိုက်သည်။ လင်းထိန်သွားသော မီးရောင်အောက်တွင် သူ့ကုတင်သည် ဘာပစ္စည်းမှမရှိဘဲ အထီးကျန်စွာ ရှင်းလင်း နေလေသည်။

သူနှင့်တူသော အရိပ်အယောင်လေးမျှ မရှိ၊ ထူးခြား ဆန်းကြယ်သော အရာဟူ၍လည်း မရှိ။ မြင်နေကျ အရာများဖြင့် ခြောက်သွေ့ တိတ်ဆိတ်သော အခန်းသည် ကြေကွဲဖွယ်ရာ ညှိုးငယ်နေသည်။ ထူးခြားတာ တစ်ခုကတော့ မွှေးရနံ့ပဲ ဖြစ်ပါသည်။ ကျွန်မသည် အသက်ကင်းမဲ့နေသော အခန်းကို ငေးမော နေရာမှ ပင့်သက် တစ်ချက် ရှိုက်ကာ ပြန်လှည့်ထွက်ဖို့ ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပင် ကျွန်မ၏ မျက်စိထောင့်တွင် တစ်စုံတစ်ခု လှုပ်ရှားသွားသလို ရိပ်ခနဲ မြင်လိုက်ရ၏။ နှလုံးခုန် ခဏ ရပ်သွားသည်။ အသက်ရှူဖို့ပင် မေ့လျော့သွားကာ အားတင်း၍ လှမ်းကြည့်လိုက်ပါသည်။ ထိုအရာကို ခေါင်းရင်း ထောင့်ဆီမှာ မြင်လိုက်ရသည်။ ရှည်မျောသော ထိုအရာသည် ကျွန်မကို ချောက်ခြား ရလောက်အောင်ပင် လေဖြင့် လှုပ်ရှားခဲ့ဟန် တူပါသည်။

သူ့ကို ကျွန်မ မေ့နေခဲ့သည်မှာ မည်မျှ ကြာပြီနည်း။

အရုပ်ဆိုးလှသော အပင်ကြီးသည် လက်တံများ ဖြာထွက်လျက် အုတ်နံရံတွင် မျက်နှာကျက် ထိလုနီးပါး တွယ်တက် တွန့်လိမ်နေသည်။ တဒိုင်းဒိုင်း ခုန်သွားသော နှလုံးရှိရာသို့ ငြိမ်သက်အောင် လက်ဖြင့်ဖိလျက် ထိုအပင်ကြီးကို ထိတ်လန့်စွာ ကြည့်မိသောအခါ ကျွန်မသည် ထူးခြားမှုကို မြင်ရသည်။ အမွှေးအမျှင်များ၊ ဆူးချွန်များဖြင့် စိမ်းမှောင်နေသော လက်တံကိုင်းများအကြားတွင် ရှည်မျောမျော အဖြူရောင် အရာတစ်ခု တွဲလောင်းကျနေ၏။ ကျွန်မ ခြေလှမ်း တစ်လှမ်းချင်း တွန့်ဆုတ်စွာ လှမ်း၍ တိုးကပ်သွားမိသည်။ အပင်နှင့် နီးလာလေလေ မွှေးရနံ့က ပို၍ သင်းပျံ့လာလေလေ ဖြစ်သည်။ လက်တစ်ကမ်း အကွာမှာ ကျွန်မသည် သတိဖြင့် ရပ်တန့်လိုက်၏။ မြင်ရသော အရာကို မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေ ခဲ့မိလေသည်။

နောက်ဆုံးတော့ ရှားစောင်းပင်ကြီးမှာ ပန်းပွင့် ပွင့်လာခဲ့ပြီ။

ပန်းပွင့်သည် ဖြူဖွေးကာ ရှည်လျားလှ၏။ လက်တစ်ထွာကျော်လောက် ရှိသည်။ ကျွန်မသည် ပန်းပွင့်ကို မဝံ့မရဲ လက်ဖျားဖြင့် တို့ထိ ကြည့်မိ၏။ နူးညံ့သော ပွင့်ဖတ်၏ အတွေ့သည် အေးစက်နေသည်။ ထို့နောက် ပင်စည်လား အရွက်လား ကျွန်မ မခွဲခြားတတ်သော အမွှေးဖုံးလွှမ်းသည့် အစိမ်းရောင် လက်တံများကို တဖြည်းဖြည်းချင်း တို့ထိ ကြည့်မိသည်။ အပင်ကြီးသည် ရေလောင်းမည့်သူနှင့် ကင်းဝေးနေပြီး ပင့်ကူမျှင်များ တိုးလို့တွဲလောင်း ငြိတွယ် အိမ်ဖွဲ့လျက် ရှိသည်။ ကြည့်နေရင်းမှာပင် ကျွန်မ၏ စိတ်ကို ဆုံးဖြတ်ချက် ချလိုက်ပြီး ဖြစ်သွား၏။ မနက်ဖြန်မှစပြီး ကျွန်မ ဤအခန်းထဲသို့ ပြောင်းရွှေ့တော့မည်။

နောက်တစ်နေ့ နံနက် ကျွန်မ အခန်းထဲသို့ ဝင်ရောက်သွားသောအခါ ထူးဆန်းမှုတစ်ခု တွေ့ရပြန်၏။ ညတုန်းက လန်းဆန်းစွာ ပွင့်ခဲ့သော ပန်းပွင့်ဖြူကြီးသည် ငုံပိတ်လျက် ရှိလေသည်။ ပထမတော့ ကျွန်မ ထိတ်လန့် တုန်လှုပ်သွား၏။ နောက်ပိုင်းတော့ စာအုပ်များမှတဆင့် အဖြစ်အပျက်မှန်ကို နားလည်လာပါသည်။

ပန်းအိုးပေါ်မှနာမည်အရ ဤအပင်သည် ရှားစောင်းဘုရင်မဟုခေါ်သော သစ်ပင်ဖြစ်သည်။ ရုက္ခဗေဒ နာမည်မှာ စီရီရပ်စ် ဂရမ်ဒီဖလိုးရပ်စ် ( Cereus Grandiflorus ) ဖြစ်သည်။ နွယ်တတ်သော သဘော ရှိသည်။ ရနံ့သင်းသော အဖြူရောင် ပန်းပွင့် ပွင့်သည်။ သို့သှော ပန်းပွင့်မှာ ညအချိန်ရောက်မှ ပွင့်သည်။ ရေများလွန်းခြင်းသည် အမြစ်ကို ပုပ်စေတတ်သည်။ ရေစီးကြောင်း ကောင်းသော အိုးတွင် စိုက်ပျိုးရမည်။

ထိုနေ့မှစ၍ ကျွန်မ ဤအခန်းကို ရှင်းလင်းကာ သူ့အပင်ကို စနစ်တကျ ပြုစု စောင့်ရှောက် ခဲ့ပါသည်။ ညတွင် ထိုးပန်းအနံ့က နှစ်သက် မိန်းမူးဖွယ် ကောင်းလှသည်။ ကျွန်မသည် တစ်ခါတစ်ရံ အခန်းမီး ပိတ်လျက် ပြူတင်းပေါက် ဖွင့်ကာ လရောင်အောက်က ထိုအပင်ကို တိတ်ဆိတ်စွာ ငေးမော နေတတ်ပါသည်။ တွန့်လိမ် ကြမ်းတမ်းသော ထိုအပင်ကြီးမှ လှပ မွှေးပျံ့သော ပန်းပွင့်ဖြူ တစ်ပွင့် ပွင့်လာသည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။ တစ်ခါတစ်ရံ လေပြင်း တိုက်ခတ်မှုကြောင့် ထိုအပင်၏ အကိုင်းအခက် အလက်များ အနည်းငယ် လှုပ်ရှားသွားလျှင် ခပ်တိုးတိုး ရယ်မောသံကို ကြားလိုက်ရသလို ရှိသည်။ အသားများပြီး အရည်ရွှမ်းသော ထိုအချောင်းများ ထဲတွင် ရေတွေ ရှိနေဟန် ထင်ရသည်။ ပင်စည်ထဲက နူးညံ့ညင်သာသော ရေသံသည် သူရယ်မော လိုက်သော အသံလိုပင် ချိုမြ၏။ ထိုအသံမှာ နားထောင် ကောင်းသောကြောင့် တစ်ခါတစ်ရံ လေမတိုက်သည့် ညများတွင် ကျွန်မလက်ဖြင့် အသာအယာ လှုပ်ရှားပေးပြီး နားထောင်လေ့ ရှိပါသည်။

တဖြည်းဖြည်း ကျွန်မနှင့် ထိုအပင် ရင်းနှီးလာသည်။ သူသည် တစ်ခါ ပန်းပွင့်လျှင် ရက်အကြာကြီး ခံသည်။ နံနက်မိုးလင်း၍ အိပ်ယာမှ နိုးချိန်တွင် ပန်းပွင့်သည် ငုံသွားတတ်ပြီး ညအိပ်ယာ ဝင်ချိန်တွင် ပြန်ပွင့်လာပြန်သည်။ ထိုအချိန်မှာတော့ အခန်းထဲတွင် လေထုသည် မွှေးပျံ့လန်းဆန်း နေလေသည်။ ပန်းရနံ့၏ ထုံယစ်မှု အောက်တွင် ကျွန်မသည် ပူပင် သောကများ ကင်းစင်ကာ တဖြည်းဖြည်း အိပ်ပျှော သွားတော့သည်။ သူ့မွှေးရနံ့ဖြင့် အိပ်ပျော်ရင်း မက်ရသော အိပ်မက်များသည် အမြဲလှပ နေတတ်သည်။

ဤအပင်သည် ပတ်ဝန်းကျင် အပူကို စုပ်ယူပေး၏။ အခန်းအပူချိန် မြင့်တက်လာပြီး ထိုင်းမှိုင်း လာချိန်တွင် သူက တွန့်လိမ်ရင်း ထောင်မတ်လျက် ရှိသည်။ အခြားအခန်း၏ အပူချိန်ထက် ဤအခန်း၏ အပူချိန်က ပို၍လျော့နည်း သွားသည်ဟု ကျွန်မ ထင်ပါသည်။ ပြင်ပ အပူချိန်ကို သူအားလုံး စုပ်ယူ လိုက်သလိုပင် ဖြစ်သည်။ တကယ်တော့ သူသည် အပူချိန်ကို သာမက အခြားအရာများကိုလည်း စုပ်ယူနိုင်ကြောင်း တဖြည်းဖြည်း ကျွန်မ သိလာပါသည်။

ပတ်ဝန်းကျင်ကြောင့် ထိခိုက်ရှနာမှုများကို ခံစားရင်း အဆင်မပြေမှုများဖြင့် အထီးကျန်စွာ ရင်ဆိုင်နေရသော ကျွန်မသည် တစ်ခါတစ်ခါ ခင်ပွန်းဖြစ်သူအား အားကိုးတိုင်တည် လိုစိတ်ဖြင့် တမ်းတမိသည်။ ထိုသို့ တမ်းတမိတိုင်း ရှားစောင်းပင်ကြီး ရှေ့မှာ မတ်တပ်ရပ်ကာ တွန့်လိန်ကြမ်းရှသော လက်တံစိမ်းများကို ထိတို့ လှုပ်ရှားပေးရင်း ကြေကွဲစွာ ငေးမောမိသည်။ ပင်စည် အတွင်းမှ သူ့ရယ်သံနှင့် ဆင်ဆင်တူသော ခပ်တိုးတိုးဖွဖွ အသံများကို အာရုံစူးစိုက် နားထောင်နေမိသည်။

ဘာပဲဖြစ်ဖြစ် ထိုခဏမှာ ကျွန်မ၏ စိတ်အားငယ်မှုများ ပြေပျောက် သွားရ တတ်လေသည်။ နာကျည်း ဒေါသများ၊ ဝမ်းနည်း တုန်လှုပ်မှုများလည်း တိုးတိတ်သည့် အသံအောက်မှာ လွင့်စင် ကွယ်ပျောက် ခဲ့ရတတ်ပါသည်။

တစ်ခါတစ်ခါတော့ သူ့သစ်ပင်များကို ပြုစုစောင့်ရှောက်ရင်း သူ့အကြောင်းကို မကြာခဏ စဉ်းစားမိပါသည်။ သူ့ဘဝတွင် သူအလိုချင်ဆုံးက ဘာလဲ၊ သူအဖြစ်ချင်ဆုံး ဘဝက ဘာလဲ၊ သူအတောင့်တဆုံး ဆန္ဒက ဘာလဲ၊ ကျွန်မကို သူဘယ်လို ဖြစ်စေချင် ခဲ့သလဲ၊ ကျွန်မ ပြောစေချင်သော စကားများက ဘာလဲ၊ လောကအလယ်တွင် ကျွန်မကို ရပ်တည်စေချင်သော ပုံစံက ဘာလဲ။ သူ့အကြောင်းကို စဉ်းစား ကြည့်ရသည်မှာ အဖြေမထွက်သော ပုစ္ဆြွာတခုကိုထပ်တလဲလဲ တွက်နေရလို တဝဲလည်လည် ရှိလှသည်။ ယခုတော့ သူ့ဆန္ဒကိုကျွန်မ အကဲခတ် သိနိုင်ဖို့ လုံးဝ နောက်ကျသွားခဲ့ပြီ။


ဂျူး

(ချစ်ခြင်း၏အနုပညာနှင့်ဝတ္တုတိုများ)

Tuesday, January 24, 2012

ပျောက်ဆုံးနေခြင်းများအတွင်း၌ ရှာဖွေ၍မရနိုင်တော့သည်များ


... What happens to me happens through me,
and I can neither affect myself with it nor revolt against it nor resign myself to it.
I am alwasys the focal point of everything that happens to me.

Jean-Paul Sartre,
Being and Nothingness.


အဘိုးဆုံးသွားတာ ကြာပြီ။ အဘိုးဆုံးသွားတော့ အဖေက ဖုန်းဆက်ပြောတယ်။ နယ်ပိုင်ကြီးကလည်း ဆက်တယ်။ မင်း လာနိုင်မယ် မထင်လို့ ငါနဲ့ နယ်ပိုင်ကြီးနဲ့ ကြည့်ပြီးစီစဉ်လိုက်တယ်လို့ အဖေက ပြောတယ်။ နယ်ပိုင်ကြီးကပြောတော့ ခင်ဗျား အဖေကပဲ ဦးဆောင်ပြီး စီစဉ်လိုက်တယ်လို့ ပြောတယ်။

ဘယ်လို စီစဉ်လိုက်ကြမှန်းတော့ မသိဘူး။ ကျွန်တော်လည်း မေးမကြည့်မိဘူး။ အသက်မရှူတော့တဲ့ ရုပ်ခန္ဓာချည်းသက်သက်ကို မြေမြှုပ်ချင်မြှုပ်၊ မီးသင်္ဂြိုလ်ချင် ဂြိုလ် ဒီနှစ်ခုပဲ ရှိတယ်။ ဂူတွေဘာတွေတော့ လုပ်မှာမဟုတ်ဘူး။ အဘိုးက ဂူသွင်းတာတို့ဘာတို့ မကြိုက်ဘူး။ ငါသေရင် ငါ့ကို သတိမရနေကြစေချင်ဘူးရယ်လို့ ပြောဖူးတယ်။ သေသွားတဲ့အဘိုးကို ဘယ်လိုစီစဉ်လိုက်ကြတယ်ဆိုတာ ကျွန်တော်လည်း မသိချင်ဘူး။

လူအဖြစ်နဲ့ ရှိနေစဉ်တုန်းက ကျွန်တော်ရဲ့ အဘိုးဟာ သေသွားတော့ အဘိုးမဟုတ်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ အသက်လည်း မရှိတော့ဘူး။ သိမှုမရှိတော့ ထင်းတုံးတစ်တုံးနဲ့ ဘာမျှ ကွာမှာမဟုတ်တော့ဘူး။ ဒီလို တွေးကြည့်မိတော့လည်း တိဗက်တွေဟာ လူသေသွားပြီးရင် ခုတ်ထစ်ပြီး လဒစာကျွေးတယ်ဆိုတာ ဟုတ်တုတ်တုတ်ပဲလို့တောင် မြင်မိတယ်။

ဘာချည်းပြောပြော အဘိုးကိုတော့ သတိရ နေသေးတယ်။ သူ အသက်ရှင်နေတုန်းကာလကို သတိရနေမိတယ်။ သူ အသက်ရှိစဉ်က ကျွန်တော်ရဲ့ အဘိုးဖြစ်ခဲ့တဲ့ လူတစ်ယောက်ကို သတိရနေမိတာ။ “သူ” ဆိုတဲ့နာမ်စားဟာ ခုတော့ “ရှိတုန်းက” ဆိုတဲ့ အချိန်ပြပုဒ်တစ်ခုနဲ့ တွဲသုံးစရာ ဖြစ်သွားတယ်။

အဘိုးနဲ့ နောက်ဆုံးအကြိမ် တွေ့တုန်းကတော့ သူကပြောတယ်။ မင်းနဲ့ငါ နောက်တစ်ကြိမ် တွေ့ချင်မှ တွေ့ကြတော့မှာ။ ဒီတော့ မင်းအနေနဲ့ ပြောစရာရှိရင် ပြောထားခဲ့ချေတဲ့။ အဲဒီတုန်းက အဘိုးကို မဟုတ်တာဘဲ အဘိုးရယ်၊ ကျွန်တော်တို့ တွေ့ကြဦးမှာပါ၊ အဘိုးလည်း ကျန်းမာနေသေးတာပဲလို့ပြောတော့ အဘိုးက ပြုံးတယ်။ ပြီးတော့ သဘာဝကျကျ စဉ်းစားစမ်းပါကွာ။ ကိုယ့်ကိုယ်ကိုယ် မညာချင်စမ်းပါနဲ့လို့ ပြန်ပြောတယ်။ အဘိုးက ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် သဘောမပေါက်မိဘူး။ ဘာကိုဆိုလိုတာလဲ အဘိုးလို့ ကျွန်တော်က ပြန်မေးလိုက်မိတယ်။

သေခြင်းတရားဆိုတာ ကိုယ်နဲ့မဆိုင်တာတစ်ခုလို့ တွေးထားလို့မရဘူး။ သဘာဝတရားကြီးအထဲမှာ တကယ်ရှိနေတာ တစ်ခုပဲ။ လူတွေက ကမောက်ကမတွေမြင်ပြီး ရှိတာကို မရှိသလို၊ မရှိတာကို ရှိသလို သဘောထားနေကြတာလို့ အဘိုးက ပြောပြန်တယ်။ ဒီတော့မှ ပိုရှုပ်ကုန်တာ။ အဘိုးရာ အဘိုးပြောတာတွေ ရှုပ်ရှုပ်လာတယ်လို့ပြောတော့ အဘိုးက ခေါင်းခါရင်း လွယ်လွယ်ကလေးပါကွာလို့ ပြောတယ်။ အဘိုး ရှင်းပြမယ်လို့ စကားခံလိုက်ပြီး ရှင်းပြတယ်။

လူတွေဟာ လူအဖြစ်နဲ့ ရှိနေတယ်လို့ မြင်နေကြတယ်။ ရှိနေတယ်ဆိုတာ မြဲနေတဲ့သဘောပဲ၊ ခြံထိပ်မှာ သစ်ပင်တစ်ပင် ရှိနေတယ်ဆိုရင် ဘယ်အချိန်သွားကြည့်ကြည့် မြင်နေရတယ်။ မြဲနေတယ်လို့ ထင်နေကြတယ်။ တကယ်တော့ လူတွေဟာ ဖြစ်နေခြင်းတစ်ခုပဲ။ ရှိနေခြင်းက တခြား၊ ဖြစ်နေခြင်းရဲ့ အတွင်းမှာ ရှိနေကြရတာ။ ဖြစ်နေခြင်းရဲ့ အတွင်းမှာ အသေချာဆုံးအရာဟာ ရှိနေခြင်းပဲ။ ဆက်တိုက်ဖြစ်နေခြင်းကို လူတွေက ဖြစ်၊ ရှိနေတယ်လို့ ထင်နေကြတာကွလို့ အဘိုးက အရှည်ကြီး ရှင်းပြတယ်။

လူဟာ ဖြစ်နေခြင်းအတွင်းကဆိုတဲ့ အထိတော့ ကျွန်တော် သဘောပေါက်တယ်။ ဒီထက်ပိုလာတဲ့ဟာတွေကိုတော့ သဘောပေါက်သလိုလိုပဲ။ သဘောပေါက်သလိုလိုပဲဆိုတာ ငါးဆယ် ရာခိုင်နှုန်းလောက်ပဲ သဘောပေါက်တာလားလို့ မေးရင်တော့ အတော် ဖြေရကျပ်မယ်ထင်တယ်။ ပြဿနာက နားလည်တယ်၊ နားမလည်ဘူး ဆိုတာကို ဘယ်လိုလုပ်ပြီး ရာခိုင်နှုန်းနဲ့ တွက်လို့ရမှာလဲ။ နားလည်ရင် နားလည်တာပဲ။ နားလည်သလိုလိုပဲဆိုတာက တကယ်တော့ နားမလည်ဘူးဆိုတာကို ဘေးလူ အထင်ကြီးအောင် ကိုယ့်ကိုယ်ကို သိက္ခာတင် ပြောတာပဲမဟုတ်လား။

အဲဒီနေ့ကတော့ ဘာကြောင့်မှန်း မသိဘူး။ အဘိုးကို ကျွန်တော် မေးကြည့်လိုက်မိတယ်။ တစ်နေ့ အဘိုးမရှိတော့တဲ့အခါ ရှိနေသေးတဲ့ လူတွေက အဘိုးကို ဘယ်လို သတိရ စေချင်သလဲ။ ဥပမာပြောရရင်တော့ အဘိုးရာ ဒီလူကြီးဟာ လူတော်ကြီး၊ ဒီလူကြီးဟာ လူကောင်းကြီး ဆိုသလိုပေါ့။ အဘိုးကို ဘယ်လိုများ အမှတ်ရ နေကြစေချင်သလဲ။ ကျွန်တော်မေးတာကို အဘိုးက ပြုံးပြီးကြည့်ရင်း နားထောင်နေတယ်။ ပြီးတော့ ခေါင်းတညိတ်ညိတ်လုပ်တယ်။

တကယ်တော့ မင်းက စိတ်ကူးယဉ်တတ်တာပဲလို့ အရင်းမရှိ အဖျားမရှိ ပြောတယ်။ ကျွန်တော်မေးတာကို မဖြေသေးဘူး။ ကျွန်တော်လည်း အံ့အားသင့်သွားလို့ အဘိုးကို ကြည့်နေမိတယ်။ မနေနိုင်လို့ ဘာကိုဆိုလိုတာလဲအဘိုးလို့ မေးကြည့်လိုက်မိတယ်။ ကိုယ် ကိုယ်တိုင်က ထိန်းချုပ်နိုင်စွမ်း မရှိတာကို အရှည်အကျယ် ဆက်တွေးကြည့်တာဟာ စနစ်တကျ ဆင်ခြင်ခြင်းရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာကို ကျော်လိုက်တာချည်းပဲ သားရဲ့။ စနစ်တကျဆင်ခြင်ခြင်းရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာကို ကျော်လိုက်တာ မှန်သမျှဟာ စိတ်ကူးယဉ်တယ်ဆိုတဲ့ အနေအထားတစ်ခုအဖြစ် ပြောင်းသွားတော့တာပဲလို့ အဘိုးက ပြောတယ်။

အဘိုးပြန်ပြောလိုက်တာက ကျွန်တော်မေးတာကို ဖြေတော့ ဖြေလိုက်တာပဲထင်တယ်။ ဒါပေတဲ့ ကျွန်တော်မေးတာကို ဖြေလိုက်တာပဲရယ်လို့တော့ ကျွန်တော် မသိလိုက်မိဘူး။ ဒီတစ်ခါတော့ ရှင်းရှင်းပဲ။ အဘိုးကို တည့်တည့်ပဲ ပြန်ပြောလိုက်တယ်။ အဘိုးပြောတာ ကျွန်တော် နားမလည်ဘူးလို့၊

အဘိုးက ပြုံးပြန်တယ်။ ပြီးမှ ပြောတယ်။ သူများတွေက ကိုယ့်ကို ဘယ်လိုမြင်ဖို့၊ ဘယ်လိုလက်ခံဖို့ဆိုတာ ကိုယ်က မှာထားခဲ့လို့ မရဘူးကွဲ့။ ဒီကိစ္စက နှစ်နှစ်လီ လေးဆိုတာမျိုး လုပ်လို့မရဘူး။ နှစ်နှစ်လီ လေးဆိုတာက နှစ်နဲ့လေးကို ဘာမှန်းမသိတဲ့ ကလေးတစ်ယောက်ကို အလွတ်ကျက်ခိုင်းထားလို့ရတယ်။ အဲဒီကလေးက တစ်ချိန်ကျတော့ နှစ်ဆိုတာဘာ၊ လေးဆိုတာဘာလို့ သိလာရင် နှစ်နှစ်လီ လေးဆိုတာကို အကျယ်ထပ်ရှင်းပြဖို့ မလိုတော့ဘူး။

ဒါပေတဲ့ နွားကျောင်းသားက ကိုယ့်ကိုယ်ကိုယ် ဘုရားအလောင်းလို့ မြင်အောင် လူတကာကို လိုက်ပြောထားလို့ မရဘူး။ နွားကျောင်းသားဟာ ဘုရားအလောင်းလို့ တော်မှသာ လူတွေက သူ့ကို ဘုရားအလောင်းလို့ မြင်မှာ။ အဘိုးပြောချင်တာက အဘိုးဟာ ဘာချည်းဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာချည်းလုပ်ခဲ့လုပ်ခဲ့ လူတိုင်းဟာ အဘိုးကို သူတို့အမြင်ထဲမှာ သူတို့ကြိုက်သလို မြင်နိုင်တယ်။ ဒါ သူတို့ အခွင့်အရေးပဲလို့ အဘိုးက ပြန်ဖြေရှင်းပြပြီး ခဏ ရပ်နေတယ်။ ကျွန်တော်ကတော့ အဘိုးရဲ့ အဖြေတွေကို သိပ်စိတ်ဝင်စားတယ်။

နောက်တော့ အဘိုးက သူ့စကားကို အဆုံးသတ်တယ်။ အဘိုး မရှိတော့ဘူးဆိုတဲ့အခါ ဘာဖြစ်လို့ သတိရနေကြရတော့မှာလဲ။ အဲဒီအခါမှာ အရေးအကြီးဆုံးနဲ့ ရှိနေခြင်းတစ်ခုက အဘိုးရဲ့ မရှိတော့ခြင်းပဲတဲ့။

ဒီလိုတော့လည်း ကျွန်တော်နားလည်တယ်။ အဘိုးနဲ့ စကားသွားပြောနေကျ နယ်ပိုင်ကြီးကတော့ အဘိုးဆုံးသွားတဲ့အတွက် သိပ်ဝမ်းနည်းနေသလိုပဲ။ အဘိုးဆုံးပြီး နှစ်နှစ်အကြာမှာ နယ်ပိုင်ကြီးနဲ့ အဖေနဲ့ ကျွန်တော်တို့ လူချင်းတွေ့ဖြစ်ကြတယ်။ နယ်ပိုင်ကြီးက အဲဒီအချိန်အထိ စကားပြောတိုင်း ဝမ်းနည်းသံပါ နေသေးတယ်။ သူ့အပြောအရ အဘိုးဆုံးပြီး ရှစ်လလောက်အကြာမှာပဲ သူလည်း ဆေးခွင့်တင်ပြီး အလုပ်က ထွက်လိုက်တယ်တဲ့။

ခင်ဗျားအဘိုး ဆုံးသွားတော့ဗျာ ကျွန်တော့်မှာ အားကိုးတစ်ခု ပျောက်သွားသလိုပဲ။ ဘာမျှ ဆက်ပြီး လုပ်လို့ကိုင်လို့ မကောင်းဘူး။ အဘိုးအိမ်ဘက်ကို သွားမယ်ဆိုရင် လစ်ဟာနေတဲ့ အရပ်တစ်ခုကို သွားရသလိုပဲ။ မရှိမှန်းသိသိနဲ့ ရှိနေခဲ့တုန်းကဟာတွေကို သတိရနေတယ်လို့ ပြောတယ်။ အဖေကလည်း သူ့အပြောကို ထောက်ခံတယ်။

အဖေက လက်တွေ့ဆန်တယ်လို့ ပြောရလိမ့်မယ်။ အဖေက စီးပွားရေးအမြင်မှာ အများကြီး ရှေ့ကို ကြိုတွေးတတ်တဲ့လူ။ အဖေနဲ့ နှစ်ယောက်ချင်းတွေ့တော့ အဖေက ပြောတယ်။ မင့် နယ်ပိုင်ကြီးကို ငါတို့ အတော်စောင့်ရှောက်ထားရတယ်။ ငါ့အထင်ပြောရရင်တော့ မင့်အဘိုး ဆုံးသွားတော့ သူက မင်းထက်တောင် ခံစားနေပုံရတယ်တဲ့။ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ နယ်ပိုင်ကြီးက အဘိုးနဲ့ ပိုပြီး အနီးကပ်နေရတာ။ တစ်ခါတစ်လေ သောကြာနေ့ ညနေကတည်းက အဘိုးအိမ်ကို သွားတယ်။ စားစရာ၊ သောက်စရာတွေ ဝယ်သွားပြီး သူကိုယ်တိုင် ချက်ပြုတ်ပြီး စားရင်း သောက်ရင်း စကားပြောကြတယ်။ ရာသီဥတုများကောင်းရင် မြစ်ဘက်ကို မြင်နေရတဲ့ အဘိုးအိမ်ရဲ့ ဝရန်တာပေါ်မှာထိုင်ပြီး ညတစ်ဝက်လောက်အထိ စကားပြောကြသတဲ့။

နယ်ပိုင်ကြီး ပြန်ပြောပြတဲ့အထဲမှာ ကျွန်တော်စိတ်ဝင်စားမိတဲ့ အချက်တစ်ခုကတော့ ခင်ဗျားအဘိုးဟာ ကျုပ်ကို နားလည်တယ်ဆိုတဲ့ အချက်ပဲ။ ကျွန်တော့်အမြင်ထဲမှာတော့ အဘိုးဟာ နယ်ပိုင်ကြီးကိုမှ မဟုတ်ဘူး လူတွေကို နားလည်တယ်လို့ မြင်တယ်။ နားလည်တယ်လို့ ဆိုရပေတဲ့ နားလည်တဲ့အတွက် သဘောတူတယ်လို့ ကျွန်တော် မပြောဘူး။ နားလည်တဲ့အတွက် အစစအရာရာ ခွင့်လွှတ်တယ်လို့ ကျွန်တော်မထင်ဘူး။

ဘာကြောင့်လဲဆိုတော့ အဘိုးဟာ ဖြစ်နေတဲ့အတိုင်း စီးမျောလိုက်ပါသွားတတ်တဲ့ လူတွေကို သိပ်မကြိုက်ဘူး။ သူ့အမြင်ထဲမှာ လူဟာ ဖြစ်နေတာနဲ့ ဖြစ်သင့်တာ နှစ်ခုအကြားမှာ ရွေးချယ်စရာ တစ်ခုခု လုပ်ရမယ်ဆိုရင် ဖြစ်သင့်တာကိုရွေးဖို့ လိုတယ်လို့ ပြောလေ့ရှိတယ်။

နယ်ပိုင်ကြီးက စိတ်ဝင်စားဖို့ကောင်းတာတစ်ခု ပြောပြတာ ရှိသေးတယ်။ ခင်ဗျားသူငယ်ချင်း သင်းအုပ်ဆရာ ဦးအာလ်ဘိ လာရင်လည်း အဘိုးက ခင်ဗျားကို သတိရနေတတ်တယ်။ သင်းအုပ်ဆရာက နှစ်လတစ်ခါလောက် မြို့တော်ကိုသွားဖို့ တောင်ရိုးက ဆင်းလာရင်း အဘိုးအိမ်မှာ တစ်ညလောက် ဝင်အိပ်တတ်တယ်။ တစ်နေ့တော့ အဘိုးက သင်းအုပ်ဆရာကို ပြောတယ်။ ခင်ဗျားသူငယ်ချင်း ကျုပ်မြေးကိုလည်း ဆုံးမစမ်းပါဦးတဲ့။ ဒီတော့ သင်းအုပ်ဆရာက ပြောတယ်။

အဘိုးဟာ မြင်းလို ကောင်းကောင်းပြေးတတ်အောင် လိပ်ကို အပြေးသင်ခိုင်းနေတာပဲတဲ့။ အဲဒီတုန်းကများဗျာ ခင်ဗျားအဘိုး အားပါးတရရယ်တာ မျက်ရည်များတောင် ထွက်တယ်။ ပြီးတော့ သင်းအုပ်ဆရာက ပြောတယ်။ အဘိုး ငါ့နောက်မှာ ထာဝရဘုရားသခင် ရှိတယ်။ အဘိုးမြေး အနောက်မှာ ဘာမျှမရှိဘူး။ တစ်နည်းပြောရရင် သူက ငါ့ထက်တောင် လွတ်လပ်နေသေးတယ်။ ငါ့အနေနဲ့ ဆုံးမရရင် သူ့နောက်မှာ ထာဝရဘုရားကို နေရာချထားပေးဖို့ပဲ ငါ့အနေနဲ့ ပြောနိုင်မယ်။ ငါ ဆုတောင်းပေးနိုင်တယ်။ ဒါပေတဲ့လည်း သူက သူ့အနောက်မှာ တစ်ခုခုက ထိန်းချုပ်ထားမှာ သိပ်ကြောက်တဲ့လူပဲ အဘိုးရဲ့လို့ပြောတော့ အဘိုးက ခေါင်းတညိတ်ညိတ်လုပ်ပြီး နားထောင်နေတယ်။ နောက်တော့ အဘိုးက ပြောတယ်တဲ့။

ဒီအပိုင်းကတော့ဗျာ ခင်ဗျားရော ကျုပ်ပါ ဘာမျှ မတတ်နိုင်တဲ့ကိစ္စ။ သူ့ရဲ့ ရွေးချယ်ခွင့်ပဲဗျ။ ကျုပ် စိတ်ပူနေတာတစ်ခုက ခင်ဗျားကူညီနိုင်တာနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ဘူးထင်တယ်။ ကျုပ် သတိထားမိတာတစ်ခုက သူ့မှာ တွယ်တာစိတ် နည်းနည်းလာတာကိုပဲ။ သူနေတဲ့ လူ့အဖွဲ့အစည်း၊ သူလုပ်တဲ့ အလုပ်နဲ့ယှဉ်ပြီး ကျုပ်မြေးက ဆင်ခြင်တုံတရားကို ဦးစားပေးတယ်။ ဦးစားပေးတဲ့အပိုင်းကတော့ ဘာမျှလုပ်လို့မရဘူး။ ဦးစားပေးဖို့အတွက် စိတ်လှုပ်ရှားမှု နည်းနိုင်သမျှ နည်းနိုင်အောင် စိတ်ကို ပျိုးထောင်ယူသတဲ့။ အဲဒီလောက်အထိကျတော့ မကောင်းလှဘူးလို့ ထင်တယ်လို့ ခင်ဗျားအဘိုးက ပြောတယ်တဲ့။

ပြီးတော့ သူသိရုံလောက်အတွက်ပဲ ကျွန်တော် ပြောပြဖူးတဲ့အကြောင်းတွေကိုတောင် အဘိုးက နယ်ပိုင်ကြီးနဲ့ ဦးအာလ်ဘီကို ပြောတယ်ဆိုပဲ။ အဲဒီနေ့တုန်းက အဘိုးက ပြောသေးသတဲ့။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဟုတ်ဟုတ် မဟုတ်ဟုတ် လူမှာ ခံစားတတ်တယ်ဆိုတာကလေးတော့ ရှိသင့်သေးတယ်လို့ ထင်တာပဲလို့ ပြောသေးတယ်တဲ့။

ဒီအချက်ကတော့ အဘိုးနဲ့ အဖ အကြားမှာ အဓိကကွာခြားချက် တစ်ရပ်ပဲ။ အဖေမှာ ခံစားချက် နည်းတယ်ထင်တယ်။ သနားတတ်တာဟာ မကောင်းဘူးလို့ အဖေက ပြောလေ့ရှိတယ်။ သနားရင် သံသရာ ရှည်တတ်တယ်လို့လည်း ပြောတယ်။ ဘာကြောင့် ဘယ်လိုရယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူး၊ မေးမကြည့်မိခဲ့ဘူး။

တစ်ခါက စကားစပ်မိတော့ အဖေက ပြောတယ်။ ခံစားတာတို့၊ စိတ်လှုပ်ရှားမှုအပေါ်မှာ တုန့်ပြန်တာတို့ဆိုတာက အချိန်ပိုနေတဲ့ လူတွေအတွက် ကောင်းတယ်တဲ့။ ဘာလို့လဲလို့မေးကြည့်တော့ ရုန်းကန် လှုပ်ရှားနေရတဲ့ လူတစ်ယောက်မှာ အချိန်ပို မရှိဘူး။ မရှိလို့ ခံစားချက်တစ်ခုခုအပေါ်မှာ အချိန်ကုန်ခံမနေနိုင်ဘူးတဲ့။ ဝေဒနာ တစ်စုံတစ်ရာကို ပွားမယူနိုင်ဘူးတဲ့။

ဒီအကြောင်းကို အဘိုးကိုပြောပြတော့ အဘိုးက ပြုံးနေတယ်။ ပြီးမှ မင်းအဖေက စီးပွားရေး သမားကွဲ့။ စီးပွားရေးအမြင်မှာ အဓိက ရှေ့တန်းတင်ပြီး လက်ခံထားတာက အကျိုးအမြတ်ပဲ။ အကျိုးအမြတ်ဆိုပေတဲ့ ပိုက်ဆံကိုချည်း တွက်တာမဟုတ်ဘူး။ သူ လက်ခံထားတဲ့ အတိုင်းအတာထဲမှာ မြတ်စွန်းမှု တစ်ခုခုရတာဟာ သူ့ရဲ့ အကျိုးအမြတ်ပဲ။ ဒီတော့လည်း သူလိုလူမျိုး အဖို့ကတော့ အသုံးကျ၊ အသုံးဝင်မှုဟာ စံတစ်ခုပဲ။ ဝေဒနာတစ်စုံတစ်ရာဆိုတာက အသုံးကျ၊ အသုံးဝင်မှုနဲ့ တိုင်းတာကြည့်လို့မှ မရဘဲ။ မင့်အဖေအတွက်တော့ ခံစားချက်ဆိုတာ အချိန်ပုပ်တဲ့ အလုပ်တစ်မျိုးကလွဲလို့ ဘာမျှမဟုတ်ဘူးလို့ မြင်မှာပဲ။ သူ့ဟာနဲ့သူတော့ ဟုတ်သပေါ့ကွာလို့ အဘိုးက ရှင်းပြတယ်။

ဒီလိုဆိုပြန်တော့လည်း အဖေ့အယူအဆကို ကျွန်တော်က အကြိုက်သား။ အဖေ့လို စီးပွားရှာတာကို နားမလည်ပေတဲ့ ခံစားချက်ရှိတာ အချိန်ပုပ်တယ်ဆိုတာကိုတော့ သဘောတူတယ်။ အသက်ကြီးလာသေ ပိုပြီး သဘောကျလာလေပဲ။ အဖေပြောတဲ့ စီးပွားရေးဆိုတာက ငွေကြေးအရ မြတ်စွန်းမှုတင် မဟုတ်ဘူး။ မင်းအသိအမြင် မင်းပါဝင်နေတဲ့ လူ့အဖွဲ့အစည်းတို့နဲ့ ယှဉ်ပြီး မြတ်တယ်၊ ရှုံးတယ်ဆိုတာလည်း ကြည့်ဖို့လိုသတဲ့။

ကျွန်တော်ကတော့ သိပ်သဘောမပေါက်ဘူး။ နားမလည်ဘူးလို့ပဲ ဆိုပါတော့။ ရှင်းပြပါဦး အဖေရာလို့ ပြောတော့ အဖေက မင်းနားလည်တဲ့ အတွေးအခေါ်ဆိုတာတွေနဲ့ ငါ ရှင်းပြမယ်လို့ ပြောတယ်။ လူတွေဟာ သူ့အတွေးအခေါ်နဲ့သူ နေကြသလို သူများအတွေးအခေါ်ကိုလည်း ယူသုံးတတ်ကြတယ်။ သူများပြောဆိုထားခဲ့တာတွေအတိုင်း လုပ်ကိုင်ကြည့်လို့ ကိုယ့်မှာအကျိုးရှိတယ်ဆိုရင် တခြားအတွေးအခေါ်တစ်ခုအရ ကိုယ်က အမြတ်အစွန်း ရလိုက်တာပဲတဲ့။ ဒီလိုတော့လည်း ဟုတ်သားပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နယ်ပိုင်ကြီးနဲ့ တယ်လီဖုန်း ပြောဖြစ်တယ်။ နယ်ပိုင်ကြီးက အဘိုးအိမ်ကို ဆက်ပြီး စောင့်ရှောက်ထားလေတော့ အဘိုးအိမ်ကလေးအကြောင်း ပြောတယ်။ နားထောင်နေရပေတဲ့ အဘိုးအိမ်ကို မျက်စိထဲမှာ သိပ်မမြင်တော့ဘူး။ ခင်ဗျားတို့ မြေးအဘိုး လှေလှော်ကြတုန်းကလေ . . ဆိုပြီး နယ်ပိုင်ကြီးက ပြောနေပေတဲ့၊ မျက်စိထဲမှာတော့ ရေးတေးတေးပဲ၊ သိပ်မသဲကွဲ ချင်တော့ဘူး။

နယ်ပိုင်ကြီးက စကားပြောရင်း ခင်ဗျားအဖေ ရှိတုန်းကဗျာ . . လို့ အစချီပြီး စကားတစ်ခွန်းပြောတော့ အဖေဆုံးသွားတာကို သတိပြန်ရလိုက်မိတယ်။ ဒီတော့မှပဲ အဖေတောင် ဆုံးသွားတာ အတော်ကြာလှပေါ့လို့ စကားပြောနေရင်း အသိတရားတစ်ခု ပေါ်လာတယ်။ တကယ်တော့ အဖေဆုံးသွားတာဟာ ဆုံးသွားတာပဲ။ သေတယ်ဆိုတာက တားထားလို့မှ မရဘဲ။

သေတယ်ဆိုတာဟာ ယေဘုယျကျတဲ့ သိမှုတစ်မျိုးမို့ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ချင်ထင်ကြမယ်။ သေသေ ချာချာ စဉ်းစားကြည့်ရင်တော့ သေတယ်ဆိုတာ ပုဂ္ဂလိက ပိုင်ဆိုင်မှုတစ်ခုပဲ။ ဝေမျှခံစားလို့ရတာမျိုး မဟုတ်ဘူး။ ကျွန်တော့်ကိုယ်စား သေပေးပါလို့မှ လုပ်လို့ မရဘဲ။

ဒါကြောင့်မို့လည်း ရှေးတုန်းက တချို့လူမျိုးတွေမှာ သေတာဟာ ကာမဂုဏ် ခံစားသလိုပဲလို့ မြင်ကြတာ။ အဖေဆုံးတော့ သူတစ်ယောက်တည်း ဆေးရုံပေါ်မှာ။ ဘယ်သူမျှ မသိလိုက်ဘူး။ နာတာရှည်နဲ့ အိပ်ရာပေါ် နှစ်ရှည်လများ လဲနေရာက တစ်နေ့တော့ သေသွားတာပဲ။ အဘိုးလို ရုတ်တရက်ဆုံးသွားတာ မဟုတ်ဘူး။ တစ်နေ့တော့ သေမှာပဲလို့ သိထားတဲ့ အသိထဲကနေ အသိဟာ အဖြစ်တစ်ခု ပြောင်းသွားတာ။ ဒီအဖြစ်ဟာ အရာရာကို ပြီးဆုံးသွားစေတဲ့ ဖြစ်ခြင်းတစ်ခုပဲ။

အဘိုးဆုံးတုန်းက အဖေက မျက်ရည်မကျဘူး။ တချို့ကတော့လည်း အသက်အရွယ်အရ တရားရှိလို့ ဘာလို့၊ ညာလို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး။ အဘိုးဆုံးသွားပြီးတော့ အဖေပြောတဲ့စကားထဲမှာ သေတာဟာ သေတာပဲကွ။ ဝမ်းနည်းဖို့ ကောင်းတာတစ်ခုက နောင် ဘယ်တော့မှ သူ့ကို တို့ ပြန်မတွေ့ရတော့ဘူးတဲ့။

ဒီတော့မှ ကျွန်တော်လည်း တုန်လှုပ်သွားတယ်။ အဖေပြောတဲ့ အတိုင်းပဲ အဘိုးကို ကျွန်တော် ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။ အဖေဆုံးသွားတော့ အဖေပြောခဲ့တဲ့ အဲဒီစကားဟာ ကျွန်တော့်ခေါင်းထဲကို ခုန်ပေါက်ပြီး ပြန်ဝင်လာတယ်။ ကျွန်တော်ကတော့ အဖေ့လို တရားမရှိဘူး။ ဒီတော့ မျက်ရည်ကျမိတယ်။

ဒါပေမဲ့လည်း သူ အသက်ရှင်နေတုန်းကတောင် ကျွန်တော်နဲ့ အမြဲတွေ့နေကြတာမှ မဟုတ်ဘဲ။ အဘိုးရယ်၊ အဖေရယ်၊ ကျွန်တော်ရယ်က တစ်နေရာစီမှာ။ ကိုယ့်အလုပ်၊ ကိုယ့်အတွေးနဲ့ ကိုယ့်ဘာသာ အသက်ရှူနေကြတာပဲ။ ရှိနေတယ်ဆိုတာကို သိနေကြတာပဲ။ ရှိနေတယ်ဆိုတာကို သိနေလို့ သိနေခြင်းအတွင်းကနေ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှု ရှိကောင်းရှိနေမယ်။ စကားပြောချင်ရင် လှမ်းပြောလို့ ရတယ်။ ဒါပေတဲ့လည်း မပြောဖြစ်ကြဘူး။

ခုတော့ သိမှုထဲမှာ မရှိတော့ဘူးဆိုတဲ့အတွက် ဆက်သွယ်လို့ မရတော့ဘူး။ ဆက်သွယ်လို့ မရတော့တာက မရှိတော့လို့ မဟုတ်တော့ဘူး။ မရှိခြင်းဟား ရှိနေလို့ပဲ။ အဘိုးနဲ့ အဖေတို့ ရှိနေတုန်းကတောင် အမြဲလို စကားပြောဆို ဆက်သွယ်တာ မရှိခဲ့လေတော့ အခု မရှိတော့ဘူးဆိုတဲ့အခါမှာ မဆက်သွယ်နိုင်တော့ဘူးဆိုတာ ဘာများထူးဆန်းလို့လဲ။ တကယ်စဉ်းစားကြည့်ရင် မရှိတော့ခြင်းဟာ အဓိပ္ပာယ်မရှိဘူး။ အနက်တစ်စုံတစ်ခုကို ဖော်မပေးနိုင်ဘူးဆိုရင် ရှိနေခြင်းတိုင်းဟာလည်း အဓိပ္ပာယ်မှ မရှိတော့ပဲ။ သီးခြားလူ တစ်ဦးချင်းစီရဲ့ အခြေခံ အတွေ့အကြုံတွေဟာ အဓိပ္ပာယ်မရှိခြင်းသက်သက်ပဲ မဟုတ်လား။

ပြီးခဲ့တဲ့ တစ်လလောက်တုန်းကတော့ နယ်ပိုင်ကြီး ဆုံးသွားကြောင်း ကြားရတယ်။ နှလုံးရပ်သွားတယ်လို့ ပြောကြတယ်။ တကယ်တော့ ဘယ်လိုသေသေ နှလုံးကတော့ ရပ်သွားချည်းပဲထင်တယ်။

ဘာလို့များ အဲဒီစကားလုံးကို ဆင်ခြေအဖြစ် သုံးနေကြတယ်တော့ မသိဘူး။ နှလုံးရပ်လို့ သေသွားတယ်ဆိုတဲ့ နယ်ပိုင်ကြီး သေသွားတာကို ကျွန်တော် ဝမ်းနည်းရမှာလား၊ ဝမ်းသာပေးရမှာလား မသိဘူး။ ဝမ်းသာတယ် ဆိုတာက အော် . . သူ့ခမျာ ဖြစ်နေရခြင်းဆိုတဲ့ အဖြစ်အသွင်က ပြီးမြောက်သွားပါကလားလို့ တွေးကြည့်ပြီး ဝမ်းသာရမလားဆိုတာကို တွေးမိလို့။ အဘိုးစကားနဲ့ ပြောရရင်တော့ ဖြစ်နေခြင်းဆိုတာတိုင်းဟာ ဖြစ်စဉ်ကြီး တစ်ခုထဲမှာကိုး။ ဘာမျှ ထိန်းချုပ်ထားလို့ မရတဲ့ ဖြစ်စဉ်ကြီးပဲ။ လူတွေ သွားနေလာနေ၊ စားသောက်နေကြတယ်ဆိုတဲ့ ဖြစ်စဉ်ကြီး။ ဖြစ်စဉ်ကြီး ဆိုတော့လည်း ကောင်းတာ၊ မကောင်းတာ၊ ကိုယ်သဘောကျတာ၊ မကျတာဆိုတဲ့ ဆန့်ကျင်ဘက် အစုံ အစုံတော့ ပါနေမှာပဲ သားရဲ့လို့ ပြောလေ့ရှိတဲ့ အဘိုးစကားကို ကြားမိပြန်တယ်။

ကောင်းတာ၊ မကောင်းတာ၊ ကိုယ်သဘောကျတာ၊ မကျတာဆိုတဲ့ ဆန့်ကျင်ဘက် အစုံ အစုံတော့ ပါနေမှာပဲဆိုတော့လည်း ဘယ်ကောင်းမှာတုန်း အဘိုးရ။ လူဆိုတာ ကောင်းတာပဲ ဖြစ်ချင်မှာပေါ့လို့ ကျွန်တော်က အဘိုးကို သိသိချည်းနဲ့ ကလိလိုက်ဖူးတယ်။ အဲဒီတုန်းက အဘိုးက ပြုံးနေလိုက်ပြီးမှာ အဲဒါဟာ တို့တစ်တွေက ခပ်လွယ်လွယ်နဲ့ ဘဝလို့ခေါ်နေကြတာပေါ့လို့ ဖြေတယ်။

ကျွန်တော် မှတ်မိနေသေးတယ်။ အခု သေသွားပေတဲ့ အဲဒီတုန်းက မသေသေးတဲ့ နယ်ပိုင်ကြီးကတောင် အဘိုးရာ ဒီလိုဖြင့် ဘဝဆိုတာကြီးက ဘာကောင်းလို့တုန်းလို့ ဝင်ပြောသေးတယ်။ ဒီတော့ အဘိုးက မင်းတို့ကို ဘဝဆိုတာကြီးက သိပ်ကောင်းတာပဲလို့ တစ်ယောက်ယောက်က ပြောဖူးလို့လားလို့ ပြန်မေးလို့ ကျွန်တော်တို့ နှစ်ယောက်စလုံး ချောက်ကျခဲ့ရဖူးတယ်။

ခုတော့ ချောက်ကျခဲ့ရဖူးတဲ့ နှစ်ယောက်ထဲက တစ်ယောက် မရှိတော့ဘူး။ နယ်ပိုင်ကြီးရဲ့ ဖြစ်နေ၊ ရှိနေ ရခြင်းဟာ ပြီးဆုံးသွားပြီ၊ မဟုတ်ရင် ရပ်တန့်သွားပြီ။ သူ့ကို ကျွန်တော်က ဆက်ပြီး သတိရနေလို့လည်း ဘာမျှတော့ အကြောင်းထူးမှာ မဟုတ်တော့ဘူး။

သူကတော့လည်း ခုနေ ကျွန်တော့်ကို သတိရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သတိရတယ်ဆိုတာက သိမှုကို ပြန်ပြီးစေ့ဆော်တာ။ သေသွားရင် ဘယ်လိုမှ မစေ့ဆော်နိုင်တော့ဘူး။ သူ အသက်ရှိနေတုန်းကတောင် ကျွန်တော်က သူ့ကို အမြဲလို သတိရမှ မရနိုင်ပဲ။ သူလည်း အဲဒီလိုပဲ နေမယ်။ အဘိုးတို့၊ အဖေတို့နဲ့ ကျွန်တော့်အကြားမှာလည်း အဲဒီလိုပဲ။ သူတို့က ကျွန်တော့်ကို သတိရတဲ့အခါ ရတယ်။ ကျွန်တော်က သူတို့ကို သတိရတဲ့အခါ ရတယ်၊ မရတဲ့အခါလည်း မရဘူး။ တကယ်တော့ ကျွန်တော်တို့တစ်တွေအကြားမှာ ကြီးမားတဲ့ ပျောက်ဆုံးမှုကြီးတစ်ခုက ရှိနေတယ်။ ပျောက်ဆုံးမှုကြီး အတွင်းထဲဆီမှာ ပြန်ပြီး ရှာဖွေလို့ရတာတွေ ရှိသလို မရနိုင်တော့တာတွေလည်း ရှိနေတာပဲ။ မရနိုင်တာတွေက ပိုပြီးများမှာပဲ။

တစ်ခါက အဘိုးရယ်၊ အဖေရယ်၊ နယ်ပိုင်ကြီးရယ်၊ ကျွန်တော်ရယ် ဆုံကြတော့ ကျွန်တော်က အဘိုးရယ်၊ အဖေရယ်၊ နယ်ပိုင်ကြီးရယ်ကို ဓာတ်ပုံရိုက်ပေးဖူးတယ်။ အဲဒီတုန်းက နယ်ပိုင်ကြီးကပြောတယ်။ ခင်ဗျားပါ ဝင်လေဗျာ။ ဒါမှ တစ်နေ့ ဓာတ်ပုံကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့လေးယောက် ဆုံတာကလေး အမှတ်တရ ဖြစ်ကြရမှာပေါ့တဲ့။ အဲဒီတုန်းက ကျွန်တော်က ပြောလိုက်မိတယ်။ ဓာတ်ပုံထဲမှာ ကျွန်တော်မပါပေတဲ့ ဒီဓာတ်ပုံကို ကျွန်တော် ရိုက်ပေးတာဆိုတော့ ဒီဓာတ်ပုံထဲက လူသုံးယောက်နဲ့အတူ ဓာတ်ပုံရိုက်တဲ့လူလည်း အဲဒီနေ့၊ အဲဒီအခါက ရှိနေတယ်ဆိုတာ သိကြမှာပေါ့လို့ ပြောလိုက်မိတယ်။

ဒီတော့ သူက ထပ်ပြောတယ်။ တပ်အပ်ကြီးတော့လည်း မပြောနိုင်ဘူး။ ဓာတ်ပုံကို ကြည့်တဲ့လူက ဓာတ်ပုံတွေထဲက လူတွေရဲ့ အဲဒီအချိန်၊ အဲဒီအခါက ရှိနေခြင်းပဲ အသိအမှတ်ပြုမှာ။ မတွေ့ရတာ တစ်ခုရဲ့ ရှိနေခြင်းကို အသိအမှတ်ပြုမှာ မဟုတ်ဘူးတဲ့။

ဟုတ်တော့လည်း ဟုတ်တယ်။ မတွေ့ရ၊ မမြင်ရတဲ့ဟာတစ်ခုဟာ သာမန်သိမှုထဲမှာ အရေးအကြောင်း ထင်မလာနိုင်ဘူး။ တွေးကြည့်လို့ရတဲ့ အသိထဲမှာပဲ ပုံပေါ်လာတာ။ ဒါပေတဲ့လည်း အတွေးဆိုတာတိုင်းက ရေရာတာမှ မဟုတ်ဘဲ။

မျက်မမြင်တစ်ယောက်ရဲ့ နေဝင်ချိန်၊ နေထွက်ချိန်အလှကို သိတဲ့အသိဟာ တကယ် နေထွက်တာ၊ နေဝင်တာကို မြင်ရတဲ့လူရဲ့ အသိနဲ့ တစ်ထပ်တည်း ကျမှာမဟုတ်ဘူး။ နေကတော့ ဒီနေပဲ။ ဒီလိုပဲ ထွက်နေ၊ ဝင်နေတာပဲ။ သိပုံချင်းသာ မတူကြတာ၊ ဖြည့်လို့မရတဲ့ ကွက်လပ်တစ်ခု ပါနေတဲ့ သိမှုပဲ။ နေထွက်တာ၊ ဝင်တာကို မြင်လို့ သိနေရတဲ့လူတွေတောင် အချိန်ကာလကိုလိုက်လို့ သူ့အတွေးထဲမှာ ပုံဖော်ကြည့်နိုင်တာတွေ ပြောင်းသွားတတ်သေးတာပဲ။ ငယ်ငယ်က စွဲမက်ဖူးတာ၊ ချစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ရာဟာ သိနိုင်ခြင်းအထဲမှာ အတိုင်းအတာတစ်ခုအထိပဲ ကျန်ရစ်ခဲ့ရုံကလွဲလို့ ပီပီပြင်ပြင် ပုံဖော်လို့မှ မရတော့ဘဲ။

ပုံရိပ်တိုင်းဟာ ပုံရုပ် ဖြစ်မလာဘဲ ပုံရိပ်ရဲ့ အရိပ်အယောင်အဖြစ် တဝဲဝဲတလည်လည်ဖြစ်နေတာ မဟုတ်လား။ ခုဆို ကျွန်တော် ကြည်နူးသာယာခဲ့ဖူးတဲ့ အဘိုးရဲ့ အိမ်ကလေးကိုတောင် ရေးတေးတေးပဲ မှတ်မိတော့တယ်။ အဘိုးအိမ်ကလေးကို ပုံဖော်ကြည့်လို့ ရနိုင်သေးပေတဲ့ ပတ်ဝန်းကျင်ဟာ သိပ်မရေရာတော့ဘူး။ အပြင်မှာ တကယ်ရှိနေတဲ့ ပတ်ဝန်းကျင်တွေလည်း ပြောင်းကုန်ပြီ။ နယ်ပိုင်ကြီး မသေခင်က ပြောဖူးတယ်။

ခင်ဗျားတို့ မြေးအဘိုးနှစ်ယောက်သား လှေလှော်သွားတဲ့ မြစ်ကွေ့လေးတောင် ရေစားလို့ မြစ်က မကွေ့တော့ဘဲ တည့်သွားပြီတဲ့။ ဘယ်လို တည့်သွားတယ်ဆိုတာကို ကျွန်တော် ပုံဖော်ကြည့်လို့ မရဘူး။ ပုံဖော်ကြည့်လို့ မရတာ များလာတဲ့အခါ ပုံရိပ်တွေဟာ ပါးလွှာပြီး မှိန်သွားတာပဲ။ မှိန်ရာကနေ တဖြည်းဖြည်း ပျောက်ဆုံးသွားကြတော့တာပဲ မဟုတ်လား။

တစ်ခါတလေ အရေးရယ်၊ အကြောင်းရယ်ဖြစ်လာတဲ့အခါအဘိုးတို့ကို သတိရလိုက်မိတယ်။ သတိရတာဟာ သတိရတာပဲ။ သတိရတဲ့ဆီကနေ အကျိုးဆက်အသစ် ပေါ်မလာတော့ဘူး။ မပေါ်ဆို အဘိုးတို့၊ အဖေတို့ ရှိတုန်းကလည်း ဒီလိုပဲကိုး။ ကျွန်တော့်ကိစ္စ ကျွန်တော်ပဲ ရှင်းရတာ။ သူတို့လည်း သူတို့ကိစ္စ သူတို့ရှင်းနေကြရတာပဲ။ အဘိုးပြောသလို ပြောရရင်တော့ မင်း ခလုတ်တိုက်မိလို့ ခြေမ နာသွားတာကို ငါက ဝိုင်းပြီး နာပေးလို့မရဘူး ဆိုသလိုပဲ။

လူဆိုတာဟာ သူ့ဘာသာချည်းပဲ။ အားလုံးဟာ လူ့အသိုင်းအဝိုင်းထဲ လူတွေ အကြားမှာ သူ့ဘာသာ ဖြစ်ရှိနေကြတာပဲ မဟုတ်လား။ ရှင်တယ်၊ သေတယ်ဆိုတဲ့ ကြိယာပုဒ်ဟာ အသက်ရှိနေတဲ့ဟာတွေ အားလုံးနဲ့ ဆိုင်တာပဲ။

လူတွေအတွက် သက်သက်ချည်းပဲ မဟုတ်ဘူး။ သစ်ပင်နဲ့လည်းဆိုင်တယ်။ ရေထဲက ငါးနဲ့လည်း ဆိုင်တယ်။ ကောင်းကင်က ငှက်နဲ့လည်း ဆိုင်တယ်။ ယုတ်စွအဆုံး အသက်ရှိတယ်လို့ မထင်ရတဲ့ အသံနဲ့တောင်ဆိုင်တယ်။

ဒါပေတဲ့ ရှင်တယ်၊ သေတယ်ဆိုတဲ့ အဖြစ်အပျက်နဲ့ အတွေ့အကြုံဟာ သီးခြားစီနဲ့ပဲ ဆိုင်တယ်။ လူ့အဖွဲ့အစည်းထဲက လူတွေဟာ သီးခြားစီပဲ။ အဘိုးရယ်၊ အဖေရယ်၊ နယ်ပိုင်ကြီးရယ်ကို ကျွန်တော် ရိုက်ပေးထားဖူးတဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ ကျွန်တော် အမြဲတမ်း မှတ်မိနေတာ အပ်ကျမပ်ကျ ပြောနိုင်တာတစ်ခုရှိတယ်။ အဲဒါကတော့ ဒီဓာတ်ပုံကို ကျွန်တော် ရိုက်ပေးခဲ့တယ် ဆိုတာပဲ။ အခု အဲဒီဓာတ်ပုံ ဘယ်မှာရှိတယ်ဆိုတာ ကျွန်တော် မပြောနိုင်ပေတဲ့ အဲဒီဓာတ်ပုံကို ကျွန်တော် ရိုက်တယ်ဆိုတာတော့ ကျွန်တော် ပြောနိုင်တယ်။

တစ်ယောက်ယောက်က အဲဒီ ဓာတ်ပုံကိုတွေ့လို့ ကြည့်လိုက်ရင် အခု တကယ်ပဲ မရှိတော့တဲ့ လူသုံးယောက်ကို တွေ့ရလိမ့်ဦးမယ်။ အဲဒီတုန်းက ဓာတ်ပုံထဲမှာ မပါခဲ့တဲ့လူ။ ခုအထိ ရှိနေသေးတဲ့ လူတစ်ယောက်ဟာ ဟိုတုန်းကလိုပဲ ပျောက်ဆုံးနေမှာပဲ။ လူတွေဟာ သူပါဝင်ပတ်သက်နေရတဲ့ ပတ်ဝန်းကျင်ကြီး အထဲမှာတင် ပျောက်ဆုံးနေကြတာ မဟုတ်ဘူးလား။

တစ်နေရာမှာ ရှိနေဖို့အတွက် တစ်နေရာမှာ ပျောက်ဆုံးနေရမှာပဲ။ ကင်မရာရဲ့ အခြားတစ်ဖက်မှာ ရှိနေဖို့အတွက် ကျွန်တော်ဟာ ဓာတ်ပုံထဲမှာ ပျောက်ဆုံးနေတာပဲ။ ဓာတ်ပုံထဲမှာ ထာဝရ ပျောက်ဆုံးနေခြင်းက ကျွန်တော်ရဲ့ ရှိနေခဲ့ခြင်းနဲ့ ရှိနေခြင်းရဲ့ သက်သေပဲ မဟုတ်ဘူးလား။

မနေ့ကတော့ နှစ်သစ်ကူးညဆိုတော့ ဒီကနေ့ဟာ နှစ်သစ် ဖြစ်သွားပြီ။ နှစ်သစ်တွေကို မတွေ့ကြရတဲ့ လူတွေများလာသလို ကျန်ရစ်ခဲ့တဲ့ နှစ်တွေလည်း ဝေးသည်ထက် ဝေးလာခဲ့ပြီ။ အဘိုးတို့၊ အဖေတို့ဟာ ခပ်လှမ်းလှမ်းကို ရောက်နေကြပြီ။ တဖြည်းဖြည်း ပျောက်သွားတော့မှာ။ နောက်တော့ နယ်ပိုင်ကြီးလည်း အဲဒီလို ဖြစ်လာတော့မှာပဲ။ သူတို့က ဖြစ်နေတဲ့ အစဉ်ကြီးထဲက ထွက်သွားကြတာ။ သူတို့ရဲ့ ဖြစ်ခဲ့ခြင်းဟာ ရပ်တန့်သွားကြပြီကိုး။ ရှေ့တိုးလို့ မရတော့ဘူး။ ပါဝင်ပတ်သက်လို့ မရတော့ဘူး။ ခေတ်ကာလတွေ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြောင်းလဲနေတာဟာ သူတို့နဲ့ မဆိုင်တော့ဘူး။

ကျွန်တော်ကတော့ ကန့်လန့်၊ ကန့်လန့်နဲ့ လိုက်ပါသွားနေရဦးမှာပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ရှိနေခြင်း၊ ဖြစ်နေခြင်းအတွက် ပြစ်ဒဏ်ကို ခံနေရဦးမှာပဲ။ အဘိုးတို့၊ အဖေတို့၊ နယ်ပိုင်ကြီးတို့ဟာ ပြီးဆုံးသွားတယ်ဆိုတဲ့ ကန့်သတ်မှုအောက်ကို ရောက်သွားကြတယ်။

ကျွန်တော်ကတော့ ဖြစ်ရှိနေသေးလို့ ကန့်သတ်ပစ်လိုက်တာ မခံရသေးဘူး။ လွတ်လပ်နေတယ်လို့ ပြောရမှာပဲ။ တကယ်တော့ ဒီလွတ်လပ်မှုဟာ ဖြစ်ရှိနေခြင်းအတွက် ကျခံထားရတဲ့ ပြစ်ဒဏ်တစ်ခုပဲ မဟုတ်လား။ ဒီ လွတ်လပ်မှုဟာ ထီးထီးကျန် ဖြစ်နေရခြင်းအတွင်းက လွတ်လပ်မှုပဲ။ ပြေးထွက်လို့လည်း ရမှာမဟုတ်ဘူး။ ရှောင်ပြေး ပုန်းလို့လည်း မရနိုင်ဘူး။

တစ်ခါတစ်လေ ထွက်ပြေးပုန်းတဲ့အနေနဲ့ အဝေးဆီက မိတ်ဆွေတွေနဲ့ စကားပြောကြည့်မိတယ်။ သူတို့လည်း သူတို့ကိစ္စနဲ့သူတို့၊ သူတို့ရဲ့ ပတ်ဝန်းကျင်၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ပျောက်ဆုံးနေကြတဲ့ လူတွေ။ ထီးထီးကျန်တည်ရှိမှုကို ပြစ်ဒဏ်တစ်ခုအနေနဲ့ ခံနေရတဲ့ လူတွေပဲ။ သူတို့အနေနဲ့တော့ သိချင်မှ သိမယ်။ သူတို့အကြားမှာ ကျွန်တော် မရှိဘူး။ ကျွန်တော့်အနားမှာ သူတို့ မရှိဘူးဆိုတာ သဘောပေါက်ကောင်းမှ ပေါက်ကြမယ်။ ကာလနဲ့ဒေသဟာ ပျောက်ဆုံးခြင်းကို အားပေးဖို့ ပြောင်းခဲခြင်းကို တွန်းပို့ပေးထားတာ။ ပြောင်းလဲခြင်းတိုင်းဟာ သိမှုရဲ့အောက်မှာ မသိမသာ ပြောင်းလဲသွားတာ။

ခုဆို အိမ်ထမင်း၊ အိမ်ဟင်း ယဉ်ကျေးမှုတောင် ပြောင်းလဲခြင်းရဲ့ ဒဏ်ကို ခံနေကြရပြီးပဲ။ ဘယ်သူကမျှ အိမ်လာတဲ့ဧည့်သည်ကို အိမ်မှာ ထမင်းချက်ပြီး မကျွေးချင် ကြတော့ဘူး။ စားသောက်ဆိုင် ခေါ်သွားပြီး ကျွေးကြတယ်။ ဒါပေတဲ့ ရင်းနှီးရင်းစွဲဖြစ်တဲ့ ကိုယ့်အိမ်ရဲ့ ရပ်ဝန်းထဲကထွက်ပြီး သူစိမ်းတစ်ရံစာဖြစ်တဲ့ စားသောက်ဆိုင်ဆိုတဲ့ ရပ်ဝန်းကို ခုံမင်လာတာဟာ လူတွေရဲ့ ပိုမိုအထီးကျန်မှုအပေါ် သာယာလာခြင်းပဲ။

စားသောက်ဆိုင်မှာ သူငယ်ချင်းတွေရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်လိုက်တိုင်း ပြုံးနေတဲ့ သူငယ်ချင်းတွေကို တွေ့နေရတယ်။ သူတို့ရဲ့ ကျေနပ်မှုကို မြင်နေရတယ်။ သူတို့ဟာ စားသောက်ဆိုင်ရဲ့ အစားအစာထက် စားသောက်ဆိုင်ရဲ့ ပတ်ဝန်းကျင်ကို ပိုပြီး သာယာနေပုံပဲ။ တကယ်တော့ သူတို့ဟာ ပတ်ဝန်းကျင် အသစ်ထဲမှာ ပျောက်ဆုံးဖို့ ကြိုးစားနေကြတာပဲ။ သူတို့ဟာ သူတို့ ကိုယ်သူတို့လည်း မရှာဖွေမိကြဘူး။ သူများကိုလည်း ရှာမကြည့်မိဘူး။

သူတို့ဟာ အဘိုးပြောဖူးတဲ့ ခြံထိပ်က သစ်တစ်ပင်လိုပဲ နေမယ်ထင်တယ်။ ဘယ်အချိန်သွားကြည့်ကြည့် ရှိနေမယ်လို့ ထင်ရတယ် ဆိုတာမျိုးပဲ။ ကျွန်တော့်အတွက်တော့ သူတို့ဟာ အဘိုးရယ်၊ အဖေရယ်၊ နယ်ပိုင်ကြီးရယ်နဲ့ ကွာတာတစ်ခုပဲ ရှိတယ်။ အဘိုးတို့က ပြီးဆုံးသွားကြတာ။ ကျွန်တော့်သူငယ်ချင်းတွေက ပျောက်ဆုံးစ ပြုနေတာ။ တခြားလူတွေအတွက် မဟုတ်ရင်တောင် ကျွန်တော့်အတွက်တော့ အဲဒီလိုပဲလို့ ပြောရမှာပဲ။ ရှာလို့မရနိုင်တဲ့ အပိုင်းတွေ များလာတယ်။ ခံစားချက်ဆိုတာကိုလည်း ဆင်ခြင်တုံတရားက သတ်ပစ်လိုက်တာ ကြာမှကိုး။

အားလုံးနဲ့ ဝေးဝေးလာတယ်။ ဝေးတယ်ဆိုတာကလည်း တဖြည်းဖြည်းဆိုတဲ့ စကားလုံးနဲ့ တွဲသုံးမှ အရသာရှိတာ။ ချက်ချင်းဝေးသွားတယ်လို့မှ ပြောလို့မဖြစ်ဘဲ။

မြင့်သန်း

ချင်းတွင်း၊ မတ်လ၊ ၂၀၁၀
အောက်မှာ နေရာလွတ်တွေ အပုံကြီးရှိတယ်

Richard Feynman & Caltech

ပါမောက္ခ ဖင်း(န)မဲင်း Richard Feynman က ၁၉၅၉ က ဟောပြောခဲ့တဲ့ နာမည်ကျော် There’s Plenty of Room at the Bottom ကို ကျွန်တော် ၁၉၈၄ ခုနှစ်ကျမှ ကြားဖူးတယ်။ မဆီမဆိုင်ပြောတဲ့သူက ကျွန်တော်တို့ကို ရှေးဟောင်းဂရိ အတွေးအခေါ် သင်ကြားတဲ့ ပါမောက္ခ မီလော့(စ) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပဲ (ခုတော့ ဆုံးသွားရှာပြီ)။ ဘာမျှထွေထွေ ထူးထူးမပြောဘဲ ရှာဖတ်ကြည့်ကြစမ်းလို့ပဲ ပြောတယ်။

အဲဒီတုန်းက ကျွန်တော်တို့ ဆယ်ယောက်လောက်ရှိတယ်။ စာကြည့်တိုက်မှာ သွားကော်ပီကူးပြီး ကျွန်တော်တို့အားလုံး စာကြည့်တိုက်ထဲက ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း ဖတ်ကြည့်ကြတယ်။ ကျွန်တော်တို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းခါမိကြတယ်။ တကယ်တော့ ကျွန်တော်တို့လေ့လာနေတဲ့ အကြောင်းအရာ အကြောင်းရပ်တွေနဲ့ ဘာမှမဆိုင်ဘူး။

ဖင်း(န)မဲင်းက ရူပဗေဒ အခြေခံနဲ့သိပ္ပံပညာအကြောင်း ဟောပြောခဲ့တာ။ နောက်တစ်ပတ်ကြာတော့ အဖိုးကြီး မီလော့(စ)ကို မေးကြည့်ကြတယ်။ ဒီတော့ သူက “ငါပြောချင်တာ ဖင်း(န)မဲင်းရဲ့အမြင်မှာ အခြေခံပေးတဲ့ သူ့ ကောန်တက်(စ) Context အတိုင်းမဟုတ်ဘူး။ ဒဿနိကဗေဒ၊ ဒဿနစနစ်တွေ အခြေအနေတော်တော်များများမှာလည်း အောက်ခြေမှာ နေရာလွတ်တွေ ရှိသေးတယ်။ ဖြည့်စရာနေရာတွေကျန်သေးတယ်။ ဖြည့်နိုင်တာဖြည့်ဖို့ပဲ” လို့ ပြောပြီး သူရဲ့ဆိုလိုရင်းကို ရှင်းပြတယ်။ တကယ်တော့ ဖင်း(န)မဲင်းရဲ့အမြင်ကို ထောက်ခံရင်း တခြားတစ်ဖက်က ကြည့်တာပဲ။

နောက် ငါးနှစ်လောက်ကြာတော့ ဥရောပမှာ ဘာသာစကား၊ ဘာသာဗေဒအကြောင်း လေ့လာနေတုန်း ဒီစကားကို ထပ်ကြားရပြန်တယ်။ ဒီတစ်ချီတော့ ကျွန်တော်ရိပ်မိနေပြီ။ ခင်ဗျားဆိုလိုတာ ဘာသာဗေဒရဲ့အခြေခံမှာ ဖြည့်နိုင်တဲ့နေရာလွတ်တွေ အများကြီးရှိနေသေးတယ်ဆိုတာပဲ မဟုတ်လားလို့ ကထိကမကြီးကို မေးလိုက်မိတယ်။ သူက ဝန်ခံတယ်။ အတော်များများကတော့ မသိကြလို့ ၁၉၈၄ ခုနှစ်မှာ ကျွန်တော် ကြုံခဲ့ရသလို အပြေးအလွှားစာကြည့်တိုက်သွားပြီး ရှာဖွေဖတ်ခဲ့ကြရတယ်။

ဖင်း(န)မဲင်းရဲ့ ဟောပြောချက်ခေါင်းစဉ်က ဒီရွေ့ဒီမျှနဲ့ မပြီးဘူး။ ကျွန်တော်နဲ့ ထပ်တိုးရပြန်တယ်။ ၂၀၀၅ မှာ မဟာဗျူဟာနဲ့ ပတ်သက်လို့ ပညာရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးက ရှင်းပြနေတုန်း ညွှန်းပြန်တာ ကြားရပြန်တယ်။ သူက ပညာရှင်ဆိုပေတဲ့ တက္ကသိုလ်ပညာရပ်ဆိုင်ရာ အဆောက်အအုံထဲက လာတာမဟုတ်ဘူး။

အချက်အလက် ကောက်ခံရေး စိစစ်ရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာပိုင်းကလာတာ။ ဥရောပစစ်အေးကာလရဲ့ အတွေ့အကြုံတွေ ရှိခဲ့တဲ့လူ။ ဟိုတယ်က သူ့အခန်းမှာ ကျွန်တော်တို့လေးငါးယောက်နဲ့ စကားပြောရင်း ရှင်းပြတုန်း ဖင်း(န)မဲင်းပြောတာ ကြားဖူးတယ်မဟုတ်လို့ အစချီရင်း ပြောပြန်တယ်။ ဆိုလိုရင်းကတော့ ဖင်း(န)မဲင်းရဲ့ ခေါင်းစဉ်လိုပဲ။ ကောန်တက်(စ)ကတော့ မတူဘူး။ အောက်မှာနေရာလွတ်တွေ အပုံကြီးရှိနေတယ်လို့ သတိပေးတာပဲ။

၂၀၀၇ ရဲ့ အစမှာတော့ ရန်ကုန်ကို လေးငါးရက် ရောက်တယ်။ တစ်ညတော့ ကျွန်တော့်မိတ်ဆွေ သားအဖနဲ့ တွေ့တယ်။ ကျွန်တော့်မိတ်ဆွေက ပညာတတ်မျိုးရိုးထဲက ဆင်းသက်လာတာ။ အဖိုးက တိုင်းပညာဝန်၊ အဖေက ကျောင်းအုပ်ဆရာကြီး။ သူကိုယ်တိုင်က ပါမောက္ခ ဖြစ်ခဲ့ဖူးတယ်။ သူ့မိန်းမက ကထိက။ အခု သူ့သားက မဟာသိပ္ပံတို့ ဘာတို့ရပြီးသား။ တည့်တည့်ပြောရရင် ပညာကိုချစ်လို့ ပညာတတ်ဖြစ်လာတဲ့ မိသားတစ်စုပဲ။ ရှေးတုန်းက ပြောလေ့ရှိတဲ့ ပညာရွှေအိုးလူမခိုး ဆိုတာက အမြဲမှန်တဲ့ အဆိုတစ်ခုအဖြစ် လက်ခံပြီး အသက်ရှင်နေခဲ့တဲ့လူတွေ။ ခုတော့ အမြင်ကလေး နည်းနည်းပြောင်းနေပုံရတယ်။

ပြောင်းလဲခြင်းတို့ရဲ့ ထုံးစံအရ အဓိကအကြောင်းရင်းတစ်ခု ရှိကိုရှိနေတယ်။ သူတို့ မိသားစုအမြင်ပြောင်းလာတဲ့ တစ်ခုတည်းသော အကြောင်းကတော့ ဆယ်တန်းကို ဘယ်လိုမှ မအောင်ခဲ့တဲ့ သူ့သမီးကြောင့်ပဲ။ သမီးက ဆယ်တန်းမအောင်နိုင်တော့ အလုပ်ရှာလုပ်တယ်။ အလုပ်ဝင်လုပ်တယ်။ စီးပွားရေးလွတ်လပ်ခွင့်ရလာတဲ့အချိန်မှာ အစုစပ်လုပ်ငန်း ကလေးတစ်ခု လုပ်တယ်။

စွမ်းရည်ကောင်းတော့ အောင်မြင်တယ်။ နောက်တော့ အစုစပ်တွေဆီက အစုတွေကိုဝယ်လိုက်ပြီး သူတစ်ဦးတည်းပိုင် ကုမ္ပဏီ ဖြစ်လာတယ်။ နောက်တော့ ကုမ္ပဏီတွေနဲ့ပေါင်းတယ်။ ဟော ခုတော့ အငြိမ်းစားယူလိုက်တဲ့ အဖေနဲ့ အမေနေဖို့ အက်(ဖ)အမ်အိုင်စီးတီး ဆိုတဲ့ဆီမှာ နှစ်ထပ်တိုက်တစ်လုံး ဝယ်ပေးထားတယ်။ မဟာသိပ္ပံတို့ ဘာတို့ ရထားတဲ့ သူ့အစ်ကိုကတော့ အိုးပိုင်အိမ်ပိုင်မရှိတော့ အဖေအမေနဲ့အတူ လိုက်ပြီး ကပ်နေရရှာတယ်။

ဒီလိုနဲ့ ကျွန်တော့်သူငယ်ချင်း မိသားစုထဲမှာ တဖန်ပြန်ပြီး တွေးစရာတွေ ပေါ်လာတော့တယ်။ အဖေ အမေကတော့ လူအိုလူနှောင်းအဖြစ်ထဲကို မသိမသာ ဝင်လာတာကတစ်ကြောင်း။ ဘာသာရေးအခြေခံကလေးအရလည်း “ရောင့်ရဲတင်းတိမ်မှုရှိရမယ်” ဆိုတာကလေးက ရှိနေတာတစ်ကြောင်းဆိုတော့ ကံကိုပဲလှည့်ပြီး မသိမသာ အပြစ်တင်နေကြတော့တယ်။ ကံကိုလှည့်ပြီး နားရင်းရိုက်လို့ မဖြစ်သေးတာက သူတို့သားပဲ။ သားကတော့ သုံးဆယ်လောက်ပဲရှိသေးတော့ စီးပွားရေးလွတ်လပ်ခွင့်ရှိတဲ့ကာလမှာ ပညာတတ်တို့ရဲ့ စနစ်တကျ တွေဝေမှုကြီးအတွင်း လုံးလည်ခြာလည် လိုက်နေပုံပေါ်တယ်။

ကျွန်တော့်သူငယ်ချင်းသားအဖဟာ သူတို့အသက်နဲ့ ထက်ဝက်သာသာကို ပညာရပ်ဆိုင်ရာ အဆောက်အအုံထဲမှာ ရှင်သန်ကျင်လည်ခဲ့ကြပေတဲ့ သူတို့ ခေါင်းထဲမှာစွဲနေခဲ့တဲ့ “ပညာ” ဆိုတာဟာ “ကျောင်းသင်ပညာ” ပဲ။ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေထဲမှာ ပညာကို စနစ်တကျလေ့လာဖို့ (ချည်းကပ်ဖို့လို့ခေါ်ချင် ခေါ်ပါ) နည်းလမ်းတွေ ပေးတယ်။ အဲဒါတွေကိုက “ပညာ” ပဲလို့ မြင်ပုံမရဘူး။ ဒီပြင် ပညာဆိုတာက နေရာတကာမှာ သူ့ဟာနဲ့သူရှိနေတယ်ဆိုတာကို လက်ခံထားပုံလည်း မရဘူး။

ဒီတော့ အခြေခံအမြင်မှာ အစဉ်အလာက မျက်စေ့မှိတ် နားပိတ် သံမှိုနှက်ထားသလို လက်ခံထားတဲ့အမြင်နဲ့ အသက်ရှင်နေခဲ့ကြတာ။ စာအုပ်ထဲမှာ ရေးထားတာ ဖတ်တတ်တိုင်း တစ်လောကလုံးကို သိမယ်၊ နားလည်နိုင်မယ်လို့ လက်ခံခဲ့ကြတဲ့လူမျိုးတွေ။ သားဖြစ်တဲ့သူက အခြေအနေပိုဆိုးတယ်။ ခုကာမှ ပေါပေါလောလော ဘာသာပြန်ထားတဲ့ တက်ကျမ်းဆိုတာမျိုးတွေ ဖတ်ကြည့်။ ဆယ့်နှစ်စက္ကန့်အတွင်း မီလျံနာဖြစ်နည်းစာအုပ်တွေရှာဖတ်။ ဘာလုပ်ရမှန်း မသိဘူး။ ပညာတတ်ရယ်လို့ ဂုဏ်ခံထားရတာကလေးကိုလည်း မစွန့်နိုင်ဘူး။

ဆယ်တန်းမအောင်တဲ့ သူ့ညီမလို ဒီတစ်သက် စားမကုန်အောင်လည်း (ခဏပဲဖြစ်ဖြစ်) ချမ်းသာကြည့်ချင်သေးတယ်။ ကျောက်တောင်ကြီးပေါ်က ကျောက်စွန်းကလေး တစ်ခုပေါ်မှာရပ်ရင်း အောက်က ပင်လယ်ထဲ ခုန်ချရရင်ကောင်းမလားလို့ စဉ်းစားနေတဲ့လူလိုပဲ။ ကြာကြာ ရပ်မနေနိုင်လို့ ခုန်ချရမယ်ဆိုပြန်ရင်လည်း ရေထဲမကျဘဲ ကျောက်ဆောင်ပေါ်ကျမှာ စိုးနေသေးတာကိုး။ နောက်ဆုံး ကျွန်တော်လည်း ကျွန်တော့်မိတ်ဆွေသားကို “မင်းက ဘာလုပ်ချင်တာလဲ” လို့ တည့်တည့်ပဲ မေးကြည့်လိုက်မိတယ်။

ဒီတော့ သူက မဖြေဘဲ ကျွန်တော့်ကို ပြန်မေးတယ်။ “လူမှာ ဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့ လိုသလား” လို့ မေးတယ်။ ဒီအမေး ဘယ်ကလာတယ်ဆိုတာ ကျွန်တော် မှန်းဆကြည့်လိုက်မိတယ်။ လူမှာ ဆန္ဒရှိဖို့။ ဆန္ဒ ပြင်းပြဖို့ လိုအပ်တယ်ဆိုတဲ့ စေ့ဆော်မှုတွေဟာ ကိုယ့်ကိုယ်ကို အောင်မြင်အောင်တိုက်တွန်းတဲ့ အရေးအသားတွေ။ ဆုံးမချက်တွေဆီက လာတာ။ ခုခေတ် တက်ကျမ်းဆိုတာတွေအထဲမှာလည်းပါတယ်။

ကျွန်တော့်အဖေက ဟာဗတ်ကာဆွန်တို့ရေးတဲ့ အဲဒီလိုကျမ်းမျိုးတွေ သိပ်ဖတ်တယ်။ ကျွန်တော့်ကိုလည်း ငယ်စဉ်ကတည်းကပဲ အဲဒါမျိုးတွေ ဖတ်ခိုင်းလေ့ရှိတယ်။ ဘွဲ့ရတဲံအချိန်လောက်အထိ ဖတ်ခိုင်းသေးတယ်။ အဲဒီနောက်တော့ သူ့သားဟာ သူ့လိုကြီးပွားလောက်မယ့်သတ္တဝါ ဟုတ်မယ် မထင်ဘူးလို့ အဖေ အမြင်ပေါက်သွားပုံရတယ်။ မဖတ်ခိုင်းတော့ဘူး (ဖြစ်ချင်တော့ ဘွဲ့လွန်ပညာသင်ရင်း စိတ်ပညာနဲ့ ဆက်စပ်နေတဲ့ ဘာသာရပ်တစ်ခုထဲမှာ သာမန်လူတစ်ယောက်ကို ဘယ်လိုလှည့်ဖျားပြီး မေးခွန်းမေးလို့ရတယ်ဆိုတာကို လေ့လာတဲ့အခါ အဲဒီစာအုပ်တွေ တော်တော်များများ ဖတ်ရတယ်။ အဲဒီအရေးအသားတွေက ကျလောက်တာကိုး)။

နောက်တော့ ဒဿနိကဗေဒဌာနမှာ ဆရာကြီး ဦးဖေအောင် ပါမောက္ခ ဖြစ်လာတယ်။ အဖေတို့နဲ့ ကာလတူကြီးပြင်းခဲ့တဲ့သူ။ မျိုးဆက်တူတွေလို့ခေါ်ရမယ်ထင်တယ်။ သူကလည်း Pushing to the Front ဆိုတဲ့စာအုပ်ကို ဖတ်ခိုင်းတယ်။ ဖတ်ခိုင်းရုံမကဘူး။ ကျွန်တော်တို့ မဖတ်မှန်းသိတော့ တစ်နေ့ (သိပ်မကြာခင်ကမှ မန္တလေးမှာ သေသွားတဲ့ ပါမောက္ခ) ကိုကျော်စိန်နဲ့ ကျွန်တော့်ကို တစ်အုပ်စီ လက်ဆောင်ပေးတယ်။ ကျွန်တော်သိသရွေ့တော့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဟိုဖတ် ဒီဖတ် ဖတ်တာမျိုးပဲ ရှိတယ်။ ဖိန်းကောင်းရုံ၊ ပြောလို့ဆိုလို့ကောင်းရုံ ဆိုတာလောက်ပဲ ဖတ်တာ။ အနှစ်သာရပေါ်လောက်တဲ့အထိ မဖတ်ကြဘူး။ ကိုကျော်စိန်ကတော့ ဘာလို့ မဖတ်သလဲ မသိဘူး။

ကျွန်တော်ကတော့ အဲဒီအရေးအသားတွေမှာ အယုံအကြည်မရှိဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ သီးခြားတည်ရှိနေတဲ့ လူအသီးသီးကို ယေဘုယျစံ၊ ယေဘုယျစနစ် တစ်စုံတစ်ရာ အောက်မှာထားပြီး ထိန်းကျောင်းပြီး ဘဝလမ်းကြောင်း ပြောင်းပေးလို့ ရလိမ့်မယ်လို့ မယုံကြည့်ဘူး။ လူတိုင်းမှာ တူညီတဲ့ အနေအထား၊ တစ်သားတည်းကျတဲ့ အခြေအနေ၊ အခွင့်အရေးတွေ ရှိတယ်၊ ရှိလိမ့်မယ်လို့ ကျွန်တော် မယုံဘူး။

အနေအထားချင်းမတူလို့ ပုတ်သင်ညိုတောင်မှ မညိုဘဲ စိမ်းတဲ့အခါ၊ စိမ်းတာကို လက်ခံတယ်။ ခုခေတ်မှာတော့ ကာလဒေသ ပယောဂကို ထည့်မစဉ်းစားဘဲ နင်းပြီးဘာသာပြန်ထားတဲ့ တက်ကျမ်းတွေ မှိုလိုပေါက်နေတယ်။ မူရင်း ရေးသားတဲ့လူတွေရဲ့ အနေအထား၊ အခြေအနေတွေကို ဘာမျှထည့်မစဉ်းစားဘဲ အတင်း ဘာသာပြန်တာ ရုပ်ဆိုးလွန်းတယ်။

ကက်ဆွန်တို့၊ ကာနက်ဂီတို့မှာ အပြစ်ဘာမှ မရှိဘူး။ ကားလ်မာ့(စ)ဟာ ဥရောပက ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်နဲ့ လူမှုဖူလုံရေးနွမ်းပါးတဲ့ လက်လုပ်လက်စား လူတန်းစားတွေ၊ အခြေအနေအရပ်ရပ်တွေအပေါ်မှာတည်ပြီး (အခြေခံပြီး) ရေးတာ၊ နေရာတကာမှာ တစ်သားတည်းကျရမယ်။ ဖြစ်ရမယ်လို့ မဆိုဘူး။ ကွန်မြူနစ် အင်တာနေရှင်နယ်အောက်မှာ သဟဇာတဖြစ်မှုအခြေခံနဲ့ ပြုပြင်ယူကြတယ်။ သိပ္ပံပညာမှာဆိုတဲ့အဆိုတွေလို တစ်ညီတစ်ညွတ်တည်း လက်ခံလို့မရနိုင်ဘူး။ အရင်းရှင်မရှိတဲ့အရပ်မှာ အရင်းရှင်လိုက်ရှာပြီး တိုက်ခိုက်နေလို့ မရဘူး။ ဆာ့(စ)ဆိုတဲ့ ငနဲတစ်ကောင်ရေးတဲ့ မွဲတေမှုနိဂုံး ဆိုတာအထဲမှာ ချမ်းသာတဲ့တိုင်းပြည်က ဆင်းရဲတဲ့ တိုင်းပြည်ကို ကူရမယ်တဲ့။

သာမန်ဖတ်ရင်တော့ ဟုတ်နေတာပဲ။ စေ့စေ့ဖတ်ကြည့်ရင် အရင်ကရှိခဲ့တဲ့ “လူဖြူတာဝန်” ဆိုတာကို ပြန်ဖော်ထုတ်ပြီး စီးပွားရေးအခြေခံနဲ့ ကိုလိုနီပြုကျင့်မှုဆီ ဦးတည်သွားတာပဲ (ပိုက်ဆံပေး ကျွန်ခံခိုင်းတဲ့စနစ်။ အချိန်ရရင် အဲဒီစာအုပ်အကြောင်း ရေးပါဦးမယ်) မိုက်ကရို ဆော့(ဖ)က ဒု-ဥက္ကဌ ပြောတဲ့ “ကျုပ်တို့ဆီက စီအီးအိုတွေဟာ ဟားဗတ်စီးပွားရေးတက္ကသိုလ် ကျောင်းထွက်တွေ မဟုတ်ကြဘူး” ဆိုတာကိုသာ စဉ်းစားကြည့်ကြပါ။

ရှင်းရှင်းဆိုရရင်တော့ “အခြေအနေ အရပ်ရပ်ကို ထည့်မစဉ်းစားဘဲ” ပိုက်ဆံရရေးလောက်ကိုပဲတွက်ပြီး ဘာသာပြန်တဲ့လူတွေက ခက်နေတာ။ တကယ်လို့သာ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်အတွင်းမှာ မြန်မာပြည်ထဲမှာ အကြီးအကျယ်အောင်မြင်ပြီး ကြီးပွားချမ်းသာလာတဲ့ လူတစ်ယောက်ယောက်က “ကျွန်ုပ်၏ ကြီးပွားချမ်းသာရေး နည်းလမ်းများ” လို့ ရေးသားထုတ်ဝေခဲ့ရင် မြန်မာလူငယ်တွေအနေနဲ့ (အောင်မြင်ချင်၊ ချမ်းသာချင်တဲ့ လူငယ်တွေအနေနဲ့) အနည်းဆုံး ဖတ်ကြည့်သင့်တယ်ဆိုတာ ကျွန်တော် မငြင်းဘူး။

တကယ်တော့ ကျွန်တော့်သူငယ်ချင်းရဲ့သား မေးတဲ့မေးခွန်းဟာ တကယ့်ကို ကောင်းတဲ့မေးခွန်း။ အထူးသဖြင့် ကျွန်တော်တွေ့ခဲ့ကြုံခဲ့ရတဲ့ (သူ့အရွယ်) ကနေ့ မြန်မာလူငယ်ပိုင်းက မမေးကြဘူး (စနစ်တကျ ပညာအရာနဲ့ ထိတွေ့မှု လျော့ပါးလာလို့ မမေးတတ်ကြတာလည်း ဖြစ်မယ်)။ “လူမှာ ဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့ လိုအပ်တယ်” လို့ အာမခံပြီး ပြောလို့တော့ မဖြစ်ဘူး။ အကြောင်းက အဲဒီ “လူ” ဟာ ဘာလုပ်ချင်တာလဲ။ ဘယ်နေရာကနေ စဉ်းစားမှာလဲ။ . . စတဲ့ သူနဲ့ပတ်သက်တဲ့ ကောန်တက်(စ)တွေ ဒါတာခေါ်တဲ့ အချက်တွေသိဖို့ လိုအပ်နေလို့ပဲ။

ပိုက်ဆံရဖို့ စဉ်းစားနေတဲ့လူနဲ့ အသိပညာတစ်စုံတစ်ရာ ရချင်တဲ့လူ တွေးပုံမတူဘူး။ ပိုက်ဆံရပြီး အောင်မြင်ကျော်ကြားဖို့ လုပ်တဲ့အလုပ်နဲ့ အချက်အလက် အကြောင်းအရာတစ်ခုရဲ့ အမှန်တရားကို သိရအောင်လုပ်နေရတဲ့ အလုပ်အကြားမှာ တွေးခေါ်ပုံ ကွာတယ်။ တစ်မျိုးတည်း ထင်ထားမိရင် ငါးပါးမှောက်ရုံပဲ။ ဒါပေတဲ့ အမှန်တရားတစ်စုံတစ်ရာကို သိအောင် ပြီးရင် လုပ်တဲ့တွေးခေါ်ပုံမျိုးကတော့ နေရာအတော်များများမှာ တွေးတဲ့လူရဲ့ ဥာဏ်ရည် ဥာဏ်သွေးလိုက်ပြီး အသုံးချလို့ရမှာပဲ။

ဆိုလိုတာက “ငါ အောင်မြင်ရမယ်” လို့ ဆန္ဒရှိတာ မှားတယ်လို့ မပြောနိုင်ပေတဲ့ “မအောင်မြင်ခဲ့ရင် ဘာလုပ်မလဲ” လို့ တွေးမထားရင်တော့ အမှားတစ်ခုကို ကျူးလွန်တာနဲ့ အတူတူပဲ။ အင်္ဂလိပ်လိုရေးပြရရင် ပိုလွယ်မယ်ထင်တယ်။ Expect to perceive နဲ့ Want to perceive ကွာတယ်။ အခြေအနေ အရပ်ရပ်ပေါ်မှာတည်ပြီး ဒီလို ဒီလို “ဖြစ်နိုင်တယ်” လို့ လက်ခံ ထားတာဟာ ကိုယ့်ဆန္ဒအရ ဒီလို ဒီလို “ဖြစ်မှာပါ” လို့ လက်ခံထားတာနဲ့ မတူဘူး။ ဒါကြောင့်လည်း စနစ်တစ်စုံတစ်ရာ အခြေခံပြီး ခွဲခြမ်းစိတ်ဖြာကြည့်တဲ့ အပိုင်းကလူတွေဟာ “ယေဘုယျကျတယ်” ဆိုတဲ့ အချက်မျိုးကိုရှောင်ပြီး တွေးကြတော့တာပဲ။

ယေဘုယျကျခြင်းဟာ သီးခြားအဖြစ်အပျက်တစ်ခုအတွက် မှန်ကန်တဲ့ရလဒ်ရဖို့အတွက် ဦးဆောင်မှုမပေးနိုင်ဘူး။ လူမှာ ဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့ လိုအပ်တယ်ဆိုတာကို တစ်မျိုးတစ်ဖုံ လက်ခံနားလည်ပြီး “ငါအောင်မြင်ရမယ်” “ငါချမ်းသာရမယ်” လို့ တကယ့်ဖြစ်ရပ် ဖြစ်ခြေ၊ အချက်အလက်၊ အနေအထားတွေပေါ်မှာ အခြေမခံဘဲ ဆန္ဒရှိနေလို့ကတော့ အလကားပဲ။

ဆန္ဒဆိုတာ စိတ်ကူးတာ၊ စိတ်ကူးယဉ်တာနဲ့လည်း ဆက်စပ်နေတယ်။ တစ်စုံတစ်ရာ အကောင်အထည်ပေါ်ဖို့ဆိုတာ စိတ်ကူးမှာ အခြေခံတယ်လို့ ပြောခဲ့တာတွေ ရှိပါတယ်။ ဒါကို ကျွန်တော် မငြင်းပါဘူး။ ကျွန်တော်ထောက်ပြချင်တဲ့ အချက်တစ်ခုက “စိတ်ကူးမှာ အခြေခံတယ်…” ဆိုတဲ့အချက်ရဲ့ နောက်ဆက်တွဲကပ်ပါနေတဲ့ အချက်ပါ။

ဒီ အချက်ကို ထည့်မပြောကြတဲ့အတွက် နားလည်ပုံလွဲတတ်ကြပါတယ်။ “စိတ်ကူးမှာ အခြေခံတယ်….” ဆိုပေတဲ့ အကောင်အထည်ပေါ်ဖို့ ဆက်သွားတဲ့အပိုင်းဟာ စိတ်ကူးကို စနစ်တကျဆင်ခြင်ခြင်းအောက်ကို ပြောင်းလိုက်ပြီး ပိုမိုသေချာ ရေရာတဲ့ အနေအထားကို ပြောင်းယူလိုက်တာပဲ။ စိတ်ကူးဟာ သိမှုအတွင်းမှာ ပိုမိုပီပြင်တဲ့ပုံရုပ်တစ်ခုအဖြစ် ပြောင်းသွားပါတယ်။

လွယ်လွယ်ဥပမာ ပေးပါရစေ။ တောတွေး၊တောင်တွေး တွေးနေရင်းက ပင်လယ်ကမ်းစပ်သွားပြီး နှပ်နေရရင် ကောင်းမှာပဲလို့ စိတ်ကူးရလာတယ်ဆိုပါစို့။ တကယ်သွားပြီး နှပ်နိုင်ဖို့အတွက် စိတ်ကူးဟာ စိတ်ကူးထဲမှာတင် ရပ်နေလို့မရဘူး။ ပိုမိုတိကျတဲ့ ဆင်ခြေတွေနဲ့ ဆက်စဉ်းစားကြည့်ဖို့ လိုလာတယ်။ ဘယ် ပင်လယ်ကမ်းစပ်ကို သွားချင်တာလဲ။ ငပလီလား၊ ချောင်းသာလား၊ မောင်းမကန်လား တစ်ခုခုကို ရွေးရလိမ့်မယ်။

ဘယ်လိုသွားမလဲ။ လေယာဉ်ပျံနဲ့လား၊ ကားနဲ့လား။ ဟိုရောက်ရင် ဟိုတယ်မှာနေမှာလား။ အသိရှာပြီး တည်းမှာလား။ သောင်ပြင်ပေါ်မှာ အိပ်မှာလား။ … ဒါတွေဟာ ထည့်မစဉ်းစားလို့ မဖြစ်ဘူး။ အဲဒီလို စဉ်းစားတာနဲ့အတူ တခြားဖြစ်နိုင်တာတွေလည်း ထည့်စဉ်းစားဖို့လိုတယ်။ ဥပမာ ဟိုတယ်မှာ လူပြည့်နေရင် ဘာလုပ်မလဲ။ ကားနဲ့သွားမယ်ဆိုရင် ချောင်းရေလျှံတာနဲ့တိုးရင်၊ လမ်းမှာတံတားကျိုးတာနဲ့တိုးရင် ဘာလုပ်မယ် ဖြစ်နိုင်တယ်ဆိုတာ ထည့်စဉ်းစားရမှာပဲ (အဲဒါတွေက ရှေ့မှာရေးခဲ့တဲ့ Expect to perceive ပဲ။ ပင်လယ်ကမ်းစပ်ရောက်လို့ ငါ့ကိုများ မော်ဒယ် ကောင်မလေးတွေက ဝိုင်းပြီး ဖက်နမ်းကြရင်ကောင်းမှာလဲလို့ တွေးကြည့်တာက wish to perceive)။ ဒီတော့ ပိုမိုတိကျတဲ့ ဆင်ခြေတွေနဲ့ ဆင်ခြင်ကြည့်တယ်ဆိုတာဟာ လိုအပ်မှု တစ်ခုဖြစ်နေတယ်။ ပိုမိုတိကျတဲ့ ဆင်ခြေတွေကို တည်ဆောက်ဖို့ အချက်အလက်တွေလိုတယ်။ အချက်အလက်များလေလေ၊ ကောင်းလေလေပဲ။

အဲဒီအချက်အလက်တွေထဲကမှ ကိုယ်လိုအပ်တာတွေကို ရွေးယူပြီး ပြန်လည်စိစစ်လေ့လာအကဲ ဖြတ်ရတာပဲ။ ဒီအပြုအမူဟာ နေ့စဉ်ဘဝထဲမှာ လူတိုင်းအတွက်သာ မဟုတ်ဘူး။ ကောပိုရိပ်ကြီးတွေ၊ မဟာဗျူဟာဌာနကြီးတွေ စသဖြင့်တွေမှာ ပြုမူနေရတဲ့ အပြုအမူပဲ။ တကယ်တော့ ဆန္ဒဟာ ဆန္ဒရှိနေခြင်းသက်သက်နဲ့ မလုံလောက်ဘူး။

တကယ့်ဘဝဟာ စိတ်ကူး(ယဉ်)တာနဲ့ ကွာပါတယ်။ ဒီတော့ တကယ့်ဘဝထဲမှာ တစ်စုံတစ်ရာဖြစ်ဖို့ ပြင်ဆင်တာနဲ့၊ စိတ်ကူးထဲမှာ (အတွေးသက်သက်ထဲမှာ) ဆန္ဒရှိနေတာနဲ့ ကွာသွားတော့တာပဲ။ စိတ်ကူးထဲမှာ မကောင်းတာထည့်ပြီး စိတ်ကူးမယဉ်ပေတဲ့ တကယ့်ဘဝအတွက်တော့ ထည့်စဉ်းစားရမှာပဲ။

ဒီနေရာမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံစဉ်းစားတယ် (Open minded ဖြစ်တာကို ဆိုလိုတာပါ) နဲ့ တင်ကူး ရည်ရွယ်ချက်ထားစဉ်းစားတာ ကွာသေးတယ်။ ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြီး စဉ်းစားတယ်ဆိုတာ မရေမရာနဲ့စဉ်းစားတာ။ အချိန်တွေသိပ်ပိုနေတယ်။ ပိုက်ဆံတွေ သိပ်ပိုနေတယ်ဆိုတဲ့ လူမျိုးတွေလုပ်လေ့ရှိတဲ့ အတွေးမျိုး။ ဟိုဟာလိုလို၊ ဒီဟာလိုလို လက်ခံပြီးတွေးနေတာ။ ကိုယ်က တစ်ခုခု လုပ်ချင်တာ၊ ဖြစ်ချင်တာမျိုးမှာတော့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြီး စဉ်းစားနေသရွေ့ သောင်မတိုက်၊ ကမ်းမဆိုက် ဖြစ်နေမှာပဲ။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပုံက ဘယ်ဟာ အရင်၊ ဘယ်ဟာ နောက်ဆိုတာကို ထည့်မစဉ်းစားတာနဲ့ အရင်နဲ့နောက် နေရာချင်းပြောင်းခဲ့ရင် ဘယ်လိုရလဒ်မျိုးပေါ်လာပြီး၊ ဒီရလဒ်တွေကို ရင်ဆိုင်ဖို့ ဘာတွေလုပ်ထား “သင့်တယ်” ဆိုတာကို ထည့်မစဉ်းစားတာဘဲ။

လက်တွေ့ဘဝမှာ ဓမ္မဒိဌာန်ကျတယ်လို့ လက်ခံထားတာက ယာယီသဘောနဲ့ လက်ခံထားတဲ့ အဆို/အကြောင်းအရာ တစ်ခုဟာ အခြေခံအဖြစ် (Basic assumption ကိုဆိုလိုတာပါ) နဲ့ ရေရာသေချာတဲ့ ဆင်ခြင်မှု Reasoning က ရလဒ်ပဲ။ ဒါကြောင့်လည်း မဟာဗျူဟာဌာနကြီးတွေမှာ လုပ်နေကြတဲ့လူတွေဟာ ဖြစ်နိုင်မယ့် အဆိုးရွားဆုံး အခြေအနေ (Worst case scenario ကို ဆိုလိုတာပါ) ကို ထည့်စဉ်းစားကြည့်ထားကြရတာပဲ။ ကိုယ် စိစစ်လေ့လာထားတာ၊ ကိုယ် ဆုံးဖြတ်ထားတာတွေ အထဲမှာ အဲဒီလိုဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာ ထည့်စဉ်းစားရတာပဲ။ အဲဒီလို စဉ်းစားထားပါမှလည်း ကြုံလာခဲ့ရင် အသင့်ဖြစ်နေမှာ၊ မဟုတ်ခဲ့ရင် ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး မျက်လူးဆန်ပြာနဲ့ ဆောက်တည်ရာမရ ဖြစ်ကြတော့တာပဲ။

ဒီတော့ ကျွန်တော့်မိတ်ဆွေရဲ့သားမေးတဲ့ “လူမှာဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့ လိုသလား” ဆိုတာကို ပြန်လေ့လာရင်၊ ဆန္ဒဟာ ယေဘုယျ အနေအထားတစ်ခု သက်သက်အနေနဲ့ “ရှိ” နေလို့မရဘူး။ ရေရာမှုရှိဖို့လိုတယ်။ ဦးတည်ချက်ရှိရမယ်။ ဒီထက်အရေးကြီးတာက တစ်ဦးတစ်ယောက်က ဒီလို ဒီလို ဆန္ဒရှိရင် ဖြစ်မြောက်တယ်၊ အောင်မြင်တယ်ဆိုလို့ ကိုယ်ကလည်း တစ်သားတည်းဖြစ်လိမ့်မယ်လို့ တွေးထားလို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဆင်ခြင်တုံတရားဟာ လူတိုင်းအတွက် အရေးကြီး နေတာပဲ။ လူတိုင်းမှာ အမြင်သစ် ဒါမှမဟုတ်ရင် နုပျိုလန်းဆန်းနေတဲ့အမြင် (ခပ်လွယ်လွယ် ဆိုရရင်တော့ Fresh perspective ပဲ) လိုတယ်။

အမြဲတစေ လိုအပ်မယ်လို့ မပြောနိုင်ပေတဲ့၊ အနေအထားအရပ်ရပ်ကို သုံးသပ်ဖို့လိုအပ်တယ်။ ဆန္ဒရှိလို့ အောင်မြင်တယ်၊ အောင်မြင်ခဲ့တယ်ဆိုတဲ့လူတွေ သူတို့အရေးအသားတွေကို ကိုယ့်အနေအထားက လေ့လာကြည့်တာပဲ။ သူတို့အတွေ့အကြုံတွေနဲ့ ကိုယ့်အတွေ့အကြုံ၊ အမြင်တွေကြားမှာ ကူးလူးဆက်ဆံ သွားလာကြည့်ဖို့လိုတာပဲ။ ကာလ၊ ဒေသ၊ ပယောဂ စတာတွေရဲ့ မတူညီမှုကို တွေ့လာမှာပဲ။ ဒီတော့မှ ဖြစ်နေခြင်းနဲ့ ဖြစ်သင့်ခြင်းကို မြင်လာမယ်။ အမြင်သစ်တစ်ခု ရလာမယ်။ အဲဒီအမြင်သစ်ဟာ ပုံတူကူးချတဲ့အမြင် မဟုတ်တော့ဘူး။ ကိုယ့်အနေအထားတွေနဲ့ ဆက်စပ်ကြည့်ပြီး၊ ကနဦး အမြင်တွေကို ပြန်လည်သန့်စင်ထားတဲ့ အမြင်ပဲ။ ကိုယ့်ရဲ့လက်တွေ့ဘဝမှာ လုပ်လို့ကိုင်လို့ဖြစ်နိုင်မယ့်အမြင်ပဲ။

ဒါကြောင့် တက်ကျမ်းတို့ ကြီးပွားရေးကျမ်းတို့ ဆိုတာကို ဖတ်ကြည့်ပြီး ဆန္ဒချည်းပဲ ထိုင်ရှိနေလို့မရဘူး။ ဥပမာ ဆိုရရင် ရေကူးသင်နည်းစာအုပ်ဖတ်ပြီး ပင်လယ်ထဲခုန်ဆင်းလို့ မရနိုင်ဘူး။ ခုန်ဆင်းလိုက်မိလို့ ဒီနေ့အထိ ကုန်းပေါ်ပြန်ရောက်မလာတဲ့သူတွေ အပုံကြီးပဲ။ ကိုယ့်ရဲ့အဆုံးအဖြတ် လိုအပ်တယ်။ နုပျိုလန်းဆန်းနေတဲ့ အမြင်ဟာ ကိုယ့်ရဲ့အဆုံးအဖြတ်နဲ့ တည်ဆောက်ထားတာပဲ။

လူတွေမှာ အဆုံးအဖြတ်လုပ်ဖို့ တစ်ခုခုဆုံးဖြတ်ဖို့အတွက် ရှင်သန်နေတဲ့ အမှတ်အသား၊ အမှတ်သညာတွေ ဦးနှောက်ထဲမှာ ရှိနေတာပဲ (လွယ်လွယ်ဆိုရရင်တော့ Working memory ပဲ)။ ဒါတွေက အတွေ့အကြုံ တစ်မျိုးမျိုးကို လူ့ရဲ့ပုဂ္ဂလိက သိမှုအတိုင်းအတာနဲ့ယှဉ်ပြီး (အခြေခံပြီး) လက်ခံထားတာပဲ။

အဆုံးအဖြတ်ပေးကာနီးမှာ လိုသလိုဆွဲထုတ်ပြီး ပြန်လည်နှိုင်းယှဉ်၊ တိုက်ဆိုင်စစ်ဆေးပြီး ဆုံးဖြတ်တာပဲ။ ဒါကြောင့် လူတိုင်း အခြေအနေတိုင်း ဖြစ်ရပ် (case ကို ဆိုလိုပါတယ်) တိုင်းကို သီးခြား နားလည်လက်ခံဖို့လိုတယ်။ ရှေ့မှာရေးခဲ့သလို သဘောထားကြီးကြီး ကျယ်ကျယ်ပြန့်ပြန့် ယေဘုယျကျကျဆိုတာတွေက နေ့စဉ်ဘဝထဲမှာ လက်တွေ့လုပ်ဆောင်တဲ့ အရာတိုင်းမှာ အံမကျနိုင်ဘူး။

ဆုံးဖြတ်တယ်ဆိုတာကလည်း တကယ်တော့ သိထားတဲ့အချက်တွေအားလုံးကို ထည့်စဉ်းစားပြီး မသိသေးတဲ့ အချက်တစ်ခုကို လက်ခံတာပဲ။ သိထားတာကနေ မသိသေးတာကို ခုန်ထွက်လိုက်တဲ့ သဘောပဲ (မဟာဗျူဟာဌာနကြီးတွေမှာတော့ Analytical leap လို့ ခေါ်တတ်ကြတယ်။) အဆုံးအဖြတ်တိုင်းမှာ မရေရာမှုဆိုတာက ရှိနေမှာချည်းပဲ။ ဒါကြောင့်လည်း အဆုံးအဖြတ်လုပ်မယ့်လူ (ဒီနေရာမှာ လူတစ်ဦးချင်းစီမကဘူး၊ လူ့အဖွဲ့အစည်းအထိ ထည့်ကြည့်နိုင်တယ်။) အနေနဲ့ သူလုပ်မယ့် အဆုံးအဖြတ်နဲ့ သက်ဆိုင်နေတဲ့ နယ်နိမိတ် (အတိုင်းအတာ၊ အကျယ်အဝန်း) ကို သတ်မှတ်ပြီး အချက်အလက် အထောက်အထား အကုန်ယူရတာပဲ။ အဲဒီကရသမျှအချက်ကို အခြေခံပြီး စနစ်တကျ ဆင်ခြင်ရတာပဲ (အနေအထားကိုလိုက်လို့ ယုတ္တိနည်းလမ်းတကျ အဖြေထုတ်တာပဲ။ Situational logic ဆိုတာပဲ။

မဟာဗျူဟာဌာနကြီးတွေက လူတွေပြော ပြောနေတတ်တဲ့ Area studies ဆိုတာနဲ့ချည်းကပ်လေ့လာတာမျိုးတွေပဲ)။ ဒီနေရာမှာလည်း ယေဘုယျဆိုတဲ့ အနေအထားကို ငြင်းဆိုပြီး လက်ခံထားရမှာပဲ။ အကြောင်းက ဘယ်အနေအထား (အခြေအနေ) ပဲဖြစ်ဖြစ်၊ သီးခြားသဘောဆောင်နေတာချည်းပဲ။ ရှေ့မှာဆိုခဲ့သလို၊ ကိုယ့်မှာရှိနေတဲ့ လက်ရှိအနေအထားကို ပစ်ပယ်ငြင်းဆို မသိကျိုးကျွံပြုထားလို့မဖြစ်ဘူး။ လက်ရှိအနေအထားထဲမှာ တကယ်ဖြစ်ပျက်နေတာတွေ (Concrete elements of current situation လို့ ခေါ်လိုရင်ခေါ်ပါ) ကို အခြေခံပြီး ဆက်စပ်ဆင်ခြင် ကြည့်ရမှာပဲ။

ဒီ-ဘိုနိုပြောတဲ့အတိုင်း ဝါးဗလောက်သောက်က လူတစ်ယောက်ယောက်က တစ်သားတည်းလိုက်မလုပ်နိုင်ဘူး။ ရွှေလီမြစ်ကမ်းပါးက ကျွန်းသစ် ထုတ်လုပ်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုနည်းလမ်းအတိုင်း ငဝန်မြစ်ကမ်းပါးက ထင်းအရောင်းသမား (ထင်းသည်) က တစ်သားတည်း လိုက်လုပ်လို့ မရနိုင်ဘူး။

ဒီတော့ လူအသီးသီးရဲ့ အနေအထားတွေ မှန်သမျှဟာ တစ်မျိုးတစ်ခြားစီ၊ တစ်သီးတစ်ခြားစီပဲ (One of a kind ပဲ)။ လူတစ်ဦးတစ်ယောက်ဘဝမှာ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကလည်း တိုင်းတာရခက်တာပဲ။ ဘာ “စံ” နဲ့ တိုင်းမလဲ။ ဒီလိုအခြေအနေမျိုးမှာ သိပ္ပံပညာက ပေးထားတဲ့ ယတိပြတ်စံဆိုတာက ဘာမျှ အသုံးမဝင်ဘူး။ (သိပ္ပံပညာဆိုတာ အသုံးမဝင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး)။

ဟိုက်ဒရိုဂျင်နှစ်ဆ၊ အောက်ဆီဂျင်တစ်ဆပေါင်းလို့ ရေဖြစ်တယ်ဆိုတဲ့ ယတိပြတ် ဖော်မြူလာနဲ့ အဖြေထုတ်ယူတာမျိုးဟာ နေ့စဉ်ဘဝမှာ အသုံးမတည့်ဘူး။ မြန်မာပြည်မှာက သိပ္ပံပညာအခြေခံလို့ပြောရမယ့် ဆေးပညာတို့၊ အင်ဂျင်နီယာပညာတို့၊ ဘီအက်(စ)စီမျိုးစုံနဲ့ ပညာရှင်အချို့ (နည်းတော့ နည်းပါတယ်။ ခုခေတ် လူငယ်ပညာရှင်တွေက အမြင်ကျယ်ကျယ်နဲ့ လက်ခံလာကြတာ သတိထားမိတယ်။

၆၀ ခုနှစ်တွေ၊ ၇၀ ခုနှစ် တွေတုန်းက ဆရာဝန်၊ အင်ဂျင်နီယာတချို့ဟာ သိပ္ပံပညာဆိုတာ ရုပ်လောကကို အခြေခံပြီး ရေရာသေချာတဲ့ အမှန်တရားကို ဖော်ထုတ်သူတွေပဲဆိုပြီး အယူလွဲ အနက်ဖော်ရင်း သူတို့ဘာသာဂုဏ်ယူကြပြီး ဝိဇ္ဇာပညာလေ့လာသူတွေဟာ မရေမရာသမား၊ အိယောင်ဝါးတွေပဲလို့ နှိမ်ခဲ့ကြတာတွေ ကြားခဲ့ရ၊ ကြုံခဲ့ရဖူးတယ်) ဟာ ခုထိ သိပ္ပံမှ သိပ္ပံလို့ အတင်းစေ့ဆော်တိုက်တွန်းနေကြတာတွေ ရှိနေတယ်။

ကျွန်တော့်အနေနဲ့ သိပ္ပံရဲ့အခန်းကဏ္ဍကို အထင်မသေးပါဘူး။ တကယ့်ကမ္ဘာကြီးထဲမှာတော့ ဒီကနေ့လောကတွေမှာ သိပ္ပံရယ်၊ ဝိဇ္ဇာရယ်လို့ အတင်းစည်းရိုးထားပြီး နေ့စဉ်ဘဝကို တည်ဆောက်ခိုင်းတာမျိုး ရှားကုန်ပြီ။ ပညာရပ်အခြေခံပြီး လုပ်ကိုင်နေရတဲ့ ဘဝတွေထဲမှာ စည်းရိုးတားထားဖို့ ခက်တယ်။ ကျွန်တော့်အတွေ့အကြုံအရဆိုရရင် ဥပမာ Emergence theory လိုဟာမျိုးကို အသုံးပြုတဲ့အခါ သိပ္ပံရယ်၊ ဝိဇ္ဇာရယ်လို့ အငြင်းပွားပြီး အဖြေရလဒ် တစ်စုံတစ်ရာ တည်ဆောက်နေလို့ မရဘူး။ ကျွန်တော့်အနေနဲ့ သိရှိရတဲ့ အချက်အလက်ရဲ့ ခိုင်မာမှုအတွက် အရင်းအမြစ်ကို ကြည့်တယ်။ ဆေးပညာမှာ ရောဂါ ဇာစ်မြတ်ရှာသလိုပဲ (Etiology လို့ ခေါ်တယ်ထင်တယ်)။ ဒီနေရာမှာ ကျွန်တော်သုံးစွဲရတဲ့ Emergence theory ရဲ့ သဘောဟာ သင်္ချာပညာရှင်တစ်ယောက်၊ အင်ဂျင်နီယာ/ဗိသုကာတစ်ယောက်ရဲ့ ချဉ်းကပ်လေ့လာပုံနဲ့ တူချင်မှ တူမယ်။ အခြေခံသညာကို သိရှိလက်ခံထားပုံလောက်ပဲ တူနိုင်မယ်။ ဆိုလိုတာက ဥပမာ The whole is greater than the sum of its parts ဆိုတာလောက်ကိုပဲ ယူပြီး သုံးကြည့်တာမျိုး။

ဒါကြောင့်လည်း သိပ္ပံပညာရဲ့ အဆိုတွေပဲဖြစ်ဖြစ်၊ ဝိဇ္ဇာပညာရဲ့ အဆိုတွေပဲဖြစ်ဖြစ်၊ အသုံးတည့်အောင် သုံးစွဲတတ်ဖို့၊ သုံးစွဲနိုင်စွမ်းရှိဖို့က အခရာပဲ။ ဒါကြောင့်မို့လည်း သီဝရီတစ်စုံတစ်ရာကို အခြေခံပြီး ချည်းကပ်လေ့လာကြတဲ့အခါ Theoretical application လို့ ပြောတာထက် Social Science Approach လို့တောင် သုံးစွဲလာကြတာတွေ ရှိလာတယ်။ ခုခေတ်ကာလမှာ သိပ္ပံမှ သိပ္ပံ၊ ဝိဇ္ဇာမှ ဝိဇ္ဇာဆိုပြီး နားသွင်းဖို့ မသင့်တော့ဘူး။

ကျွန်တော့်မိတ်ဆွေရဲ့ သားမေးတဲ့ “လူမှာဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့လိုသလား” ဆိုတာကို ပြန်ပြီးလေ့လာဆွေးနွေးရရင် ဆန္ဒရှိနေခြင်းသက်သက်ဟာ တစ်စုံတစ်ရာပဲဖြစ်ဖြစ်၊ အောင်မြင်ဖို့အတွက် မလုံလောက်သေးဘူး။

ရှေ့မှာဆိုခဲ့သလို လူအသီးသီးရဲ့ အနေအထားတွေဟာ တစ်သားတည်းမဟုတ်ကြဘူးဆိုတာကို သတိရှိဖို့လိုတယ်။

အောက်မှာ ဖြည့်ရမယ့်နေရာလွတ်တွေရှိနေတယ် ဆိုတာလည်း သိထားဖို့လိုတယ်။

“ကမ္ဘာကြီး ပိုမိုပူလာသတဲ့လား” ကို ရေးစဉ်က ဦးတည်ရေးခဲ့တဲ့အကြောင်းရှိပါတယ်။ လက်ခံခြင်း၊ ငြင်းဆိုခြင်းထက် ကိုယ်လုပ်နိုင်တာ လုပ်ဖို့ပဲ။ ကိုယ့်မှာ ကိုယ့်ဝန်းကျင်မှာ . . . ဖြည့်ကြည့်စရာတွေရှိနေသေးတယ်ဆိုတာပဲ။ ဘဝဆိုတာကလည်း ဖော်မြူလာတစ်စုံတစ်ရာနဲ့ တည်ဆောက်ကြည့်လို့မှ မရဘဲ။ ကျွန်တော့်မိတ်ဆွေရဲ့ သားအတွက် အကောင်းဆုံး ကျွန်တော်ပေးနိုင်တဲ့ အဖြေကတော့ အမြဲတမ်းမဟုတ်ပေတဲ့ ရံဖန်ရံခါ ဘဝမှာ “ခရီးတစ်ခုဟာ ခရီးဆုံး/ပန်းတိုင် ထက် ပိုအရေးကြီးတယ်” A journey is more important than its destination ဆိုတာကို သိထားသင့်တယ် ဆိုတာပါပဲ။

(မှတ်ချက်။ ။ဖင်း(န)မဲင်း၏ ဟောပြောချက်ခေါင်းစဉ်ကို ယူသော်လည်း သူ၏ဆိုလိုရင်းနှင့် ကောန်တက်(စ) မတူကြောင်း ထပ်မံသတိပေးပါရစေ။)

မြင့်သန်း

Source... The Third Heaven

Sunday, January 22, 2012

အမျိုးသားစာဟု အများက သတ်မှတ်လက်ခံကြသော
ကဗျာဆရာကြီး တင်မိုး
(ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အမှတ်တရ အထူးတင်ဆက်ပါသည်။)





အတ္တုပ္ပတိအကျဉ်း
တင်မိုး (၁၉၃၃-၂၀၀၇)

မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှ ထင်ရှားလာသော ကဗျာဆရာကြီး ဖြစ်သည်။

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲ ဇဂျမ်းရွာတွင် ၁၉၃၃-ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၌ အဖ စက်ချုပ် ဦးဘအို၊ အမိ ဒေါ်စံထယ်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဘဂျမ်း ဖြစ်သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။

ငယ်ဘဝ

ငယ်စဉ်က ဇဂျမ်းတိုင်းရင်းမြန်မာ အလယ်တန်းကျောင်းတွင် ပညာစ၍ သင်ကြားသည်။ ကန်မြဲ၊ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစာရကျောင်း၊ ပခုက္ကူ ဆရာဦးခင်မောင် ကြီး ကျူရှင်ကျောင်း၊ ရေစကြိုအစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ကန်မြဲရွာ လူငယ်စာကြည့်တိုက် တည်ထောင်သူနှင့် အတွင်းရေးမှူး လုပ်ခဲ့သည်။ ရေစကြိုကျောင်းသား သမဂ္ဂ ဉာဏဗလမှူး၊ ရေစကြိုကလောင်ရှင်အသင်း တည်ထောင်သူနှင့် အတွင်းရေးမှူး။ ကန်မြဲစာကြည့်တိုက်တွင် အရုဏ်ဦး ၅ ရက် တစ်ကြိမ်ထုတ် လက်ရေး သတင်းစာကို ထုတ်ခဲ့ပြီး ရေစကြိုအစိုးရ အ-ထ-ကတွင် ဒေါင်းနီ နံရံကပ်လက်ရေးစာစောင်ကို ထုတ်ဝေခဲ့သည်။

၁၉၅၀ - မန္တလေး(သီတင်းကျွတ်အထူးထုတ်) ဗဟိုရ်စည် သတင်းစာတွင် ၀ါကျွတ်သဘင် ကဗျာကို ကန်မြဲသက်နှင်း အမည်ဖြင့် စရေးသားခဲ့သည်။

၁၉၅၁ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော် မဂ္ဂဇင်းတွင် ကန်မြဲနန်းမြင့်နွယ် ကလောင် အမည်ဖြင့် လယ်ထဲက တေးသံချို စသောကဗျာများ ရေးခဲ့သည်။

၁၉၅၅ - လူထုဂျာနယ်တွင် ကိုရင်ဂျမ်းအမည်စသုံး၍ စန်းရောင် အမည်ဖြင့်လည်း ကဗျာများရေးခဲ့သည်။

၁၉၅၈ ကစပြီး တင်မိုး ကလောင်နာမည်ကို သုံးခဲ့သည်။

၁၉၅၇ - ၁၀တန်း စာမေးပွဲကို မြန်မာစာဂုဏ်ထူးဖြင့်အောင်ခဲ့သည်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ပညာသင်ဖို့ မရေမရာဖြစ်နေချိန်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ၏ ညွှန်ကြားချက်အရ မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခက (မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှာ) လာရောက်သင်ကြားဖို့ အကြောင်းကြားခေါ်ယူခဲ့သည်။ ထို့ကြောင့် မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာ သင်ကြားခဲ့သည်။

၁၉၅၇ မှာ မန္တလေးတက္ကသိုလ်မှာ စပြီး ပညာသင်ပါတယ်။ ၁၉၆၅ မှာ မန္တလေးတက္ကသိုလ်က ၀ိဇ္ဖာဘွဲ့ရပါတယ်။

၁၉၅၇ - ၆၇ - အထက်တန်းပြဆရာအဖြစ် အမှုထမ်း။ (၁၉၅၇-၅၈ မန္တလေးပွဲကုန်းကျောင်း။ ၅၈-၅၉ မန္တလေး ဆေးတက္ကသိုလ်ကျောင်း၊ ၅၉-၆၀ မြင်းခြံ အောင်တက္ကသိုလ်ကျောင်း၊ ၆၀-၆၁ ရန်ကုန်ဗွီအီးအေ အလွတ်ပညာသင် ကျောင်း၊ ၆၂-၆၇ မန္တလေး နေ ပြည်တော် အထက်တန်းကျောင်း၊ အမှတ်(၁၇) အထက တို့ ၌ အထက်တန်းဆရာ အဖြစ် အမှုထမ်းခဲ့ပြီး မြန်မာစာသင်ကြားပို့ချခဲ့)သည်။

၁၉၅၇ - ၅၉ - မန္တလေးတက္ကသိုလ် ကလောင်အသင်း ဒု-ဥက္ကဌ ဖြစ်သည်။

၁၉၅၈ - ဖေဖေါ်ဝါရီ သွေးသောက်မဂ္ဂဇင်းတွင် အခိုးခံရသော ကာရံကလေးများ ကဗျာမှအစပြု၍ တင်မိုး အမည်ယူခဲ့သည်။

၁၉၅၉ - မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်းက ပထမဆုံးထုတ် ဖလ်မီးအိမ် ကဗျာများစာအုပ် ထွက်။ ပထမဆုံး လုံးချင်းကဗျာစာအုပ်ဖြစ်(ထိုနှစ် အတွက် စာဗေဗိမာန်ဆုရ) သည်။

၁၉၆၀ - ၆၁ - မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းဥက္ကဌ ဖြစ်သည်။

၁၉၆၃-၆၇ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်။ ၁၉၆၅ ဖန်မီးအိမ်စာအုပ်တိုက်၊ ၁၉၆၆-၆၇ မှာ လူထုသတင်းစာ ကဗျာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၇-၈၇ ရန်ကုန်တက္ကသိုလ်မှာ ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေး ဌာန စာပြုနဲ့ လက်ထောက် အယ်ဒီတာအဖြစ် အမှုထမ်းခဲ့ပြီး ၁၉၆၇-၈၄ အခြေခံပညာ သင်ရိုးညွှန်းတမ်း မြန်မာစာသင်ရိုးအဖွဲ့ဝင်အဖြစ် ကျောင်းသုံးမြန်မာဖတ်စာ စာမူရွေးခြယ်ခြင်း ရေးသားခြင်းပြုလုပ်ခဲ့သည်။

၁၉၆၃ - လှေတစင်းနှင့်သီချင်းသည် ကဗျာစာအုပ်ထွက်ရှိသည်။

၁၉၆၃ - မတ်လ (၁၄)ရက်နေ့တွင် ဆရာမဒေါ်မြင့်မြင့်စန်းနှင့် လက်ထပ်သည်။

၁၉၆၃ - ၆၇ ထိ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းအမှုဆောင် ဖြစ်သည်။

၁၉၆၄ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲတွင် မြန်မာကဗျာနှင့်အလားအလာ စာတမ်း တင်သွင်းဖတ်ကြားသည်။

၁၉၆၅ - အမေ့ကျောင်း ကဗျာစာအုပ်ထွက်ရှိသည်။

၁၉၆၆ - ၆၇ - လူထုသတင်းစာ ကဗျာအယ်ဒီတာ လုပ်ခဲ့သည်။

၁၉၆၆ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲ တွင် ယနေ့ဗမာစာပေ စာတမ်းကို မောင်စွမ်း ရည်နှင့် တွဲဖက်တင်ခဲ့သည်။

၁၉၆၇ - ပန်းဈေးခင်း ကဗျာစာအုပ်ထွက် ပိတောက်မှသရဖီ သို့ထွက်။ မိုးဦးပန်းအစမ်းစား စာအုပ်တွင် ပါဝင် ရေးသားခဲ့သည်။

၁၉၆၇ - ၆၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတွင် စာပြု လက်ထောက်အယ်ဒီတာ ဖြစ်သည်။

၁၉၆၉ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်း ဖတ်ပွဲတွင် ကဗျာလမ်း စာတမ်းဖတ်ကြား။

၁၉၆၉ - စိမ်းလန်းသောအိပ်မက် ကဗျာစာအုပ်ထွက်သည်။

၁၉၇၀ - ထီးကလေးနဲ့မနီ ကလေးကဗျာစာအုပ်ထွက် (ထိုနှစ်အတွက် အမျိုးသားစာပေဆုရ)သည်။

၁၉၇၁ - ပျိုးခင်းတေးသံ ကလေးကဗျာစာအုပ်ထွက်သည်။

၁၉၇၂ - ခုနှစ်စဉ်ကြယ် (စာပေယဉ်ကျေးမှုဆောင်းပါးစု) စာအုပ်ထွက်သည်။

၁၉၇၃ - နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း ကဗျာစာအုပ်ထွက်သည်။

၁၉၇၇ - ပုဂံကျောင်းက ခေါင်းလောင်းသံ ကဗျာစာအုပ်ထွက်သည်။

၁၉၈၈ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတ်သိပညာရှင်များ အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၈၉ - အမေ့သား စကားတိုးတိုးပြောလှည့်ပါ ကဗျာ။ ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းသို့ ကဗျာများ ရေးခဲ့သည်။

၁၉၉၁ - နဒီငါးသွယ် စာအုပ် (ကြည်အောင်၊ ကိုလေး (အင်းဝ ဂုဏ်ရည်) မောင်ခိုင်မာ၊ ခင်ဝင်းသစ် တို့နှင့် ပူးတွဲရေး) ထွက်ရှိသည်။

၁၉၉၁ - ၉၅ - ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာချုပ်ဘ၀တွင် ထိန်းသိမ်းခံရသည်။

၁၉၉၇ - ကံကော်ရိပ်မှအိပ်မက်များ ကဗျာစာအုပ်ထွက်။ မပန်းဖြူရဲ့အမေ့ကျောင်း ကဗျာတိတ်ခွေထွက်သည်။

၁၉၉၈ - စက်တင်ဘာလတွင် ကန္တာရနှစ်များ ကဗျာစာအုပ် ထွက်ရှိသည်။

၁၉၉၉ - သြဂုတ် ၁၁ တွင် သမီးမိုးမိုးနှင်း နေထိုင်ရာ ဘယ်လ်ဂျီယံနိုင်ငံသို့ သွားရောက်နေထိုင်သည်။

၁၉၉၉ မှာ ပြည်ပကို ထွက်ခွါခဲ့ပြီး ကဗျာပေါင်းချုပ်အပါအ၀င် ကဗျာစာအုပ် ၅ အုပ်ရေးသားထုတ်ဝေခဲ့ပါသည်။

၁၉၉၉ ကနေ ၂၀၀၇ ခုနှစ် အထိ ပြည်ပအခြေစိုက် BBC, RFA, VOA မြန်မာရေဒီယိုတွေနဲ့ စာနယ်ဇင်း အင်တာနက်စာမျက်နှာတွေမှာ စာကဗျာရေးသားခြင်း များပြုလုပ်ခဲ့သည်။

၂၀၀၀ - ပြည့်နှစ် ဗုဒ္ဓနှင့်တွေ့ဆုံခြင်း ကဗျာစာအုပ်ထွက်သည်။

၂၀၀၂ မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က Hellman-Hammett Grant ဆု၊ ၂၀၀၄ အောက်တိုဘာမှာ နယ်သာလန်နိုင်ငံက Prince Claus Award စာပေဆုတို့ကို ချီးမြင့်ခံရသည်။

၂၀၀၄ - (၁၉၉၉-၂၀၀၄) တင်မိုးကဗျာပေါင်းချုပ်ထွက်။ တင်မိုးနှင့် ၁၂-လရာသီခံစားမှု အသံစီဒီထွက်။ နယ်သာလံမှ စာပေယဉ်ကျေးမှု အထိမ်းအမှတ်ဆု(Prince Laus Award) ချီးမြင့်ခံရ။ မိုးမခရေဒီယိုနှင့် မီဒီယာတွင် အမှုဆောင်လူကြီးဖြစ်သည်။

၂၀၀၅ - အညာလမ်းမှတမာလမ်း ကဗျာစာအုပ် ထွက်ရှိခဲ့သည်။


ဘ၀နိဂုံး

၂၀၀၇ - ဇန္န၀ါရီ ၂၂ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိမြို့ နေအိမ်အနီး လက်ဖက်ရည်ဆိုင်မှာ ရုတ်တရက်လဲကျ ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် သားသမီး (၄)ဦး ကျန်ရှိခဲ့သည်။ (၁) မမိုးမိုးစံ (၂) မမိုးမိုးအေး (၃) မမိုးမိုးနှင်း (၄) မမိုးချိုသင်း (၅) မောင်ဥာဏ်မိုးစန်း (၁၉၉၉-တွင်ကွယ်လွန်)။

စကားပြေစာအုပ်များ

ကိုရင်ဂျမ်း အစမ်းစာ
ပိတောက်မှသရဖီသို့
ခုနှစ်စဉ်ကြယ်
ကံကော်မြိုင်စာတမ်း (စုပေါင်း)
မိုးဦးပန်းအစမ်းစာ (စုပေါင်း)
စပယ်ကုံးစာစီစာကုံး (ကက်နက်ဘစိန်-အင်္ဂလိပ်ပြန်)
ပန်းလက်ဆောင်

ကဗျာစာအုပ်များ

ဖန်မီးအိမ်
လှေတစင်းနှင့် သီချင်းသည်
ပန်းဈေးခင်း
စိမ်းလန်းသော အိပ်မက်
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း
ပုဂံကျောင်းကခေါင်းလောင်းသံ
ကံ့ကော်ရိပ်မှ အိပ်မက်များ
ကန္တာရနှစ်များ
နဒီငါးသွယ် (စုပေါင်း)
ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
အညာလမ်းမှ တမာလမ်း
တင်မိုးကဗျာပေါင်းချုပ် (၉၉-၂၀၀၄)

ကလေးကဗျာစာအုပ်

ထီးကလေးနဲ့ မနီ
ပျိုးခင်းတေးသံ
ပူစီ
အမေ့ကျောင်း
ကလေးကဗျာပန်းဥယျာဉ် (၁၉၉၈)
ဝလုံးလေးနဲ့ စ တဲ့ ဘဝ
ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။

ဘ၀ဆိုတာ အမျိုးမျိုး
ကြုံရ တွေ့ရတာပဲ။
အခုတလော
ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို
နောက်ပြန်လှည့်ကြည့်မိတဲ့
အချိန်တွေ ရှိတတ်တာမို့
အခု ခံစားရတာတွေနဲ့
တိုက်ဆိုင်သလိုရှိတဲ့
အဖေ့ကဗျာလေးတပုဒ်ကို
မျှဝေချင်မိတယ်။
ဖတ်ကြည့်ကြပါအုံး။














ဝလုံးလေးက စ ခဲ့တယ်

ဝလုံးလေးက စ ခဲ့တယ်။

ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်။

ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ။

ည ည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်။

ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်။

ကကြီး ခခွေး ငွေသူဌေး
စလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်။

ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး။

ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။ ။

တင်မိုး
၁၊ ၁၁၊ ၂၀၀၃

အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။
ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ။

မိုးချိုသင်း
ကြာသာပတေးနေ့၊ နိုဝင်ဘာလ ၅၊ ၂၀၀၉
လူငယ့်ကြေးမုံ



လူငယ့်ကြေးမုံ-၁


“အရာရာတွင်ကျယ် တို့လူငယ်
နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်နိုင်တယ်…”တဲ့။
ဂျပန်ခေတ် ‘အာရှလူငယ်’သီချင်းထဲက စာတပုဒ်။ အလွန်အဖိုးတန်တဲ့စာသားပါ။
ဟုတ်ကဲ့- လူငယ်ဆိုတာ ဘာမဆိုဖြစ်နိုင်စွမ်းရှိတဲ့ အရွယ်ပျို၊ အရွယ်ကောင်းကလေးတွေပါ။
ခေတ်ကိုဖန်တီးနိုင်တယ်။ ဦးဆောင်နိုင်တယ်။

“တို့တကိုယ်ကောင်းစိတ်ထားပယ်
အများအကျိုးအတွက် ထမ်းရွက်မယ်။
နေမင်းရောင် လမင်းရောင်၊ တို့စွမ်းပြရမယ်…”တဲ့။
ဒါလဲ ‘အာရှလူငယ်’သီချင်းထဲကစာပုဒ်ပါပဲ။
ဘယ်လောက်ကောင်းသလဲ။ တကိုယ်ကောင်းစိတ်ကို ပယ်ရမတဲ့။ ဟုတ်လိုက်လေ။
မိမိတကိုယ်တော်နာမည်ကြီးဖို့၊ ရှေ့တန်းရောက်ဖို့၊
အကျိုးစီးပွားဖြစ်ထွန်းဖို့… ဖို့… ဖို့…၊ အဲဒီ ‘ငါ့ဖို့’ အကျိုးရှေးရှုတဲ့အရာတွေကို ဖယ်ရှားပစ်ရမယ်။
ကုလားထိုင်မမက်ရဘူး။ နေရာမမက်ရဘူး။ တွင်ကျယ်အောင်မရည်ရွယ်ရဘူး။
တော်သူကို တော်သလိုနေရာပေးနိုင်ရမယ်။ အများအကျိုးကိုအဓိကထားရမယ်။
ပြောတော့လွယ်လွယ်ကလေးပါ။ လက်တွေ့ကျင့်တော့ အလွန်ခက်တယ်။ ငါ့နေရာ၊ ငါ့သြဇာ၊ ငါ့လူ၊ ငါ့မူ၊ ငါ့သဘော၊ ငါ့မနော၊ ငါတကောကောနေကြတဲ့အတွက် အစည်းအရုံး၊ အဖွဲ့၊ အသင်းပျက်တယ်။
ကိုယ့်ကိုယ်ကိုယ်ပဲ အမှန်ထင်
ကိုယ့်အပြစ်ကို ကိုယ်မမြင်
ကိုယ်ထင်ကုတင်ရွှေနန်း
ကိုယ်သွားတဲ့လမ်းမှအမှန်
‘ငါ’နိုင်ငံ ‘ငါ’နယ်ချဲ့ကြတယ်။
ဒီတော့ ပန်းတိုင်ပျောက်၊ ပန်းတိုင်ကတလွဲ၊ အဓိက သာမညမကွဲ၊ ပုံကြီးချ›ဲတတ်ကြတယ်။ လူကဲ့ရဲ့စရာတွေ ဖြစ်လာတာပေါ့။ ကိုယ့်ကိုယ်ကိုယ်သိ၊ ကိုယ့်ကိုယ်ကိုယ်ဝေဖန်၊ ကိုယ့်ဉာဏ်နဲ့ဆင်ခြင်၊ အမှန်ရောက်အောင်ပြင်ဖို့ လိုတယ်။
အများအကျိုးဆောင်တယ်ဆိုတာလွယ်တာမဟုတ်။
အလွန်ခက်ခဲမွန်မြတ်ပြီးစွန့်လွှတ်ရတဲ့အလုပ်။

တင်မိုး
၁၄-၁၁-၂၀၀၂
ခေတ္တ တိုကျို

လူငယ့်ကြေးမုံ-၂

ဖြူစင်တဲ့လူတွင်ကျယ်တွေကို ‘လူငယ်’လို့သတ်မှတ်ရမယ်။
နိုင်ငံရဲ့‘မိုးသောက်ကြယ်’တွေပေါ့။
လူငယ်ဆိုတာ ငါစွဲမကြီးရဘူး။ ငါစွဲမသို၊ ကိုယ်စွဲမထား၊ မေတ္တာပွားမှ လူငယ်တရားရှိရာရောက်မယ်။
လူငယ်အင်အားဖြုန်းတီးရင် နိုင်ငံကြီးပြိုပျက်မှာသေချာတယ်။ လူငယ်တွေဖရိုဖရဲဖြစ်နေသမျှ နိုင်ငံပြိုကွဲမှာမုချ။

လူငယ်တွေဟာ ကိုယ့်အခန်းကဏ္ဍကို ဖော့တွက်လို့မရဘူး။
နိုင်ငံရဲ့ တန်းဖိုးရှိတဲ့အသီးအပွင့်တွေဆိုတာ အမြဲသတိရရမယ်။
ကိုယ့်တန်ဖိုးဟာ နိုင်ငံအတွက် အင်မတန်ကြီးမားပြီး တန်ဖိုးရှိတဲ့ခွန်အားဆိုတာမမေ့ရဘူး။
လူငယ့်ဂုဏ်ကို အမြဲတစေပွားများနေအပ်တယ်။
ငယ်ရွယ်နုပျိုခြင်းဆိုတာ ထာဝရမပိုင်ဆိုင်ဘူး။ တခဏသာပိုင်ဆိုင်ခြင်းဖြစ်တယ်။
ခုလို သွေးသစ်သားသစ်လောင်းတုန်း၊ အရွယ်ကောင်းတုန်း၊ အကျိုးရှိအောင်နေရမယ်။ ကျင့်သုံးရမယ်။ ပျက်စီးလေလွင့်နေမယ်ဆိုရင် ဘ၀တခုလုံး အမှိုက်ပုံလို တန်ဖိုးမဲ့သွားလိမ့် မယ်။
‘တက်လူသာလျင်
မြန်မာပြည်မ၊ အားသစ်ရ၍
ဇေယျာအောင်လံထူမည်တည်း’တဲ့…။
မျိုးချစ်စာဆိုကြီး ဆရာဇော်ဂျီကလှုံဆော်ခဲ့ဖူးတယ်။
ဟုတ်တာပေါ့။
တိုင်းပြည်တခုရဲ့အနာဂတ်ကိုသိချင်ရင် ဒီနေ့လူငယ်တွေအခြေအနေကို အကဲခတ်ကြည့်ရင် သိနိုင်တာပေါ့။
လူငယ်တွေဦးတည်ချက်လွဲနေရင်၊ အပျော်ကြူးပြီး ယစ်မူးနေရင်၊ အချင်းချင်းအစေးမကပ်၊ စိတ်ဓါတ်တွေအကြောင်အကျားနဲ့ တကွဲတပြားဖြစ်နေရင် ဒီတိုင်းပြည်နာပြီသာမှတ်ပေတော့…။
အောင်ဆန်းလိုလူငယ်ကလေးတယောက် ထွန်းထွန်းတောက်တောက်ပေါ်ပေါက်လာလို့ တို့တိုင်းပြည်ဟာ ကိုလိုနီထမ်းပိုးအောက်က လွတ်မြောက်ခဲ့ရတယ်။
အောင်ဆန်းဟာ မြန်မာ့လွတ်မြောက်ရေးလမ်းကို ဘယ်ပုံရှာခဲ့တယ်ဆိုတာ ဂျပန်ရောက်မြန်မာလူငယ်တွေ အသိဆုံး…။ အထူးပြောဖွယ်မလို…။
“အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့…”

တင်မိုး
၂-၁၂-၂၀၀၂
ခေတ္တ ဘန်ကောက်

လူငယ့်ကြေးမုံ-၃

လူငယ်တိုင်းမှာသမိုင်းရှိတယ်။ အတ္ထုပ္ပတ္တိရှိတယ်။ ကိုယ့်သမိုင်းကိုယ် မှဲ့စွန်းမှဲ့ပြောက်အထင်မခံရဘူး။
သန့်စင်အောင် အမြဲပွတ်တိုက်ဆေးကြောရမယ်။ သမိုင်းမှာအစွန်းထင်မိရင် တော်တော်နဲ့မပျောက်။
ကြောက်စရာအလွန်ကောင်းတယ်။
ဒါကြောင့် ကိုယ့်သမိုင်းကိုဖွပ်ပါ…။ လျော်ပါ…။ သန့်စင်ပါစေ…။
‘သတိ’သည်‘ဆား’၊ ‘ကဗျာ’သည်‘ပျား’တဲ့…။ အမှားကင်းအောင်နေပါလေ။

စိတ်ဓါတ်ခွန်အားတိုးပွားအောင် အတ္ထုပ္ပတ္တိစာတွေ များများဖတ်ပေးဖို့လိုမယ်။
ဗိုလ်ချုပ်အောင်ဆန်းအတ္ထု ပ္ပတ္တိဖတ်ရရင် ရိုးသားခြင်းက ထင်းထင်းပေါ်တယ်။ ဖြောင့်မတ်တာကိုတွေ့ရမယ်။ ကိုယ်ကျိုးမကြည့်၊ အများအကျိုးကိုကြည့်တတ်တာကိုသိရမယ်။ စံနမူနာယူစရာဖြစ်ရပ်တွေကို အမှတ်ရရဖြစ် နေမယ်။

တချို့ဆိုရင် ‘ဂျာနယ်ကျော်မမလေး’ရေးတဲ့ ‘သူလိုလူ’ကိုဖတ်မိလို့ သတင်းစာဆရာ၊ စာရေးဆရာ ‘ဂျာနယ် ကျော်ဦးချစ်မောင်’ကိုအားကျမိ၊ စံထားမိတယ်။ သူလိုစိတ်ဓါတ်မျိုးကို လေးမြတ်ကြည်ညိုမိတယ်။
‘ဗန်းမော်တင်အောင်’တို့၊ အခုအကျဉ်းစံသတင်းစာဆရာကြီး‘ဦးတင်းဝင်’တို့ဟာ ‘ဂျာနယ်ကျော်ဦးချစ် မောင်’ကို အားပြုခဲ့တဲ့ပုဂ္ဂိုလ်တွေပါ။ ကောင်းတာတွေအတုယူတော့ ကောင်းတဲ့စိတ်ဓါတ်တွေကူးစက်တယ်။ ကောင်းတဲ့အကျင့်စာရိတ္တကို အားကျမွေးမြူမိတယ်။

‘ဦးနေ၀င်း’အတ္ထုပ္ပတ္တိကို ဒေါက်တာမောင်မောင်ကရေးခဲ့တယ်။ စိတ်ဝင်တစားဖတ်ကြည့်မိပါတယ်။ ဆောင် ရန်မဟုတ်။ ရှောင်ရန်သင်ခန်းစာတွေရခဲ့တယ်။သူ့ရဲ့မကောင်းတဲ့စရိုက်ဆိုးတွေ ရုပ်လုံးပေါ်နေတာမြင်ရတယ်။
စာရေးသူ‘ဒေါက်တာမောင်မောင်’ကတော့ ကုဋ္ဌနူနာကိုရွှေချ၊ သနပ်ခါးလူးပေးတာပဲ။

ဒါပေမဲ့ပင်ကိုယ်ကပုပ်နေလေတော့ ညှီစို့စို့ပုပ်အဲ့အဲ့အနံ့ကမပျောက်။ အဲဒီအတ္ထုပ္ပတ္တိကတော့ စံပြုစရာ အတ္ထုပ္ပတ္တိမဟုတ်။ ဝေးဝေးကရှောင်ရမဲ့ သရုပ်ဆောင်ဇာတ်ကောင်တွေဖြစ်တယ်။

အတ္ထုပ္ပတ္တိတွေဖတ်ရတာကောင်းတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို ဝေဖန်စဉ်းစားချင့်ချိန်နိုင်တယ်။

‘မာန်ဝင်ကာ အလှဂုဏ်ကိုးသူရဲ
အန်ချင်စရာ ငါ့ပုံကဆိုးရော့သလား’တဲ့…။
(ဦးဖိုးစိန်ကြီးရဲ့မင်းကုသငိုချင်းမှ)

တင်မိုး
၁၅-၀၁-၂၀၀၃

လူငယ့်ကြေးမုံ(၄)

သတိသည်ဆား၊ ကဗျာသည်ပျား…တဲ့။
သတိဆိုတာလိုသလောက်ခပ်ရမတဲ့။
မပါလဲမဖြစ်။ ပါလွန်းပြန်တော့လဲ အလုပ်မဖြစ်။
အရာရာရဲရင့်မှုတွေပျောက်၊ ကြောက်စိတ်တွေဝင်၊ အပြစ်တွေချည်းမြင်နေမှဖြင့် မလုပ်ရဲ၊ မကိုင်ရဲ၊ လမ်းမလျောက်ရဲဖြစ်တတ်တယ်။

သတိမပါတော့လဲ အရာရာမှာ အထိန်းမဲ့တဲ့ချည်ခင်လို ပရမ်းမတာဖြစ်တတ်တယ်။ ဟင်းလျာမှာ ဆားကို သင့်ရုံခပ်ရသလို သတိကိုလဲသင့်ရုံခပ်။ သတ္တိလဲမပျောက်စေနဲ့။ အိုးနင်းခွက်နင်း နင်းကျိုး နင်းကျွံ လူလွန်မသား လူရမ်းကားလဲ မဖြစ်စေနဲ့။
တော်ရုံခပ်တဲ့ဆား ဟင်းလျာရဲ့အရသာကအမြိန့်သား။
ကဗျာကတော့ ပျားပါပဲ။ ဖတ်လိုက်တိုင်းချို မျိုလိုက်တိုင်းဆိမ့်တဲ့ အရသာမဟုတ်လား။
‘မျက်မြင်မှာဉာဏ်တွဲလို့၊ အနဲနဲရှုပါ…’တဲ့။
လယ်တီဆရာတော်ကဖွဲ့တယ်။
တန်ဖိုးရှိလှတဲ့ ကဗျာအဆို အမိန့်ပါကလား။
ဒိဠမျက်မြင်မှာ ဉာဏ်နဲ့ယှဉ်ရမတဲ့။ အမြင်မှန်ရအောင် အနည်းနည်းရှုရ၊ သုံးသပ်ရမတဲ့။
ကဗျာကတိုပေမဲ့ အရသာကအချိုသား။ တွေးလိုက်တိုင်း ဉာဏ်ကျယ်၊ အမှန်တကယ်ကိုမြင်စေနိုင်တဲ့စကား ပါလား။
‘တို့ဗမာ၊ တချို့ဝါစာကမာ…’တဲ့။
ဆရာကြီးမှိုင်းက ကဗျာသံနဲ့ဆုံးမတယ်။
ဟုတ်ပါပေ့။ ငါတို့တမျိုးသား လုံးကို ဆုံးမတာ။
ဘာကိုမှမလေးနက် ပေါ့ပျက်ပျက်လုပ်တတ်တဲ့ ငါတို့ရဲ့အကျင့်စရိုက်ကိုဖွင့်ပြတာ။

တို့ကလဲတို့ပဲမဟုတ်လား။ အပြောကတော့ လေလုံးမိုးလုံး မိုးတောင်ကချုန်း။ လက်တွေ့ကျတော့ မရေမရာ ၀ါစာကမာ။ ဖြစ်ကတတ်ဆန်း ရောက်ရာကျဘမ်း။ ဘာလုပ်လုပ် ကျကျနနလုပ်မှ။ ပိုင်ပိုင်နိုင်နိုင် လေ့လာဆည်းပူးပြီး ထူးထူးခြားခြားဖြစ်အောင်လုပ်မှ။ ပေါ့ပေါ့တန်တန် ကစားသမားဉာဏ်နဲ့ အပေါ်ယံဗန်းပြ ကောင်းရုံလုပ်တတ်တဲ့ အကျင့်ဆိုးကိုဖျောက်မှ။
သမိုင်းပုံပြင်ထဲက ကံရာဇာငယ်ရဲ့အကျင့်ဆိုးကို တမျိုးသားလုံးကျင့်သုံးမိတယ်။
ကံရာဇာကြီးလို သစ်ကြီးဝါးကြီးနဲ့ခိုင်ခိုင်မဆောက်။
မိမိထီးနန်းရပြီးရောဆိုတဲ့ လောဘစိတ်ရှေ့ထားပြီး ညတွင်းချင်း သစ်ငယ်ဝါးငယ်နဲ့ ထီးနန်းဆောက်ပြခဲ့သတဲ့။
ဖြစ်ကတတ်ဆန်း တောရမ်းမယ်ဖွဲ့သမား၊ ဉာဏ်နီဉာဏ်နက်ကစားနဲ့ ကံရာဇာငယ်က အနိုင်ရခဲ့သတဲ့။ ပြီးပါလေရောဗျာ။ ကျုပ်တို့ဗမာပြည်မှာ ပပလွှားလွှား ပြပြစားစားလုပ်တတ်တဲ့ တနပ်စား ၁၂ ပွဲစားတွေ နေ ရာရခဲ့တယ်မဟုတ်လား။
နေရာရပြီးစတမ်း၊ အဖြီးအဖြန်း ညာလုံး ၀ါးလုံးတွေနဲ့ ဗမာတွေ လူဖြစ်ရှုံးခဲ့ တယ်မဟုတ်လား။

တင်မိုး
၁၀-၂-၂၀၀၃

လူငယ့်ကြေးမုံများ (၅)

‘ငါသည် ငါ၏ကိုယ်ကျိုးအတွက် သက်သက်ငှာ အသက်ရှင်အောင်မမွေး…။ ငါ့တိုင်းပြည်၊ ငါ့စာပေ၊ ငါ့သာသနာအတွက် ရသမျှအချိန်ကလေးကိုယူ၍ ဆောင်ရွက်ရင်း အသက်ရှင်အောင် ငါမွေးအံ့…။’

ဒါဟာအဓိဌာန်တခု၊ ဒါဟာ‘သစ္စာ’ဆိုတဲ့ပွဲတခု၊ ဒါဟာ ဆုံးဖြတ်ပြဌာန်းချက်တခု။
ဒီလိုနဲ့ လူငယ်တွေဟာ မိမိသီလကိုဆောက်တည်မယ်ဆိုရင် ကိုယ်ကျိုးတဖက်မြင်သမားမဖြစ်နိုင်။ အမြင်ကျဉ်းမြောင်းသူမဖြစ်နိုင်။

ငါ့ဟာမှငါ့ဟာ။ ငါ့သာသနာမှ ငါ့သာသနာဟု ငါစွဲတန်းလန်းနှင့် မျက်ကန်းသမားမဖြစ်နိုင်။ လူငယ်တွေဟာ အကြောင်းကြောင်းကြောင့် အမိမြေစွန့်ခွာပြီး နိုင်ငံတကာရောက်ခဲ့ကြ ရတယ်။ ကြုံရာကျပန်း သက်မွေးဝမ်းကျောင်းပြုကြရတယ်။ ငါတို့နိုင်ငံသားတွေ အလွန်သနားဖွယ်ကောင်းတယ်။
ဒါပေမယ့် တို့လူငယ်တွေရဲ့စိတ်ဓါတ်က မွန်မြတ်တယ်၊ သန့်ရှင်းတယ်၊ အများအကျိုးအတွက် တလက်ခုပ် တလက်ချ ရရာတာဝန်ထမ်းဆောင်ချင်တဲ့ စေတနာအပြည့်ရှိတယ်၊ ပင်ကိုယ်စိတ်ကောင်းရှိသူများပါ။

ကျွေးချင် မွေးချင် ပေးကမ်းချင်တဲ့စေတနာ၊ ကူညီစောင့်ရှောက်ချင်တဲ့ သဒ္ဓါတရားအားကြီးတဲ့တို့လူမျိုး။ တို့နိုင်ငံသားစရိုက်ကို ဘယ်တော့မှမစွန့်လွှတ်။ ပင်ကိုယ်သန္ဓေကောင်းပြီးသား လူမျိုးဖြစ်တယ်။

အဖြူအမည်းမရွေး၊ အနူအဝဲမရွေး၊ သွေးကွဲခြင်းမရှိ၊ အခန့်အညား အဟန့်အတားတွေမလုပ်တတ်။ မြင့်မြတ်တဲ့စိတ်ဓါတ်ပိုင်ရှင် သခင်နိုင်ငံသားတွေဖြစ်တယ်။ ဒီစိတ်ဓါတ်၊ ဒီစေတနာ၊ ဒီအစဉ်အလာကို ငါချစ်တယ်။
ဒီသွေးကို ငါလေးစားတယ်..။ မိမိတို့ရဲ့ ဇာတိသွေး အမြဲပူနွေးနေစေဖို့ သတိပေးရခြင်းဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း အခုအခါမှာ တို့နိုင်ငံအမှောင်ကျလို့ ဒုက္ခတွေပင်လယ်ဝေနေတဲ့အချိန်မဟုတ်လား။

ဒီတော့- အမှောင်ကိုတန်ဆောင်လင်းပြီး အမှောင်ခွင်းဖို့အရေး ကြိုးစားပေးကြရမှာပဲ၊ ဒါလည်း တို့တာဝန် တရပ်ပေပေါ့။

တို့ငယ်ငယ်တုန်းက သွေးသောက်မဂ္ဂဇင်းရဲ့ဆောင်ပုဒ်ကလေးကို သဘောကျမိတယ်။ အဲဒါက တော့-‘သွေးသောက်ပီပီ တာဝန်သိသိ သစ္စာရှိရှိ…’တဲ့။

အဲဒီဆောင်ပုဒ်ကလေးလိုပါပဲ။ တို့တတွေဟာ ‘တာဝန်သိသိ၊ သစ္စာရှိရှိ’ဆိုတဲ့စိတ်ဓါတ်ကို အညွန့်တလူလူဖြစ်အောင်ပျိုးထောင်ရင်း အကျင့်ဆိုး စရိုက်ဆိုးတွေ မစိုက်ပျိုးမိအောင် ကာကွယ်ထိန်းသိမ်းရမယ်။

လူငယ်အလှဟာ နိုင်ငံရဲ့ အသရေတပါးမဟုတ်ပါလား။
လူငယ်တွေထွန်းတောက်မှ တို့နိုင်ငံ တမိုးသောက်မှာ မဟုတ်ပါလား…။

တင်မိုး
၅-၃-၂ဝဝ၃

(မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ်
ဆရာတင်မိုးရေးသားပေးခဲ့သော လူငယ့်ကြေးမုံများ)
မြန်မာစာပေခရီး ပင်မရေစီး တင်မိုး


'မောင်တို့ ကြားကုန်လော့ မယ်တို့ ကြားကုန်လော့ ရှေးဖျား ပုဂံပြေမှာဖြင့် မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင် မင်းကောင်း နော်ရထာတဲ့ မော်စရာ ဟိုတခေတ်ကိုဖြင့် ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့ ဘဝင်မှာ အမြင်မှန်းကာပ တမ်းတ၍ ကြည်ညိုပါ---'တဲ့။ ဆရာဇော်ဂျီ ဟောကြားခဲ့တဲ့ ပုဂံတရား ဖြစ်ပါတယ်။ ရှေးခေတ် ပုဂံဇာတိမာန် အကြောင်း၊ ပုဂံသားတို့ရဲ့ နှလုံးသားအကြောင်း ဖွဲ့ဆိုခဲ့တဲ့ သံချိုကဗျာ ဖြစ်ပါတယ်။

'နမ်းလိုသေးသည် စိတ်ကြည်ရာဇ ပုဂံပြည်၌၊ ကုမာရ၏၊ မွေးဖဂုဏာ တုံ့ပြန်ပါသည်၊ မေတ္တာရနံ့ကြူသည်ကို---'တဲ့ ဆရာမင်းသုဝဏ် နမ်းရှိုက်လိုတဲ့ ပုဂံရဲ့ မေတ္တာရနံ့ ဖြစ်ပါတယ်။ ရာဇကုမာရ် မင်းသားက ဖခမည်းတော် ကျန်စစ်မင်းကြီးကို ကျေးဇူးတုံ့ပြန်ခဲ့တဲ့ သားအဖနှစ်ဦးရဲ့ မေတ္တာရနံ့ပါ။

ချိုးကူသံ အေးအေး၊ မေတ္တာရနံ့ပါ။ ချိုးကူသံအေးအေး၊ မေတ္တာရနံ့မွှေးမွှေးနဲ့ ပုဂံတေးကို နားဆင်လို့မဝ တတမ်းတတနဲ့ပါ။ ' တရားမဆိတ်မညံ ဓမ္မက္ခန်အလင်းငယ်နဲ့ ငါးကျိပ်ငါးတန် ပုဂံသနင်း' တို့ရဲ့မင်း အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ပုဂံဂုဏ်ရည်ဟာ အင်္ဂလိပ် ကိုလိုနီခေတ်မှာ မှေးမှိန်ရတဲ့ အတွက်
'ဇာတိအပင် အခြေပျောက်ပြန်တဲ့ ဘဝပေမို့ သာကိဝင်တွေ မောက်ဟန်လဲ မပြချင်ဟု နောက်ယမန်သမယဆီက အထောက် မတန်လှခဲ့တဲ့ မြန်မာ့ပလင်ပျံကွန်းပေမို့ ပေါက္ကံကျခါမှ ဆရာ့မှာ အင်မတန်လွမ်း--'ရယ်လို့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပုဂံကို လွမ်းခဲ့ပါတယ်။

ပုဂံဟာ မြန်မာတို့ရဲ့ အသည်းနှလုံး၊ မြန်မာတို့ရဲ့ အသက် သွေးကြော၊ မြန်မာတို့ရဲ့ မျက်စိမျက်ဆန် ဖြစ်ပါတယ်။ ပုဂံကို အကြောင်းပြု ပုဂံကို အမှတ်တရ ဂုဏ်ယူပြီး မိမိရဲ့ အမွန်အမြတ် လုပ်ငန်းတွေကို 'ပုဂံ'လို့ အမည်သညာ ပေးတတ်ကြပါတယ်။

စာပေလုပ်ငန်းနဲ့ ပတ်သက်တဲ့ 'ပုဂံ'အကြောင်း တင်ပြချင်ပါတယ်။ အဲဒါကတော့ (၁၉၆၂)ခု၊ သြဂုတ်လ၊ (၁)ရက်နေ့က တည်ထောင်ခဲ့တဲ့ 'ပုဂံ'စာအုပ်တိုက် အကြောင်းပါ။ ပုဂံစာအုပ်တိုက်ကို တည်ထောင်သူ ကတော့ မောင်ကိုဦး ခေါ် ကိုချော ဖြစ်ပါတယ်။ စာရေးဆရာ မင်းကျော်ရဲ့ ညီအရင်းပါ။

အများက'ကိုချော'လို့ ခေါ်ပေမယ့် ကိုမင်းကျော်ကတော့ သူ့ညီကို 'မောင်ရွှေ'လို့ ခေါ်ပါတယ်။
ကိုချောဟာ စာပေစိတ် ရှိတယ်၊ ထုတ်ဝေသူ အနေနဲ့ လာဘ်မြင်တယ်။ လုံ့လဝီရိယ ကြီးသူလဲ ဖြစ်တယ်။ လျင်မြန် ဖျတ်လတ်တယ်။ အပေါင်းအသင်း ကောင်းတယ်။ ဒါ့ကြောင့် ငွေရင်း (၆ဝဝ)ကျပ်မျှသာ ရှိတဲ့ ကိုချောဟာ ပုဂံ စာအုပ်တိုက်ကြီးကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့တာပေါ့၊ ခေတ်သစ်မှာ မြန်မာစာပေ လောကရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်တဲ့ ထုတ်ဝေသူကောင်း တစ်ဦး ဖြစ်လာတာပေါ့။ သူ့အမှတ်တံဆိပ်က အလုပ်သမား၊ လယ်သမား၊ စာပေနဲ့ နိုင်ငံတော်ဆို ထင်ပါရဲ့၊ တူတံစဉ်တွေနဲ့ ကြယ်ပါပါတယ်။ ခေတ်နဲ့ လိုက်လျောညီထွေ ရှိတဲ့ လမ်းကြောင်းကို ရွေးတတ်တယ်လို့ ဆိုရပေလိမ့်မယ်။

မြန်မာ စာအုပ်တိုက် ဝါရင့်သမ္ဘာရင့်တွေ ရှိခဲ့တယ်။ တည်တည်တန့်တန့် ခန့်ခန့်ထည်ထည် ရှိခဲ့ကြပါတယ်။ စာအုပ်တိုက်တွေ အနက် ရှေးအကျဆုံးက 'ဟဟံသာဝတီ' စာအုပ်တိုက်ပါ။ ပေမူ ပုရပိုက်မူ ကနေပြီး ပုံနှိပ်စာအုပ် အဖြစ် ထုတ်ဝေခဲ့တာမို့ မြန်မာစာပေရဲ့ ကျေးဇူးရှင်ကြီးလို့ ခေါ်ရမယ့် စာအုပ်တိုက်ဖြစ်ပါတယ်။

ဟံသာဝတီရဲ့ ကျေးဇူးကြောင့် အနယ်နယ် အရပ်ရပ်မှာ ခိုအောင်းနေကြတဲ့ ပျို့ကဗျာ လင်္ကာ မော်ကွန်း ဧချင်း အဲအန် ကျမ်းဂန် အရပ်ရပ်တွေဟာ ပုံနှိပ်စာအုပ် အဖြစ် ရောက်လာပြီး စာဖတ်သူတွေရဲ့ ရင်ခွင်ထဲ ရောက်ခဲ့ရတာပါ။ ပိဋကတ်တော်တွေလဲ ပုံနှိပ်မူ အဖြစ် ပူဇော်ခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ ဟံသာဝတီကို တည်ထောင်ခဲ့တဲ့ မစ္စတာ ရစ်ပလေကို ကျောက်ရုပ်ထုပြီး ဂုဏ်ပြုသင့်ပါတယ်။ မစ္စတာ ရစ်ပလေဟာ မင်းတုန်းမင်းကြီး မွေးစားခဲ့တဲ့ ပုဂ္ဂိုလ်ပါတဲ့။ ဟံသာဝတီတိုက်ရဲ့ သမိုင်းကိုတောင် စာတစ်စောင်ပေတစ်ဖွဲ့ ပြုစုထားသင့်ပါပြီ။ ဂန္ထဝင်စာပေကို အမြတ်အစွန်း မမျှော်ကိုးဘဲ ရိုက်နှိပ်ပေးခဲ့တဲ့ ကျေးဇူးဟာ နဲရော့လားဗျာ။

နောက်တော့ ပိဋကတ် ပုံနှိပ်တိုက်တွေ ပေါ်ခဲ့တယ်။ ဇမ္ဗူ့ မိတ်ဆွေတို့၊ ပြည်ကြီးမဏ္ဍိုင်တို့ မန္တလေး ရတနာဒီပံတို့ စသဖြင့် ပေါ့လေ၊ ကျွန်တော်တို့ငယ်ငယ်က ကေနာဂူမီရာ အင်ဆန်း ပုံနှိပ် တိုက်ကထုတ်တဲ့ (၂)ပြားတန် ဆင်တံဆိပ် သင်ပုန်းကြီးစာအုပ်နဲ့ ကကြီး၊ ခခွေး တတ်ခဲ့ရတာ သတိရမိတယ်။ ပြီးတော့ မန္တလေး ဈေးချိုနဲ့ ရန်ကုန် ရွှေတိဂုံဘုရားဈေးက လာတဲ့ ပဒကုသလဝတ္ထုဆန်း မေဓာဝီသမင်မဝတ္ထုဆန်း စတဲ့ ဝတ္ထုဆန်းကလေး ဖတ်ခဲ့ရတာ သတိရမိတယ်။

ဒုတိယကမ္ဘာစစ် အပြီးမှာတော့ ဇွဲစာပေရိပ်မြုံ၊ ပညာ အလင်းပြ၊ ရှုမဝ၊ သွေးသောက် စတဲ့ တိုက်တွေ အပြိုင်အရိုင်း ပေါ်လာကြပြီ။ မန္တလေးက လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့ ကြီးပွားရေးတိုက် တိုက်ထုတ် စာအုပ်များကလဲ လူထုရဲ့ နားမျက်စိကို ဖွင့်ပေးခဲ့ တာ ဒီနေ့ လူထုစာအုပ်တိုက်ခေတ်အထိ၊ လွတ်လပ်ရေးခေတ်မှာ တော့ ကိုတင်ဆောင်၊ မစန်း၊ ဦးဘရီနှင့်သမီးများ၊ ခေတ်ပြင်၊ ပြည်သူ့အလင်း၊ မြန်မာပြည်စာအုပ်တိုက်၊ နန္ဒ၊ စာပေလောက၊ ပင်မရေစီး၊ ဝင်းမော်ဦး၊ ပင်းယ၊ ခြင်္သေ့၊ စတာတွေအပြင် လက်ဝဲနိုင်ငံရေး ကျမ်းတွေချည်း ထုတ်ဝေတဲ့ ကျော်လင်းစာပေ၊ အင်တာနေရှင်နယ်၊ ဗော့စတော့ စသဖြင့် စာအုပ်တိုက်တွေ အစီအရီ ပေါ်ပေါက်ခဲ့ကြပါတယ်။

အဲခေတ်သစ်မှာ ခေတ်မီမီနဲ့ အထိုးဖောက်နိုင်ဆုံး စာအုပ် တိုက်ကတော့ 'ပုဂံ'စာအုပ်တိုက်ပါ။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နှင့်ငြိမ်းချမ်းရေး (၁၂)တွဲ၊ သခင်တင်မြ ဘုံဘဝမှာဖြင့်၊ သိန်းဖေမြင့်ရဲ့ စစ်အတွင်းက ခရီးသည်၊ ပြည်သူ့ ကြားမှာ အမှန်ရှာ စတဲ့ စာအုပ်ကောင်းများ အပြင် ဝတ္ထုရှည်ကြီးများကို ပုဂံနှစ်လည်တိုင်း တခမ်းတနား ထုတ်ဝေခဲ့ပါသေးတယ်။

လှိုင်၊ တစ္ဆေ၊ ထီးလှိုင်ရှင်၊ ရေရိုင်းမြေရိုင်း၊ အရေးကြီးပြီ သွေးစည်းကြစို့၊ ဓမ္မဝိလာသ၊ မြန်မာပြည်မြောက်ပိုင်း စတဲ့ ဝတ္ထုရှည်ကြီးများကို အများ စိတ်ဝင်စားအောင် လှုံ့ဆော်ကြော်ငြာပြီး ထုတ်ဝေခဲ့တယ်။ 'ပုဂံ'ဟာ စာဖတ်ပရိသတ် အပေါ်မှာ သြဇာ ကြီးမားခဲ့ပါတယ်။

'စောဦး'ရဲ့ 'တမိုးသောက်သော်'မှ မေမြို့ချစ်ဆွေရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု နေ့စဉ်မှတ်တမ်း' အထိ အကျိုးပြု စာအုပ်ပေါင်း စာအုပ်ပေါင်း (၂၅၅)အုပ် အုပ်အထိ ထုတ်ဝေနိုင်ခဲ့တယ်။ ပုဂံစာအုပ် ဆိုရင် စာဖတ်သူ လူထုက အဆင်သင့် ရင်ဖွင့်ကြိုဆို ခဲ့ကြတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်၊ ငွေကြေးဂုဏ်သိန် တရှိန်ရှိန် တက်၊ အရက်ကလေး တမြမြ၊ ခွက်ကလေးကမချ၊ ငွေစကြေးစတွေ ပိုက်မိတော့ ရုပ်ရှင်ကလေး ရိုက်ချင်ချင်နဲ့ ဓာတ်ရှင် နတ်ဝင်ပါလေရော၊ (၁၉၈ဝ) ဇူလိုင်လထုတ် ပုဂံနောက်ဆုံးထုတ် စာအုပ်အပြီး ဇာခန်းဆီး နောက်ကွယ်မှာ သောက်ဟယ် စားဟယ်နဲ့ ကိုချောခမျာ အရွယ်ငယ်ငယ်နဲ့ ကွယ်လွန် ခဲ့ရပါလေတယ်။

ကိုချောပျောက်တော့ ပုဂံ ပျောက်သွားလိုက်တာ အခုတော့ ပုဂံမှတ်တိုင်ကို ပြန်လည် စိုက်ထူကြပြီတဲ့။ ဒီနှစ်ဆန်းကစပြီး ပုဂံလမ်းစ သစ်ခဲ့ပြီတဲ့။
အောင်မြင်ပါစေလို့ အဝေးကဆန္ဒပြုရင်း .......
ကျန်းမာချမ်းသာကြပါစေ။

တင်မိုး