Tuesday, December 11, 2012

နွေရာသီဟာ ဆုံးဖြတ်ချက်တွေ ချဖို့
မသင့်လျော်တဲ့ ရာသီတစ်ခု ဖြစ်တယ်



အပိုင်း (၁)
နွေရာသီဟာ ဆုံးဖြတ်ချက်တွေ ချဖို့ မသင့်လျော်တဲ့ ရာသီတစ်ခု ဖြစ်တယ်။ အဲဒီ စာကြောင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေက ရရှိခဲ့တာ ဖြစ်တယ်။ အဲဒီနေ့က သူ့ထံသို့ ကျောက္ကပ် မကောင်းတဲ့ သူငယ်ချင်း တစ်ယောက် အလည်အပတ် ရောက်လာခဲ့တယ်။ မူရာကာမိရဲ့ ပြဿနာကတော့ အချစ်ကို ယုံတာပဲဗျလို သူ ပြောလိုက်မိတယ်။ မြင့်သန်းလည်း ထိုနည်းလည်းကောင်းပဲလို့ ကိုကျောက္ကပ်က ပြန်ပြောတယ်။

ဒီနေရာမှာ ဇာတ်ကောင် တစ်ကောင် မွေးဖွားလိုက်တယ် ဆိုကြပါစို့။ ကိုကျောက္ကပ်။ ကိုကျောက္ကပ်သည် သူ့ရဲ့ ဇာတ်လမ်းထဲမှာ ရှင်သန်နေသလို အပြင်မှာလည်း ရှင်သန်နေတယ်။ ဒီဇာတ်လမ်းရဲ့ ပထမ စာကြောင်းများဟာ သူ့ဘ၀ အစဖြစ်ပြီး နောက်ဆုံး စာကြောင်းများမှာ သူ့ဘ၀ကို အဆုံးသတ် လိုက်မယ်။ အပြင်မှာလည်း ကိုကျောက္ကပ်ဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း အကြားမှာ ပိတ်မိနေတယ်။

ကိုကျောက္ကပ်ဟာ ကိုကျောက္ကပ်အဖြစ် မွေးဖွားလာဖို့ တောင်းဆိုခဲ့ခြင်း မရှိသလို သူ့ရဲ့ဇာတ်လမ်း အတွင်း သူ့(ကိုကျောက္ကပ်) ကို ဇာတ်ကောင် တစ်ကောင်အဖြစ် ထည့်သွင်းဖို့လည်း ဆန္ဒပြုခဲ့ဘူးတာ မရှိဘူး။ ကိုကျောက္ကပ်ဟာ သူ့မိသားစုကို သူ ရွေးချယ်ခွင့် မရှိခိုက်မှာပင် ကျွန်တော့် ဇာတ်ကွက် ကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိဖြစ်ရတယ်။

ကိုကျောက္ကပ်ဟာ ပြီးခဲ့တဲ့ တစ်လလုံးနီးပါး ပင်လယ် ကမ်းခြေ အပန်းဖြေစခန်း တစ်ခုကို ရောက်နေခဲ့တယ်။ ဆူနာမီ ရေလှိုင်းတွေ လာတော့မယ်ဆိုပြီး ကြေညာချက်တွေ ထွက်ပေါ်လာချိန်က ကိုကျောက္ကပ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိနေခဲ့တယ်။ ခရီးသည်တွေ အသီးသီးအသက မော်တော်ယာဉ်တွေပေါ် တက်ပြီး ထွက်ခွာသွားချိန်မှာ ကိုကျောက္ကပ်ဟာ ကမ်းခြေမှာ တစ်ယောက်တည်း ကျန်ခဲ့တယ်။ ပင်လယ် ကမ်းခြေ အပန်းဖြေစခန်း တစ်ခုလုံးကို ကျွန်တော် တစ်ယောက်တည်း အပိုင် ရလိုက်တာဗျလို့ သူက ခပ်တိုးတိုး ရေရွတ်နေတယ်။ ဒါပဲ။ ဒါလောက်ပဲ။

အပိုင်း(၂)
ယမန့်နေ့က သူ့ဆီကို ကိုကျောက္ကပ်ဆီက မက်ဆေ့ဂ်ျ တစ်ခု ၀င်လာတယ်
“ကျွန်တော်လည်း အချစ်ကို ယုံတယ်ဗျ”။

မိုးဆတ်
source.... open mind

No comments:

Post a Comment