ပုစ္ဆာ၊ ညီမျှခြင်းနဲ့ အဖြေ
(ကောင်းဆက်နိုင်- အံ့သြလွန်းလို့ သေတော့မယ်)
ပုစ္ဆာ
အံ့သြစရာ ကောင်းလောက်အောင် အတွက်ရခက်လွန်းတဲ့ ပုစ္ဆာတစ်ပုဒ်ကိုမှ စဉ်းစားခန်း ၀င်မိတာ ကျုပ်ခမြာ ဆံပင်တွေတောင် ထောင်လာသလား အောက်မေ့ရပါတယ်။
မီးခိုးထွက်အောင် စဉ်းစားနေမိတဲ့ အကြောင်းက ဥရောပက လူတွေနဲ့ ကျုပ်တို့နဲ့ လူချင်းတူပါလျက်နဲ့ ဘာလို့များ ကျုပ်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အဝေးကြီး နောက်ကျကျန်ခဲ့ရတာလဲ၊ ဘာလို့ ဒီလောက် ဆင်းရဲတွင်း နက်သွားရတာလဲ ဆိုတာပါ။
သူတို့က လူကောင်ပိုထွားလို့လား။ မဆိုင်ဘူး ကျုပ်တို့ မြန်မာတွေ လူကောင် သေးပေမယ့် သူတို့ထက်တော့ မလျော့တန်း အလုပ်လုပ်နိုင်ပါတယ်။ ဂျာမနီနိုင်ငံကို ပြင်သစ်၊ ပိုလန်စတဲ့ ဥရောပ တိုက်သား ပေါင်းစုံ အလုပ်လာလုပ်ကြပါတယ်။ ဖရန့်ဖတ် (ဖရန့်ဖွတ်) မြို့က ၀က်အူချောင်း အစရှိတဲ့ စားသောက်ကုန် စက်ရုံကြီးမှာ အလုပ်သမား ထောင်ချီရှိ ပြီး ၂၄ နာရီ လည်ပတ်နေတော့၊ ဥရောပ၊ အာရှ၊ အာဖရိက နိုင်ငံပေါင်းစုံက အလုပ်သမားတွေ လုပ်နေကြရာမှာ ဌာနစိတ် တော်တော်များများမှာ မြန်မာ ဂျပုတွေက ထူးချွန်လို့ အလုပ်ကြပ်တွေ ဖြစ်နေကြပါတယ်။ ဒါကိုကြည့်ရင် နိုင်ငံဆင်းရဲတာဟာ လူကောင်သေးတာနဲ့ မဆိုင်ပြန်ဘူး။
ရာသီဥတု မတူတာကြောင့်လား။ မဖြစ်နိုင်ဘူး။ သူတို့ဆီက ရာသီက အလွန်အေးပါတယ်။ နွေဦး၊ နွေနဲ့ ဆောင်းဦး၊ ဆောင်းရှိရာမှာ မေ၊ ဇွန်နဲ့ ဇူလိုင် သုံးလလောက်ပဲ ပူနွေးလိုက်ပြီး ကျန်တဲ့ အချိန် အေးတာမှ သုံးလ၊ လေးလလောက် ရေခဲ မှတ်အောက်မှာ ရှိပါတယ်။ တကယ်တမ်းဆိုရင် သူတို့ဆီက ရာသီကမှ လူပျင်း အားပေး ရာသီဖြစ်ပါတယ်။
ဝင်ငွေကြောင့်လား။ တစ်စိတ်တစ်ဒေသပဲ မှန်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ တစ်ချိန်က ကျုပ်တို့ထက်ဆိုးတဲ့ စစ်ရဲ့ အနိဋ္ဌာရုံ အခွံကျွတ်ဘ၀၊ ပြာပုံဘ၀ကနေ ယောက်ျားသား သိပ်မကျန်တော့ဘဲ အမျိုးသမီးအများစုရဲ့ ဂါဝန်ခါးတောင်းကျိုက်ပြီး နိုင်ငံထူထောင်ခဲ့ရတာပါ။ နိမ့်ကျတဲ့ဘ၀ နိမ့်ကျတဲ့ လုပ်အားခတွေနဲ့ စခဲ့ကြရတာပါ။ ဘယ်လောက်ပဲ နိမ့်ကျပါစေသူတို့ဟာ၊ စည်းကမ်းနဲ့ သန့်ရှင်း ကျန်းမာမှု ကိုတော့ မနိမ့်စေခဲ့ဘူး။
ညီမျှခြင်း
ညီမျှခြင်း ချကြည့်ရရင် ကျုပ်တို့နိုင်ငံမှာ စည်းကမ်းနဲ့ သန့်ရှင်း ကျန်းမာမှု အလွန် နိမ့်ကျခဲ့ရာမှာ အခုထိလည်း တိုးတက်မလာပါဘူး။
ကျုပ်ရဲ့ အတွေးအမြင်မှာ ဘယ်တော့မှ ပြည်သူကို အပြစ်မတင်ခဲ့ဘူး။ နောင်လည်း ဘယ်တော့မှ အပြစ်မြင်လိမ့်မယ် မဟုတ်ဘူး။ မိဘမရှိတဲ့ ကလေးတစ်ယောက် စည်းကမ်းမရှိရင် ဒီကလေးရဲ့ တာဝန် ဖြစ်ပေမယ့် မိဘရှိတဲ့ ကလေး စည်းကမ်းမရှိရင်တော့ မိဘရဲ့ တာဝန်ဖြစ်ပေလိမ့်မယ်။ ဒါပေမဲ့ ရိုက်နှက် ဆုံးမဖို့ပဲ တတ်ရင်တော့ ဦးနှောက်မရှိတဲ့ မိဘပဲ။
အခုလည်း ကျုပ်တို့ နိုင်ငံဟာ အစိုးရမရှိတဲ့ ပြည်သူမဟုတ်ဘူး။ ပြည်သူတွေကို ဒဏ်ရိုက်တဲ့နည်းနဲ့ စည်းကမ်းရှိအောင် လုပ်တာဟာခေတ် မမီတော့ဘူး။ အုပ်ချုပ်သူဘက်က အလွယ်လိုက်လုပ်တဲ့ ရှေးဟောင်းနည်း၊ အခုကြည့်လေ ရုပ်မြင်သံကြားကနေ ဂုဏ်ယူပြီး ပြနေတဲ့ မျဉ်းကျားကမဟုတ်ဘဲ လမ်းဖြတ်ကူးတဲ့ လူတွေကို ဖမ်း၊ ကားပေါ်တင် ရုံးပို့ပြီး ဒဏ်ရိုက်တဲ့ပုံတွေ။ အမှန်က ကိုယ့်အရှက် ကိုယ်ခွဲနေတာနဲ့ မတူဘူးလား။ ကျွန်တော်တို့မှာ ဒီရှေးဟောင်းနည်းကလွဲပြီး တခြား မစဉ်းစားတတ်ဘူးလို့ ၀န်ခံရာ ရောက်နေပါတယ်။ တစ်ကြိမ်ထက်တစ်ကြိမ် လျော့မသွားလေ ဒီနည်း မအောင်မြင်ဘူးဆိုတာ ထင်ရှားလေလေပါပဲ။ အလျဉ်းသင့်လို့ ပြောရရင် အသက် ၆၀ နဲ့ အထက် အသက်ကြီးသူများကိုတော့ ခြွင်းချက်အနေနဲ့ နှုတ်နဲ့ပဲ ရှင်းလင်း ပြောပြပြီး ချက်ချင်း ပြန်လွှတ်သင့်ပါတယ်။ တွဲတောင် ပို့ရမယ့် အဘိုးအဘွားအရွယ်တွေကို ဖမ်းပြီး ကားပေါ်တင် ရုံးပို့ပြီး ဒဏ်ရိုက်တဲ့အထိ လုပ်တာ မြင်ရတော့ အလွန် သနားဖို့ ကောင်းပါတယ်။
နောက်ပြီး ပြောရဦးမယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ ဥပေဒကို အလွန်လေးစား ဂရုစိုက်ကြပါတယ်။ ပြည်သူက အလေးထားသလို အုပ်ချုပ်သူက ပိုပြီးတော့ အလေးထားကြပါတယ်။ ဥပမာ ရထားပေါ်ဖြစ်ဖြစ်၊ ကားပေါ်ဖြစ်ဖြစ် လက်မှတ်မပါလို့ ဒဏ်ရိုက်ပြီဆိုပါတော့ ဒဏ်ရိုက်တဲ့ ပြစ်ဒဏ်အပြင် အခြား အပိုပြစ်ဒဏ် မခံစေရအောင် ဂရုစိုက်ပါတယ်။
ဒဏ်ရိုက်တဲ့ ကိစ္စကို နေရာတင် ဒါမှမဟုတ် ဘူတာတင် ချက်ချင်း ပြီးစီးအောင် ဆောင်ရွက် ပေးပါတယ်။ ပိုက်ဆံမပါရင်တောင် နောက်မှ ဘဏ်ဖြစ်ဖြစ် သွင်းပေး၊ လိပ်စာပဲ ယူထားပါတယ်။ မှတ်ပုံတင်လိုဟာမျိုး မပါလည်း ကားလိုင်စင်ဖြစ်စေ တခြား အထောက်အထား တစ်ခုခုပါရင် ရပါတယ်။ ဒဏ်ရိုက်တာနဲ့ မဆိုင်တဲ့ အခြားပြစ်ဒဏ် မခံစေရပါဘူး။
ဒဏ်ရိုက်တာနဲ့ မဆိုင်တဲ့ အပိုပြစ်ဒဏ်ဆိုတာဟာ ဥပမာ နေရာတင် ချက်ချင်း ဒဏ်မရိုက်ဘဲ ကားပေါ်တင်ပြီး အစောင့်ခိုင်းထားမယ်။ ကားနဲ့ ရုံးကို ခေါ်သွားမယ်။ (လမ်းမှာ ယဉ်တိုက်မှုဖြစ်ပြီး သေဆုံးရင် ဘယ်သူ့တာဝန်လဲ) စဖမ်းတဲ့ အချိန်ကနေ ဒဏ်ငွေဆောင်ပြီး အိမ်ပြန်ခွင့်ရတဲ့ အချိန်ထိဟာ ပြစ်ဒဏ်နဲ့ မဆိုင်ဘဲ အချုပ်နှောင်ခံနေရတဲ့ သဘောပါ။ စိတ်ပိုင်းဆိုင်ရာ ကြည့်ရင်လည်း အလွန် စိတ်ဆင်းရဲနေရှာမှာ ပါပဲ။ ဒါဟာ ပြည်သူတွေအနေနဲ့ ပြစ်ဒဏ်နဲ့ မဆိုင်တဲ့ တခြား ပြစ်ဒဏ်တစ်ခုကို သက်သက်ခံရတဲ့ အဓိပ်္ပာယ်မို့ ဥပဒေကို တန်ဖိုးထားတဲ့ သူတွေရဲ့ အမြင်မှာတော့ (ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်ထားပြီးမှ) အလွန် အကျည်းတန်ပါတယ်။ ဥပဒေဆိုတာ မျှော့ကြိုးလိုပဲဆိုပြီး ဆင်ခြေပေးရင်တော့ ဘာမှ အတွန့်မတက်ဝံ့ပါဘူး။ “စေတနာ”ဆိုတဲ့ စကားလုံးလေးပဲ လက်ဆောင်ပါးလိုက်ပါတယ်။
တစ်ချိန်တုန်းက ကြိမ်ဒဏ်တွေဟာ ခေတ်နဲ့ မဆီလျော်တော့လို့ (စင်ကာပူက လွဲလို့ ) နိုင်ငံတကာမှာ မရှိတော့သလိုပဲ တစ်ချိန် မှာ နိမ့်ကျတဲ့ ဒဏ်စနစ်တွေလည်း ပျောက် ကွယ်သွားဦးမှာပါ။
နိမ့်ကျရာကနေ အဆင့်မြင့်လာဖို့ ပြည်သူကော အစိုးရပါ စည်းကမ်းဥပဒေနဲ့ သန့်ရှင်း ကျန်းမာမှုအတွက် ကြိုးစားဖို့ပါပဲ။ လူကို တန်ဖိုးထားလေ့မရှိတဲ့ အာဏာရှင်စနစ်မှာ တန်ပြန်အကျိုး သက်ရောက်မှုအနေနဲ့ ပြည်သူကလည်း စိတ်ဝမ်းကွဲလေ့ရှိပြီး နိုင်ငံ၊ အဆောက်အဦနဲ့ လမ်း စတာတွေကို ငါတို့နဲ့ မဆိုင်ဘူး၊ အာဏာရှင်အစိုးရနဲ့သာ ဆိုင်တယ်လို့ သဘောထားတတ်ကြပါတယ်။ ကွမ်းတံတွေး၊ အမှိုက်တွေနဲ့ အားပေးကြပါတယ်။ အာဏာရှင်တွေကလည်း ဒဏ်ရိုက်လိုက်နဲ့ သံသရာလည်နေပါတယ်။
လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ သန့်ရှင်းတဲ့ မဲနဲ့ ပေါ်ပေါက်လာတဲ့ အစိုးရမျိုးကျတော့ ပြည်သူတွေရဲ့ စည်းရုံး ပါဝင် ပူးပေါင်းမှုတွေ ရပါတယ်။
အာဏာရှင်လောင်းရိပ်မှာ သိမ်ငယ်စိတ်တွေ ၀င်နေခဲ့တဲ့ ပြည်သူတွေဟာ မိမိကိုယ်တိုင် သဘောတူ ပူးပေါင်း ပါဝင် တင်မြှောက်ထားတဲ့ အစိုးရနဲ့ကျတော့ လူ့သိက္ခာမြင့်လာသလို နိုင်ငံကြီးသား စိတ်ဝင်လာပါလိမ့်မယ်။ စိတ်ဓာတ်တွေ မကောင်းဘူး ဆိုတာလည်း ပြည်သူမှာ အပြစ်မရှိပါဘူး၊ မကောင်းအောင် လုပ်ထားခံရလို့ မကောင်းတာပါ။ ပြောရရင်တော့ စနစ်ကြောင့်ပါ။ စနစ်ကောင်းရင် ပတ်ဝန်းကျင်ကောင်းပြီး စိတ်ဓာတ်တွေ မုချကောင်းလာမှာပါ။ လူသားမှန်ရင် အဆင့်မြင့်ချင်သူချည်းပါပဲ။ အဆင့်နိမ့်တဲ့ အပြုအမှုတွေ လုပ်ရမှာ ရှက်လာမှာပါ။
သမ္မတကြီးပြောတဲ့ သန့်/ကောင်း အစိုးရလည်း ဖြစ်မယ်။ မဲသန့်သန့်နဲ့လည်း တက်လာမယ်။ ဒီမိုကရေစီကိုလည်း အရောင်မဆိုးဘူးဆိုရင် ပြည်သူတွေလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလာမှာပါ။ ကိုယ်လုပ်ပေးသင့်တာတွေကျတော့ လုပ်မပေးဘဲ ပြည်သူနည်းနည်း မှားတာကျတော့ ဒဏ်ရိုက်တယ်ဆိုတဲ့ ရှက်စရာ လုပ်ရပ်တွေလည်း ကင်းဝေးသွားပါလိမ့်မယ်။
ဖိနပ်အောက်က တီကောင် တစ်ကောင်လို လှုပ်မရတဲ့ ဘ၀ကနေ လွတ်လပ်လာတာနဲ့အမျှ ပြည်သူတွေ စာဖတ်လာပါလိမ့်မယ်။ အင်တာနက်နဲ့ ဖုန်းတွေ အိမ်နီးနားချင်း နိုင်ငံတွေထက် ဈေးမြှင့် မထားတော့တဲ့ တစ်နေ့ကျရင် ပြည်သူတွေ အငမ်းမရ ဗဟုသုတ ရှာကြလိမ့်မယ်။ စာမဖတ်ဗဟုသုတ ရှာမထားလို့ကတော့ ကျောချတာတောင် ဓားပြမှန်းမသိဘဲ ဓားပြကို အဘခေါ်မိတဲ့ ဘ၀ရောက်လိမ့်မယ်။ စည်းကမ်းရှိမယ်၊ သန့်ရှင်းကျန်းမာအောင် နေမယ်၊စာပေ ဗဟုသုတလိုက်စားကြမယ်ဆိုရင် နိုင်ငံ မြန်မြန် တိုးတက်ပါမယ်။
အဖြေ သို့မဟုတ် သုံးချက်တွက်နည်း
တစ်ကိုယ်ကောင်းသမားတွေကလွဲလို့ ဘယ်သူ တစ်ဦးတစ်ယောက်မဆို ကိုယ့်နိုင်ငံ ချမ်းသာတာ တိုးတက်တာ မြင်တွေ့ချင်သူချည်းပါပဲ။ စိစစ်ရေး ခွင့်ပြုရင် ခွင့်ပြုသလောက် လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့ခေတ်မို့ နိုင်ငံတကာ ရှုထောင့် ကိုယ့်လူမျိုးဘက်က ရှုထောင့် အမျိုးမျိုး အားတက်သရော ရေးပါတယ်။ အစိုးရက ပြည်သူတွေရဲ့ အသံကို လေးလေးစားစား နားထောင်တယ်ဆိုတော့ လက်ဖက်ရည် ဆိုင်မှာလည်း ဒီအကြောင်းပါပဲ။ ဘာလို့ မွဲလဲ၊ ဘာလို့ အရှုံးတွေပေါ်လဲ၊ ပိုက်ဆံတွေ ကုန်ပြီး ဘာလို့ မြောင်းပုပ် ရေပတ်လည်ဝိုင်း၊ အမှိုက်နဲ့ နပန်းလုံးနေရတဲ့ ဘ၀ရောက်နေတာလဲ မွေးဖွားခြင်းကနေ သေဆုံးတဲ့အထိ (ဦးကျော်သူကလွဲလို့) ကူရာမဲ့ ကယ်ရာမဲ့ ဘ၀ရောက်နေတာလဲ၊ စားပွဲထိုးလေး မောင်သံချောင်းတောင် အားရင် ကျုပ်တို့ ၀ိုင်းဘေးမှာ လာနားထောင်နေတတ်ပါတယ်။
တစ်ရက်တော့ စားပွဲထိုး မောင်သံချောင်းနဲ့ ဈေးနားမှာတွေတော့ သူက ဘာမပြော ညာမပြောနဲ့ “ဦးလေးတို့ ပြောနေကြတာ ဘာကြောင့်တုန်းဆိုတော့ ကျွန်တော် သိတယ်ဗျ”တဲ့။ ကျုပ်လည်း ကြောင်သွားပြီး အကျိုးအကြောင်း မေးတော့ သူက “ကျွန်တော်တို့ တိုင်းပြည် ဘာလို့ မွဲတာလဲ၊ ဘာလို့ မအောင်မြင်တာလဲ၊ ဘာလို့ အရှုံးတွေ ပေါ်နေတာလဲ၊ ဦးလေးကို ကျွန်တော် လိုက်ပြမယ်၊ မနက်ဖြန် အားလား” တဲ့ ကျုပ်လည်း အားနာပါးနာနဲ့ “အားပါတယ်”ဆိုတော့ သူက “တက်္ကစီနဲ့ သွားရမှာ”တဲ့။ ကျုပ်လည်း သိ ချင်ဇောနဲ့ တက္ကစီခ နှမြောဖို့တောင် သတိမရတော့ပါဘူး။ ခေါင်းညိတ်လိုက်တယ်။
တိုင်းပြည်နဲ့ ချီတဲ့ ပြဿနာကြီးကို စားပွဲထိုးလေးက လိုက်ပြမယ်ဆိုတော့ ယုံတစ်ဝက် မယုံတစ်ဝက် လိုက်သွားပြီး မြင်လည်း မြင်ရော အသက်ရှုဖို့ မေ့သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ သူပြောပြနေတာလည်း ကြားတစ်ချက် မကြားတစ်ချက်ပေါ့။
ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကတော့ တစ်နိုင်ငံလုံးမှာ ဈေးအကြီးဆုံး ရပ်ကွက်တစ်ခုက တိုက်ကြီး တစ်လုံးပါပဲ။ နန်းတော် ကြီးလား အောက်မေ့ရပါတယ်။ ကြားနေရတဲ့ သူ့အသံကတော့။
ဒါ ကျွန်တော် ပန်းရံလုပ်တုန်းက အလုပ်လုပ်ခဲ့တဲ့ တိုက်ကြီးပေါ့...ဌာနက အကြီးဆုံးပေါ့။ အခု အငြိမ်းစား ဦးတို့ ပြောပြောနေတဲ့ အရှုံးအများဆုံး ဌာနလေ။ သူ့အောက်က လူတွေက သူ့ထက်တောင် ချမ်းသာတယ်။ သိန်းထောင်နဲ့ ချီပြီးတောင် လှူနိုင်ကြတယ်။ (...ကျုပ် သာဓုခေါ်ဖို့တောင် မေ့နေတယ်)
မျက်စိထဲလည်း ပြန်ပြီး မြင်ယောင်လာတယ်။ ဥရောပက အကြီးဆုံး အရာရှိကြီးတွေဟာ သူလို ကိုယ်လိုပဲဗျ။ လစာနဲ့ မတန်တဆ နေထိုင်စားသောက်တာတွေ သုံးဖြုန်းတာတွေ အလွန် တွေ့ရခဲလို့ပါပဲ။ ပုစ္ဆာရဲ့ အဖြေတော့ တွေ့ပြီ ထင်တာပဲ။
ဒါနဲ့ မောင်သံချောင်းကို “ကျေးဇူး တင်တယ်၊ မောင်သံချောင်းရယ်၊ ငါသာ သမ္မတများ ဖြစ်ခဲ့ရင် မင်းကို အကြံပေး ခန့်မယ်ကွာ”လို့ ပြောမိတယ်။
မောင်သံချောင်းက ကျုပ်ကို သနားစရာ သတ္တ၀ါလို ငေးကြည့်ရင်း “ဦးလေး လက်ထက်ကျတော့ သမ္မတ အလုပ်က ဘယ်ကိုက်တော့မှာလဲ”လို့ ညည်းတွားရင်း ပြောလိုက်ပါတယ်။
ကောင်းဆက်နိုင်
(ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ-၂၊အမှတ်-၉၇၊၂၀၁၂ခုနှစ်၊ ဇွန်၇)
No comments:
Post a Comment