ပန်းကလေးများ ပွင့်တော့မည် … ဖူးတံဝင့်လို့ချီ
မကြာမီ မေလ ကုန်ဆုံးတော့မည်။ ပူပြင်းခြောက်သွေ့သည့် နွေအပူချိန် တရွေ့ရွေ့ ဆုတ်ခွာသွားသည့်နည်းတူ မိုးသက်တင်လေကိုလည်း စတင်ခံစားနေရပြီ။ မိုးဦးကျ ဇွန်လတွင် သစ်ပင်ပန်းမန်တို့ မိုးစက်ရေဖြင့် အသက်ဆက်ကြရသကဲ့သို့ အနာဂတ်၏ သားကောင်းရတနာများသည်လည်း ပညာရည်နို့ သောက်စို့ရန် လောကဓာတ်ကျောင်းများသို့ ခြေလှမ်းကြရသော အခါသမယဖြစ်ပါသည်။
မှတ်မိသေးတော့သည်။ ကလေးတုန်းကပေါ့။ သည်လို ကျောင်းဖွင့်ရန် တပတ်လောက်လိုသည့် အချိန်ရောက်ပြီဆိုလျှင် ကျောင်းအပ်ရ၊ စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ ၀ယ်ရ၊ လွယ်အိတ်အသစ်၊ ကျောင်းဝတ်စုံအသစ် ပူဆာရနှင့်။ အမေနှင့်အတူ ကျွန်မတို့ ညီအမနှစ်ယောက် ကျောင်းအပ်ရာမှ ပြန်လာတိုင်း၊ ကျောင်းအပ်ခနှင့် မင်းကြီး၊ မင်းလေးနှင့် မမနှဲတို့ကို ပူဇော်ပသရသလို အာစရိယဂုဏော အနန္တောအတွက် ပေးကမ်းရက်ရော ကန်တော့ပန်းဆင်ခဲ့ရသည်များကို အမေက ညည်းချင်းချလေတိုင်း ကျွန်မတို့ အဘွား ပြောနေကျ စကားကို ပြန်လည် အမှတ်ရမိပါ၏။
“ညည်းတို့ အဖေကို ကျောင်းအပ်တော့ ငါဖြင့် ကျောင်းဆရာကို ငှက်ပျောတဖီးနဲ့ ပြီးခဲ့ရတာပါအေ။ အရာတော်ကနေ ဂျိုးတောင်ကို ပြောင်းကြလို့ ကျောင်းပြောင်းရတဲ့အခါကျတော့လည်း ကျောင်းအုပ်ကို ကျုပ်တို့ သားလေး ကျောင်းအပ်ချင်လို့ပါဆိုတော့ ကျောင်းအုပ်က လွှတ်လိုက်လေဆိုတာနဲ့ ညည်းတို့အဖေ နောက်နေ့ စာသင်ခန်းထဲ ၀င်ထိုင်လိုက်တာပဲ။ တပြားတချပ် မကုန်ခဲ့ဘူး”။ သည်တုန်းက “ခေတ်ချင်းမှ မတူတော့ပဲကိုး” ဟု ကျွန်မတို့တတွေက စကားနိုင်လု၍ ပြောခဲ့သေးသည်။ ယခုလို မူလတန်း အတန်းပညာအတွက် ပညာသင်စရိတ် ကင်းလွတ်ခွင့်ရှိပြီဆိုသည့် သတင်းမျိုး အဖွားများ ကြားလျှင် အဆန်းလုပ်လို့အေ ဟုများ ငေါ့လေဦးမလားမသိ။
ကျောင်းနေစတုန်းက ကျောင်းအပ်ခ မည်ရွေ့မည်မျှ ကုန်ကျခဲ့သည် မမှတ်မိသော်လည်း စတုတ္ထတန်းတက်တော့ မိမိဘာသာ ကျောင်းအပ်ခဲ့ရ၍ ငွေ ၃၅၀ ကျပ် ကုန်ခဲ့ရသည်ကို မှတ်မိသည်။ ပဉ္စမတန်းကျတော့ ၄၅၀ ကျပ်။ ဗလာစာအုပ် ၃ အုပ်နှင့်၊ ခဲတံ ၃ ချောင်း ရသည်။ ကျောင်းဖွင့်ချိန် နီးလေ၊ ကျွန်မတို့ ညီအမနှစ်ယောက်မှာ အိမ်တွင် ရန်ဖြစ်ရလေပါပဲ။ ထိုစဉ်က ရွှေသွေးစာစောင်တွေကို ဖြဲပြီး ဗလာစာအုပ် အဖုံး လုပ်ခဲ့ရလေတော့ အမဖြစ်သူနှင့် ရွှေသွေးလုခဲ့ရသည်ကိုး။
အတန်းထဲတွင် တိုင်းမ်မဂ္ဂဇင်းမှ စာရွက်များကို စာအုပ်အဖုံး လုပ်နိုင်သူက ပိုပြီး ခေတ်မီသည်ဟု ယူဆကြသည်။ တိုင်းမ်သည် ကျွန်မတို့ ကလေးများအတွက်တော့ စာအုပ်အဖုံးလှရေးသာ အထောက်အကူပြုလေသည်။ ယခုလို မျဉ်းသားပြီး စာအုပ်များလည်း မပေါ်သေးသဖြင့် စာမျက်နှာတိုင်းတွင် စိတ်ရှည်လက်ရှည် ဘေးမျဉ်းသားပြီး စာအုပ်အဖုံးတွင် မိမိနာမည်ကို လက်ရေးအလှဆုံးဖြစ်အောင် ကြိုးစားပြီး ရေးထိုးသည်။ ထိုစဉ်က ဒီတီဗလာစာအုပ် တအုပ် ၁၃ ကျပ်၊ ကျောင်းမှန်မှန်တက် စာမခက်တအုပ် ၂၀ နှင့် ကျွန်မတို့တတွေက ပြင်သစ်ဖောင်တိန်ဟု ခေါ်သော ရေးနော့ဘောလ်ပဲန်မှာ တချောင်း ၁၅ ကျပ် ရှိပါသည်။ လွန်ခဲ့သည့် ၁၈ နှစ်။ ၉၃၊ ၉၄ ခုနှစ် ၀န်းကျင်ကပေါ့။
ကျွန်မတို့က လွယ်အိတ်အသစ်၊ ကျောင်းဝတ်စုံအသစ် ပူဆာတိုင်း အမေက ၀ယ်ပေးလေ့မရှိ။ “မဖြုန်းချင်စမ်းနဲ့။ စာပဲ တော်အောင် ကြိုးစား။ မနှစ်ကဟာက အလတ်ကြီးရှိသေးတာ။ ရှိတာ သုံးပေါ့” ဟု ဆိုတတ်သဖြင့် အဖေ့ဆီ လှည့်ပြီး နားပူပြန်လျှင် အဖေက ဈေးချို၊ ကြံတိုင်းအောင် လွယ်အိတ်ဆိုင်ရှင် ဦးအောင်မင်းထံမှ လွယ်အိတ် လက်ဆောင်တောင်းပေးတတ်သည်။ နောင်နှစ်များကျတော့ ကျွန်မတို့ပင် တောင်းစရာမလို။ ကျောင်းဖွင့်ချိန်နီးတိုင်း ဦးအောင်မင်းက ကျွန်မတို့တတွေအတွက် နှစ်စဉ် လွယ်အိတ်လက်ဆောင်ပေးပါသည်။
သည်တုန်းကလည်း ကျောပိုးအိတ်လွယ်ချင်သည့် ရောဂါထလိုက်သေးသည်။ “ဟဲ့ ဗမာလွယ်အိတ်က လက်ဆောင်တောင်းလို့ရတယ်။ ကျောပိုးအိတ်လိုချင်ရင် ပိုက်ဆံက ထွက်ရဦးမှာ” ဟု အမေက တွန့်တိုနေသဖြင့် ကျွန်မတို့မှာ ဗမာလွယ်အိတ်ကို လွယ်အိတ်ကိုင်းကနေ လက်ဝင်လျှိုပြီး လွယ်အိတ်ကို ခေါင်းကနေ ကျော်၍ နောက်ကျောဘက်သို့ လှန်ပြစ်ကာ ကျောပိုးအိတ်သဏ္ဍန်လုပ်၍ လွယ်ခဲ့ရသည်ကိုလည်း လွမ်းမိပါ၏။ ယခုတော့ ဗမာလွယ်အိတ်လွယ်သည့် ကျောင်းသူ၊ ကျောင်းသားများ မြို့ကြီးများတွင် သိပ်မတွေ့ရတော့ပါ။
ကျောင်းစဖွင့်သည့် နေ့ဆိုလျှင် မနက်အစောကြီး သွားရသည်။ ထိုင်ခုံနေရာ ဦးရန်အတွက်ပါ။ တချို့များကျတော့ ကျောင်းဖွင့်သည့် တပတ်၊ နှစ်ပတ်အတွင်း “အေ” ခန်း ရွှေ့ချင်လို့၊ “ဘီ” ခန်းမှ နေချင်လို့ အကူးအပြောင်းတွေဖြင့် ဇယားရှုပ်နေတတ်ကြသည်။ ဒါသည်လည်း ငွေကြေးတတ်နိုင်သူ၊ ကျောင်းအုပ်နှင့် အတန်းပိုင်တို့နှင့် အလွမ်းသင့်သူများ၏ အဆာကျယ်ခြင်း နည်းတမျိုးဖြစ်သည်။ ကျွန်မတို့တော့ သည်လို ဇာမချဲ့ခဲ့ဖူးပါ။
ကျွန်မတို့တုန်းက အခက်အခဲတခု ရှိသေးသည်။ ယင်းကား သင်ရိုးညွှန်းတမ်းစာအုပ် အခက်အခဲဖြစ်ပါသည်။ သင်ရိုးစာအုပ်များကား ပြင်ပတွင် အလွန်ဈေးကြီးလှသည်။ လိုသလောက်လည်း မရ။ ထို့ကြောင့် အမေက အဟောင်းဆိုင်မှ သင်ရိုးစာအုပ်များကို ရှာပြီး ၀ယ်ပေးသည်။ ကျွန်မ အမကိုင်ပြီးသား စာအုပ်ကို ကျွန်မက ဆက်ကိုင်ပေါ့။ ကျွန်မလည်း ကလေးဘာသာဘာဝ အသစ်ကိုပဲ စုံမက်လှသည်ပဲပေါ့။ ကျောင်းဖွင့်ပြီး တပတ်၊ တနှစ်တလေကျတော့ တလလောက် ကြာချင်ကြာသည်။
ထိုအခါမျိုးများတွင် သင်ရိုးစာအုပ်များ လိုချင်သည့် လူများကို စာရင်းတို့ထားပြီး မဲဖောက်ပေးသည်။ ကျွန်မ ပဉ္စမတန်းရောက်တော့ ထောင့်ချွန်တို့၊ စက်ဝိုင်းခြမ်းတို့ ပါသည့် အမ်ကွန်ပါဘူးအတွက် မဲနှိုက်ခဲ့ရဖူးသည်။ ထိုသို့ မဲနှိုက်ရသည့် အချိန်များဆိုလျှင် ကျွန်မမှာ ဘုရားစာ ပေါင်းစုံရွတ်နေရပြီး ရင်ထဲမှာ ကုလားဗုံတီးနေရသလိုပါပဲ။ သူသူငါငါတိုင်း လိုချင်သည့် သင်ရိုးညွှန်းတမ်း စာအုပ်အသစ်ကို မဲပေါက်သည့် ကျွန်မ သူငယ်ချင်းအချို့က ပြန်ရောင်းပစ်ခဲ့ကြသည်ကိုလည်း ကြုံဖူးသည်။ “ငါလည်း သူများတွေလို စာအုပ်အသစ် ကိုင်ချင်တာပဲ။ ဒါပေမယ့် အမေက ပြန်ရောင်းတော့ ပိုက်ဆံရတယ်။ ငါ့အတွက် မုန့်ဖိုးပေးမယ်လို့ ပြောတယ်” ဟု သူတို့က ဆိုသည်။
ကျွန်မ နေခဲ့ရသည့် ကျောင်းမှာ လူကုံထံတို့အကြား ရေပန်းစားသည့် ကျောင်းမျိုးမဟုတ်။ လက်လုပ်လက်စား အခြေခံလူတန်းစားတို့သာ အားထားသည့် ကျောင်းမို့ နွမ်းပါးသူ များပါသည်။ ထိုသူငယ်ချင်းတွေခမျာ သင်ရိုးစာအုပ် အသစ်လည်း မရှိ၊ အဟောင်းလည်း မရှိ။ ကျောင်းတွင် စာဖတ်ရလျှင် ကျွန်မနှင့်အတူ ပေါင်းကြည့်ကြသည်။ အိမ်စာပေးလျှင် မလုပ်ကြ။ ကြည့်စရာ စာအုပ်မရှိ၍ မလုပ်သည်ကတကြောင်း၊ လုပ်ချိန်မရှိသည်ကတကြောင်းကြောင့်ဟု ဆိုသည်။
ဆရာမ ရိုက်လျှင်တော့ ငိုမဲ့မဲ့နှင့်။ စာကြိုးစားရန်လည်း သူတို့ ဘယ်အခါမှ အားမထုတ်စဖူး။ ကြိုးစား၍လည်း အရာထင်လိမ့်မည်မဟုတ်ဟုသာ တွေးကြသည်။ စာတော်သူ သူငယ်ချင်းတွေကိုတော့ သူတို့ အထင်ကြီးသည်။ အောက်ကျို့ခံ၊ အနိုင်အကျင့်ခံပြီး ပေါင်းကြသည်။ သူတို့ တတ်နိုင်တာ ဘာမဆို ဖြည့်ဆည်းပေးရန် အသင့်ရှိပြီး စာတော်သည့် သူများထံမှ စာကူးချခွင့်ရရုံမျှကိုပင်လျှင် သူတို့ အကျေနပ်ကြီး ကျေနပ်ကြသည်။ ကလေးအရွယ် ဖြစ်သော်ငြား လွမ်းရေးထက် ၀မ်းရေးခက်သည့် သူတို့ဘ၀အခြေအနေကို သူတို့နားလည်ကြသူများ ဖြစ်သည်။
တကယ်တော့ ကျောင်းဆိုသည်မှာ စာပေသင်ကြားရုံမကဘဲ လူမှုဆက်ဆံရေးကိုပါ သင်ကြားပေးသည် ဆိုသည်မှာ မှန်၏။ ငယ်ငယ်က အတန်းထဲတွင် သူငယ်ချင်းအချင်းချင်း ရန်ဖြစ်တိုင်း ဂိုဏ်းခွဲခဲ့ကြသည်ကို တွေးမိပြန်တော့ ပြုံးရပြန်သေးသည်။ ဂိုဏ်းခွဲသည်ဆိုသည်မှာလည်း စာတော်သူနှစ်ဦး၊ သို့မဟုတ် ငွေကြေးတတ်နိုင်သူ နှစ်ဦး၏ ပဋိပက္ခမှ အခြေခံသည်။ စာညံ့သူနှစ်ယောက် ရန်ဖြစ်၍ “နင် သူ့ခေါ်မလား၊ ငါ့ ခေါ်မလား” မေး၍လည်း ဘယ်သူကမှ အဖက်လုပ်ပြီး စိတ်မ၀င်စားတတ်။ သို့သော် စာတော်သူများ၊ ငွေကြေး တတ်နိုင်သူများ ရန်ဖြစ်ကြလျှင်တော့ “ငါ့ကို ခေါ်ရင် သူ့ကို မခေါ်နဲ့။ သူ့ကို ခေါ်ရင် ငါ့ကို မခေါ်နဲ့။ ငါနဲ့ မခေါ်ရင်တော့ ငါ့ရန်သူပဲ” ဆိုတာမျိုး ကလေးများကြားတွင် ဂိုဏ်းသားလုကြသည့် အဖြစ်မျိုးလည်း ရှိသည်။ ထိုအခြေအနေမျိုး ကြုံလာတိုင်း စာညံ့သူ၊ နွမ်းပါးသူများမှာ အမြဲတန်ဆာခံဖြစ်ပါသည်။
တဘက်နှင့် တဘက် အင်အားကြီးဖို့ အဖြည့်ခံများ ဖြစ်ရသည်။ အဲ စာတော်သူနှင့် စာညံ့သူ ရန်ဖြစ်လို့ကတော့ မေးခွန်းထုတ်စရာမလို။ တော်တော်များများက မျက်နှာကြီးသူထံကိုသာ ပြေးကပ်၍ ပြဿနာ ဘာက ဘယ်လိုမှန်းမသိပဲ အခြားတဘက်ကို နှိမ်ကြပြန်သည်။ ကျွန်မလည်း ကလေးတုန်းက ဤသို့ ဖြစ်ရပ်များနှင့် မကင်းခဲ့ပါချေ။ ကလေးတို့ ကမ္ဘာဆိုသည်မှာ ကျဉ်းမြောင်းလှသေးသကိုး။ အသက်ကြီးလာ၍ ကမ္ဘာကြီး ကျယ်မှန်း သိလာသည့်အခါ လူကြီးတွေမှာလည်း သူငယ်နာမစင်သည့် စိတ်ဓာတ်တွေ ရှိသေးတုန်းဆိုတာ သတိပြုမိသည်။
ရှိသေးသည်။ ကျောင်းတွင် အတန်းခေါင်းဆောင်၏ ပါဝါပြမှုမျိုး။ ဆရာမက အစည်းအဝေးသွားမှာမို့ အတန်းခေါင်းဆောင်ကို အတန်းထိန်းရန် အပ်ခဲ့လျှင်၊ အတန်းခေါင်းဆောင်က ကျွန်မတို့တတွေကို ထိုင်ခုံပေါ်တွင် မှောက်အိပ်ခိုင်းသည်။ စကားပြောလျှင် နာမည်မှတ်သည်။ ခေါင်းထောင်လျှင်လည်း နာမည်မှတ်သည်။ သူနှင့် မတည့်သူများဆိုလျှင် ပိုငြိုးသည်။ ထို့နောက် ဆရာမ ပြန်လာလျှင် တိုင်ပြောသည်။ အမိန့်ဖီဆန်မှုတည်းဟူသော အကြောင်းပြချက်ဖြင့် ဆရာမက အတိုင်ခံရသူ ကျောင်းသူ၊ ကျောင်းသားများကို ကျောပြင် ဗြောတင်လေသည်။ အတန်းမဆူအောင် စကားမပြောလျှင် တော်ရောပေါ့။ အဘယ်ကြောင့် ခေါင်းထောင်ရုံဖြင့် အရိုက်ခံကြရသနည်း။ မည်သူကမှလည်း စောဒက မတက်ဝံ့။ စတုတ္ထတန်းနှစ်၊ သမိုင်းဘာသာတွင် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ စတင် သင်ကြားကြရပြီဖြစ်၍ ထိုသို့သော အတန်းခေါင်းဆောင်ကို “အလိုတော်ရိ” ဟူ၍လည်း ကျွန်မတို့ သူငယ်ချင်းတအုပ်စု နာမည်ပြောင် တပ်ခဲ့ဖူးသေးသည်။
ပဉ္စမတန်းရောက်တော့ ပထ၀ီသင်သည့်ဆရာမက အတန်းထဲတွင် မိန်းကလေးတွေအကြိုက် ကလစ်၊ ရင်ထိုး၊ လက်သည်းနီ စသည်များကို သူ စာမသင်ခင် ကြော်ငြာ၍ ရောင်းလေသည်။ အရစ်ကျ ၀ယ်လို့ရသည်။ သူ့အချိန်ရောက်လေတိုင်း သူ၏ ကုန်ပစ္စည်း ကြော်ငြာခြင်း၊ အကြွေးတောင်းခြင်း အမှုကို အရင်ပြီးပြတ်အောင် လုပ်လေသည်။ သို့ပေမယ့် ဆရာမကို ဟိုတုန်းကလည်း အပြစ်မမြင်ခဲ့သလို ယခုတိုင်လည်း အပြစ်မဖို့လိုပါ။ ငယ်ငယ်ကတော့ ဆရာမ အကြွေးတောင်းချိန်၊ သူ့ပစ္စည်းတွေနှင့် သူ အလုပ်ရှုပ်ချိန်ဆိုလျှင် ကျွန်မတို့တတွေက ကမြင်းကြောထလို့ ကောင်းနေသဖြင့် ဒါကိုပင် ကျေနပ်နေခဲ့သည်။ ယခုအချိန်မှာတော့ ဆရာမသည် သူ၏ ရပ်တည်ရေးအတွက် သူ့နည်းသူ့ဟန် လှုပ်ရှားခဲ့ရသည်ကို စာနာပေးနိုင်၍ မရှုံ့ချလိုတော့ခြင်းဖြစ်သည်။ ကျောသား ရင်သား မခွဲခြားဘဲ အမှန်တကယ် ဆရာပီသသော ဆရာများစွာနှင့် ကြုံခဲ့ရသလို လာဘ်မျှော် ကျူရှင်ခေါ်သည့် ဆရာမျိုးနှင့်လည်း တွေ့ခဲ့ရသည်။ အစိုးရက ကျူရှင်စနစ် ပပျောက်စေရန် ရည်သန်ပြီး ကျောင်းသူကျောင်းသားများအတွက် အချိန်ပိုသင်ကြားရေး စီစဉ်ပေးခဲ့သည်။ (ယခုတော့ ထိုအချိန်ပိုစနစ် မရှိတော့ပြန်ဟု သိရသည်။)
ကျွန်မ ငါးတန်းနှစ် ၁၉၉၄ – ၉၅ ခုနှစ် ပညာရေးနှစ်တွင် အချိန်ပိုသင်ကြားရေးစနစ် စတင်သည်။ ထိုအချိန်က တစ်လကို တစ်ရာ ဆရာမများထံသွင်းပြီး ကျောင်းတွင်ပင် စာသင်ရသည်။ ညနေ သုံးနာရီ ကျောင်းဆင်းရမည့်အစား လေးနာရီမှ ကျောင်းလွှတ်တော့သည်။ အကျိုးဆက်ကား ကျောင်းလွှတ်ချိန် လေးနာရီတွင်မှ ကလေးများနှင့် အတန်းပိုင်ဆရာမတို့သည် ပြင်ပကျူရှင်ဝိုင်းများသို့ ပြေးကာ သင်ကြားခြင်း၊ သင်ယူခြင်းအမှု ပြုကြကုန်တော့သည်။ ကလေးများ စာပိုကျေသည်ပေါ့။
ကျွန်မကိုတော့ အမေကိုယ်တိုင် စာပြပေးသည်ဖြစ်၍ ကျူရှင်နှင့် သိပ်မထိတွေ့ရ။ သို့ပေမယ့် သူငယ်တန်းမှသည် တက္ကသိုလ်အထိ ကျူရှင်စက်ဝန်းနှင့် မလွတ်ကင်းသည်သာဖြစ်၍ နောင်သော် ကျွန်မလည်း ဤရေစီးကြောင်းထဲ မျောပါခဲ့ရသည်ပဲ။ မြန်မာနိုင်ငံ၏ ကျူရှင်သင်ကြားရေးစနစ်သည် အတတ်ပညာတခုကို ပို၍ တတ်မြောက်အောင်၊ သို့တည်းမဟုတ် ပိုမို ကျယ်ပြန့်စွာလေ့လာနိုင်ရေး အသွင်မဆောင်ပဲ မေးခွန်းရရေး၊ ဖြတ်လမ်းနည်းဖြင့် စာမေးပွဲအောင်ရေးအတွက် ဦးတည်နေသည်ကား ပညာရေးစနစ် နိမ့်ရာမှ ချွတ်ခြုံကျစေသည့် အကြောင်းရင်းတရပ်ဖြစ်သည်။
တတိယတန်းတွင် ပထ၀ီဘာသာ စသင်ဖူးချိန်တွင် နေက ကမ္ဘာထက်ကြီးကြောင်း၊ မိုးတိမ်များ ဖြစ်ပေါ်လာပုံအကြောင်း သင်ရတော့ ကျွန်မမှာ အံ့သြလိုက်တာ။ သည်အကြောင်း အထစ်အငေါ့မရှိ စာအံနိုင်၍ ဆရာမက ကျွန်မကို တော်သတဲ့။ ကျွန်မတို့မှာ စာအံလျှင် ၏ သည် မရွေး အံနိုင်ရုံမက ဂျောင်းဂျောင်းပြေးအောင် သွက်သွက်လက်လက် ဆိုနိုင်သည့် ဂုဏ်ကိုလည်း လိုချင်သေးသဖြင့် အသံဝင်မတတ် အရှေ့ခုနစ်အိမ် အနောက်ခုနစ်အိမ် ကြားအောင် ကျက်ခဲ့ရပုံများကို ပြန်တွေးမိတိုင်း ဝေဖန်ပိုင်းခြားနိုင်စွမ်း ဥာဏ်ရည်၊ တီထွင်ကြံဆနိုင်စွမ်း စွမ်းရည်၊ ပြဿနာ ဖြေရှင်းနိုင်သည့် ချင့်ချိန်မှု အဘယ်မှာနည်းဟု ဖွေရှာမိသည်။
ပန်းသီး ငါးလုံး ၀ယ်လာသည်။ နှစ်လုံး လက်ဆောင်ရသည်။ သုံးလုံး စားလိုက်သည်။ ပန်းသီးမည်မျှ ကျန်သနည်း ဟူ၍ အမြဲတမ်း အပေါင်း၊ အနုတ်ကို တဆင့်ထဲပဲ သင်ခဲ့ရသူများကို ဤသို့ ပေါင်းပြီး တဖန် နှုတ်ရမည့်ပုစ္ဆာ စတုတ္ထတန်းတုန်းက အမေးခံလိုက်၍ မည်သူမှ မဖြေနိုင်ဘဲ ကျွန်မတယောက်တည်းသာ ဖြေနိုင်သဖြင့် ဆရာမက လက်ကိုင်ပုဝါတထည် ဆုချဖူးသည်ကို သတိရမိသည်။ တကယ်တော့ ကျွန်မ တော်လွန်းလို့ဟု မဆိုသာ။ အဌမတန်းတုန်းကလည်း ပထ၀ီဝင် စာမေးပွဲတွင် ပုပ္ပါးတောင်၏ အမြင့် ၄၉၈၁ ပေ အစား၊ ၄၁၈၉ ပေဟု မှားဖြေမိသဖြင့် တမှတ်လျော့သွားရာမှ ဘာသာရပ်စုစုပေါင်းအမှတ်တွင်ပါ တမှတ်အလျော့ဖြင့် ပထမဆုနှင့် လွဲခဲ့ရသည်ကို အသည်းအနာကြီး နာခဲ့ရသည်များ ပြန်စဉ်းစားလိုက်လျှင် ရယ်စရာကောင်းနေတော့သည်။
ကျွန်မတို့တတွေ ၉၁ ဌာန အုပ်ချုပ်ရေး ဘာမှန်းမသိ၊ ဒိုင်အာခီ ဘာမှန်းမသိဘဲ စာထဲပါသလို ကျက်၍ စာမေးပွဲ အောင်ခဲ့ကြပါသည်။ ပဉ္စမတန်းနှစ်တွင် ပါခဲ့ဖူးသော တပ်မတော်ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲအကြောင်း ဖောက်သည်ချချင်သေးသည်။ ကျွန်မကလည်း နေရာတကာ ပါလေရာမို့ ထိုပြိုင်ပွဲကို ၀င်မည်ဆိုတော့ ဆရာမက ကျောင်းစာကြည့်တိုက်တွင် တပ်မတော်သမိုင်းစာအုပ်များ ဖတ်ရန် ညွှန်းသည်။ ကျောင်းစာကြည့်တိုက်မှာလည်း နံရံကြည့်စာစောင်တောင် မလုပ်သည့် ကျောင်းမို့ ကျီးနှင့် ဖုတ်ဖုတ်ပါပဲ။ လက်သုံးလုံးခန့် ထူသည့် တပ်မတော်သမိုင်းစာအုပ်များကို ကြည့်ရင်း၊ အချိန်ကလည်း တပတ်ပဲ ရသည်မို့ ဟိုလှန် ဒီလှန်နှင့် အရေးကြီးမည်ထင်သော ရဲဘော်သုံးကျိပ် နာမည်များ၊ စစ်ကြောင်းများ၊ ထူးခြားသော ရက်စွဲများကိုသာ မှတ်သားခဲ့သည်။
တကယ်ဖြေရသည့် နေ့တွင် မေးသည်ကား “ဗိုလ်ချုပ်အောင်ဆန်း စစ်ပညာသင်ကြားရန် ဂျပန်နိုင်ငံသို့ စီးနင်းထွက်ခွာခဲ့သည့် သင်္ဘောအမည် ဖော်ပြပါ” တဲ့လေ။ သည်သင်္ဘောအမည် သမိုင်းတွင် မည်မျှ အရေးပါနေသည်ကို စောဒက မတက်လိုသော်လည်း “အောင်ဆန်းသူရိယဘွဲ့ ရရှိသူများ အမည်ကို ရေးပါ” ဆိုသည့် မေးခွန်းကိုပင် “ဗိုလ်ချုပ်အောင်ဆန်း” ရပါသည်ဟု အူလည်လည် ဖြီးခဲ့သည်များကို ရှက်ရှက်နှင့်ပင် အမှတ်ထင်ထင် ဖြစ်နေတော့သည်။
အခြေခံပညာရေး သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်လျှင်မူ အထိုက်အလျောက် အဆင့်အတန်းရှိပါသည်ဟု မယုတ်မလွန် ဆိုချင်သော်လည်း တဖက်ကလည်း ကျွန်မတို့ ပညာသင်ကြားချိန် ကာလတလျှောက်လုံး သင်ရိုးညွှန်းတမ်းကို ချုံ့လိုက်၊ ချဲ့လိုက်သည့် အခါမျိုး၊ အထက်တန်းပညာရေးတွင်လည်း ၀ိဇ္ဇာဘာသာနှင့် သိပ္ပံဘာသာ တွဲလိုက်၊ ခွဲလိုက်သည်မျိုးကို မကြာခဏ ကြုံရသည်။
ကျွန်မတို့တုန်းကနှင့် နှိုင်းယှဉ်လျှင် ယနေ့သင်ရိုးတွင် သမိုင်းဘာသာနှင့် ပတ်သက်လျှင် စာတော်တော်များများ ဖြုတ်ပြီး သူငယ်တန်းမှစ၍ အခြေခံသဘာဝ သိပ္ပံဘာသာ ထည့်သွင်းသင်ကြားသည်ကို တွေ့ရသည်။ လတ်တလော အထက်တန်းပညာရေးတွင်မူ သိပ္ပံနှင့် ၀ိဇ္ဇာဘာသာရပ်ကိုမူ သီးခြားစီ ခွဲသင်ရပြန်သည်။ သင်ရိုးတွေ ခွဲခွဲ၊ တွဲတွဲ သေချာသည်မှာကား တိုင်းရင်းသားများအပေါ် ချစ်ကြည်ရင်းနှီးစိတ်များ တိုးပွားလာအောင် အခြေခံပညာသင်ရိုးများမှတဆင့် မဖော်ဆောင်ပေးနိုင်ခဲ့ပါ။ ဦးနာအောက်အကြောင်း၊ ၀န်သိုစော်ဘွားကြီး ဦးအောင်မြတ်အကြောင်း၊ စ၀်စံထွန်းအကြောင်းစသည်ဖြင့် အနည်းအကျဉ်းလောက်သာ သင်ခဲ့ရဖူးသည်။
ဥာဏအပြင် ကာယဖွံ့ဖြိုးမှုကို တည်ဆောက်ပေးရာတွင်လည်း အခြေခံပညာကျောင်းများတွင် အားနည်းချက်တချို့ ကြုံခဲ့ဖူးသေးသည်။ အလယ်တန်းတက်တော့ အချိန်စာရင်းထဲတွင် ထူးထူးခြားခြား ဖွံ့ဖြိုးရေး အချိန်ပါလာသည်။ ကျွန်မတို့မှာ ဖွံ့ဖြိုးရေးအချိန်ရောက်လျှင် တလတွင် တခါလောက် ဆရာမ၏ ဦးဆောင်မှုနှင့် သွေးပူကိုယ်လက်လေ့ကျင့်ခန်း လုပ်ရသည်မှအပ များသောအားဖြင့် ကျောင်းဝန်းထဲတွင် တံမြတ်စည်းလှည်း၊ အမှိုက်ကောက်ခိုင်းခဲ့သည်များကိုသာ ကြုံခဲ့ရသည်။ ပန်းဖွားအကတို့၊ စားပွဲတင် တင်းနစ်တို့ ပြိုင်ပွဲနီးလျှင်တော့ ထိုပြိုင်ပွဲတွင်ပါသူများ စာသင်ချိန်များ အပျက်ခံပြီး အပြင်းအထန် သွားလေ့ကျင့်ကြသည်ကို မှတ်မိသည်။ ဗိုလ်ချုပ်ခင်ညွှန့် ခေတ်ကောင်းစဉ်က ကျင်းပဖူးသော ကျောင်းသားအားကစား ပွဲတော်ဆိုသည်မှာလည်း ဘာမှ ဖြစ်ဖြစ်ထွန်းထွန်း မရှိလိုက်။
ကျွန်မ အတန်းကြီး ရောက်ချိန်တွင် ခေတ်စားလာသည့် မာလ်တီမီဒီယာအခန်း ဖွင့်ပွဲကို ဟိုကျောင်း သည်ကျောင်းများတွင် ၀န်ကြီးခေါ်၍ အပြိုင်အဆိုင် ဖွင့်ပွဲကျင်းပကြရာ ကျွန်မတို့ကျောင်းလည်း ဖွင့်ပွဲကျင်းပရန် အသည်းအသန် အင်္ဂလိပ်စကားပြောတွေ ကျင့်၊ ကွန်ပြူတာခလုတ် ဟိုနှိပ်၊ သည်နှိပ်လုပ်၊ သီချင်းတွေ ကဗျာတွေ ဆိုကြ၊ ကကြ ဖုတ်ပူမီးတိုက် လေ့ကျင့်ခဲ့ရသည်များတော့ ယနေ့ကလေးများအထိပါ သံသရာဆက်နေသေးတော့သည်။
ဤနှယ်လို ချာရဏီပညာ့ခေတ်တွင် လူဖြစ်လာရ၍ ကျွန်မတို့မှာ ဘိုးဘွားများ လက်ထက်တုန်းက သာသနာပြုကျောင်းတို့၊ အမျိုးသားကျောင်းတို့ခေတ်ကို လွမ်းရတော့မလိုလို။ အိုင်စီအက်စ်ဖြစ်ဖို့၊ ၀တ်လုံတော်ရဖြစ်ဖို့ ဟိုခေတ်က နိုင်ငံခြားသို့ တဒီးဒီး ထွက်ပြီး ပညာသင်ကြသလို သည်နေ့များတော့လည်း သင်တော့ သင်လို့ရပါရဲ့။ သို့ပေမယ့် ငွေကြေးတတ်နိုင်မှုအလိုက် လူတန်းစားကွာဟမှုက ဤနေရာတွင် စကားပြောလာသည်။ အဖွားတို့တုန်းက ဘုန်းကြီးကျောင်းတွင် စာစသင်ရသည်၊ အမေတို့ လက်ထက်ကျတော့ ငါးတန်းကျမှ အင်္ဂလိပ်စာ စသင်ရသည်ဆိုသည်များ ကြားရတော့ ကျွန်မတို့က သနားစရာကောင်းလေစွဟု သူတို့အပေါ် မြင်ကြသည်။
ယနေ့ခေတ်လို ရွှေပေါ်မြတင် အလွှာတခုသာ အနားကပ်နိုင်စွမ်းရှိသည့် ပရိုက်ဗိတ်ကျောင်းမှ မောင်တို့မယ်တို့ဆိုလျှင်လည်း မူကြိုကျောင်းနှင့် အစိုးရအခြေခံပညာကျောင်းလောက်သာ လိုက်မီခဲ့သည့် ကျွန်မတို့ ဘ၀များကို ရယ်ပွဲဖွဲ့လေမလား မသိပါ။ မတတ်နိုင်သူများကျတော့ လမ်းဟောင်းလိုက်ရုံပ။
ဟိုတုန်းကလို လေးတန်းနှင့် ရှစ်တန်းနှစ်တွင် အစိုးရစစ် သတ်မှတ်ခဲ့ခြင်းမျိုး ကျွန်မတို့လက်ထက်တွင် မရှိတော့ပြန်။ ဆယ်တန်းတနှစ်ထဲသာ အစိုးရစစ်ဖြေရတာတောင်မှ ကြားထဲတွင် စီပီအာ စနစ်ဖြင့် အမှတ်ပေးမည်ဆိုသော ဘာမှန်းမသိသည့် ကိစ္စကြီးတရပ် ၀င်လာသေးသည်။ (Comprehensive Personal Record ဟု ထင်သည်) ၁၉၉၇ – ၉၈ ခုနှစ် ပညာရေးနှစ်တွင် ထို “စီပီအာ” နှင့် အမှတ်ပေးမည့် စနစ် စထွင်သည်။ စည်းကမ်းလိုက်နာမှု၊ ကျောင်းတက် မှန်ကန်မှု၊ ကျောင်းတွင်း သာရေး၊ နာရေးနှင့် ပြိုင်ပွဲများတွင် ပါဝင်မှုတို့အပေါ် မူတည်ပြီး သီးခြား အမှတ်ပေးသည်။ ထိုအမှတ်များကား ဆယ်တန်းအောင်ပြီး၍ တက္ကသိုလ်တက်မည့်အခါ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရာတွင် အထောက်အကူပြုမည်ဟုဆိုသည်။
တက္ကသိုလ်တက်ရာတွင် ယခင်ကလို ဆယ်တန်းအောင် အမှတ်စနစ်နှင့် မသွားတော့ဟု သိရသည်။ ထို့ပြင် တလတခါ လပတ်စာမေးပွဲစစ်သည်။ ယခင်ကလို အောက်တိုဘာလမှ ပထမအစမ်းစာမေးပွဲ ဖြေဆိုရခြင်းမျိုးတင် မကတော့။ ထိုသို့ လစဉ် စာမေးပွဲစစ်သည်က ကောင်းပါသည်။ သို့သော် စာမေးပွဲကြီးတွင် ကျရင်သော်တောင်မှ ဆပ်ပလီဖြေဆိုနိုင်ခွင့် အခွင့်ထူး ဖန်တီးပေးလိုက်သည်ကိုမူ အလွန်ရှော်သည့် စနစ်ဟုသာ ဆိုချင်တော့သည်။
ကျွန်မတို့ ဆယ်တန်းအောင်တော့လည်း ရှေးအစဉ်အလာအတိုင်း ရသည့်အမှတ်အလိုက် မှီသည့် တက္ကသိုလ်တက်ခဲ့ရတာပါပဲ။ စီပီအာဆိုသည့် အသံ မကြားရပြန်တော့။ မှီရာတက္ကသိုလ်ဆိုတော့ မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်မှ တက်ခွင့်မရလျှင် ကျန်တာ အရာမ၀င်တော့သည့် သဘောဖြစ်နေသည်။ သည်တော့ ဆရာဝန်မှ မလုပ်ရလျှင်၊ နိုင်ငံခြားထွက်ပြီး ကျောင်းတက်၊ နိုင်ငံခြားမှ မထွက်နိုင်လျှင်လည်း စစ်တက္ကသိုလ်သို့သာ ဂျောင်းရုံရှိတော့တာပဲ။ ရွေးချယ်စရာ များများစားစား မရှိလှ။ အထူးသဖြင့် မိန်းကလေးများအတွက် ပိုဆိုးသည်။ ဆေးတက္ကသိုလ်တွင်တောင် မိန်းကလေးတို့အတွက် ၀င်ခွင့်အမှတ်က ယောက်ျားလေးများထက် ပိုမြင့်သည်။
အဖေတို့၊ အမေတို့ ပြောပြဖူးသည့် မြကျွန်းညိုညို တက္ကသိုလ်အစား ယနေ့အချိန်တွင် ထန်းပင်ညိုညို တက္ကသိုလ်ဟုသာ ပြောင်းလဲ ခေါ်စရာရှိတော့သည်။ ဖုန်းဆိုးတောထဲ နှစ်နာရီလောက် ဘတ်စ်ကားစီးပြီး ကျောင်းသွားတက်ရသည့် ဒုက္ခမှာ မသေးလှ။ တဖက်က ကြည့်ပြန်လျှင်လည်း လူအားရော၊ အချိန်အားကိုပါ အချည်းအနှီးဖြစ်အောင် ခိုးယူလိုက်သည့်သဘော ဖြစ်နေသည်။ တက္ကသိုလ်များကို သွားလာရေးခက်ခဲသည့် မြို့နှင့်ဝေးရာသို့ ရွှေ့ပြောင်းခြင်းအပြင် နှစ်လအတန်ကြာ ကျောင်းများ ပိတ်ခဲ့သဖြင့် ကျွန်မတို့ ရှေ့တွင် ကျောင်းတက်ရန် ငံ့လင့်နေသော စီနီယာများကိုလည်း ရိက္ခာထောက်ပံ့ခံရသည့် အဖွဲ့များလို ပြီးပြီးရော တသုတ်ချင်း ရှင်းထုတ်ခဲ့ပုံများ၊ တက္ကသိုလ်ပညာသင်နှစ် လေးနှစ်မှ၊ သုံးနှစ် ချုံ့၍ ကမောက်ကမဖြစ်ရပုံများကို အထူးတလည် စာမဖွဲ့ချင်တော့ပါ။ ပမာပြရသော် တက္ကသိုလ် ပညာရေး မည်မျှအဆင့်မြင့်သည်ကို သိလိုက အနီးစပ်ဆုံးအားဖြင့် ကွန်ပြူတာ တက္ကသိုလ်မှ ကျောင်းတော်သူ၊ ကျောင်းတော်သားများအား ကျောင်းက ကွန်ပြူတာများကို အကြိမ်မည်မျှ ထိတွေ့ကိုင်တွယ်ခွင့်ရခဲ့သနည်းဟုသာ မေးယူကြပါကုန်။
ယခုတင်ပြသော အကြောင်းအရာများသည်ကား ကျွန်မ ကြုံတွေ့ဖြတ်သန်းခဲ့ရာ (၁၉၈၉ မှ ၂၀၀၅ ခုနှစ်အထိ) ဆယ်စုနှစ်တခုကျော်မျှသော ပညာသင်ကာလများနှင့် ပတ်သက်ပြီး ပုံကြမ်း ဖော်ပြခြင်းသက်သက် ဖြစ်ပါသည်။ မည်သို့သော အာဃာတတရားနှင့်မှ ချေးခြောက် ရေနှူးနေခြင်းမျိုးမဟုတ်။ လက်တလောတွင် အသွင်ကူးပြောင်းရေးစနစ်အရ နိုင်ငံအုပ်ချုပ်မှုပုံသဏ္ဍန်ကို တမျိုးတမည် ပြောင်းပြီး တိုင်းပြည် တိုးတက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းပြီး ဆောင်ရွက်နေကြသည် ဆိုပါစို့။ တိုင်းပြည်တည်ဆောက်ရေးတွင် အရေးပါသည့် ပညာရေးစနစ် ကောင်းမွန်ပြီး အခြေခံခိုင်ဖို့ လိုပါသည်။ ထို့ကြောင့် ယခင်နှင့် ယခု မတူရလေအောင် အတိတ်သမိုင်းကြောင်း ပြန်ပြောင်းပြောပြရုံသာ ဖြစ်ပါသည်။
သို့ရာတွင် အစိုးရ၏ လျာထားဘတ်ဂျက်တွင် ယခုနှစ်အတွက် ပညာရေးအသုံးစရိတ် လျှော့လိုက်ခြင်း၊ ကာကွယ်ရေးစရိတ်လိုမျိုးနှင့် နှိုင်းယှဉ်လျှင်မူ အဆမတန် ကွာဟနေခြင်းမျိုးကိုတော့ ဘ၀င်မကျနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သံချေးတက်နေသော ပညာရေးယန္တရားကြောင့် လူရှော်များ၊ လူနုံများ မျိုးဆက်ကို သက်ဆိုးမရှည်စေတော့လိုခြင်းကြောင့် ဖြစ်သည်။
နိုင်ငံပိုင် သတင်းစာများထဲတွင် ကျောင်းဘယ်နှကျောင်း၊ တက္ကသိုလ်မည်မျှ ဆောက်ပေးခဲ့ပြီဟု အရေအတွက်ကို ညွှန်းဆိုပြနေရုံမျှဖြင့် မလုံလောက်ပါ။ ယနေ့အချိန်တွင် ဟိုယခင်ကလို စာတတ်မြောက်ရေးအတွက် “အ”သုံးလုံး သင်တန်းများ ဖွင့်ပေးရုံမျှနှင့် အယားဖြေမနေသင့်။ စာတတ်ရုံမက ပညာပါ တတ်ဖို့ လိုသည့်ခေတ်ဖြစ်သည်။ လိုအပ်ချက်များစွာ ကျန်ရှိနေဆဲဖြစ်သည်။
အဲန်ဂျီအိုတချို့နှင့် ကလေးပညာရေးအတွက် ဆောင်ရွက်သော ကုလသမဂ္ဂအဖွဲ့အစည်း တချို့က နွမ်းပါးသူ ကလေးများအတွက် ကျောင်းဆောက်ပေးခြင်းအပြင် ကျောင်းတက်သူများကို ဆန်ပေး ပညာသင်စေသည့် စနစ်မျိုး (Food for Education) အကောင်အထည်ဖော်လျက် ရှိပါသည်။ သို့တိုင် နယ်မြေဒေသ မအေးချမ်းသည့် နေရာများတွင် ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးမှာလည်း အဟန့်အတားဖြစ်လျက် ရှိသေးသည်။
ကျွန်မ ၀ဒေသတွင် တာဝန်ကျစဉ်က အဲန်ဂျီအိုတခုက ရွာတရွာတွင် မူလတန်းကျောင်း ဆောက်ပေးဖို့ စီစဉ်သည်။ ကျောင်းဆောက်ပေးမည့် အစီအစဉ်ကို ဒေသခံအစိုးရကရော၊ မြန်မာအစိုးရဘက်ကပါ သဘောကျသည်။ သို့ရာတွင် သင်ရိုးညွှန်းတမ်းတွင် ပြဿနာတက်သည်။ တဘက်အစိုးရက တရုတ်စာကိုသာ အလေးထား သင်စေလိုသည်။ သည်ဒေသသည် သူတို့ဒေသ။ သည်ဘက်က အစိုးရကလည်း မြန်မာစာ၊ မြန်မာစကားကိုသာ ပြဌာန်းသင်ကြားရမည်ဟု ဆိုသည်။ ကျောင်းရရှိမည့် ရွာက မြန်မာစာလည်း မတတ်၊ တရုတ်စာလည်း မတတ်သော လားဟူရွာကလေး။ နောက်ဆုံး တဘက်နှင့် တဘက် မကျေမလည်ဖြစ်ကာ အဲန်ဂျီအိုခမျာလည်း ကြားညှပ်ပြီး ပရောဂျက်ကာလကလည်း ကုန်တော့မည်မို့ ကျောင်းဆောက်ရန် လျာထားသည့် ငွေကို သည်အတိုင်း လျှော်ပစ်လိုက်ရသည်များကိုလည်း ကြုံခဲ့ရသည်။
ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရာသို့ ရောက်တုန်းကလည်း ရွှေ့ပြောင်းမိသားစုမှ သားငယ်များ၏ မရေရာသော ပညာသင်ကြားမှုကိုလည်း စိတ်ဓာတ်ကျဖွယ် ကြားခဲ့ရသေးသည်။ မဟာချိုင်က မြန်မာကျောင်းတကျောင်းကို ရောက်တော့ စာသင်ပေးသည့် ကရင်ဆရာမတဦးက ရင်ဖွင့်သည်။ “ကလေးတွေက သူတို့မိဘတွေက ဟိုပြေးရ၊ ဒီပြေးရ၊ အဖမ်းခံရနဲ့ဆိုတော့ တချို့တွေကျတော့ ကလေးတွေကို အိမ် ပြန်ပို့ကြတယ်။ သူတို့ ဗမာပြည်ကို ပြန်ရင် ဟိုမှာလည်း ဘယ်မှာ အေးအေးချမ်းချမ်း စာသင်ရလို့လဲ။ ဒီလိုနဲ့ ဒီကိုပဲ တခါ ပြန်ရောက်လာကြပြန်ရော။ သူတို့က ဟိုရောက်လိုက်၊ ဒီရောက်လိုက်ဆိုတော့ အတန်းလည်း တက်ပေးလို့မရဘူး။ ပြန်ပြန်သင်ပေးနေရတယ်”။ မြန်မာပြည်မှ တောင်တန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် အညာရပ်ဝန်းက ကလေးများ၏ ဘ၀လည်း မထူးလှပါချေ။ ကျောင်းကို တခေါက်ရောက်ဖို့အရေး လိုအပ်သည့် ပညာသင်စရိတ်အတွက်လည်း ခြစ်ခြစ်ခြုတ်ခြုတ် ခြိုးခြံရသည့်အပြင်၊ သွားရသည့် ခရီးလမ်းကလည်း တမျှော်တခေါ်။ အန္တရာယ် များလှပါဘိတောင်း။
အဝေးကြီး မကြည့်လေနှင့်။ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထဲက ကျွန်မ ပညာဒါနအတွက် ကုသိုလ်ပါဝင်နေသည့် ဘုန်းတော်ကြီးပညာသင်ကျောင်း၏ အခက်အခဲကိုပင် ပြောပြရဦးမည်။ ထိုကျောင်းတွင် ကိုရင်အပါး ၈၀ ကျော်အပြင်၊ တိုင်းရင်းသား မိဘမဲ့ကလေးများနှင့် အနီးဝန်းကျင်ရှိ လက်လုပ်လက်စားရပ်ကွက်မှ ကလေးငယ်များဖြင့် စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၂၀၀ နီးပါးခန့်ရှိသည်။ အုပ်ချုပ်သည့် ဘုန်းကြီးမှာ သက်တော် ၇၀ ကျော်နေပါပြီ။ ကျန်းမာရေးမကောင်းတာတောင်မှ သူ့ကိုယ်သူ ဂရုမစိုက်နိုင်။ သူ့စာသင်သားများအတွက် ပူနေရသည်။
ကြမ်းခင်းတောင် မရှိ၍ ကိုရင်များ သံမန်တလင်းပေါ် အိပ်ကြရသဖြင့် အနာရောဂါမျိုးစုံထလျက်ရှိသည်။ ကျောင်းဝန်းကလေးကလည်း ကျဉ်းလိုက်တာ။ စာသင်ရသူများခမျာ ကျပ်ကျပ်တည်းတည်း သင်ကြရသည်။ ကျွန်မက အလျဉ်းသင့်တိုင်း ကျောင်းသားတဦးစီအတွက် စာရေးကိရိယာတစုံစီ လှူလေ့ရှိသည်။ ကျောင်းသားများကို စာဖတ်သည့် အလေ့အထ ပျိုးထောင်ပေးပြီး ကျွန်မတတ်နိုင်သည့် ၀န်နှင့် အားနှင့် စာကြည့်တိုက် ထူထောင်ပေးရန်လည်း စီစဉ်ထားသည်။
စာကြည့်တိုက် ထောင်သည်မှာ လွယ်သည်။ သို့သော် စာပေအပေါ် ချစ်မြတ်နိုးစိတ်ဖြစ်လာစေရန် မွေးမြူပေးရသည်မှာ အချိန်ကြာလိမ့်မည်။ သူတို့နှင့် ကျွန်မ ရံဖန်ရံခါတွေ့ဖို့ လိုအပ်သည်။ သို့မှသာ စာကြည့်တိုက် ရေရှည်တည်တံ့ပေလိမ့်မည်။ သည်ကစ၍ အောင်မြင်လျှင် မြစ်ဝကျွန်းပေါ်ဒေသနှင့် အညာဒေသမှ ကျွန်မနှင့် ပြောဆိုထားသော ရွာတချို့တွင် ကျွန်မ လုပ်အားခ ချွေးနည်းစာနှင့်ပင် “မျက်ရှု” စာကြည့်တိုက်များ တည်ထောင်ရန် ရည်မှန်းထားပါသည်။ ဒါက ကျွန်မ စိတ်ကူး။ ကျွန်မ၏ လုပ်ငန်းသည် ကြီးမားချင်မှ ကြီးမားမည်။ ဘယ်လိုပင် သေးမွှားပါပစေ။ ကိုယ်တတ်အားသရွေ့ဖြင့် ထိထိရောက်ရောက်တော့ ဖြစ်စေချင်သည်။
တနေ့က အဆိုပါကျောင်းက ဘုန်းဘုန်းက မြွတ်ဟသည်။ “စာကြည့်တိုက်ဆိုတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ဘုန်းကြီးမှာ အခု အခက်အခဲဖြစ်နေတာက ဒီက ဆရာမလေးတွေအတွက် လခပဲ။ တယောက်ကို တလ နှစ်သောင်းပေးရမှာ ဒကာမလေးရယ်။ အဲဒါ မပေးနိုင်လို့ ဆရာမလေးတွေကို ဒီလတော့ ဘုန်းဘုန်းကို ကုသိုလ်ပြုတယ် သဘောထားလိုက်ပါလို့ အလှူခံရတာလည်း များနေတော့ မျက်နှာပူလှပါပြီ။ ဆရာမ အားလုံးပေါင်း ခြောက်ယောက်ရှိတယ်။ တလ တသိန်းကျော် လခပေးနိုင်အောင် ဒကာမလေးများ အဆက်အသွယ်တွေရှိရင် ကူညီပေးပါဦး” ဟုဆိုသည်။
ဘုန်းကြီးမှာ တရားပင် အားမထုတ်နိုင်။ တနေ့တနေ့ ကျောင်းသားများ စားဖို့၊ ပညာသင်ဖို့ ခေါင်းမီးတောက်နေရသည်။ သည်လိုကျောင်းများ မြန်မာနိုင်ငံတွင် မည်မျှ ရှိသနည်း။ စာဆက်သင်ရဖို့တောင် အနိုင်နိုင်ဖြစ်ရသည့်အထဲ၊ ကျွန်မ၏ စာကြည့်တိုက်စီမံကိန်းသည်ရော အရာရောက်နိုင်ပါတော့မည်လား။ တွေးရင်း ရင်မောရပါ၏။
တကယ်တော့ ကျောင်းသူ၊ ကျောင်းသားများသည် နိုင်ငံ၏ လက်ရုံးဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲကိုတောင် ကျောင်းသားဦးဆောင်မှုဖြင့် စခဲ့ရသည်ကိုသာ ကြည့်တော့။ မည်သည့် ခေတ်တွင်မဆို ကျောင်းသားတို့၏ အခန်းကဏ္ဍကို မမေ့ထားစကောင်း။ ပညာသင်ကြားမှုကို အဟန့်အတားဖြစ်စေခြင်း၊ နလပိန်းတုံး မျိုးဆက် မွေးထုတ်ခြင်းမျိုးသည် တနည်းအားဖြင့် နိုင်ငံ၏ အနာဂတ်မျိုးဆက်ကိုလည်း သတ်လိုက်ခြင်းဖြစ်ပါသည်။
ကျွန်မကတော့ အသွင်သစ်၊ အမြင်သစ်နှင့် နိုင်ငံတော်သစ်၏ ခေါ်ဆိုနေကြသော သည်လိုအချိန်မျိုးတွင် နိုင်ငံ့မျိုးဆက် ရှင်သန်ရေးအတွက် အပြုသဘော ဆောင်ရွက်ချက်များစွာ ဖြစ်ပေါ်လာရန် ဆန္ဒပြုပါသည်။ လောကတခွင်လုံးကို ကလေးတို့၏ စာအံသံနှင့် စီညံလှပစေလိုသည်။ ပန်းလေးတွေ ဖူးပွင့်ကြပါစေ။ ပွင့်သော ပန်းများလည်း လှကြပါစေ။ မွှေးကြပါစေ။ ပိုးကိုက်ခံရခြင်း၊ အညွှန့်ချိုးခံရခြင်း ကင်းပါစေ။ အပင်သန်ဖို့ မျိုးစေ့လည်း မှန်ကြပါစေ။
ကျောင်းတံခါးဖွင့်၍ ထောင်တံခါးများလည်း ပိတ်ပါစေသတည်း။
မျက်ရှု
11:45 pm
25th May, 2011
No comments:
Post a Comment