Tuesday, December 11, 2012

ချမ်းသာခြင်းအား မျှဝေပေးပါ (၁)


ဆည်းဆာအလှ ခြယ်မှုန်းသူများ
လေလွင့်ကလေးငယ်တွေ၊ မိဘမဲ့ကလေးတွေ၊ စွန့်ပစ်ခံကလေးတွေ၊ သူတို့ ၀မ်းစာအတွက် အရွယ်နဲ့မမျှအောင် ရုန်းကန်နေရတဲ့ ကလေးတွေကို မြင်တိုင်း ကျွန်မ ငယ်ငယ်တုန်းက တွေးခဲ့ဖူးတာလေးကို သတိရပါတယ်။ အဲဒါကတော့ ကိုယ့်ချွေးနည်းစာနဲ့သာ လူမှုဂေဟာတခုခုမှာ ရွေးချယ်ပြီး လှူဒါန်းခွင့်ရမယ်ဆိုရင် ဘိုးဘွားရိပ်သာမှာထက် မိဘမဲ့ကလေးကျောင်းတွေ၊ ဒါမှမဟုတ် လူငယ်ပြုပြင်ရေးသင်တန်းကျောင်းတွေမှာပဲ လှူမယ်ဆိုတဲ့ အတွေးပါပဲ။

ကျွန်မရဲ့အမြင်က ကလေးငယ်လေးတွေဟာ ဘ၀လမ်းခရီးကို အကြာကြီး လျှောက်ရဦးမယ်။ သူတို့မှာ ကာယခွန်အား၊ ဥာဏခွန်အား ပြည့်ဝဖို့လိုတယ်။ နှိမ်ချခွဲခြားဆက်ဆံမှုတွေ၊ သိမ်ငယ်မှုတွေ၊ ခါးသီးနာကျည်းစရာတွေ၊ အတက်အကျ လောကဓံတရားတွေကို နုနယ်တဲ့ သူတို့ နှလုံးသားမှာ မထင်ဟပ်စေလိုဘူး။ သူတို့ကို တတ်နိုင်သလောက် ပံ့ပိုးပေးပြီး သူတို့လေးတွေရဲ့ ဘ၀လမ်းကြောင်းကို တည့်မတ်ပေးတာဟာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတမျိုးဖြစ်လို့ အဓိပ္ပာယ်ရှိတယ်လို့ ကျွန်မခံစားမိပါတယ်။

သက်ကြီးရွယ်အိုဆိုတာကတော့ သတ္တ၀ါတွေအနေနဲ့ ဇရာ ပစ္စယာ မရဏာဖြစ်လာတော့မယ်ဆိုရင် သူတို့ဘ၀မှာ မျှော်လင့်ချက်လည်း ကင်းမဲ့နေပြီလေ။ သူတို့အတွက် ထောက်ပံ့ပေးရတာဟာ ကလေးတွေအတွက် ဆောင်ရွက်ပေးရတာလောက် စိတ်ဝင်စားစရာ မကောင်းဘူးဆိုတဲ့ ကျွန်မရဲ့ တဖက်သတ်အမြင်နဲ့ ဘိုးဘွားရိပ်သာတွေဘက်ဆိုရင် ခြေဦးမလှည့်ဖြစ်ခဲ့တာ များပါတယ်။ ဒါပေမယ့် အကြောင်းတရားတွေ ပေါ်ပေါက်လာပြန်တော့လည်း ရှောင်လွှဲလို့ မရဘူးပေါ့။ ဒီလိုနဲ့ “ဆည်းဆာရိပ်” ကို ကျွန်မ ရောက်ခဲ့ပြန်တယ်။

 မှတ်မိပါသေးတယ်။ မနှစ်ကပေါ့။ ၂၀၁၁ ခုနှစ် ဇွန်လမှာပါ။ ရန်ကုန်မှာ ရက်သတ္တပတ်တခုလုံး အဆက်မပြတ် မိုးသည်းကြီးမည်းကြီး ရွာတဲ့အချိန်မှာပေါ့။ ကြည့်မြင်တိုင် အရိုးအထူးကုဆေးရုံနဲ့ ဟိန္ဒူဘုရားကျောင်း ကြားမှာရှိတဲ့ မီးရထားခုံးကျော်တံတားဘေးမှာ လူတယောက် လဲနေတာကို တွေ့ရတာ သုံး လေးရက်လောက်ရှိပြီလို့ ကျွန်မ သူငယ်ချင်းတစ်ယောက်က ဆိုလာပါတယ်။

ခပ်လှမ်းလှမ်းက လှမ်းကြည့်ရင် လူသေကောင်လိုပဲ မိုးထဲရေထဲမှာ မလှုပ်မယှက်နဲ့ ပုံ့ပုံ့လေးလဲကျနေတာကို နေ့စဉ်ရက်ဆက်တွေ့နေရတော့ ပုံမှန်မဟုတ်ဘူးဆိုတဲ့ သံသယစိတ်ဖြစ်လာပြီး ကျွန်မသူငယ်ချင်းဟာ နောက်နေ့ကျတော့ သူကိုယ်တိုင် သွားစုံစမ်းကြည့်တယ်။ အနားရောက်မှသိတာက လဲကျနေတဲ့သူဟာ အသက် ၇၀ နီးပါးရှိတဲ့ အဘွားအိုတဦးပါပဲ။

သူ့မိသားစုဝင်တွေလို့ ယူဆရတဲ့သူတွေက ညလူခြေတိတ်ချိန်မှာ သူ့ကို လာပြီး စွန့်ပစ်သွားတာလို့ အနီးအနားက ဆိုက်ကားသမားတွေက ပြောပါတယ်။ ဘေးက ဘုရားကျောင်းကနေ သူ့အတွက် အစာရေစာ အနည်းအကျဉ်း လာပြီး စွန့်ကြဲတာကလွဲရင် ဒီအဘွားအိုကြီးအပေါ်မှာ ဘေးပတ်ဝန်းကျင်က စိတ်ဝင်တစား ရှိမနေပါဘူး။ သဗ္ဗေသတ္တာ ကမ္မဿကာလို့ပဲ အောက်မေ့ကြဟန်တူပါတယ်။

ကျွန်မ သူငယ်ချင်းက သူ့ကို တွေ့ချိန်မှာ ခမျာမှာ သတိမကောင်းတော့ပါဘူး။ ကိုယ့်ဝန်ကိုယ်တောင် မထမ်းနိုင်တော့တဲ့ အခြေအနေမို့ မြေကြွက်တွေ ကိုက်ထားတဲ့ ဒဏ်ရာ၊ ခေါင်းကနေ ခြေအဆုံး ပြတ်ရှဒဏ်ရာတွေ၊ အိပ်ရာနာတွေအပြင် အဆိုးဆုံးက ခြေသလုံးက ဒဏ်ရာကြောင့် သွေးပြည်တွေ ယိုစိမ့်နေပါတယ်။ ရှင်လျက်နဲ့ ဘ၀သေနေတဲ့ အဖွားအိုကို ချေးအလူးလူး သေးအလူးလူးကြားကပဲ ဆွဲခေါ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တင်ပေးလိုက်ပါတယ်။

နီးစပ်ရာ အပေါင်းအသင်းတွေဆီကနေ ထည့်ဝင်တဲ့ ငွေကြေးနဲ့ သူ့ရဲ့ ကုသစရိတ်ကို ဖြေရှင်းပေးနိုင်ပေမယ့် အကယ်၍များ ဒီအဖွားအို ပြန်လည်ကျန်းမာလာသည်ရှိသော်.. ကျွန်မတို့အနေနဲ့ သူ့ကို ရှေ့ဆက် ဘယ်လို တာဝန်ယူပေးရမလဲဆိုတာ ခေါင်းခဲစရာဖြစ်လာတယ်။ နောက်တော့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ အကူအညီနဲ့ အခြားသော မိတ်ဆွေတွေရဲ့ နှုတ်၏ စောင်မခြင်းတွေကြောင့် “ဆည်းဆာရိပ်” ဆိုတဲ့ ဂီလာနဘိုးဘွားရိပ်သာနဲ့ ထိတွေ့ဆက်ဆံခွင့်ရတော့တယ်။





  ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာ

တညမှာတော့ ဆည်းဆာရိပ်က တာဝန်ရှိသူတွေက အဘွားဒေါ်ပုကို လာကြည့်ပါတယ်။ ကျွန်မတို့ ခေါ်လာတဲ့ အဘွားဒေါ်ပုဟာ အနှစ်နှစ်အလလ အဟာရပြတ်လပ်ခဲ့တဲ့ဒဏ်၊ အနာဆွေး အနာဟောင်းတွေကနေ ခန္ဓာကိုယ်အတွင်းပိုင်းကို လှိုက်စားထားတဲ့ ဒဏ်တွေကြောင့် တော်တော် ခံစားနေရပေမယ့် သတိပြန်လည်လာပါပြီ။ ဒါပေမယ့် တခါတရံမှာ “မလုပ်ကြပါနဲ့.. ငါ့ကို မလုပ်ကြပါနဲ့.. .အကိုကြီးရေ အကိုကြီး” စသဖြင့် သူ့အကို (လို့ယူဆရသူ) ကို တိုင်တည်ပြီး ကယောင်ကတမ်း အော်သံတွေဟာ ကြားရသူတွေအဖို့ စိတ်မချမ်းမြေ့စရာချည်းပါပဲ။ သူ့ဘ၀မှာ ဘယ်လောက် ခါးသီးရင်နင့်စရာတွေ၊ စိတ်ဒဏ်ရာတွေ ရှိခဲ့သလဲဆိုတာ မခန့်မှန်းနိုင်အောင်ပါပဲ။

ဆည်းဆာရိပ်က တာဝန်ရှိသူတွေက ဒေါ်ပုရဲ့ အခြေအနေဟာ ဆေးရုံမှာပဲ ဆက်ထားဖို့ အဆင်ပြေမယ်၊ ဂေဟာမှာကျတော့ ဒီလောက် ဝေဒနာကြီးအတွက် ကုသပေးနိုင်တဲ့ အင်အားနည်းပါးလို့ သက်သာလာမှ လာခေါ်မယ်လို့ ပြောသွားတယ်။ သက်ကြီးရွယ်အို အဘွားကြီးတယောက်ကို စိတ်ဝေဒနာအမျိုးမျိုးပေးပြီး လမ်းပေါ်မှာ လူမဆန်စွာ ပစ်ချသွားတဲ့အတွက် စိတ်မကောင်းဘူးလို့ ကျွန်မက ရင်ဖွင့်မိတော့ ဆည်းဆာရိပ်က တာဝန်ရှိသူတဦးကနေ … တလောကပဲ ဘူတာကြီးမှာ စွန့်ပစ်သွားတဲ့ အဘိုးအိုတယောက်ကို သူတို့ သွားခေါ်လာရတာ၊ သင်္ကန်းကျွန်း စံပြဈေးထဲမှာ မြွေရေခွံအိတ်ထဲ ထည့်ပြီး ပစ်ချသွားလို့ မနက်ကျတော့ လူကြီး လမ်းကြောင်းရှိလို့ လမ်းရှင်းမယ့် ယာဉ်ထိန်းရဲက ဘာပါလိမ့်လို့ ကြည့်တော့မှ အဘွားအိုတဦးဖြစ်နေတာ၊ ဆေးမကုနိုင်တော့လို့ သင်္ကန်းကျွန်း ဆေးရုံရှေ့မှာပဲ လာပစ်သွားတာ၊ ဆေးရုံလာတင်ပြီး ပစ်ပြေးတာ စသဖြင့် အမင်္ဂလာဇာတ်လမ်းတွေ တသီကြီး ပြောပြတာကို  ကြားခွင့်ကြုံရတယ်။

ငါ့ဝမ်းပူစာ မနေသာဆိုသလို ကမ္ဘာမီးလောင်တော့လည်း သားကောင်ချနင်းကြရပြီပေါ့။ မိမိကိုယ်တိုင်ရဲ့ ဘ၀ရပ်တည်ရေးက မရေရာတော့ တပါးသူအဖို့လည်း မေတ္တာမမျှနိုင်၊ စေတနာ မထားနိုင်၊ စာနာဖေးကူမှု ဆိုတာလည်း ဘေးချိတ်ရပြီ။ ငတ်ပြီဆိုမှတော့ ဂါရဝေါစ နိဝါတောစတရားကိုလည်း မထားနိုင်သလို ဗုဒ္ဓဘာသာဝင်တွေ အင်မတန်ကြောက်တဲ့ သံသရာတို့၊ ၀ဋ်ကြွေးတို့၊ ငရဲတို့ဆိုတာကိုလည်း မကြောက်နိုင်တော့ပါဘူး။ ဒါဟာ ကျိန်စာသင့်နေတဲ့ ဆင်းရဲသားတွေရဲ့ ဘ၀ပါပဲ။

ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဆရာရဲသျှမ်းရဲ့ ၀တ္ထုလေးတပုဒ်ကို အမှတ်ရမိပါတယ်။ အမေအိုကြီးက သားရဲ့ အိမ်ကို လာတဲ့အခါမှာ သားဖြစ်သူက ၀န်ထုပ်ဝန်ပိုးမထမ်းနိုင်လို့ သူ့အမေ မမြင်အောင် သူ့အိမ်ကို မီးအမှောင်ချလိုက်တဲ့ ဇာတ်လမ်းပါပဲ။ တကယ်တော့ ဒီလိုအဖြစ်အပျက်တွေဟာ လက်တွေ့ဘ၀မှာ ဒီ့ထက်မက အခြေအနေဆိုးပါတယ်။ ဒါကြောင့် အိုဇာတာကောင်းဖို့လိုတယ်လို့ ဘာကြောင့် ပြောကြတယ်ဆိုတာ ကျွန်မ သဘောပေါက်လာရပါတယ်။

အဖွားဒေါ်ပုကတော့ ဆည်းဆာရိပ်ကိုရောက်တော့ သူ့ဘ၀အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားပါတယ်။ ဒါပေမယ့် သုံးလလောက်နေတော့ ဘ၀တလျှောက်လုံး ခံစားလာရတဲ့ ဝေဒနာပေါင်းစုံနဲ့ အနိစ္စရောက်ရှာပါတယ်။ လူတယောက်ရဲ့ ထွက်သာ ညင်သာဖို့နဲ့ သူ့ရဲ့ ဆည်းဆာအချိန်မှာ အေးအေးချမ်းချမ်းရှိဖို့ရာ ဘယ်လောက်အရေးကြီးကြောင်းကို ဒိဌမျက်မြင် ကျွန်မ သိခွင့်ရလိုက်တာပါပဲ။

ဆည်းဆာရိပ် တည်ထောင်ဖြစ်တာ သိပ်မကြာသေးပါဘူး။ နှစ်အနည်းငယ်သာရှိပေမယ့် သူနိုင်သလောက်ဝန် ထမ်းပေးတာဟာ ခိုကိုးရာမဲ့ ဂီလာနဘိုးဘွားတွေအတွက်တော့ တကယ့်နားခိုရာ အေးရိပ်ဆာယာဖြစ်နေပါတော့တယ်။ တည်ထောင်သူ ဥက္ကဌ ဒေါ်သန်းမြင့်အောင်ကတော့ ဆည်းဆာရိပ် ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“လမ်းဘေးတွေမှာ ဈေးကြိုဈေးကြားတွေမှာ အကြော်တဲတွေ ကင်းစောင့်တဲတွေ နောက်ပြီး မီးရထားလမ်းဘေးတွေမှာ သက်ကြီးရွယ်အိုတွေကို မျက်မမြင်တွေ ဒုက္ခိတဘိုးဘွားတွေကို တွေ့တိုင်း မိဘချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ စောင့်ရှောက်ပေးသင့်တယ်လို့ ဟိုတုန်းကတည်းက ကျွန်မတွေးမိတယ်။ တခါမှာတော့ လယ်ကွင်းထဲက ကျူးကျော်တဲထဲမှာ သားအဖနှစ်ယောက်နေကြရင်းနဲ့ အဖေအိုကြီးကို လုပ်ကျွေးနေတဲ့ သားက ဆုံးသွားတယ်။

အဖေကြီးက အသက် ၈၀ ကျော်နေပြီ။ လေဖြတ်ပြီး မလှုပ်နိုင် မရှားနိုင်နဲ့ ဆီးတွေ ၀မ်းတွေဆိုတာကလည်း ဒီအတိုင်း ထွက်ကျနေတာ။ ယင်ကောင်တလောင်းလောင်းနဲ့။ သူ့အပေါ်မှာ လာနားတဲ့ ယင်ကောင်ကိုတောင် မောင်းထုတ်နိုင်တဲ့ အင်အားမရှိဘူး။ သားက အသက် ၅၀ ကျော်ပြီ။ ပန်းရံလုပ်တယ်။ ညနေ အလုပ်သိမ်းလို့ ပြန်လာရင် အဖေအတွက် ဆန်ပြုတ်လေး ထမင်းလေး ၀ယ်လာပြီး သားအဖနှစ်ယောက် ဒီလိုပဲ စားကြ သောက်ကြတာ။ အဲဒီအချိန်ကျမှ သားက သန့်ရှင်းရေးလေးဘာလေး နိုင်သလောက် လုပ်ပေးတာ။

ဒီလိုနေလာတဲ့အထဲမှာ သားဖြစ်သူက ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတော့ အဖေကြီး ခိုကိုးရာမဲ့ဖြစ်ရော။ ကျွန်မက နာရေးကူညီမှုအသင်းအနေနဲ့ သွားပြီး အလောင်းကောက်ရတော့ ဒီအဖြစ်အပျက်ကို မြင်ရတာ စိတ်မချမ်းသာဘူး။ ဘေးပတ်ဝန်းကျင်ကလည်း ခေါ်သွားဖို့ ပြောကြတယ်။ ကျွန်မက သူ့ကို ခေါ်သွားပြီး ထားစရာနေရာမရှိဘူးလေ။ ဘိုးဘွားရိပ်သာဆိုတာက အနည်းဆုံး ကိုယ့်ဝန်ကိုယ်ထမ်းနိုင်မှ၊ ကိုယ့်ထမင်းလေးတော့ ကိုယ့်ဘာသာ စားနိုင်တဲ့အခြေအနေလောက်မှ လက်ခံတာ။ ဒီတော့ အဆင်ပြေမှ လာခေါ်မယ်ဆိုပြီး ထားခဲ့ရတယ်။

နောက်တော့ ကျွန်မတို့ သူငယ်ချင်း အယောက် ၂၀ ရှိတယ်။ အချင်းချင်း တိုင်ပင်ပြီး ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားကြတယ်။ နောက်တယောက်က မျက်မမြင် အဘိုးကြီး။ သူ့သမီးက ဈေးရောင်းပြီး ရှာကျွေးနေတာ။ သမီးသေတော့ ဒီအဖိုးကြီးက သူ့သမီးလေးကို ခြေစမ်းလိုက် လက်စမ်းလိုက်နဲ့။ အတော်လေး စိတ်ထိခိုက်ဖို့ကောင်းတယ်။ သူ့သမီးအလောင်းကို သွားသယ်တော့ အိမ်နီးနားချင်းတွေက ပြောတယ်။ ဆရာမရယ် အဖိုးကြီးကို ခေါ်သွားပြီး လမ်းဆုံလမ်းခွမှာပဲ ဖြစ်ဖြစ် တနေရာရာမှာ ချပစ်ခဲ့ပါလို့ ပြောကြတယ်။

ကျွန်မတို့ ဘယ်လုပ်ရက်မလဲ။ ကားတွေ ဘာတွေ တိုက်ပြုသွားရင် ခက်မယ်။ ဒါမျိုးတွေ မြင်လာတော့ ကျွန်မတို့ ဆည်းဆာရိပ်ဆိုပြီး ဂီလာနဘိုးဘွားတွေကို စောင့်ရှောက်ဖို့ စီစဉ်ဖြစ်တာပဲ။ အဲဒီအကြောင်းတွေကိုလည်း ကျွန်မက စာရေးဆရာဆိုတော့ ကလျာမဂ္ဂဇင်းမှာ ရေးဖြစ်တယ်။ ဖတ်ရတဲ့သူတွေက ခံစားပြီး လူ လေး ငါးယောက် စုပြီး အဲဒီစာမူကို စာအုပ်လေးလို ရိုက်ပြီး နီးစပ်ရာကို လက်ကမ်းလို့ရအောင် ဓမ္မဒါနအဖြစ်လှူကြတယ်။ စာပေလောကကလည်း လှူပါတယ်။”

ဆရာမ သန်းမြင့်အောင်က ရှင်းပြရင်း အဘွားဆောင်ကိုရောက်တော့ အဖွားတဦးကို လက်ညှိုးထိုးပြရင်း ရင်နာစရာဇာတ်လမ်းတွေကို ဆက်ပြောပြပြန်ပါတယ်။

“ဒီအဖွားနာမည်က ဒေါ်ခက်တဲ့။ ရွှေအမြုတေက ဆရာဦးဝင်းငြိမ်းအကြောင်းကြားလို့ သွားခေါ်လာရတာ” လို့ ပြောပါတယ်။ ဒုဥက္ကဌ ဒေါ်ခင်မမကလည်း ဆက်ရှင်းပြပါတယ်။

“ဒီအဘွားက ဖေဖော်ဝါရီလကမှ ဒီကို ရောက်တာ။ သူ့ကို ရပ်ကွက်ရုံးရှေ့မှာပဲ ပစ်သွားတာ။ လဲနေတာ နှစ်ရက် သုံးရက်ရှိပြီ။ နေကလည်း တအားပူတဲ့အချိန်။ သူကတော့ လမ်းမပေါ်မှာ ဒီအတိုင်းပက်လက်။ သတိလည်း မလည်တော့ဘူး။ ကျွန်မတို့ကို ခေါ်လို့ သွားကြည့်တော့ အခြေအနေက မဟန်ဘူး။ သူ့ကို ခေါ်လာခဲ့မယ်ဆိုရင် ကျွန်မတို့ဆီမှာလည်း ကုပေးဖို့အဆင်မပြေဘူး။ ဘေးကလူတွေကလည်း ပြောပါတယ်။ ဆရာမတို့ ခေါ်သွားရင်လည်း တစ်ရက် နှစ်ရက်ထက် ပိုပြီး အသက်မရှင်ပါဘူးတဲ့။

ဒါနဲ့ ကျွန်မတို့ ပြန်လာခဲ့ပေမယ့် ရင်ထဲမှာ မကောင်းဘူးလေ။ ကိုယ်တောင် အမိုးအောက်မှာနေရတာတောင် ပူလောင်နေရတာ။ သူ့ခမျာ အပေါ်နေကလည်းပူ၊ အောက်က ကတ္တရာလမ်းကလည်း ပူနဲ့ ဘယ်လောက် ခံစားရမလဲ။ အဲဒါနဲ့ ဘာပဲဖြစ်ဖြစ် သူ အသက်ထွက်မယ်ဆိုရင်လည်း အေးအေးချမ်းချမ်း ထွက်ပါစေတော့ဆိုပြီး ခေါ်ဖို့ဆုံးဖြတ်လိုက်တာ။ အနားတောင် မကပ်နိုင်ပါဘူး။ အရမ်းအနံ့ထွက်နေပြီ။ သူ့ကို မ လိုက်တဲ့အချိန်မှာ သားအိမ်တခုလုံးက အပြင်ကို ထွက်နေပြီ။ ဒါပေမယ့် သူ့ကုသိုလ်ကံပေါ့နော်။ ကျွန်မတို့ဆီရောက်လာတော့ ဆရာဝန်နဲ့ သူနာပြုလေးတွေက တအားကြိုးစားပြီး လုပ်ပေးကြရှာတယ်။ ဟော.. အခုမြင်တဲ့အတိုင်းပဲလေ။ မထင်ထားတဲ့ဟာ ဘယ်လောက် ကျန်းမာသလဲဆိုရင် တနေ့ ထမင်းလေးနပ်စားတယ်။” အဲဒီအဘွားကို ကြည့်ရတာ အခုတော့ ပေါ့ပေါ့ပါးပါးပဲ။ အရင်က သူမဟုတ်သလိုပဲပေါ့။ ကျွန်မတို့ ပြောတာကို အာရုံမစိုက်ဘဲ သူ့ဘာသာ (သူတို့ဘာသာအတိုင်း) ဘုရားဝတ်ပြုနေပါတော့တယ်။

ခဏနေတော့ ဆည်းဆာရိပ်ဂေဟာတခုလုံး ဒူးရင်းသီးနံ့လှိုင်လှိုင်ထလာပါပြီ။ “သူတို့တွေက ဒူးရင်းသီး စားချင်တယ်ဆိုလို့ ဒီနေ့ ၀ယ်ကျွေးရတာလေ။ တအားပူတော့ အရမ်းလည်း မကျွေးရဲဘူး။ တယောက်ကို နှစ်မွှာလောက်ပဲ ကျွေးမယ်” လို့ ဒေါ်ခင်မမက ဆက်ပြောပါတယ်။ အစားအသောက်က ဘိုးဘွားတွေကို တစ်နေ့ ငါးခါ ကျွေးပါတယ်။ မနက်စာ၊ နေ့လယ်စာ၊ နေ့လယ်အဆာပြေ၊ ညစာ၊ ညအဆာပြေ စသဖြင့်ပါ။ အခုဆိုရင် အဘိုးအဘွား ၃၅ ယောက်ရှိနေပါပြီ။ ဒီအဘိုးအဘွားတွေအတွက် တစ်လ ကုန်ကျစရိတ်ဟာ ခြိုးခြံစွာ သုံးတာတောင် သိန်း ၃၀ နဲ့ ၄၀ ကြားရှိပါတယ်။ အဓိကကတော့ သူတို့ဟာ ဂီလာနမို့ ဆေးဖိုးအလွန်ကုန်ရတာပါပဲ။

“အဘွား နေကောင်းတယ်နော်။ ဒီနေ့ ထမင်းစားပြီးပြီလား” လို့ အဘွားတယောက်ကို ကျွန်မ နှုတ်ဆက်လိုက်တော့ သူက

“မစားရသေးပါဘူး။ ခုက ဘယ်သူလဲ”

“သမီး ဒီကိုလာလည်တဲ့ ဧည့်သည်ပါ အဘွားရဲ့။ မမှတ်မိတော့ဘူးလား” ကျွန်မ စကားလည်း ဆုံးရော..

“သမီးရေ.. သမီး… သမီး ဘယ်သွားလဲ။ အမေ့ကို ဘာလို့ ပစ်ထားခဲ့တာလဲ” လို့ ပြောပြီး ငိုပါတော့တယ်။ တဘက်မှာ အခြားအဖွားတယောက်ကို ဒူးရင်းသီးခွံ့ကျွေးနေတဲ့ ဆရာမ သန်းမြင့်အောင်က “၁၈ ရက်နေ့ ပြည်ကို ဟောပြောပွဲသွားရမယ်။ အဲဒါပြီးရင် ရေနံချောင်း ဆက်သွားမယ်လို့ အမေ့ကို ပြောသားပဲ။ အမေ့သမီးက အမေ့ကို ပစ်ထားပါ့မလား။” ဒါပေမယ့် အဖွားအိုက သူ့စကားကို ကြားဟန်မတူပါဘူး။

“ငါသေချင်တယ်.. ငါ သေချင်တယ်.. သေပါစေတော့လို့ ဆုတောင်းတာလဲ မသေနိုင်ဘူး အီး ဟီး ဟီး” ဆိုပြီး သကာလ သူ့ရင်ဘတ်ကို သူ ထုပြီး ကလေးတယောက်လို အော်ငိုတော့တယ်။ ဒါနဲ့ ဆရာမသန်းမြင့်အောင်က ဟိုဘက် ကုတင်ကနေ ကူးလာပြီး…

“ဘာမှ မဟုတ်ဘူး။ သူ့ကို ဂရုစိုက်စေချင်လို့ လုပ်နေတာလေ။ ဒီအဘွားက သူ့သမီးနဲ့ သမက်က သူ့ကို ပစ်သွားတာ။ အသက်လည်း ကြီးပြီဆိုတော့ စိတ်က သိပ်ပြီး ပုံမှန်မဟုတ်တော့ဘူး။ စားပြီးရင်လဲ မစားရသေးဘူးပြောတယ်။ သူများထက်လည်း သူက ပိုပြီး အယုယခံချင်တယ်” လို့ ကျွန်မဘက်ကို လှည့်ပြောရင်းကနေ အဘွားရဲ့ မေးလေးကို ညင်ညင်သာသာလေး ဆွဲတင်ပြီး သမီးက အမေ့ကို ချွဲသလိုမျိုး၊ ဒါမှမဟုတ် အမေကပဲ သူ့ကလေးကို ချော့သလိုမျိုးလေးနဲ့ အဘွားကို နှစ်သိမ့်နေပါတယ်။

“အမေ့ကို ပစ်မထားပါဘူး။ ဘာလဲ အမေက ကျွန်မတို့နဲ့ မနေချင်တော့ဘူးပေါ့လေ။ ဒီက သမီးတွေကို မချစ်တော့ဘူးပေါ့လေ။ ပြောစမ်းပါ။” အဘွားအိုကတော့ တအိအိ ငိုနေဆဲ။

“မငိုပါနဲ့ အမေရယ်။ အမေက အမြဲတမ်း ငိုနေတာပဲ။ ဟိုဘက်က အမေဆိုရင် ဘယ်အချိန်ကြည့်ကြည့် ပြုံးနေတာ။ အမေခင်ရေ ပြုံးပြပါဦး” ဆိုတော့ အခြားကုတင်က အဘွားခင်က ပြုံးပြရှာတယ်။ “ဟော အမေခင်ကြီး ပြုံးနေတယ်။ ဘယ်လောက် ချစ်စရာကောင်းလဲ။ ပါးပြင်မှာ… သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ..” ဆရာမ သန်းမြင့်အောင်က သီချင်းတောင် ညည်းလိုက်သေးတယ်။

“သူများတွေကတော့ ပြုံးရယ်လို့။ အမေသန်းစိန်ကျမှ တချိန်လုံး ငိုနေတာ။ အလွမ်းမင်းသမီးလေးရယ်.. ဘယ်လိုလုပ်ရမလဲ။ ဟင် ကြည့်ပါဦး။ အမေ့သမီး အချောအလှ မျက်နှာလေးကို။ သူတို့တတွေကို ပြောလိုက်စမ်းပါ။ အမေ့သမီး အချောအလှလေးက ဘယ်သူလဲလို့”

“မတင်ရီ။ ငါ့ သမီး မတင်ရီ”

“မဟုတ်ပါဘူး အဘွားရဲ့။ ဒါက ဆရာမ သန်းမြင့်အောင်လေ” ကျွန်မက ၀င်ပြောတော့ အဘွားဟာ ငါ့သမီး မတင်ရီ.. မတင်ရီရေလို့ပဲ တပြီး ငိုနေတော့တယ်။ အင်မတန် ရင်နင့်စရာပါပဲ။ ဆရာမသန်းမြင့်အောင်လည်း မျက်နှာပျက်သွားပြီး အဘွားရဲ့ နှဖူးလေးကို ညင်ညင်သာသာ မွှေးရှိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါတယ်။

“ဒီမှာတော့ အားလုံးက ဒီလိုပဲ။ ဒီက ဆရာမလေးတွေလည်း ပင်ပန်းကြရှာတယ်။ ကျွန်မတို့ဆီမှာ လုပ်တဲ့ သူနာပြုလေးတွေဟာ ဘယ်လောက်မှလဲ ရကြတာမဟုတ်ဘူး။ သူတို့ အပြင်မှာ သွားလုပ်ရင် ဒီထက်မက ရကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က စေတနာထားပြီး ကုသိုလ်ယူနေကြတာပါ။ အဘိုးတွေ အဘွားတွေ ၀မ်းချူလို့ မရရင် စမြင်းတုံးကို သူတို့ကိုယ်တိုင် လက်နဲ့ နှိုက်ထုတ်ကြရတယ်။ လက်နဲ့နှိုက်ထုတ်လို့ စမြင်းတုံး ထွက်သွားပြီး ကျန်တဲ့ ၀မ်းရည်တွေကပဲ ပန်းထွက်ပြီး သူတို့ကိုယ်ပေါ်မှာ ပေကျံကုန်တဲ့အခါတွေလည်း ရှိတယ်။ ဒီလိုဖြစ်လို့လည်း သူတို့မှာ ရွံရှာမနေအားဘူး။ ဘယ်တော့မှလည်း မျက်နှာပျက်တယ်ဆိုတာ မရှိဘူး။”

လုပ်အားဒါန လာပြီးကုသိုလ်ပြုနေတဲ့ ဆရာဝန်လေးက တပတ်မှာ ၃၊ ၄ ရက်ဆိုသလို လာကြည့်ပေးပြီး အဘိုးအဘွားတွေအတွက် အနီးကပ်ပြုစုလို့ရအောင် သူနာပြု လေးယောက် ထားပေးထားပါတယ်။ သူတို့ခမျာမှာလည်း လက်မလည်နိုင်အောင်ပါပဲ။ အဘိုးအဘွား ၃၅ ယောက်မှာ ကိုယ့်ဘာသာ ထူနိုင် ထနိုင်တဲ့သူဆိုတာ တော်တော်နည်းပါတယ်။ တော်တော်များများဟာ ကိုယ့်ကုတင်လေးမှာတင် မိုးလင်းကနေ မိုးချုပ်အထိ ဘ၀ကို အဆုံးသတ်ကြရတာပါ။ ဆရာမလေးတွေလိုပဲ ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် လာပြီး စာရင်းစစ်ပေးတဲ့ စာရင်းစစ်အဖွဲ့ကိုလည်း တွေ့ရပါတယ်။ သူတို့ဟာ ဘာလုပ်အားခံစားခွင့်ကိုမှ မျှော်ကိုးပြီး လာလုပ်ပေးတာမဟုတ်ပါဘူး။

အဘိုးတွေရဲ့ အဆောင်ဘက်မှာလည်း အဘွားတွေလိုပါပဲ။ သားသမီးက ပစ်သွားတဲ့သူ၊ မကျွေးနိုင်လို့ လာပို့သွားတဲ့သူတွေချည်းပါပဲ။ အဘိုးတယောက် ခမျာတော့ သူ ငယ်စဉ်က အစိုးရသင်္ဘောရဲ့ ရေယာဉ်မှူးလို့ သိရတယ်။ ပင်စင်ယူပြီးတော့ ရှိတဲ့ မွေးစားသားကို ပင်စင်စာအုပ်တွေ၊ အိမ်ဂရံတွေ အားလုံး ပေးထားပြီးကာမှ ဟိုက အကုန်ရောင်းချပြီး ခြေရာဖျောက်သွားလို့ တူတွေ တူမတွေရဲ့ အိမ်မှာ ကပ်နေရတော့ တူတွေ၊ တူမတွေက “ပေးစရာရှိတော့ သူများကို ပေးတယ်။ ကျွေးခိုင်းတော့ ငါတို့ကို” ဆိုပြီး သူ့အပေါ်မှာ နေ့နေ့ ညည ဆူအောင့်လို့ တစက်မှ စိတ်မချမ်းသာဘူးတဲ့။ နောက် ဒီဂေဟာလေးအကြောင်း သိသွားတော့ သူ့တူတွေကပဲ မကျွေးနိုင်ဘူး။ လာခေါ်ပါဆိုလို့ သွားခေါ်ပေးခဲ့ရတာပါတဲ့။ ဘေးက ဆရာမလေးက သူ့အကြောင်း ရှင်းပြတော့ အဘိုးက ဘာမှ ၀င်မပြောပေမယ့် သူ့မျက်ဝန်းမှာတော့ မျက်ရည်တွေ ဝေသီနေပါတယ်။

တကယ်တော့ ဒီအလုပ်ကို လုပ်ဖို့၊ ဦးဆောင်ဖို့ဆိုတာ ငွေကြေးတခုတည်း ရှိရုံနဲ့ မလုံလောက်ဘူး။ ကျွန်မတို့တတွေ ပိုက်ဆံရှိလို့ လှူဒါန်းနိုင်ရင်တောင် တကယ်လက်တွေ့လုပ်နေရတဲ့ သူတွေလောက် စေတနာ၊ အနစ်နာခံပြီး လုပ်ဖို့ဆိုတာတော့ အင်မတန် ရာခိုင်နှုန်းနည်းပါတယ်။ ဆည်းဆာရိပ်အနေနဲ့ အဘိုးအဘွားတွေအပေါ်မှာ မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ ပြုစုတဲ့ ပရဟိတလုပ်ငန်း အောင်မြင်ဖို့ဆိုတာ တကယ်တော့ ဆရာမဒေါ်သန်းမြင့်အောင် တယောက်ထဲနဲ့ ပြီးတာ မဟုတ်ဘူး။ ဒေါ်သန်းမြင့်အောင်ကို ယုံကြည်တဲ့စိတ်နဲ့ ခေါင်းဆောင်တင်ပြီး ကိုယ်ကျရာအခန်းကဏ္ဍမှာ ကျေပွန်အောင် စိတ်အားထက်ထက်သန်သန်နဲ့ လုပ်တဲ့ ဆရာမရဲ့ အပေါင်းအသင်းတွေရဲ့ လုပ်အားကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

“ကျွန်မတို့ ဂေဟာက နိုင်ငံတော်ဆီမှာ Register လုပ်ထားတာ မဟုတ်တော့ အထောက်အပံ့မရဘူးပေါ့။ Register မလုပ်ထားတဲ့အတွက် ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာမျိုး တချိန်ချိန်မှာ မလာဘူးလို့ မပြောနိုင်ပါဘူး။ တကယ်လို့များ အထောက်အပံ့ပေးဖို့ တောင်းဆိုပါဆိုရင် ဒီထက် ကျယ်ဝန်းတဲ့ သွားလာလို့ အဆင်ပြေမယ့် မြေနေရာလိုချင်ပါတယ်။ တလတလ အဘိုးတွေ အဘွားတွေအတွက် ကုန်ကျတဲ့ စရိတ်တွေဟာ ပြင်ပအလှူရှင်ရှိရင်လည်း ရှိပေါ့။ မရှိရင်လည်း ကျွန်မတို့ သူငယ်ချင်းတွေရဲ့ တစ်ဦးစီရဲ့ အသိုင်းအ၀ိုင်းတွေကနေ ပံ့ပိုးလို့ရတာတွေကို ထည့်သုံးရတာပဲ။ အဓိကက မြေနေရာပါ” လို့ ဆရာမ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

ဆည်းဆာရိပ် တည်ရှိနေတဲ့ လက်ရှိနေရာက ဒဂုံမြို့သစ် အစွန်းအဖျား လမ်းကြိုလမ်းကြားမှာပါ။ အကယ်၍ မီးရေး ထင်းရေးဖြစ်လာရင်တောင် ဂီလာနအဘိုးအဘွားတပြုံတမနဲ့ သူတို့ အခက်တွေ့မှာပါ။ အရေးပေါ် အခြေအနေဖြစ်လာရင်လည်း ဆေးရုံ ဆေးခန်းသွားရဖို့ နီးနီးနားနားမှာ မရှိပါဘူး။ ဒါကြောင့် သွားလာရ လွယ်ကူအဆင်ပြေတဲ့ မြေနေရာမျိုးကို တောင်းဆိုတာဖြစ်ပါတယ်။ အခုတော့ လက်ရှိအဆောက်အအုံရဲ့ ခေါင်းရင်းဘက် မြေကွက်လွတ်မှာ တဦးတည်းအလှူရှင်ရဲ့ ဒါနကြောင့် သုံးထပ်အဆောက်အအုံတခု ဆောက်နေပါပြီ။

“အဲဒီ သုံးထပ်အဆောင်ပြီးရင်တော့ အဘိုးအဘွားတွေ ထပ်ခေါ်နိုင်ပါမယ်။ အခု ခေါ်ဖို့ လာပြောထားတာ အယောက် ၂၀ ကျော်တယ်။ ကျွန်မတို့မှာ နေရာလည်း မလွတ်တော့ သွားမခေါ်နိုင်ဘူး။ ဒီမှာက အားလုံးက မကျန်းမမာဆိုတော့ အရေအတွက်များအောင်ဆိုတဲ့ စိတ်နဲ့ အကုန်ခေါ်လာပြီး ပြွတ်သိပ်နေအောင် ထိုးထည့်လို့မှ မရတာ။ နောက်တခုက အရင်က ကူးစက်ရောဂါရှိတဲ့သူတွေကို မခေါ်ဘူးလို့ လုပ်ပေမယ့် ဒါဟာ ခွဲခြားဆက်ဆံမှုတခုဖြစ်သွားမှာ စိုးရိမ်တယ်။ ကျွန်မတို့ဘက်ကလည်း နဂိုကတည်းက ကိုယ်ခံအားနည်းနေတဲ့သူတွေကြားမှာ ကူးစက်ရောဂါသည်ကို ထားလိုက်ရင် အဆင်မပြေတာရော၊ နေရာအခက်အခဲတွေ ကြောင့်ပါ။ အခု သုံးထပ်အဆောင်မှာတော့ ကူးစက်ရောဂါသည် အဘိုးအဘွားတွေကိုပါ ထားမယ်။ နောက်ပြီး ၀ှီးချဲနဲ့ သွားနေရတဲ့ သူတွေ သွားရလာရလွယ်အောင်လည်း လှေကားအတက်အဆင်းကတွေကို လုပ်ပေးထားမယ်။”

ဆရာမသန်းမြင့်အောင် နောက်ဆုံးပြောတဲ့ အချက်ကို ကျွန်မ သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဘယ်အဆောက်အအုံကိုပဲဆောက်ဆောက်၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ အရေးအရာကိစ္စတွေမှာ ဆူကြုံနိမ့်မြင့်မရွေး ပါဝင်လို့ရအောင် ထည့်သွင်းစဉ်းစားပေးတာမျိုး အားနည်းပါတယ်။ အထူးသဖြင့် မသန်စွမ်းတွေ အတွက်ပါ။ တခြားနိုင်ငံတွေမှာလို မသန်စွမ်းတွေ ဘတ်စ်ကား၊ ရထား စီးလို့ရအောင်၊ လူသွားလမ်း၊ အတက်အဆင်းကစပြီး သူတို့အတွက် ထည့်စဉ်းစားပြီး လုပ်ပေးတာမျိုး မရှိသလောက်ပါပဲ။ နောက်တခုက လူမှုရေးလုပ်ငန်းတွေအနေနဲ့ အစိုးရဆီမှာ မှတ်ပုံတင်ရတဲ့ ကိစ္စပါ။

နိုင်ငံတော်အနေနဲ့ လုံခြုံရေးအကြောင်းပြချက်အပြင် နိုင်ငံတွင်းမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေ ဘောင်ကျော်မသွားဘဲ စည်းစနစ်ကျကျ လုပ်နိုင်ဖို့ သူတို့ကို မှတ်ပုံတင်ခိုင်းပေမယ့် မှတ်ပုံတင်ထားတဲ့ လူမှုရေးလုပ်ငန်းတွေအပေါ်မှာ ကန့်သတ်ချုပ်ချယ်မှုတွေ များပြားလွန်းတယ်လို့ ကျွန်မမြင်ပါတယ်။ အစိုးရနဲ့ နားလည်မှုယူထားတဲ့ စီမံကိန်းမျိုးကိုပဲ လုပ်ရမယ်၊ ခွင့်ပြုထားတဲ့ ဒေသမှာပဲ လုပ်ရမယ်ဆိုတာတွေဟာ တကယ်လူမှုရေးလုပ်ကိုင်လိုသူတွေကို နယ်ပယ်ကျဉ်းသွားအောင် ကန့်သတ်လိုက်တာပဲလို့ မြင်ပါတယ်။ လူမှုရေးလုပ်ငန်းတွေ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့်လုပ်လို့ရအောင် အစိုးရအဖွဲ့အနေနဲ့ မူဝါဒတွေ ပြောင်းလဲ ရေးဆွဲပေးသင့်နေပါပြီ။

နောက်တခုက လူမှုဘ၀လုံခြုံရေးအစီအစဉ် (social protection) နဲ့ ပတ်သက်ပြီး အစိုးရဘက်ကနေ ထည့်သွင်းရေးဆွဲပေးထားတဲ့ မူဝါဒတွေ အားနည်းနေသေးတာပါပဲ။ သဘာဝဘေးအန္တရာယ်ဖြစ်လာမှ ဘေးအန္တရာယ်ခံရတဲ့ ပြည်သူတွေကို ထောက်ပံ့မှုအနည်းအကျဉ်း ပြုလုပ်ပေးတာကလွဲပြီး ကြိုတင် ကာကွယ်ပေးမှု၊ နောက်ပြီး အခြားသော ကျန်းမာရေး၊ လူမှုရေးအခြေအနေတွေမှာလည်း နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘ၀အာမခံချက်ကို အပြည့်အ၀ပေးမယ့် အစီအမံမျိုးတွေ လျော့ရဲနေပါသေးတယ်။ ဒီလို အရေးကိစ္စတွေ ရှိနေလို့ ပြည်သူလူထုကိုယ်စား အစိုးရအဖွဲ့က မထမ်းဆောင်နိုင်တဲ့အခါမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကနေပြီး တပိုင်တနိုင် ၀င်ရောက်ဆောင်ရွက်ကြတဲ့အပေါ် အစိုးရအဖွဲ့အနေနဲ့လည်း အသိအမှတ်ပြုပြီး အားပေးထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသင့်ပါတယ်။

“ကျွန်မ တစ်ခုပဲ တောင်းဆိုချင်ပါတယ်။ ကျွန်မတို့ဆီမှာ ပင်စင်စားအဘိုးကြီး အဘွားကြီးနှစ်ယောက်ရှိပါတယ်။ သူတို့တတွေဟာ နိုင်ငံတော်ရဲ့ တာဝန်ကို ဘ၀တလျှောက်လုံး ထမ်းရွက်လာရတဲ့သူတွေပါ။ သူတို့ အသက်ကြီးလာလို့ ခိုကိုးရာမဲ့သွားတဲ့အခါ နိုင်ငံတော်ကို တသက်လုံး အလုပ်အကျွေးပြုလာတဲ့သူတွေကို နိုင်ငံတော်က ဘာပြန်လုပ်ပေးနိုင်မလဲဆိုတာကို မေးချင်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကိုယ့်ဝန်ထမ်းအိုကြီးတွေအတွက်လည်း တနည်းတဖုံ စဉ်းစားပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။

နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ၂၀၁၂ ခုနှစ်၊ အလုပ်သမားနေ့မှာ မိန့်ခွန်းမှာ ပိုမိုပြည့်စုံတဲ့ လူမှုဖူလုံရေး အစီအစဉ်တွေပါဝင်မယ့် ဥပဒေတရပ် ရေးဆွဲနေတယ်ဆိုတဲ့ စကားအပေါ် အများကြီး ၀မ်းမြောက်မိပါတယ်။ ဖြစ်ပေါ်လာမယ့် ဥပဒေဟာ စာအုပ်ထဲမှာတင်မဟုတ်ဘဲ နောက်ဆက်တွဲ ဆောင်ရွက်ပေးမယ့် အပြုအမူဆိုတာလည်း အင်မတန်လိုအပ်ပြီး ဘယ်အတိုင်းအတာအထိ ပြီးပြည့်စုံနိုင်မလဲဆိုတာ စောင့်ကြည့်လေ့လာရဦးမှာပါ။

မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေရဲ့ ဘ၀လုံခြုံမှုဟာ မဖြစ်မနေထည့်သွင်းစဉ်းစားပြီး အနာဂတ်အစီအမံတွေ ကြိုတင် စီစဉ်ဖို့ သင့်နေပါပြီ။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ အသက် ၆၀ ကျော်တွေ ဖြစ်ပြီး ၂၀၂၅ ခုနှစ်ကျရင် သက်ကြီးရွယ်အိုဦးရေဟာ လက်ရှိရှိနေတဲ့ ၅.၅ သန်းရဲ့ နှစ်ဆဖြစ်လိမ့်မယ်လို့ Help Age International အဖွဲ့ရဲ့ ဒေသတွင်းဆိုင်ရာ ဒါရိုက်တာ အယ်ဒိုဝါဒိုကလင်ရဲ့ ပြောကြားချက်ကို တလောက မြန်မာတိုင်းမ်စာစောင်မှာ ဖတ်လိုက်မိပါတယ်။

ဇာတိ၊ ဇရာ၊ မရဏဆိုတာ တားဆီးလို့ရတာ မဟုတ်ပါဘူး။ တနေ့ကျရင် သတ္တ၀ါတိုင်း အို နာ သေဘေးနဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ကြုံကြရမှာချည်းပါပဲ။ ဆင်းရဲခြင်းဆိုတာ ၀ဋ်နာကံနာတခုလိုဖြစ်နေတာမို့ လူသားမဆန်တဲ့ ကိစ္စတွေ ဖြစ်လာတိုင်း ဒီကျောမွဲတွေ၊ နင်းပြားတွေကသာ ခါးဆီးခံနေရသလို ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်မှာ စိတ်ပျက်စရာ၊ ရင်နာစရာ အဖြစ်အပျက်တွေကို ကြားတိုင်း ကြုံတိုင်းမှာ သနားလိုက်တာ၊ စာနာလိုက်တာ၊ စိတ်မကောင်းလိုက်တာဆိုတဲ့ ခံစားမှုနဲ့တင်မပြီးဘဲ ကိုယ်တတ်နိုင်တဲ့ တထောင့်တနေရာကနေ ပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

သတ္တ၀ါတိုင်း သာတူညီမျှတဲ့ ချမ်းသာသုခကို ရရှိနိုင်ကြပါစေ။

 ဆည်းဆာရိပ်အတွက် လှူဒါန်းလိုပါက …

    ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာ

    ဖုန်း – ၀၉ ၇၃၀ ၁၈ ၀၀၇

    အမှတ် ၈၀၃၊ ၈၀၅၊ မဟော်သဓာလမ်း၊ ၁၂ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်

    (သို့မဟုတ်)

    ဒေါ်သန်းမြင့်အောင်

    ၀၉ ၅၀၇ ၈၄ ၁၈ နှင့် ၀၁ ၂၀၅၄၅၁

    ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။


မျက်ရှု

2:00 am
15.5.2012

No comments:

Post a Comment