မလျှောက်ဖြစ်သောလမ်း
မီးဖို ပြတင်းပေါက်မှန်သည် သုံးမြှောင့်ပုံ အက်ကွဲနေခဲ့ရာ ထိုနေရာမှ လေအေးက တိုးဝင် လျက် ရှိသည်။ အက်နေသောမှန်ကို အသစ်လဲမည်၊ လဲမည်နှင့် နေ့ရွှေ့ညရွှေ့ ရွှေ့ခဲ့ရာ အခုအခါ မှန်က ကွဲပင် ကွဲခဲ့ပြီ။ မနေ့ညအထိ မှန်က အက်ရုံပဲ အက်နေခဲ့၏။ သည်နေ့ ဘယ်လိုဖြစ်ပြီး ကွဲရတာပါလိမ့်။ မှန်အကွဲသည် သုံးနာညီတြိဂံ ဖြစ်နေ၏။ သင်္ချာကို မုန်းသော ကျွန်မသည် သုံးနားညီ မှန်ကွဲပေါက်ကို ခါးသီးစွာ ကြည့်နေခဲ့သည်။ ကြာပြီ၊ မိနစ် နှစ်ဆယ်လောက် ရှိပြီ။
ကျွန်မ ဘာကြောင့် မီးဖိုးခန်းထဲ ရောက်နေရသလဲ။
ပျံ့လွင့်နေသော အာရုံကို မနည်း ပြန်စုစည်းယူရသည်။
သိပြီ၊ သံပရာရည်အေးအေး တစ်ခွက်လောက် ဖျော်သောက်မလို့။
ကျွန်မ အခုတလော ည ညမှာ ကိုယ်အထက်ပိုင်း ပူလောင်လျက် လန့်လန့်နိုးလာ တတ်သည်။ ချွေးသီးချွေးပေါက် ကျလျက် ရှိန်းခနဲ ပူနွေးလာသော ခံစားချက်ကို ကျွန်မ ခံစားနေရသည်မှာ တစ်ပတ်လောက် ရှိပြီ။ ဒါ ဘာကို ပြသလဲဟု ကျွန်မ သိသည်။ သိသည့် အတွက် ကျွန်မ စိတ်ဓာတ်ကျမိသည်။
မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲ လူလွတ်ဘဝကို မြတ်နိုးစွာ ရွေးချယ်ခဲ့ သည် ဆိုဦးတော့၊ မျိုးဆက် ရင်သွေး တစ်ယောက်လောက်တော့ လိုချင်သည့် အချိန်ပိုင်း တွေ ရှိလိမ့်မလား။ မိနစ်ပိုင်း ခံစားမှုပဲ ဖြစ်ဖြစ်ပေါ့။
ကျွန်မမှာတော့ ရှိသည်။
အိမ်ထောင်မပြုဘဲ သမီးလေး တစ်ယောက်လောက် ရနိုင်လျှင် ဘယ်လောက်များ ကောင်းမလဲဟု ပြီးခဲ့သည့် သုံးလေးနှစ်မှာ ခဏခဏ စိတ်ကူးယဉ်ဖူး၏။
အခုတော့ သားသမီး ရနိုင်သည့် အရွယ်ကို လွန်မြောက်ဖို့ နီးလာပြီ။
ဟိုးအဝေးမှာ တောင်တန်းကြီးတစ်ခုကို အရှေ့အနောက် တန်းလျက် မြင်နေရ၏။ ညအမှောင်တွင် ထိုတောင်တန်းသည် ဆင်ကြီးတစ်ကောင် ဝပ်နေသလိုပဲ။ ထိုတောင်တန်း ကြီးကို ဘယ်နှခါပဲ ကြည့်ကြည့်၊ ကျွန်မကတော့ ဆင်မည်းကြီး တစ်ကောင်ကိုပဲ မြင်ယောင် မိလေသည်။
ငယ်ငယ်တုန်းက ကျွန်မတို့၏ အလယ်တန်း ကျောင်းဝင်းထဲမှာ ဆင်ကြီးတစ် ကောင် ရောက်လာခဲ့ဖူးသည်။ ဆပ်ကပ်ထဲက ဆင်ကြီးလား၊ သစ်ထုတ်လုပ်ရေးက ဆင် ကြီးလား မသိ။ ကျွန်မတို့ သူငယ်ချင်းတစ်တွေ ထူးခတ်ထားသော ဆင်ကြီးအနီးသို့ သွား ကာ ကြံရိုးတွေ ကျွေးခဲ့ကြသည်။ ဆင်ကြီးက နှာမောင်းဖြင့် ဆွဲယူရစ်ပတ်လျက် ပါးစပ်ထဲ သို့ ထည့်ကာ တဂျွမ်းဂျွမ်း ဝါးမျိုစုပ်ယူသည်။
အခုတလော တောင်တန်းကြီးကို ကြည့်တိုင်း ကျွန်မသည် ဆင်ကြီးကို ပြန် ပြန် သတိရနေမိသည်။
ကျွန်မ၏ သူငယ်ချင်းတစ်ယောက်က အိမ်ထောင်ကျပြီးနောက် သားသမီး မရခဲ့။ သူက ကလေးကို အရူးအမူး လိုချင်လား၊ မလိုချင်ဘူးလား မသိသော်လည်း ကျွန်မတို့ သူငယ်ချင်း အိမ်ထောင်သည်တွေကတော့ သူ့ကို အသည်းအသန်ပင် ကလေး ရစေချင်နေ ကြသည်။ သားဖွားမီးယပ် အထူးကု သူငယ်ချင်းတွေက သိပ္ပံကျကျနည်းတွေ ပြောလား ပြောရဲ့။ ပေါက်တတ်က ရတွေ ပြောတတ်သည့် ပျော်တတ်သူ သူငယ်ချင်းတွေက ဂမ္ဘီရ လျှို့ဝှက်နည်းတွေကို ပြောလား ပြောရဲ့။ နောက်ဆုံးတော့ ဟာသပြောတတ်သည့် သူငယ်ချင်း ယောက်ျားလေး တစ်ယောက်က ထိုသူငယ်ချင်းကို ဆင်တစ်ကောင်၏ ဝမ်းဗိုက်အောက်သို့ ဝင်ရသည် ဆိုလား။ ဆရာဝန်တန်မဲ့နှင့် လက်တွေ့မကျသည့် နည်းကို ပြောတော့ အားလုံး ဝိုင်းရယ်ကြလေသည်။
ကျွန်မတော့ မီးဖိုထဲရောက်လို့ ပြတင်းမှတစ်ဆင့် ဟိုတောင်တန်းကြီးကို မြင်ရ သည့်အခါ ဆင်ကြီးကို သတိရရနေတော့သည်။
အဲသည်ဆင်ကြီး ဘယ်ရောက်သွားပြီလဲ။
အေးလေ၊ ဆင်ကို အသာထား။ ကျွန်မ၏ ပူရှိန်းနွေးနေသော ကိုယ်အထက်ပိုင်း ခံစားချက်ကို သက်သာရာ ရလိုရငြား သံပရာ ရည် ဖျော်သောက်တာက လက်တွေ့ကျပါ သည်။
သံပရာသီးကို ညှစ်ခုံခွက်ကလေးထဲ ထည့်ညှစ်ပြီး ဖန်ခွက်ထဲထည့်၊ သကြားတစ် ဇွန်း မောက်မောက် ထည့်ပြီးတော့မှ သကြားမထည့်ဘဲ သကြားအစားထိုး အီးကွဲလ်အ ထုပ်လေး ထည့်လိုက်ရ ကောင်းသားဟု နောင်တရသည်။ အို သိပ်ဝနေတာမှ မဟုတ်ဘဲ။ သည်တစ်ဇွန်းနဲ့တော့ ဘာမှ ထူးထူးခြားခြား ဆိုးမသွားနိုင်ပါဘူးလေ။
မီးဖိုထဲမှာ စားရင်းသောက်ရင်း နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ် အကဲခတ်နိုင် အောင် မှန်တစ်ချပ် ထားမှ ဖြစ်မည်။
အနီးကပ် ကြားလိုက်ရသော အသံစူးစူး တစ်ခုကြောင့် ကျွန်မ လန့်ဖျပ်သွားသည်။ ထိုအသံဟာ ဘာသံလဲဟု စိတ်က ခွဲခြားနိုင်သွားသည့် အခါမှာတော့ အနည်းငယ် ငြူစူမိ လေသည်။
တယ်လီဖုန်းသံ။
ည ဆယ်နာရီခွဲ ဆယ့်တစ်နာရီ။ ဘယ်သူများ ဖုန်းဆက်ပါလိမ့်။
ဆေးရုံက ဖြစ်နိုင်သည်။ တစ်ခုခု ထူးခြားလို့ သတင်းပို့တာ ဖြစ်နိုင်သည်။
မီးဖိုခန်း နံရံမှာ ချိတ်ထားသော တယ်လီဖုန်းကို ကောက်ကိုင်လိုက်မိသည်။
“ဟုတ်ကဲ့၊ လေးခင်ခင်ပါ ရှင်”
“လေး”
ကျွန်မနားထဲသို့ ဝင်လာသည်က ခပ်ဖွဖွ ခပ်အက်အက် အသံတစ်ခု။ ဘုရားရေ .... ဒီအသံ .... ။
“ဟုတ်ကဲ့”
ဇဝေဇဝါဖြင့် ဖြေလိုက်မိသည်။
“ကိုယ်ပါ လေး”
အနည်းငယ် လေးနေသော အသံ။
“ကိုယ် .... ”
မျက်နှာကို ရေနွေးဖြင့် အပက်ခံလိုက်ရသလို နွေးခနဲ ပူသွားတော့သည်။
“လင်းအောင်ပါ”
“သြော် လင်းအောင်လား”
သူ ဘာဖြစ်လို့ အချိန်မတော်ကြီးမှာ ဖုန်းဆက်ရပါလိမ့်။
“နေကောင်းတယ်နော် လင်းအောင်”
“နေကောင်းပါတယ် လေး၊ အခု ကိုယ်တို့ စားသောက်ဆိုင်တစ်ခုမှာ ရောက်နေ တယ်”
ထင်သားပဲ။ သူ့အိမ်ကနေဆိုရင် ကျွန်မဆီကို ဆက်ဖို့ ဘယ်လိုမှ သတ္တိမွေးယူလို့ရ မှာ မဟုတ်။ ဘီယာဆိုင် ရောက်နေလို့ သာ။ နောက်ပြီး သူငယ်ချင်းတွေနဲ့ ဆုံပြီး သောက် နေကြလို့သာ။
“ပြော၊ ဘာအကြောင်းရှိသလဲ လင်းအောင်။ ငါ ဘာကူညီရမလဲ”
အကူအညီလိုချင်လို့ ဆက်တာ မဟုတ်မှန်း သိသိကြီးနှင့် ကျွန်မ မေးလိုက်သည်။
“လေးဆီကို ကိုယ် ဆက်ရတာက ရန်ပုံငွေ ကောက်မလို့ပါ။ ကိုယ်တို့ အတန်းသား တွေဆီက ငွေကောက်ခံဖို့ ကိုယ့်ကို တာဝန်ပေးထားကြတယ်လေ”
ဟွန်း မဖြစ်နိုင်ပါဘူး။ ဒီလောက် စကားနည်းတဲ့လူကို ဘယ်သူက ငွေကောက်ခိုင်း မှာလဲ။ နောက်ပြီး နှစ်စဉ် အတန်းသားဟောင်းတွေ စုစည်းဆောင်ရွက်တဲ့ ပွဲတွေမှာ ဘဏ္ဍာ ရေးမှူးတာဝန် ယူနေကျ သိန်းလှိုင်က ဘယ်ရောက်သွားလို့လဲ။
“သိန်းလှိုင်က နင့်ကို ဖုန်းဆက်ခိုင်းတာ မဟုတ်လား”
ကျွန်မ ခန့်မှန်းမိသွားသည်။
“မဟုတ်ပါဘူးဟာ၊ ငါ့ဟာငါ ဆက်တာပါ”
သူ့အသံမှာ မလုံမလဲဟန်။ ဖုန်းထဲမှာ ရယ်မောသံသဲ့သဲ့ ကြားလိုက်ရ သလိုလို။
ကျွန်မတို့ အတန်းသား ၁၅၅ယောက်ထဲမှာ အိမ်ထောင်မကျသော လူလွတ်ဟူ၍ လေးငါးယောက်သာ ကျန်သည်။ အဲသည် လေးငါးယောက်ထဲမှာ ကျွန်မနှင့် လင်းအောင် ကျန်နေသည်ကို တိုက်ဆိုင်မှုဟု ဘယ်သူမှ မယုံကြည်နိုင်ကြပေ။ တတ်နိုင်သမျှ ဝိုင်းဝန်းပြီး စေ့စပ်ပေးလိုကြသည်။ ကိုယ့်ထမင်း ကိုယ်စားပြီး အရီးနွားကို အလကား ကျောင်းပေးချင် သူတွေဟု သူတို့ကိုယ် သူတို့ ရယ်မောကြသည်။
“နေပါဦး၊ ငွေကောက်တာက ဘာအတွက် ကောက်မှာလဲ။ ဆရာကန်တော့ပွဲ အတွက် ငါ တစ်သောင်း ထည့်ပြီးပြီလေ”
တယ်လီဖုန်းထဲမှတစ်ဆင့် သူ့ကို ခပ်ဆောင့်ဆောင့် အော်ပစ်လိုက်သည်။
“ဆရာကန်တော့ပွဲ မဟုတ်ဘူး၊ အခုဟာက ရွှေရတုပွဲတော်အတွက်”
ရွှေရတု .... ။ ကျွန်မ ခဏ ကြောင်သွားသည်။ ထို့နောက်မှ သတိရသည်။ ဟုတ်ပါ ရဲ့၊ မန္တလေး ဆေးတက္ကသိုလ် ဟာ နှစ်ငါးဆယ်တောင် ပြည့်ပါပေါ့လား .... တွေးလိုက်မိ သောအခါ ဝမ်းနည်းသွားသည်။ ကြည့်စမ်း၊ ငါ တော်တော် အသက်ကြီး သွားပြီပဲ။
ကျွန်မ အသက်မကြီးချင်သေးပါဘူး။ ကျွန်မ အသက် ၄၀ ကတည်းက အသက်ကို မစဉ်းစားခဲ့တော့ဘဲ တတ်နိုင်သ မျှ မေ့ထားခဲ့သည်။ သို့သော် ဝတ္ထုတွေကို ဖတ်တိုင်း ဝတ္ထု ထဲက ဇာတ်ကောင်တို့၏ အသက်ကို သတိထားရှာဖွေသည်။ အသက် ၄၀ ကျော် ဇာတ် ကောင်တွေများ တွေ့မလား မျှော်လင့်ချက်ဖြင့်။ သို့သော် မတွေ့တတ်တာက များသည်။ အ သက် ၃၂နှစ်၊ ၃၃နှစ်တွေက များသည်။ ငါ ဝတ္ထုဇာတ်ကောင် ဖြစ်ရလောက်အောင် အသက် မငယ်တော့ဘူး။
ကျွန်မကို ဘယ်သူကမှ ဇာတ်လိုက်ထားပြီး ဝတ္ထုရေးမှာ မဟုတ်ပါဘဲနှင့် ဝမ်းနည်းမိ သည်။
“လေး”
“အင်”
“ကိုယ် လေးနဲ့ တွေ့ချင်တယ်”
“အို”
ကျွန်မ မျက်မှောင်ကြုတ်လျက် ပြုံးမိသည်။
ဒီအသက်အရွယ် ရောက်မှတော့ လူတစ်ယောက်၏ “လေး”ဟု ခေါ်သည့် အသံ အပေါ်မှာ ကျွန်မ မသာယာတတ်တော့ပါ။
နှစ် နှစ်ဆယ်လောက် မေ့ထားခဲ့ကြပြီးမှ အခု ဘာဖြစ်လို့ အစ ပြန်ကောက်ချင်ရ တာလဲ။
“ကိုယ် လာခဲ့မယ်နော်”
သူ့အသံက ဟိုတုန်းကလို ခပ်ရှက်ရှက် လူငယ်လေးဟန် ပြန်ဖြစ်သွား၏။
“အို ဘယ်ဖြစ်မလဲ၊ ည သန်းခေါင်ကြီး”
“မဟုတ်ပါဘူး လေးရဲ့၊ နောက်နေ့မှ ပြောတာပါ”
“ဟင့်အင်း”
ကျွန်မ စိတ်မကောင်းသော်လည်း ပြတ်ပြတ်သားသား ငြင်းလိုက်မိ၏။
နေစမ်းပါဦး။ နှစ် နှစ်ဆယ်လုံး ချည်လို့မရတဲ့ ကြိုးစနှစ်စကို ဘယ်အရာမျိုးနဲ့ ချည် လို့ရမယ် ထင်လို့လဲ။
“ငါ တစ်နေ့လုံး အိမ်မှာ ရှိတာ မဟုတ်ဘူး”
“အိမ်ကို မလာရရင် ဆေးရုံကို လိုက်လာခဲ့မယ်လေ”
“လင်းအောင် .... နင် မူးနေပြီ၊ အေးအေးဆေးဆေး အိမ်ပြန်တော့”
ကျွန်မ စိတ်ရှုပ်စွာ ပြောပြီး ဖုန်းကို ပြန်တင်လိုက်၏။
မီးဖိုထဲမှ ပြန်ထွက်လာသည့် အချိန်တွင် တယ်လီဖုန်း မြည်လာပြန်သည်။ ကျွန်မ လှည့်တော့ ကြည့်လိုက်သေး၏။ သို့သော် လင်းအောင်ပဲဖြစ်မှာ။ ကျွန်မ လှေကားကို တက် လိုက်သည်။
အဲ လင်းအောင် မဟုတ်ဘဲ ဆေးရုံကခေါ်တာ ဖြစ်ရင်ကော။ ကျွန်မ ကမန်းကတန်း ပြန်ဆင်းပြေးလာခဲ့သည်။
ကျွန်မ ကောက်ကိုင်ဖို့ လက်လှမ်းလိုက်သည့် အချိန်မှာပင် ဖုန်းသံက ပြတ်တောက်သွားခဲ့သည်။ ကျွန်မ စိတ်တိုတိုနှင့် ရယ်ချင် သွားမိသည်။ နေပါစေတော့၊ အပေါ်ရောက်မှ အိပ်ခန်းထဲက ဖုန်းကို ကောက်ကိုင်လည်း ရတာပဲ။
အပေါ်ထပ်သို့ စိတ်မပါ လက်မပါ တက်လာခဲ့သည်။
သို့သော် တယ်လီဖုန်း ပြန်မမြည်တော့ပါ။
..........................................................
ကျောင်းတုန်းက လင်းအောင်သည် အလွန်အေးဆေးပြီး အလွန်စကားနည်းသည်။
နေစမ်းပါဦး၊ သူ ဆရာဝန်ဖြစ်တော့ လူနာနဲ့ သူနဲ့ကြားမှာ ဘယ်လို စကားတွေဖြင့် ဆေးကုသမှာလဲ။ ထိုပဟေဠိကို ကြိုတင်တွေးရင်း ကျွန်မ ရယ်ချင်နေခဲ့သည်။
ထိုလင်းအောင်သည် လေးခင်ခင်ကို ချစ်ကြိုက်နေသည်ဟု ကျွန်မ သတင်း ပြန် ကြားသည်။
ဘယ်လိုမှ မဖြစ်နိုင်။ မတုန်မလှုပ် ကျောက်ဆစ်ရုပ်လိုလူက ကျွန်မလို ရှပ်ပျာပျာနှင့် စကားလည်း အလွန်များသော မိန်းကလေး တစ်ယောက်ကို ကြိုက်မှာ မဟုတ်။ သူ ကြိုက် ချင်းကြိုက်လျှင် ကျွန်မနှင့် အတွဲများသော နန်းမြအေးကို ကြိုက်မှာ။ ချောလည်း ချော သည်။ စကားလည်း အလွန်နည်းသည်။ အိနြေ္ဒလည်း ရှိသည်။
တတိယနှစ်တုန်းက ရောဂါဗေဒ လက်တွေ့ချိန်မှာ မိုက်ခရိုစကုပ် ချိန်ရင်း ဆလိုက် ပြားမှန်ချပ်လေး ကွဲအက်ကြေမွသွားခဲ့ဖူးသော ကျွန်မလို ပေါ့တီးပေါ့ဆ မိန်းမကို သူ နှစ်သက်နိုင်ပါ့မလား။
“ဟောတော် .... ကွဲသွားပြီ”
လွှတ်ခနဲ ကျွန်မ အော်လိုက်မိတော့ လင်းအောင်က သူ့ မိုက်ခရိုစကုပ်မှ မျက်စိ အကြည့် လွှဲယူကာ ကျွန်မအား ကြည့်သည်။ ထို့နောက် ပခုံးတွန့်ပြလေသည်။
“ဘာလုပ်ရမလဲ ဟင်”
ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကျွန်မ ညည်းညူမိသည်။ လုပ်ထုံးလုပ်နည်း မသိလို့ တော့ ဘယ်ဟုတ်မလဲ။
မိမိကြောင့် ဆလိုက်တစ်ချပ် ကွဲသွားလျှင် ဌာနရုံးခန်းသို့ ဆလိုက်အကွဲ သွားအပ်ရ သည်။ မိမိနာမည်၊ အတန်း၊ ခုံနံပါတ် စာရင်းပေးလျက် လက်မှတ်ထိုးရသည်။ သိတာပေါ့။ သို့သော် ကျွန်မသည် မိမိ ရှပ်ပျာပျာ နိုင်သည်ကို လူသိမှာလည်း ရှက်မိသေးသည်။ သည် ဆလိုက်တစ်ချပ် ရဖို့အတွက် ရောဂါသည်တစ်ယောက်ဆီက တစ်သျှူးအသားစကို ယူထား ရတာ။ ဆလိုက်တစ်ချပ်ချင်းသည် လူတစ်ယောက်ချင်း၏ ဝေဒနာနှင့် ချိန်စက်ထား ရတာ။ ဘယ်လောက် အားနာဖို့ ကောင်းလိုက်ပါသလဲ။ ကျွန်မ မျက်နှာ ပူမိပါသည်။
လင်းအောင်က စကားတစ်ခွန်းမှ မပြောဘဲ နှစ်သိမ့်သလို ပြုံးပြကာ ထိုဆလိုက်ကို လှမ်းယူလိုက်သည်။ ဆလိုက်က မှန်ပြားအတိုင်း မဟုတ်တော့ဘဲ သုံးလေးပိုင်း ကွဲသွားခဲ့ ပြီးပြီ။ သူက စက္ကူတစ်ချပ်ပေါ်မှာ တင်ကာ ဆက်စပ်ကြည့်နေသေး၏။ ထို့နောက် ဘာမှ မပြောဘဲ သူ့မိုက်ခရိုစကုပ်မှာ တင်ထားသော ဆလိုက်ပြားကို ဖြုတ်ယူကာ သည်ဘက် ရောက်လာပြီး ကျွန်မ၏ မိုက်ခရိုစကုပ်မှာ လာတင်လိုက်၏။ သူ လာတော့ ကျွန်မ ထိုင်ရာမှ ထ ပေးလိုက်သည်။ သူက ဆလိုက်ကို အကျအန ချိန်ပေးခဲ့ပြီးနောက် တစ်ချက် ပြုံးလိုက် သည်။ ကြည့်တော့ ဟူသည့် အဓိပ္ပာယ် ဖြစ်သည်။
ထို့နောက် ဆလိုက်အကွဲကို ယူကာ လက်တွေ့ခန်းထဲမှ ထွက်ခွာ သွားခဲ့လေသည်။
ကြာခဲ့ပါပြီ။ ထိုအဖြစ်ကိုတော့ ကျွန်မ ဘယ်တော့မှ မမေ့။
သူ ဒီလောက် စကားနည်းတာ ကျွန်မကို ချစ်စကား ဘယ်လို ပြောပါ့မလဲ။ ထို မေးခွန်းသည် ကျွန်မ ခဏခဏ တွေးနေ မိသော မေးခွန်း ဖြစ်သည်။
အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်မကို လင်းအောင်က ချစ်ခင်သည်ဆိုသည့် အချက် အပေါ်မှာ ကျွန်မ ရင်ခုန်နွေးထွေးမိသည်။ ကျွန်မသည် မန္တလေး ဆေးတက္ကသိုလ်မှာ ဘယ်လိုမှ လူကြိုက်မများနိုင်သည့် မိန်းကလေး ဖြစ်သည်။ ရုပ်ရည်က ရွက်ကြမ်းရေကျို။ တတိယနှစ် ရောက်သည်အထိ ကျွန်မကို စိတ်ဝင်စားသူ တစ်ယောက်မှ မရှိခဲ့။ ထို့ကြောင့် လင်းအောင်က ကျွန်မကို ချစ်သည်ဟု သတင်းကြားသည့်အခါ ကျွန်မ လင်းအောင်ကို တော်တော် ကျေးဇူးတင်မိသည်။ ကျွန်မကို မိန်းမသားအဖြစ် ကျွန်မ၏ အရှိအတိုင်း တန်ဖိုး ထားသူတစ်ယောက် ရှိလေသေးသည်ဟု စိတ်သက်သာရာ ရစေသောကြောင့် ဖြစ်ပါသည်။
စကားနည်းသော လင်းအောင်က ကျွန်မကို ဘယ်လိုများ ပြောမှာလဲ။
ဒါပေမဲ့လေ နေရာတိုင်းမှာ ဖြေရှင်းနည်း တစ်ခုစီတော့ ရှိကြတာချည်းပါပဲ။ သူ တစ်နည်းနည်းနဲ့တော့ ပြောမှာပေါ့။ အရေးကြီး တာက သူ ပြောလာချိန်မှာ ကျွန်မ ဘယ်လို တုန့်ပြန်မလဲ။
မိန်းကလေးဆိုတာ မူရသတဲ့။ ကိုယ်က ချစ်နေသည် ဖြစ်သည့်တိုင် ချက်ချင်း ခေါင်းမညိတ်ရဘူးတဲ့။ စဉ်းစားချင် ဟန် ဆောင်ရဦးမတဲ့။ ကျွန်မကတော့ လင်းအောင်ကို ကျေးဇူးတောင် တင်နေရသည့် အဖြစ်မို့ သိပ်အကြာကြီးတော့ အချိန်မဆွဲ ထားချင်ပေ။ တစ်လလောက်ဆို သိပ်များ များသွားမလား။ နှစ်ပတ်လောက် ထားရလျှင် ကောင်းမလား။
ကျွန်မ သူ့ကို တကယ်ရော ချစ်ရဲ့လား။
အချစ်ဆိုတာ ဘာမှန်းမသိပေမယ့် သူနဲ့တွဲသွား၊ အတူစာကျက်၊ အတူလျှောက် လည်ရလျှင် အဓိပ္ပာယ်တစ်ခုတော့ ရမည်ဟု ထင်သည်။ အဲဒါ အချစ်ပဲ ဖြစ်မှာပါဟု ဇွတ် အတင်း ကောက်ချက်ချပစ်လိုက်မိ၏။
နေဦး၊ လင်းအောင်ကို ကျွန်မ လက်ထပ်ချင်ရဲ့လား။ စဉ်းစားကြည့်မိတော့ နည်းနည်းတော့ လန့်သွားသည်။
ကျွန်မတို့ မန္တလေး ဆေးတက္ကသိုလ်မှာက ထုံးစံတစ်ခု ရှိသည်။ ချစ်သူတွေသည် ဘယ်တော့မှ အပျော်သဘော မတွဲဖြစ်ကြ။ လက်ထပ်ဖို့ စဉ်းစားပြီးမှ တွဲကြသည်။ တွဲပြီ ဆိုတာနှင့် လူတိုင်းက သိသည်။ မှတ်ပုံတင်ပြီးသား အတွဲဖြစ်သွားပြီ ဆိုပါတော့။ လက်မ ထပ်ဖြစ်လျှင်လည်း သည်ကျောင်းမှာတော့ နောက်ထပ်အတွဲ မရနိုင်တော့။ သည်တော့ လင်းအောင်ကို ကျွန်မ လက်ခံလိုက်မည်ဆိုလျှင် သူ့ကို လက်ထပ်နိုင်မှ ဖြစ်မည်။
ကျွန်မ လက်ထပ်ချင်ပါရဲ့လား။
လင်းအောင်၏ ဘဝအမြင်တွေ၊ ခံစားမှုတွေ၊ အကြိုက်တွေက ကျွန်မနှင့် သိပ်ကွာ နေလို့တော့ မဖြစ်။
ထို့ကြောင့် ကျွန်မသည် အဖြေ မပေးခင် လင်းအောင်ကို ကျွန်မ သိသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။
မူလတုန်းက ဘာသိဘာသာ နေခဲ့မိသော လင်းအောင်၏ ရုပ်ရည်နှင့် စရိုက်တို့ကို ကျွန်မ အကဲခတ်စ ပြုလာသည်။
လင်းအောင်သည် အရုပ်မဆိုးလှပါ။ သို့သော် မိန်းကလေးတွေ စိတ်ကူးယဉ်လို့ ကောင်း သည့် ရုပ်မျိုးလည်း မဟုတ်ပါ။ မျက်လုံး မျက်ခုံးက အတော်အသင့် နက်သည်။ အသားညို ညို၊ နဖူးကျယ်ကျယ်၊ ပါးစပ်ကျယ်ကျယ်၊ နှာခေါင်းခပ်ကြီးကြီး၊ မျက်နှာမှာ ဝက်ခြံဖု သေး သေးတွေ ကျိုးတိုးကျဲတဲ ရှိသည်။ အရပ်ကတော့ ကျွန်မထက် အနည်းငယ် ပုမလား မသိ။ ကျွန်မက အရပ်က ငါးပေခြောက်လက်မ ရှိသည်။
ဟုတ်တာပေါ့၊ ကျွန်မကို လူကြိုက်နည်းရသည့် အကြောင်းရင်းများတွင် ကျွန်မ ရုပ်မလှတာထက် ကျွန်မ အရပ်ရှည်တာက ပိုအရေးပါလိမ့်မည်။ ငါးပေ ခြောက်လက်မ အရပ်ရှိသော မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောချင်သည့် ယောက်ျားလေး တစ်ယောက်သည် အနည်းဆုံး အရပ် ငါးပေ ခုနစ်လက်မတော့ ရှိရပေလိမ့်မည်။
လင်းအောင် အရပ်က ငါးပေခြောက်လက်မ ရှိပါ့မလား။ ကျွန်မနှင့် သူ အမြဲတမ်း ခုံ နံပါတ် ကပ်လျက် ဖြစ်သဖြင့် ယှဉ်ကြည့်ဖို့ လွယ်ကူပါ၏။ သို့သော် ဘယ်သူက ကြည့်ပေး မှာလဲ။ တစ်ယောက်ယောက်ကို ငါနဲ့ လင်းအောင်နဲ့ ဘယ်သူက အရပ်ပိုရှည်လဲ၊ ကြည့်ပေး စမ်းပါဟု ပြောမိလျှင် သူတို့အားလုံး ဟားကုန်တော့မှာပေါ့။ သည်လိုဖြင့် မဖြစ်သေးပါဘူး။
နောက်တော့ ဘယ်သူ့ အကူအညီမှ ယူစရာမလိုဘဲ လင်းအောင်၏ အရပ်ကို တိုင်း ရန် စိတ်ကူးပေါ်သွားသည်။ ရောဂါဗေဒ လက်တွေ့ခန်းမှာ ရောဂါဖြစ်သော အင်္ဂါအသီးသီး ကို နမူနာပြ ဖန်သေတ္တာတွေထဲ ထည့်ပြီး စင်တွေပေါ်မှာ အဆင့်ဆင့် တင်ထားသည်။ ထို အဆင့် တစ်ခုခုမှ ဖန်သေတ္တာတစ်ခု၏ အမြင့်နှင့် လင်းအောင် အရပ်ကို စိတ်မှန်းဖြင့် တိုင်း ကြည့်သည့်နည်းကို သုံးလိုက်သည်။
ရောဂါဗေဒ လက်တွေ့ချိန်၊ ရောဂါ နမူနာတွေ ကြည့်ရန် အခန်းထဲသို့ သွားရချိန် တွင် လင်းအောင်၏ နောက်နားမှ ကျွန်မ ခပ်ခွာခွာ လိုက်ရသည်။ သူ့ဦးခေါင်းသည် ဘယ် ဖန်သေတ္တာနှင့်များ အမြင့် တူမှာပါလိမ့်။
တိုက်ဖွိုက်ရောဂါ အနာတွေ ပါသော အူအပြတ် ထည့်ထားသည့် ဖန်သေတ္တာသည် အပေါ်ဆုံးအဆင့်မှာ ရှိသည်။ ထိုသေတ္တာ၏ အပေါ်အနားသတ်သည် လင်းအောင်၏ အရပ် နှင့် အတူတူပဲ။ ဟုတ်ပြီ၊ ထိုအနားသတ်ကို ကျွန်မ စိတ်ဖြင့် မှတ်ထားကာ အဲသည် ဖန် သေတ္တာဆီသို့ ကျွန်မ သွားလိုက်သည်။ ကျွန်မ ထင်သည့် အတိုင်းပါပဲ။ လင်းအောင်၏ အရပ်သည် ကျွန်မထက် လက်မဝက်လောက်တော့ ပိုနိမ့်သည်။
ကျွန်မ စိတ်ဓာတ် တော်တော် ကျသွားသည်။
သူ့ကို လက်ထပ်ဖို့ နှောင့်နှေးသည့် အကြောင်းများတွင် အရပ်အမြင့် ပထမ အချက်။ ဒုတိယအချက်က လင်းအောင်က ဂျင်ထိုးသည်။ ဂျင်ထိုးတာက ဆေးကျောင်း သား တော်တော်များများ၏ ကျောင်းသားဘဝ တေပေမှု ဖြစ်သော်လည်း လင်းအောင် ကတော့ သူများထက် လွန်သည်။ လင်းအောင်က ရှိသမျှ၊ ပိုင်သမျှ အရာတွေကို အပေါင် ထားလျက် ဂျင်ထိုးသည်ဟု သတင်းကြားရသည်။ နာရီ၊ လက်စွပ်၊ ပြဋ္ဌာန်းစာအုပ်၊ နားကြပ်၊ မီးပူ၊ နောက်ဆုံး ဘာမှ ပေါင်စရာမကျန်လျှင် သာမန်အချိန်မှာ သူ အလွန်သဝန်တိုသော ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်က ဆရာမ သူ့အဒေါ်ကိုပင် မင်းတို့ ရရင်ယူဟု အပေါင်ထား ဖူးသတဲ့။
ဘုရားရေ၊ သည်လိုဖြင့် မဖြစ်ပါဘူး။ မတော်တဆ သူ ဂျင်ရှုံးသည့် အချိန်မှာ ရှုံးမဲ မဲလျက် ကျွန်မကို အပေါင်ထားပြီး ဂျင်ထိုးလျှင် မခက်ပါလား။ အဒေါ်ဆိုသည်က သူ တကယ်ပိုင်ဆိုင်သော အရာမဟုတ်ဟု အများက လက်ခံပြီးသား။ ဇနီးဆိုသည်က ခင်ပွန်း ၏ ပိုင်ဆိုင်မှု ပစ္စည်းတစ်ခုလို မြင်နေကြတာ မဟုတ်လား။ အဲသည်လို အပေါင်ထားခဲ့လျှင် ကြွေးဖြင့်သိမ်းဖို့ တရားဝင်တာတွေ၊ မဝင်တာတွေ နောက်ထား။ ကျွန်မနှင့် လင်းအောင်က အလျင် ကွာရှင်းပြတ်စဲရမှာ။
အဲဒါက ဒုတိယအချက်။
တတိယအချက်က လင်းအောင်သည် စကားအလွန်နည်းသည်။ မပြောသလောက် ပင် ဖြစ်သည်ဟု ဆိုကြပါစို့။ ကျွန်မကချည်း စကားတွေ ပြောနေရလိမ့်မည်။ အလွန် ပျင်း စရာ ကောင်းလိမ့်မည်။
ထိုစကားနည်းသူ လင်းအောင်သည် ကျွန်မကို ချစ်သည့်အကြောင်းကို စကားဖြင့် ပြောလာမှာတော့ မဟုတ်။ စာဖြင့် ရေးလာမှာပဲဟု ကျွန်မ တွေးမိသည်။ ထိုစာကိုလည်း သူကိုယ်တိုင် တိုက်ရိုက်ပေးလိမ့်မည် မဟုတ်။
နောက်ဆုံးမှာ သူ စာဖြင့် ဖွင့်ပြောသည်။ သို့သော် ကျွန်မ မျှော်လင့်ထားသလိုတော့ မဟုတ်။
နောက်ဆုံးနှစ် အပိုင်း(က) ရောက်သည့်အခါ နံနက်ခင်းတစ်ခုတွင် ဇီဇဝါဆောင်၏ ဧည့်ခန်းထဲတွင် ကြော်ငြာဘုတ်ပြားပေါ် မှာ အောက်ပါအတိုင်း စာတစ်ရွက် ကပ်ထား သည်ကို တွေ့ရသည်။
သာ့အမ်ဘီတုန်းက ပက်သိုလိုဂျီ ဆလိုက်တစ်ချပ် ခွဲချေလိုက်တဲ့
လေးခင်ခင်အတွက် အောင်ဆန်းဆောင်မှ ကျွန်တော် မောင်လင်းအောင်က
အသည်းနှလုံး ပေးအပ်ဖို့ အဆင်သင့်ပါပဲ။ ခွဲလိုခွဲ၊ ချေလို ချေ၊ လွှင့်ပစ်လို ပစ်။
ပုံ လင်းအောင်
နောက်ဆုံးနှစ် အပိုင်း(က)
(ဘာဘီကျူးလုပ်ပြီး ကင်စားချင် စား)
ပုံ သိန်းလှိုင်
ဘုရားရေ၊ ထိုစာကို ဖတ်လိုက်ရသည့်အခါ ကျွန်မ၏ အမြင်တွေ ပြာဝေသွား သည်အထိ ဒေါသတကြီး ရှက်မိသွားသည်။
ရှေ့စာပိုဒ်တစ်ခုလုံးသည် တကယ်ပင် လင်းအောင်၏ လက်ရေးဖြစ်မှန်း ခုံနံပါတ် ချင်း ကပ်နေသော ကျွန်မ သိတာပေါ့။ နောက်ဆုံးက ကွင်းစ ကွင်းပိတ်ထဲမှာတော့ သိန်း လှိုင်၏ လက်ရေး။
ကျွန်မသည် ထိုစာရွက်ကို လျင်မြန်စွာ ဆွဲဆုပ် ခြေမွှပစ်လိုက် ရလေသည်။
အခန်းသို့ ပြန်လာသောအခါ ကျွန်မခြေလှမ်းတွေ မြေနှင့် မထိသလို လွတ်ဟာနေ ခဲ့သည်။ ဘယ်လိုလုပ်ပြီး အခန်းထဲ ပြန်ရောက်လာမှန်း မသိတော့ပေ။
ထိုနေ့နံနက်က အဆောင်မှာ မနက်စာ သွားစားတော့ အတန်းဖော် အားလုံးက ဘယ်တုန်းကမှ မကြည့်ဖူးသည့် အကြည့်ဖြင့် ကြည့်လာသည်။ အံ့သြ ရယ်မောကြည့်လား၊ ကြည်နူး မျှဝေကြည့်လား ကျွန်မ မသိ။ သို့သော် တဖြည်းဖြည်းနှင့် နေရထိုင်ရတာ ပို ကောင်းလာသည်။ ခါတိုင်း စားနေကျ နံနက်စာ ထမင်းကြော်သည် ခါတိုင်းထက် ပို၍ အရသာ ရှိနေသလိုပဲ။
ထိုနေ့က သူနှင့် ဘယ်လို မျက်နှာချင်းဆိုင်ရမှန်း မသိသဖြင့် ကျွန်မ ကျောင်း မတက်ခဲ့ပေ။ ညနေ ရောက်မှ သိရသည်မှာ လင်းအောင်လည်း ကျောင်းမတက်ခဲ့။
တကယ်တော့ ထိုစာကို အဆောင်သင်ပုန်းပေါ်မှာ လာကပ်တာက အတန်းထဲတွင် အစအနောက် အသန်ဆုံး သက်နိုင်။ ထိုစာကို လင်းအောင် ရေးဖြစ်အောင် အရက်တွေ အမူးတိုက်ပြီး ညာခိုင်းခဲ့သည်က သိန်းလှိုင်။
ထိုစာကို အဆောင်မှာ ကပ်ခဲ့သည့်အတွက် သက်နိုင် ရလိုက်သည့် ဆုလာဘ်က လင်းအောင်၏ လက်သီးဖြစ်သည်။ ရှက်လွန်းလို့ တစ်ပတ်တိတိ ကျောင်းမတက်ရဲသော လင်းအောင်ကို ကျွန်မ စာနာပါသည်။ ချစ်သည်ဟု အဖြေပေးဖို့ စဉ်းစားပါသေးသည်။
သို့သော် အဆောင်နို့တစ်စ်ဘုတ်မှာ လာကပ်သောစာကို ကျွန်မက တရားဝင် ရ ထားတာမှ မဟုတ်ဘဲ။ ကျွန်မ လက်ထဲ ရောက်လာတာ မဟုတ်သည့် ဖွင့်ဟ ကြေညာ စာတမ်းကို ကျွန်မက တုံ့ပြန်စရာ မလိုဟုပင် အဖြေရသည်။
သူ ကျောင်းပြန်တက်လို့ ကျွန်မတို့ တွေ့ကြသည့်အခါ သူက မျက်နှာ နီရဲနေလျက် ဘာစကားမှ မပြောခဲ့ပေ။ ကျွန်မကိုလည်း တည့်တည့် မကြည့်ဘဲ မျက်နှာ ခပ်လွှဲလွှဲထား သည်။
သက်နိုင်နှင့် သိန်းလှိုင်က ကျွန်မကို လာတောင်းပန်သည်။
“နင်တို့ ငါ့ကို တောင်းပန်စရာ မလိုဘူး။ လင်းအောင်ကိုပဲ တောင်းပန်ပါ”
လင်းအောင်ကို သူတို့ တောင်းပန်သလား ကျွန်မ မသိ။ လင်းအောင်နှင့် ကျွန်မ ကတော့ ထိုအချိန်ကစပြီး အနီးဆုံးမှာ ရှိနေလျက် စကားဟဟ မပြောဝံ့အောင် တစ် ယောက်ကို တစ်ယောက် ရှိန်းသွားခဲ့ကြတော့သည်။
........................................
ကြာလှပြီပေါ့။
ကျွန်မတို့ အတန်းသားတွေ အသီးသီး အိမ်ထောင်ကျကုန်ခဲ့ကြကာ သားတွေ၊ သမီးတွေပင် ဆေးတက္ကသိုလ်သို့ တက်ကုန်ကြ သူတွေ ရှိသည်။
တချို့ အတန်းဖော် ယောက်ျားလေးတွေက အိမ်ထောင်နှစ်ဆက် ကျသွားပြီ။ တချို့ ကတော့ ဇနီးနှစ်ယောက် တစ်ပြိုင်တည်းပင် ရခဲ့ဖူးသည်ဟု ပြောသံကြားသည်။
လင်းအောင် ဘယ်ရောက်နေခဲ့သလဲ။
အမှန်အတိုင်း ပြောရလျှင် ဟိုမြို့ သည်မြို့သို့ အထွေထွေရောဂါကု သမားတော် အဖြစ် ပြောင်းရွှေ့နေရစဉ်မှာ လင်းအောင်ကို ကျွန်မ မေ့နေခဲ့ပါသည်။
ကျွန်မတို့ အတန်းသားတွေထဲမှ တချို့နှင့်တော့ မန္တလေး ရောက်လျှင် ခဏခဏ ဆုံဖြစ်သည်။ လင်းအောင်တစ်ယောက် အိမ်ထောင်မကျသေးဘူးဟု ကြားရသည်။ ခွဲစိတ် အထူးကု ဆရာဝန် ဖြစ်နေသည် တဲ့။
“နင့်ကို စောင့်နေတာ ဖြစ်မှာပေါ့”
သူငယ်ချင်း တစ်ယောက်က နောက်သည်။ ထိုစကားသည် မိန်းမတစ်ယောက် အတွက် ဂုဏ်ယူစရာလား၊ မသေချာ။ သို့သော် ထိုစကားကြောင့် ကျွန်မ အနည်းငယ် သွေး ကြွသွားတာတော့ အမှန်ပဲ။ စဉ်းစားကြည့်လေ၊ ယောက်ျားတစ်ယောက်က ကိုယ့်ကို မရလို့ အိမ်ထောင်မပြုဘဲ သေတပန် သက်တဆုံး တစ်ကိုယ်တည်း နေသွားလေသတဲ့ ဆိုသော အဖြစ်။ ဘယ်လောက်တောင် ကျေနပ် စရာ ကောင်းလိုက်လေသလဲ။ သို့သော် အဖြစ်မှန်က သည်လို မဟုတ်နိုင်။ လင်းအောင် အိမ်ထောင် မကျသေးတာက ကျွန်မနှင့် လုံးဝ မသက် ဆိုင်သော အခြား အကြောင်းတွေကြောင့် ဖြစ်မည်။ မိန်းမတွေကို မကြိုက်ဘဲ ယောက်ျား တွေကိုပဲ ကြိုက်သည့် လူစားမျိုး ဆိုလျှင်လည်း အိမ်ထောင်ပြုမှာ မဟုတ်ဘူးလေ။ သို့သော် ထိုဖြစ်နိုင်ချေကို ကျွန်မ မပြောဘဲ သူတို့ စနောက်သည့် အချိန်တွင် အသာ ငြိမ်သက် နေခဲ့လိုက်သည်။
လွန်ခဲ့သည့် နှစ်နှစ်တုန်းက အတန်းသားတွေ၏ ကျောင်းစတက်သည့် နှစ်မှ ရေ တွက်သော် နှစ်ဆယ့်ငါးနှစ် ဖြစ်သဖြင့် ငွေရတုနှစ် အထိမ်းအမှတ် အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ ကျင်းပဖြစ်သည်။ ထိုအခမ်းအနားတွင် လင်းအောင်ကို ပထမဆုံး အကြိမ် ပြန် တွေ့ရသည်။ လင်းအောင်သည် အလျင်ကလို ပိန်ပိန်ညှောင်ညှောင် ညိုမည်းမည်းလေး မဟုတ်တော့ဘဲ ဝဖြိုးလာပြီ။
နေစမ်းပါဦး၊ လင်းအောင်ကိုရော သူ့ကောင်တွေက မနောက်ဘူးတဲ့လား။ ကျွန်မတို့ နှစ်ယောက်ကို ကြည့်သော သူတို့မျက်နှာတွေက စပ်ဖြဲဖြဲပါ။
“လေးခင်ခင်လည်း အခုထိ အပျိုကြီးကွ။ ဟေ့ကောင် .... မင်းကို စောင့်နေတာ ပါကွာ၊ သေချာပါတယ်”
လင်းအောင် မျက်နှာ ရှက်သွားသလား၊ သို့မဟုတ် ပြုံးဖြဲဖြဲကြီးနှင့် ဟုတ်သလိုလို ငြိမ်ခံနေမလား။ ဟင် ခွေးကောင်၊ ကျေနပ်နေ မှာပေါ့။ မဖြစ်ဘူး၊ ကျွန်မ အိမ်ထောင်မပြုဘဲ အပျိုကြီးအဖြစ် နေနေတာ သူ့ကို စောင့်တာ မဟုတ်ပါဘူးဆိုတာ သူ သိမှ ဖြစ်မည်။ အဲ .... သူ သိရုံမျှမက သူ့ကောင်တွေပါ သိမှ ဖြစ်မည်။
ဘယ်လို လုပ်ရပါ့။
ထိုမိတ်ဆုံစားပွဲညက ကျွန်မတို့ အပျိုကြီး၊ လူပျိုကြီးများအတွက် သူငယ်ချင်းတွေ က အားအားလျားလျား အထူးအစီအစဉ်တစ်ခု ထည့်ပေးသည်။ အတန်းထဲက အိမ်ထောင် မကျသေးသူများ စင်ပေါ်တက်ပြီး ကာရာအိုကေ သီချင်းနှင့် က ကြရန် တဲ့။
အတန်းထဲမှာ အိမ်ထောင်မကျသေးသူ ဟူ၍ ကျွန်မနှင့်လင်းအောင် အပါအဝင် မိန်းကလေး လေးယောက်၊ ယောက်ျားလေး သုံးယောက်သာ ရှိလေသည်။ မြနန္ဒာ သင်္ကြန်သီချင်းလား မသိ၊ ဖွင့်ပေးထားသည်။ ကျွန်မတို့ကို ဇွတ်အတင်း စင်ပေါ်တက်ဖို့ ခေါ်သည်။
အို .... မတက်နိုင်ပါဘူး၊ ကြံကြံဖန်ဖန်။ ဘာတွေလဲ။
ကျွန်မ စိတ်တိုကာ အတင်း ငြင်းမိသည်။
ကျွန်မတို့ နှစ်ယောက်လို လူသိရှင်ကြားဇာတ်လမ်း ရှိမထားသော အခြား ယောက်ျားလေး၊ မိန်းကလေးတွေအားလုံး စင်ပေါ် ရောက်သွားပြီးနောက် လင်းအောင် လည်း ဘီယာမူးမူးနှင့် စင်ပေါ်သို့ တက်သွားသည်။
အလို၊ အရှက်မရှိ။ သူကလည်း က ဦးမယ်ပေါ့။
သိန်းလှိုင်က ကျွန်မဆီ ရောက်လာပြီး ခေါ်၏။
“လေးခင်ခင် .... လာလေဟာ၊ ပျော်ပျော်ပါးပါးပေါ့”
“ဘာ ပျော်ပျော်ပါးပါးလဲ၊ နင်တို့ပျော်ဖို့ ငါတို့က မျောက်ပွဲလို က ပြရမှာလား။ မသွား ဘူး၊ က လည်း မက တတ်ဘူး”
သိန်းလှိုင်၏ မျက်နှာက ချော့မော့သည့်ဟန် ဖြစ်လာသည်။
“လေးခင်ခင် ... လာပါဟာ၊ မက တတ်လည်း ဆိုရုံပဲ ဆိုပေါ့”
“ဆိုလည်း မဆိုတတ်ဘူး”
ကျွန်မ မျက်နှာထိ မျက်နှာထားနှင့် ငြင်းသည်။ သိန်းလှိုင်က ဇွဲမလျှော့။
“မဆိုတတ်ရင်လည်း လက်ခုပ်ပဲ တီးဟာ၊ ဟိုမှာ အားလုံး ရောက်နေပြီ။ နင်တစ်ယောက်တည်း ကျန်မနေနဲ့”
ထိုအချိန်မှာ စင်ပေါ်မှာ ရောက်ပြီးသား မိန်းကလေး သူငယ်ချင်း အပျိုကြီး တစ် ယောက်က စင်အောက်သို့ ပြန်ဆင်းလာကာ ကျွန်မကို ဇွတ်လာခေါ်သည်။
“ဟဲ့ မိလေး၊ လာလေဟယ်။ နင်ကလည်း အဲလိုကြီး လုပ်မနေနဲ့။ ဘာဖြစ်လဲ၊ မက တတ်ရင် လက်ခုပ်တီးမယ်။ ငါလည်း မက တတ်ဘူး”
“ဟင့်အင်း .... မသွားဘူး”
မျက်စိနောက်လောက်အောင်ပင် လင်းအောင်က တခြားသူတွေနှင့် အတူ က နေပြီ ကို မြင်ရသည်။
ဘုရား ဘုရား၊ အလျင်တုန်းက လင်းအောင်က ရှက်တတ်သည်။ အခု လင်းအောင် က မရှက်တတ်တော့ပါလား။ လူတွေဟာ အသက်ကြီးလာလျှင် အရှက် နည်းလာတတ် လေသလား။
ကျွန်မကို ဘယ်လိုမှ စည်းရုံးဆွဲဆောင်လို့ မရမှန်း သိသွားသော သူငယ်ချင်း တွေက လက်လျှော့ကာ စင်ပေါ် ပြန်တက်သွားခဲ့လေ သည်။ သီဆို က ခုန်နေသူတို့ကို မျက်နှာလွှဲထားလျက် ခပ်တည်တည် ထိုင်နေရာမှ သီချင်းသံ မြူးကြွလွန်းသဖြင့် တစ်ချက် တော့ လှမ်းကြည့်မိသည်။
သြော် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာလင်းအောင်တို့ က နေလိုက်တာ။ သူ အခုလို စင်ပေါ်မှာ တက်က နေလိုက်တာ သူ့ လူနာတွေ၊ သူ စာသင်ပေးတဲ့ တပည့် ဆေးကျောင်းသားတွေ မြင်လျှင် ဘယ်လိုများ မှတ်ချက်ချမလဲ။ သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီး ဒေါက်တာ မေမြတ်သူကိုရော၊ မျက်စိအထူးကု ဆရာဝန်မကြီး ဒေါက်တာ နှင်းဦးဝေ၊ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာ မိုးကျော်။ အားလုံးမှာ အထူးကုဆရာဝန်တွေ ဖြစ်နေကြပြီ။ အသက်တွေမှ မငယ်ကြတော့ဘဲ။ ဆေးရုံအုပ် ဖြစ်နေသူ တစ်ယောက်လည်း ပါသည်။
ကျွန်မ ကြည့်နေရင်းက သက်ပြင်းတစ်ချက် ရှိုက်မိသည်။ တစ်နှစ်မှ တစ်ခါ ဆို သလို သူငယ်ချင်းတွေ ဆုံကြတာ။ သူငယ်ချင်းတွေနှင့် တွေ့ရသည့်အခါ ဘဝက ပြန်လည် နုပျိုလာတာ။ သောကတွေကို မေ့၊ တာဝန်ဖိစီးမှုတွေကို မေ့။ နောက်ပြီး ဇရာကို မေ့တာ။ အင်း သိပ်တော့ မဆိုးလှပါဘူးလေ။
..........................................................
အိပ်ခန်းထဲသို့ ရောက်သည့်အခါ ကျွန်မ ခုတင်ပေါ် ပစ်လှဲလိုက်မိသည်။
တယ်လီဖုန်း မလာတော့ပါ။
သူတို့ စားသောက်ဆိုင်ကနေ လူစု ခွဲလိုက်ကြပြီ ဖြစ်မည်။
လင်းအောင်ကို မျက်စိထဲ ပြန်မြင်ယောင်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ လင်းအောင် ကျွန်မဆီသို့ ဘာအတွက်နှင့် လာမှာလဲ။ ကျွန်မ၏ ကျန်ရှိနေသည့် ဘဝ ခရီးတွင် ခင်ပွန်းမလိုဘူးဟု ကျွန်မ သေချာသလား။
လွန်ခဲ့သည့် ခြောက်လအထိတော့ ကျွန်မသည် တစ်ကိုယ်တည်း နေသွားဖို့ ကိုယ်တိုင် ရွေးချယ်ခဲ့သည့် ဘဝအပေါ် တွင် ကျေနပ်ခဲ့သည်။ လွန်ခဲ့သည့် ခြောက်လ ကတော့ ကျွန်မ၏ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ရတော့မလားဟု တွေဝေရတော့ မလိုလို။
အဖြစ်အပျက် တစ်ခုကြောင့်ပါ။
အိမ်ထောင်မရှိတော့သည့် တစ်ခုလပ် အမျိုးသမီးတစ်ယောက် သေဆုံးခါနီး မြော နေချိန်တွင် အသက်တောင် ကုန်၊ မကုန် မသိသေးမီ ညီမလုပ်သူက နားက ပုလဲနားကပ် ကို ဖြုတ်ယူလိုက်သည်ဟူသော သတင်းစကား ဖြစ်သည်။ အဲသည်သတင်း မှန် မမှန် ကျွန်မ မသိ။ သို့သော် ထိုသတင်းကြောင့် ကျွန်မ လန့်ဖျပ်သွားတာတော့ အမှန်ပဲ။ ညီမ ဆိုသူတွေ၊ မောင် ဆိုသူတွေ၊ တူမ ဆိုသူတွေဟာ ကိုယ် အသက်မထွက်မီ လောဘကို ထိန်းချုပ်ထားနိုင်ဖို့ အထိမှ ချစ်နိုင်ပါ့မလား။ သံသယ ဖြစ်သွားမိသည်။
ကျွန်မ၏ စည်းစိမ်ထက် ပိုပြီး ကျွန်မအပေါ် ဖြူဖြူစင်စင် ချစ်နိုင်မှာက အိမ်ထောင် ကွဲသွားပြီးသော မောင်နှမလား၊ ခင်ပွန်းလား။ ကျွန်မ မသေမီ နားကပ်ကို ချွတ်ယူမည့်သူ သည် တူ၊ တူမနှင့် သားသမီး၊ ဘယ် အမျိုးအစားက ဖြစ်နိုင်ချေ ပိုများမလဲ။
ပြီးခဲ့သည့် ခြောက်လလုံးလုံး ကျွန်မစိတ်ကို လွှမ်းမိုးနေသည့် အကြောင်းအရာမှာ ပုလဲနားကပ်ကိစ္စ ဖြစ်သည်။
ကျွန်မနှင့် အရင်းနှီးဆုံး သူငယ်ချင်း ဆရာဝန်မတစ်ယောက်ကို အရိပ်အမြွက် ပြော ကြည့်တော့ သူက အားပေးသည်။
“လင်းအောင်ကတော့ နင်သေခါနီး နင့်နားကပ်ကို ချွတ်ယူမှာ မဟုတ်ပါဘူးဟယ်။ အလွန်ဆုံး ရှိလှ နင့်ကို ဖဲပေါင်ရိုက်ရုံပေါ့”
“ခွေးမ”
ကျွန်မ မျက်စောင်းထိုးလျက် ရယ်လိုက်ရသော်လည်း ထိတ်ခနဲ လန့်သွားတာတော့ အမှန်ပဲ။
“စ တာနော် မိလေး၊ အခု လင်းအောင်က ဂျီပီ အရမ်း အောင်မြင်နေတာ။ ဖဲရိုက်ဖို့ အချိန်တောင် မရှိဘူး”
ကျွန်မ အစ်ကိုလို ခင်ရသော ရှေ့နေတစ်ယောက်ကို စကားစပ်ပြီး ဟာသအဖြစ် ပြောတော့ ထိုအစ်ကိုက ရယ်လေသည်။
“အဲဒီစိုးရိမ်မှုကြောင့်တော့ အိမ်ထောင်ပြုဖို့ မလိုပါဘူး လေးခင်ခင်ရယ်”ဟု နှစ်သိမ့် သည်။
“ဘာကြောင့်လဲဆိုတော့ လောကမှာ ဘယ်သူ့ကိုမှ အဆုံးစွန် ယုံကြည်စိတ်ချဖို့ မဖြစ်နိုင်လို့”တဲ့။
တစ်ယောက်ယောက်ကို မှီခိုအားကိုးဖို့၊ ယုံကြည်ဖို့တော့ အိမ်ထောင်မပြုလေနှင့်။ အချစ်ကြောင့် ဆိုလျှင်တော့ ပြုပေါ့။ သည်အသက် သည်အရွယ်အထိ နေလာခဲ့ပြီးမှ မသေချာ မရေရာသော နားကပ်ချွတ်ယူမှု တစ်ခုအတွက်တော့ အိမ်ထောင်မပြုပါလေနှင့်။ လွတ်လပ်စွာနေပါ။ လွတ်လပ်စွာ အသက်ရှင်ပါ။ လွတ်လပ်စွာ သေဆုံးဖို့ ကြိုးစားပါ။ ဘာကိုမှလည်း နောက်ဆံတင်း မနေနှင့်။ ဘာကိုမှလည်း မျှော်လင့် မနေနှင့်တဲ့။
ဟုတ်ပါသည်။
ကျွန်မသည် ဆရာဝန် ဖြစ်ပြီးနောက် အနှစ် နှစ်ဆယ်လုံးလုံး ဘဝအဖော်ဆိုတာ မရှိဘဲနှင့် ဘဝမှာ နေသားကျခဲ့သည်။
ကြည့်ပါဦး၊ ကျွန်မအခန်းဟာ ကျွန်မနှင့် ဘယ်လောက်လိုက်ဖက် နေခဲ့ပြီးပြီလဲ။ ဖုန် ဟူ၍ မြူမှုန်လေးမျှပင် မရှိ။ မှန်တင်ခုံမှာ ပန်းစိုက်အိုးလေးနှင့်။
ကျွန်မအိပ်ခန်းသည် စိတ်ကူးယဉ်တတ်သည့် အပျိုကြီးတစ်ယောက်၏ အိပ်ခန်း ပီသသည်။ ခရမ်းနုရောင်ဖျော့ဖျော့ ဆေးသုတ် ထားသည်။ ခန်းဆီးက ခရမ်းရင့်ရောင် ပန်းပွင့်တွေ ဒီဇိုင်း။ အခန်းထောင့်မှာ စာအုပ်စင်လေးတွေ ရှိသည်။ ရေချိုးခန်းမှာ ရေချိုး ကြွေ ကန်ရှိသည်။ နံရံပေါ်မှာ မီးတိုင် ပြာလဲ့လဲ့လေး ရှိသည်။ အားလပ်သည့် အခါများတွင် ရေချိုးကြွေကန်ထဲ ရေအပြည့်ဖြည့်။ Bath Gel နှင့် ဆပ်ပြာမြှုပ် မွှေးမွှေးလေးတွေကို ရေထဲ ထည့်။ ပြီးတော့ ကက်ဆက်ကို တိုးတိုးလေး ဖွင့်ထား။ သီချင်းလေး နားထောင်။ ဆပ်ပြာ မြှုပ် မွှေးမွှေးလေးတွေနှင့် ရေပူပူနွေးနွေးကို တစ်ကိုယ်လုံး စိမ်။ အိုး .... ဘဝမှာ ဘာများ ထပ်လိုဦးမှာလဲကွယ်။
တကယ်လို့များ မနက်ဖြန် သို့မဟုတ် နောက်တစ်ရက်ရက်မှာ လင်းအောင် လာခဲ့လျှင်၊ ဒါမှမဟုတ် ရွှေရတုသဘင်ပွဲတော်မှာ သူနှင့် ဆုံတွေ့ခဲ့လျှင် ....
လွန်ခဲ့သည့် နှစ်နှစ်ဆယ်က ကိစ္စကို ပြန်အစဖော်ခဲ့လျှင် (ဖော်ချင်မှလည်း ဖော်မှာပေါ့။ ကျွန်မဘက်က သိပ်ထင်နေတာ လည်း ဖြစ်နိုင်တာပဲ) “မိန်းမ ယူတယ်ဆိုတာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်အတွက် မျိုးဆက်တွေ ချန်ထားပေးနိုင်မယ့် မိန်းမကို ယူရတယ် လင်းအောင်ရဲ့”ဟု ပြောလိုက်တော့မည်။
ထိုအတွေးဖြင့် ကျွန်မ စိတ်လွတ်လပ် ပေါ့ပါးသွားသည်။ အခန်းထဲတွင် သင်းပျံ့ နေသော နှင်းဆီပန်းရနံ့ကို အားရပါးရ ရှိုက်မွှေး လိုက်ပါသည်။
အဲ .... မီးဖိုပြတင်းမှန်ကွဲကို အသစ်လဲတပ်ဖို့ ရှိသေးသည်။ အင်းလေ၊ ခါတိုင်းလိုပဲ စိတ်ချရတဲ့ ဆေးရုံအလုပ်သမား လွှတ်ပေးဖို့ စစ္စတာကြီးကို အကူအညီ တောင်းရမှာပေါ့ လေ။
ဂျူး
(ဆေးတက္ကသိုလ် မန္တလေး နှစ် ၅၀ ရွှေရတုမဂ္ဂဇင်း၊ နိုဝင်ဘာ)
No comments:
Post a Comment