Tuesday, December 11, 2012

မန္တလေး အလွမ်းပြေ



သိပ္ပံလမ်းမကြီးပေါ်က နံနက်ခင်း
မနက်တိုင်း ထုံးစံလိုလို စက်ဘီး၊ဆိုင်ကယ်တွေတစ်အုပ်တစ်မကြီး ပျံဝဲလာတတ်သည်၊ သူတို့ကားအခြားမဟုတ်၊ မြို့တွင်းသို့ အလုပ်ဝင်ရန်သွားသော ပန်ရံသမား၊ ဈေးချိုသူ ဈေးချိုသား၊ အထွေထွေလုပ်သားများပင်၊ ဒီရှုခင်းကိုမြင်ရခြင်းသည်တစ်နေ့မဟုတ် နေ့စဉ်ရက်ဆက်ပင်၊ ထိုသို့ သွားလာနေချိန်တွင် ဘတ်စကားများ၊ ကိုယ်ပိုင်ကားများ ငုတ်တုတ်တုတ် မလှုပ်သာပဲရှိနေ တတ်သည်၊ ညပိုင်းက ဘီယာရနံ့တွေ ဆာတေးကင်ရနံတွေနဲ့ နံဆော်နေသော သိပ္ပံလမ်းမကြီးသည် ခုတော့ သနပ်ခါးရနံ့သင်းနေပြန်သည်၊

ဆင်ဖြူကန်ကွင်းဘက်က တိုက်ခတ်လာသောလေညှင်းသည် လတ်ဆတ်ပြီး စပါးရနံ့ လေးမွှေးနေတတ်သည်၊ ခါတော်မှီပျိုးဦးယာဉ်ရှေ့ရောက်တာ့ ပန်းပေါင်းစုံတို့ရနံ့က ပျံ့နဲ့ နှာခေါင်းဝကိုလာထိသည်၊ သိလိုက်သည် နွေနက်ခင်းမို့ထင်၏ စပါယ်ရနံ့ကပိုပြီး သင်း နေသည်၊ တစ်ချက်တစ်ချက် ပြင်ဦးလွင်ဘက်ကဆင်းလာသောကားတွေပေါ်မှ မေမြို့ ပန်းနဲ့သစ္စာပန်းရဲ့ရနံ့ကို တိတ်တခိုးရနေပြန်သည်၊မန္တလေးမိန်းတက္ကသိုလ်နားအရောက် ရေနီမြောင်းတံတားအကူးတွင် နည်းနည်းအရှိန်သတ်သွားသော ဈေးချိုသူလေးတွေကို ငေးကြည့်ဖြစ်နေသည်၊ မိန်းဘက်ကို မျက်စောင်းထိုးကြည့်တော့ တိတ်ဆိတ်နေသည်၊ ကျောင်းပိတ်ထားလို့ထင်သည်၊ မဟာတန်းတွေ လည်းဒီအချိန်မရှိသေး၊ကျောင်းတော် ကြိးသည် အထီးကျန်နေသယောင်ဟန်ဆောင်နေသည်။



ဝန်ထမ်းတန်းလျားဘက်လှမ်းငေးတော့ အိမ်မောကျနေတာသိရသည်၊ ညပိုင်းက ကိုရီယားသွား၊ တရုပ်သွားနဲ့ အလုပ်များကြခြင်းကြောင့်ဖြစ်ဟန်တူသည်၊ ၀န်ထမ်းတန်းလျားတွင်နေသော သူငယ်ချင်း မသီတာက ကိုရီယားကိုအသေအလဲကြိုက်သည်၊ သူမမောင်လေးက ကျန်ကျောင်းကားကို အသည်းစွဲသည်၊ ဒါကြောင့်ညစဉ်ညတိုင်း ကိုရီးယားနဲ့တရုပ်ကို TV ထဲမှ သွားကြခြင်းဖြစ်သည်၊ လမ်း(၈၀)နဲ့ သိပ္ပံလမ်းမကြီးနဲ့လမ်းဆုံရောက်တော့ တစ်ချို့က၀ဲဘက်ဈေးချိုနဲ့ မြို့ထဲဆီကို ချီတက်ကြ သည်၊တစ်ချို့ကယာဘက်ကွေ့ ကျွဲဆယ်ကန်ဘက်နဲ့ဘုရားကြီးဆီကို  ဘုရားကြီးဘက်လှမ်းဖူးမျှော် တော့ နီယွန်မီးတွေလင်းထိန်နေတာတွေ့ရသည်။



နံနက်ခင်းဗုံတောင်ခေါက်သံက ခါတိုင်းလိုပင် သာယာဝေလွင်သည်၊ လေပြေအတိုက်တွင် ဆည်းလဲသံခေါင်းလောင်းသံတွေဝေနေသည်၊ ဝေးဝေး တွင် ဆွမ်ခံကြွလာသောသံဃာတန်းကြီးကို ကြည်ညိုဖွယ်ရာဖူးမျှော်ရသည်၊ ကိုရင်လေးတစ်ပါး သပိတ် မနိုင်သင်္ကန်းမနိုင်နှင့် ဆွမ်းခံကြွလာတာ ထပ်ဖူးရပြန်သည်၊ “အော် ကိုရင်လေးပေမယ့် အထင်းသေးလို့မရ နောင်တစ်ချိန်တွင် သာသနာ့အကျော်အမော်ကြီးဖြစ်လာနိုင်သည်”၊ မောရသုတ္တန် ကို ပြေးသတိရမိနေသေးသည်၊ ဥဒေါင်းငှက်မင်းကြီးဘယ်လောက်လှလှ၊ ဟင်္သာမင်းနဲ့ယှဉ်ပြိုင်ပြေး သောအခါ လှပတဲ့ဥဒေါင်းငှက်မင်းကြီး ရှုံးခဲ့ရသည်၊ ဤဥပမာကဲသို့ပင် ကိုရင်လေးဘယ်လောက် ငယ်ငယ် လူဝတ်ကြောင်လူသားတွေနဲ့ ယှဉ်ပြိုင်တရားအားထုန်မှုပြုလျှင် သာသာန့ာအရေခြုံထားသော ကိုရင်လေးက အရင်တရား ရနိုင်လေသည်၊” ဆိုသောမောရသုတ္တန်ပေးသော အတွေးက ရင်ထဲဖြန်းက နဲ့ပြေးသွားသည်၊ အေးငြိမ်းမှုတစ်ခုကို ခံစားလိုက်ရသည်၊



 နံနက်ခင်းနေသည်တစ်စတစ်စမြင့်တက်လာသည်၊ လမ်းမပေါ်တွင်စောစောကလောက် စက်ဘီး၊ဆိုင်ကယ် တွေမများတော့ အသံတွေတိတ်ဆိတ်သွားသည်၊ ဘတ်စကားတွေ ကိုယ်ပိုင်းကားတွေ အသက်ဝင်လာသည်၊ သိပ္ပံလမ်းမကြီးကား မမောမပန်းသူ့တာဝန်ကို သူထမ်းဆောင်လျက်ပင်။ ။

လွမ်းဖို့ကောင်းတဲ့ မန္တလာဆောင်း
ငါးနာရီခွဲအိပ်ယာက ထလိုက်သည်၊ အပြင်မှာနှင်းတွေကတဖွဲဖွဲကျနေသည်၊တက္ကသိုလ်ကွင်းလယ်က မြင်းခင်းကြီထဲတွင်လည်းနှင်းတွေဖွေးနေသည်၊ မင်းကွန်းဆရာတော်ဘုရားကြီးရုပ်တုစံပယ်နေသော ကျောင်းတော်လေးလည်း နှင်းထဲမှာမသဲကွဲ၊ ထနောင်းပင်ကြီးက ငြိမ်ကုတ်လို့ အအေးပတ်နေသလား ထင်ရသည်၊ အိပ်ယာသိမ်း မျက်နှာသစ်၊ အာရုံဆွမ်းစားပြီး၊ ကျောင်းမုခ်ပေါက်ဆီ ထွက်ခဲ့သည်၊ အပြင်ကိုလမ်းလျှောက်ထွက်မဲ့ ကိုယ်တော်လေးတွေ ဒုနဲ့ဒေး၊ အောင်ပင်လယ်ဘက်ဆီက လင်းကြက် တွန်သံတွေကြားနေရသည်၊ အုတ်စက်က ပန်းရံသမားတွေ ဒိုင်နာကားကြီးအပြည့်နဲ့ မြို့ထဲဘက် မိမိတို့ဆိုဒ်ရှိရာကိုသွားဖို့ လောဆော်နေကြသည်၊ကားနောက်တွင်လည်း ကျားမမခွဲ တွဲရရွဲရီး လေးတွေ ခိုနေသည်၊ အော် ထမင်းတစ်လုပ်အတွက် အသက်ကိုဖက်နဲ့ထုတ်ထားရသည်၊ ရွှေကျောင်းကြီးဘက် လှမ်းကူးလိုက်သည်၊



ရွှေကျောင်းတော်ကြီးသည် အသက်မဲ့နေဆဲ၊ အရင်က ရွှေနန်းတော်ကြီးတွင် အဆောင်တစ်ဆောင်အဖြစ်တည်ရှိခဲ့သော အဆောင်ကြီး၊ ယခုမူ ကျောင်းတော်ကြီးတစ်ဖြစ်လဲ တည်ရှိ နေသည်၊ ယခုတော့ ရွှေရောင်ကွယ်ပြောက်၍ သစ်ဆေးရောင်မဲမဲတွေပဲ ကျန်ရစ်နေသည်၊ ဒီဇင်ဘာ တွင် နိုင်ငံခြားဧည့်သည်တွေ အ၀င်ကြမ်းသည်၊ ကျောင်းတော်ကြီးနဲ့ မျက်နှာချင်းဆိုင်တွင် ရှေးဟောင်း ပစ္စည်းရောင်းသော ဆိုင်တန်းလေးကလည်း ကျောင်းတော်ကြီးနဲ့အတူ ငိုက်မြည်းကြောဆွဲနေသည်၊ နေ့အခါတွင်တော့ လာသမျှဧည့်တွေနှင့် စကားပြောလေ့ရှိသည်၊ ၀မ်းသောင်ဆင်တူးဒေါ်အော်ပြီး ပို့စကတ်ရောင်းနေသော သနပ်ခါးဘေးကြားရိုက် လူမမယ်ကလေးလေးတွေရှိသည်၊ အနောက်ဘက် လှမ်းထွက်ခဲ့သည် အတုမရှိကျောင်းတော်ကြီးထဲခြေချမိပြီ၊ ဆောင်းနှင်းထဲတွင် အိနြေ္ဒရနေသည်၊

ဤကျောင်းတော်ကြီးကို ကင်းဝင်မင်းကြီးကပြင်သစ်မှအပြန်တွင် ဥရောပစတိုင်နှင့် မြန်မာစတိုင် ရောသမမွှေထားသော ကျောင်းတော်ကြီးဖြစ်သည်၊ ဂျပန်ခေတ်တွင် ဗုံးဒဏ်သင့်ခဲ့သည်၊ ယခုတော့ပြု ပြင်ထားပြီ၊ သင်္ကြန်မိုးဇာတ်ကားထဲမှာ မပြင်မီကအိုဟောင်းနေသော ကျောင်းပျက်ကြီးကိုအမှတ်တရ ပြန်ကြည့်နိုင်သည်၊ ညာဘက်ကွေ့ပြီး ကုသိုလ်တော်ဘုရားဘက်ချိုးချလိုက်သည်၊ လမ်းဘေးတွင် တိနိကဖွင့်ထားသောသက်သာ လ္ဘက်ရည်ဆိုင်လေးက အသက်ဝင်နေပြီ၊ အီကြာကွေးကြော်သူကြော်၊ လ္ဘက်ရည်ဖျော်သူကဖျော်နေလေပြီ၊

ကုသိုလ်တော် ဘက်လှမ်းငေးတော့ ဆည်းလည်းသံသဲ့သဲ့ပဲကြား နေရသည်၊ မင်းတုန်းမင်းကြီးရဲ့ ကျောက်စာချပ်တွေသည် ဆောင်းအေးအးထဲတွင် ချမ်းနေလောက်ပြီ၊ ဤကျောက်စာတွေစုပေါင်းပြီး စာအုပ်လုပ်မည်ဆိုလျှင် ကမ္ဘာအကြီးဆုံးစာအုပ်ကြီးတစ် အုပ်ဖြစ်လာနိုင် သည်၊ ဒါကြောင့်ပင် အမေလူထုဒေါ်အမာက ကမ္ဘာ့အကြီးဆုံးစားအုပ်ကြီးဟု ဆောင်းပါးတစ်ပုဒ်နဲ့ဂုဏ် ပြုခဲ့ဖူးသည်၊ ၀င်းအတွင်းကခရေပင်တွေလည်း၊ ငြိမ်းသက်နေသည်၊ နှစ်ပေါင်း(၂၀၀)ကျော်ကြာပြီ ဖြစ်သောခရေပင်ကြီးလည်း အိုကြီးအိုမနှင့် ဆောင်းဒဏ်ကိုအလူး အလဲခံနေရရှာသည်။

အနောက် ဘက်ဆက်လျှောက်လာလိုက်တော့ စန္ဒာမုနိဘုရားဝင်းက ရသေ့ကြီးဦးခန္တီတည်ခဲ့သော ကျောက်စာ ချပ်တွေလည်း ထိုနည်းနှင်နှင် ဆောင်းထဲတွင် အိပ်ငိုက်နေကြသည်၊ စန္ဒာမုနိခြေတော်ရင်းတွင် ခေတ်မီ နိုင်ငံတော်ကြီးတည်ဆောက်လိုသော ကနောင်မင်းသားကြီးအုတ်ဂူလည်း ဆောင်းအေးအေးအောက် တွင် သူမတည်ထောင်ရန်မအောင်မြင်ခဲ့သော နိုင်ငံကြီးအကြောင်းတွေးနေလောက်မည်၊ ဆက်လျှောက်လာတော့ အဝေရာတန်းလေးနားရောက်လာသည်။

တဖြေးဖြေးနှင့်မန္တလေးတောင်ခြေ ဘေးနားရောက်လာသည်၊ နောက် ကျောက်တော်ကြီးနား
ဦးခိုက်မိလာသည်၊ ကျောက်တော်ကြီးဘုရား နားရောက်တော့ ဗန်းမော်ဆရာတော်ကြီးကို အမှတ်ရမိသည်၊ သုဓမ္မာစာပြန်ပွဲတွင် သင်္ကန်းဝတ်စရာ မရှိသဖြင့် ကျောက်တော်ကြီးဘုရားတွင် တင်လှူထားသောသင်္ကန်းကို စွန့်ပါရန်လျှောက်ထားပုံ အဖြစ်ပျက်က မျက်စိထဲမြင်ရောင်လာသည်၊ တွေးရင်းတွေးရင်း သုဓမ္မာဇရပ်တွေနားရောက်လာသည်၊

ရတနာပုံခေတ်က သုဓမ္မာစာပြန်ပွဲတွေကိုသတိတရရှိလာသည်၊ ကျုံးဘေးနားအရောက် နံနက်ခင်း လမ်းလျှောက်ဖော်တွေကိုတွေ့လာသည်၊ နန်းတော်ကြီးကိုလှမ်းငေးတော့ အသက်မဲ့နေသလို မလှုပ် မယှက်ငြိမ်သက်နေသည်၊ ကျုံးပေါ်မှဖြတ်တိုက်လာသောလေညင်းသည် ညင်သာပြီး လတ်ဆတ်နေ သည်၊ လမ်းလျှောက်သူတစ်ချို့က နောက်ကျောပိုးအိပ်တွေလွယ်ထားကြသည်၊ တစ်ချို့က ကိုယ်ကာ ယလေ့ကျင့်ရန်လုပ်ထားသော ကြိယာများတွင် အကြောလျှော့နေလျှက်၊ တရုပ်ထိုက်ချိအဖွဲ့တွေက တီးလုံးနဲ့အညီ လိုက်ပါယိမ်းနွဲ့နေကြသည်၊ကျုံးတောင်ထိပ်က ဆီဒိုးနားဟိုတည်ကြီးလည်း ချမ်းနေရှာ သည်။

ပန်တျာကျောင်းဘက်လှမ်းငေးတော့ နန်းတော်ရှေ့ဆရာတင်၊ လေပါတီဒေါ်မြရင်ဘဘစိန် ဗေဒါတို့ရုပ်တုတွေက မားမာမတ်မတ်သီချင်းစပ်နေသရောင်၊ မန္တလာဆောင်းသည် အချုပ်တန်းဆရာ ဖေတို့ရတနာပုံခေတ်ကလို အေးကောင်းချမ်းကောင်းနေဆဲ၊ဆရာဖေလို လမ်းဆုံကကမ်းကုန်အောင် အချမ်းမလုံပေါင်ဟု ဟစ်လိုက်ချင်တော့သည်။ ။
    
မန္တလေးမှာက ဒီအချိန်ဆို ညတိုင်းညတိုင်း အရပ်တိုင်းက ရပ်ကွက်တွင်းဓမ္မာရုံတွေမှာ ဘုရားပွဲ ကျင်းပနေတဲ့အချိန်ပါ၊ ဆိုင်းသံတွေဗုံသံတွေလည်း ညတိုင်းကြားနေရပြီပေါ့၊ မန္တလေးမှာ ဇာတ်တွေပေါသလို သူအရပ်နဲ့သူ့ဇာတ်ဆိုသလို အရပ်တိုင်းက ကိုယ်ကြိုက်တဲ့ဇာတ်ကိုငှါးကြတာပါ၊ အားပေးတဲ့အခါလည်း တစ်ချို့အရပ်တွေများဆို အပေါ်ကလည်းနှင်းမကျအောင်မိုးထားပြီး အောက်က လည်း စင်တွေနဲ့ပါ၊

မင်းသားနဲ့နီးတဲ့ ဇာတ်စင်နားကစင်ကိုပန်းကြဲစင်လို့ခေါ်ပြီး ဈေးလည်းကြေး ကြီးပေးဝယ်ကြည့်ရပါတယ်၊ ဇာတ်ပွဲတိုင်းတစ်ခုထူးဆန်းတာက သံဃာစင်လို့ခေါ်တဲ့စင်လေး နောက်ဆုံးမှာ ထည့်ပေးထားတာပါပဲ၊ ပွဲတိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေး၊ ရဲအုပ်ချုပ်ရေးအပြင် သံဃာ တော်တွေကိုလည်း ပွဲမှာလာအုပ်ချုပ်ဖို့သက်သက်ပင့်ထားပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးကသိတယ်မို့လား သံဃာမြို့တော်လေ၊ ပွဲခင်းကိုသံဃာငယ်လေးတွေက လာအားပေးကြ သေးတော့ သံဃာကို သံဃာကပြန်အုပ်ချုပ်တဲ့သဘောပေါ့၊

အမှန်က သံဃာတော်တွေရဲ့ဝိနည်းထဲမှာ နစ္စ၊ဂီတ၊ အစရှိတဲ့သိက္ခာပုဒ်က ပွဲလမ်းသဘင် မကြည့်ရပါဘူး၊ ဒါပေမဲ့ သံဃာငယ်တွေဆိုတာလည်း ပုထုဇဉ်တွေပဲမို့လား၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကြားဖူးတာလေးတစ်ခုရှိပါတယ်၊ တစ်ခါက ဒကာတစ်ယောက်မစိုးရိမ်ဆရာတော်ကြီးကို သံဃာတော် တွေပွဲကြည့်တာကို မကြည့်အောင် တားပေးဖို့လျှောက်ထားပါတယ်၊ ဒါနဲ့ ဆရာတော်ကြီးက “ဒကာရယ်မင်းမကြည့်စေချင်ရင် မင်းအိမ်လာတဲ့ကိုယ်တော်တွေကို ထိုင်ဦးချလိုက်ကွာ ဒါဆိုမကြည့် တော့ပါဘူး”လို့ အမိန့်ရှိသတဲ့ ဒါနဲ့အဲဒီဒကာကြီးလည်း အဲဒီနေ့ကစပြီး သူအိမ်ကြွလာတဲ့သံဃာတိုင်းကို ဦးတိုက်ပါတယ်၊ ဦးတိုက်ခံထားရတဲ့ကိုယ်တော်လေးတွေက နောက်များ အဲဒီဒကာကြီးနဲ့ တွေ့မှာစိုးရိမ် ပြီး ဒကာကြီးအိမ်နားပွဲကရင် သွားမကြည့်ကြတော့ပါဘူးတဲ့၊ ဒါက မစိုးရိမ်ဆရာတော်ကြီးနဲ့ ပတ်သတ်ပြီးကြားဖူးဖတ်ဖူးတာလေးပါ၊ စာဖတ်သူလည်း အဲဒီဒကာကြီးရဲ့ သာသနာပြုနည်းလေးကို အတုယူထာပေါ့၊ ကိုယ်တော်ငယ်လေးတွေကို ပွဲမကြည့်စေချင်ရင်ပြောတာပါ၊

 နောက်မင်းကွန်းဆရာတော်ကိုလည်း ဒီလိုပါပဲ ဒကာတွေက ကိုယ်တော်လေးတွေကို ရုပ်ရှင်တို့ ဘောလုံးပွဲတို့မကြည့်အောင်မိန့်ပေးပါလို့လျှောက်သတဲ့ ဒါနဲ့ဆရာတော်က“ သူတို့လေးတွေ သာသနာ့ ဘောင်ပျော်အောင် ဒါလေးတွေနဲ့ ချော့ထားရတာပါကွာ၊ ငါလိုအသက်ရ ၀ါတော်ကြီးလာရင် ကြည့်ပါ ဆိုတောင် ကြည့်မှာမဟုတ်တော့ပါဘူး“ လို့ပြန်လည်မိန့်သတဲ့၊ တစ်ချို့ကလည်း ရဟန်းသံဃာဆိုရင် အရာအားလုံးကိုစွန့်နိုင်ပြီး အာသဝေါကင်းနေပြီထင်တတ် ကြတာပါ၊ နောက်အဲဒီလို အာသဝေါ ကုန်တဲ့ရဟန္တာ ကြီးပုံစံလည်းတွေ့ချင်ကြတာပါ။

ဒါပေမဲ့ သံဃာများလည်းပုထုဇဉ်ဆိုတာ သတိရမိစေ ချင်ပါတယ်၊ မင်းတုန်းမင်းကြီးကတော့ ရှင်းပါတယ်၊ သူလိုမိန်းမမယူတာကိုပဲကြည်ညို တာပါတဲ့၊ သူက တရားဝင်ကို တစ်ရာကျော်ယူထားတာမို့ ကြည့်ညိုတတ်တာပါ၊ ဒါကြောင့် စာဖတ်သူများလည်း သံဃာ ငယ်လေးတွေအပေါ်မှာ အပြစ်မြင်မယ်ကြံရင် မင်းကွန်းဆရာတော်ကြီးတို့လို မင်းတုန်းမင်းကြီးတို့လို စိတ်ကောင်းနှလုံးကောင်းသွင်းပြီး သာသနာတော်ကြီးကိုထောက်ပံ့အားပေးကြပါလို့ တိုက်တွန်းပါ တယ်။

ဒီနေ့မန်းမြို့သူမန်းမြို့သားတွေကလည်း မင်းတုန်းမင်းဆွေတော်မျိုးတော်တွေ လားအောက် မေ့ရပါတယ်၊ သံဃာတော်တွေကို မင်းတုန်းမင်းလိုပစ္စည်းလေးပါးကို လှူနေတုန်းပါပဲ၊ ခုလိုချမ်းချမ်း အေးအေး မနက်ခင်းအာရုဏ်မှာ ဆွမ်းတွေထလောင်းနေတာ၊ ရပ်ကွက်တိုင်းက ဘုရားပွဲများမှာ“ တစ်မှ နှစ်ဆယ်ထိသံဃာတော်များကြွတော်မူပါဘုရား“ ဆိုတဲ့ပင့်လျှောက်သံတွေက ဘ၀က်ညံအောင် လွင့်ပျံ့နေဆဲပါ၊ ဘုရားပွဲများဟာ သီတင်းကျွတ်လောက်ကနေ တပေါင်းလလောက်ထိကို တစ်ရပ် ကွက်နဲ့ တစ်ရပ်ကွက် ကျင်းပနေကြတာပါ။

ရပ်ကွက်တွေထဲဘုရားပွဲများရှိလို့ကတော့ အိမ်တိုင်းက မုန့်ဟင်းခါး ကြာဇံချက်၊ လ္ဘက်၊ ကြောက်ကျော၊နနွင်းမကင်း၊ လ္ဘက်ရည်စတာတွေကို ကိုယ်နဲ့ရင်းနှီးတဲ့ ခင်မင်တဲ့ သူတွေကိုဖိတ်ကျွေးကြပါတယ်၊ ဒီလိုနဲ့ ရပ်ကွက်တွင်းမှာ ပွဲမထွက်ခင်ထိ တရုံးရုံးနဲ့ပါပဲ။ သူအိမ်သွားလိုက် ငါ့အိမ်လာလိုက်နဲ့ ထမင်းရေချောင်းစီးမောင်းတီးပြီး အလှူကြီးပေးနေသလား အောင့်မေ့ရပါတယ်၊ ဒီလိုလေးတွေကြောင့်လည်း မန္တလေးမှာ နာမည်မေးရုံနဲ့ ဘယ်သူက ဘယ်နား နေတယ်ဆိုတာ တစ်ရပ်ကွက်သားချင်းသိကျွမ်းရင်းနှီးကြပါတယ်၊ တစ်ရပ်နဲ့ တစ်ရပ်မိသားစုစိတ်ဓာတ် တွေလည်း အပြည့်ရှိကြပါတယ်၊

ပွဲထွက်ရင်လည်း အစကနေအဆုံးမိုးလင်းနှစ်ပါးခွင်ပြီးမှ ပြန်တဲ့လူများပါတယ်၊ ပွဲခင်းပတ် လည်မှာလည်း (၁၂) ပွဲဈေးသည်တွေနဲ့ပြည့်လို့ပါ၊ များသောအားဖြင့်မုန့်လင်မယားသည်တွေနဲ့ မုန့်အိုးခင်းပူတိုက်ရောင်းတဲ့ မုန့်သည်တွေကပေါတာပါ၊ တစ်ချို့ပွဲခင်း များကြတော့ သားရေကွင်းပြစ် တာ၊ မျှားပေါက်တာ၊ ခြောက်ကောင်ဝိုင်းလေးတွေ၊ ဖန်ပေသီးလှိမ့်ကစားတဲ့ ကစားနည်းလေးတွေ ပါတတ်ပါတယ်၊ သားရေကွင်းပြစ်တဲ့နေရာက လူအစီဆုံးပေါ့ ဘာလို့လဲဆိုတော့ နှစ်သစ်မှာထွက်လာ တဲပြက္ခဒိန်က မင်းသားမင်းသမီး တွေကို ငေးနေကြတဲ့လူအုပ်နဲ့မို့ပါ၊ ရပ်ကွက်တိုင်းကဘုရားပွဲတွေဟာ ပြီးသွားပေမဲ့ ဘယ်မင်းသားက ဘယ်လိုကသွားတာ ဘယ်မင်းသမီးက ဘယ်လိုဆိုသွားတာနဲ့ ဇာတ်သ မား ပြန်ပေမဲ့ မှတ်သားစရာတွေက ကျန်နေခဲ့တတ်ပါတယ်၊

ကဲစာဖတ်သူရေ စာလည်းရှည်သွားပါပြီ၊ပြောချင်တာကတော့ မန္တလေးကတော့ အလှမ်းဝေး သွားပေမဲ့ အလွမ်လေးတွေကတော့ ပေးနေဆဲ ပါပဲလို့။ ။

ရွှေမန်းသား

No comments:

Post a Comment