ရဟန်း အလုပ် လူ အလုပ်
ရှေးယခင်က ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများဟာ လူမှန်းသိတတ်ခါစကတည်းက ဘုန်းကြီးကျောင်းမှာ ပညာသင် ၊ ကိုရင်ဝတ်ပြီး ကြီးပြင်းလာရတာဆိုတော့ အရွယ်ရောက် အသက်ကြီးသွားသည့်တိုင် ရဟန်းသံဃာဆို ပြစ်မှားဖို့ နှုတ်လှန်ထိုးဖို့ ဝေးလာဝေး ။ ရပ်ထဲရွာထဲ တော်ပြဿနာဖြစ်ရင်တောင် ဆရာတော်က ကြိမ်လုံးကိုင်လာပြီး “ ဟဲ့ ” ဆိုအားလုံးက ပွဲပြီး မီးသေပြီးသား ။ အဲ့လို ရဟန်းသံဃာကို ရိုသေခဲ့ကြတာ ။
ခုတော့ လူတွေလည်း ခေတ်ပညာတွေ တတ်လာတော့ ဘုန်းကြီးကျောင်းဆိုတာ ရှင်ပြုရဟန်းခံ တဲ့အချိန်လောက်ရောက်ဖူးကြတော့တာ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ကြတော့တာမဟုတ်ဘူး ဒီတော့ ရဟန်းသံဃာကို လူတွေက အရိုအသေတန်လာကြတော့တယ် ။ ဘုန်းကြီးက ဘုန်းကြီးလို မနေဘူး ဝိနည်းနဲ့ မညီဘူး စသဖြင့် လူက ဘုန်းကြီးကို ဆရာလုပ်လာကြတယ် ။
ခုခေတ်ဘုန်းကြီး ရဟန်းတွေ ဖုန်းတွေကိုင်တာ လက်တော့ပ်တွေ ကိုင်တာနဲ့ ပတ်သက်ပြီး ကိုးကွယ်သူ ဒကာတွေ ဒါယိကမတွေက အမြင် မရှင်းဘဲ စိတ်ထဲမှာ ဘုန်းကြီးနဲ့ ဒီပစ္စည်းတွေ သင့်တော်ပါ့မလားလို့ ဒွိဟ ဖြစ်နေကြတဲ့ အကြောင်း စာရေးချင်တာ ကြာပါပြီ ရေးဖို့ အကြောင်း မတိုက်ဆိုင်တာကြောင့် မရေးဖြစ်ဘူး ။ မနေ့ကတော့ အမေရိကမှာ ရောက်နေတဲ့ ဆရာချိုတူးဇော်ရဲ့ အမေရိကန်ရောက် ဘုန်းကြီးတွေရဲ့ အနေအထိုင် မသင့်လျှော်လို့ စိတ်ထိခိုက်ရတဲ့ အကြောင်း စတေးတပ် ပို့စ့် လေးကို တွေ့မိတာကြောင့် ဒီစာကို ရေးဖြစ်လိုက်တယ် ။
လူတွေက ဘုန်းကြီးတွေကို အပြစ်ပြောချင်လာတာကို တွေ့ရတော့ မင်းတုန်းမင်း လက်ထက်က ပုံပြင်လေးတစ်ပုဒ်ကို သွားသတိရမိတယ် ။
မင်းတုန်းမင်းလက်ထက်က သူက သာသနာကို အရမ်းကြည်ညိုတာ သူငယ်စဉ်က ဘုန်းကြီးကျောင်းမှာ နေခဲ့ပြီး ပညာသင်ခဲ့ရတာဆိုတော့ ဗုဒ္ဓဘာသာကို ကြည်ညိုပြီး သူမင်းဖြစ်လာတော့ ဘုရားရှင်ရဲ့ သာသနာကို အထူးပဲ ထောက်ပံ့တယ် ချီးမြှင့်တယ် ။ သူ့ကိုယ်သူလည်း သာသနာပြုမင်းလို့ သမိုင်းတွင်ကျန်စရစ်စေချင်ပုံရတယ် ။ သူသာ မိဖုရား အပါးခြောက်ဆယ်လောက် ယူထားပေမယ့် ဘုန်းကြီးရဟန်းတွေကို ဝိနည်းစည်းကမ်းတွေကို တင်းကြပ်စွာ စောင့်စည်းစေသတဲ့ ။ တစ်နေ့တော့ ပရိတ်ရွတ်ပွဲမှာ ဆရာတော်တွေ ပရိတ်ရွတ်တာလည်း ပြီးတော့ ဆရာတော်ကို ခုလို စောဒကတက်သတဲ့ ။
“ အရှင်ဘုရား … ဘုရားရှင်လက်ကဆို ရဟန်းတွေ ပရိတ်ရွတ်ရင် ပရိတ်ရေအိုးတွေ ဆူကြတယ် ပွက်ကြတယ် ခု အရှင်ဘုရားတို့ ပရိတ်ရေအိုးကတော့ ပရိတ်အိုးက ထခုန်ရင်တော့ ပရိတ်ရေတွေက ဖိတ်ကြပါ့မလား ဘုရာ့ ” လို့လျှောက်တယ် ။ ဒီတော့ ဆရာတော်ကလည်း ပြန်မိန့်တယ်
“ အေးကွ ရှေးတုန်းက ဘုရင်တွေဆိုရင် မင်းကျင့်တရားနဲ့ ညီပြီး သစ္စာရှိတော့ မြေပြင်ကို ကြိမ်စင်္ကြာရိုက်ပြီး နဂါးကိုတောင် လာအောင်ခေါ်နိုင်တယ်ကွ မင်းတို့ခေတ်ကျတော့ရော နဂါးမပြောနဲ့ တီကောင်ကိုတောင် လာအောင်ခေါ်နိုင်လို့လား ” တဲ့ … ။
ကိုယ့်အပြစ်ကို မမြင်ဘဲ သူများကိုပဲ အပြစ်တင်ချင်မနေနဲ့လို့ ဆိုချင်ပုံရတယ် ။
ဘုန်းကြီး အလုပ် လူအလုပ်
မိမိတို့ရပ်ရွာမှာနေခဲ့စဉ်က ဘုန်းကြီးကျောင်းနဲ့ မကင်းမကွာ ဆည်းကပ်တတ်ကြတဲ့ မြန်မာအချို့ဟာ နိုင်ငံရပ်ခြား ရောက်တဲ့ အခါမှာ ဘုန်းကြီးကျောင်းဆိုတာ ငတ်မွတ်တောင့်တမိကြတဲ့ အရာတစ်ခုပါ ။ ကျွန်တော်ကိုယ်တိုင်လည်း မလေးရှားကိုရောက်တော့ ဘုန်းကြီးကျောင်းဆိုတာကို တမ်းတမိပေမယ့် အဆက်အသွယ် အသိအကျွမ်းမရှိတာကြောင့် တရားစာအုပ်တွေပဲ ဖတ်ပြီး စိတ်ဖြေခဲ့ရပါတယ် ။
နောက်တော့မှ အလုပ်တွေ တစ်နေရာက တစ်နေရာပြောင်းရင်း ကွာလာလမ်ပူမြို့နယ်က ကပုန်းဆိုတဲ့ ရပ်ကွတ်မှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းကို ရောက်ခဲ့ရပါ ။ ဝမ်းသာအားနဲ့ ဆရာတော်နဲ့ စကားတွေပြောရင်း အရှင်ဘုရား မလေးမှာ အမြဲနေမှာလား ဘုရာ့ ဆိုတော့ ဆရာတော်က နောက် ၂ နှစ် ၃ နှစ်နေပြီးရင် ပြန်ပါတော့မယ်ကွာတဲ့ ။ ဒါနဲ့ ကျနော်က မပြန်စေချင်တာကြောင့် ဘာလုပ်ဖို့ ပြန်မှာလဲ ဘုရာ့လို့ စောဒကတက်လိုက်တယ် ဒီတော့ ဆရာတော်က အလုပ် လုပ်မှာပေါ့ကွတဲ့ … ။ ဘုန်းကြီးက အလုပ်လုပ်မယ်လို့ ပြောတော့ စိတ်ထဲ ဒီစကားက ထူးဆန်းနေတယ် ။ ( ကျနော့စိတ်ထဲမယ် ဘုန်းကြီးဆိုတာ ဘာအလုပ်မှ လုပ်ဘဲ ကျောင်းမှာဘဲ ထိုင်နေပဲ တွေ့ပါတယ် ဒါကြောင့် ကျောင်းမှာ အမြဲနေတဲ့ ဘုန်းကြီးကို ကျောင်းထိုင်ဘုန်းကြီးလို့ ခေါ်တာနေမှာလို့ ကလေးအတွေးနဲ့ တွေးခဲ့ဖူးတယ် ) ဒါကြောင့် မျက်နှာမှာ နည်းနည်း ဘဝင်မကျတဲ့ အရိပ်တွေ ပေါ်နေတာကို သိတဲ့ဆရာတော်က ခုလိုပြောတယ်
“ ဟ … လူလည်း လူအလုပ်ရှိသလို ဘုန်းကြီးလည်း ဘုန်းကြီး အလုပ်ရှိတာပေါ့ ရဟန်းရယ်လို့ သင်္ကန်းဝတ်လာရင် သူများလှူတဲ့ဆွမ်း အလကားထိုင်စားနေလို့ ရမလား ဘုန်းကြီး အလုပ်မှာ ပရိယတ္တိ လို့ခေါ်တဲ့ တရားစာပေ သင်ကြားခြင်း ၊ ပဋိပတ္တိလို့ခေါ်တဲ့ ဝိပဿနာ တရားအားထုတ်ခြင်း ၊ ပဋိဝေဒ လို့ခေါ်တဲ့ ရှေ့ကဆိုခဲ့ပြီးတဲ့ နှစ်ခုကို ကိုယ်တိုင် ကျင့်ကြံ အားထုတ်ပြီးသကာလ ပြန်လည်ပို့ချခြင်းဆိုတဲ့ အလုပ်တွေ လုပ်ရတာပေါ့ ငါလည်း မြန်မာပြည်ပြန်ပြီး ရဟန်းတွေကို တရားစာ သင်မယ် ပြည်ပကို သာသနာပြုခရီးတွေ ထွက်နိုင်အောင် အင်္ဂလိပ်စာသင်ပေမယ် နိုင်ငံခြားရောက် အတွေ့အကြုံတွေ ပြန်လည်ပို့ချမယ် ဒါကိုပြောတာ ”
ဆိုတော့မှ ကျနော် ဘဝင်ကျသွားရတယ် ။ အရင်ကဆို မြန်မာပြည်က ဘုန်းကြီးတွေ ပြည်ပထွက်တာ သိပ်မတွေ့ရဘူး ခုနောက်ပိုင်းတော့ ဒကာတွေက ဒါယိကာမတွေက ပြည်ပထွက်ပြီး အလုပ်လုပ် ပြည်ပမှာပဲ အခြေချနေထိုင်တာ များလာတော့ မိမိတို့ ဘုန်းကြီးတွေ ဖူးမျှော်ချင်တာကြောင့် ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး တကူးတက ပင့်ဖိတ်ကြတယ် ။
မလေးရှားလို အစ္စလမ်ဘာသာကို ကိုးကွယ်သူများပေမယ့် အခြားဘာသာကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးတာကြောင့် မလေးရှားနိုင်ငံသား တရုတ်တွေကလည်း ဘုန်းကြီးကျောင်းတွေ ဆောက်ပြီး မြန်မာပြည်က ဆရာတော်တွေကို ပင့်ဖိတ်ပြီး သာသနာပြုစေတယ် ။
ဒီလိုနဲ့ ဘုန်းကြီးတွေ နိုင်ငံခြားထွက်တဲ့ အခါမှာ အရင်ကတော့ ပြည်တွင်းမှာပဲ နေတာများတော့ နိုင်ငံခြားရောက်တော့ တောသားမြို့ရောက် ဆိုတာထက်ဆိုးကုန်တယ် အင်္ဂလိပ်စကားကလည်းမတတ်ကျတော့ လာပင့်သူ ဒါယကာတွေနဲ့ မတွေ့ရင် တော်တော်လေးကို အခက်ကြုံရတယ် ။ ဆရာတော်တစ်ပါးပြောပြဖူးတာတော့ ဂျပန်ကို လာတဲ့ ဘုန်းကြီးတစ်ပါးမှာ လိုက်ပို့သူဒကာနဲ့လမ်းမှာ ကွဲသွားတော့ သူ့ခမျာ ဘာမှ မလုပ်တတ် မကိုင်တတ်ဖြစ်ပြီး ရထား ဘူတာရုံရှေ့သွားပြီး ရထားဆိုက်လာတိုင်း ထွက်လာကြတဲ့ လူအုပ်ကြီးကို မြန်မာပါပါသလားခင်မျ မြန်မာပါပါသလား ခင်မျ နဲ့ အော်ပြီးမေးနေရသတဲ့ ။ ကံကောင်းထောက်မစွာနဲ့ မြန်မာလူမျိုးတစ်ယောက်နဲ့ တွေ့လို့သာပေါ့ ။
နောက်တစ်ခုက အင်ဒိုနီးရှားကို ကြွကြတဲ့ ဆရာတော်နှစ်ပါး အရင်က တည်းခိုခန်းဆိုတာတွေနဲ့ နီးစပ်ဖူးတာ မဟုတ်တော့ လိုက်ပို့တဲ့သူက လိုက်ပို့ပြီးပြန်သွားတော့ ဆရာတော်က ဈေးဝယ်စရာရှိလို့ ဆင်းဝယ်တယ် ဒါပေမယ့် တည်းခိုခန်းရဲ့ အလေ့အကျင့်ကို မသိတာကြောင့် မိမိတည်းခိုတဲ့ အခန်းနံပတ်ကို မှတ်မထားမိဘူး ဒီတော့ ခန်းတိုင်းကို သူ့အဖော်များ ရှိနေမလားဆိုပြီး လိုက်ခေါ်နေလို့ ပြဿနာတက်ရဖူးသတဲ့ ။
အမေရိကကိုရောက်နေတဲ့ ဆရာတော်တစ်ပါးကတော့ ကိုယ်တိုင်ကားမောင်းရတာနဲ့ ပတ်သက်ပြီး ခုလို ပြောပြဖူးတယ် ။ ဒကာတွေ ဒကာမတွေကလည်း အလုပ်ကိုယ်စီနဲ့ အချိန်လုလုပ်နေရတာဆိုတော့ ဆွမ်းကွမ်းကိစ္စတွေ အခြားသော သာရေးနာရေး ပင့်ဖိတ်လာတဲ့ ကိစ္စတွေကို ကိုယ်တိုင်ကားမောင်းပြီး မပို့နိုင်ကြဘူး ဒီတော့ ဒကာတွေက သွားရေးလာရေး အဆင်ပြေအောင် ကားတစ်စီးဝယ်ပြီး လှူထားကြတယ် သွားစရာရှိရင် ကိုယ်တိုင်မောင်းပြီးသွားရတာပေါ့ လို့ပြောဖူးတယ် ။
ဘုန်းကြီး တွေရဲ့ ဝိနည်းထဲမှာတော့ လူထမ်းတဲ့ ဝေါယာဉ် ၊ ကျွဲနွား မြင်း စသော တိရိစ္ဆာန်တွေ ဆွဲတဲ့လှည်းကို ဂိလာန ရဟန်းတွေပဲ စီးအပ်တယ် နေထိုင်ကောင်းနေတဲ့ ရဟန်းတွေ မစီးအပ်လို့ တွေ့မိတယ် ။ အကြောင်းကတော့ မိမိရဲ့ဝန်ကို အခြားသူ တပင်တပန်းနဲ့ ညှင်းဆဲသလို မဖြစ်စေအောင်လို့ သတ်မှတ်ထားတာပဲဖြစ်တယ် ။ ကားဆိုတာက စက်ကပဲ ရုန်းတဲ့ ပစ္စည်းမို့ ကားအပေါ်မှာ ရဟန်းတို့က သာယာတတ်မက်တဲ့ စိတ်မရှိရင် ရဟန်းတို့ စီးလို့ မောင်းလို့ အပြစ်မရှိဘူးလို့ ဆိုနိုင်ပါတယ် ။
ဒီတော့ ဆိုလိုချင်တာက ခေတ်တွေ တိုးတက်ပြောင်းလဲ လာတာနဲ့ အမျှ ဘုန်းကြီး ရဟန်းတွေလည်း ခေတ်ရေစီးကြောင်း အတိုင်း စီးမျောသင့်တယ်လို့ ထင်ပါတယ် ။ ရှေးတုန်းက တရားစာအုပ်ထဲမှာ ပါတဲ့ အတိုင်း ရဟန်းဆိုရင် ဓုတင် ၁၃ ပါးစလုံးကိုကျင့်ပြီး တောမှာနေ ရိုးရိုးကြီးနေလို့ချည်း မဖြစ်နိုင်တော့လို့ ခေတ်နဲ့ အလိုက် နေထိုင်ရာ ပတ်ဝန်းကျင်ဒေသနဲ့ အလိုက် လိုက်လျောညီထွေ နေကြတာကို အပြစ်တစ်ခုလို့ မမြင်သင့်ဘူးလို့ ထင်ပါတယ် ။
ဒကာတွေ ဒါယိကာမတွေ နိုင်ငံတကာရောက်နေတော့ ဘုန်းကြီးတွေလည်း နိုင်ငံတကာလိုက်ပြီးတရားဟောရတယ် ။ နိုင်ငံခြားကျောင်းတွေမှာ ကျောင်းထိုင်လုပ်ပြီး သာသနာပြုရတယ် ။ ဒီတော့ ဆက်သွယ်ရေးတွေ အဆင်ပြေဖို့ ဖုန်းတွေ သုံးကိုသုံးရမယ် ခေတ်က အင်တာနက်ခေတ်ဖြစ်လာတော့ လိုချင်ရာ စာအုပ်တွေကို လူတွေလည်း မိမိတို့ ရောက်ရှိရာ နိုင်ငံတွေမှာ ဝယ်ဖို့ အဆင်မပြေကြတော့ အင်တာနက်ကနေ လွယ်လွယ်ကူကူ ရှာဖတ်လာကြတယ် ။
ဒီတော့ ဆရာတော်တွေလည်း လက်တော့ပ်သုံးပြီး အင်တာနက် စာမျက်နှာကနေ တရားစာပေတွေ ရေးသားပို့ချပြီး လူတွေကို တရားဟောနေကြတာလည်း ရှိပါတယ် ဘုန်းကြီးတွေ လက်တော့ပ်သုံးလို့ လူတွေ အကျိုးမယုတ်ပါဘူး လူတွေအတွက် အကျိုးရှိပါတယ် ။
လူဆိုတာ ကိုယ်ကသာ အရက်သောက်ချင် သောက်မယ် ကိုယ့်မိဘ ၊ ဆရာ သမား စတာတွေ အရက်သောက်နေတာကိုမြင်မိရင်တော့ ဘဝင်မကျ ဖြစ်တတ်ကြတာပဲ မဟုတ်လား ။ မိမိတို့ ကိုးကွယ်တဲ့ ဘုန်းကြီးရဟန်းတွေလည်း အကျင့်သိက္ခာပြည့်စုံစွာ ရှိစေချင်တာတော့ လူတိုင်းရဲ့ ဆန္ဒ ဖြစ်မှာပါပဲ ။
အကျင့်ပျက်နေတဲ့ ရဟန်းတွေလည်း မရှိဘူး မဟုတ်ပါဘူး ရှိပါတယ် ဒါပေမယ့် ရဟန်းကိစ္စကို သာမန်လူဝေဖန်မယ်ဆိုရင် မသင့်တော်ဘူးလို့ ထင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လူတစ်ယောက်က စဝေဖန်လိုက်ရင် နောက်လူတွေပါ အတုယူပြီးတော့ သံဃာထု တရပ်လုံးကို လူတွေက လွယ်လွယ်နဲ့ ဝေဖန်တဲ့ အကျင့်က စွဲသွားပြီး ဘုန်းကြီးကို လူက ဆရာပြန်လုပ်တဲ့ မကောင်းတဲ့ အကျင့်ကြီး ဖြစ်သွားနိုင်ပါတယ် ။
ဘုန်းကြီးကို လူက ဝေဖန်တာနဲ့ ပတ်သက်ပြီး အင်္ဂလိပ်ခေတ်က ရဟန္တာလို့ နာမည်ကျော်ကြားတဲ့ ဘုန်းတော်ကြီးဦသီလ လက်ထက်မှာ လည်း ဖြစ်ခဲ့ဖူးပါတယ် ။ သူ့ဒကာက ဆရာတော်ကို ခုလိုလျှောက်တယ် ။ ဘယ်ဆရာတော်ဖြင့် ဝိနည်းနဲ့ မညီဘူး ဘယ်လို လုပ်သင့်တယ် စသဖြင့် ပြောလာတော့ ဆရာတော်ဦးသီလက
“ အေးကွ ဘုရင်ကြီးတစ်ပါးမှာ သားတော်နှစ်ပါးရှိတယ် သားတော်အငယ်က လိမ္မာပြီး သားတော် အကြီးက မိုက်မဲတယ် ဒါကို မင်းက သားတော်အကြီးကို မလိမ္မာလို့ ခြေထောက်နဲ့ သွားကန်ရင် ဘာဖြစ်မလဲ သူ့ခမည်းတော် ဘုရင်ကြီးက မင်းကို ခြေထောက်ဖြတ်မှာပေါ့ ဒီလို ဥပမာလိုပဲပေါ့ ဘုန်းကြီးကို လူက အပြစ်ပြောရင် လူပဲ ငရဲကြီးလိမ့် မပြောပါနဲ့ကွယ် သူ့အပြစ်သူခံပါလိမ့်မယ် ” လို့ မိန့်ကြားသတဲ့ ။
ဒါကြောင့် ရဟန်းတွေ ဖြစ်ကြတဲ့ ကိစ္စမှာ ရဟန်းသံဃာ အခြင်းခြင်းကသာ ထိမ်းကွပ် ကြပ်မတ်ပေးခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်လို့ ကျနော်ထင်မြင်မိပါတယ် ဆရာ ချိုတူးဇော်ရေ …. ။
သီလမရှိတဲ့ ရဟန်းကိုတောင် အလှူရှင် ဒါယိကာက စေတနာထားပြီး လှူတတ်ရင် ရဟန္တာကို လှူရသလိုပဲ ကုသိုလ်ရနိုင်ပါတယ်ဆိုတာ ဥပမာရှိပြီးသားပါ ။ လူတွေ အနေနဲ့ အကုသိုလ် အပြစ်ကို မယူမိအောင် ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်
K Aung Soe
Malaysia
Penang Island
29/05/2012
No comments:
Post a Comment