Tuesday, December 11, 2012

လူ



စနစ်တခုကနေ စနစ်တခု ပြုပြင်ပြောင်းလဲဖို့ ဆိုတာ ဦးဆောင်သူတွေ၊ အတတ်
ပညာရှင်တွေ၊ အသိပညာရှင်တွေက အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
အဲဒီ ဦးဆောင်သူတွေ၊ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေဟာ အဂတိကင်းတဲ့
နောင်အရှည်သဖြင့် တည်တံ့နိုင်မယ့် အကျိုးစီးပွားကို အမှန်တကယ်မျှော်ကိုးပြီး ဆုံးဖြတ်ပြုပြင်
ကြမှ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ကို ရောက်ရပါလိမ့်မယ်။

နိုင်ငံတော်ဆိုတာ တိုင်း၊ နယ်နမိတ် အစည်းအခြားထဲက ဒေသတခုကိုခေါ်တာပါ။
မြန်မာနိုင်ငံတော်ဆိုတာ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အရှေ့ နဲ့ အရှေ့မြောက်မှာ
တရုပ်၊ အရှေ့ နဲ့ အရှေ့တောင်မှာ ထိုင်း၊ လာအို စတဲ့နိုင်ငံတွေနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့
အရှေ့တောင်အာရှ နိုင်ငံတခုပါ။ အဲဒီ မြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွားဆိုတာ
မြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊
ရခိုင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ နဲ့ အခြားတိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ
အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံသူ ၊သား တွေရဲ့ အကျိုး စီးပွားကို ဆိုလိုတာပါ။

မြန်မာနိုင်ငံသူ၊သား တဦးချင်းရဲ့ အကျိုးစီးပွားဟာ မြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ကို
ဆက်စပ်ပါတယ်။ တကယ်တော့ တိုင်းပြည်တပြည်ဟာ လူတွေနေမှ ဖြစ်တာပါ။ အဲဒီ လူတွေရဲ့
အကျိုးစီးပွားဟာ အဲဒီတိုင်းပြည်ရဲ့ အကျိုးစီးပွားပဲ မဟုတ်လား။
လူသားဟာ သက်ရှိသတ္တဝါတွေထဲမှာ ဥာဏ်ရည်အမြင့်မားဆုံးပါပဲ။ လူသားဟာ
လူ့ဘဝရှင်သန်ရေးအတွက် အစားအစာကို လှည့်လည်ရှာဖွေ စားသောက်ရတဲ့ အဆင့်ကနေ
စုပေါင်းထုတ်လုပ်စားတဲ့ အဆင့်၊ ကုန်ပစ္စည်းချင်းဖလှယ်စားရတဲ့ အဆင့်၊ ငွေကြေးစနစ်
အမျိုးမျိုးနဲ့ ဝယ်ခြမ်းစားသောက်ရတဲ့ အဆင့်ကို တဖြည်းဖြည်း ကူးပြောင်းရောက်ရှိလာခဲ့တဲ့
သတ္တဝါပါပဲ။ ဒီလိုပဲ ခြေဦးနဖူးတည်ရာ လှည့်လည်နေထိုင်တဲ့ အဆင့်ကနေ ကျေးရွာ၊ မြို့ပြ၊
နိုင်ငံအဖြစ် စုစည်းတည်ထောင် နေထိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့ပြီးတော့မှ လူကျွန်၊ မြေကျွန်
တွေအထိဖြစ်ခဲ့ရတဲ့ အဆင့်အတန်းခွဲခြားသတ်မှတ်တဲ့ လူမှုစနစ်ကို ရောက်လာခဲ့ရတာပါ။

အဲဒီကစလို့ ကျေးကျွန်စနစ်ခေတ်၊ ပဒေသရာဇ်စနစ်ခေတ်၊ အရင်းရှင်စနစ်ခေတ်နဲ့
အရင်းရှင်စနစ်ခေတ်ကို ဖျက်သိမ်းဖို့ ကြိုးပမ်တဲ့ ဆိုရှယ်လစ်စနစ်ခေတ် အထိ ပြောင်းလဲလာခဲ့
တာပဲဖြစ်တယ်။ လူတန်းစားမရှိ၊ နိုင်ငံတော်မရှိတဲ့ လူ့အဖွဲ့အစည်းများအဖြစ်ကနေ လူတန်းစား
ဖွဲ့စည်းမှုနဲ့ နိုင်ငံတော်အာဏာ ရှိလာတဲ့ လူ့အဖွဲ့အစည်းအဖြစ်ကို ရောက်ရှိဖြတ်သန်းခဲ့ရတာပါ။

ရှေးဟောင်းလူ့အဖွဲ့အစည်းများကနေ ခေတ်သစ်လူ့အဖွဲ့အစည်းများအဖြစ် ဖြစ်ပေါ်
တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ လူသားဟာ ရုပ်ဝတ္ထုယဉ်ကျေးမှု (နေမှု၊
စားမှု၊ ဝတ်မှု၊ ကုန်ထုတ်လုပ်မှု) တမျိုးတည်းကိုသာ ဖြစ်ပေါ်တိုးတက်စေခဲ့တာ မဟုတ်ပါဘူး
စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု (ကျင့်ဝတ်၊ ဘာသာရေး၊ အနုပညာ၊ နိုင်ငံရေးသိမှု) နယ်ပယ်ကိုပါ
ဖြစ်ထွန်းတိုးတက်စေခဲ့တာပါ။

ဒီလိုနဲ့ လူသားဟာ ဆင်ခြင်တုံတရားကို မဏ္ဍိုင်ထားတဲ့ လူ့ယဉ်ကျေးမှု မျက်နှာစာ
အားလုံးကို ဖွံ့ဖြိုးတိုးတက်စေခဲ့သလို လူ့ဘဝမှာ အသက်ရှင်ရပ်တည်ရခြင်းရဲ့ သစ္စာနဲ့အဓိပ္ပါယ်
ကိုလူသားတိုင်က လက်လှမ်းမှီသလောက် တရွေ့ရွေ့စဉ်းစားလာတတ်ကြတာဟာ ဟိုး
ကမBာဦးအစ ကျောက်ခေတ်ကတည်းကပါ။ ဒီဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လူသားဟာ စားဝတ်
နေရေး အခြေခံဘဝထက်ကိုပိုပြီး လူဖြစ်လာရခြင်းဆိုတာမိမိနဲ့ မိမိပတ်ဝန်းကျင်ကို ပိုမို တိုးတက်
ကောင်းမွန်မြင့်မားလာအောင် အသိဥာဏ်တွေ ဝင်လာခဲ့ကြတာပါပဲ။

ဒီအသိဥာဏ်တွေကြောင့်ပဲ လူသားဟာ လူတဦးချင်းစီ အကြောင်း၊ လူ့အဖွဲ့အစည်းအကြောင်း၊ လူနဲ့
လူ့အဖွဲ့အစည်း ဆက်ဆံရေးအကြောင်း၊ ခေတ်သစ်တခုကို ရှေ့ရတဲ့ စီးပွါးရေး၊ နိုင်ငံရေး၊
အုပ်ချုပ်ရေး၊ ကျင့်ဝတ်နီတိ အပါအဝင် လူလူချင်း ဆက်ဆံရေးအကြောင်းစတဲ့ နယ်ပယ်စုံကို
စဉ်းစားတွေးခေါ် လျှောက်လှမ်းလာခဲ့ကြတာပါပဲ။

ဒီနေ့ တွေ့၊ ထိ၊ မြင်၊ သိ နေရတဲ့ ဖြစ်ပေါ်တိုးတက်မှုအားလုံးဟာ လူ့သမိုင်းအစကနေ
ယနေ့အထိ လူ့အဖွဲ့အစည်း အမျိုးမျိုးတို့ရဲ့ နယ်ပယ်ပေါင်းစုံက အတွေ့အကြုံတွေ၊
ကြိုးပမ်းမှုတွေ၊ စမ်းသပ်စစ်ဆေး ခံပြီးတဲ့ အသိပညာတွေပါပဲ။ လူ့သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှု
ဆိုတာဟာလည်း တကယ်တမ်း ဆန်းစစ်ကြည့်လိုက်ရင် လူသားရဲ့ အသိဥာဏ်ပညာ ဖွံဖြိုးမှု
သမိုင်းပါပဲ။

လူသားရဲ့ အသိဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်ပဲ ခေတ်သစ် လူသားဟာ
လူ့အဖွဲ့ အစည်းတခု၊ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးဟာ ခွဲခြားမရနိုင်ကြောင်းကိုလည်း
သိရှိလာခဲ့ကြတယ်။ တံခါးပိတ်ဝါဒ စနစ်ကိုကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းတို့ရဲ့ စီးပွားရေးကဏ္ဍတွေ
တခုပြီးတခု ပြိုလဲကျလာတာကို ထောက်ရှုပြီး လူ့အဖွဲ့အစည်းတို့ဟာ သီးခြားရပ်တည်လို့
မရနိုင်တော့တာကို သိရှိလာခဲ့ကြတယ်။ မတော်မတည့်၊ မမှန်ကန်တဲ့ အာဏာနဲ့ အုပ်ချုပ်မှု
ကိုလည်း တွန်းလှန်လာခဲ့ကြတယ်။ ဖြောင့်မှန်တဲ့ အယူဝါဒနဲ့ ဆန့်ကျင်တဲ့ လူ့အဖွဲ့အစည်းမျိုး
ကိုလည်း လိုလားမှု ကင်းမဲ့လာခဲ့ကြတယ်။

လူ့အဖွဲ့အစည်းအတွင်းထဲမှာ ကောင်းမြတ်တဲ့
အကျင့်စရိုက်တွေ၊ စွမ်းရည်သတ္တိတွေ လူတိုင်းမှာ ဖြစ်ပေါ်လာစေရေးတို့ကိုလည်း အလေးဂရုပြု
လာခဲ့ကြတယ်။ ဒီထက်ပိုပြီး လူဟာ လူသားတို့ရဲ့ စွမ်းဆောင်ရည်၊ နာကျင်မှု၊ ခံစားမှုတို့ကို အမှန်
တကယ် စာနာ၊ နားလည်၊ သိမြင်မှု မရှိပဲ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တခုကြောင့်သာ
မျှော်မှန်းဆောင်ရွက်တတ်တဲ့ သေးငယ်နိမ့်ကျပြီး ကိုယ့်ကိုယ်ပိုင် ဘဝငယ်ထဲမှာ ကျဉ်းမြောင်းစွာ
ရပ်တည်ရှင်သန်တဲ့ လူ့အဖွဲ့အစည်းကို ဆန့်ကျင်ရမယ် ဆိုတဲ့ အသိဥာဏ်တွေ ရရှိလာခဲ့ကြ
တယ်။ ဒီအသိဥာဏ်တွေနဲ့ အတူ လူသားဟာ အတွေးခေါ်၊ လွတ်လပ်မှုနဲ့ အတ္တ၊ ပရ မျှတစွာ
ကျင့်ဆောင်တတ်မှု၊ မိမိနဲ့ သူတပါး၊ မိမိနဲ့ လောက ဝေမျှခံစား တွေးတော လုပ်ကိုင်တတ်တဲ့
စွမ်းရည်တွေ ရရှိလာခဲ့ကြတာဖြစ်တယ်။

လူသားတိုင်းဟာ အတ္တတရားကို လက်ကိုင်ထားကြတယ် ဆိုပေမယ့် မိမိပတ်ဝန်းကျင်
ရဲ့ ကောင်းကျိုးကို လုပ်ဆောင်ပေးနိုင်ခွင့်ရချိန်မှာ အတ္တမှ လွန်မြောက်ဖယ်ခွာနိုင်ရတယ်။
ဒါမှလည်း လူဖြစ်ရခြင်းနဲ့ လူ့ဘဝ အဓိပ္ပါယ်ကို ပိုမို လေးနက် ပီပြင်လာစေတဲ့ ခံစားမှုတရပ်
ဝင်လာစေနိုင်မှာဖြစ်ပြီး ပိုမိုပြည့်ဝတဲ့ လူ့ဘဝအနှစ်သာရကို ရရှိစေနိုင်မှာဖြစ်တယ်။ လူ့အဖွဲ့
အစည်းကို ဦးဆောင်သူတို့ရဲ့ ကိုယ်ကျိုးသက်သက် လုပ်ဆောင်မှုတွေဟာ လူ့အဖွဲ့အစည်းကို
အမည်းစက် စွန်းထင်းစေမှာဖြစ်သလို လူ့အဖွဲ့အစည်းအပါအဝင် လူသားတွေအတွက်
အကျိုးရလဒ် ကောင်းတွေကို ရရှိပိုင်ဆိုင်ခွင့်တွေနဲ့ အလှမ်းကွာဝေးနေမှာသာဖြစ်တယ်။

လူသားဟာ လူ့သမိုင်းအစကနေ ပစ္စုပ္ပန်လူသား အထိ ဖြစ်ပေါ်တိုးတက်မှု
ဖြစ်စဉ်အားလုံတို့ဟာ လူသားရဲ့ အသိဥာဏ်တွေကြောင့်သာ ဖြစ်ပေတော့တယ်။
(လူသားမျိုးနွယ် မြင့်မြတ်စေရန် မျိုးဆက်များနှင့်ချီ၍ အားသစ်လောင်း လျှောက်လှမ်းကြပါစို့။)

တင်မြင့်မော်
source.... Alineain Magazine


No comments:

Post a Comment