မလင်းသော ကြယ်များ
လယ်ကွင်းတွေကို ဖြတ်တိုက်လာသည့် လေမွှေးမွှေးလေး တွေမှာ စပါးနံ့တို့ သင်းနေပြီး တဆုံးတမျှော် စိမ်းဖန့်ဖန့် လယ်ကွင်းများက မျက်စိပဒသာ ဖြစ်လှလေ၏။
ကျွန်မ ခရီး သွားရသည့် အခါတိုင်း ငိုက်မြည်းရမှာကို အလွန်ကြောက်သည်။ ပတ်ဝန်းကျင် လေ့လာမှုကို အားသန်သူမို့ စားပင်သီးပင် တွေ့လျှင် ဒီအပင်မျိုး တို့ကျောင်းမှာ စိုက်ရလျှင် ကောင်းမည်။ အရိပ်ရပင် တွေ့လျှင် ဒီအပင်မျိုး တို့ကျောင်းမှာ စိုက်ရလျှင် ကောင်းမည်နှင့် သစ်ပင် စိုက်ခင်း တောတောင်ရေမြေကို ခံစားတတ်သော ကျွန်မသည် ဟိုအဝေးဆီမှ တလှုပ်လှုပ်နှင့် သွားနေသော နေရောင်ထဲမှ ကပိုကရို ဖိုးရိုးဖားရား တောင်းတွေ၊ ပလုံးတွေနှင့် မိသားစု တစ်စုကိုမြင်သည်နှင့် ဒါ သားထွေးတို့ များလားဟု အမြဲ မျှော်လင့် နေမိပါသည်။ မဖြစ်နိုင်ဘူး ဆိုတာ ကျွန်မ သိသည်။ ငါးရှာ ဖားရှာ နေသူ တချို့ကို လယ်ကွင်းစပ် ၊ချောင်းစပ်မှာ ရိပ်ခနဲ သီခနဲမြင်လျှင် ဒါ အေးအေးချိုတို့ ဖြစ်ရမည်ဟု ယုံယုံမှားမှား ထင်သော်လည်း ဒီအရပ် ဒီနေရာမှာ ထိုကလေးတွေ နေထိုင်ခြင်း မဟုတ်တာကို ကျွန်မ အသိဆုံး ဖြစ်သည်။
ကျွန်မ ရောက်နေသည်က တစ်မြို့ တစ်ရွာမှာ။ ကျွန်မ သတိ ရနေသည်က ကျွန်မ မြို့ကလေး၏ အစွန်ဆုံး ရပ်ကွက်မှာ ရှိသည့် မူလတန်း ကျောင်းကလေးက ကျောင်းသားဟောင်းလေးတွေကို ကျွန်မ အမှတ် ရနေသည်လေ။
ထိုရပ်ကွက်ကျောင်း လေးသို့ မူလတန်းပြ ဆရာမ အဖြစ် ကျွန်မ ပြောင်းရွှေ့ လာစဉ် ရပ်ကွက် အနေအထား သည် အင်မတန် ချို့တဲ့ပုံ ရသော မိသားစု များစွာတို့၏ ဗဟိုချက် မဖြစ်မှန်း သတိထား မိခဲ့သည်။ ရထားသည့် ဥပဒေ ဘွဲ့ကိုမှ အားမနာစွာ အလယ်တန်းပြ ဆရာမ အဖြစ်သို့ တိုးမြှင့် လျှောက်ထားခြင်း မပြုဘဲ ကိုယ်မွေးထားသည့် သမီးလေး နှစ်ယောက်၏ ပညာရေးကို အလေးထားကာ အိမ်ကနေ စက်ဘီးလေး စီး၍ တစ်မိုင်ခန့် နင်းလျှင် ရောက် နိုင်သော ရပ်ကွက် မူလတန်း ကျောင်းသို့ မိမိ သဘောနှင့် မိမိ တောင်းပြောင်းခဲ့သည်။ ထိုသို့ ပြောင်းရွှေ့ခြင်း အတွက် သူငယ်ချင်း တချို့က ရှုတ်ချ ခဲ့ကြသည်။
“မင်းကွာ ရပေါက် ရလမ်းကို မမြင်တဲ့နေရာ နော်၊ ထီးဖြူဖိနပ် ပါးရုံမက အသံပြာမယ့် ကျောင်းကွ၊ တခြား ကျောင်းပြောင်းပါလား”
ထိုစကားမျိုးကို ကြားတော့ ကျွန်မ ကဲကဲဆတ် ပြန်ပြောမိသည်။
“အိုကွာ ဆရာမ လုပ်ကတည်းက ၀ါသနာနဲ့ လုပ်ခဲ့တာ။ စေတနာ၊ ၀ါသနာ၊ အနစ်နာခံမှ ဆရာ ပီသမှာပေါ့ ကွ။ ကိုယ်ကတော့ ရဖို့ထက် ပေးဖို့ပဲ စိတ်ကူးတယ်”
ကျွန်မက အမြဲတစေ ကိုယ့်ကိုယ်ကို သူရဲကောင်း ဆန်ချင်သည်။ ဒါကြောင့် လည်း သူများ မလုပ်တာ၊ သူများ မပြောတာ ကျွန်မ လုပ်သည်၊ ပြောသည်။ တစ် ကျောင်းလုံးနှင့် တစ်ယောက် ပင်ဖြစ်ပါစေ။ စောဒက တက်ဖို့ ကျွန်မဘက်က အသင့် ရှိတတ်၏။
မကြိုက် ရှင်းရှင်း၊ ကြိုက်ဘွင်းဘွင်းသမားမို့ တ ချို့က ကျွန်မကို လက်ရှောင် ကြသည်။ မတရားမှုကို ခေါင်းငုံ့မခံသူအဖြစ် နာမည် ကြီးသလို ငပွကြီးအဖြစ်လည်း နာမည်ပေးကြသည်။ တစ်ခါ တစ်ရံမှာဖြင့် ကျွန်မ၏ မူလ နာမည် ဒေါ်စပယ်ခင်ကို “ကယ်တင်ရှင်”ဟု ရွဲ့ခေါ်ကြ လေသည်။ ဘယ်သူတွေက ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ ကင်ပွန်းတပ်တပ် ကျွန်မ ဂရုမစိုက်ပါ။ ကျွန်မ အလုပ် ရှိတာကို ပြတ်ပြတ် သားသား လုပ်မည်သာ ဖြစ်၏။ ထို့ကြောင့်လည်း ယခု မူလတန်း ကျောင်းလေး၏ ကျောင်းအုပ်ကို ကျွန်မ မေး ခွန်းတစ်ခုမေးရာ ဆရာမကြီး က နားမရှင်း။
“မစပယ်ခင် ပြောတာ ကျွန်မ နားမရှင်းဘူး။ ပြန်ပြောပါဦး”
“ဆရာမကြီးတို့ ကျောင်းမှာ ဒီရပ်ကွက်က ကလေးတွေ အကုန် ကျောင်းမနေကြဘူးလားလို့ ကျွန်မ မေးတာပါ”
ကျွန်မ မေးခွန်းက လွယ်လွယ်လေးပါ။ သို့သော် ဆရာမကြီး ဖြေရတာ နည်းနည်းမက ခက်လိမ့်မည်ကို ကျွန်မ သိသည်။ ယနေ့ခေတ် ပညာရေး စနစ်က “ကျောင်းနေ အရွယ် စာသင်ပေး၊ မနှေး ကူကြ ဆရာမတွေက”မဟုတ် ဘူးလား။ အသက် ငါးနှစ် ဆိုသည်နှင့် မူလတန်းကျောင်းကို ကျောင်းဝတ်စုံလေးနှင့်၊ လွယ်အိတ်လေးနှင့်၊ ဖတ်စာအုပ်လေးနှင့် ရောက်လာရမည် မဟုတ်ပါလား။
အခု ကျောင်းအပ်ချိန်မှာ မနက်တိုင်း ကျွန်မ ကျောင်းလာစဉ် တစ်လျှောက် အော် ဟစ်ဆော့ ကစားနေသော ကလေးတွေက ကျောင်းသား အရွယ် လူမမည်လေးတွေ။ ကျွန်မကို ၀င်တိုက်တိုးဆော့ နေကြသော်လည်း ထိုကလေးတွေကို လက်ဆွဲပြီး ဘယ်မိဘ ကမှ ကျောင်းလာအပ်ပုံမတွေ့ ရပေ။ တစ်ရက် လာအပ်နိုး၊ နှစ်ရက် လာအပ်နိုးနှင့် ကျောင်းအပ်ရမည့် ရက်သတ္တပတ်သာ ကုန်တော့မည်။ ကျောင်း သားက ပြောက်ကျားပြောက် ကျား။ ကျွန်မအထင် ဤရပ်ကွက်လောက် ကလေးများ သည်ကို မတွေ့ဖူးသော် လည်း ကျောင်းလာအပ်တော့ အရင်က ကျောင်းသားဟောင်း တွေထဲကပင် နည်းနည်းပါး ပါးလျော့ချင်တာ တွေ့ရလေ သည်။
“ဆရာမက ဒီနွေမှာ ကလေး တစ်အုပ်ကြီးကို တွေ့တာကိုး။ ဒါ သူတို့ဆော့ချိန် ပဲ။ ကျောင်းကတော့ လာ အပ်ရင် လက်ခံ လိုက်တာပေါ့ ဆရာမရယ်။ လာမအပ်ကြ ရင်တော့ ဘယ်တတ်နိုင်ပါ့ မလဲ။ ဒီရပ်ကွက်က ဆင်းရဲ သားရပ်ကွက်ဆိုတော့ သိပ်လည်း ဖိအား မပေးရဲဘူး”
ထိုအဖြေကို ကျွန်မ လုံးဝလက်မခံနိုင်ပါ။ ကျောင်းအုပ်ဆရာမကြီးတစ် ယောက်က ပြောသည့်စကား မို့ ပိုလက်မခံနိုင်ပါ။ ကျွန်မ ထုံးစံအတိုင်း စောဒက တက် ပြီလေ။
“ဟာ...ဆင်းရဲတိုင်း စာ မသင်ကြရတော့ဘူး။ ဒီ ခေတ်က အခမဲ့ ပညာရေးစနစ် လေ။ ကျောင်းတက်ချင်တဲ့ ကလေးဆို ကျောင်းကို တက် စေရမယ် မဟုတ်လား”
“အင်း...ဒါကတော့ ...”
ဆရာမကြီးက နဂိုက မလှုပ်ချောက်ချက်။ ကျွန်မ၏ တက်ကြွ ဖျတ်လတ်မှုကို ငေး ကြည့်မိ၏။ ဟိုလိုလို ဒီလိုလို လုပ်ပစ်ပြီး စကား စဖြတ်သည်။ ဒါကို ဘေးမှ ဆရာမ စောက ထောက်ခံပြန်၏။
“မမ စပယ်ရယ် သူ့ အရပ်နဲ့ သူ့ဇာတ်ပါ။ ဒီရပ်ကွက်က ကလေးတွေကို သွားစဉ်းစားရင် မမခင် တစ် ရပ်ကွက်လုံးတောင် ကျောင်းထား ပေးနေရဦးမှာ။ ဒီက မိဘတွေက နားဝေ တိမ်တောင် တွေ။ အရေးဟဲ့ အကြောင်း ဟဲ့ မိဘ ခေါ်ခဲ့ဆိုရင် ဘယ်တော့မှ ပါလာကြတဲ့ ရပ်ကွက် မဟုတ်ဘူး”
အမလေးနော် ပြောချလိုက်တာ။ ပညာမဲ့ ရပ်ကွက် ကျနေတာပဲ။ ကြည့်စမ်းပါ ဦး။ ကလေးတွေ မျက်နှာက ခြောက်ပစ်ကင်း သဲလဲစင်ရုပ် ကလေးတွေ။ ပိုက်ဆံမတတ် နိုင်လို့၊ ဆင်းရဲလို့ ကျောင်း မတက်ရဘူးဆိုလျှင် ဘယ်မှာလဲ အနာဂတ်ရဲ့ မျိုးဆက်သစ် ပညာရေး၊ ဘယ်မှာလဲ သား ကောင်းဇာနည်။ ဘယ်မှာလဲ ပညာတတ်၊ ပညာရှင်။ ကမ္ဘာ့ ခေါင်းဆောင်တွေဆိုတာ အခု လို ဆင်းရဲသားလူတန်းစား ကပေါ်ပေါက်လာတာ အများ သားပင်။
ကျွန်မ ခေါင်း တွင်တွင် ခါသည်။ ကျွန်မ ဆုံးဖြတ်ချက် ချသည်။ မနက်ဖြန်က စပြီး ဒီရပ်ကွက်က ကလေး တွေကို ကျွန်မ စည်းရုံးပြီး ကျောင်းထားပေးမည်။
“သူတို့ ဘာလို့ကျောင်း မနေနိုင်တာလဲ။ ကျောင်းအပ်ဖို့ ပိုက်ဆံနဲ့ ကျောင်းဝတ် စုံ၊ စာအုပ်ဖိုးလား။ အိုကေ မမစပယ် ပေးမယ်၊ မနက် ဖြန်ကျရင် အစောရေ...ရပ် ကွက်ထဲ သွားကြေညာစမ်း ပါ။ ကျောင်းနေချင်တဲ့ ကလေးတွေ ကျောင်းထား ပေးမယ်လို့”
ကျွန်မ ဤသို့ဟန်နှင့် မာန်နှင့် အင်နှင့်အားနှင့် ပြော နေသည်ကို ဆရာမကြီးက မသိဟန်ဆောင်ပြီး သူ့ရုံးခန်း ဘက်ထွက်သွား၏။ ဘေးက ဆရာမစောကတော့“သဘော လေ”ဟုသာ လေသံပျော့ပျော့ နှင့် ပြောလေ၏။ ကျောင်းတက်ချင်၍ ရောက်လာသော ကလေးက နှစ်ဆယ် အစိတ်လောက် ဖြစ် နေ၏။ သူတို့ လာသည်က အိမ်နေရင်း အ၀တ်အစား လေးများနှင့် နှပ်တွဲလောင်း၊ ပေသရူးလန်၊ ညစ်တီးညစ် ပတ်၊ အိုးမည်း ဗလပျစ်၊ ကြေးအလိမ်းလိမ်း၊ စွပ်ကျယ် ချိုင်းပြတ်၊ ဆံပင်နီကျင်ကျင်၊ သွားချေးအထပ်ထပ်၊ လက် သည်းမည်းညစ်ညစ်များ၊ များစွာ။
ကျွန်မ စိတ်ရှည်ရှည် ထားပြီး မေးသည်။ ကလေး က ဘယ်နှနှစ်လဲ။ ကျောင်း နေဖူးလား။ မနေဖူးဘူးလား။ ဘာလို့ ကျောင်းထွက် လိုက်တာလဲ။ ဘာလဲ စာအုပ်ဖိုး မရှိလို့လား။ အဖေနဲ့ အမေက ဘာလုပ်လဲနှင့် စလိုက်သည်မှာ အဖေရှိပြီး အမေ မရှိသူ၊ အမေရှိပြီး အဖေ မရှိသူ၊ အဖေရော အမေရော မရှိသူ။ ဒါမျိုးကို အရင်ဆုံး ရွေးသည်။ အဖေရော အမေရော ရှိပြီး ကျောင်းမထား ပေးနိုင်ဘူးဆို တာကိုဖြင့် ကျွန်မ လက်မခံပါ။ မေတ္တာနှင့် မွေးတာ မဟုတ်ဘဲ တဏှာသက်သက်ဖြင့် ဘာတာဝန်မှ မယူချင် တာမျိုးကျတော့ ကျွန်မက သူရဲကောင်း မဆန်နိုင်ပါ။
ကလေးတွေကို အရွယ် အလိုက်ခွဲပြီး ကျောင်းတစ်နှစ် တက်ဖူးပြီး ဆက်မတက်သူ ကို တစ်တန်း၊ လုံးဝမတက် ရသေးသူများ သူငယ်တန်း၊ နှစ်တန်းလောက်အထိ စာ ကျေပြီးသား ကလေးကို နှစ် တန်းမှာ ပြန်ထားနှင့်။ ကျွန်မ ၏ စေတနာအင်အားဖြင့် ကလေး ဆယ့်ငါးယောက်ကို ကျွန်မ၏ ရိုးသား၍ ကြိုးစား စွာ ရှာထားသော ချွေးနှဲ စာတို့အနက်မှ ကျောင်းအပ် ပေးနိုင်ခဲ့သည်။ ကျောင်းဝတ် စုံက လောလောဆယ်တစ်စုံ စီ။ လွယ်အိတ်နှင့်၊ ကျောင်း စာအုပ်နှင့်၊ ခဲတံပေတံနှင့်ပေါ့။
ကလေးတွေ ရုံးစုရုံးစု နှင့်ပျော်နေကြသလို ကျွန်မ လည်း သဘောအကျကြီး ကျကာ တပြုံးပြုံး တပျော် ပျော်နှင့်။ ကျွန်မလုပ်ရပ်ကို ကြည့်ပြီး ဆရာမစောက ခေါင်းတညိတ်ညိတ်။ တစ်စုံ တစ်ခုပြောချင်နေပုံရသည်။ သို့ပေမဲ့ ဆရာမစော ဘာမှ မပြောဝံ့သည့်ပုံ။ ကျွန်မ တစ် ယောက် ဟိုပြေးသည်လွှား ကျောင်းဆရာမဆိုသည့် ဂုဏ် ပုဒ်အပြင် ကျောင်းအပ်ပေး သောကလေးတွေ၏ အမေ ကြီးနှယ်။
“ဟဲ့ လာစမ်း၊ လက် သည်းညှပ်ပေးမယ်။ တန်းစီ”
ဟော လက်သည်းညှပ်ပြီး ပြန်တော့ ခြေဆေးလက်ဆေး ခိုင်း။ ရွှေပြည်နန်းသနပ်ခါး ဘူးလေးပြေးဝယ်။ ကလေး တွေကို တန်းစီပြီး လိမ်းပေး။ ဒါတင် မကဘဲ ခဲတံချွန်စက် ကြီးဖြင့် ခဲတံတွေ ချွန်ပေး။ စာအုပ်မှာ နာမည်တွေ ထိုး ပေးနှင့်။ သားထွေးတို့၊ အေး အေးချိုတို့ နာမည်က ထိပ်ဆုံးတန်းက ပါလာ၏။
“စာကြိုးစားကြနော်။ ဆရာမဆီကို လိုတာလာ တောင်းကြ။ ဆရာမ ဒီ အတန်းမှာ မုန့်စားဆင်းချိန် တိုင်း ရှိတယ် ကြားလား”
ကလေးတွေ အခက် အခဲ မရှိအောင် ကျွန်မ စီစဉ် သည်။ ကလေးတွေ အသံညံ စီပြီးတော့ “ဟုတ်ကဲ့ပါ ဆရာ မ”ဟု တစ်ပြိုင်နက်တည်း ၀ိုင်းအော်ကြ၏။ ကျွန်မ အတော်ကြီး ကျေနပ်သွားရ ၏။
“အေး မင်းတို့ မိဘတွေ ကိုလည်း ပြော၊ အိမ်ကနေ သနပ်ခါးလေး လိမ်းပေး၊ မုန့် လေး ကျွေးကြဦးလို့။ စာ လည်း ကျက်ရမယ်နော်။ သားတို့ သမီးတို့က လိမ္မာ တယ်ဟေ့”
“ဟုတ်ကဲ့ပါ ဆရာမ”
ကျွန်မ၏ ပြုမူ ဆောင်ရွက်ပုံ အားလုံးသည် မြို့စွန် ရပ်ကွက် မူလတန်းကျောင်းလေး အနေနှင့် အံ့သြဘနန်း ရင်သပ်ရှုမောဖွယ်ပင် ဖြစ် နေလေ၏။ ဆရာမကြီး အပါ အ၀င် ကျန်သည့် ဆရာမများ က သူတို့စာ သူတို့သင်ပြီး အချိန်တန် ကိုယ့်အိမ်ကိုယ်ပြန် သွားကြသည်။ သူတို့မျက်နှာ တွေက ပုံသေနည်းချထား သောမျက်နှာတွေနှင့်။ ထို မျက်နှာတွေကို ကျွန်မသဘော မကျခဲ့။ သို့တိုင် ကျွန်မ လုပ် ချင်သောအလုပ်ကို ကျွန်မ၏ မှန်ကန်သော ဆုံးဖြတ်ချက် ဖြင့် ကျွန်မ လုပ်ဆောင်နိုင် ခဲ့ပြီမို့ မိမိကိုယ်မိမိ ကျေနပ် ပီတိဖြစ်ရုံမှတစ်ပါး တစ်ပါး သူကို စိတ်ဝင်စားရန် မလို အပ်ဟု ကျွန်မ မြင်ခဲ့သည်။
ကလေးတွေနှင့် ကျွန်မကား ကျောင်းစတက်သောနေ့မှ စ၍ လုံးလားထွေးလား ဖြစ် နေသည်မှာ မုန့်စားဆင်း ချိန်ရော၊ ကျောင်းတက်ချိန် ကျောင်းပေါက်ဝမှာရော၊ ကျောင်းဆင်းချိန် ကျွန်မ အခန်းရှေ့မှာပါ မူနွဲ့နွဲ့၊ ပြာ တောက်တောက်၊ မည်းညစ် ညစ်လေးတွေကိုက ချစ်စရာ ကျောင်းဝတ်စုံလေးနှင့်။ အားလုံး ကျွန်မ ၀ယ်ပေးထား တာလေးတွေနှင့် ပြည့်စုံ နေကြ၏။
“ဆရာမ စာအုပ်ကုန်ပြီ”
“သြော် အေး အေး ပေး မယ်”
“ဆရာမ ခဲတံ”
“ရမယ်”
“ဆရာမ မီးအင်္ကျီပြဲ သွားလို့”
“ဟဲ့ ပြဲရင် ချုပ်လေ၊ နင့်အမေ ချုပ်ခိုင်းပေါ့”
တစ်ယောက်က စာအုပ် တောင်းစဉ် တစ်ယောက်က ခဲတံ တောင်းသည်။ တစ် ယောက်က အင်္ကျီပြဲကို လာ ပြသည်။ ထိုအခါမျိုးမှာ ကျွန်မ ဒေါသအထွက်ဆုံးက ထိုကလေးတွေ၏ မိဘများ ပင်။
“ဟင် ဒီမိဘတွေက ရေသာ ခိုလွန်းတယ်။ မမက ကျောင်းပဲ ထားပေးနေပြီ လေ။ မသကာ သူတို့က ခဲတံ စာအုပ်ဖိုးလေးတော့ ပေး မှပေါ့။ အင်္ကျီလေး ဘာလေးတောင် လျှော်မပေးကြဘူး ဟယ်။ အင်္ကျီပြဲတာက အစ မမ လာပြနေကြတယ်”
ကျွန်မ ဒေါနှင့်မောနှင့် ပြောပြီး သောင်းကျန်းနေသည့် တစ်နေ့သောမုန့်စား ဆင်းချိန်ကား မိုးကုန်ခါစ မနက်ပဲ ဖြစ်လေ၏။ တစ်မိုး တွင်းလုံး ကိုယ် ရှာထားသမျှ လေးတွေရော၊ တခြားဆိုင်ရာ ပိုင်ရာ အသိုင်းအ၀ိုင်းတွေဆီ က အလှူခံလို့ရသမျှလေး တွေနှင့် စုံနဖာစီဝယ်ခြမ်းပေး နိုင်သော်လည်း အင်္ကျီပြဲကို ချုပ်ပေးရမည့်အဖြစ်ကိုတော့ ကျွန်မ သည်းမခံနိုင်ပါ။ ကျွန်မ ဒေါသကိုကြည့်ပြီး ကြိတ်ရယ်နေတာ ဆရာမ စောပါ။ ဆရာမစောက ကျွန်မကို ပြုံးကာရယ်ကာနှင့် တစ်ခါ ထပ်ပြော၏။
“ဒီရပ်ကွက် အကြောင်း ကျွန်မ အသိဆုံးပါလို့ဆို။ မမစပယ်ရယ်။ အပင်ဆိုတာ စိုက်တိုင်း ရှင်တာ မဟုတ် သလို မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေကို အတင်း လင်းခိုင်းလို့ ရမလား”
ထိုစကားကို ကဗျာ ဆန်ဆန်ပြောသော ဆရာမ စောကို ကျွန်မ ပြန်မေးမည် ပြင်စဉ်မှာပင် ကျောင်းတက် ခေါင်းလောင်း ထိုးသွားခဲ့လေ ၏။
နောက်တစ်ပတ် လောက်မှာ သီတင်းကျွတ် ကျောင်းပိတ်ရက် ဖြစ်၍ ကျွန်မက ကလေးတွေ စာ မေးပွဲရက် စာကောင်းကောင်း ကျက်နိုင်ရန်ပင် ပြင်ဆင်ပေး ခဲ့၏။ ကျွန်မ တပည့်လေးများကို ကျောင်းနေပျော်၍ စာတော်သော ကလေးတွေ ဖြစ်စေချင်သည်။ ဆရာမ တစ်ယောက်၏ အလုပ်အပြင် ကုသိုလ်ရမည့် အလုပ်တွေကို ကျွန်မ လုပ်နေရသည့်အတွက် ကျောင်းသွားပျော်ပျော်၊ ကျောင်းပြန်ပျော်ပျော် အဖြစ် သီတင်းကျွတ်ရက်တွေကို အလျင်အမြန်ဆုံး ကုန်ဆုံးစေ ခဲ့၏။
ကျောင်းပြန်ဖွင့်ပြီး ကျောင်းကိစ္စများ၊ ပြင်ပပညာ ရေးဌာနကိစ်္စများနဲ့ ဒုကျောင်း အုပ်ခွင့်သွားစဉ် ကျွန်မက ကျောင်းဝေယျာဝစ်္စများနှင့် မအားလပ်အောင် ရှိနေပြီး သတိရသွားသည့်အချိန်မှာ ကျွန်မထံသို့ သားထွေးတို့ အေးအေးချိုတို့ ခဲတံပေတံ လာမတောင်းသည်မှာ တစ်ပတ် မကတော့ပြီ။ သည်လို ဆိုတော့လည်း ကလေးတွေက အလိုက် သိသားပါလား။
“အစောရေ... အခုရက် ပိုင်း မမတော့ သက်သာနေ တယ်”
“ဘာသက်သာတာလဲ မမစပယ်”
“မမ တပည့်တွေပေါ့။ ခဲတံ၊ ပေတံ၊ စာအုပ် လာမယူကြဘူး။ အပေါ်ထပ်မှာ ငြိမ်နေကြပြီ ထင်တယ်။ ဒါမှ မဟုတ် သူတို့ မိဘတွေ ၀ယ်ပေးပြီလား မသိဘူး”
မုန့်စားဆင်းချိန်မှာ ဤသို့ သတိတရ ပြောမိရာ ဆရာမ စောက ထုံးစံအတိုင်း ခေါင်းတညိတ်ညိတ်နှင့် ပြုံး ပြီး ပြော၏။
“အပေါ်လည်း သွားတက်ကြည့်ပါဦး။ မမ တပည့်တွေ ရှိသေးလား ဆိုတာ”
“ဘာပြောတာလဲ ညီမ”
ကျွန်မ သည်လောက်ပဲ ပြောပြီး ကျောင်းအပေါ်ထပ်သို့ အပြေးအလွှား တက်ကြည့်မိသည်။ မုန့်စားဆင်းတိုင်း တစုတဝေးနေဖို့ ကျွန်မ စီစဉ် ပေးထားသော အခန်းထဲမှာ သားထွေးတို့ အုပ်စုကို တစ်ယောက်မှ မတွေ့ရတော့ပေ။ ကျွန်မ အံ့အား သင့်သွား၏။ ဘာဖြစ်လို့လဲ ဆိုတာ ကျွန်မ မသိပါ။ ချက်ချင်း ဆိုသလို အောက်ထပ်ကို ပြန်ပြေးဆင်းလာပြီး ဆရာမစောကို မေးမိတော့သည်။
“မမ ကလေးတွေ ဘယ်ရောက် ကုန်ပြီလဲ အစော၊ သူတို့ ဘာလို့ ကျောင်းမတက်တာလဲ”
ကျွန်မ အမှန်တကယ် လန့်နေပြီကို ဆရာမစော သိ သည်။ ဆရာမစောက ကျွန်မ ကို နေရာမှာ ထိုင်ခိုင်းစဉ် ကျွန်မ၏ စိုးရိမ်ကြောင့်ကြမှု များက အတွေးများနှင့် တရ စပ်တိုးပွားနေလေပြီ။ ကလေး တွေ ဘာဖြစ်သလဲ၊ ဘာဖြစ် သလဲ။
“သူတို့ ဘာမှ မဖြစ်ဘူး မမ။ အခုအချိန်ဆို သူတို့အား လုံး အုတ်ဖုတ်တဲ့နေရာတွေ၊ ငါးပက်တဲ့အင်းတွေ အိုင်တွေ၊ အငှားလယ်စိုက်တဲ့နေရာတွေ အုပ်စုလိုက် ပါသွားကြပြီ။ သူတို့မိဘတွေက မိုးကုန်ရင် ကျပန်းလုပ်စားကြတာ။ ကလေးတွေကို အကုန်ခေါ် သွားကြပြီ”
“ဘုရားရေ...ဘုရား ရေ...စာသင်ဖို့ရော... ကလေးတွေ စာသင်ဖို့ ရော...”
ထိတ်လန့်တကြား ကျွန်မ အော်မေးမိ၏။
“သူတို့မိဘတွေ အတွက်ကတော့ စာရဲ့နောက် မှာ ၀စ်္စနှစ်လုံးပေါက်ပါဖို့က ပိုအရေးကြီးတာကိုး မမရဲ့။ ကျွန်မတို့ ဘာမှမတတ်နိုင်တဲ့ ကိစ္စ။ ဒီအတိုင်းကြည့်နေရ တာ ကြာပြီ”
“ဟင်”တစ်လုံးတောင် မပြောနိုင်တော့ဘဲ “နာ”ခြင်း များစွာဖြင့် ကျွန်မအသံ လုံးဝ တိတ်သွားလေ၏။ ကတုန် ကယင်ဖြစ်လာပြီး စာသင်ခုံ ပေါ် မျက်နှာမှောက်ချလိုက်မိ ၏။ စာသင်ခုံပေါ်မှာ ကျွန်မ မျက်ရည်များ တအိအိနှင့် ရှိုက် ငိုနေမိ၏။ ကျွန်မ အငိုတိတ် ရန်အတွက် အချိန်တော်တော် ကြာလိမ့်မည် ထင်ပါ၏။
နှင်းဝေငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
No comments:
Post a Comment