Tuesday, December 11, 2012

သူလိုကိုယ်လိုလူများ၏ တောင်ထိပ်



 “ကျွန်တော်က ဘုရားသခင် ဖန်ဆင်းတော်မူတဲ့သူ မဟုတ်ဘူးဗျ ဘုရားသခင်လက်က လွတ်ကျတော်မူတဲ့သူ...”

သူနှင့် အတန်ငယ် ရင်းနှီးမှု ရရှိလာသော တစ်နေ့၊ ကိုသက်ပန် ပြောသော စကားဖြစ်သည်။ သူနှင့် ကိုသက်ပန် ရင်းနှီးခဲ့သည်က မမျှော်လင့်ဖွယ် ရုပ်ရှင်ရုံတစ်ရုံထဲတွင် ဖြစ်သည်။ ရုပ်ရှင်ရုံထဲတွင် ဘေးချင်းယှဉ်ကာ ထိုင်နေကြခိုက် သူ့ကို အိပ်ပျော်နေသည် အထင်နှင့် ကိုသက်ပန် က လှုပ်နှိုးခဲ့၏ ။

“မျက်လုံးတွေ ပိတ်ထားပေမယ့် ကျွန်တော် အိပ်ပျော်နေတာ မဟုတ်ပါဘူး၊ ဂီတကို နားထောင်နေတာပါ”

“ဂီတကို နားထောင်နေတာ၊ ဟုတ်လား”

“ဟုတ်တယ်၊ ဒီကားရဲ့နောက်ခံဂီတမှူးက မူရိုက်ဂျာရေး လေ ရုပ်ရှင်ကတော့ ခပ်ညံ့ညံ့ပါပဲ၊ ကျွန်တော် တစ်ခါလည်း ကြည့်ပြီးပြီ၊ ဒီတစ်ခေါက်တော့ ဂီတသံကို ခံစားစေချင်လို့ ရုပ်ရှင်လာကြည့်တာ၊ ဒီ ဂီတမှူးဟာ ဒေါက်တာ ဇီဗာရိုးရုပ်ရှင်ကားကို တာဝန်ယူခဲ့တဲ့သူပဲ"

ရုပ်ရှင်ကားပြီးသွားသောအခါ အအေးဆိုင်တစ်ဆိုင်တွင် အတူတူ ထိုင်ဖြစ်ကြသည်။ ကိုသက်ပန်က

“ခင်ဗျား ဘာဖြစ်လို့ ဂီတသမားတစ်ယောက် မလုပ်တာလဲ”

“ကျွန်တော့ အဖေက သဘောမတူလို့”

သူက ရိုးရိုးသားသားပြောလိုက်သော်လည်း ကိုသက်ပန်က ထူးဆန်းသော စကားတစ်ခွန်းကို ကြားလိုက်ရသလို တအံ့တသြကြည့်ကာ...

“ကျွန်တော်တော့ နားမလည်ဘူး”

“ကျွန်တော် အာရေဗျဘာသာစကားနဲ့ ပြောလိုက်မိလို့်လား”

သူက စီးကရက်ဘူးကို ဖွင့်လိုက်၏။ သူ့ဘူးထဲတွင် စီးကရက်ကုန်နေလေသည်။ ကိုသက်ပန်က သူ့စီးကရက်ဘူးကို ထိုးပေးလိုက်သည်။ အတန်ငယ် တုံ့ဆိုင်းနေပြီးမှ စီးကရက်တစ်လိပ်ကို ဆွဲယူကာ မြန်မြန် မီးညှိဖွာရှိုက်လိုက်၏။

“ကျွန်တော့် အဖေက ကျွန်တော့်ကို တစ်နေ့တစ်ဘူးထက် ပိုမသောက်ရဘူးလို့မှာထားတာဗျ၊ ကျွန်တော့် အတွက်တော့ မဟာ စွန့်စားခန်းပဲ”

“ရဲတိုက်ထဲက ခိုးထွက်ရတာမျိုး နေမှာပေါ့၊ ဒီနေ့အဖို့ခင်ဗျား အဖေရဲ့ ဥပဒေကို ဘယ်နှစ်ကြိမ်မြောက် ချိုးဖောက်ခြင်းလဲ”

“ငါးကြိမ်မြောက်ပေါ့၊ သူက အိမ်မှာ ဗီဒီယိုပဲကြည့်၊ ရုပ်ရှင်ကြည့်တာလည်း မကြိုက်ဘူး၊ ခုလို လမ်းဘေးဆိုင် ထိုင်တာလည်း မကြိုက်ဘူး၊ နောက်တော့”

သူ စကားပြော တုံ့နှေးသွားသဖြင့် ကိုသက်ပန်က စူးစိုက်ကြည့်ကာ

“ကျွန်တော့်လို တွေ့ကရာလူနဲ့ မိတ်ဖွဲ့တာလည်း မကြိုက်ဘူး မဟုတ်လား”

သူ ဖြေမည်ပြုခိုက် စီးကရက်သီးသွားသဖြင့် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ရလေသည်။ နောက်တော့ ကိုသက်ပန်ကို သူ့အကြောင်းတွေ ပြောပြနေမိသည်။

“ကျွန်တော့်နာမည်က ဘုန်းခင်ဇော်၊ ကျွန်တော့် အဖေက ဦးခင်ဇော်တဲ့ ရွှေပြည်တော် တည်ဆောက်ရေးကုမ္ပဏီရဲ့ဥက္ကဌပေါ့၊ ရွှေပြည်တော် ဘဏ်လုပ်ငန်းမှာလည်း သူ့ရှယ်ယာ တစ်ဝက်လောက် ပါတယ်၊ အဖေက သိပ်တော် သိပ်လေစားစရာကောင်းတဲ့လူ၊ ကျွန်တော်က တော့ ဘယ်တော့မှ သူ့ကို မီမှာမဟုတ်ဘူး၊ ကျွန်တော်ကို ပတ်ဝန်းကျင်က ဦးခင်ဇော်သားလို့ပဲ သိကြတယ်၊ ကျွန်တော်က စက်မှုတက္ကသိုလ်က အဆောက်အအုံ အင်ဂျင်နီယာဘွဲ့ရခဲ့သူပါ၊

ဒါပေမယ့် ခုချိန်ထိ ထင်းရှူးသေတ္တာပုံးလေး တစ်ပုံးတောင် မလုပ်ဖူးသေးဘူး၊ ကျွန်တော် အဆောက် အအုံ ကန်ထရိုက်တွေဆီသွားပြီး အလုပ်တောင်းရင် သူတို့က ရယ်မောလွှတ်ကြတယ်၊ ဦးခင်ဇော်သား တော်တော်နောက်တယ်၊ လူပြက် လုပ်စားဖို့ ကောင်းတယ်တဲ့၊ အဲ... အလုပ်တော့ ဘယ်သူကမှ မပေးကြဘူး။”

ကိုသက်ပန်နဲ့ခင်မင်ပြီး မကြာမီ သူသည် ကိုသက်ပန် တက်နေသော စန္ဒရားသင်တန်းသို့လိုက်၍သွားသည်။ သူက ကိုသက်ပန် ကို အထင်ကြီးနေသော်လည်း ကိုသက်ပန်က...

“ဂီတကို ကျွန်တော် မတက်မြောက်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဂီတဟာ သင်္ချာဆန်လို့ပဲ၊ အိုင်းစတိုင်းလို လူတစ်ယောက် ဂီတမှာ ထူးချွန်တာ သက်သေပဲ၊ ကျွန်တော်ကတော့ သင်္ချာနဲ့သင်္ချာဆန်တာမှန်သမျှ အားလုံးကို မုန်းတီးတယ်”

သူ စန္ဒရားတီးသင်တန်းတက်နေရခြင်းမှာ သူ့ဦးနှောက်ကြွက်သားများ သန်မာရေးအတွက် လေ့ကျင့်ခန်းယူနေခြင်းသာဖြစ်သည်  ဟု ဆိုသည်။ သူသည် ကိုသက်ပန်တစ်ကိုယ်တည်း နေထိုင်သော တိုက်ခန်းသို့လည်း ရောက်၍သွားသည်။ ထိုအခန်းမှာ ခန်းလုံးပြည့်လုမတက် စာအုပ်ပုံများကြားထဲမှ စားပွဲတစ်လုံးနှင့် ခုတင် တစ်လုံးသာဖြစ်၍ တခြား အဆင်တန်ဆာ မရှိ။

တက္ကသိုလ်ပညာ မသင်ခဲ့ဟု ဆိုသော်လည်း ကိုသက်ပန်စာအုပ်များ၏ တစ်ဝက်ကျော်ကျော်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်တွေ ဖြစ်နေ၏။ အမျိုးအစားကလည်း ဒဿနိက ဗေဒ၊ စိတ်ပညာ၊ ဘာသာရေး၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ အနုပညာ ရေးရာစသဖြင့် စုံလင်လှသည်။ သူ့မိဘများမှာ မိုးကုတ်တွင် နေထိုင်သူများဖြစ်၍ ချမ်းသာကြွယ်ဝသူများဟု သိရ၏။

“ဘဝတစ်လျှောက်လုံး ကျွန်တော်ဟာ ကိုယ်လုပ်ချင်တာတွေချည်း လုပ်ခဲ့တယ်။ ကိုယ် မလုပ်ချင်တာကို မလုပ်ဘဲနေခဲ့တယ်၊ သေခြင်းတရား ဆိုတာကတော့ အဲဒီနှစ်ခုရဲ့ကြားမှာ ရှိတယ်။ သေခြင်းတရားကို ကျွန်တော် မငြင်းဆန်ဘူး၊ လက်လည်း မခံဘူး။”

သေဆုံးခါနီ ခုတင်ပေါ်တွင် လဲလျောင်းနေသော တစ်ရက်က ကိုသက်ပန်ပြောခဲ့သော စကားများဖြစ်သည်။ သူကသာ မျက်ရည်လည်နေသော်လည်း ညိုမီ ကတော့ တည်တည်ငြိမ်ငြိမ် ရှိနေသည်။

(ညိုမီသည် ကိုသက်ပန်၏အဖော် ခေတ်ပေါ် ပန်းချီဆရာမလေးတစ်ဦး ဖြစ်သည်။)

“ခင်ဗျားက ကျွန်တော့် ဟီးရိုးပဲ ကိုသက်ပန်”

“ကိုဘုန်း (သူ့နာမည်နောက်မှ ခင်ဇော်ဆိုသော စာလုံးကို ကိုသက်ပန်သည် ဘယ်သောအခါမှ ထည့်သွင်းခေါ်ဆိုလေ့မရှိ) ခင်ဗျားဟာ ခင်ဗျားအဖေရဲ့ အရိပ်အောက်က ထွက်ပြေးဖို့ကြိုးစားရင်း ကျွန်တော့် အရိပ်အောက်ကို ခိုဝင်ဖို့ကြိုးစားနေတာပဲ၊ အလကားလူ”

သူ့ကို ဒီတစ်ခါပဲ နာနာကြည်းကြည်း ပြောခဲ့ဖူးသည်။ သူက ကိုသက်ပန်အား သူ့အဖေစကားများကို ပြန်ပြောခဲ့ဖူးသည်။

“မင်းဟာ တစ်နေ့ကျရင် ကုမ္ပဏီဥက္ကဌ နေရာကို ယူရမယ်။ ဒီကုမ္ပဏီမှာ ငါက အစုရှယ်ယာအများဆုံး၊ ငါ့သြဇာကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး၊ ပြီးတော့ တစ်နေ့ကျရင် ဒေါက်တာ တင်ထားသော်နဲ့ လက်ထပ်ရမယ်။ တစ်နေ့ကျရင် မင်းဟာ ငါ့ အတွက် မြေးမိန်းကလေး တစ်ယောက်နဲ့ မြေးယောင်္ကျားလေးနှစ်ယောက် မွေးပေးရမယ်။ တစ်နေ့ကျရင်...”

“တော်ပါတော့ဗျာ” ကိုသက်ပန်က လက်ကာပြကာ တားရင်း ဟားတိုက်ရယ်၏။

“အဲဒီ တစ်နေ့ကျရင်ဆိုတဲ့အဖေ့ရဲ့ဇယားကွက်ထဲမှာ...”

“အဲဒါ ဇယားကွက်မဟုတ်ဘူး ကိုဘုန်း၊ ပင့်ကူအိမ်၊ ပင့်ကူအိမ် ခင်ဗျားရဲ့ဦးနှောက်တွေကို ဖောက်စားမယ့် ပင့်ကူအိမ်”

သူ့ ကို ကိုသက်ပန်ကပင် ဆောက်လုပ်ရေးလုပ်ငန်း တစ်ခု၌ ပန်းရန် လက်ထောက်အလုပ်ရရန် ကူညီခဲ့၏ ။ သူက ပင်ပန်းသော်လည်း ပျော်မွေ့နေသည်။

“ပျောက်ဆုံးနေတဲ့ကျွန်တော့်ကိုယ်ကို ကျွန်တော် ပြန်ရှာတွေ့ပြီ ကိုသက်ပန်၊ အဲဒီမှာ ကျွန်တော့်ကို ဦးခင်ဇော်သားလို့ ဘယ်သူမှ မခေါ်ကြဘူး”

သို့သော် အလုပ်လုပ်ခွင့် ကြာရှည်မခံ။ သူ့အဖေတပည့်တွေက တွေ့ကာ အတင်းဆွဲထုတ်သွားကြသည်။ အဖေက

“မင်း အရူးထ တာတွေ ရပ်တန်းက ရပ်တော့” ဟုကြိမ်းကာ စာချုပ်တစ်ခု သူ့ရှေ့ကို ထိုးပေး၏ ။

“မင်း အဲဒီစာချုပ်ပေါ်မှာ လက်မှတ်ထိုးလိုက်ရုံပဲ၊ အဲဒါ သိန်းနှစ်ထောင်တန် ကန်ထရိုက်လုပ်ငန်းပဲ ဘုန်းခင်ဇော်”

“ကျွန်တော်က ထင်းရှူးသေတ္တာတစ်လုံးဖြစ်အောင်တောင် လုပ်မပြနိုင်သေးဘဲ၊ သူတို့က ဘာလို့ဒီလောက်ကြီးကျယ်တဲ့ လုပ်ငန်းကို ယုံယုံကြည်ကြည်နဲ့အပ်နေရတာလဲ”

“တခြားအကြောင်းပြချက်တွေ မလိုဘူး။ မင်းဟာ ငါ့သားဆိုတဲ့တစ်ချက်တည်းနဲ့ လုံလောက်နေတာပဲ ဘုန်းခင်ဇော်”

စာချုပ်ကို ဆွဲဖြဲပစ်ကာ အဖေ့ရုံးခန်းမှ ကျောခိုင်းထွက်လာခဲ့သည်။ ထိုနေ့မှာ ကိုသက်ပန်က သူ့ခန္ဓာကိုယ်ထဲကို သွေးသွင်းရန် ကိစ္စအား ငြင်းဆန်ကာ ဆေးရုံက ဆင်း၍ သူ့အခန်းပြန်ရောက်သော နေ့ပင်ဖြစ်သည်။ လွန်ခဲ့သော တစ်လခန့်က နှာခေါင်းထဲမှ သွေးလျှံကာ ကိုသက်ပန် ရုတ်တရက် မူးလဲခဲ့သည်။ ဆေးရုံရောက်မှ သွေးကင်ဆာရောဂါမှန်း သိခဲ့ရ၏။

“ကျွန်တော့် ကိုယ်ထဲကို ဘယ်သူ့သွေးမှ တစ်စက်ကလေးတောင် အသွင်းမခံနိုင်ဘူး ကိုဘုန်း၊ ကျွန်တော်ဟာ ကျွန်တော် အစစ်အဖြစ် နေထိုင်ခဲ့တယ်။ ကျွန်တော် အစစ်အဖြစ်နဲ့ပဲ သေဆုံးချင်တယ်”

ညိုမီက သူတို့နှစ်ယောက်ကို လှည့်မကြည့်ဘဲ သူ နားမလည်သော ပန်းချီကားတွေကို ရေးနေသည်။ တစ်ခါတစ်ရံ သူနှင့် ညိုမီ နှစ်ယောက်တည်း အပြင်ထွက်ကာ ညစာစားကြ၏ ။ ညိုမီကို ရုပ်ရှင်တစ်ကား လိုက်ပြရန်ပင် ကိုသက်ပန်က အတင်းတိုက်တွန်းသဖြင့် သူ လိုက်ပြခဲ့ရသည်။

တစ်နေ့ညိုမီ မရှိခိုက် ကိုသက်ပန်က ပြောသည်။

“ကျွန်တော် မသေခင် ခင်ဗျား လက်ထပ်စေချင်တယ်”

“ဒေါက်တာ တင်ထားသော်နဲ့လား”

“မဟုတ်ဘူး ညိုမီနဲ့”

နှစ်ယောက်သားကြားမှာ အတန်ကြာ တိတ်ဆိတ်သွားသည်။ ကိုသက်ပန်က

“ကျွန်တော် ညိုမီ့ပန်းချီကားတွေကို နားလည်ခဲ့တယ်၊ ဒါပေမယ့် ညိုမီကို နားမလည်ခဲ့ဘူး”

သူက...

“ကျွန်တော်ကတော့ ညိုမီ ကို နားလည်တယ်၊ ညိုမီ့ပန်းချီကားတွေကို နားမလည်ဘူး”

သူ  အခန်းထဲက ထွက်လာခဲ့သည်။ မလှမ်းမကမ်းမှ ပန်းခြံထဲတွင် သွားထိုင်နေခဲ့သည်။ သူ့ဘေး မြေပေါ်တွင် ထိုင်ငိုက်မှေး နေသော ခိုစာရောင်းသည့် အဘွားကြီးကို သနားသဖြင့် သူ ခိုစာဝယ်ကျွေးခဲ့သည်။ သို့သော် ခိုတစ်ကောင်တလေမှ မလာ။

“ခိုတွေ ဘယ်ရောက်ကုန်တာလဲ”

“ဒီနေရာကို ခိုစာမကျွေးရတဲ့နယ်မြေအဖြစ် သတ်မှတ်လိုက်တယ်လေ ခိုစာကျွေးတဲ့လူတွေ မလာကြတော့ ခိုတွေလည်း မလာတော့ဘူးပေါ့...”

ခိုများကား တခြားကို ရွှေ့သွားကြဟန် တူသည်။ တခြားကို မရွှေ့နိုင်သော ခိုစာရောင်းသူ အဘွားအိုသာ ဤနေရာတွင် ကျန်ရစ်ခဲ့၏ ။ ပန်းခြံထဲက ခုံတွင် သူ ဘယ်လောက်ကြာအောင် ထိုင်နေမိသည် မသိ။ တစ်နေ့တွင် ပန်းခြံထဲကို ညိုမီရောက်လာကာ ခုံပေါ် သူ့ဘေးတွင် ဝင်ထိုင်ရင်း တည်ငြိမ်စွာ ပြောလေသည်။

ကိုသက်ပန် ဆုံးပြီ။

သစ္စာနီ
(သရဖူ မဂ္ဂဇင်း၊ အမှတ် - ၁၈၊ ၁၉၉၆ )

No comments:

Post a Comment