Tuesday, December 11, 2012

မစပ်သောငရုတ်



“ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရတာ၊ သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းမှာလ၊ ကရွတ်ကင်း လျှောက်တဲ့ တေးပုံပမာ၊ အဲဒါ... အဲဒါ...အဲဒါ ဘ၀သံသရာ”
          အထမ်းသမား ကိုကြာရိုးက ငါးစည်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ဟစ်ဆိုလိုက်သည်။
         
“သြော်...ဘ၀သံသရာတဲ့ ရှည်လျားထွေပြား မနေမနား တစ်သွား တည်း သွားကြတာ၊ ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ၊ သြော်...လောဘရယ်... ဒေါ...ဟော..ဟော..ထွီ ...ဒီ ခြင်..ငါမျိုချလိုက်ပြန်ရော့မယ်”
         
ပါးစပ်ပေါက်ထဲ တည့်တည့်တန်းဝင်လာသော ခြင်ကြောင့် ကိုကြာရိုး စည်းစိမ်ပျက်သွားသည်။ ငါးညှီရေများနှင့် စိုနေသော သမံတလင်းကြမ်း ပေါ်သို့ ထွီးခနဲ ထွေးချလိုက်သည်။ သူ့တံတွေးက ခုံဖိနပ်ကြီး တဂေါက် ဂေါက်နှင့် လျှောက်လာသော မအေးမြင့်ကို မထိတထိ သွားစင်လေသည်။

မအေးမြင့်က မျက်စောင်းနှင့်ကြည့်ရင်း “မအေပေးနော်” ဟု ပြောသွား သော်လည်း ကိုကြာရိုးက ပန်းပွင့်နှင့် ပေါက်သလောက်ပင် ထင်ပုံရသည်။ တဟဲဟဲရယ်ရင်း မအေးမြင့်၏ နိမ့်တုံမြင့်တုံ တင်ပဆုံနှစ်ဖက်ကို မျက်စိ တစ်ဆုံး လိုက်ကြည့်နေလေသည်။
         
“ဒီကြာရိုးကြောင့်တော့ ခက်တယ်၊ မိန်းမများမြင်ရင် နွားပြာကြီး အောက်သွားမရှိတော့တဲ့အတိုင်း တဟဲဟဲနဲ့”
          မနွဲ့ရည်က မသိမသာလှမ်းကြည့်ရင်း တွေးမိသည်။
          “ငါ့အလုပ်သမားတွေကလည်း အကုန်လုံးက ဇ ကလေးတွေနဲ့၊ သောင်းမြင့်ကျတော့ အားအားရှိ ဖဲဝိုင်းပဲ သွားချင်နေတာ၊ ကိုယ့်မောင် ၀မ်းကွဲတွေကျတော့ အားကိုးရမလား အောက်မေ့ပါတယ် သူတို့ကိုယ် သူတို့ သူဌေးသားတွေ ထင်နေကြတယ်၊ အလုပ်လုပ်လိုက်ရင် စိတ်မ၀င်စား သလိုလို ၀င်စားသလိုလို မလှုပ်တုတ်ချောက်နဲ့ ငါးနံ့ညှီရင်ပဲ နှာခေါင်းက ရှုံ့ချင်သေး၊ ဒီငါးတွေက သူတို့ကို ထမင်းကျွေးနေတာဆိုတာ မေ့များနေ ကြသလား မသိပါဘူး”
         
မနွဲ့ရည်က ခုံဖိနပ်ကိုချွတ်ကာ ဒိုင်ပေါ် တက်ထိုင်သည်။ လွယ်လာခဲ့ သော သားရေအိတ်ကို ဘေးတွင်ချပြီး ပေါင်နှင့် မသိမသာ ဖိထားလိုက် သည်။ ဒီအိတ်ထဲမှာ ငွေက ထာဝစဉ်ပင် သောင်းနှင့်ချီကာ ပါနေလေတော့ လက်လွတ်စပယ် မထားရဲပေ။
         
“ငါးနံ့ ညှီတာများတော့ ရိုးနေပါပြီ၊ ညှီတယ်လို့တောင် မထင်ပါဘူး၊ ငါက ဟိုဘက် သစ်သီးတန်းဘက်က ဒူးရင်းသီးနံ့ ရရင်သာ စိတ်ညစ်တာ၊ ပြောရင်းဆိုရင်း အနံ့က သင်းလာပြီ၊ ကြည့်၊ အဲဒီအနံ့ကြီးကသာ ခံရခက်တာ”
        
မနွဲ့ရည်သည် ချွတ်ထားသော ခုံဖိနပ်ကို ပြန်၍ ကုန်းကောက်ပြီး ခြေရင်းဘက်တွင် ချထားလိုက်သည်။ တော်ကြာ ပျောက်သွားဦးမည်။ ဖြတ်သွားဖြတ်လာတွေက မနည်း။ တော်ကြာ ဘယ်သေနာ့ခြေထောက် တွင် ပါသွားသည်မသိဘဲ ပျောက်ရဦးမည်။ ခံရပေါင်းလည်း များလှပြီ။
          “အစ်မနွဲ့ရည် ဒီနေ့ စောသားပဲ”
          “ဓနုဖြူငါး စောင့်ရဦးမယ်လေ”
          “ဘာငါးတွေ လာမှာလဲ ကန်ငါးလား”
          “မဟုတ်ဘူး ပိုက်သမားတွေလာမှာ၊ သောင်းပြောင်းပဲပေါ့ ၊ ဒါကြောင့် စောစောလာခဲ့တာ၊ စာရင်းတွေလည်း ပြန်တွက်ရဦးမယ်၊ မနေ့တုန်းက ကျော်ကျော့်ကို စာရင်းမှတ်ခိုင်းလိုက်ပါတယ် ငါးအချိန်ကိုပဲ ရေးထားတယ်၊ ငါးကြီးလား ငါးသေးလား အမျိုးအစားလည်း ရေးမထားဘူးလေ၊ အဲဒါ မှတ်မိသရွေ့ စဉ်းစားပြီး ပြန်ရေးရဦးမယ်”
        
ရေခဲပွဲစား မလှတင့်က မနွဲ့ရည်အား မင်းကွတ်သီး သုံးလုံး လှမ်းပေး သည်။ မနွဲ့ရည်က တစ်လုံးလှမ်းယူကာ လက်နှစ်ဖက်နှင့် ညှစ်၍ ခွဲလိုက် သည်။ အတွင်းသားများက ဖွေးခနဲ ပေါ်လာလေသည်။
          “ဒါဆို ဒီည အစ်မ အိပ်ရပါ့မလား”
          “မအိပ်ရတော့ဘူး ထင်တာပဲ၊ အဲဒီစာရင်းတွေပြီးရင် ဥက်္ကံကို ကြွေး တောင်းစာ ရေးရဦးမယ်၊ နေဦး အခု ရှစ်နာရီဆိုတော့ ဆယ့်တစ်နာရီ လောက်မှာ စာရင်းပြီးရင်တော့ ခဏ မှေးနိုင်မယ် ထင်ပါရဲ့”
         
မီးလုံးရောင်က မှိန်မှိန်သာလင်းနေသည်။ သို့သော် စာရေး၊ စာဖတ်၊ စာရင်းတွက်၍ကားရသည်။ မျက်စိအားစိုက်ရလေတော့ ကာလရှည်ကြာ လာလျှင် မျက်စိတော့ နည်းနည်း ပျက်ချင်ပျက်ပေမည်။ သို့သော် မနွဲ့ရည် ခုအထိတော့ မျက်မှန် မတပ်ရသေး။ ဒီ ကီလီဈေး၊ ဒီ ငါးစိမ်းတန်းတွင် မနွဲ့ရည် ကျင်လည်ခဲ့သည်မှာ ငါးနှစ်ခန့်ပင် ရှိပေပြီ။
         
ငါးနှစ်ဟူသည်မှာ ပြန်တွေးလိုက်တော့လည်း ဘာမှ မကြာသလိုလို၊ အကြာကြီးလိုလိုနှင့် စိတ်ထဲတွင် ဝေေ၀၀ါးဝါး ဖြစ်နေသည်။ ဒီငါးနှစ် မတိုင်ခင် ငါးနှစ်ကတော့ ငံပြာရည် ရောင်းရင်း၊ ငါးပိရောင်းရင်း အချိန်ကုန် ခဲ့သည်။ ဆယ်နှစ်ဟူသော အချိန်ကို ပြန်တွေးလိုက်တော့လည်း ကြာသလို လို၊ မကြာသလိုလိုပင်။
         
မနွဲ့ရည်ဟူသော မိန်းကလေး။ လူ့ဘ၀ လူ့လောကထဲသို့ ရောက်လာသည်မှာ ဘာလိုလိုနှင့် သုံးဆယ့်ငါးနှစ်ပင် ရှိခဲ့ပေပြီ။ အတွေအကြုံပေါင်းလည်း စုံလှပြီ။
          “တွေ့ကြုံ ဆုံကွဲ တစ်ခရီးတည်း ၀မ်းနည်းဝမ်းသာ အကြောင်းကံပါ ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ”
         
ကိုကြာရိုးက သီချင်းဆက်ဆိုပြန်သည်။ ငါးခူတွေ လှောင်ထားသော သစ်သားစည်ပိုင်းကို စည်းချက်နှင့် ခေါက်နေသည်။ သူ့ဘေးက ရေစည် ပေါ်တွင်ကား ပုစွန်ဒိုင်မှ အထမ်းသမားတစ်ဦးက ခွေခွေခေါက်ခေါက် အိပ်နေသည်။ သူ့မျက်နှာတွင် ခြင်တွေ အုံခဲနေသော်လည်း သိပုံမရ။ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေသည်။ ဒါကတော့မဆန်း။ မနွဲ့ရည်တို့လို ငါးသမားတွေက ညတွင် အလုပ်လုပ်ကြရသူများမို့ အိပ်ချိန် အတော်နည်းသည်။ ထို့ကြောင့် ရသမျှ အချိန်ကလေးများတွင် ဖြစ်သလို အိပ်တတ်ကြ လေသည်။

ငါးသလောက် သေတ်္တာဘေးတွင် အိပ်စင်ခင်းပြီး အိပ်နေသော ကိုစိုးဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ ရာသီဥတု အုံ့အုံ့အိုက်အိုက်ကြီးမို့ အင်္ကျီမ၀တ်ဘဲ ကျောအပြောင်သားနှင့် မှောက်လျက်ကြီး အိပ်နေသည်။ သူ့ကျောတစ်ပြင်လုံး ခြင်တွေ ခဲနေလိုက်သည်မှာ မည်းသည်း၍ နေသော် လည်း သူကတော့ တုတ်တုတ်မျှမလှုပ်။
         
           “ခြင်တွေ ကိုက်လိုက်တာဟယ်၊ ငါတော့ ခြင်ထောင် ထောင်တော့ မယ်”
          “ကျွန်မလည်း ကြွေးတောင်းထွက်လိုက်ဦးမယ်၊ ဦးပိုက်ကြီးတို့ဒိုင်က ရေခဲဖိုး မရှင်းတာ ကြာနေပြီ”
          “ခုနတုန်းကတော့ ဦးပိုက်ကြီးကို တွေ့လိုက်သားပဲ၊ သွားတောင်းချည်”
          “နေ့ရွှေ့ ညရွှေ့ လုပ်ဦးမှာပဲ အစ်မရဲ့”
          “ရအောင်တောင်းအေ၊ သူကဖြင့် ဆီဒင်ကား ၀ယ်စီးနေပြီး ကိုယ် ပေးစရာရှိတဲ့ ငွေကျရင် အင်မတန် လက်ပေါက်ကပ်တယ်၊ မရရင် ဆဲပစ်”
          “မဆဲရဲဘူး အစ်မရဲ့၊ သူက ကိုယ့်ထက်တောင် မိုးမွှန်အောင် ပြန်ဆဲ မှာ၊ သူ့အကြောင်းလည်း သိသားနဲ့”
         
မလှတင့်က ခုံဖိနပ်သံ တဂေါက်ဂေါက်နှင့် ပြန်ထွက်သွားသည်။ လမ်းလျှောက်ရင်းမှ သူ့ညာလက်မောင်းမှ ခြင်ကို ဘယ်လက်နှင့်ရမ်း၍ ရိုက်လိုက်သည်။ လက်ဖ၀ါးတွင် ရဲကနဲ ပေသွားသော သွေးကို ထမီနှင့် ပွတ်သုတ်လိုက်လေသည်။
          
ခုနတုန်းက ခဏငြိမ်သွားသော ရေခဲခွဲစက်က တဂျီးဂျီး တဂျိမ်းဂျိမ်း နှင့် ပြန်၍ ဆူညံလာပြန်သည်။ ရေခဲတုံးကြီးများကို ကြမ်းပေါ် တဂျီးဂျီးနှင့် တွန်း၍ ရွှေ့သွားသံကိုလည်း ကြားနေရသည်။ မနွဲ့ရည်သည် လှည့်မကြည့် ဘဲ ကျောခိုင်းထားသော်လည်း လေးထောင့် ရေခဲတုံးကြီးကို ကြမ်းပေါ်တွင် လျှောတိုက်၍ တွန်းသွားသူများ၊ ခွဲပြီး ရေခဲအကြေများကို တောင်းနှင့် ပြန်ထမ်းလာသူများ အားလုံးကို စိတ်နှင့်သိပြီး စိတ်နှင့်မြင်နေသည်။ သည်ဝန်းကျင်တွင် သူ ကျင်လည်ခဲ့ရသည်မှာလည်း ကြာလှပေပြီ။
         
“လောဘရယ်..ဒေါသရယ်..မောဟရယ်..အ၀ိဇ်္ဇာ ပစ်္စယာ... သင်္ခါရတဲ့၊ ပျော်လိုက် ရွှင်လိုက် ငိုကာ ရယ်ကာ၊ ဘယ်ခါ မတည်မြဲ ဖောက်လွဲဖောက်ပြန် အကြောင်းခံ ကမ်္မသကာ...”
        
“တော်စမ်းပါဗျာ ဒီနားက သေးစော်နံလွန်းလို့ နှာခေါင်း မချမ်းသာရတဲ့ အထဲက ခင်ဗျားအသံကွဲကြီးက နားပါမချမ်းသာရအောင် နှိပ်စက်နေတယ်”
         
သက်ထွေးက ရေစည်ထဲမှ ရေတစ်ပုံးခပ်ကာ သမံတလင်း အခင်း ပေါ် ဝေါခနဲ လောင်းချသည်။ ပုံးထဲမှ ရေအကျန်နှင့် ကိုကြာရိုးအား မထိတထိ လှမ်းပက်လိုက်လေသည်။
         
မနွဲ့ရည်က နေရာမှထကာ ခြေရင်းဘက်တွင် ဆင့်တင်ထားသော ထင်းရှူးသေတ်္တာထဲမှ ခြင်ထောင်ကိုထုတ်သည်။ ခြင်ထောင်တွင် ကြိုးတွေ က အဆင်သင့်တပ်ထားလေသည်။ လေးဘက်လေးတန်တော့ တင်းတင်း ရင်းရင်း မချိတ်နိုင်။ ဟို ရာဇူးလှမ်းချိတ်၊ ဒီရာဇူးလှမ်းချိတ်နှင့် သုံးဘက် လောက်ကိုတော့ လျော့ရိလျော့ရဲနှင့် ဖြစ်သွားသည်။
         
“သူများချစ်သလို ချစ်ပါနော့တဲ့ အဟား ဟား... မောင်ဆား မင်း ရေးထားတာလား”
          ကျော်ကျော်က ရေစည်ပေါ်တွင် ထုံးနှင့်ရေးထားသော စာကို ဖတ် ကာ ရယ်နေသည်။
          “ဟေ့ကောင်...မောင်ဆား၊ မင်းဆင်းကွ ဟောဒီမှာ ရေးထားတာ တွေ့လား၊ မိတ်ဆွေ ရေစည်ပေါ် ဆားမတင်နှင့်တဲ့ကွ”
        
ရယ်သံများကို ကြားရသည်။ မနွဲ့ရည်သည် ဗေဒင်ဆရာခုံကလေး ကို ခြင်ထောင်ထဲ အရင်သွင်းသည်။ ထို့နောက် စာရင်းစာအုပ်နှင့် သားရေ အိတ်ကို ကိုင်ကာ ခြင်ထောင်ထဲ ၀င်သည်။ လေးဖက်လေးတန် ဆွဲပြီး တင်းတင်းရင်းရင်းသာ ထောင်ရလျှင် လူသုံးလေးယောက်လောက် အေးအေး သက်သာ ထိုင်နိုင်မည်ဖြစ်သော်လည်း ယခုတော့ လျော့လျော့ရဲရဲမို့ တစ်ယောက်ပင် အနိုင်နိုင်။ လျော့ကျနေသော ခြင်ထောင်ပိတ် အမိုးက ခေါင်းပေါ်တွင် တစ်မိုက်လောက်ပင် မလွတ်။ခေါင်းကို လာ၍ လာ၍ ထိနေသည်။
        
“ဖြစ်ချင်တယ် မဖြစ်ချင်ဘူး ဆိုတာတွေထက် ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့သာ အရေးကြီးတာပါ၊ ကိုယ်နေချင်သလို မဖြစ်တဲ့ လောကကြီးမှာ ဖြစ်လာတာကိုသာ ရင်ဆိုင်ရတော့မှာပဲ၊ ဘ၀ဆိုတာ ကိုယ်တည်ဆောက် သလို ကိုယ်မျှော်မှန်းသလို ဖြစ်တတ်တာမျိုးမှ မဟုတ်တာ”
         
ခုံပေါ်တွင် စာရင်းစာအုပ်ကို တင်သည်။ အိတ်ထဲမှ ဂဏန်းတွက်စက် ကလေးကိုပါ ထုတ်ထားလိုက်သည်။
          “အစ်မ...”
          ခြင်ထောင်ဘေးသို့ ကျော်စိုး ကပ်လာသည်။ မျက်နှာက ခပ်ညှိုးညှိုး။
          “အစ်မ ကျွန်တော့်ကို နောက်ထပ် တစ်ရာလောက် ကြိုပေးပါဦး”
          “နင်ယူတာ များပြီနော်”
          ကျော်စိုးက သေးသေးနွဲ့နွဲ့နှင့် ရုပ်လည်းချောသည်။ အမူအရာသာ လုပ်တတ်လျှင် မင်းသားဖြစ်လောက်သော ရုပ်ရည်မျိုးဖြစ်သည်။ သူလည်း တစ်ချိန်က မင်းသားရူး အတော်လေး ရူးခဲ့ဖူးသည်ဟု ဆိုသည်။ သို့သော် မိဘက ငွေကြေးတတ်နိုင်သူများ မဟုတ်သည်က တစ်ကြောင်း၊ အဆက် အသွယ် မရှိသည်က တစ်ကြောင်း၊ အကြောင်းကံမပါသည်က တစ်ကြောင်း အကြောင်းကြောင်းတို့ကြောင့် သူ့ခမျာ ရုပ်ရှင်ထဲတွင် အစ်ကိုက ဖိတ်စာ ပေးခိုင်းလိုက်ပါတယ်ဟု မင်းသမီးကို သွား၍ ပြောရသော မင်းသား၏ ကားမောင်းသူပင် မလုပ်ဖူးသေးပေ။ မနွဲ့ရည်၏ ဒိုင်တွင်သာ တစ်ည နှစ်ဆယ် ပုတ်ပြတ်နှင့် အလုပ်သမား ဖြစ်လာခဲ့လေသည်။
        
“မှတ်ထားပါ အစ်မ၊ ခုဟာက ကလေးတွေ ကျောင်းဖွင့်လို့ အကြီး နှစ် ကောင်က ကျောင်းကြီးအပ်ရတော့မယ်၊ အငယ်မကိုလည်း မူကြိုပို့ရမယ်တဲ့”
          “အေး ငါကတော့ သဘောကောင်းပြီး တောင်းတိုင်း ထုတ်ပေးနေ တာ၊ တော်ကြာ ငွေများလာတော့ ဒီမှာလာမဆင်းတော့ပဲ တခြားဒိုင်တွေ မှာလည်း သွားလုပ်မနေနဲ့ဦး”
          “စိတ်ချပါ အစ်မရာ”
          “အေး အေး မနက်ကျတော့ ပေးလိုက်မယ်၊ နင်ကလည်း ကလေးက ဘယ်နှယောက် ရှိနေပြီလဲ”
          “လေးယောက်”
          “ဗိုက်ထဲမှာ တစ်ယောက် မဟုတ်လား၊ တစ်လောက နင့်မိန်းမ တွေ့လိုက်ပါတယ်”
          ကျော်စိုးက ရှက်ကိုးရှက်ကန်းနှင့် ရယ်သည်။
          “နင်တို့ကလည်း ကျွေးနိုင်မှ မွေးပေါ့၊ အကာအကွယ်လေး ဘာလေး လုပ်ဦးမှပေါ့ဟဲ့၊ ခုမှ အသက်က အစိတ်ရှိသေး၊ ကလေးက လေးယောက်၊ နင့်မိန်းမကလည်း သားပေါက်ကောင်းလိုက်တာ၊ တစ်နှစ်တစ်ယောက်လောက် မွေးနေတာ၊ ဒီပုံအတိုင်း ဆက်မွေးနေရင် နယ်သစ်ရှာပြီး ရွာတည်လို့ရမယ်”
          “ဘုရားပေးတာ မတားကောင်းဘူးတဲ့ အစ်မရ”
        
ကျော်စိုးက ခပ်တိုးတိုးပြောသွားသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ပခုံး ကလေး ကိုင်းညွှတ်အောင် တာဝန်တွေ ပိနေသော ကျော်စိုးကို လှမ်းကြည့် ရင်း မနွဲ့ရည် သက်ပြင်းချမိသည်။ အမေ့ကို သတိရသည်။ အမေကလည်း သားသမီးဆိုတာ ဘုရားပေးတာ မတားကောင်းဘူးဟု ပြောတတ်လေသည်။
          စာရင်းစာအုပ်ကို ဖွင့်သည်။
          ဒေါ်ကြည်        ငါးမြစ်ချင်း (သေး)        ၁၅ ပိဿာ၊
          ဒေါ်လုံးမ         ငါးခေါင်းပွ        ၈ ပိဿာ၊
          ဆွာမိ   ငါးကြင်းပေါက်   ၁၀ ပိဿာ၊
          စာရင်းတွေကို ဖတ်သည်။ သို့သော် ကိန်းဂဏန်းများက မျက်စိထဲ တွင်ေ၀၀ါးပြီး ပြားသွားလေသည်။
          အမေ့ကို သတိရသည်။
          အဖေ့ကို သတိရသည်။
          ငယ်ငယ်တုန်းက ဘ၀ကို သတိရသည်။

မစန္ဒာ
source..... စာပေလောက

No comments:

Post a Comment