Saturday, April 28, 2012

ချစ်သူတွေသာဖတ်ဖို့ အလွမ်းပြေ


လှည်းတန်းလမ်းမှတ်တိုင်ကနေ လမ်းလျှောက်လာတော့ ညနေစောင်းပြီ။ မီးပွိုင့်နားက တြိဂံပုံ ကြက်လျှာစွန်း ဘေးနားစပ်က သံ ပန်းကွေးခုံးခုံးလေးတွေမှာ ထိုင်နေသူတချိ့တလေကိုတောင် တွေ့နေရသည်၊ မီးပွိုင့်နားက လှည်းတန်းရဲစခန်းကို ကျော်လာစမှာပင် ပြည်လမ်းကို ဖြတ်ပြီးသောအခါ ပလက်ဖောင်း အတိုင်းမြောက်ဘက်သို့ ဆက်လျှောက်သည်၊ ညာဘက်လှမ်းကြည့်တော့ ရာမညဆောင်ကို မြင်နေရသည်၊ ရာမညဆောင် မျက်နှာစာရှိ ဝင်းတံခါးနားသို့ရောက်တော့ သံကြိုးဖြင့်ဆိုင်းပြီး ခပ်ဟဟဖွင့်ထားသော တံခါးမှ ကျောင်းဝင်းထဲသို့ လှမ်းဝင်လိုက်သည်။

ကျောင်းပရဝဏ်ထဲသို့ နောက်ခြေတစ်လှမ်းလှမ်းပြီးချိန်တွင် ကိုယ်ခန္ဓြွာတစ်ခုလုံးက ကျောင်းဧရိယာထဲသို့ ရောက်သွားသည်၊ အဲဒီလိုအခြေအနေနှင့် ခံစားမှုမျိုးဖြစ်သော အချိန်တွင် အဆိုကျော် အမျိုးသမီးကြီးတစ်ဦး ဆိုခဲ့ဖူးသော “ချစ်သူနယ်မြေ” သီချင်းစာသားထဲ  မှာ ခဏတစ်ဖြုတ်လောက်တော့ လိုက်လျှောက်ဖြစ်တတ်သေးသည်။
   
“ချစ်သူရင်ခွင်သည်သာ ငြိမ်းချမ်းနယ်မြေ xxx သစ္စာတရားထွန်းကားရာ xxx ငြိမ်းချမ်းသာယာသောနေမြေ xxx ငြိမ်းချမ်းသာယာ သောနယ်မြေ xxx

   
ဟုတ်သည်ပဲလေ ချစ်သူ ခင်သူ မြတ်နိုးသူ လေးစားတန်ဖိုးထားရသူတွေနှင့် စိတ်အေးသက်သာ အတူတကွ နေထိုင်ရာသော အရပ်ဒေသ နယ်မြေနေရာကို ငြိမ်းချမ်းသာယာသော လွတ်မြောက်အေးချမ်းသောနေရာဟု မသတ်မှတ်လျှင် ဘယ်နေရာကိုများ ချစ်သူနယ် မြေဟု သတ်မှတ်ရမှာလဲ ဟုလည်း အတွေးဝင်တတ်သေးသည်။

ညနေ ငါးနာရီကျော်ပြီဖြစ်၍ ရာမညဆောင်တံခါးက ပိတ်ထားသည်။ ဒီအချိန်ဆိုလျှင် ဆရာ ဆရာမတွေလည်းအဆောင်မှာမရှိတော့ အဆောင်စောင့်ပဲရှိမည်၊ ရာမညဆောင်ရှေ့ဘက်လမ်းမှ မြောက်ဘက်ဆက်လျှောက်လာသည် အဆောင်ထောင့်ကွေ့နားတွင် ဦးချစ်လက် ဖက်ရည်ဆိုင်ထဲဘက်သို့ ဝင်သောမြေလမ်းကလေးတွေ့သည်၊ သစ်ပင်တွေအုပ်ဆိုင်းနေသော နေရာဘက်ကိုလှမ်းကြည့်သည်၊ ခပ်လှမ်းလှမ်း တွင် ဦးချစ်ဆိုင် တစ်စွန်းတစ်စကို လှမ်းမြင်နေရသည်၊ သီချင်းသံသဲ့သဲ့လေးသာကြားရသည်။

ဒါတောင် ကျောင်းဆင်းချိန်ဖြစ်ပြီး နားအတော်ပါး မှ ကြားရမည့်အသံဖြစ်သည်၊ ဆိုင်ဘက်ဝင်ပြီး အသိမိတ်ဆွေတွေ ရှိမလား ကြည့်ချင်စိတ်သည် ငါသွားတွေ့မယ့်သူက ဒီအချိန်ဆိုရင်အဆောင် မှာပဲရှိမှာပါဟု အတွေးဝင်သဖြင့်ကွန်ကရစ်ထောင့်ချိုးလမ်းကို ဖြတ်ထားသော မြေသားဖြတ်လမ်းမှ
တောင်ငူဆောင်ထောင့်ဘက် တောင်ပိ န္နဲပင် အောက်သို့ လျှောက်လာသည်။

ဘယ်ဘက်ခြမ်းကိုလှမ်းကြည့်တော့ ညဘက်မှဖွင့်သော စားသောက်ဆိုင် တန်းမှာ လူတချို့ထိုင်နေကြ တာကိုမြင်ရသည်၊ နေ့ခင်းဘက်မှာ ဖွင့်သော တောင်ငူစားသောက်ဆိုင်တန်းက အရှည်ကြီးလက်ဘက်ရည်ဆိုင်မှာတောင်မှ ဘယ်သူမှ မတွေ့ ရတော့၊ဘွဲ့ကြိုတန်းတွေအားလုံး စာမေးပွဲပြီး၍ ကျောင်းပိတ်ထားသောအချိန်၊ တက္ကသိုလ်စာပေးစာယူ သင်တန်းတွေ အနီးကပ်တက်ပြီး စာ မေးပွဲဖြေပြီးချိန်ဖြစ်သောကြောင့် အရှည်ကြီးဆိုင်မှာ ထိုင်နေသူတွေမရှိကြတာဖြစ်မယ်။

ပုံမှန်ကျောင်းဖွင့်ရက်တွေဆိုလျှင် ခြောက်နာရီလောက် အထိ ထိုင်နေကြသူတွေရှိတတ်သည်၊ ညဆိုင်တွေ၏ စားပွဲများကြားတွင် အရှည်ကြီးဆိုင်က စားပွဲတချို့တွေ့ရတတ်သည်။ ထိုင်လက်စနှင့်ဆက် ထိုင်နေသဖြင့် အရှည်ကြီးဆိုင်က ကိုတင်အောင်တို့ ညီအစ်ကိုတွေကလည်း တခြား သိမ်းစရာရှိတာတွေ သိမ်းဆည်းရင်း စောင့်ပေးတတ်သည်။ လက်ဖက်ရည်ဆိုင်မှာ ပြောလက်စ၊ ဆွေးနွေးလက်စ စကားကိုဖြတ်မရနိုင် သူတွေက ဦးချစ်ဆိုင်ဘက်သို့ကူးသွားကြသည်၊ ဦးချစ်ဆိုင်မှာ ည ဆယ်နာရီခွဲလောက်အထိ ထိုင်၍ ရသည်လေ။
  
တောင်ငူဆောင်ရှေ့ ကွန်ကရစ်လမ်းအတိုင်း ဝင်းတံခါးပေါက်မှ ထွက်၍ ညာဘက်ကွေ့သည်၊ ဒဂုံဆောင်မျက်နှာစာကို လှမ်းမြင် နေရသည်၊ ကျောင်းပိတ်ချိန်မို့ အော်သံ၊ ခေါ်သံ၊ ဂီတာတီးသံ၊ သီချင်းဆိုသံတွေ မကြားရ၊ ဆက်လျှောက်လာသည်၊ မြန်မာစာပါမောက္ခနေ သောအိမ်ရှေ့သို့ရောက်လာသည်၊ နေရောင်သည် အင်အားချည့်နဲ့စွာ ရှိသည်။ အလင်းရောင်က ပီပီသသရှိသေးသည်။

ဆောင်းရာသီအစ ပိုင်း ညနေစောင်းတွေမှာ မှောင်ချိန်စောတတ်သော်လည်း အခုမှ ငါးနာရီခွဲကျော်ခါစမို့ မမှောင်တတ်သေး၊ အဓိပတိလမ်းပေါ်ဖြတ်တက်သည်၊ လမ်းကိုတည့်တည့်ဖြတ်ကူးပြီး မြက်ခင်းသေးသေး နှစ်ဖက်ကြားက ကွန်ကရစ်ပြားတွေ ခင်းထားသောလမ်း အတိုင်း ဘွဲ့နှင်းသဘင်ခန်းမဘက် သို့မျက်နှာမူပြီး လျှောက်လာသည်၊ ရေတမာပင်အကိုင်းတွေ၊ အရွက်တွေက လူသွားလမ်းပေါ်သို့ အုပ်မိုးထားသည်၊ ညာဘက်ခြမ်းမှာ သံတိုင် တွေက ဝင်းခတ်ထားသော အဆောင်တွေကိုမြင်ရသည်။

ဟိုတုန်းက ကျောင်းသားကြီးတွေကတော့ ဒီအဆောင်တွေရှိသော ဝင်းကြီးကို ဗဟို ဆောင်ဟုခေါ်ခဲ့ကြသည်၊ အင်းဝ၊ စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံဆေင်တွေရှိသော ဝင်းကြီးဖြစ်သည်၊ အင်းဝဆောင်ရှေ့မှ ကျောင်းဝင်းထဲသွား လို့ရသည်၊ အင်းယားလမ်းဘက်သို့ ထွက်၍ရသည်၊ ပင်းယဆောင်ရှေ့မှ ဝင်းတံခါးကိုကျော်လျှင် အဓိပတိလမ်းပေါ် ရောက်သည်၊ သထုံဆောင် ရှေ့ ဝင်းတံခါးပေါက်မှ ထွက်လျှင်ညာဘက်တွင် ရှိသောတက္ကသိုလ် အားကစားရုံကို လွန်ဘာပြီးသောအခါ တက္ကသိုလ်ရိပ်သာလမ်းမကြီး ဆီသို့ ရောက်သည်။

ကျောင်းသားအဆောင် တွေစုနေသောနေရာလည်း ဖြစ်သည်၊ ကျောင်းသူတွေနေသော အင်းယားဆောင်၊ ရတနာဆောင်တွေ ဘက်သို့သွားချင်လျှင် အင်းဝဆောင်ရှေ့မှထွက်သွားပါက နီးနီးလေး၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်မှသည် ကျွန်တော်တို့ခေတ်အထိ ဗဟိုဆောင်မှ ကျောင်းသားအတော် များများသည် အင်းယား၊ ရတနာ၊ သီရိ ပြီးတော့ မာလာဆောင်တွေဆီသို့ ချစ်ခြင်းမေတ္တာကို တောင်ပံတပ်ကာ တဖျပ် ဖျပ်ပျံသန်းရင်း ဝေဒနာတေးမျိုးစုံကို တွန်ကျူးသီကြွေးခဲ့ကြသည်၊ အဆင်ပြေသူတွေရှိသည်၊ ခင်မင်ရင်းနှီးသောဘဝရသွားသူ တွေရှိသည်၊ ခါးခါးသီးသီး ငြင်းထုတ်ခံရသူတချို့ရှိသည်၊ အဆင်ပြေပြီးမှ မျက်ရည်နှင့် လမ်းခွဲရသူတွေရှိသည်၊ ဘဝဖော်အဖြစ် လက်တွဲခဲ့သူတွေရှိသည်။

ချစ်ရက်ရှည်ရှည်အင်းယားမြေ ဆိုသည်မှာလည်း တက္ကသိုလ် ဘဝထဲက ဘဝတစ်ခုဖြစ်သည်။  တက္ကသိုလ်ကျောင်းက ငွေလမင်းသည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခုဖြစ်သည်၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာသည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခုဖြစ်သည်၊ ကိုင်ဇာ၏ မှတ်မိသေးရဲ့ လားအချစ်ရယ်၊ ကျောင်းဖွင့်ရင် တက္ကသိုလ်မြေ နေဝင်မှာစိုးတယ်တို့ သည်လည်း တက္ကသိုလ်ထဲက ဘဝများဖြစ်သည်၊ ဖိုးချို၏ အဆောင်သရဲ ဗစ်တာခင်ညို၏ သီချင်းတို့သည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခုစီဖြစ်သည်။

ပြီးတော့ တက္ကသိုလ်တို့ကျောင်းတစ်နေရာ ရုတ်တရက် ခေါင်း ထဲပေါ်လာသော သီချင်းတွေသာဖြစ်ပြီး အများကြီးကျန်နေသေးသည်။ တက္ကသိုလ်ရှိလျှင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ရှိမည်၊ ကျောင်းသားရှိလျှင် တက္ကသိုလ်ဘဝခံစားမှုတွေ ရှိမည်၊ အသင်းအပင်းအဖွဲ့အစည်းတွေ ရှိမည်၊ အချစ်တွေ အလွမ်းတွေရှိမည်၊ စုစည်းညီညွတ်သော လှုပ်ရှားမှုတွေရှိမည်၊ အောင်မြင်မှုတွေရှိမည်၊ ရှုံးနိမ့်မှုတွေရှိမည်၊ စာမေးပွဲအောင်ရှုံးသာမဟုတ် ဘဝတိုက်ပွဲအအောင် အရှုံးတွေလည်းရှိမည်၊ အောင်မြင်မှုတွေကို တက္ကသိုလ်ဘဝကတည်းက ပျိုးထောင်ယူခဲ့ကြပြီး နယ်ပယ်အသီးသီးတွင် အောင်မြင်နေကြသော တက္ကသိုလ်ထွက်ပညာရှင်တွေ နိုင်ငံရေးသမားတွေ ကမBာပေါ်မှာအများကြီး။

ယနေ့ခေတ်မှာ ထင်ရှားကြီးကျယ်သော ပညာရှင်များ၊ နိုင်ငံရေး သမားများသည်၊ တက္ကသိုလ်ထွက်များသာဖြစ်သည်၊ လောကကို၊ ခေတ်ကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ဖို့ ဇွဲသတ္တိရှိသူများ လည်းဖြစ် သည်။ အောင်ပွဲဆက်ဆက်ခံဦးမည့် တက္ကသိုလ်၊ ငွေလမင်းတွေ၊ လရိပ်ပြာတွေရှိသော တက္ကသိုလ်၏ တံခွန်ကုက္ကားအလံတော်များသည် ကျောင်းသူကျောင်းသားတွေ ရှိနေသရွေ့ တလူလူလွင့်နေဦးမည်။
   
“တစ်ယောက်နဲ့တစ်ယောက်၊ တစ်မြို့စီတစ်နယ်စီ၊ နေကြသောလည်းကွယ်၊ အလှရွှန်းစို သာမောရာ၊ မြကျွန်းညိုကဗျာတောမှာ ခဏကွန်းခိုလာသောအခါ၊ တစ်ဦးနဲ့တစ်ဦး မိတ်ဆွေအပေါင်းအသင်းဖြစ်သွားကြတာတွေ၊ ဒါတွေတကယ်တော့ မဆန်းပေ”
   
ချိုပြုံးမဆန်းတာက ဟုတ်သည်၊ ချစ်သူဖြစ်သွားကြတာလည်း မဆန်း၊ ဆန်းတာကတော့ တစ်နယ်စီမှလာကြသူတွေက တက္ကသိုလ် အလံအောက်မှာ စုစည်းညီညွတ်၊ ချစ်ခင်တွယ်တာစွာ သံယောဇဉ်တွေဖြစ်ပြီး သူတို့အလေးထားသော လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် လက်တွဲဆောင်ရွက်ခဲ့ကြခြင်းပဲ ဖြစ်သည်။ ဒါကိုပင်လျှင် “အဆန်းမဟုတ်ပါဘူးကွာ၊ ဒါတွေက ကမBာ့တက္ကသိုလ်ကြီးတွေမှာလည်း ရှိနေဖြစ်နေခဲ့ ကြတာပဲ” ဟုဆိုသူရှိလျှင် အထွန့်မတက်တော့ပါ၊ ကမBာ့လူ့အဖွဲ့အစည်း အသီးသီး၏ သားသမီးတွေဆိုတာကလည်း ဘယ်ခေတ်၊ ဘယ်စနစ် ဘယ်တိုင်းပြည်မှာမဆို ကျောင်းသားပဲဖြစ်နေခဲ့၊ ဖြစ်ဆဲသာမက အနာဂတ်မှာလည်း ဖြစ်နေဦးမည် ယုံသည်။
   
ကျွန်တော့ခြေလှမ်းတွေက ဗဟိုဆောင်ဝင်းဝ၊ ပင်းယဆောင်ရှေ့ တည့်တည့်က ဝင်းတံခါးဘက်သို့ ကွေ့ဝင်သည်၊ ကတ္တရာလမ်းက လေးအတိုင်းခပ်ပြေပြေ အမြင့်ဘက်သို့ လျှောက်လာသည်၊ ပင်းယဆောင်ဆင်ဝင်ရှေ့နားလေးတွင် စစ်ကိုင်းဆောင်ဘက်သွားသော လမ်းဆုံ သည်၊ ညာဘက်လမ်းဖြစ်သော ပဲခူးဆောင်ဘက်သွားသော လမ်းအတိုင်းလျှောက်လာသည်။  အဓိပတိလမ်းနှင့် အဆောင်များကြား လမ်း ဘေးဝဲယာတွင် မိုးပိတောက်ပင် ကြီးတွေရှိသည်။

ပင်းယဆောင်

သပြေပင်ကြီးတွေ ကံ့ကော်ပင်တွေနှင့် ဘာပင်မှန်း အမျိုးအမည်မသိသော အပင်ကြီးတွေက  အုပ်အုပ်ဆိုင်းဆိုင်း၊ စိမ်းစိမ်းစိုစို ရှိသည်။ လမ်းကလေးအတိုင်း လျှောက်လာသည်၊ အဆောင်ရှေ့ကပ်လျက်တါင် ပုဏ္ဍရိတ်ပင်တန်းလေးကို တွေ့ရသည်၊ ဖြတ်လာပြီး အဆောင်ဆင်ဝင်ရှေ့ဘက်နားက ကံ့ကော်ပင်လေးနှစ်ပင်ကို လှမ်းကြည့်မိသည်။

မနှစ်တုန်းကကျွန်တော့်သူငယ်ချင်း  တွေ ဂုဏ်ထူးတန်းကျောင်းသားဘဝဖြင့် ဒီပဲခူးဆောင်မဗာနေကြတုန်းကတည်းက ကျွန်တော်ခဏခဏရောက်သည်၊ ညအိပ်ဖြစ်သည့်ရက်တွေ ကအတော်များသည်။ တတိယနှစ်နှင့် နောက်ဆုံးနှစ်(စတုတ္ထနှစ်) ကျောင်းသားတွေ စာမေးပွဲပြီး၍ နယ်ပြန်သွားကြချိန်တွင် အခုလိုပဲ တိတ်ဆိတ် ခြောက်ကပ်ငြိမ်သက်လျက်ရှိသော အဆောင်ကြီးတွင် ဂုဏ်ထူးတန်းကျောင်းတွေပဲ တစ်ယောက်တစ်ခန်းကျစီဖြင့် အပေါ်ဆုံးထပ်တွင်ရှိသည်။ ကျွန်တော်လာပြီး စာကျက်တာကနည်းနည်း လက်ဖက်ရည်ဆိုင် ထိုင်ပြီးစိတ်ဝင်စားရာ အကြောင်းတွေ ပြောဖြစ်တာကများသည်။


ဦးချစ်ဆိုင်

ကံ့ကော်ပင်ကို မော့်ကြည့်မိရင်း မနှစ်တုန်းက ကံ့ကော်တွေပွင့်ချိန်မှာ ကံ့ကော်ပန်းတက်ခူးပြီး သူကြိုက်နေသော ကောင်မလေးကို သွားပေးတော့ ကျွန်မ ပန်းမပန်တတ်ပါဘူးရှင့်ဟု အပြောခံရသော သူငယ်ချင်းတစ်ယောက်ကို သတိရသည်၊ သူကဂုဏ်ထူးတန်းကို ရိုးရိုးအောင် သဖြင့် မဟာဝိဇ္ဇာ ဆက်တက်ခွင့်မရလိုက်သောသူငယ်ချင်း။ သူက ကျောင်းလခကြွေးကျန်သဖြင့် အောင်စာရင်းကပ်တော့ သူ့နာမည်ပါမလာ၊ ကျောင်းလခကြွေးကျန်သွားသွင်းပြီးပြေစာဖြင့် စာမေးပွဲ ဌာနသို့သွားပြ၊ စာမေးပွဲဌနက ချိန်းလိုက်သည့်နေ့တွင် သူ အောင်မအောင်သိချင် သောကြောင့်ဘွဲ့နှင်းသဘင်ခန်းမ အပေါ်ထပ်က စာမေးပွဲဌာနသို့ ကျွန်တော်တို့လည်း လိုက်သွားကြသည်။

အပေါ်ထပ်စာမေးပွဲဌနက သူ့နာ မည်မေးပြီးတဲ့နောက် မြေညီထပ်ရှိ ရုံးခန်းသို့ ညွှန်းသည်၊ ရုံးခန်းဝရောက်တော့ အသက်ငါးဆယ်ကျော်ကျော် အမျိုးသမီးကြီးတစ်ဦး ထွက်လာ သည်၊ သူငယ်ချင်းနာမည်ကိုမေးသည်၊ နာမည်ကိုပြောလိုက်တော့ သူ့လက်ထဲမှာ ကိုင်ထားသော ပြေစာဖြတ်ပိုင်းလေးကို ကြည့်သည်၊ အသံ တိုးတိုးဖြင့် ပြောသည်၊ ကျွန်တော်တို့က ခပ်လှမ်းလှမ်းမှ နားစွင့်နေကြသည်။
   
“သားက ဂုဏ်ထူးတန်းကို ရိုးရိုးပဲအေင်တယ်။ အော်ဒင်နရီပတ်စ်(ordinary pass) ပေါ့ကွယ်။ အတန်းကတော့ ဆက်တက်ခွင့် မရှိတော့ဘူး။ စိတ်ပျက်မသွးနဲ့သား၊ သားရထားတဲ့ ဘီအေဘွဲ့လေးတော့ ပြုတ်မသွားပါဘူးကွယ့်”
   
အမျိုးသမီးကြီးက ညင်းသာနူးညံ့စွာပြောရင်း အားပေးအပြုံးပြုံးပြသည်။ ပြီးတော့ပြေစာဖြတ်ပိုင်းလေးကို သူငယ်ချင်းလက်ထဲထည့် သည်၊ သူငယ်ချင်းက နှုတ်ဆက်ပြီး ကျွန်တော်တို့ဘက် လှည့်လိုက်တော့ သူ့မျက်နှာမကောင်း၊ သူငယ်ချင်းတွေထဲမှာ စာမေးပွဲကျပြီး ကျောင်း ထွက်ရသော သူငယ်ချင်းရှိနေလျှင် ကျန်သူတွေလည်း စိတ်မချမ်းမြေ့စွာ ခံစားရသည်၊ အဲဒီဘွဲ့လွန်တန်းတွေမှာ မဟာဝိဇ္ဇာတန်းတွေကမှ တစ်နှစ်ကျလို့ရသေးသည်၊ ဂုဏ်ထူးတန်းမှာ ကျခွင့်မရှိ တတိယအဆင့် (Third class) ဖြင့်အောင်လျှင်တော့ ဂုဏ်ထူးတန်းကို ထပ်တက် ပြီးစာမေးပွဲဖြေခွင့်ရှိသည်၊ ပထမဆင့် (First class)နှင့် ဒုတိယဆင့် (Second class) ဖြင့်အောင်လျှင်တော့ မဟာတန်းသို့ ဆက်တက် ခွင့်ရသည်။ ဘွဲ့လွန်တန်းမှာ ပေချင်တေချင်လျှင် မဟာတန်း၌ တစ်နှစ်ပေလို့ရသည်။ နှစ်နှစ်ကျလျှင်တော့ အရင်ရခဲ့ပြီးသား ဘွဲ့ကလေးပိုက် ပြီးကျောင်းမှထွက်ပေတော့။
   
ပဲခူးဆောင် ဆင်ဝင်အောက်မှ ဘာဂျာတံခါးစေ့ထားသောနေရာသို့ ရောက်သောအခါ တံခါးတွန်းပြီးဘေးသို့ကပ်သည်၊ လူက အတွင်းသို့ဝင်လိုက်ပြီးနောက် တံခါးကို ပြန်ဆွဲ၍ စေ့ထားလိုက်သည်။ အဆောင်စောင့်ကုလားအဘိုးကြီးက လှမ်းကြည့်ပြီး သူထိုင်နေသော ထိုင်ခုံမှ ပြုံးပြသဖြင့် ပြန်ပြုံးပြပြီး ဆက်လျှောက်လာသည်။

အင်းယားဆောင်

ရတနာဆောင်

အဆောင်မှာ ကျောင်းသားနည်းနည်းလေးပဲရှိသောကြောင့် တံခါးကို ဖွင့်မထား။ သော့ခတ်ထားတာလည်းမဟုတ်၊ ဝင်နေထွက်နေကျလူတွေက သိသည်။ နေ့ခင်းဘက်မှာ အဲဒီလိုစေ့ထားပြီးညကိုးနာရီကျော်မှတံခါးကို သော့ခတ်သည်။ နောက်ကျပြန်လာသော ကျောင်းသားတွေကို အစောင့်က မြင်လျှင် သော့လာဖွင့်ပေးသည်။ သူမမြင်လျှင် လှမ်းသာခေါ်လိုက်  တံခါးသော့ဖွင့်ပြီး တံခါးကို ဆွဲဖွင့်ပေးတတ်သည်။
   
အဆောင်အလယ်ဘက်လှေကားမှ မတက်ဘဲ အေက်ထပ်ဧည့်ခန်းဘေးမှ ဖြတ်လျှောက်လာသည်၊ တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ် သက်လျက်၊ ဘေးလှေကားမှ အပေါ်သို့တက်သည်။ အပေါ်ထပ်တစ်ထပ်လုံးမှ အခန်းတံခါးတွေ သော့ပိတ်ထားတာ တွေ့ရသည်။ အပေါ်ဆုံး ထပ်သို့ ဆက်တက်သည်၊ လှေကားထစ်အတိုင်း တစ်ထစ်ချင်းတက်လာချိန်တွင် ဂီတာသံကို ပို၍ပီပီသသ ကြားရသည်၊ လှေကားထိပ်မှ အပေါ် ဆုံးထပ်သို့ ခြေချမိချိန်တွင် သီချင်းသံကိုပါ သဲသဲကွဲကွဲကြားလာရသည်။ အားရပါးရ အော်ဟစ်ဆိုနေသော အသံမဟုတ်။ ရင်ထဲမှခံစားမှုကို ဂီတသံနှင့်ပေါင်းစပ်ပြီး ငြိမ့်ငြိမ့်ကလေးညည်းနေသော သီချင်းသံဖြစ်သည်၊ လွမ်းလွမ်းဆွေးဆွေး တမ်းတမ်းတတရင်မှလာသော အသံလည်း ဖြစ်သည်။
   
“ပင်ယံကံ့ကော်တွေ ပွင့်ပြန်ပြီလေ xxx နေနိုင်ရက်သူရေ မွှေးပါစေ၊ ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ၊ ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ xxx ကံ့ကော်မြို့တော်ရေ၊ ကံ့ကော်မြို့တော်ရေ၊ ပျှော်ရွင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ ရှိတဲ့မြေ၊ ကံ့ကော်မြို့တော် ရေ၊ ကံ့ကော်မြို့တော်ရေ xxx

သီချင်းသံကြောင့် ခြေလှမ်းကို ခဏရပ်ပြီး နားထောင် နေလိုက်သေးသည်။ ကျွန်တော်လာသည့် အခန်းက ဒဿနိကဗေဒ ဂုဏ်ထူးတန်းတက် နေသော ကိုမြင့်ချို၏အခန်း၊ လှေကားထိပ်မှ ကွေ့ပြီး ဘယ်ဘက်လျှောက်လျှင် ပထမဆုံးတွေ့ရမည့်အခန်း ဖြစ်သည်။ အပေါ်ဆုံးထပ်မှာတော့ တံခါးဖွင့်ထားသော အခန်းအချို့ကို တွေ့ရသည်။ ဘွဲ့လွန်တန်းကျောင်းသားတွေကို အဆောင်နေခွင့်ပေး ထားသည်ကတော့ ဂုဏ်ထူးတန်းတစ်တန်းတည်းသာ ဖြစ်သည်။

မဟာတန်းဆိုလျှင် ကျောင်းအဆောင်မှာနေခွင့်မရှိ အပြင်ဆောင်မှာ ငှားနေချင် လျှင်နေ၊ သို့မဟုတ် ရန်ကုန်မှာရှိသော ဆွေမျိုးတွေအိမ်မှာ နေပြီး ကျောင်းတက်ချင်လျှင်တက်၊ ကျောင်းအုပ်ချူပ်ရေးအဖွဲ့က မဟာတန်းကျောင်း သူကျောင်းသားတွေအတွက် နေရာစီစဉ်မပေးနိုင်၊ ကိုယ့်အစီအစဉ်နှင့်ကိုယ် မဟာတန်းတက်ကြရသည်၊ သူတို့မှာ အကြောင်းပြချက်ရှိနိုင်သည်၊

စီးပွားရေးတက္ကသိုလ်

   လှေကားထိပ်မှာ ရပ်ပြီးသီချင်းကို နားစွင့်ရင်း အပြင်ဘက်ကိုလှမ်းကြည့်မိတော့ အလင်းရောင်က ဖျော့တော့တော့။ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်စွာ၊ ကားလမ်းနှင့် နည်းနည်းလှမ်းသဖြင့် ကားသံကိုမကြားရ။ အနီးဆုံးဖြစ်သော အဓိပတိလမ်းပေါ်မှာ ဖြတ်မောင်းတတ် သော ကိုယ်ပိုင်လူစီးကား၏ စက်သံက မကျယ်တတ်သဖြင့် အဆောင်ပေါ်မှာ အသံတို့၏ အနှောက်အယှက်က ကင်းနေသည်။ ကြားနေရသော သီချင်းညည်းသံ ခပ်တိုးတိုးလေးတစ်ခုပဲ ရှိသည်။ ရင်ထဲမှာ တင်းကျပ်စွာ ရှိနှင့်ခဲ့သော ဝေဒနာကို ဖွင့်အန်ထုတ်နေသလိုမျိုး၊ ပျို့တက်လာသော ခံစားမှု။
  
“နွေရက်တွေ၊ ရှောင်ဖယ်ပြေးဖို့ရာလည်း၊ မြေရယ်မရှိခဲ့လေတော့၊ ခံလိုက်ဦးပေါ့မိုက်သူရေ xxx ပင်ယံပန်းတို့ လန်းရာမြေ၊ ပူပုံနွမ်း တို့ဖြင့်၊ စိတ်မှာထင်နေ xxx ပုဂံလမ်းမှာ အတူတူလျှောက်မိလို့ဦးကွယ့် ကံ့ကော်ရယ် xxx ဒဏ်ရာဟောင်းက အလွမ်းစာတွေ ရေပြင်အင်းယားက သိပ်တယ်လေ xxx”
   
ဆိုနေသူကိုမမြင်ရ၊ အဆောင်၏တောင်ပံဘက်မှာ တံခါးဖွင့်ထားသော အခန်းတွေကို ကြည့်လိုက်တော့ နှစ်ခန်းပဲရှိသည်၊ ကျွန်တော့ မိတ်ဆွေ ကိုမြင့်ချို၏ အခန်းနှင့် ဟိုဘက်က အခန်း၊ အဲဒီအခန်းမှာ ဘယ်မေဂျာက ဘယ်သူနေသလဲ ကျွန်တော်မသိ။ သူတို့ ဒဿနိကဗေဒ ကျောင်းသားပဲလား၊ ဝိဇ္ဇာကျောင်းသားလား၊ သိပ္ပံကျောင်းသားလား ကျွန်တော်မသိ၊ ကိုမြင့်ချိုနှင့် ကျွန်တော်က ဂျပ်ဆင်ဘုရားရှိခိုးကျောင်း ဘေးက စားသောက်ဆိုင်တန်း မှာ မကြာခဏဆုံဖြစ်ကြသည်။

သူနေသော ပဲခူးဆောင်မှ အခန်းကို တစ်ခါတလေ သွားသည်။ သူက ကျွန်တော် ထက် တစ်တန်းငယ်သည်။ သူနှင့် တစ်တန်းတည်းကျောင်းသားတွေ အပြင် ကျွန်တော်တို့ နှင့် တစ်တန်းကျောင်းသားတွေထဲမှ ဝိဇ္ဇာဘာသာ တွဲ ဘွဲ့လွန်တန်းတက်နေသူ စကားပြောဖော် အတော်များများက ဂျပ်ဆင်စားသောက်ဆိုင်တန်းမှာ အမြဲတမ်းလိုလို ဆုံဖြစ်ကြသည်။ မြန်မာစာ သမိုင်း၊ ပထဝီ၊ အရှေ့တိုင်း၊ ဒဿန်ကဗေဒ၊ အစောပိုင်းတုန်းက စိတ်ပညာဘာသာရပ်မှ ဘွဲ့လွန်ကျောင်းသားတချို့လည်း လာဖူးသေးသည်။   ေ

နာက်ပိုင်းနှစ်တွေမှာ မလာကြတော့၊ သမိုင်းမှ ကိုလျန်မှုန်း၊ မြန်မာစာမှ ကိုနေဝင်းအောင်၊ ကိုမြင့်အောင်၊ အရှေ့တိုင်းမှ ကိုအေးမင်း၊ ကိုမြင့် ပထဝီမှ ကိုစန်းဦးတို့လည်း၊ မကြာမကြာလာတတ်သည်၊ ပင်တိုင်ထိုင်ကြသူတွေကတော့ ကျွန်တော်နှင့်တခြားသူငယ်ချင်းတွေ။
   
အခုကိုမြင့်ချို အခန်းသို့လာသည့်ကိစ္စက ငှားထားသော စာအုပ်လာပေးရင်း အလည်လာခြင်းဖြစ်သည်။ သီချင်းညည်းသံကြားက တဲကပဲ ကျွန်တော်က တံခါးဖွင့်ထားသော လှေကားဘက် အစွန်ဆုံးအခန်းသို့ ဆက်သွားသည်။ အခန်းရှေ့ရောက်တော့ ရပ်လိုက်သည်။

“ဟာ ... ကိုမျိုးဇော်ကြီးပါလား၊ လာဗျာ”
   
အခန်းထဲဝင်ပြီး ကုလားထိုင်မှာ ထိုင်သည်၊ သီချင်းသံက ကြားနေရတုန်း၊ ဒါပေမယ့် သီချင်းက ပြီးခါနီးပြီ၊ ဒီသီချင်းက ကျွန်တော် ကြိုက်သော သီချင်းထဲမှာပါသည်။ သီချင်းရေးဆရာ “ဆူး” ကရေးပြီး လွှမ်းမိုးဆိုသော ကံ့ကော်မြို့တော် သီချင်း။
   
“ခင်ဗျားဆီလာရင်း လှေကားထိပ်ရောက်မှ သီချင်းဆိုသံကြားလို့ရပ်ပြီး နားထောင်နေသေးတာ၊ တစ်ဝက်တစ်ပျက်ပါဗျာ” သီချင်း ကပြီးသွားပြီ၊ ဂီတာသံလည်း မကြားရတော့၊ ပတ်ဝန်းကျင် တစ်ခွင်လုံး တိတ်ဆိတ်လျက်၊ ကိုမြင့်ချို ကတော့ သီချင်းဆိုသံကို ကျွန်တော့လို ဂရုပြုမိပုံမရ။

“ ဟုတ်လား ကျွန်တော် ကြားတော့ကြားတယ် စာထိုင်ဖတ်နေတာမို့ သတိမထားမိလိုက်ဘူး” ခင်ဗျား ဟိုဘက်ခန်းက ဘယ်သူ့ အခန်းလဲဗျ၊ သီချင်းဆိုသော လူကိုမေးချင်မှန်း ကိုမြင့်ချိုသိသည်။ အခန်းရှင်က အပြင်ခဏသွားတယ်၊ အခုန ဂီတာတီးနေတာက သူ့သူငယ် ချင်း၊ လာလည်ရင်း ဆိုနေတာ၊ ဆိုတာတော်တော်ကောင်းလား။
   
ကျွန်တော်က မူရင်းဆိုခဲ့သော လွှမ်းမိုးထက်ပင် ခံစားမှု ပိုပြီး ပါနေသဖြင့် နားထောင်ရတာ သဘောကျ ကြောင်းပြောသည်။ သူက ဒီလိုဆိုရင်ထပ်ဆိုဖို့ ကျွန်တော်ပြောလိုက်မယ်ဟု ပြောပြီး ထိုင်ရာမှထသည်။ အားနာစရာကြီးဗျာဟု ပြောသောအခါ ရပါတယ်၊ ကျွန်တော်နဲ့ခင် ပါတယ်ဟု ပြောပြီးထွက်သွားသည်။
   
ဟိုဘက်အခန်းမှာ စကားပြောသံကြားရသည်။ ခပ်သဲ့သဲ့ ကျွန်တော့်ဆီ လာလည်တဲ့ဧည့်သည်က တစ်ဝက်သစ်ပျက်ပဲမှီလိုက်ပြီး သဘောကျလို့တဲ့ဗျဟု ပြောသံကြားရသည်။ ခပ်သဲ့သဲ့၊ ကျွန်တော့်ဆီ လာလည်တဲ့ဧည့်သည်က တစ်ဝက်တစ်ပျက်ပဲ မှီလိုက်ပြီး သဘောကျ လို့တဲ့ဗျဟု ပြောသံကြားရသည်။ ကိုမြင့်ချို အခန်းထဲသို့ ပြန်ဝင်လာသည်၊ ပြုံးတုံ့တုံ့ နှင့်ပင်ပြောလိုက်ပြီဗျ ဟုပြောပြီး သူ့ခုတင်ပေါ်မှာထိုင်သည်ခဏနေတော့ ခြေဆင်းဂီတာသံကို ကြားလိုက်ရသည်၊ ကျွန်တော်တို့နှစ်ယောက်ပြောစရာ ရှိသောစကားတွေကို ခဏရွေ့ထားလိုက်သည်၊ သီချင်းညည်းသံစပြီး ကြားရသည်။
   
“အချစ်ဆုံးရေ xxx ရီဝေမျက်ရည်ပွင့်များ လေမှာမျောလွင့်စိတ်ထား ရာဇဝင်အဓိပတိလမ်းမှာ တူစုံဝေးလို့ နွမ်းကာကြွေ၊ ပြန်လာ မယ့်ရက်က မသိနိုင်ပါလေ xxx”

ဂီတာတီးပြီးသီချင်းညည်းနေသူက ဘယ်သူလဲ ဘယ်အရွယ်လဲ၊ ကျောင်းသားလား၊ ကျောင်းပြီးသွားသူလား  ပရော်ဖက်ရှင်နယ်ဂီတသမားလား၊ ကျွန်တော်မသိ၊ အခန်းပြင်သို့ ထွက်သွားပြီး၊ သူ့အခန်းရှေ့ရပ်ကာ ကြည့်ဖို့လည်းစိတ်မကူးမိ သူ တီးနေသော ဂီတာသံကို နားထောင်ပြီး အတီးကျွမ်းကျင်သူ တစ်ယောက်ဆိုတာကို တော့မှန်းလို့ရသည်၊ ဂီတာသံကြားထဲမှ ထွက်လာသောသီချင်းဆိုသံ က ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲ အလွမ်းတွေ ကဲနေသည်ဟုထင်သည်။ တက္ကသိုလ် နှင့် ဆက်စပ်ခဲ့ဖူးသူဆိုတာ သေချာသည်၊ သီချင်းထဲကလို ဖြစ်စဉ်မျိုးဖြစ်ရပ်မျိုးနှင့် ကြုံခဲ့၊ ခံစားခဲ့ရဖူးသူပေပဲလား။
   
“ပုဂံလမ်းမှာ အတူတူလျှောက်မိလို့များ ရင်ကိုသောကစေသလား၊ ဖြေပါဦးကွယ့် ကံ့ကော်ရယ် xxx ဒဏ်ရာဟောင်းက အလွမ်း စာတွေ၊ ရေပြင်အင်းယားက သိပါတယ်လေ xxx ပင်ယံကံ့ကော်တွေ ပွင့်ပြန်ပြီလေ၊ နေနိုင်ရက်သူရေ မွှေးပါစေ xxx ဂျပ်ဆင်ဘေးက အတိတ် ပုံပြင်တွေ၊ ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ xxx ကံ့ကော်မြို့တော်ရေ xxx ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ရှိတဲ့မြေ၊ ကံ့ကော်မြို့တော်ရေ xxx ကံ့ကော်မြို့တော်ရေ xxx
   
ဂီတာတီးသံနှင့် သီချင်းညည်းသံစီးကြောင်းထဲမှာ ကျွန်တော်တို့ နှစ်ယောက် မျောပါသွားသည်၊ ကိုမြင့်ချိုက ငြိမ်နေသည်၊ လှမ်း ကြည့်လိုက်တော့ ခုတင်ပေါ်မှာ ပက်လက်လှန်ပြီး မျက်နှာကြက်ကို မြင်မှာမဟုတ်၊ အတိတ်မြင်ကွင်း သို့မဟုတ် မဝေးသေးသော အတိတ်တစ် နေရာရာ ဆီကို လွင့်သွားပုံရသည်။ ကျွန်တော်ကတော့ ပုဂံလမ်းဆိုတာကို မျက်စိထဲပေါ်လာသည်။ ဂျပ်ဆင်ဘေးက လက်ဖက်ရည်ဆိုင်မှာ အတူတူထိုင်ခဲ့သူ သံယောဇဉ် နွယ်မျှင်လေးတွေကို စိတ်ဖြင့်ဖမ်းဆုပ်မိသည်။

အင်းယားကန်စောင်းက ဘူးသီးကြော်ဆိုင်မှာ ထိုင်စကားပြောခဲ့ ကြသူတွေထဲမှ တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ တက္ကသိုလ်တက်ခဲ့သူတိုင်းမှာ အချစ်ဇတ်လမ်းတွေမရှိ တတ်ကြသော်လည်း အများစုက တော့ သံယောဇဉ်တွေ သတိရမှုတွေ လွမ်းဆွတ်တမ်းတမှုတွေ ရှိခဲ့ကြမည်ထင်သည်။ တစ်ခါတစ်ရံမှာမှ စိတ်ထဲပေါ်လာတတ်တာကို သတိရ မှုဟုခေါ်ပြီး မကြာခဏ စိတ်ထဲရောက်လာတတ်ခြင်းကို တော့လွမ်းဆွတ်တမ်းတမှု ဟုခေါ်သည်။ သီချင်းညည်းရင်း သတိရနေတာလား လွမ်းဆွတ် တသသ တမ်းတမှုကို ဖွင့်အန်ချလိုက်တာလားဆိုတာ  ဂီတာတီးရင်းညည်းနေသူကို မမေးဖြစ်ခဲ့ပါ၊ ကျွန်တော်တို့နှစ်ယောက်ကလည်း ကိုယ့် ကိုယ်ကိုယ် ရော တစ်ယောက်တစ်ယောက်ပါ မမေးဖြစ်ခဲ့ပါ။
   
ကိုယ်နှစ်သက် သဘောကျသော သီချင်းတစ်ပုဒ်ကို စိတ်အေးငြိမ်းချိန်မျိုးမှာ တစ်ယောက်တည်း နားထောင်ဖြစ်သော အခါမျိုး၌ သီချင်းဆုံးသွားသည်အထိ သီချင်းသံထဲမှာ ကိုယ့်စိတ်က နစ်မြုပ်စီးဝင်သွားတတ်ပါသလား။ သီချင်း၏တစ်နေရာရာမှာ ကိုယ့်စိတ်က သီချင်း နှင့် ခွာပြီး တခြားတစ်နေရာရာကို လွင့်မျောရွေ့လျားသွားတတ်ပါသလား၊

ဤသဘောသဘာဝကို ရောစောင့်ကြည့်ဖူးပါသလားဟု မေးခွန်း ပေါ်သော်လည်း ဘယ်သူ့ကိုမှ မေးစရာမရှိပါ။
   
သီချင်းရှိုက်ငိုသံ တိုးတိတ်သွားပြီး ဂီတာသံက တဖြည်းဖြည်းဆုတ် ခွာငြိမ်သက်သွားသည်၊ ကောင်းလိုက်တာ အရသာရှိလိုက်တာ ဟုစိတ်ထဲ၌ဖြစ်၏ ။ ‘ကျေးဇူးပဲဗျို့’ ဟု ကျေနပ်စွာလှမ်းအော်လိုက်သည်၊ ဟိုဘက်အခန်းက အလွမ်းဆရာကတော့ ဘာမှမတုံ့ပြန်၊ သူ့သီချင်းနှင့် သူ့အလွမ်းနှင့် သူ့အတိတ်နှင့် ရစ်ပတ်စီးမျောနေတုန်းဖြစ်ပုံရသည်။ ကံ့ကော်မြို့တော်ရေ ကံ့ကော်မြို့တော်ရေ။ ပြီးတော့ ကျွန်တော်နှင့် ကိုမြင့် ချိုတို့ စကားထိုင်ပြောနေလိုက်ကြတာ နာဝက်ကျော်ကျော်ကြာသည်၊ အပြင်ဘက်လှမ်းကြည့်တော့ အမှာင်ထုက ခိုင်မာစွာခြေကုပ် ယူထားခဲ့ လေပြီ။

အဆောင်စင်္ကြမှာ မီးလုံးတွေက ပီပီသသ လင်းနေကြပြီ၊ ကျွန်တော်က ပြန်မည်ဟု နှုတ်ဆက်ပြီးထသည်၊ ကိုမြင့်ချိုကလိုက်ပို့ရင်း ဦးချစ်ဆိုင်မှာ ထိုင်ရအောင်ဟုပြောသည်။ သူအဝတ်အစား လဲနေတုန်း ကျွန်တော်က အခန်းပြင်ဘက်ထွက်သည်၊ ခုနဂီတာတီးနေသူ၏ အခန်း ကိုလှမ်းကြည့်သည်၊ သော့ခတ်ထားတာတွေ့ရသည်၊ ကျွန်တော်တို့စကားပြောနေတုန်းက အပြင်ထွက်သွားတာဖြစ်မည်၊ ကိုယ့်စကားထဲမှာပဲ အာရုံရောက်နေကြခိုက်မို့ သော့ခတ်သံ၊ လမ်းလျှောက်သံတွေကို သတိမထားမိခဲ့၊ အသံသာ ကြားခဲ့ရပြီး၊ လူကိုတော့ မမြင်ခဲ့ရ။
   
ကိုမြင့်ချိုက အခန်းအပြင်ဘက် ထွက်သည်၊ တံခါးနှစ်ချပ်ကို ပိတ်သည်၊၊ မင်းတုန်းကို တံခါးဘောင်ရှိကွင်းထဲထိုးပြီးမှ သော့ခတ်သည်၊ နှစ်ယောက်သား အဆောင်ပေါ်မှ အောက်ဘက်ဆင်းလာခဲ့ကြသည်။ အဆောင်တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်ပြီး လူမနေသော အဆောက် အအုံကြီးတစ်လို့ထင်ရသည်။


အဓိပတိလမ်းပေါ်ရောက်တော့ မီးတိုင်တွေက လင်းထိန်နေသည်၊ ဘွဲ့နှင်းသဘင်ခန်းမဘက်လှမ်းကြည့်တော့ အဲဒီအရှေ့မှာ မီးရောင်က ပို၍ လင်းနေတာကိုတွေ့သည်။ အဆောင်ကျောင်းသားတချို့ စာမေးပွဲ ဖြေခါနီးရက်တွေတုန်းက ဘွဲ့နှင်းသဘင်ရှေ့ မီးတိုင်အောက်ဘက် ဝန်းကျင်မှာ စာသွားကျက်ကြတာကို သတိရသည်။ အဓိပတိလမ်းအတိုင်း ခြင်္သေတံခါးဘက်သို့ မျက်နှာမူပြီး လျှောက် လာခဲ့ကြသည်၊ ကိုမြင့်ချိုက ဒဿနိကဗေဒကျောင်းသား ပီပီ ဘာတွေကိုစဉ်းစားလာသလဲမသိ။ အတူတူ ယှဉ်လျှောက်လာရင်းစကားမပြော ဖြစ်ကြ ၊ ကျွန်တော့စိတ်ထဲသို့သာ လွှမ်းမိုး၏ ‘ကံ့ကော်မြို့တော်’ သီချင်းထဲက စာသားတချို့က စီးကျလာသည်။ စမ်းချောင်းကလေးကိုလှမ်း မြင်သတိရလိုက်သောအခါ ရေစီးသံလွင်လွင်ကလေးကိုပါ သဲ့သဲ့လေးကြားလိုက်ရသည်။
   
“ပင်ယံကံ့ကော်တွေ ပွင့်ပြန်ပြီလေ၊ နေနိုင်ရက်သူရေ မွှေးပါစေ xxx ဂျပ်ဆင်ဘေးက အတိတ် ပုံပြင်တွေ၊ ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ xxx ကံ့ကော်မြို့တော်ရေ xxx ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ရှိတဲ့မြေ၊ ကံ့ကော်မြို့တော်ရေ xxx ကံ့ကော်မြို့တော်ရေ xxx ”
   
သိပ်မကြာတော့သည့် ကံ့ကော်ပွင်သော ကံ့ကော်ရနံ့ထုံပျံ့သော ရာသီသို့ ရောက်လျှင် ကျောင်းထဲသို့ တစ်ခေါက်လောက်တော့ ပြန်သွားအုန်းမည်၊ အတိတ်ပုံပြင်တွေ ပြန်ရေးဖို့ အတွက် ဟိုတုန်းက အတွေးတွေပြန်နိုးထလာအောင် ကိုယ့်ကိုယ်ကိုယ် လှုပ်နိုးရဦးမည်၊ အရင် လို ပျိုမျစ်တုန်းကလို။
    ငါ ... လာဖြစ်အောင်လာခဲ့မယ်၊ ချစ်သူနယ်မြေ ကံ့ကော်မြို့တော်ရေ။

ခိုင်မျိုးဇော်
(လျှပ်တပျက်ဂျာနယ်မှ ခိုင်မျိုးဇော်ရဲ့  ကျောင်းတော်ကြီး အလွမ်းပြေ ဆောင်းပါးတပုဒ်ပါ။
ကိုယ်တိုင်စာရိုက်ရန် အချိန်အခက်အခဲရှိနေပါသဖြင့် ဒီပို့ စ်ကို တင်နိုင်ရေးအတွက် 
ကူညီစာရိုက်ပေးခဲ့သော ညီမငယ် မနူးရာ အား အထူးကျေးဇူးတင်ရှိပါတယ်။)


No comments:

Post a Comment