ကပ္ပိယ (၁)
စံလှဘော် ကျောင်းရေတွင်းက ရေငင်ပြီး ရေထမ်းပုံးတွေထဲ လောင်းထည့်တယ်။ ထမ်းပုံးနှစ်ပုံး ပြည့်တော့ ထမ်းပိုးလျှိုပြီး ကျောင်းရှေ့ စဥ့်အိုးတွေဆီ ထမ်းလာတယ်။
သည်တစ်ခေါက်က နောက်ဆုံးအခေါက်။ မနက်ကလည်း တစ်ကျောင်းလုံး ပြောင်သန့်သွားအောင် တံမြက်စည်း လှည်းပြီးပြီ။ ကျောင်းဝေယျာ ၀စ္စတွေ လုပ်ပြီးပြီ။ ရေနွေးအိုး ကျိုတာ၊ ထင်းပေါက်တာ၊ ကုဋီ ဆေးတာက အစ သူလုပ်နေကျ အလုပ်တွေ ကြုံသလို ကျသလို လုပ်သွားတတ်တာ စံလှဘော် အကျင့်ပဲ။ စံလှဘော် ရေထမ်း ပုံးထဲက ရေကို စဥ့်အိုးထဲ လောင်းထည့်နေတုန်း ကျောင်းပြတင်းပေါက်မှာ ဆရာတော်ကြီး လာရပ်ပြီး ငုံ့ကြည့်တယ်။ စံလှဘော်က ရေပုံးကို ချပြီး ပုဆိုး ခါးပုံစနဲ့ မျက်နှာ သုတ်နေလေရဲ့။
“ငဘော်”
“ဘုရား”
“ရေကိစ္စ ထားလိုက်တော့ ကိုရင်တွေ လုပ်လိမ့်မယ်။ ရွာထဲ ခဏပြေးဦး ဒကာကြီး မောင်တင်ကို သွားခေါ်စမ်း”
“တင်ပါ့ ဘုရား ရေကလည်း ပြီးပါပြီ ဘုရား”
စံလှဘော်က အနားက သစ်ကိုင်းပေါ် လွှားထားတဲ့ စွပ်ကျယ် ကောက်စွပ်ပြီး ဘောက်ဆွ ဘောက်ဆွနဲ့ ထွက်လာခဲ့တယ်။ ဘုန်းကြီးခိုင်းလို့သာ ထွက်လာ ခဲ့ရတယ်။ ဒကာကြီး မောင်တင်ဆိုလို့သာ မောင်တင် ရတယ်။ ဘယ်မောင်တင်မှန်း မမေးခဲ့ဘူး။ ကြုံတဲ့မောင်တင် ခေါ်ရုံပေါ့လို့ တွေးရင်း ရွာထဲက ဖြတ်လာခဲ့တယ်။ ရွာထဲ ရောက်တုန်းလက်စနဲ့ မြချစ်တို့ အိမ်ဘက် လျှောက်ခဲ့တယ်။ စံလှဘော်က ရွာထဲ အကြောင်းရှိလို့ ရောက်လာရင် မြချစ်တို့အိမ် ၀င်နေကျ။
မြချစ်က ဆရာတော်ကြီး နှမအရင်း ဒေါ်အေးမယ်က မွေးတာဆိုတော့ စံလှဘော်ကို ခင်တယ်။ ဒေါ်အေးမယ်ကလည်း စံလှဘော်မှ လာရင် ကျောင်းကို တစ်ခုခု ထည့်လှူ နေကျကိုး။ ရွာထဲ ရောက်ရင် ကောက်ကာငင်ကာ လှူလိုက် ရအောင်လို့ အိမ်ကို ၀င်ဖြစ်အောင် ၀င်လို့ အမှာကလည်း ရှိတာပါ ပါတယ်။ မြချစ်တို့အိမ် စံလှဘော် ရောက်သွားတော့ မြချစ်က ရစ်ခုံကလေး တစ်လုံးနဲ့ ချားပုတ် နေလေရဲ့။ အုပ်လုံးသိမ်း ကလေးနဲ့ ဆိုတော့ မြစ်ချစ်က လှလို့။
“ဟော . . . ဦးဘော်ကြီး . . . ဘဘုန်းက ခိုင်းလိုက်လို့လား အမေရေ ဦးဘော်ကြီး လာတယ်”
မြချစ်က သည်လို အရေးတယူ ရှိတာကို စံလှဘော်က သိပ်သဘောကျတယ်။ မြချစ်က သဘော မနောကောင်း ဥစ္စာပေါ ရုပ်ချောလည်း ဖြစ်ပြန်၊ ကိုယ်တိုင်ရက်တဲ့ ရက်ကန်းကျ ချည်ပုဆိုးကလေးတွေလည်း ကြုံသလို ပေးတတ်ပြန်ကိုး။ မန်ကျည်းစု ရွာမှာ မြချစ်ရက်တဲ့ ပုဆိုး မေတ္တာနဲ့ ရတာ ဆိုလို့ စံလှဘော်ပဲ ရှိတာဆိုတော့ ဒါကို စံလှဘော်က ကွယ်ရာမှာ ရွာကာလသား တွေကို ကြွားတတ်တယ်။
“မြချစ်ကလေးက ဦးဘော်ကြိုက်တဲ့ အဆင်များ ရက်ပေးရရင် မောတယ် ပမ်းတယ် မထင်ဘူးတဲ့။ ဦးဘော်ပုဆိုးတော့ ရက်ကန်းသားနဲ့ မလွှဲဘူးတဲ့။ ကိုယ်တိုင် ရက်တာတဲ့ကွ။မြချစ်ရက်လို့လား မသိပေါင်ကွာ ပုဆိုးများ ၀တ်ကောင်းချက်တော့”
“ကိုကြီးဘော် ကံကောင်းတာပေါ့ဗျာ။ကျုပ်တို့များ ၀ယ်ဝတ် ရတာပါ။ မြချစ်က မေတ္တာနဲ့ ရော့အင့်ပေးတယ် တစ်ခါမှ မရှိပါဘူး။ မင်းတို့ကော ရဖူးကြလား”
ကာလသား တစ်ယောက်က အနားရှိတဲ့ ကာလသားတွေကို အဖော် ညှိမေးရင် ဘယ်သူကမှ မြချစ် ပုဆိုးအလကား မရပေါင်ကွာလို့ ဖြေတတ်ကြတယ်။ဒါကို စံလှဘော်က ၀မ်းသခွပ်ထတဲ့ မျက်နှာကြီးနဲ့ ကာလသားတွေကိုကိုင်း ဘယ့်နှယ့်တုန်း ဆိုတဲ့ မျက်နှာနဲ့ကြည့် နေကျ။ကာလသား တစ်ယောက်က မြချစ် ပေးလိုက်တယ် ဆိုတဲ့ ပုဆိုးကို ခဏ ယူကြည့်တာတောင် အကိုင် ခံချင်တာ မဟုတ်ဘူး။ပုဆိုး ကြားထဲမှာ သူ့ဟာသူ ညှပ်လာတဲ့ စံပယ်ပွင့် လေးငါးပွင့်က ပါသေး တာပါ။ဒါကို ကာလသားတွေက တွေ့ရင် စံလှဘော်က သူ့ဟာသူ ထည့်ထားတာလို့ မပြောဘူး။ မြချစ်က ထည့်ပေးလိုက်သလိုလို ပြောသေးတာ။ စပယ် ပွင့်တွေကို အံ့သြသလိုပုံနဲ့ ကြည့်ရင်း စံလှဘော်က မသိ ဟန်ဆောင်ပြီး မေး သေးတာပါ။
“ဟောဗျာ ဘာပန်းတွေပါလိမ့်။ကြည့်စမ်း မင်းတို့ကြည့်မှ မြင်တော့တယ်။ စပယ်ပန်းတွေလား။ အခြောက်လှန်းပြီး အုန်းဆီ ပုလင်းထဲ ထည့်ရဦးမကွာ ဘာသဘောများပါလိမ့်”
ကာလသားတွေက စံလှဘော် သူ့ဟာသူ ထည့်လာတာ သိသားပဲ။ စံလှဘော်က မရူးမကောင်း ဆိုတော့ ၀ိုင်းမြှောက်ကြတယ်။ စပယ်ပွင့်ကလေးတွေ တစ်ပွင့်စီ ကိုင်ကြည့်ကြ၊ နမ်းကြည့် ကြဆိုရင် စံလှဘော်က ဒေါကန်ပြီ။ စံပယ်ပွင့်တွေ ပြန်တောင်းပြီး ပုဆိုးထဲ ပြန်ညှပ်တယ်။
“မလုပ်ကြစမ်းပါနဲ့ကွာ။ သူများက မေတ္တာနဲ့ ပေးတဲ့ပန်း နမ်းတာကျတော့ ငါ သည်းမခံဘူးကွနော်”
“ကိုကြီးဘော်ကလည်းဗျာ ကျုပ်တို့က အားကျလို့ပါဗျ။ မြချစ် ပေးတဲ့ပန်း မြချစ်ပေးတဲ့ ပုဆိုး ကျုပ်တို့ မန်ကျည်းစုမှာ ဘယ်သူ ရဖူးလို့တုန်း၊ ကိုကြီးဘော် ပီယဆေးများ ရှိရော့လားဗျာ”
သည်လိုပြောရင် စံလှဘော်က သူ့မှာပဲ ပီယဆေး ရှိသလိုလို လုပ်ပြန်ရော။ ပီယဆေး ဖော်နည်းတွေပါ ပြောရော။ကြားဖူး နားဝတွေ စုံအောင် ပြောတော့တာပါ။ ကာလသားတွေကလည်း ငေးလို့။ မဟုတ်မှန်းလည်း သိကြပါရဲ့။ ကာလသားတွေဆိုတော့ ပီယဆေး ဆိုတာကို စိတ်ဝင်စားကြတယ်။ သည်လိုများ နားထောင် ကြပြီဆိုရင် စံလှဘော်က အပိုတွေ ပါထည့်ပြီ။
“ပီယဆေးများမှာ သုံးမျိုးလေးမျိုးလောက် ရှိတာကိုးကွ။ပီယမီးထွန်း နည်းတဲ့ ပီယဂ၀ံ နည်းတဲ့၊ ပီယနတ်ရဲနည်း၊ ပီယစင်ရော် နည်းတဲ့ကွ ပီယမီးထွန်း နည်းက အလွယ်ဆုံးပဲ ဥုံ ဗုဒ္ဓံ ဂုဏံ ပီယံ ဟောတု ဥုံဓမ္မ ဂုဏံ ပီယံဟောတု၊ ဥုံ သံဃဂုဏံ ပီယံဟောတုဆိုတဲ့ ဂါထာကို စက္ကူပေါ် ရေးရမယ်။ ရေးတော့ ပန်းပေါင်းနဲ့ ရေးရတာကွ။ ပြီးရင် ဂါထာကို အခေါက်တစ်ထောင် စုတ်ရမယ်။ ကိုယ်ကြိုက်တဲ့ ကောင်မလေးရဲ့ အ၀တ်အစားကို ယူပြီး မီးစာ လုပ်ရမယ်။ နတ်စင်ရှေ့ ထွန်းတာနဲ့ ကောင်မလေး မလာဘဲ မနေဘူး။ အဲသလောက် စွမ်းသဗျာ”
“ကိုယ်ကြိုက်တဲ့ ကောင်မလေး အ၀တ်အစားက ဘယ်က ရမှာတုန်း ကိုကြီးဘော်ရ။ အ၀တ်အစား ရမှာတော့ ကြိုက်ဖို့ ရှိတော့တာပဲဟာ”
“ဒါတော့ တစ်နည်းနည်းနဲ့ ရအောင် ယူရမှာပေါ့ကွာ။ မရတော့ လှန်းထားတုန်း အလစ် ဆွဲရမှာပေါ့”
“ထမိန်ကော ရသလား”
“ထမိန်တော့ မခိုးနဲ့ပေါ့ကွ။ အတွင်းခံ ဆိုရင်တော့ ပိုစွမ်းသကွ”
“ကိုကြီးဘော် သေချာတယ်နော်”
“သေချာတာပေါ့ကွာ တစ်ခုတော့ ရှိတယ်။ မြချစ်အ၀တ် အစားတော့ မလုပ်ရဘူးနော်”
စံလှဘော်က အဲသလိုလူ။ တကယ်တော့ မြချစ်နဲ့ စံလှဘော်က အရွယ်ချင်း သားအဖလောက် ကွာတာပါ။သည်ကြားထဲ ဘုန်းကြီး တူမဆိုတော့ စံလှဘော်က မြချစ်ကို ကြိုက်လို့တဲ့ ဆိုရင် ကျောင်းပေါ်က ရိုက်ချမှာကိုလည်း ကြောက်ရသေးတာကိုး။ သည်တော့ မြချစ်အကြောင်း ပြောရင် သူယုံရတဲ့ ကာလသားတွေလောက် ပြောဝံ့တာပါ။ ကာလသားတွေကလည်း မြချစ်ကို ကျိတ်ပိုး ကြိုက်ရင် ကြိုက်မှာပဲ။ ပြောင်မပိုးဝံ့ကြဘူး။ဘုန်းကြီးတူမ ဆိုတာ ထား၊မြချစ် ကိုယ်တိုင်ကိုယ်က ဇတ်ဇတ်ကြဲ။ စွာလိုက်တာ ကဲကဲပါလို့။သည်တော့ ကွယ်ရာမှာ ပြောကြတာပဲ ရှိတယ်။အခုလည်း ဘုန်းကြီး ခိုင်းတာက တစ်နေရာ၊ စံလှဘော်က မြချစ်တို့ အိမ်ကို ကြားချပြီး ရောက်ဖြစ်အောင် ရောက်လာတာပါ။
မြချစ်က စံလှဘော် ၀င်လာတော့ ဘကြီးဘုန်းကြီး တစ်ခု ခုမှာတယ် ထင်လို့ အိမ်ကပြင် လာထိုင်တယ်။ရေနွေးကြမ်းပွဲရှေ့ ရောက်ချပေးတယ်။ မြချစ်က ရေနွေးတစ်ခွက် ငှဲ့ပေးတာကို စံလှ ဘော်က ဂွပ်ကနဲ သောက်ချလိုက်တယ်။ ပူလွန်းလို့ ဖရူးကနဲ ထွေးထုတ်ကရော။ မြချစ်က ရယ်တယ်။
“ဦးဘော်ကလည်း ရေနွေးက အခုမှ ခပ်လာတဲ့ ကျွတ်ကျွတ်ဆူတွေ နည်းနည်းပါးပါး မှုတ်သောက်မှပေါ့ လျှာကျွတ်သွား ပြီလား”
“ကျွတ်ပါဘူး အားလားလား အရီး အေးမယ်ကော”
“အမေ အကြွေးသွားတောင်းတယ် ထင်တယ်။ ဘဘုန်းက ဘာမှာလိုက်လို့လဲ”
“နင်တို့ ကျောင်းမရောက်တာ ကြာလို့တဲ့။ အထူးသဖြင့် မြချစ် မလာလို့တဲ့ဟ နင့်ကို ကျောင်းနေ့တိုင်း လာစေချင်ပုံပါဟာ”
“အမေတော့ နှစ်ရက်ခြား သုံးရက်ခြား ရောက်သားပဲ ဦးဘော်ရဲ့။ ကျုပ်က ရက်ကန်း တစ်ဖက်နဲ့ ဆိုတော့ မရောက်တဲ့ဘူး”
“နင့်ကို မျှော်ပါတယ်ဟာ။ ဆရာတော် ကလည်း မျှော်”
“နောက် ဘယ်သူက မျှော်စရာ ရှိလို့တုန်းတော့်၊ ဦးဘော်ရဲ့ လုပ်တော့မယ်”
“ငါကလည်း မျှော်ပါသဟာ။ သည်လိုပါ တချို့ ကိစ္စက ဆရာတော်က ခိုင်းပေသိ ငါက သိပ်နားလည်တာ မဟုတ်ဘူးလေ”
“ဘဘုန်းက နားမလည်တာတော့ မခိုင်းလောက်ပါဘူး”
“သဘော ပြောတာပါဟာ ကျောင်းကို မရောက်မရှိစေနဲ့ဟ ကိုယ့်ဘကြီး ဘုန်းကြီး ကျောင်းပဲဟာ ဒါ့ထက် နင့်ခေါင်းမှာ ပန်ထားတာ ဘာပန်းတုန်းဟ”
“စကားဝါပန်းလေ”
“ပေးစမ်းဟာ ငါ့ခေါင်းထဲ မူးနောက် နောက်ဖြစ်နေလို့ စကားဝါပန်းများ ရှူရင် အမူးအမော် ပျောက်တယ်ဆိုလို့”
မြချစ်က ခေါင်းကပန်းကို ဖြုတ်တယ်။ သူ့ဟာသူလည်း စကား ၀ါပန်းကလေးကို တစ်ချက် နမ်းလိုက်သေးတာပါ။ ပြီးမှ စံလှဘော်ကို ပေးတော့ စံလှဘော်ကလည်း ချက်ချင်းနမ်းတယ်။ နားရွက်မှာ ညှပ်တယ်။ ပြီးတော့ မြချစ်ကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ ဘုန်းကြီး ခိုင်းလိုက်တဲ့ ဒကာမောင်တင့် သွားခေါ်ချေဆိုတာ ခေါင်းထဲ မရှိတော့ဘူး။ ရွာကာလသားတွေ ရှိလောက်တဲ့ ထန်းတော ဘက်ထွက်ခဲ့ရော။ မြချစ်ပန်တဲ့ ပန်းရလာတာကို ကြွားချင်သေးတာ လေ။
(၂)
ရွာထန်းတော။
ထင်တဲ့ အတိုင်းပဲ။ ထန်းရည်ဝိုင်းမှာ လူစု မကွဲကြသေးဘူး။ ကာလသား လေးငါးခြောက်ယောက် ထန်းရည်သောက်ပြီး တော်တော် လေးမူးနေကြပြီ။ မြူအိုးတွေကလည်း ပြန့်ကျဲလို့။ ပက်လက် လန်သူကလန်၊ မှောက်သူက မှောက်၊ သောက်သူက သောက်နဲ့ ရှိကြရာက ထန်းတောထဲ စံလှဘော် ၀င်လာတာ တွေ့တော့ ထန်းရည် ချော့တိုက်ဖို့ လှမ်းခေါ်ကြရော။ စံလှဘော်က နားရွက်ကြား စကားဝါတစ်ပွင့် ညှပ်ပြီး ကာလသားတွေ ကြားထဲ ၀င်ထိုင်တယ်။ စံလှဘော်က ထန်းရည်၊ အရက် သောက်ခဲတယ်။ မသောက်တာတော့ မဟုတ်ဘူး။ ရွာနဲ့ဝေးလို့၊ ကျောင်းနဲ့ဝေးလို့ တစ်ရပ်တစ်ကျေး ရောက်ရင်တော့ သောက်တယ်။ရွာမှာတော့ မသောက်ဝံ့ဘူး။ ဘုန်းကြီးကို ကြောက်တာလည်း ပါတယ်။ စံလှဘော်က နားပန်ထားတဲ့ စကားဝါပွင့်ကို ၀ိုင်းရှေ့ချတော့ အားလုံးက ကြည့်ကြတယ်။
“ကိုကြီးဘော် နားရွက်ကြား ပန်းတစ်ပွင့်ညှပ်လို့ ဘာတွေများ အူမြူး လာတာတုန်းဗျ”
“မြချစ်ပန်တဲ့ ပန်းလေကွာ။ခေါင်းက ဖြုတ်ပေးလိုက်လို့ ယူလာတာပါ မောင်ရာ။ ရှေးက ချစ်သူချင်း စကားထာ ၀ှက်ကြတဲ့ အခါ မိန်းကလေးက မေးလို့ ယောက်ျားကလေးက မဖြေနိုင်ရင် ယောက်ျားကလေး နားမှာ ပန်ထားတဲ့ ပန်းကို ရှုံးကြေးပေးရတာ ရှိတယ်။ ပန်းပေးတယ်ပေါ့။ စာတောင် ရှိတယ်လေကွာ။ မောင့်နားက စကားဝါပွင့် ပေးချင်ရဲ့လား ဆိုတာလေကွာ”
“ကောင်မလေး ပြုတ်ကျနေတဲ့ ပန်းကောက်လာတာ နေမှာပါဗျာ။ အချင်းချင်း လာကြွား မနေစမ်းပါနဲ့ ကိုကြီးဘော်ကလဲ”
“ခက်ပါကောကွာ ပန်းပေးကြေး စကားထာ ၀ှက်ကြတာကွ ငါက ပဒုမ္မာ ယုန်ထောင်လို့ မေးတော့ မြချစ်က မဖြေနိုင်ဘူး။ ဒါနဲ့ငါက ပဒုမ္မာက ကြာ၊ ယုန်ထောင်တာကပိုက် ကြာပိုက် ကြိုက်ပါလို့ ပြောတာဆိုတော့ ရယ်တယ်။ ခေါင်းက ပန်းဖြုတ် ပေးရရော ဒါနဲ့ မြချစ်က ပြန်ဝှက်တယ်”
“ဘာတဲ့တုန်း”
“ပင်လယ်နဲ့ ကြက်ဖတဲ့ ငါက သိတာပေါ့ကွ။ ကောင်မလေး ဘာပြောချင်သလဲ ဆိုတာ ငါရိပ်မိပြီ။ ပင်လယ်က မကျယ်လား။ ကြက်ဖက မတိုက်လား။ ကျယ်တိုက် ကြိုက်တယ်ကိုးကွ”
ကာလသားတွေက မယုံကြပါဘူး။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြတယ်။ အံ့သြတဲ့ မျက်နှာပုံကလည်း ဖမ်းထား ရသေးတာလေ။ တစ်ယောက်က ထအော်ရော။
“ဟာ ကိုကြီးဘော် မြချစ်ဆီက အဖြေ ရပြီကောဗျ။ ကောင်မလေးက ပညာနဲ့ ဖြေတာ ပေါ့ပေါ့ မမှတ်နဲ့။ မြချစ်ဆီက အဖြေ ရတဲ့နေ့ ကျုပ်တို့ ထရေဘိုးတွေ ရှင်းသွားဗျာ။ ကျုပ်တို့က ၀မ်းသာပါသဗျာ။ ဟုတ်တယ် မဟုတ်လားဟေ့”
“ဟုတ်ပေ့ကွာ ကိုကြီးဘော် ၀မ်းသာတယ်ဗျာ။ မြချစ်က လက်စသတ်တော့ ကိုကြီးဘော်ကို ကျနေတာပါလား။ဟေ့ကောင် ငအုန်း မင်းတော့ ရင်ကွဲပြီ။ ငအုန်းက မြချစ်ကို ကြိုက်နေတာ ကိုကြီးဘော်ရ။ ခုတော့ သည်ကောင်သွားပြီပေါ့”ငအုန်းက မူးမူးနဲ့ စံလှဘော်ကို ဂျစ်ကန်ကန် ကြည့်တယ်။ ငအုန်းက မြချစ်ကို ပိုးနေတာ ကြာပါပြီ။ မြချစ်က ပြန်မချစ်လေ ငအုန်းက ဇွဲကောင်းလေကိုး။ ငအုန်း မိဘများက ချမ်းသာပေမယ့် မြချစ်က ငအုန်းကို ကြည့်မရဘူး။ သည်ကြားထဲက မြချစ်ပန်တဲ့ ပန်းစံလှဘော် လက်ထဲ ပါလာတာတွေ့တော့ မခံချင်တာပါသလို စံလှဘော်ကို မြချစ်က မကြိုက်မှန်း သိပေမယ့် စံလှဘော်လာ ကြွားတာကို ရန်လုပ်ချင်တာလည်း ပါတယ်။
“ထန်းရေဘိုး ငါရှင်းမယ်ဟေ့။ ဘုန်းကြီးကျောင်းက ကပ္ပိယ ကို ဒုက္ခမပေးချင် ကြပါနဲ့ကွာ။ သူ့ခမျာ ဟိုလူပေး သည်လူ ပေးကလေးရှိရှာတာပါနော် ကိုကြီးဘော်ရာ”
သည်စကားကို စံလှဘော် ဖျင်းခနဲ ဖြစ်သွားတယ်။ ဘုန်းကြီး ကျောင်းက ကပ္ပိယဆိုတာထားတော့ ဟုတ်လည်း ဟုတ်နေတာကိုး။ ဟိုလူပေးသည် လူပေး ဆိုတာကိုတော့ စံလှ ဘော်ရင်ထဲ မကောင်းလှဘူး။ တစ်ရွာက ဘုန်းကြီး ကျောင်းမှာ ကုပ်ကပ်နေရတဲ့ ဘ၀ဆိုပေမယ့် ကပ္ပိယ အဖြစ် ကျောင်းဝေယျာဝစ္စ လုပ်ရတာကို စံလှဘော် ကျေနပ်တယ်။ပျော်လည်း ပျော်တယ်။ ဆရာတော့် မေတ္တာရိပ်နဲ့ သူ့ဘ၀ လုံခြုံတာလည်း ရှိတော့ သည်ရွာ သည်ကျောင်းကို စံလှဘော် မခွာနိုင်ဘူး။
ကပ္ပိယ ဆိုတာ ဂုဏ်ငယ်တဲ့ အလုပ်မှ မဟုတ်တာ။ ဘုရားနီး တရားနီး သံဃာနီး အလုပ်ပဲ။ မွန်မြတ်တဲ့ အလုပ်ပဲ။ ကုသိုလ် ရတဲ့ အလုပ်ပဲ။ ၀မ်းအေးရတဲ့ အလုပ်ပဲ။ သို့ပေသိ ၀င်ငွေ ရယ်လို့တော့ ဘယ်ရှိပါ့မလဲ။ တစ်ခါတလေ ဆရာတော်က ပေးလို့၊ ကျောင်းရောက်လာတဲ့ ဒကာဒကာမကို လက်တို့ ခြေတို့ တောင်းပြီး ကိုယ်စောင့် လက်စောင့်ကလေး ပေးလို့ ရတာမျိုးက လွဲရင် ငွေရယ်လို့ ရစရာ ရှိတာမှ မဟုတ်တာ။ တစ်ခါတလေ အင်္ကျီလေး ပုဆိုးလေး ၀ယ်ချင်လို့ ပိုက်ဆံ မရှိတာမျိုး၊ ဘုရားပွဲ ကျောင်းပွဲ အလှူအတန်း ပွဲတွေမှာ ၀ယ်ချင်ရာ မ၀ယ် ရရှိပေမယ့် စံလှဘော် မရှက်ပါဘူး။
တစ်ခါက ဆရာတော်ကြီးကို စံလှဘော် မေးလျှောက်ဖူးတယ်။ကပ္ပိယ ဆိုတာ ဘာပါလဲ ဘုရားဆိုတော့ ဆရာတော်ကြီးက ကပ္ပိယဆိုတာ ရဟန်းကိစ္စ ဆောင်ရွက်ပေးရသူ သူတော်ကောင်းကို ခေါ်တယ်လို့ မိန့်ဖူးတယ်။ကပ္ပိယကာရက ဆိုတာက လှူဖွယ်ပစ္စည်းနဲ့ ရဟန်းနဲ့ အပ်စပ်အောင် ဆောင်ရွက် ပေးရသူ ဖြစ်လို့ အင်မတန် ကုသိုလ်ရတဲ့ အလုပ် ဆိုတာလည်း မိန့်တယ်။
သည်ကတည်းက သူ့ကိုယ်သူ သိမ်ငယ်အောင်၊ ဂုဏ်ငယ်အောင် မတွေးဘူး၊ မကြံဘူး၊ မလုပ်ဘူး။ ဘယ်သူတွေ ဘယ်လိုထင်ထင် သူ့ ကိုယ်သူ ရဟန်းသံဃာရဲ့ အမှုတော်ကို ဆောင်ရွက်ရသူ အဖြစ် အမြဲတမ်း ၀တ်ကြီးဝတ်ငယ် ပြုစုခဲ့တာချည်းပဲ။ ငအုန်းက ရွာက သူဌေးသားပီပီ သူ့ကို ခပ်နှိမ်နှိမ် ပြောလိုက်တာကိုတော့ စံလှဘော် ဒေါသ ဖြစ်သွားတယ်။
“ဟိုလူပေး သည်လူပေး ဆိုပေသိ သန့်ရှင်းပါတယ်ကွာ ငါမခိုးဘူး၊ မနှိုက်ဘူး၊ မရှိရင် မရှိသလို၊ ရှိရင် ရှိသလို ငါနေတာ ပါကွာ၊ သေချာတာက ငါ့မှာ ငရဲ မရှိဘူးကွ”
ငအုန်းက စံလှဘော် ပြောလိုက်တော့ မြူအိုးခွဲ ကောက်ကိုင်တယ်။ မူးမူးနဲ့ စံလှဘော်ခေါင်းကို ရိုက်ခွဲမလို ဟန်ပြင်နေတော့ အနားက ကာလသားတွေက ထဆွဲကြတယ်။ စံလှဘော်က မဖြုံဘူး။ အထိုင်တောင် မပျက်ဘူး။ စကားဝါပွင့်ကလေးတောင် နမ်းနေလိုက်သေးတယ်။ ငအုန်းက စကားဝါ ပွင့်ကို မြချစ် နှစ်သက်တာ သိတယ်။ မနက်တုန်းက သူမြင်ခဲ့တာသည် စကားဝါ ပွင့်ပွဲဆိုတာလည်း မှတ်မိတယ်။
သည်ကြားထဲက စံလှဘော်လို ဘုန်းကြီး ကျောင်းက ကပ္ပိယက သူလို သူဌေးသားကို စော်ကားရပါ့မလား ဆိုပြီး ဒေါသတွေ ချောင်းချောင်း ထွက်လာတယ်။ကာလသားတွေ ဆွဲထားတဲ့ကြားကစံလှဘော်ကို လှမ်းကန်တယ်။ စကားဝါပွင့် ကလေး လက်ထဲက လွင့်သွားတဲ့ အခါမှတော့ စံလှဘော်လည်း ပုဆိုးတိုတို ၀တ်ပြီး ထ ရင်ဆိုင်တယ်။ သည်အချိန်မှာ ငအုန်းက ၀ိုင်း ဆွဲထားတဲ့ ကာလသားတွေကို တွန်းဖယ်ပြီး စံလှဘော် ရှေ့မှာ မြူအိုးခွဲ တစ်လုံး ကိုင်ပြီး ခေါင်းရိုက်ဖို့ ပြင်နေပြီ။
“ဘုန်းကြီးကျောင်း ကပ်စားလို့ ထမင်း ၀နေတဲ့ကောင် သည်ကနေ့တော့ ခေါင်းရိုက်ခွဲ ပစ်မယ်လာခဲ့”
စံလှဘော်က ငအုန်းကို ၀င်လုံးတယ်။ မူးနေတဲ့ ငအုန်းက မြူအိုး ကိုင်လျက်နဲ့ လဲကျသွားတဲ့ အခါ စံလှဘော်က ငအုန်းပေါ် ခွထိုင်လိုက်ပြီး ငအုန်းလက်ထဲက မြူအိုးကို ဆွဲလုလိုက်တယ်။ မြူအိုးကို မြှောက်တင်လိုက်ပြီး ငအုန်းခေါင်းကို ရိုက်ခွဲဖို့ ပြင်လိုက်ချိန်မှာပဲ နားထဲက “ကပ္ပိယ” လို့ အော်လိုက်တဲ့ အသံကြီး ကြားလိုက်ရတယ်။
ကပ္ပိယ . . .။ ကပ္ပိယ . . .။ ကပ္ပိယ . . .။
အော်သံတွေက ဆက်တိုက် ကြားနေရတယ်။ စံလှဘော် လက်က မြူအိုးဟာ လေထဲက ပြုတ်ကျသွားရာက မြေပေါ်မှာ အစိတ်စိတ် အမွှာမွှာ ကွဲသွားလေရဲ့။ ငအုန်းကို ခွနေရာက ထလိုက်တယ်။ ငအုန်း လှမ်းကန်လို့ ခပ်ဝေးဝေးရောက်နေတဲ့စကားဝါ ပန်းကြွေကို သွားကောက်ယူလိုက်တယ်။ ပြီးမှ ထန်းတောထဲက ပြန်ထွက်ခဲ့ရော။ ထန်းတောထိပ် ရောက်မှ စံလှဘော်က ငအုန်းကို လှမ်းအော်လိုက်တယ်။
“ငအုန်း ငါ ကပ္ပိယမို့လို့ မင်းသက်သာ သွားတယ်မှတ်”
ထန်းတောထိပ်က တဲရှေ့ ရောက်တော့ တဲဝမှာ ရင်လျားနဲ့ ရပ်နေတဲ့ ထန်းသမား မိန်းမတစ်ယောက်က သူ့သားကို လှမ်း ခေါ်တဲ့အသံ စံလှဘော် ကြားလိုက်ရတယ်။“ငတင်ရေ မြူအိုးတွေ သွားကောက် ချေဦးသားရေ”တဲ့။ ငတင်ရေဆိုတဲ့ အသံကြားတော့မှ ဘုန်းကြီးက ဒကာ မောင်တင့်ကို သွားခေါ်ချေစမ်း ဆိုတာကို သတိရ သွားတော့တယ်။ သည်တော့မှာ ဒကာမောင်တင် ဆိုတာ ဘယ်မောင်တင်ပါလိမ့်လို့ တွေးမိကရော။ ဘုန်းကြီးက သူသဘော ပေါက်လောက်တယ် ထင်ပြီး ဒကာ မောင်တင့်ခေါ်ချေ ပြောတာထား၊ စံလှဘော်က နားကျပါးန နားမထောင်ခဲ့တော့ ဘယ်သူ့ ခေါ်ရမှန်း မသိဖြစ်နေရော။
သည်တော့ ဘုန်းကြီးလည်း ကျေနပ်အောင် လူလည်း မလွဲအောင် ရွာထဲက ဦးတင် မှန်သမျှ ဘုန်းကြီးခေါ်လို့ ကျောင်းကိုကြွပါ လို့ လိုက်ပြောတယ်။ ရွာထဲမှာလည်း ဦးတင် ကချည်း သုံးလေးယောက် ရှိတော့ အိမ်စေ့ ပြေးရတော့တာပါ။ သည်လိုနဲ့ စံလှဘော် ကျောင်းကို ပြန်ရောက်လာခဲ့တယ်။ ဆရာတော် စင်္ကြန် လျှောက်နေတဲ့ အနားသွားပြီး မြေကြီးပေါ်မှာပဲ ထိုင်ရင်း ၀တ်ဖြည့်တယ်။
“ဟဲ့ ငဘော် မင်းမောင်တင့် သွားခေါ်တာ ကြာလှချည်လား”
“လိုက်ခေါ်နေရလို့ပါ ဘုရား သေချာအောင်ပါ ဘုရား”
“မောင်တင့်ခေါ်တာ သေချာဖို့လို သေးသလားဟဲ့။ သွား ထမင်းစားချေ”
“တင်ပါ့ဘုရား”
(၃)
ကျောင်းပေါ်မှာ ဦးတင်ကချည်းလေးယောက် ရောက်နေကြပြီ။ ဆရာတော်က ရောက်လာသမျှ ဦးတင်တွေကို ဘာကိစ္စလဲ မေးတော့ ဦးတင်တွေက ဆရာတော် ခေါ်တယ်ဆိုလို့ ချက်ချင်း လာခဲ့ကြကြောင်း လျှောက်ကြတယ်။ဆရာတော်က စံလှဘော်တော့ တလွဲ လုပ်လာပြန်ပြီတဲ့။
ရောက်လာတဲ့ ဦးတင်တွေက လက်သမား ဦးတင်ရယ်၊ ဆေးဆရာ ဦးတင်ရယ်၊ ဆယ် အိမ်ခေါင်း ဦးတင်ရယ်၊ မောင်းဆိုင်းတီးတဲ့ ဦးတင်ရယ်ပါ။ ဆရာတော်ခေါ်ခိုင်း တဲ့ မောင်တင် မပါဘူး။ ဒါနဲ့ ဆရာတော်က စံလှဘော်ကို အခေါ် ခိုင်းလိုက်တယ်။ ကိုရင်တစ်ပါးက နောက်ဖေးမှာ သပိတ် ဆေးနေတဲ့ စံလှဘော်ကို လာခေါ်တော့ လုပ်လက်စ ပစ်ချပြီး ကျောင်းပေါ် တက်လာခဲ့ရော။ ၀တ်ဖြည့်ပြီး ဆရာတော့်ကို ပြုံးကြည့်တယ်။ သေချာတယ် မဟုတ်လား ဘုရားပေါ့။
“စံလှဘော် ငါခေါ်ခိုင်းတာ ကျောင်းရှေ့က မိဝက် ယောက်ျား ငတင့်ကို အခေါ် ခိုင်းတာဟဲ့ ဘယ်က ဦးတင်တွေ ခေါ်လာတာတုန်း။ ခမျာများ အလုပ်တွေ တန်းလန်းနဲ့ လာကြရတာပါကော ငဘော်ရဲ့။ မင်းမလဲ လုပ်လိုက်ရင် တလွဲချည်းပဲ။ နကျ ပကျ နားထောင်တယ် မရှိဘူး”
“တပည့်တော်က ထင်တော့ ထင်သားဘုရား။ မိဝက် ယောက်ျား မောင်တင်တော့ ကျန်သားလို့ ဆရာတော် ဘာခိုင်းချင်တာတုန်း ဘုရား ရောက်လာတဲ့ ဦးတင်ထဲက သင့်တော်တဲ့ ဦးတင်နဲ့ ခိုင်းလိုက်ပါလား ဘုရား”
“တယ် ငါထရိုက်ရ နာတော့မယ် ငါက ယတြာချေတာ မဟုတ်ဘူးဟဲ့။ မိဝက်ယောက်ျား ငတင်ကို မှာတာကတောင် ရွာသရက်ကုန်းကို လွှတ်မလို့ သွားသွား လုပ်လက်စ လုပ်ချေတော့”
ဦးတင်တွေက ရယ်ကြတာပါပဲ။ ကျောင်းရောက်လာမှတော့ ဆရာတော်နဲ့ စကားစမြည် ပြောကြတယ်။ ရပ်ရေး ရွာရေး၊ သာရေး နာရေးတွေနဲ့ ပတ်သက်လို့ ဆရာတော် မေးသမျှ ပြန်လျှောက် တင်ကြတယ်။သည်ကနေမှ ကပ္ပိယ စံလှဘော် အကြောင်း တစ်ပတ် လည်လာတယ်။ ဆရာတော်က စံလှဘော် သူ့ကျောင်း ရောက်လာပုံကို မိန့်တယ်။
ကျောင်းမှာချည်းပဲ နေလာတာ နှစ်ပေါင်းနှစ်ဆယ် ကျော်လောက်ရှိပြီ ဆိုတော့ သံယောဇဉ်လည်း ဖြစ်ရှာတယ်။ သနားလည်း သနားတယ်။ အခုပဲ စံလှဘော် အသက် သုံးဆယ်ကျော်ပြီ ဆိုတော့ ကျောင်းကို စံလှဘော် ရောက် လာတာ ဆယ်နှစ်သားကပေါ့။ ဆရာတော်က စံလှဘော် ကျောင်း ရောက်လာတဲ့ နေ့ကို သတိတရ ရှိတယ်နဲ့ တူပါရဲ့။ ဦးတင် လေးယောက်ကို ပြောပြတယ်။
အဲသည်တုန်းက နယုန်လကြီး။ နေကလည်း ပူလိုက်တာ ၀က်ဝက်ကွဲလို့။ လက်ရှိ ကျောင်းထိုင် ဆရာတော်ကြီး ဦးဝါယမက ကျောင်းထိုင် မဟုတ်သေးဘူး။ ခန်းနေ ဦးပဉ္ဇင်းကြီး ဘ၀ ရှိသေးတာပါ။ ကျောင်းထိုင် ဆရာတော်ကြီးက ဦးသာသန။ သက်တော်က ရှစ်ဆယ်ရှိပြီ။ ကျောင်းမှာ ရဟန်း ကိုရင်ကလည်း များများ မရှိသေးတဲ့ အချိန်။ ကျောင်းအိပ်ကျောင်းစား မောင်ကျောင်းသားလေး ငါးယောက်တော့ ရှိတယ်။
“နေ့လယ် ပူပူလောင်လောင်ကြီးထဲ အမယ်အို တစ်ယောက်က မြေးဆယ်နှစ် သားကလေး လက်ဆွဲပြီး ကျောင်းဝ ၀င်လာကတည်းက ကျုပ်ကမြင်တယ်။ပူလွန်းလို့ သပြေပင်ကြီး အောက်မှာ တရားစာအုပ် တစ်အုပ်နဲ့ စာဖတ်နေတုန်း ကျောင်းဝင်းထဲ ၀င်လာတာပဲ။ ဒါနဲ့ ကျုပ်က ကိုရင် တစ်ပါးနဲ့ ခေါ်ခိုင်းလိုက်တယ်။ ဆရာတော်ကြီးက သက်တော်ကြီးလှပြီ ဆိုတော့ တော်ရုံကိစ္စ ကျုပ်ကပဲ စီစဉ်နေရတာကိုး။
မြေးအဘွား နှစ်ယောက် အနားပြီး ၀တ်ဖြည့်တယ်။ မြေးက ရေအိုးစင်က ရေတစ်ခွက်သွားခပ်ပြီး ဘွားအေကို ကမ်းတော့ ဘွားအေက ငါ့မြေးသောက် လိုက်ဦးတဲ့။ ကျုပ်က ကြည့်နေလိုက်တယ်။ မြေးနဲ့ ဘွားအေ တစ်ဦးကို တစ်ဦး မေတ္တာ ပြုနေကြတာကို ကျုပ်က စိတ်ချမ်းသာ နေတာကိုး။ ပြီးမှ ကျုပ်ကို အကျိုးအကြောင်း လျှောက်တယ်။ သူ့မြေးကလေး ကျောင်း အိပ်ကျောင်းစား အပ်ချင်လို့ ခွင့်ပြုတော်မူပါဘုရားတဲ့။ သည်တော့ ကျုပ်က မေးရပြီ”
အမယ်အိုက အသက် ရလှပါပြီ။ လည်ပင်းမှာ စိတ်ပုတီး တစ်ကုံး ဆွဲထားတာက လွဲလို့ ဘာမှ မပါရှာဘူး။ ထမိန်ကလည်း ရော်လို့။ မျက်နှာကလည်း ဥသျှစ် သီးလောက်ကလေးနဲ့ ပါးရေ နားရေတွေ တွန့်နေလိုက်တာ ရေမရတဲ့ လယ်တောသာ ကြည့်တော့။ ဘ၀ရဲ့ အထုအထောင်း အရိုက်အပုတ် ဒဏ်ကို ခံထားရတဲ့ လက္ခဏာက ပေါ်လွင်နေတယ်။မြေးက ဦးစွန်းဖုတ် ကလေးနဲ့။စွပ်ကျယ်ဟောင်းကလည်း ညစ်ပေ နေလိုက်တာ လက်နှီးစုတ်ကမှ ပြောင်သေးတယ် ပြောပါ တော့။ ပုဆိုးက အနားကွဲနဲ့။
ဦးဝါယမက ဆင်းရဲတဲ့ ကလေးတွေ၊ စာတတ်ချင် တဲ့ကလေးတွေ၊ လောကနီတိ အဆိုဆုံး မခံယူချင်သူ ကလေးတွေ၊ တစ်လ ကိုးသီတင်း ဘုရားရိပ် ကျောင်းရိပ် ထားချင်လို့ လာထားကြတဲ့ ကလေးတွေ စသဖြင့် တော်တော်များများ ကြုံဖူးတယ်။ လက်ခံဖူးတယ်။ ကျောင်း ဝေယျာဝစ္စလည်းလုပ်၊ ကျောင်းထမင်း ကျောင်းဟင်းလည်းစား၊ စာကလေး ပေကလေးလည်း သင်ဆိုတာလောက် ကတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွက် မပင်ပန်းဘူးကိုး။ ဒါနဲ့ ဘွားအေကို ဘယ်လောက်အထိ အပ်ချင်တာတုန်းလို့ မေးတော်မူတယ်။ ဘွားအေကြီးက အသံတောင် မနည်း ထွက်ရ ရှာတာပါ။
“တစ်သက်လုံး အပ်ချင်ပါဘုရား တပည့်တော်မကတော့ လူ့လောက ကြာကြာ မနေရလောက်တော့ပါဘူး။ တပည့်တော် မျက်စိမမှိတ်ခင် အရှင်ဘုရားတို့ဆီ စိတ်ချလက်ချ အပ်ထား ခဲ့ချင်လို့ပါ ဘုရား။ အရှင်ဘုရား လက်ခံတော်မူရင် တပည့်တော် အသေဖြောင့်ပါပြီ ဘုရား”
“ကလေး မိဘများကကော အမေကြီးတို့က ဘယ်ရွာက လာကြတာတုန်း”
“ကလေး နာမည်က စံလှဘော်ပါ ဘုရား။ မိဘ နှစ်ပါးစလုံး တိမ်းပါး ကုန်ကြပါပြီ။ ဆွေရယ်မျိုးရယ် လောက်လောက်လားလား မရှိလေတော့ ဘုရား တပည့်တော်ရော မြေးကလေးပါ အားကိုး မဲ့ရပါသ ဘုရား တပည့်တော်က ရွှေလှေကပါ ဘုရား။ ရွာဇနပုဒ် ဆိုတော့ ရွာသူ ရွာသားများမလဲ အင်မတန် ဆင်းရဲကြရှာလို့ အပ်ရမယ့် လူတောင် အနိုင်နိုင်ပါ ဘုရား။ ဒါနဲ့ မန်ကျည်းစုရွာ ဆရာတော်ကြီးထံ အပ်နှံမယ် ဆိုပြီး တပည့်တော်တို့ မြေးအဘွား သုံးရက်ခရီး လျှောက်ခဲ့ရပါသ ဘုရား”
မြေးဖြစ်သူ စံလှဘော်ကတော့ အမေကြီး ထားရာမှာ နေတော့မယ်လို့ စိတ်ရှိပုံရတယ်။ သည်ရွာကြီးမှာ မနေချင်ဘူးလည်း မပြောဘူး၊ နေချင်တယ်လည်း မပြောဘူး။ သူ့ဘ၀သူ သိပုံလည်း ပေါ်ပါရဲ့။ ဦးဇင်းဦးဝါယမက တော်တော့်ကို စိတ်ထိခိုက် သွားသလိုနဲ့ သပြေပင် ရိပ်ကနေ အပူငွေ့တွေ ချောင်းချောင်း ထနေတဲ့ ကျောင်းရှေ့ကွင်းပြင်ကို ငေးနေလေရဲ့။ နေပူပြင်းပြင်းမှာ မြေးကို ကျောင်းမှာ အပ်မပြီးမချင်း ငါမသေဘူး ဆိုတဲ့ စိတ်နဲ့ လိုက်ပို့တဲ့ အမေအိုကို ကည့်ပြီး တော်တော်လည်း ကရုဏာသက် မိသွားတယ်။
“အမေကြီး ရွာပြန်တော့ ဘယ်သူက လုပ်ကျွေးမလဲ။ မြေးကလေး အနား ရှိတာက ပိုမကောင်းဘူးလား။ နောင်လေးငါးနှစ် ဆိုရင် ခိုင်းလောက်စေလောက်ပြီပဲ။ မြေးက လုပ်ကျွေးမှာပေါ့”
အမေကြီးက အနားမှာ ထိုင်နေတဲ့ မြေးကလေးခေါင်းကို ပွတ်တယ်။ မျက်ရည်တွေလည်း ကျလို့။သွားမရှိတော့တဲ့ ပါးစပ်က အပူ မိလာလို့နဲ့ တူပါရဲ့။ အသက်ဝအောင် ရှူနေရတာနဲ့ပဲ မေးခွန်းကို တော်တော်နဲ့ မဖြေနိုင်ဘူး။ ငါးတစ်ကောင်ကုန်းပေါ် ပက်တင်ထားတဲ့ အတိုင်းပဲ။ မြေးကလည်း ဘွားအေကို ကြည့်ရင်း မျက်ရည်တွေနဲ့။ အမေကြီးက ဦးပဉ္ဇင်းမေးတဲ့ မေးခွန်းကို တော်တော်ကြီး ကြာမှ ဖြေရှာတယ်။
“ရွာက ဇနပုဒ်ပါ ဘုရား။ ကြွက်ထိုးယုန်လိုက် ကျွဲသတ် နွားသတ်တွေဆိုတော့ မြေးကလေးကို အကုသိုလ် တောထဲ မထား ခဲ့နိုင်ပါဘူး ဘုရား။ မွေးကတည်းက မအေ ဆုံးရှာပါတယ်။ တစ်နှစ်က ဖအေ ဆုံးရှာတော့ တပည့်တော်မ အရှင်ဘုရားတို့ လက်ထဲ အပ်ခဲ့ချင်တာပါ ဘုရား လက်ခံတော်မူပါ ဘုရား”
မန်ကျည်းစုရွာက ရွာကြီးဆိုတော့ ဆွမ်းကွမ်းရေမိုး ပြည့်စုံတယ်။ မြေးအဘွား နှစ်ယောက်အတွက် ထူးပြီး မပင်ပန်းဘူး ဆိုတော့ ဦးဇင်း ဦးဝါယမက အမေကြီးကိုရော၊ မြေးကလေး စံလှဘော်ကိုပါ ရွှေလှေ ရွာမပြန်ခိုင်းတော့ပါဘူး။ ကျောင်းနားက ကျောင်းသင်္ခန်းဟောင်း ကလေးထဲမှာ မြေးအဘွား နှစ်ယောက် အတူ နေစေတယ်။ စားဖို့ သောက်ဖို့နေဖို့ပါ တာဝန်ယူထားတော့ မြေးအဘွားနှစ်ယောက် စိတ်ချမ်းသာ လက်ချမ်းသာ နေရပါတယ်။ စံလှဘော်ကိုတော့ ဘွားအေနဲ့ အတူနေနိုင်အောင် ကိုရင်ဝတ် မပေးသေးဘူး။မောင်ကျောင်းသား အဖြစ်နဲ့ပဲ စာသင် ဆွမ်းခံထားတယ်။
ရွယ်တူ အဖော်တွေ ရှိတော့ စံလှဘော်ကလည်း ပျော်ပါရဲ့။ အမေကြီးခမျာတော့ မြေးကို စိတ်ချလက်ချ အပ်ခဲ့ပြီးလို့ စိတ်ဒုံးဒုံး ချလိုက်ပုံရတယ်။ ကျောင်းမှာနေလို့ တစ်လမပြည့်ခင် တစ်ညမှာ ဆုံးရှာတာပါပဲ။ မန်ကျည်းစု သင်္ချိုင်းမှာပဲ သင်္ဂြိုဟ်လိုက်ကြ တယ်။ သည်တော့မှ စံလှဘော်ကို ကိုရင်ဝတ် သင်္ကန်း ဆီးပေးလိုက်တယ်။ကွယ်လွန်သူတွေ ကုသိုလ်ရအောင်ရော သာမဏေ ဘ၀နဲ့ နေနိုင်အောင်ပါ စီစဉ်ပေးလိုက်တာပါ။ စံလှဘော်ကို ကိုရင်ဝတ် ပေးတဲ့နေ့က တပည့်တော် ကိုရင် မ၀တ်ချင်ပါဘူး ဘုရားတဲ့။ ကျောင်းသား ဘ၀နဲ့ပဲ နေပါရစေ ဘုရားတဲ့။ ဦးဝါယမက ခွင့်မပြုခဲ့ဘူး။ သာမဏေ သုံးဝါ ၀တ်ရမယ်လို့ မိန့်တယ်။သည်လိုဆိုတော့ လည်း စံလှဘော် မငြင်းဆန်ပါဘူး။ သည်လိုနဲ့ စန္ဒိမဘွဲ့နဲ့ သာမဏေ ဖြစ်ခဲ့ရတယ် ပြောပါတော့။
ကိုရင်စန္ဒိမက ရပ်နဲ့ရွာနဲ့ ကျောင်းနဲ့ ရဟန်းနဲ့ စာနဲ့ပေနဲ့ နီးလာတော့ အကြားအနာ များလို့နဲ့ တူပါရဲ့။ မှတ်မှတ်သားသား ရှိလာတယ်။ ပြောတတ်ဆိုတတ် ရှိလာတယ်။ ချက်ချက်ချာချာ ရှိလာတယ်။ သို့ပေမယ့် ဂယောက်ဂယက် စိတ်ကလေးက မကုန်ချင်ဘူး။ သူထင်ရာ သူကောင်းရာ ဇွတ်လုပ်တာ မျိုးတော့လည်း ရှိတယ်။ ကျောင်းထိုင်ဆရာတော်ကြီးကို ၀တ်ကြီးဝတ်ငယ် ပြုစုတယ်။ နှိပ်နင်းပေးတယ်။ ကိုရင်ချင်းလည်း သူကပဲ ထိန်းတယ်။ကိုရင်ကလေးတွေကို ညဘက်ကြောက်အောင် ခြောက်တာတို့၊ မဟုတ်က ဟုတ်က ပုံတိုပတ်စတွေ ပြောတာတို့လည်း လုပ်ချင်လုပ်တယ်။
ကိုရင်ဝတ်ပြီး သုံးနှစ်ပြည့်တော့ ကိုရင်စန္ဒိမက လူထွက်ချင်ပါတယ် လုပ်ကရော။ ဦးဝါယမက ကတိအတိုင်း လူဝတ် လဲပေးရတော့တာပါ။
“ကျောင်းမှာ သာမဏေဘ၀နဲ့ နေရတာ ပိုမအပ်စပ်ဘူးလား စန္ဒိမရဲ့။ လူမထွက်ချင်ပါနဲ့ကွယ်။ လူဝတ်လဲပြီး ဘာလုပ်ချင် လို့တုန်း”
“ဘာမှ မလုပ်ချင်ပါဘူး ဘုရား။ ကျောင်းမှာပဲ နေမှာပါ ဘုရား”
ဒါနဲ့ ဦးဇင်းဦးဝါယမက ကျောင်းသားကြီး ဘ၀နဲ့ ကျောင်းမှာ ပဲထားတယ်။ လေးငါးနှစ်လောက် ရောက်တော့ ကျောင်းထိုင် ဘုန်းကြီးအိုကြီး ပျံလွန်တော်မူလို့ ဦးပဉ္ဇင်း ဦးဝါယမကို ရွာက ကျောင်းအပ်ကြတယ်။ ကျောင်းထိုင် ဖြစ်လာရော ဆိုပါတော့။ စံလှဘော် အသက်ကလည်း ဆယ့်ရှစ်နှစ်လောက် ရှိပြီ။ အသက်နှစ် ဆယ်ပြည့်ရင် ရဟန်းခံဖို့ မိန်တော့လည်း မ၀တ်ချင်ဘူး ဘုရားလို့ချည်း ငြင်းတယ်။ ဆရာတော် ဦးဝါယမလည်း စံလှဘော်နဲ့ ကျမှ လက်လျှော့ ရတော့တာပါပဲ။ အသက်သာ ကြီးလာတယ်။ မအူမလည် ဂယောက်ဂယက်က မပျောက်ချင်တော့ သူ့သဘောကျ ထားရတော့တာပဲ။ သည်တော့မှ ရွာက ဦးတင်လေးယောက် စလုံး စံလှဘော် ဘ၀ကို ကောင်းကောင်း သိကြရတော့တာပါ။ ဆေး ဆရာ ဦးတင်က လျှောက်တယ်။
“အခုတော့ကော ဘုရား။ အသက်လည်းရပြီ ဆိုတော့ တစ်ခြား သွားဖို့ မပြောဘူးလား ဘုရား”
“မပြောဘူး ဒကာကြီးရဲ့။ ကျုပ်တစ်သက် ကျောင်းမှာ ကပ္ပိယလုပ်မှာလို့ချည်း ပြောတာ။ ခိုင်းလည်း ခိုင်းရပါရဲ့။ လုပ်လည်း လုပ်ရှာပါရဲ့။ တောင်ဆို မြောက်ရောက်၊ မြောက်ဆို တောင်ရောက်တော့ ရှိတာပေါ့လေ။ တစ်ခါတစ်ခါ ကျုပ်တောင် ဒေါသ ဖြစ်ရတယ်။ နောက်တော့ ဖြေရတယ်။ သူ့အကြောင်းနဲ့ သူကိုး”
“ကျောင်းမှာတော့ ပျော်ရှာသားပဲ ဘုရား”
“အဲဒါပေါ့ တစ်ခါက ဘုန်းကြီးကို မေးတယ်။ ကပ္ပိယဆိုတာ ဘာလဲ ဘုရားတဲ့။ တပည့်တော်ကို ကပ္ပိယလို့ ခေါ်ရင် ၀မ်းသာ ရမှာလား စိတ်ဆိုးရမှာလား ဘုရားတဲ့။ ကျုပ်က ကပ္ပိယဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ အလုပ်။ ကုသိုလ်ရတဲ့ အလုပ်လို့ ပြောပြရတယ်”
အဲသည်နေ့က ဒကာဦးတင် လေးယောက် ပြန်သွားလို့ တော်တော်ကြီး ကြာမှ စံလှဘော် ကျောင်းကို ရောက်လာခဲ့တယ်။ ဆရာတော်က ကနဦးတော့ ဒကာတွေနဲ့ စကားကောင်းနေတော့ စံလှဘော်ကို အမှတ်မရဘူး။ဒကာလေးယောက် ပြန်မှ သတိရလို့ ခေါ် ခိုင်းတော့ ကိုရင်တွေက မရှိဘူးဘုရားတဲ့။ အပြင် ထွက်သွားတာ တွေ့လိုက်ပါတယ်ဘုရားတဲ့ လျှောက်ကြတယ်။ ဆရာတော်ကတော့ ဘယ်များ သွားပါလိမ့်ပေါ့။ မျှော်တယ်။ မျှော်ရာက စိတ်ပူလာတယ်။ စိတ်ပူရာက ဒေါသဖြစ်လာတယ်။ မကြာပါဘူး။ ညနေကြီး စောင်းတော့ စံလှဘော် ကျောင်းပေါ်တက်လာပြီး ဆရာတော်ကို ၀တ်ဖြည့်တယ်။ ချွေးတွေ သံတွေနဲ့။ မျက်နှာက ပြုံးဖြီးဖြီး။
“ဘုရားတပည့်တော် သရက်ကုန်း သွားတာဘုရာ့၊ ကုန်းကြောင်းသွားတာဆိုတော့ အချိန် လင့်သွားရပါသ ဘုရား”
“ဟေ သရက်ကုန်း ငဘော် မင်း သရက်ကုန်း ဘာကိစ္စ သွားတာတုန်း”
“အရှင်ဘုရားပဲ မိဝက်ယောက်ျား မောင်တင့်ကို သရက်ကုန်း လွှတ်မလို့ဆို ဘုရား။ မောင်တင့်ရှာမရတာနဲ့ တပည့်တော်ပဲ သွားလိုက်တာ ဘုရား”
“အလို အကျိုးမသိ အကြောင်းမသိ ငါလည်း ဘာမှ မမှာလိုက်ရဘဲနဲ့ ငဘော်ရယ်”
“မသိဘူးလေ ဘုရား။ သရက်ကုန်းလွှတ်မယ်ဆိုလို့ သွားတာပဲ ဘုရား။ သေချာအောင် ရွာတောင် တစ်ပတ် ပတ်ခဲ့သေး ဘုရာ့”
“အေး ကောင်းကွာ သွားတော့ သွားတော့ ငါထရိုက်မိ တော့မယ်”
စံလှဘော် ကျောင်းအောက်ကို ဆင်းသွားတော့ ဆရာတော် ကြီးက ပြုံးတော်မူတယ်။ စံလှဘော်မှာက သည်လို အဖြစ်တွေ များပြီကိုး။ စံလှဘော်က တစ်မျိုး။ ပြောင်စင်နေတဲ့ ကျောင်းဝင်းကို တံမြက်စည်း ကြမ်းတစ်ချောင်းနဲ့ အထပ်ထပ်ပြန်လှည်းချင် လှည်းနေတာ။ ကျောင်းဝင်းကြီး အမှိုက်တွေ ပွသကောရယ်လို့ “ငဘော်ရေ ကျောင်းဝင်း တံမြက်စည်းလှည်းဦးဟ”ဆို လို့လည်း လှည်းချင်မှ လှည်းတာကလား။
ရေပြည့်ပြီးသား သောက်ရေ အိုးတွေသွန်ပြီး ရေသစ် ထည့်ချင် ထည့်ပြန်ရော။ ရေမရှိတဲ့ သောက်ရေအိုးတွေကျတော့ လှည့်တောင် မကြည့်တာလည်း ရှိပြန်ရဲ့။ “ငဘော် သောက်ရေအိုးတွေ စုံအောင် ရေဖြည့်ပါဟဲ့”ဆိုတော့ ဆင်ခြေက ပေးသေးတာ။ “သောက်ရတယ် မရှိဘဲ စိမ့်တာနဲ့ ကုန်တာပါ ဘုရား။ သောက်ရေအိုး အမြင်ကပ်လို့ မထည့်တာပါ ဘုရား”တဲ့။
ဘုရားပန်းများတော့ အညှိုးမခံဘူး။ ကျောင်းရှိတဲ့ ပန်းတွေ သပြေလို၊ ဇော်မွှားလို ဇော်ကျားလို ရွက်စိမ်းရွက်လှတွေ ထိုးတာလည်း ရှိတယ်။ ရွာထဲက လှူကြတာတွေလည်း ရေမိုးဆေး ကြောပြီး ပန်းကပ်နေတာ အကြာကြီး။ တစ်ခါတစ်ခါ ခိုင်းချင်တာတောင် စံလှဘော် ဘုရားပန်းကပ်တာ မပြီးနိုင်လို့ စောင့်ရတာ အကြာကြီး ဆိုတာ ရှိသေးတယ်။ တစ်ခါတစ်ခါ အသံကျယ်ကြီးနဲ့ ဘုရား ရှိခိုးနေလို့ ဆရာတော်ကြီးကိုယ်တိုင် ငေါက်ရတာရှိ သေးတယ်။ သည်လိုငေါက်တော့ စံလှဘော်က ဘုန်းကြီးကျောင်း ဆိုမှတော့ ဘုရားသံ တရားသံ ရှိမှပေါ့ ဘုရားတဲ့။
အခုလည်း ကြည့်လေ။ မိဝက်ယောက်ျား ငတင်ကို သရက်ကုန်း လွှတ်မယ် ကြားတာနဲ့ သရက်ကုန်း ထသွားလေရဲ့။ ဘာသွား လုပ်တာတုန်း ဆိုတော့ မသိဘူးလေတဲ့။
(၄)
ကျောင်းရေတွင်း။
ရေတွင်းကြီးက ရှေးရေတွင်းကြီး ဆိုတော့ လူ့ရင်ခေါင်းလောက် ကျောက်ခွေ ထူထူကြီးနဲ့ ရေအလွန်ချိုတဲ့တွင်းကြီး။ ရွာက ရေချိုတွင်းလို့ ခေါ်ကြတယ်။ ကျောင်းရေတွင်းလို့လည်း ခေါ်ကြတယ်။ စက်သီးတန်းက မြင့်တော့ ရေငင်ပုံး တပ်ထားတာ မဟုတ်ရင် စံလှဘော်က သူ့အရပ်ကြီးနဲ့ ကြိုးလျှိုပေးရတယ်။ များသော အားဖြင့်ကတော့ ကြိုးတပ်ပြီးသားပါ။
သည်မနက် စံလှဘော်က ရေငင်တယ်။ ကိုရင်တွေ မောင် ကျောင်းသားတွေက ရေသယ်ကြတယ်။ ပုံးတစ်ပုံး ကိုရင်နှစ်ပါးနှုန်း သယ်ကြတာဆိုတော့ ကူသယ် ခေါက်သယ်ပေါ့။ စံလှဘော်ကတော့ ငင်ပြီး ရင်ငင် နေရတယ်။သည်အချိန်မှာ ကျောင်းဝဆီက သစ်သားဗျပ်ကြီး တစ်ချပ်ပေါ် လှူဖွယ်တွေ တင်ရွက်လာတဲ့ မြချစ်ကို စံလှဘော် လှမ်းတွေ့လိုက်တယ်။ ဘယ်သူမှ မပါဘူး။ မြချစ် တစ်ယောက်တည်း။
စံလှဘော် လှမ်းကြည့်တော့ လှူဖွယ်တွေက များပုံရတယ်။ မြချစ်တောင် တလှုပ်လှုပ် လာနေရတယ်။ ဇက်ကလေးတောင် ပုလို့။ငင်လက်စ ရေပုံး လက်လွှတ်ပြီး မြချစ်ဆီ ပြေးတော့ ရေငင် ကြိုးက ရေတွင်းထဲ လျှောကျသွားရော။ မြချစ်ဆီ ပြေးရာက ကြိုးကျသွားတာ သိလိုက်လို့ ရေတွင်းထဲ တစ်ခေါက် လာငုံ့ ကြည့်တယ်။ ကျပစေတော့။ မြချစ်ထက် ဘယ်ဟာကမှ အရေးမကြီးဘူး။ ရေငင်ကြိုးတွင်းထဲ ကျတာ ဘယ်အချိန် ဆယ်ဆယ် ရတာကိုး။
ဒါနဲ့ မြချစ်ဆီ ပြေးပြန်ရော။ စောင်းတန်းကြီး တစ်ဝက်စာလောက်မှာ မြချစ်နဲ့ တွေ့ပြီ။ မြချစ် ခေါင်းပေါ်က လှူဖွယ် ပစ္စည်းတွေ ထည့်လာတဲ့ သစ်သားဗျပ်ကို လှမ်းယူရင်း စံလှဘော် သူ့ခေါင်းပေါ်ရွက်တယ်။ မြချစ်က ခေါင်းခုခု ပေးတော့ စံလှဘော်က ဈေး သည်မိန်းမကြီး ခံတောင်းရွက် လာတာနဲ့တောင် တူသေးတော့။
“မြချစ်ရယ် ဦးဘော်ကို မှာလိုက်ရောပေါ့ဟာ နင့်နှယ် လေး လိုက်တာ။ ဘာတွေတုန်း မြချစ်တဲ့။ များလှချည့်လား”
“ဘဘုန်းဖို့ သစ်သီးနဲ့ ကိတ်မုန့်တွေပါ ဦးဘော်ရဲ့။ မနေ့တုန်းက မြို့က ပဲပွဲစားလေး လာလို့ မုန့်တွေ ပါလာတာမနည်းဘူး။ အမေ က ဦးဦးဖျားဖျား ဖယ်ပြီး လှူခိုင်းလိုက်လို့”
“ပဲ ပွဲစားကလေးက ဘယ်သူတုန်း။ မြချစ်နော်။ မြို့သားတွေ မယုံလေနဲ့ဗျား။ မြို့မုန့်တွေက အီတီတီ။ မြို့သားတွေက အီတီတီတွေ များသနော်”
“အော် ဦးဘော်ရယ်။ သတိတရ ၀ယ်လာတာ ကျေးဇူးတင် ပါဦး။မြို့မုန့်တွေ အမေက သိပ်ကြိုက်တာ ပွဲစားလေး ၀ယ်လာတော့ ဘဘုန်းလည်း လှူရတယ်။ ဦးဘော်လည်း စားရတာပေါ့”
“ဦးဘော်က မြို့မုန့်ခံတွင်း မတွေ့ဘူး။ ကိုယ့်တောမုန့်ပဲ ကြိုက်တယ်။မုန့်ဆီကြော်တို့၊ မုန့်ဖက်ထုပ်တို့၊ မုန့်ခဲဖွယ်တို့၊ မုန့်ချို သွင်းတို့လေ ကောက်ညှင်းထန်းလျက်နဲ့ လုပ်တဲ့ မုန့်ထက်များ ကိတ်မုန့်က ကောင်းဦးမှာလား မြချစ်ရဲ့”
ကျောင်းပေါ်ရောက်လို့ မြချစ်က ဆရာတော့်ရှေ့ ဗျပ်ကလေး ချပြီး ကပ်တော့လည်း စံလှဘော်က အနားထိုင်ရင်း ဆရာတော် မိန့်မှာကို စောင့်နေတယ်။ ဆရာတော်က မြချစ်အမေ ဒေါ်အေးမယ် နေကောင်းရဲ့လား မေးတော့လည်း မြချစ်က မဖြေရ သေးဘူး။
ခင်ခင်ထူး
(ပေဖူးလွှာ မဂ္ဂဇင်း)
ဆက်လက် ဖော်ပြပါမည်။
No comments:
Post a Comment