ကပ္ပိယ (၃)
(၈)
ထင်တဲ့ အတိုင်းပါပဲ။ ကောက်ဆွဆိုတဲ့ အတိုင်း ပြဿနာကို ဆွတဲ့ ဖွတဲ့ ရှာတဲ့ ကလေးဆိုတာ စံလှဘော် သဘောပေါက်ပြီ။ ကလေးက ညဉ်ဆိုးရုံ မကဘူး။ အပြောအဆို အမူအရာကပါ ရိုင်းပျနေလေတော့ စံလှဘော်က အမြဲတမ်း အကဲခတ် နေရတယ်။ ကောက်ဆွက ရှိလှရင် ဆယ်နှစ် ဆယ့်တစ်နှစ်ပဲ။ ဆရာတော်က မင်း စောင့်ရှောက်တဲ့။ ကျောင်းမှာ ကောက်ဆွနဲ့ ရွယ်တူကလေးတွေ လေးငါးယောက် ရှိပါရဲ့။ ငဘော် စောင့်ရှောက်လေလို့ မမိန့်ဖူးဘူး။ မမိန့်ပေမယ့် စံလှဘော်ကတော့ အကဲခတ် ရတာပါပဲ။
ကလေးတွေ ဆိုတော့ ဗွေဆိုးချင်တာ၊ အနိုင် ကျင့်ချင်တာတော့ ရှိတာချည်းကိုး။ ကောက်ဆွ ရောက်လာတော့ ကျန်တဲ့ ကလေးတွေပါ ငြိမ်သွားကြတယ်။ အလိုလိုနေရင်း အုပ်စုကွဲသွားကြတယ်။ ကောက်ဆွကို မခင်ကြတာမျိုးတွေ ရှိလာတယ်။ အပြစ်က ကောက်ဆွရဲ့ အပြစ်တွေချည်းပဲ။
ထမင်းဝိုင်းမှာ ဟင်းဝေ ပုံကျခွဲဝေ ပေးထားတဲ့ ကြားက ကောက်ဆွက သူရလောက်မယ်
ထင်တဲ့ ကလေးရဲ့ ပန်းကန်ထဲက ဟင်းကို ဇိုးဇိုးဇတ်ဇတ် ပြောင်လုတာမျိုး၊ တစ်ဖက်ကလေးက ပြန်လုရင် ထမင်း သံပန်းကန် မှောက်ပစ်တာမျိုး၊ ကစားရာမှာ ညစ်ပေါက်ကပ်ကျယ် လုပ်တာမျိုး၊ ရုန်းရုန်းရင်းရင်း ဆဲတာမျိုးတွေ ရှိလာတယ်။ ကလေးတကာက ဦးဘော်ခေါ်တဲ့ ကြားက ကောက်ဆွက ဘုန်းကြီးခေါ်သလို ငဘော်ခေါ်နေလို့ စံလှဘော် ငေါက်ရသေးတာပါ။
“ကောက်ဆွ ငဘော်လို့ မခေါ်ရဘူးကွ။ ဦးဘော်လို့ ခေါ်ရတယ်။ ငရဲကြီး တတ်တယ်ကြားလား”
“ဘုန်းကြီးလည်း ငဘော် ခေါ်တာပဲဗျာ”
“ဘုန်းကြီးလို့ မပြောရဘူး။ ဆရာတော် ဘုရားလို့ သုံးရတယ်။ ဆရာတော် ဘုရားက ငဘော်လို့ ခေါ်လို့ရတယ်။ မင်းက ခေါ်လို့ မရဘူး။ ခေါ်ကြည့်စမ်းကွာ ဦးဘော်လို့”
“ဦးဘော်”
“ဟုတ်ပြီ ဆရာတော် ဘုရားလို့ ခေါ်စမ်း”
“ဆရာတော် ဘုရား”
“ဒါပေါ့ကွ။ နောက် အဲသလိုခေါ် ကြားလား ကောက်ဆွ”
“မခေါ်ချင်ဘူး”
“ဟေ”
ကပ္ပိယတောင် ကောက်ဆွ ကျတော့မှ လက်လန်ရမလို ဖြစ်နေတော့ ကလေးကို တော်တော် ဆုံးမရမယ်ဆိုတာ စံလှဘော် သဘောပေါက်လာတယ်။ မိမအုပ် ဖမအုပ် ဘယ်လောက်တောင် ပေပေတေတေ ရှိခဲ့တဲ့ ကလေးပါလိမ့်။ မိဘနှစ်ပါး မရှိကြတော့တာထား၊ ပထွေးနဲ့ နေရတာထား၊ ဘယ်လိုကြောင့် သည်ကလေး သည်လောက်တောင် အုပ်မနိုင် ဆီးမနိုင် ဖြစ်ရတာလဲ။ မွေးကတည်းက အိမ်ထရံ ထောင်ထားတဲ့ ကောက်ဆွကို မြွေတက်တယ် ဆိုမှတော့ နိမိတ်က ပါလာပြီ ထင်ပါရဲ့။ နောက်ပိုင်းမှာတော့ စံလှဘော်က ကောက်ဆွကို သူနဲ့အတူ နေစေတယ်။ အိပ်စေတယ်။ ညဘက်ကောက်ဆွနဲ့ စကားတွေ ပြောတယ်။ လိမ္မာရေးခြား ရှိအောင် သွန်သင်တယ်။ တစ်ခါတစ်ခါ ကောက်ဆွ ဘ၀ကို မေးကြည့်တော့လည်း ဖြေသား။
“ကောက်ဆွ မင်းတို့အိမ်မှာ ကောက်ဆွ ရှိတယ်ဆိုတော့ လယ်ရှိလို့လား”
“မရှိဘူး။ အဖေသူရင်းငှား လုပ်တုန်းက အိမ်မှာ ကျန်နေတာ”
“မင်းအဖေက သူရင်းငှားလား”
“အင်း”
“အင်းလို့ မပြောရဘူးကွ။ ဟုတ်ကဲ့လို့ ပြောရတယ်။ ဟုတ်ကဲ့လား”
“အင်း”
“ဟာ ဒီကောင် ပြောနေတဲ့ ကြားက ပြောစမ်း အင်းလို့”
“အင်း”
“ဟာ ငါပါ ယောင်ကုန်ပြီ ခက်တဲ့ကောင်ကွာ”
ကောက်ဆွ အိပ်ပြီ ဆိုတော့လည်း သနားစရာ။ သည်ကလေးရဲ့ ဆိုးခြင်း၊ ရိုင်းခြင်း၊ မသိ နားမလည်ခြင်းတွေက အိပ်နေတုန်းမှာ တစ်ခြား ရောက်နေ သလိုပဲလို့ စံလှဘော် ထင်တယ်။ ရုပ်ရည်က ညစ်စုတ်စုတ် နိုင်ပေမယ့် ကလေးပီပီ မျက်နှာကလေးက အပြစ် ကင်းလှတယ်။ ဆံပင်တွေက ရှည်လွန်းနေပြီ။ မျက်နှာမှာ ရေမချိုးတာ ဘယ်လောက် ကြာပြီလဲ မပြောတတ်ဘူး။ ကြေးကြောင်း အရစ်အရစ်နဲ့။ သွားတွေက ၀ါလို့။ လည်ပင်းမှာ ပရိတ်ကြိုးလို ကြိုးတစ်ချောင်း ပါသေးတယ်။
ပုဆိုးဟောင်း အောက်စက တစ်တောင် လောက်ပြဲလို့။စံလှဘော် သိသလောက် ကောက်ဆွမှာ အ၀တ်အစား အပိုမပါဘူး။ မနက်ကျမှ ရွာထဲသွားပြီး ရွယ်တူရှိတဲ့ အိမ်တွေ လှည့်တောင်း ပေးရမယ်လို့ တွက်တယ်။ မီးတိုင်ခွက် အောက်မှာ ခြေကားယား လက်ကားယား အိပ်နေတဲ့ ကောက်ဆွဆိုတဲ့ ကလေးဟာ ဆယ်နှစ်လုံးလုံး ဘယ်လို ကြီးပြင်း လာခဲ့ပါလိမ့်။ ဘာကြောင့်များ သည်လောက်တောင် အသွန်အသင် အဆုံးအမမှာ ကျိုးမကျခဲ့သလဲ။ အမြဲတမ်း ရန်လိုတဲ့စိတ်၊ အမြဲတမ်း ဒေါသတကြီး တုံ့ပြန်တဲ့ စိတ်ဟာ ဘယ်က ရခဲ့တာလဲ။ သည်ကလေးကို ဘယ်က စသွန်သင် ရပါ့မလဲလို့လည်း တွေးတယ်။ စံလှဘော်မှာ အဖြေ မရှိဘူး။
စံလှဘော် ရင်ထဲမှာ ကောက်ဆွနဲ့ ပတ်သက်ပြီး ခံစားရတာ တစ်ခုတော့ ရှိတယ်။ သည်ကလေးနဲ့ သူဘ၀ပေး ကံချင်း တူရုံမကဘူး။ မိမဲ့ဖမဲ့ ဘ၀နဲ့ သည်ကျောင်းကို ရောက်လာတာချင်းလည်း တူတယ်။ သည်နှစ်ချက်နဲ့တင် ကောက်ဆွကို စံလှဘော် စိတ်ဝင်စား လာခဲ့တယ်။ အိပ်နေတဲ့ ကောက်ဆွခေါင်းကို ပွတ်ပေးတော့ ကောက်ဆွက လူးလွန့်ရင်းက ပြုံးလိုက်တာ တွေ့လိုက်ရတယ်။ ကောက်ဆွရင်ထဲ နစ်ဝင်နေတဲ့ သည်အပြုံးကို တူးယူရမယ်လို့ စံလှဘော် ဆုံးဖြတ်လိုက်တယ်။
(၈)
စံလှဘော်က ကျောင်းရှေ့ ဇရပ်ရိပ်မှာ ပုဆိုးစုတ် အင်္ကျီစုတ်တွေ ဖြန့်ပြီး အပ်ချည်လုံး တစ်လုံး အပ်တစ်ချောင်းနဲ့ အပြဲ ရှိသမျှ ထိုင်ချုပ်နေတယ်။ ချုပ်ပြီးသားတွေကို ဖြန့်ကြည့်၊ အပြဲတွေ့တော့ ချုပ်။ မနက်ကပဲ ရွာထဲ ထွက်လည်ပြီး ကောက်ဆွအတွက် ပုဆိုးဟောင်း၊ ဘောင်းဘီဟောင်း၊ စွပ်ကျယ်ဟောင်း ရသမျှ လိုက်တောင်း လိုက်တာ တစ်ပွေ့ ကြီးရလာခဲ့တယ်။ တချို့ အင်္ကျီက ကောက်ဆွအတွက် အနေတော် ဆိုပေမယ့် ပွပွချောင်ချောင်ကြီးတွေလည်း ပါလေရဲ့။ ရောက် ရောက်ချင်း ကောက်ဆွကို ခေါ်ပြီး ၀တ်ကြည့်ခိုင်းတယ်။ တော်တာကတော်၊ ကြီးတာကကြီး၊ ၀တ်ရဖို့သာ လိုရင်းဆိုတော့ စံလှဘော်ကတော့ ၀မ်းသာပါ့။ ကောက်ဆွ ရောက်လာတာ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆိုတော့ သည်လိုမှ လိုက်မတောင်းရင်လဲစရာ ဖယ်စရာ မရှိဘူးကိုး။ အ၀တ်ရယ် လို့လည်း ကောင်းကောင်း ချုပ်တတ်တာ မဟုတ်တော့ သီမိသလောက်ပေါ့။
“ဦးဘော်ကြီး ဘယ်က အစုတ်တွေ ချုပ်နေတာတုန်းတော့် မိန်းမကြီး ကျလို့”
ကျောကို ဖျန်းခနဲ ပုတ်လိုက်လို့ လန့်သွားတဲ့ စံလှဘော်က မော့ကြည့်လိုက်တော့ မြချစ်။ ၀မ်းလည်း သာသွားတယ်။ သည်ကလေးကိစ္စမှာ မြချစ်ကိုပါ အကူအညီ တောင်းရမှာ ဆိုတော့ မြချစ် ရောက်လာတာ အခန့်သင့်ပြီ။
“လန့်လိုက်တာဟာ။ ငါဖို့ မဟုတ်ပါဘူးဟာ။ ကောက်ဆွ အတွက်ပါ။ သည်ကောင်က ပုဆိုးနား တစ်တောင်လောက် အပြဲနဲ့ ရောက်လာတဲ့ကောင် ဆိုတော့ မနက်က ရွာထဲ အ၀တ်ဟောင်း လျှောက်တောင်းရသေးတာ”
“ကောက်ဆွ ကောက်ဆွဆိုတာ ဘယ်သူတုန်း ဦးဘော်ရဲ့။ ပုဆိုး အင်္ကျီလဲ စရာမရှိရ လောက်အောင်ပဲလား”
“ရော် မြချစ်နှယ် ငါဆယ်နှစ်သား သည်ရွာ ရောက်လာတော့ကော ဘာထူးလို့တုန်း ၀တ်လာတဲ့ တစ်စုံပါတဲ့ဟာ ဆရာတော်က ရွာထဲ အလှူခံ ပေးလို့ ၀တ်ခဲ့ ရတာဟ။ အခု ကောက်ဆွကျတော့ ဆရာတော်က ငဘော် မင်းစောင့်ရှောက် ဆိုလို့”
ကောက်ဆွ ရောက်လာပုံ ပြောပြတော့ မြချစ်က မျက်လုံးပြူးကလေးနဲ့ နားထောင်တယ်။ သနား သွားပုံလည်း ပေါ်ရဲ့။ ကောက်ဆွကို တွေ့ရအောင် ဆိုပြီး အော်ခေါ်တော့ ကောက်ဆွက အိုးမည်း ပေတူးနဲ့ ရောက်လာတယ်။ သည်ကောင် မီးဖိုထဲ ရေနွေးအိုး မီးထိုးခိုင်း ထားခဲ့တာကိုး။ ကောက်ဆွက မြချစ်ကို ပြူးတူးပြဲတဲ ကြည့်တယ်။
“ဘာတုန်း”
“ဟေ့ကောင် ဘာတုန်းလို့ မပြောရဘူး။ ဒါ မြချစ်တဲ့ ဆရာတော့်ရဲ့ တူမ မင်းက မမလို့ခေါ်၊ မြချစ်က မင်းကို စာသင်ပေးလိမ့်မယ်။ ငါက စာသာဖတ်တာ မသင်တတ်ဘူး။ မင်းစာသင်မယ် မဟုတ်လား”
“မသင်ချင်ဘူး”
“ကောင်းကွာ သွားတော့ သွားတော့ ရေနွေးအိုးဆူအောင် မီးထိုးချေ”
မြချစ်ကတော့ ရယ်နေတာပါ။ ကောက်ဆွ စကား မပြောတတ်တာ၊ စရိုက် ဆိုးချင်တာတွေ ကောက်ဆွ မရှိတော့မှ ပြောပြရတယ်။ ကျောင်းမှာ တခြား ကလေးတွေ ရှိပါလျက်နဲ့ ကောက်ဆွ ကျတော့မှ ကပ္ပိယကြီးက အကဲပိုနေတာကို မြချစ်က နားလည်ပုံ ပေါ်ပါတယ်။ ကပ္ပိယကြီးနဲ့သည် ကလေးက ဘ၀ချင်း တူနေလေတော့ ကိုယ်ချင်း စာတာရော၊ သနားတာရော ပါမှာပေါ့လေလို့လည်း တွေးတယ်။ တစ်ခြား ကလေးတွေက မိနဲ့ဖနဲ့ ဆွေနဲ့မျိုးနဲ့ ရှိကြသလို အတန်းကျောင်းမှာ စာလိုက်ကြပြီးသား။
ဆရာတော့် ကျောင်းမှာ လောကုတ္တရာ စာပေကလေး သင်အံ လေ့ကျက်ဖို့ အပ်နှံကြတာကိုး။ ကောက်ဆွ စာမဖတ်ဘူး ဆိုတော့ ကပ္ပိယကြီးကို ဘဘုန်းက စာသင်ဖို့ တာဝန်ပေးတာ နေမှာပေါ့။ ဒါကို မသင်တတ်တော့ မြချစ်ကို တစ်ဆင့် အကူအညီ တောင်းတာ ဖြစ်လိမ့်မယ်။ မြချစ်ကလည်း သင်ပေးပါ့မယ် ပြောလိုက်တယ်။ အားတဲ့ အချိန်ကျောင်း ဘက်လျှောက် လာခဲ့တယ်။ အားတုန်း သင်သင်သွားရင် ဖြစ်လောက်မှာပါလို့ ကတိ ပေးလိုက်တယ်။
“အေးပါ ငါ့နှမရာ ဦးဘော်က သနားလို့ပါ။ လိမ္မာရေးခြား ရှိအောင်တော့ တော်တော် လုပ်ယူရမှာပဲ။တစ်ညက ဒီကောင် ညအိပ်ရင်း ယောင်တာ အဖေတဲ့။ မအေတော့ နောက်အိမ်ထောင် ပြုလို့ စိတ်ခုပုံရတယ်။ အမေလို့ မယောင်ဘူး”
“အော် သူ့ရင်ထဲ စွဲနေတာကို ယောင်တာ နေမှာပေါ့”
“အေး အဖေလို့ ယောင်လိုက်တော့ ငါ့ကို ခေါ်လိုက်သလိုပါပဲ မြချစ်ရာ။ ငါတောင် ဟေလို့ ထူးလိုက်သေးတယ်။ သည်ကောင့်ကို အဖေ ခေါ်ခိုင်းရမယ်”
“ဒါဆို အမေပါ ရှာတော့ အဖေရော အမေပါ ခေါ်လို့ ရအောင်လေ”
“အေးဟ မြချစ် နင်ပြောတာ မဆိုးဘူး ဟေး ဟေး”
မြချစ်က စံလှဘော် အ၀တ် ချုပ်နေတာ အချိုး မကျတော့ ပေးစမ်းပါ ဦးဘော်ရယ် ဆိုပြီး ထိုင်ချုပ် ပေးနေလေရဲ့။ ကလေးအင်္ကျီ တစ်ထည်က ကြယ်သီသုံးလုံး လိုနေတော့ မြချစ်က သူအိမ် ပြန်ယူလိုက်ဦးမယ် ဆိုပြီး ထဖို့ပြင်တယ်။ စံလှဘော်က မြချစ်ကို အထ မခံဘူး။ သူ့အင်္ကျီကို ငုံ့ကြည့်ပြီး ကြယ်သီးသုံးလုံး ဗြုတ်ဗြုတ်နဲ့ ဖြတ်ပေးရော။ စံလှဘော် ၀တ်ထားတဲ့ အင်္ကျီကလည်း ကြယ်သီသုံးလုံးထဲ ပါတာ ဆိုတော့ အင်္ကျီက ဟပြဲပေါ့။
“ငါက ဟပြဲလည်း ဖြစ်ပါသဟာ။ ကောင်လေးပြည့်စုံ သချင်လို့ပါ”
မြချစ်က စံလှဘော်ကို ကြည့်ပြီး သနား သွားတယ်။ သည်ကလေးကို ဦးဘော် တော်တော် သံယောဇဉ် ကြီးတယ်နော် ဆိုတော့ ကျောင်းမှာ လာနေ ကြတဲ့ ကလေးတွေ ဆင်းရဲကြတယ် ဆိုပေမယ့် အဲသလောက် မဆိုးဘူး ဟတဲ့။ အချိန်တန် ဆွေရိပ်မျိုးရိပ် မိရိပ် ဖရိပ်ပြန်ခိုကြလို့ ဖြစ်သေးတယ်တဲ့။ြ
မချစ် အ၀တ် ချုပ်နေတာကို စံလှဘော်က ခိုးခိုးကြည့်တယ်။ မရိုးမသား စိတ်နဲ့ မဟုတ်ပါဘူး။ ရှင်းသန့် ဖြူစင်တဲ့ စိတ်မနောကလေးက မျက်နှာမှာ ပေါ်နေလေတော့ မြချစ်က ချစ်စရာ ကောင်းနေတယ်။စံလှဘော် ခိုးကြည့်တာကို မြချစ်ကသိတော့ မျက်စောင်း ထိုးလေရဲ့။ သည်မှာတင် ကျောင်းခါးပန်းမှာ တစ်ရက်က ရေးထားတဲ့ စာကို မြချစ် သတိရသွားတယ်။ မေးမယ် မေးမယ်နဲ့ မမေးရသေးဘူး။
“အမယ် ပြောရဦးမယ်။ ဟိုတစ်ရက်က ကျောင်းခါးပန်းမှာ စာရေးထားတာ ဦးဘော် မဟုတ်လား။ပဲပွဲစားငရဲ ကပ္ပိယ နိဗ္ဗာန် ဆိုတာလေ ဖတ်ပြီး မျက်နှာ ပူလိုက်ရတာလေ။ ကိုယ့်ရွာလာတဲ့ ဧည့်သည်ကို အဲသလို ရေးရ သလား ဦးဘော်ရဲ့”
“မြချစ် ဧည့်သည်က လာလွန်းပါသဟာ ဧည့်သည်ကနေ အိမ်ရှင်ဖြစ်မှာ စိုးလို့ ဦးဘော်က ရေးတာဗျား”
မြချစ်က ချုပ်လက်စအပ်နဲ့ စံလှဘော်ပေါင်ကို ဇပ်ကနဲ ထိုးလိုက်တော့ အော်လိုက်တာများ ငယ်သံပါလို့။ ဆရာတော်ကြီးကတောင် ကျောင်းပြတင်းက လှမ်းကြည့်တယ်။
“ပေါက်ကရပြောဦး၊ မြချစ် အပျိုပဲ ကြိုက်ချင် ကြိုက်မှာပေါ့။ ဘာဖြစ်တုန်း”
“မြို့သားတော့ မကြိုက်ချင်ပါနဲ့ဟာ။ ကိုယ့်ရွာသူ ရွာသားချင်းပဲ ကောင်းပါတယ်”
“ဒါဆို ရွာက သူဌေးသား မောင်အုန်းကို ကြိုက်ရမယ်ပေါ့ အဲသလိုလား”
“ငအုန်းက ပိုဆိုးသေး။ နင့်ပိုးနေတဲ့ လူအကြောင်း နင်မသိတာများ အံ့ပါရဲ့”
စံလှဘော်က မြချစ်မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်ပြီး ပြောလိုက်တော့ မြချစ်က ပေါင်ကို အပ်နဲ့ ထိုးပြန်ရော။ စံလှဘော်က အော်လိုက်တာ သီးပင်က သီးသီးမှည့်တွေတောင် ပြုတ်ကျ ကုန်လေရဲ့။
(၉)
ရွာစွန်ထန်းတော။
ထန်းပင်တွေ ရာနဲ့ချီ ရှိနေတဲ့ ထန်းတောကြီးက ညိုလို့။ သူ့ ရွာကိုယ့်ရွာ ထန်းပင်တွေချည်း ဆိုတော့ ထန်းရေသောက်တဲ့ လူမျှော်ရောင်းလို့ချည်း မဖြစ်ဘူး။ များသောအားဖြင့် ထန်းလျက် ချက်ကြတာများတယ်။ ပင်ကျရေ ကောင်းကောင်း ထန်းတောထဲ လာသောက်သူတွေလည်း မရှိ မဟုတ်ပါဘူး။ ရှိတာပေါ့။ သည်အထဲမှာ ငအုန်းနဲ့ သူငယ်ချင်း တစ်သိုက် မနက်ရေ ညရေ မလွတ်ဘူး။ ငအုန်းက ရွာတောင်သူ့ သားဆိုတော့ အပေါင်းအသင်းတွေ များများ ခေါ်လာပြီး သောက်နေကျ။ရွာထဲမှာလည်း ငအုန်းစနက်နဲ့ ထရေသမား ဖြစ်ရတာတွေ များလာတော့ ရွာကတည်း ငအုန်းကို မကြည်သာဘူး။
ကိုယ့် တူကိုယ့်သား ငအုန်းနဲ့ ပေါင်းတာကို မကြိုက်ကြဘူးကိုး။ ဒါကို ငအုန်းက လည်း သိတယ်။လူငယ်တွေကို ထတောထဲ ရောက်အောင်ခေါ်တယ်။ သောက်ဖြစ်အောင် တိုက်တယ်။ရွာက ပြောလည်း ဂရုမစိုက်ဘူး။ သည်ကနေ့တော့ ငအုန်းက သူစိတ် အချရဆုံး သူငယ်ချင်း မှတ်ကြီးကိုပဲ ခေါ်လာခဲ့တယ်။ မှတ်ကြီးက ထရေကြိုက် လူမိုက်မှန်း သိတော့ ရောက်တည်းက ထရေဖိ တိုက်တော့တာပါ။ ငအုန်းလည်း တော်တော် မူးနေပါပြီ။
“ငမှတ် မင်းလူ ရိုက်ရဲလား”
“လူ ရိုက်ရဲတာပေါ့ကွ။ ငမှတ်က ရိုက်ချင်နေတာ၊ ပြော ဘယ်သူ့ရိုက် ရမှာတုံး”
“ကပ္ပိယစံလှဘော်ကို ရိုက်ရမှာ။ လေးငါးချက်ကွဲရင် တော်ပြီ”
ငမှတ်က သောက်လက်စ ၀ါးခွက်ကို ဂေါက်ခနဲ ဆောင့်ချလိုက်တယ်။ ရိုက်ရမှာတော့ ဟုတ်ပါရဲ့။ ရိုက်ရမယ့် လူက ဘုန်းကြီးကျောင်းက ကပ္ပိယ ဆိုတာကျတော့ မဟုတ်သေးပါဘူးလို့ တွေးတယ်။ ကပ္ပိယကြီး သဘော မနော ကောင်းတယ်။ ဆရာတော်ကြီးက အားကိုးနေရတယ်။ ရွာကလည်း ချစ်တယ်။သည်လိုလူကို ငအုန်း ရိုက်ခိုင်းနေတာကို မှတ်ကြီး နားမလည်နိုင်ဘူး။ ငအုန်းကို မျက်လုံးပြူး ကြည့်တယ်။
“မဟုတ်တာကွာ ကပ္ပိယကြီး ရိုက်ရမယ်လို့ လူသူတော် ကောင်းကြီးပါကွာ။ မင်းဘယ့်နှယ့် လုပ်ကြံတာတုံး ငအုန်းရ။ ကိုကြီးဘော်က မင်း ဘယ့်နှယ့် လုပ်လို့တုန်း”
“လုပ်လို့ပေါ့ကွ။ မြချစ်နဲ့ ပူးလွန်းလို့ ခွဲချင်တာကွာ။ မြချစ်က ဘုန်းကြီးကျောင်း ညနေတိုင်း သွားပြီး ကလေး စာပြသလိုလို လုပ်နေတာ ငါကြားတယ်။ စံလှဘော် ဥာဏ်တွေကွ။ တစ်ရက်ကလည်း ဇရပ်ရိပ်မှာ နှစ်ယောက်သား အတူထိုင်ရင်း ဆိတ်လိုက် ဆွလိုက် လုပ်နေကြသတဲ့”
“မဟုတ်တာကွာ မြချစ်က ကပ္ပိယလို လူကို ကြိုက်ပါ့မလားကွ။ မြချစ်ကလည်း ဘကြီးဘုန်းကြီးကျောင်း ရိပ်သွားပြီး မတော်တလျော် နေပါ့ မလား။အသက်ချင်းလည်းကွာ၊ ဂုဏ်ဒြပ်ချင်းကလည်းကွာ။ ပြီးတော့ မြချစ်က ကပ္ပိယလို ကစုတ်ကညစ်နိုင်တဲ့ သူကို ရွေးကြိုက်ရမယ့် မိန်းကလေးမှ မဟုတ်တာ။ မင်းမှားနေပြီ ငအုန်း။ ရိုက်ရမှာက တစ်ယောက်ကွ”
“ဟေ ဘယ်သူလဲ။ ဘယ်ကောင်နဲ့ ဖြစ်နေလို့လဲ”
“အခုရွာမှာ ခြေရှုပ်နေတဲ့ ပဲပွဲစားအောင်သန်.းကျော် ဆိုတဲ့ ကောင်လေကွာ။ မြချစ် ဦးစားပေးတာ အဲသည်ကောင်ကွ။ တစ်ခါလား ရွာစွန်ပဲခင်းတွေမှာ ငါနဲ့တောင် တိုးသေးတယ်။ မြချစ်က အစ်ကိုတဲ့။ ငါ့ နားနဲ့ ကြားတာဗျား။ ကိုင်း”
ငအုန်းက သူတို့ အိမ်လာပြီး ပဲတွေ လာစပ်တဲ့ ပဲပွဲစားကို သိသားပဲ။ မြချစ်နဲ့လို့ မထင်ဘူး။ရွာထဲက ပဲတောင်သူတွေ အိမ်သွားတာလာတာလည်း မြင်သားပဲ။မြချစ်တို့ မိဘများနဲ့ ခင်မင်လို့သာ လိုက်ကူညီနေတာလို့ ရိုးရိုး ထင်တာပါ။ အခု မှတ်ကြီးက ရွာစွန်ပွဲခင်းတွေထဲ နှစ်ယောက်တည်း တွေ့တယ် ဆိုတာလည်း ဖြစ်နိုင်တာပဲ။ မြချစ်က မြို့သားပဲပွဲစား ပိုက်ဆံရှိ သားသမီး ကြိုက်မယ်ဆို ကြိုက်လောက်တာပဲ။
သည်ကြားထဲ အစ်ကို ခေါ်နေမှတော့ ခရီး ရောက်နေလို့ နေမှာပေါ့။ ဒါဆို ရိုက်ရမယ့် ကောင်လွဲပြီ။ စံလှဘော် မဟုတ်တော့ဘူး။ အောင်သန်းကျော် ဖြစ်သွားပြီ။ ဒါပေမယ့် စံလှဘော်ကို လည်း သူမကျေဘူး။ ကာလသားတွေရှေ့မှာ သူ့ကိုခွစီးပြီး မြူအိုးနဲ့ ရိုက်ဖို့ ရွယ်ခဲ့တာကို ဘယ်တော့မှ မကျေဘူး။ လူချင်းလုံး သတ်ဖို့ ကျတောလည်း စံလှဘော်ကို သူမနိုင်လောက်တာ သိတော့ အကွက်ဝင်လာ မယ့်နေ့ စောင့်နေခဲ့တာ ကြာပြီ။ ငအုန်း မစဉ်းစားတတ်ဘူး။ မှတ်ကြီးက ထန်းရေ တစ်အိုးကုန်အောင် မော့သောက်ပြီး အိုးကို ချလိုက်တယ်။ နှုတ်ခမ်းပါးနား သုတ်တယ်။
“အေ့ ငှက်နှစ်ကောင် တစ်ခါတည်း ဖမ်းလို့တော့ ရတာပေါ့ ငအုန်းရာ။ အောင်သန်းကျော်လည်း ကွဲစေ။ စံလှဘော်လည်း ဒုက္ခရောက်စေ ဒါဆို မင်းကျေနပ်မလား”
မှတ်ကြီးက ငအုန်းကို ပြုံးပြတယ်။ ငါ့ဘက်က တာဝန် ကျေစေရမယ်။ မင်းဘက်က တာဝန်သာ ကျေတော့ဆိုတဲ့ မျက်နှာပေါ်က အပြုံးကို ငအုန်းက သိပြီ။ အိတ်ထဲက ပိုက်ဆံပါ သလောက်ထုတ်ပြီး မှတ်ကြီး ရှေ့ချ ပေးလိုက်တယ်။ မှတ်ကြီးက ရယ်တယ်။ နည်းတယ်ပေါ့။ ငအုန်းက ထန်းရည်ဖိုး ရှင်းဖို့လောက် ကျန် တာဆိုတော့ ကိစ္စပြီးရင် ထပ်ပေးမယ်ဆိုတဲ့ ကတိပေး လိုက်တယ်။မရဘူး။ မှတ်ကြီးက လက်မခံဘူး။ နောက်ဆိုတာ မသေချာဘူး မဟုတ်လား။
“မင်း လက်စွပ် ချွတ်လိုက်လေကွာ ငအုန်းရ။ ငါက အချုပ်နဲ့ ထောင်နဲ့ ရင်းရမှာ။ မင်းက တွန့်တိုနေတော့ မခက်ပါလားကွာ”
“ဒါက အမေတို့ ဆင်ထားတာကွ။ ပြီးတော့ တန်ဘိုးကြီးတယ်။ ငါ ပိုက်ဆံပေးရင် ပြီးတာပဲကွ”
“လူရိုက်တာ ကျတော့ တန်ဘိုး မကြီးဘူးလား ငအုန်းရ”
“ကိုင်းရော့ကွာ မင်းသာ သေချာပစေ၊ ပိရိပစေ”
“မှတ်ကြီးပါကွာ။ သေချာပါတယ်။ ကိုင်း သွားစို့ တစ်ရက်နှစ်ရက် အတွင်း မင်း ဘယ်မှ မထွက်နဲ့။ မင်းဖြစ်စေချင်တာ ဖြစ်စေ့ရမယ်”
ငအုန်းနဲ့ မှတ်ကြီး ထန်းတောထဲက စိုက်စိုက်စိုက်စိုက်နဲ့ ထွက်လာ ခဲ့ကြတယ်။ နောက်နှစ်ရက်လောက်မှာပဲ ပွဲစားလေး အောင်သန်းကျော် အရိုက်ခံရလို့ လှည်းလမ်းပေါ် ကားယားကြီး လဲနေတာ လှည်းသမားက တွေ့လို့ ရွာထဲအုတ်အော်သောင်းတင်း ဖြစ်သွားလေရဲ့။ သွေးအိုင်ထဲမှာ လဲနေတဲ့ ပဲပွဲစားကို လှည်းသမားကပဲ ပွေ့တင်လာပြီး မြချစ်တို့ အိမ်လာပို့တယ်။ လဲနေတဲ့ အနားက သွေးစွန်းနေတဲ့ မာဖလာတစ်ထည်လည်း တွေ့လို့ပေးခဲ့တယ်။ မြချစ်တို့က လူနာကို ချက်ချင်းပဲ တိုက်နယ်ဆေးရုံပို့ဖို့ ပြင်ရပြီ။
ခက်တာကမြောင်းကြီးလိုဖြစ်နေတဲ့ လျှိုကြီးကို ဖြတ်ရမှာ။ စောင်ပုခက်နဲ့ထမ်းပြီး တစ်ဖက်ကမ်းပါးကို ပို့ရမယ်။ တစ်ဆက်တည်း တိုက်နယ် ဆေးရုံကို စောင်ပုခက်နဲ့ပဲ ရောက်အောင် ပို့ရမယ်။ ဒါမျိုးမှာ ကပ္ပိယကြီး စံလှဘော်ကို ခေါ်မှ ဖြစ်မှာကို တစ်ရွာလုံးက သိကြသားပဲ။ ဒါပေမယ့် ခေါ်လို့လည်း မဖြစ်ဘူး။ လူနာ့ဘေးမှာ ကျနေတဲ့ သွေးစွန်းမာ ဖလာက စံလှဘော်လည် ပင်းသိုင်းနေကျ မာဖလာ တစ်ဘက်ကျားကိုး။ တိုက်နယ်ရဲတွေ ဘုန်းကြီးကျောင်းပေါ် တက်လာတော့ စံလှဘော်က ရေတွင်းမှာ ကောက်ဆွကို ရေချိုး ပေးနေလေရဲ့။
(၁၀)
သည်ရက်တွေထဲမှာ စံလှဘော်က ကောက်ဆွကို နေ့တိုင်း ရေမိုးချိုး ပေးတယ်။ ရေတွင်းက ရေကို ကိုယ်တိုင်ငင်ပြီး ခေါင်းကနေ လောင်းချ၊ ပြီးမှ ဆပ်ပြာကြမ်းနဲ့ ခေါင်းကနေ ခြေအထိ ပွတ်တိုက်ပေးတယ်။ နှံ့ပြီဆိုတော့မှ ရေငင်ပြီးလောင်းချပြန်ရော။ ကောက်ဆွ အသက်ဆယ်နှစ် သားအထိ ရေဘယ်နှစ်ခါ ချိုးခဲ့သလဲ မသိပေမယ့် သည်ကျောင်းရောက်လာမှ ကြေးရှစ် သစ်တက် နေ့တိုင်း ချွတ်ပေးရတော့တာပဲ။ ကျောင်းထဲရှိသမျှ ကိုရင် ကျောင်းသားတိုင်းကို စံလှဘော်က ရေခပ်ကြရင်း သည်လိုပဲ ရေငင်ချိုးပေး နေကျပါ။
ဒါပေမယ့် ကောက်ဆွကိုတော့ သူကိုယ်တိုင် ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး ဖအေတစ်ယောက်လို ရေချိုးပေးတယ်။ ဖအေဆိုတဲ့ မေတ္တာငတ် ရှာသူကလေးကို သည်မေတ္တာဓာတ် ကလေးရအောင် လုပ်ယူတာလည်း ပါပါတယ်။ ကောက်ဆွ ကိုယ်တိုင်က ထူးထူးခြားခြား ပြောင်းလဲသွားပြီ လိုတော့ မရှိပါဘူး။ ဒါပေမယ့် စံလှဘော်ကို ခင်လာတာ၊ အားကိုးလာတာ၊ ပြောရဲဆိုရဲ ရှိလာတာ၊ သွားကြီးတွေ အပြားလိုက်ဖော်အောင် ရယ်တာမျိုး တွေတော့ ရှိလာပြီ။စံလှဘော်က သူ့ကို အဖေလို့ ခေါ်လို့ပြောတော့ အဖေမှ မဟုတ်တာတဲ့။ စံလှဘော်က ကောက်ဆွသည် လိုဖြေမယ် ဆိုတာ သိသားပဲ။
“မင်းမှာ အဖေ မရှိတော့ဘူးလေကွာ။ မင်းအမေကို မင်းစိတ်နာတာ ထားတော့။ မင်းအဖေကို မင်းမချစ်ဘူးလား။ မင်းကို သွားလေရာ ခေါ်ဆို မင်းပြောရင်ရဆို မင်းကို တစ်ခါမှ မရိုက်ဘူးဆို မင်းပြောတာပဲ”
“အဲဒါနဲ့ ဘာဆိုင်လဲဗျ။ အဖေ ဖြစ်ရရောလား”
စံလှဘော်က ရယ်တယ်။ စံလှဘော်က သူရေချိုးပေးတဲ့ အကြောင်း ခေါင်းက ဆံပင်ရှည်လာရင် သင်တုန်းဓားနဲ့ တိပေးတဲ့ အကြောင်း၊ အင်္ကျီတွေ၊ ပုဆိုးတွေ တောင်းပေးတဲ့အကြောင်း၊ ပန်းကပ်၊ ရေချမ်းကပ်၊ ဆီမီးထွန်းပူဇော် တာကအစ သင်ပေးကြောင်းကနေ ညဘက် သူနဲ့အတူ သိပ်တာရော၊ တစ်ခြားကလေးတွေနဲ့ ရန် မဖြစ်အောင် စောင့်ရှောက်ပေးတာရော၊ ကလေးတွေ အများကြီးထဲက ကောက်ဆွကို မုန့်ပဲ သရေစာ ကျွေးတဲ့ အကြောင်းတွေပါ ပြောပြတယ်။
“ကိုင်း မင်းအဖေ အရင်းတောင် အဲသလို လုပ်ပေးဖူးလို့လား”
“ဟင့်အင်း”
“ငါက မင်းအဖေထက်တောင် ကောင်းသေးတယ်။ ငါ မင်းအဖေဖြစ် ချင်တာ မင်းအမေကို လိုချင်လို့မှ မဟုတ်ဘဲကွ။ မင်းမခေါ်ချင်တဲ့ ပထွေးကို တောင် အဖေခေါ်ရသေးတာ ငါ့ကို မင်းမခေါ်ချင်ဘူးလား”
ကောက်ဆွ တွေသွားတယ်။ကပ္ပိယကြီး ပြောတာ မှန်သားပဲ။သည်ကျောင်း မှာ ဆရာတော်ကြီးကအစ ကိုရင်တွေ ကျောင်းသားတွေကလည်း ချစ်ကြ တယ်။ ညှာကြတယ်။ အတူ ကစားကြတယ်။ ဒါလည်း ဟုတ်နေသားပဲ။ သူ့ဘ၀မှာ ဦးဘော်လောက် သူ့အပေါ်ကောင်းခဲ့တာမျိုးလည်း မကြုံဖူးခဲ့ဖူးဘူး။ ဒါပေမယ့်အဖေလို့ ခေါ်ရမှာတော့လည်း ကောက်ဆွက ရှက်ပုံပါ။ စံလှဘော် က သိပြီ။
“ကောက်ဆွ”
“အဖေ”
စံလှဘော် မျက်ရည်တွေနဲ့ ကောက်ဆွကို ထဖက်တယ်။ သူသည်လို အခေါ်ခံချင်တာ သံယောဇဉ် ရှိအောင်လို့က လွဲရင် တစ်ခြား မရှိဘူး။ မေတ္တာ ဓာတ်ဆိုတာ အေးမြတယ်ဆိုတာက လွဲရင် တခြား မရှိဘူး။ သည်ကလေးနဲ့ သူ့ဘ၀ပေး အကျိုးပေးချင်းတူတယ်။ တစ်ယောက်က အဖေတစ်ယောက်က သားလို့ နှစ်ဦးကြားမှာ တစ်စုံတစ်ရာ ချစ်ခင်မှု ရဖို့က လွဲလို့ တစ်ခြား မရှိဘူး။ ရောက်စက ငဘော်လို့ ခေါ်တဲ့ ကလေးက တစ်နှစ်တောင် မရှိသေးဘူး။ အဖေလို့ ခေါ်တယ်ဆိုတာ လိမ္မာရေးခြား ရှိလာတာပဲ မဟုတ်လား။ နူးညံ့ လာတာပဲ မဟုတ်လား။ သည်ကတည်းက ကောက်ဆွက အဖေလို့ ခေါ်တယ်။ စံလှဘော်က ငါ့သားလို့ ထူးတယ်။ ဆရာတော်ကြီးကတောင် ၀မ်းမြောက် ၀မ်းသာ ရှိရှာတယ်။
“ကောက်ဆွ အဖေပြောမယ်။ ကျောင်းသားချင်း ရန်မဖြစ်ရဘူး။ အနိုင် မကျင့်ရဘူး။ ဘုန်းကြီးကျောင်းမှာ ဆဲသံဆိုသံ မရှိရဘူး။ စာတတ်အောင်သင် ဘုရားစာ တရားစာ ရသလောက် ကျက်မှတ်။ မင်းရော မရှိတော့တဲ့ မင်းမိဘတွေပါ ကုသိုလ်ရတယ်။ မင်းကြီးရင် အဖေ့လိုပဲ ကျောင်းမှာ ကပ္ပိယကြီး လုပ်ရုံပေါ့ကွ။ ကပ္ပိယဆိုတာ သူတော်ကောင်း အလုပ် ကြားလားငါ့သား”
“အင်းပါ အဖေရ”
“ဟုတ်ကဲ့ အဖေလို့ ပြောကွ”
“ပြောတတ်ပေါင်ဗျာ”
အဲသည်နေ့က စံလှဘော် ထမင်းစားပြီး ကတည်းက အိပ်ပျော်သွားတယ်။ မွန်းတိမ်းတော့မှ ဖျတ်ခနဲ နိုးတယ်။ ဆရာတော်က ငဘော်ကွမ်း ရွက်ယူခဲ့စမ်းလို့ လှမ်းမိန့်လို့ ရေအိုးစင်ပေါ်က ကွမ်းရွက်တစ်ထပ်ယူပြီး ဆရာတော့် သွားကပ်တယ်။ ကျောင်းပေါ်က ဆင်းလာတော့ ကောက်ဆွကို ရေချိုးပေးရဦးမှာ သတိရလို့ ချွေးခြောက်ခံပြီး ရေငင်ချိုးပေးတယ်။ သည် အချိန်မှာ ကျောင်းပေါ် ရဲတွေတက်သွားတာပါ။
ကောက်ဆွ ရေချိုးပြီးတော့ သင်္ကန်းဟောင်းနဲ့ ခေါင်းတွေ ပွတ်ပေးနေတုန်း ကိုရင်က ဆရာတော်ကြီးက ကျောင်းပေါ် တက်ခဲ့ မှာတယ်လို့ လာမိန့်တယ်။ ကောက်ဆွကို ထားခဲ့ပြီး ကျောင်းလှေကား တက်မယ်ပြင်တော့ ရဲဖိနပ် သုံးလေးရံ တွေ့လိုက်ရတယ်။ ဘာများပါလိမ့်။ ကျောင်းပေါ်ရောက်တော့ ဆရာတော်ကို ၀တ်ဖြည့်ပြီး ပုဆစ် တုတ်ထိုင်တယ်။ ဆရာတော်က မျက်နှာ မကောင်းဘူး။
“ငဘော် မင်းကို ရဲတွေက တိုက်နယ်ဂါတ်ကို ခေါ်ချင်လို့ လာလျှောက် ကြတယ်။ မင်း ဘာလုပ်ခဲ့သလဲ။ မနက်က မင်း ဘယ်သွားသေးသလဲ။ မှန်မှန်ဖြေ” “မနက်က မနက်က ကောက်ဆွတို့ ကလေးတွေ ပျောက်လို့ လိုက်ရှာတာပဲ ဘုရား”
“ဘယ်ဘက်သွားရှာတာတုန်း”
“တောင်ဆူးတံခါး အပြင်လောက်ပါပဲ ဘုရား။ဘာဖြစ်လို့လဲ ဘုရား”
“ပဲ ပွဲစားမောင်ရင်လေး အရိုက်ခံရတယ်။ဒဏ်ရာက ကြီးတယ်။ အခုလှည်းနဲ့ တိုက်နယ်ဆေးခန်းရောက်သွားပါပြီ။ ခမျာတို့ ရွာအားကိုးလို့ လာရှာတာ။ ဒုက္ခတွေ့ရရှာတယ်”
ခင်ခင်ထူး
No comments:
Post a Comment